” လောဘနွံ ကျွံသူ၏အပြစ် ” (စ/ဆုံး)
===============================
လရောင်သည် မပီဝိုးတဝါးဖြာကျနေ၏။ပုရစ်များ၏ အော်သံသည် ဆောင်းလေနှင့်အတူ ဟိုမှ သည်မှပေါ်လာသည်။ကိုလှဆောင်သည် ချမ်းစိမ့်စိမ့်ဖြစ်လာသောကြောင့်ပက်လက်ကုလားထိုင်နောက်မှီတွင်တင်ထားသော ပုဆိုးတစ်ထည်ကို ယူ၍ ခြုံလိုက်သည်။အေးစက်နေသော ရေနွေးတစ်ခွက်ကိုငုံရင်း ကောင်းကင်ကိုမော့ကြည့်လိုက်၏။ ကြယ်များသည် ကောင်းကင်တခုလုံး နေရာယူထားသည်ကိုတွေ့ရသည်။အချို့ကြယ်များသည် လင်းလက်တောက်ပနေသော်လည်း အချို့ကြယ်များ၏ အလင်းရောင်သည် မှိန်ပျပျသာရှိလေသည်။ကြယ်ချင်းတူသော်လည်း အလင်းရောင်ခြင်းမတူပေ။ဘဝခြင်းတူသော်လည်း အဆင့်ခြင်းမတူပါလားဟု ကိုလှဆောင်တွေးလိုက်မိသောကြောင့် မချိပြုံး ပြုံးလိုက်သည်။
” ကိုလှဆောင် ရှင်မအိပ်သေးဘူးလား ”
ကိုလှဆောင်သည် ဆေးပေါ့လိပ်ကို ဖွားလိုက်ရင်း ဇနီးဖြစ်သူမလှဋ္ဌေးကို ခေါင်းရမ်းပြလိုက်သည်။ကိုလှဆောင်၏ ပါးစပ်တွင်ခဲထားသောဆေးလိပ်မှ မီးပွားများသည် ရဲကနဲဖြာကြသွားသည်။
” အိပ်တော့လေကိုလှဆောင် ဘယ်အချိန်ရှိ
ပြီလဲ ”
ကိုလှဆောင်သည် အနားရောက်လာသော မလှဋ္ဌေးကို ကြည့်လိုက်သည်။မလှဋ္ဌေး၏ မျက်နှာမှ မျက်ရည်စများကို လရောင်ကြားမှာတွေ့လိုက်ရသည်။
” သန်းခေါင်ကြက်တောင် တွံနေပြီကိုလှဆောင် အချိန်မနည်းတော့ဘူး ”
” အေးပါကွာ ငါသိပါတယ်၊ နင်သာအိပ်ပျော်အောင်အိပ် ”
” မအိပ်နိုင်ပါဘူးကိုလှဆောင်ရယ် ၊ ကျုပ်သမီးလေး အိမ်ပြန်မရောက်မခြင်း ကျုပ် အိပ်ပျော်မှာမဟုတ်ပါဘူး ”
ရှိုက်သံတစ်ဝက် ငိုသံတစ်ဝက်ဖြင့်ပြောလိုက်သော မလှဋ္ဌေး၏စကားကြောင့် ကိုလှဆောင်ရင်ထဲ နာကျင်စွာခံစားလိုက်ရသည်။
” အေးပါကွာ ရန်ကုန်ကိုလိုက်သွားပြီး နင့်သမီးကို ငါပြန်ခေါ်ခဲ့ပါ့မယ်၊ ကဲ..ကဲ အိမ်ထဲဝင်တော့ အပြင်မှာက တအားအေးတယ် ”
” ကျုပ်အတွက်က အရေးမကြီးဘူးကိုလှဆောင်၊ ရှင်ကကျန်းမာရေးကောင်းသေးတာမဟုတ်ဘူး ”
ပြောပြောဆိုဆိုပင် ဒေါ်လှဋ္ဌေးသည် အိမ်ထဲသို့ဝင်သွားလေသည်။ထိုအချိန်တွင် မြောက်ပြန်လေက တဖြူးဖြူးတိုက်ခတ်လာသည်။ရေနွေးတည်ထားသောမီးဖိုမှ ပြာမှုန်များလွင့်ကာ ကိုလှဆောင်ထိုင်နေသည့် ပက်လက်ကုလားထိုင်ပေါ် သို့ ကျရောက်ကုန်သည်။ကိုလှဆောင်သည် ပြာမှုန်များကို မှုတ်ထုတ်ရင်း ရေနွေးတစ်ခွက်ကိုငှဲ့လိုက်သည်။
” ခွင့်လွှတ်ပါ သမီးရယ် ၊ အဖေတို့ ဖုန်းဝယ်မပေးနိုင်လို့ သမီးရန်ကုန်ကိုလိုက်သွားရတာ အဖေသိပါတယ် ”
တီးတိုးရေရွတ်လိုက်သည့်ကိုလှဆောင်၏ အသံသည် အေးစက်၍ ခြောက်ကပ်နေ၏။ဇနီးဖြစ်သူနှင့် သမီးဖြစ်သူမိနှောင်းတို့၏ ပြောစကားများကလည်း ကိုလှဆောင်၏နားထဲသို့ ဝင်ရောက်လာပြန်သည်။
” အမေရယ် သမီးလဲ ဖုန်းလေးတစ်လုံးတော့ ကိုင်ချင်တယ် ၊ ဒီနှစ်စပါးရိတ်ပြီးရင် ရတဲ့စပါးရိတ်ခလေးနဲ့ ဖုန်းဝယ်မယ်နော်အမေ ”
” ဟဲ့ ညည်းအဖေကလဲ ကျန်းမာရေးက သိပ်ကောင်းတာမဟုတ်ဘူး၊ ဆေးဖိုးလုပ်ရအုံးမယ် ၊ ညည်းအဖေနေကောင်းမှ အမေဝယ်ပေးမယ် ”
” အမေကလဲ ပြောပြန်ပြီ ၊တစ်ခါလာလဲ အမေဝယ်ပေးမယ် အမေဝယ်ပေးမယ်နဲ့ ”
” အော်…သမီးရယ် ညည်းအဖေအလုပ်မလုပ်နိုင်သေးတော့ အမေရတဲ့နေ့စားခလေးကလဲ ညည်းအဖေ ဆေးဖိုးခနဲ့ဘဲကုန်နေတာ သမီးသိတဲ့အတိုင်းပဲမဟုတ်လား ”
ကိုလှဆောင်သည် အသက် လေးဆယ်ကျော်မှ သာ အိမ်ထောင်ကျသူဖြစ်သည်။အိမ်ထောင်ကျသော်လည်း အိမ်ထောင်သက် ဆယ်နှစ်ကျော်မှ သမီးမိန်းကလေးတစ်ယောက်ထွန်းကားခဲ့သည်။ထို့ကြောင့် သမီးလေးနာမည်ကို မိနှောင်းလို့သာ အလွယ်တကူပေးထားလိုက်၏။ယခု မိနှောင်း၏အသက်ပင် ဆယ့်ရှစ်နှစ်ပြည့်ခဲ့ပြီ။မိနှောင်းသည် ရွာအနောက်ပိုင်းမှ ရန်ကုန်တွင်နေသည့် အပျိုကြီးမြသွေးနှင့်အတူ တောင်ဥက္ကလာပဘက်ကို အလုပ်လုပ်မည်ဟုဆိုကာလိုက်သွားခြင်းဖြစ်သည်။မြသွေးသည် ရွာမှတက်၍ ရန်ကုန်မှာ အလုပ်လုပ်နေသည်မှာ ငါးနှစ်ခန့်ရှိလေပြီ။ရွာကိုအလည်လာခိုက် မိနှောင်းနှင့်တွေ့ကာ ခေါ်သွားခြင်းဖြစ်သည်။ သမီးတစ်ယောက်သာရှိသော်လည်း သမီးလေး၏အနာဂတ်အရေးဖြစ်သည့်အတွက် ကိုလှဆောင်တို့လင်မယားနှစ်ယောက် မထည့်ချင်ဘဲ ထည့်လိုက်ရသည်။
အခန်း (၂)
မိနှောင်း အဖေနှင့်အမေ့ကိုသတိရသည်။တောင်ဥက္ကလာပရောက်နေသည်မှာလည်း ငါးရက်ရှိပြီ။ရန်ကုန်ရောက်လျှင် ရောက်ရောက်ခြင်းအလုပ်လုပ်ရမည်ဟုပြော၍သာ မိနှောင်းလိုက်လာခြင်းဖြစ်သည်။ အလုပ်မရသေးသည့်အခါ မိနှေင်း စိတ်ညစ်လာသည်။ရွာမှာလို ကွင်းပြင်ကျယ်ကြီးထဲတွင် လွတ်လွတ်လပ်လပ်နေခွင့်မရ၊ခြောက်ပေပတ်လည်မျှသာရှိသောအခန်းကျဥ်းလေးထဲတွင် မြသွေးနှင့်အတူနှစ်ယောက်နေရသည်။စားလည်းသည်အခန်း၊အိပ်လည်းသည်အခန်းဆိုတော့ မိနှောင်းနေချင်စိတ်မရှိတော့။ရွာကိုသာပြန်ချင်သည်။
” မမမြသွေး အလုပ်ရှာလို့မရသေးရင်လဲ ကျုပ်ရွာကိုဘဲပြန်တော့မယ် ”
” ဖြစ်မလားအေ့ ၊ ငါက ညည်းကိုပြန်လွှတ်လိုက်ရင် ရွာကလူတွေက ငါ့ကိုအပြစ်ပြောကြမှာ ”
မြသွေးပြောတာလည်းမှန်သည်။တောဓလေ့
ရွာဓလေ့ဆိုသည်ကား ထစ်ကနဲဆိုတစ်ယောက်
တစ်ပေါက်ပြောတတ်ကြသည်။ပြီးမှသာ နားလည်သဘောပေါက်တတ်ကြ၏။မြသွေး ရန်ကုန်တက်ခါစကဆိုလျှင် မကောင်းတာလုပ်စားနေသယောင်ယောင် ထင်မှားပြောဆိုခဲ့ကြသေးသည်။
” ဖြစ်ပါတယ် မမမြသွေးရဲ့ ၊ ကျုပ်ရွာကို ကောင်းကောင်းမွန်မွန်ပြန်တတ်ပါတယ် ”
” မဖြစ်ပါဘူးအေ ၊ လမ်းမှာတခုခုဖြစ်ရင် မလွယ်ဘူး၊ ငါလိုက်ပို့ရအောင်ကလဲ အလုပ်ပြန်ဝင်တာ အခုမှ ၃ ရက်ဘဲရှိသေးတာ ၊ ခဏခဏခွင့်ယူလို့မရဘူးအေ့ ၊ ညည်း တကယ်မနေချင်တော့လို့ ပြန်ချင်တယ်ဆိုရင်လဲ ဈေးပိတ်တဲ့ တနဂ်နွေနေ့အထိစောင့် ”
မြသွေးသည် နန္ဒဝန်ဈေးတွင် အလှကုန်ရောင်းသည့်ဆိုင်တခု၌ ဈေးဝိုင်းရောင်းရသည့်
အလုပ် လုပ်သည်။ထိုဆိုင်၌ပင် လူလိုနေသည့်အတွက် မိနှောင်းကိုခေါ်လာခြင်းဖြစ်သော်လည်း မြသွေးတို့ပြန်ရောက်လာသည့်အခါ အလုပ်သမားအသစ်ခေါ်ထားပြီးဖြစ်သောကြောင့် အခြားအလုပ်ကို ရှာနေရခြင်းဖြစ်သည်။
” တပတ်ဆယ်ရက်နေရင်တော့ ငါလုပ်နေတဲ့ နန္ဒဝန်ဈေးထဲမှာဘဲ အလုပ်ရမယ်အေ ၊ ညည်းအဲ့ဒီအထိစောင့်မယ်ဆိုရင်တော့ သေချာပေါက်ရမှာဘဲ ”
” မစောင့်တော့ဘူးမမြသွေး ၊ ကျုပ်ရန်ကုန်မှာလဲ မပျော်ဘူး ၊ နေလဲမနေတတ်ဘူး၊ ကျူပ်ရွာကိုဘဲပြန်ချင်တယ် ”
” အေးလေ..ညည်းသဘောဘဲ ၊ ငါလဲ တတ်နိုင်သလောက်ရှာပေးတာဘဲ ၊ လာမယ့် တနဂ်နွေနေ့ကျရင် ငါလိုက်ပို့မယ် ”
ထိုညက မိနှောင်းညနက်သည်အထိ အိပ်မပျော်နိုင်။မိုးမြန်မြန်လင်းပါစေဟုသာဆုတောင်းနေသည်။
အခန်း ( ၃)
မိနှောင်းသည် အိတ်လေးကိုဆွဲကာ ထွက်လာခဲ့၏၊ အခန်းသော့ကိုပိတ်၍ မြသွေးသိနိုင်သည့် လျိို့ဝှက်နေရာကိုထားခဲ့သည်။ရွာကိုပြန်သွားကြောင်း စိတ်မပူရန်လည်း စာရေးထားခဲ့သည်။
ပင်းယမှတ်တိုင်မှ ဆူးလေကိုရောက်သည့် ၂၀၇ ကားကိုတက်လိုက်သည်။ မိနှောင်းသည် ထိုင်ခုံလွတ်တခုကိုရသည်နှင့် ဝင်ထိုင်လိုက်၏။ မိနှောင်း၏ဘေးတွင် အသက် ၃၀ အရွယ်အမျိုးသားတစ်ယောက်ထိုင်နေသည်။ထိုသူသည် မိနှောင်းကိုကြည်၍ ပြုံးပြသည်။မိနှောင်းကြားဖူးနားဝရှိသည့်လူကြီးသူမတို့၏စကားကိုသတိရလိုက်သည်။ခရီးသွားရင်း ကိုယ်နဲ့မသိတဲ့သူစိမ်းလူကို မယုံရဘူးဟု ပြောသံကြားဖူးသည်။ထို့ကြောင့် မိနှောင်းခပ်တည်တည်ဘဲနေလိုက်သည်။ထိုသူလည်း ဖုန်းကိုဖွင့်၍ ဂိမ်းကိုသာ အဆက်မပြတ်ဆော့နေသည်။ဆူးလေမှတ်တိုင်ရောက်သည့်အခါ မိနှောင်းကားပေါ်မှ ဆင်းလိုက်သည် ၊ အခုမှ မိနှောင်းစိတ်သက်သာရာရသွားသည်။ဆူးလေဘုရားကို စိတ်မှရည်မှန်း၍သာ ကန်တော့လိုက်၏။မြို့တော်ခန်းမရှေ့မှ ဒလသင်းဘောဆိပ်ဘက်ကိုလမ်းလျှောက်လာခဲ့သည်။သည်နေရာ သည်ဒေသသည် မိနှောင်းအတွက် အခက်အခဲမရှိ၊ မိနှောင်းအကြိမ်ကြိမ်ရောက်ခဲ့ဖူးသည့်နေရာများဖြစ်သည်။မိနှောင်းတို့ရွာသည် ရန်ကုန်တဖက်ကမ်း၌ရှိသည့် ဒလမြို့နယ်ထဲမှဖြစ်သည်။မဟာဗန္ဓုလပန်းခြံရှေ့အရောက်တွင်
” ညီမလေး ခဏ ခဏ ”
မိနှောင်း နောက်ကိုလှည့်ကြည့်လိုက်သည်။ စောစောက ကားပေါ်မှာ အတူတူထိုင်ခဲ့သည့် လူဖြစ်နေသောကြောင့် မိနှောင်းအံ့သြသွားရသလို ရင်လည်းထိတ်သွားသည်။
” ဒါ..ညီမလေး ပစ္စည်းမဟုတ်လား ”
” မ..မဟုတ်ဘူးတော့ ”
မိနှောင်းသည် စကားကိုတိုတိုတုတ်တုတ်ပြောကာ ကြောက်စိတ်ဖြင့် ရှေ့ကိုခပ်မြန်မြန်လျှောက်လိုက်သည်။
” ဟုတ်ပါတယ် ဒါညီမပစ္စည်းပါ ၊ ကားပေါ်မှာညီမမေ့ကျန်ခဲ့တာ။ အကိုတွေ့လို့ ရော့ ရော့ ”
” ဟင်..အင်..မဟုတ်ဘူး၊ မဟုတ်ဘူး ”
သူစိမ်းလူသည် မိနှောင်းမယူသည့်အခါ လက်ကိုဆွဲ၍ ပေးပြန်သည်။
” ယူပါ ဒါညီမပစ္စည်းမှ ညီမပစ္စည်း၊ ဟုတ်မဟုတ်ဖွင့်ကြည့်ပါအုံး ”
ထိုသူသည် မိနှောင်းလက်ထဲသို့ ပိုက်ဆံအိပ်တစ်အိပ်ကိုအတင်းထည့်၍ ဖွင့်ကြည့်ခိုင်းနေသောကြောင့် မိနှောင်းစိတ်နည်းနည်းတွေဝေသွားသည်။
” ညီမအိပ်ထဲမှာ ဖုန်းလားမသိဘူး ပါတယ် ”
ဖုန်းဆိုသည့်အသံကိုကြားလိုက်ရသည့်မိနှောင်းသည် ဖြစ်ချင်ရာဖြစ်ဆုံးဖြတ်၍ အိပ်ကိုဖွင့်ကြည့်လိုက်သည်။မိနှောင်းမျက်လုံးများပြူးကြယ်သွားရသည်။ပိုက်ဆံအိပ်ထဲတွင် ပိုက်ဆံအနည်းငယ်ဖြင့် ဖုန်းတစ်လုံးကိုတွေ့လိုက်ရသည်။
” ဟုတ်တယ်မဟုတ်လား ညီမအိပ် ”
” ဟုတ်..ဟုတ် ဟုတ်ပါတယ် ”
” အဲ့ဒါအကို့လိုသူတော်ကောင်းနဲ့တွေ့လို့ ညီမအိပ်ပြန်ရတာ။ ကံကောင်းသွားတယ်လို့မှတ် ”
မိနှောင်းသည် မပြောတတ် မဆိုတတ်ဖြစ်ကာ ကျေးဇူးတင်သည့် အကြည့်ဖြင့်သာ ပြန်ကြည့်လိုက်သည်။မိနှောင်းပျော်သွားသည်။သည်လိုဆိုတော့လည်း လူတိုင်းဟာ လူဆိုးမဟုတ်ပါလားဟုတွေးလိုက်မိသည်။
” အစက ညီမဟာမဟုတ်ဘူးလို့ထင်နေတာ ၊ အခြားသူတွေဟာများဖြစ်နေမလားဆိုပြီး စဥ်းစားသေးတယ်၊ ဒါပေမဲ့ ထိုင်ခုံပေါ်ကတွေ့တာဆိုတော့ ညီမဟာဘဲဖြစ်ရမယ်ထင်လို့ ကားပေါ်ကဆင်းပြီးလိုက်ပေးတာ ”
” ဟုတ် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်တော် ”
” ကျေးဇူးတင်ရင် ပါးစပ်နဲ့တင်မရဘူးလေ ၊မိတ်ဖြစ်ဆွေဖြစ် လ္ဘက်ရည်လေးတော့ တိုက်ခဲ့ပါအုံးလားညီမရယ် ”
သူစိမ်းလူ၏စကားကြောင့် မိနှောင်းစဥ်းစားရခက်သည်။လူလိမ်များဖြစ်နေမလား ဟုတွေးမိသော်လည်း ပိုက်ဆံအိပ်နှင့် ဖုန်းတစ်လုံးကိုတောင်ပိုင်ရှင်ကိုရှာပြီး ပြန်ပေးမှတော့ သည်လောက်တော့လိုက်လျောရမည်ဟု မိနှောင်းဆုံးဖြတ်လိုက်သည်။ထိုသူစိမ်းလူကိုလည်း မိနှောင်းကျေးဇူးတင်သည်။မိနှောင်း ဖုန်းကိုင်ရတော့မည်မဟုတ်လား။မိနှောင်းသည် အိပ်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၍ ပျော်နေသည်။
” ဘယ်လိုလဲ လ္ဘက်ရည်တောင် မတိုက်နိုင်တော့ဘူးလား ”
” အော်…ဟုတ် ဟုတ် ရပါတယ်တော် ”
မိနှောင်းတို့နှစ်ယောက် ကမ်းနားလမ်းဘက်ကိုလျှောက်လာခဲ့ကြသည်။ပန်းဆိုးတန်းသင်းဘောဆိပ်အနီး၌ရှိသော လ္ဘက်ရည်ဆိုင်တစ်ခုတွင်ထိုင်လိုက်ကြသည်။မိနှောင်းသည်လ္ဘက်ရည်ဆိုင်ကိုမထိုင်ဖူးသလို အခြားသူစိမ်းယောက်ျားတစ်ယောက်နှင့်လည်း မိဘမျက်ကွယ်ရာ၌ ယခုလိုနီးနီးကပ်ကပ်တစ်ခါမှ မနေဖူးခဲ့။ရွာကလူ တစ်ယောက်ယောက်မြင်သွားလျှင် အထင်လွဲအုံးမည်။အတွေးဖြင့်လ္ဘက်ရည်တစ်ခွက်ကို ခပ်မြန်မြန်သောက်လိုက်သည်။လ္ဘက်ရည်သောက်ပြီးခဏအကြာတွင် မိနှောင်းခေါင်းထဲတွင် မိုက်ကနဲဖြစ်သွားသည်။မိနှောင်းသည် လက်မနှစ်ချောင်းဖြင့် နားထင်နှစ်ဘက်ကို အုပ်၍ နှိပ်လိုက်သည်။
” ညီမ ဘာဖြစ်လို့လဲ ”
လူစိမ်း၏စကားကို မိနှောင်းပြန်မဖြေနိုင်။အမြင်အာရုံသည် တဖြည်းဖြည်းဝါးလာသည်။အသိအာရုံ၌လည်း မမြင်ဘူး မရောက်ဘူးသည့် တောအုပ်ကြီးတစ်ခု၌ရောက်နေသလိုလိုခံစားလိုက်ရသည်။ဘာမျှမမြင်ရသည့် အမိုက်အမှောင်ထဲမှာလမ်းလျှောက်နေရသလိုလို။
” ကျွန်တော့်ညီမလေးပါဗျာ ၊ ကူညီကြပါအုံး၊ မူးပြီး သတိမေ့သွားလို့ ”
လူစိမ်းအသံကိုမိနှောင်းကြားနေရသည်။
” မဟုတ်ဘူး မဟုတ်ဘူး ”
မိနှောင်း ဖြစ်ညှစ်၍အားကုန်အော်ပြောလိုက်သော်လည်း မိနှောင်း၏အသံကိုမည်သူမျှမကြားရ။
” ဟာ…ကားငှားလေဗျာ ၊ ဆေးရုံးကြီးကိုအမြန်ပို့မှဖြစ်မယ် ”
” ကျေးဇူးပါဗျာ ၊ သူကဒီလိုဘဲ ခဏခဏဖြစ်တတ်တယ် ”
မိနှောင်းကားရပ်သံကိုကြားရသည်။လူများဝိုင်းမ၍ ကားပေါ်ကိုတင်နေကြသည်ကိုလည်းမိနှောင်းသိသည်။ရှိသမျှအားကိုစုစည်း၍ မိနှောင်းရုန်းကန်လိုက်သည်။ သို့သော်မိနှောင်းအာရုံ၌ အသူရာတမျှနက်သော ချောက်ကမ်းပါးကြီးတစ်ခုကိုထပ်တွေ့လိုက်ရပြန်သည်။မိနှောင်း ကြောက်စိတ်လုံးဝမရှိ။ထိုချောက်ကမ်းပါးကြီးထဲ့သို့ ခုန်ချလိုက်တော့သည်။
အခန်း ( ၄)
” အား ”
” သမီး သမီး ၊ကျုပ်သမီးလေး သတိရလာပြီဆရာမ ”
မိနှောင်းမျက်လုံးကိုဖွင့်ကြည့်တော့ ကိုလှဆောင်ကိုတွေ့ရသည်။ခေါင်းက မူးသလိုလိုဖြစ်နေသေးသည်။ မိနှောင်းထထိုင်လိုက်သည်။
” ဟင် အဖေ ၊ အဖေရယ်သမီးအိပ်မက်ဆိုးတွေမက်နေတာလားမသိဘူး။အခု သမီးတို့ဘယ်ရောက်နေကြတာလဲ ”
” အိပ်မက် မက်နေတာမဟုတ်ဘူးသမီး။ ရန်ကုန်ဆေးရုံကြီးကိုရောက်နေတာ ”
” ဘာဖြစ်လို့လဲ အဖေ ”
” ခဏနေရင် ဦးလေးသမီး အကုန်ပြန်သတိရလာမှာပါ။ ဘာမှပူမနေပါနဲ့ ”
အနားမှာစောင့်ကြည့်နေသည့် ဆရာမကြီး၏စကားကြောင့် ကိုလှဆောင်ခေါင်းငြိမ့်လိုက်သည်။
” သမီး မြသွေးနဲ့ ရန်ကုန်ကိုလိုက်သွားတာ မှတ်မိလား ”
” မှတ်မိတယ် အဖေ ”
” သမီးအမေက သမီးနဲ့မခွဲနိုင်လို့ပြန်ခေါ်ရမယ်ဆိုလို့ အဖေကသမီးဆီကိုလိုက်လာတာ ။ သင်းဘောပေါ်ကဆင်းပြီး ဆူးလေကားမှတ်တိုင်ကိုအသွား လ္ဘက်ရည်ဆိုင်မှာ မိန်းကလေးတစ်ယောက်ကို လူတွေက ကားပေါ်မတင်နေတာတွေ့ရလို့ ကြည့်လိုက်တော့ သမီးဖြစ်နေတယ်။ဒါနဲ့ ကျုပ်သမီးလေးပါပြောတော့ ၊ လူတစ်ယောက်က သူ့ညီမပါလို့ပြောတယ်၊ အဖေလဲ ဘေးလူတွေကိုအကူအညီတောင်းပြီး အဲ့ဒီလူကို အဖမ်းခိုင်းလိုက်တယ်၊ အဲ့ဒီအခါကျမှ သူက ထွက်ပြေးဖို့လုပ်တာ။ ဘေးလူတွေက သူ့ကိုမရမက ဖမ်းပြီး ရဲစခန်းကိုဖုန်းဆက်လိုက်ကြတာ ”
” သမီး သမီး မှတ်မိလာပြီ အဖေ ၊ အသက်၃၀လောက်ရှိမယ်ထင်တယ်။အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့မဟုတ်လား ။ အခုသူဘယ်မှာလဲ ”
” စခန်းက ဖမ်းသွားပြီသမီး ၊ သူ့အိပ်ထဲကမူးယစ်ဆေးဝါးတွေလဲ တွေ့ရတယ်။ မုဒိမ်းမှု့နဲ့ ထောင်လဲကျဖူးတယ်တဲ့ သမီးရယ်..လူလိမ်တစ်ယောက်ပါ.”
ကိုလှဆောင်သည် သမီးကိုရှင်းပြရင်း အသံများတိုးဝင်သွားသည်။
” သမီးရယ် ကံကောင်းလို့သာပေါ့၊ အဖေသာ ရွာကတက်မလာရင် သမီးဘဝမတွေးဝံ့အောင်ဘဲ ”
” သမီးမှားပါတယ်အဖေ ၊ သမီးသာ လောဘမတက်ရင် ကိုယ့်ပစ္စည်းမဟုတ်ဘဲ မတရားအလကားလိုချင်စိတ်မရှိခဲ့ရင် ဒီလိုအဖြစ်မျိုးရောက်မှာမဟုတ်ဘူး ၊သမီး ကိုယ့်ကိုယ်ကိုယ်အသိဆုံး၊ သမီးကိုကမှားတာပါအဖေ ”
” သမီးဘာတွေပြောနေတာလဲ အဖေနားမလည်ဘူး ”
မိနှောင်းသည် အဖြစ်အပျက်အားလုံးကို ကိုလှဆောင်အားရှင်းပြလိုက်သည်။
” ဆရာမရဲ့ တူမလေးတစ်ယောက်လဲ အဲ့ဒီလိုအဖြစ်အပျက်နဲ့ခပ်ဆင်ဆင်ဘဲ ကြုံခဲ့ရဘူးတယ်။ ဒီလိုလိမ်လည်ဖျားယောင်းမှု့တွေက အခုမှရှိတာမဟုတ်ဖူး ဟိုအရင်ကထဲက ရှိခဲ့တာ။ အဲ့ဒီလိုလူလိမ်တွေကလဲ ရိုးသားမယ်ထင်တဲ့ အမယ်ထင်တဲ့ အခုလိုတောကတက်လာပြီး မြို့အထာမသိသေးတဲ့သူတွေကိုမှ ရွေးပြီးလိမ်ကြတာများတယ်။ဆရာမလဲ တောကပါဘဲ တောသူတောင်သားတွေကိုနှိမ်တာမဟုတ်ဘူး ”
ဆရာမကြီး၏စကားကြောင့် ကိုလှဆောင်တို့သားအဖနှစ်ယောက် တိတ်ဆိတ်သွားကြသည်။
” ဖုန်းလေးတစ်လုံးမြင်လိုက်တာနဲ့ သမီးရဲ့စိတ်တွေ အောက်တန်းကျသွားတာဟာ သမီးရဲ့ နှစ်လုံးသွင်းမမှန်ကန်လို့ဖြစ်ရတာဘဲ၊ နှစ်လုံးသွင်းမမှန်ကန်တော့ အခုလို ဒုက္ခတွေရောက်ရတတ်တယ် ။လိမ်တဲ့သူကိုချည်းဘဲ အပြစ်ပြောလို့မရဘူး။ကိုယ်ကလဲ ဗဟုသုတတရှိရမယ်။ မတော်မတရားလိုချင်တဲ့ လောဘကိုလဲ ချုပ်တည်းနိုင်ရမယ်။ တကယ်တော့ အလိမ်ခံရတယ်ဆိုတာက လောဘကြီးလို့ဘဲ ၊ ကိုယ့်လောဘက ကိုယ့်ကို လှည့်ကွက်ထဲ မရောက်ရောက်အောင် တွန်းပို့လိုက်တာ။ အခုဟာက သမီးက သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်အောင် လောဘနဲ့ကြံလိုက်တာကိုး ”
” ဟုတ်ပါတယ်ဆရာမရယ် ကျုပ်သင်္ခန်းစာရလိုက်ပါပြီ ”
” အတွေ့အကြုံဆိုတာ မိမိအတွက် သင်္ခန်းစာဘဲ ၊ သင်္ခန်းစာမှမယူတတ်ရင် ဘယ်လောက်ဘဲအတွေ့ကြုံများများ အဲ့ဒီအတွေ့အကြုံဟာ အလကားဘဲ ၊ဒီသင်္ခန်းစာက သမီးအတွက်တင် မဟုတ်ဘူး၊ ရိုးသားတဲ့ အတွေ့အကြုံမရှိသေးတဲ့ သမီးတို့ရွာကလူတွေကိုပါ သိအောင်ပြောပြရမယ် ”
ကိုလှဆောင်တို့ သားအဖနှစ်ယောက်ဆေးရုံမှဆင်းလာခဲ့ကြသည်။ဆရာမကြီး၏ စကားများသည် မိနှောင်းအတွက် အသိဉာဏ်ပွင့်လင်းစေသလို သတိသံဝေဂလည်းရစရာပင်ဖြစ်သည်။သင်းဘောပေါ်အရောက်တွင် အိပ်ထဲ၌ပါလာသည့် ပိုက်ဆံအိပ်လေးကို မိနှောင်းထုတ်ကြည့်လိုက်၏။ပိုက်ဆံအိပ်ထဲမှ ဖုန်းလေးသည် မိနှောင်းစိတ်ကို စနိုးစနောင့်ဖြစ်စေသည်။ဖုန်းလေးကိုအသာယူ၍ ဖွင့်ကြည့်လိုက်သည်။မည်သည့်ဆော့ဝဲမျှ ထွက်မလာသလို ပါဝါလည်းပွင့်မလာ ။မိနှောင်း မြစ်ထဲသို့ပစ်ချလိုက်ပါတော့သည်။
ပြီး။။
ရွှေညာ (ရွာတန်းရှည်)
#crd