သာအေး နှင့် ကျားဆိုးရွာ

သာအေး နှင့် ကျားဆိုးရွာ
◾အခန်း (၁)
ပေပင်ရွာလေး၏ညနေချိန်ခါသည် သာယာလျက်ရှိ၏။ဖုန်တထောင်းထောင်းထနေသော လှည်းလမ်းတွင် လူနှစ်ယောက် တယောက်ပုခုံးကို တယောက်ဖက်လျက် ဒယီးဒယိုင်ဖြင့် လမ်း လျှောက်နေသည်။ထိုသူနှစ်ယောက်တို့သည် မူးယစ်ရီဝေနေသော မျက်နှာပေးများဖြင့် တယောက်ကို တယောက်ကြည့်လိုက်ပြီး
“သာအေး”
“အေး ဘိုးထင် ပြောကွာ”
“ငါ ပေတူးကို သိပ်သတိရတယ်ကွာ”
“ဒီကောင်နဲ့ ငါတို့ မတွေ့ရတာ လေးနှစ်တောင်ရှိပါပေါ့လား”
“အေးကွာ ဘာမှမပြောမဆိုနဲ့ ထွက်သွားရတယ်လို့ “
လေးလေးပင်ပင်လေသံများဖြင့် စကားဆိုနေသူ နှစ်ယောက်မှာ အသက်နှစ်ဆယ်ကျော်အရွယ် ပေပင်ရွာသားနှစ်ယောက်ဖြစ်သည့် ဘိုးထင်နှင့် သာအေးတို့ ဖြစ်သည်။တောသား နှစ်ယောက်ဖြစ်သည့် သူတို့မှာ အသားညိုကြပြီး ကိုယ်ကာယတောင့်တင်းသန်မာသည့်အပြင် ကျန်းမာသန်စွမ်းသူများလည်းဖြစ်သည်။ပေပင်ရွာတွင် နေထိုင်သော သူတို့နှစ်ယောက်အား တရွာလုံး၌ မသိ‌သူ မရှိပေ။သာအေး၏မိခင်ကြီးမှာ မကြာသောအချိန်က ဆုံးပါးသွားခဲ့ပြီး ဖခင်ကြီးမှာလည်း တရားနှင့် ပျော် မွေ့နေသူလည်း ဖြစ်သည်။သာအေးမှာဖြင့် အပေါင်းအသင်းနှင့် ဆိုးကောင်းတုန်း ဖြစ်သည်။ယခုလည်း သူငယ်ချင်းဖြစ်သူနှင့် ထန်းရည်သောက်ပြီး အိမ်အပြန်လမ်းတွင် ငယ်ငယ်ကတည်း က အမြဲပေါင်းသော သူငယ်ချင်းအကြောင်း ပြောနေခြင်း ဖြစ် သည်။သူတို့ ရွာလယ်လမ်း အတိုင်းလမ်းလျှောက်နေစဉ်
“ဟေ့ ဘိုးထင်နဲ့ သာအေး မင်းတို့ကောင်တွေက အချိန်မှန်ပဲနော်”
“ဟ ကိုသာရ လူပျိုကြီး လူပျိုကြီးကိုသာရ”
“မင်းတို့ကို လယ် ဝယ်မလား ငါ ကောင်းတဲ့လယ် ဝယ်ပေးမယ်ဆိုတော့လည်းမဟုတ် အခုတော့ တနေကုန်သောက်စားမူးယစ်နေကြတယ် မင်းတို့ကတော့ကွာ “
“ကိုသာရ တရားဟောမှာလား အဲ့တာဆို ကျုပ်တို့ သွားမယ် ချစ်တယ် ခင်တယ် အခုတော့ ခင်ဗျားပြောတာတွေကို ခေါင်းထဲ မရောက်သေးဘူး “
“သိပါတယ် မင်းတို့နှစ်ကောင်နဲ့လည်း ခက်တယ် ဟိုကောင်သာအေး မင်း ဘိုးထင်ဆီက အောက်လမ်းပညာတွေသင်နေတယ်ဆို ဟုတ်လား”
“ပညာလို အိုသည်မရှိတဲ့ ကိုသာရရဲ့ ဘယ်ပညာမဆို တတ်ထားတော့ ကောင်းတယ် မဟုတ်လား “
“မင်းတို့ကောင်တွေက ဆရာကြီးတွေပါကွာ ကြိုက်သလိုသာ လုပ်ကြတော့ အိမ်မှာ ဝက်သားချက်တယ် ညနေ ဟင်းလာယူကြ”
“အဲ့တာပဲကွ တို့လူပျိုကြီး ကိုသာရဆိုတာ စိတ်သဘောထား သိပ်ကို နူးညံ့တဲ့ လူကွာ “
“တော်စမ်း ထန်းရည်နံ့တွေက နံနေတာပဲ သွားပြီး ဟေ့ကောင်တွေ “
“မွှေးတာပါဗျာ မွှေးတာမှ သဘာဝရည်ထန်းရည်နံ့လေးကိုများ ခင်ဗျားမို့လို့ ပြောရက်တယ်ဗျာ “
သာရသည် သာအေးနှင့် ဘိုးထင်ကို ကြည့်ကာ သက်ပျင်းတချက်ချပြီး နှုတ်မဆက်တော့ပဲ သူ့သွားရမည့်လမ်းသို့သာ ထွက်ခွာသွားကြပါတော့သည်။
◾အခန်း (၂)
ပေပင်ရွာဖျားရှိ ဘိုးထင်၏ခြံဝိုင်းထဲတွင် ဖြစ်သည်။မရမ်းပင်များနှင့် တခြားနှစ်ရှည်သစ်ပင်များ စိုက်နေသောသူနှစ်ယောက်မှာ ဘိုးထင်နှင့် သာအေးဖြစ်သည်။
“ဘိုးထင် ငါ့ပညာတွေက တော်ရုံတန်ရုံ မဟုတ်တော့ဘူး မလား”
“အဲ့တာ ငါမသိဘူးလေ “
“မင်းက ငါ့ဆရာလေကွာ သိရမှာပေါ့ “
“တကယ်တော့ မင်းအတင်းသင်ခိုင်းလို့ သင်ပေးရတာ ငါက သင်ပေးချင်တာ မဟုတ်ဘူး “
“ငါက မင်းသင်ပေးတဲ့ ပညာတွေကို မဟုတ်တဲ့နေရာမှာ မသုံးပါဘူး စိတ်ချ ‌”
“ပြီးတာပဲ “
“မပြီးသေးဘူးကွ ငါ့ပညာတွေ ဘယ်လောက်တက်နေပြီလဲ ဆိုတာ စမ်းချင်တယ် ငါ နယ်လှည့်မယ်ကွာ”
သာအေး၏စကားအား ဘိုးထင်တယောက် ခေါင်းညိတ်အသိအမှတ်ပြုလိုက်ပြီး
“ငါလည်း ပျင်းနေတာကြာပြီ သွားကြတာပေါ့”
“မင်းနဲ့ သွားမှာ မဟုတ်ဘူး ငါတယောက်တည်းသွားမှာကွ “
“ဟ ငါ့ကောင် သာအေး မင်းက ငါ့ကို ထားပြီးသွားတော့မလို့လား”
“မဟုတ်ပါဘူးကွာ ငါက မင်းသင်ပေးထားတဲ့ ပညာတွေ ဘယ်လောက်အသုံးကျမကျ စမ်းချင်တာပါ “
ဘိုးထင်သည် သူ၏သူငယ်ချင်းဖြစ်သူအား အမျိုးမျိုးတားပါသော်လည်း ခေါင်းမာသော သူငယ်ချင်းအား တား၍ ရမည်မထင်သောကြောင့် ဆက်လက်မတားတော့ပဲ အကောင်းဆုံးနည်းဖြစ်သည့် ကူညီဖေးမမှုဖြင့်သာ သူငယ်ချင်းသံ‌ယောဇဉ်အား ပြသလိုက်ရသည်။
“တားမရတော့လည်း သွားကွာ သိပ်မကြာစေနဲ့နော် ငါ့ဆီတော့ ပြန်လာခဲ့အုံး ကြားလား”
“အေးပါ ဘိုးထင်ရာ “
“ကဲ မင်းသုံးဖို့ ငွေမရှိဘူးမလား “
“အေးဟ သောက်တာစားတာနဲ့ ကုန်ပဟ “
“သိတယ် ငါ ပေးလိုက်မယ် တခြားလိုအပ်တာတွေလည်း ပြင်ဆင်ထားဦး”
“မင်းကလည်းကွာ ငါက ခရီးမသွားဖူးတာကြနေတာပဲ နေဦး ဒါနဲ့ ငါက ဘယ်ကိုသွားရမလဲ “
“မင်း ပညာစမ်းချင်တယ်ဆိုရင်တော့ နယ်စုံသွားမှ တန်ကာကြမယ် “
“အေးကွာ သွားမယ် “
ဘိုးထင်သည် သူငယ်ချင်းဖြစ်သူ စိတ်အားထက်သန်နေတုန်းသာ အားတက်သရောဖြစ်နေပြီး သုံးစရာငွေကုန်ရင် ပြန် လာလိမ့်မည်ဟု တွေးပြီး သာအေး နယ်လှည့်မည့်ခရီး အစပြုရန် အားပေးလိုက်ပါလေတော့သည် ။
◾အခန်း (၃)
နံနက်စောစောအချိန်တွင်ဖြစ်ပြီး ဘိုးထင်၏ခြံဝင်းထဲရှိ ကြက်အိပ်တန်းတွင် ကြက်အော်သံများဖြင့် ဆူညံနေသည်။ ကြက်အိပ်တန်းမှ ကြက်ဖကြီးတကောင်နှင့် ကြက်မတကောင်ကို ဖမ်းနေသူမှာ သာအေးဖြစ်ပြီး သူ၏လုပ်ရပ်ကို စိတ်မသက် သာစွာ မီးအိမ်ထွန်းပြီးကြည့်နေသူမှာ ဘိုးထင်ဖြစ်၏။ထို့နောက် ကြက်ဖမ်းနေသော သာအေးအား စကားဆိုလေသည် ။
“ဟေ့ကောင် မင်းက နယ်လှည့်မှာလို့လည်း ပြောသေး ကြက်တွေ ဘာလို့ ဖမ်းနေတာလဲ”
“တိုးပွားနဲ့ မိရွှေသီးကိုတော့ စိတ်မချလို့ခေါ်သွားမယ်ကွာ “
“ဟ ငါတ‌ယောက်လုံးရှိပါတယ်ကွ “
“မင်းက ကြက်တွေဘာတွေ သိပ်စိတ်ဝင်စားတာမဟုတ်ဘူး တော်ကြာ ငါ့ကြက်ကလေးတွေ ဟိုကောင်တွေ လက်ချက်မိသွားရင် ရင်ကျိုးရမှာ “
“ကြက်တွေနဲ့ ရှုပ်တာပေါ့ကွာ ပြီးတော့ ဘယ်လိုသယ်သွား မှာလဲ ပြောစမ်းပါဦး”
“ခြင်းထဲထည့်ပြီး ကျောမှာ လွယ်ထားမယ်ကွာ ဘာပြဿနာမှ မရှိဘူး “
“ပြောမရရင်လည်း လုပ်ချင်သလိုသာ လုပ် ငါ့ကောင်ရေ “
ပြော၍လည်း ရမည်မဟုတ်သော‌ ခေါင်းမာသည့် သာအေးကြောင့် ဘိုးထင်တယောက် သူငယ်ချင်းဖြစ်သူ အဆင်ပြေရန်အတွက်သာ ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။သာ‌အေးသည် လွယ်အိတ်တလုံးအား စလွယ်သိုင်းလွယ်ထားသလို ပုဆိုးနှင့် ထုတ်ထားသော အဝတ်ထုတ်ကိုလည်း ကိုင်ထားပြီး ကြက်နှစ်ကောင်ထည့်ထားသော ခြင်းကြားအား ကျောနောက်မှနေ၍ လွယ်လိုက်သည်။ထိုအခါ ဘိုးထင်သည် မျက်စိနှင့်မြင်လျှင်ပင် မူးလောက်သည့်အနေအထား ဖြစ်နေသည်။အမြင်မ‌တော်ဖြစ်နေသည့် သာအေးအား
“ဟေ့ကောင် မင်းကြက်နှစ်ကောင်က ယဉ်တာပဲ ခြင်းကြီးထဲ ထည့်ပြီးလွယ်မနေနဲ့ အရူးကြီးကြနေတာပဲ လက်ကပဲ တဖက် တကောင်စီပွေ့သွား”
“အေး မင်းပေးတဲ့ အကြံမဆိုးဘူး ပြန်ဖြုတ်ပေးစမ်းပါဦးဟ “
သာအေးသည် ကျောတွင်လွယ်ထားသော ခြင်းကြားကြီးအား ပြန်ဖြုတ်ခိုင်းလေသည်။ထို့နောက် ကြက်နှစ်ကောင်အား လက်တဖက်စီတွင် တကောင်စီပွေ့ပြီး အလင်းရောင်မရသေးသောလမ်းဆီသို့ နှစ်ယောက်သား ထွက်သွားလေသည်။ရွာထိပ်သို့ ရောက်သောအခါ သာအေးသည် သူငယ်ချင်းဖြစ်သူ ဘိုးထင်အား နှုတ်ဆက်ကာ ပေပင်ရွာအထွက် လမ်းလေးအတိုင်း တယောက်တည်း အမှောင်ထုထဲသို့ တိုး၀င်ပျောက်ကွယ်သွားပါလေတော့သည်။
◾အခန်း (၄)
“ဝက်ကုန်းရွာ”ထိုရွာလေးသည် ရိုးမတောင်တန်းကြီးနှင့် မလှမ်းမကမ်းတွင် တည်ရှိပြီး တောကျသောရွာလေးတရွာ ဖြစ်သည်။ ရွာထိပ်တွင် ကင်းတဲလေးတခုရှိပြီး ကင်းတဲနှင့် မလှမ်းမကမ်းတွင် ရေတွင်းတတွင်း ရှိသည်။ထူးခြားသည်မှာ ထိုရေတွင်းသည် ရွာအပြင်တွင် တည်ရှိလေသည်။ကင်းတဲလေး၏ မလှမ်းမကမ်းတွင် အကြော်‌သည် မိန်းမကြီးတဦး အကြော် ကြော်နေသည်။
“ဗျို့ အရီးဝင်း ဒီနေ့ ‌အစောကြီးပါလားဗျ”
“မစောလို့မရဘူးလေ ဒီအကြော်ရောင်းပြီးပဲ ဝမ်းစာရှာနေတာ တခြားသူတွေလို အချိန်တန်ရင် ဝမ်းစာစပါးရတဲ့ သူမှမဟုတ်တာအေ “
“ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ “
အများအခေါ် အရီးဝင်းဟု အမည်ရသော အမျိုးသမီးကြီးမှာ သားသမီးမရှိ ကျောထောက်နောက်ခံမရှိသော မုဆိုးမကြီးတဦးဖြစ်သည်။ဝက်ကုန်းရွာတွင်တော့ သူမသည် လူမှန်း သိတတ်စအရွယ် အသက်နှင့် ထပ်တူနီးပါး အကြော် ကြော်ပြီး လုပ်ကိုင်စားသောက်လာသူလည်း ဖြစ်၏။ထိုအတွက် ဝက်ကုန်းရွာမှ ဒေါ်ဝင်း၏အကြော်အား ဤရွာလေးတွင် မစားဖူးသူ မရှိသလောက်ဖြစ်၏။ယခု ထိုအကြော်ဆိုင်လေး၏ရှေ့တွင် ကြက်နှစ်ကောင်ကို ပွေ့ထားသော လူငယ်တယောက် မတ်တပ်ရပ်လျက်ရှိသည်။အကြော် ကြော်နေသော အရီးဝင်းသည် ရပ်နေသော လူငယ်ကို ကြည့်ကာ
“ဟဲ့ ငါ့တူ နင့်ကို ကြည့်ရတာ စိတ်မသက်မသာဖြစ်ရပါဘိနှယ် ကဲ ထိုင်ဦး နင့်ကို ငါတို့ရွာမှာ မတွေ့ဖူးဘူး ဧည့်သည်လား”
“ကျုပ်က ပေပင်ရွာကဗျ “
“ပေပင်ရွာ ဟုတ်လား ငါဖြင့် ကြားတောင်မကြားဖူးဘူး”
“ဒီရွာနဲ့က နှစ်ရက်လောက်သွားရတဲ့ ခရီးဆိုတော့ သိမှာမဟုတ်ဘူး “
“အေး နင့်ကြည့်ရတာဖြင့် တော်တော်ပင်ပန်းနေပုံပဲ ထိုင်ဦး “
“ဟုတ်တယ် အရီးရေ ပင်ပန်းနေတာ ကျုပ်ဖြင့် ကောင်း ကောင်း မအိပ်ရသေးဘူး”
“ဘယ်မှာ တည်းမှာလဲ ရွာဦးကျောင်းမှာလား”
“ရွာဦးကျောင်းတော့ မတည်းတော့ဘူး‌ဗျာ ဇရပ်လေးဘာလေးမှာပဲ ရှိလား အဲ့ဒီမှာပဲ တည်းတော့မယ် “
‌အရီးဝင်းသည် အကြော်တခုကို အကြော်အိုးထဲမှ ဆယ်ရင်း ကြက်နှစ်ကောင်ကို ပွေ့ထားသော လူငယ်အား သေချာကြည့်လိုက်သည်။ထို့နောက် အရီးဝင်းသည်
“ကောင်လေး နင့်ပုံကြည့်ရတာ ရိုးပုံပဲ ငါ့အိမ်မှာ တည်းမလား ငါက တယောက်တည်းနေတာ ဒါနဲ့ နင့်နာမည်ကရော “
“ကျုပ်နာမည်က သာအေး”
“အေး အေး သာအေးရေ ဇရပ်တော့ ရှိတယ် အမိုးတွေက ပျက်စီးနေပြီ နင် ငါ့အိမ်မှာပဲ နေချင်ရင် နေပေါ့ “
“ဝမ်းသာတယ်ဗျာ ကျုပ် နေမယ် “
အရီးဝင်းသည် တချက်ပြုံးလိုက်သည်။ထို့နောက် အကြော်လာဝယ်သော ရွာမှကောင်လေးတယောက်အား အကြော်ထည့်ပေးနေရင်းမှ စကားဆိုလေသည်။
“ဟဲ့ သောင်းဟန် သူ့ကို ငါ့အိမ်လိုက်ပို့ပေးလိုက်စမ်း”
“ဟုတ်ကဲ့ အရီးဝင်း”
“ကဲ သာအေး နင့် သူနောက်လိုက်သွား ရေလေးမိုးလေးချိုး နင့်ကြက်တွေလည်း အုပ်ခဲ့ အိမ်အောက်မှာ ခြင်းတွေရှိတယ် “
အရီးဝင်းသည် သာအေးအား ထိုသို့ပြောပြီး အကြော်ဆက်ကြော်နေသည်။ဤသို့ဖြင့် သာအေးတယောက် နေစရာ မပူရတော့၍ ပျော်ရွှင်နေကာ အကြော်လာဝယ်သော သောင်းဟန်ဟုအမည်ရသော ကောင်လေးအနောက်သို့ လိုက်ပါသွားပါလေတော့သည်။
◾အခန်း (၅)
သာအေးတယောက် သောင်းဟန်လိုက်ပို့မှုဖြင့် အကြော်သည်အရီးဝင်း၏နေအိမ်သို့ ရောက်ရှိလာပြီဖြစ်သည်။တောရွာများ၏ထုံးစံအတိုင်း ခြံ၀န်းတွင် တံခါးမရှိပေ။အိမ်လေးသည်သက်ကယ်မိုးထရံကာသာမာန်အိမ်လေးဖြစ်ပြီး အိမ်၏နောက်ဘက်နွားတင်းကုတ်နေရာတွင် ကြက်အိပ်တန်းစင်လေး ရှိသည်။ထိုအတွက်လည်း သူ အတော်ကျေနပ်သွားရသည်။အိမ်ဝိုင်းထဲ လိုက်လံကြည့်ရှုရာ ကြက်ခြင်းကိုပါ တွေ့၍ ပိုက်ထားသော ကြက်နှစ်ကောင်ကို ထည့်အုပ်ထားလိုက်သည်။ယခုမှသာ သက်သောင့်သက်သာ ဖြစ်သွားသည်။တလမ်းလုံး ကြက်နှစ်ကောင်ကို ပွေ့လာရသည်မှာ လွယ်သည့်အလုပ်တော့မဟုတ်ပေ။ထို့နောက် သူ၏အဝတ်ထုတ်နှင့် လွယ်အိတ်အား အိမ်‌ပေါ်သို့တင်လိုက်ပြီး ရေချိုးရန်အတွက် အိမ်နောက်ရှိ စဉ့်အိုးများဆီသို့ သွားလိုက်သည်။စဉ့်အိုးထဲတွင်တော့ ရေတဝက်သာရှိ၏။စဉ့်အိုးဘေးတွင် ရေဆွဲပုံးနှစ်ပုံး၊ရေငင်ပုံးနှင့် ရေထမ်းတပိုးတို့အား တွေ့ရ၍ သာအေးသည် ရေပုံးနှစ်ပုံးကို ထမ်းတပိုးတွင် လျှိုလိုက်ပြီး ရေငင်ပုံးအား လက်ကဆွဲကာ အိမ်အပြင်သို့ ထွက်လာလိုက်သည်။ထို့နောက် ရွာအဝင်တွင် အကြော်ကြော်နေသော အရီးဝင်းဆီသို့သွားလိုက်သည်။အရီးဝင်း၏ အကြော်ဆိုင်လေးသည် ယခုအချိန်တွင်တော့ လူစည်နေပြီ ဖြစ်သည်။ကာလသမီး‌တချို့ပါ ရောက်ရှိနေပြီး သာအေးအား ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။အရီးဝင်းသည် အကြော် ကြော်နေရင်း သာအေးကို မြင်သောအခါ
“ကောင်လေး ရေငင်ပုံးတွေရော ရေပုံးတွေရော ဘာလုပ်မလို့လဲ “
“ကျုပ် ရေထမ်းမလို့ အရီးရ ရွာထဲဝင်လာတုန်းက ရေတွင်း ဒီဘက်မှာ ရှိတာတွေ့လိုက်လို့ “
“အေး အေး သွား ဗိုက်ဆာရင် အိမ်ပေါ်မှာ ထမင်းနဲ့ ဟင်းရှိတယ် ခူးခပ်သာစားလိုက် ကြားလား အားမနာနဲ့ “
“ဟုတ်ကဲ့ပါဗျ အဲ့တာဆို ကျုပ် ရေသွားထမ်းလိုက်ဦးမယ် “
“အေး အေး”
သာအေးသည် သွက်သွက်လက်လက်ဖြင့် ရွာအပြင် ရေ တွင်းဆီသို့ သွားလေသည်။အကြော်ဖိုနားတွင် ဝိုင်းနေကြသော လူများသည် သာအေး၏အကြောင်းကို အရီးဝင်းအား မေးမြန်းနေကြသည်။စကားပြောရသည်ကို စိတ်မရှည်သော အရီးဝင်းမှ အသံခပ်ကျယ်ကျယ်ဖြင့် စပ်စပ်စုစုမေးနေသော မိန်းမပျိုလေးများအား
“ဟဲ့ ကောင်မတွေ အဲ့ကောင်လေးက နင့်တို့လင်မို့ စပ်စုနေတာလား အကြော် ကြော်ရတာ ပူရတဲ့အထဲ နားပူအောင်ပါ လာလုပ်နေတယ် “
“တိုးတိုးပြောပါ အရီးဝင်းရယ် ဟိုလူ ကြားသွားမှဖြင့် “
အရီးဝင်းနှင့် မိန်းမပျိုလေးများ၏ပြောစကားအား သာအေးကြား၏။အဘယ်ကြောင့်ဆိုသော ရေတွင်းနှင့် အရီးဝင်း၏ အကြော်ဆိုင်၏ မလှမ်းမကမ်းတွင် ရှိနေသောကြောင့် ဖြစ်ပါသည်။ ။
◾အခန်း (၆)
“ဒီက ငါ့ညီက ရွာခံမဟုတ်ဘူးမလား”
“ဟုတ်တယ်ဗျ ကျုပ်က အခုမှဒီရွာကိုရောက်တာ “
“ဪ အေး တို့ရွာကတော့အေးဆေးပါတယ် အကို့နာမည်က ဝေလွင်တဲ့ကွ ဒီရွာမှာ ငှက်ကြီးဝေလွင်ဆိုရင် မသိသူမရှိ‌ဘူးကွာ “
သာအေးသည် ငှက်ကြီးဟု နာမည်အရှေ့တွင် ဂုဏ်ပုဒ်ပါသော ဝေလွင်ဆိုသူအား မသိမသာကြည့်မိလိုက်သည်။အသားအရည်မှာ ညိုတာထက်ပိုပြီး အမဲဘက်သို့ သွားသည်။ပါးစပ်မှလည်း ကွမ်းဝါးနေပြီး အပေါ်ပိုင်း ဗလာကျင်းနေသည့်ကိုယ်မှာ ရေငင်လိုက်သည့်အခါ ကြွက်သားအပြည့်နှင့်ဖြစ်သည်။ရွာတွင်ရှိသောတခြားသူများထက် ခေါင်းတလုံးသာသော အရပ် အမောင်းနှင့်ဖြစ်သည်။အကြောင်းတိုက်ဆိုင်၍ပဲလားမသိ သို့တည်းမဟုတ် ငှက်ကြီးဝေလွင် ရောက်လာ၍ပဲလားမသိ ရေတွင်းတွင် လူရှင်းနေရာ မကြောက်တတ်သော သာအေးပင် အနည်းငယ် ထိတ်လန့်မိသည်။ ထို့နောက် ငှက်ကြီးဝေလွင်သည် အတန်နစ်သော ရေတွင်းမှ ရေများကို သူ၏ကြီးမားသော ရေငင်ပုံးဖြင့် ငင်လိုက်ရာ နှစ်ချက်မျှသာ ငင်ရ၏။သူ၏ရေပုံးတွင် ရေပြည့်သွားသောအခါ သာအေးအား တချက်ကြည့်လိုက်ပြီး
“ငါ့ညီ မင်း ဒီမှာ ကြာဦးမှာလား”
“ဟုတ် နည်းနည်းတော့ကြာမယ် ခင်ဗျ”
“အေးကွာ မင်းဒီရွာမှာနေလို့ ပျင်းတယ်ဆိုရင် ငါ့ဆီသာ လာခဲ့ ငှက်ကြီးဝေလွင်ဆို တရွာလုံးက သိတယ် ကြားလား”
“ဟုတ် ဟုတ်ကဲ့ပါ ခင်ဗျ “
“ကဲ ငါသွားဦးမယ်ကွာ”
“ဟုတ် ဟုတ်ကဲ့ပါ ခင်ဗျ”
သာအေး ရိုရိုသေသေစကားဆိုလိုက်သည်။မဆို၍လည်းမဖြစ်ပေ ငှက်ကြီးဆိုသည့်နာမည်အရှေ့ရှိ စကားလုံးသည် အလကားရထားသည်မှာ မဖြစ်နိုင်။သူ၏ ငှက်ကြီးတောင်ဓားဖြင့် မည်မျှမိုက်တွင်းနက်ခဲ့မှန်း မသိနိုင်ချေ။ထို့အတွက်သာအေး ရိုရိုသေသေစကားဆိုခြင်းသာ ဖြစ်သည်။ငှက်ကြီးဝေလွင်သည် ရေပုံးနှစ်ပုံးအား ရှေ့တပုံး၊နောက်တပုံးထမ်းကာ ရေငင်ပုံးကို လက်ကဆွဲလို့ သူ့အနားမှ ထွက်သွားပြီဖြစ်၏။ထိုအခါမှ သက်ပျင်းရှည်ကြီးတချက်ကို ချလိုက်နိုင်ကာ တီးတိုးရေရွတ်လိုက်မိသည် ။
“ဟူး တော်ပါသေးရဲ့ ငါ့ကို အနိုင်မကျင့်တာ ကံကောင်း”
သာအေးတယောက် သက်ပျင်းချပြီး ရေဆက်ငင်နေစဉ် နောက်ထပ် သူနှင့်ရွယ်တူလူရွယ်နှစ်ယောက် ရောက်လာပြန် သည်။သူတို့သည် ရေလဲပုဆိုးကို ခေါင်းတွင်ပေါင်းထားကြပြီး ရေငင်ပုံးကိုယ်စီနှင့် ဖြစ်ကာ ဆင်ချေးတုံးဆပ်ပြာများ ကိုယ်စီ ယူလာကြသည်။ထို့နောက် ရေငင်နေသော သာအေးကိုကြည့်ကာ
“နောင်ကြီးက ဧည့်သည်ထင်တယ် “
“ဟုတ်တယ်ဗျ “
“ဒီမှာနေမှာလား နောင်ကြီး”
“နည်းနည်းကြာကြာတော့ နေဖြစ်မယ် ထင်တယ်ဗျ “
“အဲ့တာဆို ကျုပ်တို့အပေါင်းအသင်းလုပ်ကြမလား ကျုပ်နာမည်က ငွေသောင်း ဟိုကောင့်နာမည်က မောင်နု “
“ကျုပ်နာမည်က သာအေး”
“ကဲ ကိုသာအေး ကျုပ်တို့ ရေချိုးလိုက်ဦးမယ် ဒါနဲ့ ဘယ်သူ့အိမ်မှာ နေတာလဲဗျ”
“အကြော် ကြော်တဲ့ အရီးဝင်းအိမ်မှာ “
“အေးဗျာ ရေချိုးပြီးရင် ကျုပ်တို့ လာခဲ့မယ် အကူအညီလိုရင်ပြောပေါ့ “
“လာခဲ့ဗျာ ကျုပ်လည်းဒေသခံပါမှ လုပ်လို့ရမဲ့အရာလေးတွေ ရှိတယ် ကျုပ် စောင့်နေမယ်ဗျာ နော် အခုတော့ သွားလိုက်ဦးမယ် “
“ရေတခါထဲ ချိုးသွားပါလား ကျုပ်တို့မှာ ဆပ်ပြာပါတယ်”
မောင်နုဟုအမည်ရသော ရွာသားမှ ပြောလာသည့်အခါ သာအေး ခေါင်းကို ညိတ်လိုက်ပြီး
“ဟုတ်တယ် ကျုပ် ရေချိုးသွားတာကောင်းမယ် “
ဤသို့ဖြင့် သာအေးတယောက် ရွာခံနှစ်ယောက်နှင့်အတူ စကားတပြောပြောဖြင့် ရေချိုးနေလေ၏။ရိုးသားပွင့်လင်းကြသူများဖြစ်သည့်အတွက် အချိန်ခဏလေးအတွင်းမှာပင် အတော်လေး ခင်မင်ရင်းနှီးသွားကြပါတော့သည် ။
◾အခန်း (၇)
သာအေးတယောက် အရီးဝင်း၏အိမ်သို့ ရောက်သည်မှာ သုံးရက်ပြည့်ပြီ ဖြစ်သည်။သူ ယူလာသော ကြက်များကိုပင် လွှတ်ထား၍ ရနေပြီဖြစ်သည်။အလိုက်သိပြီး မပျင်းမရိရှိလှသော သာအေးအား အိမ်ရှင်အရီးဝင်းသည် အချိန်ခဏလေးအတွင်းတွင် တူသားတယောက်ကဲ့သို့ ခင်မင်နေပြီဖြစ်သည်။သာအေးသည် သူမ ထမင်းကျွေးထားရသည်ထက်ပိုပြီး အလုပ်များကူလုပ်ပေးလေရာ အရီးဝင်းမှာ များစွာအားနာပြီး ထိုကဲ့သို့မလုပ်ရန် တောင်းဆိုရသည်အထိပင် ဖြစ်၏။
“သာအေးရယ် နားနားနေနေ နေစမ်းပါအေ နင်ကဧည့်သည်ပါ အခု အကြော် ကြော်တော့လည်း ကူပေးတယ် ရေခပ်၊ထမင်း ချက်လည်း ကူ အခုဆို ဟင်းတောင်ချက်နေပြီ ထင်းဆိုလည်း ငါ တလလောက်ရှာရတာကို နင်က ရက်ပိုင်းလေးနဲ့ ရှာပေးတယ် ငါဖြင့် နင့်ကို လုပ်အားအဖိုးအခ ပေးရမလိုဖြစ်နေပြီ”
“အရီးကတော့ ပြောရော့မယ် ကျုပ် လုပ်တာဘာမှမဟုတ်သေးပါဘူးဗျာ ဒီလောက်ကတော့ သာအေးတို့က အပျော့ပေါ့ အရီးကို ခွင့်တောင်းစရာရှိတယ် “
“အေး ပြော”
“ကျုပ် ငွေသောင်းတို့နဲ့ ထန်းတောလိုက်သွားချင်တယ်ဗျာ အဲ့တာ အရီး ခွင့်ပြုနိုင်မလား”
“‌ယောကျာ်းလေးပဲ သောက်တတ်စားတတ်တာ အရီး အပြစ်မမြင်ပါဘူး လူလိုသောက် လူလိုနေရင်ရပြီ လူရုပ်မပေါက်လို့ကတော့ ခင်တာက ခင်တာပဲ နင် အိမ်ပေါ်ကို ပြန်တက်မလာနဲ့ ရွာအပြင်ဇရပ်ကို နင့်အဝတ်ထုတ် ပို့ပေးမယ် ရော့ ထန်းရည်ဖိုးယူသွား”
အရီးဝင်း၏စကားကြောင့် သာအေး အနည်းငယ်ကြောင်ငေးသွားသည်။သို့ပေမဲ့ ကိစ္စမရှိပေ လူရုပ်ပျောက်အောင်သောက်ပြီး မှောက်သည့်အထဲတွင် သာအေးတို့မပါချေ။ထို့ကြောင့် အရီးဝင်းပေးသောငွေကို ပုဆိုးတွင်လိပ်ကာ ‌ငွေ‌သောင်းနှင့် မောင်ပုအလာတို့ကို စောင့်နေလိုက်သည်။များမကြာသောအချိန်တွင် နှစ်ယောက်သား အိမ်ဝိုင်းထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်ရောက်လာသည်။ထို့နောက် အိမ်‌ရှေ့ကွပ်ပျစ်တွင်ထိုင်နေသော ‌သာအေးအား တွေ့သည်အခါ ပြုံးရယ်၍ စကားဆိုလေသည် ။
“သာအေးရေ သွားလို့ရပြီလား”
“ရတယ်ကွ ငါအရီးကိုပြောပြီးပြီ သွားကြစို့ “
“အေး အဲ့တာဆိုလည်း သွားကြတာပေါ့ကွာ “
သာအေး၊မောင်နုနှင့် ငွေသောင်းတို့သည် ရွာအပြင်တွင်ရှိသော ထန်းတောဆီသို့စကားတပြောပြောနှင့် တက်ကြွစွာ သွားနေကြပါတော့သည်။
◾အခန်း (၈)
ညနေ နေစောင်းသောအချိန်တွင်တော့ ထန်းတောထဲ၌ ဝက်ကုန်းရွာသားများ ရှိနေကြသည်။သူတို့သည် ထန်းရည်နှင့် ဗျိုင်းဥများကိုမြည်းရင်း တယောက်‌တပေါက် စကားဆိုနေကြသည်။ သူတို့သည် ထန်းပင်ခြေရင်းတွင် ဖျာများခင်းထိုင်နေကြပြီး သူ့အဖွဲ့နှင့်သူ စကားစမြည်ပြောနေကြသည်။သာအေးတို့သည်လည်း ထန်းရည်နှစ်မြူနှင့် ဗျိုင်းဥအပြင် မောင်နုအိမ်မှ ယူလာသောကြက်ကြော်လေးဖြင့် အဆင်ချောနေကြသည်။ထန်းရည်အနည်းငယ်ဝင်လာသောအခါ စကားပြောရသည်မှာလည်း အတော် အဆင်ပြေလာသည်။
“မောင်ပု မင်းကြက်ကြော်က ရင့်လိုက်တာကွာ ကိုက်လို့တောင်မရဘူး”
“မင်းတို့ကလည်းကွာ အဲ့တာ ကြက်သားကွ အဲ့လောက်တော့ရှိမှာပေါ့ သွားကောင်းတာပဲ ကိုက်ကြစမ်းပါ”
“အေးပါကွာ ဒါနဲ့ မင်းတို့ရွာမှာ ကြက်ပွဲလေးဘာလေးရော မရှိဘူးလား”
“ရာသီချိန် မဟုတ်သေးဘူးကွ ရာသီချိန်ဆိုရင် ငါ့ကောင်ရေ ကြက်ပွဲက တနေကုန်ပဲ “
“ကောင်းတယ်ကွာ ငါ့ရွာကယူလာတဲ့ ငါ့ကြက်က နှစ်ဝိုင်းနိုင်ပြီးပြီကွ ဗလခြေနဲ့ ပွဲသိမ်းပေးလိုက်တာ ခဏလေးပဲ”
“တော်တော်ကောင်းတာပဲကွ”
သူတို့ စကားတပြောပြောနှင့် ထန်းရည်သောက်နေကြစဉ်
“ဟေ့ကောင်တွေ ဇိမ်ကြလှချည်လားကွ “
အသံနှင့်အတူ သူတို့၏ထန်းရည်ဝိုင်းလေး‌သို့ဝင်လာသူမှာ ရွာထဲမှ ငှက်ကြီးဝေလွင်ဖြစ်သည်။သူသည် ထုံးစံအတိုင်း အပေါ်ပိုင်းဗလာကျင်းနှင့် ပုဆိုးကိုခပ်တိုတို ဝတ်ထားသည်။ ကျန်းမာသန်စွမ်းသောကိုယ်ခန္ဓာနှင့် မြင့်မားသောအရပ်တို့ကြောင့် တော်ရုံလူဆိုမြင်သည်နှင့် ဖြုံသွားနိုင်သည့် အနေအ ထား ဖြစ်သည်။သာအေးသည် ထန်းရည်လေး သောက်နေရာမှ ဝေလွင်ကိုမြင်သောအခါ ငြိမ်ကျသွားသည်။မောင်နု နှင့် ငွေသောင်းသည်
“လာ ကိုငှက်ကြီး ချဗျာ “
“နေပါစေကွာ ဧည့်သည်နဲ့ မင်းတို့တော်တော် လေပေးဖျောင့်နေတာလား”
“ဒီလိုပါပဲဗျာ စိတ်တူကိုယ်တူတွေဆိုတော့ ပေါင်းလို့သင်းလို့ကောင်းတာပေါ့”
“အေး အေး “
“လာပါ ကိုငှက်ကြီးရာ ထိုင်စမ်းပါ ကျုပ်တို့နဲ့ပဲ သောက်”
“ဟိုကောင့်ကို အားနာလို့ကွ မင်းကောင်ကို ကြည့်ပါဦး ငါလာတာ သိပ်မကြိုက်သလိုပဲ “
ငှက်ကြီးဝေလွင်သည် သာအေးအား ကြည့်ပြီးပြောလိုက်ရာ သာအေးမှ ကမန်းကတန်းစကားဆိုလေသည်။
“မဟုတ်ပါဘူး ကိုဝေလွင်ရာ ရွာကလူမိုက်ဆိုတော့ ကျုပ်ကနည်းနည်းလန့်နေတာပါ”
“ဟေ့ ဘယ်မှာလဲဟ လူမိုက်က”
“အေး ဟုတ်တယ် သာအေး ဘယ်မှာလဲကွ “
ငှက်ကြီးဝေလွင်သာမက ကျန်သောနှစ်ယောက်ပါ ပတ်ဝန်း ကျင်ကို လှည့်ပတ်ကြည့်ပြီး သာအေးအား မေးလေသည်။ထိုအခါ‌ သာအေးသည် ငှက်ကြီးဝေလွင်အား လက်ညှိုးထိုး ပြလိုက်သည့်အခါ
“ဟားးး ဟားးးး တကယ့်ကောင်ပဲ မင်းက ငါ့ကိုလူမိုက်ထင်နေတာလားကွ “
“ဟေ့ကောင် ကိုငှက်ကြီးကို မင်းမို့ လူမိုက်တဲ့ကွာ ကိုငှက်ကြီးက ရန်တောင်ဖြစ်ဖူးတာမဟုတ်ဘူး”
“ဗျာ”
ဗျာတနေသည့် သာအေးအား ကျန်သူများဝိုင်းကြည့်နေကြသည်။ထို့နောက် ငွေသောင်းမှ သူ့အား အမေးစကားဆိုလေသည်။
“နေပါဦး သာအေးရ မင်းက ကိုငှက်ကြီးကို ဘာလို့လူမိုက်လို့ထင်နေတာလဲ”
“မင်းတို့နဲ့ မတွေ့ခင်ကတည်းက သူနဲ့ ရေတွင်းမှာ ဆုံတာကွ သူ့ကိုကြည့်ပါလား ဗလတောင့်တောင် အရပ်မြင့်မြင့်နဲ့ လူပုံက လူမိုက်ကြီးလိုပဲလေ ပြီးတော့ နာမည်ရှေ့မှာ ငှက်ကြီးလို့ ပါသေးတယ်လေကွာ ငါထင်တာက ငှက်ကြီးတောင်ဓားနဲ့ ရမ်းကားနေတဲ့ လူမိုက်လို့ထင်နေတာ မဟုတ်ဘူးလား “
“မဟုတ်ရပါဘူး ငါ့ကောင်ရာ ငါ့မှာ ဘာငှက်ကြီးတောင်ဓားမှ မရှိဘူး ကြံခုတ်ဓားပဲရှိတာ ဟားးး “
“အဲ့တာဆို ရှေ့က ငှက်ကြီးလို့ ဘာလို့ထည့်ထားတာလဲဗျ “
“အဲ့တာက ငါက ရိုးမတောင်ပေါ်တက်ပြီး သစ်ဆွဲလိုက်တုန်းက ငှက်ဖျားမိပြီး သေမလိုအနေထားနဲ့ ရွာပြန်ရောက်လာတယ်ပေါ့ကွာ ကံကောင်းပြီးတော့ မသေဘူးဟေ့ အဲ့ဒီနောက်ပိုင်း ရွာထဲက လူတွေအကုန်လုံးက ငှက်ကြီးဝေလွင်လို့ ခေါ်တော့တာပဲ ငှက်ဖျားအကြီးအကျယ်ဖြစ်ပြီး မသေလို့ ငှက်ကြီးလို့ ကင်ပွန်း တပ်လိုက်ကြတာဟေ့ “
သာအေးတယောက် ငှက်ကြီးဝေလွင်၏စကားကို နားထောင်ပြီး ပြုံးလိုက်မိသည်။အထင်နှင့် အမြင်လွဲလည်း လွဲချင်စရာမို့ သူ့အပြစ်လို့လည်းမဆိုသာပါ။ထို့နောက် သူတို့၏ ထန်းရည်ဝိုင်းလေးတွင် ငှက်ကြီးဝေလွင်ပါ ပါလာပြီး အပြောကောင်းသောသူလည်းဖြစ်တာကြောင့် ပို၍စိုပြေသွားသည်။ ထိုစဉ် ထန်းရည်တဲတလုံးထံဎဎမှ မိန်းမငယ်လေးတဦး၏ စူးစူးဝါးဝါးအော်ငိုသံကြောင့် သာအေး လန့်ဖျန့်သွားမိသည် ။
“ဟာ ဘာဖြစ်တာလဲဗျ “
“ဒီကလေးမက ဒီလိုဖြစ်နေတာအတော်ကြာပြီကွ ဘယ်သူမှ ဘာမှ မတတ်နိုင်ဘူး”
“ဒီနေ့တော့ ကိုသာဗျောက ဆရာပင့်ထားတယ်ဆိုပဲဗျ “
“ဆရာပင့်လည်း ပြေးရမှာပါပဲကွာ “
ငွေသောင်းတို့ အချင်းချင်းပြောနေသော စကားများကို သာအေး ဘာမှနားမလည်ပါ ထို့အတွက် သာအေး ကြားဖြတ်ပြီးမေးလိုက်သည် ။
“နေ နေကြပါဦး ကျုပ်ကိုလည်း ရှင်းပြစမ်းပါဦး ဘာတွေဖြစ်နေတာလဲဆိုတာ “
“အင်း မင်းက ဒီကိုခုမှရောက်ဘူးတာဆိုတော့ ဘယ်သိမလဲ ကိုသာဗျောရဲ့သမီးလေကွာ ကျတ်ပူးတာလိုလို စုန်းပူးတာလိုလို နဲ့ အချိန်မှန်ဖြစ်နေတာ သူ စားချင်တာတွေ ကျွေးလိုက်ပြန်ရင်လည်း ကောင်းသွားပြန်ရောကွ ကိုသာဗျော ဘယ်လောက် ထန်းရည် ရောင်းကောင်းကောင်း သူ့သမီးဖြုန်းတာနဲ့ ကုန်ရောကွာ ကလေးက ငယ်ငယ် စားရင်တော့ ကြောက်စရာကြီးဟေ့ သရဲဝင်ပူးပြီး စားတာလေကွာ အခု စပြီ”
“ကျုပ် သွားကြည့်လို့ရမလား”
“ရတာပေါ့ ကျန်တဲ့သူတွေကတော့ ရိုးနေပြီ ကဲ မင်းကြည့်ချင်ရင်တော့ ငါတို့ လိုက်ပို့မယ် ..”
“ဒါဆို သွားကြအောင်ဗျာ “
သာအေးနှင့် အတူကျန်သောသူများသည် ထန်းရည်ဝိုင်းဆီမှမတ်တတ်ထရပ်လိုက်ပြီး ကို‌သာဗျော၏ထန်းတဲဆီသို့ သွားလိုက်ကြလေသည် ။
◾အခန်း (၉)
ထန်း‌တဲလေးပေါ်တွင် ဖြစ်သည်။အသက်ဆယ်နှစ်ကျော်ခန့် မိန်းကလေးတယောက်သည် တကိုယ်လုံးတုန်တုန်ယင်ယင်ဖြစ်နေပြီး သူမ၏မျက်လုံးတို့မှာလည်း ရဲရဲနီလျက်ရှိသည်။နှုတ်မှလည်း ဗလုံးဗထွေးစကားများကိုဆိုကာ မိဘနှစ်ပါးဖြစ်သော ကိုသာဗျောနှင့် မကြည်သန်းတို့အား အံတကြိတ်ကြိတ်နှင့် ကြည့်နေသည်။မကြာသောအချိန်တွင် ကြိမ်တချောင်းကို ကိုင်ထားသော လူကြီးတယောက်သည် ထန်းတောထဲသို့ဝင်လာသည်။ထိုသူမှာ အထက်လမ်းဆရာတယောက်ဖြစ်ပြီး ထန်းတောကိုတွေ့သောအခါ နှာခေါင်းရှုံ့သွားပြီး ဘေးမှ အဖော်ပါလာသူအား စကားဆိုလေသည်။
“အကုသိုလ်ကောင်တွေကို အကုသိုလ်က ပြန်အကျိုးပေးတာလေ “
အထက်လမ်းဆရာ၏ အာပေါင်အာရင်းသန်သန်ဖြင့် ပြောသောစကားသည် ထန်းတဲလေးထဲမှ ကိုသာဗျောကြားသည့်အခါ မျက်စိမျက်နှာအနည်းငယ်ပျက်ပြီး သိမ်ငယ်စိတ်ဝင်သွားလေသည်။ထိုအဖြစ်အပျက်ကို ဘေးတွင်ကြည့်နေသော သာအေးတယောက် သတိထားမိသွားသည်။မကြာသောအချိန်တွင် ဟိတ်ဟန်အပြည့်နှင့် အထက်လမ်းဆရာသည် ခေါင်းမော့ရင်ကော့ကာ ထန်းတဲလေးထဲဝင်လိုက်ပြီး ကလေးမလေး၏ ရှေ့တည့်တည့်တွင် တင်ပျဉ်ခွေချိတ်ထိုင်လိုက်ကာ
“ကဲ ဘယ်လိုမကောင်းဆိုးဝါးက ဒီကလေးမလေးရဲ့ကိုယ်ထဲဝင်ရောက်ပူးကပ်နေတာလဲ”
ကလေးမလေးမှာ အထက်လမ်းဆရာအား မျက်ထောင့်နီဖြင့်သာ စူးစိုက်ကြည့်နေလေသည်။ထို့နောက် အထက်လမ်းဆရာသည် ဘုရားစင်မရှိသော ထန်းတဲလေးအား ဝေ့ဝိုက်ကြည့်ကာ
“ဖြစ်မပေါ့ ဘုရားမရှိတရားမရှိတဲ့ဟာတွေ ဒီမကောင်းဆိုးဝါးကို ဦးတိုက်ခိုင်းချင်တာတောင် ဘုရားစင်ကမရှိဘူး ဒိဋ္ဌိတွေပဲ “
အထက်လမ်းဆရာသည်အတော်ကို အခြေကြီးပေသည်။ သူသည် ထန်းတောထဲရောက်နေသည်ကိုပင် မသတီသကဲ့သို့ပြုမူနေလေရာ သားအေး ၀င်၍ ပြောချင်ဆိုချင်ဖြစ်နေသည်။ သို့ပေမဲ့ မဆိုင်သောကိစ္စမို့ ငြိမ်၍သာ ကြည့်နေရသည်။ ထို့နောက် အထက်လမ်းဆရာသည် သူကိုင်ထားသော ကြိမ်တံနှင့် ကလေးမလေးအားရိုက်ဖို့ပြင်ချိန်တွင်တော့ ကိုသာဗျော အလျင်စလို၀င်တားလိုက်လေသည်။
“ဆရာကြီး ကြိမ်နဲ့ မရိုက်ပဲ နှုတ်မိန့်နဲ့ပဲ နှင်ပေးလို့ ရမလား ခင်ဗျာ”
“တယ် မင်းကဘာသိလို့ ငါ့ကို ဆရာလုပ်နေတာလဲ မင်းတို့က တယ် အကုသိုလ်များလို့ ဒီလိုတွေဖြစ်နေတာ နောက်ဘဝကျရင် လူဖြစ်မဲ့ကောင်တွေတောင် မဟုတ်ဘူး မင်း တော်တတ်နေရင် ငါ့ကိုမပင့်နဲ့ ကိုယ့်ဘာသာကိုယ်ပဲ ကုပါလား”
“ကျုပ်သမီးလေးက ငယ်သေးတော့ ဒီကြိမ်နဲ့ရိုက်ရင် ဒဏ်မခံနိုင်မှာ စိုးရိမ်လို့ပါ “
“မင်းက အဲ့လောက်တတ်နေတယ်ဆိုရင် ငါ့ကို ဘာလို့ခေါ်နေသေးလဲ လာ ဒီမှာ လာထိုင် မင်း လာကုလိုက် “
မျက်နှာငယ်လေးနှင့်တောင်းပန်နေသော ကိုသာဗျောအား အထက်လမ်းဆရာသည် နိုင့်ထက်စီးနင်း စကားဆိုလေသည်။ တဖက်သတ်ဆန်လွန်းလှသော အခြေအနေမို့ ကြာကြာ သည်း မခံနိုင်တော့ပဲ နေရာကို ‌ဖယ်ပေးထားသော အထက်လမ်းဆရာ ၏နေရာတွင် သာအေး အရွဲ့တိုက်ပြီး ဝင်ထိုင်လိုက်လေသည်။မပြောမဆိုပြုမှုလိုက်ခြင်းဖြစ်သည့်အတွက် အားလုံးကြောင်ငေးပြီး ကြည့်နေကြသည်။အထက်လမ်းဆရာသည်လည်း အံ့ဩလွန်းနေပြီး ခဏအကြာတွင် သတိပြန်ဝင်လာကာ
“ဟေ့ကောင် မင်းက ဘာ၀င်လုပ်တာလဲ “
“ခင်ဗျားက နေရာဖယ်ပေးနေတော့ ကျုပ်က ကိုသာဗျောအစား ဒီကလေးမကို ကုပေးမလို့”
“မင်း ဘယ်ကကောင်လဲ “
“ဘယ်ကကောင်မှ မဟုတ်ဘူး ဒီရွာကိုလာတဲ့ ဧည့်သည်ပဲ ကျုပ်နာမည်ကို မသိရင်မှတ်ထား ဆရာသာအေး တဲ့ “
“ဘာ ဆရာသာအေး ဟုတ်လား “
သာအေးသည် အထက်လမ်းဆရာ၏စကားကို ခွန်းတုန့်ပြန်ခြင်းမရှိပဲ ကိုသာဗျောဘက်ကို လှည့်ကာ
“ကိုသာဗျော ကျုပ်လည်း နည်းနည်းပါးပါးတော့ တတ်တယ် ခင်ဗျားသမီးဖြစ်နေတာကို ကျုပ် ကုပေးနိုင်တယ် ဒီလိုသောက်ကြီးသောက်ကျယ်ဆရာတွေမှာ ပညာမရှိဘူး အာပဲ ရှိတာ “
“ဟေ့ကောင် မင်း မင်းငါ့ကို ဘာပြောတယ်”
အထက်လမ်းဆရာသည် သာအေး၏စကားကို မကျေမနပ်ဖြစ်ကာ မတ်တပ်ရပ်လိုက်ပြီး ရန်ပြုမည့်ဟန်ပြင်စဉ် ငှက်ကြီးဝေလွင်မှ လက်ပိုက်ပြီး အထက်လမ်းဆရာအား စူးစိုက်ကြည့် နေရာ အထက်လမ်းဆရာ မတ်တပ်ပင်မရပ်တော့ပဲ ပြန်ထိုင်လိုက်ပြီး
“ကြည့်ရသေးတာပေါ့ကွာ ကုစမ်း မင်းအစွမ်းဘယ်လောက်ရှိသလဲ သိရတာပေါ့ “
သာအေးသည် အထက်လမ်းဆရာ၏စကားကို လုံးဝဂရုမပြုပဲ ကိုသာဗျောကိုသာ ကုသခွင့်‌တောင်းလိုက်လေသည်။
“ကဲ ကိုသာဗျော ကျုပ် ကုရမှာလား”
“ဟို ဟိုဆရာလုပ်တဲ့သူက ထန်းရည်အရက် မသောက်ရဘူး မဟုတ်လား “
“သူနည်းနဲ့ ကျုပ်နည်းက မတူလို့ပါ ခင်ဗျားကလည်း ယုံခြင်း ယုံ ကျုပ်ကို ယုံသင့်တာနော် ခင်ဗျားကို ယုံလို့ ကျုပ်တောင် ခင်ဗျားရောင်းတဲ့ထန်းရည်သောက်တာ “
“အယ် အဲ့တာက “
“ဘာမှ တွေးမနေနဲ့ ခင်ဗျား သမီးကို သူများတွေလို ကြိမ်နဲ့ ရိုက်ဖို့နေနေသာသာ လက်ဖျားနဲ့တောင် မထိဘူးဗျာ “
သာအေးစကားကြောင့် ကိုသာဗျော ခေတ္တစဉ်းစားလိုက်ပြီး
“လုပ်ကွာ ကုပေတော့ “
ကိုသာဗျော ခွင့်ပြုပေးလိုက်သောအခါမှ သာအေးသည် မန္တန်တပုဒ်ကိုရွတ်ကာ လက်ညိုးဖြင့်သူ့မျက်လုံးကို ကွင်းပြီး ကလေးမလေးအား ကြည့်လိုက်ရာ ကလေးမလေး၏ကိုယ်တွင် ပူးကပ်နေသော ရုပ်ဆိုးဆိုးအဖွားအိုတ‌ယောက်အား တွေ့လိုက်ရသည်။ထို့နောက် သာအေးသည် ကလေးမလေး၏ကိုယ်တွင် ပူးကပ်နေသော အဖွားအိုအား လက်ညိုးကိုထိုးလိုက်ပြီး အသံခပ်မာမာဖြင့် စကားဆိုလေသည် ။
“အမေကြီး ခင်ဗျား သေတာတောင် သူများကို ဘာလို့ ဒုက္ခပေးနေရတာလဲ “
“နင်က ငါ့ကို မြင်တာလား “
“အမေကြီး ခင်များရဲ့ရုပ်ဆိုးဆိုးမျက်နှာကြီးကို ကြည့်ကို မကြည့်ချင်တာ ခင်ဗျားက သရဲတော့ မဖြစ်နိုင်ဘူး စုန်းမကြီး မဟုတ်လား “
“ငါ့ဘာသာ ဘာပဲဖြစ်ဖြစ် နင်သိစရာမလိုဘူး”
“ကျုပ်လည်းမသိချင်ပါဘူး ဒါပေမဲ့ ခင်ဗျား ဒီကလေးမကို ပူးကပ်ပြီးစားသောက်နေတာ ဒါနောက်ဆုံးဖြစ်ပါစေ “
“နင့်စကားကို ငါက နားထောင်စရာလားဟေ့ “
“နားမထောင်ရင် ဘာဖြစ်မယ်ဆိုတာ ခံစားကြည့် “
သာအေးသည် ပြေပြောဆိုဆို မန္တန်တပုဒ်ကို ခပ်တိုးတိုးရွတ်လိုက်ပြီးနောက် ကြမ်းပြင်အား လက်ဝါးနှင့်ရိုက်လိုက်ရာ ကလေးမလေးအား ဝင်ရောက်ပူးကပ်နေသော အဖွားအိုမှာ နာကျင်စွာအော်ဟစ်ပြီး
“နင် နင်က အမှောင်ပညာသည်ပဲ နင် ငါတို့အကြောင်း သိမယ် “
“ဟဲ့ စုန်းမကြီး ဘယ်ကိုထွက်ပြေးဖို့ စဉ်းစားနေတာလဲ နင့်မှာ ရုပ်မရှိတော့ဘူးဆိုတာ ငါသိတယ် ငါ့ခွင့်ပြုချက်မရပဲ ဒီကလေးမရဲ့ ကိုယ်ထဲက ထွက်ဖို့ မစဉ်းစားနဲ့ “
“နင် နင်ဘာဖြစ်ချင်နေတာလဲ ပြောစမ်း”
“တယ် စုန်းအိုမကများ ငါ့ကို မာရေကြောရေနဲ့ ပြန်ပြောနေတယ် ငါ လုပ်လိုက်ရ သေတော့မယ် “
သာအေး၏ ဟိတ်ဟန်နှင့် ကလေးမလေး၏ နှုတ်မှပြောသော စကားကြောင့် အထက်လမ်းဆရာအပါအဝင် ထန်းတောထဲ၌ ရှိနေသူကြများ သာအေးအား အထင်ကြီးလေးစားနေကြသည်။ထို့‌နောက် သာအေးသည်
“ကဲ နင်ဘယ်ကလဲ ပြောစမ်း”
“ငါ မပြောနိုင်ဘူး “
“တယ် ပြောစမ်းဆိုတာကို အသက်ကြီးတာတွေဘာတွေ နားမလည်ဘူးနော် ခေါင်းရှစ်စိတ်ကွဲအောင် ခွဲပစ်လိုက်မှာ”
“မ မလုပ်ပါနဲ့ ငါက ကျားဆိုးရွာသူတယောက်ပါ “
“ဘာ ကျားဆိုးရွာဟုတ်လား ရိုးမတောင်ပေါ်က ကျားဆိုးရွာလား”
“နင် နင်ကသိတယ်လား “
“သိတာပေါ့ ဟုတ်ပြီ နင် နောက်ထပ် ဒီကလေးမလေးကို ဒုက္ခပေးဖို့ လုံး၀မစဉ်းစားနဲ့ နင် ထပ်လုပ်တာနဲ့ ငါ့အကြောင်းသိစေရမယ် အသေသတ်ပစ်မှာနော် ငါ့ပညာက ဘယ်သူ့ကိုမှ သနားကြင်နာတတ်တာ မဟုတ်ဘူး”
“သိ သိပါတယ် “
“ကဲ ထွက်တော့ “
သာအေးမှ ထွက်ခိုင်းလိုက်သည်နှင့် ကလေးမလေးတွင် ပူးကပ်နေသော စုန်းမကြီးမှာ ထွက်ခွာသွားပြီး ကလေးမလေးမှာ လူကောင်းပကတိအဖြစ် ကျန်ရှိလေ၏။ထိုအခါ ကိုသာဗျောနှင့် ထန်းတောထဲတွင်ရောက်နေသော ထန်းရည်သမားများသည် သာအေးအား ချီးမွမ်းထောပနာပြုကြလေသည်။ သာအေးသည်ကား သူ၏ပထမဆုံး အတွေ့အကြုံအတွက် ပျော်တပြုံးပြုံးဖြစ်နေပြီး ကျားဆိုးရွာသို့သွားကာ သူ၏ပညာ အဆင့်အတန်းကို စမ်းသပ်မည်ဟု ဆုံးဖြတ်ချက် ချလိုက်ပါလေတော့သည် ။
◾အခန်း (၁၀)
သာအေးတယောက် ငယ်စဉ်ကရောက်ခဲ့ဖူးသော ကျားဆိုးရွာသို့ သွားရန်ပြင်ဆင်နေသည်။အိမ်ရှင်အရီးဝင်းမှာဖြင့် အကြော် ကြော်ရာတွင် အသုံးပြုမည့် ဘူးသီးအား လှီးဖြတ်နေရင်းမှ စကားဆိုလေသည် ။
“သာအေး နင်ပြောတဲ့ ကျားဆိုးရွာဆိုတာ ငါဖြင့်မကြားဖူးဘူးနော် “
“သူက တော်တော်လှမ်းတယ် အရီးရ “
“အေး သွားပြီးရင် ငါ့ဆီပဲပြန်လာခဲ့ နင့်ကြက်တွေတော့ ထားခဲ့ ကြက်‌တွေပွေ့ပြီး လျှောက်သွားနေလို့အဆင်မပြေဘူး”
“ထားခဲ့မှာ အရီး ကျုပ်လည်း သိပ်မကြာပါဘူး “
“အေး အေး ငါ နင့်အတွက် ထမင်းထုတ်ထားပေးတယ် ယူသွား သွားတာလာတာလည်း ဂရုစိုက် ကြားလား”
“ဟုတ်ကဲ့ အရီး ကျုပ် မကြာခင်ပြန်လာမှာပါဗျ”
သာအေးသည် အရီးဝင်းအား နှုတ်ဆက်ကာ သူမထုတ်ပိုးပေးထားသော ထမင်းထုတ်လေးကိုယူပြီး အိမ်အပြင်သို့ ထွက်လိုက်လေသည်။များမကြာသောအချိန်တွင်တော့ ငှက်ကြီးဝေလွင်၊မောင်နု နှင့် ငွေသောင်းတို့ ရောက်ရှိလာကြသည်။သူတို့၏ လက်ထဲတွင်လည်း အင်ဖက်ဖြင့်ထုတ်ထားသောအထုပ်လေးများကိုယ်စီနှင့် ဖြစ်၏။သာအေးနှင့် ဆုံကြသောအခါ
“သာအေး မင်း ပြန်လာခဲ့ဦးနော် ငါတို့ လိုက်ခဲ့မယ်ဆိုတော့လည်း မင်းက မလိုက်ခိုင်း”
“ကျုပ်က သိပ်မကြာဘူး ပြန်လာမှာပါဗျ “
“အေး ပြီးတာပဲ ရော့ ဒီမှာ လမ်းမှာ မင်း စားဖို့ “
“ဘာတွေတုန်းဗျ”
“ထမင်းထုတ်လေကွာ “
“ဒုက္ခခံပြီးဗျာ “
“မင်း မစားဘူးလား ငါ့ထမင်းထုတ်က ဝက်သားနဲ့ကွ “
“ဟဲဟဲ အလေးခံပြီး သယ်သွားမယ်လို့ ပြောမလို့ပါ”
ထို့နောက် ကိုငှက်ကြီးတို့သုံးယောက်သည် သာအေးအား ရွာအပြင်အထိ လိုက်ပို့ကြသည်။လမ်းတလျှောက်တွင် သူတို့ သုံးယောက်သည် သာအေးအား ရွာသို့ ပြန်လာဖို့ရာ တတွတ် တွတ် မှာကြားနေကြ၏။ခင်မင်မှုသံယောဇဉ်သည် ရိုးသားသောသူများအကြားတွင် အတော်အမြစ်တွယ်လွယ်သည်ဟု ဆိုရမည်။အချိန်ခဏလေးအတွင်းမှာပင် သာအေးတို့အကြား သူခင်မင်မှု့သံ‌ယောဇဉ်သည် ကြီးမား‌လာသည်။ဤသို့ဖြင့် ရွာပြင်ရောက်သောအခါ လိုက်ပါပို့ဆောင်ပေးကြသော ငှက်ကြီးဝေလွင်တို့သုံးယောက်သည် သာအေးအား နှုတ်ဆက်ပြီးသည်နှင့် ရွာသို့ပြန်ကြလေသည်။ သာအေးသည်လည်း လွယ်အိတ်ခပ်ကြီးကြီးတလုံးကို လွယ်ပြီး ဝက်ကုန်းရွာလေးအား ကျောခိုင်းကာ ထွက်ခွာသွားပါလေတော့သည် ။
◾အခန်း (၁၁)
ရိုးမတောင်ပေါ်ရှိ သစ်ပင်များကြားတွင် လူတယောက် ထိုင်နေသည်။ထိုသူသည် သာအေးဖြစ်သည်။သာ‌အေးသည် ဖြစ်သလိုစား ဖြစ်သလိုအိပ်ပြီး ခရီးဆက်လာရာ ယခုဆိုလျှင် ရိုးမတောင်၏ တောနက်တနေရာသို့ ရောက်ရှိလာပြီ ဖြစ်သည်။ငယ်စဉ် ကလေးဘဝက ကျားဆိုးရွာကို တခေါက်ရောက်ဖူးခဲ့သော် လည်း ယခုအချိန်တွင်တော့ မှတ်မိနိုင်ဖို့ရာ ခဲယဉ်းလှပေသည်။သူသည် ကျားဆိုးရွာကို မည်သို့သွားရမည်မှန်းမသိ ဖြစ်နေ၏။ကတွတ်ပင်မှ ကတွတ်သီးများအား ခူးစားလိုက် လေးဂွဖြင့် ကြက်၊ငှက်တို့ကို ပစ်ခတ်ပြီး ကင်စားလိုက် စိမ့်စမ်းရေသောက်လိုက်နှင့် တောထဲတွင် သောင်တင်နေလေသည်။ကျားဆိုးရွာကိုရောက်ဖို့က ဝေးလေစွ။လူတယောက်တလေမျှပင် မတွေ့ပဲ ရှိ နေလေသည်။သို့ပေမဲ့ ပျော်ပျော်နေသေခဲဟု ယူဆထားသည့် သာအေးမှာဖြင့် ကတွတ်ပင်ကြီးပေါ် တွယ်တက်ပြီး ကတွတ်သီးကို ခူးစားရင်း သီချင်း တကျော်ကျော် အော်ဆိုနေသည်။သူ၏ သီချင်းဆိုသံသည် ကျယ်လောင်လွန်းသည့်အတွက် တောနက်ထဲတွင် ပျံလွင့်လို့နေပေသည်။သာအေး သီချင်းဆိုနေသည့်အသံအား ကြားနိုင်လောက်သည့် အကွာအဝေးတနေရာတွင်တော့ အမျိုးသမီးတစုသည် ရေအိုင်တခုတွင် ရေချိုးနေချိန်လည်း ဖြစ်သည်။မိန်းကလေးများသည် သာအေး၏အသံကြောင့် ထမီရင်လျားပြီး ရေချိုးနေရာမှ ရေအိုင်ထဲတွင် သူတို့၏ ခန္ဓာကိုယ်များကို မြုပ်သည့်အထိ နှစ်လိုက်ကြပြီး ခေါင်းလေးများသာ ဖော်ထားကြသည်။သူမတို့ ဤသို့ပြုလုပ်ရသည်မှာလည်း အကြောင်းရှိသည်။သာအေးဆိုနေသော သီချင်းမှာ နန်းတော်ရှေ့ဆရာတင်၏ ရွှေမင်းဂံသီချင်း ဖြစ်နေသည်။ထိုသီချင်းသည် အခါကြီးရက်ကြီးများတွင် ဓာတ်စက်ဖွင့်သော အခါ၌သာ ‌နားထောင်ရပြီး သာအေး အနှစ်သက်ဆုံးသီချင်းတပုဒ်လည်း ဖြစ်သည်။
“‌ပိတုန်းရောင်ကေသာ ဖြန့်လိုက်ရင် တကိုယ်လုံး ဝေဝေ ဖြာဖြာ လွင်လွင် မင်းဂံဘုတ်ရွာသူများ အသားတော် ဝင်း ဝင်းလို့ ဝါဝါရည်ရွှင် ကြည်ကြည်လင်လင် ရေကြည်သောက်ရင် မြင်ရမလောက်ပင် “
ထိုသီချင်းကြောင့် ရေအိုင်ထဲတွင် ရေချိုးနေသော မိန်းကလေးများခေါင်းသာ ဖော်ထားရခြင်းဖြစ်သည်။ထိုအထဲမှ တခြားမိန်းကလေးများထက် ချောမောသော မိန်းမပျိုလေးမှာ ရေထဲကို သူတို့၏ပုခုံးသားများနှင့် ရင်ညွန့်များဖုံးအောင်နှစ်ထားသော မိန်းကလေးများအား စကားဆိုလေသည် ။
“ဟဲ့ ညည်းတို့က ဘာဖြစ်ကြတာလဲ “
“ဘာဖြစ်ရမှာလဲ သခင်မလေးရယ် ဘယ်ကယောကျာ်းသားက ဒီတောထဲ ရောက်လာရတာလဲ ပြီးတော့ကျမတို့ကို ချောင်း ကြည့်ပြီး သီချင်းအော်ဆိုနေတယ် “
“ချောင်းကြည့်ပြီး ဆိုတာ မဟုတ်လောက်ပါဘူးဟယ် သူဆိုတာ မင်းဂံဘုတ်ရွာပါတဲ့ တို့ရွာက ကျားဆိုးရွာကို “
“မသိဘူး သခင်မရယ် ကျမတို့ကတော့ ရှက်တယ် “
“နင်တို့တော့ မသိဘူး ငါကတော့ ဒီအသံရှင်ကို သဘောကျနေပြီ “
“ရှင် သခင်မ “
“နင်တို့ ရွာပြန်ကြတော့”
“သခင်မက ဘာလုပ်မလို့လဲ “
“ဘာမှမလုပ်ပါဘူး နင်တို့ ပြန်ကြတော့ မကြာဘူး ငါ ပြန်လာမယ် “
“သခင်မကလည်း ကျမတို့က်ု အမေကြီး ဆူလိမ့်မယ် “
“ကဲ နင်တို့ ပြန်ကြပါဆို အေ “
မိန်းကလေးများ သခင်မဟုခေါ်သော အသက်ဆယ့်ရှစ်နှစ်အရွယ်မိန်းမပျိုလေး၏စကားကို မလွန်ဆန်ဝံ့ပဲ ရေအိုင်ထဲမှ တက်ပြီး တောထဲသို့ ဝင်ရောက်သွားကြကုန်သည်။သခင်မဟုအခေါ်ခံရသော မိန်းမပျိုလေးမှာဖြင့် သီချင်းအော်ဟစ်သီဆိုနေသော သာအေးရှိနိုင်လောက်သည့်နေရာသို့ မှန်းဆ၍သွားလိုက်ပါလေတော့သည်။
◾အခန်း (၁၂)
တောတောင်များကြီးစိုး၍ ငှက်သံများ၊လေတိုက်၍ သစ် ကိုင်းများ အချင်းချင်းထိခိုက်မိသံများကြားထဲမှ သာအေး၏ သီချင်းအော်ညည်းသံကာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသည်။သူသည် ပါးစပ်မှ တီးလုံးများကိုလည်း လိုက်ဆိုနေသေးသည်။သီချင်းတပုဒ်ပြီးက ဓာတ်ပြားပြောင်းထည့်သည့် အသံတုပါ လုပ်နေသေးသည်။ထိုအချိန် သစ်ပင်အောက်မှ မိန်းမပျိုလေးတယောက်သည် သစ်ကိုင်းတွင် မှီအိပ်ကာ သီချင်းဆိုနေသော သာအေးအားပြုံး၍ ကြည့်နေသည်။ သူမသည် သာအေးကိုမြင်တွေ့ချိန်ခဏလေးမှာပင် သံယောဇဉ်တွယ်သွားလေ၏။သစ်ပင်ပေါ်မှ သာအေးသည်လည်း မသိစိတ်တွင် တယောက်ယောက် ကြည့်နေသည်ကိုခံစားမိ၍ သစ်ပင်အောက်အား ငုံ့ကြည့်လိုက်ရာ သူ့အား ပြုံးလျက်ကြည့်နေသော မိန်းမပျိုလေးကို တွေ့သည့်အတွက် ရှက်ကိုးရှက်ကန်းဖြစ်သွားကာ
“ဟေ့ ငါ့ဘာလို့ ငေးနေတာလဲ ပုဆိုးများ အောက်စလွတ်နေလို့လားဟ “
သာအေးသည် သူ၏အောက်ပိုင်းအား ငုံ့ကြည့်ရင်း စကားဆိုလိုက်၏။ထိုသို့ ပွင့်ပွင့်လင်းလင်း စကားဆိုပြီး ရိုးရိုးသားသားအမူအယာကို မိန်းမပျိုလေးမှာ သဘောကျနေပြီး တခစ်ခစ် ‌ရယ်နေသည်။ထိုအခါ သာအေးတယောက် မလုံမလဲဖြစ်ပြီး သစ်ပင်အောက်သို့ ဆင်းလာကာ
“ဟေ့ ကောင်မလေး ဘာလို့ရယ်နေတာလဲ “
“ဘာမှ မဟုတ်ပါဘူး နင် သီချင်းဆိုတာ ကောင်းလို့”
“ဘာ နင်ဟုတ်လား နင့်ထက် ငါ အများကြီး အသက်ကြီးတယ် တော်တော်ရိုင်းတဲ့ကောင်မလေးပဲ ဒါနဲ့ နင် ဒီကို ဘယ်သူနဲ့လာတာလဲ”
မိန်းမပျိုလေးသည် သာအေးပြောနေသည်ကို ခွန်းတုန့်ပြန်ခြင်းမရှိပဲ ရယ်၍သာနေရာ သာအေး ခေါင်းကို ကုတ်လိုက်ပြီး
“အေး ငါ့ကို စကားမပြောချင်ရင်လည်း နေတော့ နင့်ကို တခုလောက်တော့ မေးချင်တယ် ဒီတောင်ပေါ်မှာ ကျားဆိုးရွာရှိတယ်တဲ့ နင် လမ်းသိလား”
သာအေး၏အမေးအား မိန်းမပျိုလေးသည် ဦးခေါင်းကိုညိတ်ပြီး ဖြေလိုက်သည်။ထိုအခါ သာအေးသည် ဝမ်းသာသွားပြီး
“ညီမလေး အကို့ကို လမ်းလေးပြပါလား”
“ငါလည်း ကျားဆိုးရွာသွားမှာ လိုက်ခဲ့ပေါ့ “
“ဪ အေး လိုက်ခဲ့မယ် သွားကြအောင်လေ “
တက်တက်ကြွကြွဖြစ်နေသော သာအေးအား မိန်းမပျိုလေးမှ သေချာကြည့်ရင်း
“နင်က ကျားဆိုးရွာကို ဘာသွားလုပ်မှာလဲ “
“အဲ့မှာ ပညာသည်တွေချည်းနေတာတဲ့လေ ငါ ပညာလေး နည်းနည်းပါးပါး စမ်းချင်လို့”
“နင်က ဘာလို့ ပညာစမ်းချင်တာလဲ “
“ငါလည်း အဲ့လိုပညာတွေတတ်တယ်ဟ နင်က ကျားဆိုးရွာကပဲလား”
“ဟုတ်တယ် “
“အယ် အဲ့တာဆို နင်လည်း ပညာတတ်မှာပေါ့”
“နည်းနည်းပါးပါးတော့ တတ်တယ် “
မိန်းမပျိုလေး၏စကားကြောင့် သာအေး သဘောကျစွာပြုံးလိုက်မိသည်။သူ တွေးလိုက်သည်မှာ အရွယ်ငယ်သော ကျားဆိုးရွာသူလေးသည် ပညာအနိမ့်ဆုံးဖြစ်နိုင်သည်။ထို့ကြောင့် အစမ်းသဘောနည်းဖြင့် ထိုမိန်းမပျိုလေးနှင့် ပညာစမ်းပြီးမှ ရွာသို့လိုက်မည်ဟု တွေးလိုက်သည်။သူသည် ‌သူတွေးလိုက်သည့်အတိုင်း အကောင်ထည်ဖော်ရန် မိန်းမပျိုလေးကို ကြည့်ကာပြုံးလိုက်ပြီး စကားဆိုလေသည် ။
“ညီမလေး အကိုတခုလောက် ပြောပါရစေ”
“ပြောလေ “
“အကို ပညာလေးပြိုင်ချင်လို့ ညီမက ကျားဆိုးရွာကဆိုတော့ ပညာသည်ဆိုတာ အကိုသိတယ် “
“ရတယ်လေ နင်က ဘယ်လိုပြိုင်ချင်တာလဲ “
“ညီမလေးရာ ညီမလေးအသက်က ရှိလှ ဆယ့်ခုနှစ် ဆယ်ရှစ်နှစ်ပေါ့ အကိုက အသက်နှစ်ဆယ်ကျော်နေပြီ မရိုင်းရဘူးလေ အကိုလို့ ခေါ်”
“မခေါ်နိုင်ပါဘူး နင်နဲ့ ငါနဲ့ပဲ ပြောမယ် မကျေနပ်ရင် ငါ ပြန်တော့မယ်”
“ရ ရပါတယ် ညီမ ကြိုက်သလိုခေါ်နော် “
မိန်းမပျိုလေးမှာ အမှန်စင်စစ် ကျားဆိုးရွာ၏အရှင်သခင်မ ကဝေပျံခင်မေ ဖြစ်သည်။သူမသည် မြင့်မားသောပညာရပ်များကြောင့် ဇရာကိုအံ့တုနိုင်ပြီး အမြဲတစေ တဆယ့်ဆယ်ရှစ်နှစ်အရွယ်မိန်းမပျိုလေးပုံစံသာ ရှိနေခြင်း ဖြစ်သည်။ကဝေပျံခင်မေသည် ယောကျာ်းသားများနှင့် တွေဆုံခြင်းကို နှစ်မြို့သူတယောက်မဟုတ်သော်ငြား ယခု သူမ၏ရှေ့ရှိ သာအေးကိုတော့ မြင်မြင်ချင်း မေတ္တာသက်ဝင်မိသွားသည်။မိန်းမငယ်လေးတယောက်တည်း တောထဲတောင်ထဲတွင် တွေ့ရသည်ကိုပင် သူ၏ မျက်နှာ၊မျက်လုံးနှင့် ဟန်ပန်တို့မှာ မရိုးမသားသောစိတ်ထားမရှိ ပကတိရိုးစင်းလွန်းလှသည်။ထို့အပြင် အူကြောင်ကြောင် ဟန်ပန်အမူအယာသည်က သူမအား ပြုံးပျော်စေသည်။သူမ မည်မျှအတွေးနယ်ချဲ့လိုက်သည်မသိ သာအေးမှ တုတ်‌ ခြောက်တချောင်းနှင့် ပုခုံးအား လာတို့မှ သတိပြန်၀င်လာကာ
“ဘာ ဘာလို့ တုတ်နဲ့ ပုခုံးကိုတို့နေတာလဲ “
“ညီမက ငေးနေတာကိုး ခေါ်နေတာလဲကြာပြီ ထူးမှ မထူးပဲ “
“ဪ အေး ငါ အတွေးလွန်သွားတယ် နင်ကဘယ်လို ပညာပြိုင်ချင်တာလဲ “
“ညီမ အကို့ကို ပညာနဲ့တိုက် အကိုက ခုခံမယ် ညီမတိုက်ပြီးရင် အကို”
သာအေး စကားပင် မဆုံးလိုက်ပေ။သစ်ပင်တချို့တွင်တွယ်ကပ်နေသော နွယ်ပင်များသည် သူ၏လက်မောင်းအရင်းကို တဖက်တချက်မှ ရစ်ပတ်လာကာ လေပေါ်တွင် မြောက်တက်သွားလေ၏။သာအေး အံ့ဩကာ ကဝေပျံခင်မေကို ကြည့်လိုက်သည်။သူမသည် ခပ်ပြုံးပြုံးဖြင့် ပြန်ကြည့်လာပြီး
“ကဲ နင့်ကို ငါ တိုက်ထားပြီလေ နင် ကာကွယ်တော့လေ “
“ညီမက အဲ့လိုလား”
ထိုအခါသာအေးသည် သူငယ်ချင်းဖြစ်သူ သင်ပေးထားသော မန္တန်ကိုရွတ်လိုက်သည်။သို့သော်လည်း သူ့အား ရစ်ပတ်နေသော နွယ်များသည်ကား တုတ်တုတ်ပင်မလှုပ်ချေ။ ထို့ကြောင့် သူချွေးစေးများထွက်လာကာ ကြံရာမရ‌ဖြစ်လို့နေ‌ တော့သည်။နောက်ဆုံး နှုတ်မှပြောမိပြောရာ ပြောချလိုက်လေသည် ။
“ဟေ့‌ ဟေ့ ညီမ အကို့ပညာတွေက အမြင့်ကြောက်တယ်”
“ဘာမှလည်း မဆိုင်ဘူး”
“ဆိုင်တယ် အကို ပုဆိုးကျွတ်တော့မယ် အဲ့တာ”
သာအေးစကားပင်မဆုံး အောက်သို့ ပြုတ်ကျလာသည်။ကဝေပျံခင်မေမှာ ရှက်သွေးဖျာသောမျက်နှာလေးနှင့် ဖြစ်၏။အောက်သို့ အရှိန်နှင့်ပြုတ်ကျ၍ လဲကျသွားသော သာအေးသည် မတ်တတ်ရပ်လိုက်ပြီး ပုဆိုးကိုပြင်ဝတ်ကာ မကျေမနပ်ဖြင့် သူ၏ရှေ့မှ ခင်မေအား စကားဆိုလေသည် ။
“တော်သေးတာပေါ့ ခြေထောက်မကျိုးတာ ကံကောင်း “
“ကဲ ထားပါ ပညာထပ်ပြိုင်ဦးမလား”
“တော်ပါပြီ အကို့အဆင့်က ကျားဆိုးရွာကို ခြေတောင်ချနိုင်မှာ မထင်ဘူး ရွာပဲ ပြန်တော့မယ် “
သာအေးမှ ပြောပြောဆိုဆို သူမအား ကျောခိုင်း၍ လှည့်ထွက်သွားသည်။ ကဝေပျံခင်မေ မည်သို့ဖြစ်သည်မသိ သာအေးအား ထွက်မသွားချင်စေသောစိတ်တို့က တားမရဖြစ်လာကာ
“ဟေ့ နေဦး နင် ကျားဆိုးရွာကို လိုက်ပြီး ပညာသင်ပါလား”
ကဝေပျံခင်မေ၏စကားကြောင့် သာအေး နောက်သို့ပြန်လှည့်ရင်း သူမကို စူးစိုက်ကြည့်ကာ စကားဆိုလေသည် ။
“အကို့ကို သူတို့က လက်ခံမှာမဟုတ်လောက်ဘူး”
“ရတယ် နင် လိုက်ခဲ့ “
“ရပါ့မလား လိုက်လို့”
“လိုက်ဆို လိုက်ခဲ့ပေါ့ နင် အတော်လျှာရှည်တယ်”
သာအေးသည် သူ၏စကားမဆုံးမီ ရင့်ရင့်သီးသီးစကားဆိုသော ကဝေပျံခင်မေကို နားမလည်နိုင်စွာကြည့်ရင်း ရွာပြန်ဖို့ရာလမ်းကလည်းရှာရဦးမည်ဖြစ်သောကြောင့် ကျားဆိုးရွာသို့လိုက်သွားရန်သာ ဆုံးဖြတ်ချက်ချလိုက်ပါတော့သည် ။
◾အခန်း (၁၃)
“သခင်မ ပြန်လာပြီလား”
“သခင်မအတွက် အစားအသောက်တွေ ပြင်ထားပါတယ် အမေကြီးကလည်း သခင်မ ပြန်မလာလို့ ကျမတို့ကို ဆူနေတယ်”
ကဝေပျံခင်မေမှန်းမသိသော သာအေးတယောက် သူမ၏ နောက်မှလိုက်ရင်း ကျားဆိုးရွာအရောက် တခြားသောမိန်းမပျိုလေးများ၏ပြောစကားကို နားထောင်က နားမလည်နိုင်ဖြစ်လို့နေရသည်။ကဝေပျံခင်မေမှာမူ မည်သည့်စကားမှ ပြန်မပြောပဲ လမ်းလျှောက်နေသည်။များမကြာသောအချိန်တွင် အိမ်ကြီးတလုံးအရှေ့ ရောက်လာသည်။ထိုအိမ်ရှေ့ရောက်သည်နှင့် ကြီးမားသောကျားကြီးတကောင်သည် အိမ်၏လှေကားမှ ပြေးဆင်းလာပြီး မာန်ဖီနေလေရာ ကဝေပျံခင်မေ၏ အနောက်မှ သာအေးသည် ကြောက်လန့်တကြားဖြင့် ကဝေပျံခင်မေ၏ပုခုံးလေးကို လက်နှင့်ကိုင်ပြီး
“လုပ် လုပ်ပါဦး ညီမ ကျား ကျားကြီး”
ကဝေပျံခင်မေသည် သူမ၏ပုခုံးကို လက်နှင့်ကိုင်ထားပြီး ကြောက်ရွံ့နေသော သာအေးကို ‌တချက်လှည့်ကြည့်လိုက်ပြီး ကျားကြီးအား စကားဆိုလေသည် ။
“ဟဲ့ သူ့ကိုရန်ပြုဖို့မစဉ်းစားနဲ့ သူက ငါတို့နဲ့ အတူနေတော့မှာ မှတ်ထား”
ကဝေပျံခင်မေ၏စကားကိုနားလည်ဟန်ရှိသော ကျားကြီးသည် ကြောင်တကောင်ကဲ့သို့ ပွတ်သပ်ပြီး သခင်ဖြစ်သူကို နှုတ်ဆက်နေလေသည်။ထို့နောက် ခင်မေ အိမ်ကြီးပေါ် တက်သွားရာ သာအေးလည်း နောက်မှ လိုက်သွားသည်။အိမ်ပေါ်ရောက်သောအခါ ကျွန်းစားပွဲကြီးတွင် အစားအသောက်အများကိုအပြည့်ချထားပြီး စားပွဲထိပ်တွင် အသက်အရွယ်ကြီးရင့်နေသော အမယ်အိုကြီးတယောက်ထိုင်နေသည်။အမယ်အိုကြီးသည် ခင်မေနှင့် သာအေးကို တလှည့်စီကြည့်ပြီးနောက် ခင်မေအား အသံမာမာဖြင့် စကားဆိုလေသည် ။
“ခင်မေ နင် သူကို့ ခေါ်လာတာလား”
“ဟုတ်တယ် အမေ”
“နင် ဘာလို့ ခေါ်လာတာလဲ “
“ကျမ သူ့ကို ဒီမှာထားပြီး ပညာသင်ပေးမလို့ပါ”
“ဘာ နင် ရူးနေလား ယောကျာ်းတယောက်ကို ရွာမှာခေါ်ထားတဲ့အထိ နင့်အသိဉာဏ်က မဲ့သွားပြီလား”
အမယ်အိုကြီးမှ ‌သာအေးအပေါ် မနှစ်မြို့ဟန်စကားဆိုလာသည့်အခါ သာအေးသည် ခင်မေကိုကြည့်ပြီး
“ကျုပ် မှတ်မိပြီ ခင်ဗျားက ကဝေပျံခင်မေပဲ ကျုပ်ငယ်ငယ်က ဒီကို ရောက်ဖူးတယ် “
ရုတ်တရက် သာအေး၏စကားကြောင့် အမယ်အိုအပါအဝင် ခင်မေပါ အံ့ဩသွားသည်။ဆက်လက်၍ သာအေးသည် စကားဆိုလေသည်။
“ကျုပ်ကို ခေါ်ပြီးပညာသင်ပေးမယ်ဆိုတာနဲ့ပဲ ကျုပ်ဝမ်းသာနေပါပြီ ကျုပ်အတွက်နဲ့တော့ သားအမိတွေ စကားမများကြပါနဲ့ဗျာ ကျုပ် ပြန်တော့မယ် “
သာအေးသည် ထိုမျှသာစကားဆိုပြီး အိမ်အောက်ပြန်ဆင်းမည်အလုပ် အိမ်အပေါက်ဝတွင် ကျားကြီးကိုတွေ့၍ နောက်ပြန်လှည့်လာပြီး ခင်မေအနားကပ်ကာ
“ပြန်တော့ပြန်မလို့ပဲ ဟိုမှာ ခင်ဗျားကျားကြီးက ထိုင်နေတယ် ကျုပ်ကို ရွာအပြင်ထိလိုက်ပို့ပေးဦး”
ခင်မေသည် သာအေး၏ပုံစံကိုကြည့်ပြီး ရယ်ချင်သွားသည်။ ပို၍လည်း မေတ္တာသက်ဝင်သွား၏။ထို့နောက် သူမသည် ကြမ်းပြင်ကို ခြေတချက်ဆောင့်လိုက်ရာ ဝုန်းဆိုသည်အသံနှင့်အတူ အမယ်အို၏ရှေ့စားပွဲခုံမှ အစား‌အသောက်ပန်းကန်များလွင့်စင်ကုန်သည်။များမကြာသောအချိန်တွင် မိန်းမပျိုလေးများသည် အိမ်ပေါ်သို့ သုတ်သီးသုတ်ပြာတက်လာပြီး ဒူးထောက်ကာ ကဝေပျံခင်မေ၏အနီးတွင် ခစားနေကြသည်။ သာအေးသာ ကဝေပျံခင်မေနှင့်အတူ မတ်တပ်ရပ်လျက်ရှိနေ သည်။ အမယ်အိုသည်လည်း ထိုင်ခုံပေါ်ထိုင်နေရာမှ ကြမ်းပြင်သို့ပြောင်းထိုင်ပြီး ဒူးထောက်လိုက်လေ၏။ထို့နောက် ခင်မေသည် ဩဇာတိက္ကမ ရှိသောအသံဖြင့်
“ငါ ဒီက လူငယ်ကို ရွာမှာထားပြီး ပညာသင်မယ် မကျေနပ်တဲ့သူရှိရင် အခုရှင်း”
“ကျေနပ်ပါတယ် သခင်မ သခင်မသဘောအတိုင်းပါ “
အမယ်အိုသည်လည်း မည်သို့မှ ပြန်မပြော‌တော့ပဲ ခေါင်းကို အသာအယာသာ ရမ်းလို့နေလေသည်။ဤသို့ဖြင့် သာအေးသည် ကဝေပျံခင်မေတို့၏ ကျားဆိုးရွာတွင် နေထိုင်ကာပညာသင်ဖို့ ဖြစ်လာပါလေတော့သည်။
◾သာအေး နှင့် ကျားဆိုးရွာသည်က ဤမျှသာ။