“သိုက်မှ ပြန်ခေါ်ခြင်းခံရသူ”(စ/ဆုံး)
————————————
ပရိုက်ဝရွာသူ/ရွာသားများမှာ ရွာဦးစေတီတော်၏ ဘုရားပွဲတော် နီးလာသဖြင့်
ပျော်ရွှင်နေကြသည်။ စေတီတော်မှာ
ပရိုက်ဝရွာနှင့် ဉယာဉ်စုရွာကြားတွင် တည်ရှိလေသည်။ ထိုစေတီတော်မှာ ရှေးဟောင်းစေတီတော်ဖြစ်ပြီး ဘုရားအောက်တွင် ဌာပနာတော်များကို စောင့်ရှောက်နေကြသော သိုက်စောင့်များ ရှိသည်ဟု လူကြီးသူမများက ပြောကြ၏။ တစ်ခါတစ်ရံတွင် စေတီတော်နားတွင်
ရှေးခေတ် အဝတ်အစားများဖြင့် အလွန်ချောမောလှပသော မိန်းမပျိုလေးများ ပြေးလွှားဆော့ကစားနေကြသည့်
ကလေးငယ်များကို တွေ့ရတတ်သည်ဟု
ဆိုကြသည်။
တစ်ရွာလုံး ပျော်ရွှင်နေကြပေမဲ့
ကိုထွန်းဝင်းနှင့် မစန်းမြင့်တို့ လင်မယားမှာ
မပျော်နိုင်ကြချေ။ အကြောင်းမှာ သူတို့၏
သားလေး ရန်နိုင်ကို အသက်(၇)နှစ် ပြည့်သည့်နှစ် ဘုရားပွဲတွင် သိုက်မှ ပြန်၍ခေါ်မည်ဆိုသောကြောင့် ဖြစ်လေသည်။
ရန်နိုင်ထွန်းလေးကို ကိုယ်ဝန်ဆောင်ထား
ခဲ့စဉ်က မစန်းမြင့်ကို ဒီကလေးမှာ ရွာထိပ်စေတီလေး၏ ဘုရားသိုက်ကဖြစ်ပြီး လူ့ပြည်ကိုလာချင်၍ ခဏပို့လိုက်ခြင်း ဖြစ်ကြောင်း ကလေးအသက်(၇)နှစ်ပြည့်သည့်နှစ် ဘုရားပွဲတွင် သိုက်သို့ ပြန်လည်ခေါ်ယူမည်ဟု အဘိုးအိုတစ်ယောက်မှ အိမ်မက်ပေးခဲ့ဖူးသည်။ ယခု ရန်နိုင်လေးမှာ အသက်(၇)နှစ်ပြည့်ခဲ့လေပြီ။
ရန်နိုင်ထွန်းမှာ မွေးကတည်းက ကြောင်တောင်လေးဖြစ်သည်။ လုပ်ချင်ရာကို စွပ်လုပ်တတ်သည်။
ကိုထွန်းဝင်းတို့ လင်မယားမှာ ရန်နိုင်ထွန်း
ကို ထိုနယ်တစ်ကြောမှ နာမည်ကြီးဆရာ/ဆရာမ မျိုးစုံနှင့်ပြသ၏။ သိုက်ကြိုးဖြတ်ခိုင်း၏။ သိုသော် မည်သည့်ဆရာ/ဆရာမကမှ သိုက်ကြိုးဖြတ်မပေးကြပေ။ မဖြတ်ရဲကြတာလဲ ပါသည်။ မဖြတ်ချင်ကြတာလဲ ပါသည်။ သိုက်ကြိုးဖြတ်ခြင်းသည် အလွန်
အန္တရာယ်များ၍ အကုသိုလ်လဲ များလေသည်။ သူတစ်ပါးမိသားစုအား ဖြိုခွဲသလိုဖြစ်ခြင်းကြောင့် အကုသိုလ်အလွန်ကြီးပြီး
မနိုင်ပါက အရှက်ကွဲပြီး အန္တရာယ်လဲ များ၏။ ဖြတ်နိုင်၍ ဖြတ်လိုက်ပါကလဲ
သိုက်စောင့်များ၏ အငြိုးထားခြင်းကို
ခံရပြီး ကံနိမ့်သောအချိန်၌ ကြီးစွာသော
ဒုက္ခပေးခြင်းကို ခံရတတ်လေသောကြောင့်
ဆရာ/ဆရာမများက လက်ရှောင်ကြလေသည်။ ထိုသို့ဖြင့် ဆရာကြီးစိုးမြင့်ထွန်းထံသို့ သွား၍ ပြသကြသောအခါ ဆရာကြီးက သိုက်ကြိုးဖြတ်မပေးပဲ အဆောင်လက်ဖွဲ့ကြိုးတစ်ခုကို လုပ်ပေးပြီး
“ဒီကြိုးလေးကို ကလေးရဲ့ လည်ပင်းမှာ
အမြဲဆွဲပေးထားပါ ဘယ်လိုအကြောင်းနဲ့မှ
မဖြုတ်မိပါစေနဲ့ ဒီကြိုးလေး ရှိနေသ၍ ဘယ်ပရလောကသားကမှ အန္တရာယ်မပေး
နိုင်ပါဘူး”
ဟုပြော၍ အနီရောင်ကြိုးလေးတစ်ချောင်း
ကို ပေးလိုက်လေသည်။ ကိုထွန်းဝင်းတို့လဲ
ထိုကြိုးလေးကို ရန်နိုင်ထွန်း၏ လည်ပင်းတွင် ဆွဲပေးထားလိုက်ကြလေသည်။
ထို့သို့ဖြင့် ဘုရားပွဲတော် မရောက်မှီ
သုံးလေးရက်အလိုကတည်းက မစန်းမြင့်မှာ ရန်နိုင်ထွန်းကို ခေါ်၍ ပရိုက်ဝရွာနှင့် ဝေးရာ ဆွေမျိုးများရှိရာ –ရွာသို့ သွား၍နေလေသည်။
ထိုသို့ဖြင့် ဘုရားပွဲတော်မှာ ကျင်းပပြီးစီးခဲ့လေပြီ ဖြစ်သည်။ မစန်းမြင့်မှာ ဘုရားပွဲတော် ကျင်းပပြီးစီး၍ လေးငါးရက်ကြာမှ ရန်နိုင်ထွန်းကို ခေါ်၍ ပရိုက်ဝရွာသို့ ပြန်လာခဲ့လေသည်။ ရွာရောက်သော်လဲ ရန်နိုင်ထွန်းမှာ ကျန်းကျန်းမာမာနှင့် ဘာမှဖြစ်မလာသောကြောင့် စိတ်အေးရလေသည်။
ထိုသို့ဖြင့် ဆယ့်လေးငါးရက်ခန့်မျှ
ကြာသောအထိ ဘာမှမဖြစ်သဖြင့် မေ့မေ့ပျောက်ပျောက် နေကြလေသည်။
တစ်နေ့ နေ့လည်တွင် မစန်းမြင့်သည် ရွာမြောက်ပိုင်းရှိ ဆွေမျိုးများအိမ်သို့ အလည်သွားလေသည်။ ရန်နိုင်ထွန်းလဲ လိုက်ပါလာနေ၏။ ထိုနေ့တွင် ရန်နိုင်ထွန်း၏ လည်ပင်း၌ ဆွဲပေးထားသော ဆရာကြီးဦးစိုးမြင့် လုပ်ပေးလိုက်သည့် အဆောင်
ကြိုးလေးမှာ မည်သူက ဖြုတ်သည်မသိ။
မရှိတော့ချေ။ သို့သော် သတိမထားမိကြပဲ
အမှုမဲ့အမှတ်မဲ့သာ နေကြလေသည်။
ညနေစောင်းတွင် အိမ်သို့ပြန်လာခဲ့လေသည်။ အိမ်သို့ရောက်ရောက်ချင်း
ရန်နိုင်ထွန်းမှာ ချောင်းထဲသို့
ရေဆင်းချိုးလေသည်။ ညသို့ရောက်သောအခါ အပူရှပ်၍ ဖျားလေတော့သည်။
ကိုထွန်းဝင်းနှင့် မစန်းမြင့်တို့ ပြုစုကုသနေသည့်ကြားမှပင် အပူကြီး၍ သတိလစ်သွားလေတော့သည်။
*****
ထိုညတွင် ဥယာဉ်စုရွာမှ ရန်နိုင်ထွန်း၏ ဦးလေးတော်စပ်သူ ကိုမောင်ထွန်းမှာ ထူးဆန်းသော အိမ်မက်ကို မက်လေသည်။
အိမ်မက်ထဲတွင် သူသည် ဉယာဉ်စုရွာမှ
ပရိုက်ဝရွာသို့ အသွား ရွာနှစ်ရွာကြားရှိ
စေတီတွင် ဆော့ကစားနေသည့်
ရန်နိုင်ထွန်းအား တွေ့လိုက်ရသဖြင့်
“ဟ ငါ့တူ ဘုရားမှာ လာဆော့နေတာလား
အိမ်ပြန်တော့လေ မင်းအမေစိတ်ပူနေမယ်”
ကိုမောင်ထွန်း၏ စကားကြောင့် ရန်နိုင်ထွန်းမှ မော့ကြည့်လာပြီး
“သားက ဒီမှာနေတာလေ ဦးရဲ့”
ဟု ပြောလေသည်။ ထိုအချိန်မှာပင် ကိုမောင်ထွန်း လန့်နိုးသွားပြီး တူဖြစ်သူအတွက် စိုးရိမ်သွားမိလေသည်။ ထို့ကြောင့် ဘေးနားတွင် အိပ်ပျော်နေသော
ဇနီး မခင်မာအား
“ခင်မာ ခင်မာ ထပါဦးဟ”
“ဟင် အင်းး ဘာဖြစ်လို့လဲ”
“ငါ အိမ်မက် မက်လို့ဟ အိမ်မက်ထဲမှာ ရန်နိုင်ထွန်းက ရွာကြားက ဘုရားမှာ ဆော့နေတာတွေ့လို့ ငါက အိမ်ပြန်လို့ပြောတော့ သူက သားက ဒီမှာနေတာလို့ ပြောတယ်ဟ
ငါ့တူ နေမှကောင်းရဲ့လား မသိဘူး”
“တော် စိတ်စွဲလို့ မက်တာနေမှာပါ ကလေးက အကောင်းကြီးပါ ညနေကမှ ရေချိုးနေသေးတာလေ”
မခင်မာ၏ စကားကြောင့် ကိုမောင်ထွန်း
အနည်းငယ် စိတ်အေးသွားရ၏။
သို့သော် မနက်မိုးလင်းလျှင် လင်းချင်းပင် ကိုမောင်ထွန်းမှာ ပရိုက်ဝရွာသို့ သွားလေသည်။ ကိုထွန်းဝင်းတို့ အိမ်သို့ ရောက်သောအခါ ရန်နိုင်ထွန်းမှာ အဖျားကြီး၍ သတိလစ်နေရာမှ သတိပြန်လည်လာခြင်း မရှိသဖြင့် မော်တော်ဖြင့် မြို့ဆေးရုံသို့
ပို့ရန် ပြင်ဆင်နေကြလေသည်။ ထို့ကြောင့် ကိုမောင်ထွန်းမှာ အိမ်မက်အကြောင်း မပြောအားတော့ပဲ တူဖြစ်သူကို မော်တော်ပေါ်သို့ ပွေ့ချီ၍ တင်ပေးလေသည်။ ထိုအခါ ထူးဆန်းစွာ
ရန်နိုင်ထွန်းမှာ ဇက်ကျိုးနေသဖြင့် ပခုံးဖြင့်
မှေးပြီး တင်ပေးလိုက်ရသည်။ မော်တော်ပေါ်သို့ တင်ပြီးသောအခါ ကျောကုန်းတွင် ကပ်စေးစေး ဖြစ်နေသဖြင့် လက်ဖြင့် စမ်းကြည့်လိုက်ရာ
“ဟာ..”
သူ၏ ကျောကုန်းတွင် သွေးများရွှဲနေ၏။ ရန်နိုင်ထွန်း၏ ခေါင်းကို ပခုံးပေါ်တွင် မှေး၍ ပွေ့ချီစဉ်က ရန်နိုင်ထွန်း၏ ပါးစပ်မှ
သွေးများ ထွက်ကျလာခြင်း ဖြစ်လေသည်။ ကိုမောင်ထွန်း အလွန် အံ့ဩသွားမိလေသည်။ ဖျား၍ သတိလစ်နေသူက အဘယ့်ကြောင့် ဇက်ကျိုး၍ ပါးစပ်မှ သွေးများ ထွက်ကျလာရသလဲ သူတွေးမရ။
ကိုထွန်းဝင်းတို့ ပို၍စိတ်ပူကြမည် စိုးသဖြင့်
မည်သူ့ကိုမှ မပြောပဲ နေလိုက်တော့သည်။
ရန်နိုင်ထွန်းမှာ ဆေးရုံတွင် နှစ်ရက်မျှ သတိလစ်နေပြီးနောက် ဆုံးပါးသွားလေတော့သည်။ ကိုထွန်းဝင်းနှင့် မစန်းမြင့်တို့မှာ သားဖြစ်သူအတွက် အလွန်စိတ်ဆင်းရဲ
ကြရပြီး အလောင်းကို ရွာသို့ ပြန်၍ သယ်လာခဲ့ကြလေတော့သည်။
ရန်နိုင်ထွန်း၏ ရက်လယ် အသုဘနေ့တွင် ဆွေမျိုးများ ရွာသူ/ရွာသားများမှ
နာရေးကို ကူညီလုပ်ကိုင်ပေးနေကြသည်။
ဦးလေးကိုမောင်ထွန်းမှာလဲ တူဖြစ်သူ၏
နာရေးကို စိတ်မကောင်းစွာဖြင့် ကူညီလုပ်ကိုင်ပေးနေလေသည်။
ထိုအချိန်တွင် မစန်းမြင့်အား
ရန်နိုင်ထွန်း၏ ဝိဉာဉ်မှ ဝင်ရောက်ပူးကပ်လေသည်။
“အဖေနဲ့ အမေကို ပြောစရာရှိလို့
ခွင့်တောင်ပြီး ခဏလာတာပါ သားကို သိုက်စောင့်သဘက်ကြီးက လည်လိမ်ချိုးလို့ သေခဲ့ရတာ ညက သားလာသေးတယ်
ရွာထိပ်နားက ခွေးတွေ ဝိုင်းလိုက်လို့ ပြန်ပြေးသွားခဲ့ရတာ သားအတွက်ရည်စူးပြီး
ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတန်းဝေပေးကြပါ ဒီဘဝက ကျွတ်လွတ်ချင်လှပါပြီ”
ဟု ပြောလေသဖြင့် ဖခင်ကိုထွန်းဝင်းက
“စိတ်ချပါ သားရယ် သားအတွက် ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတန်း
ပေးဝေပေးပါမယ်”
ဟု ကြေကွဲဆို့နင့်စွာဖြင့် ပြောလိုက်လေသည်။
“ကျေးဇူးတင်ပါတယ်အဖေ သား အချိန်သိပ်မရလို့ သွားတော့မယ်နော်”
ဟု နှုတ်ဆက်ပြီး မစန်းမြင့်၏ ခန္ဓာကိုယ်မှ
ထွက်ခွာသွားလေတော့သည်။
ထိုအခါကျမှ ရန်နိုင်ထွန်းကို မော်တော်ပေါ်သို့ ပွေ့ချီတင်ပေးခဲ့စဉ်က ဇက်ကျိုးနေခြင်း
ပါးစပ်မှ သွေးများစီးကျနေရခြင်းများကို
ကိုမောင်ထွန်း၏ သဘောပေါက်သွားရ
လေတော့သည်။
******
ဆုံးပါးသွားရှာပြီဖြစ်သော ကျွန်တော့
ညီဝမ်းကွဲဖြစ်သူ ရန်နိုင်ထွန်း၏ ဖြစ်ရပ်မှန်ပါခင်ဗျာ။
ကိုဖြိုး(ကျိုက်လတ်)
#credit