သရဲတကယ်ခြောက်တဲ့အခါ(စ/ဆုံး)
————————————-
မနက်ခင်းတစ်ခုရဲ့ နေရောင်ခြည်က ထက်ကောင်းကင်ဆီကနေ လှပစွာ သက်ဆင်းကြနေလေသည်။ နေမင်းရဲ့ အပူဒဏ်ကတော့ မပူလွန်းသေးပဲ ခပ်နွေးနွေးလေးသာ ရှိလေသည်။ ထိုအချိန်တွင် သက္ကသိုလ်တစ်ခု၏ ကန်တင်းတစ်ခုမှာတော့ သူငယ်ချင်းငါးယောက်ခန့် စကားဝိုင်းဖွဲ့ကာ ပြောဆိုနေကြလေသည်။ ထိုအထဲက တစ်ယောက်က စ၍ ပြောဆိုလိုက်သည်။
“ငါစဥ္းစားထားတာ တစ်ခုရှိတယ်ကွ.. ဒါပေမဲ့ မင်းတို့တွေ မလိုက်ရဲမှာစိုးလို့”
ဟု ပြောလိုက်ကာ ကျန်လေးယောက်ကို အသာငဲ့ကြည့်လိုက်လေ၏။ ထိုသို့ပြောဆိုလိုက်သူကား တေဇ ဖြစ်လေသည်။
ဒီတော့ ထိုလေးယောက်ထဲမှ မိုးမခ ဆိုသည့် မိန်းကလေးတစ်ယောက်က ဝင်ပြောလိုက်ပြန်သည်။
“ဟဲ့.. တေဇ ငါတို့က ပျော်ပွဲစားထွက်တာပဲ ဘာကို မလိုက်ရဲရမှာလည်း.. ဒါနဲ့ နင်က ဘယ်ကိုသွားမယ်လို့ စဥ္းစားထားလည်း”
ဆိုပြီး မေးလိုက်တဲ့အခါ ဇာနည် ဆိုသူမှလည်း..
“အေးလေ တေဇရာ မိုးမခပြောတာလည်း ဟုတ်တာပဲ.. ငါတို့ကပျော်ပွဲစားထွက်တာပဲ ဘာကို မလိုက်ရဲရမှာလည်း”
ဒီတော့ သူဇာလှိုင်နဲ့ မင်းထွန်း တို့ကလည်း..
“နင်က ဘယ်သွားမှာမို့လို့လည်း”
“မင်းက ဘယ်သွားမှာလည်း ပြောစမ်းပါအုန်း”
ဒီအခါမှာတော့ တေဇလည်း လက်ကိုကာပြလိုက်ပြီး..
“ဒီလိုကွာ ငါပြောပြမယ်.. မင်းတို့ ငါ့ဦးလေးကို သိတယ်မလား.. ငါ့ဦးလေးက ပဲခူးမှာ သူ့ရဲ့အိမ်တစ်အိမ်ရှိတယ်ကွ.. အဲ့ဒီအိမ်က လူမနေတာတော့ ကြာပြီ”
ဒီတော့ မိုးမခလည်း..
“လူမနေဘူးဟုတ်လား.. ဘာလို့မနေကြတာလည်း”
“ဘာလို့ မနေကြတာလည်းဆိုတော့ အဲ့ဒီအိမ်ကြီးက သရဲခြောက်လို့တဲ့”
ဒီအခါမှာတော့ အားလုံးက အလန့်တကြားပင် ဖြစ်သွားတော့လေသည်။ မင်းထွန်းဆိုသူကလည်း ဝင်ပြောလိုက်လေသည်။
“နေပါအုန်းတေဇရဲ့ ငါတို့ ပျော်ပွဲစားထွက် မှာနဲ့ အဲ့ဒီအိမ်နဲ့က ဘာဆိုင်လို့လည်း”
“အေး.. ငါက အဲ့ဒီအိမ်ကို သွားမလားလို့ စဥ္းစားထားတယ်”
တေဇက ဒီလိုပြောလိုက်တဲ့အခါ အားလုံးက စိုးရိမ်ထိတ်လန့်ပြီး ဝိုင်းပြောတော့လေသည်။
“တေဇကွာ မဟုတ်တာ.. သရဲခြောက်တာကို ဘာလို့သွားမှာလည်း”
“အေးဟာ နင်ကလည်း ပျော်ပွဲစားထွက်ပါတယ်ဆိုမှ..သရဲခြောက်တဲ့ နေရာကို ရွေးသွားရတယ်လို့”
“ဟုတ်တယ်.. အဲ့ဒါဆို ငါတို့လည်း မလိုက်နိုင်ဘူးနော် ကြောက်တယ်ဟ”
ဒီတော့ တေဇခမြာ ပြာပြာသလဲ ဖြစ်သွားလေပြီး..
“နေကြပါအုန်းဟာ.. နင်တို့တွေကလည်း ငါပြောတာလည်း သေချာလေးနားထောင်ပါအုန်း.. ဒီလိုဟာ.. အဲ့ဒီအိမ်က သရဲခြောက်တယ်ဆိုတာက အခု မဟုတ်ပါဘူး.. အရင်ကပါ.. ပြီးတော့ ခြောက်တယ်ဆိုတာကလည်း လပြည့်လကွယ်ကြမှ ခြောက်တယ်လို့ကြားတာပါ.. အဲ့ဒါကလည်း အရင်ကပါ”
ဒီအခါ မိုးမခဆိုသူမှ ခေါင်းခါလျက်..
“ဘာပဲဖြစ်ဖြစ်ဟာ သရဲခြောက်တယ်ဆိုတာကြီးကို လန့်နေပြီ.. မသွားရဲဘူးဟ”
“နင်တို့ကလည်း ကြောက်စရာမဟုတ်တာ ကြံဖန်ကြောက်နေကြတယ်.. ငါတို့သွားမှာက နေ့လည်ဘက်လေ.. ညဘက် မှ မဟုတ်တာ.. ပြီးတော့ လူကလည်း အများကြီး.. လပြည့်လကွယ်ပဲခြောက်တာလို့ ကြားမိတာပါ.. ဒါကလည်း ဟိုးအရင်ကပါဟာ.. အခုက ငါတို့တွေ နေ့ဘက်သွားကြတာပဲ.. ခနနေတာနဲ့ ပြန်လာမှာပဲ”
ဒီလို တေဇအပြောကို သူဇာလှိုင်က..
“ဟဲ့ အခုမခြောက်တော့တာ သေချာလို့လားဟာ”
“သေချာပါတယ်ဟ.. ငါက မဟုတ်ပဲပြောပါ့မလား..ပြီးတော့ ငါတို့တွေ ပျော်ပျော်ပါးပါးသွားကြတာပဲ အေးဆေးပေါ့ မဟုတ်ဘူးလား”
“အေးပြီးရောဟာ.. ဒါဆိုလည်း သွားကြတာပေါ့ နင်တို့တွေရော ဘယ်လိုလည်း”
သူဇာလှိုင်က ဒီလိုမေးလိုက်တော့ အားလုံးကလည်း သးဖို့ကိုပဲ သဘောတူလိုက်ကြတော့သည်။ ဒီလိုနဲ့ သူတို့လည်း စကားဝိုင်းသိမ်းလိုက်ကြတာ စာသင်ခန်းဆီသို့ ဦးတည်လိုက်ကြတော့လေ၏။
*****
ခရီးထွက် မည့်နေ့ကို ရောက်တဲ့အခါမှာတော့ အချိန်က မနက် ဝေသီဝေလင်းအချိန်ပင် ဖြစ်လေသည်။ တေဇ၏ ကားလေးပေါ်သို့ စားသောက်စရာတွေကို ဝိုင်းဝန်းတင်နေကြလေသည်။ အခုလို မနက်ပိုင်းမှာသွားကြပြီး ညနေမှာ ပြန်လာကြမည့်အတွက် ထွေထွေထူးထူးတော့ ယူစရာမရှိပေ။ သူတို့ငါးယောက်က ငယ်ငယ်လေးထဲက အခုထိ ခင်လာကြသူတွေဆိုတော့လည်း မိဘတွေက ခွင့်ပြုကြလေ၏။
“ကဲ ပစ္စည်းတွေစုံရင် သွားကြမယ်”
ဟု တေဇက ပြောလိုက်ကာ တစ်ဆက်ထဲမှာပဲ ကားပေါ်ကို တက်ကာ စက်နှိုးလိုက်တော့သည်။ ထိုအခါမှာတော့ ကျန်သူတွေကလည်း ကားပေါ်ကို အသီးသီးတက်ကာ နေရာယူလိုက်ကြတော့သည်။ ကားလေးကတော့ ညင်ညင်သာသာလေးပင် စတင် မောင်းထွက်လာခဲ့လေ၏။
မနက်ခင်း ဝေသီဝေလင်း အချိန်မှာတော့ မီးရောင်စုံများနဲ့ လှပနေလေသည်။ မနက်စောစော အိပ်ရာ ထရတာဖြစ်တဲ့အတွက် ငြီးစိစိဖြစ်နေသည်ကလွဲ၍ ငါးယောက်စလုံးမှာတော့ တက်ကြွနေလေသည်။ မကြာခင်မှာပင် ဗိုက်ထဲကနေ ဆန္ဒပြလာသည့်အတွက် ရန်ကုန်ကနေ မထွက်ခင်မှာပဲ စားသောက်ဆိုင်တစ်ဆိုင်ရှေ့တွင် ကားကိုရပ်လိုက်ကာ ဆိုင်ထဲဝင်လိုက်ကြတော့သည်။
စားသောက်ပြီးတဲ့အခါမှာတော့ ခရီးကိုဆက်ကြလေသည်။ ပတ်ဝန်းကျင်ကတော့ ကြည့်နေရင်းနှင့် မီးရောင်စုံတွေက ပျောက်ပြီး တဖြည်းဖြည်းနှင့်ပင် လင်းလာခဲ့တော့လေသည်။ အတန်ကြာမောင်းပြီးတဲ့အခါမှာတော့ ပဲခူးမှာရှိတဲ့ တေဇ၏ဦးလေးဖြစ်သူပိုင်တဲ့ ခြံကြီးတစ်ခြံရှေိ့မှာ ကားလေးကို ကျွီခနဲရပ်လိုက်တော့လေသည်။
“ဟဲ့ တေဇ ရောက်ပြီလား”
“အေးလေ.. ဒီခြံပဲ”
ဆိုကာ ပြောလည်းပြော ကားပေါ်ကနေလည်း ဆင်းလိုက်ကြသည်။ တေဇလည်း ခြံသော့ကို ထုတ်ပေးလိုက်ကာ တစ်ယောက်က ဖွင့်ပေးပြီး ကားကို ခြံထဲအထိမောင်းထည့်ထားလိုက်သည်။
“ဟဲ့ တေဇ.. ခြံကြီးက အုံ့အုံ့ကြီးနော် အပင်ကြီးတွေလည်း အများကြီးပဲ”
ထိုသို့ မိုးမခ၏ အမေးကို တေဇက…
“ဟုတ်တယ်ဟ.. အဲ့ဒီအပင်ကြီးတွေက အရင်ထဲကရှိတာ.. ငါ့ဦးလေးက ဒီခြံကိုဝယ်လိုက်တော့ သူထပ်စိုက်ထားတာနဲ့ဆိုတော့ အပင်တွေများသွားတာပေါ့”
သူတို့တွေလည်း အိမ်ကြီးကို ခြံထဲကနေပဲ လိုက်လံကြည့်ရှု့နေကြလေသည်။ အိမ်ကြီးကတော့ နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး လူမနေတာကြာပြီဖြစ်တဲ့အတွက် ခြံနွယ်အနည်းငယ် ရှိရုံကလွဲ၍ အကောင်းပကတိပင်။ ခြံထဲမှာလည်း ခြံနွယ်မြက် အနည်းအကျဥ္းတော့ ရှိလေသည်။
“ငါ့ဦးလေးက တစ်လကိုတစ်ခါ ခြံနဲ့အိမ်ကို လာရှင်းတယ်လေ.. ဒါကြောင့် အဲ့လောက်ထိ မရှုပ်ပွနေတာပေါ့”
တေဇက ထိုသို့ပြောလိုက်တော့ သူဇာလှိုင်က…
“ဒါနဲ့ နေပါအုန်း.. နင့်ဦးလေးက ဘာဖြစ်လို့ ဒီမှာ လာမနေတာလည်းဟာ..”
ထိုအခါ မင်းထွန်းကလည်း..
“အေးလေ ဝယ်ထားပြီးတော့ နှမြောစရာကြီးကွာ”
“ဒီလိုလေကွာ.. ဦးလေးအလုပ်က ရန်ကုန်မှာနေမှ အဆင်ပြေမှာလေ.. သူဝယ်ထားတယ်ဆိုတာလည်း နောက်ပိုင်း စျေးကောင်းရင် ပြန်ရောင်းချင် ရောင်းမှာပေါ့.. ကဲပါ အိမ်ထဲသွားကြမယ်.. ငါတို့လည်း ညနေပြန်ရမှာလေကွာ”
ဆိုကာ ဆော်ဩလိုက်ပြီး ကားပေါ်က ပစ္စည်းတွေကို သယ်လိုက်ကြကာ အိမ်ထဲကို ဝင်လိုက်ကြလေသည်။
အိမ်ထဲမှာတော့ ဖုန်မှုန့်အနည်းအကျဥ္းကလွဲပြီး ပရိဘောကတွေက သူ့နေရာနဲ့သူ စနစ်တကျထားထားတာကိုလည်း တွေ့လိုက်ကြရသည်။ သူတို့လည်း အိမ်ထဲကို လိုက်လံမကြည့်အားသေးပဲ အနီးနားမှာတွေ့ရတဲ့ တံမြက်စည်းတွေနဲ့ အနီးတစ်ဝိုက်ကို လှဲကျင်းလိုက်ကာ စားသောက်စရာတွေကို နေရာချထားလိုက်ကြတော့သည်။ ပြီးတဲ့အခါမှာတော့ အားလုံးက ဝိုင်းဖွဲ့ကာ ထိုင်လိုက်ကြလေသည်။ စားသောက်စရာတွေထဲမှာတော့ ဘီယာ,ဝိုင်,အချိုရည်,ရေသန့်ဗူးတွေနဲ့ စားသောက်စရာ အချို့ပင်။
ယောကျာ်းလေးသုံးယောက်ကတော့ ဘီယာဗူးကိုယ်စီနှင့်။ မိန်းကလေးနှစ်ယောက်ကတော့ ဝိုင်ပုလင်းတွေကို ကိုင်ကာ ချီးယားစ် ဆိုကာ စတင်ဝိုင်းစလိုက်ကြတော့သည်။ အချိန်လေးနည်းနည်း ကြာတဲ့အခါမှာတော့ အားလုံးက ရီဝေဝေလေးတွေ ဖြစ်လာခဲ့ကြတော့သည်။ ထိုအချိန်မှာ မင်းထွန်းက စတင်စကားပြောလာခဲ့သည်။
“တေဇ.. ငါတစ်ခုပြောအုန်းမယ်”
ဟုပြောလိုက်သည်။ အသံကတော့ အနည်းငယ် ခပ်လေးလေးဖြင့်ပင်။
“အင်း.. ဘာတုန်း”
“မင်းပြောတော့ ဒီအိမ်ကြီးက သရဲခြောက်တယ်ဆို”
ထိုအခါ တေဇက ခေါင်းညှိတ်လိုက်ကာ…
“အေးလေ.. ဒါပေမဲ့ အရင်ကပါကွာ.. အခုတော့ မကြားတော့ပါဘူး”
မိုးမခကလည်း ဝင်ပြောလိုက်သည်။
“ဒါနဲ့ နင်ပြောတော့ လပြည့်လကွယ်ကြရင် ခြောက်တယ်ဆို”
“အေးလေ အဲ့ဒါတော့ ငါ့ဦးလေးပြောတာပဲ.. ငါတော့ မယုံဘူးဟာ”
တေဇက ခပ်လေးလေးအသံကြီးဖြင့် ပြောလိုက်ကာ ဘီယာဗူးကို မော့လိုက်သည်။ ထိုအချိန်မှာပင် ဇာနည်က အလန့်တကြားဖြင့် ထပြောပြန်သည်။
“ဟာ နေကြပါအုန်းဟ.. ဒီ.. ဒီနေ့က လပြည့်နေလေကွာ”
ထိုအခါမှ သူဇာလှိုင်နဲ့ မိုးမခတို့က..
“ဟာ ဟုတ်ပ.. ဒီနေ့လပြည့်နေ့ပဲ”
“အေးလေ အခုမှ သတိရတယ်ဟာ”
ဆိုကာ ပြောလိုက်ပြီး မိုးမခက တေဇကို အပြစ်တင်တော့သည်။
“ဟဲ့ တေဇ ဒီနေ့လပြည့်နေ့လေဟာ နင်မသိဘူးလား.. လပြည့်လကွယ် ခြောက်တယ်လည်း ပြောသေးတယ်.. ငါတို့ကိုခေါ်လာတော့လည်း လပြည့်နေ့မှ ခေါ်လာတယ်”
ဒီတော့ တေဇလည်း လက်ကာပြလိုက်ကာ ဘီယာကို တစ်ကျိုက် မော့လိုက်ပြန်သည်။ ပြီးမှ စကားဆက်ပြောလိုက်တော့သည်။
“နေကြပါအုန်းဟာ နင်တို့ကလည်း.. အလကား ကြောက်စရာ မဟုတ်ကြံဖန်ပြီး ကြောက်နေကြတယ်.. အဲ့လိုခြောက်တာကို မယုံလို့ အခုလို လာကြည့်တာ သိပြီလား”
“ဟာ မဟုတ်တာကွာ လာချင်ရင် မင်းတစ်ယောက်ထဲလာပါလား.. ငါတို့ကို ဘာလို့ ခေါ်လာတာလည်းကွ”
ဇာနည်က ထိုသို့ ပြောလိုက်သည်ကို တေဇက…
“မင်းတို့ကို ခေါ်လာတယ်ဆိုတာ ပျော်ပျော်ပါးပါး စားသောက်ရအောင်လို့ပါကွာ.. ပြီးတော့ ငါတစ်ယောက်ထဲလည်း အိမ်ကနေဘယ်လိုလာမလည်းကွ… ညဘက်ကျတော့ ငါက ဒီလိုဘယ်လိုလာမလည်းကွ.. လာလို့မှမရတာ.. အဲ့ဒါကြောင့် အခုလေ့လာရင်း ပျော်ပွဲစားရင်းပေါ့ကွာ”
ထိုအခါမှာတော့ အားလုံးက နှုတ်ဆိတ်သွားကြတော့သည်။ ဒီတော့တေဇက အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်သည်။
“ဟေ့ကောင် သရဲ မင်းခြောက်ချင်လည်း ညကျမှခြောက်.. အခုတော့ လာမခြောက်နဲ့နော်.. သေသွားမယ် နားလည်လား”
ဆိုပြီး ပြောကာ ရယ်မောနေလိုက်တော့သည်။
“ဟဲ့ ဘယ်လိုတွေ လျောက်ပြောနေတာလည်းဟာ နင်ကလည်း”
သူဇာလှိုင်က ထိုသို့ ပြောလိုက်လေတော့ ကျန်သူတွေကလည်း အဲ့ဒီလို မပြောဖို့ကို ဝိုင်းဝန်းပြောဆိုကြတော့သည်။ တေဇကတော့..
“ကဲပါကွာ မင်းတို့ကလည်း.. ခြောက်လည်း ညဘက်ပဲခြောက် မှာပေါ့.. အခုလို နေ့ခင်းကြောင်တောင်ကြီး ခြောက်ပါ့မလား.. ပြီးတော့ ညနေပဲ ပြန်ကြတော့မှာပဲ.. ဘာမှ ပူမနေပါနဲ့ကွာ.. ကဲ ကဲ သောက်ကြမယ်”
ထိုစကားကြောင့် သူတို့တွေလည်း ဘာမှ ဆက် မပြောကြတော့ပေ။ ညနေမှာ ပြန်ကြမှာကြောင့် အခုအချိန်လေးမှာ စားလိုက်သောက်လိုက်နဲ့ ပျော်ပျော်ပဲနေလိုက်ကြတော့သည်။
ထိုအချိန်မှာတော့ အိမ်အပေါ်ထပ်ဆီမှ တဒုန်းဒုန်းဖြင့် ပစ္စည်းပစ္စရ ပြုတ်လဲကျသံတွေကို ပီပီပြင်ပြင်ကြီးကို ကြားလိုက်ရတော့သည်။ ထိုအခါ သူတို့အားလုံးမှာတော့ အနည်းငယ်မူးဝေနေလေပြီ။ ဒီတော့ မူးတေတေဖြင့် ခပ်နောက်နောက်ပင် လှမ်းပြောလိုက်သေးသည်။
“ဟေ့.. အပေါ်က ဘာတွေလည်းကွ.. လာမလုပ်နဲ့နော်.. သေသွားမယ် ဘာမှတ်နေလည်း”
ထိုသို့ပြောလိုက်လေတော့ ပထမကြားနေရသည့် အသံတွေက တဖြေးဖြေးနှင့် ပို၍ ဆူညံလာတော့သည်။ သူတို့စိတ်အထင် အိမ်ကြီးပါ လှုတ်ခပ်လာသလောင်ပင် ထင်မိတော့သည်။ သည်အခါမှာတော့ ဆက်ပြီး မနောက်ရဲတော့ပဲ တိတ်ဆိတ်သွားကြတော့လေ၏။ တစ်ဆက်တည်း သူဇာလှိုင်က..
“တေဇ.. အပေါ်မှာ အသံ.. အသံတွေ ပိုဆိုးလာတယ်နော်.. ဘာတွေလည်းဟာ ငါတော့မနေရဲတော့ဘူး”
“ဟဲ့ နင်ကလည်း ကြောက်မနေပါနဲ့.. တစ်ခုခုပြုတ်ကြတာပဲဖြစ်မှာပါ.. ဒီမှာလည်း လူတွေများနေတာကို”
ဒီလို တေဇရဲ့အပြောကို မိုးမခမှ ဝင်ပြောလိုက်ပြန်သည်။
“ဟာ.. သူဇာပြောတာဟုတ်တယ်.. ငါလည်းကျောချမ်းလာပြီဟ မနေရဲတော့ဘူး ပြန်ရင်ကောင်းမယ်”
တေဇလည်း မကြောက်ဖို့ပြောနေပေမဲ့ သူ့ဦးလေးပြောထားသည်က တကယ်ဖြစ်နေမလားဆိုတာကို တွေးမိပြီး သူကိုယ်တိုင်လည်း စိုးရိမ်စိတ်ဝင်လာခဲ့တော့သည်။ သို့ပေမဲ့ ဒီနေရာကို ဦးဆောင်လာခဲ့သူဖြစ်နေသည့်အတွက် စိတ်ကိုရဲတင်းကာနေလိုက်ရသည်။ အကုန်လုံးကတော့ ကြောက်နေကြသည့်ပုံတွေ ပေါက်နေတာကိုလည်း တွေ့လိုက်ရသည်။ အိမ်အပေါ်ထပ် တစ်ထပ်လုံးမှာလည်း တဝုန်းဝုန်း တဒုန်းဒုန်းဖြင့် ဆူညံနေတာကိုလည်း အားလုံးကကြားနေရပြီး မဟုတ်ပေလား။ ဇာနည်ကတော့..
“တေဇရာ.. ငါတို့ဒီလာတာ မှားပြီထင်တယ်.. မင်းကလည်း လပြည့်နေမှ ရွေးလာရတယ်လို့”
“နေပါအုန်းကွာ.. ငါလည်း ဒီလိုအကြောင်းတွေကို တကယ်မယုံလို့ လာမိတာပါ.. ပြီးတော့ ငါတို့က လူအများကြီးဆိုတော့ ဘာမှမဖြစ်နိုင်ပါဘူး”
သူဇာလှိုင်က အသည်းငယ်သူပီပီ..
“နင်ကသာ ဘာမှမဖြစ်နိုင်ဘူးပြောနေတယ်.. ငါတို့တော်တော်ကြောက်နေပြီဟ.. ဆက်လည်းမနေရဲတော့ဘူး”
“ဟုတ်တယ်ကွာ.. ငါတို့ပြန်ကြမယ်.. ကြာရင်မကောင်းဘူး”
ထိုအခါ တေဇလည်း ဘာဆက်ပြောရမလည်းဆိုတာ မသိအောင်ပင် ဖြစ်မိတော့သည်။ ဒီကိုလာဖို့ပြောခဲ့မိသည်ကပဲ သူမှားသွားပြီလား။ ဒါဆို ဒီအိမ်ကြီးက လပြည့်လကွယ်မှာ တကယ်ခြောက်တာပေါ့။ သို့ပေမဲ့ အသံတွေသာကြားနေရပြီး ဘာမှတော့ မဖြစ်သေး၍ သူကတော့ မပြန်ချင်သေး။ ကျန်လေးယောက်ကတော့ တွေးပြီးကြောက်နေပြီဖြစ်တဲ့အတွက် သူ့အနေနဲ့ ဘာမှမတတ်နိုင်တော့။
“ကဲကွာ.. ဟုတ်ပြီ ဒါဆိုလည်း ပြန်ကြမယ်”
ဆိုကာ ပစ္စည်းတွေကို သိမ်းဆည်းဖို့ပြင်လိုက်စဥ္မှာပင် တကျွီကျွီဖြင့် အိမ်ရှေ့တံခါးမကြီးက ပိတ်သွားလေတော့သည်။
“ဟာ.. တံခါးပိတ်သွားပြီကွ”
ဇာနည်ရဲ့အော်သံနဲ့အတူ မိုးမခမှ..
“ဟဲ့..သွားသွား မြန်မြန်သွားဖွင့်ပါအုန်း”
ဇာနည်လည်း အမြန်ပြေးကာ ဖွင့်လိုက်ပေမဲ့ တံခါးမကြီးကတော့ လုံးလုံးကို ပွင့်မလာတော့ပေ။ ကျန်သူတွေလည်း အလျင်အမြန်ပင် တံခါးဆီကို အတင်းလာဖွင့်ကြပေမဲ့ ထိုတံခါးကတော့ တုတ်တုတ်မျှမလှုပ်တော့။
“ဟဲ့.. ဘာလုပ်ကြမလည်း.. ဘာလို့ တံခါးကပိတ်သွားရတာလည်း”
“အေးဟာ.. လုပ်ကြပါအုန်း.. ရအောင်ဖွင့်ကြပါဟာ.. ငါ ကျောချမ်းလာပြီ”
သူတို့တွေလည်း ပြောသူပြော ဖွင့်သူဖွင့်နှင့် လုပ်နေကြပေမဲ့ မည်သို့မျှ အရာမထင်တော့ပေ။ ဒီတော့ တေဇလည်း..
“နောက်ဖေး.. နောက်ဖေးတံခါးကိုသွားဖွင့်ရမယ်”
“အေး.. ဟုတ်တယ် နောက်ဖေးပေါက်ဆီကိုသွားရမယ်”
ဆိုကာ အားလုံးက ပြင်လိုက်ကြတော့သည်။ သူတို့အားလုံးလည်း အိမ်ရှေ့တံခါးဆီမှ အခွါ နောက်ဖေးတံခါးပေါက်ဆီကို ပြေးဖို့ပြင်လိုက်စဥ္မှာပင် အိမ်အပေါ်တက်သို့တက်သည့် လှေကားဆီမှ တဟားဟားနှင့် ရယ်သံကြီးကို ကြားလိုက်ရတော့၏။ အသံကြီးက တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှတော့သည်။ အာခေါင်ခြစ်ပြီး အော်နေသလို လည်ချောင်းထဲမှ အက်ကွဲကွဲရယ်သံကြီးပင်။ ထိုအသံနက်ကြီးကြောင့် သူတို့တွေရဲ့ မျက်နှာတွေမှာလည်း ကြောက်ရွံ့မှုတွေက အတိုင်းသားပင်။ ဘာလုပ်လို့လုပ်ရမှန်းပင် မသိတော့။ ထိုအချိန် တေဇက စိတ်ကိုအားတင်းလိုက်ရင်း အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
“ဟေ့.. အပေါ်က ဘာကောင်လည်းကွာ.. ငါတို့က ဘာလုပ်နေလို့ ခုလိုခြောက်နေတာလည်း.. ကိုယ့်နေရာကိုယ်နေ.. လာမခြောက်နဲ့”
ဒီလိုပြောလိုက်လေတော့ သူတို့တွေလည်း မျက်လုံးပြူးသွားခဲ့ရတော့သည်။
“ဟဲ့ တေဇ ဘာတွေလျောက်ပြောနေတာလည်းဟာ.. ကြောက်ပါတယ်ဆိုမှဟာ”
မိုးမခလည်း ထိုသို့ပြောလိုက်တဲ့အခါ မင်းထွန်းမှလည်း..
“တေဇရာ အခြေနေပိုဆိုးမယ်နော်.. တော်ပြီ.. ဘာမှမပြောနဲ့တော့ ဒီကနေရအောင်ထွက်ရမယ်”
စသဖြင့် ပြောဆိုနေတုန်းမှာပင် လှေကားထိပ်ဆီမှ အကောင်ကြီးတစ်ကောင်ကို ရုတ်တရက်တွေ့လိုက်ရတော့သည်။ ထိုအခါ သူတို့အားလုံးက တိုင်ပင်မထားပါပဲ အားခနဲ အော်လိုက်ကြကာ နောက်ဖေးမီးဖိုခန်းသို့ တရုန်းရုန်းဖြင့် ပြေးသွားလိုက်ကြတော့သည်။ စိတ်ထဲမှာတော့ ကြက်သီးတွေက တဖြန်းဖြန်းထပြီး ခေါင်းတွေက ပုတ်လောက်ပမာကြီးလာသလိုလည်း ခံစားလိုက်ရတော့၏။ တွေ့လိုက်ရသည်ကလည်း သွေးပျက်စရာပင် ကောင်းနေတော့သည်။
လှေကားထိပ်မှာ ရပ်နေသည်က အကောင်ကြီးတစ်ကောင်။ လူတစ်ယောက်ထက်ကြီးမားပြီး ဆံပင်တွေကဖွာလန်ကျဲနေသည်။ မျက်နှာကြီးကလည်း ကြောက်စရာကောင်းလှ၏။ မျက်နှာပေါ်မှာ ကန့်လှန့်ဖြတ်အမာရွတ်ကြီးက ထင်ထင်ရှားရှား။ မျက်လုံးတွေက ပြူးထွက်နေကာ ပါးစပ်မှာလည်း အသားစတွေက ဖွာလန်ကြဲနေသည့် အကောင်ကြီး တစ်ကောင်ပင်။ ထိုသို့ ကြောက်ရွံ့ဖွယ် အကောင်ကြီးကို တွေ့လိုက်ရတာကြောင့် သူတို့တွေလည်း အသည်းအသန်ပင် နောက်ဖေးမီးဖိုချောင်သို့ ပြေးသွားလိုက်ကြကာ မီးခိုခန်းတံခါးကို ဝုန်းခနဲပိတ်လိုက်ကြတော့သည်။ ပြီးနောက် အသံပင် မထွက်ရဲကြတော့ပေ။ မျက်နှာမှာလည်း စိုးရိမ်မှုတွေက အတိုင်းသားပင်။
*****
“ဟဲ့.. တေဇ ငါတော့ကြောက်တာပဲ သိတော့တယ်ဟာ”
ဆိုကာ မိုးမခလည်း အသားတွေတုန်နေရင်း ပြောလိုက်သည်။ ဒီတော့ သူဇာလှိုင်လည်း အပြစ်တင်တော့သည်။
“အေးဟာ.. အစထဲက ပြန်လို့ရရဲ့သားနဲ့.. ဘာလို့ အဲ့ဒီလိုပြောလိုက်ရတာလည်း”
“ကဲပါဟာ အဲ့ဒါတွေပြောမနေတော့နဲ့ အခု ဒီကထွက်ဖို့ပဲ လုပ်ကြရအောင်”
ဆိုပြီး မင်းထွန်းလည်း ဝင်ရောက်ဖျန်ဖြေပါတော့သည်။
“ကဲ.. နောက်ဖေးတံခါးကို ဖွင့်ကြည့်မယ်”
ပြောပြောဆိုဆိုဖြင့် နောက်ဖေးတံခါးကို ဖွင့်ကြည့်ပြန်တော့ ဘယ်လိုမှလည်း ဖွင့်ရခဲ့ပေ။ ဒီတော့ အသည်းငယ်သူဖြစ်သည့် သူဇာလှိုင်လည်း ငိုတော့လေသည်။ တေဇလည်း သူဇာလှိုင့်ကို ချော့မော့ပြောရင်း..
“ကဲပါဟာ.. ငါတောင်းပန်ပါတယ်.. အခုမှတော့ ငိုမနေပါတော့နဲ့.. ဒီကထွက်လို့ရအောင် လုပ်ကြရအောင်ဟာ”
ထိုအခိုက်မှာတော့ အိမ်ရှေ့ခန်းဆီမှာ တဒုန်းဒုန်းဖြင့် ခြေသံကြီးတွေကို အသည်းယားဖွယ် ကြားလိုက်ရတော့သည်။ တစ်ဆက်တည်း တဟင်းဟင်းနှင့် လူမမာတစ်ယောက်လို ညည်းညူသံတွေကိုပါ ထပ်မံပြီး ကြားလိုက်ရပြန်တော့သည်။ သူတို့အားလုံးလည်း အသံပင် မထွက်ရဲတော့ပဲ တိတ်ဆိတ်စွာပင် အသံကြားရာသို့ နားစွင့်နေမိတော့၏။ ခြေသံတဒုန်းဒုန်း ညည်းသံတဟင်းဟင်းဖြင့် အိမ်ရှေ့ခန်းဆီမှာ လှည့်ပတ်သွားလာသံတွေကလည်း အတိုင်းသားပင်။ ခနကြာတဲ့အခါမှာတော့ ပြန်လည်တိတ်ဆိတ်သွားပြီး ဘာအသံကိုမှ မကြားရပြန်တော့။ ဒီအခါ ဇာနည်လည်း လေသံတီးတိုးဖြင့်..
“အသံတွေတော့ မကြားရတော့ဘူးကွ.. ကြည့်ရတာ အပေါ်ထပ်များ ပြန်တက်သွားပြီလား မသိဘူး.. ဘယ်လိုလုပ်ကြလည်း ထွက်ပြေးကြမလား”
ဒီလို ဇာနည်၏အပြောကို တေဇက..
“ထွက်ပြေးတာကဟုတ်တယ်ကွ.. တံခါးမှ ဖွင့်လို့မရတာ ဘယ်လိုလုပ်မလည်း”
“ဘာပဲဖြစ်ဖြစ်ကွာ ကြိုးစားကြည့်တာပေါ့”
“ဒါဖြင့် ဒီလိုလုပ် တံခါးဖွင့်လို့မရရင် ဟိုဖက်မှာ ဘုရားခန်းတစ်ခန်းရှိတယ်.. တစ်ခုခုဆို အဲ့ဒီဘုရားခန်းထဲဝင်ေပြးကြမယ်”
“အေး အဲ့ဒါကောင်းတယ်”
သူတို့ ငါးယောက်လည်း မီးဖိုခန်းမှ အိမ်ရှေ့တံခါးဆီသို့ တဝုန်းဝုန်းဖြင့် ပြေးထွက်လိုက်ကြတော့သည်။ ထို့နောက် တေဇနှင့်ဇာနည်က တံခါးမကြီးကို ရအောင်ပင်ဖွင့်ေလသည်။ ကျန်သူတွေကတော့ လှေကားဆီကို စိုးရိမ်တကြီးဖြင့် ကြည့်ပေးနေကြလေသည်။
“တေဇ ရလား တံခါးဖွင့်လို့ရလား”
“အေး ရတော့မရဘူးဟ ငါလည်း ဆွဲဖွင့်နေတာပဲ”
တေဇတို့လည်း ကြိုးစားဖွင့်နေပေမဲ့ ဘယ်လိုမှ ဖွင့်မရပေ။ ထိုအချိန်မှာတော့ အိမ်အပေါ်ထပ် လှေကားထိပ်မှာ တဒုန်းဒုန်းဖြင့် အောက်ကို ဆင်းချလာသည့် ခြေသံကြီးကို အတိုင်းသားပင် ကြားလိုက်ရတော့သည်။
“ဟို.. ဟိုမှ လာနေပြီဟ.. မြန်မြန်လုပ်ကြ”
ထိုသို့ပြောဆိုနေရင်း လှေကားထပ်မှာ ခြေထောက်ကြီးတစ်ဖက်က ဝုန်းခနဲကျလာလေတော့သည်။ ထိုခြေထောက်ကြီးမှ အမွှေးအမြှင်ထူထပ်စွာ ပေါက်နေလေပြီး တော်တော်လေးလည်း ကြီးမားလှေပသည်။ တစ်ဆက်တည်း တဟင်းဟင်းနှင့် ညည်းသံကြီးတွေကိုပါ ကြားလိုက်ရပြန်တော့ အားလုံးမှာ မနေရဲကြတော့ပေ။
“သွား.. သွား.. ဘုရားခန်းထဲ အမြန်ပြေးတော့”
တေဇလည်း ထိုသို့ ဆော်ဩလိုက်ကာ ကိုယ်တိုင်လည်း ပြေးသွားလိုက်တော့သည်။ အားလုံးလည်း ဘုရားခန်းထဲအရောက် တံခါးကို ဆောင့်ပိတ်ချလိုက်ကာ ဘုရားတရားတနေမိကြတော့သည်။ သူတို့အားလုံးလည်း ဇောချွေးတွေပျံလျက် အသားတွေလည်း တဆက်ဆက်ဖြင့် တုန်ရီနေလေပြီ။ ကြက်သီးတွေကိုယ်စီထလျှက် ဘာလုပ်ရမှန်းကို မသိတော့ပေ။ ပြီးနောက် မိုးမခလည်း အတွေးတစ်ခုရကာ တေဇကို ပြောဆိုလိုက်သည်။
“တေဇ.. ဒီလိုနေလို့ မဖြစ်တော့ဘူးဟာ.. နင့်ဦးလေးကို ဖုန်းလှမ်းဆက်လိုက်တော့”
ဒီတော့ ကျန်သူများလည်း ယခုမှ အတွေးရကာ ဝိုင်းဝန်းထောက်ခံကြတော့သည်။
“ဟုတ်တယ် ဟုတ်တယ်တေဇ.. လုပ်.. မြန်မြန်ဆက်”
ဒီတော့ တေဇလည်း ဖုန်းထုတ်ကာ နံပတ်တစ်ခုကို အလျင်အမြန် ခေါ်လိုက်တော့သည်။
“ဟယ်လို.. ဦးလေး.. ကျနော်တို့ကို လာကယ်ပါအုန်း”
“တူကြီးလား.. မင်းအသံက ဘယ်လိုဖြစ်နေတာလည်း”
“ကျနော်ပြောတာ နားထောင်ပါအုန်းဦးလေးရေ.. ကျနော်တို့သူငယ်ချင်းတွေ ပဲခူးက ဦးလေးရဲ့အိမ်ရောက်နေလို့.. ဒီမှာ ကျနော်တို့ကို သရဲခြောက်နေလို့ဦးလေးရေ..လာကယ်ပါအုန်း ကျနော်တို့ မနေရဲတော့လို့”
ထိုအခါမှာတော့ တေဇ၏ ဦးလေးဖြစ်သူလည်း အံ့ဩကာ ဘာပြောရမှန်းမသိတော့ပေ။ နောက်မှစဥ္းစားမိသည်ကား ယနေ့က လပြည့်နေပင်။ ခုမှတော့ ဘာမှလုပ်မရတော့။ စီစဥ္စရာရှိတာတွေကို အမြန်ပင်စီစဥ္လိုက်ပြီး ရန်ကုန်မှ ကားနဲ့ထွက်ခဲ့တော့သည်။
***** *****
တေဇတို့ သူငယ်ချင်းတစ်သိုက်လည်း ဘုရားခန်းထဲကနေ အပြင်ကို မထွက်ရဲတော့ပေ။ အိမ်ရှေ့ခန်းဆီမှာ တဒုန်းဒုန်းဖြင့် ခြေသံတွေကို ကြားနေရဆဲပင်။ သူတို့လည်း တုတ်တုတ်မျှ မလှုပ်ရဲတော့ပေ။
ထိုစဥ္ ဘုရားခန်းတံခါးကို တဒုန်းဒုန်းဖြင့် ထုရိုက်သံကို ရုတ်တရက် ကြားလိုက်ရတော့သည်။ တံခါးကို ထုရိုက်နေသံကား ကြောက်မက်ဖွယ်လိလိပင်။ ညည်းသံကြီးတွေကလည်း အသားစဖွယ်ကောင်းလှပေသည်။ ဘာလုပ်ရမလည်း မသိတော့ပေ။ ငါးယောက်သား ချွေးတွေပျံကာ ထိတ်လန့်နေကြတော့သည်။ ထိုအခိုက် ဘုရားခန်းတံခါးကို လက်ကြီးတစ်ဖက်က ဖောက်ထွက်လာတာကို သွေးပျက်ဖွယ်ပင် မြင်လိုက်ရတော့သည်။
“ဟင်.. ဘာ ဘာကြီးလည်း.. လက်.. လက်ကြီးတစ်ဖက် ဝင်လာပါလား.. လုပ် လုပ်ပါအုန်း.. ကြောက်တယ် ကြောက်တယ်”
ဆိုကာ အော်သူကအော် ငိုသူက ငိုကြတော့သည်။
တွေ့လိုက်ရသည်က တံခါးကိုဖောက်ပြီး ဝင်လာသည့် လက်ကြီးတစ်ဖက်။ ထိုလက်ကြီးမှာတော့ အမွှေးအမြှင်တွေ ထူထပ်နေပြီး ကြီးမားလှပေသည်။ လက်သည်းချွန်တွေကလည်း ကြောက်စရာကောင်းလှပေသည်။ တဂီးဂီး တဂဲဂဲဖြင့် အော်မြည်ကာ လက်ကြီးကလည်း ဟိုဟိုဒီဒီ လိုက်ဆွဲနေတော့လေသည်။
“လုပ်.. လုပ်ပါအုန်းဟာ.. အထဲဝင်လာရင် ဒုက္ခပဲ”
“ဘုရားစာရွတ်.. ဘုရားစာရွတ်”
ဆိုပြီး မင်းထွန်းလည်း ပြောဆိုလိုက်ကာ ရသမျှဘုရားစာတွေ ရွတ်တော့လေသည်။ ထိုအခါမှာတော့ အထဲရောက်နေသည့် လက်ကြီးက မီးခိုးငွေ့တွေဖြစ်ကာ ပြန်လည် ပျောက်သွယ်သွားတော့သည်။
သို့ပေမဲ့ အပြင်ဘက်မှာတော့ တဝူးဝူးဖြင့် အော်သံအက်ကွဲကွဲကြီးဖြင့် အော်မြည်ကာ တဒုန်းဒုန်း တဒိုင်းဒိုင်းဖြင့် ခြေသံတွေကတော့ အတိုင်းသားပင်။ ထို့နောက် ဇာနည်လည်း..
“ခနနေအုန်း.. ငါ ဒီအပေါက်ကနေ ချောင်းကြည့်အုန်းမယ်”
“ဟာ မဟုတ်တာ နင်ကလည်း ကြောက်စရာကြီးကို”
“နေပါအုန်းဟာ.. ဒါမှ ဘယ်လိုအကောင်လည်း သိရမှာပေါ့”
ဇာနည်လည်း ပြောပြောဆိုဆိုဖြင့် ခြေလှမ်းကို အသာလှမ်းကာ အပေါက်ဖြစ်သွားသည့် တံခါးနားဆီကနေ အသာချောင်းကြည့်မိသည်။ သို့ပေမဲ့ ခနပဲကြည့်နိုင်ကာ အသားတွေတုန်လာပြီး အနောက်ကို ပြန်ဆုတ်လိုက်မိသည်။
“ဇာနည် ဘာတွေ့လို့လည်း”
မိုးမခ၏ အမေးကို ဇာနည်လည်း အမောတကောဖြင့် ပြန်ဖြေလိုက်သည်။
“ကြောက်စရာကြီးဟာ..မျက်လုံးကြီးက နီရဲနေတာပဲဟ.. အကောင်ကြီးက အကြီးကြီးပဲ.. ပြီးတော့ ငါ့ကို ပြန်လှည့်ကြည့်လို့ ငါဆက်မကြည့်တော့တာ”
“ဘုရားရေ.. ငါ.. ငါတို့ ဘယ်လိုလုပ်ကြမလည်း ကြံစမ်းပါအုန်း”
ဒီတော့ တေဇလည်း လက်ကာပြလိုက်ပြီး..
“အခုတော့ ဘာမှလုပ်လို့မရတော့ဘူး.. ဒီထဲမှာပဲ ဘုရားစာရွတ်ပြီး ငါ့ဦးလေးလာတာကိုပဲ စောင့်ကြတော့မယ်”
ဒီတော့ အားလုံးလည်း တေဇစကားကို လက်ခံလိုက်ကြပြီး ဘုရားကို အာရုံပြုကာ နေလိုက်ကြတော့သည်။
***** *****
အချိန်အတော်ကြာတဲ့အခါမှာတော့ အပြင်ဘက်မှာ တရားစာရွတ်သံတွေကို ကြားလိုက်ရပြီး လူသံဆူသံတွေကိုလည်း ကြားလိုက်ရသည်။
“ငါ့ဦးလေးတို့ လာပြီထင်တယ်”
တေဇစကားကြောင့် သူတို့အားလုံးလည်း ဝမ်းသာသွားမိတော့သည်။
“တူကြီး တေဇ.. မင်းတို့ ဘယ်မှာလည်း”
ဟုတ်ပေသည်။ တေဇ၏ ဦးလေးအသံပင်။
“ဦးလေးရေ.. ကျနော်တို့ဒီမှာဘုရားခန်းထဲမှာ”
မကြာလိုက်ပေ။ ဘုရားခန်းတံခါးနားတွင် သူ့ဦးလေး၏ အသံနှင့်အတူ ဘုရားစာရွတ်သံတွေကိုပါ ကြားလိုက်ရ၍ တေဇလည်း တံခါးဂျက်ကို ဖွင့်ပေးလိုက်တော့သည်။ အပြင်မှာတော့ တေဇ၏ ဦးလေးအပြင် ဘုန်းတော်ကြီး သုံးပါးကိုပါ တွေ့လိုက်ရတော့သည်။
“ဦးလေး.. ဝမ်းသာလိုက်တာဗျာ.. ကျနော်တို့ကို ဒီကမြန်မြန် ထုတ်ပေးပါ”
“ကဲပါ.. ငါတူတို့ စိတ်မပူတော့နဲ့.. ဒီမှာ ဦးဇင်းတွေလည်း ပရိတ်ရေတွေလောင်းပြီး မေတ္တာပို့ အမျှဝေပြီးပြီ.. ကဲလာကြ.. ပြန်ကြမယ်”
သူတို့တွေအားလုံးလည်း ထိုအိမ်ကြီးမှ ပြန်ထွက်ခဲ့ကြတော့သည်။
***** *****
တေဇ၏ကားကို သူ့ဦးလေးဖြစ်သူကမောင်းပြီး တေဇဦးလေး၏ကားကိုတော့ ဒရိုင်ဘာတစ်ယောက်က မောင်း၍ လာခဲ့သည်။ လမ်းမှာတော့ တေဇက သူတို့ကြုံတွေ့ခဲ့ရသည့် အဖြစ်ပျက်တွေကို ပြောပြလေတော့ သူ့ဦးလေးလည်း နားထောင်ကာ စိုးထိတ်မှုတွေ ဖြစ်ပေါ်လာခဲ့လေသည်။ တေဇ၏ စကားဆုံးလေသော်..
“ကဲ..တူကြီးတို့ မသေကောင်မပျောက်ကောင်းကွယ်.. နောက်ဆို အဲ့ဒီလို မစူးစမ်းကြပါနဲ့.. ဒါမျိက အခန့်မသင့်ရင် သေသွားနိုင်တယ်.. အဲ့ဒီအိမ်ကြီးက လပြည့်လကွယ်ဆိုရင် နေလို့မရအောင် ခြောက်တာကွယ့်.. အခုငါ့တူက အဲ့ဒီလိုပြောဆိုလိုက်တော့ တကယ်ခြောက်ပြခဲ့တာပေါ့ကွယ်”
“ဒါနဲ့ ဦးလေး.. အဲ့ဒီအိမ်က ဘာလို့ ခြောက်ရတာလည်း”
“ဒါတော့ ဦးလေးလည်း သေချာမသိဘူး.. ဦးလေးလည်းဝယ်ပြီးကာမှ ဒီလိုခြောက်မှန်းသိရတာ.. ဦးလေး မေးစမ်းသိရသလောက်ဆိုရင် အဲ့ဒီအိမ်မှာ ဓားပြကြီးတစ်ယောက် နေသွားဖူးတယ်လို့ပဲ သိခဲ့ရတယ်.. ကျန်တဲ့ အချိန်တော့ မခြောက်တတ်ဘူးလို့ ကြားတာပဲ.. အမျှဝေပေးလို့လည်း မရပါဘူးကွယ်.. ကဲ တူကြီးတို့လည်း နောက်ဆို အဲ့အိမ်ကို မသွားကြပါနဲ့တော့ကွယ်”
“စိတ်ချပါ ဦးလေး.. အခုလည်း တော်တော်ကြောက်သွားပါပြီ”
သူတို့တွေလည်း ယခုကြုံခဲ့ရပုံမှာ တော်တော်လေးကို သွေးပျက်ဖွယ် ကောင်းလှပေသည်။ နောက်နောင်ဆိုရင်တော့ ထိုအိမ်ကြီးကို ခြေဦးတောင် မလှည့်ရဲတော့ပေ။ သူတို့အတွက်ကတော့ ထိတ်လန့်စရာ တစ်ခုပင်။
***** ******
… ပြီးပါပြီ …