“အောက်လမ်းဘိုးထင် နှင့် အထက်လမ်းဆရာ ဩ”(စ/ဆုံး)

“အောက်လမ်းဘိုးထင် နှင့် အထက်လမ်းဆရာ ဩ”(စ/ဆုံး)

=================================

◾အခန်း (၁)

ညနေအချိန်အခါသည် ရောက်ရှိလာပြီး နေလုံး‌ကြီးသည် မာန် စွယ်ကျိုးကာ အနောက်ဘက်သို့ ငုတ်လျှိုးပြောက်ကွယ်လုပြီ ဖြစ်သည်။ထိုအချိန် ထိုအခါ၌ တောတောင်တနေရာ လှည်း လမ်းလေးတွင် လူငယ်ငါးယောက်မှာ လမ်းလျှောက်လို့နေသည်။သူတို့သည် မောင်ဘိုးထင်တို့လူငယ်တစုဖြစ်ပြီး အထုတ်ထမ်းထားသော သာရမှာ သူ၏ ဘေးတွင်ရှိသော ဖိုးထွေးအားအထုတ်ကို ပေးလိုက်ရင်း နောက်မှ လမ်းလျှောက်နေသော မောင်ဘိုးထင်တို့ကို ကြည့်ကာ

“ဘိုးထင် မင်းက ဘယ်အိမ်ကို သွားမှာလဲ အိမ်သစ်ကိုပဲလား”

“အဘဆီကို အရင်၀င်မယ် ပြီးတော့ စပါးပွဲစားကဝေပြောတဲ့ အထက်လမ်းဆရာ ဆိုတဲ့ သူကိုလည်း သတိထားရဦးမယ် ”

“အေးကွာ အထက်လမ်းဆရာဆိုတဲ့ သူတွေကလည်း လူကောင်း၊လူဆိုးတောင် မခွဲတတ်ဘူးလား မသိဘူး”

“ခက်တော့ခက်တယ် ကိုသာရရဲ့ ကျုပ်အဘက အောက်လမ်း ဆရာ ဒါပေမဲ့ မကောင်းတာတွေတော့ မလုပ်ပါဘူး”

“ငါတို့သိပါတယ် ဦးအုန်းက ငါတို့ ရွာသားတွေတင် မကဘူး ဘယ်သူကိုမှ ဒုက္ခမပေးပါဘူး ဒါပေမဲ့ သူ့ကိုထိရင်တော့မရဘူး ကွ ”

“အဲ့တာတော့ ဘယ်ရမလဲဗျ ကျုပ်တို့ချစ်ခင်ရတဲ့ သူတွေကို ထိခိုက်အောင်လုပ်ရင် မခံဘူး ‌ခင်ဗျားတို့ကို ထိခိုက်အောင် လုပ်ကြည့်ပါလား ကျုပ် ငြိမ်နေမယ်ထင်လား ”

“သိပါတယ်ကွာ မင်းကိုလည်း ထိရဲတဲ့သူရှိရင် ထိကြည့်ပါလား ငါတို့လည်း မခံဘူး ”

မောင်ဘိုးထင် သဘောကျစွာ ပြုံးလိုက်မိသည်။ပေပင်ရွာ သားများသည် ရိုးသား၍ သဘောမနောကောင်းသောသူများ ဖြစ်၏။ထိုထဲတွင် ထူးထူးခြားခြား ယခု သူနှင့် အတူတူ ရှိနေသော သူများအား ပို၍ သံယောဇဉ် ဖြစ်နေမိသည်။ရွာအနားလည်း နီးလာပြီမို့ မောင်ဘိုးထင်တို့သည် ပျော်တပြုံးပြုံး စကားဆိုရင်း ရွာဆီသို့ အမြန်သွားလိုက်ကြပါတော့သည် ။

◾အခန်း (၂)

ဦးအုန်း၏ အိမ်တွင် လူစုံတက်စုံ ရှိနေသည်။အိမ်ရှေ့ကွပ်ပျစ် နှင့် စားပွဲတန်းလျားတွင် မောင်ဘိုးတင်တို့ ထိုင်နေသဖြင့် စကားသံများညံစီနေသည်။ဦးအုန်းသည် ဟင်းခွက်ပြေး ‌သယ်လိုက် ထမင်းပန်းကန်လေး ပြေးသယ်လိုက်နှင့်ပင် တယောက်တည်း အလုပ်များနေသည်။ကျန်သူများသည် ကွပ်ပျစ်နှင့် တန်းလျားတွင် အခန့်သားထိုင်နေကြရင်း ပေတူး နှင့် သာအေးမှ

“ဘကြီးအုန်းရေ မြန်မြန်ချပါဗျို့ ဗိုက်ဆာလှပြီ ”

“ဟုတ်တယ်ဗျာ ထမင်းလေးဟင်းလေးချက်ပြီး ဒါလေးခူးခပ်ရတာကို နှေးလိုက်တာ ”

“မင်းမေကြီးတော် မင်းတို့က ဘာမှကူမလုပ်ဘဲ ငါ့ကို အပြစ်ပြောနေတယ် ”

“မန္တန်ကဝေနော် ဘကြီးအုန်း မန္တန်ကဝေ ”

နိုင်ကွက်သိသော ပေတူးသည် မန္တန်ကဝေဟု ဆိုလိုက်သည် နှင့် ဦးအုန်း၏ မျက်နှာမှာ အရောင်ပြောင်းသွားပြီး

“အေးပါကွာ မင်းတို့က ငါ့ကျေးဇူးရှင်တွေဆိုတော့ လုပ်ပေးရမှာပေါ့ လက်ဆေးဖို့ ရေပါ ခပ်ပေးမယ်ကွာ ”

“ဘကြီးအုန်း ကျုပ်တို့က ကူမလုပ်တာ မဟုတ်ဘူးနော် ဘကြီးအုန်းပဲ မကူနဲ့ ဆိုလို့ ”

“အေးပါကွာ ငါကလည်း တကယ်စိတ်ရင်းနဲ့ ပြောတာပါ မင်းတို့ ဗိုက်အတော်ဆာနေရောပေါ့ ငါ မြန်မြန်လုပ်ပေးမယ်နော် ငါ့ကောင်တွေ ခဏတော့ သည်းခံကြကွာ ”

“ရပါတယ်ဗျာ အဲ့လို အကျိုးသင့်အကြောင်းသင့်ပြောရင် ကျုပ်တို့က မရိုင်းပါဘူးဗျ ကဲ ကဲ ဘကြီးအုန်း လုပ်စရာရှိတာ ဆက်လုပ်တော့ ”

ဦးအုန်းသည် မောင်ဘိုးထင်တို့ကို ကြည့်နေစဉ်မှာသာ မျက်နှာကို ပြုံးထားပြီး သူတို့၏ မျက်ကွယ်ရာတွင်တော့ ခပ်တိုးတိုးဖြင့် ဆဲရေးတိုင်းထွားနေသည် ။ဦးအုန်းသည်လည်း သူအပြစ် နှင့် သူမို့ ငြိမ်နေရခြင်းဖြစ်၏။အဘယ်ကြောင့်ဆိုသော် ဦးအုန်းမှာ သူ၏ကျိန်စာအား ပယ်ဖျက်အောင် လုပ်ပေးသည့် မောင်ဘိုးထင်တို့ အဖွဲ့ အားကျေးဇူးတင်လွန်း၍ ချက်ပြုတ်ကျွေးမွေးနေခြင်းဖြစ်၏။အစပိုင်းတွင် ဦးအုန်းအား အဘယ်သို့ ကူရမည်နည်း ဟုမေးလာ၍ စေတနာသဒ္ဓါ ထက်သန်နေသော ဦးအုန်းသည် မည်သည့်အလုပ်ကိုမှ မကူစေပဲ အေးအေးဆေး ဆေးသာ နားနေကြရန် နှင့် ပင်ပန်းလာသော သူတို့အား ပြုစုပေးပါမည်ဟု စကားကျွံထားမိ၏။ထိုစကားကြားပြီးသောအခါ မောင်ဘိုးထင်တို့သည် ကူလက်စများကို ပစ်ထားခဲ့၍ စေတနာအနည်းငယ် ပျက်သွားခြင်း ဖြစ်၏။သို့ပါသော်လည်း ပေတူးမှာ မန္တန်ဝိဇ္ဇာကို အမြဲ သတိပေးနေသောကြောင့်သာ တော်ပေသေးသည်။မကြာခင်မှာပင် မောင်ဘိုးထင်တို့သည် ဦးအုန်း တည်ခင်းဧည့်ခံသော ကြက်သား၊အမဲသား၊ဝက်သားစသဖြင့် အမယ်စုံလှသော ဟင်းများအား လက်ကျန်မရှိတော့သည်အထိ ခေါင်းမဖော်တမ်း အားပေးလိုက်ကြပါလေတော့သည် ။

◾အခန်း (၃)

ဦးအုန်းသည် မောင်ဘိုးထင်တို့ စားသောက်ပြီး၍ ပန်းကန် များကို သိမ်းဖို့ ဟန်ပြင်နေစဥ်တွင် ပေတူးနှင့် သာအေးသည် ‌ဦးအုန်းအား

“ဘကြီးအုန်း ကျုပ်တို့ကူသိမ်းပေးမယ်လေ ”

“ဟေ ရ ”

ဦးအုန်း၏ စကားပင်မဆုံးသေး မောင်ဘိုးထင်မှ အသံကျယ်လောင်စွာဖြင့်

“အဘက အ တာ သူတို့က ကူလုပ်မယ်ဆိုတာကို ရပါတယ် ပြောဦးမလို့လား အဘက ရပါတယ် ပြောလိုက်ရင် ဟိုကောင်တွေက လုပ်မှာမဟုတ်ဘူးနော် အဲ့ကောင်တွေက တခါပဲ မေးတာ ”

“အေး အဲ့တာဝောာ့ ဟုတ်တယ် မရဘူး မင်းတို့ပဲသိမ်းလိုက်ကြတော့ ”

“အဲ့ဒီလိုလည်း လူရည်လည်စမ်းပါ အဘရာ ချက်ပြုတ်ပြီး လည်း ကျွေးရသေးတယ်။ပန်းကန်အထိ ဆေးပေးရမယ်ဆိုရင် တော့ မဟုတ်တော့ဘူး ”

မောင်ဘိုးထင်သည် သူ၏ အဘဖြစ်သူ ပင်ပန်းနေသည်ကို မကြည့်ရက်၍ ပြောလိုက်ခြင်းဖြစ်၏။ထိုသို့ မောင်ဘိုးထင် ပြောသောအခါ ပေတူးသည် မကျေမနပ်နှင့်

“ဟေ့ကောင် အတူတူချင်းကို မင်းက အခုမှ လာပြီး သိတတ်မနေနဲ့ မင်းက ပါးစပ်အပြောပဲ မင်းကရော ကူလို့လား ”

“ဟုတ်တယ် ပေတူး ဒီကောင်က ကြီးကြီးကျယ်ကျယ်တွေ ပြောနေတာ သူတော့ လက်ရေတောင် ထမဆေးပဲ ဘကြီးအုန်း ခပ်ပေးတာ စောင့်နေပြီးတော့ ”

“ဟို ငါက အရင်ကဆို အမြဲပဲ အဘကို လုပ်ကူနေကြကွ ”

“မင်းကတော့ ပြောတတ်တယ် ပျင်းတာချင်း အတူတူကို နာမည်ကောင်း ဝင်ယူနေတယ် ”

ပေတူး နှင့် သာအေးသည် မောင်ဘိုးထင်ကို မကျေမနပ် စကားဆိုကာ စားပြီးသောပန်းကန်များကို သိမ်းဆည်းလိုက်ကြသည်။ထိုအချင်းအရာကို ကြည့်ရင်း ပြုံးနေသူနှစ်ယောက်မှာ ဖိုးထွေး နှင့် သာရဖြစ်သည်။ပေတူးသည် ပန်းကန်သိမ်းနေရာမှ ဖိုးထွေး နှင့် သာရကို ကြည့်ကာ

“ဟေ့လူတွေ အငြိမ့် ကြည့်နေတယ်များထင်နေတာလား စားပြီးသောက်ပြီး ကိုယ့်ပန်းကန်လေးတော့ကိုယ် ဆေးကြ ”

“အေး အေးပါ ပေတူးရာ မင်းကလည်း ငါတို့ကို လာပြီး စိတ်တိုနေတယ် ”

“စိတ်တိုတာ မဟုတ်ပါဘူးပြောပြတာ ဒီအထဲမှာ အစားဆုံးက ခင်ဗျားတို့ နှစ်ယောက်ပဲ ကြက်ကာလသားချက်လေး ကော်မလို့ လက်ကလေးလှမ်းလ်ိုက်ရင် ခင်ဗျားတို့နှစ်ယောက် လက်နဲ့ကို မလွတ်ဘူး ”

“ငါတို့က ကာလသားချက်လေး ကြိုက်လို့ပါကွာ ”

“ကာလသားချက်လေး ကြိုက်လို့ဟုတ်လား ဝက်သား၊ပန်းကန်လေး ခပ်မလို့ စိတ်ပဲရောက်သေးတယ် ဦးအုန်းမွေးထားတဲ့ သရဲတွေ ဝင်စားသလားတောင်ထင်ရ အသားတွေချည်း ကော်သွားတာလည်း ခင်ဗျားတို့ နှစ်ယောက်ပဲ ”

“မင်းတို့ကလည်းကွာ ”

သာအေး၏ ထပ်တိုးစကားကြောင့် ဖိုးထွေး နှင့် သာရ ရှက်သွားကာ ထမင်းပန်းကန်များကို ကိုင်ပြီးထထွက်သွားလေတော့သည်။ထမင်းစားပြီးသောအခါ ကြံသကာ၊ကြံပွဖြင့် အချို တည်းရင်း မောင်ဘိုးထင်မှ ဦး အုန်းအား စကားဆိုလေ၏။

“အဘ ‌ကျုပ်တို့ရွာဘက်ကို အထက်လမ်းဆရာ ဆရာဩ ဆိုတဲ့ လူကြီးလာတယ်တဲ့‌ သူက ကျုပ်တို့လို ပညာသည်တွေကို တိုက်ခိုက်နေတာတဲ့ဗျ ”

“ငါလည်း သတင်းကြားပါတယ် ငါ့ဆီတော့ မလာသေးဘူးကွ လာရင်လည်း အတတ်နိုင်ဆုံး နားလည်အောင် ရှင်းပြရမှာပေါ့ ကွာ ”

“ကျုပ်တို့က ကို့ယ်ကိုလာမထိရင် ဘယ်သူကိုမှ ဒုက္ခပေးတာ မဟုတ်ဘူး တကယ်လို့ သူက ဒါကို နားမလည်ရင် ပြန်ချရုံပဲရှိတော့တယ် ”

“နေပါဦး ကောင်လေးရာ စိတ်လိုက်မာန်ပါ လုပ်လို့မရဘူး တကယ်လို့ သူလာမယ်ဆိုရင် ရောက်‌တောင်ရောက်နေသင့်ပြီ ငါ့အထင် တို့ကို ဒုက္ခမပေးဘူးထင်တယ် ”

“ဒုက္ခက ပေးစရာလည်း မလိုဘူးလေ ကျုပ်တို့က မဟုတ်တာ လုပ်နေတဲ့သူမှ မဟုတ်တာ ”

မောင်ဘိုးထင်မှ ထိုသို့ပြောသောအခါ ဘေးတွင် ရှိနေသော ဖိုးထွေးမှ

“ဟုတ်တယ် ဦးအုန်း ဒီကိစ္စအတွက် စိတ်ပူမနေပါနဲ့ ကျုပ်အဘကလည်း ဦးအုန်းတို့အကြောင်း သိပါတယ် ”

“အေးကွာ ငါလည်း အသက်ကြီးလာပြီဆိုတော့ အေးအေးချမ်းချမ်းလေးပဲ နေချင်တော့တယ် ”

” စိတ်မပူပါနဲ့ ဦးအုန်း ဘာမှမဖြစ်ဘူး ”

ထို့နောက် မောင်ဘိုးထင်တို့သည် အထက်လမ်းဆရာကြီး အ ကြောင်း မပြောတော့ပဲ ကြံလမိုင်းခင်းထဲတွင် ပွေးပေါက်မည့်အကြောင်း စကားရောက်သွားသည်။ဦးအုန်းသည် ပွေးပေါက်နည်းကို ပြောပြနေ‌၏။

“မင်းတို့မှတ်ထား ပွေးပေါက်တယ်ဆိုတာ နေပူချိန်ပေါက်ရတာကွာ ကြံဘောင်တွေမှာ ပွေးစုန့်တွေရှိတယ် အဲ့ပွေးစုန့်တွေ မှာ မြေလေးဖွာတာတာဖြစ်နေရင် မင်းတို့ ပေါက်တူးနဲ့ သာ အားကုန် ပေါက်လိုက်တော့ အဲ့ပွေးကို ပေါက်မိပြီ ကောင်ရေ ”

“အဘကလည်းဗျာ ပွေးပေါက်တာများ ကိုဖိုးထွေး နဲ့ ကိုသာရ က ပွေးပေါက်တာ ဆရာကြီးတွေဗျ”

“ဟ ဟုတ်လား အဲ့တာဆို မနက်ဖြန် သွားပေါက်ကွာ။နေလည်းပွင့်လောက်တယ် ပွေးသား မစားရတာကြာပြီ ဆိုတော့ ”

“စိတ်ချ မနက်ဖြန် ကျုပ်တို့ ပွေးသွားပေါက်မယ် ဟိုကောင် တွေ လိုက်ဦးမှာလား ”

“လိုက်မှာပေါ့ဗျာ ”

“လိုက်မှာဆို အခု အိမ်ပြန်ကြတော့ မင်းတို့ မိဘတွေ မျှော်နေလောက်ပြီ ”

ဖိုးထွေးသည် သာအေး နှင့် ပေတူးအား အိမ်ပြန်ခိုင်းလိုက်သည်။သူတို့လည်း စောဒကမတက်ပဲ ဦးအုန်း နှင့် ဘိုးထင်ကို နှုတ်ဆက်ကာ ပြန်သွားကြသည်။ထို့နောက် ဖိုးထွေးတို့လည်း ပြန်သွားပြီမို့ ဦးအုန်း၏အိမ်တွင် မောင်ဘိုးထင် နှင့် ဦးအုန်းသာ ကျန်ခဲ့တော့သည် ။

◾အခန်း (၄)

ပင်သစ်ကြံများခုတ်ပြီး၍ လမိုင်းထားရန် ကြံခင်းအား မီးရှို့ရ၏။ထိုအခါမှ မီးလောင်သွားသော ကြံငုတ်များတွင် လမိုင်းဟုခေါ်သော ကြံပင်လေးများ ပြန်ထွက်လာသည်။ထိုကြံတောထဲတွင် ကြံမြစ်များကို ကိုက်ဖြတ်စားသောက်သည့် ပွေးဟုခေါ်သော အကောင်များရှိလေ၏။ထိုပွေးများသည် ကြံမြစ်များကို ကိုက်ဖြတ်စားသောက်သဖြင့် ကြံခင်းပိုင်ရှင်များ များစွာ စိတ်ညစ်ရသည်။ထိုအခါ ပွေးပေါက်သောသူများကို တချို့ ကြံခင်းပိုင်ရှင်များက ကောင်းကောင်းမွန်မွန် ကြိုဆိုပြီး သူတို့တွင်ရှိသော အစားအသောက်များပင် ကျွေးမွေးတတ်သေးသည်။ကြံတောင်သူများသည်က ထိုပွေးဆိုသော သတ္တဝါများကို အတော်မျက်မုန်းကျိုးကြပြီး ကမ္ဘာရန်ဘက်သကဲ့သို့ သဘောထားကြသည်။ပွေးအား တချို့ကြံတောင်သူကြီးများသည် အလွန်တရာမုန်းတီးကာ သူ၏ ကြံခင်းထဲမှ ပွေးတကောင်ရလျှင် ငွေအမောက်သတ်မှတ်ပြီး ဆုချသည်အထိပင်ရှိဖူး၏။ယခုလည်း ဖိုးထွေး နှင့် သာရ ဦးဆောင်ကာ ပေါက်တူး တယောက်တလက်ထမ်းပြီး မောင်ဘိုးထင်၊သာအေး နှင့် ပေတူး တို့ ခြံရံလျက် မီးရှို့ထားသော ကြံခင်းဆီသို့ ရောက်လာကြ၏။ပွေးပေါက်တာ တော်သည်ဟု မြှောက်ထားသောကြောင့် ဖိုးထွေး နှင့် သာရသည် ရင်ကော့၍ လမ်းလျှောက်နေရာ မြောက်ကြွ မြောက်ကြွ ဖြစ်နေသေးသည်။ဖိုးထွေးသည် ရှေ့မှ လမ်းလျှောက်ရင်း မောင်ဘိုးထင်တို့ကို လှည့်ကြည့်ကာ

“ပွေးသား ဘယ်ကောင်ကြိုက်လဲ ”

“ကျုပ်တို့ အကုန်လုံးကြိုက်တယ် ”

“ငါကတတ်နိုင်ရင် မင်းတို့ကောင်တွေကို ပွေးကို မပေါက်ပဲ အရှင် ဖမ်းပြချင်တာ ”

“ဟာ လက်ပြတ်သွားမှာပေါ့ဗျ သူရဲ့ ရှေ့သွားနှစ်ချောင်းက မြ နေတာပဲ ”

“ပွေးကတော့ ရသေလောက် ပေါက်မယ် ငါ့ကြံခင်းဆိုလည်း ဒီကောင်တွေ ဖျက်စီးတာ များပြီ ”

“ဟုတ်တယ် ငါ့အဘဆိုလည်း ဒီကောင်တွေကြောင့် စိတ် ညစ်နေရတာ ဒီအကွက်ပြီးရင် ငါ့အကွက်ထဲသွားမယ် ”

ဖိုးထွေးနှင့်သာရသည် ပွေးများ၏ ဖျက်ဆီးတတ်ပုံကို ပြောပြကြသည်။နေလုံးကြီးသည် မွန်းတည့်ချိန်မို့ အတော်ပူပြင်းလှပေသည်။နေရောင်အောက်တွင် ထိုကောင်လေးတစုသည်‌ ပွေးပေါက်ရန် စိုင်းပြင်းနေကြသည်။ဖိုးထွေး၏ နောက်တွင် မောင်ဘိုးထင်လိုက်ပြီး သာရ၏နောက်တွင် သာအေး နှင့် ပေတူးတို့ လိုက်ကြသည်။ကြံပင်မပေါက်သေးသော လမိုင်းခင်းများထဲသို့ ဖိုးထွေး နှင့် မောင်ဘိုးထင် လမ်းလျှောက်ပြီး ပွေးစုန့် အား လိုက်ကြည့်နေကြသည်။နေ၏ အပူချိန်သည်အတော်ကို ပူပြင်းလှသဖြင့် မောင်ဘိုးထင်သည် မျက်နှာမှ စီးကျလာသော ချွေးများကို သုတ်လိုက်၏။ထိုအချိန် ဖိုးထွေးသည် သူ၏ရှေ့ခပ်လှမ်းလှမ်းတွင် ‌ပွေးစုန့်သည် မြေပေါ်သို့ ဖွာတက်နေသည်ကို တွေ့ရသဖြင့် ‌တချက်ပြုံးလိုက်ကာ ထိုနေရာသို့ ခြေဖော့နင်းသွားပြီး ပေါက်တူးကို အားကုန် လွှဲပေါက်လိုက်လေသည် ။ထို့နောက် ပေါက်တူးအား ပြန်ဖော်လိုက်သောအခါ သေအံ့ဆဲဆဲ ပွေးတကောင်ကို မြေသားများနှင့်အတူ တွေ့ရလေသည်။ဖိုးထွေးသည် အောင်နိုင်သူပမာပြုံးလိုက်ပြီး မောင်ဘိုးထင်ကို ကြည့်ကာ

“ဟေ့ကောင် တကောင်ရပြီ ဟိုငနာတွေက ရပုံမပေါ်သေးဘူး ”

“ဟုတ်တယ် ကိုဖိုးထွေး နေပါဦး ကိုသာရတို့ ဘယ်သူနဲ့စကားပြောနေတာလဲ ”

“ဘာဖြစ်လို့လဲဟ ”

“သေချာကြည့်စမ်းပါဦး ဟိုလူကြီးက ကျုပ်တို့ ရွာက မဟုတ်ဘူးမလား ”

“မဟုတ်ဘူးကွ ငါလည်း မမြင်ဖူးပါဘူး”

ဖိုးထွေး နှင့် မောင်ဘိုးထင်သည် သာရတို့ဘက်ကို ကြည့်လိုက်ရာ အသက်ကြီးရင့်နေသော လူကြီးတဦးသည် လွယ် အိတ်ကြီးကို လွယ်ကာ သာရတို့ နှင့် ရပ်ပြီး စကားပြော နေသည်ကို တွေ့ရလေသည်။ပေတူးသည် ရွာဘက်သို့ လက်ညိုးထိုးပြကာ စကားပြောနေကြပြီးနောက် သူစိမ်းလူကြီးမှာ သာရတို့အား လက်ပြကာ ရွာဘက်သို့ ထွက်သွားလေသည်။ဖိုးထွေးတို့သည်လည်း ထိုလူကြီးကို မမြင်ရတော့သည်အခါမှသာ လှမ်းအော်၍ စကားဆိုလေသည် ။

“ဟေ့ သာရ ဘယ်သူလဲကွ မင်းတို့နဲ့ စကားပြောနေတာ ”

“ရွာကို ဘယ်လိုသွားရလဲ မေးနေတာ”

” အေး သူ့ကို တခါမှလည်း မမြင်ဖူးဘူးနော် ”

“မြင်ဘူးမလားဟ တို့ရွာကမှ မဟုတ်တာ ”

သာရ နှင့် ဖိုးထွေး စကားလှမ်းပြောနေချိန် ပေတူးသည် မောင်ဘိုးထင်အား အသံခပ်ကျယ်ကျယ်ဖြင့်

“ဘာမှ မဟုတ်ပါဘူး မင်းအဘဧည့်သည်ဖြစ်မယ်ကွ မင်းတို့ အိမ်ကို မေးနေတာ ”

“ဘာပြောတယ် ပေတူး ”

“ဟုတ်တယ်လေ မင်းတို့အိမ်ကို မေးလို့ ငါသေချာတောင် လမ်းပြလိုက်သေးတယ်။ ဒါနဲ့ မင်းတို့ ပွေးဘယ်နှစ်ကောင် ရပြီ လဲ ”

“မင်းမေကြီးတော် ငါ့အဘ ဧည့်သည်ရမှာလား အထက်လမ်း ဆရာ ဆရာဩ ဆိုတဲ့လူပဲ နေမှာ ဒီလူအကြောင်း မင်းလည်း သိရက်သားနဲ့ အဲ့လူက အထက်လမ်း ဆရာဖြစ်နေရင် ဘယ်လို လုပ်မလဲ ”

“အထက်လမ်းဆရာ ဟုတ်လား ငါ့မေ့သွားလို့ပါကွာ ”

မောင်ဘိုးထင်သည် ပေတူးအား မည်သည့်စကားမှ ပြန်မပြောပဲ သူ၏ အနားတွင် ရှိနေသော ဖိုးထွေးအား

“ကိုဖိုးထွေး ပြန်ကြရအောင်ဗျာ ကျုပ် အဘကို စိတ်မချဘူး ”

“အေး အဲ့တာဆိုလည်း ပြန်မယ်ကွာ ”

ဖိုးထွေးသည် ပေါက်တူးကို ပြန်ထမ်းပြီး ပွေးသေကို ယူကာ ရွာဆီသို့ အလျင်စလိုသွားလိုက်သည်။မောင်ဘိုးထင်တို့ သွားသည် နှင့် သာရတို့သည်လည်း နောက်မှ လိုက်၍ သွားကြပါတော့သည် ။

◾အခန်း (၅)

ဦးအုန်းသည် အိမ်ရှေ့ရှိ အမှိုက်သရိုက်များကို တံမြက်စည်းဖြင့် လှဲနေလေသည်။အိမ်တွင်မွေးထားသော အကောင်များ မရှိတော့ပဲ မောင်ဘိုးထင်၏ အိမ်သစ်တွင် ခေါ်ထားခြင်းကြောင့် ဦးအုန်း၏ ခြံထဲရှိ သီးပင်စားပင်များကို ကလေးများမှ မသိအောင် ခိုးခူးသည့်အခါ ဦးအုန်းသည် ပြုံး၍သာကြည့်နေတတ် ပြီး ဆူငေါက်ခြင်းအမှု့တော့ မပြုပေ။သို့ပေမဲ့ ကလေးများမှာ ဦးအုန်းအား မြင်သည်နှင့်ပင် ကြောက်၍ ထွက်ပြေးသွားတတ်ကြသည်။ယခုလည်း မာလကာသီးခိုးသည်အား မိသွား၍ ကတိုက်ကရိုက် ထွက်ပြေးသွားသည့်ကလေးများကို ကြည့်ရင်း တံမြက်စည်း လှဲနေသော ဦးအုန်း သဘောကျစွာ ရယ်မောမိ သည်။အရင်က သရဲတစ္ဆေများ မွေးထားသောကြောင့် သူ၏ ခြံထဲသို့ အခွင့်မရှိပဲ ကလေး၊လူကြီး မည်သူမှ မဝင်ရဲပေ။ယခု လာကြသော ကလေးများမှာလည်း ဘိုးထင် လမ်းပြထားဟန်ရှိသည် ဟုလည်းတွေးမိသည်။ထိုစဉ် အိမ်ဝိုင်းအဝတွင် လွယ် အိတ်ကြီးတလုံးကို လွယ်ထားသော လူကြီးတယောက်သည် ဦးအုန်းအား

“ဟေ့ အောက်လမ်းဆရာ ငအုန်းဆိုတာ မင်းလား ”

“မင်းက ဘယ်သူလဲ ”

“ငါ့နာမည် ဆရာဩ နာမည်တလုံးနဲ့ နေတဲ့ ဆရာဩ ”

“ငါ့နာမည်လည်း အုန်း ဆိုတော့ တလုံးထဲပါပဲ မင်းက ကောင်းကောင်းမွန်မွန်လာလည်တဲ့ ဧည့်သည်တော့ ဟုတ်ဟန်မတူဘူး”

“ငါက ဒီနယ်မှာ မင်းတို့လို အောက်လမ်း၊စုန်း၊ကဝေ တွေကို အမြစ်ဖြတ်နေတာ ”

“ငါက ဘယ်သူကိုမှ ဒုက္ခမပေးဖူးဘူး ”

“မင်းတို့ကောင်တွေက အလကားကောင်တွေ အခု ဒုက္ခမပေးသေးလည်း အချိန်တန်ရင် ပေးမှာပဲ အခု မင်း အသင့်ပြင်ထားပါ မင်းကို ငါတိုက်မယ် သေအောင် တိုက်မယ် ”

“မင်းက စိန်ခေါ်တော့လည်း ငါလည်း တိမ်ပေါ်ထိ တက်ရတာပေါ့ ”

ဦးအုန်း အစက တွေးထားသည်မှာ ကောင်းကောင်းမွန်မွန် ပြောပြဆက်ဆံမည်ဖြစ်သည်။သို့ပေမဲ့ အထက်လမ်းဆရာမှာ စတွေ့တွေ့ ချင်းပင် ရန်လိုနေ၍ ဖြစ်ချင်ရာ ဖြစ်ဟု ‌စိတ်ပိုင်း ဖြတ်ကာ စိန်ခေါ်သည်ကို လက်ခံလ်ိုက်ခြင်းဖြစ်သည်။ ထိုအထက်လမ်း ဆရာသည်လည်း ဦးအုန်း၏ စကားကို မကျေမနပ်ဖြင့် တောက်ခေါက်ကာ အိမ်ဝိုင်းဝမှ လှည့်ထွက်သွားလေ ၏။အထက်လမ်းဆရာ ထွက်သွားပြီး မကြာမီ ဖိုးထွေး နှင့်သာရ အပြင် မောင်ဘိုးထင်တို့ ပေါက်တူးကို ထမ်းပြီး ရောက်လာသည်။ဦးအုန်းသည် တံမြက်စည်း ဆက်လှဲနေလိုက်သည်။ မောင်ဘိုးထင်သည် ဦးအုန်း နှင့် အထက်လမ်း ဆရာတို့ ဆုံနေပြီဟု ထင်ထားရာ ယခု အထက်လမ်း ဆရာမရှိမှသာ သက်ပျင်းကို ချကာ

“ဟူး တော်သေးတာပေါ့ အဘရာ ရွာအပြင်မှာ လူစိမ်းတယောက် ပေတူးကို အဘအိမ်မေးနေတာ ဒီကောင်ပြောလိုက်တယ် ကျုပ်က အဲ့လူကို အထက်လမ်းဆရာ ထင်နေတာ ”

“ဟုတ်တယ်လေ မင်းတို့မရောက်ခင်လေးပဲ ငါ့ဆီက ထွက်သွားပြီ ”

“ဗျာ လာပြီးသွားပြီ ဟုတ်လား ”

“ဟုတ်တယ် ကဲ ကောင်လေးရေ ငါ့ရဲ့ အသုံးမပြုတာ ကြာနေတဲ့ အခန်းကို သုံးရတော့မယ် ထင်တယ်ဟေ့ ”

“အဘ ကျုပ် ဘာကူညီရမလဲ ”

“ရတယ် ကောင်လေး မင်း အေးဆေးနေ ”

မောင်ဘိးထင်သည် ဦးအုန်းမှ အေးဆေးနေဆိုသော်လည်း သူ မအေးဆေးနိုင်ပါ သူ့အတွက် အဖေရင်းထက်ပိုရသော ဦးအုန်းကို မည်သို့သောထိခိုက်မှု့ မှ မဖြစ်စေလိုပေ။ထိုအတွက် တခုခု ကြံရပေဦးမည်။ဦးအုန်း၏ မျက်နှာသည်လည်း အပူရုပ်ကို ဟန်လုပ်နေသည်ဆိုသည်မှာ သိသာလွန်းသည့်အတွက် မောင်ဘိုးထင်သည် ဦးအုန်းအား

“အဘက ဒီလောက်တော့ အပျော့ပါ အဘက လွှတ် တော်တယ်ဆိုတာ ကျုပ်သိပြီးသာ ”

“မင်းက ငါ့ကို လာမြှောက်နေတာလားကွ”

“မဟုတ်ပါဘူးဗျာ အဘအကြောင်း ကျုပ်သိတာပေါ့ အဲ့တာ‌ ဆို ကျုပ်တို့လည်း ပွေး ပြန်ပေါက်လိုက်ဦးမယ် ”

“အေးအေး သွားကြ သွားကြ ”

မောင်ဘိုးထင်သည် ဖိုးထွေးတို့အား ပွေးပေါက်ရန် ပြန်ခေါ်သွား၍ ဖိုးထွေးတို့မှာ နားမလည်ဟန်ဖြင့် ပြန်လိုက်သွားရလေသည်။ဦးအုန်း၏ အိမ်ကိုကျော်ပြီး ရွာလမ်းမပေါ်ရောက်မှ ဖိုးထွေးသည်

“ဘိုးထင် မင်းအဘကို စိတ်မချလို့ဆို အခုတော့ ဘာလို့ ပွေး သွားပြန်ပေါက်မှာလဲဟ ”

“မဟုတ်ပါဘူးဗျာ အဘက ကျုပ်တို့ကို သိစေချင်ပုံ သိပ်မပေါ်ဘူး အဲ့တော့ ကျုပ်တို့က တဖက်တလမ်းကနေ အဘကို ကာကွယ်နိုင်အောင် ကြိုးစားရမယ် အဲ့တော့ ရွာထဲက အောင်သန်းတို့ မောင်မြင့်တို့ လိုမယ် ရွာထဲကကောင်တွေကို အကုန် လိုက်ပြောမယ်ဗျာ ဟိုအထက်လမ်းဆရာကို တွေ့ ရင် ကျုပ်တို့ကို ပြောဖို့ ”

“အေး မင်းအကြံမဆိုးဘူး ငါက ကိုမင်းနောင်ကို သွားပြောလိုက်မယ် ”

“ကောင်းတယ် ကိုဖိုးထွေး ”

“ငါက ချိုးသိမ်းကို သွားပြောမယ် ဒီကောင်က တောထဲ အမြဲ သွားနေတာဆိုတော့ တောဘက်ဆို ဒီကောင်သိနိုင်တယ် ”

ထိုနောက် ပေတူးနှင့် သာအေးသည် ရွာထဲမှ ရွယ်တူအပေါင်း အသင်းများထံသွားပြီး အထက်လမ်းဆရာရှိနိုင်မဲ့နေရာအား စုံစမ်းကြသည်။မောင်ဘိုးထင်သည် ဦးအုန်း၏ အိမ်သို့ ပြန်ပြီး မသိသလို ဟန်ဆောင်၍ နေလေတော့သည်။

◾အခန်း (၆)

ညအချိန်ခါသို့ ရောက်ရှိလာပြီးဖြစ်သည်။ဦးအုန်းသည် အိမ်ပေါ်သို့တက်သွားပြီး သူ၏အခန်းကြီးထဲဝင်ကာ ကျွန်းစင်တခုအနားသို့ သွားလိုက်ပြီး အုပ်ထားသည့် ပိတ်စအား ဆွဲယူလိုက်သည်။ထိုအခါ ကျွန်းစင်ကြီးပေါ်တွင် လူအရိုးခေါင်း အပါအဝင် အမျိုးစုံလှသော အစီအရင်များအား ဦးအုန်းကိုင်ထားသောလက်မှ မီးခွက်၏ အလင်းရောင်အောက်တွင် အထင်းသားပေါ်နေသည်။ထို့နောက် ဦးအုန်းသည် စင်ပေါ်မှ မီးတိုင်များကို မီးညှိလိုက်ပြီး ထိုစင်ရှေ့တွင် တင်ပုလ္လင်ခွေပြီးထိုင်လိုက်သည်။မောင်ဘိုးထင်သည် ဦးအုန်း၏အနားသို့ ကပ်သွားချိန် ဦးအုန်းမှာ အသံမာမာဖြင့် ဟန့်တားလာ၏ ။

“ဘိုးထင် မင်းဒီအထဲ ဝင်မလာနဲ့ ”

“ဘာလို့လဲ အဘ ကျုပ် ကူညီနိုင်တာရှိရင် ကူညီဖို့လေ ”

“မင်း အိမ်ကို ပြန်နေကွာ ငါ့ အိမ်ပေါ် တက်မလာနဲ့ ”

“အဘ သူစိမ်းဆန်တဲ့ စကားမပြောစမ်းပါနဲ့ဗျာ ကဲ ဒီထဲ မဝင် စေချင်ရင်လည်းမဝင်တော့ဘူး ကျုပ် ကိုဖိုးထွေးတို့ဆီပဲ သွားတော့မယ်”

“အေး အေး ကောင်းတယ် ”

ဦးအုန်းသည် မောင်ဘိုးထင်ထသွားသည်နှင့် အခန်းတံခါးကို ပိတ်လိုက်လေတော့သည်။မောင်ဘိုးထင် အိမ်အောက်ရောက်သောအခါ ပေတူး နှင့် သာအေးသည် ရွာထဲမှ အောင်သန်းနှင့် စိုးပေဟု အမည်ရသော သူတို့ နှင့် ရွယ်တူကောင်လေးနှစ်ယောက်ကို အိမ်ထဲသို့ ခေါ်လာသည်ကို တွေ့လိုက်ရသည်။ပေတူးမှ ဘိုးထင်ကို မြင်၍ စကားပြောမည် ကြံသောအခါ

“‌ပေတူး မပြောသေးနဲ့ဦး ငါ့အိမ်သွားကြမယ် ဟိုလူတွေ လည်း အဲ့မှာရောက်လောက်ပြီ ”

“အေး ဘိုးထင် သွားမယ် ”

မောင်ဘိုးထင်တို့ အုပ်စုသည် ဦးအုန်း၏အိမ်ဝိုင်းအပြင်သို့ ထွက်လိုက်ပြီး မှောင်ထဲမဲထဲမှလမ်းဖြစ်သော်ငြား ကျင့်သားရနေပြီ ဖြစ်သောကောင်လေးများသည် ရွာစွန်ရှိ မောင်ဘိုးထင်၏ အိမ်သို့ ထွက်သွားကြလေသည်။အိမ်သို့ ရောက်သောအခါ ဖိုးထွေး နှင့် သာရသည် ရေနံဆီမီးခွက်ကို ထွန်းညှိကာ သူတို့ အလာကို စောင့်နေဟန်ရှိ၏။ဖိုးထွေးသည် မောင်ဘိုးထင်တို့ အနား ရောက်သောအခါ

“ဟေ့ကောင်တွေ အခြေအနေဘယ်လိုလဲ အောင်သန်း နဲ့ စိုးပေပါ ပါလာတာလား ”

“ဟုတ်တယ် ဒီကောင်တွေ ပြောပြလိမ့်မယ် ”

ပေတူး၏စကားဆုံးသောအခါ အောင်သန်းသည် သူ၏ အသံ လေးလေးကြီးဖြင့် စကားဆိုလာ၏။

“ငါတို့ လူစိမ်းလူကြီးကို တွေ့တယ်ကွာ သူက ရွာအရှေ့ပိုင်းက အထက်လမ်းလိုလို ဘာလိုလို ဦးသာဒွန်းရဲ့ အိမ်ပေါ်တက်သွားတယ် အကြာကြီး စောင့်ကြည့်နေတာပဲ ပြန်မဆင်းလာဘူး”

“အေး အဲ့တာဆို ဒီလူကြီးက ဦးသာဒွန်းအိမ်မှာ နေတာပေါ့ ဦးသာဒွန်းကလည်း အထက်လမ်းဆရာဆို အတော်ကို သဘော ကျတာ ဟုတ်လောက်ပါတယ် ”

“ဟုတ်ပါတယ်ဆိုဗျာ ကျုပ်မျက်စိနဲ့ မြင်တာပါဗျာ”

“မင်းကလည်း စကားပြောရင် သွက်သွက်လက်လက် ပြောစမ်းပါကွ”

“ကျုပ်က အစကတည်းက ဒီတိုင်းပဲလေဗျာ ”

“အေးအေး သိပြီ။ကဲ ဘိုးထင် မင်း ဘယ်လိုလုပ်ချင်လဲ ”

“စပါးပွဲစားကဝေတောင် ထွက်ပြေးရတယ်ဆိုတော့ ကျုပ်လည်း နိုင်မဲ့ပုံမပေါ် ဘူး ”

“ငါလည်း အဲ့လိုပဲ ထင်နေတာ ”

“ကဲ ပေတူး နဲ့ သာအေး မင်းတို့က ငါ့အဘကို စောင့်ကြည့်ကွာ အောင်သန်း နဲ့ စိုးပေကို ဘယ်လို လုပ်မလဲ ကိုဖိုးထွေး ”

“ပြန်ခိုင်းလိုက်တော့ကွာ နောက်နေ့မှ ဒီကောင်တွေကို ပွေးသား ချက်ကျွေးမယ် ”

အောင်သန်း နှင့် စိုးပေသည် ဖိုးထွေး၏ စကားကြားသော အခါ ဝမ်းသာသွားပြီး

“ကျုပ်တို့ ပြန်တော့မယ် ပွေးသား တကယ်ကျွေးမှာနော် ”

“အေးပါ အောင်သန်းရာ အိမ်ကို တန်းပြန်နော် ကြားလား ”

အောင်သန်းသည် ခေါင်းကို ညိတ်ပြလိုက်ပြီး ဆိုးပေနှင့် အတူ ထွက်သွားလေသည်။ထို့နောက် ပေတူး နှင့် သာအေးသည်လည်း ဦးအုန်း၏ အိမ်သို့ ထွက်သွားပြီး ကျန်သူများသည်က ရွာအရှေ့ပိုင်းရှိ ဦးသာဒွန်း၏အိမ်သို့ သွားနေကြပါတော့ သည်။

◾အခန်း(၇)

တိတ်ဆိတ်ငြိမ်သက်နေသော အခန်းထဲတွင် ဦးအုန်း၏ မန္တန် ရွတ်သံကပေါ်ထွက်လာသည်။ပေတူး နှင့် သာအေးသည် ထိုအခန်းဘေးတွင် ငြိမ်ပြီး ဦးအုန်း၏ အခြေအနေကို အကဲခတ်နေသည်။မကြာသောအချိန်တွင် ဦးအုန်း၏ အသက်ရှုသံမှာအတိုင်းသား ပေါ်ထွက်လာပြီး အသက်ကိုပင် ခဲယဥ်းစွာ ရှုနေရသည်။ပါးစပ်မှလည်း

“အစောင့်တွေ ငါ့အိမ်ကို နတ်ဘီလူးတွေ မလာစေနဲ့ တားထား တားထားစမ်း ”

ဦးအုန်းမှ ထိုသို့ပြောပြီး မန္တန်ကိုသာ ဆက်ရွတ်နေ၏။ အတန်ကြာသောအခါ အသံခပ်တိုးတိုး နှင့် ညည်းငြူနေလေ၏။ ပေတူး နှင့် သာအေးတို့လည်း ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိအောင်ပင်ဖြစ်နေကြသည်။ရွာအရှေ့ပိုင်းမှ ဦးသာဒွန်း ၏ နေအိမ်တွင်တော့ အထက်လမ်းဆရာကြီးသည် အိမ်ဦးခန်းတွင် စားပွဲတလုံးကိုချကာ ထိုစားပွဲပေါ်တွင် ငှက်ပျောပွဲ၊အုန်းပွဲ၊နတ်ရုတ် နှင့် အခြား အမျိုးအမည်မသိ‌သောအရုပ်များချထားကာ တင်ပုလ္လင်ခွေထိုင်နေသည်။ထိုစဉ် အိမ်ပေါက်ဝမှ ဖိုးထွေး နှင့်သာရ တက်လာသည်ကို အိမ်ရှင် ဦးသာဒွန်း မြင်သောအခါ

“ဖိုးထွေး နဲ့ သာရ မင်းတို့ ငါ့အိမ်ကို ဘာလာလုပ်ကြတာလဲ ”

“ဧည့်သည် ရောက်နေတယ်ကြားလို့ ကျုပ်တို့ကို ဘာများခိုင်း စရာရှိမလဲ သိချင်လို့ လာတာ ဘယ်မှာတုန်း ဧည့်သည် ”

“သူက အထက်လမ်းဆရာကွ ငါ့အိမ်မှာ တည်းပါရစေဆိုလို့တည်းခိုင်းထားတာ အခု အိမ်ဦးခန်းမှာ ဘာတွေလုပ်နေမှန်း မသိပါဘူး ”

“ဘကြီးသာဒွန်း ”

“ဝေး ဘိုးထင် မင်းပါ ပါလာတာလားကွ ”

“ဟုတ်တယ် ဘကြီး နဲ့ ကျုပ်အဘက ရန်ငြိုးရှိလို့လား ”

“ကိုအုန်း နဲ့ ငါနဲ့က အဆင်ပြေပါတယ်ကွ မင်းကလည်း စကားအဆန်းတွေ လာပြောနေတယ် ”

“ကျုပ်အဘက ဘယ်သူကို နစ်နာအောင်လုပ်ဖူးလို့လဲ ”

“ဘယ်သူ့ကိုမှ မလုပ်ဖူးပါဘူး ”

“ကျုပ်အဘကို အခု ဘကြီးအိမ်ရောက်နေတဲ့ လူကြီးက နှိပ်စက်နေတာ ”

“ဟ မဟုတ်တာ သူက အိမ်ဦးခန်းမှာ ထိုင်နေတာပါဟ ”

“မယုံရင် သွားမေးကြည့်ဗျာ သူဘာလုပ်နေတာလဲဆိုတာ ”

ဦးသာဒွန်းသည် သူ၏ အိမ်ပေါ်တက်လာသော ဖိုးထွေး ၊သာရ နှင့် မောင်ဘိုးထင်တို့အား တလှည့်စီကြည့်ကာ အိမ်ဦးခန်းတွင် ပွဲပေးပြီးထိုင်နေသော အထက်လမ်းဆရာကြီး၏ အနားသို့ တိုးကပ်သွားကာ

“ဆရာဩ ကျုပ်ဆရာကြီးကို တခါမှ မမြင်ဘူးပေမဲ့ အထက်လမ်းဆရာဆိုတာနဲ့ပဲ ကြည်ကြည်ဖြူဖြူ လက်ခံပြီး ဧည့်ဝတ်ကျေတယ်နော် ”

“ဟုတ်ပါပြီ နောက်မှ ပြောပါ ဒီကောင့်ကို ရှင်းလိုက်ဦးမယ် ”

“နေပါဦး ဘယ်ကောင်ကို ရှင်းနေတာလဲ ”

“ဒီကောင့်ဆီကို နတ်ဘီလူးလွှတ်ထားပြီ ဒီကောင် ခံနေရပြီ ”

“နေပါဦး ဘယ်သူ့ကို လုပ်နေတာလဲ ဆရာဩ ”

“ဘယ်သူရှိရမှာလဲ ဒီရွာက အောက်လမ်းဆရာငအုန်းကိုပေါ့ ”

“ဘာ ”

ဦးသာဒွန်းသည် ထိုသို့သာ ပြောနိုင်ပြီး မောင်ဘိုးထင်ကို လှည့်ကြည့်လိုက်လေသည်။မောင်ဘိုးထင်သည် အချိန်ဆိုင်းခြင်းမရှိပဲ အထက်လမ်းဆရာကြီး၏ ရှေ့မှ စားပွဲဝိုင်းကို အားနှင့် လှမ်းပြီး မှောက်လိုက်လေသည်။မထင်မှတ်ထားသော အဖြစ်ကြောင့် အထက်လမ်းဆရာကြီးသည် မောင်ဘိုးထင်ကို ကြည့်ကာ တောက်တချက်ခေါက်လိုက်ပြီး သူ၏ လွယ်အိတ် ထဲမှ တခုခုကိုထုတ်နေစဉ် ဖိုးထွေးနှင့် သာရသည် အထက် လမ်းဆရာကြီးအား ၀င်လုံးကာ ချုပ်ထားလေတော့သည်။ အားကောင်းမောင်းသန် လူငယ်နှစ်ယောက်၏ ချုပ်ထားမှုကို အထက်လမ်းဆရာကြီး မရုန်းနိုင်ပဲ ဦးသာဒွန်းအား

“ခင်ဗျားလည်း အထက်လမ်းဆရာမဟုတ်လား ကျုပ်ကို ကူညီလေ ”

“ခင်ဗျားက ကျုပ် ရွာသားကို ထိခိုက်အောင် လုပ်တာကိုး ”

“ဘယ်သူ့ကိုလဲ ကျုပ်ဘယ်သူကို လုပ်လို့လဲ ”

“ကိုအုန်းကို ခင်ဗျား ပညာနဲ့ တိုက်နေတာမဟုတ်လား ”

“သူက အောက်လမ်းဆရာလေ ခင်ဗျား ရွာသားလို့ သတ်မှတ် လို့မရတော့ဘူး”

“တော်စမ်းပါ ကျုပ် ငယ်ငယ်ကတည်းက ‌ဒီရွာမှာနေလာတာ ကိုအုန်းကြောင့် ကျုပ်တို့ရွာ တခါမှ ဒုက္ခမရောက်ဘူး”

“အောက်လမ်းပညာသည်က ဘယ်တော့မှ မကောင်းဘူး ”

“ပညာမကောင်းတာ ကျုပ်လက်ခံတယ် လူကကောင်းနေတယ် ”

“မင်းပြောတော့ အထက်လမ်းဆရာဆို အခုတော့ ဘယ်လို ဖြစ်တာလဲ ဦးသာဒွန်း”

“အထက်လမ်း ဆရာဆိုတာ အမှားအမှန် ခွဲတတ်ရမယ် မဟုတ်လား ငါနဲ့ မတူလို့ ငါ့ရန်သူလုပ်နေလို့မရဘူးလေ ဒီ ပညာသည်က လူတွေကို ဒုက္ခပေးလား ဆိုးသွမ်းလာဆိုတာကို သေချာသိမှ အဲ့ပညာသည်ကို ဆုံးမရမှာ မဟုတ်လား ခင်ဗျား လုပ်နေတာက မဟုတ်သေးဘူး အထက်လမ်းဆရာ ကျင့်ဝတ်နဲ့ ညီရဲ့လား ကျုပ်ကတော့ မထင်ဘူး ”

ဦးသာဒွန်း၏ စကားကြောင့် အထက်လမ်းဆရာကြီးသည် ငေးငိုင် သွားလေ၏။ထို့နောက် စိတ်မကောင်းသော လေသံဖြင့်

“ဒါဆိုရင် ကျုပ် မြေးမလေး ပညာနဲ့ အတိုက်ခံရပြီး သေတာကရော ဘယ်လို တရားမျှတမှုပေးမှာလဲ ပြောစမ်းပါဦး ”

“ဆရာကြီး မှားနေပြီ ကျုပ် နဲ့ ကျုပ်အဘက အောက်လမ်းဆိုပေမဲ့ ဘယ်သူကိုမှ ဒုက္ခမပေးပါဘူး အထက်လမ်းဆရာမဟုတ်ပေမဲ့ တချို့သရဲ ဝင်ပူးတာတွေဘာတွေကို ထုတ်ပေးပြီး ‌ လုပ်ကိုင်စားနေတာပါ ကျုပ်တခု သိချင်တယ် ဆရာကြီး ရဲ့ မြေးကို သေစေတဲ့ ပညာသည်ကို ဆရာကြီး မဖော်နိုင်ခဲ့ဘူးလား ”

“ငါ ဖော်နေတာပဲ ဘယ်လိုမှ ဖော်မရဘူး ဒါကြောင့် ငါ ပညာသည်တွေအကုန်လုံးကို ဆုံးမမယ်ဆိုပြီး ထွက်လာတာ ”

“အဲ့တာဆို ဆရာကြီး မှားတာပဲ ကျုပ်တို့ကိုယုံတယ် ဆိုရင် ဆရာကြီးမြေးကို ပြုစားတဲ့ ပညာသည်ကို ရှာပေးချင်တယ် လက်ခံနိုင်မလား ဆရာကြီး ”

အထက်လမ်းဆရာကြီးသည် ကလေးသာသာမောင်ဘိုးထင် ၏ စကားကို အလေးမထားပဲတော့ မနေပေ။ယခု အိမ်ပေါ်တွင် ရှိနေသော သူများကို ကြည့်ရသည်မှာ ရိုးသားသောသူများဖြစ် သည်ကို သူသိသည်။အစောက ဦးသာဒွန်းပြောသောစကားများ သည်လည်း မှန်နေလေရာ အမှန်တကယ်ပြုစားသော ပညာ သည်ကိုသာ သူပို၍ သိချင်လာသည်။ထို့ကြောင့် ကောက်ရိုးတမျှင် ဖြစ်နေရင်တောင် အခုချိန်မှာ ဆွဲရမှာပဲ ဟုတွေးကာ မောင်ဘိုးထင်၏ စကားကို ခေါင်းညိတ်လို့သာ လက်ခံလိုက်ပါသည် ။

◾အောက်လမ်းဘိုးထင် နှင့် အထက်လမ်းဆရာ ဩ သည်က ဤမျှသာ

ရေးသားသူ- မောင်တင်ဆန်း

#မောင်တင်ဆန်း

#crd