အရိပ်

အရိပ်(စ/ဆုံး)

———-

မတင်မေကို ကြည့်ရတာ ထိတ်လန့် ချောက်ချားနေသလိုပါပဲ။

မျက်လုံးများက ဂဏှာမငြိမ်။အခန်းထဲ ရှိနေသူတွေကိုလည်း သိဟန်မတူ။

အခန်းထဲမှာ သတင်းလာမေးသူ အိမ်နီးချင်းတွေ ရောက်နေကြသည်။

အိပ်ယာပေါ် လှဲလျောင်းနေပေမယ့် သူမ ကိုကြည့်ရတာ လှုပ်လှုပ်ရွရွနဲ့။

ကြောက်ရွံ့ထိတ်လန့်စိတ် မပြယ်သေးဘူး ထင်ပါရဲ့။

မတင်မေရဲ့ ယောက်ကျား ကိုအေးမောင်ကတော့ ကုတင်ဘေးက ထိုင်ခုံမှာ
ထိုင်ရင်း အားပေးစကား ပြောနေသည်။

“တင်မေ..စိတ်ထဲ တင်းမထားနဲ့။ငါ နင့်ကို ခွင့်လွှတ်တယ်။ကလေးက ဒီလောက်ပဲ ကံပါလို့သာ မှတ်ယူလိုက်ပါဟာ။
နင်လည်း သူ့ကို ကယ်ဖို့ ကြိုးစားခဲ့တာပဲ၊ သေနေ့စေ့လို့ သေတယ်ပဲ မှတ်ပါ”

မတင်မေရဲ့ မျက်လုံးများက ကိုအေးမောင်ရဲ့မျက်နှာကို အကဲခတ်သလို ကြည့်တယ်။ ပြီးတော့ ငိုချလိုက်တယ်။

မတင်မေကို သတင်းလာမေးကြသူများက စုပ်သပ်ကြတယ်။

သနားပါတယ်ဟုလည်း အချင်းချင်း လက်တို့ ပြောကြတယ်။

မတင်မေတို့အိမ်နဲ့ ကပ်လျက်၊ တစ်ဖက်အိမ်က ဒေါ်ကြီးခင်က..

“တင်မေက မလိုက်ခဲ့နဲ့။

အိမ်မှာပဲ နေခဲ့ပါ သားရယ်လို့ အော်ပြောတာ ငါကြားလိုက်ရသေးတယ်အေ့။

ကလေးလေးကိုက သေနေ့စေ့လို့ သူ့သေမင်းရှိရာ သွားချင်တာများလားအေရယ်..”

တခြား မိန်းမဖော်ကလည်း ထောက်ခံလေ၏။

“ဟုတ်မယ် ဟုတ်မယ်၊ မတင်မေက အရှေ့က အဝတ်ထုပ် ရွက်သွားတာ၊
လင်းလင်း နောက်က လိုက်သွားတာ ကျွန်မလည်း မြင်လိုက်တယ်..”

“အေးပေါ့ သူ့ခမျာလည်း အဝတ်တွေ လျော်နေရတာဆိုတော့ ကလေးကို ဘယ်သတိထားမိပါ့မလဲ …”

“အင်း ကောင်လေးကိုက သေကံပါလို့ပါ။သနားလိုက်တာ အေရယ်..”

“တင်မေက တကယ့် သတ္တိဂဲ။ ဒီလောက် ရေစီးသန်နေတာကို သူမို့ ဇွတ်အတင်း ဆင်းကယ်ရဲတာ …”

“အင်းလေ သူပါ ရောပြီး ရေမနစ်တာ ကံကောင်း။ ထင်းလှေသမားက မြင်လို့သာပေါ့။ နို့မို့ဆို နှစ်လောင်းပြိုင်ပဲ”

ထိုအခါ မတင်မေ၏ ငိုရှိုက်သံက ပို၍ ကျယ်လောင်လာတယ်။

“အဟင့်ဟင့် ဟစ်အီး”

တကယ်တော့ မတင်မေဟာ ဝမ်းနည်းလို့ ငိုတာမဟုတ်ဘူး။

သူ အသက်ရှင်နေသေးပါလားလို့ သိလိုက်ရလို့ ငိုချလိုက်တာပါ။

မတင်မေက ကိုအေးမောင်ရဲ့ ဒုတိယအိမ်ထောင်သည် ဇနီးမယား။

သေသွားတာက ကိုအေးမောင်ရဲ့ ပထမအိမ်ထောင်မှ ပါလာသော လင်ပါသား လင်းလင်း။

လင်းလင်းက အခုမှ အသက်၆နှစ်ပဲ ရှိသေးတယ်။

မတင်မေနဲ့အတူ ပဒူချောင်းကို လိုက်လာရင်း ရေနစ် သေခဲ့ရတာ။

မတင်မေက အဝတ်ဟောင်းတွေ များလာလို့ ပဒူချောင်းကို အဝတ်လျော်သွားတယ်။

အဲ့ဒါကို လင်ပါသားဖြစ်သူ လင်းလင်းက
နောက်က လိုက်လာပြီး ရေဆော့ပုံရတယ်။

ရေနစ်သေပါလေရောလေ။

အထက်က မိုးကောင်းချိန်ဆိုလျင် ပဒူချောင်းက ရေစီးသန်မှသန်ပဲ။

ချောင်းသာပြောတယ်။ ပဒူချောင်းက ရေနက်တယ်။ ရေပြင်ကျယ်တယ်။

လူကြီးတောင် ရေစီးထဲ မျောပါနိုင်တဲ့အထိ ရေစီးကသန်တယ်။

မတင်မေ အူထဲက ကြိတ်ပြုံးတာကို လူတွေ မသိကြဘူး။

တကယ်တော့ အူပုပ်တဲ့ မတင်မေဟာ လင်းလင်း ရေနစ်တာကို သိတယ်။

ဆယ်မရလောက်တဲ့ အခြေအနေထိ တမင်စောင့်နေခဲ့တာ။

မတင်မေ ချောင်းထဲ မဆင်းခင် လူ
ကြားအောင် အော်သွားတယ်လေ။

ထင်းလှေသမားက လုံးကြီးပေါက်လှ မတင်မေကိုပဲ မြင်ပြီး ရေထဲ ဆင်းကယ်ခဲ့တာ။

အကွက်လှလှခင်းပြီး မတင်မေဟာ လင်ပါသားကို ရေနစ်သေစေခဲ့သူပဲ။

သူက ရေနှစ်သတ်တာ မဟုတ်ပေမယ့် သူ့ကြောင့် ရေနစ်သေရတာကတော့ အမှန်ပဲ ဖြစ်၏။

ဇာတ်ကြောင်း လှန်ရဦးမယ်။

မတင်မေနဲ့ကိုအေးမောင် ညားတော့၊ မတင်မေတစ်ယောက် သူများအိမ်မှာ ထမင်းချက် အဝတ်လျော်ဘဝက ကျွတ်ပြီပေါ့လို့ အောက်မေ့ခဲ့တယ်။

မတင်မေက ကိုအေးမောင် အလုပ်လုပ်တဲ့ ‘ မင်း ‘ ကားကြီးကားလေး ပြုပြင်ရေး ဝပ်ရှော့ကြီးမှာ လက်ထောက် ဝပ်လျော့ဆရာ။

ဝင်ငွေကောင်းတယ်။အလုပ်ကို ရိုသေတယ်။စည်းကမ်းရှိတယ်။

မသောက်မစား လူရိုး၊ကလေးတစ်ယောက်အဖေ မုဆိုးဖို။

မတင်မေက လုံးကြီးပေါက်လှ။ အသားညိုချော၊ ရယ်လိုက်ရင် ပါးချိုင့်လေးနဲ့။

ဝပ်ရှော့မှာ အနေများတဲ့ ကိုအေးမောင်နဲ့ ဝပ်ရှော့မှာ ထမင်းချက် အဝတ်လျော်တဲ့
မတင်မေတို့ဟာ သိပ်မကြာခင် အကြောင်းပါခဲ့ကြတယ်။

သူတို့နှစ်ယောက် လက်ထပ်ပြီးကြတော့
မတင်မေက ထုံးစံအတိုင်း ယောင်နောက်ဆံထုံးပါဆိုသလို ကိုအေးမောင်ရဲ့အိမ်မှာ လိုက်နေခဲ့တယ်။

အဲ့ဒီမှာ မတင်မေနဲ့ကိုအေးမောင်ရဲ့သား ၆နှစ်အရွယ် လင်းလင်းနဲ့ စတွေ့တော့တာပဲပေါ့။

လင်းလင်းက မတင်မေကို အဒေါ်လို့ပဲခေါ်တယ်။ကလေးဆိုတာကတော့ သူတို့အပေါ် အလိုလိုက် အကြိုက်ဆောင်ရင် လက်သာကြတာပဲလေ။

မတင်မေက လင်ရှေ့တစ်မျိုး၊ လင်ကွယ်ရာမှာ တစ်မျိုးဆိုတဲ့ အစားထဲကပေါ့။

ကလေးကလည်း အဲ့တာကို သိတယ်။ မတင်မေအပေါ်ကို သိပ်ပြီး နှစ်နှစ်ကာကာ မရှိဘူး။

သူ့ဟာသူပဲ ဆော့ကစားနေတတ်တယ်။
ကိုအေးမောင်ကတော့ သူ့သားလေးကို သိပ်ချစ်ရှာတယ်။

မတင်မေဖို့ အဝတ်စ တစ်စ ဝယ်လာရင်၊ သူ့သားငယ်ဖို့ အင်္ကျီဘောင်းဘီ တစ်စုံပါလာတတ်တယ်။ ညီမျှတယ်ပေါ့။

မတင်မေက အဲ့ဒါကို မနာလိုဘူး။ ကလေးမှာ အဝတ်အစားတွေ သိပ်များနေပြီ၊

မလိုအပ်ပဲ ဝယ်တော့ ငွေကုန်တယ်၊ ဘာညာနဲ့ မြည်တွန်တောက်တီးလေ့ရှိတယ်လေ။

ကိုအေးမောင်ကတော့ လူအေးဆိုတော့ ဘာပြောမှာလဲ။ ရယ်ပဲနေတာပေါ့။

မတင်မေရဲ့သဘောက လင်ပါသားလေးအတွက် မဝယ်ဖူးဆိုရင် သူ့အတွက်က အင်္ကျီစအပြင် ဝမ်းဆက်ပါ ရနိုင်တယ်လို့ တွေးထားတယ်။

မတင်မေဟာ အိမ်ထောင်သက်လေး ရလာတော့ လိုချင်ရမ္မက်တွေ ပိုများလာတယ်။

အခု သူတို့နေတဲ့ နှစ်ထပ် ပျဉ်ထောင်အိမ်က ကိုအေးမောင်ရဲ့ အရင်မိန်းမ မစန်းကြည် ပိုင်တာလေ။

အမွေဆက်ခံမယ်ဆိုရင် မတင်မေနဲ့ ဘာမှ မသက်ဆိုင်ဘူး။

လင်းလင်းပဲ သူ့အမေရဲ့အမွေကို ရမှာ။

အဲ့ဒါကို သိထားတဲ့ မတင်မေက လင်းလင်းကို ပိုပြီး မလိုတမာစိတ်တွေ တဖွားဖွား ပေါ်နေတယ်။

လင်းလင်း သေရင် ကောင်းမှာဆိုတဲ့ စိတ်ယုတ် စိတ်ပုပ်တွေ သူ့မှာ ပေါ်နေတယ်။

လင်းလင်းကို မြင်တွေ့နေရတာ သူ့အတွက် နေလို မီးလို ပူလောင်နေတယ်။

ဖြစ်ချင်တော့ ကိုအေးမောင်က သူ့သားအတွက်ဆိုပြီး ဘုရားစျေးတွေမှာ ရောင်းတတ်တဲ့ ကလေးကစားစရာ လင်ကွင်းသေးသေးလေး ဝယ်လာပေးတယ်။

လင်းလင်းက အဲ့ဒီ လင်းကွင်းလေးကို သိပ်နှစ်သက်ရှာတယ်။

ကြေးလင်းကွင်းလေးကို မမောတမ်း တချွမ်ချွမ်နဲ့ တီးဆော့နေလေ့ ရှိတယ်။

မတင်မေက အဲ့ဒါကို နားခါးတယ်။ လင်ကွင်းတီးတိုင်း အော်ဟစ် ဆူပူလေ့ရှိတယ်။

ကလေးဆိုတော့ ဘယ်သိပါ့မလဲ။ သူက
လင်ကွင်းလေးကို အရမ်းကြိုက်တာကိုး။

တစ်ရက်တော့ ကိုအေးမောင်ဟာ ကားပြင်ဖို့ အဝေးကို ညအိပ် လိုက်သွားရတယ်။

သားလေး လင်းလင်းကို သေချာ ဂရုစိုက်ပေးဖို့ မတင်မေကို မှာသွားတယ်။

ကိုအေးမောင် ခရီးထွက်နေချိန် မတင်မေဟာ အားယားနေတယ်လေ။

ထမင်းချိုင့် ပို့စရာလည်း မလိုဘူး။အဲ့တာနဲ့ နေ့ခင်းမှာ တစ်ရေးပြန်အိပ်တယ်။

မတင်မေ နေ့ခင်း တစ်ရေးအိပ်ချိန် လင်းလင်းက လင်းကွင်းလေး တီးပါလေရော

မတင်မေ အိပ်ကောင်းနေချိန်ဆိုတော့၊ လန့်နိုးလာချိန် ဒေါသ အရမ်းထွက်သွားတယ်။

မတင်မေဟာ အဲ့ဒီနေ့က လင်းလင်းကို ရိုက်လိုက်တယ်။

ငါအိပ်နေတာကို နှောက်ယှက်တယ်။
မသာလေး အယုတ်တမာလေး ဘာညာနဲ့ အယုနတ္တတွေ ဆဲဆိုတာပေါ့။

လင်းကွင်းကိုလည်း သိမ်းယူထားလိုက်တယ်။

လင်းလင်းက သူ့ လင်းကွင်းကို ပြန်တောင်းပေမယ့် မတင်မေက မပေးဘူး။

လင်းလင်းက ကလေးပီပီ အစွဲ သိပ်ကြီးရှာတယ်။

သူ့လင်းကွင်း ပြန်မပေးရင် ထမင်းမစားဘူးဆိုပြီး ဆန္ဒပြ စိတ်ကောက်တယ်။

ရက်စက်တဲ့ မတင်မေဟာ ကလေးကို အငတ် ပစ်ထားလိုက်တယ်။

မတင်မေဟာ အဲ့ဒီညက အတွေးတစ်ခု တွေးမိသွားတယ်။

အဲ့တာကတော့ ပဒူချောင်းရေ ရေစီးသန်ချိန်ကို သတိရသွားလို့ပဲ။

လင်းလင်းကို ပဒူချောင်း ခေါ်သွားပြီး၊ ရေနစ်သေအောင် ကြံမယ်ဆိုတဲ့ အတွေးဆိုး အတွေးညစ်ကို တွေးမိသွားတယ်။

တစ်ညလုံး မတင်မေဟာ လူတွေ သူ့အပေါ် အထင်မလွဲစေပဲ လင်းလင်း ရေနစ်သေအောင် ဘယ်လို လုပ်ရမလဲဆိုတဲ့ အတွေးနဲ့ မိုးလင်းသွားခဲ့တယ်။

မနက်မိုးလင်းတော့ မတင်မေက လင်းလင်းကို ခေါ်ပြောတယ်။

” ငါ ခဏနေ ပဒူချောင်းကို အဝတ်လျော်သွားမှာ ၊ နင့် လင်းကွင်း လိုချင်ရင် ငါ့ နောက်လိုက်ခဲ့ ..”

လင်းလင်းလေးဟာ ပျော်သွားတာပေါ့။
သူ့ လင်ကွင်းကို မတင်မေက ပြန်ပေးမယ်လို့ ပြောပြီလေ။

မတင်မေဟာ ပဒူချောင်း မသွားခင်မှာ ပတ်ဝန်းကျင် အိမ်နီးချင်းတွေရဲ့ အခြေအနေကို မကြာခဏ ထွက်ကြည့် အကဲခတ်တယ်။

သူ လိုချင်တဲ့ အခြေအနေ ရောက်တဲ့အခါ အဝတ်တွေကို ပုဆိုးတစ်ထည်နဲ့ ထုပ်ပိုပြီး အပြင်ထွက်လာတယ်။

အဲ့ဒီအချိန် အိမ်နီးချင်း အချို့ဟာ သူတို့ အိမ်ရှေ့မှာ ရှိနေကြတယ်။

မတင်မေက အိမ်အပြင်ကနေ အိမ်နီးချင်းတွေ ကြားရအောင် လှမ်းအော်ပြောတယ်။

“သားရေ လင်းလင်း ၊ အဒေါ် ပဒူချောင်းမှာ အဝတ်လျော်သွားမလို့ ၊ အိမ်မှာပဲ ဆော့နေခဲ့နော် …”

လင်းလင်းက ဘယ်နေမှာလဲ။ မတင်မေက သူနဲ့ပဒူချောင်းကို လိုက်မှ လင်းကွင်းလေးကို ပြန်ပေးမယ်လို့ ပြောထားတယ်မဟုတ်လား။

မတင်မေက အော်ပြောပြီး ထွက်သွားတယ်။

လင်းလင်းက မတင်မေရဲ့ နောက်ကို အပြေးလေး လိုက်တာကို ပတ်ဝန်းကျင်က လူတွေ မြင်လိုက်ကြတယ်။

ပဒူချောင်း ရောက်တဲ့အခါ မတင်မေက လူရှင်းတဲ့ ချောင်းစပ်ကို ရွေးပြီး အဝတ်တွေ လျော်တယ်။

လင်းလင်းက မတင်မေ ဘေးကနေ သူ့ လင်းကွင်းလေး ပြန်ပေးမှာဆို ပြန်ပေးပါလို့ တတွတ်တွတ် ပူဆာနေတယ်။

မတင်မေဟာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။

ဒီကနေ့မှ ပဒူချောင်းစပ်ကလည်း လူရှင်းနေတယ်။

မတင်မေဟာ သူ သိမ်းထားတဲ့ လင်းကွင်းလေးကို လင်းလင်းကို ပြလိုက်ပြီး..

“သေနာလေး ၊ နင် လိုချင်နေတဲ့ လင်းကွင်း အဲ့သလောက် ရချင်နေရင်…
နင့်ဘာသာ သွားယူ …”

အဲ့သလို ပြောလိုက်ပြီး လူကြီး ခါးတစ်ဝက်လောက်မြုပ်မယ့် ရေမှာ လင်းကွင်းကို လှမ်းပစ်လိုက်တယ်။

လင်းလင်းက ဘာသိမှာလဲ။ ကလေးပဲ။

မတင်မေ ပစ်လိုက်တဲ့ ရေနက်ပိုင်းကို ဆင်းသွားပြီး သူ့ လင်းကွင်းကို သွားယူတာပေါ့။

အဲ့ဒီမှာ မတင်မေဟာ လင်းလင်း ရေထဲဆင်းသွားတာကို မတားပဲ တစိမ့်စိမ့်ကြည့်နေတယ်။

သိပ်ကို ရက်စက်ယုတ်မာတဲ့ မိန်းမပါပဲ။

မကြာပါဘူး။ ကလေးက ရေနစ်ပါလေရော။ မတင်မေဟာ မဆယ်ဘူး။

လင်းလင်းလေးဟာ ကြောက်လွန်းလို့၊
လက်ကလေး ရေပေါ် ထောင်ပြီး..

“အဒေါ် ကယ်ပါအုံး
သားကို ကယ်ပါအုံး အဒေါ်” လို့ နောက်ဆုံး အော်သွားရှာတယ်။

သူ ဆယ်မယ်ဆိုရင် ကလေး အသက် မှီသေးတယ်။ခနနေတော့ ကလေးက ပေါ်မလာတော့ဘူး။

ရေစီးနဲ့ မျောပါသွားပြီလေ။

အဲ့ခါကျမှ မတင်မေက အသံကုန်အော်တယ်လေ။

ပြီးတော့ သူလည်း ရေထဲ ဆင်းသွားတယ်။ မတင်မေဟာ အကြံနဲ့ဆိုတော့..

“ကယ်ကြပါအုံး ကယ်ကြပါအုံး
ကျွန်မသားလေး ရေနစ်နေလို့ ..”

မတင်မေရဲ့ ကျယ်လောင်တဲ့ အော်သံကြောင့် ထင်းလှေက လူနှစ်ယောက် အပြေး လာကယ်ကြတယ်။

ထင်းလှေသမားတွေ တွေ့တာက ရေစီးထဲ မျောပါစပြုနေတဲ့ မတင်မေကိုပဲ။

ကလေးကိုတော့ ခပ်ဝေးဝေးမှာ မျောသွားတာ ဝါးတားတား မြင်လိုက်ရတယ်လ်ို့ ဆိုကြတယ်။

မတင်မေကိုပဲ သူတို့ ရအောင် ကယ်လိုက်နိုင်ကြတယ်။

ကလေးကိုတော့ မမှီလိုက်ကြတော့ဘူးလေ။

ထင်းလှေသမားတွေက…

‘ ကလေးအမေက သူ့သား ရေနစ်လို့ လိုက်ကယ်နေရင်း အမေလုပ်သူပါ ရေနစ်သွားတာတွေ့လို့ ကယ်လိုက်ရတာပါ’ လို့ ပြောပြကြတယ်လေ။

အဲ့ဒီစကားက မတင်မေ လိုချင်တဲ့ အကွက်ပဲပေါ့။ အရပ်ထဲလည်း အဲ့ဒီလိုပဲ သတင်း ပျံ့သွားပါတယ်။

မတင်မေကို ဘယ်သူကမှ အပြစ်မတင်ကြဘူး။ သနားဂရုဏာတောင် သက်ကြသေးရဲ့ဗျာ။

……………………
၂။

သေသော်သူ ကြာရင်မေ့ဆိုပေမယ့် ကိုအေးမောင်ဟာ သူ့ရင်သွေးလေးကို သတိရနေရှာတယ်။

အမိမဲ့သားလေးကို သူ ဂရုမစိုက်အားခဲ့တာကို ပြန်တွေးပြီး ဝမ်းနည်းနေရှာတယ်။

လင်းလင်းလေးရဲ့ အသုံးအဆောင်လေးတွေ ပွေ့ဖက်နမ်းရှုံ့ရင်း မျက်ရည်တွေတွေ ကျနေတာလည်း မြင်ရတယ်။

တီတီတာတာ ခေါ်တတ်တဲ့ ဖေကြီးဆိုတဲ့ အသံလေးကိုလည်း ကြားယောင်နေဟန်တူပါရဲ့။

တစ်ခါတစ်ခါများဆို ကိုအေးမောင်ဟာ အိပ်နေရာကနေ လန့်နိုးပြီး အိမ်ထဲမှာ သူ့သားကို လိုက်ရှာနေတတ်တယ်။

သူ့သား ကြိုက်တဲ့ ကစားစရာလေးတွေကို အခုထိ အမြတ်တနိုး သိမ်းထားဆဲ။

ကိုအေးမောင် သတိတရနဲ့ မေးတတ်သည်က တင်မေ ငါ့သားရဲ့ လင်းကွင်းလေး မတွေ့မိဘူလား ဆိုတဲ့မေးခွန်းပဲ။

အဲ့ဒီအချိန်ဆို မတင်မေဟာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေ့ရှိတယ်။

‘မသိဘူး။ မရှိဘူး ။ ကျုပ် မယူပါဘူး’ လို့ ကြောက်လန့်တကြား ဖြေတတ်တယ်။

ကိုအေးမောင်ဟာ သူ့မိန်းမကို ကြည့်ပြီး နားမလည်ဘူး။

ဒါလေး မေးတာကို မတင်မေ ဘာကြောင့်များ ထိတ်လန့်နေရတာလဲပေါ့။

ကိုအေးမောင်က မတင်မေအပေါ် သံသယ မဝင်ပါဘူး။

ကိုအေးမောင် ရိုးရိုးလေးပဲ တွေးလိုက်တယ်။

‘အင်းလေ သူလည်း သူ့မျက်လုံးရှေ့မှာ ရေနစ်သေတာ မြင်ထားတော့ ကြောက်ရှာမှာပေါ့’ ဟုသာ တွေး၏။

မတင်မေဟာ တကယ်တော့ လိပ်ပြာမလုံဘူးလေ။

လူတွေက သူ့ကို ဘာတွေ ပြောနေကြမလဲဆိုတာ အမြဲ တွေးပြီး မလုံမလဲ ဖြစ်နေတတ်တယ်။

အပြင်ထွက်ရင်လည်း မတင်မေခမျာ ပူပုံပန်းပုံ ဟန်ဆောင်နေရတာကိုး။

အလှကြိုက်တဲ့ မတင်မေ။

သူ့ခမျာ အလှပြင်ချင်တာတောင် မပြင်ရဲရှာဘူး။

ဝမ်းဆက်တွေ ဝတ်ချင်တာလည်း ဝတ်လို့ မဖြစ်သေးဘူးမဟုတ်လား။

တကယ်တော့ မတင်မေဟာ ဟန်ဆောင်နေရတဲ့ ဘဝမှာ ပင်ပန်းကြပ်တည်းနေရပြီလေ။

ဒါပေမယ့် မတင်မေဟာ နောင်တ မရဘူး။

လင်းလင်းကို သေတာတောင် ငါ့ကို စိတ်ဒုက္ခပေးနေတုန်းလို့ ကျိန်ဆဲနေတယ်။

အခုဆိုရင် ဒီနှစ်ထပ်ပျဉ်ထောင်အိမ်ကြီးဟာ သူ့လင်အပိုင် ဖြစ်သွားပြီ။

လင်ပိုင်တော့ သူ ဆိုင်ပြီပေါ့။ ဘယ်သူ့မှ အမွေ ခွဲဝေပေးစရာ မလိုတော့ဘူး။

မတင်မေ ကျေနပ်နေတယ်။ ပီတိ ဖြစ်နေတယ်။ သူ့အကြံ အောင်ပြီလေ။

တစ်အိမ်လုံးက အခန်းစေ့ကို လိုက်ကြည့်ရင်း ကျေနပ်နေတာပေါ့။

သူ့တစ်သက် အိုးပိုင်အိမ်ပိုင် နေဖူးတာမှ မဟုတ်တာ။

အခု ဒီအိမ်ကြီးကို သူ ပိုင်ဆိုင်ရပြီလို့ တွေးရင်း ကျေနပ်နေပုံပဲ။

မတင်မေဟာ တစ်အိမ်လုံးကို သူ ထင်သလို ခြယ်လှယ်ခွင့် ရပြီဆိုပေမယ့်၊

ခြွင်းချက်တစ်ခု ရှိနေတယ်။

အဲ့ဒါက လင်းလင်း နေသွားတဲ့ အခန်းကို သူ ဝင်လို့မရဘူး။

လင်းလင်းလေးရဲ့အခန်းကို သူ့ယောက်ကျား ကိုအေးမောင်က အမြဲသော့ခတ်ထားလိုက်တယ်။

သူ့သားလေး လင်းလင်းရဲ့ ပစ္စည်းတွေကို မတင်မေ လွှင့်ပစ်မှာ စိုးလို့ထင်ပါရဲ့။

ကိုအေးမောင်ဟာ သူ့သား လင်းလင်း ရေနစ်ပြီး သေသွားတာကို မတင်မေအား အပြစ်မတင်ပေမယ့် ဒီနောက်ပိုင်းမှာ မတင်မေကို စကား သိပ်မပြောတော့ဘူး။

ဒါကြောင့်လည်း မတင်မေဟာ လင်းလင်း နေသွားတဲ့ အခန်းကို အပြီးတိုင် ရှင်းလင်း ပစ်ချင်နေပေမယ့် မလုပ်ဝန့်ဘူး ဖြစ်နေတယ်။

ဒါပေမယ့် တစ်နေ့ကျရင် အားလုံးကို ရှင်းထုတ်ပစ်မယ်ဆိုတဲ့ အတွေးကိုတော့ သူမ ခေါင်းထဲမှာ မမေ့မလျော့ တေးမှတ်ထားပါတယ်။

” ဒင်း ခရီးထွက်တဲ့အခါမှ ငါ အဲ့ဒီအခန်းသော့ကို ဖျက်ပြီး အခန်းထဲက ပစ္စည်းတွေ အကုန် လွှင့်ပစ်ရအုံးမယ်..”

…………………..

၃။

လင်မယားနှစ်ယောက် ညစာစားပြီး၊
အိမ်ရှေ့ ဧည့်ခန်းက တီဗွီရှေ့မှာ ထိုင်ကြည့်နေကြတယ်။

အဲ့ဒီအချိန်၊ ကိုအေးမောင်ဆီကို သူ့ ဆရာဆီက ဖုန်းဝင်လာတယ်။

အကြောင်းက ကားတစ်စီး လမ်းမှာ ပျက်နေလို့ သွားပြင်ပေးရမယ်တဲ့။

ကိုအေးမောင်က မဆိုင်းမတွပဲ ကားပြင်သွားတိုင်း ယူနေကျ ကျောပိုးအိတ်လေးကို ယူပြီး …

” တင်မေ ၊ ငါ ကားသွားပြင်ရမယ်။
ဒီညတော့ ပြန်လာဖြစ်မယ် မထင်ဘူး။နင် တံခါးတွေ သေချာပိတ်ပြီး အိပ်။ကဲ ငါ သွားပြီ တင်မေ ”

ကိုအေးမောင်ဟာ သူ့ဇနီး မတင်မေကို တံခါးတွေ ပိတ်ဖို့ သေသေချာချာ မှာပြီး ဆိုင်ကယ်နဲ့ ထွက်သွားခဲ့တယ်။

မတင်မေလည်း တံခါးတွေ ကလန့်ထိုး၊ ပြတင်းပေါက်တွေ သေချာပိတ်ပြီး အိပ်ယာဝင်ခဲ့တယ်။

ညလယ်လောက်ကျ မတင်မေဟာ ထူးဆန်းတဲ့ အသံတစ်ခုကြောင့် လန့်နိုးလာတယ်။

” ချွမ် ချွမ် ….”

အသံက သူမတို့ အိမ်ထဲ တစ်နေရာရာက ထွက်ပေါ်လာတာလို့ ထင်ရတယ်။

ဒီအသံက မတင်မေ သိပ်မုန်းတဲ့ အသံ။

ကလေးကစားစရာ လင်းကွင်းတီးခတ်သံလေ။

အသံက ဆက်တိုက် ထွက်ပေါ်နေတာမျိုး မဟုတ်ဘူး။

တစ်ချက်ချင်း ဖြေးလေးစွာ တီးခတ်နေတဲ့ အသံ။

ညလယ်ကြီး ဘယ်သူကများ လင်းကွင်းတီးနေပါလိမ့်လို့ မတင်မေ ဒေါသ ထွက်သွားတာပေါ့။

မတင်မေ အိပ်နေရာကနေ ထလာပြီး၊ အသံကို နားဆွင့် နေလိုက်တယ်။

သူမရဲ့ အခန်းက မည်းမှောင်နေတယ်။

မီးက ဘယ်အချိန်ကတည်းက ပျက်နေလည်းဆိုတာ မသိနိုင်ဘူး။

အသံက ပျောက်သွားပြန်ပြီ။ ဒါနဲ့ အခန်းထဲကနေ ထွက်ပြီး အပြင်ကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်တယ်။

အလင်းရောင်ကျရာ နေရာတွေမှာ ဘာလှုပ်ရှားရိပ်မှ မတွေ့ရဘူး။

တိတ်ဆိပ်ငြိမ်သက်လျက် ရှိနေတယ်။

‘ ငါပဲ နားကြား မှားလေသလား ‘

မတင်မေ စိတ်ရှုပ်သွားတယ်။

ဘယ်နှယ် ညဉ့်လယ်ကြီး ငါ ဘာတွေ တွေးမိတာပါလိမ့်လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်မိတယ်။

လက်စနဲ့ မတင်မေဟာ နောက်ဖေးကို အပေါ့သွားဖို့ ထွက်လာခဲ့တယ်။

အိမ်သာက အိမ်ရဲ့အနောက်ဘက် ခြံထဲမှာ သီးသန့်တည်ရှိတာမို့ နောက်ဖေးတံခါးကို ဖွင့်ထွက်ခဲ့တယ်။

အိမ်သာပေါ်တက်ပြီး အပေါ့သွားနေတုန်း အပြင်ဘက်က တရှပ်ရှပ်နဲ့ လူ ဖြတ်သွားသံ ကြားလိုက်ရတယ်။

မတင်မေ အသံပြုလိုက်တယ်။

‘ ဟဲ့ အပြင်က ဘယ်သူလဲ ‘

မတင်မေရဲ့မေးခွန်းကို အပြင်ဘက်က ပြန်မဖြေ။ ခြေသံဟာ ရပ်တန့်သွား၏။

မတင်မေ သူ့ကိစ္စပြီးတာနဲ့ အပြင်ထွက်ပြီး လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်တယ်။

လူသူအရိပ်အယောင် ကင်းရှင်းလို့နေတယ်။ ဘာဆို ဘာမှ မတွေ့ရဘူး။

မဟုတ်သေးပါဘူး။ ငါ ခြေသံကို သေချာ ကြားလိုက်ရပါတယ်။

သူခိုးများ ကပ်တာလား ဟု သံသယဝင်သွားမိတယ်။

မတင်မေ ကျောချမ်းသွားတယ်။ယောက်ကျားမရှိခိုက် အိမ်ထဲကို သူခိုးဝင်နေလို့ကတော့ သူမအတွက် မလွယ်ပေ။

လက်နှိပ်ဓာတ်မီးကို မပြတ်ထိုးထားရင်း အိမ်ထဲကို ပြန်ဝင်ခဲ့တယ်။

အိမ်ကြမ်းပြင်မှာ ရေစက်လက်လေးတွေ မတင်မေ မြင်လိုက်ရတယ်။

မိုးလည်း မရွာပါဘူး။ ဘယ်က ရေစက်တွေက ကြမ်းပြင်ပေါ် ကျကျန်နေခဲ့တာလဲ။

‘ ချွမ်.. ချွမ်….’

လင်းကွင်းတီးခတ်သံက ထွက်လာပြန်ပြီ။ မတင်မေ ခေါင်းနဘမ်း ကြီးသွား၏။

အသံသည် ပျင်းရိလေးတွဲ့စွာ ထွက်ပေါ်နေခြင်း ဖြစ်တယ်။

ချွမ်ဟူသော အသံသည် နောက်တစ်ကြိမ် မြည်ဖို့အတွက် တခဏကြာလေ၏။

ဆက်တိုက် ထွက်ပေါ်နေသော မြည်သံမဟုတ်ချေ။

အသံလာရာကို မတင်မေ နားဆွင့်နေလိုက်မိတယ်။

အသံသည် လင်းလင်း မသေခင်က နေသွားသော အခန်းထဲမှ ထွက်ပေါ်နေခြင်း ဖြစ်တယ်။

မတင်မေ လက်နှိပ်ဓာတ်မီးကို လင်းလင်းအခန်းရှိရာသို့ ထိုးကြည့်လိုက်တယ်။

‘ ဟင်! အခန်းတံခါးသော့ ခတ်မထားပါလား။ ကိုအေးမောင် မေ့သွားတာလား’

မဖြစ်နိုင်။ကိုအေးမောင်က သတိမေ့တတ်သူ မဟုတ်။

မတင်မေ မစဉ်းစားတော့။လင်းလင်း၏အခန်းတံခါးကို ဆွဲဖွင့်လိုက်တယ်။

အခန်းထဲကို စွေ့ကနဲ ဝင်လိုက်ပြီး တစ်ခန်းလုံးကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးရှာလိုက်တယ်။

အခန်းထဲမှာ တစ်စုံတစ်ယောက်မျှ ရှိမနေပါ။

အရုပ်ကလေးများ ထားသည့် ရှိုးကေ့စ် ဘီဒို၊ ကလေးအိပ်ကုတင်လေး၊ သပ်သပ်ရပ်ရပ် ခင်းထားသော အိပ်ယာခင်းနှင့် ခေါင်းအုံးလေး၊

ကြမ်းပြင်ပေါ်မှာ စက်ဝိုင်းပုံ မီးရထားလမ်းလေးနှင့် ဓာတ်ခဲတပ်ဆင်ပြီး ပြေးသော မီးရထားငယ်လေး။

သံပတ်ပေးလျင် ဘင်ထုသော ဝက်ဝံရုပ်ကလေး ၊သံပတ်ပေးလျင် ပြေးသော မြင်းရုပ်ကလေး၊ စသော ကစားစရာ အရုပ်မျိုးစုံကိုလည်း တွေ့လိုက်ရတယ်။

မတင်မေ အခန်းထဲကို တဖြေးဖြေး ဝင်လာခဲ့တယ်။ ထူးခြားမှု မတွေ့ရချေ။

မတင်မေ အခန်းထဲကို ရောက်သွားသည် ဆိုတာနဲ့ အခန်းအပြင်ဘက်မှာ ရိပ်ကနဲ ကလေးတစ်ယောက် ပြေးသွားတာကို မြင်လိုက်ရပြန်တယ်။

မတင်မေ အခန်းအပြင်ဘက်ကို ပြန်ထွက်ပြီး ရှာဖွေလိုက်တယ်။

အပြင်မှာ ခုနလိုပဲ ငြိမ်သက် တိတ်ဆိပ်နေမြဲပင်။

နေရာအနှံ့ မီးဖြင့် ထိုးကြည့်၏။ဘာကိုမျ ရှာမတွေ့။ မတင်မေ ချောက်ချားလာ၏။

ထိုအခိုက်မှာ ခြံအပြင်ဘက်ဆီက ခွေးလေခွေးလွင့်များက သံပြိုင် အူဟစ်နေကြလေ၏။

“အူ… ဝု… ဝု… ဝူး ”

မတင်မေ ခေါင်းနဘမ်းများ ကြီးလာသလို ခံစားလိုက်ရတယ်။

ခွေးအူသံက မသတီစာ၊ ရွံရှာကြောက်ရွံစရာကြီး မဟုတ်လား။

သူမလို သာမာန်မိန်းမတစ်ယောက်အတွက်က ခွေးအူသံသည် မကောင်းဆိုးဝါး နိမိတ်ပုံထင်ဟပ်ခြင်းဟု ထင်သောကြောင့်ပင်။

ကြောက်လန့်စိတ်ကြောင့် ကြက်သီးမွှေးညှင်းတွေ တစ်ကိုယ်လုံး အဖီးဖီးထလာတယ်။

ဘာကိုမှ မမြင်တွေ့ရပေမယ့်၊ သူမရဲ့ အသိစိတ်မှာ တွေးထင်စိုးရိမ်နေတာ မှန်နေပြီလားလို့ ကြောက်လန့်နေခြင်း ဖြစ်တယ်။

သူမအတွေးက သူမကြောင့် ရေနစ်သေသွားတဲ့ လင်းလင်းဟာ ဒီအိမ်ကြီးမှာ ရှိနေသေးတာလားပေါ့။

မကျွတ်မလွတ်ပဲ ဒီအိမ်ကြီးထဲမှာများ လျှောက်သွား နေတာများလား။

ထိုသို့ အတွေးဝင်လာတဲ့ မတင်မေဟာ
ကြောက်စိတ်ကြောင့် ခေါင်းနပမ်းတွေ ကြီးလာတယ်။

ခြေဖျားလက်ဖျားတွေလည်း အေးစက်လာတယ်။

ခုနကမှ အိမ်သာကပြန်လာပေမယ့် အပေါ့ပဲ ပြန်သွားချင်သလိုလို အလေးပဲ စွန့်ချင်သလိုလို ဖြစ်နေတယ်။

နောက်ဖေးတံခါးက သူမ ဖွင့်ထားလျက်
အတိုင်းသား ရှိနေတုန်းပဲ။

တံခါးဝက လေဟာ ဟူးကနဲ သူမကို တိုးဝှေ့တိုက်ခတ်ပြီး လင်းလင်းအခန်းထဲကို ဝင်သွားတယ်။

လေတိုက်တာနဲ့မတူ။ ကလေးတစ်ယောက် သူမကိုယ်ကို ပွတ်တိုက်သွားသလို ခံစားလိုက်ရတယ်။

” တုန် တုန် တုန် ”

မတင်မေ ရင်ဘတ်ကို ယောင်ယမ်းပြီး လက်နဲ့ ဖိထားလိုက်မိတယ်။

သံပတ်ပေး ဘင်ထုတဲ့ ဝက်ဝံရုပ်လေးက ဗြုန်းကနဲ ထ လှုပ်ရှားလာလို့။

တုန်တုန် တုန်တုန်နဲ့ အသံဟာ သံပတ်မကုန်မချင်း ဆက်တိုက်မြည် နေတော့တာပေါ့။

မတင်မေ ကြောက်ကြောက်နဲ့ အဲဒီအရုပ်ကလေးကို ခြေနဲ့ ပြေးကန် ပစ်လိုက်တော့မှ အသံက ရပ်သွားတယ်။

မတင်မေ ဒီအခန်းထဲမှာ ဆက်မနေရဲတော့ဘူး။ အခန်းအပြင်သို့ ထွက်မယ်အပြုမှာ အရိပ်သေးသေးလေးကို ပက်ပင်း မြင်လိုက်ရတယ်။

မတင်မေ မျက်စိမှားသလားဆို အသေ အချာ လိုက်ကြည့်တယ်။

အဲ့ဒီ အရိပ်ကလေးက ကစားစရာ ထားတဲ့ အရုပ်ဘီဒိုထဲကို မွှေနှောက် ရှာဖွေနေတာကို မြင်လိုက်ရတယ်။

သူ ဘာရှာနေတာလဲ မတင်မေ မသိနိုင်ဘူး။

ရှာတာမှ အခန်းထဲကို ဟိုဘက်ပြေးလိုက် သည်ဘက်ပြေးလိုက်နဲ့။

ချောင်ချိုချောင်ကြား အတင်း လက်နှိုက် ရှာဖွေနေတော့တာပဲ။

မတင်မေ အခန်းထဲ ရှိနေတာကို ဂရုမစိုက်ဘူး။ သူ့ဘာသာ ရှာနေလိုက်တာ။

မတင်မေဟာ အရိပ်ကလေးကို လိုက်ကြည့်ရင်း တဖြေးဖြေး ပုံပေါ်လာတယ်။

အရိပ်ကလေးဟာ သူ သိပ်မုန်းတဲ့ လင်းလင်းပဲပေါ့။

မတင်မေ သိလိုက်ပြီ။

လင်းလင်းရဲ့ဝိဉာဉ်ဟာ သူ အနှစ်သက်ဆုံး ကစားစရာဖြစ်တဲ့ လင်းကွင်းလေးကို လိုက်ရှာနေတာပဲပေါ့။

ဒါဆိုရင် ကြမ်းပြင်ပေါ်က ရေစက် ရေကွက်တွေဟာ ဒီကလေးတစ္ဆေဆီက ကျကျန်နေခဲ့တာပဲပေါ့။

မတင်မေ ကြောက်လန့်စိတ်ဖြင့် အခန်းဝကို နောက်ဆုတ် နောက်ဆုတ် ရွေ့လာတယ်။

ဒါပေမယ့် သူမ နောက်ကျ သွားလေပြီ။
အခန်းတံခါးက သူ့အလိုလို ဂျိမ်းကနဲ ပိတ်သွား၏။

မတင်မေ အခန်းတံခါးကို အတင်းတွန်းဖွင့်နေတယ်။

နောက်ကိုလည်း မလုံမလဲနဲ့ လည်ပြန်ကြည့်လိုက်တယ်။

အရုပ်ထည့်တဲ့ ဘီဒိုပေါ်မှာ သူမကို မမှိတ်မသုန် စိုက်ကြည့်နေတဲ့ တစ္ဆေလေးကို မြင်လိုက်ရတယ်။

သူမ နားထဲမှာ တစ္ဆေလေးဆီက အသံတစ်ခု ကြားလိုက်ရသလိုပဲ။

‘ အဒေါ် ကျွန်တော့ လင်းကွင်း ဘယ်မှာ ဖွက်ထားလဲ ..ပြန်ပေး ..’

မတင်မေ ဘယ်လို တွန်းဖွင့်ဖွင့် ၊ တံခါးက ပွင့်မသွားဘူး။

တစ္ဆေလေးက မတင်မေရဲ့ ထမိန်စကို အောက်ကနေဆွဲနေသလိုပါပဲ။

ဒါနဲ့ မတင်မေ အောက်ကို ငုံကြည့်လိုက်တော့ သူမရဲ့ထမိန်စကို ဆွဲနေတဲ့
ရေတွေစက်လက်နဲ့ လက်ကလေးကို မြင်လိုက်ရတယ်။

” အဒေါ် လင်ကွင်းလေး ပြန်ပေးပါ”

မတင်မေ အသက်ရှုရကြပ်လာတယ်။သူမ ရေနစ်နေတဲ့သူလို ခံစားလာရတယ်။

မရှိဘူး မသိဘူး လို့ ပါးစပ်က အော်ဟစ်နေပေမယ့် ရင်ခေါင်းထဲမှာ အသံက ပျောက်သွားတယ်။

သူမရဲ့အသံဟာ အပြင်သို့ ထွက်မလာပါဘူး။

မတင်မေ အရုပ်ကြိုးပြတ် ပုံကျသွား၏။
တစ္ဆေကလေးက မတင်မေရဲ့ ရင်ဘတ်ပေါ် တက်ခွစီးထားလိုက်တယ်။

မတင်မေရဲ့ လည်ပင်းဆီကို တစ္ဆေလေးရဲ့ လက်တံသေးသေးလေးက တရွေ့ရွေ့ လှမ်းလာနေတယ်။

မတင်မေ အတင်းရုန်းကန်ပေမယ့် မလွတ်နိုင်ရှာဘူး။

သူမ၏လည်တိုင်ဟာ အေးစက်စက် လက်တစ်စုံရဲ့ ဖမ်းဆုပ် ညှစ်ကိုင်ခြင်းကို ခံစားနေရတယ်။

အသက်ရှုလို့လည်း မဝတော့ဘူး။ တဖြေးဖြေး သူမ မျက်လုံးများဟာ ပြာဝေလာရာကနေ နောက်ဆုံး မှောင်အတိကျသွားတော့တာပါပဲ။

…………………..
၄။

နောက်တစ်နေ့ နံနက်မှာ ကိုအေးမောင် အိမ်ပြန်ရောက်တယ်။

မတင်မေကို အော်ခေါ်ပေမယ့် ထွက်မလာဘူး။

ဒါနဲ့ အိမ်ကို တစ်ပတ်ပတ်ပြီး နောက်ဖေးကို ရောက်ခဲ့တယ်။

နောက်ဖေး တံခါးကြီးက ဟောင်းလောင်း ပွင့်လို့ပေါ့။

အိမ်ထဲကို အပြေးဝင်သွားတဲ့ ကိုအေးမောင်ဟာ လင်းလင်းရဲ့ အခန်းတံခါးပွင့်နေလို့ သွားကြည့်လိုက်တယ်။

အခန်းထဲမှာ အရုပ်တွေလည်း ရှုပ်ပွနေသလို မတင်မေကိုလည်း မျက်လုံးပြူးကြီးနဲ့ လဲကျသေဆုံးနေတာကို တွေ့လိုက်ရတယ်။

အိမ်နီးချင်းတွေကို အော်ခေါ် အကူအညီတောင်းပေမယ့် မတင်မေရဲ့ကိုယ်လုံးဟာ အေးစက် တောင့်တင်းနေပြီ။

ညကတည်းက သေဆုံးတယ်လို့ ယူဆရတာပေါ့။ အံသြစရာကောင်းတာက မတင်မေရဲ့ လည်ပင်းမှာ လင်းကွင်းနှစ်ဖက်ချည်ထားတဲ့ ကြိုး ရစ်ပတ်နေတာကို တွေ့လိုက်ရတာပါပဲ။

ကိုအေးမောင် တဖွဖွ မေးနေတဲ့ လင်ကွင်းဟာ မတင်မေရဲ့ လည်ပင်းမှာ တန်းလန်းကြီး ။

လာကြည့်တဲ့သူတွေ မှန်သမျှ အားလုံး အံသြနေကြတယ်။ မတင်မေကို ဘယ်သူ သတ်သွားတာလဲပေါ့။

အစက ကိုအေးမောင်ကို အထင်လွဲကြသေးတယ်။ ဒါပေမယ့် အဲ့ဒီညက ကိုအေးမောင် ကားပြင်နေတယ်ဆိုတာ သက်သေထွက်ပေးတဲ့ လူ လေးငါးယောက်မက ရှိနေတယ်လေ။

ကိုအေးမောင် တစ်ခု သတိထားမိတာက မတင်မေရဲ့လည်ပင်းမှာ ရစ်ပတ်နေတဲ့ လကွင်းကြိုးဟာ ရေတွေ စိမ့်ထွက်နေတာပဲပေါ့။

လောဘကြောင့်လား၊ ဒေါသကြောင့်လား။ မတင်မေကတော့ မသေခင် ဝဋ်လည်တာ အမှန်ပါပဲ။

အစွဲစိတ်ဟာ ကြောက်စရာပါ။

လူတွေကတော့ မတင်မေကို လင်းလင်းလေးက လာလက်စားချေတာဟု ထင်မြင်ကြသတဲ့လေ။

လူ့ဘဝဆိုတာ တခဏလေးလို့ ပြောလို့ရပါတယ်။ မိမိပြုခဲ့တဲ့ ကံက အရိပ်လို ထပ်ကြပ်မကွာ လိုက်လာတတ်တာကို သတိပြုမိကြမှာပါ။

ကောင်းမှုကိုပြုရင် ကောင်းကျိုးကို ခံစားရမှာပါ။ အဲ့သလိုပဲ မကောင်းမှုကို ပြုခဲ့ရင်လည်း အဲ့ဒီရဲ့အကျိုးဆက်ဖြစ်တဲ့ မကောင်းတဲ့ ရလာဒ်တွေကိုလည်း မလွဲမသွေ ကြုံတွေ့ကြရဦးမှာပါလို့ …

ပြီးပါပြီ

ပီပီ(မန္တလေး)