သရဲဖိုးအောင်နဲ့ သိဒ္ဒိဝင် ပုလဲနက်

*သရဲဖိုးအောင်နဲ့ သိဒ္ဒိဝင် ပုလဲနက်*📖📖📖 (စ၊ ဆုံး)

**********************************************

ကျုံပေါင်းနဲ့ ကျဆုံဆိုတာ ပင်လယ်ကမ်းစပ်ဆီက တံငါရွာတွေဖြစ်ပါတယ်။

ဒီရွာတွေက လူအများဟာ တံငါအလုပ်လုပ်ကြတယ်။ တချို့ကတော့ မုတ်ကောင်ငုတ်တဲ့အလုပ်မျိုးကိုလည်း လုပ်ကိုင်ကြလေရဲ့။

ဒီနှစ်အပိုင်းအခြားထဲ ဒီရွာတွေမှာ ထူးထူးခြားခြား ဖြစ်နေတာတွေရှိတယ်။

အဲ့ဒါကတော့ ညနေမှောင်ပြီဆိုတာနဲ့ ရွာထဲကလူတွေဟာ သေရေးရှင်ရေးမှအပ ရွာအပြင်၊ အိမ်အပြင်ကို ဘယ်သူကမှ မထွက်ကြတော့ပါဘူး။ သေရေးရှင်ရေးဆိုရင်တောင် အနည်းဆုံး လူဆယ်ယောက်ထက်မနည်း စုဝေးပြီးပါမှ ထွက်ကြ၊ လုပ်ကြတာရယ်။

ဘာကြောင့် ဒိလိုဖြစ်ကြရတာလဲဆိုတော့က ဒီရွာကလေးဆီမှာ တစ်ချိန်တုန်းက အဖြစ်အပျက်တစ်ခုရှိခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကတော့…။

******

ဖိုးအောင်တစ်ယောက် မုတ်ကောင်ငါးကောင်ကို လက်ကဆွဲပြီး သူ့အိမ်ဆီကို ပြန်လာနေခဲ့တယ်။

သူ့စိတ်ထဲမှာတော့ ဒီနေ့ လှိုင်းနဲနဲထန်တာမို့ မုတ်ကောင်ငုတ်ရတာ အခက်အခဲဖြစ်ပြီး အချိန်ကြာနေတာအတွက်ကို အိမ်မှာကျန်ရစ်ခဲ့တဲ့ မိခင်ဖြစ်သူ စိတ်ပေးနေလောက်ရောပေါ့လို့ တွေးနေမိပါရဲ့။

ဒါကြောင့် ကမ်းဆီကို တက်တက်ချင်း ခြေလှမ်းတွေက အိမ်ဆီကို မပြေးရုံတစ်မယ်လှမ်းမိတာရယ်။

ဖိုးအောင်ဆိုတာက အသက်ကဖြင့် ရှိလှမှ နှစ်ဆယ်တောင် မပြည့်သေးတဲ့ လူငယ်လေးတစ်ယောက်။ လောကကြီးတစ်ခုလုံးမှာ သားချင်းဆိုလို့ မိခင်ဖြစ်သူရယ်၊ သူရယ် နှစ်ယောက်ထဲ ရှိကြတာ။ ဖခင်ဖြစ်သူကတော့ သူငယ်စဉ်ကတည်းက ပင်လယ်ထွက်ရင်း ပြန်မလာခဲ့တော့ပါဘူး။

ဒါကြောင့် မိခင်ဖြစ်သူဟာ ငါးဗန်းခေါင်းရွက်ရင်းတစ်မျိုး၊  ငါးဒိုင်တွေဆီမှာ ငါးခွဲရင်းတစ်ဖုံ၊ ငပိသိပ်ရာမှာ ဝင်လုပ်ရင်းတစ်လှည့်နဲ့ ဘဝကို ငါးညှီနံ့တွေကြားက ရုန်းကန်ပြီး ရှာဖွေကျွေးမွေးခဲ့တယ်။

ဖိုးအောင် ဆယ့်သုံးနှစ်သားအရွယ်ကိုရောက်တော့ ပင်လယ်ထဲလိုက်လို့ရပြီ။

ဒါကြောင့် မိခင်ဖြစ်သူဆီ ခွင့်တောင်းတော့ ဖခင်ဖြစ်သူရဲ့ အဖြစ်အပျက်ကြောင့် ခွင့်မပြုခဲ့ဘူး။

လုပ်ချင်ရင် အခြားအလုပ်ကို လုပ်ပါလို့ဆိုတယ်။ မြို့ပေါ်ကို တက်ပြီး အလုပ်လုပ်ချင်လည်း ခွင့်ပြုပါမယ်လို့လည်း ဆိုလေရဲ့။

ဖိုးအောင်ဆိုတာကလည်း မွေးကတည်းက ပင်လယ်ပြင်ကို မျက်နှာပြုပြီး ကြီးပြင်းလာသူဆိုတော့ ကုန်းခေါင်ခေါင်နေရာတွေကို သဘောမကျတတ်ဘူး။ အယုတ်စွဆုံးပြောရရင် စိတ်ကူးတောင် မယဉ်တတ်ခဲ့ဘူးရယ်။

ဒါကြောင့် ပင်လယ်ထွက် ငါးဖမ်းအလုပ်ကို မလုပ်ရရင်တောင် အနီးအနားမှာ မုတ်ကောင်ငုပ်တဲ့အလုပ်ကိုတော့ လုပ်ပါရစေ ခွင့်တောင်းခဲ့တယ်။

ဒိအလုပ်ကိုတောင် မိခင်ဖြစ်သူက သိပ်ခွင့်မပြုချင်။ ဖိုးအောင်က အတင်းကာရော ပူဆာပြောပါမှ ခွင့်ပြုပေးခဲ့တယ်။

ဒါကြောင့်ပဲ ဖိုးအောင်တစ်ယောက် လူက ခပ်ငယ်ငယ်ဆိုပေမယ့် သူချစ်တဲ့ ပင်လယ်ကြီးဆီမှာပဲ ကျင်လည်ရတဲ့ မုတ်ကောင်ငုပ်သမားလေး ဖြစ်ခဲ့ရတာပေါ့။

မုတ်ကောင်ငုပ်သမားလေးဖြစ်ခဲ့ပြီး နှစ်နှစ်အကြာမှာတော့ မိခင်ဖြစ်သူဟာ အခန့်မသင့်ဘဲ လေဖြတ်ရောဂါကို ခံစားရပါတော့တယ်။

ရှိစုမဲ့စုတွေ ရောင်းချပြီး ခြောက်လလောက် ဆေးပြန်ကုသတော့ ပြန်ကောင်းလာခဲ့ပေမယ့် အိမ်အလုပ်ကလွဲပြီး နဂိုကလို စျေးရောင်းတာတွေ၊ အလုပ်လုပ်တာတွေ မလုပ်နိုင်ခဲ့တော့ပါဘူး။

‘ အမေ…သားပြန်လာပြီ…’

ဖိုးအောင် အသံစာစာနဲ့ ဟစ်အော်ပြီး ဓနိမိုး၊ ဝါးခင်းတဲ့ သူတို့အိမ်ကလေးဆီ ပြေးတက်လိုက်တယ်။

ပြီးတော့ မုတ်ကောင်တွေကို ပစ်ချပြီး မိခင်ဖြစ်သူကို လိုက်ရှာလိုက်တယ်။

သူထင်တဲ့အတိုင်းပါပဲ။

မိခင်ဖြစ်သူဟာ ဖခင်ဖြစ်သူအတွက် ရည်ရွယ်ထားတဲ့ ပန်းအိုးကလေးအရှေ့မှာ မျက်ရည်စက်လက်နဲ့။ ဒါက ဖိုးအောင် အပြန်နောက်ကျတိုင်း မိခင်ဖြစ်သူ ပြုမူနေကျ အပြုအမူ။ မေးကြည့်တော့ သားဖြစ်သူကို သူ့နောက်ဆီ ခေါ်မသွားဖို့ ဖခင်ဖြစ်သူဆီကို တောင်းပန်နေတာတဲ့။

အစကတော့ ဒီလိုအချိန်တိုင်း ဖိုးအောင်ပါ မျက်ရည်မဆည်နိုင်။ အခုများတော့ ဖိုးအောင် နေသားကျခဲ့ရပြီမို့ ရင်ထဲစိတ်မကောင်းဖြစ်မိတာလောက်ပဲ ရှိတော့တယ်။

‘ အမေ…သားပြန်လာပြီလေ။ ဒိနေ့ လှိုင်းနဲနဲ ခ’နေလို့ မုတ်ကောင်ငုပ်ရ ခက်ပြီး ကြာနေတာ အမေရဲ့…’

မိခင်ဖြစ်သူက ဖိုးအောင်ကို လှည့်ကြည့်လာတယ်။

‘ သားရယ်…အမေ ဘယ်လောက်တောင် စိတ်ပျူနရလဲ သိရဲ့လား။ အမေ့မှာ ဒီသားလေးတစ်ယောက်ထဲ ရှိတော့တာလေ…’

မျက်ရည်စမ်းစမ်းနဲ့ ပြောလာတဲ့ ဖိုးအောင်ရဲ့ မိခင် ဒေါ်ညို။

‘ အမေရယ်။ သားက မုတ်ကောင်ငုပ်တာ ကျွမ်းကျင်နေပါပြီဗျာ။ စိတ်မပူပါနဲ့နော်…’

ဖိုးအောင် မိခင်ဖြစ်သူကို နှစ်သိမ့်တယ်။

‘ ကဲပါ…အမေရယ်။ သား ဗိုက်ဆာလာတာဗျ။ ထမင်းစားကြရအောင်နော်။ ဒီနေ့ မုတ်ကောင်ငါးကောင်ရလာတယ်…’

‘ အင်း…’

သားဖြစ်သူရဲ့ မုတ်ကောင်တွေကို ဒေါ်ညိုစိတ်မဝင်စားပါ။

ဒါပေမယ့် သားဖြစ်သူ ဗိုက်ဆာလာတာမို့ ခင်ပွန်းသည်အတွက် ရည်စူးပြီးလုပ်ထားတဲ့ စင်ကလေးအနားက ခွာလိုက်ပါတယ်။

******

‘ ဟာ…’

ပထမဆုံး မုတ်ကောင်ဆီက ပုလဲတွေ ထုတ်ယူနေရင်း ဖိုးအောင်တစ်ယောက် သူ့မျက်လုံးတောင် သူမယုံချင်လောက်အောင်ဖြစ်သွားရတယ်။

မုတ်ကောင်ရဲ့ ဝမ်းထဲမှာ အနက်ရောင် ပုလဲတစ်လုံး။

အရွယ်အစားက ငုံးဥပမာဏလောက်ရှိမယ်။ မည်းနက်ပြီး ပြောင်ချောနေတယ်။ ကြည့်ရတာတော့ မျက်စိပသာဒအရှိသားပဲ။

ဖိုးအောင် အဲ့ဒီ့ပုလဲကို နှိုက်ယူလိုက်တယ်။

သူ့အနေနဲ့တော့ တစ်ခါမှ မမြင်ဖူးဘူး။

‘ ဒီပုလဲက တစ်မျိုးပဲ၊ ထူးဆန်းလိုက်တာ…’

တန်ဖိုးရှိမှန်း၊ မရှိမှန်းကို ဖိုးအောင် မသိဘူး။

မုတ်ကောင်ထဲက အနက်ရောင်ပုလဲကို ထုတ်ယူလိုက်တယ်။ ပြီးတော့ ကျန်တဲ့အကောင်တွေကို ဆက်ပြီးထုတ်ယူတယ်။

ကံဆိုးတာလားမသိ၊ တစ်ကောင်သာပဲ ပုလဲတစ်လုံး ထပ်ရပြီး ကျန်အကောင်တွေဆီက ဘာမှမရ။

သူဖမ်းလာတဲ့ ငါးကောင်မှာ နှစ်ကောင်ဆီက ပုလဲရပေမယ့် ရတဲ့နှစ်ကောင်အထဲက တစ်ကောင်ဆီက ပုလဲက အမည်းရောင်ဖြစ်နေတယ်။

ဒီပုလဲကို ရောင်းမရဘူးလို့ ဖိုးအောင် ထင်မိပါရဲ့။ ဒါကြောင့် အနက်ရောင်ပုလဲကို သူ့အိတ်ထဲဆီမှာပဲ အလွယ်တကူသိမ်းဆည်းလိုက်ပြီး ရရှိထားတဲ့ ပုလဲဖြူတစ်လုံးကိုတော့ ရောင်းချဖို့ ပြင်ဆင်လိုက်ပါတယ်။

မုတ်ကောင်တွေကိုတော့ သူလုပ်နေကျအတိုင်း ရေထဲဆီ ပြန်လွှတ်ပေးဖို့ ဇလားထဲ သွားပို့ထားခဲ့လိုက်ပါရဲ့။

******

နောက်တစ်နေ့ မနက်။

ဒေါ်ညိုတစ်ယောက် အိမ်ရှေ့ထိုင်နေတယ်။

သားဖြစ်သူ ဖိုးအောင်ကတော့ မနက်အစောကတည်းက ပင်လယ်ဆီကို ထွက်သွားခဲ့ပါပြီ။

ဒေါ်ညို ထိုင်နေရင်း ညတုန်းက အိပ်မက်ကို ပြန်စဉ်းစားနေခဲ့ပါတယ်။

အိပ်မက်ထဲမှာ ဒေါ်ညိုဟာ ပင်လယ်ဘက်က ကျောက်ဆောင်ကြီးတစ်ခုဆီမှာ ရပ်နေခဲ့တယ်။

အောက်ဆီက ပင်လယ်ပြင်ကြီးကတော့ ထူးထူးဆန်းဆန်းကိုပဲ အမည်းရောင်အသွင်ဖြစ်နေလေရဲ့။ ဒေါ်ညိုကတော့ သူ့တစ်သက်နဲ့တစ်ကိုယ် ဒီလိုထူးဆန်းတာမျိုး မမြင်ဖူးတာမို့ ငေးရီကြောင်အမ်းပြီး ကြည့်နေမိပါရဲ့။

ရုတ်တရက် ရေပြင်ကျယ်ကြီးဆီက ရေပွက်ကြီးတစ်ခု ပွက်ထလာပြီး အထဲကနေ ခင်ပွန်းဖြစ်သူ ကိုလှအောင်တစ်ယောက် ရေထဲကနေ ထွက်ပေါ်လာတယ်။ ပြီးတော့ ဒေါ်ညို့ကို မော်ကြည့်ပြီး အသံကုန် ဟစ်အော်လို့ တစ်စုံတစ်ခု ပြောလေရဲ့။

ဒါပေမယ့် သူ အသံကုန် ဟစ်အော်ပြောနေတဲ့ အသံက ဒေါ်ညို့အကြားအာရုံမှာတော့ တိုးညှင်းလွန်းနေတာမို့ သည်းသည်းကွဲကွဲ မကြားရဘူး။

ဒါကြောင့် အရှေ့ကို တိုးပြီး နားထောင်မိတယ်။

‘ မုတ်ကောင်…မုတ်ကောင်၊ ပုလဲနက်…ပုလဲနက်။ သီလလုံအောင်စောင့်ခိုင်း။ အသက်ဘေး ရှိတယ်…’

‘ ဟင်…ဘာပြောတာလဲ…’

မုတ်ကောင်တွေ ပုလဲတွေကိုသာ ကြားမိပြီး ကျန်စကားကို သေချာမကြားရတော့တာမို့ ဒေါ်ညို ပြန်မေးမိတယ်။

ခင်ပွန်းသည်က ရေထဲကနေ ထပ်အော်ပြန်တယ်။

ဒေါ်ညို မကြားရဘူး။ ဒါကြောင့် အရှေ့ကို တိုးလှမ်းလိုက်တယ်။

ဒီမှာတင် ခြေက ချော်ပြီး အောက်ဆီကို ပြုတ်ကျသွားခဲ့ရာက လန့်နိုးမိခဲ့တော့တာပဲ။

‘ အိပ်မက်ထဲမှာ ကိုလှအောင်က မုတ်ကောင်လည်း အော်တယ်။ ပုလဲနက်လည်း အော်တယ်။ သူ ဘာကို ပြောချင်တာလဲ…’

ဒေါ်ညို စဉ်းစားတယ်။

ခင်ပွန်းသည် ဆုံးပါးခဲ့တာက ဆယ်နှစ်ထက် မနည်းတော့ဘူး။

ဒီအတောအတွင်း ရံဖန်ရံခါ အတိတ်တုန်းက အကြောင်းအရာတွေနဲ့ ခပ်ဆင်ဆင် အိပ်မက်မျိုး မက်မိရပေမယ့် အခုလိုမျိုး ထူးဆန်းတဲ့ အိပ်မက်မျိုးကိုတော့ မမက်မိခဲ့ဘူး။

‘ အမေ…ဘာတွေ တွေးပြီး ငိုင်နေတာလဲဟင်။ နေကော ကောင်းရဲ့လား…’

အနီးကပ် ထွက်ပေါ်လာတဲ့ မိန်းကလေးသံကြောင့် ဒေါ်ညိုကြည့်မိတော့ ငါးဒိုင်ပိုင်ရှင် ကိုဝင်းအေးရဲ့သမီး ဝင်းပပ။ သူမက ဖိုးအောင်နဲ့ အရွယ်တူ။ ဒေါ်ညို ဒိုင်မှာ အလုပ်လုပ်တုန်းက ဒီကလေးမက ဒေါ်ညို့ကို သိပ်ခင်တွယ်ရှာတာ။ ဖိုးအောင်နဲ့လည်း ကစားဖော်ကစားဖက်လေ။ အခုတော့ ဖိုးအောင်ကော ဝင်းပပပါ လူပျို၊ အပျိုဖားဖားတွေ ဖြစ်နေကြပြီ။

‘ ဪ…သမီး၊ လာလေ…’

ဝင်းပပက လက်ထဲက အထုပ်တွေကို ချပြီး နံဘေးမှာ ဝင်ထိုင်လာတယ်။

‘ သမီး အလုပ်မအားတာနဲ့ ဒီဘက်မရောက်ဖြစ်တာကြာတာမို့ ဒီကို တမင်လာတာ။ ဒါက အမေ့အတွက် ဝယ်လာတာ၊ ဆေးနဲ့ အသီးအနှံလေး…’

‘ ဪ…သမီးရယ်၊ ဒုက္ခရှာလို့ကွယ်။ အားနာစရာ…’

ဒေါ်ညို အားနာစွာ ရေရွတ်လိုက်တယ်။ ဝင်းပပကတော့ ပြုံးလိုက်ပြီး…။

‘ ဒါနဲ့ အမေ။ အမေ့သား ဖိုးအောင်ကော။ သူ့လည်း မတွေ့တာ ကြာပြီမို့…’

ဝင်းပပက ပြောတယ်။

မျက်ဝန်းမှာ သံယောဇဉ် အငွေ့အသက်တချို့ကို ဒေါ်ညို သတိထားမိလိုက်ပါရဲ့။

‘ ဒါနဲ့ အခုနက အမေ ငိုင်နေတာ ဘာတွေတွေးနေတာလဲဟင်…’

‘ ဪ…ဘာမှတော့မဟုတ်ပါဘူး သမီးရယ်။ ညတုန်းက ဖိုးအောင်ရဲ့ အဖေကို အိပ်မက်လို့လေ။ ပင်လယ်ထဲကနေ အမေ့ကို သူအော်ပြောနေတာ…’

‘ ဟင်…ဘာတွေများ ပြောနေတာတုန်း အမေရဲ့…’

‘ မုတ်ကောင်၊ ပုလဲနက် အဲ့ဒါပဲ ဒေါ်လေး ကြားရတယ်။ကျန်တာတော့ ဘာတွေပြောနေတာလဲ အမေတော့ သေချာမကြားရဘူး…’

‘ အင်း…မုတ်ကောင်၊ ပုလဲနက် ဦးလေးက ဘာကို ပြောချင်တာလဲ မသိဘူးနော်…’

ဝင်းပပလည်း သေချာတွေးတောဟန်လေးနဲ့ ပြောတယ်။

‘ အရင်က ဒီလိုတစ်ခါမှ မမက်ဖူးတော့လေ၊ ဘာများလဲလို့ အမေ ထိုင်တွေးနေတာ…’

‘ ကဲပါ အမေရယ်။ အများကြီး မတွေးပါနဲ့နော်။ အိပ်မက်က အိပ်မက်ပါပဲ။ အမေလည်း ကျန်းမာရေးက သိပ်ကောင်းတာမဟုတ်ဘဲနဲ့ အများကြီး မတွေးပါနဲ့နော်…’

ဒေါ်ညို စိတ်သက်သာရာ ရစေဖို့ ဝင်းပပက ပြောလိုက်တယ်။

‘ ဟင်း…’

ဒေါ်ညိုက သက်ပြင်းရှည်တစ်ချက်ကို ချတယ်။ ပြီးတော့…။

‘ အင်းပါ သမီးရယ်…’

ဝင်းပပလည်း ဒေါ်ညိုလက်ကို ဆုပ်ကိုင်လိုက်ပြီး…။

‘ ကဲပါ အမေရယ်။ အမေ့ဆီမှာ ဖိုးအောင်လည်းရှိတယ်။ သမီးလည်းရှိတယ်။ အခု အိမ်မှာ ဘာတွေလုပ်ရဦးမလဲ။ သမီးလုပ်ပေးမယ်။ အမေ နေရထိုင်ရသက်သာအောင် အိပ်ရာထဲ လှဲနေလိုက်နော်…’

‘ အင်း…’

ဝင်းပပက ဒေါ်ညိုကို ဖေးမထူလိုက်တယ်။

ပြီးတော့ အိမ်နောက်ဖေးထဲဝင်ပြီး လုပ်စရာရှိတာတွေ သွားလုပ်နေတော်တာပေါ့…။

*******

‘ ဝေါ…’

ဖိုးအောင်နဲ့ ကံကြီးတို့နှစ်ယောက် မုတ်ကောင်ငုတ်နေတုန်း အချိန်အခါမဟုတ်တဲ့ မိုးရေစက်တွေက ကောင်းကင်ဆီကနေ ပင်လယ်ပြင်ဆီကို ကျဆင်းလာတယ်။

သူတို့ နှစ်ယောက်က မကြာခဏဆိုသလို အတူ မုတ်ကောင်ငုပ်နေကျ။ ကံကြီးက ဖိုးအောင်ထက် အသက်ခုနှစ်နှစ်လောက် ကြီးတယ်။

အခုက သူတို့ လှေကလေးကို ကျောက်ဆောင်အနားကပ်ပြီး တစ်ယောက်တစ်လှည့်စီ ဆင်းငုပ်နေကြတာ။ အခု မိုးစက်တွေကျလာချိန်မှာ ဖိုးအောင်က ရေငုပ်နေတယ်။

လှေပေါ်မှာ ရှိနေတာက ကံကြီး။

ကံကြီးက မိုးစက်တွေကြောင့် ချွတ်ထားတဲ့ အဝတ်တွေနဲ့ ပစ္စည်းတွေ စိုမှာစိုးပြီး လိုက်သိမ်းယူလိုက်တယ်။

ဒီအခါမှာ အမှတ်မထင် ဖိုးအောင်ရဲ့ လွယ်အိတ်ထဲက အနက်ရောင်ရှိနေတဲ့ ပုလဲကို မြင်မိရော။ ကံကြီးစိတ်ဝင်စားသွားမိတယ်။ လက်ကလည်း ကို့င်ကြည့်ဖို လှမ်းယူလိုက်မိရဲ့။

‘ အား…ပူလိုက္တာ…’

လက်က မီးခဲတစ်ခုကို ထိတွေ့လိုက်ရသလို ပူခနဲဖြစ်ပြီး တစ်ကိုယ်လုံးလည်း ကျင်တက်သွားရတာမို့ ကံကြီး လန့်တွန့်ရင်း ရေရွတ်မိလိုက်တယ်။

ပြီးတော့ ဘာမှန်းမသိတာမို့ ထပ်မံစိုက်ကြည့်မိတယ်။

ခဏပါပဲ…။

မိုးက အဲ့ဒီ့အချိန်မှာပဲ ပိုသည်းထန်လာတော့ ကံကြီးလည်း များများ မတွေးနိုင်ဘူး။

အဝတ်တွေ၊ ပစ္စည်းတွေကိုပဲ အရဆက်သိမ်းလိုက်မိတယ်။ ပြီးတော့ လှေကိုလည်း မိုးလွတ်နိုင်မယ့် နေရာဘက်ကို ရွှေ့လိုက်ရဲ့။

လှေရွှေ့လို့အပြီးမှာတော့ ဖိုးအောင်တစ်ယောက် ရေပြင်ဆီကို တက်လာခဲ့တယ်။

မိုးရွာနေပြီး လှေရွှေ့သွားတာမြင်တော့ ဖိုးအောင် ကံကြီးနဲ့ လှေရှိရာကို ရေကူးလှမ်းလာလေတယ်။

လှေဆီကိုရောက်တော့ လက်တစ်ဖက်က ဘေးဘောင်ကို မှေးကိုင်လိုက်ပြီး…။

‘ နှစ်ကောင်ရခဲ့တယ်…’

လို့ ကံကြီးကို ပြောကာ ကျန်လက်တစ်ဖက်နဲ့ ခါးဆီမှာ ချိတ်ထားတဲ့ အိတ်ကို နှိုက်လို့ ဖမ်းမိလာတဲ့ မုတ်ကောင်နှစ်ကောင်ကို လှေဝမ်းထဲ ထည့်လိုက်တယ်။

ပြီးတော့ ဖိုးအောင် လှေပေါ်ကို တက်လာခဲ့ပြီး ထိုင်ချလိုက်လေရဲ့။

‘ မိုးရွာလာလို့ လှေရွှေ့ထားတာ…’

‘ အင်း…အောက်ထဲရောက်နေတာဆိုတော့ မှောင်သွားတာတော့ သတိထားမိတယ်။ တိမ်ဖုံးတယ်ပဲ ထင်တာ။ မိုးရွာတာမှန်း မသိဘူး…’

ဖိုးအောင်က ပြောပြီး သူ့ကိုယ်ပေါ်က ရေစက်တွေကို ခါချနေတယ်။

ကံကြီးက ဆေးပေါ့လိပ်တစ်လိပ်ကို မီးညှိဖွာလိုက်ပြီး…။

‘ သောက်ဦးမလား ဖိုးအောင်…’

‘ မသောက်တော့ဘူး…’

ဖိုးအောင်က ငြင်းတော့ ကံကြီးက ဆေးလိပ်ကို သုံးလေးချက် ဆင့်ဖွာလိုက်တယ်။

‘ ကိုကံကြီး…’

‘ ဟေ…’

‘ မနက်ဖြန်ကျရင်တော့ ကျုပ်တို့ မုတ်ကောင်တွေကို ပြန်လွှတ်ထားတဲ့ဘက်ကို လှည့်မှထင်တယ်…’

‘ အင်း…ဟုတ်တယ်။ သွားကြမယ်လေ…’

ဖိုးအောင်က ကံကြီး သိမ်းပေးထားတဲ့ အဝတ်အစားတွေနဲ့ သူ့လွယ်အိတ်ကို လှမ်းယူလိုက်တယ်။

ပြီးတော့ အင်္ကျီကို ပြန်ဝတ်လေရဲ့။ မိုးကတော့ တဖျောဖျော သည်းနေတုန်းပါပဲ။

ကံကြီးက ဖိုးအောင် အင်္ကျီဝတ်နေတာကို မြင်ပြီး အခုနက ကိစ္စကို သတိရသွားရတယ်။

‘ ဖိုးအောင်…’

‘ ဗျာ…’

‘ မင်း အိတ်ထဲက ပုလဲလိုမျိုးပဲ လုံးလုံး၊ မည်းမည်းလေးနဲ့က ဘာလေးလဲ…’

‘ မပြောတတ်ပါဘူးဗျာ။ ဟိုတစ်နေ့က မုတ်ကောင်ထဲက ရတာ။ အဲ့ဒီ့နေ့က ကိုကံကြ်ိး လိုက်မလာခဲ့ဘူးလေ။ ကျုပ်တစ်ယောက်ထဲ သွားတဲ့နေ့က…’

‘ အင်း…။ ဒါဆို ပုလဲနက်ဆိုတာ ဖြစ်မယ်ကွ…’

‘ ဗျာ…ပုလဲနက် ဟုတ်လား။ ကျုပ်ဖြင့် ကြားတောင် မကြားဖူးပါဘူးဗျာ…’

ဖိုးအောင်က ပြောလိုက်တယ်။

သူ့ဘဝမှာ မုတ်ကောင်ငုပ်ပြီး ပုလဲရှာလို့သာ ဝမ်းစာရှာနေပေမယ့် များထွေတဲ့ ဗဟုသုတကိုတော့ ရှာဖွေခွင့်မရရှိဘူး။

မုတ်ကောင်ငုပ်ရာက ပြန်လာရင် အိမ်နဲ့ အမေဆီမှာပဲ အချိန်ကုန်တတ်တာလေ။

‘ အေး…ငါ ကြားဖူးသလောက်တော့ ပုလဲက အရောင်ကိုးမျိုးရှိတယ်တဲ့။ အစိမ်းရောင်တွေ၊ ပန်းရောင်တွေ၊ အပြာတွေ၊ ခဲရောင်တွ၊ အနက်ရောင်တွေတဲ့ကွ။ ဒီအထဲမှာမှ ကျန်အရောင်တွေက ရှိတတ်ပြီး အနက်ရောင်ကတော့ အတော့်ကို ရှားပါးတယ်လို့ သိရတယ်။ ငါ ထင်တာမမှားဘူးဆိုရင်တော့ မင်းဟာက ပုလဲနက်စစ်စစ်ပဲ။ ပြီးတော့ ထူးဆန်းတယ်ကွ…’

‘ ဗျာ…ဘာထူးဆန်းတာလဲ…’

ဖိုးအောင်က သိချင်စိတ်နဲ့ မေးလိုက်တယ်။

‘ အခုနက မိုးရွာလို့ မင်းပစ္စည်းတွေသိမ်းရင်း ငါ အဲ့ဒါလေးကို တွေ့တာ။ ဘာလေးလဲလို့ စိတ်ဝင်စားပြီး ကိုင်ကြည့်မိတာကွာ၊ ပူလိုက်တဲ့အပြင်ကို တစ်ကိုယ်လုံးပါ ကျင်ခနဲ ဖြစ်သွားရတယ်…’

‘ ဟင်…ဟုတ်လား။ ကျုပ် ကိုင်တာတော့ ဘာမှမဖြစ်ပါဘူး…’

ဖိုးအောင်က ပြောပြောဆိုဆို ပုလဲကို ထုတ်ပြီး ကိုင်ပြတယ်။

‘ မင်းနဲ့ အပ်စပ်လို့ဖြစ်မယ်ကွ။ ဒါနဲ့ မင်း အဲ့ဒါကို ဘယ်လိုရခဲ့တာလဲ…’

‘ မုတ်ကောင်ထဲက ရတာလေ…’

‘ မဟုတ်ဘူးကွာ။ ဘယ်လိုမုတ်ကောင်မျိုးလဲ မင်းမှတ်မိသလား…’

ဖိုးအောင် ပြန်စဉ်းစားကြည့်လိုက်တယ်။

မြင်ကွင်းထဲမှာ ပုလဲနက်ရရှိတုန်းက မုတ်ကောင်ရဲ့ အသွင်က ပြန်လည်ထင်ဟပ်လာတယ်။

‘ ထူးတော့ထူးတယ် ကိုကံကြီးရ။ ကျုပ် မှတ်မိတယ်။ အဲ့ဒီ့နေက မုတ်ကောင် ငါးကောင်ရတာ။ အဲ့ဒီ့အထဲမှာ ဒီတစ်ကောင်က မည်းပြာပြာ၊ ပြောင်ချောချောကြီး။ အခွံပေါ်မှာလဲ စာတန်းလိုလို ဘာလိုလိုဟာတွေပါတယ်…’

‘ မင်း…ဖတ်မိသေးလား။ ဘယ်စာတွေနဲ့ တူလဲ..’

‘ ဝလုံးလို၊ စလုံးလို ဗလချိုက်လိုစာတွေမြင်မိတယ်ဗျ…’

ဖိုးအောင် စကားအဆုံးမှာ ကံကြီးတစ်ယောက် မျက်ဝန်းတွေဆီက အရောင်တချို့ လက်ဖြာသွားရတယ်။

‘ ဘာဖြစ်လို့လဲ ကိုကံကြီး…’

‘ ဘာမှမဖြစ်ပါဘူးကွာ။ ပြန်ကြရအောင်…’

ကံကြီးက ဘာကိုမှ စိတ်မဝင်စားနဲ့ ပုံစံနဲ့ ပြောပြီး လှေကို လှော်ထွက်လိုက်တယ်။

ဖိုးအောင်ကတော့ လက်ထဲက အနက်ရောင်ပုလဲကို ကြည့်ရင်း ဥာဏ်မီအောင် လိုက်တွေးနေပါလေရဲ့။

*******

ရွာအပြင်ဘက်က အိမ်တစ်လုံးဆီမှာ…။

‘ မင်းပြောတာ သေချာလို့လား ကံကြီးရာ…’

‘ သေချာတယ် ဆရာပေါက်။ ကျုပ် တကယ်ပြောနေတာ…’

ဆရာပေါက်ဆိုတာက တစ်ဖက်ရွာဆီက အထက်လမ်းလိုလို အောက်လမ်းလိုလို ယောဂီဝတ်ဝတ်ပြီး မိန်းမသုံးယောက်ယူထားတဲ့ စက်လှေပိုင်ရှင် လူချမ်းသာတစ်ယောက်။

ကံကြီးက ဒိလူကြီးဆီမှာ မကြာခဏ ငွေချေးအကူအညီတောင်းယူတတ်သူ။ အခုက မျက်နှာလိုမျက်နှာရနဲ့ ကံကြီး လာပြောပြနေတာရယ်။

‘ ပုလဲက ဘယ်လိုအရောင်လဲ…’

‘ အနက်ရောင်ဗျာ။ နက်တာမှ မည်းနက်ပြောင်နေတာ…’

‘ အင်း…ထူးတော့ထူးပြီကွာ။ ပုလဲနက်ဆိုတာက တက်ာတမ်းကျ အနက်လို့သာ အမည်တပ်ပေမယ့် စိမ်းဖန့်ဖန့်၊ မဲပြာပြာ၊ မီးခိုးရိပ်သမ်း ဒီလောက်ပဲ ရှိတာ။ မင်းပြောသလို နက်မှောင်ပြောင်စင်းနေတယ်ဆိုတာကတော့ ထူးပြီး ရှားတယ်ကွ…’

‘ ထူးတာလည်း ထူးတယ်။ ကျုပ်ခဲ့သလိုပဲလေ။ ကိုင်မိလိုက်ချိန် ကျုပ်လက်ကို အပူလောင်ပြီး ကျုပ်တစ်ကိုယ်လုံး ကျင်တက်သွားရပါတယ်ဆို…’

‘ မဟုတ်ရင် ကျုပ် ဒီကောင်လေးကို မလှိမ့်တပတ်လုပ်ပြီး ယူလာမှာပေါ့ဗျာ။ အဲ့ဒီ့လိုကြီး ခံစားမိလိုက်ရလို့ ကျုပ် မယူလာရဲတာ။ ဒီကောင်လေး ပြောပုံအရတော့ အဲ့ဒီ့ပုလဲရတဲ့ မုတ်ကောင်ဆီမှာ စမ အင်းကွက်လိုဟာတွေလည်း ပါတယ်တဲ့ဗျ…’

ကံကြီးစကားကို ဆရာပေါက်ဆိုသူက ခေါင်းညိတ်နားထောင်လိုက်ပြီး…။

‘ ကံကြီး…’

‘ ဗျာ…ဆရာပေါက်…’

‘ ငါ…ငွေထုတ်ပေးမယ်။ အဲ့ဒါကို မင်းအရဝယ်ကြည့်စမ်းကွာ…’

‘ ဟာ…ရပါ့မလား ဆရာပေါက်ရ။ ဒီကောင်လေးက ရောင်းတယ်ဆိုရင်တောင် ကျုပ်က ကိုင်မရဘူးလေ…’

‘ ဪ…မင်းနှယ် ခက်လှချည်လား။ မင်းကိုင်မရရင်တောင် အဲ့ဒါကိုထည့်ဖို့ အိုးလိုအရာကို ယူသွား။ ပြီးရင် ဒီကောင်လေးကိုယ်တိုင် ထည့်ခိုင်းလေကွာ…’

ဒီအကြံကို ကံကြီးတစ်ခါမှ မတွေးဖူး။

‘ ဟာ…ဟုတ်သားပဲ။ ကျုပ် အဲ့ဒါကို မတွေးမိဘူး…’

‘ ကဲ…ကဲ…ထူးဆန်းတဲ့ ပုလဲနက်ကို မနက်ကျရင်တော့ မင်း ငါ့ကို ရအောင်ဝယ်ပေးကွာ…’

‘ ဟုတ်ကဲ့ ဝယ်ပေးမယ်။ စိတ်ချ ဆရာပေါက်။ တစ်ခုခုဆိုရင်သာ ကျုပ်ကို မမေ့နဲ့နော်…’

‘ အင်းပါကွာ…အင်းပါ။ အခုတစ်ခါထဲသာ ငွေယူသွားချေ…’

ဆရာပေါက်ပေးလိုက်တဲ့ ငွေတစ်ရာကို ယူပြီး ကံကြီး ထပြန်လာခဲ့တယ်။

အတွေးထဲမှာတော့ ဖိုးအောင်ဆီက ပုလဲကို ငါးဆယ်ပေးဝယ်ပြီး သူက ငါးဆယ်ယူမယ်လို့ တွေးထားရဲ့။

******

မနက်ဘက် အစောကြီး ဖိုးအောင်တို့ သားအမိရှိရာဆီကို ကံကြီး ထွက်လာခဲ့တယ်။

အိမ်ရှေ့ဆီကို ရောက်တော့ ကံကြီးက…။

‘ ဗျို့…ဒေါ်လေး။ ဖိုးအောင် ရှိလားဗျ…’

‘ ဟေ…ဘယ်သူလဲ…’

အိမ်ထဲက ဒေါ်ညိုက အသံပြန်ပြုရင်း ထွက်လာတယ်။

‘ ဪ…မောင်ကံကြီး။ လာချေကွယ့်…မင်းညီတော့ အိပ်နေတုန်းပဲ…’

‘ ဟုတ်ကဲ့ ဒေါ်လေး…’

ကံကြီး ဖိုးအောင်တို့ အိမ်အပေါ်ဆီကို တက်လိုက်တယ်။

အိမ်ကလေးအပေါ်ရောက်တော့ ဖိုးအောင်က အိပ်စက်နေတုန်းပဲ။

ဒါနဲ့ ကံကြီးလည်း နှုိးလိုက်ပြီး…။

‘ ဖိုးအောင်…ငါ မင်းကို ပြောစရာရှိတယ်။ အရှေ့ဘက်ထဲ ခဏထွက်ခဲ့ကွာ…’

‘ ဘာအရေးကြီးလို့လဲ ကိုကံကြီး…’

‘ အင်း…ပြောစရာရှိလို့။ ဟိုတစ်နေ့က ပုလဲနက်ကလေးပါ ယူခဲ့ကွာ…’

ကံကြီးက အရင်ထွက်သွားတယ်။

ဖိုးအောင်လည်း မျက်နှာတွေဘာတွေ ကမန်ကတန်းသစ်လိုက်ပြီး ကံကြီးအနောက်ကို လိုက်ခဲ့တယ်။

ကံကြီးဆီကို ရောက်ရှိခဲ့တော့ ဖိုးအောင်က…။

‘ ကိုကံကြီး ဘာအရေးရှိလို့လဲဗျ…’

‘ အင်း…မင်းဆီက ပုလဲနက်ကလေးကို တစ်ဖက်ရွာက ဆေးဆရာကြီးက ဝယ်ချင်လို့တဲ့ကွ…’

‘ ဟင်…သူက ဘာလုပ်ဖို့လဲ…’

‘ ဆေးဖော်ချင်တာလို့ ပြောတယ်…’

‘ ရှားပါးတယ်ဆို။ သူက ဘယ်လောက်ပေးမှာတဲ့လဲ…’

‘ လေးဆယ်ပေးမယ် ပြောတယ်…’

ကံကြီးက စျေးကို လျိုပြောလိုက်တယ်။

‘ နည်းတယ်ထင်တယ်ဗျ…’

ဆန်တစ်ပြည်မှ ကျပ်တန်းသာ ရှိသေးချိန်။ ငွေပမာဏက လေးဆယ်တန်း ပေးထားတယ်။ နည်းတော့မနည်းဘူး ပြောရပေမယ့် ဖိုးအောင်က ရှားပါးမို့ နည်းတယ်ထင်ကြောင်း ပြောတာ။

‘ ငါး…ငါးဆယ် ပေးမယ် ဖိုးအောင်ရာ…’

‘ ဒီထက်…’

‘ ဒီထက်တော့ ထပ်မတက်ပါနဲ့တော့ ဖိုးအောင်ရယ်။ မင်းဥစ္စာက ဆေးဆရာကြီးလက်ထဲကို ရောက်သွားရင် တစ်လောကလုံးကို ဆေးကုသပေးလို့ရမှာလေ။ မင်းအမေကိုတောင် ကုသပေးလို့ရရင်ရမှာ…’

ကံကြီးက ပိတ်ပြောလိုက်တယ်။

‘ အင်းဗျာ…ငါးဆယ်နဲ့ သဘောတူတာပေါ့…’

ကံကြီးလည်း အသင့်ယူလာတဲ့ ငွေငါးဆယ်ကို ထုတ်လိုက်တယ်။

ပြီးတော့ ဖိုးအောင်လက်ထဲကို အပ်လိုက်ရဲ့။

လက်ထဲရောက်လာတဲ့ ငွေတွေကို ဖိုးအောင်က အသေအချာ ရေတွက်နေတယ်။

‘ ပြည့်တယ် ကိုကံ…’

ငွေလေး လက်ထဲရောက်တော့ ဖိုးအောင်အသံက နဲနဲမာရည်ကြောရည်။

‘ ပြည့်ရင် ပစ္စည်းပေးတော့လေကွာ…’

ကံကြီးက ဆောဆောလျင်လျင် တောင်းဆိုလိုက်တယ်။ ဒီအခါ ဖိုးအောင်က သူ့အိတ်ထဲဆီကို နှိုက်လိုက်ပြီး ရှာဖွေလိုက်တယ်။ ပြီးတော့ ကံကြီးဆီကို ကမ်းပေးလိုက်တယ်။

ကံကြီးကလည်း ပုလဲနက်ကို သူ့ဆရာငပေါက် ပြောသလို ဗူးကလေးနဲ့ ခံယူထည့်လိုက်ပြီး နှစ်ယောက်သား လမ်းခွဲခဲ့ကြတော့တယ်။

*******

‘ ဆရာပေါက်…ကျုပ်ရလာပြီ…’

ကံကြီးက ဝမ်းသာအားရပြောပြီး ဗူးကလေးကို ဆရာငပေါက်ဆီ အပ်လိုက်တယ်။

ဆရာငပေါက်ကလည်း ဗူးကလေးကို ဖွင့်လို့ အထဲက ပုလဲနက်ကို ထုတ်ယူကိုင်လိုက်တယ်။

‘ အားပါး…တကယ့်ကို ရှားပါးပြီး သိဒ္ဒိဝင်နေတဲ့ ပစ္စည်းပါလား…’

‘ ထူးဆန်းတယ်ဗျာ။ ဆရာပေါက်ကိုင်တော့ ရတယ်နော်…’

‘ ရတာပေါ့ကွာ…အဲ…ပူ…ပူ…’

ဆရာငပေါက်စကားတောင် မဆုံးသေးဘူး။ လက်ထဲက ပုလဲနက်ဟာ မီးခဲတမျှပူလာတာမို့ လွှတ်ချမိတော့တယ်။

ပုလဲနက် အောက်ဆီကို ပြုတ်ကျသွားတယ်။

‘ ဟေ့ကောင်…ရှာ…ရှာ…’

နှစ်ယောက်သား ထိတ်ထိတ်ပြာပြာနဲ့ ပုလဲနက်ကို ကုန်းရုန်းပြီး ထရှာကြတယ်။

ဒါပေမယ့် ထူးထူးဆန်းဆန်းကိုပဲ ပုလဲနက်ဟာ ပျောက်ခြင်းမလှ ပျောက်ဆုံးနေခဲ့ပါရဲ့။

‘ ဒါ…ဟိုကောင်လေး ပြန်ယူသွားတာပဲ ဖြစ်ရမယ်…’

‘ ဟာ…ဆရာပေါက်။ သူက ကျုပ်တို့နားမှာတောင် မရှိဘူးလေ…’

‘ မင်းမသိပါဘူး ကံကြီးရာ။ ဒီလို သဘာဝအတိုင်း သိဒ္ဒိပေါက်ထားတဲ့ ပစ္စည်းမျိုးက သိပ်ကို ရှားပါးပြီး အဖိုးတန်တယ်ကွ။ နဲနဲပါးပါး မွမ်းမံလိုက်ရင် သိဒ္ဒိဆယ်ဖုံတောင် ပီးနိုင်တယ်။ သူတို့က ပိုင်ရှင်ဆိုတာကိုလည်း အသေအချာ သတ်မှတ်တတ်တယ်။ သေချာတယ်…ကံကြီး၊ ပုလဲနက်က ဒီကောင်လေးဆီကို ပြန်ရောက်သွားပြီ…’

‘ ဒါဖြင့် ဘယ်လိုလုပ်ကြမတုန်း…’

‘ ဘယ်လိုမှမလုပ်ဘူး။ သွားပြန်ယူရမယ်…’

*******

ညဦးပိုင်း မှောင်စပျိုးချိန်…။

‘ ဖိုးအောင်…ဖိုးအောင်…’

အိမ်ရှေ့က ဒေါနဲ့မောနဲ့ ခေါ်နေသံကြောင့် ဖိုးအောင် မီးခွက်ကလေးယူပြီး အပြင်ကို ထွက်ကြည့်လိုက်တယ်။

‘ ဟာ…ကိုကံကြီး၊ ဧည့်သည်တွေနဲ့ပါလား လာလေ…’

ဖိုးအောင်က သဘောရိုးထင်ပြီး ပြောပေမယ့် ကံကြီးတို့ကတော့ မျက်နှာထားတွေ တင်းမာနေကြတယ်။

‘ ငါတို့ မင်းဆီကို အလည်လာတာမဟုတ်ဘူး။ ငါတို့ဆီက ပုလဲနက် ပျောက်သွားတယ်။ အဲ့ဒါ မင်းပြန်ယူသွားတာ မဟုတ်လား…’

‘ ဟာ…ကျုပ်က ဘယ့်နှယ့်လို့ ယူရမှာတုန်း။ ခင်ဗျားတို့ဆီကို အသေအချာပေးခဲ့တာပဲကို…’

‘ ပျောက်သွားတယ်။ မင်းဆီမှာပဲ ရှိမှာ။ ဟေ့…ရှာကြစမ်းကွာ…’

တုတ်ဓားတွေကိုင်ထားတဲ့ ဆရာငပေါက်ရဲ့ ငယ်သားတွေက ဖိုးအောင်တို့ အိမ်ထဲကို အတင်းကောရော ဝင်ရှာကြပါတယ်။

‘ တွေ့ပြီ ဆရာပေါက်…တွေ့ပြီ…’

တစ်ယောက်က အော်ပြောပြီး ဖိုးအောင်ရဲ့ လွယ်အိတ်ကလေးကို ယူလာတယ်။

သူတို့ရဲ့ ရှာဖွေမှုတွေကြောင့် ရောဂါကြောင့် အစောကြီး အိပ်ပျော်နေတဲ့ ဒေါ်ညိုလည်း လန့်နိုးလာရပြီး အိမ်ရှေ့ဆင်းလာတယ်။

အိမ်ရှေ့ရောက်တော့ သူမရဲ့ သားဖြစ်သူ ဖိုးအောင်ကို ကံကြီးတို့လူစုက တုတ်တွေ၊ ဓားတွေနဲ့ ဝိုင်းထားတာကို မြင်ရလေရဲ့။

‘ သား…သားဘာဖြစ်လို့လဲ…’

‘ ဘာမှမဖြစ်ဘူး အမေ။ သား စကားပြောနေရုံပါပဲ။ ပြန်အိပ်နေနော်…’

ဖိုးအောင်က မိခင်ဖြစ်သူကို စိတ်ချမ်းသာအောင် ပြောလိုက်တာရယ်။

‘ ပုလဲနက်ကို အစီအရင်ပြုထားတဲ့ ဗူးထဲ ထည့်လိုက်…’

ဆရာငပေါက်က ပြောတယ်။

ပုလဲကို အသင့်ဆောင်ယူလာတဲ့ ဗူးထဲ ထည့်လိုက်ကြတယ်။

‘ သိမ်းဆည်းပြီးပြီ ဆရာပေါက်…’

‘ကဲ…ခင်ဗျားတို့ ရပြီဆိုရင်လည်း ပြန်ကြပါဗျာ…’

ဖိုးအောင်က ပြောလိုက်တယ်။ မိခင်ဖြစ်သူ ဒေါ်ညိုက ရင်ဘတ်ကို ဖိလို့ လန့်နေပြီရယ်လေ။

‘ ဒီအတိုင်းတော့ မရဘူးလေ ဖိုးအောင်။ ဒိပစ္စည်းက သိပ်ကို တန်ဖိုးကြီးလွန်းတော့ ပိုင်ရှင်သတ်မှတ်တတ်တယ်။ ဒီတော့ ပစ္စည်းရပြီဆိုရင် ပိုင်ရှင်ကိုပါ ရှင်းမှရမှာရယ်…’

‘ ဟာ…’

ဖိုးအောင် အခြေအနေကို ရိပ်စားမိသွားပြီ။

သူတို့နေတာက ရွာအပြင်ဘက်မှာ နေတာဆိုတော့ အခုအခြေအနေအရ ဟစ်အော်လည်း ဘာမှထူးခြားမှာမဟုတ်ဘူး။ ပြီးတော့ ပင်လယ်သံကလည်း ဖုံးလွှမ်းနေသေးတယ်လေ။

‘ အမေ…ပြေး…ပြေးတော့…’

ဖိုးအောင် ဟစ်အော်လိုက်တယ်။

ဒီအခိုက်မှာပဲ ကဆရာငပေါက်ရဲ့ လူစုက ဖိုးအောင်ကို ဝင်ရောက်ရိုက်နှက် ထိုးခုတ်ကြပါတော့တယ်။

*******

ဒီအဖြစ်အပျက်ကြောင့် ဖိုးအောင်တို့သားအမိတွေ သေဆုံးခဲ့တယ်။

သူတို့သားအမိသေဆုံးပြီးနောက် မကြာပါဘူး။ ကံကြီးတစ်ယောက် ညဘက်တွေ သုံးရက်လောက်ဆက်တိုက်ကြီး ဝူးဝူးဝါးဝါး ထအော်လို့ သေဆုံးသွားခဲ့တယ်။

ကံကြီးသေပြီးနောက် တစ်ဖက်ရွာက ဆရာငပေါက်တို့လူစုဟာလည်း ဖရိုမရဲနဲ့ သေသူသေ ရူးသူရူးနဲ့။ နောက်ဆုံး ဆရာငပေါက်ကတော့ ထွက်ရပ်ပေါက်တာလိုလို ဘာလိုလို အသံကြားရပြီး ပျောက်သွားခဲ့တယ်။

ပြဿနာကို အစရှာသူတို့တော့ အဆုံးကို ရောက်သွားခဲ့ကြပါပြီ။ ဒါပေမယ့် ကျန်နေတဲ့ အဆိုးတွေကတော့ မရပ်တန့်နိုင်ပါဘူး။

ဒါကတော့ အထက်မှာ ပြောခဲ့သလိုပဲ ညဦးပိုင်း ဖိုးအောင်တို့ သေဆုံးချိန်မှာ ကျုံပေါင်းရွာတစ်ရွာလုံး ရွာအပြင်မထွက်ရဲကြဘူး။

အပြင်ထွက်သူရှိတာနဲ့ သွေးသံတရဲရဲနဲ့ သရဲဖိုးအောင်ဟာ ငွေငါးဆယ်ကိုင်ပြီး သူ့ရဲ့ ပုလဲနက်ကို ပြန်လည်တောင်းယူနေတော့တာရယ်။

သူ့ရဲ့အနောက်မှာ ဒေါ်ညိုလည်း သားကို စွဲလန်းတဲ့စိတ်နဲ့ လိုက်ပါနေတာကို မြင်မိကြရပါတယ်။

သူတို့နဲ့ဆုံပြီး မရှိဘူးလို့ ပြောမိရင်တော့ သရဲဖိုးအောင်ဟာ အတင်းကိုပဲ ဝင်လုံးပြီး လည်ပင်းညှစ်တော့တာတဲ့။

ဒါကြောင့်မို့လည်း ညမှောင်ပြီဆိုတာနဲ့ ဘယ်သူကမှ အိမ်ထဲက အိမ်အပြင်ကို မထွက်ရဲကြတော့တာရယ်။

******

‘ ညတုန်းက လှတင်တို့ သုံးယောက်၊ မြို့က အပြန် မှောင်လာတာ။ အဲ့ဒါ သုံးယောက်ဆိုတော့ ကြုံရာမတည်းတော့ဘဲ ဆက်လာကြရင်း ရွာထဲ ရောက်လုနီးမှာ ဖိုးအောင်တို့ သားအမိက ဝင်လုံးကြတယ်တဲ့…’

သရဲဖိုးအောင်တို့ သားအမိနဲ့ ပက်သက်ပြီး အရှေ့မှာလည်း ဖြစ်ပျက်ဖူးတာတွေရှိပေမယ့် တစ်ယောက်စ၊ နှစ်ယောက်စ သွားလာတာလောက်ကိုပဲ ဖိုးအောင်က ဝင်လုံးတယ်လို့ ကြားမိကြတာ။ အခုက သုံးယောက်ကိုမှ သားအမိနှစ်ယောက်စလုံးက ဝင်လုံးသတ်တာဆိုတော့ ထူးဆန်းတယ်ပဲ ပြောရမယ့် သတင်းရယ်။

ဒီသတင်းကို ကြားတော့ ပပဝင်းတစ်ယောက် မျက်ရည်မဆည်နိုင်။ လောကကြီးမှာ မိသားစုအပြင် သူမအတွက် သံယောဇဉ်ကြီးမိသူနှစ်ယောက် အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာမို့ တစ်ဖက်က ဒီလိုသတင်းဆိုးတွေ ကြားမိတိုင်း ပပဝင်းငိုမိတာပါပဲ။

နောက်တစ်ခုက အခုရက်ပိုင်းမှာ ဖိုးအောင်တို့သားအမိသတင်းတွေက ပိုပို ဆိုးဝါးလာတယ်။

ရွာကလူတွေကတော့ သူတို့သားအမိတွေ ပုလဲနက်နဲ့ ပက်သက်ပြီး တစ်ခုခု သတင်းအနံ့ရထားပြီလို့ ယူဆကြလေရဲ့။

ဘာပဲဖြစ်ဖြစ် ပပဝင်းကတော့ ဖိုးအောင်တို့သားအမိကို ကျွတ်လွတ်စေချင်လှပါပြီ။

*******

ပင်လယ်ကမ်းစပ် သောင်ခုံကြီးထက်ဆီမှာ သူတော်တစ်ယောက် ခုန်ပေါက်ပြေးလွှားနေတယ်။

တစ်ခါတစ်ရံ ပြေးနေရာက ရပ်တယ်။ ပင်လယ်ကြီးကို ကြည့်တယ်။ ပြီးရင်…

‘ ပင်လယ်ကြီးရေ…ငါသူတော် နတ်သားလေး ဖြစ်မှာလားဟေ့…’

‘ ဝေါ…ဝေါ…’

ပင်လယ်ဆီက လှိုင်းအတက်အကျက ပုံမှန်။ ဒိအသံတွေကို လက်တစ်ဖက် နားဆီကပ်လို့ နားထောင်ရင်းက…။

‘ ဟော…သေချာမကြားရဘူး။ ဖြစ်မယ်လို့ ပြောတာလား…’

သူ့ဘာသူအော်၊ သူ့ဘာသာသူ ဖြေရင်း ဆက်ပြီးတော့ ပြေးပြန်တယ်။

‘ ဟီ…ဟီ…ပင်လယ်ကြီးက ပြောတယ်။ ငါသူတော်လေးက နတ်သားလေး ဖြစ်တော့မှာတဲ့…အဟီ…ဟီ…’

သူတော်တစ်ယောက်ထဲ ပြောဆိုရယ်မောရင်းလာခဲ့တယ်။

ကျောက်ဆောင်တွေများတဲ့နေရာကို သူတော်ရောက်လာတယ်။

ဒီအခိုက် သူ့နားထဲမှာ အက်ရှရှခု အသံတစ်ခု ကြားမိလာရသလိုဖြစ်သွားလေရဲ့။

‘ ဒုက္ခရောက်နေတဲ့ တစ်ယောက်ယောက်ပဲ…’

သူတော်ရေရွတ်လို့မှ မဆုံးသေး၊ ကျောက်ဆောင်တွေအကွယ်ဆီက ရေတစ်ပိုင်း၊ ကုန်းတစ်ပိုင်းနေနေတဲ့ တစ္ဆေတစ်ကောင် ထွက်ပေါ်လာတယ်။

‘ သူတော် နတ်သားလေး။ ကျုပ် ဇနီးနဲ့သားကို ကယ်တင်ပေးပါ…’

‘ ဟင်…’

ရေတစ်ပိုင်းကုန်းတစ်ပိုင်း တစ္ဆေရဲ့ စကားကြောင့် သူတော် အံံအားသင့်သွားရတယ်။ နတ်သားလေးအခေါ်ခံရလို့ ပီတိဖြစ်နေတဲ့ အပြုံးကိုလည်း ပြုံးလိုက်သေးရဲ့။

‘ ငါသူတော်လေးက နတ်သားလေးဆိုတာ နငိက သိတယ်ပေါ့…’

‘ သိပါတယ် နတ်သားလေး။ ကျုပ် ဇနီးနဲ့သား မကြာခင် ဒုက္ခရောက်ရတော့မှာမို့ အမြန်ဆုံးကူညီပေးပါ…’

‘ အင်း…ကောင်းပြီလေ။ ငါသူတော်လေးက နတ်သားလေးဆိုတော့ ဒုက္ခရောက်နေတဲ့ လူတွေကို ကူညီပေးရမှာပေါ့…’

‘ သူတို့က လူမဟုတ်ဘူး တစ္ဆေတွေပါ…’

‘ ဟင်…သူတို့က တစ္ဆေတွေလား…’

‘ ဟုတ်ပါတယ်…’

ရေတစ်ပိုင်းကုန်တစ်ပိုင်းတစ္ဆေရဲ့ စကားအဆုံး…။

‘ ဟဲ့ ငသူတော်။ နင် စကားတွေရှည်ဝေးမနေနဲ့။ သူတစ်ပါး ဒုက္ခရောက်နေတာကို ကူညီမှ နင့်အပြစ်က ကျေမှာဆိုတာ မသိတာလား…’

‘ အဲ…အဲ…ဘိုးသိကြား။ ဟီး…ဟီး…’

‘ သူတို့နဲ့ ပက်သက်ရာမှာ သိဒ္ဒိဝင်ပုလဲနက်တစ်လုံးရှိတယ်။ လက်ရှိ မကောင်းသူလက်ထဲမှာ ရှိနေတယ်။ နင်ဖြေရှင်းလှည့်ပါ။ ပြီးရင် သင့်တင့်ရာမှာ ထားရစ်ဖို့ လုပ်ဆောင်ပါ…’

‘ ဟုတ်ကဲ့ ဘိုးသိကြား…’

သူတော် တဒင်္ဂကျောက်ရုပ်လိုဖြစ်သွားတာကို ရေတစ်ပိုင်း၊ ကုန်းတစ်ပိုင်းတစ္ဆေက ကြောင်အမ်းပြီး ကြည့်နေတယ်။

သူတော်လည်း လှုပ်ရှားလာရော…။

‘ ကျုပ် ဇနီးနဲ့သားကို…’

‘ အို…မပူစမ်းနဲ့။ နတ်သားလေးလို့ပဲ နောက်တစ်ခွန်းခေါ်လိုက် ငါသူတော်လေး ကူညီပေးမယ်…’

‘ ဟဲ့…သူတော်။ ဝိဇ္ဇဒီပ ကြိမ်လုံးစာမိချင်တော့သလား…’

‘ အဲ…ကူ…ကူညီပါ့မယ်လို့…’

သူတော်တစ်ယောက် ဇက်ကို ပုလို့ ပြောလိုက်ရတယ်။

‘ နတ်…’

‘ ရပြီ…ရပြီ မလိုတော့ဘူး…’

ရေတစ်ပိုင်း ကုန်းတစ်ပိုင်း တစ္ဆေက သူတော်အကြိုက် ခေါ်မယ်ပြုချိန် ကြောက်အားလန့်အားနဲ့ တားမြစ်လေရဲ့။

‘ သူတို့ ဘယ်မှာရှိတာလဲ…’

‘ ကျုံပေါင်းရွာအနောက်ဘက်က သစ်ခြောက်ပင်ကြီးဆီမှာ…’

‘ ရပြီ…ရပြီ။ ငါသူတော်လေး အမြန်ပဲ သွားမယ်သလေ…’

သူတော်က ပြောပြောဆိုဆိုပဲ နေရာကနေ ပြေးထွက်တယ်။

ရေတစ်ပိုင်းကုန်းတစ်ပိုင်း တစ္ဆေကတော့ သူတော်ကို ကြောင်အမ်းကြည့်လို့ရယ်ပေါ့…။

*******

ညနေပိုင်းအချိန်၊ ကျဆုံရွာဆီမှာ…။

‘ ဟား…ဆရာရယ်။ ပျောက်သွားလို့ တပည့်တွေမှာ စိတ်ပူလိုက်ရတာ…’

‘ ဟုတ်ပါ့ ဆရာရယ်…’

ဆရာငပေါက်ရဲ့ အရှေ့မှာ အရင်က သူ့ရဲ့ တပည့်တပန်းတချို့ စုဝေးရောက်ရှိနေလေတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဆရာငပေါက်ဟာ သူတို့ရွာကနေ ပျောက်သွားခဲ့တယ်လေ။

အခုပြန်ရောက်လာတော့ ယောဂီဝတ်ကို ဆင်လို့ ထွက်ရပ်ပေါက်ဆိုပြီး အမည်သညှာနဲ့ရယ်။ သူပြောပုံအရတော့ သိဒ္ဒိဝင်ပုလဲနက်ကြောင့် ထွက်ရပ်ပေါက်တာဆိုပဲ။

ဘာပဲဖြစ်ဖြစ် ဆရာငပေါက်ရဲ့ နေပုံထိုင်ပုံက တကယ်ကြီးကိုပဲ ထင်မိစရာဆိုတော့ ယုံမိကြတာပေါ့။ တကယ်တော့ ဆရာငပေါက်ဟာ အောက်လမ်းပညာကို မတောက်တခေါက် တတ်မြောက်ထားသူဖြစ်ပြီး သိဒ္ဒိဝင်ပုလဲနက်အစွမ်းကို အသုံးချလို့ အထက်လမ်းလိုလို ထွက်ရပ်ပေါက်ဟန် ဆောင်နေသူပါ။

‘ အိမ်း…ငါ့တပည့်တွေကို အဘက သတိရလို့ လှည့်ဝင်လာတာကွယ်။ ရောက်တုန်းရောက်ခိုက် ကယ်တင်သင့်သူတွေကိုလည်း ကယ်တင်မယ်ရယ်လို့ ရည်မှန်းထားသကွဲ့…’

‘ အို…ဆရာရယ်။ ကယ်မယ်ဆို ကျုပ်တို့အားလုံးကို ကျိကျိတက် ချမ်းသာအောင် ကယ်ပေးခဲ့ပါ…’

‘ အိမ်းသကွယ်…ကယ်ပေးရမှာပေါ့။ ဒါပေမယ့် တို့ထွက်ရပ်သမားတွေဟာ ခုနှစ်ရက်သားသမီးတို့အကျိုးကို ပိုပြီး ရှေးရှုရတယ်။ ဒါကြောင့် ရွာထဲက နာမကျန်းဖြစ်သူတွေကို အရင်ဆုံး ဆေးကုသလိုတယ်။ ပြီးမှ ရွှေမိုးရွာဖို့ ကြံစည်ပေးမယ်ပ…’

ဆရာငပေါက်ဟာ တကယ့်ကို အဟန့်ကောင်းလွန်းနေပါတယ်။

သူစကားကြောင့် ကျဆုံရွာသူရွာသားတွေမှာတော့ ပျော်မဆုံး၊ မော်မဆုံး၊ တပြုံးပြုံးနဲ့။

‘ ကဲ…ကဲ…လူနာတွေ ဆေးကုသဖို့ကိုတော့ ဒီညနေပဲ စတင်ရမပေါ့။ လူနာတွေကိုတော့ ဒီကိုပဲ စုလိုက်ကြပါ…’

‘ ဟုတ်ကဲ့ ဆရာ…’

ကာလံဒေသံတွေကတော့ အဆင်ပြေနေတာပါပဲ။

မကြာပါဘူး။

သူရဲ့ တပည့်တပန်းတွေကြောင့် ဆရာငပေါက်ရှိရာဆီမှာ ရွာထဲက လူနာတွေရောက်ရှိလာခဲ့တယ်။

ဒီအခါမှာ သိဒ္ဒိဝင်ပုလဲနက်ကို ရေစိမ်ပြုလို့ တိုက်ကျွေးကုသရဲ့။

ကောင်းမွန်လှပါတယ်။

နာမကျန်းဖြစ်နေသူတောင် ငေါက်ခနဲ ထထိုင်လာခဲ့တယ်။

ဒီသတင်းက ချက်ချင်းကို ပြန့်နှံ့ပြီး လူနာတွေ တဖွဲဖွဲထပ်မံရောက်လာခဲ့ကြပြန်ပါတော့တယ်။

ညအချိန်အထိ ဆရာငပေါက်ဆီမှာ လူနာတွေ မစဲသေးဘူး။

ညပိုင်းကို ရောက်လာတယ်။

အရင်ကဆို ကျဆုံသားတွေဟာ ညမှောင်တာနဲ့ အပြင်မထွက်ကြပေမယ့် အခုတော့ ထွက်ရပ်ပေါက်ဆိုတဲ့ ဆရာငပေါက်ကြောင့် ဘာကိုမှ မှုမနေ။ ဆေးကုသဖို့အတွက် တိုးလို့ကြိတ်လို့ရယ်။

တဖြေးဖြေးနဲ့ ညဉ့်နက်ပိုင်းကို ရောက်လာချိနိမှာတော့…။

‘ ဝု…အူး…အူး…’

ရွာအပြင်ဘက်က ခွေးအူသံတွေက ပင်လယ်သံကို ထိုးဖောက်ထွင်းလို့ ထွက်လာတယ်။

‘ ခွေးတွေ အူလှပါလား…’

ဆရာငပေါက်က ဆေးကုသနေရင်းက အသံတွေကို နားစွင့်မိပြီး မေးပြော ပြောလာတယ်။

ဒီအမေးကြောင့် သူ့အနားက တပည့်တပန်းတွေ မျက်နှာပျက်ကုန်ကြပြီး…။

‘ ဆရာ…အဲ့ဒါ ဖိုးအောင်တို့ တစ္ဆေသားအမိ လာကြတာ…’

‘ ဘာ…ဖိုးအောင် ဟုတ်လား…’

‘ ဟုတ်တယ်လေ ဆရာ။ ကျုံပေါင်းက သားအမိလေ။ အသတ်ခံရပြီး တစ္ဆေဖြစ်တာ။ သူတို့သေပြီးကတည်းက အခုလိုပဲ ရွာအထိလာပြီး နပမ်းဖက်လုံးကြလွန်းလို့ မှောင်ပြီဆို ဘယ်သူမှအပြင်မထွက်ရဲကြဘူး။ အခုက ဆရာ့ကို အားကိုးပြီး အားလုံး အပြင်ထွက်ရဲတာ…’

‘ ဪ…သူတို့က ဒိလောက်ထိကို ဆိုးသွမ်းနေတာကိုး…’

‘ ဟုတ်တယ် ဆရာ။ ရောက်တုန်းရောက်ခိုက် သူတို့သားအမိကိုလည်း နှင်ပေးပါဦး…’

ဆရာငပေါက် အတွေးတွေထဲမှာ ပုလဲနက်ကို ယူတုန်းက အဖြစ်ကို တွေးမိသွားရတယ်။

‘ အင်း…နှင်ပေးရမှာပေါ့။ ငါနှင်နေချိန်မှာ မင်းတို့တစ်ရွာလုံး အပြင်ကို ဘယ်သူကမှ ထွက်မလာကြနဲ့…’

ဆရာကပေါက်က ပြောပြီး ဆေးကုသတာတွေကို ရပ်တန့်လိုက်တယ်။

ပြီးတော့ လွယ်အိတ်လွယ်လို့ ရွာအပြင်ကို ထွက်ခဲ့ပါတော့တယ်။

******

ရွာအပြင်ကို ရောက်ရောက်ချင်းမှာပဲ သွေးသံတရဲရဲ သရဲဖိုးအောင်တို့ သားအမိနဲ့ ဆရာငပေါက်တို့ ဆုံကြပါပြီ။

‘ ငါတို့ ပုလဲနက်ပြန်ပေးပါ…’

တွေ့တွေ့ချင်းမှာပဲ သရဲဖိုးအောင်က တောင်းလာတယ်။

‘ ဟား…ဟား…ဟား…တောင်းပုံကလည်း လွယ်လိုက်တာကွာ…’

‘ မလွယ်ဘူး။ ဒီမှာ မင်းရဲ့ ပိုက်ဆံ…’

သရဲဖိုးအောင်ဆီက ပိုက်ဆံလိပ်ကလေးက ဆရာငပေါက်ဆီကို လွင့်ခနဲ ရောက်လာတယ်။

‘ ဂလုပ်…ဂလုပ် ဂုတ် ဂုတ်…’

ဆရာငပေါက် အိတ်ထဲက ထွက်ပေါ်လာတဲ့ အသံ။

‘ ဪ…ဒင်းကလေးက အခုထိ သခင်စွဲနေတုန်းကိုး…’

ဆရာငပေါက်က ပြောပြောဆိုဆို အိတ်ထဲက ပုလဲနက်ကို ထည့်ထားတဲ့ ဗူးကလေးကို ထုတ်လိုက်ပြီး ပုလဲနက်ကို ထုတ်ယူလို့ ပါးစပ်ထဲ ငုံလိုက်တယ်။ အစီအရင်တွေပြုထားတာမို့ ပူလောင်မှုမရှိတော့ဘူးလေ။

‘ ငါ့…ငါ့ဟာ။ ပြန်ပေး…’

‘ ဟား…ဟား…လွယ်လွယ်မရဘူးလို့ ပြောထားတယ်လေ…’

ဆရာငပေါက်က ပြောပြောဆိုဆို လွယ်အိတ်ထဲက အောက်လမ်းအစီအရင်ပြုထားတဲ့ အင်းချပ်ကလေးတစ်ချပ်နဲ့ လှမ်းပစ်လိုက်တယ်။

‘ ဝုန်း….’

အင်းချပ်ကြောင့် သရဲဖိုးအောင်တို့သားအမိ လွင့်စင်သွားလေရဲ့။

‘ တော်တော် ပျော့လိုက်တဲ့ သရဲသားအမိပါလားကွာ။ လူ့ဘဝတုန်းက လုပ်ထားတာကို မမှတ်သေးဘဲ အခုတစ်ခေါက်လာစမ်းပြန်တာကိုး…ဟား…ဟား…ဟား…ဟင်…’

အားရပါးရ ရယ်မောနေတဲ့ ဆရာငပေါက်ရဲ့ ရယ်မောသံတွေ တိတ်သွားတယ်။

ဘာကြောင့်ဆိုတော့ သူနဲ့ လွင့်စင်သွားတဲ့ သရဲဖိုးအောင်တို့အကြားမှာ ဆံပင်စုတ်ဖွား၊ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နဲ့ ကျောခိုင်းပြီး ထိုင်နေတဲ့ လူတစ်ယောက်။

‘ မင်းဘယ်သူလဲ။ သရဲလား လူလား…’

‘ နတ်သား…’

ဝေခွဲမရဟန်နဲ့ မေးမြန်းတဲ့ ဆရာငပေါက်ရဲ့ လေသံမာမာကို တစ်ဖက်က ခပ်တိုတို တုန့်ပြန်တယ်။

‘ ဘာကွ…မဖြစ်နိုင်တာ။ မင်းပုံစံက သရဲလိုလို အရူးလိုလိုနဲ့ကို ဘယ်လို နတ်သားဖြစ်မှာလဲ…’

‘ နတ်သားမို့လို့ နတ်သားပြောတာ…’

‘ အာ…အရေးထဲ ဒီသရဲက လူပါးလာဝနေတယ်ကွာ…’

ဆရာငပေါက်က သရဲလို့အထင်ရှိပြီး ပြောပြောဆိုဆို အောက်လမ်းအင်းချပ်နောက်တစ်ချပ် ထပ်ထုတ်လို့ ထိုင်နေတဲ့သူဆီကို ပစ်လိုက်တယ်။

‘ ဝုန်း….’

ထိုင်နေတဲ့သူ နေရာဆီက ပျောက်ကွယ်သွားလေရဲ့။

‘ လက်စသတ်တော့ ဒင်းက သရဲကိုး…’

ဆရာငပေါက် သဘောပေါက်ပြီး ရေရွတ်လိုက်တယ်။

ဒီအခိုက်မှာပဲ သူ့အနောက်ဆီက…။

‘ ငါသူတော်နတ်သားလေးကို သရဲလို့ ပြောတာ နင်တစ်ယောက်ပဲ ရှိဖူးသေးတယ်။ နာရော့ဟဲ့ ငမိုက်သား…’

‘ ဖုန်း…’

ကြိမ်းဝါးသံနဲ့အတူ ဆရာငပေါက်ရဲ့ ကျောပြင်ဆီကို ကျရောက်လာတဲ့ ဖနောင့်ပေါက်ချက်။

အွတ်ခနဲ အသံနဲ့အတူ ဆရာငပေါက် အရှေ့ကို ငိုက်ကျသွားပြီး ပါးစပ်ထဲက ပုလဲနက်ဟာလည်း ထွက်ကျသွားခဲ့တယ်။

ဒိအခိုက်မှာပဲ တစ်ဖက်က လဲကျနေတဲ့ သရဲဖိုးအောင်တို့သားအမိဟာ ဆွေ့ခနဲ ထကြပြီး ဆရာငပေါက်ကို ဝင်ရောက်လုံးထွေးတော့တာရယ်။

အဲ့ဒီ့အချိန် သူတော်ကတော့ သူတို့ဖြစ်နေတာကို မသိချင်ယောင်ဆောင်လို့ မြေဆီက လင်းနေတဲ့ သိဒ္ဒိဝင် ပုလဲနက်ကို သွားရောက်ကောက်ယူလိုက်ပါတော့တယ်။

******

မနက်လင်းချိန်…။

ကျဆုံရွာအပြင်ဘက်က သောင်ခုံဆီမှာ ဆရာငပေါက်ရဲ့ ရုပ်ပျက်ဆင်းပျက် အလောင်းကို တွေ့ရှိကြရပါတယ်။

ဒိအလောင်းကို ကြည့်ကာ အများယူဆချက်ကတော့ ဆရာငပေါက်ကို သရဲဖိုးအောင်တို့ သားအမိက သတ်လိုက်တယ်ရယ်လို့ပေါ့…။

ထွက်ရပ်ပေါက်တယ်ဆိုတဲ့ သူကိုတောင် သတ်တဲ့သရဲသားအမိကြောင့် ရွာသူရွာသားတွေ ပိုလို့ သွေးပျက်ကြရတယ်။

ဒါပေမယ့်လည်း ထူးဆန်းတာတစ်ခုက အဲ့ဒီ့နေကစလို့ သရဲဖိုးအောင်တို့သားအမိရဲ့ ခြောက်လှန့်မှုတွေကို ဘယ်သူကမှ မခံစားကြရတော့ပါဘူး။

******

သူရူးတစ်ယောက် ကျောက်ဆောင်တစ်ခုအထက်မှာ ရပ်နေပါတယ်။

‘ သူတော်…ဘိုးသိကြားဆီကို သိဒ္ဒိဝင်ပုလဲနက်ကို အပ်နှံပါတယ်…’

သူရူးက ပြောပြောဆိုဆိုပဲ သိဒ္ဒိဝင်ပုလဲနက်ကို အပေါ်ဆီ ပစ်တင်လိုက်တယ်။

ထူးဆန်းစွာနဲ့ အပေါ်ကို ရောက်တာနဲ့ ပုလဲနက်ဟာ ပျောက်ကွယ်သွားခဲ့ရဲ့။ ပြီးတော့ သူရူးနားထဲကို အသံတစ်ခုက ပဲ့တင်လာတယ်။

‘ ဟဲ့…ငသူတော်…’

‘ အမိန့်ရှိပါ ဘိုးသိကြား…’

‘ နင်အပ်တဲ့ ပုလဲနက်ကိုတော့ သိမ်းဆည်းပြီးပါပြီ။ ဒါပေမယ့် ပိုင်ရှင်ကြည်ဖြူရဲ့လား…’

‘ ကြည်ဖြူပါတယ် ဘိုးသိကြား။ သူတော် သူတို့သားအမိဆီက အလှူခံလာခဲ့တာပါ…’

‘ အကျိုးအကြောင်း ရှင်းလင်းပြောပြခဲ့ရဲ့လား…’

‘ ပြောပြခဲ့ပါတယ်…’

‘ ကောင်းပါပြီ။ ရှေ့ဆက်လို့ ကျေလုပြီဖြစ်တဲ့ အပြစ်ကြွေးအတွက် ပေးဆပ်ချေဦးပေါ့…’

အသံက တိတ်ခနဲ။

အဲ့ဒီ့နောက်မှာတော့ သူရူးဟာလည်း ကျောက်ဆောင်ကြီးထက်ဆီကနေ လှည့်ထွက်ပြီး ပင်လယ်ပြင်ကျယ်ကြီးကို ကျောခိုင်း ထွက်သွားခဲ့ပါတော့တယ်။

ပြီးပါပြီ။

နောင်ရိုး(ဆေးတပ်)