အစီအရင် ပြုတဲ့ည

* အစီအရင် ပြုတဲ့ည* ( စ၊ ဆုံး)
ရေးသားသူ- ထမံ ( တောင်ငူ)
***************
မင်းခေါင်တစ်ယောက် ဦးဘာထူးအိမ်ဆီက ပြန်လာခဲ့ပြီး နောက်တစ်ရက်မှာ ဘမင်းနဲ့ မြသစ်တို့ရဲ့ ကြောင်းလမ်းမှုသတင်းကို ရရှိခဲ့တယ်။
မင်းခေါင် ကြားဖူးတယ်။ လောကကြီးမှာ ချစ်ခြင်းမေတ္တာ ထောင်ငါးရာဆိုတာ ပေါင်းစည်းရခြင်းတစ်ဝက်၊ ဝေးကွာရခြင်းတစ်ဝက်တဲ့…။
မြသစ်ဘက်က ဘမင်းတို့အသိုင်းအဝိုင်းရဲ့ သားရေးသမီးရေး စေ့စပ်ကြောင်းလမ်းမှုကို လက်ခံလိုက်တယ်တဲ့လေ။ မြသစ်က ငြင်းဆန်တယ်လို့ သိရပေမယ့် မိဘများနဲ့ အသိုင်းအဝိုင်းရဲ့ ဝိုင်းဝန်းဖြောင်းဖျမှုမှာ နောက်ဆုံး ခေါင်းညိတ်ခဲ့တယ်လို့ သိရတယ်။
မင်းခေါင်တစ်ယောက် အသည်းတွေ ကွဲကြေရပါပြီ။ လေလွင့်တိမ်လို မင်းခေါင် ဖြစ်သွားတယ်။ တစ်ယောက်ထဲ နေထိုင်ရခြင်းက သက်သာတယ်လို့ မင်းခေါင် ခံစားရတယ်။
အခုဆို တစ်ယောက်ထဲ လေလွင့်နေမိတာ တစ်ပါတ်လောက်ရှိခဲ့ပြီ။ အခုလည်း ရွာထိပ်ဆီက ညောင်ပင်ကြီး အောက်ဆီမှာ မင်းခေါင် ထိုင်နေမိတယ်။
မနက်က ရွာထဲကနေ ထွက်လာတော့ မြသစ်တို့ မင်္ဂလာဆောင်ကို ရက်သတ်မှတ်တဲ့ အကြောင်းကို ကြားသိခဲ့ရတယ်။ မင်းခေါင် နေရထိုင်ရ ခက်လွန်းစွာနဲ့ ခြေဦးတည့်ရာ သွားမိရင်း မြသစ်နဲ့ ချိန်းဆိုတွေ့ဖူးရာ ညောင်ပင်ကြီး အောက်ဆီကို ရောက်ရှိလာရတာရယ်။
အချိန်က နေမွန်းတည့်လုလု ဖြစ်လာပြီ။ မင်းခေါင် ညောင်ပင် ပင်စည်ကြီးကို မှီရင်း မျက်လုံးတွေကို မှေးမှိတ်ထားမိတယ်။
‘ ရှပ်…ရှပ်…’
ညောင်ပင်အောက်ဆီကို ဝင်ရောက်လာတဲ့ ခြေသံတစ်ခုကြောင့် မင်းခေါင် ဆတ်ခနဲ မျက်ဝန်းတွေကို ဖွင့်ကြည့်လိုက်မိတယ်။
‘ အို…မြသစ်ပါလား…’
မင်းခေါင် ဆတ်ခနဲ ထလိုက်ကာတယ်။ အစက ဝမ်းသာသလို ရှိသွားရပေမယ့် ဘမင်းနဲ့ ကိစ္စကို ချက်ချင်းသတိရမိလိုက်ကာ မျက်နှာက တင်းမာသွားရပြီး နေရာဆီက ထွက်သွားဖို့ ဟန်ပြင်လိုက်လေတယ်။
‘ အကို…’
မြသစ်ရဲ့ ခေါ်သံကြောင့် မင်းခေါင် ခြေလှမ်းတွေ တန့်သွားရလေတယ်။
ဒီအချိန် မြသစ်က မင်းခေါင် ထင်မှတ်မထားတဲ့ အပြုအမူတစ်ခုကို ပြုမူလိုက်တယ်။ ကျောခိုင်းထားတဲ့ မင်းခေါင်ဆီကို အပြေးလှမ်းကာ နောက်ကျောဆီကနေ သိုင်းဖက်လာလေတယ်။
‘ မြသစ်…ဒါက ဘာလုပ်တာလဲ…’
‘ အကို…အကို မြသစ်ကို မုန်းသွားပြီလား အကိုရယ်…’
မြသစ် ပြောရင်း ရှိုက်သံတွေက ထွက်ပေါ်လာတယ်။ မင်းခေါင်အတွက်တော့ အရက်အချိန်တွေကဆို ဒီငိုသံက ကမ္ဘာပျက်သွားနိုင်စေတဲ့အထိ ပြိုလဲစေမယ့် အရာပါ။
ဒါပေမယ့် အခုတော့ မြသစ်ရဲ့ လုပ်ရပ်အတွက် ခွင့်မလွှတ်နိုင်တာမို့ စိတ်ကိုတင်းကာ အံကိုခဲလိုက်ပြီး…။
‘ မြသစ်…’
‘ မင်းခေါင်…’
‘ ငါ့ကို လွှတ်ပေးပါ…’
‘ အို…မင်းခေါင် ရယ်။ မင်းခေါင်…မြသစ်ကို စိတ်ဆိုးနေမယ်ဆိုတာ မြသစ်သိပါတယ်။ ဒါပေမယ့်လေ မင်းခေါင်ကို မြသစ် ရှင်းပြပါရစေဦးနော်။ မြသစ် ရှင်းပြပါရစေ မင်းခေါင်ရယ်…’
‘ ငါ့အတွက် ဘာမှမလိုအပ်တော့ပါဘူး မြသစ်…’
‘ မဟုတ်ဘူး မင်းခေါင်။ နင် သိသင့်တယ်လို့ ထင်ပါတယ်။ မြ…မြသစ်လေ သူတို့ကမ်းလှမ်းတာကို လက်မခံခဲ့ပါဘူး။ ဒါပေမယ့် သူတို့ဘက်က မြသစ်ရဲ့ မိဘတွေ အပေါ်မှာ ဘဝပျက်သွားနိုင်လောက်တဲ့အထိ…အဟင့်…အဟင့်…’
‘ ဟာ…’
မြသစ် အသံက ရှိုက်သံနဲ့အတူ တိုးတိမ်သွားခဲ့တယ်။ ဒီလို ကိစ္စမျိုး နောက်ကွယ်မှာ ရှိနေလိမ့်မယ်လို့ မင်းခေါင်တော့ ထင်မထားမိခဲ့ဘူး။
‘ မြ မြသစ်…အဲ့ဒါ အမှန်တွေပဲလား…’
‘ အမှန်ပါပဲ မင်းခေါင်ရယ်။ တကယ်ပြောတာပါ။ မြသစ် အသက်နဲ့ ရင်းပြီး ပြောရဲပါတယ်ကွယ်…’
မင်းခေါင် စိတ်ပြေသွားရပြီ။ မြသစ်ကို အလွန်ပဲ သနားသွားခဲ့ရတယ်။ ဒါကြောင့် ခေါ်သံကို ပြုရင်း မြသစ်ဘက်ကို လှည့်လိုက်တယ်။ ပြီးတော့ မြသစ်ကို ထွေးဖက်လိုက်လေပြီး…။
‘ မြသစ်ရယ်…အဲ့ဒီ့လိုတွေ ဖြစ်ခဲ့တာ ငါဘာမှ မသိခဲ့ရပါလားကွာ…’
‘ ဘယ်သိနိုင်မလဲ မင်းခေါင်ရယ်။ မြသစ်ရဲ့ အဖေ၊ အမေတို့က သူတို့ရဲ့ သိက္ခာအတွက် ဒိအကြောင်းတွေကို ထိန်ချန်ထားစေခဲ့တယ်လေ…’
‘ ဖြစ်မှ ဖြစ်ရလေ မြသစ်ရယ်…’
မင်းခေါင် မြသစ်အပေါ် အတော်လေး ဂရုဏာသက်သွားခဲ့ရပြီ။ ချစ်ရသူနှစ်ယောက် ရင်ထဲမှာ လှိုက်မောလှုပ်ခတ်မှုများစွာနဲ့ အပြန်အလှန် ဖက်ထားမိလိုက်ကြတယ်။
နှစ်ယောက်သား ဝမ်းနည်းကြေကွဲရတဲ့ စိတ်တွေနဲ့ အချိန် ဘယ်လောက်ကြာကြာ ဖက်ထားမိတယ် မသိ။ သူတို့ရဲ့ အနားဆီကို လူရိပ်တစ်ခုက ရိပ်ခနဲ ရောက်ရှိလာတယ်။
‘ တောက်…ခွေးမသား…’
ဘမင်းရဲ့ အသံ။ အသံနဲ့အတူ လူကလည်း မင်းခေါင်ဆီကို ရိပ်ခနဲ ပြေးဝင်လို့ မြသစ်နဲ့ ခွဲထုတ်လိုက်ပြီး မင်းခေါင်ကို ဘမင်းက လက်သီးနဲ့ တရစပ်ထိုးပါတယ်။
ဒီအခါ ဘမင်းနဲ့ အတူပါလာတဲ့ နောက်ပါးစေတို့ကလည်း မင်းခေါင်ကို ဝင်ရောက်ထိုးကြိတ်ကြတော့တယ်။
လေးယောက်၊ တစ်ယောက်မို့ မင်းခေါင် ဘာမှ မတတ်နိုင်။ စွမ်းနိုင်သလောက် ခုခံကြည့်သေးပေမယ့် နောက်ပိုင်းမှာတော့ ခုခံနိုင်မှု မရှိတော့လောက်အောင်ကို ဖြစ်ပြီး မြေဆီမှာ လူးလှိမ့်နေအောင် ထိုးကြိတ်ခံရပါတော့တယ်။
‘ မင်းခေါင်…မင်းခေါင်…’
မြသစ်က ထိုးကြိတ်နေတဲ့ ဘမင်းတို့ကို ဝင်ရောက်ဆွဲရဲတယ်။ ဒါပေမယ့်လည်း မိန်းမသားတစ်ယောက်ရဲ့ ခွန်အားက ဒေါသထွက်နေတဲ့ ယောက်ျားသားတို့အပေါ် ဘယ်မှာ သက်ရောက်နိုင်စွမ်း ရှိမှာလဲ။
‘ မင်းခေါင်ကို မလုပ်ကြပါနဲ့…အီး…ဟီး…ဟီး…’
မြသစ် ဟစ်အော်ရင်း ငိုကြွေးတယ်။
ဒီအခါ မြသစ်ရဲ့ ငိုသံကြောင့် ဘမင်းတစ်ယောက် မင်းခေါင်ကို သဲသဲမဲမဲ ထိုးကြိတ်နေရာက ရပ်တန့်လိုက်ပြီး…။
‘ ဟေ့လူတွေ တော်ကြတော့…’
ဘမင်းရဲ့ စကားအဆုံး သူ့ရဲ့ နောက်ပါးစေသုံးယောက်က မင်းခေါင်ကို ထိုးကြိတ်ကန်ကျောက်နေတာတွေကို ရပ်တန့်လိုက်ကြပါတယ်။
မင်းခေါင်ကတော့ မြေဆီမှာ ပျော့ခွေလို့နေလေပြီ။
ဘမင်းက မြသစ်ဆီကို သွားပြီး ဆွဲကိုင်ထူလိုက်တယ်။ ပြီးတော့ စူးစူးရဲရဲ တစ်ချက်ကြည့်ပြီး ဘာမှမပြောဘဲ သူ့လူတွေဘက်ကို ပြန်ကြည့်ကာ…။
‘ ကိုတက်လူ။ ခင်ဗျားတို့ ဒီကြာကူလီကောင်ကို ခေါ်ခဲ့ကြဗျာ။ ဒီကောင့်ကို သူကြီးလက်ဆီ အပ်ရမယ်…’
ဘမင်းက မကျေမချမ်း ပြောလိုက်တော့ သူ့နောက်ပါးစေတွေက မင်းခေါင်ကို ဆွဲထူကြလေတယ်။
‘ မြသစ်…လာ။ နင့်ကိုလည်း ဦးလေးနဲ့ ငါတိုင်ပြောမယ်…’
ဘမင်းက မြသစ်လက်ကို ဆောင့်ဆွဲပြီး ထွက်သွားတယ်။
မြသစ်တစ်ယောက်ကတော့ မင်းခေါင်ကို စိတ်မချတာမို့ လှည့်ကြည့်ရင်း၊ ငိုကြွေးရင်းနဲ့ မလိုက်ချင်ဘဲ လိုက်ပါသွားခဲ့ရပါပြီ။
*******
သူကြီးအိမ်ဆီမှာ…။
‘ တောက်…ဒါ ငါတို့ အသိုင်းအဝိုင်းရဲ့ သိက္ခာကို သက်သက်စော်ကားတာပဲ…’
ဘမင်းအဖေ ငွေရှင်ကြီးဦးဘစီ မျက်နှာကြီး နီမြန်းကာ ဒေါသထွက် ပေါက်ကွဲနေတယ်။
‘ ကျုပ်လည်း ဒီလိုဖြစ်နေတယ်ဆိုတာ မသိလို့ပါ အကိုကြီးရာ။ ကျုပ် သမီးရဲ့ လုပ်ရပ်အတွက် ကျုပ် အကိုကြီးကို အနူးအညွတ် တောင်းပန်ပါတယ်…’
မြသစ်ရဲ့ အဖေဖြစ်သူ ဦးညိုသစ်က မျက်နှာသိမ်ငယ်စွာနဲ့ စကားဆိုတယ်။
‘ ဟုတ်ပါတယ် ကိုဘစီ။ ဒီကိစ္စက လူငယ်တွေချည်းဖြစ်တဲ့ ကိစ္စဆိုတော့ သူတို့ရဲ့ သိုသိပ်မှုကြောင့် လူကြီးတွေအနေနဲ့ သိရှိနိုင်ဖို့ဆိုတာ မလွယ်ကူဘူးလေ…’
သူကြီးဦးဖေကလည်း ဝင်ရောက်ဖြောင်းဖျတယ်။
ဦးဘစီက ဒေါသ မပြေ။
ထိပ်တုံးအခတ်ခံထားရပြီး နေပူလှန်းခံထားရတဲ့ သွေးသံတရဲရဲနဲ့ မင်းခေါင်ဆီကို စားမတတ်၊ ဝါးမတတ်လှမ်းကြည့်ကာ…။
‘ အမှန်ကို ပြောရရင် ကျုပ် ဒီကောင့်ကို သတ်ပါ သတ်ချင်နေတာ။ ဒါပေမယ့် ကျုပ် မကြာခင် ဖြစ်လာတော့မယ့် မင်္ဂလာကိစ္စအတွက် အမင်္ဂလာကိစ္စမျိုး ကြိုတင်ဖြစ်တာမျိုး မလိုလားဘူး…’
ဦးဘစီရဲ့ အပြောကြောင့် သူကြီးဦးဖေက…။
‘ ဟုတ်ပါတယ် ကိုဘစီ။ ဒီကလေး မင်းခေါင်ကလည်း အရင်က ပြစ်မှုရေးရာ ကျူးလွန်ဖူးတာ မရှိပါဘူး။ အခုမှသာ တစ်ကြိမ်တစ်ခါပါဗျာ။ အခုဆို သူ့အမေလည်း သားဖြစ်သူ သတင်းကြားပြီး မူးလဲတယ်လို့ သိရတယ်။ ဒါကြောင့် ဒီကလေးဘက်ကနေ ကိုပ်က ကိုဘစီကို အနူးအညွတ် တောင်းပန်ပါတယ်…’
‘ ကိုဖေ…’
‘ ပြောပါ ကိုဘစီ…’
‘ ခင်ဗျားက ရပ်ရွာရဲ့ ကြီးကဲသူ ပီသပါတယ်။ ကဲပါ…ကျုပ် လိုရင်းကိုပဲ ပြောမယ်။ အခု ဒီကောင် ဒိလိုလုပ်ရပ်ကို လုပ်တယ်။ ကျုပ်တို့ အသိုင်းအဝိုင်း သိက္ခာကျစေလာတယ်။ ကျုပ်ရဲ့ ဒေါသကိုလည်း ခင်ဗျားတို့ သိပါတယ်။ အမှန်ဆို ကျုပ် ဒီကောင့်ကို ဒီအချိန်၊ ဒီနေရာမှာတင် ပွဲချင်းပြီးအောင် သတ်ပစ်ပြီ…’
‘ ကိုဘစီ စိတ်သဘောထား ကြီးပေးတယ်ဆိုတာ ကျုပ်တို့ မြင်မိပါတယ်ဗျာ…’
သူကြီးဥိးဖေက စကားထောက်တော့ ဦးဘစီက ခေါင်းကို ရမ်းခါလိုက်ပြီး…။
‘ ကျုပ် စကားမဆုံးခင်၊ ခင်ဗျား မျှော်လင့်ချက်တွေ သိပ်မထားပါနဲ့ဦး။ ဘာကြောင့်ဆိုတော့ ဒီကောင်လေးကို ကျုပ်က မသတ်ပေမယ့် ကျုပ်ရဲ့ ဂုဏ်သိက္ခာကို ထိပါးတဲ့ကောင်မို့ မှတ်လောက်သားလောက်ဖြစ်အောင် ဘဝကိုတော့ သတ်ပေးရမယ်။ မနက်ဖြန် ကျုပ် ဒီကောင့်ကို ပုလိပ်လက်ထဲကို အပ်ပြီး တစ်ကျွန်းစံရတဲ့အထိ အမှုတင်မယ်…’
‘ ကိုဘစီ…စဉ်းစားပါဦးဗျာ…’
သူကြီးဦးဖေ မင်းခေါင်ဘက်ကနေ ဦးဘစီကို ထပ်ပြီး ဖြောင်းဖျဖို့ ကြိုးစားတယ်။ ဒိအခါ ဦးညိုသစ်က…
‘ ကိုဘစီ ပြောတာ မှန်တယ် ကိုဖေ။ ဒီခွေးမသားက မိသားစု နှစ်စုရဲ့ ဂုဏ်သိက္ခာကို စော်ကားတာ။ ဒီကောင့်ကို အသက်ရှင်ခွင့် ပေးတာတောင် လွန်လှပါပြီ…’
‘ ကိုညိုသစ်…’
‘ ခင်ဗျား စဉ်းစားကြည့် ကိုဖေ။ ကျုပ်တို့နေရာမှာ ခင်ဗျားဆိုရင်ကော…’
‘ ကျုပ် သိပါတယ် ကိုညိုသစ်။ ဒါပေမယ့်…’
‘ ညိုသစ်…ကိုဖေ။ ခင်ဗျားတို့ နှစ်ယောက်စလုံး တော်လိုက်ကြတော့။ ကျုပ် ဆုံးဖြတ်ပြီးပြီမို့ မပြင်တော့ဘူး…’
ဦးဘစီက ပြတ်သားစွာ ပြောလာတယ်။ ပြီးတော့ သူကြီးဥိးဖေကို ကြည့်ကာ…။
‘ သူ့ မိသားစုကို ပြောလိုက်ပါ ကိုဖေ။ ဒီကောင့်ကို မနက်ဖြန်မတိုင်ခင် အစားကောင်းအသောက်ကောင်းလေးတွေ လာကျွေးပါလို့။ ဪ…ပြီးတော့ ဒီညအတွက် တစ်စုံတစ်ယောက်က ဒီကောင့်ကို လွှတ်ပေးမှာစိုးရိမ်လို့ ကျုပ်တပည့်တွေ ဒိကို လာစောင့်ကြပ်ပေးလိမ့်မယ်။ ကဲ…ကျုပ်သွားပြီ ကိုဖေ…’
ဥိးဘစီက လှည့်ထွက်သွားတယ်။ ဒါပေမယ့် ခြေလှမ်းငါးလှမ်းလောက်မှာ ရပ်တန့်လိုက်ပြီး…။
‘ ညိုသစ်…မင်းလည်း မင်းသမီးကို သေချာထပ်ပြီး ဖြောင်းဖျလိုက်ပါ။ ဪ…တစ်ခုတော့ သတိပေးမယ်နော်။ ငါ့သားရဲ့ ကြင်ယာတော်မို့ ကိုယ်ထိလက်ရောက်တော့ မဖြစ်စေနဲ့ပေါ့…’
‘ ဟုတ်ကဲ့ အကိုကြီး…’
ဦးဘစီတစ်ယောက် သူ့တပည့်တပန်းများနဲ့အတူ ထွက်သွားခဲ့ပြီ။ သူတို့အနောက်က ဦးညိုသစ်ကပါ လိုက်ထွက်သွားတယ်။
ခြံဝန်းထဲ သူကြီးကျန်ရစ်တယ်။ သူကြီးအကြည့်တွေကတော့ မင်းခေါင်ဆီကို ကြည့်လိုက်တယ်။
‘ မောင်မင်းခေါင်ရယ်။ မင်းအတွက် ကယ်တင်သူ ပေါ်ပေါက်ပါစေကွာ…’
သူကြီးဥိးဖေ မင်းခေါင်အတွက် စိတ်မကောင်းစွာနဲ့ ခပ်တိုးတိုး ရေရွတ်လိုက်ပါတော့တယ်။
******
ညအချိန်…။
သူကြီးဦးဖေရဲ့ ခြံထဲဆီမှာ မီးတိုင်တွေ ထိန်ညီးနေအောင် ထွန်းထားတယ်။
မင်းခေါင်ကိုက နေ့လည်တုန်းကအတိုင်းပဲ အိမ်ရှေ့ကွက်လပ်ဆီမှာ ထိပ်တုံးခတ်ထားဆဲဖြစ်ကာ သူဋ္ဌေးဦးဘစီရဲ့ တပည့်တပန်းတို့က တုတ်၊ ဓားတို့နဲ့ စောင့်ကြပ်ရင်း ရှိနေကြတယ်။
ဒိညအတွက် မင်းခေါင်ကို စောင့်ကြပ်ဖို့ သူဋ္ဌေးဦးဘစီက သူ့တပည့် ဆယ်ယောက်တိတိ စေလွှတ်ထားတယ်။ ဆယ်ယောက်စလုံးက အရင်က အနယ်နယ်အရပ်ရပ်မှာ လူမိုက်ဘွဲ့ကို ခံယူထားကြသူတွေဖြစ်ပြီး အမှုတို့ ကြုံရချိန် ဦးဘစီက ကယ်တင်လို့ လက်သပ်မွေးထားကြသူတွေ ဖြစ်ပါတယ်။
လူမိုက်ဆယ်ယောက်ဟာ ဒီညအတွက်ကို ဦးဆုံးအချိန်မှာ နှစ်ယောက်က စောင့်ကြပြီး ကျန်အချိန်တို့မှာတော့ လေးယောက်စီတစ်ဖြတ်၊ မိုးလင်းတဲ့အထိ စောင့်ကြဖို့ စီစဉ်ထားတယ်။
ဦးဘစီ နေ့လည်တုန်းက စေပါးထားတဲ့ ဆက်သားကြောင့် မနက်ကျရင် စစ်ကိုင်းက ပုလိပ်တို့ ရွာကို ရောက်လာကြလိမ့်မယ်။ ဒီအတွက်ကိုလည်း သူကြီးအိမ်နဲ့ သိပ်မလှမ်းရာ ဦးဘစီ အိမ်မှာ ချက်ပြုတ်ပြင်ဆင်နေကြလေတယ်။
ဒိအခြေအနေမှာ တစ်ခုထူးခြားတာက ဦးဘစီက မြသစ်ကို စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဦးညိုသစ်တို့ အိမ်ဆီကနေ သူ့အိမ်ဆီမှာ ခေါ်လို့ အစောင့်အရှောက်တွေနဲ့ ထားရစ်စေတာပါ။ ဒါပေမယ့် ဦးဘစီက မြသစ်ရှိရာ အခန်းဆီကို သူ့သားဘမင်းကိုတောင် အနားပေးမကပ်စေဘူး။
ဒီတော့လည်း ဘမင်းတစ်ယောက် ချစ်ရသူအနားကို ကပ်ခွင့်မရ၊ မျက်နှာကိုလည်း မြင်ခွင့်မရှိတာမို့ စိတ်ညစ်ပြီး သူကြီးဦးဖေတို့ အိမ်ဘက်ဆီကို ရောက်လို့နေပါတယ်။ သူ့နောက်ပါးစေ တက်လူတို့လည်း ပါတယ်။
သူကြီးဦးဖေတို့ အိမ်ဆီမှာကလည်း မနက်ဖြန် ရောက်ရှိလာမယ့် ပုလိပ်တို့အတွက်ကို ချက်ပြုတ်ပြင်ဆင်နေကြလေတော့ ရွာထဲက ကာလသမီးတချို့လည်း ရှိနေကြတယ်။
မင်းခေါင်ကတော့ သတိရနေပြီဖြစ်ပေမယ့် ဒဏ်ရာဒဏ်ချက်တွေကြောင့် လူကာနလန်မထူရှာဘူး။ ထိပ်တုံးအခတ်ခံရင်း လူက ခေါင်းငိုက်စိုက်ကြလို့။ ဒါပေမယ့် မင်းခေါင် စိတ်ကို တင်းထားမိတယ်။
ဘမင်းက တက်လူတို့အနဲ့အတူ မင်းခေါင်နဲ့ မလှမ်းမကမ်းဆီမှာ သူ့အဖေရဲ့ တပည့်တွေနဲ့ အရက်ဝိုင်းကြီးဖွဲ့လို့ ထိုင်နေတယ်။ ဝိုင်းထဲမှာ ဘမင်းက အတော်လေး ရေချိန်ကိုက်နေပါပြီ။ ကျန်သူတွေကတော့ မင်းခေါင်ကို စောင့်ကြပ်ရမယ့် တာဝန်ရှိနေသေးတာကြောင့် ထိန်းသောက်နေကြတယ်။
‘ ကျုပ်တော့ဖြင့်ဗျာ…အဖေ့ရဲ့ လုပ်ရပ်တွေကို တကယ်မကျေနပ်ဘူး…’
ဘမင်းက အာလေးလျှာလေးနဲ့ စကားစတယ်။ ဒီတော့ ဦးဘစီတပည့် မောင်တိုးဆိုသူက…။
‘ ဟ…ဆရာ့ကို ဘယ်လိုကြောင့်များ မကျေမနပ်ဖြစ်နေရတာလဲ ဘမင်းရ…’
‘ ဟ…ကိုတိုးပဲ စဉ်းစားကြည့်ဗျာ။ ကျုပ်နဲ့ မြသစ်ဆိုတာ မကြာခင်မှာ အကြင်လင်မယား ဖြစ်တော့မှာ။ ဒါကိုဗျာ…အခု မြသစ်ကို အိမ်ခေါ်ထားပြီး ကျုပ်ကို အနားတောင် ကပ်ခွင့်မပေးဘူး…’
‘ ဪ…ဘမင်းရာ။ ဆရာက လိုအပ်လို့ အဲ့ဒီ့လို လုပ်တာဖြစ်မှာပါကွ…’
‘ မသိဘူးဗျာ…ကျုပ်တော့ဖြင့် မကျေနပ်ဘူး…’
‘ ကဲ…ကဲ…မကျေနပ်လည်း မင်း ဆရာ့ကို ဘာပြောရဲတုန်း…’
‘ မကျေနပ်ဘူး။ ကျုပ် ဘာမှလည်း ပြန်မပြောရဲဘူး…’
ဘမင်းစကားကြောင့် အကုန်ပြုံးမိကုန်ကြတယ်။
မင်းခေါင်ကတော့ ဘမင်းစကားတွေကို နားထောင်ရင်း မြသစ်ကို စိတ်ပူမိသလို ဖြစ်နေတယ်။ ခံပြင်းစိတ်လည်း နဂိုကတည်းက ပြင်းပြစွာ ရှိနေရတာမို့ အံကိုလည်း တင်းမိထားတယ်။
‘ ကျုပ် မြသစ်လေးကို သတိရလိုက်တာဗျာ။ ဟူး…’
‘ သတိရရင် အိမ်ပြန်ပြီး တွေ့ဖို့ ကြိုးစားပေါ့ကွ…’
ဘမင်းက မတွေ့ရလို့ အရူးအမူး ဖြစ်နေတာကို တက်လူက ဝင်ရောက်ပြီး လေပင့်ပေးတယ်။
‘ ဟေ့ကောင် တက်လူ။ ဘမင်းက မူးနေတာကွ။ ဒီပုံစံနဲ့ အိမ်ပြန်သွားရင် မလိုအပ်တာတွေ ဖြစ်လာလိမ့်မယ်…’
‘ မဖြစ်ပါဘူး ကိုတိုးရာ။ ကျုပ် မြသစ်ကို လွမ်းတယ်။ အဲ့ဒီ့တော့ အိမ်ကို ပြန်မယ်…’
ဘမင်းက ကြားဝင်ပြောတယ်။
ပြီးတော့ ဒယီးဒယိုင်နဲ့ ထရပ်ပြီး သူ့အိမ်ကို ပြန်ဖို့ သွားတယ်။
သွားနေရင်းက မင်းခေါင်အနားဆီကို ရောက်တော့ ဘမင်းက အောင်နိုင်သူအပြုံးနဲ့ ပြုံးလိုက်ပြီး…။
‘ ခွေးမသား။ ခွေးထက်မိုက်တဲ့ အကောင်။ မင်းကများ ဘမင်းရဲ့ နှလုံးသားကို လုယူချင်သေးသပေါ့…အဟက် ဟက်…’
ဘမင်းက မင်းခေါင်ကို ခနဲ့တယ်။ ပြီးတော့ ထွီခနဲ တံတွေးကို ဆောင့်ထွေးပြီး ထွက်သွားတော့လေရဲ့။
‘ တကယ်မုန်းဖို့ ကောင်းလိုက်တာ…’
သူကြီးဥိးဖေတို့ အိမ်အောက်ဆီမှာ ချက်ကူပြုတ်ကူလုပ်နေတဲ့ အပျိုမတစ်သိုက်တို့ဆီက တီးတိုးစကားသံ။
‘ ဟုတ်ပါ့တော်။ တကယ်ပဲ အဲ့ဒီ့ဘမင်းကို ကြည့်လို့ကို မရဘူး…’
‘ နင်က ဘမင်းကိုပဲ။ ငါကတော့ သူတို့တစ်မိသားစုလုံးကို ကြည့်လို့မရတာ။ ငွေရှိတိုင်း လူတွင်ကျယ် လုပ်နေကြတာလေ…’
‘ နင်တို့တတွေကတော့ အဲ့ဒီ့လိုပေါ့ဟယ်။ ငါကတော့ ဘမင်းတို့အကြောင်းကို ချစ်ပြီးလည်း မတွေးနိုင်ဘူး။ မုန်းပြီးလည်း မတွေးနိုင်ဘူး။ အခု ငါ့စိတ်မှာ မင်းခေါင်တို့မိသားစုလေးကိုပဲ သနားနေမိတယ်…’
‘ အေးနော် ရွှေနွယ်။ နင်ပြောမှပဲ ငါ လည်း သူတို့မိသားစုလေးအတွက် တကယ် စိတ်မကောင်းဖြစ်မိတော့တယ်…’
‘ အခု အရီးလေးကော ဘယ်လိုနေသေးလဲ။ နင်တို့ သတင်းကြားမိသေးလား…’
‘ အင်း…ကြားမိတယ်။ အရီးလေးက သတိလည်ပြီဆိုပေမယ့် အိပ်ရာထဲက မထနိုင်ဘူးတဲ့။ မိသွယ်ကတော့ အကိုအတွက်ကို ပူရ၊ အမေအတွက်ကို ပူရနဲ့ တကယ်ပါပဲဟယ်…’
အပျိုမတစ်သိုက် မင်းခေါင်တို့အပေါ် များစွာ ဂရုဏာသက်နေမိကြတယ်။
ဒိအထဲမှာမှ ရွှေနွယ်ဆိုတဲ့ တစ်ယောက်က အားလုံးထက်ပိုသာနေတယ်။
ဘာကြောင့်ဆိုတော့ သူမရဲ့ စိတ်သဏ္ဍာန်ထဲမှာ မင်းခေါင် ရှိနေခဲ့တာ သိပ်ကို ကြာလွန်းခဲ့ပြီလေ။
ရွှေနွယ် မင်းခေါင်ရှိရာဆီကို လှမ်းကြည့်မိရင်း သက်ပြင်းကို ချမိသွားတယ်။
‘ ဟဲ့…ရွှေနွယ်။ နင် သက်ပြင်းတွေတောင် ချလို့ပါလား…’
‘ ဟုတ်တယ်။ ဘာတွေများ သက်ပြင်းချနေရတာတုန်းအေ…’
ရွှေနွယ် ရုတ်တရက်တော့ ဘာဖြေရမယ် မသိ။ ဒိအကြောင်းတွေကို သူမစိတ်ထဲမှာပဲ သိမ်းထားချင်မိတယ်။ မင်းခေါင်နဲ့ မြသစ်က ချစ်သူတွေဆိုတာ ရွာကလူတွေက အခုမှ သိပေမယ့် သူမက သိနှင့်နေခဲ့တာ ကြာပါပြီ။
ရွှေနွယ် အဖြေရခက်နေတာမို့ ခေါင်းကို ငုံ့ထားလိုက်မိတယ်။
‘ ဟဲ့…ရွှေနွယ်။ ငါတို့ မေးနေတယ်လေ…’
‘ အံမယ် မဟုတ်မှ လွဲရော။ နင် မင်းခေါင်ကို…’
မိသေးဆိုတဲ့ တစ်ယောက်ရဲ့စကား။ ရွှေနွယ် ရှက်စိတ်ကြောင့် တစ်ကိုယ်လုံး ထူပူသွားတယ်။
‘ မ…မဟုတ်ပါဘူး…’
အပျိုမတွေရဲ့ အကြည့်က ရွှေနွယ်ဆီမှာ စုဝေးလာကြတယ်။
‘ အံမယ် လိမ်တယ်တော့်…’
‘ မ…မလိမ်ပါဘူးဟယ်…’
‘ မလိမ်ဘူးသာဆိုတယ်။ ညည်းရုပ်ကြီးက…ကဲ ပြောပြော အဲ့ဒါဆို ဘာဖြစ်နေတာလဲဆိုတာကို…’
ရွှေနွယ် အကောင်းဆုံး အဖြေနိုင်ဖို့အတွက် ရွေးချယ်ရင်း စကားစလိုက်တယ်။
‘ ငါ…ငါတွေးနေမိတာဟ။ ဟို…ဟ်ု…မင်းခေါင် ထမင်းမှ စားပြီးရဲ့လား။ သူ တစ်နေကုန် ဘာမှမစားရသေးဘူးလားလို့…’
‘ ဟယ် ဟုတ်သားပဲ။ ရွှေနွယ်ပြောမှ သတိရတယ်။ မင်းခေါင် ဘာမှမစားရသေးလောက်ဘူး…’
‘ သနားလိုက်တာဟယ်…’
‘ ငါတို့ ထမင်းကျွေးကြမလား မင်းခေါင်ကို…’
‘ အေး…ကျွေးကြမယ်…’
‘ ဟိုလူတွေကိုကော ဘယ်လိုလုပ်မလဲ…’
‘ နည်းလမ်းရှာကြည့်ကြမယ်…’
တစ်ယောက်က မင်းခေါင်ကို စောင့်ကြပ်နေတဲ့သူတွေကို မေးငေါ့ရင်း ပြောတော့ အပျိုမတွေ ချက်ချင်းကို ခေါင်းချင်းဆိုင်ကုန်ကြပါပြီ။
ခဏအကြာမှာတော့ ရွှေနွယ်က ထမင်းပန်းကန်ကို ကိုင်ပြီး သူတို့အထဲ အကြီးဆုံးဖြစ်တဲ့ မိဒေါင်းဦးဆောင်တဲ့ အပျိုမ လေးယောက်လောက် မင်းခေါင်တို့ ရှိရာဆီကို ထွက်လာကြပါတယ်။
အစီအစဉ်အရ မိဒေါင်းတို့က စောင့်ကြပ်သူတွေကို ညုတုတုနဲ့ မင်းခေါင်ကို ထမင်းကျွေးဖို့ ခွင့်တောင်းကာ စကားဆက်ရင်း ထိန်းထားကြမှာဖြစ်ပြီး ရွှေနွယ်က မင်းခေါင်ကို ထမင်းကျွေးမှာဖြစ်ပါတယ်။
မိဒေါင်းတို့ အစီအစဉ်က တကယ်အဆင်ပြေပါတယ်။
သူမတို့ရဲ့ ခွင့်တောင်းမှုကို စောင့်ကြပ်တဲ့ သကောင့်သားများခမျာ မငြင်းဆန်နိုင်ကြဘူး။ အခွင့်ပြုလာကြတယ်။
ရွှေနွယ်က မင်းခေါင်ဆီကို ထမင်းပန်းကန်လေးကိုင်လို့ မဝံ့မရဲ လှမ်းသွားခဲ့တယ်။ အနားရောက်တော့…
‘ မင်း…မင်းခေါင်။ ရွှေ…ရွှေနွယ်ပါ နင့်ကို ထမင်းလာကျွေးတာ…’
ရွှေနွယ့်စကားကို မင်းခေါင်က မတုန့်ပြန်ဘူး။ ခေါင်းကို ငုံ့ထားရင်းပဲ ရှိနေတယ်။
‘ မင်း…ခေါင်…’
‘ ငါ မစားဘူး…’
မင်းခေါင်ဆီက မော်ကြည့်မလာဘဲ ပြောတဲ့ စကားသံ။
‘ ဟင်…’
ရွှေနွယ် မျက်လုံးလေးတွေ အဝိုင်းသား ဖြစ်သွားရတယ်။ စိတ်ထဲလည်း မင်းခေါင်အပေါ် ပိုပြီး ဂရုဏာသက်မိရကာ…။
‘ မင်းခေါင်ရယ်…နင် တစ်နေကုန် ဘာမှမစားရသေးဘူးလေ။ ငါ ထမင်းနယ်လာတယ်။ စား…စားလိုက်ပါနော်…’
ရွှေနွယ်က ပြောလည်းပြော ထမင်းပန်းကန်ကိုလည်း မင်းခေါင်ဆီကို ထိုးပေးလိုက်တယ်။
‘ ငါ မစားဘူးလို့ ပြောနေတယ်လေ…’
‘ ခလွမ်း…’
ရွှေနွယ်ကို မင်းခေါင်က ဒေါသတကြီးနဲ့ တုန့်ပြန်ရင်း ပန်းကန်ကိုလည်း ပုတ်ထုတ်လိုက်တာကြောင့် လွင့်စင်မှောက်ကျကုန်တယ်။
ပထမတော့ ရွှေနွယ် ကြောင်အမ်းသွားတယ်။
နောက်တော့မှ ရှက်စိတ်နဲ့ ဝမ်းနည်းစိတ်တို့ ရောပြွန်းပြီး ပါးပြင်ဆီကို မျက်ရည်စတွေ လှိမ့်ဆင်းကျလာကာ ငိုရှိုက်မိရပြီး နေရာဆီကပါ ပြေးထွက်သွားခဲ့ပါတော့တယ်။
*******
ရွှေနွယ်ကိစ္စကြောင့် မင်းခေါင်ကို မောင်တိုးတို့ တစ်သိုက်က ရိုက်ပုတ်ကြတယ်။
မင်းခေါင် လူးလှိမ့်ခံနေရပေမယ့် တစ်ချက် ညည်းသံ မထွက်ဘူး။ ပြုသမျှကို အံကြိတ်ရင်း ခံတယ်။
ရိုက်ချက်ပြင်းပြင်းတွေကြောင့် မင်းခေါင် အရိုးတွေ ကျိုးကြေပြီလို့တောင် ခံစားမိရတယ်။
‘ ဟေ့ကောင်တွေ တော်ကြစမ်း…’
သူကြီးဦးဖေ ရောက်လာပြီး တားမြစ်တော့မှ မောင်တိုးတို့လူစု မင်းခေါင်ကို ရိုက်ပုတ်နေတာကို ရပ်တန့်သွားကြတယ်။
‘ ဒီကလေးက မနက်ဖြန် ပုလိပ်လက်ထဲဆီ တရားခံအဖြစ် အပ်ရမယ့်သူ။ ပုလိပ်ကို တိုင်တောပြီးပြီဆိုရင် တရားခံကို ရိုက်ပုတ်နှိပ်စက်တာမျိုး လုပ်ခွင့်မရှိဘူးဆိုတာ မင်းတို့ မသိကြတာလား…’
‘ ကျုပ်တို့ သိတယ် သူကြီး။ ဒါပေမယ့် ဒီကောင်က မိုက်ရိုင်းလွန်းလို့ ဆုံးမတာ…’
မောင်တိုးတို့က အခုနက မင်းခေါင်ရဲ့ အပြုအမူကို သူကြီးဦးဖေဆီ ပြောပြကြတယ်။
‘ ဒီအပြုအမူက မိုက်ရိုင်းလွန်းတယ်လို့ မခေါ်ဘူးကွ။ ဒီကလေးက စိတ်နာနေတာ…’
‘ ဘာ…စိတ်နာနေတာ ဟုတ်လား’
မောင်တိုးက ပြန်မေးတယ်။
‘ အေး…မင်းတို့ကိုတော့ ငါ မရှင်းပြနိုင်ဘူး။ ငါလည်း မနက်ဖြန်အတွက်ကို အလုပ်ရှုပ်နေတယ်။ ဒီကလေးကို မင်းတို့ လက်ဖျားနဲ့တောင် ထပ်မထိကြနဲ့…’
သူကြီးဦးဖေ ထွက်သွားတော့ မောင်တို့တို့လူစု မကျေမချမ်းနဲ့ တောက်တခတ်ခတ်။
အချိန်က တဖြေးဖြေး ညဉ့်နက်လာတော့ သူကြီးဦးဖေရဲ့ အိမ်ဆီမှာ မောင်တိုးတို့လူစုကလွဲပြီး ကျန်သူတို့ မရှိကြတော့ဘူး။
စောင့်ကြပ်မှုမှာလည်း အစီအစဉ်အတိုင်း လေးယောက်တစ်ဖြတ်ဆီကို ပြောင်းလဲကြပြီးပြီ။
ဆောင်းဦးကျချိန်ဆိုတော့ အအေးဓာတ်က သိသိသာသာ ကဲပိုလာတယ်။ စောင့်ကြပ်သူလေးယောက်က မီးပုံအနားဆီမှာ ကပ်လို့ ရှိနေကြတယ်။
လဆုတ်ရက်တွေမို့ ကောင်းကင်က မှောင်မိုက်မှုသာ ကြီးစိုးနေတယ်။
‘ ရွှီး…ဖောက် ‘
‘ အီး…’
ရုတ်တရက် လေကို ခွင်းတဲ့ အသံနဲ့အတူ မီးပုံအနားက လေးယောက်ထဲက တစ်ယောက်လဲကျသွားခဲ့တယ်။ ကျန်သုံးယောက်မှာ သူတို့လူရဲ့ အဖြစ်ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတုန်း နောက်ထပ် လေကို ခွင်းတဲ့အသံတွေက ဆက်တိုက်ထွက်လာပြီး သုံးယောက်စလုံး လဲပြိုကုန်ကြပါတယ်။
တစ်ဖက်က တိုက်ခိုက်မှုဟာ ညင်သာလွန်းတာမို့ မောင်တိုးတို့ အိပ်စက်နေကြသူတွေတောင် မနိုးခဲ့ဘူး။
အမှောင်ရိပ်ထဲကနေ တစ်ကိုယ်လုံး အဝတ်မည်းကို ခြုံလွှမ်းထားတဲ့ လူတစ်ယောက် ထွက်လာခဲ့တယ်။
အဲ့ဒီ့သူက မင်းခေါင်ဆီကို လှမ်းသွားတယ်။
‘ မင်းခေါင် ငါမင်းကို လာကယ်တာ…’
အသံကြောင့် မင်းခေါင် မော်ကြည့်လိုက်တယ်။
‘ ခင်ဗျားက ဘယ်သူလဲ…’
‘ တာနော…မင်းကို လာကယ်တာ။ အသံမထွက်နဲ့ တိတ်တိတ်နေ…’
အဝတ်မည်းခြုံထားတဲ့ တာနောက ထိပ်တုံးဆီက သော့ကို သံချောင်းလေးတစ်ခုနဲ့ အသာအယာပဲ ထိုးဖွင့်လိုက်တယ်။
‘ အား…ကျွတ်…’
ဒဏ်ရာဒဏ်ချက်တွေအပြင် တစ်နေကုန်၊ တစ်ညလုံးနီးပါး ထိပ်တုံး အခတ်ခံထားရတဲ့အတွက် မင်းခေါင် မလှုပ်ရှားနိုင်ဘူး။
ဒါကို တာနောကြီးက သတိထားမိတာမို့ မင်းခေါင်ကို ဖေးကူထစေကာ လမ်းမလျှောက်နိုင်တဲ့ မင်းခေါင်ကို သူ့ပုခုံးနဲ့ ကောက်ယူထမ်းလိုက်တယ်။
ပြီးတော့ နေရာဆီကနေ လျှင်မြန်စွာနဲ့ပဲ ပြန်လည်ထွက်ခွာလေရဲ့။
ပခုံးထက်ဆီက မင်းခေါင်ကတော့ အားကိုးရှိလာလို့ထင့်။ စိတ်ကို လျော့ချလိုက်ချိန် လူကလည်း တာနောကြီးရဲ့ ပုခုံးထက်မှာပဲ သတိလစ်မေ့မျောသွားခဲ့ပါတော့တယ်။
*******
မင်းခေါင် ဘယ်လောက်အထိ ကြာအောင် သတိလစ်မေ့မျောသွားခဲ့ရတယ် မသိဘူး။
နားထဲမှာ ဆည်းလည်းသံတွေ တရွှင်ရွှင်ကြားမိတာမို့ မျက်ဝန်းတွေကို ဖွင့်ကြည့်မိတော့ စေတီတစ်ဆူခြေရင်းကို သူရောက်ရှိနေခဲ့တယ်။
မင်းခေါင် ထိတ်လန့်တကြားနဲ့ ထထိုင်မိလိုက်တော့ နံဘေးဆီမှာ တာနောကြီးက ထမင်းချက်နေရင်းက…။
‘ မင်းခေါင် သတိရပြီလား…’
‘ သတိရပြီ ကိုတာနောကြီး။ ဒါနဲ့ ကျုပ်တို့ ဘယ်ကို ရောက်နေတာလဲ…’
‘ မရှိခဏစေတီတော်ဆီကို ရောက်နေတာလေ…’
‘ ဟင်…ဘယ်ကဘယ်လို…’
‘ ဒီလိုကွ…မင်း သတိမေ့နေတာ သုံးရက်ရှိပြီ။ ငါတို့ မင်းကို ကယ်တင်လာတုန်းက လဆုတ် ၁၁ ရက်နေ့။ နောက်နေ့ဆို ပုလိပ်တွေကလည်း ရွာကို လာမှာဆိုတော့ ငါတို့ ရှောင်ဖို့လိုတယ်။ ပြီးတော့ မင်းဆီက တုန့်ပြန်အဖြေကို မျှော်ထားတဲ့ ရက်ကလည်း အလွန်နီးနေပြီလေကွာ။ တကယ်လို့သာ မင်းလက်ခံခဲ့ပြီဆိုရင် လကွယ်နေ့အမီ အစီအရင်လုပ်ဖို့ လွဲချော်မှုမဖြစ်ရအောင် သတိမေ့နေတဲ့ မင်းကိုပါ အပါခေါ်ပြီး ဒီကို လာခဲ့ကြတာပဲ…’
‘ ဒီအထိကို လာရတာဆိုတော့ အစီအရင်ကိုက ဒိမှာလုပ်မှာလား ကိုတာနော…’
‘ ဟုတ်တယ်ကွ။ ဒီနေရာက သူခိုးကြီးငတက်ပြားရဲ့ အောင်မြေလေကွာ။ ပုရပိုက်ထဲမှာလည်း ဒိနေရာမှာ အစီအရင်ကို လုပ်ရမယ်တဲ့ကွ။ အဲ…ဘာလဲ မင်းက အစီအရင်ကို လက်ခံတော့မလို့လား…’
‘ ကျုပ်…’
မင်းခေါင် တစ်ခဏ တွေးတောသွားတယ်။
ရွာမှာ အမေဖြစ်သူနဲ့ ညီမဖြစ်သူတို့ ကျန်ရစ်တယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရ ရွာကို သူပြန်လို့ မရတော့ဘူး။ ပြီးတော့ မြသစ်ကို သူဆုံးရှုံးလိုက်ရပြီ။
သူ့အနေနဲ့တော့ လက်ရှိအချိန်မှာ ဘာကိုမှ မျှော်လင့်စရာ မရှိတော့ဘူး။
မင်းခေါင် ဦးဘစီတို့ မိသားစုကို မုန်းတီးမိတယ်။ ငွေအားကိုးနဲ့ လူတကာရဲ့ ဘဝတွေကို ဖျက်ဆီးကြသူတွေ။ သူ့ဘဝကိုလည်း ဖျက်ဆီးခဲ့ပြီ။
မင်းခေါင် တွေးရင်းနဲ့ ဒီလူတွေအပေါ် သူအနိုင်ယူချင်လာမိတယ်။ ဒီလိုနိုင်ဖို့ဆို ဦးဘာထူးတို့ စီရင်ပေးမယ့် အစီအရင်က မဖြစ်မနေ သူ့အတွက် မဖြစ်မနေ လိုအပ်လာပြီ။
အစီအရင်ကို လက်ခံဖို့ မင်းခေါင် ဆုံးဖြတ်လိုက်တယ်။
‘ ကိုတာနောကြီး ကျုပ် လက်ခံတယ်ဗျာ…’
တာနောကြီးက ဝမ်းသာသွားတယ်။
‘ အဟား…တကယ်ပဲလား မင်းခေါင်ရ။ ဒီအကြောင်းကို တပ်မှူးသာ သိရင်တော့ ဝမ်းသာတော့မှာပဲဟေ့…’
‘ ဒါပေမယ့်…ကိုတာနော…’
‘ အင်း…ပြော…’
‘ ကျုပ် အမေနဲ့ ညီမလေးကိုတော့ စိတ်ပူနေမိတယ်။ သူတို့ အဆင်ပြေကြသလား သိချင်တယ်…’
မင်းခေါင်စကားအဆုံး တာနောကြီးက အားရပါးရ ပြုံးလိုက်တယ်။
‘ ဒိအတွက်တော့ မပူနဲ့ကွာ။ ငါတို့ထွက်လာပြီး နောက်တစ်ရက်မှာ တပ်မှူးက ရုပ်ဖျက်ပြီး ရွာကို ပြန်သွားတယ်။ ရွာအခြေအနေကိုလည်း အကဲခတ်ရင်း မင်းရဲ့ မိသားစုကိုလည်း အသိပေး စောင့်ရှောက်ပေးရင်းပေါ့ကွာ။ တပ်မှူးကိုယ်တိုင် သွားစောင့်ရှောက်ပေးတာမို့ မင်းမိသားစု ဘာမှမဖြစ်ဘူးဆိုတာ ငါ အာမခံတယ်။ ပြီးတော့ ဒီညနေကို တပ်မှူးက ဒီကို အရောက်ပြန်လာမှာကွ။ အဲ့ဒိ့တော့ မင်း သတင်းကောင်းကြားရမှာပါကွာ…’
တာနောကြီးစကားက အားရှိစရာဖြစ်ပေမယ့် တိကျတဲ့ အဖြေမဟုတ်သေးတာကြောင့် မင်းခေါင် မတင်မကျနဲ့ အနေရခက်လှတယ်။
‘ ဟော…ပြောရင်းဆိုရင်း ဟိုးမှာ တပ်မှူးပြန်လာနေပြီ…’
တာနောကြီးအပြောကြောင့် မင်းခေါင် လှမ်းကြည့်မိတော့ စေတီတော်ရှိရာဆီကို အပြင်းနှင်လာနေတဲ့ မြင်းတစ်စီး။ မြင်းအပေါ်မှာက ဦးဘာထူးဟာ ခါးကိုအရှေ့ဆီကိုင်းလို့ စီးနင်းလာနေတယ်။
‘ မင်းခေါင် ထမင်းအိုး ကြည့်ပေးထားဦးကွာ။ ပြီးရင် ဟိုငါးခြောက်ကို မီးဖုတ်လိုက်။ ငါ တပ်မှူးကို သွားကြိုဦးမယ်…’
တာနောကြီးက ပြောပြောဆိုဆိုပဲ ထွက်သွားတယ်။ မင်းခေါင်လည်း ဒဏ်ရာတွေက သက်သာသလောက်ရှိနေပြီမို့ တာနောကြီးခိုင်းတာကို လုပ်ဆောင်နေလိုက်တယ်။
ခဏအကြာ မင်းခေါင် ငါးခြောက်ဖုတ်နေချိန်ကျ ဦးဘာထူးတစ်ယောက်ထဲ အပေါ်ကို ရောက်ရှိလာကြတယ်။
‘ မောင်ရင်က အစီအရင်ပြုဖို့ကို လက်ခံလိုက်ပြီဆိုကွ…’
‘ ဟုတ်ပါတယ် ဘကြီး…’
မင်းခေါင် ပြုံးရင်း ဖြေလိုက်တယ်။
‘ အေး…ဒါဆိုရင်တော့ ဒီညကို အစီအရင်စရမှာပေါ့ကွာ…’
‘ ဗျာ…အစီအရင်ကိုက ဒီညလုပ်မှာလား…’
‘ ဟုတ်တယ်လေ။ ဒီညက လကွယ်ည။ ဒီညကို စီရင်ရမယ်။ မောင်ရင် လက်ခံတယ်ဆိုလို့ တာနောကြီးကိုတောင် ရွာထဲဆင်းပြီး ကန်တော့်ပွဲအတွက် ဝယ်ခိုင်းလိုက်ပြီ…’
‘ ဪ…ဟုတ်။ ဒါနဲ့ ဘကြီး…’
‘ ဟေ…’
‘ ကျုပ် အမေနဲ့ နှမလေးတို့ကော အဆင်ပြေကြလား…’
‘ အေး…ပြေကြတယ်ကွ။ မောင်ရင့် အမေလည်း ထူထူထောင်ထောင်ဖြစ်နေပြီ။ အစက မင်းပျောက်သွားတယ်ဆိုတော့ သူတို့စိတ်ပူကြတယ်လေ။ ဒါပေမယ့် ဘကြီးတို့ စောင့်ရှောက်ပေးထားတယ်ဆိုတာ အသိပေးလိုက်တော့ စိတ်ချသွားကြပါတယ်…’
မင်းခေါင် စိတ်ထဲ အေးသွားရပါပြီ။
ခဏအကြာမှာတော့ တာနောကြီး အုန်းသီး၊ ငှက်ပျောသီးတွေကို ပိုက်လို့ ပြန်ရောက်လာပါတယ်။
အဲ့ဒီ့နောက်တော့ ညအတွက် စေတီရင်ပြင်ဆီမှာ အစီအရင်ပြုလုပ်ဖို့ကို သုံးယောက်စလုံး ပြင်ဆင်ကြတော့တာပေါ့…။
******
ညအချိန်…။
ဖျောက်ဆိပ်ကြယ် မျက်နှာတစ်မော့ရှိချိန်မှာ မင်းခေါင်ကို စေတီဆီမှာ ကတိသစ္စာပြုစေပြီး အစီအရင်ကို စတင်ကြတယ်။
အစီအရင်အရ မင်းခေါင်ရဲ့ ပေါင်နှစ်ဖက်ကို ဓားနဲ့ အစိမ်းခွဲကာ ညနေကတည်းက ကြောင်အရှင်ကို စီရင်ထားတဲ့ အရုပ်ဆီက ထုတ်ထားတဲ့ မျက်ရှင်တို့ကို ပုရပိုက်ပါ မန္တာန်တွေရွတ်ဆိုရင်း မြှုပ်သွင်းတယ်။ ပြီးတော့ ပြန်ချုပ်တယ်။
ဒိလို လုပ်နေချိန်မှာ မင်းခေါင်က မျက်ရှင်ထုတ်ယူပြီးနောက် ရေနဲ့ ပြုတ်ကာထားတဲ့ ကြောင်ခန္ဓာကိုယ်နဲ့ ပြုတ်ရည်ကို စားတစ်လှည့် သောက်တစ်လှည့် လုပ်နေရတယ်။ ကြောင်ကြီးဟာ အရင်က ကြွေနဲ့ လုပ်တဲ့ အရုပ်ကြီးလို မာကျောနေပေမယ့် တကယ်တမ်း ပြုတ်လိုက်ချိန်မှာတော့ အသားဟာ နူးညံ့အိစက်နေလေတယ်။ ညှီနံ့မျိုးလည်း မရှိဘဲ ခပ်သင်းသင်း မွှေးနေတာမို့ စားသုံးရတာ အဆငိပြေလှတယ်။
အစီအရင်က ဖျောက်ဆိပ်ကြယ် ခေါင်းတည့်တည့်ဆိုရောက်ချိန်မှာ ပြီးစီးရမှာမို့ တစ်ခုချင်းစီကို မလွဲလျော်အောင် ဥိးဘာထူးဥိးဆောင်ပြီး ခပ်မှန်မှန် လုပ်ဆောင်နေကြတယ်။
နောက်ဆုံးအဆင့် မင်းခေါင်ရဲ့ ကျောပြင်ဆီမှာ စုတ်နဲ့ သရဏဂုံသုံးပါးကို အကြိမ်သုံးဆယ်တိတိ၊ စက်ကြီးတစ်ဆယ့်သုံးပါးကို အကြိမ်သုံးဆယ်တိတိစီ ရွတ်ဖတ်လို့ ဆေးပေါက်တယ်။
အစီအရင် အောင်ကာနီးတော့ ဦးဘာထူးရဲ့ ရွတ်ဖတ်သံတွေက ပိုမိုမြန်ဆန်လာတယ်။ မင်းခေါင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာလည်း နာကျင်မှုတွေ ကင်းပလာပြီး ရှိန်းရှိန်းဖိန်းဖိန်းနဲ့ မရိုးမယွဖြစ်လာခဲ့တယ်။
တာနောကြီးက ကန်တော့်ပွဲတွေဆီမှာ အလင်းတိုင်နဲ့ နံ့သာတိုင်တွေကို အဆက်မပြတ် ပူဇော်နေလေတယ်။
ဦးဘာထူးက နောက်ဆုံးစုတ်ချက်ကို ခပ်ဆတ်ဆတ် ထိုးပေါက်လိုက်တယ်။ ပြီးတော့ အောင်ပြီတိုတဲ့ ကြွေးကြော်မှုကို သုံးကြိမ်ပြုကာ မင်းခေါင်ကိုလည်း…။
‘ မောင်မင်းခေါင်…စိတ်ကို ရှင်းထား။ ပြီးရင် မင်းစိတ်က ဆောင်တဲ့အတိုင်း တစ်ခုခု လုပ်ချေကွာ…’
ဦးဘာထူးစကားကို မင်းခေါင်က ခေါင်းညိတ်လိုက်ပြီး ထိုင်နေလျှက်က ကိုယ်ကို လိမ်လို့ နောက်ကျွမ်းပစ်လိုက်တယ်။ မင်းခေါင်ရဲ့ ခန္ဓာက ပျော့ပျောင်းလွန်းစွာနဲ့ ခပ်မြင့်မြင့်အထိ လည်တက်သွားပြီးနောက် ပေါ့ပါးစွာနဲ့ မတ်တပ်ပြန်ကျတယ်။ ဒါကို မင်းခေါင်က တစ်ဆက်ထဲ ထပ်လို့ ခုန်လိုက်ချိန်မှာတော့ အနီးဆီက သစ်ပင်ထိပ်ဖျားဆီကို ဖျတ်ခနဲ ရောက်ရှိသွားခဲ့တော့လေတယ်။
‘ အောင်ပြီဟေး…အောင်ပြီ..’
ဒီတစ်ကြိမ်တော့ တာနောကြီးရဲ့ ကြွေးကြော်သံ။
မင်းခေါင်က သစ်ပင်ထိပ်ဖျားဆီကနေ အောက်ကို ငုံ့ကြည့်လိုက်တယ်။
သူရပ်နေတဲ့ သစ်ကိုင်းဖျားက လက်ညှိုးလုံးသာသာလောက်ပဲ ရှိပေလိမ့်မယ်။
မင်းခေါင် သူ့ကိုယ်သူ အလွန်ပဲ သဘောကျမိသွားရတာပေါ့။
အောက်ဆီကို မင်းခေါင် ခုန်ဆင်းလိုက်တယ်။
အောက်ဆီကို ပေါ့ပါးစွာနဲ့ ဟန်ချက်မပျက် ကျရောက်ပြီးချိန်မှာတော့ တာနောကြီးက ဝမ်းသာအားရ ပြေးဝင်လာပြီး မင်းခေါင်ကို မချီလို့ သူ့ပုခုံးထက်ဆီ တင်ရင်း ပျော်ရွှင်ခုန်ပေါက်နေပါတော့တယ်။
‘အစီအရင် ပြုတဲ့ည’ ပြီးပါပြီ။