ခြောက်လောင်းပြိုင်အိမ်ကြီး

ခြောက်လောင်းပြိုင်အိမ်ကြီး(စ/ဆုံး)

———————————

အမှောင်ရိပ်က တဖြည်းဖြည်း လမ်းပေါ်
ကျလာသည်။ တောင်ဆင်းတောင်တက် လမ်းများကြောင့်
ခရီးက မတွင်။

တစ်ဖက်က ချောက်၊ တစ်ဖက်မှာက တောင်နံရံတို့ဖြင့်
အမှောင်ထဲမှာ ဆိုင်ကယ်မီးရောင် အားကိုးပြီး
ခရီးဆက်နေရသည်။

ဒီတော့ ဒီလမ်းပေါ်မှာ ရက်ခြားဆိုသလို
ဆိုင်ကယ်တစ်စီးနှင့် သွားနေရသည်။
သူ့တာဝန် သူ့အလုပ်က ကျေးလက်
ကျန်းမာရေးမှူး၊ ဆေးရုံဆေးခန်းဝေးသော
နေရာများဖြစ်၍ ဆိုင်ကယ်တစ်စီးနှင့်
နယ်လှည့် ကုသပေးနေသူ ဖြစ်သည်။

တောင်ပေါ်ရွာ တစ်ရွာပြီး တစ်ရွာ
ခရီးဆက်နေရသည်။

ယခု တာဝန်ပြီးဆုံး၍ တာဝန်ကျရာ
တောမြို့သို့ ပြန်လာခြင်းဖြစ်သည်။
သူ့တာဝန်က ကျေးရွာအုပ်စုများသို့
တစ်ပတ်တစ်ခါ လှည့်လည် ကုသရသည်။

ခရီးတစ်ခေါက်ထွက်လျှင် ရွာလေးငါးရွာ
တာဝန်ယူရသည်။

ရွာကြီးလျှင် တစ်ရက်မျှကြာသည်။

အချို့ နှစ်ရွာတစ်ရက်၊ သူမြို့မှ တစ်ခေါက်ထွက်လျှင်
သုံးရက်လေးရက်ခန့်မျှ ကြာသည်။

ယခု ခရီးစဉ်တစ်ခု ပြီးဆုံး၍ ပြန်လာခဲ့ရာ
ပြန်ချိန် နောက်ကျခဲ့သည်။ ခရီးတစ်ဝက်ခန့်ပင်
ရောက်သေးသည်။ ခုနှစ်နာရီကျော်ခဲ့ပြီ။

မှောင်ပေမယ့် လမ်းက တစ်ပတ်ကို နှစ်ခါမျှ
သွားလာနေရသော လမ်း ဖြစ်သည်။

သူ့အတွက် အစိမ်းကြီးမဟုတ်၊ လမ်းမှာ
လူတစ်ယောက်တွေ့သဖြင့် ဖြတ်လမ်းက
သွားလျှင် မြို့ကို မကြာခင် ရောက်မည့်
ဆိုသဖြင့် ထိုလူပြသော လမ်းက ဝင်လာခဲ့သည်။

အမှောင်ထုကြောင့် သူဘယ်နေရာ၊ ဘယ်ခရီး
မှန်းဆ၍ မရလောက်အောင် ဖြစ်နေသည်။
သူ့အား မြို့မရောက်သောလမ်းကို
ညွှန်လိုက်သည်လားမသိ၊ စိတ်ထဲမှာလည်း
စိုးရိမ်စိတ်တွေ ပိုလာသည်။

ဗိုက်ကလည်း ဆာနေပြီ၊ တစ်ခါမျှ အချိန်နောက်ကျပြီး
မပြန်ဘူး။ယခုတော့ တစ်ခါမျှ မရောက်ဘူးသော
လမ်းပေါ် မှားပြီး ရောက်နေပြီ ထင်သည်။

သည်ခရီး ၊ သည်လမ်း ရောက်ဖူးသည်။
သွားဖူးသည် ဆိုပြီး နယ်ခံ ညွှန်ပြသည်လမ်းကိုမှ
ဝင်လာမိခဲ့သည်။

ဖွတ်… ဖွတ် …ဖွတ်

“ဟင် …ဆိုင်ကယ်က …ဘာဖြစ်တာလဲ။
ဆီကုန်သွားပြီလား မသိဘူး”

ဘယ်လိုနှိုးနှိုး စက်ပြန်နှိုးမလာတော့။
နာရီကြည့်လိုက်သည်။ ခုနှစ်ခွဲတော့မည်။
တောင်ဆင်းတောင်တက်လမ်းလည်း ဖြစ်၊
သစ်ပင်ရိပ်တို့ အုပ်မိုးထားခြင်းကြောင့် အမှောင်ထုက
ပိုကဲနေသည်။ ဆိုင်ကယ်ကိုလည်း တွန်းနေရသည်။

မကြာခင် တောရိပ် သစ်ရိပ်လွတ်ရာသို့ ရောက်လာသည်။
အဝေးသို့ လှမ်းကြည့်မိသည်။ ရှေ့နားကျကျမှာ
မီးရောင်ကို တွေ့ရသည်။

“ဟာ…မီးရောင်တွေ့တယ်၊ လူနေအိမ် ဖြစ်မယ်”

ဆိုင်ကယ်ကို တွန်းရင်း ထိုမီးရောင်တွေ့ရာသို့
သွားရန် စိတ်ကူးလိုက်သည်။

လူနေအိမ်ဖြစ်ပါက စားစရာတစ်ခုခုတော့ ရနိုင်သည်။
ဆိုင်ကယ်ပြင်နိုင်သည့်လူ ရှိနိုင်သည်။

နောက်ဆုံး အချိန်မတော် တည်းခိုနိုင်သည်။
သို့ကြောင့် အားကိုးခြင်းများစွာနှင့် ဇော်နောင်
တစ်ယောက် ဆိုင်ကယ်ကို တွန်းပြီး အိမ်ကြီးရှိရာဘက်သို့
ဦးတည်လာခဲ့သည်။ မီးရောင်ကို မြင်သဖြင့်
တွန်းခဲ့ရာ နီးနီးလေး ထင်ထားသော်လည်း
နာရီဝက်နီးပါးမျှ တွန်းလာခဲ့ရသည်။

မကြာခင်မှာပင် အိမ်ကြီးအနီးသို့ ရောက်လာသည်။

အိမ်ကြီးရှေ့ လှည့်ဝင်လိုက်သည်။

ခြံစည်းရိုးမှာ အသေအချာ ခတ်ထားခြင်း မရှိသဖြင့်
ဆင်ဝင်အောက် ရောက်လာခဲ့သည်။ အိမ်ကြီးအတွင်းမှာ
စကားပြောသံများ ကြားနေရသည်။

ဒေါက် …ဒေါက်… ဒေါက်…

သစ်သားတံခါးကြီးကို ခေါက်လိုက်သည်။
ဇော်နောင်၏ တံခါးခေါက်သံကြောင့် အိမ်ကြီးပေါ်က
စကားပြောသံများ ရပ်သွားသည်။

“အင်း …သူတို့ ငါ့တံခါးခေါက်တာ ကြားသွားပြီ”

ခဏကြာတော့ အတွင်းမှ တံခါးချက်ဖွင့်သံ
ကြားလိုက်ရသည်။

“ဘယ်သူလဲကွယ်”

မှန်အိမ်ကိုင်ထားသော အသက်ငါးဆယ်ခန့်
အဒေါ်ကြီး တစ်ယောက်ကို တွေ့လိုက်သည်။

“ကျနော်က ကျေးလက်ကျန်းမာရေးမှူး ဇော်နောင်
နယ်လှည့် ဆေးကုပြီးအပြန် ဆိုင်ကယ်ပျက်လို့
ခဏဝင်လာတာပါ”

” အော် လာလာ …အိမ်ပေါ်တက်ခဲ့”

သူတံခါးအတွင်း ဝင်ပြီးသည်နှင့် အဒေါ်ကြီးက
တံခါးပိတ်လိုက်သည်။

“ကဲ …အပေါ်ထပ်ကို သွားသူငယ်၊ အဒေါ်တို့
လင်မယားက ဒီအိမ်ရဲ့ အရှင်သခင်က စားရေးသောက်ရေး
တာဝန်ယူထားရတာ။ အိမ်ရှင်တွေက အပေါ်ထပ်မှာ၊
အဲဒီလှေကားအတိုင်း တက်သွား၊ အပေါ်ရောက်မှ
မင်းအကြောင်း ပြောပြပေတော့”

ဇော်နောင်လည်း ပွတ်လုံးတိုင်လက်ရန်းလှေကားကြီးကို
ကိုင်ပြီး အပေါ်ထပ် တက်ခဲ့သည်။

” ဟေ့ သူငယ် လာကွယ့်”

အပေါ်ရောက်သည်နှင့် ဧည့်ခန်းဆက်တီပေါ်မှ
လူကြီးက လှမ်းခေါ်လိုက်သဖြင့် ဇော်နောင်
ထိုနေရာသို့ လျှောက်သွားသည်။

“လာထိုင် သူငယ် …ဘယ်က ဘယ်လို မျက်စိလည်ပြီး
ရောက်လာတာလဲ”

“ကျနော် သစ်ဆိမ့်ရွာက ပြန်လာတာ၊ လမ်းပဲမှားလာတာလား
မသိဘူး။ မြို့ရောက်ရမယ့်အချိန် မရောက်တဲ့အပြင် လမ်းမှာ
ဆိုင်ကယ်ပျက်လို့ ဆင်းတွန်းလာရင်း ဒီအိမ်ကြီးက မီးရောင်ကို
လှမ်းမြင်လိုက်တာနဲ့ လှည့်ဝင်ခဲ့တာပါ”

‘အင်း …သူငယ် ကံကောင်းတယ် ၊ ဦးလေးတို့က
တံခါးမပိတ်မိလို့ ငါတူ အဝေးက မြင်ရတာ၊
ခါတိုင်းဆို မှောင်တာနဲ့ တံခါးပိတ်ထားတော့၊
အဝေးက ဘယ်မြင်နိုင်တော့မှာလဲ၊ ကဲ…
ငါတူကြီး၊ ဒီအချိန်ရောက်မှ
မြို့ပြန်လို့ ဘယ်ဖြစ်တော့မလဲ၊
ဒီမှာပဲ ညအိပ်သွားပေတော့ ၊ မြေးကြီး
မင်းအစ်ကို ထမင်းစားအုံးမှာ မဟုတ်ဘူး။
အောက်ထပ်က နန်းထွေးတို့ လင်မယား
ထမင်းပွဲပြင်ပေးလို့ သွားပြောလိုက်၊
ကဲ…သူငယ်၊ ဘာမှ အားမနေနဲ့ သွားစား၊
ဒီအချိန်ကတော့ ဟင်းတစ်မယ်လောက်
ကျန်ကောင်းပါရဲ့”

“ရပါတယ် ၊ ကျနော်က ငါးပိရည်ရှိလည်း
စားနိုင်ပါတယ်”

“လာအစ်ကို ကျနော်နဲ့လိုက်ခဲ့…ကျနော့်နာမည်က
စောလွန်းလင်းတဲ့၊ အဘိုးနာမည်က စိုင်းထွန်းရီ၊
အဘွားက ဒေါ်နန်းခင်ထားတဲ့ ၊ ကျနော့်အဖေက
စိုင်းအုံးဖ၊ အခုအိပ်ခန်းထဲ ခေါင်းကိုက်လို့
ဝင်အိပ်နေတယ်”

“ဒေါ်နန်းထွေး…ဒေါ်နန်းထွေး၊ဒီကအစ်ကို စားဖို့
သောက်ဖို့ အဘိုးက စီစဉ်ပေးလိုက်ပါတဲ့”

“အေး …အေး ၊ ဆိတ်သားဟင်း …နည်းနည်း
ကျန်သေးတယ်။ ဆင်းလာခဲ့…ထမင်းထည့်ပေးမယ်”

“ကဲ…အစ်ကိုသွား၊ထမင်းစားပြီးမှ အပေါ်ထပ်
ပြန်တက်လာခဲ့ … ပြီးမှ စကားပြောကြတာပေါ့။
ကျနော်တို့က စောစောက မအိပ်တတ်ဘူး”

“အေး…အေး ကျေးဇူးပဲညီလေး”

ဇော်နောင် လှေကားမှ ဆင်းလာခဲ့သည်။

လျှပ်စစ်မီးလည်း မရှိ၊ မီးစက်လည်းမရှိ၊
မှန်အိမ်များ ဖယောင်းတိုင်များဖြင့်သာ
အလင်းရောင် ဖွဲ့စည်းထားသည်။

“ကဲ…လာလာ၊ အဲဒီစားပွဲမှာထိုင် အဒေါ်ထည့်ပေးမယ်”

မကြာခင်မှာပင် ဆိတ်သားဟင်း တစ်ပန်းကန်။
ထမင်းတစ်ပန်းကန်၊ငါးပိရည် တို့စရာတို့ဖြင့်
စားရတော့သည်။

“သူငယ် ကံကောင်းသွားတယ်။ ဒီဟင်းက
သခင်လေး ခေါင်းကိုက်လို့ …ညစာမစားဖြစ်တာနဲ့
မင်းအတွက် ကျန်သွားတာ။ ကဲ…ကဲ…ဟင်းတွေ
အကုန်သာစားလိုက်”

“ဟုတ်ကဲ့ …ကျေးဇူးပါပဲ”

“ငါတို့ကို ကျေးဇူးတင်စရာ မလိုဘူး။
ဒီအိမ်ကြီးရှင်တွေကိုသာ ကျေးဇူးတင်ကြ”

ဇော်နောင်လည်း ဗိုက်က ဆာလွန်းလှပြီဖြစ်၍
ထည့်ပေးသမျှ ကုန်အောင်စားပစ်လိုက်သည်။

“ဝရဲ့လား …ဟင်းရော ထမင်းရော အကုန်ပဲ”

“ဟာ …ထမင်းတစ်ပန်းကန်ပေမယ့် …ဗိုက်ပြည့်
သွားတာပဲ ။ ကဲ…ကျနော်ဝိုင်းပြီး သိမ်းပေးမယ်”

“နေ …နေ၊ အဒေါ်ပဲ သိမ်းလိုက်မယ်။
အပေါ်သာ တက်သွားတော့”

ထိုစဉ် အပြင်မှ အသက်ငါးဆယ်ကျော်ခန့်
ရှမ်းတိုက်ပုံ၊ ရှမ်းဘောင်းဘီပွပွ ဝတ်ထားသည့်
လူကြီးတစ်ယောက် ဝင်လာသည်။

“ဒါက အဒေါ်ယောင်္ကျားလေ…အဒေါ်တို့က
ဟိုဘက်ခန်းမှာ အိပ်ကြတယ်။ ညဘက်
အပေါ့အပါးသွားချင်ရင် …ဟိုမှာ ရေအိမ်ရှိတယ်။
ရေချိုးလို့လည်း ရတယ်။ အကြောင်းကိစ္စရှိရင်
အဒေါ်တို့ အခန်းကိုသာ ပုတ်ပြီး နှိုးလိုက် ဟုတ်လား၊
ကဲ…အပေါ်မှာ သခင်ကြီးတို့ စောင့်နေလိမ့်မယ်”

“ဟုတ်ကဲ့ …ကျနော် ရေအိမ်ခဏဝင်အုံးမယ်”

“အေး …အေး…သွား…သွား”

အပေါ့အပါးသွားပြီးနောက် ဇော်နောင်လည်း
ထမင်းစားခန်းမှ အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။

“လာ …ထိုင် မောင်ရင် …ဘယ်နှယ်လဲ စားလို့
ကောင်းရဲ့လား ”

“ဟုတ်ကဲ့ …ရှိသမျှ အကုန်စားပစ်လိုက်တယ်”

“အေး…အဲဒီလိုမှပေါ့”

“မောင်ရင်မှာ …အိမ်ထောင်နဲ့ မိသားစုရှိလား”

“ဟုတ်ကဲ့ …မိသားစု ရှိပါတယ်။ သားလေးနှစ်ယောက်
ရှိပါတယ်။ အကြီးကောင်က ကျောင်းထားကာစပဲ ရှိသေးတယ်”

“အင်း …ဒီအသက်အရွယ်ရောက်မှတော့ မိသားစုလေးနဲ့ဆို
ကောင်းတာပေါ့ …အထီးမကျန်တော့ဘူး။ဦးလေးတို့လည်း
အရင်က မိသားစုလေးဘဝလေးနဲ့ ပျော်စရာလေး ဖြစ်ခဲ့တယ်
အသက်တွေကြီး၊ အချိန်ကြာလာတော့ မိသားစုတွေ
ပြိုကွဲသွားမှာ စိုးရိမ်နေရပြီ။ သမီးကြီးလည်း လွန်ခဲ့သော
ဆယ်နှစ်လောက်က ဆုံးသွားတယ်။ သားလတ်ရဲ့
မိန်းမလည်း ဆုံးသွားတယ်။

မြေးဆိုလို…ဒီတစ်ယောက်ပဲ ကျန်တော့တယ်။
သားငယ်လင်မယားကတော့ အိမ်ထောင်ကျပြီးကာစမှာပဲ
ကားမှောက်ပြီး နှစ်ယောက်လုံး ဆုံးသွားကြတယ်
ဒါကြောင့် မိသားစု ဖြစ်လာပြီး ပျော်စရာကောင်းပေမဲ့
အဲဒီမိသားစုက တစ်စတစ်စ ပြိုကွဲနေတာကို
မြင်ရပြန်တော့ စိတ်က မရွှင်တော့ပြန်ဘူး။
ဘယ်နေ့ ငါ့အလှည်လဲ၊ ဘယ်နေ့မှာ သူ့အလှည့်လဲ
ဆိုတာ စိတ်ထဲ အမြဲကြောင့်ကြနေမိတော့တယ်။

ဒါကလည်း မိသားစုနဲ့ နေဖူးမှ မိသားစုနဲ့ ခွဲခွာဖူးမှ
ဒီလို စိတ်ခံစားချက်တွေ ဖြစ်လာတာကွယ့်။
ဦးလေးတို့ အရင်က ဒီအိမ်ကြီးပေါ်မှာ သားသမီးတွေ
မြေးတွေနဲ့ တရုန်းရုန်းနေလာကြတာ။

လက်နက်ကိုင်တွေကြောင့် သေရတာရော။
ကားအက်စီးဒင့်ကြောင့် သေရတာရော
ဘယ်မှာ ပျော်စရာကောင်းလို့လဲ ငါ့တူ။
ပြီးတော့ ရှိသေးတယ်။ သေပြီးတာတောင်မှ
မကျွတ်မလွတ်သေးတဲ့ ဝိညာဉ်တွေကလည်း
ရှိသေးတယ်။

ကိုယ့်ကိုယ်ကို သေလို့သေမှန်း မသိ၊ သွားရမယ့်
လမ်းမရှိ၊စွဲလမ်းမှုကြောင့် ဖက်တွယ်နေတဲ့သူတွေကလည်း
ရှိတတ်ကြသေးတယ်”

“ဗျာ …ဘယ်လိုအမျိုးအစားတွေလဲ ဦးကြီး”

“ရှောင်လွှဲမရတဲ့ သေခြင်းမျိုးနဲ့ သေကြပြီး
မိမိကိုယ်တိုင် သေလို့သေမှန်းမသိ၊ နေရာအစွဲနဲ့
နေတတ်ကြတဲ့ ဝိညာဉ်တွေလည်း ရှိနိုင်ကြတယ်လို့
ဦးလေးက ပြောတာပါ အင်း …အချိန်မတော်ကြီး
ဒီအကြောင်းတွေ ပြောရင် ငါ့တူ ကြောက်နေပါအုံးမယ်
အိပ်ချင်ပြီလား”

“မအိပ်ချင်သေးပါဘူး။ ဦးကြီးတို့ အိပ်ချင်တဲ့အချိန်
အိပ်ပါ။ကျနော်ကို အားမနာပါနဲ့ ”

“ငါ့တူကြီးအတွက် အိပ်ခန်းပြင်ပေးထားပြီးပြီ
ဟိုအခန်းမှာအိပ်၊ ဖယောင်းတိုင် တစ်တိုင်ယူသွား
အိပ်တဲ့အခါ မီးမှုတ်အိပ်ပေါ့။ဒီဧည့်ခန်းမှာ
မှန်အိမ်တစ်လုံး အမြဲထွန်းထားတယ်
ညမှု ညရာ အမှောင်ထဲ သွားစရာ မလိုတော့ဘူးပေါ့”

“ဟုတ်ကဲ့ …ကျနော်က ညဘက်အပြင်မထွက်တတ်ပါဘူး။
အိပ်ပျော်ရင် တစ်ရေးတည်း အိပ်တတ်ပါတယ်”

“အင်း …ကောင်းတာပေါ့။ ဒါမှ အိပ်ရေးဝမှာ။
ကဲ…စကားပြောကြအုံး၊ ဒေါ်လေး သွားအိပ်တော့မယ်”

စကားဝင်မပြောဘဲ ဦးလေးကြီးဘေး ထိုင်နေသော
အဒေါ်ကြီးက အိပ်ချင်ပြီဟု ပြောကာ ထသွားတော့သည်။

“ဦးကြီးလည်း အိပ်ချင်အိပ်တော့လေ”

“အေး …အေး မင်းညီက စကားသိပ်များတဲ့ကောင်၊
သူက စကားပြောဖော် ရှာနေတာ၊
ပြီးခဲ့တဲ့ညက သူ့အဖေ ချောင်းဆိုးလွန်းလို့
တစ်ညလုံးနီးပါး မအိပ်ရဘူး။
မောင်ရင် ထမင်းဆင်းစားနေတုန်း အိပ်ငိုက်နေတာနဲ့
အိပ်ခိုင်းလိုက်တယ်”

“ဟုတ်ကဲ့ …ဦးကြီး၊ ကျနော်လည်း အိပ်ခန်းထဲ
ဝင်တော့မယ်”

အချိန်က ဆယ့်နာရီခန့်ရှိပြီး ။ ဇော်နောင်အိမ်မှာဆိုလျှင်
ဆယ့်တစ်နာရီမထိုးမချင်း ဘယ်တော့မှ မအိပ်။
ယခု အိမ်ရှင်များက တစ်ယောက်ပြီး တစ်ယောက်
ဝင်အိပ်နေမှတော့ သူလည်း အပြင်မှာ ထိုင်နေ၍
မသင့်တော့။

သို့ကြောင့် ဖယောင်းတိုင် မီးကူး၍ မိမိအတွက်
နေရာချပေးထားသော အခန်းသို့ ထွက်လာခဲ့သည်။

အခန်းတံခါးကို တွန်းပြီး အထဲဝင်လိုက်သည်။
ဇော်နောင် အခန်းထဲရောက်တော့ စိမ်းရွှေရွှေအနံ့လိုလို။
ညှီနံ့လိုလို အနံ့တစ်မျိုးရလိုက်သည်။

“ရွှစ်…”

တစ်ခုခု ရှပ်တိုက် ဆွဲလိုက်သော အသံမျိုးကိုပါ
ကြားလိုက်ရသေးသည်။

အင်း …ဒီအခန်းမှာ လူမနေတာ ကြာလို့၊
တံခါးပိတ်ထားတဲ့ အတွက် အနံ့အသက်များ
မကောင်းခြင်းဟုသာ စိတ်က မှတ်ယူလိုက်သည်။

ထို့နောက် အိပ်ရာပေါ် တုံးလုံးလှဲအိပ်လိုက်သည်။

ဖယောင်းတိုင်ကို မီးငြိမ်းလိုက်ပြီး ပျော်အောင်အိပ်လိုက်ရာ
မကြာခင်မှာပင် အိပ်ပျော်သွားသည်။

အချိန်က သန်းခေါင်ကျော်လွန်လျက် သုံးနာရီပင်ရှိပြီ။

ဝုန်း …ဝုန်း …ဝုန်း

ဆူညံသောအသံအချို့ကြောင့် ဇော်နောင်အိပ်မောကျနေရာက
နိုးသွားသည်။

“ကြောက်ပါပြီ…ကြောက်ပါပြီ”

“ခင်ဗျားတို့ မိသားစု ဒီအိမ်ကြီးမှာ မတောင့်မတ
နေနိုင်တာ ခင်ဗျားမိန်းမရခဲ့တဲ့ အမွေတွေကြောင့်
မဟုတ်လား။ အကုန်ထုတ်ပေး”

“ကျုပ်တို့ ဘာအလုပ်မှ မလုပ်ဘဲ
ထိုင်စားခဲ့တာ အခုတော့ အားလုံးကုန်သွားပြီ။
မင်းတို့ကို ပေးစရာ မရှိတော့ဘူး”

“ကျုပ်တို့မှာ သေနတ်တွေပါတယ်နော် ၊
လိမ်ဖို့ မကြိုးစားနဲ့ ။ ခင်ဗျား မိသားစုတွေ
အကုန်ခေါ်လိုက်”

“ဒါအကုန်ပါပဲ …အိမ်ဖော်နှစ်ယောက်နဲ့မှ
တစ်အိမ်လုံး ခြောက်ယောက်ထဲ ရှိပါတယ်”

ဇော်နောင်က သူ့ကိုပါ ပြောလိုက်၍ ခေါ်ထုတ်ခံရမည်ကို
စိုးရိမ်နေသည်။ သူ တံခါးကို အနည်းငယ် လှပ်ကြည့်လိုက်သည်။

အလယ်မှာ လူခြောက်ယောက် ထိုင်နေသည်။

“ခင်ဗျားကြီးမှာ ရှိတဲ့ ပစ္စည်းအကုန် ထုတ်မပေးလို့ကတော့
အကုန်သတ်ပစ်မယ် ။ ဟိုအဒေါ်ကြီး၊ ပြီးခဲ့တဲ့ ငါးနှစ်လောက်က
ခင်ဗျားမိဘတွေ အမွေပေးလိုက်တာ ကျုပ်တို့သိထားတယ်။

ခင်ဗျားတို့ ဝတ်စားထားတဲ့ လက်ဝတ်ရတနာတွေအပြင်
သိမ်းဆည်းထားတာ မရှိဘူးဆိုတာ တကယ်လား”

‘ဟုတ်ပါတယ် …အကုန်ပါပဲ”

“ကဲ …မုတ်ဆိတ်၊ အဲဒီမှန်အိမ်ကို ယူသွား၊
ဟိုနားသွားပြီး ပေါက်ခွဲလိုက်၊ အိမ်မီးလောင်သွားရင်
ဖွတ်ထားတဲ့ ပစ္စည်းတွေ မီးထဲအကုန်ပါပြီပေါ့၊
ဒါနဲ့ မပြီးသေးဘူး၊ အဘိုးကြီး အဘွားကြီးရှေ့မှာ
တစ်ယောက်ချင်း သတ်ပြမယ်။ ဟန်စိန် …
တစ်ယောက်ခေါ်သွားပြီ သတ်ပစ်လိုက်။
မုတ်ဆိတ် မှန်အိမ်ကို အဲဒီနားမှာ ပေါက်ခွဲလိုက်၊
လုပ်ကြစမ်း မြန်မြန်”

လူဆိုးတစ်ယောက်က ခြေရင်းဘက်နံရံနားသို့
မှန်အိမ်ကို ပေါက်ခွဲလိုက်သည်။ ရေနံဆီများ
ပြန့်ကျဲကုန်ပြီး မီးထလောင်လေတော့သည်။

“ဟေ့ကောင် …ဟန်စိန် ဘာရပ်လုပ်နေတာလဲ”

ဆရာလုပ်သူက အမိန့်ပေးလိုက်သဖြင့် ဦးလေးကြီး၏
သားအား နောက်သို့ခေါ်ကာ ခေါင်းကို သေနတ်နှင့်တေ့ပြီး
ပစ်လိုက်သည်။

“ဒိုင်း”

“အမလေး …သေပါပြီ”

“အဒေါ်ကြီး …သေတာက ခင်ဗျားမဟုတ်ဘူး။
ခင်ဗျားရဲ့ သားဗျ။ မကြာခင် ခင်ဗျားတို့ အလှည့်၊
ပစ္စည်းတွေ ထုတ်ပေးမလား၊မပေးဘူးလား”

“တကယ့်ကို မရှိတော့လိုပါ ယုံပါ ငါ့တူတို့ရာ”

“ကဲ …နောက်တစ်ယောက်က ကောင်လေးကို
ခေါ်သွား”

အဘိုးကြီးနှင့် အဘွားကြီး ခေါင်းဆောင်အား ပြေးဖက်ပြီး
တောင်းပန်သည်။

“ဆရာကြီးတို့ရယ် …မြေးလေးကိုတော့ မသတ်ပါနဲ့။
သူ့အစား ကျုပ်တို့ကိုသာ သတ်သွားပါ၊ ကလေးကိုတော့
ချမ်းသာပေးပါ”

“ဖွတ်ထားတဲ့ ပစ္စည်းရှိရင် ထုတ်ပေး
မသတ်ဘူး”

“တကယ့်ကို မရှိတော့လို့ပါ …အလုပ်မရှိ၊
ထိုင်စားနေကြတာ ကုန်နေပါပြီ”

“ကဲ …အားလုံးသတ်ပစ်”

“ဒိုင်း …ဒိုင်း”

အဒေါ်ကြီး ထိုင်ရာက မေ့လဲသွားသည်။

မီးကလည်း တဟုန်းဟုန်း တောက်လောင်နေသည်။

“ကဲ ဒီလောက်ခေါင်းမာတဲ့ မိသားစု…”

“ဒိုင်း …ဒိုင်း”

ခေါင်းမာလုပ်သူက အသက်မသေသူအားလုံးကို
ပစ်သတ်လိုက်သည်။

“ဆရာ …ဝင်ရှာကြည့်အုံးမလား”

“ရှာမနေနဲ့တော့ …ရတာပဲ၊ ယူသွားကြမယ်…
ဒီလောက်အသေခံပြီး ငြင်းနေတာ တကယ်မရှိတော့ဘူးဆိုတော့
သေချာသွားပြီ …သွားကြမယ်”

လူဆိုးများ အိမ်ပေါ်က ဆင်းသွားကြပြီ။

အားလုံး အိမ်ပြင်ထွက်သွားသည်ကိုသိမှ ဇော်နောင်
အခန်းအပြင်ထွက်လာသည်။

အပြင်မှာ လူခြောက်ယောက်လုံး သေနတ်အပစ်ခံရ၍
သေဆုံးကုန်ပြီ ဖြစ်သည်။

“အင်း …ငါတောင် ကံကောင်းလို့ အသတ်မခံရတာ
ငါလည်း …ဒီအိမ်ကြီးမှာနေလို့ မဖြစ်တော့ဘူး၊
ဆိုင်ကယ်ကိုတွန်းပြီး သွားရတော့မယ်”

အချိန်က သုံးနာရီခွဲခန့် ရှိပြီ။

ဇော်နောင်လည်း အိမ်ပေါ်မှ အမြန်ဆင်းလာပြီး
ပျက်နေသော ဆိုင်ကယ်ကို တွန်းကာ အပြင်သို့
ထွက်ခဲ့သည်။ မကြာခင် လမ်းပေါ်သို့ ရောက်လာခဲ့သည်။

ဆိုင်ကယ်ကိုတွန်းနေရင်းမှ နောက်ဘက်သို့ လှည့်ကြည့်
လိုက်မိသည်။ အိမ်ကြီးက မီးဟုန်းဟုန်း လောင်နေသည်။

အခြားလောင်စရာမရှိတော့သဖြင့် မီးရှိန်လည်း ကျနေပြီ။

သူလမ်းပေါ်မှာ ဆိုင်ကယ်ကိုတွန်းရင်း မှန်မှန်လျှောက်နေစဉ်
နောက်မှ တောင်ပေါ်သူလင်မယား အထုတ်အပိုးအထမ်းများဖြင့်
လာနေသည်။ မကြာခင် သူ့ကို မီလာသဖြင့်
လမ်းဖယ်ပေးလိုက်သည်။

မနက်ဝေလီဝေလင်း ရောင်းဝယ်ကြသော ငါးရက်တစ်စျေးသို့
လာရောင်းကြသူများဖြစ်သည်။

မနက်ငါးနာရီ မထိုးခင်မှစ၍ ခြောက်နာရီ၊ ခုနှစ်နာရီအထိသာ
ရောင်းချသည်။ ခုနှစ်နာရီကျော် ရှစ်နာရီဆိုလျှင်
စျေးသည်များ ပြန်ကုန်ပြီ။

မိမိတို့ နေရပ်ကို စောစောပြန်ကြသည်။
ထို့ကြောင့် မိုးမလင်းခင် စျေးအမီ လာကြသူများဖြစ်သည်။

“နောင်ကြီး ဆိုင်ကယ် ပျက်လို့လား”

“ဟုတ်ပါ့ဗျာ၊ ညထဲက ပျက်လို့ …ဟိုနောက်နားက
အိမ်ကြီးမှာ တစ်ညဝင်တည်းတာ၊ ကျုပ်ဝင်အိပ်တဲ့ညမှ
ဓါးမြတိုက်လို့ အိမ်မှာ ရှိတဲ့ လူတွေ သေကုန်ပြီ။
အိမ်ကြီးကိုပါ မီးနဲ့ ရှို့သွားတယ်။ ဓါးမြတွေ
ထွက်သွားတော့မှ ကျုပ်လည်း ပုန်းနေရာက
ထွက်ပြီး ဆိုင်ကယ်ကို တွန်းထုတ်ခဲ့တာ”

“နောင်ကြီး ဘယ်အိမ်ကို ပြောတာလဲ”

“ခင်ဗျားတို့နဲ့ မတွေ့ခင် ဆယ်မိနစ်လောက်ပဲ
ရှိအုံးမယ်။ လမ်းပေါ်ရောက်တော့တောင်
မီးလောင်နေတဲ့ အိမ်ကို မြင်နေရသေးတယ်
ခင်ဗျားတို့လည်း အိမ်ကြီးမီးလောင်နေတာကို
အဝေးက မြင်နိုင်တာပဲ၊ မတွေ့ကြဘူး”

“မလောင်ပါဘူး၊ မှောင်နဲ့မည်းမည်းကြီးပါ။
ဟာ…ကျုပ်သိပြီ…ခင်ဗျား ဟို မီးလောင်ထားတဲ့
အိမ်ကြီးကို ရောက်ခဲ့တာလား”

“မီးလောင်ထားတဲ့အိမ် မဟုတ်ဘူး။
မီးလောင်နေတဲ့အိမ်၊ အခုလောက်ဆို မီးငြိမ်းပြီး ပြာကျမှာ”

“အင်း …ဒါဆို၊ ခင်ဗျား သရဲအခြောက်ခံလိုက်ရပြီ”

“မဟုတ်တာ”

“ဟုတ်တယ် ၊ ခင်ဗျားပြောတဲ့ အိမ်ကြီးက လွန်ခဲ့တဲ့
လေးငါးနှစ်လောက်က ကျုပ်လူပျိုအရွယ်
အိမ်ထောင်မကျခင် တစ်နှစ်ဆိုပါတော့ …ကျုပ်တို့က
ဒီလမ်းကစျေးကို အမြဲအရောင်းအဝယ် လာနေကြ။
မနက်သုံးနာရီလောက်မှာ အဲဒီအိမ်ကြီး မီးလောင်နေတယ်။
မီးတွေက တဟုန်းတဟုန်းနဲ့ တစ်အိမ်လုံး ဝါးမြိုနေပြီ။
စျေးကလည်း ပြန်လာရော မီးလောင်တဲ့အိမ်ကြီးမှာ
ရွာသားတွေရော ရဲတွေပါ ရောက်နေကြတယ်။

ဓါးမြတွေ လိုချင်တာ မရလို့၊ အိမ်မှာနေတဲ့
လူခြောက်ယောက်လုံး အသတ်ခံလိုက်ရပြီး
အိမ်ကြီးကို မီးရှို့သွားတာတဲ့။အရင်ကဆို
ဒီဝန်းကျင်မှာ အိမ်ခြေနှစ်ဆယ်လောက်ရှိတယ်။
တောင်ယာလုပ်စားကြတယ်။ နောက်ပိုင်း
လက်နက်ကိုင်ဓါးမြတွေ မကြာခဏဝင်ပြီး
လုယက်တိုက်ခိုက်လွန်းလို့ သည်းမခံနိုင်တော့ဘဲ
မြို့ကို ပြောင်းသွားကြတယ်၊

ဒီမိသားစုက အိမ်ကြီးရခိုင် ဆောက်ထားတာဆိုတော့
ဖြစ်လိုရာဖြစ် မပြောင်းဘူးဆိုပြီး တောင်ယာအလုပ်
ဆက်လုပ်ရင်း နေခဲ့ကြတာ။

နောက်ဆုံး ဓါးမြတိုက်ခံရပြီး လူတွေသတ်၊
အိမ်ကို မီးရှို့ခဲ့ကြတာ။ခင်ဗျားလိုပဲ
နှစ်ယောက်သုံးယောက်ရှိပြီ ၊ အိမ်ကြီးထဲ
ဝင်တည်းမိရင်း အိမ်ကြီးက အကောင်းကြီး၊
လူတွေကလည်း အသက်ရှင်နေကြတယ်။
ဧည့်ခံစကားတွေ ပြောကြတယ်။

မနက်သုံးနာရီခန့် ရောက်တော့ သူတို့သေခဲ့ရတဲ့
ပုံစံအတိုင်း ရုပ်ရှင်ပြနေသလို ဖြစ်လာရောတဲ့။
အခုလည်း ခင်ဗျားရှေ့မှာ သူတို့ကို လူဆိုးတွေက
သတ်သွားတာပေါ့ ဟုတ်လား”

“ဟုတ်တယ် …ကျုပ်ဗျာ သူတို့ကျွေးတာတွေလည်း
စားမိတယ်။ ဘယ်လိုမှ တစ္ဆေသရဲတွေလို့ မထင်ပါဘူးဗျာ။
အိမ်ကလည်း အိမ်ကြီးရခိုင်ဗျ။ ကျုပ်ကလည်း
အခြောက်ခံရချင်လို့ ဖြစ်မယ်၊ အိမ်ကြီးနားရောက်မှ
ဆိုင်ကယ်ကလည်း ပျက်သွားတယ်၊ ဆိုင်ကယ်ပျက်လို့
တွန်းပြီး လျှောက်လာတဲ့အချိန် မီးရောင်ကို မြင်လိုက်တာ”

“ဒါဆို ခင်ဗျား ဆိုင်ကယ်ကို ပျက်အောင် လုပ်လိုက်တာများလား
အခု သရဲတွေလည်း မရှိတော့ဘူးဆိုတော့ ခင်ဗျား ဆိုင်ကယ်စက်ကို
နှိုးကြည့်ပါလား ခင်ဗျား မီးလောင်တဲ့ အိမ်ကြီးက
ထွက်တော့ နှိုးကြည့်သေးလား”

“စက်ပျက်နေတာ ပြင်မှ မပြင်ရသေးတော့၊ ဒီအတိုင်း
တွန်းထွက်လာခဲ့တာ၊ ကျနော် နှိုးကြည့်အုံးမယ်”

ဇော်နောင် ဆိုက်ကယ်ပေါ်ခွပြီး စက်နှိုးကြည့်သည်။

“ဝူး …ဝူး …ဝူး”

“ဟာ …စက်က အကောင်းကြီးပဲ”

“ကျေးဇူးပဲဗျာ…ခင်ဗျားတို့ သတိပေးလို့ ဆိုင်ကယ်နဲ့
လိုက္ခဲ့ပါလား”

“ဟာ …မဖြစ်ဘူး၊ ကျုပ်တို့လင်မယားကို ဆိုင်ကယ်တစ်စီးနဲ့
တင်သွားလို့ ရတာမှ မဟုတ်ဘဲ”

“ပစ္စည်းတွေ တင်ပေးလိုက်မလား”

“ရတယ် …သွား…သွား ၊စျေးကို မိနစ်နှစ်ဆယ်လောက်ပဲ
လျှောက်ရတော့မှာ။ ခင်ဗျား အားမနာနဲ့ …သွားတော့”

ဇော်နောင်လည်း စျေးသည်လင်မယားအား
နှုတ်ဆက်ပြီး ဆိုင်ကယ်ကို မောင်းထွက်လိုက်သည်။

ခြောက်လောင်းပြိုင် သေခဲ့သော ဝိညာဉ်တို့
မကျွတ်မလွတ်သေးသည့် အိမ်ကြီးမှာ
တစ်ညလုံးနေခဲ့ရသည်အဖြစ်ကို ပြန်စဉ်းစားမိရင်း
ကြက်သီးတဖြန်းဖြန်းပင် ထသွားတော့သည်။

ဆရာ ဧကန်မင်း၏ ‘ကျွဲစီးသရဲနှင့် မဖဲဝါ”စာအုပ်မှာ
လက်ခ ကောက်နှုတ် ကူးယူရေးသားလိုက်သည်။
#မူရင်းတင်ထားသူအားလည်းcredit
စာဖတ်သူများ စိတ်ရွှင်လန်းပါဇေ

Credit

ပြီးပါပြီ