သရဲကြောက်သောတစ်ဥသန်းလွင်(စ/ဆုံး)
——————————————
တခါတလေ ငယ်ဘဝရဲ့ လွတ်လပ်ပေါ့ပါးမှုလေးတွေ လွမ်းဆွတ်မိတယ်။ အထူးသဖြင့် အခုလို ခေတ်ကြပ်ကြီးထဲ ရုန်းကန်ရှာဖွေရင်း မဆိုစလောက် အခက်အခဲလေးတွေ ကြုံရဆုံရတဲ့အခါမျိုးမှာပေါ့ ။
ကျနော် အရမ်းငယ်တုန်းက အဖြစ်သနစ်တွေကတော့ အလွဲလွဲအချော်ချော်တွေမို့ ပြောမပြချင်တော့ပါဘူး။
ဆယ်ကီလို ထရန်စဖော်မာ အဟောင်းရဲ့ လေဝင်ပေါက် ငါးမူးအဝိုင်းပေါက်လေးထဲ သေးပေါက်ထည့်ရင်း ဂွေးညပ်လို့ သေရာပါ အမာရွတ်ကျန်ရစ်ခဲ့တာ ၊ ထန်းမြွေရဲ့ခေါင်းကို တိပ်နဲ့ နှစ်ထပ်သုံးထပ် ကပ်ပြီး ၊ သူများကို စချင်လို့ အင်္ကျီ စွပ်ကျယ်ထဲ ထည့်ထားခဲ့တာ၊ အဲ့ဒီတိပ်က ချွေးစိုပြီး ကွာကျတော့ ထန်းမြွေက ချက်ကို မလွတ်တန်း ခဲထားတာ၊ညဘက်ကြီး အိမ်သာက အဆင်း မြေကြွက်ကိုက်ခံရတာကို မြွေကိုက်ပါတယ်လို့ ထင်ပြီး အော်ဟစ်ငိုတော့ တအိမ်လုံး စိုးရိမ်ပူပန်ပြီး ဆေးရုံမှာ တစ်ညအိပ်ခဲ့ရတာ ၊ အို …လွဲလွဲချော်ချော် ပြသနာများစွာ စုံလို့လင်လို့ပါပဲ။
အဲ့ဒါတွေသာ အကျယ်ချဲ့ပြောရရင် တိုတိုထွာထွာ နပီရဲ့ အလွဲကမ္ဘာဆိုပြီး စာအရှည်ကြီး ရေးဖြစ်နေအုံးမယ်။
အဲ့ဒီတော့ သိပ်အလှမ်းမဝေးသေးတဲ့ တက္ကသိုလ် ကျောင်းသားဘဝက အဖြစ်တစ်ခုကိုပဲ ဇာတ်စုံခင်း ပြောပြတော့မယ်။
ကျနော် ရတနာပုံတက္ကသိုလ်မှာ ကျောင်းတက်တုန်းကပေါ့။ ကျနော့် ဝါသနာက တရားလွန် စနောက်တတ်တာပဲ။
အဲ့ဒီမကောင်းတဲ့ အကျင့်ကို အခုတော့ တဖြေးဖြေး ပြုပြင်နေပါပြီ။အခု ရေးပြမယ့် အဖြစ်အပျက်ကြောင့် နောင်တ တကယ်ရသွားပြီး ၊ စနောက်ခြင်းတွေ မလုပ်တော့ပါ။
ကျနော့် စနောက်မှုကို ခံရတဲ့ သူငယ်ချင်း အထီး/အမတွေဟာ အစတော့ စိတ်ဆိုးကြတယ်။တပတ်တန်သည် နှစ်ပတ်တန်သည်ကြာမြင့်ပြီး နောက်တော့ သူတို့ ခွင့်လွှတ်ပေးကြပါတယ်။
ကျနော်ကလည်း အဲ့ဒီအချိန်ဆို မျက်နှာငယ်လေးနဲ့ တောင်းပန်တတ်တာကိုး။ မျက်နှာပေးက တကယ့် အကယ်ဒမီရှော့ဗျ။
အဲ … တစ်နှစ်ပတ်လုံး မခေါ်မပြောပဲ စိတ်ဆိုးနေဖူးသူ သူငယ်ချင်း တစ်ယောက်တော့ ရှိသဗျ။ သူ့နာမည်က တစ်ဥ ခေါ် သန်းလွင် (ရေစကြို) ပါ။
တစ်ဥ လို့ခေါ်ရတဲ့ အကြောင်းက သူက ကျနော်တို့ သမိုင်းမေဂျာက မဟုတ်ဘူး။ ဥပဒေဘာသာတွဲ အဓိက ယူထားတဲ့ ဥပဒေကျောင်းသား။ လူက ပုပုဝဝ ၊ မျက်နှာက အမြဲတန်း အိပ်ငိုက်နေတဲ့ ပုံစံ။ ဆံပင်က အမြဲတန်း စာကလေး အမွှေးနုတ်ကေ ။ သူ ပြောတာတော့ ဗိုလ်လောင်းကေတဲ့။ တစ်ဥလို့ ခေါ်ဖြစ်တဲ့ အကြောင်း ပြောပြရအုံးမယ်။
ခုံနံပတ်တွေ ပေးတဲ့အခါ ဘာသာအလိုက် ၊ နှစ်အလိုက် ပေးကြတယ်မဟုတ်လား ။ ဥပမာ- ပထမနှစ် သမိုင်း မေဂျာက ခုံနံပတ်ကို ၁ သမ/၄၅၂ ။ ပထဝီမေဂျာ ပထမနှစ်ဆိုရင် ၁ ပထဝ/ ၂၃၄ အဲ့သလိုမျိုးပေါ့ ။ သန်းလွင်တို့ ဥပဒေကျမှ ထူးထူးခြားခြား အက္ခရာ တစ်ခုတည်း ၁ဥ/ ၁၃၂ ဆိုပြီး ပေးတယ်။
အဲ့ဒါကို ကျနော်က သန်းလွင်နဲ့ စခင်ကတည်းက သတိပြုမိတော့ ‘တစ်ဥ’လို့ နာမည်ပြောင်ပေးခဲ့တာပေါ့။တချို့ နားမလည်ကြသူတွေက သန်းလွင်ကို တစ်ဥတည်းရှိတဲ့ကောင်၊ မျိုးမအောင်တဲ့ကောင်လို့ ထင်ကြလေရဲ့။ အဲ့သလို ထင်အောင်လည်း ကျနော်က တမင် ခေါ်ခဲ့တာကိုး ။
သန်းလွင်က အပြင်ဆောင်မှာ နေတယ်။ ကျနော်တို့ သမိုင်းမေဂျာအုပ်စုထဲက နေဆန်းတို့ လွင်မောင်မောင်တို့ကလည်း သန်းလွင်နဲ့ တဆောင်တည်းဆိုတော့ တနွယ်ငင် တစင်ပါဆိုသလို လူငယ်တွေ ဝိုင်းဖွဲ့ ခင်မင်သွားကြတာ သိပ်မဆန်းဘူးပေါ့။ ကျနော်က အဆိုကောင်း အတီးကောင်း(ဂစ်တာ)ဆိုတော့ ဒီကောင်တွေ ကျနော့်ကို အမြဲ ဖုန်းဆက်ခေါ်တတ်ကြတယ်။ ကျောင်းသူတွေ အဆောင်ရှေ့ ဂစ်တာတီးသွားမယ်ဆိုရင် ကျနော်မပါရင် ပွဲမဖြစ်သလောက်ပဲ။ အစနောက်သန်မှန်း သိသိနဲ့ သည်းခံပြီး ပေါင်းပေးကြတယ်။
ဒီလိုနဲ့ ကျနော်ရဲ့ စနောက်ခြင်းကို ဒေါသဖြစ်လိုက် ၊ စိတ်ဆိုးလိုက်၊ ကျနော်က လိုက်ချော့လိုက်လိုက်နဲ့ တနှစ်တာ ကာလဟာ ခဏလေး ကုန်ဆုံးသွားခဲ့တယ်။ စာမေးပွဲတွေ ဖြေပြီး ကျောင်းပိတ်သွားတော့ အသီးသီး အိမ်ပြန်ကြသည်ပေါ့။ အဲ့သည် တနှစ်လုံး သန်းလွင် ခေါ် တစ်ဥဟာ ကျနော့် အစအနောက်ကို အခံရဆုံး။ သည်းအခံနိုင်ဆုံးပါ ။ စာမေးပွဲ နောက်ဆုံးနေ့က အရက်တူတူ သောက်ကြတော့ ဒီကောင်က ကျနော့်ကို ဖက်ပြီး …
” ဟေ့ကောင် ပေါက်စ ၊ မင်း အရမ်း အစသန်တာ ငါ သိတယ်၊ ဒါပေမဲ့ မင်းက ကူညီစရာရှိရင် အိပ်သွန်ဖာမှောက် ကူညီပေးတတ်တယ်၊အဲ့ဒါကြောင့်လဲ မင်းကို ငါ တနှစ်လုံး သည်းခံလာခဲ့တာ၊ မင်း မစတဲ့နေ့ဆို ငါ့မှာ တခုခုလိုနေသလိုတောင် ခံစားရတယ်ကွာ။
ငါ မင်းကို ညီအစ်ကိုရင်းလို ခင်မိတယ်ဆိုတာကို ယုံ ။
ငါတစ်ခုလောက်တော့ မင်းကို တောင်းပန်ချင်တယ်။ မင်း စတာနောက်တာ လျော့ပါကွာ၊ အကျီစားသန်က ရန်ဖြစ်တတ်၏ ဆိုတာ ကြားဖူးတယ်မဟုတ်လား။ ဒါကြောင့် ကျောင်းဖွင့်လို့ ဒုတိယနှစ် စတက်ကျတဲ့အခါ ငါတို့ အခုလိုပဲ သူငယ်ချင်းတွေ ချစ်ချစ်ခင်ခင် ဆက်ရှိနေစေချင်တယ် သူငယ်ချင်း ”
ကျနော့်လက်ရေးက မူလတန်းကတည်းက ပိစိညှောက်တောက် သေးသေးလေးတွေ ။ ကြီးလာလည်း မပြင်တော့ဘူး။ လက်ရေး ပေါက်စကွေးလေးတွေ ကြည့်ပြီး ဆရာမက အူယားတယ်ထင်ပါတယ်။ကျနော့်ကို ပေါက်စလို့ ခေါ်တယ်။ အဲ့တာကြောင့် သူငယ်ချင်းတွေက ကျနော့်ကို ဆရာမ ခေါ်သလို ပေါက်စလို့ပဲ ခေါ်ကြတယ်။
ပြီးတော့ ၄လပိုင်း ကျောင်းလခနဲ့အဆောင်လခ မသွင်းနိုင်သေးတဲ့ သန်းလွင်ကို ကျနော်က မိဘတွေ ဆင်ထားပေးတဲ့ ရွှေလက်စွပ်ကို ရောင်းပြီး ကူညီခဲ့ဖူးတယ်။ အမှန်တော့ သူ့ကို ကူညီတာထက် ၊ ကျနော့် ဖဲကြွေးတွေက ပတ်လည်ဝိုင်းနေလို့ အပြတ်ရှင်းလိုက်တာပါ။ အိမ်ကိုတော့ တောင်သမန်အင်းထဲ ရေကူးရင်း ကျပျောက်တယ်လို့ပဲ ပြောလိုက်တယ်။ ဆူလည်း တပတ်ပဲပေါ့ ၊ ဘယ်မိဘက သားသမီးကို တလကိုးသီတင်း ဆူနေမှာလဲ ။ ဒါကို သူ့ဘာသူ လိုရာတွေးပြီး တစ်ဥသန်းလွင်က ကျေးဇူးတင်မဆုံး ဖြစ်နေတာလေ။
သန်းလွင်က လူပုစိတ်တိုဗျ။ တခါတခါ သူ ဒေါသထွက်ရင် တကယ်ကြောက်စရာကြီး၊ သူများကို မလုပ်ရရင် သူ့ကိုယ်သူ နာအောင် လုပ်တတ်တဲ့သူလေ။ နံရံကို လက်သီးနဲ့ ပစ်ထိုးတာမျိုး၊ သူ့ခေါင်းကို သူ့လက်သီးနဲ့ ခပ်ပြင်းပြင်း ထုတာမျိုး သိပ်လုပ်တတ်တာ။ အခုလည်း ဒီကောင် မူးနေပြီ။ စိတ်သာ တိုတတ်တာ အသည်းက ခပ်ငယ်ငယ်။ သူငယ်ချင်းတွေ ကျောင်းပိတ်ရက် ခွဲရတော့မယ်ဆိုတော့ မျက်လုံးက မျက်ရည်တွေဝဲလို့ ၊ အခုပဲ ငိုချလိုက်တော့မယ့်အတိုင်း။ ပြီးတော့ ကျနော် အဲ့ဒီကောင်ရဲ့ အားနည်းချက်ကို အဲ့ဒီအရက်ဝိုင်းမှာ သိလိုက်ရတာက , သန်းလွင်ဟာ သရဲ အလွန် ကြောက်တတ်ပါသည်ဆိုတာကိုပဲ။
အရက်သောက်ရင် ဘီယာသောက်ရင် ယောက်ကျားလေးတွေဟာ ဆီး ခဏခဏ သွားလေ့ရှိကြတယ်။ သန်းလွင်က မသွားပဲ အကြာကြီး အောင့်ထားလေ့ရှိတယ်။ အဲ့ဒါကတော့ အဆောင်အနောက်က လေးလုံးတွဲ အိမ်သာကို တစ်ယောက်တည်း မသွားရဲလို့ပဲ ။ သူ အရမ်း ဆီးသွားချင်ပြီဆိုရင် ကျနော် သို့မဟုတ် သူငယ်ချင်းတစ်ယောက်ကို အဖော်ညှိလေ့ ရှိတယ်။ တယောက်ယောက်က အဖော် လိုက်မှ အိမ်သာကို သွားတယ်။
အိမ်သာကို ရောက်ရင် အဲ့ဒီကောင်က ငကြောင်ဆိုတာ ပိုသိလာလိမ့်မယ်။ ဘာလို့လဲဆိုတော့ အိမ်သာတစ်လုံးထဲကို နှစ်ယောက်အတူ လက်တွဲဝင်ပြီး သေးပေါက်တတ်လို့ပဲ ။ သူ ဆီးသွားလို့ မပြီးခင် အဖော်ဖြစ်သူက အရင်ထွက်သွားမှာစိုးလို့ လက်တွဲထားတာပါတဲ့။ ကဲ … ‘တစ်ဥသန်းလွင်’ ဘယ်လောက်တောင် ကြောက်တတ်သလဲဆိုတာ သိပြီနော်။ ဒီလိုနဲ့ တက္ကသိုလ်ရဲ့ ပထမနှစ် တစ်နှစ်တာကာလဟာဟာ အပျော်တွေနဲ့ လမ်းခွဲ အဆုံးသတ်ခဲ့ကြတယ်ပေါ့။
__________
၂။
နောက်တစ်နှစ် ကျောင်းဖွင့်ရက်ကို ပြန်ရောက်ပြီဆိုတာနဲ့ ကျောင်းသားကျောင်းသူတွေဟာ ပျော်ရွှင်မြူးထူးစွာ အမိရင်ခွင် တက္ကသိုလ်ကြီးဆီကို တဖွဲဖွဲ ဝင်ရောက်လာကြတယ်။
ချစ်သူငယ်ချင်းကြီး ရေစကြို တစ်ဥသန်းလွင်ကတော့ တပတ်လောက် နောက်ကျမှ ရောက်မယ်လို့ သတင်းကြားရတယ်။ သူ့ အိမ်အလုပ်တွေ မပြတ်သေးလို့ ပြောတာပဲ။
ကျန်တဲ့ သူငယ်ချင်းတွေတော့ ကျောင်းဖွင့်ပြီး လေးငါးရက်မှာ စုံသလောက်ရှိနေပြီ။ အဲ့ဒီမှာ ကျနော့်ရဲ့ စနောက်တတ်တဲ့ ဗီဇပိုးက တရွရွ ဖြစ်လာပြီး၊ တစ်ဥသန်းလွင်ကို စနောက်ဖို့ အကြံအစည်တခု ထွက်လာတယ်။
” ဟေ့ လွင်မောင်မောင် ၊ တစ်ဥက ဘယ်တော့လောက် အဆောင်ရောက်မှာတဲ့လဲ ”
” နောက်တပတ်ထဲ ရောက်မယ် ပြောတယ်ကွ ၊ အဆောင်မှုးဆီ ဖုန်းဆက်သတဲ့ ၊ သူ့အတွက် အခန်းချန်ထားပေးပါလို့ ”
” ဟီး ဟုတ်လား ၊ အဲ့ဒါဆို ငါ မင်းတို့ကို တိုင်ပင်စရာလေး တခု ရှိသကွ၊ သန်းလွင်လာရင် ငါတို့ နောက်ကြရအောင် ”
” အင်း မင်းကတော့ မစရရင် အိပ်မပျော်ဘူးထင်ပါရဲ့ ၊ ဒီလူပုစိတ်တိုကိုပဲ စချင်နေတယ် ။ နို့ နေပါဦး မင်းက ဘယ်လိုများ စဦးမလို့လဲ ။ သန်းလွင်က မင့်အကြောင်း နောကြေနေပြီနော်။ တော်ရုံတော့ စလို့ ရမယ် မထင်ဘူး ”
” ဟဲဟဲ … ဒီကောင် သရဲ ကြောက်တတ်တယ်လေ ။ အဲ့ဒီတော့ ငါက သရဲ လုပ်ပြီး ခြောက်မှာပေါ့ ”
” မင်းက အရှင်လတ်လတ်ကြီး ၊ ဘယ်လိုလုပ် သရဲခြောက်မှာတုန်း ၊ သရဲမျက်နှာဖုံးနဲ့ ခြောက်မလို့လား ၊ အဲ့ဒါက ရိုးနေပြီ ပေါက်စရဲ့။ သန်းလွင်က သိပြီးသား၊ ကြောက်မယ်မထင်ဘူး ငါ့လူ”
” မင်းကလဲ ငါပြောတာပဲ ဆုံးအောင် နားထောင်ပါအုံး ၊ ဒီလိုကွာ အခု သန်းလွင်ကို ခြောက်မယ့် ဇာတ်လမ်းမှာ မင်းတို့ အကူအညီ အများကြီး လိုတယ်။
ဒီဇာတ်လမ်းမှာ ငါက ဇာတ်ညွှန်းရေးမယ် ၊ ငါပဲ ဒါရိုက်တာ လုပ်မယ်။ မင်းတို့က ငါ ပြောတဲ့အတိုင်း အလိုက်သင့် ကပြရုံပဲ ”
” ဟုတ်ပါပြီ ဇာတ်ညွှန်းဒါရိုက်တာရယ်၊ ဘယ်လိုများ ငါတို့က မင်းဇာတ်ညွှန်းအတိုင်း လိုက်လုပ်ကြရမှာတုန်း ”
” ဒီတစ်ခါ မင်းတို့ထဲက တယောက်ယောက်ဆီကို သန်းလွင်က ဖုန်းဆက်လာခဲ့ရင် ငါ ရုတ်တရက် သေသွားပြီလို့ အပီအပြင် ပြောပြဖို့ပဲ…။ တယောက်နဲ့တယောက် စကားပြောတာ မလွဲစေနဲ့ ။
ရှုပ်တယ်ကွာ ၊ ငါ့ကို ကားအက်ဆီးဒင့် ဖြစ်ပြီး သေတယ်လို့ ပြောပေး။ ဘယ်တုန်းကလဲဆိုရင် ကျောင်းမဖွင့်ခင် တပတ်လောက်ကလို့ ပြောလိုက် ”
” ဟာ ဖွဟဲ့ လွဲပ့ါစေ ဖယ်ပါ့စေ ၊ မင်းကွာ မပြောကောင်း မဆိုကောင်း ”
” ဟားဟားဟား အဲ့ဒါတွေ အယုံအကြည် မထားစမ်းပါနဲ့ ၊ မင်းတို့ဟာက လူငယ်တွေ မဟုတ်တဲ့အတိုင်းပဲ ၊ ငါ ပြောသလိုသာ လုပ်စမ်းပါ ”
” ဒီကောင် ယုံပါမလား ၊ မင်းဆီကို ဖုန်းဆက်မေးရင် ဘယ်လိုလုပ်မလဲ ”
” အဲ့ဒီတွက်က ငါ့တာဝန်ထားလိုက်၊ မင်းတို့ကသာ သန်းလွင် ဖုန်းဆက်လာပြီးရင် ငါ့ဆီကို အမြန်သတင်းပို့ပေး ၊ ကျန်တာ ငါဆက်လုပ်မယ် ”
” ကောင်းပြီလေ ဒါဆိုလည်း မင်းဇာတ်ညွှန်းအတိုင်း ငါတို့ ဆက်ကြတာပေါ့၊ တကယ်လို့ သန်းလွင်က စိတ်ဆိုးရင်လဲ မင်းအပေါ် ပုံချလိုက်ရုံပဲ …”
” ေဩာ်… ငိုးမတားတွေ အတော် သူငယ်ချင်းကောင်း ပီသကြပါပေ့နော် ”
” ဟားဟားဟား …”
____________
၃။
နေဆန်းရယ်၊ လွင်မောင်မောင်ရယ် ၊ ဒီမနက်ကမှ ရောက်လာတဲ့ သန်းလွင်ရယ် သူငယ်ချင်း သုံးယောက် မိုးချုပ်စ ညခင်းလေးမှာ အဆောင်ရှေ့က ခုံတန်းလျားလေးပေါ် စုထိုင်ရင်း စကားပြောနေကြတယ်။ တစ်ဥသန်းလွင်က…
” ငါ တကယ် မယုံနိုင်သေးဘူးကွာ၊ ပေါက်စ မျက်နှာ စပ်ဖြဲဖြဲကို အခုထိ မျက်လုံးထဲ မြင်နေတုန်း ”
သန်းလွင် စကားဆုံးတော့ လွင်မောင်မောင်က ဝမ်းနည်းရိပ်သန်းသော မျက်နှာငယ်လေးဖြင့် …
” ငါက ပိုဆိုးတာပေါ့ ၊ မန္တလေး ရောက်ရောက်ချင်း ဒီကောင့်ဖုန်းခေါ်တာ ၊ မကိုင်တာနဲ့ သူ့အိမ်လိုက်သွားမိတယ်လေ၊ သူ့အမေက ငါ့ကို မြင်မြင်ချင်း ရင်ဘတ်ကို ထုထု ငိုတာများကွာ …”
လွင်မောင်မောင်က ပြောရင်း အသံတိမ်ဝင်သွားသည်။ သူ့ပုံစံက ဆက်မပြောနိုင်တော့လောက်အောင် ဆို့နင့်နေသည့်အလား။
တစ်ဥသန်းလွင်က လွင်မောင်မောင် ဖုန်းဆက်သည်ဆိုတာနဲ့ သူ ဖုန်းဆက်တာကို သတိရသွားပြီး …
” ငါလည်း အတူတူပဲ ၊ မင်းတို့ကောင်တွေ ငါ့ကို နောက်နေတယ်အောက်မေ့ပြီး ၊ ပေါက်စဆီ ဖုန်းဆက်လိုက်မိသေးတယ် ၊ ဖုန်းက သူ့အမေ လာကိုင်တာ ၊ သားရေ မင်း သူငယ်ချင်း ဆုံးပြီကွဲ့လို့ ပြောပြီး ငိုသံကြီးပဲ ထွက်လာတော့မှ ငါ ယုံလိုက်ရတာ။
ဘယ်လို ဖြစ်တာလဲတောင် မမေးရက်တော့ပါဘူးကွာ။ ပေါက်စ အမေ စိတ်ဆင်းရဲနေမှာစိုးလို့ …”
အင်မတန် အနေ အေးတဲ့ နေဆန်းဆိုတဲ့ကောင်က ဒီတခါ ဝင်ပြောလိုက်တာ သန်းလွင်ကို အနေကြုံ့သွားစေတယ်။
နေဆန်းက ဘယ်လို ပြောလဲဆိုတော့…
” မင်းတို့လဲ အသိသား၊ ပေါက်စက အစအနောက် သိပ်သန်တာ၊ ပြီးတော့ ငါဖြင့် အဲ့ကောင် မကျွတ်ဘူး ထင်တာပါပဲ ။ မင်း မလာခင်က ညဘက်ကြီး ငါနေတဲ့ အခန်းကို လာသွားတယ်။
ဒီကောင် တီးနေကျ ဂစ်တာက ငါ့ကုတင်ဘေးမှာ ထောင်ထားတာလေ။သန်းခေါင်ကြီး အဲ့ဂစ်တာက တဒေါင်ဒေါင် တဒင်ဒင် ထမြည်သဟ ။ ငါ မျက်လုံး ဖွင့်ကြည့်တော့ ဘယ်သူမှ မရှိဘူး။ သူ့ဘာသာ ထမြည်တာ, ငါကို ခေါင်းကြီးသွားတာပဲ ၊ ကြက်သီးတွေလည်း ထသွားတယ်၊ ဘာလုပ်ရမှန်းမသိနဲ့။
နောက်ဆုံး ငါလည်း ကြောက်လို့ အဲ့ညက တညလုံး စောင်ခြုံပြီး ကွေးနေရတယ်။မိုးလင်းတဲ့အထိ အိပ်မပျော်တော့ဘူး။
မနက် မိုးလင်းတော့ အဲ့ဒီ ဂစ်တာကို အဆောင်မှုး အိမ် တခါတည်း သွားအပ်ထားလိုက်ရတယ် ”
သန်းလွင်ခမျာ နေဆန်းရဲ့ စကားအဆုံး ခြေထောက်ကို အောက်ချမထားရဲတော့ဘူး။ တန်းလျားခုံပေါ် ဒူးတုပ်ထိုင်လိုက်ရှာတယ်။ သူ့စိတ်ထဲမှာ ခုံတန်းအောက်ကနေများ သူ့ ခြေထောက်ကို လာဆွဲမယ် ထင်လို့နဲ့ တူပါတယ်။
” မင်း ပြောတော့ ငါလည်း ပြောတော့မယ် နေဆန်း ၊ အစက ငါ မပြောဘူးဆိုတာ အဆောင်မှုးက အဲ့သလိုတွေ ပြောတာ မကြိုက်လို့ မပြောပဲ နေခဲ့တာ ။
ငါ့အခန်းလည်း အဲ့ကောင် လာမွှေသွားသေးတယ် ။ မင်း သိတဲ့အတိုင်း ပေါက်စက စာကောင်းကောင်း လုပ်တဲ့ကောင်မှ မဟုတ်တာ။ စာမေးပွဲ နီးမှ သူများ မှတ်စုတွေ လာဖွတာလေ။
အေး အခုလည်း အဲ့သလိုပဲ။ သူ့စိတ်ထဲ အရင်လို မှတ်နေသလား မပြောတတ်ပါဘူး ။ သန်းခေါင်ကြီးကွာ ငါ့ စာကြည့်စားပွဲပေါ်က စာအုပ်တွေက စာရွက်တွေကို တဖျတ်ဖျတ်နဲ့ လာလှန်သံ ငါ့ နားနဲ့ ဆတ်ဆတ် ကြားလိုက်ရတယ်။
ငါ ကြောက်လို့ စောင် ခေါင်းမြီးခြုံပြီး လှမ်းကြည့်လိုက်တော့ စာကြည့်စားပွဲ မီးက မှိတ်တုတ် မှိတ်တုတ်နဲ့ ၊ စာရွက်တွေက လူက လှန်နေသလို တရွက်ချင်း လှန်နေတယ် ။
ငါဖြင့် ဘောင်းဘီထဲတောင် သေးပါချလိုက်မိမတတ်ပဲ ၊ အတင်းကို အံကြိတ်ပြီး အသက်အောင့် နေရတယ်။ သေချာတယ် ဒီကောင် ပေါက်စ ငါ့ကို လာခြောက်တာ ”
ဒီတခါ သန်းလွင်ရဲ့ မျက်လုံးက ဂဏှာမငြိမ်တော့ဘူး။ တောင်ကြည့်မြောက်ကြည့်နဲ့ ကျောမလုံသလို ခံစားလာရတယ်နဲ့ တူပါတယ်။ ဘေးဘက် အစွန် ထိုင်နေရာကနေ ထလာပြီး၊ နေဆန်းနဲ့ လွင်မောင်မောင်တို့ နှစ်ယောက်ကြားကို အတင်းတိုးခွေ့ ဝင်ထိုင်လိုက်ပြီး၊
” ဟုတ်ရော ဟုတ်ရဲ့လားကွာ ၊ မင်းတို့ အမြင်မှား အကြားမှားတာများ ဖြစ်နေမလား သူငယ်ချင်းတို့ရာ ၊ ပေါက်စက စနောက်တတ်တာကလွဲပြီး လူကောင်းတစ်ယောက်ပါကွာ ။ သူ အကုသိုလ် ကင်းပါတယ်။ ကောင်းရာမွန်ရာ ဘုံဘဝ ရောက်သွားလောက်ပါပြီ ”
နေဆန်း နဲ့ လွင်မောင်မောင်ဟာ ကျနော် မှာထားသည့်အတိုင်း မထိတထိလေးတွေ ခြောက်လှန့် ပြီးသွားကြပြီ။ အကယ်၍များ တစ်ဥသန်းလွင်က မယုံမကြည် ဖြစ်ခဲ့ပါက ထပ်မံ၍ ခြောက်လှန့်စကား ဆက်မပြောပဲ နေကြရန် ကျနော်က သင်ကြားထားသဖြင့် …
” အင်းပေါ့လေ … မင်း ပြောသလို ငါတို့ အမြင်မှား အကြားမှားတာလဲ ဖြစ်ချင် ဖြစ်မှာပေါ့ ၊ ငါတို့က ငါတို့ ကြုံခဲ့တာကို ပြောပြတဲ့သဘောပါ ။
ေဩာ် သန်းလွင် … ဒီအကြောင်းတွေကို မင်း ဘယ်သူ့မှ သွားမပြောပြနဲ့နော်။ အဆောင်မှုးကြားရင် ငါတို့ နှင်ထုတ်ခံ ထိနေလိမ့်မယ် …”
လူတစ်ယောက်ရဲ့စိတ်ကို ကြောက်လန့်အောင် လုပ်ချင်ရင် ကြောက်စိတ် ထုံမသွားဖို့လည်း လိုအပ်တယ်ဗျ။ အကယ်၍ လွင်မောင်မောင်တို့ကသာ ဆက်တိုက်ကြီး ခြောက်လုံး လှန့်လုံး စကားတွေ အဆက်မပြတ် နားသွင်းနေပါက တစ်ဥသန်းလွင်ဟာ ကြောက်စိတ်နဲ့ထုံသွားလိမ့်မယ်။
ကြောက်စိတ်ရဲ့ တဖက်စွန်း တုန့်ပြန်မှုဟာ သိစိတ်မဲ့ ကမူးရှုးထိုးနဲ့ တိုက်ခိုက်မှု ဖြစ်တယ်။
ဒါကြောင့် ကျနော်ဟာ လွင်မောင်မောင်တို့ကို အသေအချာ မှာထားခဲ့ပါတယ်။ သူတို့တွေ တာဝန်ကျေတယ်လို့ ပြောရမယ်။ တစ်ဥသန်းလွင်ဟာ အလွန်အမင်း ကြောက်စိတ်နဲ့ မဟုတ်ပဲ တွေးတစိမ့်စိမ့် ကြောက်နေရှာတယ်။
တစ်ဥသန်းလွင်လည်း သက်ပြင်းအရှည်ကြီး ချလိုက်ပြီး …
” အေးပါ … ငါ ဘယ်သူ့မှ မပြောပါဘူး၊ ဟူး … ဘာပြောပြောကွာ ၊ ပေါက်စကြီး ကောင်းမွန်တဲ့ ဘုံဘဝကို စိတ်ဖြောင့်ဖြောင့် ကူးနိုင်ပါစေလို့ပဲ ဆုတောင်းကြရမှာပေါ့ … ”
အဲ့ဒီစကားက တစ်ဥသန်းလွင်ရဲ့စိတ်ထဲမှာ ကျနော် တစ္ဆေဘဝနဲ့ ခြောက်လှန့်နေတယ်ဆိုတာ လက်ခံလိုက်တာပဲ မဟုတ်လား။
____________
၄။
စကားပြောအပြီးမှာ သူတို့ သုံးယောက် ကိုယ့်အခန်းကို ပြန်တက်ခဲ့ကြတယ်။ ဒါပေမဲ့ အတူ မတက်ဖြစ်အောင် ဘာလုပ်သလဲဆိုတော့ လွင်မောင်မောင်နဲ့နေဆန်းက အိမ်သာ မတက်ချင်ပဲ တက်ကျန်ရစ်ခဲ့ကြတယ်။
အဲ့ဒီမှာ တစ်ဥသန်းလွင်ဟာ သူ့အခန်းရှိရာ အပေါ်ထပ်ကို တစ်ယောက်တည်း တက်လာခဲ့ရတယ်ပေါ့။ အံဩစရာ ကောင်းအောင် တိုက်ဆိုင်မှုပဲ ဆိုရမလားပဲ ။ အဆောင်ရှေ့က နီမတို့ ခွေးတသိုက်ဟာ ဆွဲငင်စွာ အူဟစ်လိုက်ကြတယ်လေ။
” ဝု … အု အူး ”
” ဝူး … အူး အူး ”
တစ်ဥသန်းလွင် မပြောနဲ့၊ ခွေးအူသံကြီးက ကြားရသူတွေအဖို့ မသတီစရာ၊ ချောက်ချားချင်စရာ အလွန်ပဲ ကောင်းနေတယ်။
” ဣတိပိတော ဘဂဝါ … အရဟံ သမ္မာန်သံဗုဒ္ဓေါ … … … ”
သန်းလွင်ဟာ ခွေးအူသံကြောင့် ရွတ်နေတဲ့ ဂုဏ်တော်ကို မေ့လုမတတ် ဖြစ်သွားရှာတယ်။ အဲ့တာနဲ့ အစကနေ ပြန်ရွတ်ရင်း လှေကားထစ်တွေကို တစ်ထစ်ချင်း နင်းတက်သွားတယ်။
ချောင်နေတဲ့ လှေကားကြမ်းခင်းသားတွေဟာ ပုပုဝဝ သန်းလွင်ရဲ့ ကိုယ်ခန္ဓာ အလေးချိန်ကြောင့် နင်းလိုက်တိုင်း တကျွီကျွီ တကျက်ကျက်ပေါ့။
သန်းလွင်ရဲ့ အခန်းဟာ လှေကားထိပ်က တခန်းကျော်၊ ဒုတိယမြောက် အခန်း ဖြစ်တယ်။ သန်းလွင် ဘုရားစာ ရွတ်ရင်း သူ့ အခန်းတံခါးဝကို ရောက်လာပြီ။ သူ အခန်းကို ဖွင့်ပြီး ဝင်လိုက်တယ်။
အဆောင်ရဲ့ အခန်းတိုင်းဟာ ပြတင်းပေါက် တစ်ခုစီပါတယ်။ သန်းလွင်ရဲ့ အခန်းဟာ စိန်တလုံး သရက်ပင်နဲ့ အနီးကပ်ဆုံးပဲ ။ပြတင်းပေါက်ကနေ လက်လှမ်းရုံနဲ့ စိန်တလုံး သရက်သီးကို ခူးနိုင်လောက်အောင် နီးကပ်တယ်။
အဆောင်စည်းကမ်းအရ အခန်းထဲ လူမရှိရင် မီးပိတ်ထားရတယ်။ ဒါကြောင့် အခန်းထဲကို သန်းလွင် ဝင်တော့ မီးရောင် မရှိဘူး ။ မှောင်တောင်တောင်ပေါ့ ။ ပြတင်းပေါက် ဖွင့်ထားလို့ ပြင်ပက အလင်းရောင်တော့ အနည်းငယ် ရှိတယ်။ သန်းလွင် မီးခလုပ် ရှိရာကို လက်လှမ်းပြီး ဖွင့်လိုက်တယ်။
ချောက်ခနဲ မီးခလုပ် နှိပ်ဖွင့်သံနဲ့အတူ အခန်းက မီးလင်းလာတယ်။
အဲ့ဒီမှာ သန်းလွင်ဟာ သူ့ကုတင်ရှိရာကို ကြည့်ရင်း ဇဝေဇဝါ ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ သူ အခန်းထဲက ထွက်လာတုန်းက ခြင်ထောင် ချမထားခဲ့ဘူး ။ အခု ကုတင်ပေါ်မှာ ခြင်ထောင်က ထောင်ထားလျက် တွေ့နေရတယ်။ သန်းလွင်က သူ အမှတ်ပဲ မှားသလားလို့ ခေါင်းကို တဗျင်းဗျင်းနဲ့ ကုတ်ဖွရင်း …
” ငါ ထွက်လာတုန်းက ခြင်ထောင် ချမထားပါဘူး ၊ ခု ခြင်ထောင်က ဘာဖြစ်လို့ ဒီလို ဖြစ်နေတာလဲ ”
အပြင်ဘက်က သရက်ပင်ကြီးက လေတိုက်တော့ လှုပ်ခတ်သွားတယ်။ သစ်ရွက်တွေက တရှဲရှဲ တဖတ်ဖတ်။
” ေဩာ် လေတိုက်လို့ ခြင်ထောင် ကျသွားတာ နေမယ် ၊ ငါ့မလဲ အတွေးက ခေါင်ပါ့နော် …”
အဲ့သလို ပြောပြီး ၊ သန်းလွင်ဟာ ခြင်ထောင်ကို မ,တင်ပြီး အိပ်ယာထဲ ဝင်အိပ်ဖို့ ပြင်လိုက်တယ်ဆိုရင်ပဲ …
” ဟာ ! ဘာကြီးလဲ …”
တစ်ဥသန်းလွင် ပါးစပ်က အဟောင်းသားနဲ့ အထိတ်တလန့် အော်လိုက်မိတယ်။ မအော်ပဲလား ။ သူ့ ကုတင်ပေါ်မှာ တကိုယ်လုံး ဆွတ်ဆွတ်ဖြူ ဖွေးဖွေးကြီးနဲ့ အလောင်းကောင်ကြီး တစ်ခုဟာ ဆန့်ဆန့်ကြီး လှဲလျောင်းနေတယ်။ တကိုယ်လုံးဆိုတာက ကိုယ်တုံးလုန်းကြီးနဲ့ ။ မျက်နှာကစပြီး၊ ခြေဖျားအထိ ဖွေးဆွတ်နေတာ။
” အောင်မယ်လေး … သရဲ သရဲ ”
ငယ်သံပါအောင် အော်ပြီး ကုတင်ကနေ ထအပြေး ၊ အလောင်းကောင်ကြီးက သူ့လက်ကို လာကိုင်တယ်။ လက်ကြီးက ရေခဲတုံးတစ်တုံးအလား အေးစက်လို့ ။
သန်းလွင် သူ့လက်ကို ရုန်းကန်ရင်း အလောင်းကောင်မျက်နှာကို မီးရောင်အောက်မှာ မြင်သွားတယ်။
” ဟင် ! ပေါက်စ သရဲ ”
ဘာပြောကောင်းမတုန်း။ သန်းလွင်ဟာ အခန်းအပြင်ကို နောက်ဆုတ် နောက်ဆုတ်နဲ့ ပြေးသွားတယ်။ အခန်းတံခါးက ပွင့်လျက်သားဆိုတော့ အပြင်စင်္ကြန်ကို ဘယ်လို ရောက်သွားမှန်းမသိဘူး။ အလောင်းကောင်ကြီးက သူ့ကို ပြုံးပြတာလား ဖြဲပြတာလား မသိဘူး မတ်တတ်ထရပ်လာပြီး အခန်းပြင်ကို ထွက်လိုက်လာတယ်။
သန်းလွင် စင်္ကြန်ကနေ လှေကားထစ်တွေကို နောက်ပြန်ကြီး ခုန်ကျော် ဆင်းပြေးတယ်။
” ဝုန်း ဝုန်း ဒုန်း ဒုန်း ”
အသံတွေက အဆောင်တစ်ခုလုံး ဆူညံ ပွက်လောရိုက်ကုန်တယ်။ အလောင်းကောင်ကြီးလည်း သန်းလွင်အဖြစ်ကိုကြည့်ပြီး လှေကားထိပ်ကနေ ပြန်လှည့်ပြီး အခန်းထဲ ပြန်ဝင်သွားတယ်။
သန်းလွင်ကတော့ အဆောင်ရှေ့အထိ ဒရောသောပါး ပြေးထွက်သွားလေပြီ။ အသံတွေကြောင့် အဆောင်မှုးလည်း ပြေးပြေးလွှားလွှား ရောက်လာတယ်။
သန်းလွင်ကိုတော့ ယောက်ကျားလေး သူငယ်ချင်းများက နှာနှပ်ပေးနေရတယ်။ သန်းလွင် အကြောက်လွန်ပြီး တက်သွားတာလေ။
အဆောင်မှုးနဲ့ ကျောင်းသားတချို့ဟာ သန်းလွင် ဇောက်ထိုး ခုန်ဆင်းလာခဲ့တဲ့ လှေကားကို ရောက်သွားသည်နှင့် နှာခေါင်းကို အမြန် ပိတ်လိုက်ကြရတယ်။
ဘာလို့လဲဆိုတော့ ပုပ်အဲ့အဲ့ ၊ ညှီဟောင်နေတဲ့ အနံ့ဆိုးကြီးကြောင့်ပါပဲ။ အစကတော့ သန်းလွင်ပြောတဲ့ အလောင်းကောင်သရဲဆီက အနံ့ဆိုးများလားလို့ပါ။ ဒါပေမဲ့ မဟုတ်ဘူးခင်ဗျ။ အဲ့ဒီ အနံ့က လှေကားထစ်ပေါ်မှာ ကြောက်ချေး အနှံ့ ပါချသွားတဲ့ တစ်ဥသန်းလွင်ရဲ့ မစင်တွေပါတဲ့။
အလောင်းကောင်အဖြစ် သရုပ်ဆောင်တဲ့ ကျနော်ကတော့ သန်းလွင်ကိုရော ၊ အဆောင်မှုးကိုပါ ကြောက်လို့ သရက်ပင်ကိုင်းကတဆင့် မြေပြင်ပေါ် ဆင်းပြီး လစ်ပြေးခဲ့ရပါတယ်။
နောက်မှ ကျနော်သိရတာက တစ်ဥ သန်းလွင်ကို အဲ့ဒီညက ဆရာဝန်ပင့်ပြီး စိတ်ငြိမ်ဆေး ၂လုံး ထိုးပေးရပါသတဲ့လေ။
____________
၅။
နေဆန်းနဲ့လွင်မောင်မောင်တို့က ရယ်မောရင်း …
“ဟားဟားဟား … မင်းကတော့ တကယ်ကို ကလိမ်ကကျစ် ဉာဏ်ပိုင်တာပါပဲကွာ ၊ တကိုယ်လုံး ဖြူဆွတ်နေအောင် ပေါင်ဒါတွေ လိမ်းထားရတယ်လို့ … ဟားဟားဟား ”
ကျနော်လည်း ရင်ဘတ်နဲ့လက်တွေကို အင်္ကျီလှန်ပြရင်း…
” ငါ့လည်း ကြည့်ပါဦး ၊ ရင်ဘတ်တွေရော လက်တွေရော ပွန်းလို့ ၊ သရက်ပင်ကနေ ကမန်းကတန်း တွယ်ဆင်းခဲ့ရတာ …”
နေဆန်းက …
” အေး မင်းကို အဆောင်မှုးက အတော် စိတ်ဆိုးနေတယ်။ သူ့အဆောင်ကို မလာစေနဲ့တဲ့ ၊ လာရင် ဆွဲထိုးမယ်လို့ ပြောနေတယ် ”
ကျနော်က အရယ်မပျက်ပါဘူး။ အဆောင်မှုး ကြိုက်တတ်တာ သိနေတာပဲလေ။
” ဟီးဟီး ရပါတယ် ၊ အဆောင်မှုးအကြိုက်ကို ငါသိပါတယ်။ တခါနှစ်ခါလောက် ချော့လိုက်ရင် အဆင်ပြေပါတယ်။ အရေးကြီးတာက တစ်ဥ သန်းလွင်ရော ဘယ်လိုနေလဲ ၊ ငါ့ကို ကြိမ်းဝါးမနေဘူးလား ”
လွင်မောင်မောင်က မသက်မသာနဲ့ ဝင်ပြောတယ်။
” မကြိမ်းပဲလားဟ ၊ တွေ့ရင် သတ်မယ် တကဲကဲ လုပ်နေတာ။အခုတော့ လူက အားပြတ်နေလို့ အပြင် မထွက်နိုင်သေးဘူး။ မင်းကို အတော်လေး စိတ်ဆိုးနေသဗျ။ လတ်တလောတော့ မင်း သန်းလွင်ကို ရှောင်နေလိုက်ဦး။ သူ စိတ်ပြေချိန်လောက်မှ ပြန်ချော့လိုက် ”
ကျနော်က ခေါင်းတဆတ်ငြိမ့်လိုက်ရင်း
” ဒီကောင် ငါ့ဆီကို ဖုန်းဆက်တုန်းက အရပ်ထဲက အငြိမ့်မင်းသမီးဟောင်းကြီးကို ငွေနှစ်ထောင်ပေးပြီး ဖြေခိုင်းလိုက်ရသေးတယ်။ အဲ့ဒီမှာ ဒီကောင်က ငါသေတယ်လို့ တကယ် ယုံသွားတာဟ”
နေဆန်းက …
” မင်းဟာလေ သူများကို နောက်ပြောင်ရမယ်ဆိုရင် ကြံဖန်ပြီး ဉာဏ်ကောင်းလွန်းတယ် သိလား ၊ အေး အခု မင်းကြောင့် သန်းလွင်ခမျာ တစ်ဥကနေ ချီးပေကြီးဆိုတဲ့ နာမည်ပါ တွင်တော့မယ်။ အဆောင်က ကောင်တွေက ကြိတ်ဟားတိုက်ပြီး သူ့ကွယ်ရာမှာ ချီးပေကြီးလို့ ခေါ်နေကြတယ်…”
ဟုတ်ပါတယ်။ သန်းလွင်ခမျာ ဒုတိယနှစ် စာသင်နှစ်တစ်ခုလုံး ချီးပေလို့ လှောင်ပြောင် ခံရပါတယ်။ သူ လှောင်ပြောင် ခံရတိုင်းလည်း ကျနော့်ကို ကြိမ်းဝါးနေပါသတဲ့ ။ နှစ်စ ပိုင်း ၂လလောက်မှာ ကျနော် သူ့ကို တောင်းပန်ချင်ပေမယ့် သူ့လက်သီးကို ကြောက်လို့ ရှောင်ပုန်းနေရပါတယ်။ ဒီကောင်က တကယ် လုပ်မယ့် အကောင်လေ။
နောက်တော့ သူ စိတ်ဆိုးပြေစပြုလာပေမယ့် ၊ ကျနော် ဘယ်လိုတောင်းပန် တောင်းပန် ၊အရင်လို သူငယ်ချင်းအဖြစ်နဲ့ ပြန်ပြီး မဆက်ဆံတော့ပဲ၊ ခပ်စိမ်းစိမ်းသာ နေခဲ့ပါတယ်။
ကျနော်လည်း အဲ့ဒီကတည်းက စတာနောက်တာတွေ လျော့ခဲ့ပါတယ်။သူ့ကြောင့်တော့ မဟုတ်ပါဘူး။ နိမိတ်ဖတ်သလို ဖြစ်သွားတဲ့ ကျနော့်ရဲ့ အလိမ်အညာ ဇာတ်လမ်းကြောင့်ပါ။
စာမေးပွဲ ဖြေခါနီး တလအလိုမှာ ကျနော် သူငယ်ချင်းတွေနဲ့ ၇မိုင် ရေပြာအိုင်ကို အလည်သွားခဲ့တာ ၊ အပြန်ကျ ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်ပြီး ၊ မေးကွဲ ၊ သွားတစ်ချောင်းကျွတ် ၊ ခြေကျိုးခဲ့လို့ပါပဲ ။ဒုတိယနှစ် စာမေးပွဲကို ကျောက်ပတ္တီး မဖြည်ရသေးပဲ ချိုင်းထောက်နဲ့ ဖြေခဲ့ရတာ ခုထိ မမေ့သေးပါဘူး ။
လုပ်ကြံဇာတ်လမ်းထဲကလို အသက် မသေတာပဲ ကံကောင်းတယ်လို့ ပြောမယ်။ နောက်တနှစ် ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ …
တစ်ဥသန်းလွင်ဟာ ကျောင်းမတက်တော့ပဲ၊ အဝေးသင်ကို ပြောင်းသွားခဲ့ပါတယ်။ အဲ့ဒီကတည်းက သန်းလွင် ရေစကြို ကို ကျနော် မတွေ့ဖြစ်တော့ပါ။ သူ့ ဖုန်းနံပတ်ကို ဆက်သွယ်ပေမယ့် ဖုန်းပိတ်ထားပါသည်နဲ့ပဲ အမြဲ ကြုံဆုံခဲ့ရပါတယ်။ ကျနော့် စိတ်အထင် သူ ဖုန်းနံပတ်ပါ ပြောင်းသွားခဲ့တယ်လို့ ထင်မိပါတယ်။
အကယ်၍များ ဤဝတ္ထုလေးကို တစ်ဥသန်းလွင်နှင့် နီးစပ်သူများ ဖတ်ရှု့မိပါက ကျနော် (ပေါက်စ) သူ့ကို ယနေ့ထက်တိုင် မမေ့သေးပါကြောင်း၊ အနူးအညွတ် တောင်းပန်ပါကြောင်း ပြောပေးခြင်းဖြင့် ကူညီကြပါလို့ …။
#တရားလွန်စနောက်ခြင်းတွေရှောင်ကြည်ကြပါနော်။
စာဖတ်ပရိတ်သတ်ကြီးကို ချစ်ခင်လေးစားစွာ …
ပီပီ၊မန္တလေး၊
၃၀၊၆၊၂၀၂၁