အောက်လမ်းဖယောင်းအရုပ်

*အောက်လမ်းဖယောင်းအရုပ် *📖📖📖

++++++++++++++++++++++++

နွေဗျ။
ဒီရာသီဆိုရင် ‘ချွေးတပြိုက်ပြိုက်၊နေ့ညအိုက်၊ပင်လိုက်ရွက်ကြွေ၊ရွက်နုဝေ’လို့ လူတွေက ယပ်တောင်ကြီးတွေတဖျတ်ဖျတ်နဲ့ပြောစမတ်ရှိနေကြပြီ။

အပင်အို အပင်ပျိုတိုင်းမှာလည်း ညိုပုတ်ပုတ်၊ဝါတာတာ၊နီကျင်ကျင် အစရှိတဲ့ ရွက်ခြောက်ရွက်နွမ်းတွေ ကြွေကျ
ကင်းစင်လို့ ရွက်နု၊ရွက်စိမ်းလေးတွေက မြစိမ်းရောင်သွင်သွင်
ဖြာဝေနေကြပြီလေ။

‘တစ်ရာသီဖိုးသူတော်’လို့ လူတွေနောက်ခေါ်ကြတဲ့ ကျွန်တော့်ရဲ့နာမည်ပြောင်ကလည်း ဒီအချိန်ဆိုရင်  အလိုလိုအသက်ဝင်
လာတော့တာဗျ။
ဘာလို့လည်းဆို ဒီလိုနွေဆိုရင် ကျွန်တော်က
အသားဟင်း၊ငါးဟင်း စားတာတွေကိုလျှော့လိုက်ပြီး အမြင်အေး၊ဝမ်းအေးတဲ့ အသီးရွက်ဟင်းတွေကိုပဲ ဗုံးဗောစားတော့
လို့ပဲ။

ဒါကြောင့်မို့ ခုလိုနွေမှာ သူတော်စိတ်ခဏဝင်ပြီး အသီးအရွက်
တွေကိုပဲစားတာများလို့ လူတွေက ကျွန်တော့်ကို  ‘တစ်ရာသီ
ဖိုးသူတော်’လို့ နောက်ပြီးခေါ်ကြတာဗျို့။

ခုလည်း မနက်စာကို ကန်စွန်းရွက်ချဥ်ဟင်းနဲ့စားပြီးလို့ ညနေကျသုပ်စားရအောင် ခြံထဲကမန်ကျည်းပင်မှာ မန်ကျည်းရွက်နု
လေးတွေကို ကျွန်တော် တက်ခူးနေတာဗျ။

လွယ်အိတ်တစ်လုံးကို လည်ပင်းမှာလွယ်လို့လေ။
ခြံထဲမှာက မန်ကျည်းပင် သုံးပင်တောင်ရှိတာဆိုတော့
‘တစ်ရာသီဖိုးသူတော်’ ကျွန်တော့်အတွက် ဝမ်းရေးဝမ်းစာဖူလုံ
ပြီး အဆင်ပြေပြေနဲ့ဟန်ကိုကျနေတာပဲပေါ့ဗျာ။

“ငါ့နောက်ကို တစ်ယောက်မှလိုက်မလာကြနဲ့။လိုက်လာရင်
တွေ့လား။ငါ့ကိုယ်ငါ သတ်ပစ်လိုက်မှာ”

“သမီးရယ်….သမီးရဲ့စိတ်ကိုထိန်းပါကွယ်။အမေတို့လေ သမီးရဲ့။အမေတို့ပါ”

ရွာလမ်းမကြီးကနေ ဆူဆူညံညံအသံတွေကို ကျွန်တော် ကြား
လိုက်ရတယ်။
ကျွန်တော်လည်း မန်ကျည်းရွက်ခူးတာကိုရပ်လိုက်ပြီး
အသံလာရာ ရွာလမ်းမကြီးကိုကြည့်လိုက်တယ်။

“ငါ့နောက်ကို လိုက်မလာကြနဲ့လို့ပြောနေတယ်လေ။နားမလည်
ကြဘူးလား…!”

အသက်နှစ်ဆယ်အရွယ် ရုပ်ချောချောမိန်းမတစ်ယောက်က
သူ့ရှေ့ကလူအုပ်ကြီးကို မောင်းကြပ်ဓား တဝေ့ဝေ့နဲ့ငေါက်လို့
အော်ပြောတယ်ဗျ။

“ဘာလည်း….နင်တို့က ငါတကယ်မလုပ်လောက်ပါဘူးလို့
ထင်နေကြတာလား”

သူက မောင်းကြပ်ဓားကို သူ့လည်ပင်းပေါ် တေ့တင်လိုက်တယ်။

“အို….သမီးလေးရယ်။မ….မလုပ်လိုက်ပါနဲ့။အမေတို့ ယုံပါတယ်ကွယ်။ဓားကြီးကို အောက်ပြန်ချလိုက်ပါ”

သူ့အမေဖြစ်သူက စိုးရိမ်တကြီးနဲ့သူ့ကိုပြောတယ်။

“ဟုတ်ပါတယ် သမီးရယ်….အဖေတို့စိုးရိမ်ရအောင် မလုပ်ပါနဲ့။အဖေတို့မှာ သမီးလေးတစ်ယောက်တည်း ရှားရှားပါးပါးရှိ
တာပါကွယ်။သမီးက အဖေတို့လိုက်လာတာ မကြီုက်ဘူးရင်
လည်း အဖေတို့မလိုက်တော့ပါဘူး။ဒါပေမယ့် သမီးရဲ့ဓားကြီး
ကိုတော့ အောက်ပြန်ချလိုက်ပါကွယ်။အဖေတို့စိုးရိမ်လို့ပါ”

သူ့အဖေဖြစ်သူက ဒီလိုပြောလိုက်တော့ ဒီမိန်းမက
မောင်းကြပ်ဓားကို ဝေ့ကာဝေ့ကာနဲ့လူအုပ်ကြီးကို
ခြောက်လိုက်သေးတယ်ဗျ။ပြီးမှ စိတ်ချသွားဟန်တူပြီး ငြိမ်နေတဲ့လူအုပ်ကြီးကို ကျောခိုင်းလို့ ရွာလမ်းအတိုင်း ဖြေးဖြေး
ချင်းလျှောက်သွားတယ်။
မောင်းကြပ်ဓားကြီးကိုလည်း လက်က ကျစ်ကျစ်ဆုပ်ထားသေးတယ်ဗျ။

“ငါ့နောက်လိုက်လာရင် ငါ့ကိုယ်ငါသတ်ပစ်မယ်။ငါ့နောက်
လိုက်လာရင် ငါ့ကိုယ်ငါသတ်ပစ်မယ်”

ပါးစပ်ကလည်း ဒီစကားကို ကျယ်ကျယ်လောင်လောင်နဲ့
အကြိမ်ကြိမ် အော်သွားတယ်ဗျ။
နောက်ကလူတွေလည်း တကယ်လို့ သူတို့လိုက်သွားရင်
ဒီမိန်းမက သူပြောသလိုလုပ်လိုက်မှာစိုးလို့ စိတ်လျှော့လိုက်
ကြပြီး အနောက်ကနေပဲ ရင်တမမနဲ့သူ့ကိုရပ်ကြည့်နေကြတယ်။
ဘာလိုလိုနဲ့သူလျှောက်သွားလိုက်တာ လူတွေနဲ့ပေ(၄၀)
လောက်တောင်ဝေးသွားပြီ။

“သမီး…….”

အနောက်ဘက်ကနေ ကြည်ကြည်လင်လင်နဲ့ခေါ်လိုက်တဲ့
အသံတစ်သံကို ကျွန်တော်ကြားလိုက်ရတယ်။
တရွေ့ရွေ့သွားနေတဲ့ ဟိုမိန်းမရဲ့ခြေလှမ်းတွေနဲ့သူ့ရဲ့
ကျယ်လောင်တဲ့အသံတွေလည်း တုံ့ရပ်သွားသလို၊ကျွန်တော့်
ရဲ့အကြည့်တွေကလည်း အနောက်ဘက်ကို အလိုလိုရွေ့လျား
သွားတယ်။

“အဘ”

လူအုပ်ကြီးရဲ့အရှေ့ခပ်လှမ်းလှမ်းမှာ ဟင်္သာစက္ကူဖောင်းပွ
အရုပ်ကို ညာလက်ကဆန့်ကိုင်ထားတဲ့ အဘကို ကျွန်တော်
တွေ့လိုက်ရတယ်။
သူ့နောက်မှာ မောင်ထွန်းလည်းပါလာတယ်ဗျ။
ရင်တထိတ်ထိတ်နဲ့ကြည့်နေတဲ့လူတွေလည်း ဒီတော့မှ
ဟိုမိန်းမအတွက် ကယ်တင်မယ့်သူကယ်တင်မယ့်သူ ပေါ်လာ
ပြီဆိုတဲ့အတွေးနဲ့သက်ပြင်းတွေ’တဖူးဖူး’ချနိုင်တော့တယ်။

“သမီးဖြူစင်….အဘဘက်ကိုလှည့်ကြည့်စမ်း”

အဘက အသံအေးအေးနဲ့ဖြူစင်ဆိုတဲ့မိန်းမကို အမိန့်ပေးတယ်။

“လှည့်ကြည့်ရမယ်”

သူက မလှည့်သေးဘဲ တွေဝေသွားတဲ့အသံနဲ့နှုတ်ကပြောတယ်
ဗျ။

“ဟုတ်တယ်သမီး….သမီးရဲ့ပုံမှန်မဟုတ်တဲ့ စိတ်အာရုံတွေကို
သတိနဲ့စုစည်းပြီး အဘရှိတဲ့ဘက်ကို လှည့်ကြည့်လိုက်ပါသမီး”

အဘက ဟင်္သာအရုပ်ကို လက်ဆန့်ကိုင်လို့ ညှို့သံပါပါနဲ့သူ့ကို
ပြောလိုက်တယ်။
အဘရဲ့ပြောသံအဆုံးမှာ သူက လက်မှာ ကျစ်ကျစ်ဆုပ်ကိုင်
ထားတဲ့ဓားကို အောက်ကိုလွှတ်ချလိုက်တယ်ဗျ။
ပြီးတော့ အဘဘက်ကို ဖြည်းဖြည်းချင်းလှည့်လိုက်တယ်။

“ဟုတ်ပြီသမီး….ဒီဟင်္သာအရုပ်ကို သမီး သေသေချာချာ
စိုက်ကြည့်စမ်း”

သူက အဘပြောတဲ့အတိုင်း ဟင်္သာအရုပ်ကို သေသေချာချာ
စိုက်ကြည့်တယ်။

“အိမ်း…..၊ငါ့သမီးက လိမ္မာလိုက်တာကွယ်။အဘစကားကို
နားထောင်ပေတာပဲ။ကဲ…သမီးရဲ့အပေါ်မှာစွဲကပ်နေတဲ့
အောက်လမ်းပညာတွေ အခုကစပြီး ပျောက်ကင်းသွားပါပြီ။သမီးဖြူစင်….အဘဆီကို လာပါဦးကွယ့်”

သူက အဘဆီကို တစ်လှမ်းချင်းလျှောက်လာတယ်။
အဘနားကိုသူရောက်တော့ အဘက လူအုပ်ရှေ့က သူ့ရဲ့အဖေ
နဲ့အမေကို မောင်ထွန်းကို ခေါ်ခိုင်းလိုက်တယ်ဗျ။

“ကဲ….ကျုပ် ဘယ်လိုသိပြီး ဘယ်လိုရောက်လာတာလည်း
ဆိုတာကိုတော့ ခင်ဗျားတို့ မမေးကြနဲ့။ကျုပ် အာရုံရလို့
ရောက်လာတယ်လို့ပဲ ခင်ဗျားတို့သိထားပေးပါ။ဒီအဖြစ်
အပျက်ရဲ့နောက်ကွယ်က တရားခံဘယ်သူလည်းဆိုတာကို
ခင်ဗျားတို့ သိလောက်ရောပေါ့”

“သိပါတယ်ဆရာ….မနေ့က မရီနဲ့သမီးလေး ရွာဦးကျောင်းကို
ဆွမ်းချိုင့်သွားပို့တုန်းက ကျွန်မသမီးလေးကို ချစ်ကြောင်း
ကြိုက်ကြောင်းတွေလိုက်ပြောတယ်ဆိုတဲ့ အောက်လမ်းကောင်ပါဘဲ။သမီးလေးနဲ့မရီက သူ့ကို ခါးခါးသီးသီး ပြောပစ်ခဲ့လို့ သူက မကျေမနပ်ဖြစ်ပြီး ဒီလိုမကောင်းတဲ့ပညာတွေနဲ့
သမီးလေးကို ပြုစားတာပဲနေမှာ။သူကလွဲပြီး ဘယ်သူမှကို
မဖြစ်နိုင်ပါဘူးရှင်”

“အင်း….အမှန်ပါဘဲ။ကဲ…ခင်ဗျားတို့ကို ကျုပ်မှာစရာရှိတယ်။
အခု ကလေးမလေးအပေါ်မှာ သက်ရောက်နေတဲ့ အောက်လမ်းပညာတွေက မရှိတော့ဘူး။ဒီပညာတွေရဲ့အရှိန်
ကြောင့် ကလေးမလေးက လေးလေးပင်ပင်ကြီးဖြစ်ပြီး
စိတ်ထားမကြည်လင်နိုင်သေးတာပဲရှိတော့တာ။ဒါကိုတော့
ခင်ဗျားတို့က ဂရုတစိုက်နဲ့စောင့်ရှောက်လိုက်ပါ။အရေးကြီး
တာက မနက်ဖြန်နဲ့သန်ဘက်ခါ နှစ်ရက်တာကို ကလေးမလေး
ကို အခန်းထဲမှာ သော့ပိတ်ပြီးထားရမယ်။ခင်ဗျားတို့ဘက်က
လည်း ကလေးကို နားလည်အောင်ရှင်းပြထားဖို့
လိုတာပေါ့ဗျာ။နို့မဟုတ်ရင် အောက်လမ်းကောင်ရဲ့အနှောင့်
အယှက်ပေးမှုကို ကလေးက ကြီးကြီးမားမားခံရတတ်တယ်။
ကျုပ်က အဲဒီနှစ်ရက်တာမှာ စက်ကြီးရွာဘုရားသွားပြီး
အဓိဌာန်ဝင်ဖို့ရှိတာမို့ ဒီမှာရှိမပေးနိုင်ဘူး။ဒါကြောင့်မို့ ကလေးမလေးကို နှစ်ရက်တာအခန်းသော့ပိတ်ထားဖို့ ကျုပ်ကမှာတာပါ။ဒီအဓိဌာန်ပြီးသွားလျှင်တော့ ဒီလိုအောက်လမ်း
ကောင်ကို ကျုပ်က အပြီးတိုင်အဆုံးသတ်ပေးမှာမို့ ကလေး
အတွက် ခင်ဗျားတို့ လုံးဝစိတ်ချသွားလို့ရပါပြီဗျာ။အဓိကက
ကျုပ်မရှိတဲ့နှစ်ရက်တာမှာ ဘယ်ဆရာက ဘယ်လိုဘယ်ကြောင်းစွမ်းပြီး ခင်ဗျားတို့သမီးကို ကုပေးပါ့မယ်လို့ပြောလာ
ခဲ့လျှင် ခင်ဗျားတို့မယုံလိုက်ပါနဲ့။ကလေးမလေးကိုလည်း
အထဲကနေအပြင်ကို လုံးဝမထုတ်လိုက်ပါနဲ့။ကျုပ်စကားကို
နားမထောင်ရင်တော့ ခင်ဗျားတို့ နောင်တတွေ ရကြလိမ့်မယ်
ဗျို့။ကဲ….ကျုပ်စိတ်ချမယ်”

အဘကပြောပြီးတော့ ရွာသားနှစ်ယောက်နဲ့ပြန်သွားတယ်။
စုနေတဲ့လူအုပ်ကြီးလည်း တဖြည်းဖြည်းနဲ့ရှင်းသွားတယ်ဗျ။
ကျွန်တော်လည်း မန်ကျည်းရွက်ခူးတာကို ရပ်လိုက်ပြီးတော့
မောင်ထွန်းဆီကို ဆင်းသွားလိုက်တယ်။

“မောင်ထွန်း…..၊သူတို့က ဘယ်ကလည်းကွ။ဒီမှာတော့ သူတို့
ကို ငါတစ်ခါမှ မတွေ့ဖူးပါဘူး”

“မတွေ့ဆို သူတို့က ဒီကမှမဟုတ်ဘဲ။တစ်နေ့ကမှ နတ်မောက်
ကနေ ဒီကိုပြောင်းလာကြတာဗျ။ဦးလေးကြီးက ဦးဖြူ။ဒေါ်ကြီးက  ဒေါ်ဥမ္မာ။သူတို့ရဲ့တစ်ဦးတည်းသော သမီးလေး
နာမည်က မဖြူစင်ဝင်းတဲ့။ဒီမှာက ဒေါ်ဥမ္မာရဲ့အစ်မရှိတယ်။
ကိုတီးသိပါတယ်။ဒေါ်လေးရီလေ။သားဖမ်း ငါးဖမ်းတာကို
လွှတ်ဝါသနာပါတဲ့ ဒေါ်ကြီးလေဗျာ”

“အေး…သိပါတယ်ကွ။ဒါကြောင့်မို့ ငါ့စိတ်ထဲထင်နေတာ။
ဒီဒေါ်ကြီးနဲ့ဒေါ်လေးရီနဲ့က ရုပ်ချင်းတော်တော်ဆင်နေပါတယ်လို့”

“ဟုတ်တယ်ဗျ။အခု သူတို့က ဒေါ်လေးရီရဲ့အဆက်အသွယ်နဲ့
ဒီကိုပြောင်းလာကြတာ။ရောက်ရောက်ချင်းပဲ ဦးဖြူနဲ့အဘနဲ့က ရင်းနှီးသွားကြတာဗျို့။ဦးဖြူကလည်း အဘလိုပဲ ဖို၊
အဂ္ဂရိတ်နဲ့ဆေးပညာတွေကို ဝါသနာထုံတဲ့သူတစ်ယောက်ဗျ။
အဘနဲ့တွေ့တွေ့ချင်းပဲ ဆေးပင် ဆေးမြစ်အကြောင်းတွေ၊
ဖို၊အဂ္ဂရိတ်အကြောင်းတွေ၊သိဒ္ဓိဝင်အပင်တွေနဲ့ဂမုန်းပင်တွေ
အကြောင်းကို ဖလှယ်ကြ ပြောကြနဲ့အဘနဲ့ဦးဖြူက ညီအစ်ကို
ရင်းချာလို ခင်သွားကြတာ။အဘကိုလည်း သူ့ရဲ့စီးပွားရေး
လုပ်ငန်းတွေအကြောင်း၊သူ့ရဲ့ကိုယ်ရေးကိုယ်တာနဲ့မိသားစု
အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းနဲ့ပြောပြတယ်ဗျ။အဲဒါ
မနေ့က သူတို့အိမ်တက်လုပ်လို့ ဒေါ်လေးရီနဲ့သူတို့ရဲ့သမီး
မဖြူစင်က ရွာဦးကျောင်းကို ဆွမ်းချိုင့်သွားပို့တာ။အပြန်မှာ
ရုပ်ရည်ချောချောနဲ့အောက်လမ်းတစ်ယောက်က မဖြူစင်ကို
ချစ်ကြောင်း ကြိုက်ကြောင်းတွေ တဖွဖွလိုက်ပြောတာတဲ့။
ဒေါ်လေးရီနဲ့မဖြူစင်လည်း ဒေါသတွေထွက်ပြီး၊ဒေါ်လေးရီက
‘နင့်လို အောက်လမ်းကောင်ကများ ငါ့တူမကို ရာရာစစ
ရည်းစားစကားလာပြောရဲတယ်။သွားစမ်းပါဟယ်….။ယုတ်ညံ့တဲ့ပညာတွေနဲ့။သွား….!ငါ့တူမနားက ထွက်သွား’လို့
အော်ပြောသလို၊မဖြူစင်ကလည်း’နင့်လို ဘုရား တရားကို
မရိုသေတဲ့အောက်လမ်းကောင်ကို ငါဒီတစ်သက် လုံးဝမစဥ်း
စားဘူးဟဲ့’လို့ ခါးခါးသီးသီး ပြောပစ်ခဲ့တာတဲ့ဗျ။အဲဒီအောက်
လမ်းလည်း သူတို့ကို ဒေါသဟုန်းဟုန်းတောက်တဲ့ အကြည့်ကြီးတွေနဲ့မျက်ထောင့်နီကြီးတွေစွေရင်း ‘တွေ့မယ်’ဆိုပြီး လက်ညှိုးငေါက်ငေါက်ထိုးရင်း အံကြိတ်သံကြီးတွေနဲ့ပြန်ပြောတာတဲ့။ဒါပေမယ့် သူတို့ကဒီအကြောင်းကို လေးလေးနက်နက်
မထားဘဲ ပေါ့ပျက်ပျက်နေခဲ့ကြတယ်။ဒါကြောင့်မို့ အဲဒီအကျိုးဆက်တွေက ခုလိုဖြစ်ရပ်ကို ဖြစ်စေတော့တာပေါ့ဗျာ”

“အေး….၊နေပါဦးကွ။ဒေါ်လေးရီတို့က သူ့ကိုအောက်လမ်းမှန်း
ဘယ်လိုလုပ်သိတာတုန်း”

“ကိုတီးရဲ့….ဒီလူက မိန်းမတွေဝတ်တဲ့ ထဘီက ထက်ဆင့်ကို
သူ့ရဲ့ခေါင်းမှာ ကျကျနနကို ပေါင်းထားတာတဲ့။နောက်ပြီး
သူကိုင်ထားတဲ့တောင်ဝှေးကလည်း ဘုရားပုံတောင်ဝှေးတဲ့ဗျ။
သူလမ်းလျှောက်ရင် ဆင်းတုကို ဇောက်ထိုးလုပ်ပြီး မြေကို
ထောက်ထောက်လို့ သွားတာတဲ့။ဒီလို ထင်ရှားတဲ့လက္ခဏာတွေကြောင့် ဒေါ်လေးရီတို့က သူ့ကိုအောက်လမ်းမှန်း တန်းသိ
သွားတာတဲ့ဗျို့”

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
နောက်နေ့နေ့လည်မှာ ကျွန်တော့်ဆီကို အမောတကောနဲ့
မောင်ထွန်းရောက်လာရောဗျို့။

“ကိုတီးရေ….ဒုက္ခတွေတော့ များကုန်တော့မယ်ထင်ပါရဲ့ဗျာ”

“ဟေ….ဘယ်လိုဖြစ်လို့တုန်းကွ မောင်ထွန်းရ”

“ဦးဖြူတို့ပေါ့ဗျာ….သူတို့သမီး မဖြူစင်ကို အဘက ဘယ်လို
ဆရာ ဘယ်လိုပဲစွမ်းစွမ်း၊အကုမခံဖို့ မယုံလိုက်ဖို့ကို သူတို့ကို
အတန်တန်မှာခဲ့တယ်မို့လား”

“အေးလေကွာ….အဘ သေသေချာချာမှာခဲ့တာပဲ”

“အခု သူတို့က အဘစကားကိုနားမထောင်ဘဲ ဘိုးညွန့်ဆိုတဲ့
အထက်ဂန္ဓာရီဆရာတစ်ယောက်နဲ့သူတို့သမီးကို ကုပေးဖို့ကို
သဘောတူလိုက်ပြီဗျ။အခုဆို ပယောဂတောင်စစ်နေလောက်
ပြီ”

ကျွန်တော်တို့လည်း ဦးဖြူတို့အိမ်ကို အလျားထိုးပြေးသွားကြ
တယ်။
ဟိုရောက်လို့ ဖွေးနေတဲ့လူအုပ်ကြီးကို ကျော်ပြီးကြည့်လိုက်
တော့ ဖယောင်းတိုင်၊အမွှေးတိုင်တွေ လှိုင်နေအောင်ပူဇော်
ထားတဲ့ ဘုရားခန်းရှေ့မှာ ရုပ်ရည်ကြည်လင်ခန့်ငြားတဲ့
ဘိုးညွန့်ဆိုတဲ့ အသက်ကြီးကြီး အထက်ဆရာတစ်ယောက်နဲ့
သူ့ရှေ့မှာ ဆံပင်ရှည်ကို ဖားလျားချလို့၊အဝတ်အစားက  ကပို
ကရို၊ခန္ဓာကိုယ်တစ်ခုလုံး ပတ်ပတ်လည်ယိမ်းထိုးနေတဲ့
မဖြူစင်ကို ကျွန်တော်တို့တွေ့လိုက်ရတယ်။
ကျွန်တော်တို့လည်း အခြေအနေကိုသိရဖို့အတွက် လူအုပ်ကြီး
ရဲ့ထောင့်ဘက်မှာ နေရာယူလိုက်တယ်။

“ကဲ….မင်းရဲ့နာမည် ဘယ်သူလည်း။ငါ့ကိုပြောစမ်း!”

အထက်ဆရာဦးဘိုးညွန့်က မဖြူစင်ကိုယ်မှာ ပယောဂတွယ်နေတဲ့ အောက်လမ်းကောင်ကို အသံပြတ်ပြတ်နဲ့မေးတယ်။
ဒါပေမယ့် ဒီအောက်လမ်းက ဦးဘိုးညွန့်မေးတာကို မသိကျိုး
ကျွန်ပြုပြီး ခန္ဓာကိုယ်ပဲ အထပ်ထပ်ယိမ်းနေတယ်ဗျ။

“ဟေ့…!အောက်လမ်းကောင်။ငါက မင်းသိတဲ့ ရှေးရှေးဆရာကြီးတွေလို မေတ္တာ စေတနာထားပြီး စိတ်ရှည်သည်းခံ
နေတတ်တဲ့ သူတစ်ယောက်တော့မဟုတ်ဘူးနော်။မင်း ငါမေး
တာကို နှောင့်နှေးမှုမရှိဘဲနဲ့မြန်မြန်သာဖြေချေ။မဖြေရင်တော့
မင်းနောင်ကျဥ်လောက်အောင် ငါက လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမှာဘဲ။ကဲ၊ငါ နောက်ဆုံးအနေနဲ့မင်းကိုထပ်မေးမယ်။
မင်းနာမည်ဘယ်သူလည်း။ငါ့ကိုပြောစမ်း!”

အောက်လမ်းကောင်က နှုတ်ဟန်တည်တည်နဲ့မူအသွင်မပျက်
ယိမ်းနေလျက်ပဲဗျ။လုံးဝမဖြေဘူး။

“မင်းက တော်တော်ခေါင်းမာတဲ့ကောင်ပေပဲ။ကဲ….လူနာရှင်တွေ။ခင်ဗျားတို့တွေ့တဲ့အတိုင်းပဲ။ဒီကောင်က ကျုပ်ဘယ်လိုပဲ
ပြောပြော ဂရုစိုက်တဲ့ကောင်မဟုတ်ဘူး။ကျုပ် ဒီလိုရိုးရိုးတန်းတန်းနဲ့နောက်ထပ်ဆက်မေးနေလို့ရှိရင် စကားအဖတ်တင်ရုံပဲရှိတော့မယ်။ဒီတော့ကျုပ်က လုပ်သင့် လုပ်ထိုက်တာကိုလုပ်ပြီး သူ့ကို စစ်မေးရလိမ့်မယ်ဗျ။ခင်ဗျားတို့
စိတ်ချပါ။ခင်ဗျားတို့သမီးကို လုံးဝ ဥပဒ်အန္တရာယ်မဖြစ်စေရပါဘူး”

“ယုံပါတယ်ဆရာရယ်….ကျွန်မတို့သမီးလေးကို ဆရာ့ဆီအပ်ပါတယ်”

ဆရာဦးဘိုးညွန့်က သူ့ရဲ့လွယ်အိတ်အညိုထဲကနေ ဆေးမှုန့်
လေးတွေထည့်ထားတဲ့ ကော်ကြည်ရောင်ဗူးဝိုင်းလေးကို
နှိုက်ထုတ်လိုက်တယ်ဗျ။ပြီးတော့ ဆေးမှုန့်အနည်းငယ်ကို
ညာလက်ဖဝါးပေါ်မှာဖျူးလို့ ဂါထာ၊မန္တန်တွေကို အုပ်ရေ
တော်တော်များများ ရွတ်ဆိုလိုက်တယ်။

“ကဲ….အောက်လမ်းကောင်။မင်းနာမည်ဘယ်သူလည်းဆိုတာ
ပြောမှာလား မပြောဘူးလား”

“မပြောနိုင်ဘူး”

“ကဲကွာ!”

“ဖောင်း”

“အို”

“ဆရာ”

အသံအကျယ်ကြီးဗျို့။
ဆရာဦးဘိုးညွန့်က အောက်လမ်းကိုစိတ်မရှည်တော့လို့
ဆေးမန်းထားတဲ့လက်ဖဝါးနဲ့ပါးပြင်ကို ‘ဖောင်း’ခနဲ ရိုက်ချပစ်
လိုက်တာ။အနီကွက်ထနေတဲ့ လက်ဝါးရာကြီးဆိုတာ ပါးပြင်မှာအထင်းသားဗျာ။
လူတွေလည်း အံ့သြတဲ့အာမေဍိတ်တွေဖြစ်ပြီး ဦးဖြူတို့ကလည်း မဖြူစင်ကိုစိတ်ပူသွားလို့ ဆရာဦးဘိုးညွန့်ကို အလိုလို
ခေါ်မိသွားတယ်။

“ကလေးအပေါ်မှာ မသက်ရောက်ပါဘူး။ကျုပ် အာမခံပါတယ်။ဒီအကျိုးဆက်က ပယောဂအောက်လမ်းကောင်ပေါ်ကို
ပဲ သက်ရောက်တာပါ”

ဆရာဘိုးညွန့်က ဦးဖြူတို့ကိုရှင်းပြပြီးတော့ ပယောဂကပ်နေတဲ့မဖြူစင်ကို စိုက်ကြည့်လိုက်တယ်ဗျ။

“မင်းပြောမှာလား မပြောဘူးလား”

“မပြောဘူး”

“ကဲကွာ!”

“ဖောင်း”

“ပြောမှာလား မပြောဘူးလား”

“မပြောဘူး”

“ဖောင်း”

“ပြောမှာလား မပြောဘူးလား”

“လုံးဝမပြောဘူးကွာ”

“ခေါင်းမာချင်တဲ့ကောင်”

“ဖောင်း”

“ဖောင်း”

“ဖောင်း”

“ဖောင်း”

“ဖောင်း”

“ဖောင်း………..”

ဆရာဘိုးညွန့်က အောက်လမ်းကောင်ကို ဘယ်တစ်ပြန် ညာ
တစ်ပြန် လွှဲရိုက်လေရောဗျို့။
ဒါပေမယ့် သူသာ လက်အံသေမတတ်ညောင်းကျဥ်သွားလို့
ရိုက်ပုတ်တာကို ရပ်လိုက်ရတယ်။
အရိုက်ခံရတဲ့ ပယောဂအောက်လမ်းကောင်ကတော့
တောင်ကို လေပုတ်သလိုပဲ စိုးစဥ်းလောက်တောင် မမှုဘူးဗျို့။
မျက်နှာတပြင်လုံးမှာဆိုတာ နီရဲရဲလက်ဝါးရာကြီးတွေက
အထပ်ထပ်ဖြစ်နေလို့ဗျာ။

“အင်း….သေးသေးမွှားမွှား ပယောဂထုတ်နည်းတွေက မင်း
အတွက်တော့ မပြောပပေဘူးပေါ့ ဟုတ်လား….။ကဲ….ဒီလိုဆို
တော့လည်း…..”

ပြောပြောဆိုဆိုနဲ့ဆရာဘိုးညွန့်က လွယ်အိတ်ထဲကနေ တစ်ပေ
ခွဲလောက်အရှည်ရှိတဲ့ အနီရောင်တောင်ဝှေး အသေးတစ်ချောင်းကို ဆွဲထုတ်လိုက်တယ်။
ဒီအချိန်မှာဘဲ တောင်းဝှေးနီကို ပယောဂမှီအောက်လမ်းကောင်က ကြောက်ကြောက်လန့်လန့်ကြည့်လို့ တထိတ်တလန့်
ဖြစ်ပြီး…..

“သူရိယသိဒ္ဓိ မဟာပထမံတောင်ဝှေးပဲ”

“ဟုတ်တယ်….ငါ့ကို ပထမံပုဂ္ဂိုလ်ကြီးတွေကိုယ်တိုင် သတ္တဝါ
တွေကိုကယ်တင်ဖို့ ပေးသနားထားတဲ့ သူရိယသိဒ္ဓိ မဟာပထမံ တောင်ဝှေးငယ်ပဲ။ကဲ ကဲ၊ပြောနေကြာတယ်။မင်းရဲ့နာမည်
ကို ပြောမှာလား မပြောဘူးလား။ဒါပဲပြော”

“ပြော….ပြော….ပြောပါ့မယ်ဆရာ။တောင်ဝှေးရဲ့အဝီစိမီးလို
ပူပြင်းတဲ့ တောက်လောင်မှုဒဏ်ကို ကျွန်တော်မခံနိုင်ပါဘူး။
ပထမံဆရာတစ်ယောက် ကျွန်တော့်ကိုအပြစ်ပေးပြီးကတည်း
က ကျွန်တော် ဒီတောင်ဝှေးကို သိပ်ကိုကြောက်နေခဲ့တာပါ။
ဟုတ်ကဲ့။ကျွန်တော့်နာမည် အောက်လမ်းရွှေအေးပါ ဆရာ”

“အေး….ဒီလိုမှပေါ့ကွ”

“ကျွန်တော် အခုဒီကမိန်းကလေးကို မြင်မြင်ချင်းစွဲလမ်းတပ်
မက်သွားလို့ ကြံမိကြံရာတွေနဲ့ကြံစည်မိတာပါ။ကျွန်တော့်ကို
ခွင့်လွှတ်ပေးပါ ဆရာ။ပထမံတောင်ဝှေးနဲ့တော့ မရိုက်လိုက်ပါ
နဲ့”

“ကောင်းပြီ….စိတ်ချ။အခု ကလေးမလေးကိုယ်ခန္ဓာထဲက
မင်းရဲ့မကောင်းတဲ့အတတ်ပညာတွေကို ငါဆရာရှေ့မှောက်မှာ
ခုချက်ချင်း နှုတ်ယူယုတ်သိမ်းပေးရမယ်။သဲတစ်ပွင့်စာ
လောက်တောင် မကျန်ပါစေနဲ့”

“စိတ်ချပါ ဆရာ”

ဟော၊မဖြူစင်ကိုယ်က အောက်လမ်းကောင်က မျက်လုံးအစုံ
ကိုမှိတ်လိုက်ပြီး ခန္ဓာကိုယ်ကို ငြိမ်သက်လိုက်တယ်ဗျ။
ဟာ ဟာ၊သူ့ရဲ့ခန္ဓာကိုယ် အနှံ့အပျံ့ကနေ နီညိုရောင်အငွေ့
အမျှင်တန်းတွေ တဖွားဖွား တိုးထွက်လာတယ်ဗျို့။
တဆက်တည်းဆိုသလိုဘဲ ဒီအငွေ့အမျှင်တန်းတွေက မဖြူစင်
ရဲ့ဦးခေါင်းထက်တည့်တည့်မှာ  တဖောက်ဖောက် တဖျစ်ဖျစ်နဲ့
အဖြူရောင်ငွေ့တွေအဖြစ် ကွဲကြေသွားကြပြီး တွန့်ကာ
လိမ်ကာနဲ့ဆရာဦးဘိုးညွန့်ရှေ့တည့်တည့်ကို လွင့်ပျံသွားကြ
တယ်ဗျို့။
ကျွန်တော်တို့ဆိုတာ ပါးစပ်ဟောင်းလောင်းနဲ့တအံ့တသြကို
ဖြစ်နေကြရောဗျာ။
ဆရာဦးဘိုးညွန့်လည်း သူ့ရှေ့လွင့်လာတဲ့ အဖြူရောင်အငွေ့
အမှုန်အစုကြီးကို မဟာပထမံကြိမ်လုံးနဲ့ဝေ့ကာ ဝေ့ကာ
ဝှေ့ယမ်းလိုက်တယ်ဗျ။
ခဏအကြာမှာဘဲ ဒီအငွေ့အဖြူတွေက သေးမှုန်နီရဲတဲ့ မီးဖွား
သဏ္ဍာန် အမှုန်ငယ်လေးတွေဖြစ်သွားပြီးတော့ ဝါယောဓာတ်နဲ့
အတူ နစ်ဝင်ကွယ်သျှိုသွားကြတယ်။
ရုတ်ချည်းဆိုသလိုပဲဗျ။
မဖြူစင်ပါးပေါ်က လက်ဝါးထပ်ရာကြီးတွေလည်း သွေးရောင်
လွှမ်းနေရာကနေ ပင်ကိုယ်အသားအရောင်အဖြစ်ကို ချက်ချင်းပြောင်းသွားတယ်ဗျို့။
ဦးဖြူတို့လည်း ဒီတော့မှ သူ့တို့သမီးအတွက် စိတ်ချသွားရလို့
မျက်နှာကြီးတွေ ပြုံးရွှင်နိုင်တော့တာပေါ့ဗျာ။

“ကဲ….မင်းကို ထောက်ညှာတဲ့အနေနဲ့မင်းရဲ့ပညာတွေကိုတော့
ငါမစွန့်ခိုင်းတော့ဘူး။ဒါပေမယ့် မင်းငါ့ကို ဒီနယ်ကို ဘယ်တော့
မှ အခြေမချတော့ပါဘူးဆိုတဲ့ သစ္စာကတိကိုတော့ မင်းပေးရ
လိမ့်မယ်”

“ပေးပါတယ်ဆရာ….ကျွန်တော်ပေးပါတယ်။ဆရာလည်း
ကျွန်တော့်အပေါ်မှာ ကျေးဇူးကြီးမားလှပါတယ်ဆရာ”

ဆရာဘိုးညွှန့်က အောက်လမ်းရွှေအေး မဖြူစင်ကိုယ်က မခွာ
ခင် လက်တစ်ဆစ်သာသာရှိတဲ့ ပုလင်းအနက်ကလေးတစ်လုံး
ကို သူ့လွယ်အိတ်ထဲကနှိုက်ထုတ်လိုက်ပြီး အဖုံးဖွင့်ထားလိုက်
တယ်ဗျ။
အောက်လမ်းကောင်လည်း မဖြူစင်ကိုယ်ကခွာခွာချင်း
ဆရာဘိုးညွန့်က သူကိုင်ထားတဲ့ ပုလင်းအနက်လေးထဲက
ပျစ်ချွဲချွဲ အမဲရည်တွေနဲ့မဖြူစင်ရဲ့ဦးခေါင်းကဆံပင်တွေကို
ပက်သွန်လိုက်တယ်။
မဖြူစင်က ပျော့ခွေလဲမကျသွားဘဲ တောင့်တောင့်ကြီးဖြစ်
သွားတယ်ဗျ။

“ကဲ….ခင်ဗျားတို့သမီးက အန္တရာယ်တွေကင်းသွားပါပြီ။မကြာ
ခင်မှာ စိတ်တွေပေါ့ပါးလို့လနိးဆန်းသွားပါလိမ့်မယ်ဗျ။ဘာမှ
စိတ်ပူစရာမရှိတော့ပါဘူး”

“ကျေးဇူးတင်လိုက်တာ ဆရာရယ်။ကျွန်မသမီးလေးရဲ့အသက်နဲ့အရှက်သိက္ခာကို ကယ်တင်ပေးခဲ့တဲ့ဆရာ့ကို ကျွန်မ
တို့တစ်သက်လုံး ကျေးဇူးတင်နေမှာပါရှင်။ဒီဝတ္ထုငွေသားလေးကိုတော့ ဆရာ့အတွက် ညဏ်ပူဇော်ခအနေနဲ့ကျွန်မတို့
ပူဇော်ပါရစေ။ဆရာ လက်ခံပေးပါနော်”

ဒေါ်ဥမ္မာက တစ်ထောင်တန်တစ်အုပ်ကိုကိုင်လို့ ဆရာဘိုးညွန့်
ကိုကြည့်ပြီးပြောတယ်။

“မလိုပါဘူးဗျာ….ကျုပ်တို့လို ဂန္ဓာရီဆရာတွေက သတ္တဝါတွေ
ရဲ့အခက်အခဲကို စောင်မကူညီကြရုံသက်သက်ပါ။ဒါတွေမလို
အပ်ပါဘူး။ကဲ….ကျုပ်ကိုခွင့်ပြုဦးဗျာ”

အထက်ဂန္ဓာရီ ဆရာဘိုးညွန့်က မျက်နှာထားရွှင်ရွှင်နဲ့ဦးဖြူတို့
အိမ်ကနေ ဆင်းသွားတယ်ဗျ။
ကျွန်တော်နဲ့မောင်ထွန်းလည်း အခြေနေတွေမဆိုးရွားဘဲ
ကောင်းကောင်းမွန်မွန်နဲ့ပြီးပြတ်သွားလို့ စိုးရိမ်စိတ်တွေ
ဒုန်းဒုန်းချနိုင်တော့တယ်။

“သမီးဖြူစင်….သမီးလေး အဆင်ပြေရဲ့လားကွယ့်”

ဒေါ်ဥမ္မာက မလှုပ်မယှက် ကျုံ့ကျုံ့လေးထိုင်နေတဲ့မဖြူစင်ကို
အနားကပ်ပြီး မေးလိုက်တယ်ဗျ။
မဖြူစင်က ဘာမှပြန်မဖြေဘူး။
ကျွန်တော်လည်း မဖြူစင်ကိုစိုက်ကြည့်ပြီး အကဲခတ်နေလိုက်
တယ်။

“တူမလေး….လိုအပ်တာတစ်ခုခုရှိလား။ရှိရင် ဒေါ်လေးတို့ကို
ပြောနော်”

ဒေါ်လေးရီမေးတာကိုလည်း မဖြူစင်က ဘာမှပြန်မဖြေဘူးဗျ။
လုံးဝတည်ငြိမ်နေတယ်။

“သမီးဖြူစင်….အမေတို့စိတ်ပူတယ်ကွယ်။အမေတို့ကို စကား
ပြန်ပြောပါဦး”

ဒီအချိန်မှာဘဲ ထူးခြားချက်တစ်ခုကို ကျွန်တော် တွေ့လိုက်ရ
တယ်ဗျို့။
မဖြူစင်က တစ်ချက်ကလေးမှကို လုံးလုံးမျက်တောင်မခတ်
ဘူးဗျာ။

“ကိုဖြူရေ….သမီးလေးကိုကြည့်ပါဦးတော်။ကျုပ်တို့မေးတာ
ကို ဘာမှပြန်မဖြေဘဲ ဒီတိုင်းကြီး မလှုပ်မရွေ့နဲ့နေနေတယ်
တော့်”

“သြော်….ဥမ္မာနှယ်။ခုနက ဆရာညွန့်ပြောသွားတယ်လေကွာ။
မကြာခင်မှာ စိတ်တွေပေါ့ပါးပြီး လန်းဆန်းသွားပါ့မယ်လို့လေ။အခု သမီးလေးက ပယောဂအကပ်ခံထားရတဲ့အရှိန်ကြောင့် စိတ်တွေထွေနေလို့ဖြစ်မှာပါကွာ။သမီးလေးကို
သူတစ်ယောက်တည်းပဲ လွပ်လွပ်လပ်လပ်ပေးနေလိုက်ပါ”

ဒီအချိန်မှာဘဲ လှေကားကနေ ပြေးတက်လာတဲ့ခြေသံတွေကို
အကုန်လုံးကြားလိုက်ရတယ်ဗျို့။
ကျွန်တော်တို့လည်း အိမ်ပေါက်ဝကို ပြိုင်တူလှည့်ကြည့်လိုက်
ကြတယ်။

“ဟင်…..အဘ”

“အစ်ကိုဆရာ”

“ဘဆရာပါလား”

ဆေးလွယ်အိတ်ကို ပခုံးလွယ်လို့ အပြေးတပိုင်းပြေးတက်လာ
တဲ့ အဘကြောင့် အကုန်လုံး တအံ့တသြဖြစ်သွားကြတယ်။

“ခုတ်ရာတခြား ရှရာတခြား အလွဲလွဲတွေ ဖြစ်ကုန်ပါပေါ့လား
ဗျာ။ကျုပ်လည်း အဓိဌာန်ဖျက်လို့ အချိန်မှီလာခဲ့ပေမယ့်
ဖြစ်ရပ်တွေက နှောင်းသွားခဲ့ပြီ”

“ရှင်”

“ခင်ဗျာ”

“ဟုတ်တယ်….ခင်ဗျားတို့ကို အရေးကြီးလို့  ကျုပ်အတန်တန်
မှာခဲ့တယ်လေ။ဘာ့ကြောင့် ကတိဖျက်ကြတာတုန်းဗျာ”

“သမီးလေးကို စိုးရိမ်လွန်းလို့ပါ ဆရာရယ်။အခုလည်း ဒီဆရာ
နဲ့ကုလိုက်တာ အန္တရာယ်မဖြစ်ပါဘူး ဆရာရဲ့။သမီးလေးက
ကောင်းမွန်သွားပါပြီ”

“ကျုပ်ပြောပြမယ်….ခင်ဗျားတို့သမီးကို ကုပေးသွားတဲ့ ဂန္ဓာရီ
ဆရာဘိုးညွန့်ဆိုတာ ခင်ဗျားတို့သမီးကို ချစ်ကြောင်း
ကြိုက်ကြောင်းတွေလိုက်ပြောပြီး စိတ်ညှို့ပြုစားခဲ့တဲ့
ရွှေအေးဆိုတဲ့ အောက်လမ်းကောင်ပဲ”

“ရှင်”

“ဗျာ”

“အို”

“ဟုတ်တယ်….သူ့ရဲ့ပဉ္စလက်အတတ်နဲ့ခင်ဗျားတို့ကို သူလှည့်
စားသွားတာ။ဝင်ပူးတဲ့ အောက်လမ်းကောင်ဆိုတာလည်း
သူ့ရဲ့တပည့်လက်သား နှစ်ချို့သဘက်ကြီးတစ်ကောင်ပဲ”

“ဟင်….ဒါ….ဒါဆို….သမီး….သမီး….သမီး….”

ဒေါ်ဥမ္မာက သူ့သမီးကို စိတ်ပူသွားပြီး စိုးရိမ်တကြီးနဲ့သူ့သမီး
ပခုံးကို ကိုင်လှုပ်လို့ခေါ်တယ်။
ဒါပေမယ့် မဖြူစင်က ကျောက်ရုပ်တစ်ရုပ်လို ပကတိငြိမ်သက်နေတယ်။
အကုန်လုံးလည်း မှင်သက်ပြီး ကြက်သေ သေနေကြရောဗျ။

“ကဲ….ဦးဖြူတို့ ဒီက ခင်ဗျားတို့သမီးလို့ထင်နေတဲ့ အောက်လမ်းဖယောင်းအရုပ်က အောက်လမ်းရွှေအေးရဲ့
အစွမ်းထက်ဆေးရည်တစ်မျိုးနဲ့လှည့်စားခဲ့တဲ့ အရုပ်တစ်ရုပ်
သက်သက်ပါဘဲ။ခင်ဗျားတို့သမီးမဟုတ်ဘူး။ခင်ဗျားတို့သမီး
က အောက်လမ်းကောင်ရဲ့လက်ထဲပါသွားပြီ။ကဲ….ကြည့်ကြပေရော့….”

အဘက ဆေးလွယ်အိတ်ထဲက အင်းဖယောင်းတိုင်ငါးတိုင်ကို
ထုတ်လို့ လက်ကစုကိုင်လိုက်ပြီး ဂါထာတစ်ပုဒ်ကို (၇)အုပ်
ရွတ်လိုက်တယ်။ဂါထာ(၇)အုပ် ရွတ်လို့အပြီးမှာပဲ
အင်းဖယောင်းတိုင်ငါးတိုင်လုံးက မီးညွန့်တွေအလိုလို
ထတောက်လာပြီး မီးတောက်ကြီးတစ်ခုအဖြစ် ဟုန်းဟုန်းထ
လာတယ်။
အဘက မီးစွဲနေတဲ့ အင်းဖယောင်းတိုင်တွေကိုစုကိုင်ပြီး
အောက်လမ်းဖယောင်းအရုပ်လို့ခေါ်တဲ့ မဖြူစင်ရဲ့ပတ်ပတ်
လည်ကိုလှည့်တယ်။

“ရှဲ….ရှဲ….ရှဲ….ရှဲ….”

သုံးပတ်လောက် လှည့်ပြီးတဲ့အချန်မှာ မဖြူစင်ရဲ့ခေါင်းပိုင်း
ကနေ ခါးလယ်လောက်အထိ တရှဲရှဲအသံကြီးတွေ မြည်ဟည်း
ပြီး အစိတ်အပိုင်းတွေက ဖယောင်းရည်တွေအဖြစ် ပျော်စီး
ကျကုန်တယ်ဗျို့။

“သမီး”

“ဟင်”

“ဟာ”

ခါးငုတ်တိုကြီးသာကျန်တော့တဲ့ အောက်လမ်းဖယောင်းအရုပ်
ကို တမြေ့မြေ့ကြည့်ကြရင်း အာမေဍိတ်တွေဖြစ်ကုန်ကြတယ်။
အဘက အောက်လမ်းဖယောင်းအရုပ်ကို အခေါက်ခေါက်
အကြိမ်ကြိမ် လှည့်ပတ်ပြီးတဲ့အချိန်။
မဖြူစင်လို့ထင်နေကြတဲ့ အောက်လမ်းဖယောင်းအရုပ်က
တစ်ကိုယ်လုံး အင်္ဂါတစ်ခုမှမရှိတော့ဘဲ ဖယောင်းရည်တွေ
အဖြစ်နဲ့ပဲကြမ်းပြင်ပေါ်မှာ အိုင်ထွန်းနေတော့တယ်ဗျို့။

“ကဲ….တွေ့ကြပြီလား”

အဘက ဒီလိုပြောလိုက်တော့ ဦးဖြူ၊ဒေါ်ဥမ္မာနဲ့ဒေါ်လေးရီတို့
က ရင်ကွဲနာကျလို့ ချုံးပွဲချပြီး ရင်ဘတ်စည်တီး ငိုကြလေရော
ဗျ။
ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူးပေါ့ဗျာ။
ခဏနေတော့ ဦးဖြူတို့ခြံထဲကို လူတစ်ယောက် ဒရောသောပါး
နဲ့ပြေးဝင်ချလာတယ်ဗျို့။

“ဦးယာပါလား”

“ဝေ့….ကိုဖြူရေ။ဒီကနောင်ကြီးရဲ့သမီးကို ရုပ်ချောချော လူငယ်တစ်ယောက်က ပွေ့ပြီးပြေးလာတာကို ကျုပ် စက်ကြီး
ရွာက ပြန်လာတော့တွေ့တာ။သူက ကျုပ်ကိုတွေ့တော့ သူ့မျက်
လုံးထဲက အလင်းရောင်တွေကိုထုတ်ပြီး တိမ်တွေပေါ်ကို
တက်သွားတာဗျာ။အဲ့တာ ဘာဖြစ်တာတုန်းဗျ”

ဦးယာရဲ့စကားကို ထပ်ကြားလိုက်ရတော့ ဒေါ်ဥမ္မာခမျာ
သတိလစ်ပြီး မေ့လဲသွားလေရောဗျ။
အဘလည်း ကိစ္စတွေက လက်လွန်ကုန်ပြီမို့ သူလည်း
ဘာမှ မတတ်နိုင်တော့ဘူးပေါ့လေ။
မာယာများတဲ့အောက်လမ်းတွေရဲ့ဆန်းကြယ်လှတဲ့ ပညာရပ်
အတတ်အစွမ်းတွေကတော့ ​အံ့မခန်းပဲဗျို့။

              ××××××××××××××××××

                                                        ကျန်းမာ ချမ်းသာကြပါစေ

                      #စက်လေးတာတီးအားလေးစားလျက်