သမီးပြည့်တန်ဆာ(စ/ဆုံး)
————————–
ပစ္စည်းကို ဘယ်လာပို့ရမလဲတဲ့။
သြော်…ပစ္စည်းဆိုတာ ငါ့သမီးကို ပြောနေတာကို
ငါ့ သမီးဟာ လူမဟုတ်တော့ဘူး ပစ္စည်း တစ်ခု ဖြစ်သွားပြီပေါ့။ ဟုတ်တယ် သက်ရှိ ယောင်္ကျားတွေရဲ့ တဏှာ ရမ္မက် အညစ်အကြေးတွေကို အန်ထုတ်မယ့် ထွေးခံလို ပစ္စည်းပေါ့။
(၂)
ကျွန်မက ကိုထွန်းခိုင်ရဲ့ နဖူးကို စမ်းကြည့်လိုက်တော့ ပူနေတုန်းပဲ ရှိသေးတယ်။ အဖျား မကျသေးဘူး ထင်ပါရဲ့လို့ တွေးပြီး ကျွန်မ စိတ်ညစ်သွားတယ်။ ညနေကျရင် လမ်းထိပ်က မာမွတ်တို့ ဆေးဆိုင်ကို သွားပြီး ဆေးစပ်ခိုင်းဦးမှပါပဲလေ။
ကိုခိုင် ကိုခိုင် ထဦး ဆန်ပြုတ်ပူပူလေး သောက်လိုက်ဦး
` တိုက်သာ တိုက်ရတယ်။ လူမမာမျိုလို့ ကျပါ့မလားတောင် မသိဘူး။ အသားမပါ ငါးမပါနဲ့ အဖြူထည် သက်သက်ကိုး။
ကိုခိုင် ပူနေတုန်းလေး သောက်လိုက်ဦး အေးသွားရင် ရှင်မျိုလို့ ကျမှာ မဟုတ်ဘူး။ ဘာသားမှ မပါဘဲ ဆန်ကြမ်းကို ပြုတ်ထားတာ ဆိုတော့ သိတဲ့အတိုင်းပဲ တော်ရေ
ရပါတယ် မဌေးရယ် ငါဒီလို ဆန်ပြုတ်နဲ့ အသားကျနေတာ နှစ်တွေတောင် မနည်း ကြာနေပြီပဲ ဥစ္စာ
ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ ကိုခိုင် ခါးအောက်ပိုင်း သေပြီး တစ်လကျော်ကျော် ဆေးရုံပေါ်မှာ လဲနေတုန်းကလည်း ဒီလို ဆန်ပြုတ် အဖြူထည်ကိုချည်း နေ့စဉ် ရက်ဆက် တိုက်ခဲ့ရတာ မဟုတ်လား။ ကြာတော့ ကြာပါပြီ။ လွန်ခဲ့တဲ့၉ နှစ်လောက်တုန်းကပေါ့။ အငယ်ဆုံးကောင် ဇေယျာခိုင်တောင် ၂ နှစ်ပဲ ရှိသေးတာ။
ဒီမတိုင်မီတုန်းကတော့ ကိုခိုင်က ပန်းရန်ခေါင်း ဆိုတော့ ပိုပို လျှံလျှံ မဟုတ်တောင် သားငါးစိုစို စား၇သေးတယ်။ အိမ်မှာ စားမယ့် ပါးစပ်ပေါက် ကလည်း အများသား မဟုတ်လား။ အဲဒီတုန်းက အကြီးဆုံး သမီး သန္တာခိုင်က ၁၀ တန်းကို ၂ခါကျပြီး စိတ်လေနေတာ။ အလတ်ကောင် ကျော်၀င်းခိုင်က ၈တန်း အငယ်မ ကေသီိခိုင်ကတော့ ၁ တန်းပဲ ရှိသေးတယ်။
မှတ်မိပါသေးတယ်။ အဲဒီတုန်းက ဆောင်းတွင်းကြီး။ နှစ်ထပ် စျေးသစ်ကြီး ဆောက်မယ်ဆိုပြီး ကန်ထရိုက်က ကိုထွန်းခိုင်ကို လာခေါ်တော့ မြိုးမြိုးမြက်မြက်လေး စားရပြီ မှတ်တာ။ ဘာကြာသတုန်း။ ဆောက်လက်စမှာပဲ ကိုထွန်းခိုင် တစ်ယောက် တိုက်ပေါ်က ပြုတ်ကျပြီး ခါးဆစ်ရိုး လွဲသွားပါရောလား။
တော်သေးတယ်။ လူမသေလို့။ ဒါပေမဲ့ စောင်းသွားတဲ့ ခါးဆစ်ရိုးက တစ်လခွဲ နှစ်လလောက်ကြာအောင် ညှပ်မိလို့ ခါးဆစ်ရိုး ပြန်တည့် လာတဲ့ အချိန်မှာတောင် အာရုံကြောတွေ ပြန်မကောင်းတော့ဘဲ ခါးအောက်ပိုင်း သေသွားတယ်လေ။
အဲဒီတုန်းကများ ကုန်လိုက်တဲ့ ငွေ သောက်သောက်လဲ။ ကသီလိုက်တာလည်း မပြောပါနဲ့တော့။ လက်ရှိနေနေတဲ့ အိမ်ကို ရောင်းပြီး ဟောဒီ အိမ်လေးကို စပေါ်ပေး ငှားခဲ့ရတာပဲကြည့်။ ဆေးရုံက ဆင်းတုန်းကများ ကိုထွန်းခိုင် ခမျာ သူ့ဘဝတော့ ဆုံးပါပြီ ဆိုပြီး ယောက်ျားကြီးတန်မဲ့ ငိုလိုက်တာ ကျူကျူပါပါရောလား။
နောက်ပိုင်းကျတော့လည်း သူ့စိတ်ကို သူဖြေတယ်နဲ့ တူပါတယ်။ ရပ်ကွက်ထဲက လာအပ်တဲ့ ကြိမ်ကုလားထိုင် အဟောင်းလေးတွေကို ကြိမ်ထိုးပြီး သူတတ်နိုင်သလောက်လေးတော့ ၀င်ငွေရှာပေး ရှာတယ်။ ကြိမ်ထိုးတဲ့ အလုပ်ဆိုတာကလည်း ဘယ်မှာလာပြီး အမြဲ အဆင်ပြေနိုင်ပါ့မလဲ။ ကျွန်မတို့ ရပ်ကွက်ထဲမှာ ကြိမ်ခုံနဲ့ ထိုင်နိုင်တဲ့ အိမ်ဘယ်နှစ်အိမ်များ ရှိတာ မှတ်လို့။
အဟွတ်……အဟွတ်
ကိုထွန်းခိုင်က ဆန်ပြုတ်သောက်ရင်း ချောင်းတဟွပ်ဟွပ် ဆိုးလာလို့ ဆန်ပြုတ်ပန်းကန်ကို ဘေးချ ထားလိုက်ရသည်။
ကျွန်မက…..
အငယ်မရေ…နင့်အဖေ အတွက် သောက်ေ၇ တစ်ခွက် ခပ်ခဲ့စမ်း။ မြန်မြန်လုပ်ဟဲ့….
အဟွတ်…အဟွတ်….အော့….ဝေါ့
ဟင်….ကိုထွန်းခိုင် သလိပ် ထွေးချင်လို့လား။ ဟဲ့ ဘယ်မလဲ ထွေးခံ။ အို….ကြာပါတယ်လေ…ဟောဒီ ကျွန်မ လက်ခုပ်ထဲသာ ထွေးချလိုက်တော့ ထွေး….ထွေး
ဝေါ့
ကျွန်မ လက်ခုပ်ထဲက ကိုထွန်းခိုင် ထွေးချလိုက်တဲ့ သလိပ်တွေကို မရွံရှာအားဘဲ နောက်ဖေး ရေကပြင်ကို သွားပြီး ဆေးချလိုက်ရတယ်။
တကယ်ဆို ကိုထွန်းခိုင် ဖျားတာ ကျွန်မ အပြစ် မကင်းဘူး။ မနေ့ကပေါ့။ ပေါင်ထားတဲ့ စက်ဘီးလေးက ၇က်စေ့လို့ အတိုးသတ်ဖို့ နောက်ဆုံး ရက်ရောက်တာနေတာနဲ့ မထွက်မဖြစ် ထွက်ခဲ့ရတယ်။ ကိုထွန်းခိုင်ကတော့ အိမ်ရှေ့ ကွက်လပ်မှာ ဝါးကပ်ပေါ်ထိုင်ရင်း အပ်ထားတဲ့ ကုလားထိုင် အဟောင်းတစ်လုံးကို ကြိမ်ထိုးရင်း ကျန်ခဲ့လေရဲ့။
ဖြစ်ချင်တော့ မိုးက ဆိုင်းမဆင့် ဗုံမဆင့် သည်းသည်းမည်းမည်းကြီး ရွာချလိုက်ပါရော။
အောက်ပိုင်းသေနေတဲ့ ဒုက္ခိတ ကိုထွန်းခိုင်ကတော့ မိုးရေထဲမှာ ငုတ်တုတ်။ ကျွန်မ အပြေးအလွှား ပြန်ရောက်လာမှပဲ သူကကို အိမ်ရှေ့ ကွက်လပ်ထဲကနေ ချီမပြီး အိမ်ထဲ သွင်းရတယ်။ အဲဒီကတည်းက တဟွတ်ဟွတ်နဲ့ ချောင်းသံလေး ပါလာလိုက်တာ ဖျားတော့မယ်လို့တော့ ထင်သား။
မဌေးရေ….အဟွတ်….အဟွတ်
ခပ်သဲ့သဲ့ ခေါ်သံကြောင့် ကျွန်မက ရေစိုနေတဲ့ လက်ကို လုံချည်အောက်နားစနဲ့ ကပျာကယာ သုတ်ပြီး ကိုထွန်းခိုင်နား ပြန်လာလိုက်သည်။
ရှင်….ကိုခိုင်….ဘာလိုချင်လို့လဲ
ရော့….ဒီ ဆန်ပြုတ်ပန်းကန်ကို ပြန်သိမ်းလိုက်ပါတော့ဟာ။ ငါသောက်ချင်စိတ် မရှိတော့ဘူး။
ကိုခိုင်စကားကြောင့် ကျွန်မ စိတ်မကောင်း ဖြစ်သွားတယ်။ ဒါဖြင့် ရှင်ဘာစားချင်သလဲ လို့ မေးဖို့ ခွန်အားလည်း ကျွန်မမှာ မရှိဘူးလေ။ ကျွန်မ လက်ထဲမှာ ပိုက်ဆံက ၂၀၀ တောင် ပြည့်အောင် မရှိတော့ဘူးကိုး။ အလကားပဲ…။ လူ့ဘ၀ကို ကျွန်မတို့ဟာ ဒုက္ခခံဖို့ သက်သက် ရောက်လာကြတာ။ လောကကြီးဟာ မတရားဘူး။
အဲဒီလို စဉ်းစားနေတဲ့ အချိန်မှာပဲ အငယ်မ ကေသီခိုင်က ရောက်လာပြီး လေသံ ခပ်တိုးတိုးနဲ့
အမေ…..အမေ….ဟိုမှာ ကြီးကြီး ဒေါ်သိန်းမြကြီး လာနေပြီ။ ဧကန္တ အမေ့ဆီ အကြွေးလာတောင်းတာ ထင်တယ်
ကျွန်မ ပြူးပြူးပျာပျာ ဖြစ်သွားပြီး
အေး….အေး…သွား အမေ မရှိဘူးလို့ သွားပြောချည်စမ်း သမီး…သွား…သွား ခပ်မြန်မြန်သွားပြော
အငယ်မက မျက်နှာလေး ပျက်တက်တက်နဲ့ပင် ခေါင်းညိမ့်ပြပြီး သုတ်ခနဲ အိမ်ရှေ့ဘက် ပြေးထွက်သွားတယ်။ သုံးထပ်ပြား တစ်ချပ်သာ ခြားနေတာ ဆိုတော့ သူတို့ အသံတွေကို အထဲက အတိုင်းသား ကြားနေရတယ်။
ဟဲ့ ကေသီခိုင် ညည်းအမေ ဘယ်မှာလဲ
ဟို ကြီးကြီး အမေ….အမေ မရှိဘူး
ဟဲ့ မရှိရအောင် ဒင်းက ဘယ်သွားနေတာမို့လို့လဲ။ ဟင်း…ဟင်း သိတယ်နော်။ င့ါအကြွေး မပေးချင်လို့ တမင်ရှောင်နေတာ မဟုတ်လား။ ဒီလို ရှောင်နေရုံနဲ့ ပြီးမလားဟဲ့။ နင်တို့ကလေ….ထမင်းဝတော့ တစ်မျိုး။ ငတ်တော့ တစ်မျိုးနဲ့။ ငါ့ကို ဒီစောက်ချိုး လာမချိုးနဲ့။ သိန်းမြ အကြောင်း ကောင်းကောင်း သိသွားမယ်။ ဘယ်မလဲ မိဌေး…ဟဲ့ မိဌေး
အမေ အိမ်မှာ တကယ် မရှိတာပါ ကြီးကြီးရယ်
အေး ဒါဆိုလည်း ညည်းအမေကို ပြောလိုက်။ မနက်ဖြန် ညနေမှ ငါ့အကြွေး မပေးလို့ကတော့ ဖေတစ်ရာနဲ့ကို ကလော် တုတ်ပစ်မယ်လို့။ အံမယ်လေး ညည်းတို့ မိသားစုကိုတော့ လက်လန်ပါရဲ့အေ။ တစ်မိသားစုလုံးက ကလိမ်ကကျစ်တွေချည်းပဲ။
ဒေါ်သိန်းမြ၇ဲ့ အသံဟာ ကျွန်မ နားထဲမှာ ကျယ်လောင်နေပေမဲ့ နား၀ကနေ လျှံကျသွားတယ်။ စကားလုံးတွေဟာ နာကြည်းစရာ ကောင်းပေမဲ့ အေ၇ထူနေတဲ့ နွားတစ်ကောင်လို ကျွန်မ မနာကျင်နိုင်တော့ပါဘူး။ ဒါပေမဲ့ ဘာကြောင့်မှန်း မသိဘူး။ ကျွန်မ မျက်လုံးထဲက မျက်ရည်တွေ စီးကျလာတယ်။ ကိုထွန်းခိုင်ကို ကြည့်လိုက်မိတော့ မျက်ရည်ဝိုင်းနေတဲ့ မျက်လုံး အစုံနဲ့ ကျွန်မကို စိုက်ကြည့်နေတယ်။
ဒီအချိန်မှာ ကျွန်မ သမီးကြီး သန္တာခိုင်ကို သတိရလိုက်တာလေ။
သူသာရှိရင် ဒေါ်သိန်းမြ ပိုက်ဆံကို နည်းနည်းဖြစ်ဖြစ် ဖဲ့ပြီး ပေးနိုင်မှာပဲ။
အခုတော့ သူကလည်း ထောင်နံရံ အုတ်တံတိုင်းရဲ့ နောက်ကွယ်မှာ ဆိုတော့ ဘယ်တတ်နိုင်မှာလဲလေ။
` သြော်…..သမီးကြီး…သမီးကြီး နေလို့မှ ကောင်းရဲ့လား မသိဘူးနော်။
(၃)
သမီးကြီးအကြောင်း စဉ်းစားလိုက်မိတော့ မျက်ရည်ကိုပဲ အဖော်ပြုခဲ့ရတဲ့နေ့ရက်တွေကို ပြန်သတိရမိပြန်ရော။ အဲဒီတုန်းက ကိုထွန်းခိုင်က ခါးဆစ်ရိုး ကျိုးခါစဆေးရုံပေါ်မှာ ပိုက်တန်းလန်းနဲ့ နေရတဲ့ အချိန်ပေါ့။
ကျွန်မက ၂ နှစ်သား ဇေယျာခိုင်လေးကို ခါးထစ်ခွင်ပြီး ဟိုပြေးရ ဒီလွှားရ ဟိုလူ့ မျက်နှာအောက်ချ ပိုက်ဆံ ချေးရ ဒီလူ့ပါးစပ် အမြုပ်ထွက်မတတ် ငှားရနဲ့။ အလတ်ကောင်နဲ့ အငယ်မက ကျောင်းပိတ်ထားချိန်မို့ တော်သေးတယ်။
ဆေးရုံပေါ် ပက်လက်ဖြစ်နေတဲ့ အဖေ့နားမှာ လက်တိုလက်တောင်း ခိုင်းလို့တော့ ရတာပေါ့လေ။ အဖေ ဆေးရုံတက်ကာစကတည်းက လုံးလုံးပေါ်မလာတာကတော့ အကြီးမ သန္တာခိုင်ပဲ။
တစ်နေ့ တစ်နေ့ ကုန်လိုက်တဲ့ ပိုက်ဆံတွေကို ဘယ်ကနေ ရှာရမလဲ ဆိုတာ ခေါင်းမူးအောင် စဉ်းစားရတာက တစ်မျိုး သင်္ဘောဆလင် တစ်ယောက်နဲ့ ဘာဘာညာညာ ဖြစ်နေတယ် ဆိုတဲ့ သမီးကြီးအတွက် ရင်ပူရတာက တစ်သွယ်နဲ့။ မတော် ဟိုက မယားကြီးတွေ ဘာတွေ ရှိနေမှဖြင့် မခက်ပေဘူးလား။
ဒါပေမဲ့ သမီးကြီး အပြောအရတော့ မုဆိုးဖိုဆိုလား တစ်ခုလပ် ဆိုလားပဲ မုဆိုးဖို ဖြစ်တာ တစ်ခုလပ် ဖြစ်တာက သိပ်တော့ အေ၇းမကြီးပါဘူး။ တင့်တောင်တင့်တယ်နဲ့ သမီးကြီးကို အတည်ယူရင်ပဲ ကျွန်မ ကျေနပ်လှပါပြီလေ။
ဒါပေမဲ့ လူမမာ လာမေးတဲ့ ကိုထွန်းခိုင်ရဲ့ နှမ၀မ်းကွဲ မတုတ်ကတော့ ကျွန်မ အနား တိုးတိုးကပ်ပြီး
မိဌေးရေ….နင့်သမီး သန္တာခိုင် တစ်ယောက် အထက်ဘက် သွားတဲ့ သင်္ဘောတွေပေါ်မှာ ခဏခဏ တွေ့နေရတယ်ဆိုပဲအေ့။ နည်းနည်းပါးပါး မေးမြန်းကြည့်ဦး။
ကျွန်မက ကျုပ်သမီး သင်္ဘောဆလင်နဲ့ ကြိုက်နေတာလို့ ပြန်ပြောမယ် လုပ်နေတုန်းမှာပဲ ကျောင်းဆင်းခါစ ဆရာ၀န်ငယ်ငယ်လေး ရောက်လာပြီး ဓာတ်မှန်လည်း ရိုက်ရမယ်။ သွေးလည်း စစ်ရမယ်ဆိုလို့ ကျွန်မ ခေါင်းပူသွားတယ်။ လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံလေးတွေကို ဘယ်လောက်ရှိသေးလဲ ဆိုပြီး ကြိတ်ရေတွက်နေတုန်း အလုပ်သမား တစ်ယောက်က ဘီးတပ်လှည်းတွန်းလာပြီး ကိုထွန်းခိုင်ကို ပွေ့ချီတင်ခေါ်သွားတာနဲ့ နောက်က ကသုတ်ကရိုက် ပြေးလိုက်သွားရတယ်။
ဆေးရုံပေါ် ရောက်ပြီး ၄ – ၅ ရက်လောက် အကြာမှာပဲ ကိုထွန်းခိုင်မှာ အဖျားပါ၀င်လာလို့ ဆရာ၀န်ကြီးက ဘာမှ မစားရဘူး ဆိုပြီး ပုလင်းကြီးတွေပဲ တစ်လုံးပြီး တစ်လုံး ချိတ်ခိုင်းတယ်။ တစ်ရက် တစ်ရက်ကို ခြောက်လုံး ခုနှစ်လုံးလောက် အကြောထဲ သွင်း၇တာဆိုတော့ ဘယ်လောက် ကုန်မလဲ တွက်သာ ကြည့်ကြပေတော့။
ကန်ထရိုက်က လျော်ကြေးပေးမယ်ဆိုတဲ့ ပိုက်ဆံကလည်း ခုထိ မလာသေးဘူးလေ။ စရိတ်မျှပေး ဆေးဆိုင်က ဦးလေးကြီးက လောလောဆယ် ငွေမလွယ်သေးရင်လည်း ၁၀ ရက်လောက်နေမှ တစ်ပေါင်းတည်း ရှင်းပေါ့လို့ ပြောတာနဲ့ နည်းနည်း အသက်ရှူချောင် သွားတယ်။
၁၀ ရက်မြောက်တဲ့နေ့မှာပဲ ဆေးရုံကို သွားဖို့ မီးဖိုချောင်ထဲမှာ ပြင်ဆင်နေတုန်း ဗြုန်းဆို သမီးကြီး သန္တာခိုင် အိမ်ပေါ်တက်လာတယ်။ သူ့ကို ကြည့်ရတာ ပင်ပန်းနေသလိုပဲ။ နေလောင်ထားသလို အသားတွေကလည်း မည်းသွားလိုက်တာ။ ခြောက်ကပ်ကပ်နဲ့ စိုစိုပြည်ပြည် မရှိတော့ဘူး။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းသလို သန္တာခိုင်က စကားတိုတို မာဆတ်ဆတ်နဲ့
ရော့…..အမေ ပိုက်ဆံ ၂သိန်း အဖေ့ အတွက် ဆေးဖိုး သုံးဖို့ ယူထားလိုက်
လက်ထဲ ရောက်လာတဲ့ တစ်ထောင်တန် နှစ်အုပ်ကို ကြည့်ပြီး ကျွန်မ ရုတ်တရက် ၀မ်းသာသွားတယ်။ ဒီနေ့ အတွက် ဆေးဖိုး ရှင်းလို့ ရပြီပေါ့။
ဟဲ့ သမီး အဖေဆီ လိုက်ခဲ့ပြီး မျက်နှာလေး ဘာလေး လာပြဦးလေ။ ဟိုမယ် ညည်းအဖေက
ဟာ..အမေကလည်း အဖေ့နား သမီး သွားကပ်ထိုင်နေတော့ရော သမီးက ဘာလုပ်တတ်မှာမို့လို့လဲ။ တူတူထိုင်ပြီး စိတ်ညစ်နေရုံ အပြင် ဘာမှ ပိုထူးလာမှာ မဟုတ်ဘူး။ အိမ်ရဲ့ စား၀တ်နေ၇းကလည်း ရှိသေးတယ်လေ။
သမီးကြီးက ဒီလိုပြောတော့ ကျွန်မ စိတ်ထဲ ဟုတ်သလိုလိုတော့ ၇ှိသားလို့ တွေးမိလိုက်တယ်။ ဒီတော့မှ ကျွန်မ အာရုံထဲ အငယ်နှစ်ကောင်ကို သတိရသွားပြီး
ဟုတ်ပါရဲ့ စား၀တ်နေ၇း ဆိုလို့ ဒီနေ့ အငယ်နှစ်ကောင် စားဖို့ ဘာနဲ့ ဘယ်လို စီမံပေးရမှန်းတောင် မသိဘူး။
ထားလိုက်အမေ။ သမီး ပြန်လာတော့ မောင်လေးနဲ့ ညီမလေးကို လမ်းထိပ်မှာ တွေ့တာနဲ့ မုန့်ဖိုးပေးပြီး ထမင်း သွား၀ယ်စားခိုင်းထားလိုက်ပြီ။ အမေသာ အဖေ့အနား သွားပြီး စိတ်ဖြောင့်ဖြောင့်နေပါ အမေရယ်
သမီးကြီးက အဲဒီလို ပြောပြီး အခန်းထဲ ၀င်သွားတယ်။ ဘာများလုပ်တာလဲ လို့ လှမ်းကဲ ကြည့်လိုက်တော့ စလင်းဘတ် အိတ်ထဲ အ၀တ်အစား သုံးလေးစုံ ထည့်နေတာကို ကျွန်မ မြင်လိုက်တယ်။ပြန်ထွက်လာပြီး
သွားဦးမယ် အမေ။ သမီး ကိစ္စလေးတွေ ရှိသေးလို့
ကျွန်မ ဘာမှ ပြန်ပြောဖို့ အချိန်မ၇လိုက်ခင်မှာပဲ သမီးကြီးက အိမ်ပေါ်ကနေ ခပ်သုတ်သုတ် ပြေးဆင်းသွားတယ်။
အင်းလေ…..ပြောခွင့်ရလိုက်တယ် ဆိုရင်လည်း ကျွန်မ ဘာပြောရမှန်းမှ မသိတာ။
အဲဒီ တဒင်္ဂမှာ ကိုယ့်ဆုံးဖြတ်ချက် ဘာမှမရှိတော့ သလိုဖြစ်သွားတယ်။ ဆေးဖိုးဝါးခ အတွက် စိတ်ပေါ့ပါးပြီး သက်ပြင်းချလိုက်သလား ဒါမှမဟုတ် သမီးအတွက် စိတ်ရှုပ်ရှုပ်နဲ့ ညည်းညူလိုက်မိသလား။ ဘာမှန်းမသိတဲ့ အသံ တစ်ခုကို နှုတ်ခမ်းကနေ ရေရွတ်လိုက်မိတယ်။
ကျွန်မ လက်ထဲကို ပြန်ငုံ့ကြည့်လိုက်တော့ သမီးကြီး ပေးသွားတဲ့ တစ်ထောင်တန် နှစ်အုပ်က အရွက်အကြီး အသေး မညီမညာ ဖြစ်နေတာကို သားရေကွင်းနဲ့ ဖြစ်သလို စုစည်းထားလို့။
သြော် သမီးကြီး တစ်ယောက် ဒီပိုက်ဆံတွေကို ဘယ်ကရလာတာပါလိမ့်။
ကျွန်မ အတွေး အဖြေမထုတ်နိုင်ခင်မှာပဲ တိုင်ကပ်နာရီဆီက မနက် ၁၀ နာရီ ထိုးသံကြောင့် ဆေးရုံကို ကပျာကယာ သုတ်ခြေတင်လာခဲ့ရတော့တယ်။
(၄)
ကျွန်မ အဖြေ မထုတ်နိုင်တဲ့ ပုစ္ဆာကို အဆုံးသတ်စေမယ့် တစ်ညမှာပေါ့။
ဆရာ၀န်ကြီး လှည့်စစ်ပြီးချိန်လောက် ကျွန်မက ဆေးဖိုး အကြွေးရှင်းဖို့နဲ့ လိုအပ်တဲ့ ဆေးဝါးတွေ ထပ်၀ယ်ဖို့ စရိတ်မျှပေးဆေးဆိုင်ဆီ ဆင်းလာခဲ့တယ်။ အားလုံး ပြီးစီးဖို့ ဆေးရုံပေါ် ပြန်တက်မယ့် အချိန်မှာပဲ ကျွန်မ လက်ကို တစ်စုံတစ်ယောက်က လှမ်းဆွဲလို့ လှည့်ကြည့်လိုက်တော့ ကျွန်မယောင်းမ မတုတ် ဖြစ်နေတယ်။
မတုတ်က မျက်စိပျက် မျက်နှာပျက်နဲ့ လေသံကို နှိမ့်ပြီး
ယောင်းမရယ် နင့်ကို ငါ ပြောလည်း ပြောချင်တယ်။ ဟို….ဟိုဒင်းလည်း ဖြစ်တယ်
ဘာတုန်းအေ့…ဟိုဒင်း ဖြစ်တယ်ဆိုတာ
နင် ငါ့ကို စိတ်မဆိုးရဘူးနော်။ ငါက အကောင်းပြောတာ။ နင့်သမီး သန္တာခိုင်ကလေ သင်္ဘောတွေပေါ်လိုက်ပြီး ဟိုဟာ လုပ်စားနေတာတဲ့။ ဆိပ်ကမ်းမှာ အလုပ်သမားခေါင်းလုပ်တဲ့ ငါတို့ ၇ပ်ကွက်ထဲက ကောင်လေးပြောတာ
အားတင်းပြီး ငြင်းဖို့ ကျွန်မ ကြိုးစားလိုက်သေးတယ်။
ဒါပေမဲ့ ဘာစကားမှ ထွက်မလာတော့ဘူး။ မတုတ်ပြောသလို ဖြစ်နေနိုင်လောက်တယ်လို့ ဟိုပိုက်ဆံ တွေရကတည်းက ရင်ထဲမှာ ဖုံးတစ်၀က် ပေါ်တစ်၀က်နဲ့ တွက်ဆ ထားမိပြီးသားပါ။
တကယ်ဆို ကျွန်မ ဟို ပိုက်ဆံ ၂သိန်း ရကတည်းက သမီးကြီးကို မေးလိုက်ဖို့ ကောင်းတယ်။ ဒါပေမဲ့ သူ ပြန်ပြောလာမယ့် အဖြေကို ကျွန်မ မကြားရဲလို့ပါ။ ကျွန်မ ကတုန်ကယင် ဖြစ်ပြီး အကြာကြီး ငိုင်နေမိတယ်။
မတုတ်ကတော့ မျက်နှာပူလို့လား မသိဘူး။ သူ့အစ်ကိုကိုတောင် ဆေးရုံပေါ် တက်မကြည့်တော့ဘဲ နှုတ်ဆက်ပြီး ပြန်သွားတယ်။ မတုတ် ပြန်သွားတော့မှ ကျွန်မ ခြေထောက်တွေဟာ သွေးမလျှောက်တော့သလို ထုံကျဉ် လေးလံလွန်းလို့ ဆက်မရွေ့နိုင်ဘဲ အနီးဆုံး အုတ်ခုံလေးပေါ်မှာ တုံးခနဲ ပစ်ထိုင်ချလိုက်ရတယ်။ အဲဒီ နေရာမှာ ထိုင်နေမိတဲ့ တစ်ချိန်လုံး ကျွန်မကိုယ် ကျွန်မ သစ်သားရုပ်ကြီး ဖြစ်နေသလို ခံစားရတယ်။ ဘာကိုမှလည်း စဉ်းစားလို့ မရဘူး။ ဘာခံစားချက်မှလည်း ရှိမနေဘူး။ အဲဒီလိုကြီး လိပ်ပြာလွင့်နေလိုက်တာ ဘယ်လောက်တောင် ကြာသွားလဲ မသိဘူး။ ကျွန်မ သတိပြန်၀င်လာတော့ ဆေးရုံ စင်္ကြန်တစ်လျှောက် လူရှင်းနေပြီ။
ဒါနဲ့ မဖြစ်ချေဘူး ဆိုပြီး ဆေးရုံ ပေါ်ပြန်တက်လာခဲ့တယ်။ ခုတင်နားကို ရောက်တော့ ကိုထွန်းခိုင် တစ်ယောက် မျက်လုံး စုံမှိတ်ပြီး မှိန်းနေတာကို တွေ့ရတယ်။ ကျွန်မက ဆေးထုပ်လေး အသာချရင်း
ကိုခိုင် ရှင်သက်သာရဲ့လား
လို့ မူမပျက်အောင် အသံကို မနည်းထိန်းပြီး မေးလိုက်တယ်။ ရင်ထဲမှာ ဘယ်လောက် လုပ်ဂှုားနေလဲတော့ မပြောပြတတ်ဘူး။ကိုယ်ပြန်ကြားလိုက်တဲ့ အသံဟာ ကိုယ့်အသံတောင် ဟုတ်ပါလေစလို့ ဇဝေဇ၀ါ ဖြစ်မတတ်ပါပဲ။ ကိုထွန်းခိုင်က မျက်လုံး ဖွင့်ကြည့်ပြီး
အေး သက်သာပါတယ် မဌေးရယ်။ စောစောက ဆ၇ာ၀န်လေးကတော့ အနာသက်သာအောင်ဆိုပြီး အိပ်ဆေးတစ်လုံး ထိုးပေးသွားတယ်။ ငါ မျက်ခွံတွေလေးလို့ မှေးလိုက်ဦးမယ်ကွာ
အဲဒီလိုပြောပြီး ကိုထွန်းခိုင်က မျက်လုံးကို ပြန်မှိတ်သွားတယ်။ ဒီတော့မှပဲ ဘယ်လိုဖြစ်မှန်း မသိဘူး။ ၀မ်းနည်းစိတ်တွေ ပျို့ပျို့ပြီး တက်လာတယ်။ သမီးကြီး အကြောင်း ကိုထွန်ခိုင်ကို ပြောလည်း ပြောပြချင်ရဲ့။ ပြောလို့ကတော့ ဘယ်ထွက်ပါ့မလဲ။ ဒါကြောင့် ပါးစပ်လေးဟပြီး ခပ်တိုးတိုးဟောက်လို့ အိပ်ပျော်နေတဲ့ ကိုထွန်းခိုင်ရဲ့ မျက်နှာကို ကျွန်မက စေ့စေ့ကြည့်ရင်း စိတ်ထဲကနေ
ကိုခိုင်ရေ…..ကျွန်မတို့ သမီးကြီး ဖာ ဖြစ်နေပြီတော့
လို့ အသံမထွက်ဘဲ ပြောနေမိတယ်။ ကျွန်မ မျက်လုံးထဲက မျက်ရည်တွေကလည်း ရေစည်လှည်း အဆို့ ပွင့်ကျသလို ထိန်းမနိုင် သိမ်းမ၇ ကျလာလိုက်တာ ဆိုတာလေ။
နောက်တစ်လလောက်ကြာတော့ ဆရာ၀န်ကြီး ခွင့်ပြုချက်နဲ့ ဆေးရုံက ဆင်းရတဲ့ ကိုထွန်းခိုင်ကို ငှားထားတဲ့ အိမ်လေးဆီ ခေါ်လာခဲ့တယ်။ ခါးဆစ်ရိုးက ငေါထွက်မနေတော့ပေမဲ့ အောက်ပိုင်းကတော့ လုံးလုံး သေသွားပြီလေ။
ရပ်ကွက်ထဲက လူတွေကလည်း လူနာ မေးလာလိုက်ကြတာ တစ်ယောက်ဆင်း တစ်ယောက်တက်နဲ့ အိမ်မှာ ဧည့်သည်ပြတ်တယ်လို့ကို မရှိဘူး။ ဒီအထဲက တချို့ကတော့ လူနာလာမေးချင်တာက နည်းနည်း သမီးကြီး သန္တာခိုင် အကြောင်း စကားနှိုက်ချင်လို့က များများပေါ့လေ။
ကိုယ့်သမီး ကိစ္စဟာ လူကြားမကောင်းတော့ သူတို့ စကားစလာတိုင်း ကျွန်မ စိတ်ဆင်းရဲရတာမှန်ပေမယ့် မနည်းသည်းခံစိတ် မွေးရတယ်။
ဟဲ့ ခင်ဌေး ညည်းသမီး သန္တာခိုင်တစ်ယောက် မတွေ့တာကြာပြီနော်။ ဘယ်သွားနေတုန်းအေ့။
ဟို……ဟို သူ့အပေါင်းအသင်းတွေနဲ့ စပ်တူ အရောင်းအ၀ယ်လေး ဘာလေးလုပ်နေလို့ပါ
သြော်……သူက ညအိပ် ညနေ ခရီးထွက်ရတယ်ပေါ့ ဟုတ်လား
အင်း ဟိုလေ အထက်ဘက်ကို ငါးပိလေး ငါးခြောက်လေး သွားရောင်းတာဆိုတော့ တစ်ခါတလေတော့လည်း ဟို….ခရီးသွားရတယ်လေ
ကျွန်မ ပါးစပ်က အယောင်ယောင်အမှားမှားနဲ့ ကူလီကူမာ စကားတွေ လျှောက်ပြောနေမိမယ်ဆိုတာ ကျွန်မသိတယ်။ ကျွန်မလေ အဲဒီလို အလိုက်ကမ်းဆိုးမသိ စပ်စုနေတဲ့ အရပ်ထဲက မိန်းမ နှစ်ယောက်ကို ဒေါသလည်းထွက် ခံလည်း ခံပြင်းလိုက်တာ။ ဘယ်နှယ့်ရှင် သူများ အနာကိုမှ တုတ်နဲ့ လာဆွချင်နေကြတယ်။ တကယ်ဆို အဲဒီ ကိစ္စကို ဒင်းတို့ သိပြီးသား။ သက်သက်မဲ့ ကျွန်မကို အဖြေခက်အောင် တမင်တကာ လာပြီး မေးနေကြတာ။
သွေးတိုးစမ်းချင်နေကြတာ။
အဲဒါတွေကို မြင်ရ ကြားရတော့ ကျွန်မ လူတွေကို တော်တော် စိတ်ကုန်သွားမိတယ်။
စိတ်အကုန်ဆုံးကတော့ ပိုက်ဆံသာရှိပြီး လူလို တစ်စက်မှ နားမလည်တဲ့ ဒေါ်သိန်းမြပဲ။ အဲဒီနေ့တုန်းကတော့ ကိုထွန်းခိုင်က နေ့ခင်းဆေးတစ်ဖုံသောက်ပြီး နည်းနည်းမှိန်းချင်တယ်ဆိုလို့ ခေါင်းအုံးဆင့်ပေးပြီး ခါးအောက်ပိုင်းကို စောင်ပါးလေး တစ်ထည် ခြုံပေးလိုက်တယ်။
သူအိပ်ပျော်သွားလို့ ကျွန်မလည်း အိမ်ရှေ့ ထွက်လိုက်ရော အိမ်ဝိုင်းထဲ လှမ်း၀င်လာတဲ့ ဒေါ်သိန်းမြက ဆီးပြီး
ဟဲ့ မိဌေး ထွန်းခိုင် ဆေးရုံက ပြန်ဆင်းလာပြီဆို။ သက်သာရဲ့လား
ဟုတ်…..ဟုတ်ကဲ့ သက်သာပါတယ်
သက်သာလည်း ပြီးတာပဲအေ။ အဆင်ပြေရင် ငါ့ဆီက ယူထားတဲ့ ကြွေးလည်း ပြန်ဆပ်ဦးလေ။
ဟုတ်…ကျွန်မ သတိရပါတယ်။ ငွေမလည်သေးလို့ ခဏဆိုင်းထားတာပါ
အံမယ်လေးအေ ညည်းတို့က ငွေမလည်ဘူးတဲ့လား။ ညည်းသမီး ဒီလောက် ပိုက်ဆံ အရှာကောင်းနေတဲ့ ဥစ္စာအေ….ညည်းကလဲ
ဒေါ်သိန်းမြ စကားကို အိုးမလုံ အုံပွင့်တယ်ပဲ ဆိုဆို တီကောင်ပေါ် ဆားကျတယ်ပဲပြောပြော ကျွန်မ ထောင်းခနဲ ဖြစ်သွားပြီးတော့
ကျွန်မ သမီး ပိုက်ဆံ အရှာကောင်းတယ်ဆိုတဲ့ စကားက ဘာသဘောနဲ့ ပြောတာလဲ ဒေါ်သိန်းမြ
မိဌေးရယ် ဆင်သေကို ဆိတ်သားရေနဲ့ မဖုံးစမ်းပါနဲ့။ ညည်းသမီး ကိစ္စက ရပ်ကျော်ရွာကျော် သိနေတဲ့ ကိစ္စကိုအေ။ အထက်ဘက်က ပြန်လာတဲ့ သင်္ဘောတိုင်းမှာ ညည်းသမီး အိပ်ထားတဲ့ နားရွက်ရာတွေချည်းပဲ။ အဲဒါ ပိုက်ဆံ အရှာကောင်းတာ မဟုတ်လို့ ဘာတုန်းအေ့
၇ှင်…..ရှင်နော် ပါးဆွဲရိုက်တာ မခံချင်ရင် ဒီနေရာက ထွက်သွား။ ရှင့် ပိုက်ဆံ အချိန်တန်လို့ ပြန်ဆပ်နိုင်ရင် ပြီးရော မဟုတ်လား
အံမယ်လေး သွားမှာပါ သွားမှာပါတော်။ ကိုယ့်သမီးကိုယ် ဖာထောင်စားတဲ့ မိန်းမမျိုးနဲ့လည်း ကျုပ်က ဖက်ပြီး ရန်မဖြစ်ရဲပေါင်တော်။ ထွီ……ရွံလွန်းလို့
ဒေါ်သိန်းမြက တံတွေးကို ထွီခနဲ လှည့်ထွေးပြီး လုံချည်ကိ ခပ်တိုတို မ လို့ ဘောက်ဆတ် ဘောက်ဆတ်နဲ့ ထွက်သွားတယ်။
ကိုယ့် သမီးကိုယ် ဖာထောင်စားတဲ့ မိန်းမတဲ့။
ဟုတ်…..ဟုတ်သလားဟင် သူပြောသလို ကျွန်မ တကယ်ပဲ အဲဒီလို အမေမျိုး ဖြစ်နေပြီလား။ ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး။ ကျွန်မ ကိုယ့်ကိုယ့်ကို ငြင်းဖို့ ကြိုးစားမိတယ်။ စိတ်ထဲမှာ အားတော့ သိပ်မရှိလှဘူး။သမီးကြီး ရှာပေးတဲ့ ပိုက်ဆံတွေနဲ့ တစ်အိမ်လုံး ထမင်းစားနေတာကိုလည်း ကိုယ့် ကိုယ်စောင့်နတ်က အသိ။ ပိုက်ဆံတွေ ဘယ်က ရသလဲ ဆိုတာ မသိစိတ်က လက်ညှိုးထိုးပြနေရက်နဲ့ ကျွန်မက အမှန်တရားကို တူတူပုန်းဖို့ ကြိုးစားနေတာ။
အခုတော့ အဲဒီ ပုံဆိုးပန်းဆိုး အမှန်တရားက ဘွားဘွားကြီး ပေါ်လို့။ အို ပေါ်တော့ရော ဘာဖြစ်သေးလဲ။ ကျွန်မတို့ ဆင်းရဲငတ်ပြတ်နေတုန်းက အခုမေးငေါ့နေတဲ့သူတွေ ဘယ်သူက ထမင်း တစ်လုတ် လာကျွေးဖော်ရလို့လဲ။ ကျွန်မစိတ်တွေ ပွင့်ကန် ထွက်သွားတယ်။ ထမီတိုတို ပြင်၀တ်လိုက်ပြီး
အရပ်ထဲက ဟာတွေ နင်တို့ တော်တော် ငါ့သမီး၇ဲ့**** ကို စိတ်၀င်စားနေကြတယ်ပေါ့ ဟုတ်လား။ ဘာဖြစ်သလဲ ကိုယ့် ***** နဲ့ ကိုယ် ***** တာ ဘယ်သူ့ စောက်ဂရုစိုက်ရမှာလဲ။ မိဌေးကို ငြိမ်ခံနေလို့ ရေမြွေလို့ မအောက်မေ့နဲ့နော်။ နင်တို့ အပေါက်တွေ ပိတ်ရင် ပိတ်ထား။ မပိတ်လို့ကတော့ ငါ့ **** နဲ့ လာဆို့ ပစ်မယ်။ ဘာမှတ်နေလဲ
ကဲ မှတ်ကရော ပြောချလိုက်ပြီ။ ရင်ထဲကို ပေါ့သွားတာပဲ။ တအုံ့နွေးနွေးနဲ့ တစ်ယောက်တည်း ကြိတ်ရှက်နေရတဲ့ အဖြစ်ဆိုးကြီးကို လူသိရှင်ကြား ဖောက်ခွဲပစ်လိုက်တော့လည်း တစ်ချီတည်းနဲ့ ကိစ္စအေးသွားေ၇ာ မဟုတ်လား။ တစ်ရက် တစ်ရက် မိုးလင်းတိုင်း ရင် တထိတ်ထိတ်နဲ့ မနေရတော့ဘူးပေါ့။
မျက်နှာပြောင်တိုက်လိုက်ရလို့ ပေါ့ပါးသွားတဲ့ ခြေလှမ်းတွေနဲ့ ကျွန်မ အိမ်ပေါ် ပြန်တက်လာခဲ့တယ်။ အခန်းထဲကို ၀င်လိုက်တော့
ဟင်
ကိုထွန်းခိုင်က ကျွန်မ ထင်သလို အိပ်ပျော်မနေဘဲ ထရံကို မှီထိုင်ရင်း မျက်လုံးအကြောင်သားနဲ့ ကျွန်မကို ငေးကြည့်နေတယ်။ သူ့ရဲ့ အကြည့်သေထဲမှာ အဓိပ္ပာယ်တွေ အပြည့်နဲ့။
ကျွန်မ ဘယ်လိုမှ စိတ်ကိုတင်းထားလို့ မရတော့ဘူး။ ကိုထွန်းခိုင်ကို ပြေးဖက်ပြီး ဟီး ခနဲ ချုံးပွဲချ ငိုလိုက်မိတယ်။ ကိုထွန်းခိုင်ကလည်း အံကြိတ်ထားရင်းက မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလို့။
စောစောက တစ်ရပ်ကွက်လုံးကို ထမီ အလံထူ စိန်ခေါ်ဆဲရေးပြီး အောက်တန်းကျကျ လက်ခမောင်းခတ်ပြလိုက်တဲ့ မိန်းမကြမ်းကြီး ကျွန်မဟာ ခုတော့ ကူကယ်ရာမဲ့ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုနေတာကို ရှင်တို့ ဘယ်သိနိုင်ပါ့မလဲနော်။
(၅)
ကျွန်မ မရှက်တော့ပါဘူး။ သမီးကြီး သန္တာခိုင်ရဲ့ လုပ်စာကို ပြောင်ပြောင်ပဲ စားပါတော့တယ်။ မစားလို့လည်း မ၇တော့ဘူးလေ။ အရပ်ထဲ လည်ပြီး အ၀တ်လျှော်ဖူးတယ်။ စျေးထိပ်က လက်ဖက်ရည်ဆိုင်မှာလည်း ပန်းကန်ဆေးဖူးသေးတယ်။ ဖယောင်းတိုင်စက်မှာ အလုပ်သမ လိုတယ် ဆိုလို့လည်း သွားမေးကြည့်ဖူးတယ်။ ဘယ်ဟာမှ ဟုတ်တိပတ်တိ အဆင်မပြေဘူး။ အငယ်ကောင်လေး တိုးလိုးတွဲလောင်း ဖြစ်နေတာလည်း ပါတာပေါ့လေ။ ပြီးတော့ လူမမာကြီး တစ်ဖက် မဟုတ်လား။ ဘယ်လိုလုပ်ပြီး သူ့တစ်ယောက်တည်း တစ်နေကုန် ပစ်ထားလို့ ရပါ့မလဲ။
ဒါတောင် သားအလတ်ကောင် ကျော်၀င်းခိုင်က အိမ်မှာ မနေလို့ တစ်ယောက်စာ စားအိုးလျော့နေတာ တော်သေးတယ်။ ကိုထွန်းခိုင် ကိစ္စဖြစ်ကတည်းက ဟို……ရန်ကုန် လှိုင်သာယာ ရပ်ကွက်စျေးမှာ ကုန်စိမ်းရောင်းတဲ့ ကျွန်မ အမျိုးတွေက ၁၀ တန်းအောင်တဲ့ အထိတော့ ကျောင်းထားပေးမယ် ဆိုပြီး ခေါ်သွားတယ်လေ။
ထမင်းဖိုး မုန့်ဖိုး သက်သာတယ် ဆိုပေမဲ့ ကျောင်းစားရိတ်တော့ ကိုယ်က ထောက်ရတာပေါ့။ ကဲ အဲဒီ အတွက် ပိုက်ဆံတွေ ဘယ်က လာမှာလဲ။ ဘယ်သူက လာပေးမှာလဲ။ ဘယ်လိုရှာရမှာလဲ။ ဘယ်က မသာမတွေက လာပေးမှာလဲ ကဲ ကျွန်မက အဲဒီလို မေးလိုက်ချင်တယ်။
အငယ်မ ကေသီခိုင်ကလည်း အလယ်တန်း တက်ရတော့မှာ ဆိုတော့ မူလတန်းတုန်းကလို ဗလာစာအုပ် ၂ အုပ် ၃ အုပ် ခဲတံ ၁ ချောင်း ၂ချောင်းနဲ့ မပြီးတော့ဘူး။ ကွန်ပါဘူး ဆိုလား ၀ယ်ရမယ်ပြောတယ်။ ကျောင်းစာအုပ်တွေကလည်း မနည်းမနောပဲ။ ငါးဘာသာ ဆိုလား ခြောက်ဘာသာ ဆိုလား စာအုပ်ဖိုးနဲ့တင် နင့်ရော။ ကျောင်းထွက်ခိုင်းဖို့တော့ စဉ်းစားပါသေးတယ်။
ကိုယ့်သမီးမို့ ပြောတာ မဟုတ်ဘူး။ ကံအကြောင်းမလှလို့ မဟုတ်တာ လုပ်စားနေရပေမဲ့ သိပ်တော်တာ။ မိဘတွေ အပေါ်မှာတင် မကဘူး။ အစ်မကြီး အမိရာ ဆိုသလို သူ့မောင်တွေ ညီမတွေပေါ်လည်း သိပ်ကောင်းတာ။ သားလတ် ကျော်၀င်းခိုင် ၁၀ တန်းအောင်တော့ ရဲထဲ၀င်ပြီး ရဲသင်တန်းတက်နေတုန်းကလည်း သူပဲ ထောက်ပံ့ထားတာ။ သင်တန်းတက်နေရင်း ဒုရဲအုပ်ဖြေဖို့ ဘွဲ့ရအောင် အဝေးသင် တက်ရဦးမယ် ဆိုတော့လည်း တစ်ချက် မညည်းမညူ။ တက်ပါတဲ့။
အံမယ်လေး။ ဘယ်သူတွေ ဘာပြောပြော။ ကျွန်မ သမီးကြီးက သူတော်ကောင်းမကြီးပါတော်။ ကျေးဇူးရှင်မကြီးပါ။ သူရဲကောင်းမကြီးပါအေ။
အဲဒီလိုသာ အရပ်ထဲ ထွက်ပြီး ခုနစ်သံချီ ဟစ်ပစ်လိုက်ချင်တော့တာပဲ။
အဲဒါကြောင့်မို့လို့ ၃ရက် တစ်ခါ ၄ရက် တစ်ခါ သမီးကြီး ပြန်လာတိုင်း အသားဟင်းလေး တစ်မယ်တော့ ပါအောင် ချက်ကျွေးတယ်။ ကိုယ်မစားရတာ ဘာအေ၇းလဲ။ တစ်ခါမှာတော့ သမီးကြီးနဲ့ အတူ အသက် ၃၅ နှစ်ကျော် အရွယ် မိန်းမ တစ်ယောက် ပါလာတယ်။ အသက်ကသာ ၃၅နှစ်ကျော်တယ်။ ၀တ်ထားစားထားပုံက ဒူးလောက်ရှိတဲ့ စကတ်တိုကို လက်ပြတ်ကြိုးတစ်လုံး စွပ်ကျယ်လိုလို ဘာလိုလို အသားပျော့ အင်္ကျီနဲ့ တွဲ၀တ်ထားသေးတယ်။ မျက်လုံးကပြူး နှုတ်ခမ်းကထူ နဖူးက မောက် နှာယောင်က ကောက်တောက်တောက်နဲ့ ရုပ်ကိုက တစ်စက်မှ ကျက်သရေ မရှိဘူး။ ခေါင်းက ဆံပင်ဆိုတာလည်း အဟုတ် ဆံပင်ပဲ ဝါကျင်ကျင်နဲ့။ အဲဒီ ဆံပင်အရောင်နဲ့ သူ့အသားအေ၇ ပနံမစားလိုက်ပုံများ တစ်ကိုယ်လုံး မည်းသဲပြာကော့နေတာပဲ။
နာမည်က ငယ်ငယ်တဲ့။ သမီးကြီးကတော့ သူ့ကို မငယ်လေး မငယ်လေးနဲ့ ပါးစပ်ဖျားကကို မချဘူး။ ကျွန်မကတော့ ဒင်းဘာလဲ ဆိုတာ ရိပ်မိပါရဲ့။ ကောင်မရဲ့ပုံကိုက ဒင်းရုပ်ရည်နဲ့ ဒင်းအလုပ်အကိုင်နဲ့ လိုက်လည်းလိုက်ပါတယ်လေ။ ညဆိုလည်း ညဉ့်နက်တဲ့ အထိ မအိပ်ဘဲ အိမ်ရှေ့ ထွက်ထိုင်ပြီး တဟီးဟီး တဟားဟားနဲ့။
လာလိုက်တဲ့ ဖုန်းတွေ ဆိုတာလည်း သန်းခေါင်သန်းလွဲတောင် မရှောင် တတီတီနဲ့။ ပြောလိုက်မှဖြင့် ယောင်္ကျားတွေနဲ့ချည်းပဲ။
ဟယ်လို အင်းပါ ကိုကြီးကလည်း ငယ် ပြန်လာမှာပေါ့။ ဟွန်း သိပါတယ်နော် ကိုကြီး မယားကြီး မ၇ှိလို့ ငယ့်ကို တ နေတာ မဟုတ်လား။ ဟား ဟား ဟား အလကား နောက်တာပါ။ ကိုကြီး ငယ့်ကို ဘယ်လောက် စွဲတယ် ဆိုတာ ငယ်သိတာပေါ့။
ဟယ်လို ငယ်ငယ်ပါရှင်။ ဟား ဟား ဟား ရှင်ကလည်း သိပ်အကောင်း မကြိုက်တတ်ဘူးနော်။ စ ကိုင်လိုက်မှဖြင့် နုပေ့ဆိုတဲ့ အသီးကိုမှ စားချင်တယ် ဟုတ်လား ဟင်းဟင်းဟင်း
ဘာတဲ့ ကြားလိုက်ပါသေးတယ်။ အပျို တစ်ယောက်ကို ပါကင်ဖောက်ရင် တစ်သိန်းခွဲ ရမယ် ဆိုလို့ကတော့ သူကပဲ ရှာပေးဦးမတဲ့လေ။ ရုပ်ကိုက ရှစ်စပ်က ဂျင်ခြေလည်တဲ့ ရုပ်မျိုးနဲ့။ ကျွန်မလေ အဲဒီကောင်မကို ဆံပင်ဆောင့်ဆွဲပြီး ပါးကိုချည်း ပိတ်ရိုက်ပစ်လိုက်ချင်တယ် အဟုတ်ပြောတာ။
ကြည့်စမ်း ကျွန်မစိတ်တွေ ဘာကြောင့် ဒီလောက် ကြမ်းတမ်းပြီး ရိုက်ချင် နှက်ချင် လက်တပြင်ပြင် ဖြစ်နေရတာလဲ မသိဘူး။
ဟင်း တကယ်တော့ ကျွန်မရင်ထဲက အမုန်းစိတ်က ပြည့်တန်ဆာ ဆိုတဲ့ အလုပ်ကြီးကို စက်ဆုပ်နေတာ။ အဲဒီ အလုပ်နဲ့ ပိုက်ဆံရှာနေတဲ့ သမီးကြီး အတွက် ယူကြုံးမရ ဖြစ်နေတာ။အဲဒီက ရလာတဲ့ ပိုက်ဆံတွေကို မှန်းပြီးစားနေတဲ့ ကျွန်မကိုယ်ကျွန်မ မုန်းတီးနေတာ။
ကျွန်မ တကယ်တမ်း ပါးတွေ နားတွေ ရိုက်ပစ်ချင်တာက အသုံးမကျတဲ့ ကျွန်မ ကိုယ်တိုင်ကိုပါ။ အဲဒီ စိတ်အပုပ်အဆွေးနာကြီးကို သူများကို တရားခံရှာရင်း ငယ့်ငယ့်အပေါ် ဒေါသတွေ ပုံကျသွားတာပဲ။
အင်း ငယ့်ငယ့်ကိုလည်း ကြာတောင့်ကြာရှည် စိတ်ဆိုးမနေအားတော့ဘူး။ နောက်တော့ ဒင်းက ကျွန်မ အတွက် ကျေးဇူးရှင်မကြီးလိုတောင် ဖြစ်လာသေးပါသကော။
သမီးကြီး သန္တာခိုင် ပြည့်တန်ဆာမှုနဲ့ ပထမ တစ်ခါ ထောင်ကျတုန်းကပေါ့။ ပထမဆုံးဆိုတော့ ထောင်တွေ ဂတ်တွေ အကြောင်းလည်း နားမလည် ဘယ်သူ့ ဘယ်လို သွားတွေ့ရမှန်းလည်းမသိ သက်သာရာ သက်သာကြောင်း လိုက်ဖို့ကျတော့လည်း ပိုက်ဆံ ဘယ်လောက်ကုန်မယ်မှန်းမသိနဲ့ အဲဒါတွေ အားလုံးကို တစ်ထိုင်တည်း ထောင့်စေ့အောင် ငယ်ငယ်ကပဲ ဦးဆောင်လုပ်ပေးသွားတာ။
အန်တီ သန္တာ့အတွက် မပူနဲ့ သိလား။ ငယ်အားလုံး စီစဉ်ပေးထားတယ်။ လိုင်းကြေး ကိစ္စလည်း ရှင်းပြီးပြီ။ အထဲက လက်ကောက်တွေ ဝါဒါတွေနဲ့လည်း ညှိထားပြီးပြီ သိလား။ အန်တီ အေးအေးဆေးဆေး အိမ်မှာ ပြန်နားပါတော့
အေးပါ ကျေးဇူးရှင်မကြီးရယ် ညည်းလုပ်ပေးကိုင်ပေးတာတွေအတွက် ကျေးဇူးအများကြီးတင်ပါ၇ဲ့အေ။ ကျုပ်၀မ်းထဲမှာပဲ တစ်သက်လုံး မှတ်ထားပါမယ်။ ကဲ သွားပြီနော်။
အဓိက ပိုက်ဆံ ရှာပေးနေတဲ့ သမီးကြီး အိမ်မှာ မရှိတော့ အငယ်မလေး ကေသီခိုင်ကို ကျောင်းထုတ်လိုက်ရတယ်။ ပြီးတော့ အိမ်မှာ ဆီးထုပ်ထုပ်တဲ့ အိမ်မှာ အလုပ်သွင်းပေးလိုက်တယ်။ ကလေးဆိုတော့ ကလေးခပဲ ရတာပေါ့လေ။ သူ့အတွက် ကျောင်းစားရိတ် မကုန်တော့တာနဲ့ပဲ တော်တော်ဟုတ်နေပြီ။ သားလတ် ကျော်၀င်းခိုင်ကတော့ ကျိုင်းတုံဘက်မှာ တာ၀န်ကျနေတယ်။ သူ့လစာနဲ့သူ လောက်ငှအောင် သုံးနေရတာဆိုတော့ အိမ်ကိုလည်း မထောက်ပေးနိုင်ဘူး။
တစ်ခါတစ်ခါ ပိုက်ဆံလိုတယ်ဆိုပြီး လှမ်းမှာလို့တောင် အရပ်ထဲက ဒေါ်သိန်းမြဆီကပဲ အတိုးနဲ့ ရှိခိုးဦးတင် ချေးငှားပြီး ထည့်ပေးလိုက်ရတယ်။ သူကတော့ သူ့အစ်မကြီး သန္တာခိုင်က ပေးတယ်လို့ပဲ ထင်နေမှာ။ အငယ်လေး ဇေယျာခိုင်ကိုတော့ ကျောင်းစအပ်ရမယ့် အရွယ်ရောက်ပေမဲ့ မအပ်နိုင်သေးဘူး။ ကျွန်မ စျေးထဲမှာ တောက်တိုမယ်ရ သွားလုပ်တဲ့အခါ အဖေ လူမမာကြီးကို နားနေဖို့ အိမ်စောင့်ထားခဲ့ ရတာ။
အဲဒီလိုနဲ့ ၅နှစ် ၆နှစ်သာ ကြာသွားတယ်။ ကျွန်မတို့ ဘ၀ ကတော့ ဝဲမိနေတဲ့ ဗေဒါတွေလို တစ်နေရာတည်းမှာပဲ သံသရာလည်နေတော့တယ်။ အကြီးမကြီးက ထောင်ထဲ ၀င်လိုက် ကျန်ခဲ့တဲ့ လူတွေက အကြွေးယူစားလိုက်ရ ထောင်က ပြန်ထွက်လာရင် အလုပ်လေး လုပ်လိုက် စားထားတဲ့ အကြွေးတွေ ပြန်ဆပ်လိုက်နဲ့။ ကျွန်မတို့ဟာ လူ အဖြစ်နဲ့ အရှင်လတ်လတ် ငရဲ ခံနေရတာလားလို့တောင် တစ်ခါ တစ်ခါ တွေးမိတယ်။
သမီးကြီးကတော့ ပေါက်တဲ့ နဖူး မထူးဘူးလို့ များစိတ်တင်းထားသလား မသိဘူး။
နောက်ဆုံးတစ်ခေါက် ထောင်မကျခင်တုန်းက တော်တော်လေး မမာဖြစ်နေတာ ပြီးတော့ အလုပ်တောင် ကောင်းကောင်း မလုပ်နိုင်တော့ဘူး။
ကျွန်မ ရိပ်မိတာပေါ့။
သမီးကြီး ပုံစံက အရင်လောက် အလုပ်မဖြစ်တော့ဘူးဆိုတာ လူက ပိန်ချုံးနေတာပဲ။ ဒါနဲ့ ကျွန်မက
သမီးရယ် မသွားပါနဲ့တော့လား အဲဒီ အလုပ်ကို လုပ်လည်း လုပ်စားမနေပါနဲ့တော့။ ငါ့သမီး ပင်ပန်းလှပြီ။ အမေတို့ ငတ်ရင်လည်း ငတ်ပါစေတော့
ကျွန်မက အတန်တန် တားနေတဲ့ကြားက သမီးကြီးက
အမေရယ် လူက ဆန်ခါဖြစ်နေမှတော့ အပေါက် တစ်ပေါက်တိုးလာလို့လည်း ဘာမှ ပိုမထူးပါဘူး
အဲဒီလိုပြောပြီး ညဘက် သမီးကြီး အိမ်က ထွက်သွားလိုက်တာ အိမ်ကို ပြန်ရောက် မလာတော့ပါဘူး။ စီမံချက်နဲ့ တိုးတယ် ဆိုလား အဖမ်းခံလိုက်ရတယ်။
ကျွန်မဖြင့် အဲဒီ သတင်းကြားရလို့လည်း ငိုလား ပြုလား လုပ်မနေအားတော့ပါဘူး။ လမ်းဘေး ပီစီအို ဖုန်းကနေ ငယ်ငယ့်ဆီပဲ လှမ်းဆက်ပြီး အကျိုးအကြောင်း ပြောပြလိုက်တော့တယ်။
(၆)
အံမယ်လေး ဘုရားေ၇ အကုသိုလ်က အခုမှ လည်မျိုကို တည့်တည့် တက်နင်းတော့တာပဲ။ ခါတိုင်း ဒုက္ခရောက်တယ် ဆိုတာက မစားရ ဗိုက်မှောက်နေ၇ုံပေါ့။ အခုဟာက ခွေးလေခွေးလွင့်လို လမ်းဘေးနေ လမ်းဘေးစား ရမယ့်ကိန်းပါလား။
အခု ကျွန်မတို့ ငှားနေရတဲ့ အိမ်လေးကို ပိုင်ရှင်က ရောင်းပစ်တော့မလို့တဲ့။ ကျွန်မလေ ရှိခိုးမတတ် တောင်းပန်ပါသေးတယ်။
အစ်မရယ် လခတိုး ယူမယ်ဆိုရင်လည်း ကျွန်မ အကြွေးခံပြီး မရရအောင် ရှာပေးပါ့မယ်။ ကျွန်မမှာက လူမမာ ဒုက္ခိတကြီးက တစ်ဖက်ဆိုတော့ ကသီလို့ပါ အစ်မရယ်
မရဘူး ခင်ဌေးရေ။ ငါတို့က ၀ယ်မယ့်သူနဲ့ စျေးစကားတောင် ပြောပြီးနေပြီ။ အဲဒါကြောင့် ထုံးစံအတိုင်း ညည်းတို့ကို တစ်လကြိုပြီး ပြောတာ။ ဒီတစ်လအတွင်း နောက်ထပ်အိမ်ရအောင် ရှာပေါ့အေ။
အဲဒါနဲ့ ကျွန်မလည်း ကောက်သင်းကောက်သလို နေပူစပ်ခါး ထီးမပါ ဘာမပါနဲ့ အရပ်လည်ပြီး အိမ်ရှာရတာပေါ့။ တချို့ ငှားမယ့် အိမ်တွေတော့ တွေ့ပါရဲ့။ စျေးလည်း သက်သာပါရဲ့။ ဒါပေမဲ့ သူတို့က ကျွန်မတို့ မိသားစုကို မသန့်လို့ မငှားဘူးတဲ့။ ဒါ ဘာကို ဆိုလိုတယ် ဆိုတာ သိပါတယ်။ ပါးစပ်ကသာ မသန့်လို့ ဆိုတဲ့ အသုံးအနှုန်း သုံးလိုက်ပေမဲ့ သူတို့ မျက်လုံးတွေကတော့ နင်တို့လို ဖာသည် လုပ်စားနေတဲ့ သူတွေကို မငှားဘူးဟဲ့ လို့ ပြောနေတာပါပဲ။
ကမ်းနားဘက်က ရပ်ကွက်မှာတော့ တူတူတန်တန် ထရံကာ သွပ်မိုးအိမ်လေးတစ်လုံးတော့ တွေ့တယ်။ ဒါပေမဲ့ စပေါ်က သုံးသိန်း အိမ်လခက နှစ်သောင်းခွဲလို့ ပြောနေတယ်။ အခု ကျွန်မနေတဲ့ အိမ်ပေါ်က ဆင်းရင်တောင် ကြားထဲမှာ အိမ်လခ မပေးနိုင်လို့ စပေါ်ထဲက ဖြတ်ယူထားလိုက်ဦးမှာ ဆိုတော့ ငါးသောင်းလောက်ပဲ ပြန်ရတော့မှာ။ ကဲ အဲဒီ သုံးသိန်းဆိုတဲ့ ပိုက်ဆံ ဘယ်ကနေ သွား၇ှာရမလဲ။
ကျွန်မလည်း ချီတုံချတုံ ဖြစ်နေလိုက်တာ တဖြည်းဖြည်းနဲက အိမ်ပေါ်က ဆင်းပေးရဖို့ ၁၀ ရက်လောက်ပဲ လိုတော့တဲ့ အချိန်ကို ေ၇ာက်လာတယ်။ တဲစုတ်နဲ့ပဲ နေရ နေရ ဆိုပြီး ဒီကြားထဲမှာ ကြိုးစား ရှာသေးတယ်။ တစ်လုံးမှ မတွေ့တဲ့ အပြင် စောစောက ကြည်လင်တဲ့ အိမ်ရှင်ကတောင်
ဟဲ့ မိဌေး နင်ငှားမှာလား မငှားဘူးလား။ နောက်တစ်ယောက်ကတောင် လာမေးနေပြီ။ နင်တို့ မယူရင် ငါ တခြားလူ အငှားတင်လိုက်တော့မယ်။
ကျွန်မ ရင်ပူရပြီ။ အောက်ပိုင်းသေနေတဲ့ လူမမာ ဒုက္ခိတကြီးကို ခေါ်ပြီး ကျွန်မ ဘယ်မှာ သွားနေရမှာလဲ။ အမျိုးအဆွေတွေတော့ ရှိပါရဲ့။ သူတို့ ခမျာလည်း ရွှေလုံးနဲ့ ကျားကိုးစီး ဆိုတာမျိုး ကျနေတာပဲ။ ပိုက်ဆံ ရှာတဲ့ လူက တစ်ယောက်တည်း ထိုင်စားတဲ့ သူတွေက တစ်ပြုံကြီး ဆိုတော့ ကိုယ်တွေကို ခေါ်တင်ထားဖို့ ဘယ်အဆင်ပြေပါ့မလဲ။ ပြီးတော့ သမီးကြီး ကိစ္စက ရှိသေးတယ်။ စိတ်ညစ်လွန်းလို့ ဆိပ်ခံ တံတားပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အထိတောင် စဉ်းစားလိုက်မိသေးတယ်။ ဒါပေမဲ့ ကျွန်မ သေသွားရင်လည်း ကျန်ရစ်ခဲ့မယ့် သူတွေက ဒီထက်မက ဒုက္ခရောက်ကြမှာစိုးလို့ ကိုယ်လွတ်မရုန်းချင်တော့ပါဘူးလေ။
` အဲဒီလို စိတ်ညစ်ညစ်နဲက အိမ်ရှေ့ကပြင်မှာ ခြေတွဲလောင်းချထိုင်နေတုန်း ငယ်ငယ် ေ၇ာက်လာတယ်။ သန္တာခိုင်အတွက် ထောင်၀င်စာ သွားတွေ့ရင် ယူသွားဖို့ ဆိုပြီး ငါးပိကြော်တွေ မုန့်ဘူးတွေ လာပေးတာပါ။ ငယ်ငယ့်ကို မြင်တော့ ဟို လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းက သူဖုန်းပြောနေတုန်း ကြားဖူးတာလေးတစ်ခုကို ပြန်သတိရသွားတယ်။ ဒါနဲ့ တိုးတိုးလေး ကပ်ပြီးမေးလိုက်တယ်။
ညည်းတို့ အလုပ်က ဟိုဒင်းကို အရင်ဆုံး စဖြစ်ရင် တစ်သိန်းခွဲ ပေးတယ်ဆို တကယ်လားအေ
ပြောမိပြီးချင်းချင်း ရှက်လွန်းလို့ ကျွန်မ မျက်နှာကို ရေနွေးပူထဲ နှစ်ပစ်ချင်စိတ်ပေါက်သွားတယ်။ ငယ်ငယ်ကတော့ ဒါမျိုးတွေ ၇ိုးနေလို့လား မသိဘူး ဘာမှ မထူးခြားတဲ့ လေသံနဲ့
ခုပေါက်စျေးဆို ပြောတတ် ဆိုတတ်ရင် သုံးသိန်းတော့ ရတာပေါ့။ အရွယ်နဲ့ လည်း ဆိုင်သေးတယ်။ ဘာလဲ အန်တီ့မှာ အဆက်၇ှိလို့လား ဘယ်သူလဲဟင်
ငယ်ငယ်က အဲလိုမေးရင်း ကျွန်မ မျက်လုံးတွေထဲကို လှမ်းကြည့်လိုက်ရုံနဲ့ ကျွန်မ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောနေတယ်ဆိုတာ သိသွားပါတော့တယ်။
* * *
ကျွန်မက သမီးငယ် ကေသီခိုင်ကို လက်ဆွဲပြီး ရပ်ကွက် အစွန်က ချောင်ကျတဲ့ ဆေးခန်းလေးဆီ လာခဲ့တယ်။ မတော်တဆ အဝှာပြုရင်း ဗိုက်ကြီးသွားရင် တစ်ခက်က နှစ်ခက်ဖြစ်ဦးမှာလေ။ တားဆေးလေးတော့ ထိုးမှပေါ့။ ဒါကလည်း ငယ်ငယ်က သင်ပေးလိုက်တာလေ။
ဆေးခန်းကိုေ၇ာက်တော့ ရှေ့မှာ လူနာကြည့်လက်စ ရှိနေတာနဲ့ ၁၅ မိနစ်လောက် စောင့်ရသေးတယ်။ ကျွန်မတို့ ေ၇ာက်ပြီးမှ နောက်ထပ် လူနာ နှစ်ယောက် သုံးယောက်လည်း ရောက်လာကြသေးတယ်။ ကျွန်မတို့ကို သိလို့လား မသိဘူး။ ကွက်ကြည့်ကွက်ကြည့် လုပ်နေလေရဲ့။ ဒါပေမဲ့ ကျွန်မ ဒါတွေကို ဂရုစိုက်မနေအားပါဘူး။ မျက်နှာပြောင်တိုက်လွန်းတော့ နေသားကျသွားပြီ ထင်ပါ၇ဲ့။
ကျွန်မတို့ အလှည့် ရောက်လို့ ကာထားတဲ့ လိုက်ကာစ နောက်ကို ၀င်မိတယ် ဆိုရင်ပဲ ဆရာ၀န်ကို အဆင်သင့် တွေ့ရတယ်။ ဒါနဲ့ ကျွန်မက
ဆရာ ကျွန်မ သမီးကို သုံးလခံဆေး ထိုးချင်လို့ပါ ဆရာ
လို့ ပြောပြီး ကျွန်မက သိမ်ငယ်စိတ်ကို ဖုံးဖို့ တမင်ပဲ မျက်နှာကို မော့ချီထားလိုက်တယ်။ ဟုတ်တယ်လေ ကျွန်မ ဒီနေရာမှာ မဝံံ့မရဲ ဖြစ်နေရင် ဆရာ၀န်က ဘာလားညာလား စစ်မေးပြီး မထိုးပေးရင် ဒုက္ခလေ။ ဒါတောင် ဆရာ၀န်က ကျွန်မတို့ကို တစ်ချက် မသိမသာ အကဲခတ်လိုက်သေးတာ။ သူက ဆေးမှတ်တမ်းစာအုပ်ကို ဖွင့်ပြီး
နာမည် ဘယ်လို ခေါ်လဲသမီး
လို့ ကျွန်မ သမီးကို ကြည့်ပြီး မေးတယ်။ သမီးက လေသံ ခပ်တိုးတိုးနဲ့ ခေါင်းငုံ့ပြီး
ကေသီခိုင်ပါ ဆရာ
အသက်ကေ၇ာ
ကျွန်မ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။ သမီးကိ ကြည့်လိုက်တော့ ဘာမှ မသိ နားမလည်တဲ့ မျက်လုံးလေးနဲ့ အမေ ဖြစ်တဲ့ ကျွန်မကို အားကိုးတကြီး မော့ကြည့်နေတယ်။ တကယ်ဆို ကျွန်မ သမီး အသက် ၁၅ နှစ်ကို ဆရာ၀န်က မေးရင် လိမ်ပြီး ဖြေဖို့ လမ်းတစ်လျှောက်လုံး ကျွန်မ အထပ်ထပ် လေ့ကျင့်လာခဲ့ပြီးသားပါ။ ဒါပေမဲ့ ဘာကြောင့်မှန်း မသိဘူး။ စကားသံက တော်တော်နဲ့ ထွက်မလာဘူး။ အရမ်းအားယူပြီးမှ
အသက် ၂၀ ပါ ဆရာ
လို့ ကျွန်မက ဇွတ်မှိတ်ပြောလိုက်တယ်။ ဒါတောင် အသံက ခြောက်ကပ်ကပ် ဖြစ်သွားသေးတယ်။
ဆရာ၀န်က ကျွန်မ အပြောကို မယုံကြည်တဲ့ မျက်လုံးနဲ့ အကဲခတ်ပြီး
သမီးရဲ့ ခင်ပွန်းကရော မပါဘူးလားကွယ့်
ဒါအကဲစမ်းတဲ့ မေးခွန်းပဲ။ ပထမ တစ်ခွန်း နှစ်ခွန်း လိမ်ပြီးလို့ လျှာချောသွားသလားတော့ မသိဘူး။ ပလီစိချောက်ချက် စကားတွေက ကျွန်မ ပါးစပ်ထဲကနေ အလိုက်သင့် လျှောခနဲ ထွက်လာတယ်။
ဒီလိုပါ ဆရာ။ သမီးက ဒီလကုန်ရင် မင်္ဂလာဆောင်မှာ မို့လို့ပါ။ အဲဒါ အိမ်ထောင် ကျကျချင်း ကလေးရသွားရင် ကသီကုန်ကြမှာ စိုးလို့ ကြိုလုပ်ထားတာပါ ဆရာ
တော်သေးတယ်။ ဆရာ၀န်က ဘာမှ ဆက်မမေးတော့ဘဲ လျှေုာလျှော၇ှူရှူ ဆေးထိုးပေးလိုက်လို့။
ဆေးထိုးခံနေတဲ့ သမီးငယ်လေးကို ကျွန်မ စိုက်ကြည့်နေမိတယ်။ စိတ်ထဲမှာ နှမြောသလိုလို ဘာလိုလိုနဲ့ အေးလေ သူ့အစ်မ တစ်ယောက်လုံး ဖာဖြစ်နေမှတော့ ဒီသမီးငယ်လေးလည်း ရှေ့လျှောက် ဘယ်လိုလုပ်ပြီး လင်ကောင်းသားကောင်း ရတော့မှာလဲ။
ကံဆိုးလိုက်ပုံများ အဆိုးတွေချည်းပဲ ဆက်တိုက်ဖြစ်ဖို့ အချိန်ကိုက်တိုက်သလား ထင်ရတယ်။ ဆေးခန်းက ထွက်တော့ ဒေါ်သိန်းမြနဲ့ တည့်တည့်တိုးပါလေရော။
ကျွန်မက စိတ်ကို တင်းလို့ ဗြောင်ပဲ မသိချင်ယောင်ဆောင် ခေါင်းကိုမော့ ရင်ကိုကော့ပြီး ဆေးခန်းထဲက ထွက်လာခဲ့တယ်။
တော်ပြီ တော်ပြီ။ ဒီဆေးခန်းကို နောက်ဘယ်တော့မှ မလာတော့ဘူး။ အတင်းပြောချင်တဲ့ မျက်လုံးတွေကို ရင်ဆိုင်ရတာက တစ်မျိုး။ ဆရာ၀န် လုပ်တဲ့ သူကလည်း ဟိုဟာမေး ဒီဟာမေးနဲ့ တကယ်ဆို သူ့အလုပ် ဘာရှိလဲ ဆေးထိုးပေးပါဆို ထိုးပေးလိုက်ရောပေါ့။
ဟင်း သိတယ် သိတယ်။ အဲဒီ ဆရာ၀န်ရဲ့ မျက်လုံးတွေကိုကြည့်ရုံနဲ့ မသင်္ကာ ဖြစ်နေမှန်း အသိသာကြီးပဲ။ တားဆေးထိုးရတဲ့ တကယ့် အကြောင်းရင်းကို သိသွားလို့ကတော့ အဲဒီ ဆရာ၀န် ကျွန်မကို ဘယ်လိုပြောမလဲ ဆိုတာ သိတယ်။
* * *
သိတယ် ရှင်တို့ ပြောချင်နေတာတွေကို သိတယ်။
ကျွန်မတို့ ပြည့်တန်ဆာ လုပ်စားတာကို ကိုယ်ကျင့်တ၇ား မကောင်းတဲ့ မိန်းမတွေ အလုပ်ကို တူတူတန်တန် မလုပ်ချင်ဘဲ ဖျာပေါ်လှဲပြီး အချောင် ပိုက်ဆံ လိုချင်တဲ့ ဟာမတွေလို့ ထင်တယ်ပေါ့လေ။
ကြီးကြီးကျယ်ကျယ် ပြောရမယ် ဆိုရင် ကျွန်မတို့က ဘ၀ကို အောင်မြင်အောင် မကြိုးစားပဲ ရေစုန်မျောလိုက်ချင်တဲ့ လမ်းဘေးက အောက်တန်းစား အပေအတေတွေ သမီးပြည့်တန်ဆာ ဖြစ်တာကို မဆုံးမဘဲ အားပေးအားမြှောက် လုပ်တဲ့ တိရစ္ဆာန်သာသာ မိန်းမလို့ ကျွန်မကို ထင်ကြတယ် မဟုတ်လား။
ကျွန်မက ဘ၀ အခက်အခဲကို အရှူံးမပေးတတ်အောင် စိတ်ဓာတ်ကောင်းတွေ သားသမီးတွေကို သင်ပေးရမယ့် အစား လွယ်လွယ်ပိုက်ဆံရတဲ့ ပြည့်တန်ဆာ အလုပ်ထဲ ဆွဲနှစ်နေတယ်လို့ စွပ်စွဲချင်တာပေါ့ ဟုတ်လား။
ကောင်းပါတယ် စကားလုံးတွေကလည်း လှပါတယ်။ ရှင်တို့ပဲ ဖြူစင်မှုတွေ ယူကြပါ။ အောင်မြင်မှုတွေ ယူကြပါ။ ဒါပေမဲ့ ရှင်တို့ သိထားရမှာက ကြိုးစားတယ် ဆိုတာ လူတိုင်းရနိုင်တဲ့ အခွင့်အရေး မဟုတ်ဘူး။ ခြေဖဝါး လက်ဖဝါး ဗလာနဲ့ ကျွန်မတို့လို လူမျိုးတွေ အဖို့ ဘာတွေကို ရည်မှန်းပြီး ကြိုးစားရမှာလဲ။
ကျွန်မတို့မှာ ကြိုးစားနိုင်လောက်တဲ့ အရည်အချင်း ဘာတစ်ခု ရှိလဲ။ ကျွန်မတို့ ပညာမတတ်ဘူး။ ရုပ်ရည် မရှိဘူး။ ပိုက်ဆံ မရှိဘူး။ ဘာအထောက်အပံ့တစ်ခုမှ မရှိဘူး။ အခု ဆင်းရဲနေပေမဲ့ နောက်တော့ ပြေလည်မယ်လို့ ကျွန်မတို့ အားကိုးအားထားပြု မျှော်လင့်စရာ ဘာတစ်ခုမှ မရှိဘူး။ ကူကယ်ရာမဲ့ ဆိုတဲ့ စကားဟာ အလကား ဖြစ်လာတာ မဟုတ်ဘူးလေ။
ကြိုးစားရမယ်တို့ အောင်မြင်ရမယ်တို့ ရည်မှန်းချက်ထားရမယ်တို့ ဘ၀ကို ရုန်းကန်ရမယ် ဆိုတဲ့ စကားတွေက ကျွန်မတို့ ဘ၀နဲ့ အဝေးကြီးပဲ။ ကျွန်မတို့လို အဆင့်အတန်းနဲ့ အဲဒီ စကားလုံးတွေက ဘာမှ မဆိုင်လို့ တစ်ခါမှ လှည့်မကြည့်ခဲ့တာ။
ရုန်းကန်တယ်ဆိုတာ အင်အားရှိမှ ရုန်းကန်လို့ရတာ။ ဟောဒီမှာ ကြည့်စမ်းပါ။ ကျွန်မမှာ ခြေနှစ်ချောင်း လက်နှစ်ချောင်း အပြင် ဘာအင်အားများ ရှိတော့လို့လဲ။ နဂိုကတည်းကလည်း ဘာမှ ရှိမနေခဲ့ဘူးလေ။
အဲဒါကိုတောင်မှ ရှင်တို့ မမြင်ဘဲ ကျွန်မကို မိခင်မေတ္တာစိတ် တစ်စက်မှ မရှိဘူးလို့ စကားလုံး ကြီးကြီးကျယ်ကျယ်တွေနဲ့ စွပ်စွဲဦးမလို့လား။ သမီး **** ခံလို့ ရတဲ့ ပိုက်ဆံတွေကို ကျွန်မ တစ်ယောက်တည်း မြိန်ရည်ရှက်ရည် ၀တ်စားမျိုဆို့ နေတာ မဟုတ်ဘူး။ ကျွန်မ မွေးထားတဲ့ ကလေးတွေ ထမင်းနပ်မှန်အောင် ကျွေးဖို့ ဆိုတဲ့ အာသီသ တစ်ခုတည်းက လွဲလို့ ကျွန်မ စိတ်ထဲမှာ ဘာမှ မရှိဘူး။
ကျွန်မ သမီးကို ၀က်ပေါ်သလို သတ်ပစ်လိုက်ကြမှာဆို၇င်တော့ ဘယ်လောက်ရရ ကျွန်မ ဘယ်ေ၇ာင်းစားပါ့မလဲ။ ကျွန်မမှာ အများဆုံး မျှော်လင့်နိုင်တာ မသေရုံ ထမင်းစားပြီး အသက်ရှင်နေဖို့လေး တစ်ချက်တည်းကို ရည်စူးပြီး နေနေရတာ။ ဂုဏ်တို့ သိက္ခာတို့ လူရာသွင်းတာတို့ ဆိုတာတွေဟာ အသက်ရှင်နေခွင့်နဲ့ စာလိုက်ရင် ကျွန်မတို့ အတွက် သေးသေးလေး ဖြစ်သွားပြီ။
ရတယ် လူရာမသွင်းလဲ ရတယ်။ ကျွန်မတို့က တစ်နေ့ တစ်နေ့ ထမင်းနပ်မှန်အောင် စားဖို့လောက်ပဲ အာရုံစိုက်နေတဲ့ သက်ရှိကောင်တွေပဲ။
(၇)
ကျွန်မက သမီးငယ် ကေသီခိုင်ကို လက်ဆွဲပြီး ပြန်လာတော့ အိမ်ရှေ့ကပြင်မှာ တင်ပလ္လင်ခွေချိတ်ပြီး ထိုင်စောင့်နေတဲ့ ငယ်ငယ့်ကို တွေ့ရတယ်။ ငယ်ငယ်က ကျွန်မကို မြင်တော့ ကျွန်မနောက်က ရို့ရို့လေး ပါလာတဲ့ သမီးငယ်ကို ကျော်ပြီး လှမ်းကြည့်တယ်။ ပြီးတော့ သူက ကျွန်မကို မျက်လုံးတစ်ချက် ၀င့်ကြည့်ပြီး မေးဆတ်ပြတယ်။
ကျွန်မ ဘာမှ မပြောတော့ဘဲနဲ့ သူ့ဘေးနားမှာ ၀င်ထိုင်လိုက်တယ်။ ပြောစရာလည်း လိုမှ မလိုတော့ဘဲလေ။ ကျွန်မတို့ ကြားမှာ ဘာ စကားမှ မရှိတော့ဘဲ ခပ်ကြာကြာလေး ငြိမ်ကျသွားတယ်။ ပြီးတော့မှ ငယ်ငယ်က ဟင်းခနဲ သက်ပြင်းချသံနဲ့ အတူ သူ့စလင်းဘတ် အိတ်ထဲက ဟန်းဖုန်းကို ထုတ်လိုက်တယ်။ ဖုန်းနံပါတ် ခလုတ်တွေပေါ် လက်တင်ရင်းနဲ့ ဖုန်းခေါ်လိုက်တော့မယ်နော် လို့ အဓိပ္ပာယ်ရတဲ့ မျက်လုံးတွေနဲ့ နောက်ဆုံးတစ်ကြိမ် ငယ်ငယ်က ကျွန်မကို ကြည့်တယ်။ ကျွန်မ ခေါင်းညိတ်လိုက်မိတာလား ဇက်ကျိုးကျသွားတာလား ဝေ၀၀ါးဝါးပါပဲ။
အဲဒီမှာ ငယ်ငယ်က
ဟယ်လို ငယ်ငယ်ပါ ပစ္စည်းကတော့ အဆင်သင့်ပဲ ဖြစ်နေပြီ။ အင်း ဟုတ်တယ် ပစ္စည်းကို ဘယ်လာပို့ရမလဲ
သြော် ပစ္စည်းဆိုတာ ငါ့သမီးကို ပြောနေတာကိုး။ ငါ့သမီးက လူမဟုတ်တော့ဘူးပေါ့ ပစ္စည်း တစ်ခုဖြစ်သွားပြီပေါ့။
အင်း ငါေ၇ာ ဘာထူးလို့လဲ။
ရင်နာရလွန်းတော့လည်း မငိုဖြစ်ဘဲ ရယ်သံတွေဘဲ ထွက်လာတယ်။
ဟင်း ဟင်း ဟင်း ငါ့ကို လူရာမသွင်းချင်လည်း နေကြဟေ့ ဟုတ်တယ်။ငါကိုယ်တိုင် လူမှ မဟုတ်ဘဲ။ တိရစ္ဆာန် တစ်ကောင်ပဲကို။
ငါဟာ ကိုယ့်သားသမီးကိုကိုယ် ပြန်ကိုက်သတ်စားတဲ့ ကြောင်စုန်း တစ်ကောင်ပေါ့။
ထက်မြတ်နိုင်ဇင်
မတ်လ ၊ ၂၀၁၅