” တစ္ဆေမှော် ” (စ/ဆုံး)

” တစ္ဆေမှော် ” (စ/ဆုံး)

==========================

ကျုပ်က နွားစာပြောင်းရိုးတွေ ရိတ်ပြီး ပြန်လာ
တာဗျ။ ကျုပ်တို့ယာထဲမှာ နွားစာပြောင်းစိုက်ရ
တာ လွှတ်ကောင်းတာဗျို့။ ပြောင်းပင်တွေက
သန်သလားမမေးနဲ့၊ သန်ချက်ဗျာ။ ပြောင်းက
အစိုဓါတ်၊ အအေးဓါတ်ကလေးတွေ ရှိမှ သန်
တာဗျ။ကျုပ်တို့ ယာကွက်တွေထဲမှာ အနောက်
ဘက်ဆုံးက လျှိုကြီးလို့ခေါ်တဲ့ အကွက်ထဲမှာ
ဇလုတ်တစ်ခု ရှိတယ်ဗျ။

အဘက နွားစာပြောင်းခင်းကို အဲဒီလျှိုကြီး
ယာမှာ အမြဲစိုက်တာဗျ။ ဇရပ်က ရေဓါတ်
အမြဲရနေတာလေဗျာ။ ဒါကြောင့် ပြောင်း
ပင်တွေ လွှတ်သန်တာပေါ့ဗျာ။ ‘ဇလုတ်’ဆို
တာ ကျုပ်တို့အညာအခေါ်ပေါ့ဗျာ။ရေအမြဲ
တမ်းရှိတဲ့ အိုင်ကျယ်ကြီးပေါ့ဗျာ။

ကျုပ်တို့အညာဒေသမှာ တချို့ယာတွေထဲမှာ
ရွှေထွက်တယ်ဗျ။ အဲဒီယာမြေတွေကို တူးပြီး
ဇလုတ်ရှိတဲ့ဆီကို လှည်းနဲ့ တိုက်ရတာဗျ။ ဇ
လုတ်ကြီး မနီးမဝေးမှာ မျောစိုက်ပြီး ဇလုတ်
က ရေနဲ့ ရွှေကျင်ကြတယ်လေဗျာ။ ကျုပ်က
လှည်းမောက်အောက် ပြောင်းရိုးတင်ပြီး ပြန်
လာတာဗျို့။

လျှိုကြီးယာအစပ်မှာ ထနောင်းတောလေး ရှိ
သဗျ။ ထနောင်းပင်ငါးပင် စုပေါက်နေတဲ့ နေ
ရာလေးပေါ့ဗျာ။ အဲဒီနားမှာ သမုန်းပင်လေး
သုံးလေးပင်လည်း ရှိတော့ တောအုပ်ကလေး
ဖြစ်လို့ပေါ့ဗျာ။ ကျုပ်ကလည်း အဲဒီအပင်တွေ
ကြားက လှည်းဖြတ်မောင်းတယ်။ လှည်းလမ်း
ရှိတာကိုးဗျ

“ဘုတ်…”

ပြောင်းရိုးတွေပေါ်ကို ကြောင်တစ်ကောင် ခုန်
ချလိုက်သလိုပါပဲဗျ။ ကျုပ်လှည်းမောင်းရင်းနဲ့
နောက်က ဆတ်ခနဲ လှည့်ကြည့်တယ်။ ဘာ
မှမတွေ့ဘူးဗျ။ ကျုပ်အလုပ်,လုပ်နေတာလေ
ဗျာ။ မျက်ကွင်းဆေး ဘယ်ကွင်းထားပါ့မတုံး။

“ဖျတ်…ဖျတ်…ဖျတ်…”

ကျုပ်ဆတ်ခနဲ လှည့်ကြည့်တယ်။ ပြောင်းရိုးလေး
တွေက တဖျတ်ဖျတ်လှုပ်နေတယ်။ လှည်းဆောင့်
လို့ လှုပ်တာ မဟုတ်ဘူး။ တစ်ယောက်ယောက်
ဆော့နေတာ။ ကျုပ်အတွက်တော့ ရိုးနေပါပြီဗျာ။
ဒီယာမှာ နွားစာရိတ်တိုင်း၊ နှမ်းထောင်စောင့်တိုင်း
ကြုံနေကျပါ။ အဲဒီထနောင်းတောလေးမှာ မှင်စာ
လေးတစ်ကောင် နေတယ်ဗျ။

မှင်စာဆိုတာ ကလေးတစ္ဆေလေးပေါ့ဗျာ။အား
ကြီးဆော့တာဗျ။ သူ့ကို ကျုပ် တစ်ခါ တစ်ခါ
မြင်ဖူးပါတယ်။သူ့အရပ်က ကြောင်တစ်ကောင်
တစ်ကောင်ထိုင်နေတဲ့ အရွယ်လောက်ပဲ ရှိ
တာဗျ။ မည်းမည်းလေး။ အဝတ်အစားလည်း
မရှိဘူး။ တစ်ကိုယ်လုံး အမွေးမည်းမည်းတွေ
ဖုန်းနေတာ။ လူတွေကတော့ ပြောကြတယ်
ဗျ။ လူတစ်ယောက်ကို မှင်စာ ခုနှစ်ပတ်ပတ်
ရင် သေတယ်ဆိုပဲ။ ကျုပ်ကိုတော့ ဒီမှင်စာ
က တစ်ခါမှ မပတ်ဖူးဘူးဗျ။

“ဖူး…ဖူး…ဖူး…ရွူး”

ကျုပ်နွားကြီးနှစ်ကောင်က တဖူးဖူးနဲ့ နှာမှုတ်
နေကြပြီဗျို့။ ကျုပ်လည်း အမေထည့်ပေးလိုက်
တဲ့ နတ်တင်တဲ့ မုန့်ဆီကြော်နဲ့ ကောက်ညှင်း
ပေါင်း၊ အုန်းသီးစိတ် အထုပ်ကလေးကို လွယ်
အိတ်ထဲက ထုတ်ပြီး နောက်ကို လှည့်ပြီး ပစ်
ချပေးလိုက်တယ်။ ပြောင်းရိုးတွေပေါ်ကို ချ
ပေးလိုက်တာပေါ့ဗျာ။

“ကဲ…ဖိုးဆော့၊ ရော့ …မင်းစားဖို့ ယူသွား”

ငှက်ပျောဖက်နဲ့ ထုတ်ထားတဲ့ အထုပ်ဗျ။
ကျုပ်စားပြီးလို့ ပိုတာလေ။ ကျုပ်က ဒီကောင့်
ကို ဖိုးဆော့လို့ နာမည်ပေးထားတာဗျ။ တစ်
ခါတလေ ညဘက် ကျုပ်တို့နှမ်းထောင်စောင့်
တာတို့၊ နှမ်းပုတ်တာတို့လုပ်ရင် ဒီကောင့်ကို
ရိပ်ခနဲ တွေ့ရတတ်တယ်။စားစရာလေး ပစ်
ပေးလိုက်ရင် ပျောက်သွားရောဗျ။ နောက်
တစ်ခါ ထပ်မလာတော့ဘူး။

“ဖိုးဆော့ …ရော့ …မင်းစားဖို့ ယူသွား”

လို့ ပြောပြီး ပစ်ပေးလိုက်ရင် ယူပြီးပျောက်
သွားရောဗျို့။ ကျုပ်တို့ကို ခြောက်လားလှန့်
လားလည်းမလုပ်ပါဘူးဗျာ။ ခုနှစ်ပတ်မပြော
နဲ့ တစ်ပတ်တောင်မပတ်ပါဘူး။ ကျုပ်ပြောင်း
ရိုးရိတ်ရင်း အမေထည့်ပေးလိုက်တဲ့ ကောက်
ညှင်းပေါင်းနဲ့ မုန့်ဆီကြော်ထုတ်စားနေတာကို
ဒီကောင်တွေ့သွားပုံရတယ်ဗျ။ ပြီးတော့ ကျန်
တာလေးကို ငှက်ပျောဖက်နဲ့ထုပ်ပြီး ကျုပ်လွယ်
အိတ်ထဲ ထည့်လိုက်တာလည်း ဒီကောင်တွေ့
မှာပဲဗျ။ ဒါကြောင့် ကောက်ညှင်းပေါင်းလိုက်
တောင်းတာ ဖြစ်မယ်။

ပြောင်းရိုးတွေပေါ်ကို ကျုပ်ပစ်ချပေးလိုက်တဲ့
ကောက်ညှင်းပေါင်းထုပ်ကလေး ပျောက်သွား
တယ်။ သွားပြီ။ ဒါဆိုရင် ဖိုးဆော့ယူသွားပြီဗျ။
ဒီတော့မှပဲ ကျုပ်နွားကြီးနှစ်ကောင်လည်း
ဖြောင့်ဖြောင့်တန်းတန်း သွားတော့တာဗျို့။
တစ္ဆေ၊ သရဲတွေကို လူတွေတင် ကြောက်
တာ မဟုတ်ဘူးဗျ။

ခွေးတွေ၊ နွားတွေလည်း ကြောက်ကြတာပဲ။
အိမ်ရောက်တော့ ပြောင်းရိုးလှည်းကို ဝိုင်းထဲ
တန်းမောင်းပြီး နွားစားစဉ်းခုံအနားမှာ ရပ်လိုက်
တယ်။ အိမ်မှာက နွားစာလုံးလုံးကို ကုန်သွား
တာဗျ။ လှည်းဖြုတ်ပြီးတာနဲ့ ကျုပ်လည်းနွား
စာ စပြီးစဉ်းရတော့တာပေါ့ဗျာ။

ခြေနင်းတန်းကို ခြေထောက်က အချက်မှန်မှန်
နင်းရင်း လက်ကနေ ပြောင်းရိုးတွေကို အနေ
တော်ဆုပ်ပြီး ပြောင်းရိုးဓါးအောက် ထိုးထည့်
ပေးရတာပေါ့ဗျာ။ နွားစာစဉ်းတာကလည်း သ
တိရှိမှဗျ။ သတိမရှိရင် လက်ပြတ်တတ်တယ်။

“တာတေ …တာတေရှိလား အရီး”

ဝိုင်းပေါက်က လှမ်းခေါ်တဲ့အသံဗျ။ အိမ်ရှေ့
မှာ ထိုင်ပြီး ဆန်ပြာနေတဲ့ အမေ့ကို လှမ်းမေး
တာလေ။

“ဟဲ့ …ဘယ်သူတုံး၊ တာတေရှိပါ့၊ နွားစာ
စဉ်းလို့ ”

ဒီနှစ်ထဲရော အမေရော အဘပါ မျက်စိ
တော်တော်မှုန်သွားကြပြီဗျ။ ဝိုင်းဝမှာရပ်
နေရင် လူလုံးမကွဲတော့ဘူး။

“အရီး …ကျုပ်ပါ၊ ဘန့်ဘွေးကုန်းက ဘစိုး
အရီး”

“ဟာ…ဘစိုး လာလေ၊ နင်ကလည်း ဧည့်
သည့်လုပ်ပြီး မေးနေရသေးလား၊ ခါတိုင်း
လိုပဲ တန်းဝင်ခဲ့ပေါ့ ဘစိုးရဲ့”

“မဟုတ်ဘူး အရီးရဲ့၊ တာတေ တစ်နေရာရာ
သွားရင် တစ်ခါတည်း တန်းလိုက်မလို့
မဝင်တာပါ”

“သြော် …သြော် …ဒီလိုလား၊ ရှိတယ်၊ ရှိတယ်။
နင့် သူငယ်ချင်း ပြောင်းရိုးတွေစဉ်းလို့ ”

ဘန့်ဘွေးကုန်းက ဘစိုးက ကျုပ်နွားစားစဉ်းနေ
တဲ့ စဉ်းခုံအနား ရောက်လာတယ်။

“ဟေ့ကောင်ကြီး၊ မင်းဘယ်ကလှည့်တာလားတုံး”

ကျုပ်က ဘစိုးကို မေးလိုက်တယ်။ ဘစိုးဆိုတဲ့
ကောင်က ကျုပ်နဲ့အသက်အတူတူဗျ။ ဒါပေမဲ့
လူကောင်ကြီးက ကျုပ်ထက် ကြီးတယ်။ ဗလ
ကလည်း တောင့်တောင့်ဗျ။သူတို့ရွာကလူတွေ
က ဒီကောင့်ကို ခပ်ဖီးဖီး နွားကြီးနဲ့ တူတယ်ဆို
ပြီး နွားကြီးဘစိုးလို့ ခေါ်တာဗျ။သူတို့ ဘန့်ဘွေး
ကုန်းမှာလည်း ဘစိုးက နှစ်ယောက် ရှိတာကို
ဗျ။ နောက်ဘစိုးတစ်ယောက်က စကားပြောရင်
အသံပြာတယ်။ အဲဒီကောင်ကိုတော့ သံပြာဘ
စိုးလို့ ခေါ်ကြတယ်။ အကြောင်းတစ်ခုခုရှိရင်

‘ဘယ်ဘစိုးတုံး၊ သံပြာလား၊ နွားကြီးလား’လို့
တစ်ယောက်ကိုတစ်ယောက် မေးကြတာ။ အ
ခု ကျုပ်ဆီကို လာတာက နွားကြီးဘစိုးပေါ့ဗျာ။
ဘစိုးက ကျုပ်ကိုတွေ့တော့ ပြုံးပြုံးကြီး ကြည့်
နေတယ်။ ပြီးတော့မှ ပြောတာဗျ။

“ငါက မင်းကိုတန်းမတွေ့လောက်ဘူးလို့ ထင်
တာကွ တာတေရ၊ဟန့်စိန်ညီတွေ ရှင်ပြုရှိတော့
မင်း အဲဒီအိမ်ရောက်နေလောက်ပြီ ထင်တာ။
မင်းဆိုတဲ့ကောင်က ရပ်ရေးရွာရေးရှိရင် အိမ်
ပြန်အိပ်တဲ့ကောင် မဟုတ်ဘူးလေကွာ”

“မင်းပြောတာ ဟုတ်တော့ ဟုတ်သားကွ၊ မနေ့
ကတော့ ဟန်စိန်တို့အိမ်မှာ တစ်နေကုန်ပဲကွ၊
ညရောက်မှ ပြန်ခဲ့တာ။ ဒီနေ့တော့အိမ်မှာလည်း
နွားစာပြတ်နေတော့ ဟန်စိန်ကိုအကျိုးအကြောင်း
ပြောပြီး လျှိုကြီးလယ်မှာပြောင်းရိုးသွားရိတ်နေရ
တာကြ”

“သြော်…ဒါကြောင့် အိမ်မှာရှိနေတာကိုး”

ကျုပ်က ကျုပ်အိတ်ကပ်ထဲက နဂါးဆေးပေါ့
လိပ်ကလေးတစ်လိပ်ထုတ်ပြီး ဓနုဖြူကြေးမီး
ခတ်ကလေးနဲ့ ဘစိုးကို ကမ်းပေးလိုက်တယ်။
ကျုပ်ကတော့ ပြောင်းရိုးဆက်ပြီး စဉ်းစားရတာ
ပေါ့ဗျာ။ဘစိုးက နဂါးဆေးပေါ့လိပ်ကလေးကို
မီးခတ်ကလေး ခတ်ပြီး မီးညှိလို့ဗျ။ အမောပြေ
သုံးလေးဖွာ ဖွာလိုက်တယ်။

“နေပါဦးကွ ဘစိုးရ၊ မင်း ငါ့ဆီကို အလည်လာ
တာလား”

“မဟုတ်ဘူး တာတေရ၊ ဘိုးစိန်မောက်ကြီးက
မင်းကို ခေါ်ပေးပါဆိုလို့ ငါလာခေါ်တာကွ”

“ဟေ…ဘာကိစ္စတုံးကွ ဘစိုးရ၊ မင်းတို့ရွာမှာ
ဘာများဖြစ်လို့တုံး”

“ဟာ.…မဖြစ်ပါဘူး တာတေရ၊ ဒီလိုပါကွာ။
ဘိုးစိန်မောက်တို့အိမ်မှာ ဧည့်သည်နှစ်ယောက်
ရောက်နေတယ်ကွ တာတေရ၊ တစ်ခါမှတော့
မမြင်ဖူးဘူး၊ လူတွေက တည်တည်တံ့တံ့ပါ။
တစ်ယောက်က အသက်ကြီးကြီးကွ၊ ခြောက်
ဆယ်ကျော်လောက် ရှိမယ်။ တစ်ယောက်က
တော့ အသက်သုံးဆယ်လောက်ပဲ ရှိဦးမယ်”

“ဘိုးစိန်မောက်တို့ အမျိုးတွေ ရှိမှာပေါ့ကွာ။
ဘိုးစိန်မောက်ကြီးက အမျိုးလွှတ်များတဲ့
ဘိုးတော်ကြီးကွ”

“အမျိုးတော့ မဟုတ်လောက်ဘူးဟ။ဘိုးစိန်
မောက်က အသက်ကြီးကြီးဘိုးတော်ကြီးကို
ဆရာလို့ ခေါ်တယ်”

“သြော် …ဟုတ်လား”

“မနက်ကတော့ ဘိုးစိန်မောက်က ငါ့ကိုခေါ်
ပြောတယ်ကွ၊ ဘစိုး… မင်း ထနောင်းကုန်းကို
သွားပြီး မင်းသူငယ်ချင်း တာတေကို ခေါ်ပေး
စမ်းကွာတဲ့”

“ငါက ‘ဘိုး…ဘာကိစ္စရှိလို့တုံး’ဆိုတော့ ဘိုး
စိန်မောက်က ငါ့ကို ပြောပြတယ်ကွ”

“ဟေ …ဘာတွေပြောပြတုံး ဘစိုးရ၊ ပြော
ပါဦး”

“ဒီလိုကွ။ သူ့အိမ်မှာရောက်နေတဲ့ ဘိုးတော်
ကြီးက သူ့ဆရာတဲ့၊ သူငယ်ငယ်က သူ့ကိုယ်
ပေါ်မှာ ထိုးထားတဲ့ အင်းတွေ၊ ဆေးတွေဟာ
အဲဒီဘိုးတော်ကြီး ထိုးပေးတာလို့ပြောတယ်။
အခု ရောက်လာတာက သူနဲ့အတူပါလာတဲ့
ဟိုလူကို ‘တစ္ဆေမှော်’သွင်းပေးဖို့တဲ့ကွ”

“ဘာကွ…ဘစိုး၊ တစ္ဆေမှာ ဟုတ်လား။ ငါကြား
ဖူးတာတော့ မြွေမှော်တို့၊ ရုက္ခစိုးမှော်တို့ပဲ ကြား
ဖူးတာပါကွာ။ တစ္ဆေလို့တော့ မကြားဖူးပါဘူး။
တစ္ဆေမှော်ဆိုတာ ရှိလို့လားကွ။ မင်းများနား
ကြားလွဲတာလား”

“ဟာ…မလွဲပါဘူး တာတေရ၊ တစ္ဆေမှော်သွင်း
မှာလို့ ဘိုးစိန်မောက် ပြောတာပဲကွ”

“အေး …အဲဒီလို တစ္ဆေမှော်သွင်းဖို့ဆိုရင် ဆ
ရာလုပ်တဲ့လူက အပင်ကြီးကြီးတွေ လိုက်ရှာ
ပြီး အဲဒီအပင်တွေမှာနေတဲ့ တစ္ဆေတွေထဲက
မှ သူ့စိတ်တိုင်းကျ တစ္ဆေကို ရွေးရတာတဲ့ကွ။
စိတ်တိုင်းကျတဲ့ တစ္ဆေကို တွေ့ပြီဆိုတော့မှ
အလုပ်လုပ်တော့တာတဲ့ကွ တာတေရ”

“ဘာကို စိတ်တိုင်းကျတာတဲ့တုံး ဘစိုးရ”

“ဟာ…ကမ္မဇိဒ္ဓိကြီးတဲ့ တစ္ဆေတွေ ရှိသတဲ့ကွ။
ဒါမှ လူကို ကူညီနိုင်တာဆိုပဲ”

“သြော် …ဒီလိုလား၊ နို့ …တစ္ဆေမှော်သွင်း
တာ လွယ်ရော လွယ်ပါ့မလားကွ။ ငါတော့
မလွယ်ဘူးထင်တယ်။ဒီလိုအစွမ်းကြီးတဲ့ တ
စ္ဆေကို အမိန့်ပေးဖို့ ဆိုတာ မလွယ်ဘူးထင်
တယ်ကွ”

“အေး…မင်းပြောတာ ဟုတ်တယ်ကွ တာ
တေရ၊ ဘိုးစိန်မောက်လည်း ဒီအတိုင်းပြော
တာပဲဟေ့၊ အဲဒီတစ္ဆေကို အမိန့်ပေးလို့ရတာ
မဟုတ်ဘူးဆိုပဲ၊ မိတ်ဆွေဖွဲ့ရတာတဲ့ကွ၊ မိတ်
ဆွေဖြစ်အောင်ဖွဲ့နိုင်မှ စောင့်ရှောက်တာဆိုပဲ”

“ဟေ…ဒီလူကို အဲဒီတစ္ဆေက စောင့်ရှောက်
တော့ ဘာဖြစ်တုံးကွ”

“ဟာ…တာတေကလည်း …လွှတ်စွမ်းတာတဲ့
ကွ၊ ဓါးနဲ့ ခုတ်လည်း မပြတ်ဘူး၊ တုတ်နဲ့ရိုက်
လည်း မပေါက်ဘူး၊လက်ထိတ်ခတ်လည်း ပွင့်
ထွက်တာတဲ့ကွ၊ ကြိုးနဲ့ချည်လည်း အလိုလို
ပြေသွားတာဆိုပဲ။ အခန်းထဲထည့်ပြီး အလုံ
ပိတ်ထားရင်တောင် အပြင်ရောက်နေတာတဲ့
တာတေရ”

“ဟ…စွမ်းလှချည်လား ဘစိုးရဲ့၊ မင်းတစ္ဆေ
မှော်က”

“အေး…ငါ့ကိုလည်း ဘိုးစိန်မောက်ပြောတာ
လေကွာ”

“အေး…အေး…တော်တော်စိတ်ဝင်စားဖို့
ကောင်းတာပဲကွ ဘစိုးရ၊ ပြောပါဦးဟ”

“တစ္ဆေမှော်သွင်းတာ တော်ရုံဆရာ မနိုင်
ဘူးတဲ့ကွ၊ အဆင်မသင့်ရင် မှော်သွင်းတဲ့
လူ ရူးသွားတယ်ဆိုပဲ”

“ဟေ…ဟုတ်လား”

“မင်းစဉ်းစားကြည့်လေကွာ၊ တောထဲက အ
ပင်ကြီးတစ်ပင်အောက်မှာ တစ်ညလုံး တစ်
ယောက်တည်း ပုတီးစိပ်နေရမှာတဲ့ကွ၊ အဲဒီ
မှာ မှော်သွင်းပေးတဲ့ ဆရာက မနိုင်ရင် အ
ခြောက်အလှန့်ခံရပြီး ရူးသွားရောတဲ့ဟေ့။တ
ချို့ဆိုရင် ဘယ်ကို ထွက်သွားလို့ သွားမှန်းကို
မသိတော့တဲ့ဟေ့။ မနက်မိုးလင်းလို့ စီရင်တဲ့
ဆရာက သွားကြည့်ရင် မရှိတော့ဘူးတဲ့ဟ။
ဘယ်ရောက်သွားမှန်းကို မသိတာတဲ့ တာ
တေရ”

“အေးကွ၊ တော်တော်တော့ ကြောက်စရာ
ကောင်းသားပဲ ဘစိုးရ”

“တချို့ကျတော့ မိုးလင်းလို့ သွားခေါ်ရင်
သွက်သွက်လည်အောင်ရူးပြီး တဟားဟား
နဲ့ အော်ရယ်လိုက် တဟီးဟီးနဲ့ ငိုလိုက်တဲ့
ဟေ့၊ အဲဒါ ဆရာလုပ်တဲ့သူက မနည်းကို
ပြန်ပြီးကုရတာတဲ့ကွ”

“နို့ …နေပါဦး ဘစိုးရဲ့၊ အခု မင်းတွေ့တဲ့
လူကရော သတ္တိရှိတဲ့ပုံ ပေါ်ရဲ့လားကွ”

“အေး…သတ္တိတော့ ရှိပုံပဲကွ၊ လူက ခပ်အေး
အေးပဲ၊ ရုပ်ရည်ကလည်း မဆိုးဘူးကွ၊ ခံ့ခံ့
ညားညားရှိတယ် ”

“အင်း …ဒါဆိုရင်တော့ မဆိုးလောက်ပါဘူး၊
သြော်…ဒါထက် အခု ငါ့ကို ခေါ်ခိုင်းတာက
ဘာလုပ္ဖို့တုံးကြ ဘစိုးရ”

“ဒီလိုကွ တာတေရ။ ဒီလူ့ကို သူ့ဆရာက
စည်းဝိုင်းတားပြီး တစ်ယောက်တည်း ထား
ခဲ့မှာဆိုပဲ၊ အဲဒီမှာ မင်းက တောထဲကို သူတို့
နဲ့အတူ လိုက်သွားပြီး ခပ်လှမ်းလှမ်းကနေ
စောင့်ကြည့်ပေးဖို့တဲ့ဟေ့။ တကယ်လို ဟို
လူက အခြေအနေမကောင်းလို့ ဝူးဝူးဝါးဝါး
ထဖြစ်ရင် မင်းက အင်းနဲ့ ပြေးပြီး ပေါက်ပေး
ရမှာတဲ့ဗျား၊ အဲဒီဆရာကြီးက မင်းကို အင်း
တစ်ချပ်ပေးထားမှာတဲ့ကွ၊ အဲဒီအင်းနဲ့ပေါက်
ပြီးရင် ရွာကို တန်းပြန်လာရုံပဲတဲ့၊ဆရာကြီးက
မနက် အရုဏ်မတက်ခင်လောက်မှ ရောက်
လာမှဆိုပဲ။ အခြေအနေကောင်းသွားပြီဆို
ရင်တော့ သူက အဲဒီတစ္ဆေကို အပ်ဖို့ တစ္ဆေ
မှော်သွင်းမှာတဲ့ဗျ”

“သြော် …ဒီတော့မှ တစ္ဆေမှော်သွင်းမှာလား။
တစ္ဆေမှော်က ဘယ်လိုသွင်းရတယ်ဆိုတာ
ဘိုးစိန်မောက် မင်းကိုပြောသေးလား”

“အေး…ပြောတယ်ကွ၊ မြေကြီးပေါ်မှာ ပိတ်
စအနီနဲ့ အပြာကို ထပ်ခင်းပြီး ကန်တော့ပွဲ
ပြင်ရတာတဲ့၊ ကန်တော့ပွဲက ငှက်ပျောနှစ်
ဖီးနဲ့ အုန်းသီးတစ်လုံးတဲ့ကွ။ အဲဒီအုန်းသီး
အပေါ်မှာ ဖယောင်းတိုင်ထွန်းပြီး ဂါထာတစ်
ပုဒ်ကို အဲဒီဖယောင်းတိုင် မကုန်မချင်း မနား
တမ်းရွတ်ရတာဆိုပဲ။ဒီဖယောင်းတိုင်ကလည်း
ရိုးရိုးဖယောင်းတိုင် မဟုတ်ဘူးတဲ့ကွ။ ကျီးမနိုး
ခင် ခူးထားတဲ့ ကျီးမနိုးထန်းရွက်အခြောက်ကို
အဲဒီလူရဲ့ အရပ်နဲ့အညီ တိုင်းထားတဲ့အပ်ချည်
ကြိုးနဲ့ ခုနှစ်ပြန်အရှည်နဲ့ စေ့နေအောင်ပတ်ရ
တာတဲ့။ အဲဒီအပ်ချည်ကြိုးပတ်ထားတဲ့ ကျီးမနိုး
ထန်းရွက်ကို မီးစာလုပ်ပြီး ဖယောင်းရည်သွန်း
ပြီး စီမံထားတဲ့ ဖယောင်းတိုင်တဲ့ဟေ့”

“ဟာ …ဟုတ်လား ဘစိုးရ”

“အေး…ဂါထာရွတ်ရင်းနဲ့ အဲဒီဖယောင်းတိုင်မီး
က ထွက်လာတဲ့ မှိုင်းငွေ့တွေကို ပါးစပ်နဲ့ ရှိုက်
ရှူပြီးမျိုချရတာဆိုပဲ။ ဖယောင်းတိုင်ကုန်လို့
မီးငြိမ်းသွားရင်တော့ အုန်းသီးပေါ်မှာကပ်နေ
တဲ့ ဖယောင်းတွေ၊ ပြာတွေကို ခြစ်ယူပြီး ပွဲက
အုန်းသီးကို ထိပ်လှပ်၊ အုန်းရည်ထဲ အဲဒီဖ
ယောင်းတွေ၊ ပြာတွေ ထည့်ဖျော်ရဆိုပဲ”

“နို့ …အဲဒီအုန်းရည်ကို ဘာလုပ်ရတာတုံး”

“ဟ…သောက်ရတာလေ တာတေရ…
သောက်ရတာ”

“အဲဒီလိုသောက်ပြီးရင် ဘာဖြစ်တုံး”

“ဟ…ဒီလူ တစ္ဆေမှော်အောင်ရောပေါ့ကွ”

“သြော် …ဒီလိုလား၊ ဒါဆို ငါက ဟိုဆရာကြီး
ပေးတဲ့ အင်းကို ကိုင်ပြီး ဒီလူ့ကို တစ်ညလုံး
စောင့်ကြည့်ပေးရမှာပေါ့ ဟုတ်လား ဘစိုး”

“အေး…ဟုတ်တယ်ကွ၊ ဒီအလုပ်မျိုး ဘယ်
သူမှ လုပ်ရဲမှာ မဟုတ်ဘူးလို့ ဘိုးစိန်မောက်
က ပြောတယ်။ မင်းကိုသာ အကျိုးအကြောင်း
ပြောပြီးခေါ်ခဲ့ဖို့ ပြောတာကွ”

ကျုပ်လည်း ဘစိုး စကားပြောရင်း ပြောင်း
ရိုးကို မပြတ်စဉ်းလိုက်တာ တင်းတောင်းနှစ်
တောင်း ပြည့်ရောဗျ။ ဗိုက်ဆာနေတဲ့ ကျုပ်
နွားကြီးတွေကို ပြောင်းရိုးလတ်လတ်ဆတ်ဆတ်
တွေ ကပျာကယာ ထည့်ပေးလိုက်တယ်။ နွားစာ
ခွက်ထဲမှာ ဖြန့်ထည့်ပေးလိုက်တဲ့ ပြောင်းရိုးတွေ
ကို ဒီကောင်ကြီးနှစ်ကောင် အားရပါးရစားတော့
တာဗျ။ အဘနွားကြီးတွေက နွားဖီးကြီးတွေလေ
ဗျာ။ ကျုပ်တို့ ရွာက ထိပ်တန်းစား နွားတွေထဲမှာ
ပါတာပေါ့ဗျ။

“နေပါဦး ဘစိုးရ၊ သူတို့ကိစ္စက ဘယ်တော့
လုပ်မှာတဲ့တုံး”

“ဟာ …ဒီညလေကွာ၊ ဒီည နက္ခတ်တွေ မိ
တယ်လို့ ပြောတာပဲ တာတေရ”

“ဟေ…ဒီည ဟုတ်လား၊ အေးလေ…လိုက်
တာပေါ့ကွာ။ မင်းသိတဲ့အတိုင်းပဲ ဘစိုးရာ။
ငါဆိုတဲ့ကောင်ကလည်း ဒီလို ထူးထူးဆန်း
ဆန်းကိစ္စမျိုးဆိုရင် လွှတ်မြင်ချင်တွေ့ချင်
တာကွ။ ပြီးတော့ ဒီကိစ္စမျိုးဆိုတာ ကြုံဖို့
လွယ်တာ မဟုတ်ဘူးကွ”

ကျန်တဲ့ ပြောင်းရိုးတွေကို လှည်းပေါ်မှာပဲ
ဒီအတိုင်းထားလိုက်တယ်။ အဘနဲ့ အမေ့ကို
အကျိုးအကြောင်း ပြောပြီးတော့ ဘစိုးနဲ့ကျုပ်
လိုက်လာခဲ့တယ်။ ဘန့်ဘွေ့ကုန်းဆိုတာက
အဘသူငယ်ချင်းနဲ့ ကျုပ်သူငယ်ကြီးပဲလေ။
ရွာထဲဝင်လိုက်ကတည်းက အဘတို့၊ အမေ
တို့ကို မာကြောင်းသာကြောင်းမေးတဲ့သူတွေ၊
ကျုပ်ကို နှုတ်ဆက်တဲ့ လူခင်တွေနဲ့ ပြောရ
ဆိုရတာနဲ့တင် ဘစိုးတို့အိမ်ကို နာရီဝက်
လောက်ကြာမှ ရောက်တာဗျ။

နွားကြီးဘစိုးနဲ့ ဘိုးစိန်မောက်တို့က ဝိုင်းချင်း
ကပ်လျက်လေဗျာ။ ဘိုးစိန်မောက်က ဘစိုး
တို့မြောက်ဘက်က ကပ်လျက်ဝိုင်းပေါ့။ ဘ
စိုးတို့အိမ်မှာဝင်ပြီး ရေနွေးကြမ်းတစ်ခွက်
သောက်တယ်။ ပြီးတော့ ဘစိုးရဲ့အဘနဲ့
အမေကို နှုတ်ဆက်ရတာပေါ့ဗျာ။ ဘိုးစိမ်း
နဲ့ အရီးမြထွေးတို့ကလည်း အဘနဲ့ အမေ့
ကို သတင်းမေးကြလို့ပေါ့။

ဒီဘက်ဝိုင်းမှာ ကျုပ်အသံကြားကတည်းက
မြောက်ဘက်ဝိုင်းက ဘိုးစိန်မောက်ကြီးက
ကျုပ်ကို မျှော်နေတာဗျ။ ကျုပ်နဲ့ ဘစိုး သူ
တို့ ဝိုင်းကို ရောက်တော့ ဘိုးစိန်မောက်က
ပြောသဗျ။

“ငါ့တူ တာတေတို့များကွာ…ကိစ္စရှိမှပဲ ဘိုး
တို့ဆီ ရောက်တော့တာဟေ့၊ အလွှတ်မဲ့လာ
လည်တယ်လို့ကို မရှိပါဘူးကွာ”

ကျုပ်တို့ အညာသားထုံးစံပေါ့ဗျာ။ တွေ့တာ
နဲ့ လွမ်းတော့တာဗျို့။

“မအားလို့ပါ ဘိုးရာ၊ အဘကလည်း အသက်
ကြီးလာပြီဆိုတော့ အဘသက်သာအောင်လို့
ကျုပ်ပဲ ယာကိစ္စ၊ အိမ်ကိစ္စ အကုန်လုပ်နေရ
တာ ဘိုးရဲ့”

“အေး …ဒါတော့လည်း ဟုတ်သားကွ တာ
တေရ။ နို့ မင်းအဘ ကိုဥာဏ်က အသက်
ဘယ်လောက်ရှိပြီတုံး”

“သြော် …ကိုစိန်မောက်ရယ်၊ ကိုဥာဏ်နဲ့
ကျုပ်နဲ့က မီးဝင် မီးထွက်တဲ့တော့၊ ကျုပ်
ခြောက်ဆယ့်ငါးနှစ်ဆိုတော့ ကိုဥာဏ်
လည်း ခြောက်ဆယ်ငါးနှစ်ပေါ့တော့ ”

ဘိုးစိန်မောက်ရဲ့မိန်းမ အရီးမယ်ကျော့က
ဝင်ပြောသဗျ။ အရီးမယ်ကျော့ပြောတဲ့ အ
ဘရဲ့အသက်က ဟုတ်သားဗျ။ ကျုပ်အဘ
အသက်ခြောက်ဆယ့်ငါးနှစ် ရှိပြီလေ။

“အေး…အေး၊ မင်းလိုက်လာတာ တို့ဝမ်းသာ
တယ် တာတေ။ ကဲ…လာ၊ အိမ်ပေါ်တက်”

ကျုပ်နဲ့ ဘစိုး အပေါ်တက်ကို တက်ခဲ့တယ်။
ဘိုးစိန်မောက်က ဒီဘန့်ဘွေးကုန်းမှာ လူ
ချမ်းသာစာရင်းဝင်ဗျ။သူ့သမီးမြစိန်နဲ့ ကျုပ်
ကို သဘောတူသေးတာ။ ကျုပ်ကလည်း
ကျုပ်ရည်းစားလှယဉ် မရှိတော့ကတည်း
က ဒီကိစ္စတွေကို ကျုပ်လုံးဝစိတ်ဝင်စား
တော့ပါဘူးဗျာ။ ကျုပ်ရေးတဲ့ ‘ကဝေပျိုရဲ့
အချစ်’မှာ ကျုပ်ချစ်သူ လှယဉ်အကြောင်း
ခင်ဗျားဖတ်ရမှာပါ။

“ဆရာတော်…ဒါ တပည့်ပြောတဲ့ တာတေ
ဆိုတဲ့ သူငယ်ပါဘုရား”

ကျုပ်တော်တော်အံ့သြသွားတယ်ဗျို့။ ဥပဓိ
ရုပ်ကောင်းကောင်းနဲ့ သျှောင်တစ်စောင်းထုံး
ထားတဲ့ ဆရာကြီးကို ဘိုးစိန်ကဆရာတော်
လို့ခေါ်တာဗျ။ ဘုန်းကြီးတွေကိုဆက်ဆံသ
လိုကို တရိုတသေ ဆက်ဆံတာ။

ဆရာကြီးကလည်း ကြည်ညိုလေးစားစရာ
ဥပဓိရုပ်ပါဗျာ။ ကျုပ်တောင် ဆရာကြီးကို
မြင်မြင်ချင်း ကြည်ညိုလေးစားသွားတာဗျ။

“လူလေး…မောင်တာတေ။ ထိုင်ကွယ်။ မင်း
ကိုတော့ ကျုပ်တပည့်ကိုစိန်မောက်ကလွှတ်
ချီးမွမ်းတာဗျ။ ကျုပ်က ကိုထွန်းတဲ့ လူလေးရဲ့၊
တပည့်တပန်းတွေကတော့ ကျုပ်ကို ပထမံ
ဆရာထွန်းလို့ ခေါ်ကြတယ်ကွဲ့”

“ဟုတ်ကဲ့ပါ ဆရာ”

ကျုပ် ပထမံဆရာထွန်းကို ရိုရိုသေသေ ကန်
တော့လိုက်တယ်။ ကျုပ်ကန်တော့တာတွေ့
တော့ ဘစိုးကလည်း လိုက်တော့တယ်ဗျ။

“နို့ …နေပါဦး မောင်တာတေရဲ့၊ မင်းဆရာ
စိုင်းနွံဖနဲ့ ဆုံကြသေးသလား”

ကျုပ်က ရုတ်တရက်ကြီးမေးလိုက်တဲ့ ပထ
မံဆရာထွန်းရဲ့အမေးကြောင့် ကျုပ်အံ့သြ
သွားတယ်ဗျ။

“မောင်တာတေ မအံ့သြပါနဲ့။ ကျုပ်နဲ့ နွံဖ
ဆရာတစ်ယောက်ဆီမှာ အတူတူ ပညာယူ
ခဲ့ဖူးတဲ့ ပညာညီအစ်ကိုတွေပါ။ မောင့်ဆရာ
ကြီး ဒေါက်တာဦးမင်းအောင်ဆီမှာ သူပညာ
ယူတော့ ကျုပ်ကို ခေါ်သေးတယ်။ ဒါပေမဲ့
ကျုပ်က မလာနိုင်တော့ဘူး”

“သြော်…ဆရာကြီးက ကျုပ်ကို အစကတည်း
က သိနေတာပေါ့”

“ဟုတ်တယ် လူလေး၊ ဆရာနွံဖ ပြောပြလို့
မင်းအကြောင်းကို သိခဲ့ရတာ။ လူကိုတော့
ခုမှပဲ မြင်ဖူးတာပေါ့ကွယ်”

ပထမံဆရာထွန်းက ကျုပ်ဆရာ စိုင်းနွံဖရဲ့
ပညာညီအစ်ကိုပဲဗျာ၊ ကျုပ်ဘာပြောစရာ
လိုတော့မှာတုံး။

“ဒါဆိုရင်တော့ ကျုပ်ဘာလုပ်ပေးရမယ်ဆို
တာသာ ပြောပါ ဆရာ”

“သာဓုကွယ်…သာဓု၊ ဒီသူငယ်က မောင်
ကောင်းစံလို့ ခေါ်တယ်ကွဲ့၊သူ့ကို ဒီည မှော်
တစ်ခုသွင်းပေးချင်လို့ မောင်တာတေရဲ့”

“ဟုတ်ကဲ့ပါ ဆရာ”

“အေး…အစစအရာရာ အဆင်ပြေရင်တော့
ဘာမှ မလိုဘူးပေါ့ကွယ်။ တစ်ခုခုတိမ်းချော်
သွားခဲ့ရင် အန္တရာယ်ကျရောက်လာနိုင်တယ်။
အဲဒါကို မောင်တာတေစောင့်ကြည့်ပြီး အခြေ
အနေ မဟန်ရင် အင်းနဲ့ ပြေးပေါက်လိုက်ဖို့ပါ
ပဲကွယ်၊အဆင်ပြေသွားရင်တော့ ဘာမှလုပ်စ
ရာ မလိုပါဘူး၊ ကျုပ်လည်း ကျီးမနိုးခင်ရောက်
လာမှာပါ။တစ်ညလုံးလည်း ကျုပ်အိပ်မှာမဟုတ်
ပါဘူး။ တပည့်စိန်မောက်ရဲ့ ဘုရားခန်းမှာ တစ်
ညလုံး ပုတီးစိပ်နေမှာပါ။ ခက်တာက ဒီအစီ
အရင်မှာ ဆရာလုပ်တဲ့သူက စောင့်မနေရဘူး
ကွဲ့။ ဒါကြောင့် မောင်တာတေကို အကူအညီ
တောင်းရတာပါကွယ်”

“ဟာ…ရပါတယ် ဆရာကြီး။ ကျုပ်ကို အား
မနာပါနဲ့။ဆရာကြီးကို ကူညီရတာဟာ ကျုပ်
အတွက်တော့ ဆရာနွံဖကို ကူညီတာနဲ့
အတူတူပါပဲဗျာ”

“အေး…သာဓု…သာဓု…သာဓု”

ည ၆ နာရီလောက်မှာ ကျုပ်တို့ တောထဲ
ရောက်တယ်။ မှော်သွင်းမယ့် ကိုကောင်း
စံဆိုတာက အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါးဗျ။
မျက်လုံး၊ မျက်ခုံး၊ နှာတံကအစ တော်တော်
ပြေပြစ်တဲ့လူ။ လူက ခပ်အေးအေးဗျာ။ ဒါပေ
မဲ့ စိတ်က တော်တော်ထက်မယ့်ပုံ။ တစ်ခုခု
ကို လုပ်ပြီဆိုရင် နောက်မဆုတ်တမ်းလုပ်
မယ့် မျက်နှာမျိုးဗျ။

ပထမံဆရာထွန်း၊ ဘိုးစိန်မောက်၊ ကိုကောင်း
စံ၊ ဘစိုးနဲ့ ကျုပ်ပေါ့ဗျာ။ တောထဲမှာ မှောင်
နေပြီဗျ။ ဆရာကြီးက သူကြိုတင်ရွေးချယ်
ထားတဲ့ ညောင်ကြပ်ပင်ကြီးဆီကို ဦးတည်
သွားတယ်။ နွားကြီးဘစိုးက ပခုံးပေါ်မှာ ကန်
တော့ပွဲတစ်လုံး ထမ်းလို့ဗျ။ ညောင်ကြပ်ပင်
ကြီးကို သုံးပတ်ပတ်ပြီး ဆရာကြီးက ဂါထာ
မန္တန်တွေ ရွတ်တယ်။

သစ်ပင်ကြီးရဲ့ အရှေ့ဘက် မြေပြောင်က
လေးမှာ ကိုကောင်းစံကို တင်ပျဉ်ခွေ ထိုင်
ခိုင်းတယ်။အောက်မှာ ဘာမှမခင်းရဘူး။
မြေကြီးပေါ်မှာပဲထိုင်ရတာ။ကိုကောင်းစံက
အပေါ်အဖြူ၊အောက်အဖြူဝတ်ပြီး ခေါင်းမှာ
ပဝါအဖြူပေါင်းထားတယ်။ သူ့လွယ်အိတ်
ထဲက အသင့်ပါလာတဲ့ စိပ်ပုတီးကို ထုတ်
လိုက်တယ်။

ဆရာကြီးက အသင့်ယူလာတဲ့ ပိတ်ဖြူနဲ့
ပိတ်နီစကို ကိုကောင်းစံရှေ့မှာ ဖြန့်ခင်း
တယ်။ အနီကအောက်၊ အဖြူက အပေါ်
ကဗျ။ဒါပေမဲ့ အနီစကကြီးတော့ အနီရော၊
အဖြူရော နှစ်ရောင်ပေါ်နေတယ်။

“ဟောဒီမှာ ဖယောင်းတိုင်ထုပ်တွေ၊ ဟောဒီ
မှာ မီးခြစ်။ ဖယောင်းတိုင်ကို မြေကြီးမှာပဲ
စိုက်ထွန်း။ ကြိုက်သလောက် ထွန်းနိုင်တယ်။
ပွဲပေါ်မှာတော့ မထွန်းနဲ့။ ကျုပ်ရောက်လာမှ
ကျီးမနိုး ထန်းရွက်မီးစာနဲ့ ဖယောင်းတိုင်ကို
ပွဲပေါ်မှာထွန်းမယ်။ဘာမှမကြောက်နဲ့ တပည့်။
ဘာပဲမြင်မြင်၊ ဘာပဲကြားကြား မလန့်နဲ့။ကိုယ်
အလုပ်ကိုသာလုပ်။ အေး…သတိထားရမှာက
တော့ ဆရာကြီးတားပေးတဲ့ စည်းကိုတော့
ပေါက်မသွားစေနဲ့။ကြားလား မောင်ကောင်း”

အားလုံးပြောဆို မှာကြားပြီးတော့မှ ဆရာကြီး
က ဂါထာတွေရွတ်ပြီး စည်းဝိုင်းတားတယ်။

“ကဲ…မောင်တာတေ၊ မင်းနေရမယ့်နေရာ
ဆရာကြီး ကြည့်ပြီးသား။ လာခဲ့ …”

ပြောပြောဆိုဆိုနဲ့ ဆရာကြီးက ရှေ့ကသွား၊
ကျုပ်တို့က နောက်ကလိုက်ပေါ့ဗျာ။ မျောက်
ငိုပင်ကြီးတစ်ပင်အောက်မှာ ကျုပ်ကိုထိုင်ခိုင်း
ပြီး ဆရာကြီးက အင်းတစ်ချပ်အပ်တယ်။ပြီး
တော့ ကျုပ်ကိုတော့ စည်းချပေးတယ်။ ကျုပ်
သိပြီးသားဗျ။ဒီလိုကိစ္စကြီးမျိုးမှာ ရေမသောက်
ရဘူး။ဆီးမသွားရဘူး၊ အစားအသောက် မစား
ရဘူး။ ဒါတော့ ကိုကောင်းစံက ကျင့်ပြီးသား
နေမှာပေါ့ဗျာ။

ကျုပ်ကတော့ ဆရာကြီးတွေနဲ့ လိုက်ဖူးခဲ့
တော့ ဒါတွေ အကျင့်ရနေပါပြီ။ ကျုပ်နေတဲ့
မျောက်ငိုပင်ကနေ လှမ်းကြည့်ရင် ကိုကောင်း
စံကို အထင်းသားတွေ့နေရတယ်။ ကျုပ်ရှိတဲ့
နေရာက ကမူကလေးပေါ်မှာဗျ။

အပေါ်စီးက မြင်နေရတာပေါ့ဗျာ။ ကိုကောင်း
စံလည်း မီးထွန်းပြီ။ ဆရာကြီးတို့လည်း ပြန်
သွားကြပြီ။ တောကြီးတစ်ခုလုံး ကျုပ်နဲ့ ကို
ကောင်းစံ နှစ်ယောက်ပဲ ရှိတာပေါ့ဗျာ။ကျုပ်
ကတော့ ဒီမလာခင် ဘစိုးတို့အိမ်သွားပြီး
မျက်ကွင်းဆေး ကွင်းခဲ့တာလေဗျာ။

တောကြက်တွန်သံ၊ မျောက်အူသံ၊ တခြား
ငှက်တွေရဲ့ အသံနဲ့ စောစောက ဆူညံနေ
တဲ့ တောကြီးဟာ တစ်စတစ်စ တိတ်လာ
ရောဗျို့။ ဖယောင်းတိုင်နှစ်တိုင်ထွန်းထား
တော့ ကိုကောင်းစံကို ကျုပ်ကောင်းကောင်း
မြင်နေရတာပေါ့ဗျာ။ကိုကောင်းစံကတော့
ပုတီးကို တစ်ပတ်ပြီးတစ်ပတ် စိပ်နေပုံပဲဗျ။
သန်းခေါင်အထိတော့ ဘာမှမထူးခြားပါ
ဘူးဗျာ။

“ဝီး…ဝီး…ဝီး…ဝီး…”

ဟော…လေအေးကြီးတိုက်လာပြီဗျို့။

“ဖျန်း…ဖျန်း…ဖျန်း…ဖျန်း”

သစ်ရွက်တွေအချင်းချင်း ပွတ်တဲ့ အသံတွေ
နဲ့ တောကြီးဟာ သဲခနဲ ဖြစ်သွားတယ်။

“ဝေါ …ဖျတ်…ဖျတ်…ဖျတ်…ဖျတ်”

“အာ…အာ…အာ…အာ…”

ဟာ…ကျီးတွေ ပြိုပြီဗျို့။ ကျုပ်တောင် ကျော
ထဲ စိမ့်ခနဲ ဖြစ်သွားတယ်။

“ဘုန်း…ဘုန်း…ဘုန်း…ဘုန်း”

ဟော…ခြေသံကြီးဗျ။ နည်းနည်းနောနော
အသံကြီး မဟုတ်ဘူးဗျ။ ကျုပ်သေသေချာ
ချာ ကြည့်တယ်။ ကျုပ်ထိုင်နေတဲ့ နေရာက
မြရာပင်တွေ ပေါက်နေတော့ ကျုပ်ကို ဘယ်
သူမှ မမြင်နိုင်ဘူးလေဗျာ။ဟာ…နည်းတဲ့ အ
ကောင်ကြီးမှ မဟုတ်တာဗျာ။ ကြယ်ရောင်
တွေနဲ့ မြင်ရတာဗျ။

“ဘုန်း…ဘုန်း…ဘုန်း…ဘုန်း”

ကိုကောင်းစံရဲ့ နောက်ကျောဘက်က လာ
နေတာဗျ။ ကိုကောင်းစံကတော့ ပုတီးကိုပဲ မဲ
ပြီးစိမ်နေတာဗျို့။နည်းနည်းမှကို တုန်လှုပ်တာ မတွေ့ရဘူးဗျ။ဟာသစ်ပင်တွေတောင် မလွတ်
ဘူးဗျို့။ အရပ်ကြီးက ဆယ့်ငါးပေလောက် ရှိ
မယ်။ ကိုယ်လုံးကြီးက စပါးတစ်ရာထည့်တဲ့
ပုတ်ကြီးတစ်လုံးစာလောက် ရှိတယ်ဗျို့။

မျက်လုံးကြီးတွေက လင်းကွင်းလောက် နီနီ
ကြီးတွေဗျ။ ပါးစပ်ထဲက လျှာကြီးက ဖျာလိပ်
ကြီးလို လိပ်ပြီး တွဲလောင်းကျနေတယ်။တစ်
ကိုယ်လုံးမှာ တစ်တောင်လောက်ရှည်တဲ့ အ
မွေးတွေ ဖုံးလို့ဗျ။

“ဟီး…ဟီး…ဟီး…ဂီး…ဂီး”

အောင်မယ်လေး …ဒီကောင်ကြီးအော်တဲ့
အသံကြီးက တောကြီးထဲမှာ ဟိန်းထွက်
သွားတာဗျို့။ ကျုပ်ဖြင့် မြရာပင်တွေကွယ်
ပြီး ခေါင်းငုံ့ပုန်းလိုက်မိတယ်။ အကောင်ကြီး
က ကိုကောင်းစံကို သေသေချာချာ ရပ်ကြည့်
ပြီး မြေကြီးမှာ ခြေဆောင့်နေတယ်ဗျ။

“ဘုန်း…ဘုန်း…ဘုန်း”

ကိုကောင်းစံက လှုပ်တောင်မလှုပ်ဘူးဗျ။
နောက်တော့ ဒီကောင်ကြီး ထွက်သွားတယ်။

“ဝေါင်း…ဝေါင်း…ဝေါင်း”

ဟာ…ကျားကြီးနှစ်ကောင်ဗျို့။ တောထဲက
ထွက်လာကြတာ။ နှစ်ကောင်လုံး ကိုးတောင်
ဘယ်ကလိမ့်မတုံးဗျာ။ဆယ့်နှစ်တောင်လောက်
ရှိတဲ့ အကောင်ကြီးတွေဗျ။ အောင်မလေးဗျ။
ဒီတစ်ခါတော့ ကိုကောင်းစံ သွားပြီလို့ ကျုပ်
စိတ်ထဲမှာ တွေးလိုက်တာပေါ့ဗျာ။

ကျားနှစ်ကောင်က အစွယ်ကြီးတွေ ဖွေးဖွေး
ကြီးတွေနဲ့ဗျ။ နှစ်ကောင်လုံးကိုကောင်းစံကို
ဝိုင်းထားတဲ့ စည်းဝိုင်းရဲ့ဘေး တစ်တောင်ကွာ
လောက်ကနေ ပတ်ပြီး ဟိန်းနေကြတာဗျို့။

“ဝေါင်း…ဝေါင်း…ဝေါင်း”

ကျားဟိန်းသံကြီးက ကျုပ်တောင် နားကွဲ
မတတ် ခံစားနေရတာဗျာ။ အနားမှာကပ်ပြီး
အဟိန်းခံနေရတဲ့ ကိုကောင်းစံတစ်ယောက်
အသက်မှ ရှိသေးရဲ့လားလို့ ကျုပ်စိတ်ပူလိုက်
တာဗျာ။ ဟော …သွားပြန်ပြီဗျို့။

“ရွှီ…ရွှီ…ရွှီ”

ဟာ…ဒီတစ်ခါ အပေါ်က ကြားတာဗျ။ ဘာ
တုံးဗျာ အောက်ကို ကျလာတာ။ ဟင် ဇော်
ဂျီတစ်ပါးပဲဗျ။

“ဟား…ဟား…ဟား…ဟား…လူလေး…မောင်
ကောင်းစံ၊ မင်းဟာ သနားဖို့ကောင်းလိုက်တာ
လေကွယ်။ မင်းဆရာဆိုတဲ့ ငထွန်းက လူလိမ်
ကွ။ မင်းတော့ ဒုက္ခဖြစ်တော့မယ်။ အခုချက်
ချင်း စည်းဝိုင်းထဲက ထွက်ပြီး ငါနဲ့ လိုက်ခဲ့ပေ
တော့။ မင်းကို တပည့်အဖြစ်ထားပြီး ပညာ
တွေ ကုန်စင်အောင် သင်ပေးမယ်။ ကဲ…ထ
ပေတော့ ငါ့တပည့် မောင်ကောင်းစံ”

တကယ်ဇော်ဂျီလား၊ အယောင်ဆောင်ထား
တဲ့ တစ္ဆေတစ်ကောင်လားတော့ မသိဘူးဗျ။
ကိုကောင်းစံကတော့ မျက်စိတောင် ဖွင့်မ
ကြည့်ဘူးဗျို့။ ပုတီးကိုသာ မနားတမ်းစိပ်နေ
တော့တာဗျ။ ဟော…သွားပြန်ပြီဗျာ။ ဇော်ဂျီ
ပျောက်သွားပြန်ပြီ။ အချိန်ကလည်း တဖြည်း
ဖြည်း အရုဏ်နီးလာပြီပေါ့ဗျာ။

“ဟီ…ဟီ…ဟီ…ဟင့်…ဟင့် …”

ဟာ…မွှေးလိုက်တာဗျာ။ ဘယ်လိုမွှေးတဲ့
အနံ့မျိုးတုံးဗျာ။ တစ်တောလုံးကို မွှေးတာဗျ။
ရယ်သံကလည်း မိန်းမရယ်သံဗျ။ တကယ့်
ဆွဲလွဲသံ လွင်လွင်လေးပါဗျာ။

ဟော…မြင်ရပြီ။ ကြည့်စမ်း၊ ကိုကောင်းစံရဲ့
စည်းဝိုင်းနားကိုတောင် ကပ်လို့ဗျ။ ကိုကောင်း
စံထွန်းထားတဲ့ ဖယောင်းတိုင်မီးရောင်နဲ့ ကျုပ်
လှမ်းမြင်ရတာ။ လှလိုက်တဲ့မိန်းမဗျာ။ နတ်သ
မီးများလားလို့တောင် ကျုပ်က ထင်သွားတာ
ဗျို့။ မွှေးလိုက်တာလည်း တစ်တောလုံးပါဗျာ။
ကျုပ်ကြည့်နေတာ ကိုကောင်းစံက ပုတီးစိပ်
ကို မရပ်ဘဲ ဖယောင်းတိုင်ကို တစ်တိုင်ပြီး
တစ်တိုင် မီးမပြတ်ထွန်းပေးနေတာဗျ။

“မောင်တော်ဘုရား…သိုက်နန်းကို အုပ်ချုပ်
ဖို့ နှမနဲ့အတူ ကြွမြန်းပါဘုရား၊ နှမနဲ့ ရာသက်
ပန် ပေါင်းဖက်ရင်း သိုက်နန်းကြီးကို အုပ်ချုပ်
ကြမယ် မောင်တော်။ နှမလေးရဲ့လား မော့
ပြီး ရှုစားပါဦး မောင်တော်ရယ်”

တကယ်လူဗျာ။ မိန်းမချောလေးက အသံ
အမျိုးမျိုးနဲ့ ညုတခရာပြောပေမဲ့ ဒီလူက
မျက်စိကို စုံပိတ်ထားတာဗျ။ တစ်ချက်ဖွင့်
မကြည့်ဘူး။ ပုတီးပဲ စိပ်နေတာ။ နောက်
တော့ သိုက်နန်းရှင်မလည်း လက်လျော့
ပြီး ပျောက်သွားရောဗျို့။

“ပြတ်…ပြတ်…ပြတ်”

ဟာ…ဘာတုံးဟ။ ကိုကောင်းစံရဲ့နောက်က
ညောင်ကြတ်ပင်ကြီးအပေါ်ကကြားလိုက်တဲ့
အသံဗျ။ ကိုင်းတွေ လှုပ်သွားတယ်။ ဟာ…
ဖြူဖြူကြီးဗျ။

“ဘုတ်”

ဟော…သစ်ပင်ပေါ်က ခုန်ဆင်းလာတာဗျို့။
ဘာပါလိမ့်။ ဟာ…အဖြူရောင်အဝတ်အစား
နဲ့ဗျ။

“ကောင်းစံ …မင်းနဲ့ငါ မိတ်ဆွေတွေ ဖြစ်ပါပြီ။
မင်း ငါ့ကို မျက်စိဖွင့်ကြည့်လို့ရတယ်လေ။
ကြည့်ပါ…”

သြော်…လက်စသတ်တော့ ဆရာထွန်းအလုပ်
လုပ်တာ သူနဲ့ကိုးဗျ။ သူက အခုမှ ရောက်လာ
တာပဲ။ ကျုပ်တို့လူ ကိုကောင်းစံကတော့ဗျာ
မျက်စိဖွင့်ကြည့်ဖို့ ဝေးသေးတယ်၊

ခေါင်းတောင် မော့မလာပါဘူးဗျ။

“ငါက ရုက္ခစိုးတော့ မဟုတ်ဘူး။ တစ္ဆေကြီး
တစ်ကောင်ပါ။ ဒါပေမဲ့ ငါ့ရဲ့ကမ္မဇိဒ္ဓိဟာ
တော်ရုံရုက္ခစိုးကို ယှဉ်နိုင်တယ်ကွ။ မင်းကို
ငါစောင့်ရှောက်မယ်။ ငါလည်း လူတွေကြား
မှာ နေချင်နေတာကွ ကောင်းစံရ။အခုတော့
မင်းရော၊ ငါရော အဆင်ပြေသွားပြီပေါ့ကွာ”

“မောင်တာတေ…မောင်တာတေ”

ဟော…ဆရာကြီးလာပြီ။ ကျုပ်နောက်က
လှမ်းခေါ်တာဗျ။ အသံက ခပ်အုပ်အုပ်ပဲ ။
ဟာ…တစ္ဆေဖြူကြီး ပျောက်သွားပြီဗျို့။ဆ
ရာကြီးအသံ ကြားသွားလို့ဖြစ်မယ်ဗျ။ ဆ
ရာကြီး ကျုပ်အနားကို ရောက်လာတယ်။
ဘိုးစိန်မောက်လည်း ပါတယ်။ ဘစိုးတော့
ပါမလာတော့ဘူးဗျ။

“ဘယ်လိုတုံး မောင်တာတေ၊ ဘာတွေထူးတုံး”

“ဆရာကြီးတပည့် အောင်သွားပြီဗျ။ တစ်ည
လုံး သူ့ကို ခြောက်လိုက် လှန့်လိုက်တာဗျာ။
ဒီလူက ဖြုံတောင် မဖြုံဘူး။ စောစောကတော့
သစ်ပင်ကြီးပေါ်က တစ္ဆေဖြူကြီးဆင်းလာပြီး
ကိုကောင်းစံကို သူမိတ်ဆွေအဖြစ်သတ်မှတ်
ကြောင်း ပြောသွားတယ်ဗျ”

“ဟာ…ဒါဆို အောင်ပြီပေါ့ကွာ။ ကဲ…လာ၊
အုန်းသီး ခွဲကြရအောင်”

အုန်းသီးစိမ်းကို ထိပ်ဖွင့်တယ်။ အပေါ်မှာ
အစီအမံလုပ်ထားတဲ့ ဖယောင်းတိုင်ကို ထွန်း
တယ်။ ကိုကောင်းစံက ဂါထာကို မနားတမ်း
ရွတ်ပြီး မီးခိုးမှိုင်းတွေကို ပါးစပ်နဲ့ ရှိုက်ရှိုက်
ပြီး ရှူသွင်းတယ်။ ဂါထာကိုလည်း မနားတမ်း
ရွတ်ရတာဗျ။ ကျုပ်တို့က ကျုပ်တစ်ညလုံး
ထိုင်နေတဲ့ မျောက်ငိုပင်ကြီးအောက်ကပဲ
ကြည့်နေကြတာ။

ဒီအဆင့်မှာ စည်းဝိုင်းမလိုတော့ဘူးဗျ။
ဖယောင်းတိုင်ကုန်တော့ မှိုင်းတွေ၊ ပြာ
တွေ၊ ဖယောင်းစက်တွေကို အုန်းသီးထဲ
ထည့်ပြီး အုန်းရည်ကို ကုန်အောင်သောက်
ရတာပေါ့ဗျာ။

“အောင်ပြီ…အောင်ပြီ…အောင်ပြီ”

ဆရာထွန်းအော်ခိုင်းတဲ့အတိုင်း ကိုကောင်း
စံက အော်လိုက်တယ်။ ရွာပြန်ရောက်တော့
ကိုကောင်းစံကို ဆရာထွန်းက တကယ်အောင်
မအောင် ပညာစစ်တယ်။ လက်ပြန်ကြိုးတုပ်
တယ်။ ကြိုးက အလိုလိုပြတ်ထွက်သွားတယ်။

အခန်းထဲထည့်ပြီး အပြင်က သော့ခတ်တယ်။
ကိုကောင်းစံက အပြင်ရောက်နေတယ်။ ပြီး
တော့ ကိုကောင်းစံက ကျုပ်စားဖို့ ခေါက်ဆွဲ
ကြော်ပူပူနွေးနွေး လှမ်းယူပြီး ကျုပ်ကို ကျွေး
တယ်။ ကျုပ်လည်း တစ်ညလုံးဆာနေတော့
ကြိတ်ပစ်လိုက်တော့တာပေါ့ဗျာ။

နောက်ထပ် အစွမ်းတွေကို အများကြီးပြတာ
ဗျ။ ကိုကောင်းစံ တကယ်အောင်သွားတာပါ။
တစ္ဆေမှော် အောင်သွားတာပေါ့ဗျာ။

နောက်နှစ်နှစ်လောက်ကြာတော့ မန္တလေး
ဘက်မှာ ဘိုးတော်ကောင်းဆိုပြီး အလွန်
ကျော်ကြားတဲ့လူတစ်ယောက် နာမည်
ကျော်လာတော့တာပေါ့ဗျာ။

ကျုပ်နဲ့တော့ တစ်ခါမှ မဆုံဖြစ်တော့ပါဘူးဗျာ
…။ ။

ပြီးပါပြီ

#ပလက်ခpageမှတစ်ဆင့်ကူးယူဖော်ပြသည်
မူရင်းရေးသူ ဆရာ တာတေ

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ

Credit

စာဖတ်သူများ စိတ်ရွှင်လန်းပါဇေ