သံသရာဘေး

*သံသရာဘေး*📖📖📖

**************************

    –   ဂျာနယ်ကျော်မမလေး

နေဝန်းသည် တဖြည်းဖြည်း မြင့်တက်လာသည်။ ရွှေရောင်ခြည် ဖျော့ဖျော့တို့သည် လမ်းပေါ်၌ ဖြာကျလျက်ရှိ၏။ မြစ်ပြင်မှ ဖြတ်သန်းလာသော လေမှာ နွေး၍ တသုန်သုန် တညင်းညင်း တိုက်ခတ်လျက် ရှိနေသည်။ အဝတ်အစား အရောင်အမျိုးစုံ ဝတ်ထားသည့် ကလေးများသည် လမ်းမတလျှောက်၌ တသီတတန်းကြီး မြင်တွေ့နေရသော ပစ္စည်းများကို ဝိုင်းအုံလိုက်ကြည့်လျက် ဆူညံပြေးလွှား ဆော့ကစားနေကြလေသည်။

လမ်းထိပ်ကစ၍ လမ်းတလျှောက်လုံး လမ်းဘေးတွင် စားပွဲခုံများ ခင်းကျင်းထားကြသည်။ စားပွဲပေါ်၌ ဖယောင်းတိုင်၊ ဆပ်ပြာထုပ်၊ ငါးသေတ္တာဘူး၊ ရေခွက်၊ ရေဖလား၊ ဆန်၊ ဆီ၊ ဆား၊ ငါးခြောက်၊ ပုဇွန်ခြောက် စသော ပစ္စည်းမျိုးစုံ ပုံခင်း ဖြန့်တင်ထားကြသည်။

ဆွမ်းဆန်စိမ်း လောင်းပွဲကြီးကို မော်လမြိုင်ကျွန်းမြို့၌ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သည်။ မော်လမြိုင်ကျွန်းမြို့ကလေးမှာ မြို့ပိုင်ရုံးစိုက်လျက် အေးချမ်းသာယာသော မြို့ကလေးတစ်မြို့ဖြစ်သည်။ မြစ်တစ်ဘက်ကမ်းရှိ ဆန်စက်များဆီမှ ဖွဲနံ့တို့သည် လေအဝှေ့တွင် လွင့်ပါးမျောပါလာကြသည်။ ဆွမ်းဆန်စိမ်း ထွက်လောင်းကြမည့် အလှူ့ရှင်များ၏ အော်ကျယ်ဟစ်ကျယ် ပြောဆိုပြင်ဆင်နေကြသော အသံဗလံ၊ လမ်းထိပ်မှ ဗြောတီးသံ၊ ကလေးတွေ အော်ဟစ်နေသော အသံတို့သည် စုပြုံ၍ ကြားနေရရာ ဝသုန်မြေကြီးသည် ကောင်းချီးထောမနာပြုကာ ဟီ၍နေသလားဟု ထင်မှတ်ရသည်။

နေမစောင်းမီ လမ်းမကြီးပေါ်၌ သံဃာတော်များ ကြွလာကြသည်။ ဗြောသံမှာ ပို၍ ညံလာသည်။

ဗြောသံကြီးသည် ကိုဘသောင်း၏ နှလုံးသည်းပွတ်သို့ လာ၍ ထိပွတ်ဆုတ်နယ်နေကြသည်။ အလှူခံတောင်းကြီးကို ရင်၌ ပွေ့ပိုက်ကာ ရှေ့မှကြွသွားသော ဘုန်းတော်ကြီးနောက်မှ လိုက်ခဲ့ရင်း ခြေလှမ်းများပင် မှားနေလေသည်။ တောင်းထဲသို့ ထည့်ပေးကြသော လှူဖွယ်ဝတ္ထုများကို ရပ်စောင့်ယူနေရခြင်းဖြင့် စိတ်ထဲ၌ နှောင့်နှေးကြန့်ကြာနေသည်ဟု ထင်သည်။ စိတ်ထဲ၌ မကျင်မြတို့ အိမ်ရှေ့သို့ ခပ်မြန်မြန် ရောက်ချင်နေသည်။ မကျင်မြကိုယ်တိုင် ထွက်လောင်းမည့် လှူဖွယ်ဝတ္ထုကို တောင်းနှင့်ခံယူရင်း မကျင်မြ၏ မျက်နှာလေးကို အားရပါးရ ဝဝကြီး စိုက်ကြည့်လိုက်ချင်သည်။

ကိုဘသောင်းသည် မကျင်မြကို အသေအလဲ စွဲလမ်းခဲ့လေသည်။ မကျင်မြ၏ မေတ္တာပန်းကို ဆွတ်ခူးနိုင်ရန် အမျိုးမျိုး ကြိုးပမ်းခဲ့ကာ အတတ်နိုင်ဆုံး လိုက်လျောခဲ့ရသည်။ မကျင်မြက ပေါင်ဒါဘူး လိုချင်သည်ဆိုလျှင် ပေါင်ဒါဘူး၊ လက်ကိုင်ပုဝါဆိုလျှင် လက်ကိုင်ပုဝါ၊ ပိုးထဘီဆိုလျှင် ပိုးထဘီ မရ ရအောင် လူကြုံနှင့် ရန်ကုန်မှာပေးရသည်။

မကျင်မြမှာ ချောလှသည်ကား မဟုတ်၊ ရွက်ကြမ်းရေကျိုထဲကပင်ဖြစ်သည်။ ကြည့်ပျော်ရှုပျော်တော့ ရှိ၏။ ကိုဘသောင်း၏ မျက်စိထဲတွင် မကျင်မြ၏ အလှသည် ပြိုင်ဘက်ရှုံးလောက်အောင် စံတနှုန်း ဖြစ်နေပေသည်။ မကျင်မြ၏ ဆင်ယင်ထုံးဖွဲ့မှုသည် အပြစ်အကင်းဆုံးဖြစ်သည်။ သွားပုံလာပုံ ဟန်ပန်အမူအရာတို့သည် သူတကာ ရှုံးလောက်အောင် အကျော့ရှင်းဆုံးဟု ထင်ရသည်။ ကမ္ဘာပေါ်ရှိ မိန်းမချောတို့တွင် ကောင်းပေ့ဆိုသော ကောင်ခြင်းငါးဖြာ အရည်အသွေးတို့သည် မကျင်မြတွင်မှ လာ၍ စုပေါင်းနေသကဲ့သို့ မှတ်ထင်ခဲ့၏။

မကျင်မြကို အလိုလိုက်ကာ အကြိုက်ဆောင်ရမည်ဆိုလျှင် မောသည်ပန်းသည်ဟူ၍ မရှိ၊ စိတ်ညစ်ညူးသည်ဟူ၍ မရှိ။ ပျော်၍သာ နေသည်။ နံဘေးမှ သူငယ်ချင်းတွေက မကျင်မြအတွက် ကိုဘသောင်း ဘာမဆို လုပ်ပေးနေသည်ကို အကြည့်ရခက်လာကြသည်။ “ဟ ဘသောင်းရေ၊ မင်းဟာကွာ မပိုးရဘူး မဟုတ်ပါဘူး။ အငမ်းမရ ခိုင်းတိုင်း လုပ်ပေးနေတာမျိုးကျတော့လည်း တို့က တယ် ကြည့်လို့မရဘူးဟေ့ …” ဟု ကြည့်မရသူများက တိုက်ရိုက်ပြောလာကြသည်။ ကိုဘသောင်းက မဖြုံပေ။ ကမ္ဘာပေါ်တွင် မကျင်မြမှ မကျင်မြသာဖြစ်၏။

မကျင်မြမှာ စကားအပြောအဆို ချက်ချာသဖြင့် အပေါင်းအသင်း များသူကလေး ဖြစ်သည်။ ဟန်အမူအရာလုပ်ကာ နေတတ်သဖြင့် ကာလသားများက ပို၍ သဘောကျကြသည်။ တစ်ခါတစ်ရံ မျက်လုံးကလေး ထောင့်ကပ်ကာ စကားပြော၏။ သူ၏နှုတ်ခမ်းမှာ ငြိမ်သက်နေသည်ဟူ၍ မရှိ။ စကားပြောတိုင်း ပြောနေသည့်စကားနှင့် လိုက်လျောအောင် စူသွားလိုက်၊ ပြုံးသွားလိုက်၊ မဲ့သွားလိုက်၊ ရွဲ့သွားလိုက်နှင့် သရုပ်ဖော်ပေးတတ်လေ့ရှိသည်။

ကိုဘသောင်းသည် မကျင်မြ၏ ဟန်ပန်အမူအယာများကို စွဲလမ်းနေခြင်းဖြစ်ကြောင်းကို သူကိုယ်တိုင် မသိခဲ့ရှာပေ။ ကိုဘသောင်းမှာ ရိုးသားသူတစ်ယောက် ဖြစ်သည်။ ဟန်ပန်မူရာကြွယ်သူ မကျင်မြကို မြင်ရ၊ တွေ့ရ၊ သိရ၊ ကျွမ်းရသောအခါ အခြား ဘယ်မိန်းမကိုမျှ မမြင်နိုင်တော့ဘဲ တန်းတန်းစွဲကြီး ဖြစ်သွားသည်။

မကျင်မြတို့အိမ်မှ ဖယောင်းတိုင်ထုပ်များ လောင်းကြသည်။ မကျင်မြသည် နံ့သာရောင် ပုဝါကလေးခြုံကာ ဆင်စွယ်ဘီးကလေး ထိပ်ပေါ်၌ စိုက်လျက် ဖယောင်းတိုင်ထုပ်များကို ပိုက်ပွေ့၍ စောင့်ငံ့နေလေသည်။

ကိုဘသောင်းမှာ မကျင်မြ ရပ်နေသည့်နေရာသို့ ရောက်ခဲလှဘိခြင်းဟု ထင်သည်။ မြန်မြန်သွားလိုကာမှ လှူသူတန်းသူများက ဖြည်းဖြည်းကလေး လုပ်နေကြသည်။ လူငယ်လူရွယ် အပျိုမကလေးများမှာ မြန်မြန်လောင်းထည့်လိုက်ကြ၍ တော်ပေသေးသည်။ အသက်အရွယ်ကြီးသူများသည် ဘာလုပ်လုပ် နှေးကွေးကြသည်။ သူများ အရေးကြီးနေပါလျက် ဖြည်းဖြည်းဆေးဆေး လုပ်နေကြသည်။

မကျင်မြတို့ ရပ်နေသည့် နေရာဆီသို့ လှမ်း၍လှမ်း၍ ကြည့်ရသည်မှာ အမောဖြစ်နေသည်။ ရှေ့က ဘုန်းကြီးကလည်း တစ်ခါတစ်ခါ ကြွတော်မူတာ နှေးလွန်းလှသည်။ ကိုဘသောင်းသည် ဘုန်းကြီးရှေ့က လှမ်းကျော်တက်သွားချင်တော့သည်။

မကျင်မြ၏ ရှေ့သို့ အတန်ကြာမှ ရောက်လာ၏။ မကျင်မြက ကိုဘသောင်းကို မျက်ခွံကလေး မ၍ မျက်လုံးကလေး ထောင့်ကပ်ကြည့်လိုက်သည်။ ကိုဘသောင်း၏ ခြေလှမ်းများသည် တုံ့ခနဲ ရပ်သွားလေသည်။ မချိုမချဉ် မျက်နှာလေးဖြင့် မပြုံးတပြုံးလုပ်၍ ဖယောင်းတိုင်ထုပ်ကို တောင်းထဲသို့ ဖြည်းဖြည်းကလေး လှမ်းထည့်နေသည်။ ကိုဘသောင်းသည် ဖယောင်းတိုင်ထုပ်ဆီ မျက်စိမရောက်ဘဲ မကျင်မြ၏ မျက်နှာကလေးကို ပြုံးဖြီးဖြီးနှင့် စိုက်ကြည့်နေသည်။

ရှေ့မှ ဘုန်းတော်ကြီးမှာ အတော်ကလေးပင် ကွာသွားချေပြီ။ မကျင်မြ၏ ဖယောင်းတိုင်ထုပ်များသည် ကိုဘသောင်း ကိုင်ထားသော တောင်းထဲသို့ တစ်ထုပ်ပြီးမှ တစ်ထုပ် ကျလာလေသည်။

ရှေ့နားတွင် ဘုန်းတော်ကြီးအား “အရှင်ဘုရား ကျောင်းသား မပါပါလား ဘုရား” ဟု ဒကာတစ်ဦးက လှူချင်ဇောဖြင့် မေးလိုက်၍ နောက်သို့ လှည့်အကြည့်လိုက်တွင် ဖယောင်းတိုင် ကမ်းနေသော နေရာမှ ကိုဘသောင်း ထွက်ခွာမလာသေးသည်ကို တွေ့ရသဖြင့် ဘုန်းတော်ကြီးမှာ ရပ်စောင့်နေရလေသည်။

ကိုဘသောင်းသည် ခရီးလမ်းဆုံးသကဲ့သို့ မကျင်မြနှင့် ရပ်၍စကားပြောနေလေသည်။ စကားပြောနေရင်း ဘုန်းကြီး ရပ်စောင့်နေသည်ကို မြင်သွားသည်။ “ဘုန်းကြီးဟာ မြန်ချင်ပြန်လည်း သူ့အပြင်မရှိဘူး” ဟု စိတ်ထဲက ရေရွတ်မိသည်။ မကျင်မြ ဖယောင်းတိုင် ကမ်းနေသော နေရာမှ ခြေလှမ်း၍သာ ထွက်လာခဲ့ရသည်။ စိတ်ကမူ တယ်မပါလှတော့ချေ။ လက်နှစ်ဖက်ဖြင့် ပွေ့လာရသော တောင်းကြီးမှာ သိပ်လေးလာသည်။ ဖြည်းဖြည်းပဲ လျှောက်လာလိုက်သည်။ ဘုန်းတော်ကြီးမှာ ရှေ့က သုတ်သုတ် သုတ်သုတ်နှင့် သွားနေဆဲပင်။

အလှူခံကိစ္စ ပြီးသွားပြီးသည့်နောက် စာရေးတံမဲဖောက်သည့် နေရာသို့ သွားကြသည်။ ဘုန်းတော်ကြီးသည် ပိုးဧကသီမဲပေါက်သဖြင့် မိမိနှိုက်ပေးသော ကံကြောင့် ကံလိုက်ပြီး ပေါက်သွားသည်ဟု တစ်ထစ်ချ တွက်လိုက်သည်။ ဤကောင်းမှုကြောင့် မကျင်မြနှင့် မလွဲပါစေနှင့်ဟု စိတ်ထဲက ဆုတောင်းလိုက်သေးသည်။

စာရေးတံမဲ ဖောက်ပြီးလျှင် မဟာဒုတ်မဲ ဖောက်မည်ဖြစ်၏။ ဆွမ်းဆန်စိမ်း လောင်းလှူပြီးသူများသည် မဟာဒုတ်မဲဖောက်သည့် မဏ္ဍာပ်သို့ ဝိုင်းဝန်းစုပြုံလာကြသည်။မြို့ပေါ်၌ နှစ်စဉ်နှစ်တိုင်း ဆွမ်းဆန်စိမ်း လောင်းပွဲကြီး ကျင်းပလျက် မဟာဒုတ်မဲပေါက်သူကို ဒုလ္လဘရဟန်းခံစေသည်။

မဟာဒုတ်မဲ စ၍ နှိုက်လေသည်။ ဗလာမဲတွေချည်း ထွက်နေ၏။ ကိုဘသောင်းသည် အများနည်းတူ မဲဖောက်သည့် နေရာနားတွင် ရောက်နေသည်။ မကျင်မြကို လှမ်း၍ ကြည့်ရင်း ပြုံးရင်း အများနည်းတူ သူထိုးထားသည့် မဟာဒုတ်လက်မှတ်ကို သွားပြသည်။

“မဟာဒုတ်မဲ အောင်ပါလေ”

ကျယ်လောင်စွာ အော်ဟစ်ကြေငြာလိုက်သည့် အသံကြီးနှင့်အတူ တအားနှက်လိုက်သော ကြေးစည်သံကို ကြားလိုက်ရပြီးသည့်နောက် အိုးစည်ဝိုင်းမှ တီးသံ မှုတ်သံများမှာ စီညံသွားလေတော့သည်။

(၂)

ကိုဘသောင်း မဟာဒုတ်မဲပေါက်၍ ဒုလ္လဘ ရဟန်းခံသည့်ပွဲသို့ လှူဖွယ်တန်းဖွယ်များဖြင့် မကျင်မြ ရောက်ရှိလာလေသည်။ စက္ခုဣန္ဒြေချကာ နေရသဖြင့် ကြည့်ချင်သည့်စိတ်ကို မျိုသိပ်အောင့်အည်းထားရသည်။ မျက်လွှာကိုပင့်ပြီး မကြည့်လို၍ မျက်လုံးကို စွေကြည့်လိုက်သည်။ မကျင်မြက ဦးသုံးကြိမ်ချကာ ကန်တော့နေပုံကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် လှပ်ခနဲဖြစ်သွားကာ လွန်စွာမှ ကြည်နူးသွားလေသည်။

ရဟန်းဘောင်သို့ ဝင်နေပြီဆိုသော အသိဖြင့် ပီတိသောမနဿစိတ်ကို ကြိုးစား၍ ချိုးနှိမ်ပစ်လိုက်ရသည်။ ကြွရောက်လာသော သံဃာတော်များပါ ဆွမ်းကပ်ကြသဖြင့် ဆွမ်းစားကြသည်။ ဆွမ်းစားရင်းမှ မကျင်မြဆီသို့ ကြည့်မိလျက်သား ဖြစ်နေပြန်သည်။ သတိထားကာ သိက္ခာထိန်းသိမ်းနေသည့်ကြားထဲမှ ဘာကြောင့်များ မျက်လုံးက ရောက်သွားရသလဲဟု အပြစ်တင်မိသည်။ ဘယ်သူတွေများမြင်သွားသေးလဲဟူသော စိုးရိမ်ချက်ဖြင့် မျက်လွှာကို ချလိုက်ကာ ငြိမ်သက်စွာ နေလေသည်။

သံဃာတော်များ၏ အလယ်တွင် ပစ္စည်းလေးပါးပါ ဒကာခံမှုဖြင့် တင့်တယ်သပ္ပါယ်စွာ ရောက်ရှိလာရသည့် ရဟန်းဘဝကို တွေးတောကြည်နူးလိုက်မိသည်။ မဟာဒုတ်မဲပေါက်သော ကိုဘသောင်းသည် ရဟန်းမြောက်သည့် ထိုနေ့၌ လူအမည်ပျောက်၍ ရှင်ဓမ္မပါလဘွဲ့ ခံယူရရှိလေသည်။

ရက်ပေါင်း ၉ ရက်ဝတ်မည်ဟု စိတ်ဝယ်ပိုင်းဖြတ်ကာ ထား၏။ မကျင်မြနှင့် ၉ ရက် မတွေ့ဘဲ အောင့်အည်းကာ နေရတော့မည်။ ၉ရက်အတွင်း အကျိုးပွားရလေအောင် တရားအားထုတ်အံ့ဟု စိတ်ဆုံးဖြတ်လိုက်သည်။

ရှင်ဓမ္မပါလသည် ညအခါ ဘုရားဝတ်တက်ပြီးသည်နှင့် အာနာပါန စီးဖြန်းကာ ကမ္မဋ္ဌာန်းထိုင်သည်။ နေ့ပိုင်းတွင် ၅၅ဝ နိပါတ်တော်များကို ဖတ်ကာ တရေးတမော ကျိန်းစက်သည်။ အချိန်ရသရွေ့ အဓိဋ္ဌာန်ဖြင့် စိပ်ပုတီးစိပ်ကာ ရဟန်းဘောင်သို့ သွတ်သွင်းချီးမြှင့်ပေးလိုက်သော ဒကာ၊ ဒကာမများကို အာရုံပြု၍ မေတ္တာပို့သလေသည်။ ညနေဘက်တွင် ခေတ္တအနားရခိုက် သရက်ပင်ခြေရင်းရှိ ခုံတန်းလျားလေးပေါ်၌ သွားထိုင်ကာ ကျောင်းပရိဝဏ်ကြီး၏ အေးချမ်းသာယာလှပုံကို ငေးမောတွေးတော ကြည်နူးနေတတ်သည်။

ကျောင်းပရိဝဏ်ကြီးမှာ တောရကျောင်းကြီးကဲ့သို့ သစ်ပင်ကြီးများ ပိတ်ဆီးထူထပ်နေသည်။ အပြင်ဘက်မှ ကျောင်းကို ရုတ်တရက် မမြင်နိုင်အောင် အုပ်ညိုလျက်ရှိနေသည်။ ဘုရားဝတ်တက်သံ၊ ဦးပဉ္ဇင်း ကိုရင်များ စာဝါတက်သံများသာ အသံဗလံရှိလျက် ပကတိ တိတ်ဆိတ်နေလေ၏။ တိတ်ဆိတ်နေသော ကျောင်းပရိဝဏ်ထဲ၌ နေရသည်မှာ နှစ်မြို့ဖွယ်ကောင်းလှပေသည်။

သာသနာ၏ အရိပ်အာဝါသအောက်သို့ ရောက်ရှိ၍ သုံးရက်မြောက်သောနေ့တွင် သာသနာ၏ အေးချမ်းသာယာမှုကို တွေ့မြင်လာသည်။ ရဟန်းဝတ်နှင့် သစ်လွင်သန့်ရှင်းနေသော စိတ်သည် ညစ်ညမ်းသော အရာများကို အာရုံမရောက်တော့ဘဲ ဖျောက်ဖျက်၍ ရလွယ်လေသည်။ အနတ္တတရား၏ နယ်နိမိတ်သို့ ချဉ်းကပ်မိလာခဲ့သည်။ မိမိကိုယ်ကို မိမိမပိုင်။ ကံသာလျှင် အမိ၊ ကံသာလျှင် အဘ။ ကမ္မသတိ၊ ဝိပဇ္ဈတိကံ စီမံရာကိုသာ ခံကြရမည်။ သရက်ပင်ခြေရင်း၌ ပုတီးထိုင်စိတ်ရင်း ကံ-ကံ၏ အကြောင်းတရား၊ အကျိုးတရားတို့ကို ဆင်ခြင်သုံးသပ်နေဆဲ၌ ညနေတိုင်း ဘိလပ်ရည်လာကပ်သော ရှင်ဓမ္မပါလ၏ ညီကလေး ရောက်လာလေသည်။ စိပ်နေသော ပုတီးကို ရုပ်ကာ ဘယ်ဘက်လက်ကောက်ဝတ်၌ ခွေပတ်ဝတ်လိုက်သည်။ဘိလပ်ရည်ကို ဘုဉ်းပေးနေဆဲ လူ့ဘဝနှင့် အဆက်ပြတ်နေပုံကို တွေးကြည့်ပြန်သည်။

“ဒကာမကြီးရော နေကောင်းရဲ့လားကွ”

“နေကောင်းပါတယ် ဘုရား”

ညီဖြစ်သူက ခေါင်းငုံ့၍ ဖြေသည်။

“မင်းကော နေကောင်းရဲ့လား”

“နေကောင်းပါတယ် ဘုရား”

“မင်းကြည့်ရတာ တစ်ခုခု ဖြစ်နေသလိုပဲ။ ဒကာမကြီး နေလို့ထိုင်လို့မှ ကောင်းရဲ့လား”

“ကောင်းပါတယ်ဘုရား”

ညီတော်မောင်သည် ပြန်ပြောပြီး တွေဝေလျက် ငိုင်နေပြန်၏။

“လက္ခဏာရေးသုံးပါးကို ဆင်ခြင်ပြီး စိတ်ရဲ့ချမ်းသာမှုကို ရှာကြံဖို့ ဒကာမကြီးကို ပြန်ပြောလိုက် ကြားလား။ မင်းကလည်း ခါတိုင်းလို လည်ပတ်မနေဘဲ ငါမရှိခိုက် အိမ်မှာနေကွ။ မိဘဆုံးမတာကို မြေဝယ်မကျ နားထောင်တဲ့သူဟာ တစ်သက် မဆင်းရဲဘူးတဲ့၊ ဒါ ဘုရားဟော ၅၅၀ နိပါတ်တော်ထဲမှာ။ ဟေ့ မင်းကြည့်ရတာ ဘာများ စိတ်မချမ်းမသာ ဖြစ်နေလို့လဲဟင်”

ရှင်ဓမ္မပါလ၏ ညီတော်မောင်သည် ပြောနေသော စကားများကို ကြားပုံမရ။ တွေဝေ ငေးငိုင်၍သာ နေလေသည်။ ပြောရကောင်းနိုးနိုး၊ မပြောရ ကောင်းနိုးနိုး ဟန်အမူအရာတို့ဖြင့် စဉ်းစားနေရာမှ “အစ်ကိုကြီး အေးလေ အရှင်ဘုရား၊ မေမေကတော့ ဘာမှ မပြောရဘူးလို့ မှာလိုက်တယ်” ဟု စကားစသည်။

“ဪ … နေမကောင်းရင်လည်း မကောင်းဘူးပေါ့၊ ဒါပြောတာများ ဒါလောက်တောင် စဉ်းစားနေရသလား”

ရှင်ဓမ္မပါလသည် ညီတော်မောင်၏ အခက်ကို ရှင်းလင်းပေးလိုသော ဆန္ဒဖြင့် ပြောလေ၏။ ရဟန်းဘဝတွင် စိတ်၏ တည်ငြိမ်မှု ရှိပြီးသားဖြစ်သဖြင့် ပြောသာပြောဟု အားပေးသကဲ့သို့ ရှိလေသည်။

ညီတော်မောင်သည် တံတွေးကို မျိုချလိုက်ပြီးမှ တုံးတိတိ ပြောချလိုက်သည်။

“မေမေကတော့ နေကောင်းပါတယ်ဘုရား၊ ဟို … ဟို … မကျင်မြ ညက လင်နောက် လိုက်ပြေးလို့ဘုရာ့”

ရှင်ဓမ္မပါလသည် မျက်လုံးကို ပြူးကြည့်လိုက်ကာ “ဟေ” ဟု တစ်လုံးတည်းသော အာမေဋိတ်ကို ပြု၏။ ပုထုဇဉ်ပီပီ ယခုတွင်လေး အောက်မေ့ဆင်ခြင်လျက်ရှိသည့် အနတ္တတရားသည် ကိုယ်နှင့် ကွာသွားလေတော့သည်။

မကျင်မြ လင်နောက်လိုက်ပြေးသော သတင်း ကြားရပြီးသည့်နောက် ရှင်ဓမ္မပါလမှာ တရားမှန်မှန် မကျင့်နိုင်တော့ပေ။ တရားထိုင်လျှင် မကျင်မြ၏ မျက်နှာကိုသာ မြင်မြင်လာသည်။ မကျင်မြ၏ ရူပါရုံကို တွေးတောစဉ်းစားရသည်မှာ အမှောင်ထုထဲမှ အလင်းရောင်ခြည် ပြူထွက်လာသလိုပင် ဖြစ်တော့သည်။ လင်နောက်လိုက်သွားကြောင်း ပြန်သတိထားမိသည့် အခါ၌ မှောင်အတိ ပြန်ကျသွားကာ “သစ္စာမရှိတဲ့ မိန်းမ” ဟု စိတ်ထဲက ရေရွတ်၍ ဒေါသဖြစ်သွားသည်။ တရားနှင့် ပြန်ထိန်းကာ ဥပေက္ခာပြုကြည့်သည်။ ဥပေက္ခာပြု၍လည်း မရနိုင်၊ အသည်းနှလုံးသည် ဟာလာဟင်းလင်း ဖြစ်လျက်ရှိကာ လွမ်းသလိုလို၊ ဆွေးသလိုလိုနှင့် ရင်နာမိလေသည်။ ရင်နာ၍ ဆွေးစပျိုးလာပြီဆိုလျှင် ရှင်ဓမ္မပါလသည် စိတ်ကို အတတ်နိုင်ဆုံး ချုပ်တည်းကာ မျက်လုံးများ မှိတ်ထားလိုက်သည်။

ရှင်ဓမ္မပါလ၏ မိခင်ကြီးသည် သားငယ်က မကျင်မြ၏ သတင်းပြောပြလိုက်ပြီဟု သိရလျှင် သိရခြင်း စိတ်ဆိုးမာန်ဆိုးနှင့် မြည်တွန်တောက်တီးသည်မှာ ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား ဖြစ်တော့သည်။ သားဦးပဉ္ဇင်းအတွက်လည်း စိတ်မကောင်းဖြစ်မိ၏။ သားရှိရာ ကျောင်းသို့ မသွားတော့ဘဲ လူဝတ်လဲမည့်နေ့မှသာ သွားတော့မည်ဟု တွက်ထားလိုက်သည်။

၉ ရက် ပြည့်မြောက်သွားလေ၏။

ရှင်ဓမ္မပါလသည် သင်္ကန်းချွတ်ရန်အခက်၊ ဝတ်ရန်အခက် ပြဿနာ ပေါ်နေလေသည်။ စိတ်မကောင်းသည်က တစ်ဖက်၊ သူငယ်ချင်းများက ဝိုင်းလှောင်ကြမည်က တမှောင့်နှင့် ဖြစ်သည်။ လမ်းသွားလမ်းလာ မကျင်မြကို နေ့တိုင်း တွေ့ဆုံနေရလျှင် စိတ်မချမ်းမသာ ဖြစ်နေရဦးမည်။ ဒီကနေ့တော့ ဘယ်နည်းနှင့်မျှ လူဝတ်မလဲ၊ သိက္ခာမချ၊ အဖြစ်အပျက်တွေ ပြန်လည်အေးဆေးသွားမှ လူဝတ်လဲတော့မည်ဟု စိတ်ကို တုံးတုံးချ ပိုင်းဖြတ်လိုက်သည်။

ထိုနေ့တစ်နေ့လုံး စိတ်ကို တည်ငြိမ်အောင် ထိန်းထားရသည်။ မကျင်မြဆီသို့ စိတ်ရောက်သွားတိုင်း နာကျင်ခံခက်အောင် နှိပ်စက်သောကြောင့် “ဆင်းရဲသော ဒုက္ခပါတကား” ဟု ဆင်ခြင်အောက်မေ့လိုက်လျက် စွဲလမ်းခြင်းကင်းအောင် တပ်မက်ခြင်းကင်းအောင်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတို့ဖြင့် သမုဒယကို ကြိုးစား၍ ဖယ်ရှားရလေသည်။

ရှင်ဓမ္မပါလသည် တရားဆင်ခြင်သက်ဝင်ခိုက် တဒင်္ဂသာလျှင် စိတ်ကို သိမ်းဆည်းခြင်းငှာ စွမ်းနိုင်သည်။ တရားနှင့် ကင်းကွာသွားလျှင် စိတ်ကို မသိမ်းဆည်းနိုင်အောင် ဖြစ်နေသည်။ စမ်းပွက်မှ ရေတဖွားဖွား ထွက်သကဲ့သို့ မကျင်မြ စိတ်တစ်ခုသာ တဖွားဖွား ထွက်ပေါ်နေ၏။ မောပန်းသွားလျှင် အာရုံပြောင်းလဲသွားမည်လားဟု ထင်ကာ သံဃာတော်များအတွက် မောဟိုက်လာအောင် ရေတွင်းမှ ရေငင်ပေးနေသည်။ ရေငင်နေခိုက် ရေတွင်းဘေးသို့ ရှင်ဓမ္မပါလ၏ မိခင် ရောက်လာလေသည်။

“ဘယ်အချိန် လူဝတ်လဲမလဲ ဘုရာ့”

“ကနေ့ လူဝတ်မလဲသေးပါဘူး ဒကာမကြီး။ ပျော်သလောက် ရဟန်းဝတ်နဲ့ပဲ ဆက်ပြီး နေဦးမယ်လေ”

ဒကာမကြီးသည် ဝမ်းသာဝမ်းနည်းဖြစ်ကာ မျက်ရည်တွေ လည်လာလေသည်။ မိမိသားအား ရဟန်းဘဝနှင့် ဆက်လက်မြင်တွေ့ရမည်ဖြစ်သဖြင့် ဝမ်းသာခြင်းလည်း ဖြစ်သည်။ မကျင်မြကြောင့်လောဟူသော သံသယကြောင့် ဝမ်းနည်းခြင်းလည်း ဖြစ်ရသည်။

ရှင်ဓမ္မပါလသည် ဒကာမကြီး မျက်နှာကို မကြည့်မမြင်မိအောင် ရေကိုသာ အားတိုက်ခွန်တိုက် ဆွဲငင်နေတော့လေ၏။

(၃)

ဤသို့ဖြင့် ဟိုတစ်ပတ် လူထွက်မည်၊ ဒီတစ်ပတ် လူထွက်မည်ဖြင့်ပင် ရှင်ဓမ္မပါလ ရဟန်းဝတ်နှင့် နေလာခဲ့သည်မှာ ၃ လခန့် ရှိလာသည်။ မကျင်မြတို့ မင်္ဂလာဆောင် ပြီးသွားသည်မှာလည်း ၂ လခန့် ရှိပေပြီ။ လူထွက်ရန် နေ့ရက်ရွေးရင်းပင် ရုတ်တရက် ရဟန်းဘဝကို စွန့်လွှတ်ရန် ဝန်လေးသလို ဖြစ်လာသည်။ ညစဉ် စီးဖြန်းနေသော ဝိပဿနာ ကမ္မဋ္ဌာန်းဖြင့် စိတ်၏ တည်ငြိမ်မှုကို ရရှိစေလေသည်။

ဝါဝင်ရန် နီးကပ်၍ပင် လာချေပြီ။ ရှင်ဓမ္မပါလသည် ဝါဆိုဖြစ်အောင် ဆိုမည်ဟု သန္နိဋ္ဌာန်ပြုသည်။ လောကုတ္တရာအကျိုး တစ်စုံတစ်ရာ ရှိပြီးမှပင် ဝါကျွတ်ချိန်၌ လူဝတ်လဲတော့အံ့ဟု တွက်ဆကာ ဝါဆိုဖြစ်သွားလေသည်။

ဝါဆိုပွဲ ဥပုသ်လပြည့်နေ့တွင် ဆွေမျိုးမိတ်သင်္ဂဟများ စုံစုံညီညီ ကျောင်းသို့ ရောက်လာကြသည်။ ကျောင်းဒါယကာကြီး စက်သူဌေး ဦးသာဝဆိုလျှင် ရှင်ဓမ္မပါလ ရဟန်းဝတ်နှင့် ပျော်မွေ့သလောက် ပစ္စည်းလေးပါး ဒကာခံထားသည်။ ယခုနှစ် ဝါဆိုပွဲကြီးတွင် ရှင်ဓမ္မပါလ ဝါဆိုသည့်အတွက် ကျောင်းဒကာကြီး ဦးသာဝမှာ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူ၍ နေပေသည်။ မဟာဒုတ်မဲပေါက်ပြီး ဝါဆိုတော့မည့် ရဟန်းဒကာအဖြစ် ဝင့်ကြွားနေသည်။ ရှင်ဓမ္မပါလ၏ သိက္ခာ၊ သမာဓိ၊ ကျင့်စဉ်တို့ကို ကြည်ညိုသည်။ ကမ္မဋ္ဌာန်းထိုင်ခြင်းကို အထူးနှစ်ခြိုက်လေသည်။

ရှင်ဓမ္မပါလက အာနာပါန ကမ္မဋ္ဌာန်း စီးဖြန်းရန် ဟောပြောလမ်းပြနေသည့်အခါ၌ ပုဆစ်ဒူးတုပ်လျက် တရိုတသေ နာယူမှတ်သား၍ နေတတ်လေ၏။

“အလုံးစုံသော ဝင်လေထွက်လေတို့ရဲ့အစ၊ အလယ်၊ အဆုံး သုံးပါးစလုံးကို ရှေးဦးစွာ ဉာဏ်နဲ့ သိအောင် ထင်ရှားအောင် ပြုပြီးမှ ဝင်လေထွက်လေကို ရှိုက်ရှူရမယ် ဒကာကြီး။ ဝင်လေရဲ့ အစကတော့ နှာသီးဖျားအလယ်လောက်မှာ ရင်ချိုင့်ရောက်တယ်။ အဆုံးကတော့ ချက်မှာဆုံးတယ်။ ထွက်လေရဲ့အစက ချက်၊ အလယ်က ရင်ချိုင့်၊ အဆုံးဟာ နှာသီးဖျားဆိုတာ သိရမယ်။ အားထုတ်တဲ့အခါမှာ စ-လယ်-ဆုံး သိနေအောင် သတိရော၊ ဉာဏ်ရော ရှိမှဖြစ်တယ် ဒကာကြီး”

“အင်မတန် တရားအားထုတ်တဲ့ ဦးပဉ္ဇင်း” ဟု ဥပုသ်ဇရပ်သို့ လာသမျှ လူတိုင်းကို မြိန်ရေယှက်ရေ ပြောပြတတ်သည်။ လူကြီးပိုင်းက ရှင်ဓမ္မပါလ၏ ပါရမီကို အနုမောဒနာ ပြုကြကုန်၏။

လူငယ်ပိုင်း၌မူ “ကိုဘသောင်းတော့ ပြန်ကို လူမထွက်တော့ဘူးဗျို့၊ ကျုပ်တို့ ဝိုင်းနောက်မှာ လန့်နေလို့လား မသိဘူး” ဟု ပြောသူက ပြောကြသည်။

“ဟာ သူ့စိတ်မှာ တကယ် သံဝေဂ ရသွားသလားမှ မသိဘဲဗျ၊ ကျုပ်နဲ့ဆိုရင် သက်တူရွယ်တူပဲ။ အသက် ၃ဝ လောက်တော့ ရှိပြီ။ ဒါမျိုးဟာ ရဟန်းဝတ်နဲ့ အသက်ထက်ဆုံး မြဲချင်လည်း မြဲတတ်တာမျိုး” ဟု မှတ်ချက်ချသူက ချသည်။

ရှင်ဓမ္မပါလသည် မဟာဒုတ်မဲ ပေါက်တုန်းကလို မဟုတ်တော့ဘဲ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားကာ ကျောင်းတိုက်ရှိ သံဃာတော်များနှင့်အတူ စုဝေးလျက် ပါဝင်လေသည်။ ဣနြေ္ဒမဆောင်နိုင်ဘဲ ဟိုကြည့် သည်ကြည့် လုပ်ခဲ့ဖူးသည့် အခြေအနေမှ တည်ငြိမ်လှစွာသော ထေရ်ကြီး ဝါကြီးများကဲ့သို့ ကျင့်ကြံကာ ဝိနည်း၊ သိက္ခာပုဒ်တို့ကို စောင့်စည်းလေသည်။

တစ်ဝါတွင်းလုံး စာဝါတက်ကာ လောကုတ္တရာစာပေကို သင်အံကျက်မှတ်နေသည်။ အလွန်ဉာဏ်ကောင်းလှသဖြင့် ဉာဏ်ထူးချွန်ကြောင်းကို ကျောင်းထိုင်ဆရာတော်ကြီးကပင် အများရှေ့တွင် ချီးမွမ်းရလေသည်။

တဖြည်းဖြည်း ဝါကျွတ်ချိန် နီးလာသော်လည်း လူဝတ်လဲရန် စိတ်တွင် မပေါ်ပေါက်တော့ဘဲ ဆက်ပြီး ရဟန်းဝတ်နေလေသည်။ ထိုနှစ်၌ပင် နှစ်ချင်းပေါက် ပထမငယ်တန်းကို ဖြေဆို အောင်မြင်တော်မူသည်။

ရှင်ဓမ္မပါလ၏ စိတ်၌ လောကီစိတ်သည် ခန်းခြောက်သည်ထက် ခန်းခြောက်လာသည်။ ဆိတ်ငြိမ်သော ကျောင်းပရိဝုဏ်ကြီးကား အထူးသဖြင့် စိတ်ကို တည်ငြိမ်စေသည်။ ချမ်းမြေ့ကြည်နူးစေသည်။ နာကြည်းဆွေးမြေ့ဖွယ် ဘဝ၊ အနိဋ္ဌာရုံဖြင့်ပြီးသော အတိတ်တို့ကို မေ့ပျောက်လာစေပေသည်။ ကမ္မဋ္ဌာန်းတရား အားထုတ်ဖန် များသဖြင့်လည်း အဆင်ခြင်ဉာဏ်သည် ရင့်ကျက်လာသည်ဟု ထင်ရသည်။ မှတ်ဉာဏ်သည်လည်း ထက်သန်လာသည်။ ထွက်သက်ဝင်သက်ကို သတိထားသည်မှတစ်ပါး အခြားအခြားသော အဆင်း ရူပါရုံ၊ အသံ သဒ္ဓါရုံ စသည်တို့ကို စိတ်မရောက်၊ စိတ်မပြန့်လွင့်စေသော သမာဓိသည် ထုထည်ကြီးလျက် ခိုင်မာလာပြီဟုပင် မှတ်ထင်တော်မူမိလေသည်။

ကျောင်းထိုင်ဆရာတော်ကြီးသည် ပညာဉာဏ် ပဋိဘာဏ် ထက်သန်လှသော ရှင်ဓမ္မပါလကို အထူးတလည် စာပေပို့ချ သင်ကြားရင်းဖြင့်သာ အချိန်ကုန်လွန်လေသည်။ တစ်နှစ်ထက်တစ်နှစ် ပညာတိုးပွား စည်ပင်လာသောကြောင့် တစ်နှစ်ပြီးတစ်နှစ် ပထမလတ်၊ ပထမကြီးတန်းတို့ကို ဆက်လက် အောင်မြင်သွားကာ ကျောင်းရှိ သံဃာတော်များကို စာပေပြန်လည်ပို့ချရသည့် အဆင့်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့၏။ ရှင်ဓမ္မပါလ၏ ပညာထူးချွန်မှု၊ သီလသမာဓိ ပြည့်စုံမှုတို့ကြောင့် ဥပဇ္ဈာယ် ဆရာတော်ကြီးသည် အန္တေဝါသိက တပည့်ရင်းခြာ အမှတ်ထားလေသည်။ နောင်တစ်နေ့ မိမိ၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် သတ်မှတ်ထားသော အဆင့်သို့ တစ်စတစ်စ ရောက်ရှိခဲ့ပေသည်။

ကျောင်းဒကာကြီး ဦးသာဝသည် ယင်းသို့သော ရဟန်းမျိုး၏ ပစ္စည်းလေးပါး ဒါယကာဖြစ်ရသဖြင့် အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။ ရှင်ဓမ္မပါလက ပိဋကတ်သုံးပုံ လိုချင်သည်ဆိုလျှင် ဦးသာဝသည် ဘယ်လောက်အဖိုးကျကျ ကျမ်းအစောင်စောင် ဝယ်၍လှူသည်။ အခြားဘာမျှ လိုလေသေးမရှိအောင် အလိုက်သိသည်။ သင်္ကန်ညှိုးသည်ကို မြင်လျှင်ပင် ပြော၍မနေရ။ စိတ်၌ ဖြစ်ပေါ်သော စေတနာဖြင့် ချက်ခြင်း ဝယ်၍ လှူဒါန်းပေသည်။

“အရှင်ဘုရား၊ ကျောင်းထိုင်ဆရာတော်ဘုရားကြီးက အမိန့်ရှိတော်မူပါတယ်။ သူ မျက်နှာလွှဲသွားနိုင်မယ့် တပည့်ဟာ ဦးပဉ္ဇင်းပါပဲတဲ့ ဘုရား။ ဆရာတော်ကြီး မျက်နှာလွှဲသွားတဲ့ နေ့ကျရင် ဒီကျောင်းမှာပဲ ဆက်လက် ကျောင်းထိုင် သီတင်းသုံးပြီးတော့ ဒကာ ဒကာမများရဲ့ အကျိုးကို ဆောင်ရမှာပါပဲ”

သူဌေးဦးသာဝသည် ပြောပြီး ရှင်ဓမ္မပါလကို အကဲခတ်သည့် မျက်လုံးဖြင့် ကြည့်နေလေသည်။ ရှင်ဓမ္မပါလသည် နှုတ်ပိတ်ရေငုံ ဆိတ်ဆိတ်နေလိုက်လေသည်။လွန်ခဲ့သော ၅ နှစ်ခန့်က အဖြစ်အပျက်များကို မျက်စိထဲ ပြန်မြင်ယောင်မိသည်။

“ငါ့အထုံပါရမီဟာ အိမ်ထောင်ကျဖို့မဟုတ်ဘူး၊ သာသနာ့ တာဝန်ကို ထမ်းရွက်ဖို့ပဲ။ သာသနာရေးဘက်မှာ ထွန်းပေါက်မယ့် ပညာရှင်တစ်ယောက် ဖြစ်ဖို့ရှိလို့ နတ်သိကြားတွေက ငါ့ကို မကျင်မြနဲ့ လမ်းလွဲအောင် ဟိုတုန်းက ဖန်တီးပေးလိုက်တာ ဖြစ်မှာပဲ”

ရှင်ဓမ္မပါလသည် ဆိတ်ဆိတ်နေရင်းမှ ဘဝကို ဆင်ခြင်တုံ သုံးသပ်လျက် ရှိနေလေသည်။ မယ်တော်ကြီးပင် ရုပ်ရည်ပြောင်းသွားချေပြီ။ မကျင်မြပင် ကလေးသုံးယောက် ရနေလေပြီ။ ညီတော်မောင်မှာ မိန်းမရကာ မြို့ပိုင်ရုံးတွင် စာရေးကလေး ဝင်လုပ်နေသည်။ မိမိလည်း ဝါတော် ငါးဝါရကာ ပထမကျော်ကြီးပင် ဖြစ်နေချေပြီတကား။

ဘဝကို ပြန်လည်၍ သုံးသပ်ဆင်ခြင်နေရင်းမှ တစ်နေ့တွင် ကျောင်းထိုင်ရမည်ဆိုသော အသိသည် ဖျတ်ခနဲ ဝင်လာကာ စိတ်ထဲ၌ ကျဉ်းကျပ်သွားလေ၏။ တစ်သက်လုံး ဘုန်းကြီးလုပ်မည်ဟု ဘဝင်မကျခဲ့သေးသည့်အတွက် စိတ်ထဲ၌ အထူးတလည် လှုပ်ရှား ချောက်ချားသွားလေသည်။

(၄)

သီတင်းကျွတ်လပြည့်နေ့ ဖြစ်လေ၏။

ရှင်ဓမ္မပါလသည် ကတ်ကြေးတစ်လက်ဖြင့် ရောင်စုံစက္ကူတို့ကို ယူကာ လူရှင်းသော ကျောင်းခန်းထဲတွင် မီးပုံးလုပ်ရန် ရောင်စုံစက္ကူများကို ထိုင်ညှပ်နေလေသည်။

သီတင်းကျွတ်တော့မည် ဖြစ်၏။ နေ့သည် တစ်နေ့ပြီးတစ်နေ့ တောက်ပကာ သာယာ ကြည်လင်လာလေသည်။ သီတင်းကျွတ်လ နေဝန်းသည် လင်းကျင်းနေရာတွင် တိမ်တိုက်များက ဖုံးသွားတတ်သည်။ တိမ်တိုက်တို့ အဝေးသို့ ရောက်သွားသောအခါတွင် နေသည် ပြန်၍ လင်းလာပြန်ကာ ကမ္ဗလာငွေချည်ကို ဖြန့်ခင်းလိုက်လေ၏။ ကျောင်းပတ်ဝန်းကျင်ရှိ သစ်ပင်အပေါင်းမှ သစ်ရွက်များသည် စိမ်းစိမ်းဝါဝါ နီနီမောင်းမောင်း အဆင်းကို ဆောင်လျက် လေပြေလွင့်မှုတ်၍ အညှာမှ ပြုတ်လွင့်လာသော ဝါးရွက်တို့သည် ကျောင်းခန်းထဲသို့ လွင့်ဝင်လာကြသည်။

ရှင်ဓမ္မပါလသည် နံနက်ခင်းက မြင်ကွင်းကို မျက်စိထဲက မထွက်ချေ။ တစ်ကျောင်းလုံး ပြည့်လျှံသွားအောင် လူစည်ကားလှသည်။ သူဌေး ဦးသာဝ၏ အလှူဖြစ်သဖြင့် မြို့ပေါ်က လူကုံထံတွေ အလာများကြသည်။ ပိုးဖဲရောင်စုံလျှမ်းလျက် တောက်ပသော အဆင်းအရောင်မျိုးစုံတို့ဖြင့် ဘယ်သူ့ကိုယ်၊ ဘယ်သူ့ခါး ကြည့်ကြည့် ကိုယ်ရောင်ကိုယ်ဝါထွက်နေကာ စိုပြည်သစ်လွင်လျက် နေပေသည်။ မရှူဖူး မရှိုက်ဖူးသော အနံ့များသည်လည်း တကြိုင်ကြိုင် တသင်းသင်း မွှေးထုံသွားခဲ့သည်။

လူရွယ်လူလတ်ပိုင်းထဲတွင် အပွင့်အခက်ရိုက်လျက် ဝတ်ဆင်ထားသော ရှပ်အင်္ကျီပုံစံတစ်မျိုးကိုလည်း အထူးအဆန်း မြင်လိုက်မိလေသည်။စီးကရက်နံ့၊ ခေါင်းလိမ်းဆီနံ့၊ ရေမွှေးနံ့၊ ပန်းနံ့၊ ပိုးဖဲနံ့တို့ တကြိုင်ကြိုင် ထုံနေရာဝယ် အသစ်ကျပ်ချွတ် ဝတ်ဆင်လာသော ဘန်ကောက်ပုဆိုးတို့မှ ထွက်ပေါ်လာသော ရွှရွှရွှိရွှိ အသံတို့သည် အပါးမှ ဖြတ်သွားတိုင်း လွင့်မြူးလာရာဝယ် နားထောင်၍ ကောင်းသလိုလို ရှိမိသည်။ စိတ်ထဲ၌ ဖြူရွလာသလိုပင် နားစွင့်၍များ ထောင်ကြည့်မိသည်။

ရှင်ဓမ္မပါလမှာ သူဌေးဦးသာဝက ဆရာတော်ဘုရားကြီး မျက်နှာလွှဲလျှင် ကျောင်းဆက်ထိုင်ရန် လျှောက်ထားခဲ့သည့် နေ့မှစ၍ ရင်ထဲ၌ မရှင်းမလင်းနှင့် ကျဉ်းကျပ်လေးလံ၍ နေခဲ့လေသည်။ အသက်ထက်ဆုံး ရဟန်းဝတ်သွားရန်မှာ တွေးလိုက်တိုင်း ဘဝင်မကျလှသဖြင့် စိတ်ထဲ၌ မသက်မသာ ရှိလှသည်။

ဆရာတော်ကြီးမှာ ကြွေမှည့်ကျသွားတော့မည့်ဆဲဆဲရှိသော အမှည့်အပျော်လွန်နေသည့် သစ်သီးကဲ့သို့ အိုမင်းရင့်ရော်နေလေသည်။ သင်္ခါရ သဘောတရားအတိုင်း ကနေ့ နံနက်ပင် ပျံလွန်တော်မူချိန်တန်နေသည်။ သက်တော် ၈ဝ ထဲရောက်ခါမှ ကောင်းကောင်း ကျန်းမာလှသည် မရှိ။ တစ်နေ့ရွှေ၊ တစ်နေ့ငွေနှင့် တစ်နေ့တစ်မျိုး ဝေဒနာထူကာ ဆေးမပြတ်၊ ဆရာမပြတ် ဖြစ်နေရသည်။ အကယ်၍များ ဗြုန်းခနဲ ပျံလွန်တော်မူသွားပါက …

ရှင်ဓမ္မပါလသည် ဖြတ်ညှပ်ထား၍ ရှုပ်ပွနေသော ပွေပွေလီလီ စက္ကူ ရောင်စုံစများကို စိုက်ကြည့်လျက်နေသည်။ ရင်ထဲတွင် လှိုင်းခုန်သလိုပင် မြင့်ချီ နိမ့်ချီ၊ နိမ့်ချီ မြင့်ချီ ခုန်လျက်နေလေသည်။

ဝင်လုဆဲ နေရောင်သည် တဖြည်းဖြည်း ကွယ်ပျောက်သွားကာ အလင်းရောင်များ ပြာမှိုင်းလာကြသည်။

ကျောင်းဝင်းထဲတွင် မီးပုံးတစ်ထောင် ထွန်းရန်အတွက် မြို့ထဲက လူတစ်စုပါ လာကူထွန်းပေးကြသည်။ ထာဝစဉ် တိတ်ဆိတ်မှောင်မည်းနေခဲ့သော ကျောင်းကြီးသည် ဘုံအဆင့်ဆင့် ပြသာဒ်အဆင့်ဆင့်တို့ဖြင့် ထွန်းလင်းလာခဲ့သော မီးရောင်တို့ကြောင့် လူ့ရွာလူ့ရပ်နှင့် ကင်းကွာကာ တသီးတခြား တည်ရှိနေသော နတ်ဗိမာန်ကြီးအလား မှတ်ထင်ရသည်။ နာပျော်ဖွယ်ကောင်းလှသော ကြေးစည်သံတို့ကား အဆက်မပြတ် မြည်ကျူးနေလျက် တော်တော်နှင့် အသံမစဲအောင် ဝဲကာဝဲကာနှင့် မြည်နေကြသည်။

မီးထွန်းပြီးနောက် ရှင်ဓမ္မပါလသည် ကျောင်းအပေါ်ထပ်သို့ တက်ခဲ့ကာ မြို့ဘက်သို့ ရှုမျှော်၍ ကြည့်နေသည်။ လမ်းတကာ့လမ်းတွင် မီးတန်းကြီးများ၊ မီးကုံးကြီးများ ပိတ်ဖုံးနေလျက် တညီးညီး တပြောင်ပြောင် ထိန်တောက်ဝေနေသော မြို့ကို မြင်ရသောအခါ ယခင်က (ဝါ) လူဘဝက သီတင်းကျွတ်ပွဲတော်ကို ပြန်လည်အမှတ်ရနေသည်။ ပွဲတော်အခါများတွင် အပေါင်းအဖော်သူငယ်ချင်းတစ်စုနှင့် နွှဲပျော်ခဲ့ဖူးသည့် အချင်းအရာတို့သည် အလျှိုအလျှို ပေါ်လာကြတော့သည်။ အိမ်တိုင်းစေ့ ဧည့်ခံပွဲတွေကို မြင်ယောင်လိုက်မိသည်။ ကြိတ်ကြိတ်တိုးနေသော လူအုပ်ထဲသို့ တိုးဝင်ကာ မီးထွန်းပွဲကို လျှောက်ကြည့်ကြသည်။ ဇာတ်၊ ရုပ်သေး၊ အငြိမ့်၊ ပွဲခင်းတကာ့ပွဲခင်း မရောက်သည့်နေရာ မရှိသလောက် ပျော်ပါးခဲ့ပုံတို့ကို ပြန်ပြောင်း၍ သတိရမိလေသည်။

မြို့ဘက်မှ ကြိတ်ကြိတ်တိုး သွားလာနေကြသော လူအုပ်ကြီးကို လှမ်း၍ ကြည့်နေရင်း စိတ်ဝယ် လှုပ်ရှားလာလေသည်။ရဟန်းဝတ်ခဲ့ရခြင်း အကြောင်းရင်းသည် ပြာဖုံးနေသော မီးခဲပမာ ရှိနေရာ၌ လေပင့်ပေးလိုက်သဖြင့် အခိုးအလျှံ ရဲလာလေသည်။ ရဲလာသော မီးခဲပေါ်၌ ရဟန်းဝတ်နှင့် အရိုးထုတ်ကာ ကျောင်းထိုင်ရမည်ဖြစ်သော လိပ်ခဲတည်းလည်း လောင်စာပြဿနာများကို ပက်လောင်းထည့်လိုက်ရာတွင် တငွေ့ငွေ့ တောက်လာလေသည်။

ရှင်ဓမ္မပါလမှာ ကျောင်းထိုင်ရန် ဝန်လေးနေရကား ကျောင်းထိုင်ဘဝမှ လွတ်ကင်းရန် လမ်းစကို ရှာဖွေကြည့်သည်။ ကျောင်းထိုင်ဘဝမှ လွတ်ကင်းရန် အခြားလမ်းစကို မမြင်၊ ရဟန်းဘဝမှ ရုန်းထွက်ရန်သာ မြင်တော့သည်။

ဆရာတော်ကြီး မျက်နှာမလွှဲခင် ယခုကပင် ကြိုတင်၍ လူဝတ်လဲမှသာလျှင် လွတ်မြောက်နိုင်ချိမ့်မည့် လမ်းစပေါ်သည်။ အမှန်စင်စစ် လူ့ဘဝကို စက်ဆုပ်သဖြင့် ရဟန်းဘဝသို့ ရောက်ခဲ့ရခြင်း မဟုတ်ချေ။ ရဟန်းဘဝထက်တော့ လူ့ဘဝက စိုပြေလေသည်။ ကျောင်းပရိဝုဏ်အတွင်း၌ အေးချမ်းဆိတ်ငြိမ်ခြင်းကတော့ မှန်၏။ တစ်နေကုန် တစ်နေထွက် အပြောင်းအလဲ ဘာမျှ မရှိချေ။ လူဝတ်ကြောင်များ အလှူအတန်းပေးမည့်ရက်ကို မျှော်နေရသည်။ ဥပုသ်သီတင်းနေ့ကြီး ရက်ကြီးများကို စောင့်ရသည်။

ရှင်ဓမ္မပါလသည် လူ့ဘဝကို စိတ်မကုန်ကြောင်း ယခုမှ ပိုမို၍ ကိုယ့်ကိုယ်ကို ပြတ်သားစွာ သိမြင်လာသည်။ ပြတင်းပေါက်တွင် လက်ထောက်လျက် ရပ်နေရာမှ ခေါင်းကို ငုံ့ချလိုက်သည်။ လူဝတ်လဲရလျှင်ဟူသော အတွေးတို့သည် တစ်မျက်နှာလုံး ဖြန်းခနဲ နီမြန်းသွားလေသည်။ ခေါင်းတုံးပြောင်ပြောင်နှင့် စပို့ရှပ်ဝတ်ကာ အရောင်တလျှပ်လျှပ် ထွက်နေသော ဘန်ကောက်ပုဆိုး ဝတ်ထားသည့် ဘုန်းကြီးလူထွက်၏ ပုံပန်းကို ကွက်ခနဲ မြင်မိလေသည်။

လူ့ဘဝ ပြန်လည်ရောက်ရန် ရှက်ရွံ့နေသဖြင့် တစ်သက်လုံး ရဟန်းဘဝနှင့် အရိုးထုတ်နိုင်သလားဟု ကိုယ့်ကိုယ်ကို စစ်ဆေးကြည့်ပြန်သည်။ ရှင်ဓမ္မပါလ၏ ခေါင်းသည် ခါယမ်းလျက် နေပြန်လေသည်။

မြို့စွန်ရှိ ဇာတ်စင်မှ ဆိုင်းသံသဲ့သဲ့ ကြားရလေသည်။ ငုံ့ချထားသော ခေါင်းကို မော့လျက် ဇာတ်စင်ထိုးထားသည့် လယ်ကွင်းဘက်သို့ လည်ပင်းကို ဆန့်ကာ ကြည့်လိုက်သည်။ ဇာတ်ခုံပေါ်၌ ယိမ်းထွက်ကနေသော သဏ္ဌာန်များကို ပျပျကလေး မြင်ရသည်။

တညင်းညင်း တသုန်သုန် တိုက်ခတ်နေသော လေသည် သာယာချိုအေးသော တေးသံတို့ကို သယ်ယူဆောင်ပို့လာကြသည်။ ရှင်ဓမ္မပါလ၏ ညှိုးနွမ်းနေသော မျက်နှာသည် ဗြုန်းခနဲ ချိုသာလာပြန်လျက် မျက်လုံးများပင် တောက်ပလာလေသည်။ ချိုအေးသောလေ၊ ချိုမြသော တေးသံ၊ ချိုသာသော ဆိုင်းသံတို့သည် ပင်ပန်းနွမ်းနယ်နေသော စိတ်ကို သက်သာရာ ရသလိုလို ရှိမိသည်။ လယ်ကွင်းထဲရှိ ဇာတ်ခုံပေါ်တွင် တငြိမ့်ငြိမ့် လှုပ်ယမ်းလျက်ရှိနေသော သဏ္ဌာန်အားလုံးတို့သည် စည်းချက်ညီညာစွာ လှုပ်ရှားလျက် နေကြလေ၏။

စိတ်သက်သာရာရသည့် အခိုက်အတန့်၊ ကြပ်တည်းလှသည့် နှစ်ရာနှစ်ဆယ့်ခုနစ်သွယ်သော သိက္ခာပုဒ်တို့ကို ကိုယ်နှင့်တစ်ခဏခွာ၍ ချကြည့်လိုက်သည်။ ရှင်ဓမ္မပါလ၏ စိတ်သည် ပိုမို၍ ပေါ့ပါးသွားလေသည်။ စိတ်သာလျှင် ပေါ့ပါးသည်မက ပြတင်းပေါက်မှ ခွာသွားလေသော ခြေလှမ်းတို့သည် လျင်မြန်ပေါ့ပါးစွာ ပြတင်းပေါက်သို့ ပြန်ရောက်လာလေသည်။

ဗြုန်းခနဲ ပခုံးပေါ်တွင် တင်ထားသော ဧကသီ လျှောကျသွားလေ၏။ ဧကသီစကို ဆွဲယူပင့်တင်လိုက်သည့်အခါ၌ ရဟန်းစိတ် ပြန်ဝင်လာသည်။ ပင့်တင်လိုက်သော ဧကသီစသည် ပခုံးထက်၌ လေးကျသွားသကဲ့သို့ ထင်မှတ်ရသည်။ မျက်နှာမှာ ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်လာလေသည်။ ထို့နောက် မှုန်မှုန်ကြီး စိုက်ငေးနေရင်းမှ တဖန် တစ်စတစ်စ ကြည်ရွှင်၍လာပြန်သည်။

ရင်ထဲ၌ လေးလံကျဉ်းကြပ်လျက် မအီမသာဖြစ်နေသော ဘဝတွင် နေရသည်နှင့်စာလျှင် ဘဝဟောင်းကို ပြန်ပြောင်း သတိရသည်ကပင် စိတ်မှာ ကြည်ရွှင်လန်းဆန်းရပေသေး၏။

လူ့ဘဝ၊ ကိုဘသောင်းဘဝကို ထိုနေ့ည၌ တစ်ညလုံးပင် မအိပ်နိုင်ဘဲ ပြန်လည်စဉ်းစားသည်။ လူထွက်တာ အပြစ်မရှိပါဘူးဟု အားပေးသည်။ တစ်သက်လုံး ရဟန်းဝတ်နဲ့ အရိုးထုတ်ပါ့မယ်လို့ ဝတ်ခဲ့တာမှ မဟုတ်ဘဲဟု ဆင်ခြေလဲကြည့်သည်။ ခေါင်းတုံးပြောင်ပြောင် ဆိုရင်လည်း ခဏပေါ့ဟု အားတင်းသည်။ အိမ်ထောင်ရက်သား ကျဦးမည်ဆိုပြန်ရင်လည်း အမေ့အတွက် အဖော်ရတာပေါ့ဟု မှတ်ချက်ချသည်။

စဉ်းစားချက်၊ သုံးသပ်ချက်၊ ထင်မြင်ချက်၊ မှတ်ချက်တို့နှင့် အမျှင်မပြတ် ရှိနေစဉ် ကျောင်းထိုင်ဆရာတော်ကြီးအခန်းမှ ချောင်းတဟွတ်ဟွတ် ဆိုးလွန်း၍ ထရသော အသံကို ကြားရလေသည်။ ထရင်း ဆိုးနေသော ချောင်းသံမှာ တစ်ခါတစ်ခါ အသံများ ပျောက်ဝင်သွားလောက်အောင်ပင် ဆိုးနေလေသည်။

.
“မဖြစ်ချေဘူး၊ မြန်မြန်ပဲ လျှောက်ထားမှ တော်ချေမည်” ချောင်းသံကို နားစိုက်ထားလျက် စိတ်ထဲ၌ ရေရွတ်နေလေသည်။

ချောင်းသံစဲသွားလျှင် ရှင်ဓမ္မပါလသည် လေကို ရှိုက်သွင်းလျက် ရှည်လျားစွာ ပြန်၍မှုတ်ထုတ်လိုက်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်ရာ ခပ်တိုးတိုး ခေါ်သံတစ်ခုကို ကြားမိသလိုလို ရှိမိသည်။ ပထမ၌ သဲကွဲစွာ မကြားရချေ။ နောက်မှ သဲကွဲလာကာ မိမိကို ခေါ်နေမှန်း သိရသည်။

“ဟဲ့ ဘယ်သူတုန်း”

“တပည့်တော်ပါ ဘုရား၊ ကျောင်းဒကာကြီး ဦးသာဝအိမ်က ဘိုးသာပါ ဘုရား၊ အခုတင်လေးပဲ ကျောင်းဒကာကြီး လေဖြတ်ပြီး ဆုံးသွားပါပြီ ဘုရား”

ရှင်ဓမ္မပါလသည် ငေါက်ခနဲ ထထိုင်လျက် မျက်လုံး ပေကလပ်၊ ပေကပ်လုပ်ကာ ဘိုးသာကို လှမ်းကြည့်ရင်း ဘာပြောရမှန်း မသိအောင် လည်ချောင်းထဲ၌ တစ်ဆို့ပြီးနေသည်။

ဘိုးသာသည် ဆံပင်ကြိုးကျဲ ပေါက်နေသော သူ့ခေါင်းကို ကုတ်လိုက်ကာ “တပိုတပါး ထွက်ဖို့ထတာ အိမ်သာ မရောက်ခင်ဘဲ လမ်းမှာ လဲကျတာ မျက်လုံးတောင် ပြန်မလည်တော့ပါဘူး ဘုရား” ဟု အသံအက်အက်နှင့် ဆက်လျှောက်လေသည်။

“ဖြစ်မှ ဖြစ်ရလေ ဘိုးသာရာ”

အသံကို အနိုင်နိုင်ထွက်အောင် ကြိုးစား ပြောလိုက်ရလေ၏။ ရုတ်တရက်ကြီးဖြစ်၍ ရင်ထဲ၌ မချိတင်ကဲ ဖြစ်သွားသည်။ လူထွက်တော့ရန် စဉ်းစားထားပြီးဖြစ်ခြင်းကြောင့် မချိတင်ကဲ ဖြစ်သွားသော ရင်သည် ပြေလည်၍သွားပေသည်။ ရဟန်းဝတ်နှင့် အရိုးထုတ်အံ့ဟု အကယ်၍များ ပိုင်းဖြတ်ထားခဲ့လျှင် ရင်အတော်နာရမည်။ ဦးသာဝ သေဆုံးခြင်းသည် မိမိအား အထူးပတ်သက် ထိခိုက်သွားစေတော့မည်။ လူထွက်သွားတာများ သိသွားလျှင် မည်မျှ စိတ်မချမ်းမသာ ဖြစ်ရှာမည်ကို တွေးမိပြန်သည်။ ဦးသာဝ၏ ကျေးဇူးတရားတို့ကိုလည်း ဆင်ခြင်အောက်မေ့မိသည်။

“ဘာများ အမိန့်ရှိဦးမလဲ ဦးပဉ္ဇင်း၊ တပည့်တော် သွားရဦးမှာ ဘုရာ့”

ဘိုးသာသည် မျက်နှာပျက်ပျက်နှင့် တွေဝေငေးငိုင်သွားသော ရှင်ဓမ္မပါလကို မျက်ခုံးကြီးပင့်၍ ကြည့်လိုက်ပြီးမှ လေသံဖြင့် ခပ်တိုးတိုး လျှောက်လိုက်သည်။

“တပည့်တော် သွားဦးမှဘုရာ့”

“အေး အေး၊ အရုဏ်တက်ရင် ဆရာတော်ကြီးကို လျှောက်လိုက်မယ်”

ကောင်းကင်တစ်ခွင်တွင် အလင်းရောင်သည် ပျို့အံစ ပြုလာလေသည်။ အေးမြသော အရုဏ်ဦးလေသည် ရှင်ဓမ္မပါလ မျက်နှာပေါ်သို့ စွတ်၍ တိုက်ခတ်လာသည်။ အရုဏ်ဦးလေသည် ဆောင်းသက်လေကို ကြိုဆို၍ လာလေသည်။ စွတ်၍တိုက်ခတ်သွားသော အေးမြသည့်လေကို ရှူရှိုက်လိုက်လျက် “တန်ဆောင်မုန်း ကထိန်ပွဲပြီးမှပဲ ဆရာတော်ကြီးကို လျှောက်ပါတော့မယ်လေ” ဟု စိတ်ဝယ် ပိုင်းဖြတ်လိုက်လေသည်။

(၅)

ကျောင်းထိုင်ဆရာတော်ကြီး၏ ကိုယ်စား ရှင်ဓမ္မပါလသည် အဖော်သံဃာများနှင့်အတူ ဇရပ်ထိပ်ကော်ဇောပေါ်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်လိုက်လေသည်။ ယပ်ကို ရှေ့၌ချလျက် သင်္ကန်ရုံထဲတွင် လက်ထိုးသွင်း၍ ပခုံးပေါ်သို့ မြှင့်ပေးလိုက်ပြီးနောက် မျက်လွှာချထားလိုက်သည်။

သုသာန်ဇရပ်ကြီးထဲ၌ ထိုင်စရာနေရာမကျန်အောင် လူတွေ ပြည့်ကျပ်နေလေသည်။ မျက်နှာကြီး မသာဖြစ်၍ တစ်မြို့လုံး လိုက်ပို့ကြသည်။ အချို့မှာ နေရာမရ၍ နောက်တွင် မတ်တတ်ရပ်နေကြရသည်။ ရှင်ဓမ္မပါလ နေရာယူလိုက်သောအခါ လူစုလူဝေးကြီး၏ ရုတ်ရုတ်၊ ရုတ်ရုတ် ဖြစ်နေသော အသံကြီးသည် မီးကို ရေနှင့် သတ်လိုက်သလို ဗြုန်းခနဲ တိတ်ဆိတ်သွားလေ၏။

နေသည် ကျဲကျဲတောက်နေ၏။ သုသာန်တစပြင်မှ ဖြတ်တိုက်လာသောလေနှင့် သစ်ရွက်များ အသံမြည်နေကြသည်ကို အားလုံး အတိုင်းသား ကြားနေကြရသည်။

ရှင်ဓမ္မပါလသည် ဦးသာဝ၏ အသုဘ၌ သရဏဂုံတင်ပြီး ဟောရမည့်တရားသည် ရဟန်းဘဝနှင့် နောက်ဆုံးဟောသွားရမည့် တရားပါတကားဟု ဆင်ခြင်အောက်မေ့နေမိသည်။

ဘိုးသာသည် မတ်တတ်ထရပ်လျက် “ကဲ … သီလယူကြရအောင်” ဟု ကျယ်လောင်သော အသံဖြင့် အော်ဟစ်အချက်ပေးလိုက်သည်။

မျက်လွှာကို မ၍ ပရိသတ်ကို တစ်ချက်ကြည့်ပြီးမှ မျက်လွှာပြန်ချကာ ချောင်းတစ်ချက် ဟန့်လေသည်။ အနိစ္စတရားထင်၍ အသုဘရှုကြရန် မိန့်ကြားတိုက်တွန်းလိုက်ပြီးနောက် ငါးပါးသီလကို ချပေးလေသည်။

ဇရပ်ကြီးထဲတွင် သီလခံယူနေကြသော အသံများသည် အုတ်အုတ်ညံလျက် နေပြီးနောက် အသံများ စဲတိတ်သွားတော့သည်။ ဘယ်အသံမျှ ပေါ်မလာသေးဘဲ အဆက်ဖြတ်ကာ တစ်ခဏ တိတ်သွားလေသည်။ ရှင်ဓမ္မပါလမှာ သီလပေးပြီး တရားဟောရန် စိတ်မပါ့တပါ ဖြစ်နေလေသည်။ ဇရပ်သို့ ကြွမလာခင်က ဟောမည့်တရားကို စီကာစဉ်ကာ တွေးတောလာခဲ့သော်လည်း စိတ်ပြောင်းသွားသည်။ တရားကို ရှည်ရှည်မဟောဘဲ တိုတိုတုတ်တုတ်နှင့် အကျဉ်ချုံးဟောရန် ပြန်ချုံ့စဉ်းစားနေရခြင်းဖြင့် ခေတ္တခဏ တစ်ဇရပ်လုံး တိတ်နေပေ၏။

မသာခေါင်းတစ်ဖက်၌ ပုဆစ်တုပ်၍ ဝတ်ပြုနေသော အဘွားကြီးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ပြိုင်တူ လက်ကုတ်မိနေကြသည်။

“ပစ္စည်းလေးပါး ဒကာကြီး မရှိတော့တဲ့အတွက် ဦးပဉ္ဇင်း အတော်စိတ်ထိခိုက်နေရတယ် ထင်တယ်”

တစ်ဦးလေသံမဆုံးခင် တစ်ဦးက “တရားဟောဖို့ ရင်ထဲမှာ ဆို့နေတယ် ထင်ပါရဲ့” ဟု ပြောနေသည်။

တရားနာရန် စောင့်ဆိုင်းနေသည့် ကာလစပ်ကြား၌ သူဌေးဦးသာဝ ကျေးဇူးဖြင့် ရှင်ဓမ္မပါလကိုယ်တော် ထွန်းကားလာခြင်းကို တွေးမိသူက တွေးမိကာ ကျေးဇူးတင် ဝမ်းမြောက်ခြင်း ဖြစ်ကြသည်။

ရှင်ဓမ္မပါလသည် လိုရင်းချုံ့၍ ခပ်တိုတိုပင် တရားဟောလိုက်လေ၏။ ခါတိုင်း တရားဟောသလို အသံနေအသံထားနှင့် မဟုတ်သဖြင့် စိတ်မကောင်း၍ မဟောနိုင်ခြင်းဟု ပရိသတ်က မှတ်ချက်ချကြသည်။

“ကိုင်း … ကွယ်လွန်သွားတဲ့ ကျောင်းဒကာကြီး ဦးသာဝရဲ့ ဒါန သီလ အဝဝကို ရည်မှတ်ပြီး ရေစက်ချကြရအောင်”

ရှေ့တွင်ချထားသော အသုဘခေါင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ခေါင်းနှင့် မလှမ်းမကမ်း၌ မောင်းထောင်းသံဖြူချိုင့်ပေါ်တွင် နှီးခွက်တင်လျက် အနားက ထွေးခံတစ်လုံးချကာ ရေစက်ချရန် ပြုလုပ်ထားသော အစီအစဉ်ကို မြင်လိုက်မိသည်။ရေစက်ချရန် ချောင်းကို နှစ်ချက်ဆင့်၍ အဟန့်လိုက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မမျှော်လင့်ကြသော ကိစ္စတစ်ရပ်သည် ဗြုန်းခနဲ ဒိုင်းခနဲ ပေါ်ပေါက်လာလေသည်။ရေစက်ခွက်နားတွင် ထိုင်နေကြသော ဒကာမနှစ်ဦးသည် ရေစက်ချရန် တစ်ခုတည်းသော နှီးခွက်ကို ပြိုင်တူဆွဲလုကြသည်ကို တွေ့ကြရတော့သည်။

“ကျုပ် ရေစက်ချမယ်။ ကိုသာဝကို အသက်ထက်ဆုံး ကျုပ်ပဲ ပြုစုလာရတာ၊ ဒီဒါနဟာ ကျုပ်စရိတ်ထဲက ပြုတာ။ ကျုပ်ချမယ် ဖယ်”

အသက် ၄၀ အရွယ် ထွားထွားကျိုင်းကျိုင်း ရှိလှသော မိန်းမသည် နှီးခွက်ကို လွှတ်မပေးဘဲ လုယူရင်း ပြောနေလေ၏။ အသက် ၅၀ ခန့်ရှိ ပိန်ပိန်ခြောက်ခြောက် ပြာနှမ်းနှမ်းအသားနှင့် မျက်မှန်တပ်ထားသော မိန်းမကြီးကလည်း ရေခွက်ကို လွှတ်မပေးဘဲ နှုတ်ခမ်းတလံ၊ ပန်းတလံနှင့် ပြန်ပြောလိုက်သည်။

“အောင်မယ် သယ်၊ လူတောသူတောထဲမှာ မဖွယ်မရာ လုပ်နေလိုက်တာ အငယ်ဆို အငယ်နေရာမှာ နေတာမဟုတ်ဘူး။ တယ်လေ ငါ မပြောလိုက်ချင်ပါဘူး လွှတ်”

ရှင်ဓမ္မပါလမှာ ယခုမှ သဘောပေါက်သွားလေသည်။ ကျောင်းဒကာကြီး၌ မယားနှစ်ယောက်ရှိကြောင်း အခုမှ သိရသည်။ အခုမှ သိရ၍ ရုတ်တရက် အံ့အားသင့်ကြီးပင် သင့်သွားသည်။ ရေစက်ချရအခက်၊ မချဘဲ ဒီအတိုင်းကြည့်နေရအခက်နှင့် အခက်ကြီး ခက်သွားလေသည်။

လက်အုပ်ချီလျက် ရေစက်ချရန် စောင့်ဆိုင်းနေသော ပရိသတ်ကြီးသည် အံ့အားကြီးသင့်လျက် ကြက်သေသေနေကြသည်။ အချို့မှာ လက်အုပ်ချီထားသော လက်ကို မချနိုင်ဘဲ လည်ပင်းနှင့် ခါးကို အဆမတန် ရှည်ထုတ်၍ တစ်ဦးခေါင်းပေါ် တစ်ဦးမိုးကာ ရှေ့ကရန်ပွဲကို ပြူးပြူးကြောင်ကြောင် လှမ်းကြည့်ကြလေသည်။

ရေစက်ချရန် စောင့်လင့်နေကြသော ပရိသတ်ထဲတွင် ရေစက်ချပြီးမှ မြေဝယ်ကျရမည့် ဦးသာဝ၏ ရုပ်ကလာပ်လည်း စောင့်လင့်သည့်အထဲ၌ ပါဝင်နေရှာပေသည်။ မယားကြီးနှင့် မယားငယ်မှာ သူချမည် ငါချမည်ဟု ငြင်းခုံနေဆဲဖြစ်သည်။ ငြင်းခုံနေရင်းမှ ငယ်ကျိုးငယ်နာတွေ ဖော်ထုတ်ကာ ကလောတုတ်ကြပါလေ၏။

“ကိုသာဝက တော့်ကို မပေါင်းချင်လို့ ကျုပ်ကို ယူထားတာ၊ ကိုသာဝနား တော်မကပ်ရတာ ဘယ်လောက်ကြာပြီလဲ ဟင်။ ကျုပ်ကို မယားမှတ်မှတ် ပေါင်းသွားတာ လူတွေမသိဘူး ထင်လို့လား”

အငယ်သည် ခါးထောက်လျက် အသံကို ကျယ်ကျယ်လောင်လောင် ဟစ်၍ ဇိုးဇိုးဇပ်ဇပ် ပြောချလိုက်သည်။

“အမယ်လေး ကိုသာဝရေ၊ ရှင်လုပ်ပုံတွေ မရှင်းလို့ လူပုံအလယ်မှာ ရှင် အရှက်ကွဲပါပြီတော့။ ဒီဟာမ မိုက်တယ်ဆိုတာ ရှင်သိတယ်ဆို။ အများရှေ့မှာ မိုက်ပြနေတာ ထလို့များ ကြည့်လိုက်ပါဦး ကိုသာဝရဲ့”

မယားကြီးသည် ငိုသံကြီးနှင့် အားရပါးရ ကြုံးအော်လိုက်သည်။ အားမရနိုင်သေးသလို အသံဖြတ်ပြီးမှ နောက်ထပ် ဆင့်ကဲ၍ “ထကြည့်ပါဦး” ဟု ဆောင့်အော်လိုက်ပြန်သည်။ သူ့အသံမှာ နဂိုသံ မဟုတ်တော့ဘဲ ငယ်သံပါအောင် ညှစ်အစ်ပြီး အော်ပစ်လိုက်သည်။

ရှင်ဓမ္မပါလသည် တစ်ထိုင်တည်း ရှက်သွေးဖြာကာ မျက်နှာတစ်ပြင်လုံး နီရဲလာလေ၏။ ကြားဝင်ပြီး ဖျန်ဖြေလိုက်ရန် စိတ်ကူးတော့ရ၏။ ကြားဝင်ပြောရန် ပြော၍မထွက်၊ မျက်နှာပူလှသည်။ ပရိသတ်ကြီးရှေ့၌ ကိုးရိုးကားရား ဖြစ်နေသော အဖြစ်မှာ အကျည်းတန်လှသည်။ ရေစက်လည်း မချရသေး။ မျက်နှာကို ဘယ်လိုထားရမှန်း မသိအောင် ပူထူ၍သာ နေတော်မူသည်။

“အေ ကိုသာဝရဲ့”

ရှင်ဓမ္မပါလ၏ နားထဲတွင် ရှေ့ဆက်ပြီး ဘာပြောရမှန်းမသိအောင် လျှံထွက်သွားလေသည်။ ရင်ထဲတွင် မြုံ၍ ကိန်းဝပ်နေသော လူထွက်ချင်စိတ်တို့သည် နေခြည်ထဲတွင် နှင်းမြူများ လွင့်သွားသကဲ့သို့ လွင့်စင်သွားကုန်ကာ မဖော်ပြတတ်သော နှလုံးနာခိုက်သွားသည့် ဝေဒနာတစ်မျိုး ပေါ်ပေါက်လာသည်။

မျက်စိရှေ့မှောက်၌ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အချင်းအရာတို့ကို ပြောစရာမရှိအောင် စက်ဆုပ်ရွံရှာသွားလေသည်။

လူ့ရပ်လူ့ရွာတွင် မလိုလားဖွယ် အနိဋ္ဌာရုံတွေ၊ မနှစ်မြို့ဖွယ် ဒုက္ခအာရုံတွေနှင့် ပြည့်နှက်နေချေသည်တကားဟု တစ်ထိုင်တည်း တရားကျကာ လူ့ဘောင်ကို တုန်လှုပ်ခြင်းလည်း ဖြစ်သွားတော့သည်။

ဘိုးသာသည် ပရိသတ်များ သောက်ကြရန် တည်ထားသော ရေတည်ချိုင့်ပေါ်မှ ရေခွက်တစ်ခွက်ကို ထပြေးယူလေသည်။

“ကိုင်း … ကိုင်း ဒီမှာ တစ်ခွက်၊ တစ်ယောက်တစ်ခွက် ချကြပေါ့”

အံ့အားသင့်ကာ ငြိမ်နေသော ပရိသတ်သည် ပွစိပွစိနှင့် ညံလာသည်။ ဘိုးသာသည် ကပျာကယာပင် ပရိသတ်ဘက်သို့လှည့်၍ “ကဲ … ရေစက်ချမယ်ဗျို့” ဟု ပရိသတ်ကြီးကို ထိန်းလိုက်လေ၏။

ဦးသာဝ၏ မယားနှစ်ယောက်သည် တရှုံ့ရှုံ့ငိုရင်း ရေတစ်ခွက်စီ ကိုင်ထားကြသည်။ ထွားထွားကျိုင်းကျိုင်း ကိုယ်လုံးကိုယ်ထည်ရှိသော အငယ်မမှာ ဒေါသမပြေနိုင်သေးသကဲ့သို့ အသားတွေ တဆတ်ဆတ် တုန်နေသေးသည်။

မူလက ရေစက်ကို ရှည်ရှည်ချရန် ရည်မှန်းထားသော်လည်း ရှင်ဓမ္မပါလသည် တိုတိုပဲ ချလိုက်၏။ ရေစက်ချနေတုန်း လိုက်ဆိုနေကြသော အသံနှစ်သံကို ပြိုင်တူကြားရပုံကား နားထဲ၌ နင့်လှ၏။ ရင်ထဲ၌လည်း ပူပြင်းနေသည်။ ရေစက်ချပေးနေသော အသံသည် အသံပြတ်ပြတ်နှင့် အသံပျက်၍ပင် နေလေသည်။ ဦးပဉ္ဇင်း၏ မျက်နှာမှာ နီမြန်းကာ အသံပျက်နေသဖြင့် ပရိသတ်ကြီးမှာ မိန်းမနှစ်ယောက်ကို ကြိတ်၍ ဒေါပွနေကြသည်။

“အမျှ … အမျှ ကိုသာဝရေ”

မယားနှစ်ယောက်၏ အသံနှစ်သံကို တစ်ပြိုင်တည်း ကြားရသော ရှင်ဓမ္မပါလသည် မျက်လုံးများ ပြာနှမ်းလျက် ပါးတွေနားတွေ ထူပူသွားလေတော့သည်။လူသူပရိသတ်ရှေ့မှောက်မှ ဖဲခွာချင်စိတ် ပြင်းပြသည့်အတိုင်း ပရိသတ်၏ သာဓုခေါ်သံကိုပင် အဆုံးတိုင်အောင် မစောင့်ဆိုင်းနိုင်တော့ဘဲ နေရာမှ ထပြန်ခဲ့သည်။

ကျောင်းသို့ ပြန်ရောက်သော်လည်း နေစရာမရှိအောင် ဖြစ်နေလေသည်။ ရင်ထဲတွင် မနှစ်မြို့ဖွယ်နိုင်အောင် အကြီးအကျယ် စိတ်ပျက်နေလျက် “ကိစ္စများမြောင် လူတို့ဘောင်၌” ဆိုသော လင်္ကာကို ထပ်တလဲလဲသာ ကြားနာ၍ နေလေသည်။လူ့ဘောင်ကို စက်ဆုပ်ရွံရှာသွားသော အသည်းနှလုံးမှာ ဒဏ်ချက်ပြင်းထန်သွားသဖြင့် ဖူးဖူးရောင်လာသကဲ့သို့ပင် တစစ်စစ် နာကျင်ခြင်းပင် ဖြစ်လာသည်။

ရှင်ဓမ္မပါလမှာ စက်ဆုပ်ရွံရှာလွန်း၍ ဖြစ်ပေါ်လာသော ဒုက္ခဝေဒနာတို့ကို ကြာရှည်မခံစားလိုသဖြင့် ကမ္မဋ္ဌာန်းထိုင်သော တိုက်ခန်းကလေးထဲသို့ ဝင်သွားလေသည်။ တိုက်ခန်းကလေးမှာ မှောင်မည်း၍နေသည်။

မှောင်ထဲ၌ တင်ပလ္လင်ခွေလျက် အထက်ပိုင်းကိုယ်ကို ဖြောင့်ဖြောင့်မတ်မတ်ထား၍ ထိုင်လိုက်သည်။ ကိုယ်ကို သိမ်းဆည်းကာ ကမ္မဋ္ဌာန်းတရားသို့ ရှေးရှုအာရုံပြု၍ သတိထားလေသည်။

စိတ်မှာ ရုတ်တရက် သိမ်းဆည်းချုပ်ကိုင်၍ မရတတ်သေးသဖြင့် ရှူထုတ်နေသော ဝင်လေ ထွက်လေတို့သည် ပြင်းထန်စွာ ရုန့်ရင်းကြမ်းတမ်းနေလေ၏။ ကာယစိတ္တ နှစ်ပါးစလုံးကို ပိုင်နိုင်အောင် ကြိုးစားသိမ်းဆည်း၍ အားထုတ်တော့မှသာလျှင် လှုပ်ရှားနေသော စိတ်သည် အပြင်အာရုံသို့ မထွက်တော့ဘဲ ဝင်လေထွက်လေ၌သာလျှင် တစ်ခုတည်းသောအာရုံ စူးစိုက်နေတော့သည်။ ထိုအခါ၌ စိတ်ရောကိုယ်ရော ပူပန်ခြင်း အလျဉ်းကင်း၍ ပကတိ အေးချမ်းငြိမ်သက်ခြင်းသို့ ရောက်သွားသည်။ ရှူရှိုက်နေသော ဝင်လေထွက်လေတို့သည် သိမ်မွေ့သည်ထက် သိမ်မွေ့ညင်သာလာသည်။

နေပူပူ တောင်ပေါ်မှ ဆင်းလာသော ယောက်ျားသည် အမောပန်းဖြေကာ ရေအိုင်တွင် ရေသောက်ရေမိုးချိုးပြီး အရိပ်ကောင်းလှသော သစ်ပင်အောက်သို့သွားလျက် ရေစိုရေလဲပိုင်းကို ရင်ဘတ်ပေါ်၌တင်ပြီး အိပ်လိုက်သောအခါ ထိုယောက်ျား၏ ဝင်လေထွက်လေတို့သည် တဖြည်းဖြည်း ညင်သာသိမ်မွေ့သွားလျက် အသက်ပင် ရှူမှ ရှူရဲ့လားဟု စုံစမ်းရမည့် အခြေသို့ ရောက်သကဲ့သို့ …

ပကတိ ချမ်းမြေ့ငြိမ်သက်နေသော ရှင်ဓမ္မပါလသည် အသက်မှ ရှူပါလေစ။

ဂျာနယ်ကျော် မမလေး