သိုက်ကလာသူတစ်ယောက်အကြောင်း
*သိုက်ကလာသူတစ်ယောက်အကြောင်း*📖📖📖 ( စ၊ ဆုံး)
******************************
#ဖြစ်ရပ်မှန် အခြေပြု
********
    ” ကျုပ် မလိုက်ချင်သေးပါဘူး ဘိုးဘိုးရယ်…”
ညဉ့်နက် သန်းခေါင် သန်းဆောင်တစ်ယောက် အိပ်မက်ယောင်နေတာ။ ပထမတစ်ကြိမ် ယောင်တုန်းကတော့ နံဘေးမှာ အိပ်စက်နေတဲ့ မမြမူ မသိသေးလိုက်ဘူး။
    ” မလိုက်လို့ မရဘူးဆိုတော့လည်း.ကျုပ်ဘာများတတ်နိုင်မှာလဲ ဘိုးဘိုးရယ်။ ကျုပ် လက်ခံရုံပဲပေါ့။ ကျုပ် လိုက်ခဲ့ပါတော့မယ်…”
နောက်တစ်ကြိမ်ထပ်မံပြီး ယောင်ရမ်းတော့မှ မြမူ လန့်နိုးပြီး ကြားမိရတယ်။ ဒါပေမယ့် စကားတွေကို တိတိပပ မကြားလိုက်ဘူး။
   ” ကိုသန်းဆောင်…ကိုသန်းဆောင် တော်ဘာတွေပြောနေတာလဲ…”
မြမူ လှုပ်နှိုးတော့ ကိုသန်းဆောင် အိပ်မှုံစုံမွှားနဲ့ နိုးလာခဲ့တယ်။
” ကိုသန်းဆောင် တော် အိပ်မက်ယောင်နေတာလား…”
” ဟေ…မ…မဟုတ်၊ မယောင်ပါဘူးဟ…”
” အို…ကျုပ် နားနဲ့ ဆတ်ဆတ်ကြားမိပါတယ်။ တော်…လိုက်ခဲ့မယ် ပြောနေတာ။ ဘယ်ကောင်မနောက်ကို လိုက်မယ် ပြောနေတာလဲ…”
     ” ဟင်…မြမူ ငါက မင်းနဲ့ အိမ်ထောင်ကျဖို့ကိုတောင် မနဲပိုးပန်းခဲ့ရတာလေ။ တစ်လောကလုံးမှာလည်း မင်းတစ်ယောက်ပဲ ငါ့ကို ကြိုက်တာ။ ငါ့ကို ရုပ်ဆိုးလို့ ဘယ်သူမှ မကြိုက်ဘူး…”
ကိုသန်းဆောင်ရဲ့ စကားက ဟုတ်တော့လည်း ဟုတ်တာပဲ။ ရုပ်ဆိုးလွန်းသူမို့ မြမူကိုတောင် သုံးနှစ်သုံးမိုး ကြိုးကုတ်ပိုးပန်းခဲ့ရပြီးမှ အိမ်ထောင်ရက်သားကျဖို့ ဖြစ်လာတာ။ နေုာက်တစ်ယောက်ဆိုတာ ပိုးပန်းမယ်ဆိုရင်တော့ နောက်ထပ် သုံးနှစ်သုံးမိုး ရင်းဆပ်ရနိုင်တယ်။ ဒါကို မြမူလည်း မသိမဟုတ်၊ သိပါရဲ့။
” မသိဘူး…တော်ရေ။ လိုက်မယ်တကဲကဲ လုပ်နေတာ။ တော်နော် ရုတ်ရုတ်တော့ လုပ်မယ် မကြံနဲ့ မြမူအကြောင်း ကောင်းကောင်းသိမယ်…”
မြမူက မိန်းမသားပေမို့ ယောက်ျားကို မူနွဲ့ရင်း ခါးကြောလိမ်လို့ ပြောလိုက်တယ်။
ကိုသန်းဆောင်ကတော့ မနာပေမယ့် နာဟန်ဆောင်ရင်း ရယ်မောပြီး မမြမူကို သူ့ရင်ခွင်ထဲဆီ ပွေ့ဖက်ဆွဲယူလိုက်ပါတော့တယ်။
*******
    အိပ်မက် မက်ပြီး တစ်ပါတ်အကြာ…။
    ကိုသန်းဆောင်တစ်ယောက် အိပ်မက်အကြောင်းအရာကို အမှတ်တမဲ့နဲ့ မေ့လျော့နေခဲ့ပြီ။
    မနက်ပိုင်း ဆွမ်းခံဝင်ချိန်…။
    ” သန်းဆောင်…မင်းခြေထောက်နားမှာ မြွေ…မြွေ…”
အနောက်ပါးက တင်မြင့်က အော်ဟစ်သတိပေးလာတာ။ သန်းဆောင် လှည့်ကြည့်မိတုန်းမှာပဲ တင်မြင့်က လျင်လျင်မြန်မြန်နဲ့ အနားကို ပြေးချလာပြီး ပေါက်တူးနဲ့ ထုသတ်လိုက်လေတယ်။
” တော်သေးတယ်ကွာ ငါမြင်လို့၊ ဒီကောင် မင်းကို တွယ်မလို့ ပါးပြင်းထောင်နေပြီ…”
မြွေက ဘာမြွေမှန်းတော့ မသိ၊ ကျောရော ဗိုက်ပါ မည်းနက်ပြီး ပြောင်းစင်းနေတယ်။ ဇက်ပိုးနေရာမှာလည်း အမှတ်အသားကလေးတစ်ခုက ထူးထူးဆန်စဆန် ပါနေသေးရဲ့။
” ဘာမြွေလဲတော့ မသိဘူး…”
သန်းဆောင် မြွေကို ကြည့်ပြီး ဒီလောက်သာ ရေရွတ်မိတယ်။ တင်မြင့်က မြွေကို ကော်ထုတ်ပြီး အဝေးဆီ လွှင့်ပစ်လိုက်တယ်။ ပြီးတော့ နှစ်ယောက်သား ထိတ်လန့်စိတ်ကို ဖြေတဲ့အနေနဲ့ ကန်သင်းပေါ်တက်ပြီး ဆေးလိပ်ဖွာကြတယ်။
    ” ချလွင်…ချလွင်…ချလွင်…”
ရုတ်တရက် သန်းဆောင်ရဲ့ နားထဲမှာ သာယာလှတဲ့ ဆည်းလည်းသံလေးတွေ ကြားမိနေရတယ်။
” သာယာလိုက္​တာကြာ…”
” ဟေ…သန်းဆောင် မင်း ဘာကို ပြောတာလဲ…”
” ဆည်းလည်းသံလေကွာ။ မင်း မကြားမိဘူးလား တင်မြင့်ရ…”
     တင်မြင့်က ခေါင်းကို ခါရမ်းပြီး…။
     ” အေး…ငါတော့မကြားမိပါဘူး။ ပြီးတော့ ဒီနားမှာ ဘာစေတီမှလည်း မရှိဘူး…”
    ” အေး…ငါတော့ ကြားမိတယ်။ အခုလည်း ကြားနေတုန်းပဲ။ သာယာနာပျော်လိုက်တာကွာ…”
     သန်းဆောင်ရဲ့ မျက်နှာက ဖြူဖပ်ဖြူလျော်နဲ့ တစ်မျိုးတစ်ဖုံ အသွင်ပြောင်းနေတာကို တင်မြင့်သတိထားမိလိုက်သလိုပဲ။
    ” သူငယ်ချင်း မင်းနေကော ကောင်းရဲ့လား…”
    တင်မြင့် မေးမိတယ်။
    ” အေး…ငါကောင်းပါတယ် ဘာဖြစ်လို့လဲ…”
    ” မင်းပုံစံ ဖြူလျော်နေတာပဲ တစ်ခုခုများ ဖြစ်နေသလားလို့…”
    ” မဖြစ်ပါဘူးကွာ။ ငါ နေလို့ကောင်းပါတယ်…”
    ” အေးပါကွာ…ကဲ အဲ့ဒါဆိုလည်း ကျန်းမာရေး ဂရုစိုက်ကွာ။ ငါ လုပ်လက်စလေး လက်စ’သွားသတ်ဦးမယ်…”
    ” ဪ…တင်မြင့်…”
     တင်မြင့် ခြေလှမ်းကို ရပ်ပြီး လှည့်ကြည့်လာတယ်။
” ဟေ…”
” ညနေ အောက်ချောင်ဘောလုံးပွဲကို မင်းသွားဦးမှာလား…”
တင်မြင့် ခေါင်းကို ခါရမ်းပြတယ်။
” ငါ မသွားတော့ဘူး။ ဗိုလ်လုတဲ့ အသင်းက ငါတို့ရွာအသင်း မဟုတ်တော့ မကြည့်ချင်ဘူး။ ဘာလဲ မင်းကသွားမလို့လား…”
    ” အေး…ဗိုလ်လုပွဲဆိုတော့ ငါ သွားကြည့်မလားလို့…”
” အေးကွာ…သွားမယ်ဆိုလည်း ဂရုလေးဘာလေးစိုက်။ ဟိုတစ်နေ့ကလည်း ကျွဲခတ်ခံရတော့မလို့။ အခုနကလည်း ငါသာ မမြင်ရင် မင်း အကောင်ထိကာ နီးနီးပဲ။ အခုရက်ပိုင်း မင်းကို ငါ ကြည့်ရတာ စိတ်ထဲ တစ်မျိုးဖြစ်နေတယ် သူငယ်ချင်း…”
” အေးပါ…မင်း ထင်လို့ပါ။ ငါ ဘာမှမဖြစ်ပါဘူး…”
” အေး ဖြစ်တာ မဖြစ်တာ နောက်မှပဲ။ ဂရုစိုက်တာတော့ မမှားဘူးပေါ့ကွာ…”
    တင်မြင့်နဲ့ သန်းဆောင်က ငယ်ကတည်းက ကျောင်းနေဘက် သူငယ်ချင်းတွေ။
အခုက သူ့ကို စိတ်ပူလို့ တင်မြင့်က ပြောတယ်ဆိုတာ ကိုသန်းဆောင် နားလည်မိတယ်။
   ” အေးပါကွာ…အေးပါ။ ငါ ဂရုစိုက်ပါ့မယ်…”
တင်မြင့် ပေါက်တူးကို ထမ်းလို့ လှမ်းထွက်သွားတယ်။
သန်းဆောင်ကတော့ လယ်ကန်သင်းမှာပဲ ဆေးလိပ်ဖွာ ထိုင်နေမိရင်း ညနေဘောလုံးပွဲ သွားဖို့ကို စိတ်စောလျင်လို့ တွေးနေမိတယ်။
အမှန်တော့ ဘောလုံးပွဲက သူတို့ရွာရဲ့ ပွဲမဟုတ်ဘူး။
ဒိုင်နယ်ကျေးရွာကွင်းမှာ မြို့နယ်အဆင့်ကို တက်လှမ်းဖို့ အုပ်စုတွင်းပွဲတွေ ပြိုင်နေကြတာကနေ ဗိုလ်လုပွဲဆီကို ရောက်ခဲ့ပြီ။ သူတို့ရွာအသင်းကတော့ အုပ်စုကနေပဲ ပြုတ်ကျန်ရစ်ခဲ့တယ်။ အမှန်တော့ ကိုသန်းဆောင်က ဘောလုံးပွဲကို ဝါသနာထုံလှသူ မဟုတ်ဘူး။
ဒါပေမယ့် အခုက ဘာကြောင့်ရယ်မသိ တစ်စုံတစ်ခုက အတင်းတိုက်တွန်းနေသလိုမျိုး သွားကြည့်ချင်စိတ်တွေက ပြင်းပြင်းပြပြကို ဖြစ်ပေါ်နေရတယ်။
******
    ညနေမတိုင်ခင်ကတည်းက ကိုသန်းဆောင်တစ်ယောက် အလုပ်တွေ ရှုပ်နေရပြီ။
၀တ်ဖို့ အ၀တ်အစားကို သေတ္တာတစ်လုံးလုံး ခါထုတ်ပြီး တစ်ထည်ပြီးတစ်ထည် ရွေးချယ်တယ်။
ပြီးတော့ ရေမိုးချိုးပြီး အ၀တ်အစားကို လဲ၀တ်လို့ ခေါင်းကိုလည်း ခေါင်းလိမ်းဆီလိမ်း၊ ဆံပင်ကို ကျော့နေအောင် သ’တယ်။ ပြီးတော့ မှန်ကို ကြည့်တယ်။
” မျက်နှာက မည်းနေတာပဲ…”
မျက်နှာက အရောင်နုတဲ့ အ၀တ်အစားနဲ့ မအပ်စပ်သလိုဖြစ်နေတယ်။ ဒါနဲ့ သနပ်ခါးလိမ်းမယ်ဆိုပြီး ကျောက်ပြင်အနားကို ရောက်တော့ မမြမူ လိမ်းတဲ့ အာချီမိတ်ကပ်ဗူးကို တွေ့မိလေရဲ့။ ကိုသန်းဆောင် စိတ်ကူးပြောင်းလဲသွားတယ်။
    အာချီမိတ်ကပ်တွေကို မျက်နှာဆီမှာ ပွတ်ပြီး ဖုံနေအောင် လိမ်းကျံလိုက်တယ်။ ပြီးတော့ မိတ်ကပ်အစွမ်းကြောင့် မည်းနေတဲ့ မျက်နှာက ဖွေးသွားတာကို မှန်ထဲကနေ ပြန်ကြည့်ပြီး ကိုသန်းဆောင် ကိုယ့်ဘာသာ သဘောကျနေတော့တာပဲ။
    ” ဟင်…ကိုသန်းဆောင်၊ ဒါက ဘာတွေ လုပ်နေတာလဲ…”
ကောက်စိုက်ကနေ ပြန်လာပြီဖြစ်တဲ့ မမြမူက အိမ်ထဲ၀င်၀င်ချင်း သူ့ယောက်ျားကို မြင်ပြီး တအံ့တသြမေးတယ်။
” ဘောလုံးပွဲ သွားမလို့ မိန်းမရ…”
” ဟင်…တော့်ပုံစံလည်း တော်ပြန်ကြည့်ဦး။ ခုက ဘောလုံးပွဲသွားမှာလား၊ မင်္ဂလာသွားဆောင်မှာလား…”
    မမြမူက အငေါ်တူးတော့ ကိုသန်းဆောင် ရယ်လိုက်တယ်။
” အဲ့လိုတော့လည်း မဟုတ်ဘူးလေကွာ။ ဒီနေ့က နောက်ဆုံးနေ့ မှတ်လား။။ အဲ့ဒီတော့ လူကြားသူကြား တင့်တယ်အောင်လို့ ၀တ်စားရတာပေါ့။ ဒါနဲ့ မင်းကော လိုက်ဦးမလား…”
    ” အို…မလိုက်ပါဘူးတော်၊ ရှုပ်ရှုပ်ယှက်ယှက်။ ကျုပ် ဒါမျိုးတွေ ဘယ်တုန်းက လိုက်ကြည့်ဖူးလို့လဲ…”
    ” အေးပါ…အဲ့ဒါဆိုလည်း နောက်ကျနေပြီ၊ ငါ သွားတော့မယ်…”
ကိုသန်းဆောင် မမြမူကို လက်ပြနှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့တယ်။
မမြမူကတော့ ယောက်ျားလုပ်သူရဲ့ ကျောပြင်ကို လှမ်းကြည့်ပြီး ” ဒီနေ့ သိပ်ထူးဆန်းနေပါလား…” ရယ်လို့ တွေးမိရင်း ခေါင်းကို ခါရမ်းမိနေလေရဲ့။
*******
    ညနေနေ၀င်ရီတရော အချိန်…။
မမြမူတစ်ယောက် အိမ်ရှေ့ဆီကနေ ယောက်ျား ပြန်အလာကို စောင့်ဆိုင်းနေမိတယ်။
” ကိုသန်းဆောင်ကလည်း နောက်ကျလိုက်တာနော်။ တကတည်း ဒီက ဗိုက်ဆာနေပါပြီဆို၊ သူ့ကို မစောင့်ဘဲ စားရင်လည်း စိတ်ဆိုးပြန်ဦးမယ်…”
မမြမူ ခပ်တိုးတိုး ရေရွတ်မိတယ်။
အဲ့ဒီ့အခိုက် သူ့အိမ်ရှေ့ဆီကို လူသုံးယောက် သုတ်သီးသုတ်ပြာနဲ့ ရောက်လာခဲ့ရဲ့။
” မြမူ…မြမူ…”
” ဪ…ကိုကြီးသာစိန်တို့၊ သုတ်သီးသုတ်ပြာနဲ့ ဘာအရေးများရှိလို့လဲ…”
” နင့်ယောက်ျား သန်းဆောင် ကုံးသီးမှန်လို့ ဆေးရုံပို့ရတယ်…”
    ” ရှင်…”
ထင်မှတ်မထားတဲ့ စကားမို့ မမြမူ ရင်ဘတ်ကို ဖိရင်း ထိုင်ရက်သား လဲကျသွားရတယ်။
” ဟုတ်…ဟုတ်ရဲ့လား ကိုကြီးသာစိန်ရယ်။ ကုံးသီးမှန်တာ ကျွန်မယောက်ျားဆိုတာ ဟုတ်ကော ဟုတ်လို့လား…”
” အေး…ဟုတ်ဆိုမှ ဟုတ်ပဲ။ အခုပဲ ကျန်တဲ့သူတွေက မြို့ဆေးရုံကို သွားပို့နေကြတယ်။ ငါတို့သုံးယောက်က ရွာကို ပြန်အကြောင်းကြားကြတာ…”
မမြမူ ဘာပြန်ပြောရမယ် မသိဘူး။ခင်ပွန်းသည်အတွက် မျက်ရည်စတွေက တနင့်တပိုး ပါးပြင်ဆီကို လိမ့်ဆင်းကျလာခဲ့ရပြီး ခြံအပြင်ဆီကို အရူးတပိုင်းနဲ့ ပြေးထွက်သွားခဲ့တယ်။
    ” ဟေ့…သူတစ်ယောက်ထဲ တစ်ခုခု ဖြစ်နေဦးမယ်။ လိုက်သွားကြဦး…”
အခြေအနေက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။
ဆူညံသံတွေကြောင့် ပတ်၀န်းကျင်က လူတွေလည်း ချက်ချင်း ရောက်ရှိလာခဲ့ကြပြီး…။
” ဘယ်လိုများ ဖြစ်ရတာလဲ…”
    ” သန်းဆောင် ဘောလုံးပွဲမှာ ကုံးသီးမှန်လို့…”
” ဟာ…”
” ဖြစ်မှ ဖြစ်ရလေ…”
” အခု အခြေအနေကကော…”
    ” ဘယ်လိုများ ဖြစ်တာလဲ…”
    တစ်ယောက်တစ်ပေါက် မေးမြန်းသံတွေ စုံလင်လှတယ်။
” ဘောလုံးပွဲမှာ နှစ်ဖက်က ရွာသားတွေပါ ရန်ဖြစ်ကြပြီး လေးခွတွေနဲ့ ပစ်ကြတာကနေ သန်းဆောင်ရဲ့ နားထင်ကို ကုံးသီးလါမှန်တာပဲ…”
    ” အို ဘုရား…ဘုရား…”
ကြားမိသူတို့ သန်းဆောင်အတွက် ရင်ထိတ်ကုန်ကြရတယ်။ ပြောပြသူက…
    ” သန်းဆောင်က ရန်ပွဲထဲမှာ မပါဘူး။ သူအစကြည့်နေတဲ့ နေရာမှဆိုရင်လည်း ထိမှာမဟုတ်ဘူး။ ကြည့်နေရင်း ရေခဲချောင်းစားချင်လို့ဆိုပြီး ရေခဲချောင်းသည်အနား သွား၀ယ်စားပြီး အသည်ရဲ့ စက်ဘီးနား ထိုင်ကြည့်နေတာ။ အဲ့ဒါကို ကုံးသီးက စမုတ်တံကြားကနေ ဖြတ်ပြီး လာမှန်တာ…”
    ” ဟာ…ဖြစ်မှဖြစ်ရလေဗျာ။ သန်းဆောင်တို့ အဖို့များ ပါလာရော့သလား…”
    ” ဟုတ်တယ်…ငါတို့လည်း အဲ့ဒါကို ပြောချင်တာ။ တကယ်ဆိုရင်  ကုံးသီးက စမုတ်တံတွေကို မှန်ရမှာပဲကို၊ အခုက ကြားက ဖြတ်ပြီး တိုက်တိုက်ဆိုင်ဆိုင် သန်းဆောင်ကို မှန်တာ…”
    အဖြစ်က မဆန်းသလိုနဲ့ ထူးတယ်ပဲ ဆိုရပါမယ်။
အဲ့ဒီ့အချိန် တင်မြင့်ကတော့ နေ့လည်က သူငယ်ချင်းဖြစ်သူနဲ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်စဉ်းစားမိနေတော့ပါတယ်။
*******
    ကိုသန်းဆောင်တစ်ယောက် ဆေးရုံမရောက်ခင် လမ်းမှာတင် ဆုံးပါးသွားခဲ့ပါတယ်။
အလောင်းကို ရွာတွင်းဆီ ပြန်သယ်မရဘဲ ရွာအပြင် သုသာန်မှာပဲ ထားရစ်ပြီး သဂြိုဟ်ခဲ့ရတယ်။
သဂြိုဟ်ချိန်မှာ သရဏဂုံတည်ပြီး အလောင်းကို မြေဖို့ချိန်ကျတော့ နာရေးပို့လာကြတဲ့ သူတွေထဲဆီက မိန်းမတစ်ယောက်ကို ကိုသန်းဆောင် ၀င်ပူးခဲ့တယ်။
” မြမူ…မြမူ…ငါ သန်းဆောင်လေ။ မင်းကို သိပ်ချစ်တဲ့ မင်းရဲ့ လင် သန်းဆောင်ပါ။ ငါ့ကို သိုက်က ပြန်ခေါ်တာ။ ငါ မင်းကို မချစ်လို့ ထွက်သွားတာ မဟုတ်ပါဘူး။ မင်းဆီကို ငါ အခွင့်ရှိတိုင်း ပြန်လာခဲ့ပါ့မယ်ဟာ…”
ကိုသန်းဆောင် ၀င်ပူးခံရတဲ့ မိန်းမက ငိုသံပါကြီးနဲ့ အော်တာ။ ကြားရသူတို့ စိတ်မကောင်းဖြစ်ကြ၊ မျက်ရည်ကျကြနဲ့ပေါ့။
ရက်လည်တဲ့ ညမှာတော့ မမြမူရဲ့ အိမ်ဆီမှာ အလွန်ပဲ မွှေးပျံတဲ့ ရနံ့တွေ သင်းကြိုင်နေခဲ့တယ်။ ပြီးတော့ မမြမူရဲ့ အိပ်မက်ဆီကိုလည်း ကိုသန်းဆောင် ရောက်လာခဲ့ပြန်ပါတယ်။
အိပ်မက်ထဲမှာ ကိုသန်းဆောင်ရဲ့ အစွင်အပြင်က ရှေးခေတ်အ၀တ်အစားနဲ့။ သျှောင်တစ်စောင်းကြီးကိုလည်း ထုံးဖွဲ့ထားတယ်။ ပြီးတော့ ကိုသန်းဆောင်ရဲ့ အနောက်ပါးဆီက လိုက်ရင်း ဘုရားတစ်ဆူဆီကို ရောက်ခဲ့တယ်။
ဒီဘုရားကို မမြမူ ကောင်းကောင်းကြီးသိပါတယ်။
ချောင်းရဲ့ တစ်ဖက်ကမ်း၊ လယ်မရွာထိပ်ဆီမှာ ရှိတဲ့ ကျွဲထိုင်ဘုရားရယ်ပါ။ စေတီရဲ့ အလှမ်းမကမ်းမှာလည်း ကျောင်းထိုင်တွေ၊ ဘုန်းကြီးတွေ နေလို့မရတဲ့ ကျောင်းပျက်ကြီးကလည်း ထင်းလို့ပေါ့။
” ကိုသန်းဆောင်က ကျွဲထိုင်ဘုရားသိုက်ကပေါ့…”
မမြမူ ယုံကြည်မိခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကနေ နောက်ပိုင်းကာလတွေမှာတော့…။
မမြမူဟာ ကိုသန်းဆောင်ရဲ့ မွေးနေ့တိုင်းမှာ ကျွဲထိုင်ဘုရားဆီကို မရောက်ရောက်အောင် သွားဖြစ်ခဲ့ပြီး ခင်ပွန်းသည်အတွက်ကို ရည်မှန်းလို့ ကောင်းမှုကုသိုလ်တွေ ပြုပေးနေခဲ့တာ ယနေ့အချိန် အသက် ၆၀ ကျော်ခဲ့တဲ့ အချိန်အထိ တစ်နှစ်မှ မပျက်ခဲ့ပါပဲ…။
ပြီးပါပြီ။
နောင်ရိုး(ဆေးတပ်)