သားစွဲအလုပ်စွဲ

သားစွဲအလုပ်စွဲ(စ/ဆုံး)
———————–
ဒီအဖြစ်အပျက်လေးက ဆယ်စုနှစ်တစ်ခုနီးပါး ကြာခဲ့ပါပြီ ..
ကျွန်တော်တို့ မိသားစုမှာ ..
ဖေဖေရယ် .. မေမေရယ် ..
ကျွန်တော့်ထက် (၄)နှစ်ကြီးတဲ့ မမ ရယ် ..
နောက် အငယ်ဆုံးက ကျွန်တော်ပေါ့ ..
မေမေတို့ ရွာက ခေါ်ထားတဲ့
ဆွေမကင်း မျိုးမကင်း “ဒေါ်ကြီးကြင်” ဆိုတဲ့
ဒေါ်ကြီးတစ်ယောက်နဲ့ဆို ..
စုစုပေါင်း (၅)ယောက် ရှိတယ် ..
ကျွန်တော်တို့က ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ထဲက
လူစည်ကားရာ ရပ်ကွက်လေးထဲမှာ နေတာ ..
ကိုယ့်ခြံကိုယ့်ဝန်းလေးနဲ့ ..
မချမ်းသာပေမယ့် စားနိုင်သောက်နိုင် အဆင့်အတန်းမို့
မိသားစုထဲမှာလည်း ပြဿနာ ထွေထွေထူးထူး မရှိ ..
သာယာဖွယ် မိသားစုတစ်ခုလို့ ပြောလို့ရပါတယ် ..
ဖေဖေ က ရုံးဌာနတစ်ခုက အရာရှိတစ်ယောက် ..
မေမေ က အထက်တန်းပြဆရာမ ..
မမ က ဘွဲ့ရပြီးတော့ Company တစ်ခုမှာ အလုပ်လုပ်နေတယ် ..
ကျွန်တော်ကတော့ တက္ကသိုလ် တတိယနှစ်ကျောင်းသားပေါ့ ..
ကျွန်တော့်နာမည်က “သီဟနိုင်” ..
မမ နာမည်က “နွယ်နွယ်ခိုင်”
ကျွန်တော့်အစ်မက စာလည်း ကြိုးစား ..
အလုပ်လည်းကြိုးစား .. မိသားစုအတွက် ..
သမီးကောင်း ထီးကောင်းတစ်လက်ပေါ့ဗျာ ..
မမ က ကွန်ပျူတာသင်တန်းတို့ LCCI တို့လည်း ပြီးထားတော့
လစာလေးက ကောင်းတယ် ..
သူ့ Company က လူကြီးတွေ လုပ်ဖော်ကိုင်ဖက်တွေကလည်း
မမ ကို ချစ်ကြတယ် ..
အလုပ်နဲ့ ပတ်သက်ရင်လည်း သစ္စာလည်း ရှိသလို ..
ကြိုးစားပမ်းစား လုပ်တတ်ကိုင်တတ်လို့ပါ ..
မမ က မိသားစုအပေါ်အရမ်းငဲ့ညှာတယ် ..
သူ့ Company က ကျွေးတဲ့မွေးတဲ့အခါကျရင်လည်း ..
သူတစ်ယောက်တည်း ကုန်အောင် မစားခဲ့ ..
မိသားစုအတွက် မောင်လေးအတွက်ဆိုပြီး ဖယ်ထား
အိမ်ကို ယူလာပြီး ကျွေး..
သူ လစာ သိန်းဂဏန်း ရနေတဲ့အချိန်မှာတောင် ..
အသုံးအဆောင်ကို အကောင်းစားတွေ မသုံး ..
(၁၀၀ိ/-)တန် အပေါစား ဘောပန်မျိုး သုံးပြီး ..
ကျွန်တော့်အတွက် တက္ကသိုလ်ကျောင်းသားကြီးမို့ ဆိုပြီး
သောင်းချီတန်တဲ့ Paker ဘောပန်မျိုး ၀ယ်သုံးစေခဲ့တာ ..
မောင်နှမ နှစ်ယောက်တည်းမို့
တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြပါတယ် ..

တစ်နေ့မှာတော့ မမ က အိမ်ထောင်ပြုတော့မယ် တဲ့ ..
သူလည်း အရွယ်ရောက်ပြီလေ ..
အချိန်တန်တော့လည်း အိမ်ထောင်ပြုရမှာပေါ့ ..
ဒါပေမယ့် မမ က ပြတ်သားတယ် ..
သူနဲ့ ယူမယ့်သူကို ပြောထားပြီးသား ..
သူ့မိသားစုက သူ့အတွက် အရေးကြီးကြောင်း ..
ယောင်နောက် ဆံထုံးပါ ဆိုသလို
ယောက္ခမအိမ် လိုက်မနေနိုင်ကြောင်း ..
မိဘတွေ သက်ရှိထင်ရှား ရှိတဲ့အချိန်အထိ ..
အနီးကပ် ပြုစုစောင့်ရှောက်မယ့်အကြောင်းပေါ့ ..
သူနဲ့ လက်ထပ်မှာက “ကိုနောင်နောင်”
သူလည်း Company ဝန်ထမ်းတစ်ဦးပဲ ..
မိဘအသိုင်းအဝိုင်းကလည်း အခြေအနေချင်း သိပ်မကွာတာရယ် ..
လက်ခံသင့်တဲ့ ပုံစံမို့လို့ ဖေဖေနဲ့ မေမေတို့က ..
ခွင့်ပြုလိုက်ပါတယ် ..

လက်ထပ် မင်္ဂလာဆောင်ပြီးတော့ ..
ကျွန်တော်တို့ အိမ်မှာပဲ နေကြပါတယ် ..
ကျွန်တော်တို့အိမ်က (၂)ထပ်တိုက်မို့ ..
ဖေဖေနဲ့ မေမေ က အောက်ထပ်မှာ (၁)ခန်းနေတယ် ..
အပေါ်က (၂)ခန်းမှာ မမတို့ လင်မယားက တစ်ခန်း ..
ကျွန်တော့်အခန်းကို ဧည့်သည်လာရင် နေဖို့ အခန်း လုပ်လိုက်ပြီး
ကျွန်တော်ကတော့ သူတို့ လွတ်လွတ်လပ်လပ်နေလို့ရအောင်
အောက်ထပ်က အခန်းလွတ်ကို ပြောင်းနေလိုက်တယ် ..
မောင် ဆိုတော့ မျက်နှာပူတယ်ဗျ ..
ဒေါ်ကြီးကြင် ကတော့ အိမ်စရောက်ကတည်းက
အောက်ထပ်ဧည့်ခန်းထဲမှာ ညဆို အိပ်ယာခင်းအိပ်တာ ..
အခန်းပေးလည်း မနေဘူး ..
အသက်ရှူ မဝဘူးတဲ့လေ …

မမ ရဲ့ ခင်ပွန်း ကိုနောင်နောင် ကလည်း
သဘောကောင်း ရည်မွန်တယ် ..
သူလည်း မမ လို ဇနီးမျိုး ရတာ ကံကောင်းပါတယ် ..
အဲ့ဒီလို နေထိုင်လာကြရင်း မမ မှာ ကိုယ်ဝန် ရှိလာပြီး
အိမ်ထောင်သက်(၂)နှစ်နီးပါးမှာ သားဦးလေး မွေးပါတယ် ..
ကျွန်တော့်တူလေးပေါ့ ..
အရမ်းချစ်ဖို့ ကောင်းတယ်ဗျ ..
ကိုနောင်နောင် ကလည်း တစ်ဦးတည်းသောသားမို့
သူရဲ့ မိဘတွေကလည်း တစ်ခါတစ်လေ
ကျွန်တော်တို့ အိမ်မှာ လာအိပ် ကလေးထိန်း ..
နှစ်ဘက် အဖိုးအဖွားက ပျော်တပြုံးပြုံးပေါ့ ..

တူလေး အိမ်နာမည်က “ဖောင်းဖောင်း” ..
ပါးလေး အရမ်းဖောင်းပြီး ချစ်စရာကောင်းလို့ ခေါ်ကြတာ ..
တူလေးတောင် (၂)နှစ်သားနီးပါး ရှိလာပြီ ..
စကားတီတီတာတာနဲ့ ညာစားတတ်နေပြီလေ ..
ကျွန်တော်လည်း ဘွဲ့ရပြီးတဲ့နောက် ..
မမ လုပ်နေတဲ့ Company မှာပဲ အလုပ်ဝင်လိုက်ပါတယ် ..
တနင်္ဂနွေနေ့လို ရုံးပိတ်ရက်ဆို မိသားစု
ပန်းခြံတွေ သွား .. စားကြသောက်ကြပျော်ကြရွှင်ကြနဲ့ပေါ့ ..

ဒါပေမယ့် ..
အဲ့ဒီ့ ပျော်ရွှင်မှုတွေက အကန့်အသတ် ရှိလာပါတော့တယ် ..
တစ်နေ့မှာတော့ ကျွန်တော့် မမ ဖျားရောဗျ ..
ကျွန်တော့် အစ်မ က ငယ်ငယ်ကတည်းက
အဆုတ်ပိုင်း သိပ်အားမကောင်းဘူး ..
ရာသီဥတု အေးရင် နေမကောင်းဖြစ်တတ်တယ် ..
Company မှာလည်း တောက်လျောက် Air-Con ဖွင့်ထားတော့ ..
နှစ်ပေါင်းများစွာ အအေးဒဏ်ခံလာခဲ့ရတဲ့
မမ အိပ်ရာထဲ လဲတော့တာပေါ့ ..
ဆေးခန်းသွားပြ .. သိပ်မသက်သာ ..
ဆရာဝန်က ဆေးရုံတင်လိုက်တာ ကောင်းမယ်လို့ ပြောပေမယ့်
ကျွန်တော့် အစ်မက သူ့သားလေးက
သူနဲ့ ခွဲအိပ်လို့ မရဘူးဆိုပြီး ..
နောက်တစ်ခု ကျွန်တော့်အစ်မက ..
ဆေးရုံဆေးခန်း အရမ်းကြောက်တာလည်း ပါတယ် ..
Company က ခွင့်ယူထားရတာပေါ့ ..
ဒါပေမယ့် Company က လူကြီးတွေက
မမ အလုပ်ကြိုးစားမှန်း သိတော့ လစာ မဖြတ်ပါဘူး ..
သက်သာမှ ရုံးပြန်တက် တဲ့ ..
(စကားဖြတ် ပြောပါရစေ ..
တူလေး ဖောင်းဖောင်း က တစ်နေကုန်
အဖိုးအဖွား သူများ လက်ထဲမှာ နေပေမယ့် ..
ညနေ သူ့အမေ ပြန်ရောက်ချိန်ဆို ..
ဘယ်သူခေါ်ခေါ် မရတော့ဘူး ..
အမေ မှ အမေ ပဲ ..
သူ့အမေ ချီမှ ထိန်းမှ ..
နို့မဟုတ်ရင် အသားကုန် ငိုတာ ..
ဂျီကျချက်ကတော့ လက်လန်တယ် …)

အဲ့ဒီလိုနဲ့ တစ်နေ့မှာ ..
ကျွန်တော် Company မှာ အလုပ်လုပ်နေတုန်း
အိမ်က တယ်လီဖုန်း ဆက်လာတယ် ..
“သားငယ် .. မမ ကို ဆေးရုံတင်လိုက်ရပြီ ..
သတိလစ်သွားလို့ ..
( ) ဆေးရုံကို လာခဲ့လိုက်တော့ …”
“ဗျာ .. ဟုတ်ကဲ့ မေမေ ..”
ကျွန်တော်လည်း Company က တာဝန်ရှိသူတွေကို
အကျိုးအကြောင်း ပြောပြပြီး ..
ဆေးရုံကို ကားငှားထွက်လာခဲ့လိုက်တယ် ..
ကျွန်တော် ဆေးရုံရောက်တော့ ..
မမ ဆုံးသွားပါပြီ ..
ကျွန်တော် မမ အသက်ကို မမီလိုက်ပါဘူး ..
ကျွန်တော် အရမ်းချစ်တဲ့ ..
ကျွန်တော့်အပေါ် အမေတစ်ယောက်လို
အစ်မတစ်ယောက်လို အရမ်းကောင်းလွန်းတဲ့ ..
မမ “နွယ်နွယ်ခိုင်” လူ့လောကကြီးနဲ့တကွ ..
သူချစ်တဲ့ မိသားစုကို ကျောခိုင်းနှုတ်ဆက်သွားပါပြီ ..
မိသားစု ငိုကြ ကြေကွဲကြ ..
မကြာခင်မှာ မမ ကို ရေဝေးသုဿန် ပို့ဆောင်လိုက်ပါတယ် ..
ကျွန်တော်နဲ့ ဆွေမျိုးတစ်ချို့ ..
မမ ရဲ့ အလောင်းကို ရေခဲတိုက်မှာ ထားဖို့ ..
သဂြုင်္ိဟ်ဖို့တွေ လိုက်လုပ် ..
အိမ်ပြန်ရောက်တော့ ရပ်ကွက်ထဲက ..
လူမှုကူညီရေးအသင်းက ကနားဖျင်းမဏ္ဍပ်တောင်
အိမ်ရှေ့မှာ ထိုးပြီး စားပွဲတွေ ခုံတွေ ချလို့ ပြီးနေပြီ ..
ရပ်ကွက်ထဲက မိတ်ဆွေတွေ ..
ဆွေမျိုးတွေလည်း ရောက်လာပြီး သတင်းမေးကြတာပေါ့ ..
ကျွန်တော်လည်း အိပ်ခန်းထဲ ဝင်လိုက် ကြိတ်ငိုလိုက် ..
အပြင်ပြန်ထွက်လာပြီး လုပ်စရာကိုင်စရာရှိတာတွေ လုပ်လိုက်နဲ့ပေါ့ ..

ညနေ ရောက်တာနဲ့ တူလေး ဖောင်းဖောင်း
သူ့အမေကို မမြင်တာနဲ့ ဂျီကျပြီ ..
နှစ်ဖက် အဖိုးအဖွားတွေ ဝိုင်းထိန်း ဝိုင်းချော့ ..
မရဘူး ငိုတာပဲ ..
ညကျတော့ ငိုတာ မောသွားပြီး တူလေး အိပ်ပျော်သွားပါတယ် ..
တူလေးကို သူ့အတွက် ကျွန်တော့်လစာထဲက ဝယ်ပေးထားတဲ့
အိပ်ယာပုခက်ဒန်းလေးထဲမှာ ထားသိပ်တာပါ ..
ရွာက မေမေ့ အမျိုးတွေလည်း ရောက်လာလို့
အိမ်မှာ လူတွေ ရှုပ်ယှက်ခတ်နေတာပါပဲ ..
ည(၉)နာရီကျော်လောက် ..
ကျွန်တော်အခန်းထဲမှာ လှဲနေချိန်
ကိုနောင်နောင် ရောက်လာပြီး
“သီဟ ညီလေး ..”
“ဗျာ .. ဘာလဲ ကိုနောင် …”
“လာ လိုက်ခဲ့ဦး” ဆိုလို့ ကိုနောင့် အနောက်က လိုက်သွားတယ် ..
ကိုနောင် သူ့အခန်း မရောက်ခင်မှာ ရပ်လိုက်ပြီး
ကျွန်တော့်ကို တိုးတိုးနေဖို့ လက်ဟန်ခြေဟန်ပြတယ် ..
“ရှူး ……. ”
“အခန်းကို ချောင်းကြည့်လိုက် သီဟ ..
ဖောင်းဖောင်း ရဲ့ ပုခက် လွှဲနေတယ်” တဲ့ ..
ကျွန်တော်လည်း သူတို့အခန်းနားကပ်ပြီး
ခန်းဆီးကြားထဲကနေ အခန်းထဲကို ချောင်းကြည့်လိုက်တယ် ..
ဟုတ်တယ် ..
တူလေး(ဖောင်းဖောင်း) အိပ်နေတဲ့ ပုခက်စင် ..
ဘယ်သူမှ မလွှဲပဲ သူ့ဘာသာသူ လွှဲနေတယ် ..
တူလေးလည်း အိပ်ပျော်နေပြီ ..
ပုခက်က လွှဲနေတာ လုံးဝ မရပ်ဘူး ..
အဲ့ဒီ့ပုခက်မျိုးက (၁)ကြိမ် လွှဲလိုက်ရင် ..
လှုပ်တာ အလွန်ဆုံး (၄/၅/၆)ခါပေါ့ဗျာ ..
နောက်ပြီးရင် အရှိန်လျော့ပြီး ရပ်သွားရမှာ ..
ခုဟာကအရှိန်လည်း မလျော့ဘူး ..
တစ်ယောက်က ပုံမှန်လွှဲပေးနေသလိုမျိုးကို လွှဲနေတာ ..
ကိုနောင်နောင် က ကျွန်တော့်ပုခုံးကို လက်နဲ့ လှမ်းကုပ်ပြီး
အပေါ်ထပ် ဝရံတာကို ခေါ်လို့ ထွက်လာကြတယ် ..
ဝရံတာ ရောက်တော့မှ ကိုနောင် က ..
“ကိုယ်လည်း ဖောင်းဖောင်းလေးကို အိပ်ယာပေါ်ကနေ
ပုခက်ကြိုးကို ဆွဲပြီး လွှဲပေးရင်း
မှေးကနဲ အိပ်ပျော်သွားတယ်ကွ .. ခဏလေးပါ ..
နောက် နိုးလာတော့ ကြိုးကို ရှာတော့
ကုတင်အောက်ကို ရောက်နေတယ် ..
ပုခက်က လွှဲနေတယ် ..
ကိုယ်လည်း အမေတို့ တစ်ယောက်ယောက်
ဝင်လွှဲသွားပေးတယ် ထင်တာ ..
အဲ့ဒါနဲ့ ကြိုးကို ကုတင်ပေါ် ပြန်ယူ ..
ဆက်လွှဲပေးနေလိုက်တယ် ..
တစ်နေကုန်လည်း ပင်ပန်းနေတာမို့
မှေးကနဲ ပြန်အိပ်ပျော်သွားပြန်ရော ..
ပြန်နိုးတော့ ခုနလိုပဲ ပုခက်ကြိုးက အောက်မှာ ..
ဒါပေမယ့် ပုခက်က လွှဲနေတုန်း ..
ကိုယ်လည်း စိတ်က နည်းနည်းထင့်သွားတယ်ကွ ..
အဲ့ဒါနဲ့ စိတ်ထဲမှာလည်း နွယ်(ကျွန်တော့် အစ်မ)
ရောက်နေပြီလားလို့ ပေါ့ ..
ပုခက်ကို လက်နဲ့ ထိန်းပြီး ရပ်လိုက်တယ် …
ပုခက် ငြိမ်သွားမှ ကိုယ် အခန်းပြင်ထွက်လိုက်တယ် …
နောက် အခုနေရာ(ဝရံတာ)ကနေ ..
အခန်းကို လှမ်းကြည့်နေလိုက်တယ် ..
ဘုရားခန်းမှာ ကြီးမေကြီး တရားထိုင်နေတယ် ..
အမျိုးတွေလည်း အဲ့ဒီမှာ လှဲတဲ့သူ လှဲ ..
စကားပြောတဲ့သူ ပြောနဲ့ ..
ကိုယ့်အခန်းထဲ ဘယ်သူမှ မဝင်ဘူး …
ကိုယ်ဆေးလိပ်တစ်လိပ်ကုန်မှ အခန်းထဲ ပြန်ဝင်ဖို့
အပေါက်ဝကနေ ပုခက်ကို ချောင်းကြည့်လိုက်တယ် ..
ပုခက်က လွှဲနေပြန်တယ်ကွ ..
နွယ် သူ့သားလေးဆီ ပြန်လာပြီး ပုခက်လွှဲနေတာဖြစ်မယ် ..
နွယ့် ကို သနားလိုက်တာကွာ …
ဟီး …. ”
ကိုနောင် တစ်ယောက် ကြိတ်ငိုနေပါတော့တယ် ..

မမ ရယ် .. သနားလိုက်တာဗျာ ..
ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူး ..
“သူများတွေကို မပြောနဲ့နော် သီဟ ..
အမေတို့ကလည်း မပြောနဲ့ ..
စိတ်မကောင်းဖြစ်မယ် ..
တစ်ခြားသူ သိရင်လည်း မကောင်းပြောနေဦးမယ် …”
“ဟုတ်ကဲ့ပါ ကိုနောင် …”
“ကိုနောင် အခန်းထဲမှာ အိပ်ဖို့ အဆင်ပြေရဲ့လား?”
“ရပါတယ်ကွာ …”
ကျွန်တော်လည်း အောက်ထပ်ပြန်ဆင်းလာပြီး
ဆွေမျိုးတွေနဲ့ စကားပြော ည(၁၂)နာရီလောက်မှ
အိပ်ခန်းထဲ ဝင် အိပ်လိုက်တယ် ..

နောက်နေ့မနက် အိပ်ယာနိုးတော့
ကိုနောင့် ကို ကပ်မေးလိုက်တယ် ..
”ညက ဘာထူးသေးလဲ ?”
“မထူးပါဘူး .. ကိုယ် အိပ်ယာဝင်တဲ့အချိန်ထိ ..
ပုခက်က လွှဲပေးနေတုန်း ..
တစ်ရေးနိုး ကြည့်လိုက်တော့ ပုခက်က ငြိမ်နေပြီ ..
ဒါပေမယ့် အခန်းထဲမှာ နွယ် ရှိနေသလိုပဲကွာ ..
ဟူး !!!!!!!!! ..

ညနေ (၆)နာရီကျော်လောက် ..
အိမ်အောက်ထပ် ဧည့်ခန်းမှာ
ဆွေမျိုးတွေနဲ့ စကားပြောရင်း
မေမေ့ ပေါင်ပေါ်တင်ထားတဲ့ ..
ဖောင်းဖောင်းလေး က ဂျီကျ ငိုပါလေရော ..
မေမေလည်း ချော့တာပေါ့ ..
ကလေး က အငိုမတိတ်တာမို့ ..
ကိုနောင် က မေမေ့ကို “ကျွန်တော့်ကို ပေး အမေ”
ကိုနောင် လက်ပေါ်မှာလည်းငိုနေတာပဲ ..
အဲ့ဒါနဲ့ ကိုနောင်လည်း ချော့ရင်း
အိမ်အပြင် လမ်းပေါ်ထွက်သွားတယ် ..
ဖောင်းဖောင်း ငိုသံ အိမ်ထဲက ကြားနေရတုန်း ..
ခဏနေတော့ ကိုနောင် အိမ်ထဲ ပြန်ဝင်လာပြီး
အိမ်အပေါ်ထပ် တက်သွားတယ် …

နာရီဝက်လောက် ကြာတော့ …
“သီဟ .. သီဟ ….”
အသံကြားရာဘက် လှည့်ကြည့်လိုက်တော့ ..
အပေါ်ထပ် တက်တဲ့ လှေကားအတက်အဆင်းမှာ
ကိုနောင် လှမ်းခေါ်နေတာ ..
“လာဦး ….” ဆိုလို့
အပေါ်ထပ်ကို လိုက်တက်သွားလိုက်တယ် ..
ကိုနောင် က “ကုတင်ပေါ်မှာ ဖောင်းဖောင်းလေး
သူ့အမေကို ခေါ်ပြီး စကားပြောနေတာ
ချောင်းကြည့်လိုက်” တဲ့ ..
ခန်းဆီးကြားထဲက ချောင်းကြည့်လိုက်တော့ ..
ကုတင်ပေါ်မှာ ဖောင်းဖောင်းလေး
တစ်ယောက်ယောက်ကို လှမ်းကြည့်ပြီး
စကားတွေ ပြောနေသလိုဘဲ ..
တူလေး ဆီက တစ်ချက်တစ်ချက် ..
“မာ မား … မာ မား …” ဆိုတဲ့ ခေါ်သံ ကြားရတယ် ..
မမ ရောက်နေပြန်ပြီကိုး ..
ချောင်းကြည့်နေရာကနေ အနောက်ကို ပြန်ဆုတ်ပြီး
“ကိုနောင် .. မမ ရောက်နေတာတော့ သေချာပြီဗျ ..”
“အေး .. ဟုတ်တယ် ..”
“ဘယ်လို လုပ်ကြမလဲ?”
“ဘယ်လို လုပ်ရမလဲကွာ သူ့သား သူချစ်လို့ လာတာပေါ့”
“သူ့သားဆိုပေမယ့် ဘဝက မတူတော့ဘူးလေ ..
ရေရှည် ကလေးနဲ့ ဘယ်ဖြစ်မလဲ ကိုနောင် ရ ..”
“လောလောဆယ်တော့ ခြောက်တာလှန့်တာမှ မဟုတ်တာ ..
သူ့သား သူလာထိန်းရုံပဲဟာ ..
ရက်လည်ပြီးရင်တော့ အမျှဝေပြီးရင် သူထွက်သွားမှာပါလေ” တဲ့ ..
သြော် .. မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းက
တကယ်ကို သြချလောက်စရာ ကောင်းလွန်းပါရဲ့ဗျာ ..
နောက်နေ့ကျတော့ အသုဘချတဲ့ ရက် ..
မမ ကို မီးသဂြုင်္ိဟ်လိုက်တယ် ..
အသုဘ က အားလုံးအဆင်ပြေပါတယ် ..
Company ကလည်း အသုဘ ပို့ကားတွေကအစ
တော်တော်များများ ကူညီပေးပါတယ် ..
Company က လူကြီးတွေကလည်း မေမေ့ကို ပြောကြတယ် ..
“အစ်မကြီးတို့ မိသားစုနဲ့ ထပ်တူ ကျွန်တော်တို့လည်း
ဝမ်းနည်းပါတယ်ဗျာ ..
အစ်မကြီိးတို့အနေနဲ့ သမီးတစ်ယောက် ဆုံးရှုံးသွားရသလို ..
ကျွန်တော်တို့အတွက်လည်း အရမ်းတော် အရမ်းအားကိုးရတဲ့
လက်ရုံးတစ်ဖက် ပြုတ်သွားသလိုပါပဲ တဲ့ ..
သြော် ..လူဆိုတာ သေရင် ပိုတမ်းတတတ်ကြတာကိုး ..
ဆွေမျိုးတစ်ချို့ အသုဘချပြီး ပြန်သွားပေမယ့်
ဝမ်းကွဲ အစ်မ (၂)ယောက်က
အိမ်မှာပဲ ရက်လည်ပြီးတဲ့အထိ လာနေပေးကြတယ် ..
ကျွန်တော့် မမ ကတော့ ဘယ်သူ့ကိုမှ မနှောင့်ယှက်ပါဘူး ..
ဖောင်းဖောင်းလေးကို လာထိန်းပေးနေတုန်းပါပဲ ..
ကျွန်တော်နဲ့ ကိုနောင်လည်း ..
မသိချင်ယောင် ဆောင်နေလိုက်ပါတယ် ..

ရက်မလည်ခင် တစ်ရက် ..
Company က မမ သူငယ်ချင်းတွေ ရုံးမှာခွင့်တိုင်ပြီး
အိမ်ကို ရောက်လာကြတယ် ..
မေမေနဲ့ စကားပြောဆိုပြီးတော့ ..
ကျွန်တော့်ကို မမ သူငယ်ချင်း မဝါနဲ့ မသီ က
ခြံထဲ ခေါ်သွားပြီး .. မသီ က ..
“သီဟ …နွယ်နွယ် ရုံးကို လာတယ် သိလား?”
“ဗျာ !!!!!! ……”
“ဟုတ်လား ? ဘယ်လိုလာတာလဲ ?”
“တစ်နေ့က ညနေ ရုံးဆင်းခါနီး ..
ဦးစိုး(Company မန်နေဂျာ)က ..
Data တွေ Print ထုတ်ပေးဖို့ ပြောတယ် ..
သူ့ကို Data တွေ ထုတ်ပေးဖို့ကျတော့ အဲ့ဒီ့ Data တွေက ..
နွယ်နွယ့် Computer ထဲမှာပဲ ရှိတာ ..
အဲ့ဒီ့ Data ကလည်း အရေးကြီးနေတယ်ဟ..
မနက်ဖြန်မနက် ဦးစိုး ကို Print (စာရွက်)ထုတ်ပြီး ပေးရမှာ ..
ငါတို့လည်း သူ့ Password မသိတော့
မလုပ်တတ်တာနဲ့ မနက်ကျမှ ..
Password ဖြည်တတ်တဲ့ မျိုးသိန်း(ရုံးက Computer ဝန်ထမ်း)ကို
ပြပြီး လုပ်ခိုင်းတော့မယ် ဆိုပြီး
ငါနဲ့ မိဝါ ရုံးဆင်း အိမ်ပြန်လာခဲ့လိုက်တယ် ..
နောက်နေ့မနက် ရုံးရောက်တော့ ..
ငါ အစောဆုံး ရောက်တာနော် ..
နွယ်နွယ့် စားပွဲနဲ့ ငါ့စားပွဲနဲ့က ကပ်လျက် နင်သိတာပဲ ..
နွယ်နွယ့် စားပွဲပေါ်မှာ ..
Print စာရွက်တွေ တွေ့လို့ ယူကြည့်လိုက်တော့ ..
ငါ နွယ်နွယ့် Computer ထဲက လိုချင်နေတဲ့
Data စာရွက်တွေ ဖြစ်နေတယ်ဟ ..
ငါဖြင့် အံ့လည်း သြ ..
အမှန်အတိုင်း ပြောရရင် ကြောက်လည်း ကြောက်သွားတယ် ..
ဒီ Data တွေ ထုတ်ရမယ် ဆိုတာ ငါနဲ့ မိဝါပဲ သိတာ ..
မိဝါ က ငါ့ထက် ရုံးရောက်တာ နောက်ကျတယ် ..
နွယ်နွယ် သိသွားပြီး ..
သူကိုယ်တိုင် လာထုတ်ပေးသွားတယ် ထင်တာပဲဟာ ..
တစ်ခြားလူ လာလုပ်စရာ အကြောင်းလည်း မရှိဘူး ..
စိတ်မကောင်းမဖြစ်ပါနဲ့ ..
သူက အလုပ်ကြိုးစားတဲ့သူ အလုပ်ကို ခင်တဲ့သူဆိုတော့ ..
ဘယ်လိုပြောရမလဲဟာ …
ကဲ !!! ငါတို့ ပြန်တော့မယ် …”
မသီ တို့ ပြန်သွားတော့ ကျွန်တော့်ခေါင်းထဲမှာ ..
အတွေးပေါင်း မြောက်များစွာ ချာချာလည် ..
မမ က အလုပ်ကိုပါ စွဲနေတုန်းကိုး ..
ဟူး !!!!! ……………
အဲ့ဒီ့အကြောင်းတော့ ဘယ်သူ့မှ မပြောပြခဲ့ပါဘူး ..

ရက်လည်နေ့ နံနက် အရုဏ်ဆွမ်း
သံဃာ(၅)ပါး ပင့်ဖိတ်ပြီးတော့ တရားနာလို့
အမျှအတန်းပေးဝေဖို့ လုပ်နေတဲ့ အချိန် ..
မနက်(၆)နာရီ မထိုးခင်လောက်မှာ ..
(အိမ်အပေါ်ထပ် ဘုရားခန်းရှေ့မှာပဲ တရားနာတာပါ)
ဖောင်းဖောင်းလေးရဲ့ အော်ငိုသံ ..
နောက် မိန်းမတစ်ယောက်ရဲ့ အော်ငိုသံ ..
အသံ နှစ်သံ တစ်ပြိုင်တည်း ..
တရားနာသူအားလုံး ကြောင်တဲ့သူ ကြောင် ..
လန့်တဲ့သူ လန့် ..
(ဖောင်းဖောင်းလေးက ဒီအချိန် အိပ်ယာမထတတ်ပါဘူး..)
အသံကြားတာက မမ အခန်းဘက်က ..
ကျွန်တော်နဲ့ ကိုနောင် အမြန်ထပြီး
အခန်းဘက်ကို သွားလိုက်တယ် ..
ခန်းဆီးစကို ဖွင့်လိုက်တော့ ..
(တူလေး)ဖောင်းဖောင်းလေးကို ..
မဖြူ (၀မ်းကွဲအစ်မ) က ဖက်ပြီး သူပါ ငိုနေတာ ..
“မဖြူ .. မဖြူ ဘာဖြစ်တာလဲ?”
မဖြူ ကို လှုပ်ပြီး ကျွန်တော်လည်း မေးတာပေါ့ ..
မဖြူ က ငိုရင်း ပြောတယ် ..
“ဟီး !!! ငယ်လေး .. မမကို အမျှအတန်း မပေးပါနဲ့ ..
သားသားကို မခွဲနိုင်ဘူး … ဟီး ….”
“ငယ်လေး” ဆိုတဲ့ နာမည်က ..
တစ်လောကလုံးမှာ ကျွန်တော့်အစ်မ တစ်ယောက်ပဲ
ကျွန်တော့်ကို ခေါ်တဲ့ အမည်နာမပါ ..
မိဘတွေက သားငယ် ပဲ ခေါ်ကျတာ ..
ကျန်တဲ့သူတွေကတော့ သီဟ ပဲ ခေါ်တာလေ ..
ကျွန်တော်လည်း ကြောင်သွားတယ် ..
မဖြူ ကလည်း သူ့ကိုသူ “မဖြူ”လို့ဘဲ သုံးနှုန်းတာဗျ ..
မမ ဝင်ပူးတာလား? မသိဘူး ..
ကိုနောင် က ရိပ်မိတယ် ..
“နွယ် .. နွယ် .. လား? …..”
မမ က ခေါင်းညိတ်တယ် ..
“သားလေးနဲ့ မခွဲနိုင်ဘူး” တဲ့ ..
ကျွန်တော်လည်း ငိုတာပေါ့ ..
“မေမေ .. မေမေ အခန်းထဲ လာပါဦး …” အော်ခေါ် ..
မေမေလည်း ရောက်လာပြီး အခြေအနေကို သိသွားတယ် ..
နောက်ဆုံးတော့ ချော့မော့ပြီး ..
ဘုန်းဘုန်းတွေဆီ မမ ဝင်ပူးနေတဲ့ မဖြူကို ခေါ်သွားလိုက်တယ် ..
တရားနာတဲ့သူတွေလည်း ဘေးကို ရှောင်ပေးကြတာပေါ့ ..
ဘုန်းဘုန်းတွေ ရှေ့ကို ရောက်တော့ ..
မေမေ က
“သမီးလေး ဘုန်းဘုန်းတွေကို ရှိခိုးဦးချလိုက်” ဆိုတော့ ..
မဖြူ (မမ)က ရှိခိုးတယ် ..
ငိုရင်းနဲ့ပဲ ဘုန်းဘုန်းတွေကို ပြောတယ် ..
“သားလေးနဲ့ မခွဲနိုင်ဘူး …” တဲ့ ..
တရားနာတဲ့ ဆွေမျိုးတွေ အိမ်နားနီးချင်းတွေလည်း ငိုကြတာပေါ့ ..
ဘုန်းဘုန်းကြီးကလည်း မဖြူ(မမ)ကို တရားချတယ် ..
“ဘဝက ခြားသွားပြီ ဒကာမကြီး ….
……………………………..”
မဖြူ(မမ) က ခေါင်းကို အတင်းရမ်းတယ် ..
အမျှမပေးပါနဲ့ .. ပဲ ဇွတ်အော်နေတယ် ..
ဘုန်းဘုန်းကြီးက ကျွန်တော့် ဖေဖေနဲ့ မေမေကို ..
“ကဲ ! ဒကာကြီးတို့ .. ရေစက်ခွက်လေးတွေ ကိုင်ထား ..
ကွယ်လွန်သူအတွက် ရည်စူးပြီး အမျှအတန်းပေးဝေရအောင် ..
လိုက်ဆို …………………..”
“မပေးနဲ့ .. မ .. ပေး … နဲ့ … မ …. ပေး …. နဲ့ ….”
ကျွန်တော်နဲ့ ကိုနောင်လည်း လိုက်ဆိုပါတယ် ..
အမျှတောင် မခေါ်ရသေးဘူး ..
ရုန်းကန်နေတဲ့ မဖြူ(မမ) ပျော့ခွေငြိမ်ကျသွားပါတယ် …
“အားလုံး ကြားကြားသမျှ ..
အမျှ … အမျှ … အမျှ ယူတော်မူကြပါကုန်သော် …
သာဓု… သာဓု …. သာဓု ……”
ဘုန်းဘုန်းတွေကို ဆွမ်းကပ်နေတဲ့အချိန်ကျမှ
မဖြူတစ်ယောက် ပြန်သတိရလာတယ် ..
သူ ဘာဖြစ်သွားမှန်း သူ့ကိုသူတောင် မသိဘူး ..
ဘုန်းဘုန်းတွေ ပြန်ကြွသွားမှ မေမေလည်း ငိုတာတာပေါ့ ..
ဒီလိုနဲ့ပဲ ရက်လည်ပြီးသွားပါတယ် …
ဆွေမျိုးတွေလည်း ကိုယ့်အိမ် ကိုယ်ပြန် ..
အိမ်မှာလည်း ကျွန်တော်တို့ မိသားစုနဲ့
ကိုနောင်တို့ မိဘတွေပဲ ကျန်တော့တယ် ..
မိသားစုတွေ ဧည့်ခန်းမှာ ထိုင်ဆွေးနွေးကြတာပေါ့ ..
ကိုနောင် ကတော့ နောက်တစ်ပတ်လောက်ဆို
သူ့မိဘတွေအိမ် ပြန်နေမယ် တဲ့ ..

မှန်ပါတယ် …
မမ ဆုံးသွားပြီးမှတော့ သူလည်း ယောက္ခမအိမ်မှာ
ဘယ်လိုဆက်နေပါ့မလဲလေ…

ရက်လည်ည ..
“သားငယ် .. ည(၁၂)နာရီထိ စောင့်ပြီး တံခါးတွေ
သေချာပိတ်နော် ..
မေမေ ခေါင်းတွေမူးနေလို့ အိပ်တော့မယ် ..
“အိပ်တော့လေ မေမေ ..
သား ကိုနောင်နဲ့ စောင့်နေလိုက်မယ် ..
ဝင်းဇော် (လမ်းထဲက သူငယ်ချင်း)တို့လည်း ရှိနေတာပဲ ..
ဖေဖေနဲ့ မေမေ အိပ်ခန်းထဲ ဝင်သွားတယ် ..
မေမေ လုပ်ထားပေးတဲ့ လက်ဖက်သုတ်နဲ့ ရေနွေးကြမ်း
သောက်ရင်းစားရင်း ခြံထဲက ထိုင်ခုံတွေမှာ
သူငယ်ချင်းတွေ စကားထိုင်ပြောနေလိုက်ကြတယ် ..

ည(၁၁)နာရီကျော်လောက်မှာ ..
ကိုနောင် က အိမ်အပေါ်ထပ် ဝရံတာကနေ
“သီဟ ..ခဏလာဦး ….”
ဘာဖြစ်ပြန်ပြီလဲ?ဟ .. တွေးရင်း
အိမ်အပေါ်ထပ် တက်သွားလိုက်တယ် ..
လှေကားထိပ်မှာ ကိုနောင်နဲ့ ဆုံတော့ ..
အခန်းထဲ ရောက်နေပြန်ပြီ .. တဲ့ ..
ကလေး ပုခက်လွှဲနေတာလား? ဆိုတော့
“ဟုတ်တယ်” တဲ့ ..
“အင်းလေ .. ဒါ နောက်ဆုံးညပဲဟာ ..
မမ လည်း နေပါစေ ..
သွားမနှောင့်ယှက်နဲ့တော့ ..
ကျွန်တော် အောက်မှာပဲ ရှိမယ် ..” ပြောပြီး
သူငယ်ချင်းတွေနဲ့ စကားဆက်ပြောနေလိုက်တယ် ..
ည(၁၂)နာရီထိုးပြီးတော့ ..
သူငယ်ချင်းတွေကို နှုတ်ဆက် ..
သူငယ်ချင်းတွေလည်း သူ့အိမ် သူပြန်ကုန်ပြီမို့
ခြံတံခါးနဲ့ အိမ်တံခါး ပိတ်လိုက်ပါတယ် ..
အိပ်ခန်းထဲ မဝင်သေးပဲ ..
ကိုနောင်နဲ့ စကားပြောဖို့ အပေါ်ထပ် တက်လိုက်တယ် ..
ကိုနောင် က လှေကားထိပ်မှာ ထိုင်နေတာတွေ့လို့
“မမ ပြန်ထွက်သွားပြီလား?” လို့ မေးလိုက်တယ် ..
ကိုနောင် ခေါင်းခါတယ် ..
အဲ့ဒါနဲ့ ကိုနောင်တို့ အခန်းဘက်ကို သွားကြည့်လိုက်တယ် ..

ဟင် !!!
ပုခက်က လွှဲနေတုန်း ..
နာရီ ကြည့်လိုက်တော့ ည(၁၂)နာရီ (၁၅)မိနစ် ..
(၁၅)မိနစ်တောင် စွန်းနေပြီ ..
ကိုယ်ကြားဖူးထားတာက ည(၁၂)နာရီထိပဲ
သေသူရဲ့ ဝိဉာဉ်က အိမ်မှာ နေခွင့်ရတယ် ကြားဖူးတာလေ ..
ခု ဘာလို့ မမ ဆက်ရှိနေသေးတာလဲ?
ကိုနောင့်ကို လှမ်းခေါ်လိုက်ပြီး
အိပ်ခန်းထဲ ဝင်လိုက်တယ် ..
လွှဲနေတဲ့ ပုခက်ကို ကျွန်တော် ရပ်လိုက်ပြီး
“မမ .. သွားတော့လေ ..
မမ ဒီအိမ်မှာ ဆက်နေလို့ မရတော့ဘူးနော် ..
သားတို့ မမ အတွက် ကောင်းမှုကုသိုလ်တွေ
လုပ်ပေးနေမယ် .. ရောက်ရာအရပ်က သာဓုခေါ်နော် ..
သွားတော့နော် မမ ..”
ပြောလည်း ပြော ..
ကျွန်တော်နဲ့ ကိုနောင်လည်း ငိုလည်းငိုပေါ့ဗျာ ..
အဲ့ဒီ့ည ပုခက် ဆက်မလွှဲတော့ပါဘူး ..
မမ ထွက်သွားပြီပေါ့လေ ..

ရက်လည်ပြီး နောက်နေ့မနက် ကျွန်တော်လည်း ရုံးသွားဖို့ ပြင် ..
ဖေဖေလည်း ရုံးသွားပြီ ..
ကိုနောင် ကတော့ ခွင့်ယူထားတာ (၃)ရက်ကျန်သေးတယ် ..
မေမေ က သူ့ကျောင်းအုပ်ဆရာမကြီးနဲ့ သွားတွေ့တယ် ..
ခွင့်ရက်ရှည် ထပ်ရဖို့လေ ..
အိမ်မှာ ဒေါ်ကြီးကြင်နဲ့ ကိုနောင်ရယ် ..
ဖောင်းဖောင်းလေးရယ် ကျန်ခဲ့တယ် ..
ရုံးရောက်တော့ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ပေါ့ ..
မမ ထိုင်ခဲ့တဲ့ စားပွဲမှာ မမ သူငယ်ချင်း မသီ က
ဆက်ထိုင်တယ် ..
နေ့လည် ထမင်းစားချိန်ရောက်တော့ ..
Company ဝန်ထမ်းတွေ ထမင်းစုစားကြတယ်လေ ..
သူ့ဟင်း ကိုယ်စား ကိုယ့်ဟင်း သူစားပေါ့ ..
ပျော်ဖို့ကောင်းတယ် ..
ထမင်းစားသောက်ပြီးတော့ Company ခြံထဲမှာ ထိုင်နေတုန်း
မသီ က ကျွန်တော့်ကိုလှမ်းခေါ်တယ် ..
“သီဟ .. နင့်ကို ငါပြောစရာရှိတယ် ..”
“ဘာပြောမို့လဲ ပြောလေ ..”
မျိုးသိန်း လုပ်ပေးလိုက်လို့
နွယ်နွယ်(ကျွန်တော့် အစ်မ)ရဲ့ Computer Password ကို
ချိန်းပြီး အခု ငါ သုံးနေတယ်ဟ ..
အရင်က Computer ရဲ့ Screen မှာ
နွယ်နွယ် က သူ့မိသားစုပုံလေး Wallpaper တင်ထားတာလေ ..
ငါ ကိုင်တော့ ငါကြိုက်တဲ့ Wallpaper ချိန်းလိုက်တယ် ..
နောက်နေ့ မနက် ရုံးရောက်လို့ Computer ပြန်ဖွင့်လိုက်ရင်
နွယ်နွယ် တင်ခဲ့တဲ့ Wallpaper ပဲ ပြန်ဖြစ်ဖြစ်နေတယ်ဟ ..
ငါလည်း ကြောက်တောင် ကြောက်လာပြီ ..” တဲ့ ..
“ဟာ ..အစ်မကလည်း ခု ရက်လည်ပြီးသွားပြီလေဗျာ ..
မမ မရှိတော့ပါဘူး …
ကြောက်မနေနဲ့ .. လာမလုပ်တော့ပါဘူး …”
“ဟဲ့ ! ရက်လည်က မနေ့က ပြီးသွားပြီလေ ..
ငါ သိတာပေါ့ဟ … ခုဟာက ..
ခုမနက်မှာပါ ပြန်ချိန်းနေလို့ပါဆို ..
အဲ့ဒါကြောင့် နင့်ကို ငါပြောတာပေါ့ဟဲ့ …”
ကျွန်တော့်စိတ်ထဲမှာတော့ ..
မသီတစ်ယောက် နည်းနည်း အကဲပိုနေတယ် ထင်မိတယ် ..
“ကဲ ! အဲ့ဒါဆို မသီ Computer ထဲမှာ ရှိတဲ့ ..
မမနဲ့ ဆိုင်တဲ့ ပုံတွေအားလုံး ကျွန်တော် အကုန်ယူလိုက်ပြီး
Delete လုပ်ပေး(ဖျက်ပေး) မယ် ..
ဟုတ်ပြီလား? …..”
“အေးဟာ .. ကောင်းတာပေါ့ …”
အဲ့ဒီ့နောက်တော့ မသီ ရဲ့ Computer ထဲက
မမ ရဲ့ ပုံတွေ (ပုံ ၂၀ ကျော်) ကို ..
ကျွန်တော် CD ကူးယူပြီး ဖျက်ပေးလိုက်တယ် ..

ညနေ ရုံးဆင်းတော့ အိမ်ပြန်ရောက်
ခဏနား ရေမချိုးသေးပဲ
တူလေး ဖောင်းဖောင်းလေးနဲ့ ဆော့ ..
ညနေစာ မိသားစု ထမင်းစားပြီးတော့
ဧည့်ခန်းထဲမှာ TV ကြည့်ကြ …
ဖောင်းဖောင်းလေးရဲ့ ဂျီကျတဲ့အချိန် ရောက်လာပြီမို့
ငိုပါလေရော ..
မေမေနဲ့ ဒေါ်ကြီးကြင်လည်း တူလေးကို ချော့တာပေါ့ ..
ချော့ရင်းနဲ့ မေမေတို့ ခြံအပြင်ကို ထွက်သွားကြတယ် ..
တူလေး ငိုသံ မကြားရတော့ဘူး ..
နောက်တော့ တူလေးလည်း အသားကျသွားမှာပါလေ ..
နောက်နေ့က စနေ/တနင်္ဂနွေနေ့မို့
အိမ်မှာ လူစုံတက်စုံ ..
ကိုနောင့် မိဘတွေလည်း လာတယ်လေ ..
တနင်္ဂနွေနေ့ကတော့ ဗိုလ်တထောင်ဘုရား သွားဖူးကြတယ် ..
မေမေတို့ ကိုနောင်တို့က သိုက်လိုလို အထက်လမ်းလိုလို
ဆရာတစ်ယောက်နဲ့ စကားပြောနေတာပဲ ..
ဘာတွေပြောနေလဲတော့ မသိဘူး ..
ကိုယ့်ဘာသာကိုယ် ဘုရားပတ် လမ်းလျှောက်နေလိုက်တယ် ..

တနင်္လာနေ့ မနက်ကျတော့ Company သွား
ရုံးရောက်တော့ ကိုယ့်စားပွဲ ကိုယ်ထိုင် အလုပ်လုပ်
ရုံးဝန်ထမ်းတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာတယ် ..
မသီ လည်း ရောက်လာတယ် ..
ကျွန်တော့်စားပွဲဘေးကနေ သူ့စားပွဲရှိရာဆီ ဖြတ်သွားတာ ..
ခဏနေတော့ မသီ ကျွန်တော့်နား ရောက်လာပြီး ..
“သီဟ .. ဟိုပုံကြီး ပြန်ပေါ်နေပြန်ပြီ”တဲ့ ..
မျက်စိပျက် မျက်နှာပျက်နဲ့ ..
ကျွန်တော် သွားကြည့်တော့ .. ဟုတ်တယ် ..
မမတို့ မိသားစုပုံ Computer Screen မှာ အတိုင်းသား ..
ကျွန်တော်လည်း ကြောင်သွားတယ် ..
သောကြာနေ့ကပဲ ကျွန်တော်ကိုယ်တိုင်
မမနဲ့ သက်ဆိုင်တဲ့ပုံတွေ Delete လုပ်ခဲ့တာကို ..
ဘယ်လိုဖြစ်ပြီး ..
“မသီ လာမနောက်နဲ့နော် .. အစ်မ ပြန်တင်လိုက်တာမလား?”
“ဟဲ့ ! ငါက အားအားယားယား တင်စရာလား?”
တစ်ဆင့်စကား တစ်ဆင့်နားနဲ့
ရုံးမှာ Computer Wallpaper ပြန်ပြောင်းနေတဲ့ ကိစ္စက
အားလုံး သိသွားတယ် ..
နေ့လည်စာ စားပြီး (၂)နာရီလောက်မှာ ..
မန်နေဂျာ ဦးစိုး က ကျွန်တော့်ကို ခေါ်တယ်ဆိုလို့
မန်နေဂျာရုံးခန်းထဲ တံခါးဖွင့်ဝင်လိုက်တယ် ..
ဦးစိုး အရှေ့က ထိုင်ခုံမှာ မသီ ထိုင်နေတယ် ..
“လာ .. သီဟ … ထိုင်ကွာ ..”
“ဟုတ် … ဦးစိုး … ဘာခိုင်းဖို့လဲ မသိ”
“ခိုင်းဖို့ မဟုတ်ပါဘူး .. ပြောမလို့ သီဟရေ …
ဒီလိုကွ .. တစ်မျိုးတော့ မထင်နဲ့ ..
မင်းအစ်မ နွယ်နွယ် မကျွတ်သေးဘူး လို့
ငါတို့ ထင်တယ် …”
“ဗျာ !!!!!!”
“ဟုတ်တယ် သီဟ …
အခု မိသီ ရဲ့ Computer ဖြစ်နေတဲ့ ကိစ္စအပြင် ..
ခြံစောင့် မြင့်ကျော် တို့လည်း ညဆို ကြုံနေရတယ် ..
ရုံးခန်းတံခါးက ပိတ်ထားပေမယ့်
ညဆို ရုံးခန်းထဲက မီးအလင်းရောင်ထဲမှာ
လူရိပ်လိုလို အမြဲတွေ့နေရလို့
မြင့်ကျော် တို့က ပြတင်းပေါက်အပြင်ကနေ
ခန်းဆီးကြားထဲက ချောင်းချောင်းကြည့်ရင်
မင်းအစ်မ သုံးခဲ့တဲ့ သူ့စားပွဲက Computer တစ်လုံးက
ပွင့်ပွင့်နေတယ်တဲ့ ..
အစကတော့ ဝန်ထမ်းတွေ ပိတ်ဖို့ ကျန်ခဲ့တယ် ထင်တာ ..
ခုနကပဲ မြင့်ကျော်နဲ့ မိသီ ကို ငါ ပေးတွေ့ပြီးပြီ ..
မိသီ မနက် ရုံးလာရင် Computer က ပိတ်ထားလျက်သားပဲ ..
မြင့်ကျော် ကတော့ ညဆို ပွင့်နေတယ်တဲ့ ..
နွယ်နွယ်တစ်ယောက် သူသံယောဇဉ်ရှိတဲ့
ဒီအလုပ်ကို စွဲနေပြီ ထင်တယ်ကွ ..”
“အသုဘ ချတုန်းက MD ကိုယ်တိုင်
အမိန့်စာ ပြန်လိုက်တာပဲ ကိုဦးစိုး ကလည်း ..”
“အမိန့်စာ ပြန်တယ် ဆိုတာကလည်း
လုပ်ရိုးလုပ်စဉ်မို့ပါကွာ ..
သူ မရလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲလေ ..
နွယ်နွယ် ဆုံးတော့ ဒီရုံးမှာများ စွဲနေသလားလို့ပါကွာ ..”
ကျွန်တော်လည်း ဘာပြန်ပြောရမှန်းကို မသိတော့တာပါ ..
ညနေ ရုံးဆင်းတော့ အိမ်ပြန်လာခဲ့လိုက်တယ် ..
စိတ်ထဲမှာလည်း မွန်းကြပ်လို့ပေါ့ ..
ဒီကိစ္စ လူကြီးတွေကို အသိပေးလိုက်တာ ကောင်းမယ် ..
ဟူး !!!!! ……………

ညနေစာ စားသောက်ပြီးတော့
ဧည့်ခန်းထဲမှာ ထိုင်ကြတယ် ..
မိသားစု လူစုံပြီမို့ ..
“ဖေဖေနဲ့ မေမေ … ကိုနောင် ရော ..
သား ပြောစရာတစ်ခုရှိတယ် ..”
“ဘာလဲ? သားငယ် .. ပြောလေ ..” ဆိုလို့
တူလေးရဲ့ ပုခက်စင် သူ့ဘာသာသူ လွှဲနေတဲ့ ကိစ္စရော ..
ရုံးက မသီရဲ့ Computer ကိစ္စ ..
ဖြစ်ပျက်နေတာတွေ ပြောပြလိုက်တယ် ..
မေမေလည်း မျက်ရည်တွေ ကျလို့ ..
“အိမ်က ကိစ္စတွေတော့ သားနောင်နောင် ပြောလို့
မေမေတို့ သိပြီးပါပြီ ..
Company က ကိစ္စကတော့ ခု သားငယ်ပြောမှ သိရတာ ..
နောက်တစ်ခု သားငယ် မသိသေးတာ ရှိသေးတယ် ..
ဖောင်းဖောင်းလေး ညနေ ငိုတိုင်း ဂျီကျတိုင်း ..
မေမေနဲ့ မကြင် ဖောင်းဖောင်းလေးကို ချီပြီး
ခြံပြင်ထွက်တာ သားသိတယ် မလား?”
“ဟုတ် ကဲ့ …”
“ခြံပြင်ရောက်တာနဲ့ ဖောင်းဖောင်းလေးက
လက်ညှိုးထိုးပြီး မာမား မာမားနဲ့ ခေါ်တယ် ..
ပြီးရင် မငိုတော့ဘူး သားငယ် ..
ဖောင်းဖောင်း လက်ညှိုးထိုးတဲ့နေရာ ကြည့်တော့လည်း
မေမေတို့ ဘာမှ မတွေ့ပါဘူး ..
အစကတော့ မေမေတို့လည်း သတိမထားမိပါဘူး ..
တစ်ဖြည်းဖြည်းနဲ့မှ သတိထားမိလာတာ ..
နောက်တစ်ခုက အိမ်ရှေ့မျက်စောင်းထိုးအိမ်က
ဝေယံ .. သူ တစ်နေ့ညက မြို့ထဲက ပြန်လာတာ
ညဉ့်နက်တယ် ည(၁၂)နာရီလောက် ရှိပြီ ပြောတယ် ..
ကားမီးရောင်ထဲကနေ မေမေတို့ ခြံတံခါးဝမှာ
နွယ်နွယ့်ကို ထိုင်နေတာ တွေ့လိုက်တယ်တဲ့ ..
သူလည်း အံ့အားသင့်ပြီး ကားပေါ်က ဆင်းကြည့်တော့
ဘာမှ မတွေ့တော့ပြန်ဘူးတဲ့ သားရယ် .. ဟီး ….”
မေမေ ပြောလည်းပြော ငိုလည်းငို ..
“အဲ့ဒါဆို မမ မကျွတ်တာ သေချာနေပြီပေါ့နော် …”
ဖေဖေ က “ဟုတ်တယ် သားငယ် ..
ဖေဖေတို့တော့ အဲ့ဒီလိုပဲ ထင်တယ် ..”
မနက်ကျရင်တော့ မေမေနဲ့ နောင်နောင် နှစ်ယောက်
( )ဆရာတော်ကျောင်း သွားပြီး
အခြေအနေကို လျှောက်ထားရင် ကောင်းမလား? တွေးမိတယ် ..
နောက်ဆုံးတော့ အားလုံး သဘောတူလိုက်ပါတယ် ..

ဇာတ်လမ်းရှည်သွားမှာစိုးလို့ ချုံ့လိုက်ပါ့မယ် ..
( )ဆရာတော်ကို အိမ်မှာ ပင့်ဖိတ်ပြီး ဆွမ်းကပ် ..
ဆရာတော်လည်း အမျှအတန်းတွေ ပေး ..
Company ပိုင်ရှင်ကလည်း ရုံးမှာ အန္တရာယ်ကင်း ဆိုပြီး
ဘုန်းကြီး ဆွမ်းကပ် ..
နောက်တော့ ဘာသံမှ ထပ်မကြားရတော့သလို ..
ဘာဖြစ်စဉ်မှလည်း ထပ်မဖြစ် ထပ်မမြင်ရတော့ပါဘူး ..
မမ တစ်ယောက်လည်း ကုသိုလ်ကောင်းမှုတွေ ရရှိသွားလို့
ကျွတ်ရာလွတ်ရာ ရောက်သွားပြီး
ကောင်းရာနေရာတစ်ခုကို ရောက်ရှိသွားပြီ မျှော်လင့်ပါတယ် ..

သြော်.. အစွဲ … အစွဲ …
သိပ်ကို ကြောက်စရာကောင်းပါလား?
သံဝေဂ ရစရာလည်း ကောင်းပါရယ့် ..
ခုတော့ ဖောင်းဖောင်းလေးလည်း အရွယ်ရောက်ပြီး
ကျောင်းသားကြီးဖြစ်နေပါပြီ …
ဖောင်းဖောင်းလေး က သူ့အမေနဲ့ တော်တော်ဆင်တယ်ဗျ ..
တူလေးကို တွေ့တိုင်း
ကျွန်တော် သိပ်ချစ်ရတဲ့ ..
ကျွန်တော့်ကို ချစ်တဲ့ဂရုစိုက်တဲ့ မမ ကို
သတိရတမ်းတ လွမ်းဆွတ်နေတုန်းပါပဲဗျာ .. ။

Thanks for audience.

#LuGyiThar_18
2016 Nov 201200