ဝမ်းတွင်းစုန်း နဲ့ တစ္ဆေမယား

* ဝမ်းတွင်းစုန်း နဲ့ တစ္ဆေမယား*

************************************************
(၁)
ငတူးလည်းညစာထမင်းစားပြီးသည်နှင့် ညောင်ပင်ကုန်းရွာကိုသွားဖို့ လမ်းကြည့်နေပြီဖြစ်သည် မောင်စိုးနဲ့ဇော်မြင့်လည်း သူနဲ့အတူလိုက်ရန်အဆင်သင့်ဖြစ်နေပြီး လေးဂွလွယ်အိပ်များကိုပင် ပုခုံးမှာလွယ်ထားပြီးသားဖြစ်နေသည် သူတို့လည်း ဘာဖြစ်တယ်မသိ အခုဆိုညဘက်လျှောက်သွားချင်စိတ်က အမြဲလိုလိုပေါက်နေပြီး မသွားရမနေနိုင်အောင်ပင်ဖြစ်နေကြသည် ယနေ့ညတော့ သူတို့နှင့်အတူ ဦးဖိုးခေါင်ကြီးကိုပါခေါ်သွားမည်ဖြစ်၍ အတွေ့အကြုံသစ်အတွက် ကြိုတင်စိတ်လှုပ်ရှားနေလျှက်ရှိသည် ထို့ကြောင့် ခေါင်းဆောင်းကြီးငတူးအချက်ပြမည့်အချိန်ကို စောင့်နေရင်း
“ကိုမြင့်ဆောင် ကျုပ်တို့ညောင်ပင်ကုန်းရွာဘက် ခဏသွားဦးမယ်ဗျာ”
ငတူး ထမင်းစားပြီး၍လက်သုပ်ရင်းတန်းလန်းနဲ့ပြောလိုက်တော့
“မင်းတို့ညတုန်းက ဖြစ်ထားတာမမှတ်သေးဘူးလား”
ကိုမြင့်ဆောင်လည်း ညတုန်းကမှဒေါ်အုန်းနဲ့ပြဿနာဖြစ်ထား၍ သူတို့ကိုဘယ်မှမသွားစေလို ဒါပေမဲ့ ငတူးက
“ရပါတယ်ဗျာ ကျုပ်တို့အခုတစ်ခါ မြောက်ဘက်ရွာတွေကိုမသွားတော့ပါဘူး တောင်ဘက်ရွာတွေပဲသွားမှာပါ ဘာမှမဖြစ်စေရပါဘူး”
ငတူးလည်း ခြေထောက်ဗွေပါနေသူတစ်ယောက်လို မသွားရမနေနိုင်ဖြစ်နေ၍ပြောလိုက်တော့
“တောင်ဘက်ဖြစ်ဖြစ် မြောက်ဘက်ပဲဖြစ်ဖြစ် ညညက်အခါ လျှောက်မသွားသင့်ဘူးကွ မြွေပါးကင်းပါး အန္ဓရာယ်လည်းစိုးရိမ်ရတယ်”
ကိုမြင့်ဆောင်လည်း သူတို့ကိုဘယ်မှမသွားစေလို၍ ထပ်ပြောလိုက်ပြီး ထမင်းစား စားပွဲမှ ထထွက်လာသည် ထိုအခါ ငတူးက မောင်စိုးနဲ့ဇော်မြင့်ကို မျက်စပစ်ပြလိုက်ပြီး သူတို့ပါဝိုင်းကူပြောဖို့တိုက်တွန်းလိုက်သည် မောင်စိုးနဲ့ဇော်မြင့်လည်း ဦးဖိုးခေါင်ကြီးနဲ့ အတူသွားခြင်နေ၍
“ဦးမြင့်ဆောင် ကျွန်တော်တို့ရွာပြန်လို့ရောရလားဗျာ့”
မောင်စိုးလည်း ရွာပြန်တာကိုတော့ ကိုမြင့်ဆောင်တာဆီးမှာမဟုတ်မှန်းသိ၍ လှမ်းမေးလိုက်ပြီး အဖြေကိုစောင့်နေသည် ကိုမြင့်ဆောင်လည်း ဒီသုံးကောင်သူဘယ်လိုတားတား တားလို့ရမည်မဟုတ်မှန်းသိ၍
“ကဲကွာ မင်းတို့ဒီလောက်သွားချင်နေရင်လည်း သွားကြပေါ့ ဒါပေမဲ့ ဘာမှတော့မဖြစ်စေနဲ့”
သူလည်း ငတူးတို့သုံးယောက်ကို ကိုယ်ချင်းစာမိ၍သွားဖို့ခွင့်ပြုလိုက်ပြီး သူတို့ငယ်ငယ်တုန်းကလည်း ဤကဲ့သို့လသာညများတွင် ကျောင်းမှာဖြစ်ဖြစ် ရွာထဲမှာဖြစ်ဖြစ်မနေချင်ကြ လေးဂွတစ်လက်ဖြင့် ငှက်အိပ်တန်းလိုက်ပစ်ချင်ပစ်နေရမှ ဒါမှမဟုတ် ဟိုရွာဒီရွာလျှောက်သွားနေရမှကျေနပ်သည် အခုလည်း ငတူးတို့သုံးယောက် သူတို့ငယ်ငယ်ကလိုဖြစ်နေ၍ ဘာမှမပြောတော့ပဲ ငရုစိုက်ဖို့သာမှာပြီး ဘုရားစင်ရှေ့တွင် တင်ပလ္လင်ခွေထိုင်ချလိုက်သည် ငတူး မောင်စိုးနဲဇော်မြင့်လည်း ကိုမြင့်ဆောင် တရာထိုင်တော့မည်ဆိုတာသိ၍ ဘာမှမပြောတော့ပဲ တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်ကာ တဲ့ပေါ်မှဆင်းလာခဲ့တော့သည်။
သူတို့သုံးယောက်တဲအောက်ရောက်သည်နှင့် ဥနှဲပင်ကြီးဘက်ကိုထွက်လာခဲ့ပြီး
“ဦးဖိုးခေါင် ကျွန်တော် ညနေကပြောထားတဲ့အတိုင်း အခုညောင်ပင်ကုန်းရွာကိုသွားမလို့ အဲ့ဒါဦးဖိုးခေါင်လိုက်မယ်ဆို အပင်ပေါ်ကဆင်းခဲ့တော့”
ငတူးလည်း ဦးဖိုးခေါင်ကိုသူတို့နောက်လိုက်ခဲ့ရန် အပင်ပေါ်ကဆင်းခဲ့ဖို့ပြောလိုက်ပြီး ဥနှဲပင်ကြီး၏အခြေအနေကိုစောင်ကြည့်နေသည် အကယ်၍ ဦး‌ဖိုးခေါင်ကြီး သူ့တို့နောက်လိုက်မည်ဆိုပါက ဥနှဲပင်ပေါ်မှအသံပေး၍ဆင်းလာမည်ဖြစ်ပြီး ထိုအသံကိုကြားခြင်းဖြစ် ဦးဖိုးခေါင်ကြီးသူတို့နောက်လိုက်လာပြီဆိုတာကို သိနိုင်မည်ဖြစ်သည် သူတို့သုံးယောက် ဥနှဲပင်ကြီးကို မော့ကြည့်နေရင်း ဘာသံမှမကြားသေး၍
“ကိုငတူး ဦးဖိုးခေါင်ကြီး ကျုပ်တို့နောက်မလိုက်ချင်ဘူးနဲ့တူတယ်ဗျာ့”
ဇော်မြင့် သူ့အထင်ကိုပြောလိုက်တော့ မောင်စိုးကလည်း
“အေး ဟုတ်တယ်ကွ ဦးဖိုးခေါင်ကြီးလည်း ဒို့ကိုမသွားစေချင်ဘူးနဲ့တူတယ်”
မောင်စိုးလည်းသူ့အထင်ကိုထပ်‌ပြောလိုက်ပြီး ငတူးကဘက်ကို လှည့်ကြည့်လိုက်သည် ထိုအခါ ငတူးက
“နေပါဦးကွမင်းတို့ကလည်း ဦးဖိုးခေါင်ကြီး ရှိမရှိတောင်သေချာမသိသေးဘူး လိုက်ချင်မလိုက်ချင်ဆိုတာ ဘယ်လိုလုပ်သိနိုင်မှာတုန်း ငါစမ်းကြည့်ပါဦးမယ်”
ငတူးလည်း ဦးဖိုးခေါင်ကြီး ဥနှဲပင်ပေါ်မှာရှိနေမနေကို ပထမဆုံးသိချင်၍
“ဦးဖိုးခေါင် ကျုပ်တို့နဲ့လိုက်တာမလိုက်တာအပထား ဦးဖိုးခေါင် ရှိမရှိကိုအရင်သိအောင်ပြဦးဗျာ့ နောက်ပြီးမှလိုက်ရင်လည်းလိုက်မလိုက်ရင်လည်းနေပေါ့”
ငတူး ဦးဖိုးခေါင်ကြီး ရှိမရှိကိုပြခိုင်းလိုက်တော့ ဦးဖိုးခေါင်ကြီးလည်း သူရှိသည့်အကြောင်းကို ဥနှဲပင်ကိုင်းများအားလှုပ်ပြလိုက်သည် ထိုအခါ ငတူးက
“ဦးဖိုးခေါင်ကြီး ဒီအပင်မှာရှိတယ်ကွ မင်းတို့ပြောသလို ငါတို့နောက်ကို မလိုက်ချင်တာပဲဖြစ်လိမ့်မယ်”
သူလည်း လှုပ်ရမ်းနေသာ ဥနှဲပင်ကိုင်းများကိုကြည့်၍ ပြောလိုက်ပြီး မောင်စိုးနဲ့ဇော်မြင့်တို့ဘက်လှည့်ကာ
“ကဲ ဦးဖိုးခေါင်ကြီးမလိုက်ချင်တော့လည်း ခေါ်မနေပါနဲ့ကွာ သူ့လည်းသူ့ကိစ္စနဲ့သူ ရှိဦးမှာပေါ့ ဒို့တိုင်းဒို့ပဲ သွားရအောင်”
ငတူးလည်း ဦးဖိုးခေါင်ကြီး မလိုက်ချင်မှန်းသိ၍ဆက်မခေါ်တော့ပဲ နားလည်စွာဖြင့် ဥနှဲပင်ကြီးအောက်မှထွက်လာရင်း
“ကဲ ဦးဖိုးခေါင်ရေ့ ကျုပ်တို့တော့သွားပြီဗျို့ ခင်ဗျာဘာသာခင်ဗျား အေးအေးဆေးဆေး နေခဲ့ပေတော့ လျှောက်လည်းသွားမနေနဲ့ဦး”
ငတူးလည်း ဦးဖိုးခေါင်ကြီးကိုရယ်ရယ်မောမော နှုတ်ဆက်ခဲ့ရင်း မောင်စိုး ဇော်မြင့်တို့နဲ့အတူ ရွာကိုပြန်ရန်ထွက်လာခဲ့တော့သည် ဖိုးခေါင်ကြီးလည်း သူအားစိတ်မဆိုးပဲ ရယ်ရယ်မောမော ထွက်သွားသောငတူးတို့သုံးယောက်ကို ကြည့်ရင်း ကျေနပ်မှုတစ်ခုခုကိုခံစားလိုက်ရသလိုရှိလာသည် နေ့လည်က သူ ငတူးတို့ကျွေးသောအမဲသားနှစ်ပိဿာနှင့် ထမင်းကိုအဝအလင်စားပြီး အခုညသူတို့နှင့်လိုက်ခဲ့ဖို့သဘောတူးထားပြီးသားဖြစ်သည် ဒါပေမဲ့ အခုညရောက်၍သူ့ကိုလာခေါ်တော့ သူမလိုက်နိုင်သည့်အကြောင်းကိုပြတော့လည်း သူ့ကိုစိတ်ဆိုးမသွား အနည်းငယ်ပင် မကျေနပ်သည့်ဟန်ပန်မူယာမပြပဲ လူတစ်ယောက်လိုပင် သူ့အားလုပ်စရာကိစ္စရှိနေ၍ဖြစ်မည်ဟုဆိုကာ နားလည်မှုပေးသွားသေးသည် ဤလိုလူမျိုးများသည် လောက၌ရှာတွေ့ဖို့ခက်ခဲသော လူမျိုးဖြစ်ကာ တစ်ချို့ဆိုလျှင်မိမိကနည်းနည်းပေး၍ များများလိုချင်ကြသည် တစ်ချို့ကတော့ပေးထားပြီးမိမိလိုအပ်သည့်အချိန် ပြန်မရလျှင်လွန်စွာစိတ်စိုးတတ်ပြီး တချို့ကတော့ ဘာမှ‌မပေးပဲအလကားလိုချင်တတ်ကြသည်။
ယခုငတူးတို့ကတော့ထိုသို့မဟုတ် သူ့အားကျွေးခြင်းသည် စေတနာသက်သက်ဖြင့် သဒ္ဒါတရားရှိ၍သာ ကျွေးခြင်းဖြစ်ပြီး သူ့အားခေါ်သည်မှာလည်း ခင်မင်၍အတူတကွသွားလာလိုခြင်း‌ကြောင့်သာခေါ်ခြင်းဖြစ်သည် ဘယ်လိုပဲဖြစ်ဖြစ် ပေးပြီးသားဂတိပျက်လျှင်တော့ တစ်ချို့လူတွေဆိုလျှင် အနည်းနှင့်အများစိတ်ဆိုးစိတ်ကောက်ဖြစ်ကြမည်ဖြစ်သည် ဒါပေမဲ့ ငတူးတို့ကတော့ထိုသို့မဟုတ်ပဲ ပျော်ပျော်ရွှင်ရွှင်နှင့် သူ့ကိုနှုတ်ဆက်ပြီးထွက်သွားတာမြင်တော့ ဖိုးခေါင်ကြီးလည်း သူကိုယ်တိုင်ပင်ငတူးတို့နှင့်လိုက်ချင်စိတ်ပေါက်သွားသည် အစကတော့သူလည်း ကိုမြင့်ဆောင်ပြောသံကိုကြား၍ ငတူးတို့ကိုတဲမှမသွားစေချင်ပဲ သူမလိုက်လျှင်ငတူးတို့လည်း မသွားလောက်ဘူးဟာထင်ကာ တမင်ပင်နေနေချင်းဖြစ်သည် ယခုတော့ထိုသို့မဟုတ်ပဲ သူမပါလည်း ငတူးတို့သွားမည်ဆိုတာကိုသိ၍ သစ်ပင်ပေါ်မှအသံပေး၍ဆင်းခဲ့တော့သည် ဖိုးခေါင်ကြီးသစ်ပင်ပေါ်ကဆင်းလာသံကိုကြားတော့ ငတူးတို့လည်း နောက်ပြန်လှည့်ကြည့်ပြီး
“ဟာ ကိုငတူး ဦးဖိုးခေါင်ကြီးတော့ ကျုပ်တို့နောက်လိုက်မယ်နဲ့တူတယ်ဗျာ့ သစ်ပင်ပေါ်ကဆင်းလာသံကြားတယ်”
မောင်စိုးလည်း ဝမ်းသာစိတ်နဲ့ပြောလိုက်တော့
“အေးကွ သူပါရင် ဒို့ညောင်ပင်ကုန်းရွာထိအောင်သွားမယ်ကွာ”
ငတူးလည်း ဖိုးခေါင်ကြီးလိုက်လာပြီဖြစ်မှန်းသိ၍ ညောင်ပင်ကုန်းရွာထိသွားဖို့ပြောလိုက်တော့ ဇော်မြင့်က
“သွားဗျာ ကျုပ်တို့လည်း အဲ့ဒီရွာဘက်မရောက်တာကြာနေပြီ”
ထိုသို့ဖြင့်သူတို့သုံးယောက်သား ညောင်ပင်ကုန်းရွာထိအောင်သွားဖို့ ဆုံးဖြတ်လိုက်ကြပြီး ကျတ်တက်လျှိုထဲမှနေ ခပ်သွက်သွက်ထွက်လာခဲ့ကြတော့သည်။
(၂)
သူတို့သုံးယောက် သူတို့ရွာအနောက်ဘက်ကိုရောက်တော့
“မင်းတို့ရွာထဲဝင်ဦးမှာလား”
ငတူးလည်း မောင်စိုးနဲ့ဇော်မြင့်ကို ရွာထဲဝင်ချင်စိတ်ရှိမရှိမေးလိုက်တော့
“ဝင်မနေနဲ့ဗျာ အပြန်ကြမှပဲဝင်ချင်ဝင်ရအောင်”
ဇော်မြင့်လည်း အချိန်နောက်ကြမှာဆိုး၍ ရွာထဲမဝင်ဖို့ပြောလိုက်ပြီး မောင်စိုးက
“နေပါဦးဗျာ့ ကျုပ်တို့ ညောင်ပင်ကုန်းရွာကိုသွားမှာတော့ ဟုတ်ပါပြီ ဒါပေမဲ့ ဘယ်သူ့အိမ်ကိုသွားမှာတုန်းဗျာ့”
“ခင်လုံးတို့အိမ်သွားမယ်ကွာ အဲ့ဒီအိမ်ကိုမရောက်တာကြာပြီ”
ငတူးသူသွားလည်မည့်အိမ်ကိုပြောလိုက်တော့ မောင်စိုးက
“ခင်လုံးဆိုတာ မယဉ်ပြုံးမောင်ကို‌ပြောတာလားဗျာ့”
“အေး ဟုတ်တယ်လေကွာ”
“မယဉ်ပြုံးက ဝမ်းတွင်းစုန်းဆိုဗျာ့ အဲ့ဒါကျုပ်တို့သွားလည်လို့ ဖြစ်ပါမလား”
မောင်စိုးလည်း ရွာထဲတွင်ပြောနေကြသံကြား၍ ငတူးကိုထပ်မေးလိုက်သည်
“ဟုတ်တယ်လေကွာ မယဉ်ပြုံးကဝမ်းတွင်းစုန်း ဒါပေမဲ့ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင်မလုပ်ဖူးပါဘူးကွ ငါဆိုငယ်ငယ်ကတည်းက သူ့တို့အိမ်မှာစားအိမ်သောက်အိမ်ပဲ”
ငတူးလည်း သူနှင့်မယဉ်ပြုံးတို့အိမ်အကြောင်းကို ပြောလိုက်ပြီး သုံးယောက်သား‌ရွာထဲမဝင်ပဲ ရွာအနောက်ဘက်လှည်းလမ်းအတိုင်း ညောင်ပင်ကုန်းရွာဘက် ဆက်လာခဲ့သည် ထိုသို့သွားနေရင်းနဲ့လည်း မောင်စိုးက
“အဲ့ဒါ ကိုငတူးကိုခင်လို့မလုပ်တာနေမှာပေါ့ဗျာ့ ကျန်တဲ့သူတွေဆိုလုပ်ချင်လုပ်မှာပေါ့”
“ဘယ်သူ့မှ မလုပ်ပါဘူးကွာ မယဉ်ပြုံးဆိုတာ အရမ်းသဘောကောင်းတာကွ မင်းတို့မသိသေးလို့ နောက့်ပြီးသူဝမ်းတွင်းစုန်းပညာသည်ဆိုတာလည်း ငယ်ငယ်က ကလေးတွေနဲ့ဆော့ကစားရင်း အနိုင်ကြင့်တဲ့ကလေးတွေကို ပြောမိဆိုမိတာကနေ သိလာတာပဲရှိတာ အရွယ်ရောက်လာတော့ ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင်မပြောမဆိုတော့ဘူး လက်တွေ့လက်ကြလုပ်ဖို့ဆိုဝေးပေါ့ကွာ နောက်ပြီးသူကလည်းသူ့အကြောင်းသူသိတော့ ပြောတာဆိုတာကအစ အရမ်းဆင်ခြင်တာကွ ငါတို့ဆိုသူ့အိမ်ဆယ်ခေါက်ရောက်လို့ တစ်ခေါက်တောင်စကားမပြောဖြစ်ဘူး ဒါပေမဲ့ မရှိ ရှိတာတော့ အကုန်ချကျွေးတာမောင် ဒို့ကတော့ စကားပြောပြော မပြောပြော စားရဖို့သာအဓိကဆိုတော့ ချကျွေးသမျှ ပြောင်အောင်တီးတာပဲ”
ငတူးလည်း မောင်စိုးနဲ့ဇော်မြင့်ကို ထိုအကြောင်းများပြောပြရင်း သူတို့ငယ်ငယ်ကနွားကျောင်းရင်း မယဉ်ပြုံးတို့အိမ်ကို လိုက်လိုက်လည်သည့်အဖြစ်များကို ပြန်လည်မြင်ရောင်နေမိသည် ထိုစဉ်ကသူတို့အသက်သည် ဆယ့်သုံး ဆယ့်‌လေးမျှသာရှိသေးပြီး ရွာတောင်ဘက်လယ်ကွင်းပြင်တစ်လျှောက်နွားကျောင်းရင်း မယဉ်ပြုံး၏မောင် ခင်လုံးနှင့်အတူ သူတို့အိမ်ကိုမကြာခဏလိုက်လိုက်သွားတတ်သည် မယဉ်ပြုံးကတော့ သူတို့ထက်အသက်ကြီးပြီး ဆယ်ခြောက် ဆယ်ခုနှစ်အရွယ်ပင်ရှိနေပြီဖြစ်သည် သူတို့ရောက်သွားတိုင်းလည်း မယဉ်ပြုံးက ပြုံးပြုံး ပြုံးပြုံးဖြင့်ဆီးကြိုးပြီး သူ့မောင်နှင့်ပါလာသောသူတို့ကို အင်မတန်မှခင်မင်သည် စကားအပြောအဆိုနည်းသော်လည်း စေတနာသဒ္ဒါတရားထက်သန်စွားဖြင့် မရှိရှိတာဖြင့်ဧည့်ခံကျွေးမွေးတတ်ပြီး သူတို့ကလည်း မယဉ်ပြုံးတစ်ယောက်ဝမ်းတွင်းစုန်းဖြစ်မှန်းသိသော်လည်း ကို့အစ်မတစ်ယောက်လိုဖြစ်နေပြီဖြ့စ်၍ ဘာမှကြောက်ရွံ့ထိတ်လန့်ခြင်းမရှိ ချကျွေးတာအကုန်စားကာ နွားသိမ်းချိန်ရောက်မှသာ အိမ်ပြန်လာတတ်သည် ထိုစဉ်ကတည်းကပင် မယဉ်ပြုံးတို့အိမ်ကို ညောင်ပင်ကုန်းရွာသူရွာသားတချို့တဝက်က ရှောင်ဖယ်ထားကြပြီး မယဉ်ပြုံးတို့မိသားစုသည်လည်း စိတ်အားငယ်နေကြမည်တော့အမှန်ပင်ဖြစ်သည် ဒါပေမဲ့ သူတို့ကတော့ ထိုအကြောင်းတွေကို မသိသလိုနေကာ အမြဲတမ်းပင်အဝင်အထွက်မပြတ်ရှိခဲ့သည် အခုလည်း သူငယ်ငယ်တုန်းက အမြဲတမ်းရောက်ဘူးခဲ့သော သူငယ်ချင်းခင်လုံးနှင့်မယဉ်ပြုံးတို့၏အိမ်ကို အလည်ပြန်ရောက်တော့မည်မို့ ဝမ်းသာပျော်ရွှင်မိနေသည်။
(၃)
သူတို့သုံးယောက် ညောင်ပင်ကုန်းရွာကိုရောက်တော့ ရွာအနောက်ဘက်အစ မြောက်ဘက်အစွန်တွင်ရှိသော ခင်လုံးတို့အိမ်ဝိုင်းဝ၌ရပ်၍
“ဟေ့ကောင် ခင်လုံး အိပ်ပြီးလားကွ”
ငတူး၏အသံကိုကြားသည်နှင့် ခင်လုံးကအိမ်ပေါ်ကဆင်းလာပြီး
“ဟေ့ကောင်ငတူး လာကွာ မင်း‌ငါ့တို့အိမ်မလာတာတောင်ကြာ‌နေပြီ ဘာဖြစ်လို့တုန်း အခု‌ရောဘယ်ကမျက်စိလည်လာတာတုန်း”
ခင်လုံးလည်း ငတူးကိုမြင်သည်နှင့် ဝမ်းသာအားရဆီကြိုပြီး အိမ်ပေါ်ကိုခေါ်ကာ ရောက်မလာရသည့်အကြောင်းကိုပါမေးသည် ငတူးလည်း
“ရောက်မလာဆို ငါကအရက်သောက်တယ်ကွ အဲ့ဒါအစ်မယဉ်ပြုံးနဲ့အရီးခင်ကို အားနာလို့မလာတာ အခုအရက်ဖြတ်လိုက်တာနဲ့ မင်းတို့အိမ်ကိုအလည်ပြန်လာတာပဲ”
ငတူးလည်း အမှန်အတိုင်းပြောပြီး ဇော်မြင့်နဲ့မောင်စိုးကိုခေါ်ကာ ခင်လုံးနဲ့အတူအိမ်ပေါ်ကိုတက်လာသည် သူတို့အိမ်ပေါ်ကိုရောက်တော့ မယဉ်ပြုံးနဲ့အရီးခင်က ပြုံးရွှင်စွာဆီကြိုးပြီး
“အင်း ငါ့တူကြီးတောင် အရီးတို့အိမ်မလာတာကြာပြီ ဘာများဖြစ်လို့တုန်းကွယ်”
“ဘာမဖြစ်ဘူးအရီး စောစောကကျွန်တော်ခင်လုံးကိုပြောသလို အရက်သောက်တတ်လို့ အရီးတို့ကိုအားနားလို့မလာတာဗျာ့ အခုတော့ဖြတ်လိုက်ပါပြီ ဒါနဲ့ အရီးရော မယဉ်ပြုံးရောနေကောင်းကြရဲ့လား”
ငတူးလည်း အရီးခင်နဲ့မယဉ်ပြုံးကိုကြည့်ကာ ပြုံးရွှင်စွာမေးလိုက်တော့
“ကောင်းပါကွယ် ကောင်းပါ့ လာထိုင်ကြဦး”
အရီးခင်လည်း သူတို့ကိုပြုံရွှင်စွာကြည့်၍ ပြန်ပြောလိုက်ပြီး နေရာထိုင်ခင်းပေးလေသည် မယဉ်ပြုံးက‌တော့ အရီးခင်ဘေးနားတွင်ထိုင်ကာ သူ့တို့ကိုပြုံးကြည့်နေသည် ခင်းလုံးလည်း
“လာထိုင်ကွာ ငါ့ညီတို့လည်းထိုင်ဦး”
ငတူးကို‌ပြောရင်း မောင်စိုးနဲ့ဇော်မြင့်တိုကိုပါ ထိုင်ခိုင်းလိုက်သည် သူတို့လည်း ခင်လုံးပြောသောနေရာတွင်ဝင်ထိုင်ရင်း တစ်ခေါက်မှမရောက်ဘူးသော အိမ်ဖြစ်၍ အနည်းငယ် အို့တို့အန်းတန်းဖြစ်နေကြသည် ထိုအချိန် မယဉ်ပြုံးက မီးဖိုချောင်ထဲဝင်းသွားပြီး ငတူးက
“အစ်မပြုံး ထူးထူးထွေထွေလုပ်မနေနဲ့ ရှိတာအကုန်ချ”
သူလည်း ငယ်စဉ်တုန်းကအတိုင်းပင် မယဉ်ပြုံးကိုပြောလိုက်တော့
“နင့်အကြောင်း ငါသိပါတယ်ဟယ် နင်ကကောင်းဖို့မလို့ဘူး များဖို့ပဲလိုတာမဟုတ်လား”
မယဉ်ပြုံးလည်း သူတို့ကိုပြုံးရွှင်စွာကြည့်၍ပြောပြီး သူတို့အတွက်စားစရာတစ်ခုခုကို မီးဖိုချောင်ထဲမှာသွားပြင်ဆင်နေသည် ခဏကြာ‌တော့မယဉ်ပြုံးလည်း မီးဖိုထဲမှထမင်းစားပန်းကန်တစ်ချပ်ဖြင့် လဖက်သုပ်များထဲ့လာပြီး
“ကဲ ငါ့မောင်တို့စားကြဦးကွယ် ငတူးကိုတော့ပြောမနေတော့ဘူး”
မယဉ်ပြုံးလည်း မောင်စိုးနဲ့ဇော်မြင့်ကိုကြည့်ကာပြောလိုက်ပြီး ငတူးအကြောင်းကတော့သူသိပြီးသားမို့ ပြောစရာမလို ငတူးကလည်း မယဉ်ပြုံးပြောတာကို စိတ်မဆိုးပဲပြုံးဖြီးဖြီးဖြင့်ကြည့်ရင်း လက်ဖက်သုပ်တစ်ဇွန်းကိုတန်း‌ကော်လိုက်သည် ငတူး၏ပုံကိုကြည့်ကာ အရီးခင်လည်း အရင်လိုပင်သူတို့အပေါ်ကို အခင်အမင်မပျက်ရှိနေတာကိုမြင်ရ၍ဝမ်းသာနေပြီး ငတူးကလည်း
“ဟေ့ကောင်တွေ စားကြကွ မယဉ်ပြုံးလက်ရာဘယ်လောက်ကောင်းတယ်ဆိုတာ မင်းတို့စားကြည့်မှသိလိမ့်မယ်”
ငတူးလည်း မောင်စိုးနဲ့ဇော်မြင့်ကို လက်ဖက်သုပ်စားရန်ပြောလိုက်တော့ သူတို့နှစ်ယောက်လည်း တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ လက်ဖက်သုပ်တစ်ဇွန်းစီကော်စားလိုက်ကြသည် မယဉ်ပြုံးတို့မိသားစုလည်း မောင်စိုးနဲ့ဇော်မြင့်တို့လက်ဖက်သုပ်စားတာကိုမြင်တော့ ဝမ်းသာနေကြပြီး သူတို့အိမ်မှအစားအစာများကို လူတိုင်းမစားရဲကြ ဤကဲ့သို့မစားရဲခြင်းမှာလည်း သူတို့ကမကောင်းသည့်စိတ်ဖြင့်ကျွေးမွေး၍မဟုတ် လူတွေကိုယ်၌ကိုသူတို့ကို မယဉ်ပြုံးများတစ်ခုခုလုပ်လိုက်မလားဆိုသည့် သံသယစိတ်ဖြင့်တွေးကြောက်နေကြပြီး မယဉ်ပြုံးကတော့ထိုသို့တစ်ဖက်သားကို ဒုက္ခရောက်စေမည့်အလုပ်မျိုးကို ဘယ်တော့မှမလုပ် လုပ်ဖို့လည်းစိတ်ကူးမရှိ တစ်ခါမှလည်းမလုပ်ဘူး သူ့ဘဝပေးကံကြောင့်သာ ဝမ်းတွင်းစုန်းပညာသည်ဖြစ်နေပြီး ထို့အတွက်ကြောင့်လည်း သူ့ကိုယ်သူစိတ်မကောင်းဖြစ်နေမိသည် တခါတရံသူ့ကိုမတရားစွတ်ဆွဲပြောဆိုကြလျှင် သူ့ကိုယ်သူပင်သေကြောင်းကြံဖို့ စဉ်းစားမိပြီး သူ့အမေ၏ဖြောင်းဖျမှု သူ့မောင်ခင်လုံး၏အားပေးနှစ်သိမ့်မှုတို့ကြောင့်သာ ဤဘဝမှာဆက်လက်နေထိုင်နေပြီး အခုလိုသူတို့အိမ်ကို လာလည့်သည့်ဧည်သည်လေးများရှိတော့လည်း ဝမ်းသာပျော်ရွှင်မိတာတော့အမှန်ပင်ဖြစ်သည် မယဉ်ပြုံးတို့မိသားစု ထိုသို့အတွေးကိုယ်စီဝင်နေကြစဉ် ရုတ်တရက်ရေနံဆီမီးခွက်ကို တစ်ယောက်ယောက်ဖူးကနဲမှုတ်လိုက်ကာ ညိမ်းသွားပြီး
“ဟဲ့ ဟဲ့ ဘယ်လိုဖြစ်တာတုန်းဟဲ့ မီးလေးပါလေးထွန်းပါဦး”
အရီးခင် အခြေအနေကို မရိပ်မိ၍ပြောလိုက်ပြီး ငတူးကလည်း
“ဟာကွာ ဒီကောင်တွေလုပ်ပြန်ပြီ”
ငတူးပြောပြောဆိုဆို သူ့လွယ်အိပ်ထဲမှာပါလာသည့် မီးခြစ်ကိုထုတ်၍ ရေနံဆီမီးခွက်ကို မီးထွန်းညှိုလိုက်ပြီး လက်ဖက်သုပ်ပန်းကန်ကို ကြည့်လိုက်သည် ထိုအခါ လက်ဖက်သုပ်ပန်းကန်ထဲတွင် လက်ဖက်သုပ်များရှိမနေတော့တာကိုမြင်၍ အရီးခင်နဲ့မယဉ်ပြုံးက အံ့ဩနေပြီး ငတူးက
“မင်းတို့ကောင်တွေကတော့ကွာ လုပ်ချလိုက်ပြန်ပြီ ငါ့ဖိုတောင်မချန်ဘူး”
ငတူးလည်း မောင်စိုးနဲ့ဇော်မြင့်ကိုကြည့်ကာပြောလိုက်ပြီး မောင်စိုးနဲ့ဇော်မြင့်လည်း သူ့ကိုပြုံးစိစိဖြင့်ကြည့်ကာ ပါးစပ်ကိုပုဆိုးစဖြင့်သုပ်နေကြသည် အမှန်တော့ ထိုမီးခွက်ညိမ်းသွားခြင်းသည် မောင်စိုး၏လက်ချက်ဖြစ်ကာ သူတို့နှစ်ယောက်သည် ဤကဲ့သို့ပင်ဧည့်သည်လုပ်၍ အမြည်းစားကောင်းလျှင် မီးခွက်မှုတ်၍စားတတ်ပြီး အမြည်းကုန်မှမီးခွက်ပြန်ထွန်းတတ်သည် သူတို့ကိုမေးလိုက်လျှင်တော့ အမြည်းစားရမှာ မျက်နှာပူ၍မီးခွက်မှုတ်လိုက်သည်ဟုသာပြောတတ်ကြသည် ထိုအကြောင်းကိုသိသော ငတူးကလည်း မီးခြစ်ကိုကြိုဆောင်လာပြီး သူမီးခြစ်ထုတ်နေသည့်အချိန်မှာပဲ ဟိုနှစ်ယောက်ကအမြည်းကိုကုန်အောင်စားပြီးသွားပြီဖြစ်သည် ငတူးလည်း ပြောင်နေသောလက်ဖက်သုပ်ပန်းကန်ကိုကြည့်၍
“မင်းတို့နဲ့ ဧည့်သည်လုပ်ရတာလည်း ငါ့မျက်နှာတောင်ဘယ်နားထားရမှန်းမသိ‌တော့ဘူး”
ငတူးလည်း မောင်စိုးနဲ့ဇော်မြင့်ကိုပြန်ကြည့်ကာ‌ပြောလိုက်ပြီး အရီးခင်ကိုအားနာသောမျက်နှက်ဖြင့်ထပ်ကြည့်နေသည် အရီးခင်ကလည်း မောင်စိုးနဲ့ဇော်မြင့်တို့နှစ်ယောက် လက်ဖက်သုပ်ကို မီးခွက်မှုတ်၍စားပြစ်လိုက်ကြမှန်းသိ‌တော့ သဘောကြနေပြီး
“ဟဲ့ သူတို့စားကောင်းလို့စားကြတာပဲစားစမ်းပါစေ နင်မစားရသေးရင် နင့်အစ်မကိုထပ်သုပ်ခိုင်းပေါ့”
အရီခင်ထို့သို့ပြောလိုက်တော့ ငတူးလည်းမျက်နှာကို ရှုံ့မဲ့ပြီး
“တော်ပါပြီဗျာ နောက်ထပ်သုပ်ခိုင်းလည်း ဒီကောင်တွေလက်ချက်ပဲမိဦးမှာပဲ ဒီအတိုင်းပဲစကားပြောနေတာကောင်းပါတယ်”
ငတူးပြောတာကိုကြည့်၍ ခင်လုံးနဲ့မယဉ်ပြုံးလည်း ပြုံးစိစိဖြင့်ရှိနေကြပြီး မယဉ်ပြုံးလည်း ကုန်သွားသောလက်ဖက်သုပ်ပန်းကန်ကိုယူကာ လက်ဖက်ထပ်သုပ်ဖို့ မီးဖိုချောင်ထဲကိုသွားနေလိုက်သည်။
(၄)
ထိုအချိန်
“ဘယ်ကကောင်တွေတုန်းကွ စုန်းမအိမ်မှာ တဝါးဝါးတဟားဟားလုပ်နေကြတာ”
အိမ်ရှေ့လမ်းပေါ်မှ အော်ပြောလိုက်သံကြား၍ ငတူးလည်းခေါင်းထောင်ကြည့်ပြီး
“ဒါ စိုးကြီးအသံမဟုတ်လားကွ”
“ဟုတ်တယ်ကွ ဒီကောင် ငါ့အစ်မကိုမကျေနပ်လို့ အမျိုးမျိုးရန်ရှာနေတာ”
ငတူးလည်း ခင်လုံးပြောမှ စိုးကြီးနဲ့မယဉ်ပြုံးအကြောင်းကိုပြန်စဉ်းစားကြည့်မိလိုက်သည် စိုးကြီးသည် မယဉ်ပြုံးကို သမီးရီးစားစကားလိုက်ပြောရာမှ မ‌ယဉ်ပြုံးပြန်မချစ်နိုင်ဘူးဆို၍ ဆွဲလားရမ်းလားလုပ်သည် ထိုအခါ မယဉ်ပြုံးက မကျေနပ်ပဲ
“ငါ့ကိုဆွဲလားရမ်းလားလုပ်တဲ့နင့်လက် ကျိုးပါစေလို့ ကျိန်ဆဲမိလိုက်သည်”
မယဉ်ပြုံးကျိန်ဆဲပြီး မကြာခင် မူးမူးရူးရူးဖြင့်ဆွဲလားရမ်းလားလုပ်နေသော စိုးကြီးလည်း ခလုတ်တိုက်လဲ၍အကြမတော်ပဲ ထိုနေရာမှာပင်သူ့လက်တစ်ချောင်း သွင်သွင်ကျိုးခဲ့ရသည် ဒါကိုစိုးကြီးက သူ့အမှားသူမသိပဲမယဉ်ပြုံးသူ့ကိုကျိန်စာတိုက်၍ သူ့လက်ကျိုးရသည်ဟုဆိုကာ မကျေမနပ်ဖြစ်နေချင်းဖြစ်သည် သူလည်းမယဉ်ပြုံးကို တကယ်ချစ်ကြိုက်၍ လိုက်ပြောချင်းမဟုတ်ပဲ လမ်းကြုံးအခန့်သင့်၍ သူ့ငယ်ချင်းများနှင့်မူးရူးနေရာမှ တစ်ယောက်နဲ့တစ်ယောက်စနောက်ရင်း မယဉ်ပြုံးကိုသွေးတိုးစမ်းသည်ဘသဘောဖြင့် လိုက်ပြောချင်းဖြစ်ကာထိုမှတဆင့် ဆွဲလားရမ်းလားအထိပင်ဖြစ်ခဲ့ရခြင်းဖြစ်သည် မယဉ်ပြုံးလည်း သူ့ကိုကာအိန္ဒြေပျက်အောင်ထိ ဆော်ကားလာသောစိုးကြီးအား စိတ်မထိန်းနိုင်တော့ပဲ ဒေါသဖြစ်ဖြစ်နှင့်ကျိန်ဆဲးခဲ့ပြီး ထိုနေရာမှပြေးထွက်ခဲ့သည် စိုးကြီးလည်းမူးမူးဖြင့် မယဉ်ပြုံးနောက်လိုက်ရာမှ လျှော်လဲ၍အကြမတော်ပဲ လက်ကျိုးခဲ့ရခြင်းဖြစ်သည် စိုးကြီးလည်း ထိုအချိန်မှစ၍မယဉ်ပြုံးတို့မိသားစုကို အမျိုးမျိုးမကောင်းကြံနေပြီး ရွာထဲ၌တစ်ခုခုဖြစ်လျှင် မယဉ်ပြုံးပြုစားထားခြင်းဖြစ်သည်ဟုသာ လျှောက်ပြောနေပြီး သူနှင့်အတူသူ့အဒေါ် ဒေါ်ဗျားပါပါလေသည်။
ဒေါ်ဗျားသည် အသက်ခြောက်ဆယ်အရွယ် မုဆိုးမတစ်ဦးဖြစ်ပြီး သူ့လင်သရဲဖိုးပေအား ရွာထဲမှလူများကိုပြုစားခိုင်းပြီး သူ့လင်ပြုစားထားသမျှလူများကို ယဉ်ပြုံးပြုစားထားချင်းသာဖြစ်သည်ဟုစွပ်ဆွဲပြောဆိုပြီး သူကတော့ထိုလူများကို ကုစားပေးချင်းဖြင့်ဝင်ငွေရှာနေပြီး လာသမျှလူများကိုလည်း ယဉ်ပြုံးစိတ်ကျေနပ်စေအောင်ဆိုကာ ရွာမြောက်ဘက်လှည်းလမ်းဘေးတွင် အမဲသားဟင်းဖြင့်ထမင်းကျွေးရန်အမြဲပြောသည် သူပြောသည့်အတိုင်းလည်း ပြုစားခံရသည့်ရွာသူရွာသားများက ကျွေးမွေးကြပြီး ထိုကျွေးမွေးသည့်ထမင်းနဲ့အမဲသားဟင်းကိုတော့ သူ့လင်တစ္ဆေသရဲဖိုးပေကြီးက လာရောက်စားတတ်သည်။
ထိုအကြောင်းများကို ရွာသားအချို့ကရိပ်မိကြသော်လည်း မမြင်အပ်သောပရလောကသားများနှင့် ဆက်နွယ်နေ၍ ဘာမမပြောကြပဲ ဒီအတိုင်းပဲခတ်ဆိတ်ဆိတ်သာနေလိုက်ကြသည် ဒါပေမဲ့ တချို့တဝက်ကတော့ မယဉ်ပြုံးပြုစားချင်းသာဖြစ်သည်ဟု ယုံကြည်နေကြပြီး သူတို့သားအမိကို ကြောက်ရွံ့မုန်းတီးနေကြသည် မယဉ်ပြုံးတို့သားအမိကတော့ ဘယ်သူဘာပြောပြော ကိုယ့်တရားနဲ့သာကိုယ်နေနေကြပြီး ထိုသို့နေရင်းနဲ့ပင် တစ်ခါတစ်ခါတော့ စိတ်ပျက်အားငယ်မိတာအမှန်ပင်ဖြစ်သည် ဒါကြောင့် အခုစိုးကြီး၏ စုန်းမအိမ်ဟူသောအသုံးအနှုံးကိုကြာတော့ သူတို့အားလုံးစိတ်မကာင်းဖြစ်နေကြပြီး အားလုံးမျက်နှာငယ်လေးတွေနဲ့ဖြစ်နေကြသည် ငတူးလည်း မယဉ်ပြုံးတို့သားအမိကိုကြည့်ရင်း စိတ်ထဲမကောင်းဖြစ်သွားကာ
“ကဲ ခင်လုံးငါတို့ပြန်တော့မယ် ဘာသံကြားကြားမင်းထွက်မကြည့်နဲ့ကြားလား မင်းအမေနဲ့မယဥ်ပြုံးကိုသာဂရုစိုက်နေ ဒီကောင်စိုးကြီး ငါ့ကိုမကျေနပ်လို့ မင်းတို့မိသားစုကိုရန်လာရှာတာကွ”
ငတူးလည်း ပြောပြောဆိုဆိုလွယ်အိပ်ကြိုးကို လက်တစ်ဖက်ဖြင့်သပ်လိုက်ပြီး နေရာမှထလိုက်သည် မောင်စိုးနဲ့ဇော်မြင့်လည်းသူနှင့်အတူထလိုက်ပြီး ခင်းလုံးက
“မင်းတို့ချည်းဖြစ်ပါ့မလားကွ ဒီပြဿနာကိုငါလိုက်ရှင်းပေးမယ်”
ပြော‌ပြောဆိုဆို ခင်လုံးနေရာမှထလိုက်တော့
“မင်းအသာနေ ဒီကောင်ငယ်ငယ်တုန်းက သူ့ကိုငါထိုးထားလို့ မကျေနပ်လို့ရန်လာရှာတာကွ အခုလည်းဒီကောင့်ကို ပြန်ထိုးရဦးမယ်”
ငတူးထိုသို့ပြောလိုက်တော့ အရီးခင်က
“ဟဲ့ ရန်တွေဘာတွေဖြစ်မနေကြနဲ့ လာကိုယ့်လမ်းကိုပဲ အေးအေးဆေးဆေးပြန် အရီးလိုက်ပို့မယ်”
အရီးခင်ရှေ့ကထွက်မည်လုပ်တော့ ငတူးက
“မဖြစ်ပါဘူးအရီးရယ် ကျွန်တော်ကစကားအဖြစ်သာပြောတာပါ တကယ်မလုပ်ပါဘူး အရီးအိမ်ပေါ်မှာပဲနေခဲ့ပါ”
ငတူးအပြုံးရိပ်သန်းသော မျက်နှာဖြင့်ပြောလိုက်ပြီး
“ကဲ ကျွန်တော်တို့ပြန်တော့မယ် နောက်ကြမှပဲအေးအေးဆေးဆေးထပ်လာခဲ့ဦးမယ်”
ငတူးလည်း သူတို့မိသားစုကိုနှုတ်ဆက်လိုက်ပြီး ‌လှေကားပေါ်မှဆင်းလာခဲ့သည် မောင်စိုးနဲ့ဇော်မြင့်လည်း သူ့နောက်မှဆင်းလိုက်လာခဲ့ပြီး အိမ်အောက်ရောက်တော့ အိမ်ပေါ်မှလူများကိုကြည့်ကာ ပြုံးပြလိုက်ပြီး အိမ်ဝိုင်းဝကိုထွက်လာခဲ့ကြသည် သူတို့သုံးယောက်ဝိုင်းဝရောက်တော့
“ဘယ်ကလူတွေများတုန်းလို့ ငတူးတို့ပါလားကွ ဘာတုန်းစုန်းမလင်လုပ်ချင်လို့လာနေတာလား”
စိုးကြီးလည်း ငတူးကိုကြည့်ကာ ခပ်ရိရိပြောလိုက်ပြီး သူနဲ့အတူ လူလေးယောက်ပါ ပါလာသည် ထိုလူလေးယောက်သည်လည်း စိုးကြီးကဲသို့ပင်ခပ်မိုက်မိုက်ဂျစ်ကန်ကန်များးဖြစ်ကာ ငတူးတို့နဲ့အတူငယ်စဉ်ကနွားကျောင်းရင်း နပန်းလုံးနေကြကောင်များဖြစ်သည် ငတူးလည်းထိုသူအားလုံးကိုကြည့်ပြီး
“စိုးကြီးတို့မိုးသီးတို့ပါလားကွ မင်းတို့ဘာတွေလုပ်နေကြတုန်း”
သူလည်း ကောင်းကော်မွန်မွန်ပင်နှုတ်ဆက်လိုက်ပြီး စောစောကစကားကိုမသိကျိုးညွံပြုထားလိုက်သည် ဒါပေမဲ့ စိုးကြီးက
“မင်းဘာမှလာမေးစရာမလိုဘူး ဒို့ရွာကို ဘာလာလုပ်တာတုန်း”
စိုးကြီးခပ်ထန်ထန်ပင်မေးပြီး ငတူးသွားမည့်လမ်းကိုပိတ်ရပ်ထားသည် ငတူးလည်းသူ့ကိုရှောင်ဖယ်၍သွားရင်း
“ဘာမှမလုပ်ပါဘူးကွ ငါခင်လုံးဆီအလည်လာတာပါ”
“မင်းလာစရာမလိုဘူးဟေ့ကောင် ဒီစုန်းမအိမ်ကိုဒို့တစ်ရွာလုံးကကျဉ်ထားတာကွ”
စိုးကြီးလည်းပြောပြောဆိုဆို ငတူးရှေ့မှဝင်ရပ်၍ အင်္ကျီရင်ဘက်ကို လက်ဖြင့်ဆွဲလိုက်သည် ငတူးလည်းသူ့အင်္ကျီရင်ဘတ်ကို ဆွဲကိုင်ထားသောစိုးကြီး၏လက်ကို ဖယ်ထုတ်လိုက်ပြီး
“လာတော့ဘာဖြစ်တုန်းကွာ မင်းနဲ့ဘာဆိုင်တုန်း”
ငတူး‌ပြောပြောဆိုဆို စိုးကြီး၏ရင်ဘတ်ကိုပါ ဆောင့်တွန်းပြစ်လိုက်သည်၍ စိုးကြီးလည်းနောက်သို့ယိုင်သွားရင်း
“လာရင်ချတယ်ကွာ”
စိုးကြီး‌သူ့ခါးကြားမှ ဝါးရင်းတုတ်ကိုချွတ်၍ ငတူးကိုရိုက်ဖို့ရွယ်လိုက်သည် ငတူးလည်း စိုးကြီးသူ့ကိုရိုက်မည်ဆိုတာကြိုသိ၍ ရှောင်ရှားဖို့အသင့်အနေအထားဖြင့်ရှိနေပြီး စိုးကြီး၏ခန္ဓာကိုယ်သည် တစ်စုံးတစ်ယောက်ကမြှောက်လွင့်လိုက်သလိုဖြစ်သွားပြီး ဝင်းထရံဖြင့်ဝင်တိုက်မိ‌တော့သည် စိုးကြီးလည်း သူ့အဖြစ်ကိုသူမယုံနိုင်လောက်အောင်ဖြစ်နေပြီး ကျန်သူများအားလုံးလည်း ပါးစပ်အဟောင်းသားဖြင့်ရှိနေကြသည် ထိုအချိန်ကို အခွင့်ကောင်းယူ၍ ငတူးတို့သုံးယောက်လည်း သူ့တို့ရွာကိုပြန်သည့်လမ်းပေါ်ကို ခပ်သွက်သွက်တက်လာခဲ့ပြီး သူတို့သုံးယောက်လမ်းပေါ်ကိုရောက်တော့
“ဟေ့ကောင်တွေ ဟိုကောင်တွေကိုမလွတ်စေနဲ့ လိုက်ကြလေကွာ”
စိုးကြီးလဲနေရာမှပြောလိုက်တော့ မိုးသီးနဲ့သူ့အဖော်သုံးယောက်လည်း ငတူးတို့ရှိရာလမ်းပေါ်ကိုပြေးတက်သွားကြသည် ဒါပေမဲ့ သူတို့အားလုံး ငတူးတို့ဆီကိုမရောက်ပဲ လမ်းတဝက်မှာတင်နောက်သို့ပြန်လွင့်လာကြပြီး
“ဟာဒီကောင်တွေ ဘာကောင်တွေတုန်းဟ”
သူတို့အားလုံး လဲကြနေရာမှ ငတူးတို့ကိုကြည့်၍ပြောလိုက်ပြီး သူတို့အနီးအနားပတ်ချာလည်ကို ဝေ့ဝိုက်ကြည့်နေကြသည် သူတို့စိတ်ထဲမှာလည်း မမြင်ရသောလူတစ်ယောက်ကသူတို့ကို ဆွဲယူလွှင့်ပစ်မှန်းသိပြီးထိုလူကို ပတ်ချာနေကြသည် ဒါပေမဲ့ သူတို့ဘာမှမမြင်ရပဲဖြစ်‌ေနကြပြီး ထိုအချိန်
“ဘယ်ကကောင်တွေတုန်း ငါ့ရွာလာပြီး ငါ့တူတွေကို အနိုင်ကျင့်‌ဆော်ကားနေတာ”
ထိုအသံမှာ ဒေါ်ဗျား၏အသံဖြစ်ပြီး ဒေါ်ဗျားသည်ငတူးတို့စရောက်ကတည်းကပင် မယဉ်ပြုံးတို့အိမ်နားမှာ မယောင်မလည်ဖြင့်ရှိနေပြီး သူတို့ဘာတွေပြောဆိုနေကြတယ်ဆိုတာကို နားထောင်နေချင်းဖြစ်သည် သူ့စိတ်ထဲမှာလည်း ငတူးတို့နဲ့ပတ်သက်ပြီး တစ်စုံတစ်ခုကိုစိုးရိမ်နေမိသည် ထိုသို့စိုးရိမ်နေရသည်မှာလည်း တစ်ခြားကြောင့်မဟုတ်ပဲ သူမယဉ်ပြုံးအပေါ်ချောက်ချထာသည့်ကိစ္စများကို ငတူးတို့ကိုပြန်‌ပြန်ပြောလိုက်မှာစိုးရိမ်နေသည် အကယ်၍ထိုကိစ္စကိုများ ငတူးတို့သိသွားပါက ကိုမြင့်ဆောင်နားကိုရောက်မည်ဖြစ်ပြီး ကိုမြင့်ဆောင်သည် တစ္ဆေသရဲများကို မြင်နိုင်ကြားနိုင်ပြောနိုင်ဆိုနိုင်သူဖြစ်၍ တစ်စတစ်စသူ့ကိစ္စများ ပေါ်ပေါက်လာမှာကိုစိုးရိမ်နေသည် ဒါကြောင့် သူကိုမြင့်ဆောင်နှင့်ပတ်သက်သူများ ရွာကိုလာပါက အမြဲတမ်းမကြည်မလင်ဖြစ်နေတတ်ပြီး ယခုလည်း သူ့တူစိုးကြီးနှင့်သူ့သူငယ်ချင်းများကိုခေါ်ကာ အရက်တိုက်၍လူရိုက်ခိုင်းခြင်းဖြစ်သည် ဒါပေမဲ့ စိုးကြီးတို့မရိုက်ရသေးခင် တအုန်းအုန်းတဘုန်းဘုန်းလွင့်လာသော သူ့လူများကိုကြည့်ရင်း မှောင်ရိပ်ခိုနေရာမှထွက်လာခြင်းဖြစ်သည် ငတူးလည်း မှောင်ရိပ်ထဲမှထွက်လာသော ဒေါ်ဗျားကိုကြည့်ရင်း
“ကျုပ်တို့ဘယ်သူ့ကိုမှမစော်ကားဘူး ခင်ဗျားတူတွေကသာ ကျုပ်ကိုအရင်ရန်လာရှာတာ”
ငတူးပြောတာကိုကြားတော့ ဒေါ်ဗျားက
“အံမယ် ကြီးကြီးကျယ်ကျယ် ငါ့တူတွေကသူ့ဟာသူအေးအေးဆေးဆေးနေတာ နင်တို့သာ စုန်းမကိုလာပိုးရင်းပိုးမရလို့ ငါ့တူတွေနဲ့ရန်ဖြစ်တာမဟုတ်လား”
ဒေါ်ဗျားမဟုတ်ကဟုတ်ကပြောနေတော့ ငတူးလည်းစိတ်တိုလာပြီး
“ခင်ဗျား မဟုတ်ကဟုတ်ကတွေလျှောက်ပြောမနေနဲ့ ခင်ဗျားသာ ခင်ဗျားလင်သရဲကို လူတွေဖမ်းစားခိုင်းပြီး မယဉ်ပြုံးကိုလှည့်ချနေတာမဟုတ်လား ခင်ဗျားအကြောင်းကို ကျုပ်တို့တစ်ရွာလုံးသိတယ်”
ငတူးထံမှ မထင်မှတ်သောစကားကိုကြားလိုက်ရ၍ ဒေါ်ဗျားလည်း ရုတ်တရက်အံဩသွားပြီး ဘာပြန်ပြောရမှန်းမသိဖြစ်နေသည် သူကတော့သူ့အကြောင်းကို ရွာသားများမသိဟုသာထင်နေပြီး ယခုလိုသိရှိနေသူရှိ‌တော့ ရှက်ရွံ့ကြောက်လန့်စိတ်ဖြင့်
“ဟဲ့ကောင်လေး နင်ငါ့ကိုမဟုတ်ကဟုတ်ကတွေ လာမစွပ်စွဲနဲ့ ငါဘုရားနဲ့တရားနဲ့နေတယ်ဆိုတာ တစ်ရွာလုံးသိတယ် နင်တို့သာ တစ္ဆေသရဲတွေကို ဟိုခေါ်ဒီခေါ်ခေါ်ပြီး လုပ်ချင်တာလျှောက်လုပ်နေကြတာမဟုတ်လား”
ဒေါ်ဗျားလည်း သူ့လင်တစ္ဆေဖိုးပေပြောပြထား၍ ငတူးတို့နဲ့အတူ တစ္ဆေတစ်ကောင်ပါလာသည့်အကြောင်းကိုသိထား၍ ပြောလိုက်တော့
“ဟုတ်တယ် ကျုပ်တို့နဲ့အတူကျုပ်တို့မိတ်ဆွေကြီးပါလာတယ် ဒါပေမဲ့ ကျုပ်တို့မိတ်ဆွေကြီးက ခင်ဗျားလင်လို ဟိုလူ့ဖမ်းစားဒီလူ့ဖမ်းစား မလုပ်ဘူး သူ့ဟာသူအေးအေးဆေးဆေးနေတာ အေး မကောင်တဲ့လူတွေ့ရင်တော့ ချဖို့လက်မနှေးဘူး”
ငတူးလည်း သူ့တို့နောက်မှာဖိုးခေါင်ကြီးပါလာတာကို ဒဲ့ပြောလိုက်ပြီး ဒေါ်ဗျားဘာပြန်ပြောမည်ဆိုတာကိုစောင့်နေသည် ဒေါ်ဗျားလည်းဒေါသဖြစ်ဖြစ်နှင့် ဘာပြန်ပြောရမှန်းမသိဖြစ်နေစဉ်
“ကဲ ငတူး ဘာမှပြောမနေတော့ပါနဲ့ကွာ သူ့အကြောင်းလည်းငါတို့ရွာသားတွေ သိသင့်သလောက်သိပါတယ် ဒါပေမဲ့ ပြဿနာဖြစ်မှာဆိုးလို့ ဘယ်သူမှမပြောကြဘူးကွ မင်းတို့လည်းရွာပြန်တော့ ငါလိုက်ပို့မယ်”
သူတို့၏ကျယ်ကျယ်လောင်လောင်အသံများကိုကြား၍ ထွက်လာသော ရွာသားများထဲမှကိုသိန်းအောင်ကပြောလိုက်ပြီး ငတူး၏လက်ကိုဆွဲကာ ရွာသို့ပြန်ပို့မည်လုပ်နေသည် သိန်းဆောင်နဲ့သိန်းမောင်တို့ညီအစ်ကိုနှစ်ယောက်ကလည်း
“လာပါ ကိုငတူးရာ ဒီအဖွားကြီးကို ဘာမှပြောမနေနဲ့ သူကရွာထဲမှာ သူ့တူစိုးကြီးက လူမိုက်ဆိုပြီးထောင်ထောင်လုပ်နေတာဗျာ့ ရွာသားတွေကလည်းတစ်ရွာတည်းသားချင်း ပြဿနာဖြစ်မှာဆိုးလို့ သီးခံနေတာကို သူကအဟုတ်ကြီးထင်နေတာ”
သိန်းဆောင်နဲ့သိန်းမောင်ကပါသူ့ဘက်ကရပ်တည်ပြီးပြောနေတာမြင်တော့ ဒေါ်ဗျားလည်းမခံချိမခံသာဖြစ်ပြီး
“ဘာတုန်း နင်တို့ကကိုယ့်ရွာသားကိုကျော်ပြီး တစ်ခြားရွာသားကို မှန်တယ်ထင်နေတာလား ကဲ အဲ့ဒါဆိုပြစမ်းပါဦး ငါကငါ့လင်သရဲကိုခိုင်းပြီး ရွာသားတွေကိုဖမ်းစားခိုင်းနေတယ်ဆို ဘယ်မှတုန်းငါ့လင်သရဲ သက်သက်မဲ့ငါ့ကိုလာပြီး နာမည်ဖြက်နေတယ့်ကောင်တွေ”
ဒေါ်ဗျားလည်း သူ့နာမည်ကိုပြန်ဆယ်ရင်း သရဲကိုမြင်အောင်ပြနိုင်သူတစ်ယောက်မှမရှိ၍မေးလိုက်တော့
“ဟေ့ကောင်ငတူး မင်းတို့ဘာတွေဖြစ်နေကြတာတုန်း ငါမင်းတို့မလာသေးလို့ လိုက်လာတာ”
လှည်းလမ်းပေါ်မှလျှောက်လာသူတစ်ယောက်၏ အသံကိုကြားလိုက်တော့ ငတူးလည်း ဝမ်းသာအားရ
“ဟာကိုမြင့်ဆောင် ခင်ဗျားဘယ်တုန်းကရောက်လာတာတုန်း”
“ဘယ်တုန်းကမှမရောက်ဘူး အခုမှရောက်တာ ကဲပြောစမ်းပါဦး မင်တို့ဘာတွေဖြစ်နေတာတုန်း”
ကိုမြင့်ဆောင်လည်း လူစုစု စုစုဖြင့်ရှိနေသော ငတူးတို့နားတွင်ရပ်၍မေးလိုက်တော့ ငတူးလည်း သူတို့အကြောင်းကိုအတိုချုပ်ပြောလိုက်သည် ထိုအခါ ကိုမြင့်ဆောင်လည်း
“စောစောက သရဲကိုမြင်အောင်ပြခိုင်းနေတာဘယ်သူတုန်းကွ ငါပြမယ်ကြည့်မလား”
သူလည်း ရောက်လက်စနဲ့မထူးတော့ပြီမို့ မယဉ်ပြုံးကိုကူညီရန်နဲ့ ဒေါ်ဗျား၏အကြောင်းကို ဖော်ထုတ်ရန်ဆုံးဖြတ်လိုက်ပြီး မေးလိုက်တော့ ဘယ်သူမှကြည့်ရဲတဲ့သူမရှိ ဒါကြောင့်သူလည်း တစ်ဆင့်လျှော့ပြီး
“ကဲ အကောင်လိုက်ကြီးမကြည့်ရဲတောင် အရိပ်လောက်တော့ကြည့်ရဲမှာပေါ့ ဘယ့်နှယ်တုန်း”
ကိုမြင့်‌ဆောင်ထပ်ပြောလိုက်တော့ ကိုသိန်းအောင်လည်း
“ကဲ ပြကွာ မထူးတော့ဘူး ဒါမှ ယဉ်ပြုံးတို့သားအမိလည်း အနေမကျုံ့တော့မှ ဒီလိုမှမဟုတ်ရင် သူတို့လည်းအပြစ်မရှိပဲ အပြစ်သားတွေလို နေနေရတာ”
ကိုသိန်းအောင်လည်း မယဉ်ပြုံးတို့သားအမိဘက်က ရပ်တည်၍ပြောလိုက်တော့ ကျန်လူများလည်း အလျှိုလျှိုစိတ်ဝင်စားလာကြပြီး လူကြီးများကပါ
“ကဲ မြင့်ဆောင်ပြစမ်းကွာ ဒို့လည်းသရဲမဟုတ်တောင် သရဲအရိပ်တော့မြင်ဘူးတယ်ရှိအောင်လို့ နောက်ပြီးအဲ့ဒီသရဲကိုလည်း ရွာနားမကပ်နိုင်အောင်တစ်ခါတည်းနှင်ထုတ်ပေးခဲ့ကွာ”
လူကြီးများကပါပြောနေပြီမို့ ကိုမြင့်ဆောင်လည်း
“ကဲ ဒါဆိုလည်း ဒေါ်ဗျားနောက်ကိုလှည့်ကြည့်လိုက်ဗျာ”
ကိုမြင့်ဆောင်ပြောလိုက်တော့ သူတို့နားရောက်နေသည့်ရွာသားများအားလုံး ဒေါ်ဗျားနောက်ကို လှည့်ကြည့်လိုက်ပြီး
“ဟာ”
“ဟင်”
“အမယ်လေး ”
“နည်းတာကြီးမဟုတ်ဘူး”
ရွာသားများပါးစပ်မှ အာမေဋိတ်သံများထွက်လာပြီး ကိုမြင့်ဆောင်နားကိုတိုးကပ်လာကြပြီး ဒေါ်ဗျားနားမှရွာသားများကတော့ ကြောက်လန့်တကြားအော်ကာ ရွာထဲကိုပြေးဝင်သွားကြသည် ဒေါ်ဗျာလည်း သူသူငါငါသူ့နောက်ကိုသာကြည့်နေသည်မို့ သူလည်းမဝံ့မရဲဖြင့် နောက်ကိုလှည့်ကြည့်လိုက်သည် ထိုအခါ သူနောက်တွင်ရပ်နေသော အရိပ်မဲမဲကြီးကိုမြင်လိုက်ရပြီး
“အမလေး”
ဒေါ်ဗျားတစ်ယောက် ငယ်သံပါအောင်အော်ကာ ထိုနေရာမှ‌နေ၍ရွာထဲကိုပြေးဝင်သွားတော့သည် ဒေါ်ဗျားသူ့ယောက်ျား တစ္ဆေဖိုးပေကြီးကိုမမြင်ဘူး၍မဟုတ် မြင်ဘူးသည် ဒါပေမဲ့ အခုလိုပုံသဏ္ဍန်မျိုးကြီးဖြစ်မဟုတ် သာမာန်လူတစ်ယောက်လိုပုံစံမျိုးနှင့်သာဖြစ်ပြီး အခုလိုတစ္ဆေသရဲပုံအရိပ်ကြီးကိုမြင်လိုက်ရတော့ သူလည်းသူ့ယောက်ျားဖြစ်မှန်းပင် သတိမထားမိတော့ပဲ ရွာထဲသို့စွတ်ရွတ်ဝင်ကာပြေးသွားတော့သည် ကိုမြင့်ဆောင်လည်း ထိုတစ္ဆေဖိုးပေ၏အရိပ်မဲကြီးကိုကြည့်ကာ
“ကဲ ဦးဖိုပေ ခင်ဗျားဒီနေ့ကစပြီး ဒီရွာနားကို မကပ်တော့နဲ့ ဒီရွာသူရွာသားတွေကိုလည်း ဒုက္ခပေးဖို့မကြိုးစားနဲ့ အဲ့ဒီလိုကြိုးစားခဲ့ရင် ခင်ဗျားတစ်ကိုယ်လုံး မီးနဲ့မြှိုက်သလိုပူလောင်လာလိမ့်မယ် ကဲ ခင်ဗျားအခု ဒီရွာကနေဝေးတဲ့နေရာကိုထွက်သွားပေတော့”
ကိုမြင့်ဆောင်ပြောလိုက်တော့ တစ္ဆေဖိုးပေကြီးလည်း သူမယားဒေါ်ဗျား ရွာထဲဝင်သွားသည့်လမ်းကိုကြည့်ရင်း မိုးကြီးမော့၍အော်လိုက်သည် ထိုအော်သံကိုတော့ ကိုမြင့်ဆောင်မှလွဲ၍ တခြားသူများမကြား သူတို့ကတော့တစ္ဆေဖိုး‌ေပကြီး၏ အရိပ်လှုပ်ရှားပုံကိုသာကြည့်၍မှန်းဆနိုင်ပြီး
“ဘာတွေအော်နေတာတုန်းဟ ဒီကောင်သူ့မိန်းမနဲ့ ခွဲရမှာကြောက်လို့အော်နေတာများလား ဒါ‌မှမဟုတ်ဒို့ရွာကို မကျေနပ်လို့အော်နေတာများလား”
ရွာသားများ သူတို့ထင်ရာကိုပြောနေသည့်အချိန် တစ္ဆေဖိုးပေကြီးလည်း ရွာနှင့်ဝေးရာသို့ထွက်သွားပြီး
“ကိုမြင့်ဆောင်”
သူတို့နားရောက်လာသည့် မယဉ်ပြုံး၏ အသံကိုကြားလိုက်ရရ၍
“ဟေ ဘာတုန်းဟ”
ကိုမြင့်ဆောင်လည်း မယဉ်ပြုံးကိုကြည့်၍ပြန်ထူးလိုက်တော့
“ကျွန်မကိုမြင့်ဆောင်ဆီမှ ပညာစွန့်ချင်လို့”
မယဉ်ပြုံးပြောတာကိုကြားတော့ ကိုမြင့်ဆောင်လည်း ရုတရက်ဘာပြန်ပြောရမှန်းမိဖြစ်နေပြီး သူလည်းဆရာတစ်ယောက်မဟုတ်၍ ပညာကိုဘယ်လိုစွန့်လို့ဘယ်လိုယူရမှန်းလည်းမသိ ဒါကြောင့်
“စွန်မနေပါနဲ့ဟာ ကိုယ့်ဟာကိုသိမ်းထား”
ကိုမြင့်ဆောင်ပြန်ပြောလိုက်သည့်စကားကိုကြာတော့ အနီးအနားရှိလူများ ပြုံးစိစိဖြစ်ကုန်ကြပြီး မယဉ်ပြုံးက
“ကျွန်မတကယ်ပြောနေတာ ဒီပညာကိုကျွန်မမလိုချင်ဘူး”
မယဉ်ပြုံးစိတ်ပါလက်ပါပြောနေတာကို နားထောင်ပြီး ကိုမြင့်ဆောင်က
“ငါလည်း တကယ်ပြောတာပေါ့ဟ နင်မလိုချင်လည်း ငါမှမယူတတ်တာ နေဦး နောက်လမ်းကြုံမှ ကပ္ပိယကြီးဆီကိုစွန့် အခုတော့ ကိုယ့်ဟာကိုသိမ်းထားဦး ဒါနဲ့နေပါဦးဟ နင့်ပညာက စွန်လို့ရောရပါ့မလား”
ကိုမြင့်ဆောင်ပြန်‌မေးလိုက်တော့ မယဉ်ပြုံးလည်း မျက်မှောင်ကျုံ့၍စဉ်းစားလိုက်ပြီး
“ကျွန်မလည်း မသိဘူးလေ စွန်လို့ရမလားလို့ကိုမြင့်ဆောင်ကို လာမေးကြည့်တာ”
“ငါတော့ မထင်ဘူးနော် နင့်ဟာကသင်ထားတာမှမဟုတ်ပဲ မွေးကတည်းကပါလာတာဆိုတော့ စွန်လို့ရောရပါ့မလားမသိဘူး”
ကိုမြင့်ဆောင်ပြောတာကိုကြားတော့ မယဉ်ပြုံးလည် စိတ်မသက်သာဟန်ဖြင့် သက်ပြင်းတစ်ချက်ကိုဖြည်းညှင်းစွာ ချလိုက်သည် ထိုအခါကိုမြင့်ဆောင်လည်း မယဉ်ပြုံးအတွက် စိတ်မကောင်းဖြစ်သွားပြီး
“ဒီမယ်ယဉ်ပြုံး ဘာမှစိတ်မကောင်းမဖြစ်နဲ့ ကိုယ်နဲ့ထိုက်လို့ရလာတဲ့ပညာပဲ သူ့နေရာနဲ့သူအသုံးကြမှာပါ အဓိကက စိတ်ကောင်းစေတနာကောင်းထားဖို့နဲ့ သူတစ်ပါးအပေါ်မကောင်းတာမလုပ်မိဖို့ပဲ ဒီလိုဆိုရင် ဝမ်းတွင်းစုန်းဖြစ်ဖြစ် ဝမ်းအပြင်စုန်းဖြစ်ဖြစ် ကိုယ့်လုပ်ရပ်ပေါ်မူတည်ပြီး လူကောင်းတစ်ယောက်ဖြစ်လာမှာပဲ အခုလည်းနင့်ကိုဘယ်သူမှ မကောင်းမြင်မှမဟုတ်တော့ပါဘူး အဲ့ဒါ နင်လည်းဘယ်သူ့အပေါ်မှမကောင်းတဲ့စိတ်မမွေးခဲ့လို့ပဲ အဲ့ဒီ‌တော့ နင်လည်း နင့်ပညာကို စွန့်လို့ရသည်ဖြစ်စေ မရသည်ဖြစ်စေ စိတ်အားမငယ်နဲ့ကြားလား အခုအတိုင်းပဲ တစ်ဖက်သားအပေါ် စိတ်ကောင်းစေတနာကောင်းထားပြီးနေ အဲ့ဒါဆိုအရာအားလုံးကို ‌ကျော်လွှားနိုင်မှာပါ ကဲ ငါလည်းနင့်ကို ဆရာကြီးလုပ်နေတာနဲ့ အချိန်တောင်နောက်ကြနေပြီ တဲထိပြန်ရမှာဟ သွားဦးမယ်”
ကိုမြင့်ဆောင်လည်း မယဉ်ပြုံးကို အားပေးစကားပြောရင်းနဲ့ တစ်ခါတည်းနှုတ်ဆက်လိုက်ပြီး အနီးအနားကလူများကိုပါနှုတ်ဆက်လိုက်သည် ရွားသားများကလည်း သူတို့ကိုပြန်နှုတ်ဆက်ကြပြီး
“ဟဲ့ ငတူးနင်တို့ငါတို့အိမ်ကို လာလည်ကြဦးနော် ကြောက်မသွားနဲ့ဦး”
မယဉ်ပြုံး ပြုံးပြုံးရွှင်ရွှင်ဖြင့်ပြောလိုက်တော့ ငတူးက
“ကြောက်ပါဘူးဗျာ လာဦးမှာပါ ဟေ့ကောင်တွေမင်းတို့ရောလာဦးမှာမဟုတ်လား”
ငတူးလည်း သူ့ဘေးမှ မောင်စိုးနဲ့ဇော်မြင့်ကို ဆက်မေးလိုက်တော့
“လာမှာပေါ့ဗျာ့ ဒီလောက်ကောင်းတဲ့ လက်ဖက်သုပ်တစ်ခါမှ မစားဖူးဘူး နောက်တစ်ခါလာရင် ဒီထက်များများသုပ်ဗျို့”
မောင်စိုးနဲ့ဇော်မြင့်လည်း မယဉ်ပြုံးကိုကြည့်ကာ ဖော်ဖော်ရွေရွေဖြင့်ပြောလိုက်တော့ မယဉ်ပြုံးလည်း ကျေနပ်ဝမ်းသာနေပြီး
“လာကြပါကွယ် လာကြပါ နောက်တစ်ခါလာရင် ငါ့မောင်တို့ကို အစ်မထမင်းပါချက်ကျွေးဦးမယ်”
မယဉ်ပြုံးလည်း သူတို့ကိုကြည့်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့်‌ပြောလိုက်ပြီး သူတို့လည်း မယဉ်ပြုံးကိုလက်ပြနှုတ်ဆက်၍ ရွာကိုပြန်လာခဲ့ကြတော့သည် မယဉ်ပြုံးထိုသို့ပြုံးရွှင်နေတာကိုမြင့်တော့ သူ့အမေနဲ့သူ့မောင်ခင်လုံးတို့က ဝမ်းသာနေပြီး သူ့ကိုအထင်အမြင်လွဲမှားနေသည့် ရွာသားအချို့ပါ အမြင်ကြည်လင်၍ စိတ်ရွှင်လန်းမှုများရရှိလာကြပြီး သူတို့သားအမိနှင့်အတူ ရွာထဲကိုပြန်လည် ဝင်ရောက်သွားကြတော့သည်။
စာစဉ်(၅၅)ကို မကြာမီ တင်ဆက်ပါမည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။
#ကိုမြင်ဆောင်