*မြင်းလှည်းပေါ်ကမိန်းမ*📖📖📖
*******************************
မိချော ကျွန်တော့်ကို စိတ်ကောက်နေပြီလား။ ခါတိုင်းအိမ်ပြန်လျှင် စိတ်မကောက် စိတ်မဆိုး ခြေလှမ်း မှန်မှန်လှမ်းရင်း ကျွန်တော့် အလိုကျရှိတတ်သော မိချောသည် ယခုတော့ ခြေလှမ်းပုံကအစ ဆောင့်ဆောင့် အောင့်အောင့် ဖြစ်နေပုံရသည်။
ကျွန်တော်လှမ်းအော်ပြောလိုက်သည်။ သို့သော် မိချောသည် နှာတရှုးရှုးမှုတ်ရင်း ခေါင်းတယမ်းယမ်း လည်တယမ်းယမ်းနှင့် အမှောင်ထုထဲသို့ ခပ်ကြမ်းကြမ်းတိုးဝင်လျက် ရှိသည်။ အမှောင်ထုသည် နက်ရှိုင်းလှရကား မြို့ပြင်ရောက်သည်နှင့် တစ်စတစ်စ အေးစိမ့်လာသည်။ လေကလည်း တိုက်လာသည်။ လမ်းမီးတိုင်များကလည်း အမှောင်ထုကို တိုးမပေါက်သာခဲ့။ ကျွန်တော်သည် နှင်တံကို ခပ်ဆွဆွကိုင်ရင်း အနောက်ဘက်သို့ လှည့်ကြည့် လိုက်မိသည်။
အနောက်တွင် အမျိုးသမီးသည် ဣနြေ္ဒရရ လိုက်ပါလာဆဲပင်။ ထိုအမျိုးသမီးခရီးသည် မြင်းလှည်းဂိတ်မှ ဂိတ်သိမ်းအပြန်တွင် ရောက်လာကာ မြင်းလှည်း ငှားခြင်းပင်။ ကျွန်တော်သည် ဂိတ်သိမ်းပြီဆိုလျှင် မည်သည့်ခရီးသည်မျှ မငှားတော့ဘဲ အိမ်သို့သာ တန်းတန်းမတ်မတ် ပြန်လေ့ ရှိသည်။ ညည့်နက်ပြီ။ မြင်းရော လူပါ အနားယူဖို့ အစားစားဖို့ လိုအပ် နေပြီမဟုတ်လား။ ယခုတော့ ဂိတ်မှနေ၍ ဖဲဖောင်ပြင် သုသာန်သို့ ပို့ရန် အမျိုးသမီး တစ်ယောက်က တောင်းပန်ခြင်း ၊ မြင်းလှည်းခ ပို့ချခြင်းတို့ကြောင့် သုသာန်ထိပ်ရပ်ကွက်သို့ လိုက်ပို့ရခြင်းပင် ခရီးကတော့ တစ်မိုင်ခန့် ဝေးပါသည်။
အမျိုးသမီးသွားရမည့် ခရီးကို ပထမကြားရစဉ်ကပင် ကျွန်တော် လန့်ဖျပ် သွားမိသည်။ နောက်မှ သုသာန်အနီး တဲစုစုကို ညွှန်ပြမှ သက်သာရာရသွား မိသည်။ သို့သော် အမျိုးသမီးလှပသော ကိုယ်နေ အဝတ်အစားများက သုသာန် နံဘေးတဲစုစုနှင့် အပ်စပ်မှု မရှိလှသဖြင့် အံ့သြတကြီး ဖြစ်ရသေးသည်။ အမျိုးသမီးသည် တဲစုတ်ကလေးများထဲရှိ အိမ်တစ်အိမ်မှာ နေထိုင်ခြင်းပေလော။ ဒါမှမဟုတ် ညအချိန်မတော် အကြောင်းကိစ္စတစ်ခုကြောင့် သွားရောက်ခြင်း ပေလော။
အမျိုးသမီးဆီမှ သင်းပျံ့သော မွှေးရနံ့ တစ်ခုရသည်။ လမ်းပေါ်တွင် မိချောခေါ်သံမှ လွှဲ၍ တိတ်ဆိတ်နေသည်။ လမ်းဘေးဝယ်ရာမှ သစ်ပင် အရိပ်များ က ရံဖန်ရံခါ အမျိုးသမီး၏ မျက်နှာကို အရိပ်ဖုံးကွယ်လျက်ရှိ၏။ အမျိုးသမီးသည် မျက်နှာကို မြင်းလှည်းတချိန်လုံးနောက်သာ လွှဲနေတတ်သည်။ မိချောသည် ရုတ်တရက် ဒေါသတကြီး နှာမှုတ်လေသည်။ လှည်းအိမ်ကို ဆောင့်၍ ဆောင့်၍ ရုန်းသည်။ သေချာပြီ။ မိချော တစ်ခုခု စိတ်ခုနေပြီ။
မိချောကို အဖေ ကျောက်ဆည်မှ ဝယ်လာခြင်းဖြစ်သည်။ အဖေသည် မိချောအား မန္ဒရပ်မျိုးဖြစ်သည်။ ထို့ကြောင့် မိချောသည် ဒေါင်ကောင်းလှသည်။ လှပသည်ဟု ဆိုရမည်။ ကျွန်တော်သည် မိချောကို တိရစ္ဆာန်ကဲ့သို့ မဆက်ဆံပဲ လူတစ်ယောက်လူတစ်ယောက်ကဲ့သို့သာ ပြုမူ ဆက်ဆံလေ့ရှိသည်။ တစ်ခါတစ်ရံ အသုံးအဖြုန်း လျှော့ကာ သူကြိုက်တတ်သည့် သကြားညိုများ ကို ဝယ်ယူ ကျွေးမွေး တတ်ပေရာ လှည်းသမား အချင်းချင်းက နောက်ပြောင်ကြည်စယ်လေ့ရှိ ပေသည်။
ဟေ့ကောင်သံလွင်မင်းကတော့ ခင်ပွန်းကျင့်ဝတ်နဲ့ ညီပါပေ့ကွာ
သံလွင် သီတင်းကျွတ်ပြီကွ။ မိချောနဲ့ မင်းနဲ့က ဘယ်တော့တုံး
ဟေ့မိချောနဲ့ မင်္ဂလာဆောင်ရင်အရက်ကို ဂါလံပုံးနဲ့နော် သံလွင်
ထိုအခါမျိုးတွင် မိချောသည် နောက်ပြောင်ကြည်စယ်သည်ကို နားလည်ဘိ အပါး နားရွက်မျှပင် မလှုပ်ခတ်ပဲ ငြိမ်သက်နေလေ့ရှိသည်။ ထိုနေ့တစ်လျှောက်လုံး လှည်းကို ကျွန်တော်ကျေနပ်အောင် ဆွဲပေးလေ့ရှိသည့် မြင်းလိမ္မာမလေးပင် တကား။
ယခုတော့ အမျိုးသမီးငယ်လေးတွေ မြင်းလှည်းပေါ်တက်လျှင် သိပ် မကြိုက်ချင်သော မိချောသည် မြင်းလှည်းဂိတ်သိမ်း ပါလာသော အမျိုးသမီးကို မကျေနပ်ခြင်းပေလော။
ကျွန်တော်သည် မြင်းလှည်းကို ခပ်မှန်မှန်ပင် မောင်းလာခဲ့သည်။ မြို့ပြင်ရောက်လေ လူနေကြဲပြီး ရာသီဥတု အေးမြလာ လေလေဖြစ်သည်။ အမှောင်ထုက သိပ်သည်းလာသည်။
မိချောရေခက်သွက်သွက်ကွယ်
ဟီးဟီး
မိချောသည် ရုတ်တရက် ဒေါသတကြီး ဟီလိုက်လေသည်။ ဖဲဖောင်ပြင် သုသာန်ကို ဖြတ်ကာ တိုက်ခတ်လာသော လေထုတွင် ညှီစို့၊ ပုပ်အက်အက် အနံ့ ပါလာသည်။ ကျွန်တော်နှာခေါင်းတစ်ချက်ရှုံ့လိုက်မိသည်။ မိချောသည် စိတ်ဆိုး မာန်ဆိုးဖြင့် ဦးခေါင်းကို တယမ်းယမ်း ခါနေသည်။ သုသာန် ပတ်ဝန်းကျင်ရှိ တဲစုစုကလေးတွေဆီမှ ရေနံဆီခွက် ဝါကျင့်ကျင့်ကလေးတွေ ဟိုတစု ဒီတစု မြင်နေရပေသည်။ တချက်တချက် ကလေးငိုသံကြားရသည်။ လေထုထဲတွင် အော်ဂလီဆန်ဖွယ် အနံ့က ပြတ်တောင်းပြတ်တောင်း။ ကျွန်တော် သုသာန် ထဲသို့ လှမ်းကြည့်လိုက်ရာ တောစိုး သစ်ပင်ကြီးတွေကြားမှ အုတ်ဂူ ဖြူဖြူ၊ အလောင်း မြေပုံမှတ်တိုင်တချို့ကို လှမ်းမြင်နေရသည်။ ပခုံးတစ်ချက် တွန့်လိုက် မိသည်။ သုသာန်မြေသည် သံဝေဂများစွာဖြင့် ပြည့်နက်နေပေသည်။
ထိုစဉ် သုသာန်ရှေ့ အရိပ်ကောင်းလှသော ကုက္ကိုပင်ကြီးအောက်သို့ ရောက်လာသည်။
မောင်လေး-ဒီသစ်ပင်အောက်မှာ ရပ်လိုက်တော့ကွယ်
ဟုတ်
ကျွန်တော် ကြိုးကို အသာအယာ ဆွဲယူလိုက်သည်။ မိချောက တစ်ချက် ဟီကာ တုန့်ခနဲ ရပ်လိုက်လေသည်။ အမျိုးသမီးသည် မြင်းလှည်းနောက်မှ ခြေနင်းအစုံကို ခြေတစ်ဖက်ဖြင့် ဖျတ်ခနဲနင်းကာ ပေါ့ပါးစွာ ခုန်ဆင်းလိုက်သည်။
သွားပြီကွယ်ကျေးဇူးပဲနော်
ဟုတ်ကဲ့ခင်ဗျ
မိချောသည် မြေမာမာနှင့် ခွာကို ဒေါသတကြီး ရှပ်ကာ နှာမှုတ်ပြန်သည်။ ကျွန်တော်သည် အမျိုးသမီး ထွက်သွားရာဆီသို့ ငေးကြည့်နေမိသည်။ အမျိုးအမည် ခွဲခြားမရသော မွှေးရနံ့တစ်မျိုးက ပတ်ဝန်းကျင်တွင် ဝေ့ဝိုက်ကာ ကျန်ရစ်နေသည်။ လှပသော ခန္ဓာကိုယ်ကောက်ကြောင်း အတွန့်အဝိုက်များဖြင့် မိန်းမလှတစ်ယောက်။
ဒီလောက်လှတဲ့ မိန်းမတစ်ယောက်နဲ့ သုသာန်ပတ်ဝန်းကျင်။ ညအချိန်မတော်။ အဖော်မပါ။ ဘယ်လိုမှ ဆက်စပ်မရသည့် အနေအထား။ သူမသည် အမှောင်ထုအောက်မှာ ပျောက်ကွယ်သွားသည်။ ကျွန်တော် အာရုံထဲမှာ ထွေပြားလာသည်။ အာရုံငါးပါးစလုံး သံသယစိတ်များဖြင့် ထွေပြား ထုံထိုင်းနေကြပြီ။ ကျွန်တော်သည် အမှောင်ထုထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားသော အမျိုးသမီးကို စိုက်ကြည့်ရင်း ဇာတ်ကြိုးကို ကိုင်၍ မောင်းရန် အသင့်ပြင်လိုက်စဉ်မှာပင် လှည်းနောက်ကျောဆီမှ တဖျပ်ဖျပ်ပြေးလာသော ခြေသံများကို ကြားလိုက်ရကား ဇာတ်ကြိုးကို ရုတ်တရက် တင်းဆွဲလိုက်မိသည်။ ကျွန်တော်သည် ခြေသံတွေလာရာ မြင်းလှည်းအနောက်ဘက်သို့ လှည့်ကြည့် လိုက်မိသည်။ မိချောသည် အထိတ်တလန့် ဟီလေပြီ။ လရောင် မှုန်ပြပြ အောက် တွင် မြင်လိုက်ရသည့်အရာများကား သတ္တဝါနှစ်ကောင်၊ တစ်ကောင်သည် တစ်ကိုယ်လုံး မဲနက်သော အမွှေးရှည်များဖြင့် ဖုံးအုပ်ထားပြီး လူဝံကြီး တစ်ကောင်နှင့်တူသည်။ နောက်တစ်ကောင်ကတော့ တစ်ကိုယ်လုံး အမွှေးအမျှင် ဟူ၍ တစ်ပင်မျှပင် ပါဟန်မရှိဘဲ အရေပြားပြောင်ပြောင် ဧရာမ ဦးခေါင်းကြီးတွင် မြည်းနားရွက်ကဲ့သို့ ရှည်ရှည် ချွန်ချွန်အရိုးဂေါက်ဂက် ဧရာမဦခေါင်းကြီးနှင့် မလိုက်ဖက် လှုပ်ရမ်းနေသေး၏။ နှစ်ကောင်စလုံး အရပ် ခြောက်ပေကျော် ပေမည်။
ဘုရားဘုရား
သချိုင်းတစ္ဆေများပင်တကား။ ကျွန်တော်သည် လန့်ဖျပ်ကာ ခန္ဓာကိုယ်နှင့် ကင်းကွာသွားသလိုခံစားလိုက်ရသည်။ မိချောသည်အတင်း ရုန်းကန်နေသည်။ ဒေါသတကြီးဟီကာ ခါးနှင့်မြေကြီးကို မီးပွင့်မတတ်ပေါက်လေသည်။ ကျွန်တော် သည် လေဖြတ်သူကဲ့သို့ ကြောင်အအဖြစ်ကာ အိုးတိုးအတ လေသံဖြင့် စကားလုံး တွေ လည်ချောင်းဝမှာ စုပြုံပိတ်ဆို့ကာ –
မိချောပြေးပြေးပါဟ
မိချောကမပြေး။ ထိုစဉ် တစ္ဆေနှစ်ကောင်သည် ရှည်မျောမျော အရာဝတ္ထုတစ်ခုကို သယ်ယူလာပြီး မြင်းလှည်းနောက်သို့ ဆွဲတင်လေသည်။ အရေပြောင်ပြောင် တစ္ဆေက။
ဟေ့မစိမ်းမြ စီးလာတဲ့ မြင်းလှည်းကွလမ်းကြုံတယ်ဟေ့။ ဒီခေါင်းက မြို့ထဲကို ပို့ရမှာဆိုတော့ အတော်ပဲကွ တင်တင်မြန်မြန်တင် မြင်လှည်း ရပ်တုန်း မြန်မြန်တင်
အမလေးကျွန်တော် ကြည့်လိုက်တော့ လူသေထည့်သည့် ခေါင်းတလားကြီးပါလား။ ကျွန်တော်၏ ခန္ဓာကိုယ်တစ်ခုလုံးအသားစိုင်တွေ ပဲ့ကြွေ သွားမတတ်ခံစားလိုက်ရကာ ကြာပွတ်ဖြင့် တစ်ချက်ဝေ့ယမ်းရင်း။
ပြေးဟေ့မိမိချောပြေးပါဟ။ သသသသရဲတွေဟဟဟ
ထစ်ထစ်ငေါ့ငေါ့ ကျွန်တော်၏ စကားသံများ ဆုံးသည်နှင့် မိချောလည်း အသိ စိတ် ဖြင့်အလန့်တကြား တချက်ဟီးရင်း ကဆုန်ပေါက်ပြေးလေတော့သည် ကား။
တစ္ဆေနှစ်ကောင်သည် ပြေးလိုက်လာသေးသည်။ လှည်းပေါ်တွင် တစ်ဝက် တစ်ပြက် ရောက်နေသော ခေါင်းတလားလဲ မြင်းလှည်းအရှိန်ကြောင့် မထိမ်း နိုင်ပဲ။
ဝုန်းဂလုံ
ပြုတ်ကျ ကျန်ရစ်ခဲ့လေသည်။ မြေမာမာနှင့် ခေါင်းတလားပျဉ်ချပ်များ ထိခိုက်သံ၊ ကွဲကြေသံများသည် အနောက်ဘက်တွင် ကျန်ရစ်ခဲ့လေပြီ။ ပျဉ်ချပ် တွေ ကစဉ်ကလျား။
အိမ်ရောက်တော့ မိချောရော ကျွန်တော်ပါ ကြောက်မပြေသေး။ အမေက ကျွန်တော်ရော မိချောပါ ဘုရားကျောင်းဆောင်ပေါ် မှ ရေစင်ရေမန်း တိုက်၏။ လှည်းကိုလည်း ပရိတ်ရေဖြန်း၏။ အမေက စိုးရိမ်စိတ်ဖြင့် စကားဆိုသည်။
တော်သေးတာပေါ့ခေါင်းထဲကိုနင့်ကိုထည့်မပစ်တာပဲမိချောပါလို့ပေါ့။
ဟုတ်တယ်အမေမိချောက ဒါကြောင့် တစ်လမ်းလုံး အမူအရာပျက်နေ ထူးခြားနေတာကိုး ကြောက်စရာကောင်းလိုက်တာ အမေရာ
နောက်ဆို နေမဝင်ခင် လှည်းသိမ်းမိချောကို ပြောထား
မင်းဘုန်းသိင်္ခသူ