စည်းကျော်တဲ့ည

စည်းကျော်တဲ့ည(စ/ဆုံး)

———————–

ဒီပွဲက စိန်ခေါ်ပွဲ။

 

ပြီးခဲ့သည့်ပွဲက ရင်ဆိုင်တွေ့ ပွဲ။

 

စိန်ခေါ်ပွဲဆို၍ လက်ဝှေ့ပွဲမဟုတ်။ ငတိုး၊ ငစိုး၊ ငမိုးနှင့် တောလိုက်ခွေးငါးကောင်က တစ်ဖက်၊ ညောင်ပင်ကန်တော တောကြောင်ကြီးကတစ်ဖက် မကျေနပ်ပွဲ ပြန်တွေ့ကြမည့်ပွဲ။

 

ဟုတ်သည် ငတိုး၊ ငစိုးနှင့် ငမိုးတို့သည် သာမန်တောလိုက်သမား လက်သင်များမဟုတ်၊ သုံးဦးစလုံး တောလိုက် ဝါရင့် သမ္ဘာရင့် ကျွမ်းကျင် ရွာမုဆိုးများ။

 

ရွာမုဆိုးမှာ အဆင့် (၂) ဆင့် ရှိသည်။ အဖွဲ့တစ်ဖွဲ့ကို ကိုယ်တိုင်ခေါင်းဆောင်၍ သားကောင်များကို ဖမ်းဆီးနိုင်သောသူက ခေါင်းဆောင်အဆင့် ဝါရင့်မုဆိုး။

 

ခေါင်းဆောင် မုဆိုးသည် တောတောင်သဘာဝ၊ တောကောင်သဘာဝ၊ ရာသီဥတုအခြေအနေ၊ ဘေးအန္တရာယ်တို့ကို ကြိုတင်ခန့်မှန်း၍ အဆုံးအဖြတ် ပေးရသည်။

 

သားကောင် လက်တွေ့ရအောင် ဖမ်းနိုင်သောသူ၊ ဘေးအန္တရာယ်ကင်းအောင် လုပ်နိုင်သောသူ၊ လုပ်တတ်ကိုင်တတ်သူ၊ မမျှော်လင့်သော ဘေးအန္တရာယ် ကြုံတွေ့လာပါက ကျော်လွှားရင်ဆိုင်တတ်သူကိုမှ ရွာမုဆိုး ခေါင်းဆောင်ကောင်းဟု သတ်မှတ်သည်။

 

ရွာမုဆိုးခေါင်းဆောင် အဆင့်ရှိသလို၊ မုဆိုးနောက်လိုက် အလုပ်သင်၊ အလုပ်သင် လူသစ်၊ အပျော်တမ်း ဟင်းစားရှာ အဆင့်လည်း ရှိသေး သည်။

 

ယေဘုယျအားဖြင့် အဖွဲ့တစ်ဖွဲ့မှာ ရွာမုဆိုးခေါင်းဆောင်တစ်ဦးသာ ပါတတ်သည်။ ကျန်အဖွဲ့ဝင်တို့က နောက်လိုက်များသာ။

 

ငတိုး၊ ငစိုးနှင့် ငမိုးတို့ ခေါင်းဆောင်သုံးဦး စုစည်းလာခြင်းမှာ အကြောင်းရှိသည်။

 

သူတို့သုံးဦးသည် ပင်ကိုကလည်း ဖိုးမှိုကုန်းရွာသားများ။ ရပ်သွေး ရွာသွေး မကင်းသလို ဆရာတူ တောလိုက် တပည့်ကောင်းများလည်း ဖြစ်သည်။ ဝါသနာတူ ပုလင်းတူဘူးဆို့များလည်း ဖြစ်သည်။

 

တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်းကို သူတို့ ဦးဆောင် တောလိုက်ရာ၌လည်း တောတွင်တွေ့က ရိုင်းရိုင်းပင်းပင်း ကူကူညီညီ။ ဟင်းစားသာမက စားကျက်ပါ ညွှန်ပြသည်အထိ ရင်းနှီးကြသည်။ သမုဒ္ဒရာရေကို မိမိ တစ်ဦးတည်း ကုန်အောင် မသောက်နိုင်ဟု သဘောထားသည်။

 

ယခုလည်း သားကောင်လိုက်ကွင်းသစ်ကို သုံးဦး လက်တွေ့ လေ့လာ ကြည့်ရှုလိုသောကြောင့် စုပေါင်းကာ တောလိုက်လာသည်။ လိုက်ကွင်းသစ်ဟု ပြောရအောင်ပင်လျှင် သူတို့ ရောက်ရှိနေသော တောက အခြေအနေသစ် ပြောင်းလာသည်။

 

အခြေအနေ ပြောင်းသကဲ့သို့ သားကောင် အဝင်အထွက်၊ အသွားအလာတို့ကလည်း ရွေ့လျားလာသည်။ ရှေးအလေ့အထ၊ ရှေးဓလေ့နှင့် သုံးသပ် မရတော့။ ပြောင်းလဲလာသော အခြေအနေအရ သုံးသပ်မှသာ လက်တွေ့ကျတော့မည်။

 

ငတိုးတို့ တောလိုက်ရာတွင် ဘိုးစဉ်ဘောင်ဆက် အားကိုးခဲ့သောတောကား တောင်ကုန်း၊ တောင်စွယ်၊ လျှိုမြောင်၊ ခင်တန်းများ ပေါများသည့် ရွာအရှေ့ဘက်တော။

 

ရွာအရှေ့ဘက်တော ရွာခံမုဆိုး ပူပါက ရွာအနောက်ဘက်တောကို တစ်ပတ်လှည့်ကြရသည်။ ရွာအနောက်မှတောက ငတိုးတို့ ဖိုးမှိုကုန်းရွာနှင့် နှစ်တိုင်(လေးမိုင်)ခန့်ဝေးသော ရွှေကြီးရွာဝန်းကျင်မှ စသည်။ ရွှေကြီးရွာနှင့် မြစ်တည့်တည့် အကွာအဝေးက တစ်တိုင်(နှစ်မိုင်)၊ မြစ်ဘေး အရှေ့ဘက်မှ ဆယ့်ရှစ်တိုင် အတိုင်နှစ်ဆယ် (ခန့်မှန်း မိုင်လေးဆယ် ဝန်းကျင်)သည် ကိုင်းတောများ၊ ကျူတောများ၊ တောကြီးမြိုင်ကြီးများ အရှည် ထိုမျှ ရှည်၍ အကျယ်က အချို့နေရာ တစ်တိုင်(နှစ်မိုင်)ခန့်၊ အချို့နေရာ တိုင်ဝက်ခန့်၊ အချို့နေရာ တိုင်ဝက်လျော့လျော့ခန့်။

 

ဒီနေရာက မြစ်ရေကြီးချိန် ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်အထိ မြစ်ရေတိုး ရေဝင်တတ်သောနေရာ။ ရေဝင်လာလျှင် ရေလွတ်ရာပြောင်း၊ ရေကျသွားက ရေကျရာသို့ သားကောင်တို့ တစ်စတစ်စ ပြန်လိုက်သောနေရာ။

 

မြစ်ရေရောက်နေရာ ဖြစ်ဖြစ်၊ အခြားနေရာ ဖြစ်ဖြစ်၊ နွေမှာ ထူး၊ ချိုင့်၊ ချောက် ရေပြတ်က သားကောင်တို့သည် ရေအတွက် မြစ်ဆီ ဆင်းရသည်။

 

တောရေကန်များကလည်း “တန်ခူးရေကုန်၊ ကဆုန်ရေခန်း” ဟု အညာစာဆိုအတိုင်း နွေ၌ရေပြတ်သည်။ ရေအတွက် မြစ်သွား၊ အချိန်က မိုးပြတ်နွေပေါက်မို့ မြက်ခြောက်စား၊ ရွက်ရင့်သစ်ရွက် ဝါးနေရသည်။ မြစ်သွားလျှင် ရေတော့ သောက်ကြရ၏။

 

သဲဖြူသောင်လွ မြစ်ရေကျချိန် ဖြစ်ရာ စားစရာ ရှားရှားပါးပါး။ သောင်ခုံသဲနုပေါက် ကျူရုံ၊ ပေါင်းချုံတို့သည် အနည်းငယ်မျှသာ။ အနည်းငယ်မျှသော သစ်ရွက်မြက်စိုသည် လုံခြံမှုမရှိသော နေ့မြင်ကွင်းဖြစ်၍ သားကောင် မချဉ်းကပ်ရဲ။

 

ဒီအခြေအနေက ယခင်အခြေအနေ။

 

ရွှေကြီးမြစ်ရေတင် ပေါ်ပေါက်လာသော အခြေအနေက တစ်မျိုးဖန်တီးလာသည်။

 

ရွှေကြီးနှင့် မြစ်၏ အကွာအဝေးတည့်တည့် အမှန်က တစ်တိုင်။ နှစ်လုံးပေါက် ရေရရှိနိုင်မည့် မြစ်ရေ ပုံမှန်ယူရမည့် ရေကြောက နှစ်တိုင်ဝေးသော နေရာမှဖြစ်ရာ ရွှေကြီးမြစ်ရေတင်သည် နှစ်တိုင်(လေးမိုင်) အဝေးမှ စသည်။

 

ရွှေကြီးရွာနှင့် တစ်တိုင်ဝေး၊ နှစ်တိုင်ဝေးသော ရွာမှ ယာမြေများဆီအထိ ရေရောက်ရန် မြောင်းဖောက်ပေးသောအခါ သုံးတိုင် (ခြောက်မိုင်) ပတ်ပတ်လည်မှာ မြစ်ရေတင်မြောင်းကြီးများ ပေါ်ထွက်လာ သည်မှာ အစီစီ အရီရီ။

 

ပင်မမြောင်းကြီးသည် တောင်မြောက် ဗဟိုကျသည်။ အခြားရွာများ ကွင်းဘက်သို့ လှည့်ရာတွင် ကွေ့သည့်အခါ ကွေ့သည်။ မြောင်းမကြီး အပြင် မြောင်းခွဲလက်တံများပါ မရေမတွက်နိုင်အောင် ဖောက်လုပ်သောအခါ မြောင်းတူးချိုင့်ဝှမ်းများ၊ မြောင်းလက်တံခွဲ ချိုင့်ဝှမ်းများ၊ ရေဆိုးထုတ် မြောင်းများ၊ ရေပိုထုတ်ချိုင့်များ၊ ရေလျှံထူး၊ ချောက်၊ ဂလိုင်၊ လျှိုမြောင်၊ ကုန်းတန်း၊ ခင်တန်းများသည် မိုးအခါ၌ မိုးရေ၊ ဗေးရေဖြင့် အများအပြား။ နွေအခါ၌ ရေဆက်ရနေသော ရေနေချိုင့်များ အများအပြား။

 

မြစ်ရေတင်များ ပေါ်ပေါက်လာသောအခါ ရေရောက်ဒေသနေ ဒေသခံတို့ဘဝက အကျိုးထူးခံစားရသည်။ မြစ်ရေမှာ ဘာတန်ခိုး ဣဒ္ဓိပါဒ် ပါဝင်သည်ဟု မည်သူမျှ တိတိကျကျ မသိ။

 

မြေညံ့ချင်သမျှ ညံ့ပါစေ၊ မြစ်ရေ သုံးလေးနှစ်ဝင်မိက မြေဆီမြေခွန် ထိုးတင်လိုက်သလို တက်ပြေးလာသည်။

 

ပထမနှစ် စပါးစိုက်ရာတွင် ညံ့ချင်သမျှညံ့ပါစေ။ စပါးစိုက်ရင်း စိုက်ရင်း ကြာလေ ပိုကောင်းလာလေဘဝ ရောက်လာသည်။ မြောင်းမကြီးသမားက အောက်တွင်း ရေမပေးနိုင်က နှစ်သီး တင်းပြည့် ကျပ်ပြည့်။ အောက်ရေ ထောက်ပံ့ပေးနိုင်က သုံးသီး ဒေါင်ဒေါင်မြည်။ အဝေး လက်ခွဲမြောင်းက တစ်သီး ရေရေရာရာ သေသေချာချာ ရသည်။ မြေများ နုံးယောင်သန်းကာ မြေဆီမြေခွန် များစွာတက်သည်။

 

မြစ်ရေတင်သည် ရေရောက်ရာနေရာ မှန်သမျှ မြရောင်၊ ရွှေရောင်၊ ငွေရောင် လွှမ်းစေသည်။ မြောင်းဖြတ်သွားသော နေရာဆီမှ အုန်းပင်၊ သရက်ပင်၊ ထန်းပင် မှန်သမျှ ညွတ်နေအောင်သီးသည်။

 

စောစောသီးသည်။ ထန်းရည်ထွက် ပိုသည်။ ငှက်ပျော၊ မာလကာများဆိုလျှင် အခိုင်တံလည်း ရှည်ထွက်၊ အသီးထွက်လည်း များသည်။

 

ရေတင်ရေသောက် ငှက်ပျောသည် အလုံးကြီးဝတုတ်ကာ ဖောင်းတင်းနေပြီး အလွန်ချိုသည်။ ဇောင်း မကျိုး ထောင့်မကျိုးသေးသော လုံးပိန်လုံးညှပ် ချက်မကြွေသေးသည့် ပွဲရုံငှက်ပျော၊ ဈေးငှက်ပျောနုက မှည့်လည်း ဖန်၊ ချွဲကျိ၊ အချိုဓာတ် ခပ်ပေါ့ပေါ့။

 

ရေဝင်ငှက်ပျောပင်မှည့်က လျှာထဲ ချိုဆိမ့်စွဲကျန်နေရစ်စေသည်။ (မယက) ဥက္ကဋ္ဌ တစ်ဦးထံသို့ စာရေးဆရာ တောင်သူကြီးတစ်ဦးက ငှက်ပျောတစ်ခိုင်ကို လယ်ကန်သင်းမှခုတ်၍ မေတ္တာလက်ဆောင် ပို့ဖူး သည်။

 

“ဆရာကြီး ငှက်ပျောသီးက ဘာငှက်ပျောမျိုးမို့ ခုလောက် ကြီးရပါသလဲ ခင်ဗျာ” ဟု မေးရာ

 

“မြစ်ရေသောက်ရတာ ပြောစရာ ရှိတာပဲ၊ ရိုးရိုး ငှက်ပျောပါ၊ အရင်က ငှက်ပျော မထားနဲ့၊ ပြောင်းပင်တောင် မိုးခေါင်ရင် ခြောက်သေတဲ့ နေရာ။ အခု မြစ်ရေတွေ ရောက်လာတော့ ဘာစိုက်စိုက် အရမ်းသီးတာပဲ၊ မြစ်ရေကမ္မဇိဒ္ဓိရတဲ့ ငှက်ပျောထင်ပါရဲ့”

 

ဟု ရယ်စရာ ပြောရသည်အထိ မြစ်ရေတင်ကျေးဇူးက ကြီးမားပါဘိတောင်း။

 

မြစ်ရေတင်နဲ့ တောလိုက်သမား ဘာဆက်စပ်နေပါသလဲ။

 

မြစ်ရေတင်က တပို့တွဲလမှ တန်ဆောင်မုန်း၊ နတ်တော်အထိ လွှတ်ပေးသည်။ နတ်တော်လပြည့်ကျော်မှ တပို့တွဲလပြည့်ကျော်ခန့်သာ နားသည်။ “နား-နှစ်၊ ပေးလ-တစ်ဆယ်” ဟု အရပ်သားက နားလည်သည်။

 

မြောင်းမကြီး(ပင်မမြောင်း)များ၊ လက်ခွဲမြောင်း (လက်တံမြောင်း)များ စက်ဖြင့်တူးရာ၊ ကုပ်ရာ၊ လက်ဖြင့်တူးရာ၊ တင်ရာမှ ဆယ့်နှစ်ရာသီ ရေမပြတ်သော အိုင်များ၊ ချိုင့်များဘဝ အလိုအလျောက် ရောက်လာသည်။ ရေရှိက ငါးရှိစမြဲဖြစ်ရာ ကုန်းရွာမုဆိုးတို့ ရေရွာမုဆိုးဖြစ်လာသည်။

 

ငါး ကြီး/ လတ်/သေး၊ ပုစွန်ဆိတ်ကြီး/လတ်/သေးကို ကြိုက်သလို ကြိုက်သည့်အချိန် အခမဲ့ ဖမ်းပိုင်ခွင့် မရှိသော်လည်း အိုင်များ၊ ချိုင့်များ၊ ရေပိုရေလျှံမြောင်းများ၊ ရေဆိုးထုတ်မြောင်းများအတွင်း ဖမ်းနိုင်သမျှ ဖမ်းခွင့်ရှိသည်။

 

သုံးလေးတိုင်(ခြောက်မိုင်) ပတ်ဝန်းကျင် မြောင်းများသည် မြက် အမြဲပေါက်သောနေရာ၊ သဘာဝစိမ်းစိုစားကျက် ဖြစ်လာကာ မြက်စားအုပ်စုဝင် သတ္တဝါ၏ စားကျက် မြောင်းတင်မြက်ပေါက် စိမ်းစိုနေသော နေရာသည် ကြွက်ခိုအောင်းရာ စားကျက်၊ အချိန်မရွေး ရေရသော ရေသောက်ဆိပ်ဖြစ်နေရာ ရေသောက်ရန် သတ္တဝါမျိုးစုံလာသည်။

 

တောကြီးခို သားကောင်များ၊ တောလေးခို သတ္တဝါများသည် ယခင်ကကဲ့သို့ ရေနံ့ခံ၍ မြစ်ဆီသို့ အများစု မတက်တော့။ ရေနံ့လည်းရ၊ မြေပေါ်ရေအစို ဓာတ်ကြောင့် နွမ်းညှိုးနေကျ မြက်တို့ မြရောင်တောက်ကာ မွှေးမြသည့် ရနံ့လည်းရရာ မြစ်ရေတင် မြောင်းဝန်းကျင်ကို လာစုကြသည် နွေပဲတီ၊ နွေပဲထောင်၊ နွေစပါး၊ နွေပြောင်းဖူးရနံ့က ဆွဲဆောင်သကဲ့သို့ တောသူတောသား သဘာဝစိတ်အရ ရေမြင်၊ မြေမြင်က စိုက်ချင်ပျိုးချင်သော ဗီဇစိတ်အရ သူသူ ငါငါ သင့်တော်ရာ အပြင်မောင်းချိုင့်အိုင်များအတွင်း စိုက်ပျိုးထားသော ရေကန်စွန်းနွယ်များသည် စိုက်စပျိုးစက စားပွဲနေရာ ဖျာနေရာ၊ နှစ်ကြာလာသောအခါ ရပ်ဝေးရပ်နီးမှ ရောင်းစားရန် ခြေချင်းလိမ်ခမန်း လာခူးသည့်တိုင် လျော့မသွား တိုးတိုး၍ များများ လာသည်။ နှစ်ပတ်လည် ရေကန်စွန်းခင်းများ သည်လည်း စားကျက်တစ်ခုပင်။

 

တောကြွက်သည် ပင်ကိုဗီဇ သိရှိသည့် သတ္တဝါ။

 

မြစ်ရေတင်စက စပါးပွင့်နံ့ ရလာချိန်တွင် လယ်ကန်သင်းအရောက် တွင်းဖောက်သည်။ နောက် စပါးသိမ်းသောအခါ ရေသွင်းထိုးတတ် ကိုက်ရိုက် အသတ်ခံရသောအခါ ကြွက်ပါးသွားသည်။ မြောင်းဝန်းကျင်နေ၊ စပါးရင့်မှ တွင်းရှိရာသယ်၊ မြောင်းပေါင်အခြေပြု၊ ဘဝရှင်သန်ထုံး ကျင့်သုံးသည်။

 

အခြားအချိန်များ၌ တောလိုက်သမားက ကြွက်ကို လယ်ကန်သင်းမှာ ရှာသည်။ နွေရောက်သောအခါ မြောင်းပေါင် အစအဆုံး ရှာ၍ ထိုးကြ၊ ပစ်ကြ၊ လိုက်ကြ၊ ဖမ်းကြသည်။

 

ကြွက်ရှိက ကြောင်လာ၊ ကြွက်ရှိက မြွေလာ၊ မြက်ရှိက တောယုန်၊ သမင်၊ ချေ၊ ဒရယ်လာ။ ရေရှိက ရေငတ်သော တောသတ္တဝါမျိုးစုံ လာရာ တောလိုက်သမား၏ တောလိုက်ကွင်းသစ်သည် မြစ်ရေတင် မြောင်းမကြီး၊ မြောင်းလက်ခွဲ၊ မြောင်းဆက်စပ် နယ်မြေများအထိ ကျယ်လာတော့သည်။

 

ငတိုးနှင့် သူ့နောက်လိုက် လေးဦးပါ ကြွက်ထိုးသမားငါးဦး ကြွက်ထိုးလာစဉ် တောကြောင်များ၊ တောယုန်များ၊ သမင်များကို မြင်ခဲ့သည်။ ငစိုးနှင့် သူ့နောက်လိုက်နှစ်ဦးပါ ကြွက်ထိုးသမားသုံးဦး ကြွက်ထိုး

လာကြစဉ် ကြွက်အပြင် တောကြောင်၊ ယုန်၊ ချေ၊ တောခွေးအ အုပ်များကိုမြင်ခဲ့၏။

 

ငမိုးနှင့် သူ့နောက်လိုက် ခြောက်ဦးပါ ကြွက်ထိုးသမားခုနစ်ဦး ကြွက်ထိုးလာကြစဉ် တောကြောင်၊ သမင်၊ ယုန်၊ ဒရယ်နှင့် မြွေကြီးများကို တွေ့ ခဲ့သည်။ ပဲတီခိုးစားနေသော သမင်များလည်း မီးတစ်ကမ်း၌ မြင်ခဲ့ရသည်။

 

ထို့ကြောင့် ငတိုး၊ ငစိုးနှင့် ငမိုးတို့ တိုင်ပင်ကြသည်။ ယုန်၊ သမင်၊ ချေ၊ ဒရယ်၊ ကြောင်ကို ဘယ်လို ထောင်ရင်၊ ဖမ်းရင်၊ လိုက်ရင် ရမလဲ။

 

ရေသောက်ဆင်းမှု၊ စားကျက်ဝင်မှုကို မျက်မြင်လည်းကြည့်၊ ခြေရာလည်းခံကာ ဘယ်လိုလုပ်ရင် ရနိုင်မလဲ ခေါင်းသုံးခေါင်းဖြင့် စုပေါင်းတိုင်ပင်ရန် ဆရာသုံးဦး စုထွက်ခဲ့ကြသည်။

 

ကြွက်မထိုးတော့ဘဲ ကြောင်လိုက်ရင်း အဖြေရှာရန် သဘောတူပြီး ဖိုးမှိုကုန်းရွာကွင်းအဆုံး၊ ရွှေကြီးရွာကွင်းအစတည်းက တောတိုင်ကာ အရိုအသေပြုခဲ့ကြ၏။

 

တောတိုင်သည့် အဓိပ္ပာယ်မှာ တောလိုက်သမားက တောစောင့်နတ်၊ တောင်စောင့်နတ်၊ ကွင်းစောင့်နတ် များအား အရိုအသေပြုခြင်း၊ သားကောင်တောင်းခြင်း၊ တောလိုက်သမားဘက်မှ ကတိဆန္ဒပြုခြင်းပင် ဖြစ်သည်။

 

ရွာမုဆိုးတို့ တောတိုင်ရာတွင် လုပ်ပုံလုပ်နည်း သုံးမျိုးရှိသည်။ သာမန် ဝတ်ကျေတန်းကျေ လုပ်က မတ်တတ်ရပ်၊ လက်အုပ်ချီ၊ အရိုအသေပြုခြင်း၊ အချို့က မြေကြီးကို နဖူးထိ ရှိခိုးခြင်းနှင့် အချို့က ဝမ်းလျားမှောက် နဖူးမြေထိ ရှိခိုးပူဇော် တိုင်တည်ခြင်းဟု ခွဲခြားနိုင်သည်။

 

ငတိုး၊ ငစိုးနှင့် ငမိုးတို့သည် တောလိုက် ဝါရင့်သမ္ဘာရင့် ရွာမုဆိုးများ၊ တောလှန့်၊ တောခြောက်တောမှောက် တောတန်ပြန်မှုမျိုးကို လန့်ဖျပ် အသက်ထွက်မတတ် များစွာကြုံတွေ့ ခဲ့ဖူးသူများ၊ အကြိမ်များစွာ ထူးဆန်းမှုများစွာ ယုံကြည်နိုင်ဖွယ်မရှိသော အဖြစ်များစွာ တွေ့ကြုံဖူးသူများပီပီ အလေးအနက်ထားကာ ဆင်ခြင်ထိန်းသိမ်း လိုက်နာခဲ့ကြသည်။

 

“ဟဲ့-ခွေးငါးကောင် ငြိမ်ငြိမ်နေ၊ တို့ တောတိုင်မလို့၊ တစ်ကောင်မှ ရှေ့မသွားနဲ့၊ နောက်မပြန်နဲ့ ၊ ငြိမ်ငြိမ်ဆို ငြိမ်ငြိမ်လေးနေ”

 

တောလိုက်ခွေး ငါးကောင်လည်း တွဲနေကျ ခွေးအုပ်ပီပီ အထာပေါက်၏။ ငတိုး၊ ငစိုးနှင့် ငမိုးတို့က ဇာတ်တိုက်ထားသလို ညီညီညာညာ။ ဖိုးမှိုကုန်းကွင်းဆုံး၊ ရွှေကြီးကွင်းအစ၌ ထိုင်လျက် အရပ်မီးတောက်

ပုလင်းမှ အရက်လေးငါးဆယ်စက်စာမျှ မြေသို့ ခပ်ဖြည်းဖြည်းသွန်ချသည်။

 

ရွာမှ ပြင်ဆင်ယူခဲ့သော အမဲသား အနည်းငယ် ထုပ်ထားသည့် ဖက်ရွက်၊ လက်ဖက်အနည်းငယ် ထုပ်ထားသော ဖက်ရွက်၊ ကွမ်းတစ်ယာ၊ ထန်း လျက်သုံးလုံး၊ ယခုမှ မီးညှိသည့် ဆေးလိပ်တစ်လိပ်၊ ဘူးသီးခြောက်ရေဘူးထဲမှ ရေအနည်းငယ်တို့ကို အနောက်အရပ်လှည့်ကာ ချထား သွန်းလောင်း ပသသည်။

 

ငတိုးတို့ သုံးယောက်လုံးသည် ရှေးရွာမုဆိုးကြီးတို့၏ ထုံးစံအတိုင်း ကိုယ်သွားမည့်အရပ်ကို ခေါင်းပြုကာ ဝမ်းလျားမှောက်လျက်ပင် တောတိုင်သည်။

 

“တောပိုင်၊ တောင်ပိုင်၊ ကွင်းပိုင်များအား ကျွန်တော်တို့က ရိုသေစွာ ရှိခိုး၍ ပူဇော်ကန်တော့အပ်ပါတယ် ခင်ဗျား၊ ကျွန်တော်တို့ ယနေ့ည လိုက်မည့် တောမှာ ရွှေကြီးရွာ မြစ်ရေတင်မြောင်းများနှင့် ဝဲယာဆက်စပ် အနီးကပ်တောများ ဖြစ်ပါသည်ဘုရား။ ထိုတော၌ တောကောင်မျိုးစုံ ရရှိအောင် စောင်မ,ကူညီ တော်မူပါဘုရား။ ကျွန်တော်တို့ တောကောင် ဖမ်းဆီးရင်းမှ မင်းပိုင်ပစ္စည်း အရပ်ရပ်၊ သာသနာပိုင်ပစ္စည်း အရပ်ရပ်၊ နတ်ပိုင်ပစ္စည်းအရပ်ရပ်ကို ခိုးယူဖျက်ဆီးခြင်း မပြုလုပ်ပါဘုရား။

 

တောတွင် တောင်သူလယ်သမားများ စိုက်ပျိုးထားသော သီးနှံများ၊ ဥယျာဉ်များ၊ မွေးမြူထားသော တိရစ္ဆာန်များကို မခိုးယူပါဘုရား။ တောတွင် နေထိုင်ကြသော သူများ သားမယား၊ သူများ သားပျိုသမီးပျိုများကို လုံးဝ မပြစ်မှား မကျူးလွန်ပါဘုရား၊ ဤသစ္စာကို သုံးကြိမ်ပြု၍ သုံးကြိမ်ရှိခိုး တောတိုင်ပါ သည်ဘုရား၊ ခွင့်ပြုချီးမြှင့် စောင့်ရှောက်တော်မူပါ ဘုရား”

 

သုံးဦးစလုံး မြေပေါ်၌ ဝမ်းလျားမှောက် ရှိခိုးကာ တညီတညွတ် ရွတ်ဆို တိုင်တည်ပြီး ပြန်ထလာချိန်၌ သုံးဦးလုံး စိတ်လက်ပေါ့ပါး၊ လူများ လန်းဆန်းကာ ဖျတ်လတ်တက်ကြွသွားသည်။

 

နေဝင်ဆည်းဆာအရောင်သည် တိမ်တောက်ချိန်မို့ နီနီရဲရဲ။

 

ဝင်လုလု နေပတ္တမြားလုံးကြီးကို နောက်ခံပြုပြီး အိပ်တန်းဝင်ငှက်တို့ အစာရှာရာမှ အိပ်တန်းပြန်နေကြသည်။

 

လေချိုသွေးရာတွင် တောပန်းတောင်ပန်းရနံ့ သင်းထုံကြိုင်လှိုင်နေ၏။

 

ငတိုး၊ ငစိုး၊ ငမိုးတို့ ယနေ့ည ကြောင်လိုက်ရာတွင် မပါမဖြစ်သည့် တောလိုက်မီးက ဘက်ထရီမီး။ ခြောက်ဗို့အား ဘက်ထရီအိုးငယ်ကို လွယ်ရစေရန် သိုင်းကြိုးတပ်ထားပြီး ငါးခဲထိုးတုတ်မီး ဆင်ထားသည်။ လူသုံးယောက်၊ မီးသုံးလက်၊ ဘတ်ခွ လွယ်အိတ် သုံးအိတ်၊ ဘတ်ခွသုံးစင်း၊ တောကိုင်ဓါးရှည် သုံးလက်။

 

မြောင်းမကြီးဘေး ရောက်ချိန်တွင် နေစုံးစုံး ဝင်ခဲ့ပြီ။ သုံးရက်လ ခုံးမျက်စသဏ္ဌာန် ဝင်းလက်ချိန် ရောက်သည်အထိ သူတို့ စောင့်ပြီး ကြောင်လိုက်ကွင်းကို လိုက်ခဲ့သော်လည်း ကြွက်များသာ အစာရှာကြ၊ ပြေးကြလွှားကြနှင့် အတွေ့များနေသေး၍ ခေတ္တရပ်စောင့်သည်။

 

တောအုပ်များမှ ချုံတန်းချုံနွယ်များမှ လျှိုမြှောင်ချိုင့်ဝှမ်းများမှ ထွက်လာမည့် တောကြောင်ဦးတို့ လာချိန် ကြာချိန်၊ မြောင်းပေါင်ရောက်ချိန် အနေအထား အရ စောနေသေးကြောင်း ချိန်ဆမိ၍ ရှေ့မသွားသေးဘဲ နေမြဲနေ စောင့်မြဲစောင့်၊ ခွေးများကို ငြိမ်ခိုင်းလျက် တောအကဲခတ်နေသည်။

 

“ငတိုး”

 

“ဟေ… ငစိုး”

 

“ငမိုးရော ကြားလား၊ လေတင်အထက်က အသံ”

 

ခေါင်းဆောင်၊ တောဝါရင့် သမ္ဘာရင့် ရွာမုဆိုးများဖြစ်ရာ ရှေ့လူက ဤမျှပြောလျှင် နောက်လူက ဘာပြောတာဟု ချက်ချင်း နားလည်သည်။

 

“ခွေးတွေ ရမ်းဝင်လို့ မြွေကိုက်သေမှာ စိုးရတယ်၊ ဘတ်ခွနဲ့ ပစ်ရင်လည်း ကြောင်လွတ်မှာစိုးရတယ်ဘယ့်နှယ်လဲ”

 

“အခွင့်ရရင် မြွေအရင်ပစ်၊ ကြောင်ခြောက်ထုတ်၊ ခွေးအုပ်နဲ့ လိုက်ရုံပဲ”

 

ငတိုးတို့ သုံးဦးစလုံး နားထဲ၌ လေထဲမှပါလာသော အသံကို နားထောင်ရုံမျှဖြင့် လေတင်မှာ ဘာဖြစ်နေပြီလဲဟု ခန့်မှန်းနိုင်၏။ လေတင်ဘက်က မြွေမာန်သွင်းသံ တရွှီးရွှီး။ တောကြောင် မာန်သွင်းသံ တခွီးခွီး။ တရွှီးရွှီး တခွီးခွီး အသံတူပြိုင် ပေါ်လာပြီးနောက် ပျောက်သွားသည်မှာ တိုက်ပွဲစ,နေကြောင်း သိသာစေသည်။

 

တောလိုက်ခွေးအုပ်တို့ကို ရှေ့တက်မခံဘဲ ရွာမုဆိုး သုံးဦးတို့ ရှေ့ဆက်စဉ် မြင်ကွင်းမှာ ခန့်မှန်းခဲ့သည့်အတိုင်း မြွေဟောက်ကြီးတစ်ကောင် နှင့် တောကြောင်ကြီးတစ်ကောင်တို့ အသေအလဲ တိုက်ပွဲ စ,နေ၏။

 

“ငစိုး၊ မင်းက စိုက်ထိုးပေးထား၊ မဟောက် (မြွေဟောက်) ခေါင်း ငါ ပစ်မယ်။ ငမိုးက မြွေပစ်ပစ်ချင်း တောကြောင်ကို ခွေးအုပ်နဲ့တိုက်တော့”

 

ငတိုးက ပြောပြောဆိုဆိုဖြင့် မီးထိုးကွင်းရောက်လာသော မြွေခေါင်းကို တည့်တည့်ချိန်ပစ်သည်။

 

“ဝှီး၊ ဖြန်း၊ ဖောင်း”ခနဲ မြည်သံပေးပြီးနောက် မြွေဟောက်ကြီး ပက်လက်လန် လဲသွားသည်။ မီးရောင်နှင့် ပစ်ခတ်သံကြောင့် တောကြောင်ကြီးသည် သူခေါင်းပြုထားရာ အနောက်အရပ်ဆီသို့ စွတ်ပြေးသည်။

 

“လိုက်ထား၊ ကိုက်ထား ရှူး… ရှူး… ရှူး၊ ဝါတုတ်၊ ဂုတ်ကျား၊ အောင်နက်၊ ဆတ်ဆလူးမနဲ့ ပြာလောင်စိန်… လိုက်ထား.. ကိုက်ထား၊ ပြေးပြီ လိုက်ဟ… လိုက်ဟ”

 

မြောင်းမကြီး၏ အနောက်အရပ်ဘက်ပြေးသော တောကြောင်ကြီးကို ခွေးငါးကောင်အုပ်က နောက်မှ ဒုန်းလိုက်သည်။ မီးတစ်ကမ်း မမီတော့။ ထို့အတူ တောကြောင်ကြီးက ဆက်စပ်တောလွန်ကာ ဝေးသည်ထက် ဝေးသော အနောက်အရပ်ရှိ ညောင်ပင်ကန်တော ပိုင်နက်ထဲအထိ သေပြေး ရှင်ပြေး ပြေးသည်။

 

ခွေးများက တဝုတ်ဝုတ် တဝုဝု အော်နေသောအခါ ရွာမုဆိုးသုံးဦး ခြေလှမ်းသွက်မှသွက်၊ ခွေးအသံ နားထောင်ခြင်းအားဖြင့် တောကြောင်ကို သူတို့ မီကြောင်းနှင့် ဝိုင်းပတ်မိထားကြောင်း ရွာမုဆိုးတို့ သိသည်။

 

“ငတိုး”

 

“ဟေ-ငမိုး”

 

“တောကြောင် ဝိုင်းမိထားပြီကွ”

 

“ဟုတ်တယ်ဟေ့ သစ်ပင်ပေါ်ဆိုရင် ငါတက်မယ်၊ မင်းနဲ့ ငစိုးက အောက်ကစောင့်၊ မလွတ်စေနဲ့နော်”

 

“ရတယ် ငတိုး၊ ငါနဲ့ ငမိုးတာဝန်က အောက်တာဝန်ထား”

 

ညောင်ပင်ကန် တောပိုင်အတွင်းရှိ သနပ်ပင်ကြီးကို ခွေးအုပ်က ဝိုင်းထားသည်။ ရွာမုဆိုးသုံးဦး ရောက်လာသောအခါ သစ်ပင်ပေါ်၌ တောကြောင်ရှိ ကြောင်း ပြောကြားသည့်အလား ခွေးများက ဟောင်ပြကြ၊ ပတတ်ရပ်ပြကြသည်။ ခွေးများကို ငတိုးက အားပေးသည်။

 

“ငါက သစ်ပင်ပေါ်တက် ကြောင်ပစ်ချမှာနော်၊ ဆတ်စလူးမတို့၊ ပြာလောင်စိန်တို့၊ မင်းတို့က အောက်ရောက်ရင် ဝိုင်းကိုက်၊ ကဲ ငစိုးနဲ့ ငမိုး ငါ တက်မယ်။ မင်းတို့က အောက်ကနေ မီးနှစ်လက် ထိုးပြ”

 

သနပ်ပင်ပေါ် တက်သွားသော ငတိုးကို အောက်မှ ငစိုးနှင့်ငမိုးတို့က ကြောင်ရှိရာသို့ မီးထိုးပြသည်။ သနပ်ပင်တောင်ကိုင်းတွင် ထိုင်နေသော တောကြောင်ကြီးကို ငတိုးက ဘတ်ခွဖြင့် သေသေချာချာ ချိန်ရွယ်ပြီး နှာနုတည့်တည့်မှန်အောင် ပစ်ထည့်လိုက်သည်။

 

ခွီးခနဲ အသံတစ်ချက်ပေး လန့်ခုန်သော တောကြောင်ကြီးသည် ပြန်အကျ၌ သစ်ကိုင်းပေါ်မကျ။ ခွေးငါးကောင်အုပ် အလယ်တည့်တည့် ဗုန်းခနဲကျရာ ခွေးအုပ်က ဝိုင်း ထိုးစီး၊ ထိုးကိုက်ရာ မထနိုင်တော့။

 

ငစိုးနှင့် ငမိုးက ကြေညက်မနေစေရန် ဇွတ်ဝင်၊ ဇွတ်လုံး၊ ဇွတ် ဝင်ကောက်၊ ခွေးများကို ငေါက်လိုက်မှ တောကြောင်ကြီးကို အသေရသည်။ တောကြောင်ကြီးက သုံးပိဿာလောက် ရှိပေမည်။

 

ရွာမုဆိုး သုံးဦးရော တောလိုက်ခွေးအုပ်ပါ တောကြောင်ရလာ၍ အားရဝမ်းသာဖြင့် ပြန်မည်ပြုစဉ် သနပ်ပင်မြောက်ဘက်ထဲမှ ညောင် ဝေါင်ဝေါင်ဟူသော တောကြောင်ကြီး တစ်ကောင်၏ အော်သံ ကြားလိုက်ရသည်။ အော်သံက အနားမှ ကပ်အော်သလို ကျယ်ကျယ်လောင်လောင်။

 

“ကြားလား… ငမိုး၊ ငစိုး”

 

“ကြားတယ်မင်းလည်း ခေါင်းဆောင်၊ ငါတို့လည်း ခေါင်းဆောင်ပဲ၊ လာဘ်ဦးတိုက်ပြီးရင် လာဘ်ဆက်ဝင်တာ ငတိုး မင်းအသိပဲ။ ဆက်လိုက်မယ်”

 

“တောကြောင်မကြိုက် မုဆိုးမိုက်ပေါ့၊ လိုက်ဟာ ငတိုးနဲ့ ငစိုး”

 

မြောက်အရပ်ဆီမှ မြည်သံပေးသော တောကြောင်ကြီးရှိရာသို့ တောလိုက် ခွေးအုပ်ကို ခေါင်းတည် ပေးသကဲ့သို့ လူကလည်း မီးဖြန့် ထိုးလိုက်သည်။

 

တောလိုက်ခွေးအုပ်၏ တဝုတ်ဝုတ် တဝေါင်းပေါင်း အသံများ၊ တောကြောင်ကြီး၏ တခွီးခွီး တဖြီးဖြီး အသံများက တောကြောင်နှင့် တောလိုက်ခွေးအုပ် ဆုံမိနေကြောင်း ဖော်ပြနေ၏။ ငတိုးတို့သုံးဦး မီး တစ်ကမ်း အရောက်၌ တောကြောင်ကြီးက ညောင်ပင်ကန်တော ညောင်ပင်ကြီး ရှိရာဆီ စွတ်ပြေးသည်။

 

တောလိုက်ခွေးအုပ်က တရကြမ်းလိုက်ရာက တောကြောင်က ညောင်ပင်ကြီး အပေါ်သို့ ဒုန်းပြေးတက်သည်။ ငတိုးတို့သုံးဦး ညောင်ပင်ကြီး အခြေသို့ ရောက်သောအခါ တောလိုက်ခွေးများက ပတ်ပြေးနေပြီး ညောင်ပင်ပေါ်တွင် တောကြောင်ရှိနေကြောင်း ခေါင်းမော့ ဟောင်ပြကာ အချက်ပေးသည်။ ကိုင်းများလှသော ညောင်ပင်၊ မြင့်မားလှသော ညောင်ပင်ဖြစ်ရာ အောက်မှ မီးထိုးပြရုံမျှဖြင့် မလုံလောက်ဟု ငတိုးတို့က သိသည်။

 

“ငါနဲ့ ငစိုးက မီးနှစ်လက်၊ ဘတ်ခွနှစ်လက်နဲ့ ညောင်ပင်ပေါ် တက်မယ်၊ ငမိုးက အောက်ကစောင့်၊ ခွေးအုပ်နဲ့ မပေါ့နဲ့နော်”

 

“ရတယ် ငတိုး အောက်ကျလာလို့ သူ ပြေးနိုင်လည်း ခဏပေါ့၊ မင်းတို့ ပြန်အဆင်းနဲ့ ခွေးအုပ်နဲ့ ပြန်လိုက်ရင် ခဏပဲ”

 

“ကဲ-တို့တက်ပြီဟေ့၊ မင်းက အောက်ကို ဂရုစိုက်နော်”

 

ငတိုးနှင့် ငစိုးက မီးလွယ်၊ ဘတ်ခွလွယ်အိတ်လွယ်၍ ညောင်ပင်ကြီးပေါ် တက်သည်။ တောကြောင်ကြီးကို မီးထိုးရှာရာ ခေါင်ကိုင်းအမြင့်ဆုံးအထိ ပြေးတက်ပြီး အမြင့်ဆုံးထိပ်ရောက်မှ အားကုန်ဆန့်ကာ ညောင်ပင်ပရိဝုဏ်လွတ်အောင် ပစ်ခုန်ချလိုက်သည်။ အောက်တည့်တည့်က စောင့်နေသော ငမိုးနှင့် တောလိုက်ခွေးတစ်အုပ်က ညောင်ပင်အောက် ကျန်ခဲ့ပြီး တောကြောင်ကြီးက ညောင်ပင်ရှေ့ ရောက်သွား၏။ လူရော ခွေးပါ မျက်ခြည်ပြတ်၍ အံ့အားတသင့်။

 

တောလိုက်ခွေးက တိရစ္ဆာန် သိက္ခာကျစရာမရှိ။ အောက်စောင့်မုဆိုး ငမိုးမှာ တောလိုက်ခေါင်းဆောင်ဖြစ်လျက်နှင့် ခုန်ချလာသော တောကြောင်ကို မျက်ခြည်ပြတ်သွားသည်မှာ သိက္ခာကျစရာ၊ မျက်နှာ မလှစရာ။ သစ်ပင်ပေါ်မှ ငတိုးနှင့် ငစိုးတို့ ဆင်းလာ၍ ပူးပေါင်းရှာလည်း တောကြောင်ကြီး သည် မြေမလျှိုး မိုးမပျံဘဲ ရှာမတွေ့တော့။

 

သူတို့ သုံးဦး ဆုံးပွဲရှုံးပွဲဟု သူတို့သိသည်။ အရှေ့ အနောက် အရပ်ပတ်ပတ်လည် မကျေမနပ်ဖြင့်ရှာသည်။ တောကြောင်ကြီးကို လူကလည်း မတွေ့၊ ခွေးကလည်းမတွေ့ ၊ စိတ်ချလက်ချဖြင့် မြောင်းမကြီး ရှိရာ အရှေ့အရပ်ဆီသို့ သူတို့ပြန်စဉ် သူတို့ဘေး နောက်ကျောဘက်ဆီမှ အသံကြားရသည်။

 

ညောင်ဝေါင်ဝေါင်ဟူသော တောကြောင်ကြီး၏ အသံက တောလိုက်သမားကို စိန်ခေါ်လာ၏။

 

ဒီပွဲက စိန်ခေါ်ပွဲ။

 

ဒီပွဲက မတော်တဆ ရင်ဆိုင်တွေ့ ပွဲ မဟုတ်။

 

စိန်ခေါ်ပွဲမကျေနပ်ပွဲ ဆင်နွှဲရမည်ဖြစ်ရာ ရွာမုဆိုး သုံးဦးစလုံး အံကြိတ် တောက်ခေါက်ကာ မီးသုံးလက် ဆိုင်ထိုး၊ တောလိုက်ခွေးအုပ်ကို ညာသံပေး ရှူးတိုက်ကာ လူကလည်း ညာသံပေးဒုန်းလိုက်သည်။

 

တောကြောင်ကြီးကလည်း ယခင်ကနည်းတူ ညောင်ပင်ကန်တော ညောင်ပင်ကြီးဆီ ပြေးတက်သည်။ ခွေးအုပ်ကလည်း ညောင်ပင်ကြီးကို ပတ်ဝိုင်းသည်။ ငတိုးတို့ အဖွဲ့ကလည်း မခံချင်စိတ်ဖြင့် ဗျူဟာပြောင်းသည်

 

“ငမိုး၊ ဒီတစ်ခါ မင်းတစ်ယောက်တည်း ညောင်ပင်ပေါ်တက်၊ မီးထိုး၊ တွေ့လာမှ မှန်တာ မမှန်တာထား၊ လန့်ပြီးခုန်ချအောင် ခြောက်ပစ်။ ခုန်ချရင် ငါနဲ့ငမိုးက နှစ်နေရာခွဲ စောင့်နေမယ်၊ ကြောင်ကျလာမှ ပေါင်း လိုက်မယ်။ ပစ်ခတ်ခြောက်လှန့်လို့မှ ကြောင်ငြိမ်နေရင် တို့နှစ်ယောက်ပါ တက်လာပြီး ပစ်ချမယ်၊ အောက်ကျရင် ခွေးအုပ်နဲ့သူနဲ့ လုံးထွေးနေပလေ့ စေပေါ့”

 

“ဒါဖြင့်လည်း ငတိုးရာ၊ ခုကတည်းက သုံးယောက်ပြိုင်တူ တက်လိုက်ပါလား၊ ဘယ်လို သဘောရသလဲ။ ဟေ့ ငမိုး အောက်ပစ်ချလို့ ခွေးဝိုင်းကိုက်လို့ သေရင်သေ။ မသေရင် သူ ပြေးရာကို ခွေးအုပ်က ဆက်လိုက်။ တို့က ကပျာကယာ ဆင်းပြီး ကူရုံပဲ၊ မကောင်းဘူးလား ငမိုး”

 

“ဟုတ်တယ် ငတိုး၊ ငစိုး ပြောတာလည်း သဘာဝကျတယ်၊ တောကြောင် အောက်ရောက်ဖို့က အဓိကပဲ၊ တို့ သုံးဦးစလုံးတက်၊ ဘတ်ခွနှစ်လက်လောက် ဆိုင်ပစ်၊ တစ်ယောက်က မီးထိုး၊ အဲလို လုပ်ရအောင်”

 

“တက်ကွာ၊ စိန်ခေါ်ပွဲ မကျေပွဲပဲ၊ မနိုင်နိုင်အောင် မရရအောင် လုပ်ရမှာပဲ”

 

တောလိုက်ခေါင်းဆောင် ရွာမုဆိုးများဖြစ်ရာ တစ်ဦးပြောသည်ကို တစ်ဦးက သဘောပေါက်လွယ်၏။ ပြောပြောဆိုဆို ရှေ့ဆင့်နောက်ဆင့် ကျွမ်းကျွမ်းကျင်ကျင် တက်သွားကြသည်။

 

တောလိုက်ခွေး ငါးကောင်မှာ ခါတိုင်းကဲ့သို့ သခင်များ သစ်ပင်ပေါ်တက်၊ မီးထိုးရှာ၊ တွေ့လာက တောကြောင်ပစ်ချ၊ ကျလာက ဝိုင်းကိုက်၊ ဝိုင်းဆွဲ၊ ဝိုင်းလိုက်နေကျဖြစ်ရာ ဗီဇအသိ၊ လုပ်ခွင်အသိရှိ ခွေးများပီပီ မကြာမီ တောကြောင်ကျလာတော့ မည်ကို ကြိုသိနေသဖြင့် ဟောင်သံပေးနေသည်မှာ မရပ်မနား။

 

ငတိုး၊ ငစိုးနှင့် ငမိုးတို့မှာ တောကြောင်ကို မီးထိုး ကြည့်နေရင်း ဇဝေဇဝါ။ တောကြောင်က ကြီးလာလိုက်၊ သေးလာလိုက်၊ နက်သွားလိုက်၊ ဖြူလာလိုက်၊ ဝါသွားလိုက်၊ ပြာသွားလိုက်၊ ခေါင်းကြီးလာလိုက်၊ ကိုယ်လုံး က ကြီးလာလိုက်၊ မျက်လုံးက ပြူးထွက်လာလိုက်၊ မျက်စိ ပျောက်သွားလိုက်၊ အမြီးတိုသွားလိုက်၊ အမြီးရှည်လိုက်ဟု ထင်ယောင်ဝိုးတဝါး သံသယ ဝင်မိ၏။

 

တစ်ဦးက မီးထိုး၊ နှစ်ဦးက ပစ်ချရာ တောကြောင်ကြီးသည် တောလိုက်ခွေး ငါးကောင်အုပ် အလယ်သို့ တည့်တည့်ကျသွားသည်။

 

“နင် ပြေးနိုင်သေးသလားဟ၊ ဆင်းဟေ့… မြန်မြန်”

 

ငတိုး၏ ဝမ်းသာအားရသံ၊ ဆင်းသံ။

 

“နင်လားဟ တောကြောင်၊ ကိုက်ထားကြဟ”

 

တောလိုက်ခွေးအုပ်ကို အားပေးရင်း ဆင်းလာသော ငစိုးအသံ။

 

“ကိုက်ထား .. ကိုက်ထား၊ တောကြောင်ပါးဝတဲ့ အကောင်၊ တို့စားစရာ မကျန်ရင်နေ၊ သေအောင် ကိုက်ထား”

 

ဆင်းဆင်းပြောပြော ပြောလာသော ငမိုးအသံ။

 

သစ်ပင် အခြေသို့ ရောက်၍ တောကြောင် အခြေအနေနှင့် တောလိုက် ခွေးအုပ် အခြေအနေကို ကြည့်မိ၊ မြင်မိနားထောင်မိမှ ရွာမုဆိုး သုံးဦးတို့မှာ ငိုင်ငိုင်တွေတွေ။

 

တောလိုက်ခွေး ငါးကောင်အလယ်၌ တောကြောင်ကြီး။

 

မည်သည့် ခွေးကမျှ တောကြောင်ကြီးကို မကိုက်ဝံ့။ အမြီးကုပ်ကာ၊ ခေါင်းအောက်စိုက်ကာ ခွေးငါးကောင်စလုံးတို့ မလှုပ်မယှက်၊ သာမန် သားကောင် ဖြစ်ပါက တောကြောင်ကနိုင်လျှင် တောလိုက်ခွေးကို ပုတ်သည် ကိုက်သည်။ တောလိုက်ခွေးက နိုင်လျှင် တောကြောင်ကို ကိုက်သည် ဆွဲသည်၊ ခါသည်၊ တောကြောင်သေရင်တောင် အကိုက် အခဲ အခါကို မလျှော့။

 

ယခုမူ တောကြောင်ကြီးကလည်း ဘာမှမလုပ်။ ခွေးအုပ်ကလည်း မတုန်မလှုပ်၊ ကျောက်ရုပ်။ တောလိုက် ဝါရင့် ခေါင်းဆောင်၊ ကျွမ်းကျင် ခေါင်းဆောင်သုံးဦး စုဆုံမိသောပွဲဖြစ်ရာ မနူးမနပ်၊ စိမ်းဆတ်ဆတ် တစ်ဇွတ်ထိုး လူငယ်များလို တောကြောင်ကြီးကို ဘတ်ခွဖြင့် မပစ်မခတ်၊ မရိုက်မနှက်။ ခွေးအုပ်ကို ရှူးမတိုက်။

 

ငတိုး၊ ငစိုး၊ ငမိုးတို့သည် ညောင်ပင်ကန်တော ညောင်ပင်ကြီးဘက်လှည့်ကာ တရိုတသေ ရှိခိုးသည်။

 

“တပည့်တော်တို့ သုံးဦးသည် တောတိုင်ရာတွင် မပါဝင်ခဲ့သော ညောင်ပင်ကန်တောသို့ တောကောင်ဦးတည်၍ နယ်ကျွံလိုက်လာခဲ့မိပါသည်ဘုရား။ တမင် စော်ကားခြင်း မဟုတ်ဘဲ ခရီးလျှံ၊ နယ်ကျွံ၊ တောကျွံမိသော တပည့်တော်တို့သည် စည်းကျော်မိသော အပြစ်ရှိကြောင်း သိရှိ ဝန်ခံပါသည်ဘုရား။ တစ်ကြိမ်တစ်ခါ စည်းကျော် မိုက်မှားမိသည်ကို သည်းခံ ခွင့်လွှတ်တော်မူပါရန် ရိုသေစွာ ရှိခိုး အသနားခံအပ်ပါသည် ဘုရား”

 

သူတို့ သုံးဦး သုံးကြိမ်သုံးခါ ရှိခိုးတောင်းပန်ပြီးသောအခါ လိုက်ခွေးငါးကောင်သည် ပြန်လည်အသက် ဝင်လာသကဲ့သို့ ကိန် ကိန် ကိန်ဟု ကျယ်လောင် ကြောက်လန့်စွာဖြင့် မြည်တမ်း ညည်းညူ အော် ဟစ်ပြီး မြောင်းမကြီး ရှိရာဘက်သို့ ဒုန်းစိုင်း ပြန်ပြေးကြသည်။

 

တောလိုက် ခွေးတို့ ပြေးရာလမ်းကြောင်းအတိုင်း ငတိုးတို့လည်း အမြန်ပြန်ပြေးခဲ့ရ၏။

 

၁၃၇၁-ခုနှစ်၊ တန်ခူးလ (၂၀၀၉ ဧပြီလ) က ယင်း အတွေ့အကြုံကို ပြန်ပြောသော ရွာမုဆိုး တောလိုက်သမား ကိုးဦးအဖွဲ့အား အမှတ်တရ ရေးဖွဲ့ပါသည်။

 

– ပြီး –

 

စာရေးသူ – တွင်းကြီးဝမ်းမောင်အားလေးစားလျက်