အကုသိုလ်ဟူသည်ပြေးမလွတ်

*အကုသိုလ်ဟူသည်ပြေးမလွတ်*📖📖📖

******************************

စ…ဆုံး

“​ညိုရေ…ညို…….”

“လာပြီ​ ကိုရေ…ညိုဒီမှာ သမီးလေးကိုရေချိုးပေးနေလို့”

“ဒါဆိုလည်းနေနေ…ကိုအပြင်ကပြန်ရောက်ပြီဆိုတာပြောတာ
ဒီမှာညိုနဲ့သမီးလေးအတွက်ကိုမုန့်ဝယ်လာခဲ့တယ်နော်”

“ဟုတ်ကဲ့…ညိုသမီးလေးကိုအရင်ပြင်ပေးလိုက်ဦးမယ်နော်”

“အေး…အေး…….”

မခင်ညိုနှင့်မောင်ဌေးလွင်တို့သည်
တစ်ဦးအပေါ်တစ်ဦးအလွန်ချစ်ခင်ကြသောဇနီးမောင်နှံပင်ဖြစ်သည်။
အိမ်ထောင်သက်သုံးနှစ်ကျော်အကြာ၌
ချစ်စဖွယ်သမီးရတနာလေးကိုလည်းပိုင်ဆိုင်ထားကြ၏။
မြို့ပေါ်၌တော့သူဌေးလေးမောင်ဌေးလွင်နှင့်သူဌေးကတော်
မခင်ညိုဟုဆိုလျှင်မသိသူမရှိကြ။
တစ်ဦးအပေါ်တစ်ဦးချစ်ခင်မှုနှင့်သူတို့၏
ကြွယ်ဝမှုကိုလူများက အားကျနေကြရသည်။

“ဒီမှာညိုရေ…ညို့အတွက် ကို့ရဲ့ချစ်သက်လက်ဆောင်”

“အို…ပတ္တမြားလည်ဆွဲလေးပါလား …လှလိုက်တာကိုရယ်”

မောင်ဌေးလွင်သည် ဇနီးသည်အပေါ်၌ အလွန်ချစ်ရှာ၏။
လိုလေသေးမရှိအောင်လည်းထားရှာသည်။

“ကို…ညိုလေ…ညို့ရဲ့မွေးရပ်မြေကုန်းရိုးရွာမှာ
ဘုန်းကြီးကျောင်းအတွက်ရေတွင်းလေးလှူချင်တယ် အဲ့တာ…”

“အိုကွာ…ညို ကလည်း…ညိုလှူချင်တာမလား…
ညို့သဘောက ကို့ရဲ့သဘောပါ…
ညိုစိတ်ကြိုက်သာလုပ်”

“ကျေးဇူးတင်ပါတယ်ကိုရယ်…”

“မလိုပါဘူးဗျာ…မလိုပါဘူး”

ထိုကဲ့သို့တစ်ဦးအပေါ်တစ်ဦးချစ်ခင်ကြသော
မခင်ညိုနှင့်မောင်ဌေးလွင် တို့၏မိသားစုဘဝလေး၌
မဒေစီဆိုသော အမျိုးသမီးတစ်ဦးဝင်ရောက်လာခဲ့လေသည်။
မဒေစီသည် အပျော်အပါးလောင်းကစားတပ်မက်လှသော
ခပ်ရှုပ်ရှုပ်…ခပ်ပွေပွေအမျိုးသမီးဖြစ်၏။
တစ်လင်မကောင်းတစ်လင်ပြောင်းဆိုသည့်စကားကိုလက်ကိုင်တုတ်သဖွယ်အသုံးပြုနေသူတစ်ယောက်လည်း
ဖြစ်သည်။
ငွေကြေးရှိယောကျာ်းတို့အားမြူစွယ်ချွေးသိပ်ပြီး
ရနိုင်သမျှယူတတ်သော မိန်းမစားတစ်ဦးပင်။
ထိုမဒေစီ၏ကွန်ယက်၌ငြိတွယ်မိသူများထဲ၌
မောင်ဌေးလွင်လည်းပါဝင်လာခဲ့ပေသည်။
မောင်ဌေးလွင်၏အပေါင်းအသင်းများအားပေးမှုကြောင့်ပင်
မဒေစီနှင့်မောင်ဌေးလွင်တို့တွယ်ငြိကြတော့၏။

“မောင်…..”

“ဗျာ…….”

“မောင့်မိန်းမကိုဘယ်တော့ကွာမှာလဲ”

“အဲ့တာက………..”

မောင်ဌေးလွင်သည် မဒေစီ၏
နောက်ကြောင်းရာဇဝင်ကိုသေချာမသိပေ။
သို့သော် မဒေစီကိုမတွေ့ရလျှင်မနေနိုင်အောင်စွဲလမ်းနေမိ၏။

“မောင်လို့….မောင်ပြောတော့ဒေစီနဲ့နီးချင်ပြီဆို…
အဲ့သလ်ိုဒေစီနဲ့နီးချင်ရင်မောင့်ဘက်ကဟိုမိန်းမကို
အိမ်ပေါ်ကနှင်ချမှဖြစ်မှပေါ့လို့”

“အင်း…မောင်ကြိုးစားပါ့မယ်ကွာ…”

မဒေစီသည်မောင်ဌေးလွင်၏အဖြေကိုအားမရပေ။
မောင်ဌေးလွင်ကိုယ်တိုင်ကလည်း မခင်ညိုကိုသနားနေမိ၏။
ချစ်ခင်လာသောသက်တမ်းတလျှောက်၌ မခင်ညိုသည်
ဇနီးသည်တာဝန်ကိုကျေပွန်ခဲ့ယုံတင်မက
သူတို့၏သမီးလေးမျက်နှာကိုမြင်ယောင်ရင်း
မောင်ဌေးလွင်ကွာရှင်းဖို့မဝံ့မရဲဖြစ်နေပေသည်။
မောင်ဌေးလွင်နှင့်မဒေစီ၏သတင်းများကလည်း
မခင်ညိုနားသို့ဝင်ရောက်လာသည့်တိုင်တိုင်…

“ညိုလေ…ကို့ကိုယုံပါတယ်…ဒါကြောင့်
ဘယ်သူတွေဘာပဲပြောပြောညိုမယုံဘူးကို”

မခင်ညို၏စကားကြောင့်
မောင်ဌေးလွင်သက်ပြင်းချနေမိသည်။
မဒေစီဘက်မှလည်း မိမိ၏ငွေကြေးများကိုပါ
ဝင်ရောက်စွက်ဖက်နေတော့သည်မို့မောင်ဌေးလွင်ပို၍
စိတ်ရှပ်ထွေးနေရသည်။
မဒေစီသည် လောင်းကစားကိုအကြီးအကျယ်ဆော့၏။
မိမိဆီမှ ငွေတောင်းတိုင်း မဒေစီကို မောင်ဌေးလွင်မငြင်းဆန်ဘဲ
အမြဲထုတ်ပေးတတ်သည်။
ပြန်၍စဥ်းစားကာမှ မောင်ဌေးလွင် စိတ်ညစ်ရ၏။

“ဒေစီ…မင်းဘာလို့ဒီလောက်လောင်းကစားတွေ
လုပ်နေရတာလဲကွာ…”

ဟု…မေးသောအခါ မဒေစီသည် မဲ့ပြုံးတစ်ချက်ဖြင့်….

“​မောင်ကဒေစီကိုအပျော်မယားအနေနဲ့ပဲထားတာမလား…
မောင့်မယားကြီးကိုတော့စံအိမ်ထဲမှာပိုးမွေးသလိုမွေးထားတော့
ဒေစီမှာလည်းပျော်စရာဆိုလို့ဒီလောင်းကစားပဲရှိတော့တာလေ…ဒါဒေစီအပြစ်လားမောင်…ပြောစမ်းပါဦးမောင်ရဲ့…
ဒေစီရဲ့အပြစ်လားလို့”

“ဟာကွာ…တောက်…..”

မောင်ဌေးလွင်မိမိကိုယ်ကိုသာ စိတ်ဆိုးမိတော့၏။
တစ်ရက်၌ ဒေစီသည်…

“မောင်…ဒေစီမေးနေကြဆရာက ​မောင့်မှာအသက်အန္တရာယ်ရှိတယ်လို့ပြောနေတယ်…အဲ့တာဒေစီစိုးရိမ်လို့ ယတြာချေ ဖို့မေးတော့ ဆရာက ဟောသည်အမှုန့်လေးတွေကို မောင်တို့လင်မယားအိပ်တဲ့အခင်းအောက်မှာဖြူးပါတဲ့မောင်…
ဒေစီလေ မောင့်အတွက်စိုးရိမ်တယ်မောင်ရယ်…
ဒါကြောင့်ဒေစီပြောတာလေး​မောင်လုပ်ပေးပါနော်…
နော်လို့မောင်…”

“အင်းးးးး….ကောင်းပါပြီ ဒေစီသဘောပါပဲ”

မောင်ဌေးလွင်သည် မဒေစီပြောသည်ကိုခေါင်းညိတ်၍
မဒေစီထံမှ ဖြူဖြူအမှုန့်ထုပ်လေးများအား ယူလိုက်တော့သည်။
အိမ်၌ကမခင်ညို၏မိခင်ကြီးဒေါ်စောအလည်ရောက်
နေသည်မို့ မောင်ဌေးလွင် အရင်ရက်များထက်အသွား
အလာဆင်ခြင်နေရ၏။

“ငါ့သားလည်း…အလုပ်တော်တော်များပေတာပဲကွယ်…
တော်တော်လည်းမောနေရှာမှာပေါ့လေ…
ဟင်း…မယားငယ်အိမ်နဲ့ကူးချည်သန်းချည်
လုပ်နေရတာဆိုတော့”

“မေမေ…”

ယောက္ခမကြီးဒေါ်စောမှာသမီးဖြစ်သူအတွက်မောင်ဌေးလွင်ကို
ဒေါသထွက်နေခဲ့ရှာသည်။
မောင်ဌေးလွင်ကတော့ပြောသမျှကို ခေါင်းလေးငုံ့ကာနေရှာသည်။
မခင်ညိုကတော့မိခင်ဖြစ်သူကိုတားဆီး၏။

“ခင်ညို…ညည်းအသာနေစမ်းပါအေ…
ညည်းလင်မဟုတ်လို့…ဒီသတင်းက ငါတို့ရွာထိပျံ့လာတာ…
ငါရှက်တယ်အေ့….ငါရှက်တယ်…။
ဘယ့်နဲ့အေ…လူရိုး…လူအေး…လူ့မင်းသားလေးဆိုလို့…
ငါသမီးနဲ့စိတ်ချခဲ့ရတာ…
အခုတော့ကြည့်စမ်းပါဦး…ညည်းလင်က ဘီလူးအေ့..
ဘီလူး…မင်းသားမျက်နှာဖုံးဆောင်းထားတဲ့ဘီလူး…
ဒင်းကြောင့်တို့မိဘများအရှက်ရကြတာကို
ညည်းကြည့်ကောင်းသလား ခင်ညို…
ဟမ်ပြောစမ်းပါဦး…ဇနီးအလိမ္မာကြီးရဲ့……..”

ဒေါ်စောသည်သမီးဖြစ်သူကိုမာန်မဲလေတော့
မောင်ဌေးလွင်လည်းမည်သည်မှမပြောတော့ဘဲ
သူ၏အိပ်ခန်းအတွင်းသို့​ဝင်သွားတော့၏။

“မေမေရယ်…အစ်ကိုမှားတဲ့အမှားက
ခဏတာအမှားပါ…
သမီးလေးမျက်နှာကိုထောက်ပြီးသူပြင်လာမယ့်အချိန်
သမီးစောင့်ပါရစေမေမေ…။
အခုချိန်မှာသွေးပူပူနဲ့ထင်ရာလုပ်မိရင်
သမီးတို့မိသားစုလေးပြိုကွဲသွားလိမ့်မယ်မေမေရဲ့”

မခင်ညိုသည် မိခင်ကြီးကိုမျက်ရည်လေးတစမ်းစမ်းဖြင့်
ပြောရှာသည်။
မိခင်ကြီးမှာလည်းသမီးဖြစ်သူအတွက်စိတ်မကောင်းဖြစ်ရင်း…

“မသိတော့ပါဘူး မိခင်ညိုရယ်…
ညည်းကောင်းမယ်ထင်သလိုပဲလုပ်ပါတော့အေ”

ဟုသာ…ပြောရှာတော့သည်။

မောင်ဌေးလွင်မှာလည်း မဒေစီပေးလိုက်သော
အမှုန့်ထုပ်ကိုဖြူးဖို့ရန်လူအလစ်ကိုကြည့်ရသေး၏။

ထိုသို့ဖြင့်တစ်ရက်မှာတော့…
မောင်ဌေးလွင်ထိုအမှုန့်ထုပ်ကိုအိပ်ရာခင်းအောက်
ဖြူးနေချိန်၌ အိမ်ဖော်မလေးတစ်ဦးမှမြင်သွားလေရာ
ထိုအကြောင်းသည် ဒေါ်စော၏နားဆီသို့ရောက်လာခဲ့တော့၏။
သားမက်ဖြစ်သူ၏လုပ်ရပ်ကိုဒေါ်စောတွေးတောရင်း
သမီးဖြစ်သူကိုခေါ်၍…

“ငါ့သမီး…တစ်ခုခုတော့မှားနေပြီလို့အမေထင်တယ်အေ့”

“ဘာများလဲမေမေ…”

“ညည်းတ်ို့ကမြို့မှာနေ…အရေးပိုင်အရာရှိတွေနဲ့
ခင်မင်ပြီးအနောက်တိုင်းဆန်နေကြတော့
ဒီကိစ္စကိုညည်းလက်ခံချင်မှလက်ခံလိမ့်မယ်…
ဒါပေမယ့်…အမေထင်တာကိုတော့ပြောရလိမ့်မယ်အေ…
အင်း…အမေထင်တာကတော့
ညည်းယောကျာ်းဆေးမိနေတာပဲဖြစ်ရမယ်”

“ရှင်…ဆေးမိတယ်…ဆေးမိတယ်ဆိုတာဘာလဲမေမေ”

“ညည်းနားလည်အောင်ပြောရရင် ဆေးမိတယ်ဆိုတာ
အောက်လမ်းအတတ်နဲ့ဖမ်းစားတယ်လို့ဆိုရမယ်…
အမေသိတဲ့မောင်ဌေးလွင်ဆိုတာ ဇနီးနဲ့သမီးအပေါ်
အလွန်ချစ်ခင်ရှာပြီးယောက္ခမကိုမိဘလိုသဘောထားတတ်တဲ့
လူစား…အခုတော့ကြည့်လေ…တို့တွေအားလုံးကို လူသေလိုအပြုံးအရယ်မရှိနှုတ်ဆိတ်ပြီးဆက်ဆံနေလိုက်ပုံများ”

မခင်ညိုသည်မိခင်ကြီးပြောလေမှ စဥ်းစားမိတော့၏။
မောင်ဌေးလွင်၏အဖြစ်အပျက်များကို
အစမှနေ၍စဥ်းစားမိလာရင်း…

“ဒါဆို…သမီးတို့ဘာဆက်လုပ်ရမလဲမေမေ…
အစ်ကို့ကိုအရင်လိုဖြစ်အောင် ကုသလို့ရပါ့မလားဟင်…”

“အေး…အခုလည်းဟိုကောင်မက
ဘာခိုင်းလိုက်တယ်မသိဘူး…
ညည်းတို့အိပ်ရာခင်းအောက်မှာအမှုန့်တွေဖြူးနေတယ်လို့
အိမ်ဖော်မလေးက လာပြောသွားလို့အမေသွားကြည့်ပြီးပြီး
အဲ့တာတွေလည်းဒင်းမရှိတဲ့အချိန်မှ
သေချာဆေးကြောပစ်ရဦးမယ်…”

“ဘုရား…ဘုရား…သမီးတော့နားမလည်တော့ဘူးမေမေ”

“ညည်းနားမလည်တာအသာနေ….အမေဒီကိစ္စကို
ရအောင်အဖြေရှာမယ်…”

“ဘယ်လိုအဖြေရှာမှာလဲမေမေ…”

“သောင်ထွန်းရွာကဘွားမယ်စ်ိန်ကို ဒီကိုပင့်ခေါ်မယ်အေ”

“ဘွားမယ်စိန်ဆိုတာဘယ်သူလဲမေမေ”

“ဘွားမယ်စိန်ဆိုတာကအေ…အမေတ်ို့ကုန်းရိုးရွာရဲ့
ကျေးဇူးရှင်ပေါ့….ဟိုးတစ်ခါက အမေတို့ကုန်းရိုးရွာမှာ
ဓားပြတွေဝင်မယ်ဆိုပြီးလာသတိပေးတဲ့
ဘွားလေငါ့သမီးရဲ့…သေသွားတဲ့ငနွားမောင်ရဲ့ဝိညာဥ်က
ဘွားဆီကိုလာအကူအညီတောင်းတာကြောင့်
အမေတို့…ကုန်းရိုးရွာလည်း
ဓားပြဒဏ်မခံလိုက်ရတာလေအေ…”

“သြော်…အဲ့သည်ကိစ္စကျွန်မသိလိုက်တယ်လေ…”

(ဘွားမယ်စိန်နှင့်သရဲငနွား​မောင်စာမူကိုပြန်ဖတ်လို့ရပါတယ်)

“အေးးးး…..အဲ့သည်ဘွားကိုအမေက ဒီကိုပင့်လာခဲ့ချင်တာ…
ဒါမှအဆိုးအကောင်းဘာဆက်လုပ်ရမလဲဆိုတာ
အမေတို့အဖြေပေါ်ကြမှာအေ့”

“အင်းးးးမေမေ ပြောတာမဆိုးပါဘူး…
ဒါပေမယ့် အစ်ကိုမေးရင်ဘယ်လိုဖြေကြမလဲ”

“အိုအေ..အမေ့ဘက်ကကြီးတော်လို့ပြောပြီးခေါ်ခဲ့ရမှာပေါ့…
ဘာထူးဆန်းမလဲ…အခုဆိုဘွားအသက်ကလည်း
ခုနှစ်ဆယ်ကျော်ပြီလေအေ့”

“မေမေကောင်းမယ်ထင်သလိုသာလုပ်ပါတော့…”

ဘွားမယ်စိန်အကြောင်းအမှတ်ရလိုက်သော
ဒေါ်စောတစ်​ယောက်ဝမ်းသာနေမိသည်။
ယခုပြသာဒ်နာကိုဘွားမယ်စိန်ဖြေရှင်းပေးနိုင်သည်ဟု
ဒေါ်စော ယုံကြည်နေသည်။
ထိုသို့ဖြင့်သောင်ထွန်းရွာသို့သွားကာ
ဘွားမယ်စိန်ကိုပင့်ခေါ်ဖို့ခရီးထွက်လာခဲ့တော့၏။
ကျန်ရစ်ခဲ့သော မခင်ညိုတစ်ယောက်မှာတော့
ရင်တလှပ်လှပ်ဖြင့် စိတ်တို့ဂနာမငြိမ်ဖြစ်နေရှာခဲ့သည်။

“အမေရေ…ဧည့်သည်ရောက်နေတယ်…”

“အေး…လာပြီ..လာပြီ…”

ဘွားမယ်စိန်ဘုရားခန်းရှိသူ၏လက်ဆွဲတော်တောင်ဝှေးကို
ရေဖြင့်သန့်စင်ပေးနေချိန် ကွပ်ပျစ်မှ ဒေါ်ဝင်း၏ခေါ်သံကြောင့်
ကွပ်ပျစ်ရှိရာသို့ဆင်းလာခဲ့တော့၏။
ကွပ်ပျစ်၌ထိုင်နေသော ဝဝဖိုင်းဖိုင်းမိန်းမကြီးကို
ကြည့်လိုက်ပြီး…

“ဘယ်သူများတုန်းကွဲ့”

ဟုမေးလိုက်သောအခါ…

“ကျုပ်ကကုန်းရိုးရွာကပါ ဘွားရဲ့…”

“ကုန်းရိုးရွာ ရင်းတော့ရင်းနှီးသလိုပါပဲ…
ဘွားကလည်းမှတ်ရတာများတော့ရောထွေးနေတယ်ကွဲ့”

“ကျုပ်တို့ရွာကတော့ဘွားရဲ့ကျေးဇူးကိုမမေ့ကြပါဘူးတော်…
ဘွားကြောင့်ကျုပ်တို့ရွာဓားပြတွေရန်က လွှတ်ခဲ့ရတယ်လေ…”

ဟုပြောသောအခါဘွားမယ်စိန်စဥ်းစားရပြန်သည်။

“ဟို…သရဲငနွားမောင်လေ…
သူအိမ်မက်ပေးတာကြောင့်ဆိုပြီး…ဘွား
ကျူပ်တို့ရွာကိုရောက်လာခဲ့တာလေတော်”

“သြော်…အေး…အေး…မှတ်မိပြီ…မှတ်မိပြီ…
အခုလာရတာကရော ဘာကိစ္စရှိပြန်တာလဲ”

“ကိစ္စကတော့ကျုပ်တို့ရွာမှာမဟုတ်ဘူးတော့်…
မြို့က ကျုပ်သမီးအိမ်မှာ…”

“ဟေ…ဘာအရေးများလဲ”

“အရေးကတော့ ဒီလိုပါဘွား…………………..”

ဟု…အစချီ၍ မောင်ဌေးလွင်နှင့်မဒေစီတို့၏
အကြောင်းများကိုပြောပြလေသည်။
ဘွားမယ်စိန်ကလည်းခေါင်းတညိတ်ညိတ်ဖြင့်
နားထောင်၏။

“အဲ့တာ…ကျုပ်ဘွားကိုဟိုဆီကိုပင့်ခေါ်ချင်လို့လာခဲ့ရတာပါ”

“အေး…ဘွားဘက်ကိုဒီလို
တကူးတကလာပင့်တော့လည်း​ လိုက်ရမှာပေါ့အေ…
ဒါ့ထက်ညည်းနာမည်ကဘယ်သူတုန်း”

“ကျုပ်နာမည်ကဒေါ်စောပါဘွား”

“အေး…အေး…မစော…ညည်းစ်ိတ်သာချဘွားလိုက်ခဲ့မယ်”

ဒေါ်စောလည်းဝမ်းသာသွားတော့သည်။
ထိုခရီး၌မောင်တိုးနဲ့မောင်အုန်းကိုဘွားမယ်စ်ိန်
ခေါ်မလာခဲ့ဖြစ်။
အကြောင်းမှာက ယောကျ်ားသားများကို
ခေါ်လာခဲ့လျှင်မောင်ဌေးလွင်နှင့်မလိုလားအပ်သော
စကားများပြောရမည်ဆိုးသောကြောင့်ပင်။
ထို့​ကြောင့်ဘွားမယ်စိန်တစ်ဦးထဲသာ
ဒေါ်စော၏လှည်းဖြင့်လိုက်လာခဲ့တော့၏။
မြို့ပေါ်ရှိ မခင်ညိုတို့၏နေအိမ်ဆီသို့ရောက်လေတော့
မခင်ညိုမှာဝမ်းပန်းတသာကြိုဆိုရှာသည်။
မောင်ဌေးလွင်သည်က အိမ်၌မရှိခဲ့။

“သမီး…ဒါ အမေပြောတဲ့ဘွားမယ်စ်ိန်ပဲ…
ဘွား…ဒါကျွန်မသမီးမခင်ညိုတဲ့”

“ဟုတ်ကဲ့…တွေ့ရတာဝမ်းသာပါတယ်ရှင့်”

“အေးကွယ်…ဘွားလည်းထပ်တူပါပဲ”

ထိုနေ့က ခရီးပန်းလာ၍အနားယူဖို့ရန်
ဘွားမယ်စိန်အတွက်နေရာထိုင်ခင်းကို
မခင်ညိုကစီစဥ်ပေးလေသည်။
စံအိမ်ကြီးထဲဘွားမယ်စိန်ကြည့်ရှု့နေစဥ်
ကျက်သရေအဖြာဖြာဖြင်ပြည့်စုံလှသောဘုရားခန်းကို
ကြည့်ရင်းဘွားမယ်စိန်ကျေနပ်နေတော့၏။
မခင်ညိုကိုလည်း….

“ညည်းကဘုရားတရားအလွန်လိုက်စားတဲ့ကလေးမပဲ…
ကောင်းတယ်…ကောင်းတယ်…ရတနာသုံးပါးမြဲမြံသူ၊ငါးပါးသီလမြဲသူ၊စိတ်ထားမြင့်မြတ်တဲ့သူတွေကို
ပရောဂအတိုက်နဲ့အောက်လမ်းပညာသည်တွေက
အစီအရင်တိုက်ဖို့မလွယ်ဘူး…။
ကံနိမ့်လို့ခံရရင်တော့တကြောင်းပေါ့အေ…”

“ဟုတ်ကဲ့ပါဘွား…”

“အင်း…ဒါ့ထက် ညည်းယောကျ်ားကော ဒီရက်ပိုင်း
ဘာထူးခြားသေးလဲ…”

“အယ်…ဘွားပြောမှပဲကျုပ်သတိရတော့တယ်…
အစ်ကိုအခုတလောအိမ်ကိုပြန်လာရင်
ကျွန်မကိုရောအိမ်ဖော်တွေပါမကျန်
ဒေါသတကြီးနဲ့ဆက်ဆံတတ်တယ်ဘွား…
ကျွန်မဖြင့်တစ်ခါမှအခုလို
အစ်ကိုစိတ်ကြမ်း၊လူကြမ်းဖြစ်တာ
မမြင်ဖူးခဲ့ဘူးတာအမှန်ပဲဘွားရယ်…”

မခင်ညိုပြောလေတော့ဘွားမယ်စိန်လည်း
ခေါင်းလေးကိုဖြေးညှင်းစွာညိတ်၍…

“မောင်ဌေးလွင်ဘယ်အချ်ိန်မှအိမ်ကို
ပြန်လာမှာလဲကလေးမ”

“ခန့်မှန်းချိန်ကတော့ညနေခြောက်နာရီ…
ခုနှစ်နာရီလောက်ပါပဲဘွားရဲ့…”

“ဒါဆိုရင်ဒီညနေသူအပြန်အလာကို
ဘွားတို့စောင့်ကြတာပေါ့”

“ဘွားကချက်ချင်းကြီးသူနဲ့တွေ့တော့မလို့လား”

“ဒါပေါ့အေ…အချိန်ဆွဲရအောင်ပျော်စရာကိစ္စမှ
မဟုတ်ဘဲအေ့”

“ကျွန်မဘက်ကရော
ဘွားအတွက်ဘာများပြင်ဆင်ပေးရဦးမလဲ”

“ရတယ်…ရတယ်…ဘာမှမလိုဘူး
အဲ့အချိန်ကျမှ ဘွားခိုင်းတာလုပ်…ဟုတ်ပြီလား…”

“ဟုတ်ကဲ့ပါဘွား”

ထိုသို့ဖြင့် မနက်ခင်း၌အနားယူပြီးသော်
ညနေခင်းမောင်ဌေးလွင်ပြန်အလာကို ဧည့်ခန်း၌စကားပြောရင်းဖြင့်စောင့်နေကြတော့သည်။

“ဟော…အစ်ကိုပြန်လာပြီ…”

မောင်ဌေးလွင်သည် အိမ်အတွင်းသို့ဝင်လာခဲ့သော်
ဧည့်ခန်း၌ ထိုင်နေသော လူများထဲမှဘွားမယ်စိန်ကို
စူးစိုက်ကြည့်နေ၏။

“ကို…လာပါဦး…ဒီမှာဘွားနဲ့မိတ်ဆက်ပေးချင်လို့ပါ”

မခင်ညိုသည် လက်ကိုတွဲကူ၍ခေါ်လေတော့
မောင်ဌေးလွင်မလိုက်ချင်လိုက်ချင်ဖြင့်လိုက်လာခဲ့ရှာသည်။
ဘွားမယ်စိန်သည်က မောင်ဌေးလွင်ကိုပြုံးကြည့်နေရင်း…

“လူလေး…လာထိုင်ပါဦးကွယ်…”

ဟုပြောလေတော့ မောင်ဌေးလွင်သည် အသာတကြည်ပင်
ဝင်ထိုင်တော့၏။

“လူလေး…ဘွားပြောတာသေချာနားထောင်နော်…
လူလေးစိတ်တွေကိုလျော့ထားပါ…
အသက်ကိုဖြေးဖြေးမှန်မှန်ရှုပေး…”

ဘွားမယ်စိန်သည် ထိုင်နေသောခုံအထက်မှထ၍
မောင်ဌေးလွင်၏နောက်ကျောဘက်ဆီသို့
တစ်လှမ်းခြင်းလှမ်းလာခဲ့၏။
မောင်ဌေးလွင်သည်က ငြိမ်သက်စွာထိုင်နေခဲ့သည်။
မခင်ညိုနှင့်ဒေါ်စောကတော့စိတ်ဝင်တစားကြည့်နေကြ၏။
အိမ်၌အကူခေါ်ထားသော အိမ်ဖော်မ လေးများပင်သူတို့လူစုလေးအတိုင်းမလှမ်းမကမ်း၌ရပ်၍ကြည့်နေကြသည်။

“လူလေး…မကောင်းတာကိုမကောင်းမှန်းသိရဲ့နဲ့
ကိုယ့်စ်ိတ်ကိုယ်မထိန်းနိုင်နေတာမလား…
ကျန်လူမသိပေမယ့် ဘွားသိတယ်လူလေး…
လူလေးရဲ့ခန္ဓာကိုယ်ထဲမှာဝင်ရောက်နေတဲ့
မကောင်းတဲ့အရာတွေကိုဘွားမြင်တယ်….
ကဲ…ဘုရား…တရား ၊သံဃာကို
စိတ်ထဲကနေ ဦးတိုက်…ဦးတိုက်လိုက်လူလေး…”

ဟုဆိုကာ မောင်ဌေးလွင်၏ခေါင်းကိုလက်ဖြင့်သပ်ချပေးသည်။
ပြီးနောက်မောင်ဌေးလွင်၏ခေါင်းလေးကိုလက်ဖြင့်ကိုင်တွယ်ထားပြီး နှုတ်မှဂါထာများကိုရွတ်ဆိုပြန်၏။
ဂါထာရွတ်ဆိုပြီးလေမှ…

“လင်ဗန်းတစ်ချပ်နဲ့သောက်ရေတခွက်ယူပေးကြပါ”

ဟု…ခိုင်းလေတော့ အိမ်ဖော်မလေးတွေ
ပြာယာခက်ကုန်ကြသည်။
လင်ဗန်းတစ်ချပ်နှင့်သောက်ရေတစ်ခွက်ရလာတော့
လင်ဗန်းကို မောင်ဌေးလွင်၏အရှေ့၌ချပေးပြီး
သောက်ရေခွက်ကိုကိုင်ကာသူ၏လက်ညိုးဖြင့်မွှေနှောက်၍…

“ဘုရားဆေး…တရားဆေး…သံဃာဆေး…
ပျောက်စရာပျောက်…ဖယ်စရာဖယ်…ရှားစရာရှား…
ငါဟဲ့မယ်စိန်……..”

ဟုပြောအပြီး…

“လူကလေး…ရော့…ရော့…ဒါလေးကိုသောက်လိုက်…”

ဟု…ခိုင်းလေ​တော့ မောင်ဌေးလွင်သည်
ဘွားမယ်စိန်ပြောသည့်အတိုင်းရေခွက်ကိုယူ၍
မော့သောက်လေရာ ခွက်အတွင်း၌
ရေတစ်စက်ပင်မကျန်တော့ပေ။
မခင်ညိုတို့မှာလည်းမည်သို့ဖြစ်လေမလဲအတွေးများဖြင့်
ကြည့်နေကြပြန်သည်။
မကြာပါ မောင်ဌေးလွင်တစ်ယောက်

“ဝေါ့…ဝေါ့…..”

တဝေါ့ဝေါ့မြည်သံများပေး၍ လင်ဗန်းထဲသို့
အန်ချတော့သည်။
ဘွားမယ်စိန်က မောင်ဌေးလွင်၏ခေါင်းကို​ဖြေးညှင်းစွာ
သပ်ချပေးနေ၏။
မောင်ဌေးလွင်မှာလည်းအန်ရတာအားကုန်သွားသည့်အလား
ခုံတန်းပေါ်၌လူသည်ယိုင်တိုင်တိုင်လေးထိုင်နေခဲ့ရှာသည်။

“ပင်ပန်းသွားပြီကွယ်…ကဲပါ…သူ့ကိုနားခိုင်းလိုက်ကြဦး…”

မခင်ညိုသည်မောင်ဌေးလွင်ကိုတွဲကူ၍
အခန်းဆီသို့ခေါ်သွားလေသည်။
အိမ်အကူလေးများက မောင်ဌေးလွင်အန်ထားသော
လင်ဗန်းကိုယူမည်ပြုလေတော့
ဘွားမယ်စိန်သည်…

“ဟဲ့…ကလေးမတွေ…အဲ့တာကိုမကိုင်ကြနဲ့ထားခဲ့…။
ဘွားကိုမီးဖိုပြင်ပေး…ပြီးရင်အဲ့မီးဖိုအပေါ်မှာ မြေအိုးတစ်လုံးတင်ပေးထားကြကွဲ့”

“ဘွားခိုင်းတာလုပ်ပေးလိုက်ကြဦး”

ဒေါ်စောကပါဝင်ပြောလေသည်။
အိမ်ဖော်မလေးများသည် မီးဖိုအတွင်း၌ဘွားမယ်စိန်ပြောသည့်အတိုင်းလုပ်ပေးကြ၏။
ဘွားမယ်စိန်သည်.လင်ဗန်းအတွင်း၌
မောင်ဌေးလွင်အန်ချထားသည်များကိုဒေါ်စောအားပြပြီးသည်နှင့် မီးဖိုပေါ်ရှိပူနေသော မြေအိုးအတွင်းသ်ို့ထိုအရာများကို
ထည့်လိုက်လေသည်။
ပြီးနောက်အချိန်အတော်ကြာမီးဖိုအပေါ်တင်ကာ
နှုတ်မှဂါထာများကိုရွတ်ဆိုပြန်သည်။
ပြီးလေတော့ထိုအိုးကိုပြန်ချ၍
သင်္ချိုင်းသို့သွားကာမြုပ်နှံစေတော့သည်။

နောက်တစ်နေ့နံနက်ခင်း၌
ဘွားမယ်စိန်နှင့်ဒေါ်စောတို့စကားပြောနေကြချိန်တွင်
မောင်ဌေးလွင်နှင့်မခင်ညိုတို့ရောက်လာကြပြီး
ထိုင်ကန်တော့ရှာ၏။

“ကဲ…လူကလေး…ဘယ်လိုနေသေးလဲကွဲ့”

ဟုမေးလေတော့မောင်ဌေးလွင်သည်ရှိုက်ကြီးတငင်ငိုကျွေး၏။
မခင်ညိုကတော့ မောင်ဌေးလွင်၏ကျောလေးကိုလက်ဖြင့်ပုတ်၍နှစ်သိမ့်ပေးနေသည်။

“ကျွန်တော့်ဘဝအခုလိုပြန်ဖြစ်လာရတာ
ဘွားကြောင့်ပါ…ကျွန်တော်ဘယ်လိုပြောရမယ်မှန်းလည်း
မသိတော့ပါဘူးဗျာ….”

“ရပါတယ်ကွယ်…မောင်ရင်တို့မိသားစုလေးအဆင်ပြေ
ရင်ဘွားကျေနပ်ပါပြီ”

“ကျွန်တော်ဘယ်လိုကြောင့်အဲ့သည်လိုဖြစ်သွားရတာလဲဘွား…
မဒေစီဆိုတဲ့မိန်းမကိုကျွန်တော်ဘာလို့တွယ်ကပ်မိသွားတာလဲ…
သူပြောသမျှ…သူဖြစ်ချင်တာမှန်သမျှနာခံနေမိတာ
ဘာကြောင့်လဲဗျာ…ကျွန်တော်…တကယ်ယောကျာ်းကောင်း
အဖေကောင်းမပီသတဲ့လူဗျာ…….”

မောင်ဌေးလွင်သည်ငိုသံကြီးဖြင့်ပြောလေတော့
မခင်ညိုမှာစိတ်မကောင်းရှာ။

“မဟုတ်ဘူးကွဲ့…လူလေးရဲ့ပင်ကိုယ်စိတ်​ကြောင့်မဟုတ်ဘူး…
ဒါတွေကအောက်လမ်းပညာနဲ့လူလေးကိုချုပ်လိုက်တာကြောင့်
ဖြစ်ရတာ…အခုဘွားအဲ့အရာတွေကိုရှင်းလိုက်ပြီမို့…
လူလေးလည်းမိသားစုနဲ့အတူအရင်လိုပဲ
စိတ်အေးအေးချမ်းချမ်းနေလို့ရပြီမို့
ဘာမှမတွေးပါနဲ့တော့ကွယ်….”

“ဟုတ်တယ်ခင်ညိုရဲ့…မနေ့ကဘွားအမေ့ကိုခေါ်ပြတာလေ…
အမယ်လေးမောင်ဌေးလွင်အန်ချထားတာတွေက
ထဘီစုတ်တွေကောဆံပင်တွေကော
အတော်ရွံဖို့ကောင်းတာအေ့”

ဒေါ်စောပြောလေတော့မောင်ဌေးလွင်နှင့်မခင်ညိုတို့
အံ့သြသွားကြသည်။

“ကျွန်တော်အဲ့သည်မိန်းမကိုသတ်ပစ်ချင်တယ်ဗျာ…
ဒင်းကြောင့်…ကျုပ်သိက္ခာတစ်ပြားမှမကျန်သလို…
ကျုပ်မိန်းမနဲ့ကျုပ်ယောက္ခမတွေလည်းစိတ်ဆင်းရဲကြရတယ်…
တောက်….ဟားးး….”

မောင်ဌေးလွင်သည်ပြောရင်းပင်ဒေါသထွက်လာခဲ့၏။

“ကဲ…ဘွားပြောမယ်…မကောင်းတဲ့သူကမကောင်းတဲ့လမ်းပဲ
သွားရမှာ…ဒီတော့အခြေအနေကိုစောင့်ကြည့်ကြ…
ကိုယ့်ဘက်ကအမှားဘယ်တော့မှမလုပ်မိကြစေနဲ့ကွယ်…”

“ဘွားပြောတာမှန်ပါတယ်ကိုရယ်…စိတ်လျော့ပါနော်…”

မခင်ညိုသည်မောင်ဌေးလွင်ကိုနှစ်သိမ့်လေတော့
မောင်ဌေးလွင်သည်မျက်ရည်လေးတစမ်းစမ်းဖြင့်…

“အမေနဲ့ညို့ကိုကျွန်တော်တောင်းပန်ပါတယ်ဗျာ…
အားလုံးကျွန်တော့်အပြစ်တွေပါ…”

ဟုတောင်းပန်လေသောအခါ…

“အေး…မင့်မိန်းမကတော့ခွင့်လွှတ်ပြီးသားပါကွယ်…
အမေဘက်ကလည်းဒီလိုဖြစ်မှန်းမသိခင်ကတော့
အတော်ဒေါသထွက်မိတယ်…
နောက်တော့လည်းနားလည်ပေးနိုင်ပါတယ်ကွယ်”

ထိုသို့ဖြင့်မောင်ဌေးလွင်တစ်ယောက်မဒေစီကို
လုံးလုံးမေ့ပျောက်၍
မခင်ညိုတို့နှင့်ယခင်အတိုင်းနေထိုင်သွားတော့သည်။
ဘွားမယ်စိန်က်ိုလည်း ရွာမပြန်သေးစေဘဲ
ဝတ်ကြီးဝတ်ငယ်ပြုစုပေးကြ၏။
သုံးလေးရက်ကျော်လွန်လာတော့…
မဒေစီ၏လက်ဆွဲတော်ဗေဒင်ဆရာကြီး၏
နာရေးကိုမောင်ဌေးလွင်က
ဘွားမယ်စိန်က်ိုပြောပြလေသည်။

“အဲ့ဘိုးတော်…အသားအရေတွေမီးလောင်ဖု့တွေ
လိုထလာပြီးအော်ဟစ်နေတယ်ဆိုပဲဗျ…
နှစ်ရက်လောက်ဝေဒနာကိုအလူးအလဲခံစားပြီးမှ
ဆုံးသွားရတာတဲ့…”

ဟုပြောတော့ ဘွားမယ်စိန်သည်ခေါင်းလေးတညိတ်ညိတ်ဖြင့်
နားထောင်၏။

“ဒါ့အပြင်ဟိုမိန်းမ မဒေစီလည်းလောင်းကစားအမှုနဲ့
ဂတ်ကဖမ်းသွားတယ်တဲ့လေ…အဲ့နေ့တင်ပဲ
ထောင်ထဲမှာအချင်းချင်းရန်ဖြစ်
ရိုက်နှက်ကျရင်းလက်လွန်ခြေလွန်ဖြစ်ပြီးဆုံးသွားရှာတယ်တဲ့
ဘွားရဲ့”

မောင်ဌေးလွင်သည် မဒေစီ၏အကြောင်းများကိုပါပြောပြလေတော့ ဒေါ်စောတို့လည်းအံသြသင့်ကုန်ကြ၏။

“ဘွားမပြောဘူးလား…မကောင်းတဲ့သူဆိုတာ
မကောင်းတဲ့လမ်းကိုသွားကြရမှာပဲ…
လက်ငင်းအကျိုးပေးတာနဲ့
ခဏလောက်အချိန်နောက်ကျတာပဲကွာသွားတယ်ကွဲ့…
ဒါကြောင့်လူလေးတို့လည်း ဘုရား၊တရား၊သံဃာကို
မမေ့ကြနဲ့မိဘကိုလုပ်ကျွေး…သားသမီးကိုစောင့်ရှော​က်…
လူ့ဘဝဆိုတာလူပီသဖို့လိုအပ်တယ်…
လူပီသတဲ့လူကိုယ်သာလူလို့ခေါ်ထိုက်တယ်ကွဲ့”

“ဟုတ်ကဲ့ပါဘွား….”

ထိုသို့ဖြင့်မောင်ဌေးလွင်နှင့်မခင်ညိုတို့ဘဝလေး
အေးချမ်းသွားကြတော့လေသည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)အားလေးစားလျက်