တစ်ဖက်အခန်းကခေါ်သံ(စ/ဆုံး)
———————————
လင်းသန့် က ယောကျာ်းလေးဆိုပေမယ့် သူနာပြုတစ်ယောက်ဖြစ်ဖို့အတွက်
သူနာပြုသင်တန်းကျောင်းသားတစ်ယောက်ပါ ။ ငယ်ငယ်ကတည်းက ဖြစ်ချင်ခဲ့တာ
ဆရာ၀န်… ၊ ဆယ်တန်းအမှတ်ကောင်းပေမယ့် ကံဆိုးစွာ လင်းသန့် တို့နှစ်ရောက်မှ
ဆေး အမှတ်တွေက မြင့်သွားခဲ့တော့ လင်းသန့်ခင်ဗျာ… ဝါသနာနဲ့အနီးစပ်ဆုံးဖြစ်တဲ့
သူနာပြုတက္ကသိုလ်ကို တက်ဖြစ်သွားခဲ့တယ် ။ လားရှိုးဆိုတဲ့ မြို့လေးက
သူနာပြုသင်တန်းကျောင်းသားတစ်ယောက်ဆိုရင် လည်း မမှားနိုင်ပါဘူး ။
အဆောင်နေကျောင်းသားဆိုတော့ သူနာပြုတွေနေတဲ့
လားရှိုးဆေးရုံကြီး၀င်းထဲက ၀န်ထမ်းအိမ်ယာမှာနေရတယ် ၊ အဆောင်ကကြီးပေမယ့်
လင်းသန့်တို့နေတဲ့ အဆောင်မှာတော့ အခန်းပေါင်း ၃ ခန်းပဲရှိတယ် ၊ ၃ခန်းထဲက
အလယ်အခန်းမှာ လင်းသန့် နေတယ် ၊ ဘယ်ဘက်အခန်းမှာ လင်းသန့်အထက်က
စီနီယာ အစ်ကိုတစ်ယောက်နေတယ် ၊ ညာဘက်အခန်းမှာတော့ မိန်းကလေး
စီနီယာ အစ်မ နှစ်ယောက် အတူတူနေကြတယ် ။
တစ်နေ့ ညာဘက်အခန်းက လင်းသန့် ရဲ့ စီနီယာ အစ်မနှစ်ယောက်ထဲက
စုမြတ်ဆိုတဲ့ အစ်မ တစ်ယောက်က သူ့အမေရုတ်တရက်ဆုံးသွားတယ်ဆိုလို့
အဆောင်ကနေ အိမ်ကိုအသည်းအသန်ပြန်သွားတယ် ၊ မမွန်ဆိုတဲ့
အစ်မတစ်ယောက်ပဲ ကျန်ခဲ့တဲ့နေ့ ၊ မမွန်ကလည်း ဆေးရုံမှာ ဂျူတီမထွက်သေးဘူး ။
ဖြစ်ချင်တော့ ညဘက်ကြီးအချိန်မတော် လင်းသန့် ကလည်း
ဗိုက်ဆာလို့ ခေါက်ဆွဲထပြုတ်နေတဲ့အချိန် ၊ ခေါင်းဆွဲပြုတ်တဲ့ မီးဖိုခန်း နေရာကလည်း
မမွန်တို့ မိန်းကလေးအခန်းဘေးမှာဖြစ်နေတယ် ၊ လင်းသန့် လည်း
ခေါင်းဆွဲပြုတ် ထားရင်းကြက်ဥလေးပါ ထည့်မလို့ ကြက်ဥခွဲမယ်လုပ်တုန်းရှိသေး
မမွန်တို့ မိန်းကလေးအခန်းထဲကနေ မိန်းမတစ်ယောက်အသံကြားလိုက်ရတယ်…
“ မမွန်ရှိလား ” တဲ့….
အသံရှင်က သူ့ကို လှမ်းမေးတာသေချာတယ်… လင်းသန့်လည်း
ရုတ်တရက်ဆိုတော့ ကြောင်သွားတယ်…. ဘာလည်းပေါ့…
စဉ်းစားကြည့်လေ မစုမြတ် နဲ့ မမွန်တို့မိန်းကလေးနှစ်ယောက်အတူနေကြတဲ့အခန်းမှာ
မစုမြတ်က အိမ်ပြန်သွားတော့ မမွန်တစ်ယောက်တည်းကျန်ခဲ့တယ် ၊
ကျန်ခဲ့တဲ့ မမွန်ကလည်း ဆေးရုံမှာ ဂျူတီ၀င်နေရတဲ့အချိန် ၊ တစ်ခြားအခန်းကလည်းမဟုတ် …
မမွန်တို့အခန်းကပဲ…. “ မမွန်ရှိလား ” ဆိုပြီး လှမ်းမေးတော့ လင်းသန့် မကြောင်နိုင်ရို့လား ။
ကြောင်ပြီး “ ဗျာ !!!! ” လို့ ပြန်ထူးလိုက်ပြီးတော့ ခွဲမယ်လို့ကြံထားတဲ့
ကြက်ဥလေးကိုင်ရင်း လင်းသန့်တစ်ယောက် စက္ကန့်၀က်ကျော်ကျော်လောက်အထိ
ဆွံ့အ ငြိမ်သပ်သွားမိပြီးနောက်မှ “ သြော်…ဟိုဘက်ခန်းမှာ မမွန်ရဲ့
အမျိုးတွေဘာတွေရောက်နေတာထင်တယ် ” ဆိုတဲ့ အသိတစ်ခု၀င်သွားတယ် ၊
သူတို့အမျိုးတွေကလည် မကြာခဏလာတတ်တယ်လေ… ၊
အဲ့ဒါနဲ့ လင်းသန့် လည်း သူ့ကိုမေးတဲ့တစ်ဖက်ခန်းကသူကို ပြန်ဖြေလိုက်တယ် ….
“ မမွန်က ဂျူတီ၀င်နေရတယ်ခင်ဗျ..ခဏနေပြန်လာလိမ့်မယ် ” ဆိုပြီး
ပြန်ဖြေလိုက်တယ် … အဲ့ကျတော့လည်း တစ်ဖက်ခန်းက ဘာမှပြန်မပြောတော့ပဲ
အသက်ငင်သလို သက်ပြင်းချလိုက်တဲ့ အသံကြီးတစ်ချက်ကြားလိုက်ရတယ် … ။
အဲ့ဒီ အသက်ငင်သလိုလို ၊ လေချဉ်တတ်သလိုလို ၊ သက်ပြင်းချသလိုလို
အသံကြီး ကြားလိုက်ရမှ လင်းသန့်တစ်ကိုယ်လုံး ဘယ်လိုခံစားချက်ကြီးမှန်းမသိလောက်အောင်
ကြက်သီးမွှေးညှင်းတွေထပြီး တစ်ကိုယ်လုံးအေးစိမ့်သွားတာနဲ့ တုန်တက်သွားပါမိတယ် …
တစ်ဆက်တည်းဆိုသလို နှာခေါင်းထဲ အပုတ်နံ့ကြီးကလည်း လှိုင်ခနဲ ၀င်လာသေးတယ်
ဘယ်ကလာတဲ့အနံ့ကြီးမှန်းမသိဘူး ပုတ်ဟောင်နောတာပဲ ဒါပေမယ့် ထူးထူးခြားခြား
တစ်ချက်ပဲအနံ့ရပြီး ချက်ချင်းပြန်ပျောက်သွားတယ် … ။
လင်းသန့် လည်း အန်ချင်နေတဲ့စိတ်ကို ပြန်ထိန်း ……
သက်ပြင်းတစ်ချက်ချလိုက်ရင်း အာရုံပြောင်းတဲ့အနေနဲ့
ခေါက်ဆွဲထဲကို လက်ထဲက ကြက်ဥလေးခွဲထည့်ပစ်လိုက်တယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ မမွန်…ပြန်လာပြီလား…. ဒီညနောက်ကျတယ်နော် ”
“ အေးဟယ်…ဆေးရုံမှာ ဆိုင်ကယ်မှောက်တဲ့ အရေးပေါ်လူနာတစ်ယောက်ရောက်လာလို့
အသည်းအသန်ကယ်နေရတယ် … ၊ စိတ်မကောင်းစရာပဲ အသက်တော့ ကယ်မရလိုက်ဘူး ”
ပြောပြောဆိုဆိုနဲ့ မမွန်က သူ့အခန်းထဲ၀င်ဖို့လုပ်နေတုန်း လင်းသန့်က
“ သြော်ဒါနဲ့ မမွန်အမျိုးတွေရောက်နေတာလား..
ဘယ်တုန်းကရောက်နေကြတာလည်း…ကျွန်တော်အတန်းတက်သွားနေတုန်း
ထင်တယ်…. ”
လင်းသန့် စကားကို မမွန်က မျက်လုံးပြူးမျက်စံပြူးလေးနဲ့ပြန်ကြည့်ရင်း
“ ဟင်…ဘယ်သူလဲ ….မရောက်ပါဘူး…ဘယ်အမျိုးမှမလာဘူးနော် …
ဟဲ့..ကောင်စုတ်လေး….နင်နော်….ငါ့ဟာငါတောင် စုမြတ်မရှိလို့တစ်ယောက်အိပ်ရမှာ
ကြောက်နေတာ နင်က လာစနေသေးတယ် ”
မမွန်ပြောတော့မှ လင်းသန့် လည်း ပိုအံ့သြသွားပြီးတော့…
“ ဟင်း….ဒါဆို မမွန်တို့အခန်းထဲက အမျိုးသမီးက ဘယ်သူလဲ … ”
“ ဟဲ့ သေနာလေး….ဘယ်က အမျိုးသမီးလဲ…နင်နော်…
ငါကြောက်တတ်ပါတယ်ဆို ”
“ ဟာ…. ဒါဆို..ဒါ..ဒါဆို ”
လင်းသန့် ပြောပြောဆိုဆိုနဲ့ သူ့ရဲ့ဘယ်ဘက်က စီနီယာကြီးအခန်းထဲကို
ခြေကုန်သုတ်ပြေး၀င်လိုက်တော့တယ်… လင်းသန့်ကရုတ်တရက်ထပြေးတော့
မမွန်ကလည်း အနောက်က ခြေရာအတိုင်း ထပ်ကြပ်မခွာ ပြေးလိုက်လာပါလေရော… ၊
နှစ်ယောက်သား စီနီယာအစ်ကိုကြီးအခန်းထဲရောက်သွားတော့ အခန်းထဲက
အစ်ကိုကြီးက လန့်သွားပြီး…
“ ဟဲ့ ဒီကလေး ဘာဖြစ်ကြတာလဲ….ငါ့လည်း ပြောကြပါဦးဟ..
ဘာလဲ မီးလား…မီးလောင်လို့လား…. ”
မေးနေတဲ့ စီနီယာအစ်ကို အမေးကို ချက်ချင်းမဖြေနိုင်သေးပဲ လင်းသန့်
အခန်းအ၀ကို ကျောမလုံသလိုနဲ့ လှမ်းကြည့်လိုက်မိတယ် ၊ လင်းသန့်ရဲ့
ပြူးပြူးပြဲပြဲ အမူအရာတွေကြောင့် မမွန်တစ်ယောက် ပိုပြီး ကြောက်သွားမိနေတုန်း…
လင်းသန့်က
“ ဟောဟဲ..ဟောဟဲ…. ကျွန်တော်ပြောတာ ယုံပေးပါ..
ကျွန်တော် အစအနောက်သန်တယ်ဆိုပေမယ့်
ဒီတစ်ခါတကယ်ပြောတာပါ… ”
စီနီယာအစ်ကိုကလည်း
“ အေး…ပြောလေငါ့ညီရ ဘာဖြစ်လာတာတုန်းဟ ”
လင်းသန့် လည်း ဖြစ်ကြောင်းကုန်စင်ပြောတော့တာပဲ
“ မမွန်ပြန်မလာခင်က မမွန်အခန်းထဲကနေ ကျွန်တော် ကြားဖူးနေကျ
မိန်းမတစ်ယောက်အသံနဲ့ မမွန်ရှိလားဆိုပြီးလှမ်းမေးတာကို ကြားလိုက်ရတယ် ၊
ကျွန်တော်လည်း ရုတ်တရက်ဆိုတော့ ပြန်မဖြေသေးဘူး..နောက်တော့
စဉ်းစားကြည့်တော့ မမွန်အမျိုးတွေများ ရောက်နေကြတာလားဆိုပြီး
တွေးမိတော့ မရှိတဲ့အကြောင်းပြန်ပြောပြလိုက်တယ်… အခု မမွန်ပြန်လာတော့
မေးကြည့်တော့ ဘယ်အမျိုးမှ မလာဘူးတဲ့ …. ၊ သူ့အခန်းကလည်း တံခါးပိတ်လျှက်သားကြီး…. ”
လင်းသန့် က မမွန်ရှိလားလို့လူမရှိတဲ့အခန်းက မေးတဲ့အကြောင်းကို
သေချာရှင်းပြလိုက်မှ မမွန်လည်း တကယ့်ကို ကြောက်လန့်သွားပြီး
နေစရာမရလောက်တဲ့အထိ ဖြစ်သွားတော့တယ် ။
စီနီယာအစ်ကိုကတော့ သူတို့လို ကြောက်မနေပဲ
“ ဟ…သူခိုးတွေဘာတွေဆို ဘယ်လိုလုပ်မလည်း…
လာလာ မြန်မြန်သွားစစ်ရအောင် ”
ပြောပြောဆိုဆိုနဲ့ စီနီယာအစ်ကိုက အနီးအနားက
တုတ်ချောင်းတစ်ချာင်းကို ကိုင်ရင်း မမွန်အခန်းကို သွားပါလေရော
မမွန် နဲ့ လင်းသန့် တို့ နှစ်ယောက်က အနောက်က ကုတ်ကုတ်လေး
လိုက်သွားကြတယ် … ၊ အခန်းရှေ့ရောက်တော့ မမွန်က အခန်းသော့ကိုဖွင့် …
မီးလေးထွန်းပြီး အခန်းထဲ ၀င်သွားကြည့်တော့…. အခန်းထဲမှာ ဘယ်သူမှရှိမနေဘူး
မမွန်ကို ဘာပစ္စည်းတွေ ပျောက်လည်းဆိုပြီး ရှာခိုင်းတော့လည်း ရှာကြည့်ပြန်တော့
ဘာမှပျောက်တာ ရှတာ မရှိဘူး ၊ တော်တော်လေး အံ့သြစရာကောင်းတယ်နော်… ၊
အဲ့ကျမှ စီနီယာအစ်ကိုလည်း ဇောချွေးတွေ ပြန်လာပြီးအခန်းထဲက ထွက်မယ်လုပ်တော့တာပဲ … ။
သူတို့ သုံးယောက် အခန်းက ထွက်ခါနီးကျတော့ မမွန်ရဲ့
အခန်း၀နားက စာကြည့်စားပွဲပေါ်မှာ တစ်စုံတစ်ခုကို ရုတ်တရက်မြင်လိုက်ရတော့
မမွန်က ထအော်လိုက်တယ်…
“ အား…. ”
မမွန်ထအော်မှ လင်းသန့်တို့နှစ်ယောက်လည်း ဘယ်ပြေးရမှန်းမသိဖြစ်သွားကြတုန်း
မမွန်က…မျက်လုံးပြုးမျက်စံပြူး အံသြတကြီးနဲ့
“ အမလေး….. ဒါ..ဒါ… ”
စားပွဲပေါ်ကပစ္စည်းလေးကို ကောက်ကိုင်လိုက်တယ်….
သူကိုင်လိုက်တဲ့ပစ္စည်းလေးက သွေးတွေစွန်းနေတဲ့ သူ့နာမည်ရင်ထိုးကဒ်လေး ၊
တစ်ဖန်….သူ၀တ်ထားတဲ့ ယူနီဖောင်းက ရင်ဘက်နေရာကို ကြည့်လိုက်ပြန်တော့
အကျီ င်္အဖြူရောင်လေးရဲ့ ရင်ဘက် နေရာနားမှာ သွေးစတစ်ချို့ကိုတွေ့လိုက်ရပြီး
သူ့နာမည် ရင်ထိုးကဒ်လေးက ပျောက်နေတယ် … ။
“ ဟာ….. ”
“ မမွန်….ရောက်ကတည်းက ယူနီဖောင်းမချွတ်သေးတာလေ…
အခန်းထဲလည်း အခုမှ သုံးယောက်သား တူတူ၀င်ကြတာကို
ဒီနာမည်ရင်ထိုးလေးက ဘာလို့ ဒီစားပွဲပေါ်ရောက်နေတာလည်း…
မမွန်မေ့ကျန်ခဲ့တာများလား ”
“ မဟုတ်ဘူး….ငါမမေ့ဘူး…. ”
ပြောပြောဆိုဆိုနဲ့ မမွန်က စီနီယာအစ်ကိုကြီးအခန်းဘက်ကို
ထွက်ပြေးသွားပါလေရော… လင်းသန့်တို့နှစ်ယောက်လည်း
ဘယ်ရမလည်း မမွန်အခန်းကိုသော့ပိတ်ပြီး မမွန်တောက်အပြေးလိုက်သွားကြတယ် ။
“ မမွန် ဘာတွေလဲ…ဘာဖြစ်တာလဲ ”
“ ငါသိပြီ…ငါပြောပြတယ်လေ..ဒီနေ့ ဆိုင်ကယ်အက်စီဒန့်ဖြစ်တဲ့
ကောင်မလေးတစ်ယောက်ကို ငါတို့ကယ်တာ အသက်မမှီလိုက်ဘူးဆိုတာလေ….
အဲ့ဒီကောင်မလေးပဲဖြစ်မယ်… သူက ငါ့လက်ထဲမှာပဲသေသွားတာ…
ငါကိုယ်တိုင်ပွေ့ပြီး အရေးပေါ်က ဆေးရုံကုတင်ပေါ် တင်ပေးခဲ့တာ…
သူငါကို လှမ်းဆွဲလိုက်တဲ့အချိန် သူကလက်ထဲ ဒီနာမည်ကဒ်ပြားလေး ပြုတ်ပါသွားတာ
ဖြစ်မယ်…. ငါလည်း လူနာဇောနဲ့ သတိမထားမိလိုက်တာ…. ၊ လင်းသန့် နင့်ကို ညနေက
ငါ့အခန်းထဲကနေ မေးနေတာ အဲ့ဒီကောင်မလေးပဲဖြစ်မယ်… ”
မမွန်ပြောရင်းပြောရင်း အသားတွေပါ တုန်တက်လာတော့
စီနီယာအစ်ကိုက ပရိတ်ရေတွေတိုက် … ခေါင်းကနေ လက်နဲ့ဖိပြီး
သရဏဂုံရွတ်ပေးနဲ့ လင်းသန့် လည်း တူတူပဲ မသိခင်ကတော်သေး..
သိပြီးမှ ဒူးတွေဆိုတာ တဆက်ဆက်ရိုက်ပြီးခွေကျသွားတဲ့အထိပဲ….
ဒါတောင် အကောင်အထည်အမြင်လိုက်တာ ကံကောင်းလို့ဆိုရမယ်… ။
အဲ့ဒီနေ့ညက တစ်ညလုံးသူတို့သုံးယောက် မအိပ်ရဲကြဘူး.. ၊
လကွယ်ညမို့ထင်တယ်…အရင်ကထက်ခွေးတွေက ပိုအူနေကြတယ်
တစ်ခုတစ်လေ အခန်းအပြင်က ခြေသံတွေလိုလို သစ်ရွက် ရှပ်သံတွေလိုလို
တရှပ်ရှပ် ကြားနေရပြန်တာနဲ့ တစ်ညလုံး တရားခွေကို အခါခါပြန်ဖွင့်ရင်း ငုတ်တုတ်ထိုင်နေကြတယ်လေ ၊
သူတို့သုံးယောက်သား ဘယ်လိုသတ္တိနဲ့ အိပ်ဝံ့တော့မှာတဲ့လဲ ။
တစ်ပတ်နှစ်ပတ်လောက် ညဘက်တိုင်း သုံးယောက်သား
တစ်ခန်းတည်းပဲအတူအိပ်ဖြစ်ကြတယ် ၊ လင်းသန့်နဲ့စီနီယာအစ်ကိုကလည်း
ယောကျာ်းကောင်းပီသကြတယ် မမွန်အပေါ် ညီမအရင်းလို အစ်မအရင်လိုပဲ သဘောထားပြီး
၀ိုင်းစောင့်ရှောက်ပေးကြတယ် …. နောက် မစုမြတ်ပြန်လာတဲ့အခါမှ
မမွန်သူ့အခန်းသူပြန်အိပ်ရတယ် … ၊ ထူးခြားတာရှိသေးတယ်…
သူ့အခန်းသူပြန်အိပ်တဲ့ညမှ မမွန်ထူးဆန်းတဲ့ အိပ်မက်တစ်ခုမက်တယ်တဲ့
အိပ်မက်ထဲမှာ…
မိန်းကလေးတစ်ယောက် သူမှတ်မိတဲ့ပုံထဲကပဲ
သေသေချာချာကြည့်လည်းမသဲကွဲဘူး…ကောင်မလေးကတော့
ပြုံးပြပြီး စကားစပြောတယ်
“ အစ်မ…..ကျွန်မက(…)တုန်းက ဆိုင်ကယ်မှောက်ပြီး ဘ၀ကူးသွားတဲ့
တစ်ယောက်ပါ … ”
အဲ့လိုပြောမှ မမွန်လည်း သတိရသွားပြီး သူ့လက်ထဲမှာ
ဆုံးသွားတဲ့ရုပ်ပျက်ဆင်းပျက်ပုံလေးနဲ့ ကောင်မလေးကိုပြန်တွေးကြည့်မိတယ် ၊
သွေးတွေသံတွေနဲ့မို့ရုပ်ပျက်နေသလား….အခုကျတော့ ပင်ကိုယ်ရုပ်လေးချောလိုက်တာ ။
ကောင်မလေးကဆက်ပြီး….
“ ကျွန်မအသက်ကိုအဆုံးအထိ ကြိုးစားကယ်ပေးတဲ့အတွက်
အစ်မကိုကျေးဇူးတင်ပါတယ်….ကျွန်မ ဒီဘ၀မှာ ဒီလောက်ပဲ ကံပါလို့
ဒီလောက်ပဲနေရတာပါ…ကျွန်မကိုမကြောက်ပါနဲ့ အစ်မ….
ကျွန်မ အဲ့ဒီတုန်းက အစ်မကို လှမ်းဆွဲလိုက်ရင်း အစ်မနာမည်ကဒ်လေး
ကျွန်မလက်ထဲ ပါလာလို့ ပြန်လာပေးတာပါ… မကြာခင် ဒီထက်ကောင်းတဲ့
ဘ၀တစ်ခုကို ကျွန်မ သွားတော့မှာမို့ အစ်မကို လာနှုတ်ဆက်တာပါ ”
ဆိုပြီး တစ်ချက်ပြုံးပြသွားရင်း ပြောပြောဆိုဆိုနဲ့
အိပ်မက်တစ်ခုလုံး မြူတွေ ဖံုံးသွားခဲ့တဲ့အထိပါပဲ….. ။
{ စာဖတ်သူတို့ကို လူမရှိတဲ့အခန်းထဲကနေ
နာမည်ခေါ်တာကို ကြုံလာခဲ့ရင် ဘယ်လိုဖြေရှင်းကြမှာလဲ…….. ။ }
~ မိုးစွေ ~