သင်္ချိုင်းထဲမှလိုက်လာသူ

သင်္ချိုင်းထဲမှလိုက်လာသူ(စ/ဆုံး)
—————————-

အချိန်ကာလအားဖြင့်၁၉၈၀ခန့်
ဇီးချိုရွာလေး၌ကြောက်မက်ဖွယ်
ကောင်းသောအဖြစ်တစ်ခုဖြစ်ပွား
ခဲ့လေသည်။
ဇီးချိုရွာလေးသည်အိမ်ခြေတစ်ရာခန့်သာရှိသောရွာလေးတစ်ရွာဖြစ်သည်။
လယ်ယာမြေကိုသာအဓိကထားပြီး
လုပ်ကိုင်ကြသည့်ရွာတစ်ရွာလည်း
ဖြစ်သည်။
မွေးမြူရေးဖြင့်လုပ်ကိုင်စားသောက်ကြသူမှာအင်မတန်မှနည်းပါးလေသည်။
ဇီးချိုရွာနှင့်နီးကပ်လျက်ရှိသော
နံ့သာဖြူရွာ၊ဝက်ပစ်ရွာတို့သည်လည်း
စိုက်ပျိုးရေးကိုသာအဓိကထား၍
လုပ်ကိုင်ကြလေသည်။

“သားရေ သားဖိုးထူး”

“ဗျာ…အမေ”

“ဝက်ပစ်ရွာကဒေါ်လှစိန်ဆီမှာ
အမေအမဲသားမှာထားတာဒီကနေ့
ရမယ်လို့ပြောတယ်၊အဲဒါသားသွားယူပေးပါဦးကွယ်”

“သားဒီမှာအပင်တွေရေလောင်းနေလို့
အမေရေ ကိုကြီးကိုသွားယူခိုင်းလိုက်ပါလားဗျ။

“မင်းအစ်ကိုကြီးမအားလို့ မင်းကိုအမေကခိုင်းနေတာကွယ့်
သားရယ်စက်ဘီးနဲ့သွားယူတာ
ဘယ်လောက်ကြာမှာမို့လို့လဲ။

“ဟုတ်ပါပြီ ဒါဆိုသားပဲသွားယူလိုက်ပါ့မယ်
အမေအပင်တွေရေလောင်းထားလိုက်။

“အေးပါ အမေလောင်းထားပါ့မယ်
သွားသွား”

ဖိုးထူးလည်းစက်ဘီးကိုနင်းပြီး
ရွာမှထွက်လာခဲ့သည်။
ဇီးချိုရွာနှင့်ဝက်ပစ်ရွာကနီးစပ်သည်ဆို
ပေမယ့်မိုင်အားဖြင့်ဝေးကွာလေသည်။
ရွာနှစ်ရွာအစပ်ကြား၌ သင်္ချိုင်းဟောင်းကြီးလည်းရှိနေသည်။
ထိုသင်္ချိုင်းဟောင်းကိုဖြတ်သွားပါမှ
သွားချင်သည့်ရွာကိုရောက်ပေမည်။
ဖိုးထူးလည်းသီချင်းတအေးအေးဖြင့်
စက်ဘီးလေးကိုနင်းလာခဲ့သည်။

တဖြည်းဖြည်းနှင့်သင်္ချိုင်းဟောင်း
အနီးသို့စတင်ရောက်ရှိလာသည်။
ဖိုးထူးလည်းသင်္ချိုင်းဟောင်းကြီးအား
မကြည့်ရဲကြည့်ရဲဖြင့်တစ်ချက်ကြည့်
လိုက်သည်။
သင်္ချိုင်းကြီးကတော့ပကတိတိတ်ဆိတ်
ငြိမ်သက်နေသည်။
ဖိုးထူးလည်းကြက်သီးမွှေးညှင်းများ
ထလာသဖြင့်စက်ဘီးကိုဒုန်းကြမ်းနင်း
လိုက်သည်။

မကြာမီဝက်ပစ်ရွာမှဒေါ်လှစိန်ထံသို့ ဖိုးထူးရောက်ရှိလာခဲ့သည်။

“ဒေါ်ရီးလှစိန် ဒေါ်ရီးလှစိန်”

“ဟေ့ ဘယ်သူလဲဟဲ့”

“ကျုပ်ဖိုးထူးပါဗျ
အမေကအမဲသားမှာထားတာ
လာယူခိုင်းလိုက်လို့လာယူတာဗျ။

“သြော် မိငယ်သားဖိုးထူးလား
လာလာ ငါကမလာတော့ဘူး
ထင်နေတာဟေ့၊မိုးတောင်ချုပ်တော့မယ်
စောစောစီးစီးတော့လာမယူကြဘူး။

“အမေကလည်းကျုပ်ကိုအခုမှ
လာယူခိုင်းလို့ယူရတာဗျ။
ကဲကျုပ်သွားတော့မယ်နော်”

“ဟဲ့နေဦး ကောင်လေး
နေဝင်ရီတရော အသားတွဲကိုဒီအတိုင်းယူမသွားနဲ့
မီးသွေးခဲလေးနဲ့ထည့်ယူသွားရတယ်ကွဲ့
ငါမီးသွေးခဲသွားယူပေးမယ် ခဏ”

“နေပါစေတော့ဗျာ
မိုးလည်းချုပ်တော့မှာမလို့ ပြန်တော့မယ်
ဗ်။

“မင်းဖြစ်ပါ့မလား”

“ရပါတယ်ဗျာ ကျုပ်သွားရဲပါတယ်
သွားပြီဗျို့ ”

“အေးအေး”

ဖိုးထူးလည်းအမဲသားတွဲအား
စက်ဘီးလက်ကိုင်အောက်မှ
ချိတ်၌ချိတ်ဆွဲပြီးစီးလာခဲ့သည်။

“ဟာ ကြွပ်ကြွပ်အိတ်ကလည်း
ဘာမှတောင်မလုပ်ရသေးဘူး။
ပြဲနေပြန်ပြီ……”

“ကဲသွားစမ်း”

ဖိုးထူးလည်းအမဲသားတွဲအား
ထုတ်ထားသည့်ပလတ်စတစ်အိတ်အား
ဆွဲဖြုတ်ကာလွှင့်ပစ်လိုက်သည်။
စက်ဘီးချိတ်၌အမဲသားတွဲက
တုန်ခါပြီးပါလာခဲ့သည်။
တဖြည်းဖြည်းနှင့်ဝက်ပစ်ရွာနှင့်ဝေးလာခဲ့သည်။
နေလုံးသည်လည်းတောင်စောင်းပေါ်၌
မေးတင်ကာငုပ်လျှိုးပျောက်ကွယ်တော့
မည်ဖြစ်သည်။
ဖိုးထူးလညစက်ဘီးကိုခပ်မြန်မြန်
နင်းလာရင်းသင်္ချိုင်းဟောင်းအနီးသို့
ရောက်ရှိလာတော့သည်။

ဖိုးထူးလည်းသင်္ချိုင်းဟောင်းအား
အမဲသားတွဲဖြင့်ဖြတ်သွားရမည်
ဖြစ်သဖြင့်ကြက်သီးများထနေတော့
သည်။

သင်္ချိုင်းအားဖြတ်မပြန်လို့လည်း
မဖြစ်သည်မို့ကြောက်စိတ်ကို
ဖြေဖျောက်ကာနင်းလာခဲ့သည်။

သင်္ချိုင်းဟောင်းအစပ်သို့ အရောက်

“ဝုတ် ဝုတ် ဝုတ်”

သင်္ချိုင်းဟောင်းထဲမှခွေးဖြူလေး
တစ်ကောင်ထွက်လာပြီးဖိုးထူးအား
အမြှီးနှံ့ကာဟောင်ပြလေသည်။
ခွေးလေး၏အမူအယာအားကြည့်ကာ
ခွေးလေးကဖိုးထူးနှင့်လိုက်ချင်မှန်း
သိလိုက်သည်။
ဖိုးထူးလည်းစက်ဘီးအားရပ်ပြီး
စက်ဘီးပေါ်မှဆင်းလာခဲ့သည်။

“ဟိတ်ခွေးလေး မင်းမှာပိုင်ရှင်မရှိဘူးလားကွ။

“ဝု ဝူ ဝု”

ခွေးလေးကဖိုးထူးအားအမြှီးနှံ့ကာ
ပွတ်သပ်နေလေသည်။

“ဘာလဲ မင်းကငါနဲ့လိုက်ချင်လို့လား”

“ဝုတ်ဝုတ်”

“အေးအေး ငါနဲ့လိုက်ချင်တယ်ဆိုလည်း
လိုက်ခဲ့ပေါ့ကွာ ငါကခွေးဆိုသိပ်ချစ်
တတ်တာကွ။
လာငါနဲ့လိုက်ခဲ့ပေတော့………”

ဖိုးထူးလည်းခွေးဖြူလေးအား
စက်ဘီးနောက်ခုံ၌တင်လိုက်သည်။
ထို့နောက်စက်ဘီးအားနင်းကာ
သင်္ချိုင်းဟောင်းအနားမှခပ်သုတ်သုတ်
ထွက်လာခဲ့တော့သည်။
အိမ်ကိုပြန်လာသည့်လမ်းတစ်လျှောက်
ဖိုးထူးကစက်ဘီးနောက်ခုံမှခွေးဖြူ
လေးအားခဏခဏလှည့်ကြည့်ပြီး
စီးလာခဲ့သည်။
ဇီးချိုရွာအဝင်ရောက်သည်နှင့်…

“အူ ဝူ ဝူ ဝူး”

“အူဝူး ဝူ ဝူ”

“ဟာခွေးတွေကငါ့ကိုကြည့်ပြီး
အူနေကြပါလားဟ၊ငါ့ကိုမမှတ်မိကြဘူး
ထင်တယ်။
အေးပေါ့ မိုးလည်းချုပ်နေပြီပဲ
သူတို့လည်းအမြင်အာရုံမကောင်းလို့
နေမှာပါ”

ဖိုးထူးလည်းအိမ်သို့ပြန်ရောက်လာခဲ့
သည်။
စက်ဘီးပေါ်မှဆင်းကာအမဲသားတွဲအား
ဖြုတ်ယူလိုက်သည်။

“ကဲ…ဆင်းတော့”

“ဟင်…ခွေးလေးဘယ်ပျောက်သွားတာလဲ။
စောနကတောင်ရှိပါသေးတယ်ဟ
ဘယ်လိုဖြစ်ရပါလိမ့်။

“သားပြန်လာပြီလား
နောက်ကျလိုက်တာသားရယ်”

“ဟုတ် ဟုတ်ပြန်ရောက်ပြီအမေ”

“သားဘာတွေလိုက်ရှာနေတာလဲ”

“ဟို ဟိုခွေး ခွေးပျောက်လို့လိုက်ရှာနေတာပါ”

“ဘယ်ကခွေးလဲသားရဲ့”

“ဟို ဘာမှမဟုတ်တော့ပါဘူးအမေရယ်
ထားလိုက်ပါတော့”

“သားကလည်း ဘာမှန်းမသိဘူး
တဟိုဟိုနဲ့ ပေးပေး အမဲသားတွဲ”

“ဟုတ်အမေ”

ဖိုးထူးလည်းမိခင်အား အမဲသားတွဲပေးပြီးအိမ်ထဲဝင်လာခဲ့သည်.
မိခင်ဖြစ်သူဒေါ်မိငယ်ကတော့
အမဲသားများရေဆေးကာချက်ရန်
ပြင်ဆင်နေလေသည်။
နာရီပိုင်းခန့်ကြာသည်နှင့်မွှေးပျံ့သည့်
အမဲသားဟင်းနံ့ကထွက်ပေါ်လာသည်။

“သားငယ်ဖိုးထူး၊သားကြီးမြင့်ထူးတို့
ထမင်းစားလို့ရပြီနော်”

“ဟုတ်အမေ”

ညီအစ်ကိုနှစ်ယောက်ထမင်းဝိုင်းဆီ
သို့ရောက်လာကြသည်။
မိခင်ဖြစ်သူဒေါ်မိငယ်က ထမင်းဝိုင်း၌
ထမင်းပန်းကန်များအား
အဆင်သင့်ခူးခပ်ထားလေသည်။

“အမေရယ် ထမင်းစားတိုင်းအဖေ့ကိုသတိရမိတယ်
အရင်ကဆိုရင်မိသားစုလေးယောက်
အတူစားနေကြ၊အခုတော့သားအမိ
သုံးယောက်ပဲစားနေရတော့တယ်။

“အစ်ကိုရယ် အမေစိတ်မကောင်းအောင်
ဘာတွေပြောနေတာလဲ”

“မဟုတ်ပါဘူး ညီလေးရာ
အစ္ကိုကအေဖ့ကိုသတိရလို့
ပြောမိတာပါ”

“ရပါတယ်သားတို့ရယ်
အမေဘာမှမဖြစ်ပါဘူး၊လူဆိုတာအိုနာသေဘေးပြေးမလွတ်ဘူး
ဆိုတာအမေနားလည်ပါတယ်။
ကဲသားတို့ဟင်းတွေထည့်စားကြ
မနက်ဖြန်အတွက် အမေသပ်သပ်ခွဲချန်ထားသေးတယ်
ဝအောင်သာစားကြ သားတို့။

“ဟုတ်အမေလည်းထည့်စားနော်”

သားအမိသုံးယောက် တိတ်ဆိတ်စွာဖြင့်
ထမင်းဝိုင်းလေးကပြီးဆုံးသွားလေသည်။
ထမင်းစားပြီးသည်နှင့်အိုးခွက်ပန်းကန်
များအားဒေါ်မိငယ်က အိမ်နောက်ဖေး၌
ဆေးကြောနေလေသည်။

“ရှပ် ရှပ် ရှပ်”

“ဟင်…”

အိုးခွက်ပန်းကန်များဆေးနေရင်း
ခြေသံလိုလိုကြားလိုက်သဖြင့်
နောက်သို့လှည့်ကြည့်လိုက်မိသည်။

“ဘာမှလည်းမရှိပါဘူး
ငါများနားကြားမှားနေရော့သလား”

ဒေါ်မိငယ်လည်းလုပ်စရာရှိသည်များကို
လုပ်ပြီးအိမ်ထဲဝင်လာခဲ့သည်။
သားကြီးနှင့်သားငယ်ကတော့
မအိပ်သေးပဲစကားထိုင်ပြောနေကြသည်
ဒေါ်မိငယ်လည်း ဘုရားကျောင်းဆောင်ရှေ့သို့ထိုင်ပြီး
ဘုရားအားရှိခိုးဝတ်ပြုလိုက်သည်။

ဘုရားရှိခိုးပြီးသည်နှင့်အခန်းထဲသို့
ဝင်လာခဲ့တော့သည်။
သားကြီးနှင့်သားငယ်ကအတူတူ
အိပ်ကြပြီး၊မိခင်ဖြစ်သူကတော့
တစ်ခန်းသပ်သပ်ခွဲအိပ်ခြင်းဖြစ်သည်။

ည၁၂နာရီခန့်တွင် ဒေါ်မိငယ်
တစ်ယောက်အပေါ့သွားချင်လာသဖြင့်
ဓာတ်မီးယူပြီးအိပ်ရာထဲမှထလာခဲ့သည်။
လျှပ်စစ်မီးမရသည့်ကျေးရွာများမို့
သုံးတောင့်ထိုးဓာတ်မီးကိုသာအသုံးပြု
ကြရလေသည်။

ဒေါ်မိငယ်လည်းဓာတ်မီးထိုးပြီး
အိမ်သာဆီသို့ထွက်အလာ
မီးဖိုချောင်ထဲသို့အမှတ်တမဲ့ဓာတ်မီးဖြင့်
လှမ်းထိုးကြည့်လိုက်သည်။

“ဟင်…”

အရိပ်မည်းကြီးတစ်ခုကိုဖျက်ကနဲ
မြင်တွေ့လိုက်သဖြင့်ထိတ်လန့်သွား
လေသည်။
သေချာအောင်ထပ်ပြီးကြည့်လိုက်တော့
အရိပ်မည်းကြီးအားမတွေ့ရတော့ပေ။
ဒေါ်မိငယ်လည်းမိမိအမြင်မှားခြင်း
ဖြစ်မည်ဟုတွေးတောပြီးအိမ်သာဆီသို့
ရောက်လာခဲ့သည်။
ကိစ္စဝိစ္စပြီးသွားသည်နှင့်အိမ်ထဲပြန်ဝင်ကာအိပ်လိုက်တော့သည်။

မနက်လင်းတော့

“ကုန်ပါပြီတော် ကုန်ပါပြီ
ဘာမှမကျန်တော့ဘူး”

မီးဖိုထဲမှမိခင်ဖြစ်သူ၏ အသံကြောင့်
ဖိုးထူးနှင့်မြင့်ထူးလည်းအပြေးအလွှား
ရောက်လာကြသည်။

“အမေ ဘာဖြစ်လို့လဲ”

“အမေ ဘာတွေကုန်တာလဲဗျ”

“ဒီမှာလေ မနေ့ကချန်ထားတဲ့
အမဲသားတွေတစ်တုံးမှမရှိတော့ဘူး။

“ကြောင်တွေများစားသွားသလားမှ
မသိတာအမေရဲ့”

မြင့်ထူးကသူ့အထင်ကိုပြောလိုက်သည်။

“မဟုတ်လောက်ပါဘူး အစ်ကိုရာ
အိမ်နားမှာကြောင်မွေးတဲ့သူမှမရှိတာ”

“ဒါဆိုခွေးတွေနေမှာပေါ့ကွ”

“ခွေးလည်းမဟုတ်လောက်ပါဘူး”

“အမေသိပြီ အမေမနေ့ညက
အပေါ့သွားတုန်းက မီးဖိုထဲမှာ
အရိပ်မည်းတစ်ခုကိုမြင်လိုက်ရတယ်။
မကောင်းဆိုးဝါးတစ်ကောင်
အိမ်ထဲဝင်လာပြီးစားသောက်ပစ်တာပဲ
ဖြစ်ရမယ်”

“ဟာအမေကလည်း
အိမ်ထဲကိုဘယ်ကမကောင်းဆိုးဝါး
ဝင်ပြီးစားနိုင်မှာလဲဗျ။

ဖိုးထူးကသူ့အမြင်ကိုပြောလိုက်သည်။

“အမေတွေ့လိုက်တာသေချာလို့လား”

“သေချာသလောက်ရှိတယ်သားကြီး
မနေ့ကအိုးခွက်ပန်းကန်တွေဆေးနေ
တုန်းကလည်းခြေသံလိုလိုကြားလိုက်
သေးတယ်။
အမေလှည့်ကြည့်တော့ဘာမှရှိမနေဘူး
ဒီအိမ်မှာတစ်ခုခုတော့ရောက်နေပြီ
သား”

“ညီလေးဖိုးထူး ”

“ဗျာ အစ်ကို”

“မင်းမနေ့က အမဲသားတွဲယူပြီး
ပြန်လာတုန်းကလမ်းမှာဘာလုပ်ခဲ့သေးလဲ။

“ဟို ဘာ ဘာမှမလုပ်ပါဘူး အစ်ကိုရ
ဒီအတိုင်းပဲအသားတွဲယူပြီးအိမ်ပြန်
လာတာပါပဲ။

“သေချာလို့လား သားငယ်
မင်းကိုကြည့်ရတာတစ်ခုခုကို
ဖုံးကွယ်ထားပုံပဲ…”

“မထားပါဘူးအမေရဲ့ သားအမှန်အတိုင်းပြောတာပါ”

“ဘာပဲဖြစ်ဖြစ်အမေရာ
သားတို့အိမ်လုံခြုံအောင်လို့
ဆရာတော်ကြီးပေးထားတဲ့ပရိတ်ချည်ကို
အိမ်ပတ်ပတ်လည်ချည်ကြတာပေါ့။

“သားကြီးပြောတာမှန်တယ်
ပရိတ်ချည်နဲ့အိမ်ကိုပတ်ထားရင်
ပရလောကသားတွေဝင်မလာရဲဘူးတဲ့။
ဒါကြောင့်သားကြီးဘုရားစင်ပေါ်မှာ
ဆရာတော်ကြီးပေးထားတဲ့ ပရိတ်ချည်
သွားယူချေစမ်း။

“ဟုတ်အမေ”

သားဖြစ်သူမြင့်ထူးလည်း
အိမ်ထဲဝင်ကာပရိတ်ချည်အား
ယူလာခဲ့သည်။

“အမေဒီမှာပရိတ်ချည်”

“အေးသား အမေတို့အိမ်ပတ်ပတ်လည်ကို
လိုက်ပတ်ထားကြတာပေါ့.

“ဟုတ်အမေ”

မြင့်ထူးနှင့်ဒေါ်မိငယ်လည်း
ပရိတ်ချည်များဖြင့်အိမ်ပတ်ပတ်လည်
အားလိုက်၍ပတ်လိုက်ကြသည်။
ဖိုးထူးလည်းအနောက်မှလိုက်ကာ
မိခင်နှင့်အစ်ကိုလုပ်သမျှအား
ကြည့်ရှုနေသည်။

နေ့လယ်ထမင်းစားချိန်ရောက်တော့

“သားတို့ရေ အမဲသားမရှိတော့ဘူးဆိုတော့
အမေလည်းရှိတဲ့ဟာလေးကိုပဲ
ဖြစ်သလိုချက်ထားလိုက်ရတယ်။
နောက်နေ့မှသာသားတို့ကို
ဟင်းကောင်းဝယ်ချက်ပေးမယ်”

“ရပါတယ် အမေရာ
တစ်ရက်တလေပဲ၊သားတို့ဖြစ်သလို
စားတတ်ပါတယ်ဗျ။

“အင်း…မင်းတို့ဂျီးမများတော့
အမေချက်ရတာသက်သာတာပေါ့ကွယ်
မဟုတ်ရင်အမေလည်း ကပြာကယာ
လုပ်ကိုင်နေရဦးမှာ။
စားကြသားတို့စားကြ”

“ဟုတ်အမေ”

“ဒါနဲ့အမေ့ကို သားမေးစရာရှိလို့”

“မေးလေ သားငယ်ရဲ့ ဘာမေးမှာလဲ”

“ဟိုလေ ပရလောကသားတွေက
ပုံသဏ္ဌာန်အမျိုးမျိုးပြောင်းလို့
ရလားဟင်……”

“အမေလည်းသေချာတော့မသိပါဘူးသားရယ်၊အမေကြားဖူးတာတော့
ပရလောကသားတွေကသူတို့ပူးကပ်လို့
ရတဲ့သူမှာပူးကပ်တတ်ကြတယ်။
ဥပမာလိပ်ပြာငယ်တဲ့လူတွေ၊နတ်ကတော်တွေ၊ဘုန်းကံနိမ့်သူတွေ၊ပြီးတော့တိရစ္ဆာန်တွေကိုလည်း
ပူးလို့ရတယ္လို့ အေမျကားဖူးတာပဲ
သားငယ်ကဘာလို့မေးတာလဲ။

“သြော် ဘာရယ်မဟုတ်ပါဘူးဗျ
မနက်ကကိစ္စကိုပြန်တွေးမိပြီး
မေးတာပါ။

ထို့နောက်စကားလက်စပြတ်သွားပြီး
ထမင်းဝိုင်းအားသိမ်းလိုက်ကြသည်။

ညရောက်တော့ သားအမိ၃ယောက်
အိပ်ရာအသီးသီးဝင်ခဲ့ကြသည်။
မြင့်ထူးလည်းအိပ်မောကျနေသည်
ဒေါ်မိငယ်လည်းအိပ်ပျော်နေသည်
အိပ်မရသေးသည်ကဖိုးထူးပင်၊
တစ်နေ့ကသင်္ချိုင်းဟောင်းမှ
မိမိခေါ်လာသည့်ခွေးဖြူလေးသည်
အိမ်ပေါက်ဝအရောက်တွင်
ပျောက်ချင်းမလှပျောက်သွားသည့်
အကြောင်း၊မနက်လင်းတော့အိမ်တွင်
ချက်ထားသည့်အမဲသားများပျောက်ဆုံးသည့်အကြောင်းများအားစဉ်းစားကာ
အိပ်မရသေးခြင်းဖြစ်သည်။
အိပ်ရာထဲ၌လူးလှိမ့်နေရင်းအပေါ့သွား
ချင်လာသဖြင့် ဖိုးထူးလည်း
အခန်းထဲမှထွက်လာခဲ့သည်။

“ဟာ…ဓာတ်မီးကမေ့နေခဲ့ပြန်ပြီ
တော်ပါပြီ ပြန်ယူမနေတော့ပါဘူး”

ဟုဆိုကာအိမ်သာသို့ထွက်လာခဲ့သည်။

“ဟင်း ဟင်း အင်း”

“ဟင်…”

“ဘာသံကြီးလဲ”

ဖိုးထူးနားထဲကြောက်မက်ဖွယ်
ညည်းသံကြီးအားကြားလိုက်ရ
သည်။
ဖိုးထူးလည်းကြက်သီးဖြန်းကနဲထသွား
ရလေသည်။
ဖိုးထူးလည်းအိမ်သာသို့သွားရန်
ပြင်နေစဉ်

“ငါ့ကိုခေါ်လာတုန်းကခေါ်လာပြီး
ဘာမှမကျွေးဘူး……”

“ဟာ…”

ယခုတစ်ခါတော့ ပီပီသသကြီးကို
ကြားလိုက်ရခြင်းဖြစ်သည်။
ဖိုးထူးလည်းဒိန်းကနဲဖြစ်သွားပြီး
ကြောက်ရွံ့လာသည်။
အသံကြားရာကိုလိုက်ရှာဖွေနေရင်း
အရိပ်မည်းကြီးကတဖြည်းဖြည်းနှင့်
ထွက်ပေါ်လာသည်။
ဖိုးထူးတစ်ယောက်ကြောက်လန့်ပြီး
အော်လိုက်ချင်ပေမယ့် အသံကထွက်မလာပဲ လည်ချောင်းထဲ၌
တစ်ဆို့နေသည်။
အိမ်ထဲသို့ပြေးဝင်ချင်ပါသော်လည်း
ခန္ဓာကိုယ်ကလှုပ်ရှား၍မရပေ။
တဖြည်းဖြည်းနှင့်အရိပ်မည်းကြီးက
မိမိအနီးသို့ရွေ့လျားကာရောက်ရှိလာ
သည်။

မိမိအနီးသို့ရောက်လာသော
အရိပ်မည်းကြီးသည်၊တဖြည်းဖြည်းနှင့်
အစွယ်များလောက်များဖြင့်
ပြည့်နှက်နေသောမျက်နှာကြီးအသွင်သို့
ပြောင်းလဲသွားလေသည်။

ဖိုးထူးတစ်ယောက်ချွေးသီးချွေးပေါက်များကျလာပြီးတကိုယ်လုံးတုန်ယင်လာ
သည်။

“မင်း…ငါ့ကိုခေါ်လာတယ်
ငါ့ကိုအစာဝအောင်မကျွေးဘူး
မင်းကိုသတ်ပြီးစားမှဖြစ်မယ်။

“ဟင့်အင်း ဟင့်အင်း”

ဖိုးထူးတစ်ယောက်ကြောက်လန့်
တကြားဖြင့်ခေါင်းကိုတသွင်သွင်
ရမ်းနေမိသည်။

“ခေါ်ပြီးရင်လိုက်လာတဲ့သူကို
အစာဝအောင်ကျွေးရမယ်ဆိုတာ
မင်းမသိဘူးလား။

အက်ကွဲနေသည့်အသံဆိုးကြီးဖြင့်
သရဲကြီးကဖိုးထူးမျက်နှာနားကပ်ကာ
ပြောနေသည်။
ဖိုးထူးလည်းကြောက်လွန်း၍မျက်လုံးကိုစုံမှိတ်ထားလိုက်သည်။

“သားအမှောင်ကြီးထဲ
ဘာရပ်လုပ်နေတာလဲ……”

“ဟင်…”

ဖိုးထူးမျက်လုံးကိုဖွင့်ကြည့်တော့
သရဲကြီးကိုမတွေ့ရတော့ပဲ၊ဓာတ်မီးဖြင့်
မိမိမျက်နှာအားထိုးနေသည့်
မိခင်ကိုသာမြင်လိုက်ရသည်။

“သားဘာဖြစ်နေတာလဲ”

“ဗျာ…”

မိခင်ဖြစ်သူကမိမိလက်အား
ပုတ်ပြီးပြောလိုက်တော့မှ ဖိုးထူးလည်း
လှုပ်ရှား၍ရတော့သည်။

“သားကြောင်အမ်းအမ်းနဲ့
ဘာဖြစ်နေတာလဲ…”

“ဟို ဟိုလေ ”

“ဒီကောင်လေးတဟိုဟိုနဲ့
မရိုးဘူးဘာမဟုတ်တာလုပ်နေတာလဲ။

“သား သားဘာမှမလုပ်ဘူးအမေ
သား သားကြောက်တယ် ”

“ဘာကြောက်တာလဲ သားငယ်
သားဘာဖြစ်လို့လဲ အမေ့ကိုပြောပြမှ
အမေသိမှာပေါ့”

“သားဒီမှာမပြောရဲဘူး အမေ
အိမ်ထဲဝင်ပြီးမှအမေ့ကိုအားလုံး
ပြောပြမယ်”

“အေး အေး”

သားအမိနှစ်ယောက်အိမ်ထဲဝင်လာ
ခဲ့ကြသည်။
မြင့်ထူးလည်းစကားပြောသံများ
ကြားသဖြင့်အိပ်ရာမှနိုးနေသည်။

“အမေနဲ့ညီလေး ဘာဖြစ်နေကြတာလဲ”

“မသိပါဘူးသားကြီးရယ်
မင်းညီအမှောင်ထဲမှာရပ်ပြီး
ကြောင်တောင်တောင်ဖြစ်နေလို့
အမေကခေါ်လာတာ၊ပြီးတော့မင်းညီကကြောက်တယ်တဲ့။
တစ်ခုခုကိုမြင်လိုက်ပုံရတယ်သား”

“ညီလေးမင်းဘာဖြစ်လာတာလဲ
အစ်ကိုနဲ့အမေ့ကိုပြောပြစမ်း”

“ဒီ ဒီလိုပါ ……”

ဖိုးထူးလည်းအမဲသားတွဲ
ယူလာသည့်နေ့က သူခေါ်လာသည့်
ခွေးဖြူလေးကနေစကာ
ဖြစ်သမျှအလုံးစုံအားရှင်းပြလိုက်သည်။

“ဟင်…”

“ဟာ…ဒါ ဒါဆို ညီလေး
ခေါ်လာတာ ခွေးယောင်ဆောင်ထားတဲ့
သရဲတစ်ကောင်ပဲကွ။
မင်းကတော့မင်းမျက်လုံးထဲမှာ
ခွေးတစ်ကောင်လို့ပဲမြင်နေတာ
တကယ်တော့သရဲကခွေးကိုအပမှီပြီး
အိမ်ကိုလိုက်လာခဲ့တာပဲ။
အမေသားတို့ဘယ်လိုလုပ်ကြမလဲ
ကြာလာရင်သားတို့တစ်မိသားစုလုံး
ဒုက္ခရောက်ကုန်လိမ့်မယ်”

“ဒီသရဲကိုဒီအတိုင်းထားလို့တော့
မရတော့ဘူး၊တစ်ခုခုတော့လုပ်မှ
ဖြစ်မယ်။
ဒီသရဲကိုနှိမ်နင်းနိုင်မယ့်ဆရာကိုအမေတို့ အမြန်ဆုံးရှာမှဖြစ်မယ်။

“အုံး”

“အောင်မယ်လေး ဘုရားငုပ်တုတ်”

“ဟာ”

“ဟင်”

သရဲနှင်မည်ဟုဒေါ်မိငယ်က
ပြောလိုက်သည်နှင့်အိမ်ထရံအား
အုံးကနဲလာထုသွားသည်။

“အမေသူ့ကိုနှင်မယ်ပြောလို့
အိမ်ကိုလာထုသွားတာဖြစ်မယ်ဗျ”

“ဟုတ်မယ်သားငယ် ဒီအိမ်ကနေ
အသာတကြည်တော့ထွက်သွားမှာ
မဟုတ်ဘူး။

“ဘုံး…”

“ဘုံး…”

“အမေကြားလားနောက်ထပ်
ထရံကိုလာရိုက်နေပြန်ပြီဗျ။

“ထားလိုက်သား မသိချင်ယောင်ဆောင်နေကြ
သူမောရင်ရပ်သွားလိမ့်မယ်။

“ဘုံး…”

“ဘုံး…”

ထရံအားအဆက်မပြတ်တဘုံးဘုံးထုရိုက်
နေသည်။
ဒေါ်မိငယ်၊ဖိုးထူး၊မြင့်ထူးတို့လည်း
တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်ပြီးအခြေအနေကိုစောင့်ကြည့်
နေကြသည်။

“ခွမ်း…”

“ဟာမီးဖိုချောင်ထဲရောက်သွားပြီအမေ
ပန်းကန်တွေလွှင့်ပစ်နေပုံရတယ်ဗျ။

“ဒီသရဲအတော့်ကိုလွန်လွန်းနေပြီ
ငါ့အိမ်ကပစ္စည်းတွေတော့ကုန်ပါပြီ။

“ပစ္စည်းကုန်တာကပြန်လုပ်ရင်
ရပါတယ်အမေရာ၊လူကိုဘာမှမလုပ်ရင်
တော်ပါပြီ။

“အခုတော့လုပ်မှာမဟုတ်ဘူး
နောက်တော့လူကိုပါထိခိုက်အောင်
လုပ်လာနိုင်တယ်သားကြီး
မင်းညီကြုံခဲ့တာကိုပဲကြည့်လေ။
အမေရောက်သွားတာမြန်ပေလို့ပေါ့”

“ဟုတ်တယ် အမေသာ အပေါ့လာမပေါက်ရင် သရဲကြီးလက်ချက်နဲ့အဲဒီနေရာမှာတင်
သေနေလောက်ပြီ အစ်ကိုကြီးရ။

“ဒေါင် ခွမ်း”

“ဟာ ဘာတွေလွှင့်ပစ်နေပြန်ပြီလဲ
မသိဘူးအမေရာ”

“ဒီညတော့သည်းခံလိုက်ကြသားတို့
မနက်ဖြန်ကြရင် ဒီသရဲတော့
တွေ့ကြသေးတာပေါ့ ဟင်းဟင်း”

ဒေါ်မိငယ်ကသရဲကိုအတော်ပင်
ဒေါသဖြစ်နေသည်။
မိမိတို့မိသားစုအားခြောက်လှန့်ရုံ
သာမက မိမိအိမ်ကပစ္စည်းများကိုပါ
ဖျက်ဆီးနေသည့်အတွက် သရဲကို
အိမ်မှအမြန်နှင်ထုတ်ပစ်ချင်နေတော့
သည်။

သားအမိသုံးယောက် နောက်ကျောပေးထိုင်ကာထိုင်လျက်
အနေအထားဖြင့်အိပ်ငိုက်နေကြသည်။
မနက်လင်းခါနီးမှဘာသံမှမကြားတော့ပဲ
ငြိမ်သက်သွားသည်။

“သားကြီး သားငယ် ထထ ထတော့
မိုးလင်းသွားပြီ”

“ဟုတ် အမေ”

သားအမိသုံးယောက်အိမ်ထဲမှ
ထွက်ကာအပြင်သို့ကြည့်လိုက်သည်။

“ဟင်”

“ဟာ”

“ဟယ်…ကြည့်ပါဦးသားတို့ရယ်
ပွစလောင်းကိုလန်နေတာပဲ၊တစ်အိမ်လုံးလည်းရစရာကိုမရှိဘူး။
ဒင်းလုပ်ထားနှင့်အုံးပေါ့လေ
မိငယ်အကြောင်းကောင်းကောင်းပြရ
သေးတာပေါ့။

ဒေါ်မိငယ်လည်းတစ်အိမ်လုံးအား
ဗြောင်းဗြောင်းဆန်အောင်လုပ်ထား
သည့်သရဲကြီးအားဒေါသအလွန်ထွက်သွားသည်။
ဒေါ်မိငယ်၏အသံအားပတ်ဝန်းကျင်မှ
လူများကြားသိပြီးရောက်လာကြသည်။

“မိငယ်ရေ မိငယ်”

“သြော် မမတင်မြပါလား လာလာအိမ်ထဲ”

“ဟဲ့ မနေ့ညက နင်တို့အိမ်ဘက်က
အချိန်မတော်တဘုံးဘုံးနဲ့ဘာဖြစ်တာလဲ
ပြီးတော့အိုးခွက်ပန်းကန်တွေကို
လွှင့်ပစ်တဲ့အသံတွေရောစုံနေတာပဲ။
ငါကနင်သားတွေနဲ့စကားများပြီး
သောင်းကျန်းနေတာထင်တာ”

“ဘယ်ကလာ မမတင်မြရယ်
ကျွန်မဘယ်လောက်ဒေါသဖြစ်ဖြစ်
ကိုယ်ထူထောင်ထားတဲ့ပစ္စည်းတွေကို
မဖျက်ဆီးရက်ပါဘူးရှင်။
အခုဟာကလူလုပ်တာမဟုတ်ဘူးရှင့်”

“ဟဲ့ လူလုပ်တာမဟုတ်ဘူးဆိုတော့
ဘာလုပ်တာလဲဟဲ့၊ညည်းစကားကြီး
ကလည်း”

“သရဲလုပ်တာ မမတင်မြရေ သရဲလုပ်သွားတာ……”

“ဟေ…သရဲလုပ်တာဟုတ်လား”

“ဟုတ်ပါ့ရှင်
ဟိုမှာပဲကြည့်လေ မီးဖိုချောင်ထဲက
အိုးခွက်ပန်းကန်တွေကို အိမ်အပြင်ကို
လွှင့်ပစ်ထားတာ.
တစ်ခုမှရစရာကိုမရှိတော့ဘူး။

“ဘယ်ကဘယ်လိုဖြစ်ပြီး
နင်တို့အိမ်ထဲကိုသရဲရောက်လာတာလဲ
မိငယ်ရဲ့။

“မောင်မင်းကြီးသားဖိုးထူးကြောင့်ပေါ့ရှင်
တစ်နေ့က ဝက်ပစ်ရွာကိုသွားပြီး
အမဲသားသွားယူခိုင်းလိုက်တာ၊
ဟော သင်္ချိုင်းဟောင်းအစပ်မှာတွေ့တဲ့
ခွေးဖြူတစ်ကောင်ကိုစက်ဘီးပေါ်
တင်ပြီးခေါ်လာသတဲ့လေ။
သူကတော့ခွေးဆိုပြီးခေါ်လာတာပဲ
ဟိုခွေးကအိမ်ပေါက်ဝလည်းရောက်ရော
ပျောက်ချင်းမလှပျောက်သွားလေရဲ့
နောက်မှသိလိုက်ရတာက
သရဲကခွေးယောင်ဆောင်ပြီးအိမ်ကို
လိုက်လာတာပဲ မမတင်မြရေ။
ချက်တဲ့အသားဟင်းတွေဆိုလည်း
ပျောက်ပျောက်သွားတာ ဒင်းပဲမြိုဆို့
ပစ်တာလေ”

“ဘုရားဘုရား ကြောက်စရာကြီးပါလား
ဒီအတိုင်းနေလို့တော့မဖြစ်ဘူး။
ဆရာရှာပြီးတော့သာ ဒီသရဲကို
မြန်မြန်နှင်ထုတ်ပစ်လိုက်
မဟုတ်ရင်နင်တို့ပါဒုက္ခရောက်ကုန်လိမ့်
မယ်။

“အဲလိုပဲ မနေ့ကဆရာရှာပြီး သရဲနှင်မယ်လို့ ပြောလည်းပြောလိုက်ကော
မနက်လင်းတဲ့အထိသောင်းကျန်းပြပါ
လေရောရှင်။
ဆရာရှာပြီးနှင်မယ်လို့ ပြောသာပြောရတယ် ကိုယ့်အသိထဲမှာ
ဆရာတစ်ယောက်မှမရှိဘူး”

“အိုအေ…ငါ့မှာအသိဆရာရှိပါတယ်အေ့
အဲဒီဆရာကြီးက
ဒီသရဲလောက်ကတော့ ပါပပဲရှိတယ်။
တစ်ရက်အတွင်းမှာတင် နင့်အိမ်ကို
ထင်တိုင်းသောင်းကျန်းနေတဲ့သရဲ
ထွက်ကိုသွားစေရမယ်…”

“ဒါဆို လုပ်ပါဦး မမတင်မြရယ်
ကျွန်မကိုလေအဲဒီဆရာကြီးကို
ရအောင်ပင့်ပေးပါလားရှင်။

“စိတ်ချ ဆရာ့အိမ်လိပ်စာကို
ငါသိတယ်၊ငါတို့ရွာနဲ့သိပ်ဝေးတာ
မဟုတ်ဘူး။
ငါသွားပြီးပင့်ပေးမယ်”

“ကျေးဇူးပါပဲ မမတင်မြရယ်”

“မလိုပါဘူးအေ ညည်းကလည်း
ကဲ ငါသွားပြီအေ ညည်းတို့ဘက်က
အဆင်သင့်လုပ်ထားပေတော့။

“ဟုတ်ကဲ့ မမတင်မြ”

မတင်မြထွက်သွားသည်နှင့်
သားအမိသုံးယောက်ပွစာကြဲနေသည့်
အိုးခွက်ပန်းကန်များအားကောက်ကာ
သန့်ရှင်းရေးပြုလုပ်လိုက်ကြသည်။

နာရီအနည်းငယ်ကြာတော့
မတင်မြနှင့်အတူအသက်၅၄နှစ်ခန့်
လူကြီးတစ်ဦးပါ ပါလာသည်။

“မိငယ်ရေ မိငယ်
ဒီမှာဆရာကြီးပါလာပြီဟေ့”

“ဟုတ်ကဲ့ မမတင်မြ
ဆရာကြီး ကြွပါရှင့်ကြွပါ”

“ဆရာအိမ်ထဲကြွပါခင်ဗျ”

“အေးကွယ် အေးအေး”

ဆရာကြီးအားအိမ်ထဲရှိ
ဘုရားခန်းအရှေ့၌ရှိသောဖျာ၌
နေရာထိုင်ခင်းပေးလိုက်သည်။

“ထိုင်ပါဆရာကြီး”

“ဒီကမတင်မြပြောပြလို့
အကြောင်းစုံကိုသိပြီးပါပြီ။
ဘာမှမပူပါနဲ့ ခင်ဗျားတို့ကိုနှောင့်ယှက်
ခြောက်လှန့်နေတဲ့သရဲကို
ဒီအိမ်ကနေထွက်သွားအောင် ဆရာကြီး
လုပ်ပေးပါ့မယ်။
ဟောဒီကမမိငယ်ရဲ့အကူအညီကိုတော့
ဆရာကြီးလိုအပ်တယ်ကွဲ့။

“ဘာအကူအညီများလဲဆရာ”

“သရဲကိုခေါ်တဲ့နေရာမှာ
အကြောင်းစုံသိရှိဖို့အတွက် ဟောဒီက
မမိငယ်ကကြားခံအဖြစ်
လုပ်ပေးရမှာပါ။
အရှင်းဆုံးပြောရရင် မမိငယ်ခန္ဓာကိုယ်ထဲကို ဝင်ပူးခိုင်းခြင်းပါပဲ……”

“ဟုတ်ကဲ့ ကျွန်မကူညီပါ့မယ်ဆရာကြီး”

“ကောင်းပါပြီ ဒါဆိုရင်မမိငယ်
ဘုရားကိုအာရုံပြုပြီးကန်တော့လိုက်ပါ”

“ဟုတ်ကဲ့ဆရာကြီး”

ဒေါ်မိငယ်လည်းဘုရားအား
အာရုံပြာကာရှိခိုးကန်တော့လိုက်သည်။

“စိတ်ကိုရှင်းရှင်းထားပြီး
ငြိမ်ငြိမ်လေးထိုင်နေပါ.
ဆရာကြီးပရလောကသားကို
ခေါ်တော့မယ်”

“ဟုတ်ကဲ့ဆရာကြီး”

ဆရာကြီးခိုင်းသမျှပြောသမျှကို
ဖိုးထူး၊မြင့်ထူးနှင့်မတင်မြလည်း
မျက်လုံးအပြူးသားဖြင့်ကြည့်နေကြ
သည်။
ဆရာပင့်လာသည်ဟုသတင်းကြားသော
ရွာသူရွာသားများလည်း စပ်စုရန်အတွက် ဒေါ်မိငယ်အိမ်သို့တဖွဲဖွဲရောက်လာကြ
သည်။

“အဟမ်း…ဘုရားအမိန့်
တရားအမိန့်၊သံဃာအမိန့်၊အထက်ပုဂ္ဂိုလ်ကြီးများ၏အမိန့်
ငါဆရာ၏အမိန့်တို့ဖြင့်
ဤအိမ်ဤဌာန၌
နှောင့်ယှက်သောင်းကျန်းနေသည့်
ပရလောကသားအား
ဆင့်ခေါ်လိုက်သည်
အခုချက်ချင်းဝင်ရောက်ပူးကပ်စေ။

ဆရာကြီး၏အမိန့်သံဆုံးသည်နှင့်
ဒေါ်မိငယ်၏ခန္ဓာကိုယ်မှာ
သိသိသာသာလှုပ်ရှားယိမ်းထိုးလာသည်

“ပူးစမ်း ပူးစမ်း လူစိတ်ပျောက်အောင်ပူးစမ်း”

“ဟား ဟား ဟား ဟား”

“ငါ့ကိုခေါ်ရအောင် မင်းကဘာမလို့လဲ”

“တော်တိတ် ငါ့ကိုများပမာမခန့်နဲ့
ဆေးကြိမ်လုံးနဲ့ထရိုက်လိုက်လို့
စင်္ကြာဝဠာအပြင်ဘက်လွင့်ထွက်
သွားရော့မယ်……

ဆရာကြီးကလက်ထဲမှဆေးကြိမ်လုံး
ဖြင့်ရွယ်လိုက်တော့မှ ဒေါ်မိငယ်အား
ပူးကပ်နေသည့်သရဲကြီးလည်း
နောက်သို့အနည်းငယ်ဆုတ်ကာ
ငြိမ်ကျသွားသည်။

“ပြောမင်းဘယ်သူလဲ ဘယ်ကလဲ
ဘာကြောင့်ဒီအိမ်ကလူတွေကို
နှောင့်ယှက်နေရတာလဲ
ကောင်းကောင်းမေးနေတုန်း ပြော
မဟုတ်ရင်ဒီမယ်မြင်တယ်မလား
ဆေးကြိမ်လုံး…”

ဆရာကြီးကဆေးကြိမ်လုံးအား
ထောင်ပြတော့သရဲကြီးလည်း
တုန်လှုပ်သွားလေသည်။

“ပြောပြပါ့မယ် ဆရာကြီး
ငါကသင်္ချိုင်းဟောင်းမှာနေလာတာ
နှစ်ပေါင်းရာနဲ့ချီနေပြီ။
ငါ့နာမည်မည်းကြီး ငါအစာမစားရတာ
ကြာနေပြီမလို့ ခွေးတစ်ကောင်ကို
အပမှီပြီးဒီအိမ်ကကောင်လေးနဲ့
လိုက်လာတာ။
ငါစရောက်တဲ့နေ့ကအမဲသားစားရတယ်
ဒါပေမယ့်နည်းလွန်းတဲ့အတွက်ကြောင့်
ငါမဝဘူး။
ငါ့ကိုခေါ်လာတဲ့သူကလည်း
ငါ့ကိုအစာဝအောင်မကျွေးဘူး
ပြီးတော့ငါ့ကိုဘယ်မှသွားလို့မရအောင်
တစ်အိမ်လုံးကိုပရိတ်ကြိုးတွေနဲ့
ပတ်ထားတယ်။
ငါအပြင်ထွက်ဖို့ကြိုးစားတိုင်း
ငါ့တကိုယ်လုံးမီးလိုပူလာတယ်
ဒါကြောင့်ငါဘယ်မှမသွားနိုင်ပဲ
ဒီအိမ်မှာသောင်တင်နေရတာပဲ။

“မင်းကိုဒီကောင်လေးကခေါ်ချင်လို့
ခေါ်လာတာမဟုတ်ဘူး။
ခွေးမှတ်ထင်ပြီးခေါ်လာခဲ့မိတာ
မင်းရဲ့နာနာရုပ်ပုံစံအမှန်ကိုသိရင်
ဘယ်သူကခေါ်လာမလဲ
မင်းဟာအစားစားချင်စိတ်ကြောင့်
တိရစ္ဆာန်ကိုအပမှီပြီးလိုက်လာတာ
ဒီကလေးအပြစ်မဟုတ်ဘူး။
ပြီးတော့လူတွေနေတဲ့ရပ်ရွာထဲကို
မင်းတို့ဝင်လာချင်တိုင်းဝင်လို့မရဘူး။
မင်းတို့မှာဝင်ခွင့်မရှိဘူး
မင်းတို့ကိုအုပ်ချုပ်တဲ့သခင်မကို
အကြောင်းကြားလိုက်ရင်
မင်းဘာဖြစ်သွားမယ်ထင်သလဲ။

“မလုပ်ပါနဲ့ သခင်မကြီးကိုတော့
မတိုင်လိုက်ပါနဲ့ ငါ့ကိုခွင်လွှတ်ပါ
ငါနောက်တစ်ခါမလုပ်တော့ပါဘူး။

“အင်း…မင်းတော်တော့်ကိုဆာလောင်နေသလား

“ဆာတာပေါ့ ဆရာကြီးရယ်
အစာတစ်ခုစားရဖို့အတွက်
ကျုပ်တို့တွေဟာနှစ်ပေါင်းများစွာ
ကြာအောင်စောင့်နေကြရတယ်။
ငါတို့ကိုဘယ်သူကမှလည်း
အမျှအတန်းမပေးကြသလို
ဘယ်သူကမှလည်းအစာမကျွေးကြဘူး”

“မင်းဒီဘဝကနေကျွတ်လွတ်ချင်လား
မည်းကြီး၊ဆရာကြီးမင်းအတွက်
ကုသိုလ်ကောင်းမှုပြုပြီးအမျှအတန်း
ပေးမယ် မင်းသာဓုခေါ်မလား”

“ငါကျွတ်လွတ်ဖို့ကလိုပါသေးတယ်
ဒါကြောင့်ကုသိုလ်ပြုပြီးအမျှပေးလည်း
ငါကြားခွင့်ရမှာမဟုတ်ဘူး။

“သြော် …တယ်လည်းကြောက်စရာကောင်းပါလား

ဆရာကြီးလည်း မည်းကြီးဟုခေါ်သော
သရဲကြီးအားသနားစိတ်ဖြစ်မိလေသည်။

“ဒါဖြင့်ရင်ဆရာကြီးကမင်းကို
အစာကျွေးမယ်ကွာ၊နောင်ကိုအခုလို
ထပ်မလုပ်တော့ပါဘူးလို့
ကတိပေးမလား”

“ကတိပေးပါတယ်ဆရာကြီး”

“ကောင်းပြီ ညနေမိုးချုပ်တာနဲ့
မင်းနေတဲ့သင်္ချိုင်းဟောင်းကို
ဆရာကြီးလာခဲ့မယ်။

“မောင်ရင်”

“ဗျာဆရာကြီး”

“မင်းတို့အိမ်ကိုပတ်ထားတဲ့
ပရိတ်ချည်တွေကိုဖြုတ်လိုက်ပါကွယ်
ဒါမှသူပြန်လို့ရမှာကွဲ့။

“ဟုတ်ကဲ့ဆရာကြီး”

မြင့်ထူးလည်းထသွားပြီး တစ်အိမ်လုံးအားပတ်ထားသည့်
ပရိတ်ချည်များအားဖြုတ်လိုက်သည်။

“ဖြုတ်ခဲ့ပါပြီဆရာကြီး”

“အေးအေး
ကဲမည်းကြီးရေ မင်းနေတဲ့နေရာကို
ပြန်လို့ရပါပြီ။

“ကျေးဇူးတင်ပါတယ်ဆရာကြီး”

ဟုပြောပြီးသည်နှင့်မည်းကြီးလည်း
ပူးကပ်နေရာမှထွက်ခွာသွားတော့
သည်။
သရဲမည်းကြီးထွက်သွားတော့
ဒေါ်မိငယ်လည်းခွေခွေလေးလဲကျနေခဲ့သည်။
ဆရာကြီးကဒေါ်မိငယ်အား
သတိပြန်လည်အောင်ပြုလုပ်ပေးလေ
သည်။

သတိပြန်လည်လာတော့
ဘာကိုမှမသိသည့်ပုံစံဖြင့်ကြည့်နေသည်

“အမေသတိရလာပြီလား”

“အေး သတိရပြီသားတို့
အမေဘာဖြစ်သွားတာလဲ၊ပြီးတော့
ဟိုသရဲကြီးကိုရောနှင်လိုက်ပြီလား”

“ခင်ဗျားတို့ကိုနှောင့်ယှက်နေတဲ့
သရဲကြီးလည်းမရှိတော့ပါဘူး
သူနေတဲ့နေရာဌာနကိုပြန်သွားပါပြီ။
ဟောဒီကမောင်ရင်ကိုလည်း
ဆရာကြီးမှာချင်တယ်ကွဲ့။

“ဟုတ်ကဲ့ပြောပါဆရာကြီး”

“နောက်ဆိုရင် နေဝင်ရီတရော
အချိန်မှာသားစိမ်းငါးစိမ်းတွေကို
ပြီးစလွယ်မယူလာရဘူးကွဲ့။
ကိုယ်ကသူတို့ကိုမဖိတ်ခေါ်ပေမယ့်
သူတို့ကကိုယ့်နောက်ကနေ
လိုက်ပါလာတတ်ကြတယ်ကွဲ့။
တချို့ ကံနိမ့်တဲ့လူတွေဆိုရင်
အဲဒီနေရာမှာတင်အစိမ်းကုပ်တာခံရပြီး
အသက်သေတဲ့အထိကိုဖြစ်ကြတယ်ကွဲ့
ဒီကမောင်ရင်သတိထားဖို့
ဆရာကြီးကပြောပြတာကွဲ့”

“ဟုတ်ကဲ့ ကျွန်တော်အသိတရားရပါပြီ
ဆရာကြီး နောက်ဆိုဆင်ခြင်ပါ့မယ်”

“အေးကွယ် အေးအေး”

“ဒါနဲ့ဆရာကြီးကို ကျွန်တော်မေးချင်တာလေးရှိလို့ဗျ။

မြင့်ထူးကပြောလိုက်ခြင်းဖြစ်သည်။

“မေးပါ မေးပါ ဘာများမေးချင်တာလဲ
မောင်ရင်က…”

“ဟိုလေ ဆရာကြီးလက်ထဲက
ဆေးကြိမ်လုံးကိုမြင်တာနဲ့
သရဲကဘာလို့တအားကြောက်သွားရတာလဲဆရာကြီး”

“သြော် ဒါလား ဒါကဆေးကြိမ်လုံးလို့
ခေါ်တယ်ကွဲ့၊ဆေးကြိမ်လုံးမှန်ရင်
ဘယ်လိုပညာသည်ပဲဖြစ်ဖြစ်
ဘယ်လိုပရလောကသားပဲဖြစ်ဖြစ်
သေအောင်ကြောက်ကြတယ်ကွဲ့။
သေသေချာချာကြည့် ဒါကကြိမ်လုံးမဟုတ်ဘူး၊ဝါးနဲ့လုပ်ထားတာ၊ဝါးဆိုပေမယ့်ရိုးရိုး
ဝါးတော့မဟုတ်ဘူးကွဲ့ဝါးပျံနဲ့
လုပ်ထားတာကွဲ့။

“ဗျာ…ဝါးပျံဟုတ်လားဆရာကြီး
လေပေါ်မှာပျံနေတဲ့ဝါးကိုပြောတာလား
ဘယ်လိုမျိုးလဲဆရာကြီး”

“အင်း…ဝါးပျံဆိုတာက လေမှာပျံနေတာမဟုတ်ဘူးကွဲ့၊တောကြီးမျက်မည်းတွေထဲမှာ
ရှားရှားပါးပါးရှိတတ်တဲ့ဝါး၊မြေမှာမပေါက်ဘူး သစ်ပင်မြင့်ကြီးတွေပေါ်မှာမှ
ပေါက်တဲ့ဝါးအဲဒါကိုဝါးပျံလိုခေါ်တယ်။
အဲဒီဝါးပျံကိုနှစ်တောင်အတိဖြတ်
ပြီးတာနဲ့လူသေကောင်မီးသင်္ဂြိုလ်ရာမှာ
တံစူးဝါးလုပ်ပြီးထိုးရတယ်။
တံစူးဝါးလုပ်ထားတဲ့ဝါးပျံကိုမှ
လင်းတပနီငှက်ရဲ့အူကိုစွပ်
လင်းတပနီအူပေါ်ကို ခွေးနက်အူထပ်စွပ်
ခွေးနက်ဆိုတာကတစ်ကိုယ်လုံး
နက်နေတဲ့ခွေးကိုပြောတာ
အဖြူမွှေးတစ်မျှင်မှမရောတဲ့ခွေး
အဲဒါကိုခွေးနက်လို့ခေါ်တာကွဲ့။
နောက်ပြီးခွေးနက်အူပေါ်မှာ
လူသေကောင်ရဲ့ခြေမကိုချည်တဲ့ကြိုး
တွေနဲ့ရစ်ပတ်ရတယ်၊ခြေမကြိုးတွေရဲ့
အပေါ်မှာလူသေကောင်ရဲ့ပုဆိုးကိုပတ်
အားလုံးပြီးပြီဆိုမှ လင်းတတစ်ကောင်လုံးရဲ့ပြာကို
သစ်စေးနဲ့နယ်ပြီးသမံရိုးရတယ်။
ဒါနဲ့တင်မပြီးသေးဘူး

“ဥုံ တစ်ပင်တိုင်နှင့်၊ရိပ်မြိုင်စိုးသည်
တန်ခိုးကြီးစွာ ဟယ်ဒေဝါ
ငါ၏ရန်သူ ခုမူမကြာ
နှိမ်နင်းပါလော့………
မကြာထောင်းထောင်၊မင်းစေကောင်း
လျှင်ကြောင်းသိဒ္ဓိတိုက်
သျှင်ကြောင်းသိဒ္ဓိလိုက် ”

ဆိုတဲ့မန္တာန်ကို၇အုပ်စုပ်ရတယ်
ဒါမှအစီအရင်ပြီးပြည့်စုံတာကွ။

“ဆေးကြိမ်လုံးဖြစ်လာဖို့
မလွယ်ဘူးနော်ဆရာကြီး”

“ဟုတ်တယ် မောင်ရင်ရဲ့တကယ်မလွယ်ပေဘူး။
ဒါကြောင့်လည်းဆေးကြိမ်လုံးမှန်ရင်
ဖိတ်ဖိတ်တုန်အောင်ကြောက်နေကြတာ
ပေါ့ကွယ်။
ကဲဟောဒီကမောင်ရင်လည်း
ဒီလောက်ဆိုဆေးကြိမ်လုံးအကြောင်း
သိပြီးရောပေါ့”

“ဟုတ်ကဲ့အခုလိုပြောပြလို့
ကျေးဇူးတင်ပါတယ် ဆရာကြီး”

“ကဲဆရာကြီးတနေကုန်
ဒီရွာမှာပဲရှိလိမ့်မယ်ကွဲ့
တစ်ခုခုသိချင်တာရှိရင် ဆရာကြီးကို
လာမေးကြပေါ့။
ညနေကြရင်သင်္ချိုင်းဟောင်းကို
ဒီကမောင်ရင်ပဲလိုက်ပို့ပေးပါကွယ်
မည်းကြီးကိုအစာကျွေးဖို့လေ”

“ဗျာ…ဟုတ် ဟုတ်ကဲ့ဆရာကြီး”

ဖိုးထူးလည်းသင်္ချိုင်းဟောင်းအား
လိုက်ပို့ရမည်ဆိုသဖြင့် တုန်လှုပ်သွား
သည်။
သို့ပေမယ့်ဆရာကြီးအား
ကြောက်ရသဖြင့်ဟုတ်ကဲ့ဟု
ပြောလိုက်ရခြင်းဖြစ်သည်။

ညနေစောင်းသည်နှင့်
ဖိုးထူးလည်းဆရာကြီးအား
သင်္ချိုင်းဟောင်းသို့လိုက်လံပို့ပေးရလေ
သည်။
ဆရာကြီးကထမင်းနှင့်အသားဟင်းများအားငှက်ပျောရွက်ပေါ်၌ ပုံလိုက်ပြီး
သင်္ချိုင်းဟောင်းအတွင်းမှ မည်းကြီးဟုခေါ်သော သရဲကြီးအား
ဖိတ်ခေါ်ကာအစာကျွေးလေသည်။
ထို့နောက်ဆရာကြီးနှင့်ဖိုးထူးလည်း
သင်္ချိုင်းဟောင်းအတွင်းမှ
ပြန်လာခဲ့ကြတော့သည်။

မှတ်ချက်.ဆေးကြိမ်လုံးအစီအရင်အားစာဖတ်သူများ
ဗဟုသုတရရှိရန်အတွက် ဆရာမောင်မှိုင်းညို့ (ချောင်းဦး)၏
စုန်းတွေနေသည့်ရွာစာအုပ်မှ
ကောက်နှုတ်တင်ပြထားပါသည်။
အစီအရင်နှင့်ပတ်သက်သော
စာများသည်ကျွန်တော်အောင်ဓူဝံ
ကိုယ်ပိုင်ဉာဏ်ဖြင့်ရေးထားခြင်း
မဟုတ်ပါ။
ဆရာကြီး၏ခွင့်ပြုချက်မရှိပဲ
ဆေးကြိမ်လုံးအစီအရင်အား
တင်ပြထားပါသဖြင့်
ဆရာမောင်မှိုင်းညို့ (ချောင်းဦး)ကိုလည်း
ဒီနေရာမှတောင်းပန်အပ်ပါသည်။

#အောင်ဓူဝံ #ပရလောက #စုန်းကဝေ