သူရနှင့် ငရဲတံခါးပွင့်သောနေ့ (စ/ဆုံး)

Unicode Version

သူရနှင့် ငရဲတံခါးပွင့်သောနေ့ (စ/ဆုံး)
———————————————
တောအုပ်တစ်ခု၏ တစ်နေရာ၌ ကျေးငှက်တို့၏ တွန်ကျူးသံဝေဝေဆာဆာရှိကာ စမ်းချောင်းရေကျသံတို့က ဂီတသံစဥ်ပမာ နားထောင်၍ကောင်းလွန်း​နေပေသည်။ စမ်းချောင်းနှင့်မနီးမဝေးက သစ်ပင်တစ်ပင်အောက်၌ ယောဂီဝမ်းဆက်နှင့် အသားအရေဝင်းဝါကာ ဥပဓိရုပ်တည်ကြည်ခန့်ငြားသော လူငယ်လူရွယ်လေးတစ်ဦးက တင်ပလ္လင်ခွေထိုင်လျှက် သမထအားထုတ်နေလေ၏။
သူ၏ပုံစံသည် ကျေးငှက်တို့အသံနှင့် စမ်းချောင်းရေကျသံတို့ကို ကြားပုံမရ၊ ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်ကာ သူ၏ကြိုးစားကျင့်​ကြံမှုပေါ်၌သာ အာရုံစူးစိုက်လျှက်ရှိပုံရ၏။ ထိုအချိန် တောအတွင်းထဲကနေ သစ်ရွက်ခြောက်နင်းသံများကြားရကာ နောက်ထက် ယောဂီဝမ်းဆက်နှင့် လူငယ်နှစ်ယောက်ထွက်လာကြလေသည်။ ထိုလူငယ်နှစ်​ယောက်က တရားထိုင်နေသော လူငယ်၏ရှေ့၌ တရိုတသေဝင်ထိုင်လိုက်ကြသည်။
တစ်အောင့်မျှအကြာ၌ တရားထိုင်နေသော လူငယ်လေးဆီက မေတ္တာပို့အမျှဝေသံများကြားရကာ မျက်လုံးပွင့်လာလေ၏။
“စောသနဲ့ခွန်းသ လာမယ့်လ​ပြည့်နေ့ဟာ နှစ်တစ်ထောင်မှာ တစ်ခါဖြစ်လေ့ရှိတဲ့ ငရဲတံခါးပွင့်တဲ့နေ့ပဲ… အဲဒီနေ့မှာ ငရဲကျခံ​နေရတဲ့ငရဲသူငရဲသားတွေက ပြင်ပလောကကို ငရဲထိန်းတွေနဲ့အတူ ထွက်လာကြလိမ့်မယ်။ သူတို့ကို ဘာကြောင့်အပြင်ခေါ်ထုတ်ရသလဲဆို ငရဲမင်းကြီးက သူ့ရဲ့ကြင်ယာတော်နတ်သမီး လာရောက်လည်ပတ်တဲ့အခါမှာ ငိုယိုအော်ဟစ်သံတွေ မကြားစေချင်တာကြောင့်ပဲ။ ဒါကိုလည်း အထက်နတ်တွေနဲ့ သိကြားမင်းတို့က ခွင့်ပြုပေးထားတယ်။ အဲဒီအချိန်မှာ ငရဲကိုပြန်မသွားချင်လို့ ထွက်ပြေးတဲ့ငရဲသားတွေရှိလာလိမ့်မယ်။ အဲဒီလိုထွက်ပြေးလွတ်မြောက်သွားတဲ့ ငရဲသားက ငတ်ပြတ်ဆာလောင်ခဲ့တဲ့အတွက် လူတွေကိုဒုက္ခပေးလိမ့်မယ်။ ငါတို့အနေနဲ့ အဲဒီလိုဖြစ်လာခဲ့ရင် အဲဒီငရဲသားကိုဖမ်းပေးရမဲ့တာဝန် ပေးအပ်ခံရတယ်။ ဒါကြောင့် မင်းတို့အနေနဲ့ အချုပ်အင်းတွေကိုသိဒ္ဓိတင်ပါ၊ ရေးဆွဲထားပါ၊ မင်းတို့သမာဓိအားက အတော်နည်းနေသေးတယ်။ သမထအားထုတ်ရင် ဒီ့ထက် ပိုကြိုးစားပါ။”
”ဟုတ်ကဲ့ပါဆရာ ​ကျွန်တော်တို့ဆရာမှာတာ အကုန်လိုက်နာပါ့မယ်။”
“ဒါဆရာ့အတွက် ကျွန်တော်တို့တောထဲမှာ ရှာခဲ့တာပါ။”
သြဇာသီးတစ်လုံးကို ခွန်းသက သူရကိုပေးလိုက်လေသည်။ သူရကပြုံးပြကာ သြဇာသီးကိုယူ၍စားလိုက်၏။ သူရတို့သည် ထိုတောအုပ်အတွင်း၌ သမထုတ်အားထုတ်ကာ အင်းစမများကိုရေးဆွဲနေခဲ့ကြသည်။ ထိုသို့ တောအုပ်အတွင်းနေထိုင်သည့်ကာလ၌ ​တောင်ဝှေးထမ်းကာ ပျံသန်းသွားသောဇော်ဂျီများ၊ နတ်ကျားကိုစီးလျှက်ဖြတ်သွားသောတောစောင့်နတ်၊ တောင်စောင့်နတ်များကိုလည်းတွေ့ရလေသည်။
တစ်နေ့သ၌ သူရသည် စမ်းချောင်းရေပြင်ဘက်သို့ မျက်နှာမူ၍ ကမ်းစပ်၌ သမထအားထုတ်နေချိန် သူ၏ဘေးကို အပေါ်ပိုင်းဗလာကျင်းနှင့် သျှောင်တစောင်းထုံးထားသော လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ရောက်ရှိလာခဲ့လေသည်။ ထိုသူသည် ဒူးနှစ်ဖက်ပေါ်ကို လက်တင်၍ သူရနည်းတူ စမ်းချောင်းရေ​ပြင်ဘက်ကို မျက်နှာမူထား၏။
“ကျွန်ုပ်ဟာ ဒီတောအတွင်းက ကျောက်ဂူထဲမှာနေထိုင်တဲ့ နတ်ဘီလူးတစ်​ယောက်ပါ။ ဒီဘက်မှာကိုယ်ရောင်ကိုယ်ဝါတောင်ပတဲ့ လူတစ်ယောက်ရှိတယ်ဆိုလို့ကျွန်ုပ်ရောက်လာတာ… အသင့်အနားမှာ ကျွန်ုပ်ကိုခဏထိုင်ခွင့်ပြုတာကျေးဇူးတင်ပါတယ်။ ကျွန်ုပ်သင့်ကို တစ်ခုလောက်ပြောပြချင်လို့ပါ။ အသင်နားထောင်နေမယ်လို့ ထင်ပါတယ်။
ဟိုးလွန်ခဲ့တဲ့ရာစုနှစ်တွေများစွာတုန်းက ကျွန်ုပ်မှာအစ်ကိုတော်နှစ်ယောက်ရှိခဲ့တယ်။ သူတို့နှစ်ယောက်က နတ်ဘီလူးထဲမှာတောင်မှ တန်ခိုးဣဒ္ဓိပါဒ်အတော်ကြီးလွန်းလို့ ကုဝေရနတ်မင်းကြီးကိုယ်တိုင် မြှောက်စားချင်းခံထားရတဲ့ နတ်ဘီလူးနှစ်ယောက်ပဲ။ ကျွန်ုပ်ကသူတို့လောက် တန်ခိုးမရှိပါဘူး။ ဒါကြောင့်သူတို့က ကျွန်ုပ်ကို ကြိုးစားကျင့်ကြံစေချင်ခဲ့တယ်။ ဒါကြောင့် ကုဝေရနတ်မင်းကြီးထံမှာလျှောက်တင်ပြီး ကျွန်ုပ်တို့ညီနောင်သုံးဖော် လူ့ပြည်ကိုဆင်းလာခဲ့တယ်။ ဒီတောအုပ်ရဲ့ကျောက်ဂူအတွင်းမှာနေထိုင်ကြတယ်ဆိုပါတော့။ ကျွန်ုပ်ကြိုးစားကျင့်ကြံနေတဲ့အခိုက်မှာ သူတို့နှစ်ဦးက လူ့ပြည်ကိုလည်ပတ်သွားလာနေကြတယ်။ တဖြည်းဖြည်းနဲ့ သူတို့မထင်ရင်မထင်သလို ရွာတော်ရှင်တို့ တောစောင့်နတ်တို့ကိုခေါ်ပြီးနှိက်စက်ကျပါတယ်။ လူတွေကိုလည်း သူတို့မကြည်ရင်လည်း အ​သေသတ်ပြီးစားသောက်ပြစ်တဲ့အထိ အစားကြူးလာတယ်။
ကျွန်ုပ်ကဒါကိုသိရှိပြီးတားပေမဲ့ သူတို့ကကျွန်ုပ်ကို အဖြစ်မရှိတဲ့ညီတော် နတ်စိမ်းမျှသာစွမ်းသော နတ်ဘီလူးရယ်လို့နှိမ်ကြတယ်။ ကျွန်ုပ်လည်း အတော်ကိုဒေါသဖြစ်ပြီး သူတို့အလစ်မှာ နတ်ပြည်ကိုတက်ခဲ့တယ်။ ဦးရီး​တော် အာဠာဝကဘီလူးမင်းကို ကျွန်ုပ်ကိုယ်တိုင် သူတို့အပြစ်များစွာကို တိုင်ကြားခဲ့တယ်။ ဦးရီးတော်အာဠာဝကဘီလူးမင်းက လူ့ပြည်ကိုဆင်းလာပြီး ကျွန်ုပ်ရဲ့အစ်ကိုတော်နှစ်​ယောက်ကိုဆွဲခေါ်သွားတယ်။ ကုဝေရနတ်မင်းကြီးသိရင် ဒီ့ထက်ပြစ်ဒဏ်သင့်မှာစိုးလို့ သူကိုယ်တိုင် လူသူမရှိတဲ့ကျွန်းမှာနှစ်ငါးရာနေဖို့ကို ပြစ်ဒဏ်ပေးသွားတယ်။
အခုလာမယ့်လ​​ပြည့်နေ့ ငရဲတံခါးပွင့်တဲ့နေ့မှာ သူတို့နှစ်ယောက်လွတ်မြောက်လိမ့်မယ်။ သူတို့နှစ်ယောက်က ဦးရီးတော်အာဠာဝကဘီလူးမင်း ပြစ်ဒဏ်ပေးတာတောင် မကောင်းတဲ့စိတ်အညစ်အကြေးတွေရှိနေတုန်းပဲဆိုတာ ကျွန်ုပ်သိတယ်။ သူတို့လွတ်မြောက်လာတဲ့အခါမှာ ကျွန်ုပ်ကိုအရင်တိုက်ခိုက်လာကြလိမ့်မယ်။ ကျွန်ုပ်အနေနဲ့ နတ်ဘီလူးတစ်ယောက်ဖြစ်ပြီး ကြောက်ရွံ့နေမိတာကို အရှက်ရမိပါတယ်။ သူတို့နှစ်ယောက်က အရမ်းအစွမ်းထက်တာကြောင့် ကျွန်ုပ်မနိုင်ပါဘူး။ သူတို့နှစ်ယောက် ကျွန်ုပ်ဆီလာတဲ့အခါမှာလည်း လမ်းမှာမြင်သမျှအရာတိုင်းကို ဖျက်ဆီးလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ပြစ်ဒဏ်ပေးခံရတုန်းက လူသားမျိုးနွယ်ကိုအမြစ်ဖြတ်မယ်လို့လည်းပြောသွားတာကြောင့်ပါ။ အသင့်လို လောကီဆရာတစ်ယောက်က ဒါကိုတားရမဲ့တာဝန်ရှိတယ်ယူဆမိလို့ ကျွန်ုပ်လာရောက်ပြောဆိုရတာပါ။ အချိန်လည်းနှောင်းပြီဆိုတော့ သွားခွင့်ပြုပါအုံး။”
နတ်ဘီလူးက အထက်ပါအတိုင်းပြောအပြီးမှာတော့ တောအုပ်ထဲကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။ သူရကတော့ နေဆောင်းသည့်အချိန်ထိ သမထအားထုတ်နေခဲ့လေ၏။ သူရသည် နေဝင်သွားသည့်အခါ၌ မေတ္တာပို့အမျှဝေ၍ တရားထိုင်ဖြုတ်ကာ သစ်ပင်ခတ်ကြီးကြီးအောက်၌ တင်ပလ္လင်ခွေထိုင်လိုက်လေသည်။ ဘေး၌ချထားသော လွယ်အိတ်ထဲကနေ စီစိမ်စက္ကူတစ်ရွက်ထုတ်၍ အင်းတစ်ခုကိုရေးဆွဲနေခဲ့လေသည်။
သူရထိုသို့အင်းရေးဆွဲနေချိန်၌ လေပြင်းတစ်ချက်က ရုတ်တရက်တိုက်ခတ်သွားခဲ့၏။ လေပြင်းတိုက်ခတ်၍ခဏအကြာ၌ ကောင်းကင်တွင် လျှပ်စီးတဖြတ်ဖြတ်လတ်ကာ ထိုသို့လျှပ်စီးများလင်းလတ်သွားခိုက်တွင် တိမ်တိုက်တွေကြာထဲမှာ လူတစ်ဦးက လေပေါ်ပျံဝဲကာ ခါးထောက်၍မတ်တပ်ရပ်နေတာကို မြင်တွေ့လိုက်ရလေ၏။ ထိုသူကို လျှပ်စီးလတ်သွားချိန်တိုင်း မြင်နေရသည်။ မိုးရွာမည်ဟုခန့်မှန်းမိသော်လည်း မိုးတိမ်များကခဏအကြာ၌လွင့်စင်သွားခဲ့တော့လေ၏။
လေပေါ်၌ပျံဝဲနေသောသူကို မတွေ့ရတော့ပေ။ သူရသည် အင်းရေးဆွဲပြီးသောအခါ သူရဆွဲလိုက်သောအင်းက ရွှေရောင်နှင့်အပြာရောင်ရောကာ အရောင်တလတ်လတ်ထွက်လာပြီး အင်းကထခုန်လေ၏။ သူရသည် ထိုအချင်းအရာကိုကြည့်၍ ပါးချိုင့်အသေးကလေးများ ပေါ်သည်အထိ ပြုံးလိုက်ကာ အင်းကိုလက်ဖဝါးပေါ်တင်ပြီး စိတ်အတွင်းကနေ”အချိန်ကျရင် မင်းတို့ကိုငါခေါ်လိုက်ပါ့မယ်”ဟုပြောလိုက်သောအခါ အင်းချပ်လေးကအရောင်များမှိန်သွားကာ ထခုန်နေရာကနေညိမ်သွားလေ၏။
သူရက သူ၏တပည့်နှစ်ဦးကိုလှမ်းမျှော်ကြည့်လိုက်သောအခါ သစ်ပင်အောက်စီ၌ ကိုယ်စီကိုယ်ငှအင်းရေးဆွဲနေတာကိုတွေ့လိုက်ရသည်။ ထို့နောက်သူရသည် ယောဂီပုဆိုးကြမ်းတစ်ထည်ကိုခင်းကာ အိပ်စက်လိုက်တော့လေ၏။ သူရ၏အိပ်မက်အတွင်း၌ ကြမ်းတမ်းခက်ထန်သောဘီလူးနှစ်ကောင်နှင့် ထိုဘီလူးနှစ်​ကောင်ကိုခိုင်းစေနေသောသူအား မြင်တွေ့လိုက်ရ၏။ ထိုအချိန်သူရ၏ခြေဖျားကို တစ်ဦးတစ်ယောက်လာကိုင်သလိုခံစားရ၍ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဓားတစ်ချောင်းကိုလွယ်ထားသည့် နတ်တစ်ပါးကိုမြင်တွေ့လိုက်ရသည်။
“ဆရာလေးကို ကျွန်ုပ်အနှောင့်ယှက်ပြုမိတာခွင့်လွှတ်ပါ။”
သူရကထထိုင်လိုက်ပြီး..
“အသင့်အနေနဲ့ အဘယ်ရေးရှိလို့ကျွန်ုပ်ထံလာရောက်ရတာလဲဆိုတာသာပြောပါ။”
“ကျွန်ုပ်ဟာ ကိုးမြို့ရှင်ပါဆရာလေး… ကျွန်ုပ်ဆရာလေးထံလာရောက်ရခြင်းကတော့ မကောင်းတဲ့ပညာသည်တစ်ယောက်က ကျွန်ုပ်ကို အတင်းအဓမ္မ လူတွေပြုစားခိုင်းနေပါတယ်။ သူသတ်ဆိုရင်သတ်ပေးနေရပါတယ်။ ကျွန်ုပ်တစ်ဦးတည်းကို အဲဒီလိုခိုင်းတာမဟုတ်ပဲ ၃၇မင်းနတ်နဲ့ရွာတော်ရှင်တွေကိုပါ ခိုင်းစေနေတာပါ။ အရမ်းအစွမ်းထက်တဲ့ပညာသည်မလို့ ကျွန်ုပ်တို့အနေနဲ့မနိုင်ပါဘူး။ အခုလည်းသူကောင်းကင်ကနေ စက်ကြိုးစီးပြီးပျံလာတုန်းက ဒီဘက်တောအုပ်ထဲမှာနေထိုင်တဲ့သူကိုသတ်ဖို့ ကျွန်ုပ်ကိုလွှတ်လိုက်တာပါ။ ကျွန်ုပ်အနေနဲ့ သူခိုင်းတာကိုလုပ်ရတာမှန်ပေမဲ့ ဆရာလေးလိုသူတော်ကောင်းတစ်ယောက်ကို ကျွန်ုပ်အနေနဲ့မသတ်နိုင်သလို တိုက်ခိုက်ခြင်းလည်းမပြုဝံ့ပါဘူး။ ဒီပညာသည်က ကျွန်ုပ်ပြန်သွားရင် နောက်ထပ်တစ်ယောက်ယောက်ကိုခိုင်းပြီး ဆရာလေးကိုသတ်ခိုင်းမယ်ဆိုတာသေချာပါတယ်။ အလွန်တန်ခိုးကြီးတဲ့ နတ်ဘီလူးနှစ်ယောက်ကိုလည်း သူ့ရဲ့လက်ပါးစေတွေအဖြစ် ထားထားပါတယ်။ ဆရာလေးသတိရှိရအောင် ကျွန်ုပ်ကလာရောက်ပြောဆိုတာပါ။”
“ကိုးမြို့ရှင်အနေနဲ့ အခုလိုသတိပေးစကားပြောကြားတာ ကျေးဇူးတင်ပါတယ်။ စိတ်ချပါ ကျွန်ုပ်ဟာသူ့လက်ချက်နဲ့သေဖို့ဝဋ်ကြွေးပါရင် သေကိုသေရမှာပါ။ ဝဋ်ကြွေးမပါခဲ့ရင်တော့ သူဘယ်လိုအတိုက်နဲ့တိုက်ပါစေ ကျွန်ုပ်ရဲ့ဆံချည်တစ်မျှင်တောင် မထိနိုင်ပါဘူး။”
“ကျွန်ုပ်နားလည်ပါပြီဆရာလေး.. သွားခွင့်ပြုပါအုံး။”
“ကောင်းပါပြီ။”
ကိုးမြို့ရှင်နတ်ပျောက်သွားချိန်၌ သူရက ကောင်းကင်ကိုမော့ကြည့်လိုက်လေသည်။ ကောင်းကင်ကလမင်းကြီးက သူရ၏ဦး​ခေါင်းတည့်တည့်၌တည်ရှိနေ၏။ သူရသည် သစ်ပင်များရှင်းလင်းသောနေရာသို့သွားကာ တင်ပလ္လင်ခွေထိုင်၍ လဓာတ်ကိုခံယူလိုက်လေသည်။ သူရ၏တပည့် စောသနှင့်ခွန်းသကတော့ သစ်ပင်အောက်စီ၌ အိပ်စက်အနားယူနေကြလေသတည်း။
&&& &&&
မနက်မိုးလင်းသောအခါ သူရက တင်ပလ္လင်ခွေဖြုတ်၍ ချောင်းရေနှင့်မျက်နှာသစ်လိုက်လေ၏။ သူရမျက်နှာသစ်ပြီးသောအခါ၌ သူရ၏ဘေးကနေ လူတစ်ယောက်ရုတ်တရက်ပေါ်လာခဲ့သည်။
“ဆရာလေး။”
”တစ်ပွဲစားဘီလူးကြီးငထိုက်ပါ့လား… သင့်အနေနဲ့ဒီဘဝကနေ ​တခြားမြင့်မြတ်တဲ့ဘုံဘဝကိုသွားတော့မယ်ဆိုတာ လာပြောတာထင်တယ်။I
(ငထိုက်၏အကြောင်းကို သူရနှင့်တစ်ပွဲစားအရူးကြီးစာမူ၌ ဖော်ပြခဲ့​ပြီး​ဖြစ်သည်။
စာရေးသူ။)
“မှန်ပါတယ်ဆရာလေး.. ကျွန်ုပ်ကဆရာလေးအနားမှာနေပြီး ကောင်းမှုကုသိုလ်တွေ​ပြုလုပ်ခဲ့လို့ တခြားဘဝကိုသွားရတော့မှာမလို့ လာရောက်နှုတ်ဆက်တာပါ။ ကျွန်ုပ်ကိုကယ်တင်ပေးခဲ့တဲ့ဆရာလေးကိုကျေးဇူးတင်ပါတယ်။ ကျွန်ုပ်ကိုသွားခွင့်ပြုပါအုံးဆရာလေး။”
“ကောင်းပါပြီ။”
ထိုသူဟာ သူရကိုဂါရဝပြု၍ ပျောက်သွားချိန်၌ စောသနှင့်ခွန်းသလည်းအိပ်ရာကနိုးလာကြလေသည်။ ချောင်းရေနှင့်မျက်နှာသစ်နေကြချိန်တွင် သူရက…
“စောသနဲ့ခွန်းသ ဒီနေ့ကငရဲတံခါးပွင့်တဲ့နေ့ပဲ။ အစစအရာရာကိုသတိဝိရိယရှိရမယ်။ မင်းတို့အသုံးပြုမဲ့အရာမှန်သမျှကိုအခုကတည်းကနှိုးထားတော့။ ငရဲကထွက်ပြေးတဲ့သူတော့ ငါရှိမယ်မထင်ဘူး ဒါပေမဲ့ ရှိလာခဲ့ရင်လည်း ငါတို့ချက်ချင်းဖမ်းပေးရမယ်ဆိုတာမမေ့နဲ့.. နောက်ပြီးတော့ အရမ်းဆိုးသွမ်းမောက်မာနေတဲ့ ကဝေထိပ်ခေါင်ကိုငါတို့ဆုံးမရမယ်။”
”ဗျာဆရာ…ကဝေထိပ်ခေါင်ဟုတ်လား။”
“အဲဒါဘာကိုပြောတာလဲဆရာ။”
“ကဝေထိပ်ခေါင်ဆိုတာ ကဝေပညာရှင်တွေရဲ့ဘုရင်လို့ပြောလို့ရတယ်။ သူ့ကိုဘယ်လိုဘုရင်တင်မြှောက်သလဲဆိုရင် လပြည့်နေ့တစ်ရက်မှာ အနယ်နယ်အရပ်ရပ်က ကဝေပညာရှင်တွေတွေ့ဆုံကြတယ်။ တစ်နယ်ဆီက အစွမ်းထက်လှတဲ့ ကဝေပညာရှင်တွေပညာပြိုင်ကြတယ်။ အဲဒီထဲကမှ အကုန်လုံးကိုအနိုင်ရပြီး ပညာအရမ်းထက်တဲ့သူကိုသာ ကဝေထိပ်ခေါင်တင်မြှောက်ကြတယ်။”
“ကဝေထိပ်ခေါင်ဖြစ်သွားရင် အမြဲတမ်းကဝေတွေရဲ့ဘုရင်ဖြစ်နေတာလားဆရာ။”
“အဲဒီလိုတော့လည်းမဟုတ်ပြန်ဘူး.. သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာ သူကဘယ်ပညာရှင်ရဲ့နယ်ထဲကိုမဆို ဝင်ထွက်သွားလာခွင့်ရှိတယ်။ ဘယ်သူကမှတိုက်ခိုက်မှာမဟုတ်ဘူး။ တကယ်လို့တိုက်ခိုက်လာခဲ့ရင်လည်း သူ့အနေနဲ့အ​သေသတ်ခွင့်ရှိတယ်ကွ။ ကဝေထိပ်ခေါင်ရွေးပွဲပြန်မစခင်အချိန်မှာ သူ့ကိုစိန်ခေါ်တဲ့သူရှိရင်လည်း ပြိုင်ရတယ်။ အမြဲတမ်းကြီးတော့ကဝေထိပ်ခေါင်အဖြစ်သတ်မှတ်ကြတာမဟုတ်ဘူး။ သတ်မှတ်​ကာလအတွင်းမှာပဲပေါ့။”
“ဟုတ်ဆရာ ကျွန်တော်တို့နားလည်ပါပြီ။”
”ကောင်းပြီ ဒါဆို ငါတို့အခုဒီတောထဲကနေထွက်ရမယ်။ ကဝေထိပ်ခေါင်ဘွဲ့ကိုရတဲ့ကာလတလျှောက်မှာ ထင်ရာဆိုင်းနေတဲ့ကောင်ကို ငါတို့ဆုံးမရမယ်။”
“ဟုတ်ကဲ့ဆရာ။”
သူရတို့သည် ထိုတောအတွင်းကနေထွက်လာကြကာ တစ်နေရာသို့ခရီးဆက်လာခဲ့ကြလေ၏။
“အခုငါတို့သွားရောက်ဆုံးမမဲ့ ကဝေထိပ်ခေါင်က ရှေးတုန်းကအရည်းကြီးတွေထားခဲ့တဲ့ ပညာကို အနည်းငယ်တတ်မြောက်ထားတယ်။ အဲဒီအနည်းငယ်တတ်မြောက်ထားတဲ့ အရည်းကြီးတွေရဲ့ပညာနဲ့ နတ်ဘီလူးတွေကိုတောင် အစေခံအဖြစ် ထားထားတယ်ကွ။”
“ဗျာဆရာ.. အရည်းကြီးတွေပညာကအဲဒီလောက်တောင်စွမ်းလား။”
“စွမ်းတာပေါ့ခွန်းသရာ အရည်းကြီးတွေကအဲဒီပညာနဲ့ အသက်ကိုနှစ်ပေါင်းထောင်သောင်းချီပြီးဆွဲဆန့်ထားကြတာ။ သူတို့ပညာကပျောက်ကွယ်လုနီးပါးဆိုပေမဲ့ တချို့ပညာသည်တွေကတော့ တပိုင်းတစတတ်မြောက်ထားကြတယ်ကွ။ အခုကဝေထိပ်ခေါင်ကလည်း အဲဒီပညာအစွမ်းနဲ့ ပြစ်ဒဏ်ကျနေတဲ့နတ်ဘီလူးညီနောင်လွတ်မြောက်လာတဲ့အခါမှာ အနိုင်ပိုင်းပြီး သူ့ကျွန်အဖြစ်ထားထားတယ်။ အဲဒီနတ်ဘီလူးညီနောင်ကလည်း အလွန်ကြမ်းကြုတ်ရက်စက်ပြီး တန်ခိုးအတော်တန်ကြီးထွားကြတယ်။ သူတို့နဲ့ရင်ဆိုင်တဲ့အခါမှာ မျက်တောင်တစ်ချက်တောင်မခတ်မိစေနဲ့.. မင်းတို့တစ်စက္ကန့်လောက်သတိလွတ်တာနဲ့ အသက်ပျောက်သွားလိမ့်မယ်။”
“ဟုတ်ဆရာ ကျွန်တော်တို့သတိထားပါ့မယ်။”
“ဘာလို့ငါဒီ​လောက်မှာကြားနေရသလဲဆိုရင် ဒီတစ်ခါငါတို့ရင်ဆိုင်ရမဲ့သူတွေက တော်ရုံအဆင့်တွေမဟုတ်လို့ပဲ။ ငါ့အထင်တော့ဒီပွဲက ငါတို့နွှဲလာခဲ့သမျှထဲမှာ အကြမ်းဆုံးနဲ့မှတ်မှတ်ရရရှိနေမှာပဲ။”
သူရတို့သည် စကားပြောကာ လမ်းလျှောက်လာရင်း ရွာတစ်ရွာအနီးကိုရောက်ရှိလာခဲ့ကြသည်။ ထိုရွာသည် ဘူးတစ်ထောင်ကျေးရွာဟုခေါ်တွင်၏။ သူရက ရွာကိုပတ်ကာ ရွာသင်္ချိုင်းအတွင်းက ဇရပ်ပေါ်၌ နားလိုက်လေ၏။ စောသနှင့်ခွန်းသကဇရပ်ပေါ်ကို ရှင်းလင်းလိုက်ကာ သူရ၏မှာကြားချက်အတိုင်း ဇရပ်ကိုစည်းသုံးတန်တားလိုက်လေသည်။
သူရသည် ရွာဘက်ကိုမျှော်ကြည့်လိုက်ချိန်၌ မကောင်းသောပညာစက်များက တစ်ရွာလုံးကိုဖြန့်ထားတာမြင်လိုက်ရသည်။ စက်ဖြတ်အင်းကိုထုတ်၍ လေပေါ်ကိုမြှောက်ပစ်လိုက်ချိန်တွင် အင်းချပ်ထဲက ရွှေရောင်စက်များထွက်လာကာ မကောင်းသော ပညာစက်များကိုအကုန်ဖြတ်ပြစ်လိုက်၏။ ထိုအချိန် ကောင်းကင်ကနေ အသံများကြားရ၍ မော့ကြည့်လိုက်သောအခါ လင်းတသုံးကောင်က ပျံဝဲလာတာကိုတွေ့လိုက်ရသည်။
သူရသည် လင်းတသုံးကောင်ကို လက်ညိုးထိုး၍ ညာဖနောင့်ပေါက်ကာ ”ဟဲ့ မူလပြန်စမ်း”ဟု ငေါက်လိုက်ချိန်၌ လင်းတသုံးကောင်က မိန်းမများအသွင်ပြောင်း၍ သင်္ချိုင်းအတွင်းကမြေပြင်ပေါ် ကျရောက်လာခဲ့သည်။ လဲကျနေရာကနေ ထိုမိန်းမသုံးယောက်က အလူးအလဲထကာ ခါးထောက်၍ သူရကို မျက်စောင်းထိုးကြည့်နေကြ၏။
“ငါတို့နယ်ကိုလည်းလာသေး… ငါတို့ကိုလည်းပညာပြသေးနဲ့… ဟဲ့အ​ကောင် နင်ကဘာလဲ။”
သူရက စောသနှင့်ခွန်းသကို လှည့်ကြည့်ကာ ခေါင်းညိမ့်ပြလိုက်သည်။ စောသနှင့်ခွန်းသက ဆရာသခင်၏အပြုမူကို နားလည်သည့်အလား ပြန်ခေါင်းညိမ့်ပြ၍ ဇရပ်အောက်ကိုဆင်းသွားခဲ့ကြသည်။
“ဟေ့စုန်းမတွေ… သင်တို့ထက်မြင့်မြတ်တဲ့ပညာကို ကျွန်ုပ်တို့ကသင်ကြားထားတာ… ရိုင်းစိုင်းတဲ့အပြုမူတွေလာမသုံးစမ်းနဲ့။”
“အောင်မယ်… ငါမွေးရင်ငါ့သားအရွယ်လောက်ရှိတဲ့ကောင်တွေက ငါ့လာပြန်ပြောနေတယ်။ ဒီမယ်ဆရာအစုတ်ကလေးတွေ သေချင်လို့နင်တို့ကရှေ့တိုးလာတာလား။ ငါတို့က ကဝေထိပ်ခေါင်ကြီးရဲ့ တပည့်တွေနော်…. နင်တို့မသေချင်နောက်ဆုတ်လိုက်စမ်း။”
“အသင်ခိုင်းတိုင်း ကျွန်ုပ်တို့လုပ်ရမလား။ သင်တို့ဆရာကဝေထိပ်ခေါင်ဆိုတဲ့သူကိုပြောလိုက်… ရှေ့ဆက်ပြီးမကောင်းတာတွေလုပ်နေရင်… သူ့အစွယ်ကိုကျွန်ုပ်တို့ချိုးရလိမ့်မယ်လို့။”
”အောင်မှာ နင့်လိုစောက်ကလေးကများ ငါတို့ဆရာကြီးကိုမလေးမစားပြောဝံ့တယ်။ ဟဲ့ညီမတွေ ဒီ​ကောင်တွေကို ငါတို့အကြောင်းပြလိုက်စမ်းဟယ်။”
စုန်းမသုံးယောက်က တညီတညာတည်း လက်ကိုရှေ့ဆန့်ကာ ပညာစက်တွေပစ်လွှတ်လိုက်သည်။ စောသနှင့်ခွန်းသက လက်ထဲကအကာအင်းတွေနဲ့ပြန်ကာထား၏။ နောက်တစ်ဖန် စုန်းမတွေက လက်နှစ်ဖက်ထဲကပညာစက်တွေကို စုလိုက်ပြီး ​စောသနှင့်ခွန်းသကို ထက်ပစ်လိုက်၏။ စောသနှင့်ခွန်းသက လွယ်အိတ်ထဲကနေ အသင့်ထုတ်ထားသော အင်းစမပုံရေးဆွဲထားသည့် လက်တစ်ဆစ်ခန့်အိုးလေးများကို ပညာစက်များထံ ပြန်ပစ်လွှတ်လိုက်၏။ စုန်းမသုံးယောက်၏ ပညာစက်များက အိုးလေးတွေနှင့်အထိတွင် အိုးလေးများက ထိုပညာစက်များကိုစုပ်ယူသွားခဲ့သည်။
စုန်းမသုံးသောက်သည် အံ့သြသွားကာ မျက်ထောင့်နီကြီးဖြင့် စောသနှင့်ခွန်းသကိုကြည့်လိုက်၏။
“နင်တို့ဘာပညာတွေထုတ်သုံးနေတာလဲ။”
“ကျွန်ုပ်တို့ပစ်လိုက်တဲ့အိုးတွေက ပညာသိမ်းအိုးလို့ခေါ်သလို ပညာကြောက်အိုးလို့လည်းခေါ်တယ်။ ဒီအင်းစမ​တွေ ရေးဆွဲထားတဲ့အိုးတွေနဲ့ဆို သင်တို့ပညာမပြောနဲ့ သင်တို့ဆရာကဝေထိပ်ခေါင်ကြီးရဲ့ပညာကိုပါသိမ်းယူနိုင်တယ်။”
”အပြောကတော့ တယ်ကြီးဟေ့… နင်တို့ကိုငါတို့ဆရာကြီးမလိုဘူး.. ငါတို့နဲ့တင်နိုင်တယ်။ ဟဲ့မိဝါ တိုက်စမ်း။”
အလည်ကစုန်းမ၏ စကားသံအဆုံး၌ ဝါးတစ်လုံးခန့်မြင့်၍ အလွန်ကြီးမားလှသော မြွေအဝါကြီးတစ်ကောင်ပေါ်လာကာ စောသနှင့်ခွန်းသကိုတိုက်ရန်လာလေသည်။ စောသနှင့်ခွန်းသသည် မူလပြန်အင်းကိုထုတ်လိုက်ကြကာ မြွေဝါကြီးထံပစ်လွှတ်လိုက်၏။ အင်းချပ်များနှင့် မြွေဝါကြီးအထိ၌ မြွေဝါကြီးသည် အဝါရောင်ထမီတစ်ထည်အဖြစ်ပြောင်းသွားခဲ့သည်။ စုန်းမသုံး​ယောက်က တောက်ခတ်လိုက်ကာ သူတို့ပညာစက်များပေါင်းနေကြ၏။
ထိုအချင်းအရာကိုမြင်သောစောသက ကဝေစက်ဖျက်အင်းတော်ကြီးကို ထုတ်လိုက်လေသည်။ ခွန်းသကလည်း အကာကွယ်အင်းကိုထုတ်လိုက်ကာ ကာလိုက်၏။ စုန်းမသုံး​ယောက်က ပညာစက်တန်းကြီးကို ပစ်လွှတ်လိုက်ချိန်၌ စောသကလည်း ကဝေစက်ဖျက်အင်းတော်ကြီးကိုပစ်လွှတ်လိုက်၏။ ထိုစဥ် စုန်းမတို့၏ပညာစက်ထဲကနေ အနီရောင်ပညာစက်ကခွဲထွက်ကာ ခွန်းသကာထားသောအကာရံကို ဒုန်းခနဲလာထိမှန်လေ၏။
ထို့နောက် စုန်းမသုံးယောက်၏ ပညာစက်တန်းနှင့် ကဝေစက်ဖျက်အင်းတော်ကြီး ထိမှန်သွားချိန်၌ စုန်းမသုံးယောက်၏ ပညာစက်များက ဖြတ်ခနဲပျောက်သွားလေသည်။ စုန်းမသုံးယောက်လုံးလည်း အနောက်ကိုလွင့်စင်သွားကြ၏။ စောသနှင့်ခွန်းသက စုန်းမသုံးယောက်ထံကိုသွား၍ ​ပညာများပြန်သိမ်းယူကာ နောက်နောင်ပညာထက်မသင်နိုင်အောင်လည်း ပြုလုပ်ခဲ့ကြလေ၏။
“သင်တို့ဆရာကြီး ကဝေထိပ်ခေါင်ဆိုတဲ့သူကိုပြောလိုက်ပါ ကျွန်ုပ်တို့ ပညာပြိုင်ဖို့ ဒီသင်္ချိုင်းမှာအသင့်စောင့်နေပါတယ်လို့။”
“တောက်(စ်)… နင်တို့အသက်ဖက်နဲ့ထုပ်ထား… ငါတို့ဆရာကြီးလာလိမ့်မယ်။”
“ကောင်းပါပြီဗျာ။”
စုန်းမသုံးယောက်က အလာတုန်းကလို လင်းတအသွင်နှင့်မပြန်နိုင်တော့ပဲ တစ်ဦးကိုတစ်ဦးတွဲကာ သင်္ချိုင်းအတွင်းကနေ ထွက်သွားခဲ့ကြလေတော့သည်။ အချိန်က ညမှောင်ရီပျိုးစအချိန်သို့ရောက်ရှိနေလေ၏။ သူရသည် သူ၏တပည့်နှစ်ဦးကိုပြုံး၍ကြည့်နေစဥ် အထက်ပုဂ္ဂိုလ်ကြီးတစ်ဦး၏ အသံကိုကြားလိုက်ရသည်။ သူရက ခဏအကြာ၌ စောသနှင့်ခွန်းသအနားကိုသွားလိုက်၏။
“စောသနဲ့ခွန်းသ ငရဲသားသုံးယောက်လွတ်မြောက်သွားတယ်လို့ အထက်ပုဂ္ဂိုလ်ကြီးတွေပြောနေတယ်။ ငါတို့ဖမ်းပေးဖို့ အမိန့်ရလိုက်တယ်။ အခုချက်ချင်းမြေကြောရှုံ့ပြီး တောင်ဘက်အရပ်တည့်တည့်ကိုသွား..မြင်းမနိုင်ကျေးရွာဆိုတာ​တွေ့လိမ့်မယ်..။ အဲဒီမှာလူတွေဒုက္ခရောက်နေပြီ။”
“ဟုတ်ကဲ့ပါဆရာ။”
စောသနှင့်ခွန်းသက လွယ်အိတ်ထဲကနေ ဘီလူးရုပ်ကလေးကိုယ်စီထုတ်ကာ သင်္ချိုင်းအတွင်းကထွက်သွားကြ၏။ သင်္ချိုင်းအပြင်သို့ခြေဆယ်လှမ်းသာ လှမ်းရသေးသော်လည်း သင်္ချိုင်းနှင့်အတော်ကွာဝေးသည့်နေရာကို ရောက်ရှိနေပြီဖြစ်၏။
( ကျွန်တော်လေ့လာမိသလောက် မြေကြောရှုံ့သောပညာက ဘီလူးအတတ်ဟူ၍ လေ့လာမိသောကြောင့် ဘီလူးအရုပ်များထုတ်၍ အကူညီတောင်းခံကာ သွားရခြင်းဖြစ်ပေသည်။
စာရေးသူ။)
သူရက တဖြည်းဖြည်း တောင်အောက်ကျဆင်းနေသော နေမင်းကြီးကိုမျှော်ကြည့်လိုက်သည်။ ထို့နောက် ဇရပ်ပေါ်သို့ပြန်တက်ကာ လွယ်အိတ်ထဲကနေ အင်းတစ်ချပ်ကိုထုတ်၍ ဥုံခံကာ ဂါထာတစ်ပုဒ်ရွတ်ဖတ်နေ၏။ သူရ၏ဂါထာအဆုံး၌ အင်းချပ်ထဲကနေ ရွှေရောင်အပြာရောင်ရောထွေးနေသော ပညာစက်များထွက်ပေါ်လာကာ ထခုန်လေ၏။ သူရကပါးချိုင့်အသေးကလေးများပေါ်သည်အထိ ပြုံးရယ်လိုက်ကာ အင်းချပ်လေးကိုလက်နှစ်ဖက်နှင့်အုပ်လိုက်၏။ ထို့နောက်လွယ်အိတ်အတွင်းကိုထည့်ထားလိုက်လေသည်။
ထိုစဥ်ကောင်းကင်၌ မိုးတိမ်မိုးသားများ ရုတ်ချည်းဆိုသလိုတက်လာကြကာ လျှပ်စီးများတဖြတ်ဖြတ်လတ်လာခဲ့သည်။ ဤကဲ့သို့ လျှပ်စီးများလတ်နေချိန်၌ လျှပ်စီးကြောင်းတစ်ခုက သူရထိုင်နေသောဇရပ်ကိုလာမှန်လေသည်။ သို့သော် အကာရံတစ်ခုပေါ်ထွက်လာကာ ဒုန်းခနဲမြည်သွားခဲ့လေ၏။ သူရက အခြေအနေကို ရိပ်စားမိသည့်အလား လွယ်အိတ်ကိုပခုံး၌ချိတ်၍ ဇရပ်ထောင့်နားကို ထလာခဲ့သည်။ ထိုစဥ် ကောင်းကင်ကနေလည်း လူတစ်ဦးကဆင်းလာခဲ့၏။
ထိုသူ၏ပုံသည် ဆံပင်များခတ်တိုတိုရှိကာ လူကြီးတစ်ယောက်အရွယ်ဖြစ်၏။ နှုတ်ခမ်းမွှေးခတ်ကျဲကျဲနှင့် ကျန်းမာသောကိုယ်ခန္ဓာရှိပေသည်။ ထူးခြားသောအရာက သူ၏မျက်လုံးများပင်။ အရောင်တောက်၍ မျက်လုံးထဲ၌ လျှပ်စီးကြောင်းများ တစ်ခါတရံဖြစ်ပေါ်သည့်အလား မှတ်ထင်မိပေ၏။ သူသည် သူရကိုစူးရှစွာစိုက်ကြည့်ကာ ခါးကိုထောက်၍ ဒေါသပါသောအသံနှင့်…
“တောက်(စ်).. လူကိုကြည့်တော့ ခွေးသာသာ… ငါ့ကိုကြောက်လို့တောင် စည်းသုံးတန်တားထားရတဲ့ကောင်က ငါ့တပည့်မယားသုံးယောက်ပညာကို နှုတ်ယူပြီး ပညာမသင်နိုင်အောင်လုပ်ခဲ့တယ်ဆို… ငါ့မယားတွေကို အနိုင်ပိုင်းပြီး ငါ့ကိုစိန်ခေါ်တဲ့နှစ်ကောင်ဘယ်မှာလဲဟေ့ကောင် အခုထုတ်လိုက်စမ်း။”
“ဒေါသကိုလျှော့ပါ… သင့်ရဲ့တပည့်သုံးယောက်ကို ဆုံးမလိုက်တာ ကျွန်ုပ်တပည့်နှစ်ယောက်ပါ..
အခုသူတို့မရှိပါဘူး။ တခြားတစ်နေရာကို ကျွန်ုပ်တာဝန်ပေးလိုက်လို့ပါ။”
”ဘာလဲ ငါ့ကိုကြောက်လို့ပြေးတာလား… ဟားဟားဟား မင်းတို့ကောင်တွေကျားကိုကြောက်ရင် အစောကတည်းက ကျားအမြှီးကိုတက်မနင်းမိအောင် ရှောင်ရမှာပေါ့ကွ။ အေးအခု မင်းတို့ကကျားမြှီးကိုနင်းပြီးသွားပြီ ကျားကိုက်ခံရဖို့သာပြင်ထား… ပြောစမ်းကောင်လေး မင်းဘယ်လိုသေချင်လဲ။”
“ကဝေထိပ်ခေါင်ဘွဲ့ကိုရပြီးကတည်းက ပညာမာန်တက်ပြီး ငါတစ်လုံးမာနစွဲကပ်နေပါ့လား ဦးမင်းမောင်။”
“ဟက်ဟက်ဟက်… မင်းကဘယ်ဆိုးလို့လည်း… ငါ့နာမည်အရင်းကိုတောင်သိတာပဲ။ ဒီနယ်မှာငါ့ကိုကဝေထိပ်ခေါင်ကြီးလို့ပဲသိကြတာ။ အေးဒါပေမဲ့… ငါ့နာမည်အရင်းကိုသိတဲ့သူတိုင်းဟာ အသက်ချမ်းသာခွင့်မရဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့သေတာကိုတော့ ငါစိတ်မကောင်းပါဘူးကွယ်။”
“သိပ်ကိုလည်း ပညာဂုဏ်မောက်မနေပါနဲ့ဦးမင်းမောင် ခင်ဗျားကိုဆုံးမဖို့ ကျုပ်ကိုယ်တိုင်လာခဲ့တာပဲ။ အခုကျုပ်တားထားတဲ့သည်းသုံးတန်ကို ဖြတ်နိုင်အောင်ဖြတ်… ပြီးမှကျုပ်နဲ့တိုက်ပေါ့။”
“မင်းလည်း ငါ့လိုကိုယ့်ကိုယ်ကိုယ်အဟုတ်ကြီးထင်နေတာပဲလေ… မင်းတားတဲ့စည်းသုံးတန်လောက်ကတော့ ဒီမှာကြည့်လိုက်စမ်း။”
ဦးမင်းမောင်က သူ၏လက်ကိုမိုးပေါ်မြှောက်ကာ တစ်ခုခုကိုဆွဲယူသည့်အလား လုပ်လိုက်ချိန်၌ ကောင်းကင်ကလျှပ်စီးကြောင်းတစ်ခုက သူရဆီကို တည့်တည့်ဝင်လာ၏။ သို့သော် အကာရံတစ်ခုပေါ်လာကာ ထိုအကာရံကိုထိမှန်သွားခဲ့သည်။ ပထမလျှပ်စီးကြောင်းထက် ဒုတိယကြိမ်လာထိမှန်သောလျှပ်စီးကြောင်းက ပိုမိုအားပြင်းသောကြောင့် အကာရံသည် ခွမ်းခနဲမြည်၍ ကွဲထွက်သွားခဲ့သည်။ သူရ၏ပထမစည်း ပျက်သွားခဲ့၏။
ထိုအရာကိုမြင်သော ဦးမင်းမောင်က ခတ်မဲ့မဲ့လေးပြုံးကာ ဒုတိယစည်းကို ထက်မံတိုက်တော့မည့်အချိန်၌ ဒုတိယစည်းကနေ အစောင့်လေးဦးပေါ်ထွက်လာကာ ဦးမင်းမောင်ကိုတိုက်ခိုက်ဖို့ပြင်ကြလေ၏။ ဦးမင်းမောင်က အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိပဲ သူ့ထံပြေးဝင်လာသော ပထမတစ်ယောက်ကို ပညာစက်နှင့်ပစ်လွှတ်လိုက်၏။ ထို့နောက် ဖနောင့်ပေါက်လိုက်ကာ သူ၏လက်ကိုဖြန့်၍ တစ်စုံတရာကိုဆွဲထုတ်သလိုမျိုး လုပ်ချိန်၌ မြေကြီးထဲကနေ မြင်းနက်ကြီးများကိုစီး၍ လှံတစ်ချောင်းကိုကိုင်ဆောင်ထားကြသော ငွေရောင်စစ်သည်ချပ်ဝတ်တန်ဆာများနှင့် မကောင်းဆိုးဝါးသုံးယောက်ထွက်လာလေ၏။
ထိုမကောင်းဆိုးသုံးယောက်က မြင်းခွာကိုပေါက်၍ အစောင့်သုံးဦးထံကို မြင်းဒုန်းဆိုင်းစီးကာ ပြေးဝင်တိုက်ခိုက်ကြ၏။ အစောင့်သုံးဦးကအစပထမ၌ ခုခံရှောင်တိမ်းနိုင်သော်လည်း မကောင်းဆိုးဝါးသုံးယောက်ကို မယှဥ်နိုင်ပဲရှိကာ ရှုံးနိမ့်သွားခဲ့လေသည်။ အစောင့်သုံးဦးပျောက်ကွယ်သွားချိန်၌ မကောင်းဆိုးဝါးသုံးယောက်က တညီတညာတည်းရပ်လိုက်ကြကာ မြင်းကိုဒုန်းဆိုင်းစီး၍ မြင်း၏ဦးခေါင်း၊ သူတို့၏လှံများဖြင့် သူရ၏ဒုတိယစည်းအကာရံကို ဖျက်စီးကြသည်။ ဤကဲ့သို့သုံးကြိမ်သုံးခါပြုလုပ်လိုက်သောအခါ သူရ၏ဒုတိယစည်းထက်မံကျိုးသွားခဲ့၏။
နောက်ဆုံးကျန်သောပထမစည်းအနားကို မကောင်းဆိုးဝါးသုံးယောက်က ဖျက်ဆီးဖို့လုပ်လိုက်ချိန်၌ ပထမစည်းကိုစောင့်သော ဘီလူးစစ်သည်တော်ငါးဦး သန်လျက်ကိုကိုင်၍ ပေါ်ထွက်လာခဲ့ကြသည်။ မကောင်းဆိုးဝါးသုံးယောက်က ထက်မံ၍ သူတို့ကအရင်ဦးစွာတိုက်ကြလေသည်။ သို့သော် အစောင့်ဘီလူးငါးဦးက မြင်း၏ဦးခေါင်းကိုထိုးချပြီး သန်လျက်နှင့်ဝင်ခုတ်ကြ၏။ မြင်းပေါ်က မကောင်းဆိုးဝါးဆီကိုလည်းခုန်ဝင်ကာ သန်လျက်နှင့်ခေါင်းဖြတ်ပြစ်ကြ၏။ နောက်ဆုံး၌ မကောင်းဆိုးဝါးသုံးယောက်နှင့်မြင်းများအခိုးအငွေ့အဖြစ်ပြောင်းကာ ပျောက်သွားကြသည်။
ဦးမင်းမောင်က အံကိုကြိတ်ကာ သူလက်ဝါးနှစ်ဖက်ကိုဖြန့်ချလိုက်ချိန်၌ ဘီလူးရုပ်နှစ်ခုထွက်ပေါ်လာခဲ့သည်။ ထိုဘီလူးရုပ်နှစ်ခုထဲကနေ အရာတစ်ခုက ခုန်ထွက်လာပြီး ဦးမင်းမောင်၏အရှေ့၌ပေါ်လာခဲ့ကြ၏။ ထိုအရာမှာ နတ်ဘီလူးညီနောင်ဖြစ်တော့သည်။ နတ်ဘီလူးညီနောင်နှင့် အစောင့်ဘီလူးငါးဦးက တိုက်ခိုက်ကြကုန်တော့သည်။ အစောင့်ဘီလူးငါးဦးက ခုန်ဝင်ကာ သန်လျက်နှင့်ဝင်ပိုင်းချိန်၌ ဘီလူးညီနောင်က မြေပြင်ကိုဖနောင့်ပေါက်လိုက်သောအခါ ဝုန်းခနဲဆိုသလို အစောင့်ဘီလူးငါးဦးက အနောက်လွင့်ထွက်သွားခဲ့ကြသည်။
အစောင့်ဘီလူးငါးဦးသည် ပြန်ထလာကြကာ ဘီလူးညီနောင်ကိုဝိုင်းထားလိုက်ကြသည်။ သို့သော် ဘီလူးညီနောင်က အသံထက်မြန်သော လေအဟုန်နှင့် အစောင့်ဘီလူးငါးဦးကို တိုက်ခိုက်လိုက်သောကြောင့် အစောင့်ဘီလူးငါးဦးက ရပ်နေသောနေရာမှာတင် လဲကျသွားကြကာ ပျောက်သွားကြလေ၏။ ဘီလူးညီနောင်က သူရ၏ပထမစည်းကိုမျက်နှာမူကာ တစ်ချက်ခုန်၍ သန်လျက်နှင့် ခုတ်ပိုင်းလိုက်ကြသည်။ သူရ၏ပထမစည်းအကာရံက ခွမ်းခနဲဆိုသလို ကျိုးသွားခဲ့သည်။
ဘီလူးညီနောင်က သူရကိုစိုက်ကြည့်ကာ သန်လျက်နှင့်ဝင်ပိုင်းကြ၏။ သို့သော်သူရ၏ ဦးခေါင်းအထက်က ခေါင်းပေါင်းဆီကနေ ရွှေအိုရောင်အလင်းများဖြာထွက်လာကာ ဘီလူးညီနောင်ကိုတွန်းထုတ်ပြစ်ခဲ့သည်။ ဦးမင်းမောင်က ထိုအရာကိုမြင်သောအခါ အနည်းငယ်မျက်နှာပျက်သွားခဲ့၏။ သူရကတော့ နှုတ်ခမ်းလှုပ်ရုံမျှသာ ပြုံး၍ သူ၏လွယ်အိတ်ထဲကနေ အင်းတစ်ချပ်ကိုထုတ်ကာ လေပေါ်ကိုပစ်တင်လိုက်၏။
အင်းချပ်ထဲကနေ ရွှေအိုရောင်အလင်းတန်းနှင့်အပြာရောင်အလင်းတန်းများဖြာထွက်လာကာ လူနှစ်ယောက်ပေါ်လာခဲ့သည်။ တစ်​ယောက်ခန္ဓာကိုယ်၌ ရွှေအိုရောင်အလင်းတန်းများက အသားထဲမှာတောက်လောက်နေတာ မြင်နေရ၏။ ကျန်တစ်ယောက်ကလည်း ဆံပင်နှင့်လက်ဖဝါးနှစ်ဖက်လုံး၌ အပြာရောင်မီးများတောက်လောင်နေသည်။
“ငါ၏သက်တော်စောင့်သော အက္ကနဲ့ဗိန္နသ သင်တို့၏ရှေ့ကနတ်ဘီလူးညီနောင်ကိုဆုံးမစေ။”
”အမိန့်တော်မြတ်တိုင်းပါ။”
အက္ကနှင့်ဗိန္နသဆိုသူတို့က တညီတညာတည်းသူရကိုပြန်ဖြေလိုက်ခြင်းဖြစ်၏။ အက္ကဆိုသူက အပြာရောင်မီးများနှင့်သူဖြစ်သည်။ အက္ကသည် သူ၏လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံပြုလုပ်ပြီး လက်ပြန်ဆန့်ကာ အပြာရောင်မီးလုံးများဖြင့် နတ်ဘီလူးညီနောင်ထံပစ်လွှတ်လိုက်၏။ နတ်ဘီလူးညီနောင်က သန်လျက်ထဲကနေ အစိမ်းရောင်ပညာစက်များထုတ်ကာ ကာထားခဲ့သည်။
ထို့နောက်ဗိန္နသက သူ၏လက်ကိုခါထုတ်လိုက်ချိန်၌ ရွှေအို​ရောင်တောက်နေသည့် ဓားနှစ်လက်ထွက်ပေါ်လာကာ နတ်ဘီလူးညီနောင်ထံကို ဝင်ရောက်တိုက်ခိုက်လေ၏။ နတ်ဘီလူးညီနောင်က ဓားချက်များကိုသတိကြီးကြီးထားကာ ရှောင်နေသောကြားက ညီ​တော်နတ်ဘီလူးကိုရှပ်ထိသွား၏။ ရှပ်ထိသွားသော ဓားဒဏ်ရာကနေ ရွှေအိုရောင်ကြိုးအမျှင်တန်းများက အသားထဲကနေထွက်ပေါ်လာကာ ထိုနတ်ဘီလူးကိုခေါင်းအစခြေအဆုံးချုပ်နှောင်ပြစ်လိုက်သည်။
နတ်ဘီလူး၏ နာကျင်စွာအော်ဟစ်သံက သစ်ပင်ပေါ်၌အိပ်တန်းဝင်သော ကျီးကန်းများထပျံသန်းသွားခဲ့ကြသည်။ နတ်ဘီလူးထဲက အစ်ကိုတော်ဖြစ်သူသည် ခြေစုံရပ်လိုက်ကာ သူ၏သန်လျက်ထဲကနေ အစိမ်းရောင်ပညာစက်ကိုထုတ်၍ ဗိန္နသကိုပစ်လိုက်၏။ ဗိန္နသထံကိုဘီလူး၏ပညာစက်မရောက်ခင် အက္ကက သူ၏အပြာရောင်မီးတောက်နှင့် ထိုပညာစက်ကို ပစ်လွှတ်လိုက်သောကြောင့် ဝုန်းခနဲမြည်ကာ မီးတောက်ကြီးထတောက်သွားသည်။
ဘီလူးသည် သူ၏သန်လျက်ကို မြှောက်၍ ခြေလှမ်းကြွချိန်မှာတင် အက္က၏အနောက်ကိုရောက်ရှိသွားကာ သန်လျက်နှင့်ခုတ်တော့မည့်စဲစဲ ဗိန္နသက သူ၏ဓားကိုဘီလူးထံပစ်လွှတ်လိုက်၏။ ဘီလူးက ဓားကိုမြင်သွားကာတစ်ပတ်လှည့်ရှောင်လိုက်သော်လည်း နောက်ကျောကိုရှပ်ထိသွားကာ ညီတော်နတ်ဘီလူးကဲ့သို့ အချုပ်နှောင်ခံလိုက်ရသည်။
အက္ကနှင့်ဗိန္နသက သူရကိုဂါရဝပြုကာ အင်းချပ်ကလေးထဲကို အလင်းတန်းများဖြစ် ပြန်ဝင်ရောက်သွားကြ၏။ အင်းချပ်လေးက လေပေါ်၌ပျံဝဲကာသူရလက်ထဲကိုရောက်ရှိလာခဲ့သည်။ သူရကအင်းကိုလွယ်အိတ်ထဲ ပြန်ထည့်နေချိန် အလွန်အားပြင်းသော လိမ္မော်ရောင်ပညာစက်က သူရထံကိုအရှိန်နှင့်ပြေးဝင်လာ၏။ သို့သော်ရွှေအိုရောင်အကာရံတစ်ခုပေါ်လာကာ အကာရံကိုသာထိမှန်သွား၏။
သူရက ဇရပ်ပေါ်ကနေဆင်းကာ ဦးမင်းမောင်ရှေ့၌ရပ်လိုက်၏။ ဦးမင်းမောင်ကတော့သူရကိုစားမတတ်ဝါးမတတ်မျက်လုံးများနှင့် စိုက်ကြည့်ကာ သူ၏လက်နှစ်ဖက်ကိုလှည့်၍ အနီရောင်ပညာစက်ထဲမှာ လျှပ်စစ်စီးနေသော ပညာစက်နှင့် သူရထံကိုပစ်လိုက်၏။ သူရက ညာလက်နှင့်ထိုပညာစက်ကိုရိုက်ထုတ်ပြစ်ခဲ့သည်။ ဦးမင်းမောင်သည် ဒေါသအဟုန်ကြီးထွားလာကာ ကောင်းကင်ပေါ်ကို တဖြည်းဖြည်းမြှောက်တက်သွားပြီး လျှပ်စီးကြောင်းများနှင့် သူရကိုအဆက်မပြတ်ပစ်ခတ်တော့၏။
သူရက ခေါင်းပေါင်းပုဝါကိုလေပေါ်၌ ပစ်တင်​ပြီး လက်နှစ်ဖက်နှင့် စက်ဝိုင်းပုံစံလှည့်လိုက်ချိန် ပုဝါထဲကနေ အပြာရောင်ပညာစက်များထွက်လာကာ ထိုလျှပ်စီးကြောင်းများကို ဖြတ်ထုတ်ပြစ်ခဲ့သည်။ ဦးမင်းမောင်က သူတိုက်ခိုက်တာမအောင်မြင်တာကိုသိသောကြောင့် မြေပေါ်ကိုပြန်ဆင်းလာကာ သူ၏ပါးစပ်အတွင်းကနေ အနက်ရောင်မီးများတောက်နေသော ပညာစက်ကိုထုတ်၍ သူ၏ညာလက်ဆီမှ အနီရောင်ပညာစက်၊ ဘယ်လက်ဆီက အစိမ်းရောင်ပညာစက်၊ မျက်လုံးထဲကနေလိမ္မော်ရောင်ပညာစက်ကိုထုတ်ကာ ပညာစက်များကိုအကုန်ပေါင်း၍ သူရထံကိုပစ်လွှတ်လိုက်၏။
သူရကလက်ကိုဝှေ့ရမ်းလိုက်သောအခါ သူ၏ခေါင်းပေါင်းပုဝါထဲကနေ အရံအတားကြီးတစ်ခုပေါ်လာကာ ကာပေးထား၏။ သူရသည် လေပေါ်၌ ကဝေစက်ဖျက်အင်းတော်ကြီးနှင့် အချုပ်အင်းကြီးကို တစ်ခါတည်းရေးဆွဲလိုက်ပြီး ဦးမင်းမောင်၏ပညာစက်များထံပစ်လွှတ်လိုက်၏။ ဦးမင်းမောင်၏ပညာစက်များက အလင်းကိုအမှောင်ချသကဲ့သို့ ဖြတ်ခနဲပျောက်သွား၏။ ဦးမင်းမောင်က အံ့သြစွာရပ်ကြည့်နေစဥ် သူ၏ခန္ဓာကိုယ်ကလှုပ်၍မရတော့ပဲ ရင်ဘက်ကနေအောင့်တက်လာကာ သွေးမဲများအန်ချတော့သည်။
“မ…မဖြစ်နိုင်တာ… မင်းဘာလို့ဒီလောက်စွမ်းရတာလဲ။”
“အလင်းနဲ့အ​မှောင်မှာ အလင်းကသာ အမြဲနိုင်တာပါပဲဦးမင်းမောင်၊ အမှောင်ခြမ်းကနိုင်ခဲ့ရင်တောင် ခဏတာအတွက်ပဲနေမှာပါ။ သင့်ရဲ့အကုသိုလ်ကံတွေကို ငရဲမှာသွားဆပ်ပေအုံးတော့ဦးမင်းမောင်။”
သူရထိုသို့ပြောပြီး သူ၏လွယ်အိတ်ထဲကနေ ပညာဖျက်အင်းကိုထုတ်ကာ ဦးမင်း​မောင် ခေါင်းပေါ်ကိုတင်၍ မန္တာန်ရွတ်လိုက်၏။ မန္တာန်အဆုံး၌ ဦးမင်းမောင်က အနက်ရောင်ကဝေပညာဗူးကိုအန်ချကာ အသက်ထွက်သွားခဲ့သည်။ သူရကကျောပေး၍ထွက်ခွာသွားချိန်၌ ငရဲမီးတောက်က ဦးမင်းမောင်၏ခန္ဓာကိုယ်ကို ဝါးမြိုသွားခဲ့သည်။ သူရက နတ်ဘီလူးညီနောင်ရှေ့၌ရပ်လိုက်ကာ…
“အသင်တို့ဟာ တန်ခိုးကြီးတယ်ဆိုပြီး ကိုယ့်ထက့်ဆင့်နိမ့်တဲ့သူတွေကို အနိုင်ကျင့်တယ်။ မကောင်းတဲ့အကုသိုလ်အလုပ်တွေကို သိသိရက်နဲ့မရှောင်ကျဥ်ပဲလုပ်ခဲ့တယ်။ အာဠာဝကဘီလူးမင်းက သင်တို့ကို သက်ညှာသောအားဖြင့် တန်ခိုးတွေကိုမသိမ်းယူပဲ ပစ်ဒဏ်ပေးတာတောင် အခုထိဆိုးသွမ်းနေကြတုန်းပဲ။ ဒါကြောင့် သင်တို့ကိုကုဝေရနတ်မင်းကြီးထံ ကျွန်ုပ်ကိုယ်တိုင်အပ်နှင်းရလိမ့်မယ်။”
သူရက မျက်လုံးကိုမှိတ်၍ တစ်စုံတစ်ခုတီးတိုးရွတ်လိုက်ချိန် ကောင်းကင်အထက်ဆီမှ နတ်ဘီလူးစည်သည်တော်များပေါ်လာခဲ့သည်။ ထိုနတ်ဘီလူးစစ်သည်များက နတ်ဘီလူးညီနောင်ကို ခေါင်ဆောင်သွားခဲ့လေ၏။ သူရသည် သင်္ချိုင်းအပြင်ကိုထွက်လာကာ စောသနှင့်ခွန်းသအနောက်ကို လိုက်လာခဲ့လေသည်။ သူရရောက်ရှိသွားချိန်၌ စောသနှင့်ခွန်းသက ငရဲသားသုံးဦးကို ငရဲကိုပြန်ပို့ပြီးပြီဖြစ်သည်။ သူရက သူ၏တပည့်နှစ်ဦးကိုခေါ်ဆောင်ကာ မဟာဂန္ဓာရီခရီးပြန်စတင်ခဲ့လေသတည်း။
~~~~~
ပြီးပါပြီ။
သူရရဲ့ မဟာဂန္ဓာရီခရီးမှာ ဘယ်လိုအခက်ခဲမျိုးတွေ၊ ဘယ်လိုပညာသည်တွေနဲ့ ဘယ်သူတွေကိုဆုံးမရအုံးမလဲဆိုတာကိုတော့ နောက်စာမူတွေကို စောင့်မျှော်အားပေးကြပါအုံးဗျ။ စာဖတ်သူများအနေနှင့် ဝေဖန်အကြံပြုပေးနိုင်ပါသည်။
(ဆက်လက်ကြိုးစားပါဦးမည်။)
စာရေးသူ၊ စာဖတ်သူများအား
အစဥ်ထာဝရ၊ ချစ်ခင်လေးစားလျှက်
#မိုးထွန်း(မကွေး)

Zawgyi Version

သူရႏွင့္ ငရဲတံခါးပြင့္ေသာေန႔ (စ/ဆုံး)
———————————————
ေတာအုပ္တစ္ခု၏ တစ္ေနရာ၌ ေက်းငွက္တို႔၏ တြန္က်ဴးသံေဝေဝဆာဆာရွိကာ စမ္းေခ်ာင္းေရက်သံတို႔က ဂီတသံစဥ္ပမာ နားေထာင္၍ေကာင္းလြန္း​ေနေပသည္။ စမ္းေခ်ာင္းႏွင့္မနီးမေဝးက သစ္ပင္တစ္ပင္ေအာက္၌ ေယာဂီဝမ္းဆက္ႏွင့္ အသားအေရဝင္းဝါကာ ဥပဓိ႐ုပ္တည္ၾကည္ခန္႔ျငားေသာ လူငယ္လူ႐ြယ္ေလးတစ္ဦးက တင္ပလႅင္ေခြထိုင္လွ်က္ သမထအားထုတ္ေနေလ၏။
သူ၏ပုံစံသည္ ေက်းငွက္တို႔အသံႏွင့္ စမ္းေခ်ာင္းေရက်သံတို႔ကို ၾကားပုံမရ၊ ျပင္ပေလာကႏွင့္ အဆက္အသြယ္ျပတ္ကာ သူ၏ႀကိဳးစားက်င့္​ႀကံမႈေပၚ၌သာ အာ႐ုံစူးစိုက္လွ်က္ရွိပုံရ၏။ ထိုအခ်ိန္ ေတာအတြင္းထဲကေန သစ္႐ြက္ေျခာက္နင္းသံမ်ားၾကားရကာ ေနာက္ထက္ ေယာဂီဝမ္းဆက္ႏွင့္ လူငယ္ႏွစ္ေယာက္ထြက္လာၾကေလသည္။ ထိုလူငယ္ႏွစ္​ေယာက္က တရားထိုင္ေနေသာ လူငယ္၏ေရွ႕၌ တ႐ိုတေသဝင္ထိုင္လိုက္ၾကသည္။
တစ္ေအာင့္မွ်အၾကာ၌ တရားထိုင္ေနေသာ လူငယ္ေလးဆီက ေမတၱာပို႔အမွ်ေဝသံမ်ားၾကားရကာ မ်က္လုံးပြင့္လာေလ၏။
“ေစာသနဲ႔ခြန္းသ လာမယ့္လ​ျပည့္ေန႔ဟာ ႏွစ္တစ္ေထာင္မွာ တစ္ခါျဖစ္ေလ့ရွိတဲ့ ငရဲတံခါးပြင့္တဲ့ေန႔ပဲ… အဲဒီေန႔မွာ ငရဲက်ခံ​ေနရတဲ့ငရဲသူငရဲသားေတြက ျပင္ပေလာကကို ငရဲထိန္းေတြနဲ႔အတူ ထြက္လာၾကလိမ့္မယ္။ သူတို႔ကို ဘာေၾကာင့္အျပင္ေခၚထုတ္ရသလဲဆို ငရဲမင္းႀကီးက သူ႔ရဲ႕ၾကင္ယာေတာ္နတ္သမီး လာေရာက္လည္ပတ္တဲ့အခါမွာ ငိုယိုေအာ္ဟစ္သံေတြ မၾကားေစခ်င္တာေၾကာင့္ပဲ။ ဒါကိုလည္း အထက္နတ္ေတြနဲ႔ သိၾကားမင္းတို႔က ခြင့္ျပဳေပးထားတယ္။ အဲဒီအခ်ိန္မွာ ငရဲကိုျပန္မသြားခ်င္လို႔ ထြက္ေျပးတဲ့ငရဲသားေတြရွိလာလိမ့္မယ္။ အဲဒီလိုထြက္ေျပးလြတ္ေျမာက္သြားတဲ့ ငရဲသားက ငတ္ျပတ္ဆာေလာင္ခဲ့တဲ့အတြက္ လူေတြကိုဒုကၡေပးလိမ့္မယ္။ ငါတို႔အေနနဲ႔ အဲဒီလိုျဖစ္လာခဲ့ရင္ အဲဒီငရဲသားကိုဖမ္းေပးရမဲ့တာဝန္ ေပးအပ္ခံရတယ္။ ဒါေၾကာင့္ မင္းတို႔အေနနဲ႔ အခ်ဳပ္အင္းေတြကိုသိဒၶိတင္ပါ၊ ေရးဆြဲထားပါ၊ မင္းတို႔သမာဓိအားက အေတာ္နည္းေနေသးတယ္။ သမထအားထုတ္ရင္ ဒီ့ထက္ ပိုႀကိဳးစားပါ။”
”ဟုတ္ကဲ့ပါဆရာ ​ကြၽန္ေတာ္တို႔ဆရာမွာတာ အကုန္လိုက္နာပါ့မယ္။”
“ဒါဆရာ့အတြက္ ကြၽန္ေတာ္တို႔ေတာထဲမွာ ရွာခဲ့တာပါ။”
ၾသဇာသီးတစ္လုံးကို ခြန္းသက သူရကိုေပးလိုက္ေလသည္။ သူရကၿပဳံးျပကာ ၾသဇာသီးကိုယူ၍စားလိုက္၏။ သူရတို႔သည္ ထိုေတာအုပ္အတြင္း၌ သမထုတ္အားထုတ္ကာ အင္းစမမ်ားကိုေရးဆြဲေနခဲ့ၾကသည္။ ထိုသို႔ ေတာအုပ္အတြင္းေနထိုင္သည့္ကာလ၌ ​ေတာင္ေဝွးထမ္းကာ ပ်ံသန္းသြားေသာေဇာ္ဂ်ီမ်ား၊ နတ္က်ားကိုစီးလွ်က္ျဖတ္သြားေသာေတာေစာင့္နတ္၊ ေတာင္ေစာင့္နတ္မ်ားကိုလည္းေတြ႕ရေလသည္။
တစ္ေန႔သ၌ သူရသည္ စမ္းေခ်ာင္းေရျပင္ဘက္သို႔ မ်က္ႏွာမူ၍ ကမ္းစပ္၌ သမထအားထုတ္ေနခ်ိန္ သူ၏ေဘးကို အေပၚပိုင္းဗလာက်င္းႏွင့္ ေသွ်ာင္တေစာင္းထုံးထားေသာ လူလတ္ပိုင္းအ႐ြယ္ ေယာက္်ားတစ္ေယာက္ေရာက္ရွိလာခဲ့ေလသည္။ ထိုသူသည္ ဒူးႏွစ္ဖက္ေပၚကို လက္တင္၍ သူရနည္းတူ စမ္းေခ်ာင္းေရ​ျပင္ဘက္ကို မ်က္ႏွာမူထား၏။
“ကြၽႏ္ုပ္ဟာ ဒီေတာအတြင္းက ေက်ာက္ဂူထဲမွာေနထိုင္တဲ့ နတ္ဘီလူးတစ္​ေယာက္ပါ။ ဒီဘက္မွာကိုယ္ေရာင္ကိုယ္ဝါေတာင္ပတဲ့ လူတစ္ေယာက္ရွိတယ္ဆိုလို႔ကြၽႏ္ုပ္ေရာက္လာတာ… အသင့္အနားမွာ ကြၽႏ္ုပ္ကိုခဏထိုင္ခြင့္ျပဳတာေက်းဇူးတင္ပါတယ္။ ကြၽႏ္ုပ္သင့္ကို တစ္ခုေလာက္ေျပာျပခ်င္လို႔ပါ။ အသင္နားေထာင္ေနမယ္လို႔ ထင္ပါတယ္။
ဟိုးလြန္ခဲ့တဲ့ရာစုႏွစ္ေတြမ်ားစြာတုန္းက ကြၽႏ္ုပ္မွာအစ္ကိုေတာ္ႏွစ္ေယာက္ရွိခဲ့တယ္။ သူတို႔ႏွစ္ေယာက္က နတ္ဘီလူးထဲမွာေတာင္မွ တန္ခိုးဣဒၶိပါဒ္အေတာ္ႀကီးလြန္းလို႔ ကုေဝရနတ္မင္းႀကီးကိုယ္တိုင္ ေျမႇာက္စားခ်င္းခံထားရတဲ့ နတ္ဘီလူးႏွစ္ေယာက္ပဲ။ ကြၽႏ္ုပ္ကသူတို႔ေလာက္ တန္ခိုးမရွိပါဘူး။ ဒါေၾကာင့္သူတို႔က ကြၽႏ္ုပ္ကို ႀကိဳးစားက်င့္ႀကံေစခ်င္ခဲ့တယ္။ ဒါေၾကာင့္ ကုေဝရနတ္မင္းႀကီးထံမွာေလွ်ာက္တင္ၿပီး ကြၽႏ္ုပ္တို႔ညီေနာင္သုံးေဖာ္ လူ႔ျပည္ကိုဆင္းလာခဲ့တယ္။ ဒီေတာအုပ္ရဲ႕ေက်ာက္ဂူအတြင္းမွာေနထိုင္ၾကတယ္ဆိုပါေတာ့။ ကြၽႏ္ုပ္ႀကိဳးစားက်င့္ႀကံေနတဲ့အခိုက္မွာ သူတို႔ႏွစ္ဦးက လူ႔ျပည္ကိုလည္ပတ္သြားလာေနၾကတယ္။ တျဖည္းျဖည္းနဲ႔ သူတို႔မထင္ရင္မထင္သလို ႐ြာေတာ္ရွင္တို႔ ေတာေစာင့္နတ္တို႔ကိုေခၚၿပီးႏွိက္စက္က်ပါတယ္။ လူေတြကိုလည္း သူတို႔မၾကည္ရင္လည္း အ​ေသသတ္ၿပီးစားေသာက္ျပစ္တဲ့အထိ အစားၾကဴးလာတယ္။
ကြၽႏ္ုပ္ကဒါကိုသိရွိၿပီးတားေပမဲ့ သူတို႔ကကြၽႏ္ုပ္ကို အျဖစ္မရွိတဲ့ညီေတာ္ နတ္စိမ္းမွ်သာစြမ္းေသာ နတ္ဘီလူးရယ္လို႔ႏွိမ္ၾကတယ္။ ကြၽႏ္ုပ္လည္း အေတာ္ကိုေဒါသျဖစ္ၿပီး သူတို႔အလစ္မွာ နတ္ျပည္ကိုတက္ခဲ့တယ္။ ဦးရီး​ေတာ္ အာဠာဝကဘီလူးမင္းကို ကြၽႏ္ုပ္ကိုယ္တိုင္ သူတို႔အျပစ္မ်ားစြာကို တိုင္ၾကားခဲ့တယ္။ ဦးရီးေတာ္အာဠာဝကဘီလူးမင္းက လူ႔ျပည္ကိုဆင္းလာၿပီး ကြၽႏ္ုပ္ရဲ႕အစ္ကိုေတာ္ႏွစ္​ေယာက္ကိုဆြဲေခၚသြားတယ္။ ကုေဝရနတ္မင္းႀကီးသိရင္ ဒီ့ထက္ျပစ္ဒဏ္သင့္မွာစိုးလို႔ သူကိုယ္တိုင္ လူသူမရွိတဲ့ကြၽန္းမွာႏွစ္ငါးရာေနဖို႔ကို ျပစ္ဒဏ္ေပးသြားတယ္။
အခုလာမယ့္လ​​ျပည့္ေန႔ ငရဲတံခါးပြင့္တဲ့ေန႔မွာ သူတို႔ႏွစ္ေယာက္လြတ္ေျမာက္လိမ့္မယ္။ သူတို႔ႏွစ္ေယာက္က ဦးရီးေတာ္အာဠာဝကဘီလူးမင္း ျပစ္ဒဏ္ေပးတာေတာင္ မေကာင္းတဲ့စိတ္အညစ္အေၾကးေတြရွိေနတုန္းပဲဆိုတာ ကြၽႏ္ုပ္သိတယ္။ သူတို႔လြတ္ေျမာက္လာတဲ့အခါမွာ ကြၽႏ္ုပ္ကိုအရင္တိုက္ခိုက္လာၾကလိမ့္မယ္။ ကြၽႏ္ုပ္အေနနဲ႔ နတ္ဘီလူးတစ္ေယာက္ျဖစ္ၿပီး ေၾကာက္႐ြံ႕ေနမိတာကို အရွက္ရမိပါတယ္။ သူတို႔ႏွစ္ေယာက္က အရမ္းအစြမ္းထက္တာေၾကာင့္ ကြၽႏ္ုပ္မႏိုင္ပါဘူး။ သူတို႔ႏွစ္ေယာက္ ကြၽႏ္ုပ္ဆီလာတဲ့အခါမွာလည္း လမ္းမွာျမင္သမွ်အရာတိုင္းကို ဖ်က္ဆီးလာပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ျပစ္ဒဏ္ေပးခံရတုန္းက လူသားမ်ိဳးႏြယ္ကိုအျမစ္ျဖတ္မယ္လို႔လည္းေျပာသြားတာေၾကာင့္ပါ။ အသင့္လို ေလာကီဆရာတစ္ေယာက္က ဒါကိုတားရမဲ့တာဝန္ရွိတယ္ယူဆမိလို႔ ကြၽႏ္ုပ္လာေရာက္ေျပာဆိုရတာပါ။ အခ်ိန္လည္းေႏွာင္းၿပီဆိုေတာ့ သြားခြင့္ျပဳပါအုံး။”
နတ္ဘီလူးက အထက္ပါအတိုင္းေျပာအၿပီးမွာေတာ့ ေတာအုပ္ထဲကိုဝင္ေရာက္ေပ်ာက္ကြယ္သြားခဲ့သည္။ သူရကေတာ့ ေနေဆာင္းသည့္အခ်ိန္ထိ သမထအားထုတ္ေနခဲ့ေလ၏။ သူရသည္ ေနဝင္သြားသည့္အခါ၌ ေမတၱာပို႔အမွ်ေဝ၍ တရားထိုင္ျဖဳတ္ကာ သစ္ပင္ခတ္ႀကီးႀကီးေအာက္၌ တင္ပလႅင္ေခြထိုင္လိုက္ေလသည္။ ေဘး၌ခ်ထားေသာ လြယ္အိတ္ထဲကေန စီစိမ္စကၠဴတစ္႐ြက္ထုတ္၍ အင္းတစ္ခုကိုေရးဆြဲေနခဲ့ေလသည္။
သူရထိုသို႔အင္းေရးဆြဲေနခ်ိန္၌ ေလျပင္းတစ္ခ်က္က ႐ုတ္တရက္တိုက္ခတ္သြားခဲ့၏။ ေလျပင္းတိုက္ခတ္၍ခဏအၾကာ၌ ေကာင္းကင္တြင္ လွ်ပ္စီးတျဖတ္ျဖတ္လတ္ကာ ထိုသို႔လွ်ပ္စီးမ်ားလင္းလတ္သြားခိုက္တြင္ တိမ္တိုက္ေတြၾကာထဲမွာ လူတစ္ဦးက ေလေပၚပ်ံဝဲကာ ခါးေထာက္၍မတ္တပ္ရပ္ေနတာကို ျမင္ေတြ႕လိုက္ရေလ၏။ ထိုသူကို လွ်ပ္စီးလတ္သြားခ်ိန္တိုင္း ျမင္ေနရသည္။ မိုး႐ြာမည္ဟုခန္႔မွန္းမိေသာ္လည္း မိုးတိမ္မ်ားကခဏအၾကာ၌လြင့္စင္သြားခဲ့ေတာ့ေလ၏။
ေလေပၚ၌ပ်ံဝဲေနေသာသူကို မေတြ႕ရေတာ့ေပ။ သူရသည္ အင္းေရးဆြဲၿပီးေသာအခါ သူရဆြဲလိုက္ေသာအင္းက ေ႐ႊေရာင္ႏွင့္အျပာေရာင္ေရာကာ အေရာင္တလတ္လတ္ထြက္လာၿပီး အင္းကထခုန္ေလ၏။ သူရသည္ ထိုအခ်င္းအရာကိုၾကည့္၍ ပါးခ်ိဳင့္အေသးကေလးမ်ား ေပၚသည္အထိ ၿပဳံးလိုက္ကာ အင္းကိုလက္ဖဝါးေပၚတင္ၿပီး စိတ္အတြင္းကေန”အခ်ိန္က်ရင္ မင္းတို႔ကိုငါေခၚလိုက္ပါ့မယ္”ဟုေျပာလိုက္ေသာအခါ အင္းခ်ပ္ေလးကအေရာင္မ်ားမွိန္သြားကာ ထခုန္ေနရာကေနညိမ္သြားေလ၏။
သူရက သူ၏တပည့္ႏွစ္ဦးကိုလွမ္းေမွ်ာ္ၾကည့္လိုက္ေသာအခါ သစ္ပင္ေအာက္စီ၌ ကိုယ္စီကိုယ္ငွအင္းေရးဆြဲေနတာကိုေတြ႕လိုက္ရသည္။ ထို႔ေနာက္သူရသည္ ေယာဂီပုဆိုးၾကမ္းတစ္ထည္ကိုခင္းကာ အိပ္စက္လိုက္ေတာ့ေလ၏။ သူရ၏အိပ္မက္အတြင္း၌ ၾကမ္းတမ္းခက္ထန္ေသာဘီလူးႏွစ္ေကာင္ႏွင့္ ထိုဘီလူးႏွစ္​ေကာင္ကိုခိုင္းေစေနေသာသူအား ျမင္ေတြ႕လိုက္ရ၏။ ထိုအခ်ိန္သူရ၏ေျခဖ်ားကို တစ္ဦးတစ္ေယာက္လာကိုင္သလိုခံစားရ၍ မ်က္လုံးဖြင့္ၾကည့္လိုက္ေသာအခါ ဓားတစ္ေခ်ာင္းကိုလြယ္ထားသည့္ နတ္တစ္ပါးကိုျမင္ေတြ႕လိုက္ရသည္။
“ဆရာေလးကို ကြၽႏ္ုပ္အေႏွာင့္ယွက္ျပဳမိတာခြင့္လႊတ္ပါ။”
သူရကထထိုင္လိုက္ၿပီး..
“အသင့္အေနနဲ႔ အဘယ္ေရးရွိလို႔ကြၽႏ္ုပ္ထံလာေရာက္ရတာလဲဆိုတာသာေျပာပါ။”
“ကြၽႏ္ုပ္ဟာ ကိုးၿမိဳ႕ရွင္ပါဆရာေလး… ကြၽႏ္ုပ္ဆရာေလးထံလာေရာက္ရျခင္းကေတာ့ မေကာင္းတဲ့ပညာသည္တစ္ေယာက္က ကြၽႏ္ုပ္ကို အတင္းအဓမၼ လူေတြျပဳစားခိုင္းေနပါတယ္။ သူသတ္ဆိုရင္သတ္ေပးေနရပါတယ္။ ကြၽႏ္ုပ္တစ္ဦးတည္းကို အဲဒီလိုခိုင္းတာမဟုတ္ပဲ ၃၇မင္းနတ္နဲ႔႐ြာေတာ္ရွင္ေတြကိုပါ ခိုင္းေစေနတာပါ။ အရမ္းအစြမ္းထက္တဲ့ပညာသည္မလို႔ ကြၽႏ္ုပ္တို႔အေနနဲ႔မႏိုင္ပါဘူး။ အခုလည္းသူေကာင္းကင္ကေန စက္ႀကိဳးစီးၿပီးပ်ံလာတုန္းက ဒီဘက္ေတာအုပ္ထဲမွာေနထိုင္တဲ့သူကိုသတ္ဖို႔ ကြၽႏ္ုပ္ကိုလႊတ္လိုက္တာပါ။ ကြၽႏ္ုပ္အေနနဲ႔ သူခိုင္းတာကိုလုပ္ရတာမွန္ေပမဲ့ ဆရာေလးလိုသူေတာ္ေကာင္းတစ္ေယာက္ကို ကြၽႏ္ုပ္အေနနဲ႔မသတ္ႏိုင္သလို တိုက္ခိုက္ျခင္းလည္းမျပဳဝံ့ပါဘူး။ ဒီပညာသည္က ကြၽႏ္ုပ္ျပန္သြားရင္ ေနာက္ထပ္တစ္ေယာက္ေယာက္ကိုခိုင္းၿပီး ဆရာေလးကိုသတ္ခိုင္းမယ္ဆိုတာေသခ်ာပါတယ္။ အလြန္တန္ခိုးႀကီးတဲ့ နတ္ဘီလူးႏွစ္ေယာက္ကိုလည္း သူ႔ရဲ႕လက္ပါးေစေတြအျဖစ္ ထားထားပါတယ္။ ဆရာေလးသတိရွိရေအာင္ ကြၽႏ္ုပ္ကလာေရာက္ေျပာဆိုတာပါ။”
“ကိုးၿမိဳ႕ရွင္အေနနဲ႔ အခုလိုသတိေပးစကားေျပာၾကားတာ ေက်းဇူးတင္ပါတယ္။ စိတ္ခ်ပါ ကြၽႏ္ုပ္ဟာသူ႔လက္ခ်က္နဲ႔ေသဖို႔ဝဋ္ေႂကြးပါရင္ ေသကိုေသရမွာပါ။ ဝဋ္ေႂကြးမပါခဲ့ရင္ေတာ့ သူဘယ္လိုအတိုက္နဲ႔တိုက္ပါေစ ကြၽႏ္ုပ္ရဲ႕ဆံခ်ည္တစ္မွ်င္ေတာင္ မထိႏိုင္ပါဘူး။”
“ကြၽႏ္ုပ္နားလည္ပါၿပီဆရာေလး.. သြားခြင့္ျပဳပါအုံး။”
“ေကာင္းပါၿပီ။”
ကိုးၿမိဳ႕ရွင္နတ္ေပ်ာက္သြားခ်ိန္၌ သူရက ေကာင္းကင္ကိုေမာ့ၾကည့္လိုက္ေလသည္။ ေကာင္းကင္ကလမင္းႀကီးက သူရ၏ဦး​ေခါင္းတည့္တည့္၌တည္ရွိေန၏။ သူရသည္ သစ္ပင္မ်ားရွင္းလင္းေသာေနရာသို႔သြားကာ တင္ပလႅင္ေခြထိုင္၍ လဓာတ္ကိုခံယူလိုက္ေလသည္။ သူရ၏တပည့္ ေစာသႏွင့္ခြန္းသကေတာ့ သစ္ပင္ေအာက္စီ၌ အိပ္စက္အနားယူေနၾကေလသတည္း။
&&& &&&
မနက္မိုးလင္းေသာအခါ သူရက တင္ပလႅင္ေခြျဖဳတ္၍ ေခ်ာင္းေရႏွင့္မ်က္ႏွာသစ္လိုက္ေလ၏။ သူရမ်က္ႏွာသစ္ၿပီးေသာအခါ၌ သူရ၏ေဘးကေန လူတစ္ေယာက္႐ုတ္တရက္ေပၚလာခဲ့သည္။
“ဆရာေလး။”
”တစ္ပြဲစားဘီလူးႀကီးငထိုက္ပါ့လား… သင့္အေနနဲ႔ဒီဘဝကေန ​တျခားျမင့္ျမတ္တဲ့ဘုံဘဝကိုသြားေတာ့မယ္ဆိုတာ လာေျပာတာထင္တယ္။I
(ငထိုက္၏အေၾကာင္းကို သူရႏွင့္တစ္ပြဲစားအ႐ူးႀကီးစာမူ၌ ေဖာ္ျပခဲ့​ၿပီး​ျဖစ္သည္။
စာေရးသူ။)
“မွန္ပါတယ္ဆရာေလး.. ကြၽႏ္ုပ္ကဆရာေလးအနားမွာေနၿပီး ေကာင္းမႈကုသိုလ္ေတြ​ျပဳလုပ္ခဲ့လို႔ တျခားဘဝကိုသြားရေတာ့မွာမလို႔ လာေရာက္ႏႈတ္ဆက္တာပါ။ ကြၽႏ္ုပ္ကိုကယ္တင္ေပးခဲ့တဲ့ဆရာေလးကိုေက်းဇူးတင္ပါတယ္။ ကြၽႏ္ုပ္ကိုသြားခြင့္ျပဳပါအုံးဆရာေလး။”
“ေကာင္းပါၿပီ။”
ထိုသူဟာ သူရကိုဂါရဝျပဳ၍ ေပ်ာက္သြားခ်ိန္၌ ေစာသႏွင့္ခြန္းသလည္းအိပ္ရာကႏိုးလာၾကေလသည္။ ေခ်ာင္းေရႏွင့္မ်က္ႏွာသစ္ေနၾကခ်ိန္တြင္ သူရက…
“ေစာသနဲ႔ခြန္းသ ဒီေန႔ကငရဲတံခါးပြင့္တဲ့ေန႔ပဲ။ အစစအရာရာကိုသတိဝိရိယရွိရမယ္။ မင္းတို႔အသုံးျပဳမဲ့အရာမွန္သမွ်ကိုအခုကတည္းကႏႈိးထားေတာ့။ ငရဲကထြက္ေျပးတဲ့သူေတာ့ ငါရွိမယ္မထင္ဘူး ဒါေပမဲ့ ရွိလာခဲ့ရင္လည္း ငါတို႔ခ်က္ခ်င္းဖမ္းေပးရမယ္ဆိုတာမေမ့နဲ႔.. ေနာက္ၿပီးေတာ့ အရမ္းဆိုးသြမ္းေမာက္မာေနတဲ့ ကေဝထိပ္ေခါင္ကိုငါတို႔ဆုံးမရမယ္။”
”ဗ်ာဆရာ…ကေဝထိပ္ေခါင္ဟုတ္လား။”
“အဲဒါဘာကိုေျပာတာလဲဆရာ။”
“ကေဝထိပ္ေခါင္ဆိုတာ ကေဝပညာရွင္ေတြရဲ႕ဘုရင္လို႔ေျပာလို႔ရတယ္။ သူ႔ကိုဘယ္လိုဘုရင္တင္ေျမႇာက္သလဲဆိုရင္ လျပည့္ေန႔တစ္ရက္မွာ အနယ္နယ္အရပ္ရပ္က ကေဝပညာရွင္ေတြေတြ႕ဆုံၾကတယ္။ တစ္နယ္ဆီက အစြမ္းထက္လွတဲ့ ကေဝပညာရွင္ေတြပညာၿပိဳင္ၾကတယ္။ အဲဒီထဲကမွ အကုန္လုံးကိုအႏိုင္ရၿပီး ပညာအရမ္းထက္တဲ့သူကိုသာ ကေဝထိပ္ေခါင္တင္ေျမႇာက္ၾကတယ္။”
“ကေဝထိပ္ေခါင္ျဖစ္သြားရင္ အၿမဲတမ္းကေဝေတြရဲ႕ဘုရင္ျဖစ္ေနတာလားဆရာ။”
“အဲဒီလိုေတာ့လည္းမဟုတ္ျပန္ဘူး.. သတ္မွတ္ထားတဲ့အခ်ိန္ကာလအတြင္းမွာ သူကဘယ္ပညာရွင္ရဲ႕နယ္ထဲကိုမဆို ဝင္ထြက္သြားလာခြင့္ရွိတယ္။ ဘယ္သူကမွတိုက္ခိုက္မွာမဟုတ္ဘူး။ တကယ္လို႔တိုက္ခိုက္လာခဲ့ရင္လည္း သူ႔အေနနဲ႔အ​ေသသတ္ခြင့္ရွိတယ္ကြ။ ကေဝထိပ္ေခါင္ေ႐ြးပြဲျပန္မစခင္အခ်ိန္မွာ သူ႔ကိုစိန္ေခၚတဲ့သူရွိရင္လည္း ၿပိဳင္ရတယ္။ အၿမဲတမ္းႀကီးေတာ့ကေဝထိပ္ေခါင္အျဖစ္သတ္မွတ္ၾကတာမဟုတ္ဘူး။ သတ္မွတ္​ကာလအတြင္းမွာပဲေပါ့။”
“ဟုတ္ဆရာ ကြၽန္ေတာ္တို႔နားလည္ပါၿပီ။”
”ေကာင္းၿပီ ဒါဆို ငါတို႔အခုဒီေတာထဲကေနထြက္ရမယ္။ ကေဝထိပ္ေခါင္ဘြဲ႕ကိုရတဲ့ကာလတေလွ်ာက္မွာ ထင္ရာဆိုင္းေနတဲ့ေကာင္ကို ငါတို႔ဆုံးမရမယ္။”
“ဟုတ္ကဲ့ဆရာ။”
သူရတို႔သည္ ထိုေတာအတြင္းကေနထြက္လာၾကကာ တစ္ေနရာသို႔ခရီးဆက္လာခဲ့ၾကေလ၏။
“အခုငါတို႔သြားေရာက္ဆုံးမမဲ့ ကေဝထိပ္ေခါင္က ေရွးတုန္းကအရည္းႀကီးေတြထားခဲ့တဲ့ ပညာကို အနည္းငယ္တတ္ေျမာက္ထားတယ္။ အဲဒီအနည္းငယ္တတ္ေျမာက္ထားတဲ့ အရည္းႀကီးေတြရဲ႕ပညာနဲ႔ နတ္ဘီလူးေတြကိုေတာင္ အေစခံအျဖစ္ ထားထားတယ္ကြ။”
“ဗ်ာဆရာ.. အရည္းႀကီးေတြပညာကအဲဒီေလာက္ေတာင္စြမ္းလား။”
“စြမ္းတာေပါ့ခြန္းသရာ အရည္းႀကီးေတြကအဲဒီပညာနဲ႔ အသက္ကိုႏွစ္ေပါင္းေထာင္ေသာင္းခ်ီၿပီးဆြဲဆန္႔ထားၾကတာ။ သူတို႔ပညာကေပ်ာက္ကြယ္လုနီးပါးဆိုေပမဲ့ တခ်ိဳ႕ပညာသည္ေတြကေတာ့ တပိုင္းတစတတ္ေျမာက္ထားၾကတယ္ကြ။ အခုကေဝထိပ္ေခါင္ကလည္း အဲဒီပညာအစြမ္းနဲ႔ ျပစ္ဒဏ္က်ေနတဲ့နတ္ဘီလူးညီေနာင္လြတ္ေျမာက္လာတဲ့အခါမွာ အႏိုင္ပိုင္းၿပီး သူ႔ကြၽန္အျဖစ္ထားထားတယ္။ အဲဒီနတ္ဘီလူးညီေနာင္ကလည္း အလြန္ၾကမ္းၾကဳတ္ရက္စက္ၿပီး တန္ခိုးအေတာ္တန္ႀကီးထြားၾကတယ္။ သူတို႔နဲ႔ရင္ဆိုင္တဲ့အခါမွာ မ်က္ေတာင္တစ္ခ်က္ေတာင္မခတ္မိေစနဲ႔.. မင္းတို႔တစ္စကၠန္႔ေလာက္သတိလြတ္တာနဲ႔ အသက္ေပ်ာက္သြားလိမ့္မယ္။”
“ဟုတ္ဆရာ ကြၽန္ေတာ္တို႔သတိထားပါ့မယ္။”
“ဘာလို႔ငါဒီ​ေလာက္မွာၾကားေနရသလဲဆိုရင္ ဒီတစ္ခါငါတို႔ရင္ဆိုင္ရမဲ့သူေတြက ေတာ္႐ုံအဆင့္ေတြမဟုတ္လို႔ပဲ။ ငါ့အထင္ေတာ့ဒီပြဲက ငါတို႔ႏႊဲလာခဲ့သမွ်ထဲမွာ အၾကမ္းဆုံးနဲ႔မွတ္မွတ္ရရရွိေနမွာပဲ။”
သူရတို႔သည္ စကားေျပာကာ လမ္းေလွ်ာက္လာရင္း ႐ြာတစ္႐ြာအနီးကိုေရာက္ရွိလာခဲ့ၾကသည္။ ထို႐ြာသည္ ဘူးတစ္ေထာင္ေက်း႐ြာဟုေခၚတြင္၏။ သူရက ႐ြာကိုပတ္ကာ ႐ြာသခ်ႋဳင္းအတြင္းက ဇရပ္ေပၚ၌ နားလိုက္ေလ၏။ ေစာသႏွင့္ခြန္းသကဇရပ္ေပၚကို ရွင္းလင္းလိုက္ကာ သူရ၏မွာၾကားခ်က္အတိုင္း ဇရပ္ကိုစည္းသုံးတန္တားလိုက္ေလသည္။
သူရသည္ ႐ြာဘက္ကိုေမွ်ာ္ၾကည့္လိုက္ခ်ိန္၌ မေကာင္းေသာပညာစက္မ်ားက တစ္႐ြာလုံးကိုျဖန္႔ထားတာျမင္လိုက္ရသည္။ စက္ျဖတ္အင္းကိုထုတ္၍ ေလေပၚကိုေျမႇာက္ပစ္လိုက္ခ်ိန္တြင္ အင္းခ်ပ္ထဲက ေ႐ႊေရာင္စက္မ်ားထြက္လာကာ မေကာင္းေသာ ပညာစက္မ်ားကိုအကုန္ျဖတ္ျပစ္လိုက္၏။ ထိုအခ်ိန္ ေကာင္းကင္ကေန အသံမ်ားၾကားရ၍ ေမာ့ၾကည့္လိုက္ေသာအခါ လင္းတသုံးေကာင္က ပ်ံဝဲလာတာကိုေတြ႕လိုက္ရသည္။
သူရသည္ လင္းတသုံးေကာင္ကို လက္ညိဳးထိုး၍ ညာဖေနာင့္ေပါက္ကာ ”ဟဲ့ မူလျပန္စမ္း”ဟု ေငါက္လိုက္ခ်ိန္၌ လင္းတသုံးေကာင္က မိန္းမမ်ားအသြင္ေျပာင္း၍ သခ်ႋဳင္းအတြင္းကေျမျပင္ေပၚ က်ေရာက္လာခဲ့သည္။ လဲက်ေနရာကေန ထိုမိန္းမသုံးေယာက္က အလူးအလဲထကာ ခါးေထာက္၍ သူရကို မ်က္ေစာင္းထိုးၾကည့္ေနၾက၏။
“ငါတို႔နယ္ကိုလည္းလာေသး… ငါတို႔ကိုလည္းပညာျပေသးနဲ႔… ဟဲ့အ​ေကာင္ နင္ကဘာလဲ။”
သူရက ေစာသႏွင့္ခြန္းသကို လွည့္ၾကည့္ကာ ေခါင္းညိမ့္ျပလိုက္သည္။ ေစာသႏွင့္ခြန္းသက ဆရာသခင္၏အျပဳမူကို နားလည္သည့္အလား ျပန္ေခါင္းညိမ့္ျပ၍ ဇရပ္ေအာက္ကိုဆင္းသြားခဲ့ၾကသည္။
“ေဟ့စုန္းမေတြ… သင္တို႔ထက္ျမင့္ျမတ္တဲ့ပညာကို ကြၽႏ္ုပ္တို႔ကသင္ၾကားထားတာ… ႐ိုင္းစိုင္းတဲ့အျပဳမူေတြလာမသုံးစမ္းနဲ႔။”
“ေအာင္မယ္… ငါေမြးရင္ငါ့သားအ႐ြယ္ေလာက္ရွိတဲ့ေကာင္ေတြက ငါ့လာျပန္ေျပာေနတယ္။ ဒီမယ္ဆရာအစုတ္ကေလးေတြ ေသခ်င္လို႔နင္တို႔ကေရွ႕တိုးလာတာလား။ ငါတို႔က ကေဝထိပ္ေခါင္ႀကီးရဲ႕ တပည့္ေတြေနာ္…. နင္တို႔မေသခ်င္ေနာက္ဆုတ္လိုက္စမ္း။”
“အသင္ခိုင္းတိုင္း ကြၽႏ္ုပ္တို႔လုပ္ရမလား။ သင္တို႔ဆရာကေဝထိပ္ေခါင္ဆိုတဲ့သူကိုေျပာလိုက္… ေရွ႕ဆက္ၿပီးမေကာင္းတာေတြလုပ္ေနရင္… သူ႔အစြယ္ကိုကြၽႏ္ုပ္တို႔ခ်ိဳးရလိမ့္မယ္လို႔။”
”ေအာင္မွာ နင့္လိုေစာက္ကေလးကမ်ား ငါတို႔ဆရာႀကီးကိုမေလးမစားေျပာဝံ့တယ္။ ဟဲ့ညီမေတြ ဒီ​ေကာင္ေတြကို ငါတို႔အေၾကာင္းျပလိုက္စမ္းဟယ္။”
စုန္းမသုံးေယာက္က တညီတညာတည္း လက္ကိုေရွ႕ဆန္႔ကာ ပညာစက္ေတြပစ္လႊတ္လိုက္သည္။ ေစာသႏွင့္ခြန္းသက လက္ထဲကအကာအင္းေတြနဲ႔ျပန္ကာထား၏။ ေနာက္တစ္ဖန္ စုန္းမေတြက လက္ႏွစ္ဖက္ထဲကပညာစက္ေတြကို စုလိုက္ၿပီး ​ေစာသႏွင့္ခြန္းသကို ထက္ပစ္လိုက္၏။ ေစာသႏွင့္ခြန္းသက လြယ္အိတ္ထဲကေန အသင့္ထုတ္ထားေသာ အင္းစမပုံေရးဆြဲထားသည့္ လက္တစ္ဆစ္ခန္႔အိုးေလးမ်ားကို ပညာစက္မ်ားထံ ျပန္ပစ္လႊတ္လိုက္၏။ စုန္းမသုံးေယာက္၏ ပညာစက္မ်ားက အိုးေလးေတြႏွင့္အထိတြင္ အိုးေလးမ်ားက ထိုပညာစက္မ်ားကိုစုပ္ယူသြားခဲ့သည္။
စုန္းမသုံးေသာက္သည္ အံ့ၾသသြားကာ မ်က္ေထာင့္နီႀကီးျဖင့္ ေစာသႏွင့္ခြန္းသကိုၾကည့္လိုက္၏။
“နင္တို႔ဘာပညာေတြထုတ္သုံးေနတာလဲ။”
“ကြၽႏ္ုပ္တို႔ပစ္လိုက္တဲ့အိုးေတြက ပညာသိမ္းအိုးလို႔ေခၚသလို ပညာေၾကာက္အိုးလို႔လည္းေခၚတယ္။ ဒီအင္းစမ​ေတြ ေရးဆြဲထားတဲ့အိုးေတြနဲ႔ဆို သင္တို႔ပညာမေျပာနဲ႔ သင္တို႔ဆရာကေဝထိပ္ေခါင္ႀကီးရဲ႕ပညာကိုပါသိမ္းယူႏိုင္တယ္။”
”အေျပာကေတာ့ တယ္ႀကီးေဟ့… နင္တို႔ကိုငါတို႔ဆရာႀကီးမလိုဘူး.. ငါတို႔နဲ႔တင္ႏိုင္တယ္။ ဟဲ့မိဝါ တိုက္စမ္း။”
အလည္ကစုန္းမ၏ စကားသံအဆုံး၌ ဝါးတစ္လုံးခန္႔ျမင့္၍ အလြန္ႀကီးမားလွေသာ ေႁမြအဝါႀကီးတစ္ေကာင္ေပၚလာကာ ေစာသႏွင့္ခြန္းသကိုတိုက္ရန္လာေလသည္။ ေစာသႏွင့္ခြန္းသသည္ မူလျပန္အင္းကိုထုတ္လိုက္ၾကကာ ေႁမြဝါႀကီးထံပစ္လႊတ္လိုက္၏။ အင္းခ်ပ္မ်ားႏွင့္ ေႁမြဝါႀကီးအထိ၌ ေႁမြဝါႀကီးသည္ အဝါေရာင္ထမီတစ္ထည္အျဖစ္ေျပာင္းသြားခဲ့သည္။ စုန္းမသုံး​ေယာက္က ေတာက္ခတ္လိုက္ကာ သူတို႔ပညာစက္မ်ားေပါင္းေနၾက၏။
ထိုအခ်င္းအရာကိုျမင္ေသာေစာသက ကေဝစက္ဖ်က္အင္းေတာ္ႀကီးကို ထုတ္လိုက္ေလသည္။ ခြန္းသကလည္း အကာကြယ္အင္းကိုထုတ္လိုက္ကာ ကာလိုက္၏။ စုန္းမသုံး​ေယာက္က ပညာစက္တန္းႀကီးကို ပစ္လႊတ္လိုက္ခ်ိန္၌ ေစာသကလည္း ကေဝစက္ဖ်က္အင္းေတာ္ႀကီးကိုပစ္လႊတ္လိုက္၏။ ထိုစဥ္ စုန္းမတို႔၏ပညာစက္ထဲကေန အနီေရာင္ပညာစက္ကခြဲထြက္ကာ ခြန္းသကာထားေသာအကာရံကို ဒုန္းခနဲလာထိမွန္ေလ၏။
ထို႔ေနာက္ စုန္းမသုံးေယာက္၏ ပညာစက္တန္းႏွင့္ ကေဝစက္ဖ်က္အင္းေတာ္ႀကီး ထိမွန္သြားခ်ိန္၌ စုန္းမသုံးေယာက္၏ ပညာစက္မ်ားက ျဖတ္ခနဲေပ်ာက္သြားေလသည္။ စုန္းမသုံးေယာက္လုံးလည္း အေနာက္ကိုလြင့္စင္သြားၾက၏။ ေစာသႏွင့္ခြန္းသက စုန္းမသုံးေယာက္ထံကိုသြား၍ ​ပညာမ်ားျပန္သိမ္းယူကာ ေနာက္ေနာင္ပညာထက္မသင္ႏိုင္ေအာင္လည္း ျပဳလုပ္ခဲ့ၾကေလ၏။
“သင္တို႔ဆရာႀကီး ကေဝထိပ္ေခါင္ဆိုတဲ့သူကိုေျပာလိုက္ပါ ကြၽႏ္ုပ္တို႔ ပညာၿပိဳင္ဖို႔ ဒီသခ်ႋဳင္းမွာအသင့္ေစာင့္ေနပါတယ္လို႔။”
“ေတာက္(စ္)… နင္တို႔အသက္ဖက္နဲ႔ထုပ္ထား… ငါတို႔ဆရာႀကီးလာလိမ့္မယ္။”
“ေကာင္းပါၿပီဗ်ာ။”
စုန္းမသုံးေယာက္က အလာတုန္းကလို လင္းတအသြင္ႏွင့္မျပန္ႏိုင္ေတာ့ပဲ တစ္ဦးကိုတစ္ဦးတြဲကာ သခ်ႋဳင္းအတြင္းကေန ထြက္သြားခဲ့ၾကေလေတာ့သည္။ အခ်ိန္က ညေမွာင္ရီပ်ိဳးစအခ်ိန္သို႔ေရာက္ရွိေနေလ၏။ သူရသည္ သူ၏တပည့္ႏွစ္ဦးကိုၿပဳံး၍ၾကည့္ေနစဥ္ အထက္ပုဂၢိဳလ္ႀကီးတစ္ဦး၏ အသံကိုၾကားလိုက္ရသည္။ သူရက ခဏအၾကာ၌ ေစာသႏွင့္ခြန္းသအနားကိုသြားလိုက္၏။
“ေစာသနဲ႔ခြန္းသ ငရဲသားသုံးေယာက္လြတ္ေျမာက္သြားတယ္လို႔ အထက္ပုဂၢိဳလ္ႀကီးေတြေျပာေနတယ္။ ငါတို႔ဖမ္းေပးဖို႔ အမိန္႔ရလိုက္တယ္။ အခုခ်က္ခ်င္းေျမေၾကာရႈံ႕ၿပီး ေတာင္ဘက္အရပ္တည့္တည့္ကိုသြား..ျမင္းမႏိုင္ေက်း႐ြာဆိုတာ​ေတြ႕လိမ့္မယ္..။ အဲဒီမွာလူေတြဒုကၡေရာက္ေနၿပီ။”
“ဟုတ္ကဲ့ပါဆရာ။”
ေစာသႏွင့္ခြန္းသက လြယ္အိတ္ထဲကေန ဘီလူး႐ုပ္ကေလးကိုယ္စီထုတ္ကာ သခ်ႋဳင္းအတြင္းကထြက္သြားၾက၏။ သခ်ႋဳင္းအျပင္သို႔ေျခဆယ္လွမ္းသာ လွမ္းရေသးေသာ္လည္း သခ်ႋဳင္းႏွင့္အေတာ္ကြာေဝးသည့္ေနရာကို ေရာက္ရွိေနၿပီျဖစ္၏။
( ကြၽန္ေတာ္ေလ့လာမိသေလာက္ ေျမေၾကာရႈံ႕ေသာပညာက ဘီလူးအတတ္ဟူ၍ ေလ့လာမိေသာေၾကာင့္ ဘီလူးအ႐ုပ္မ်ားထုတ္၍ အကူညီေတာင္းခံကာ သြားရျခင္းျဖစ္ေပသည္။
စာေရးသူ။)
သူရက တျဖည္းျဖည္း ေတာင္ေအာက္က်ဆင္းေနေသာ ေနမင္းႀကီးကိုေမွ်ာ္ၾကည့္လိုက္သည္။ ထို႔ေနာက္ ဇရပ္ေပၚသို႔ျပန္တက္ကာ လြယ္အိတ္ထဲကေန အင္းတစ္ခ်ပ္ကိုထုတ္၍ ဥဳံခံကာ ဂါထာတစ္ပုဒ္႐ြတ္ဖတ္ေန၏။ သူရ၏ဂါထာအဆုံး၌ အင္းခ်ပ္ထဲကေန ေ႐ႊေရာင္အျပာေရာင္ေရာေထြးေနေသာ ပညာစက္မ်ားထြက္ေပၚလာကာ ထခုန္ေလ၏။ သူရကပါးခ်ိဳင့္အေသးကေလးမ်ားေပၚသည္အထိ ၿပဳံးရယ္လိုက္ကာ အင္းခ်ပ္ေလးကိုလက္ႏွစ္ဖက္ႏွင့္အုပ္လိုက္၏။ ထို႔ေနာက္လြယ္အိတ္အတြင္းကိုထည့္ထားလိုက္ေလသည္။
ထိုစဥ္ေကာင္းကင္၌ မိုးတိမ္မိုးသားမ်ား ႐ုတ္ခ်ည္းဆိုသလိုတက္လာၾကကာ လွ်ပ္စီးမ်ားတျဖတ္ျဖတ္လတ္လာခဲ့သည္။ ဤကဲ့သို႔ လွ်ပ္စီးမ်ားလတ္ေနခ်ိန္၌ လွ်ပ္စီးေၾကာင္းတစ္ခုက သူရထိုင္ေနေသာဇရပ္ကိုလာမွန္ေလသည္။ သို႔ေသာ္ အကာရံတစ္ခုေပၚထြက္လာကာ ဒုန္းခနဲျမည္သြားခဲ့ေလ၏။ သူရက အေျခအေနကို ရိပ္စားမိသည့္အလား လြယ္အိတ္ကိုပခုံး၌ခ်ိတ္၍ ဇရပ္ေထာင့္နားကို ထလာခဲ့သည္။ ထိုစဥ္ ေကာင္းကင္ကေနလည္း လူတစ္ဦးကဆင္းလာခဲ့၏။
ထိုသူ၏ပုံသည္ ဆံပင္မ်ားခတ္တိုတိုရွိကာ လူႀကီးတစ္ေယာက္အ႐ြယ္ျဖစ္၏။ ႏႈတ္ခမ္းေမႊးခတ္က်ဲက်ဲႏွင့္ က်န္းမာေသာကိုယ္ခႏၶာရွိေပသည္။ ထူးျခားေသာအရာက သူ၏မ်က္လုံးမ်ားပင္။ အေရာင္ေတာက္၍ မ်က္လုံးထဲ၌ လွ်ပ္စီးေၾကာင္းမ်ား တစ္ခါတရံျဖစ္ေပၚသည့္အလား မွတ္ထင္မိေပ၏။ သူသည္ သူရကိုစူးရွစြာစိုက္ၾကည့္ကာ ခါးကိုေထာက္၍ ေဒါသပါေသာအသံႏွင့္…
“ေတာက္(စ္).. လူကိုၾကည့္ေတာ့ ေခြးသာသာ… ငါ့ကိုေၾကာက္လို႔ေတာင္ စည္းသုံးတန္တားထားရတဲ့ေကာင္က ငါ့တပည့္မယားသုံးေယာက္ပညာကို ႏႈတ္ယူၿပီး ပညာမသင္ႏိုင္ေအာင္လုပ္ခဲ့တယ္ဆို… ငါ့မယားေတြကို အႏိုင္ပိုင္းၿပီး ငါ့ကိုစိန္ေခၚတဲ့ႏွစ္ေကာင္ဘယ္မွာလဲေဟ့ေကာင္ အခုထုတ္လိုက္စမ္း။”
“ေဒါသကိုေလွ်ာ့ပါ… သင့္ရဲ႕တပည့္သုံးေယာက္ကို ဆုံးမလိုက္တာ ကြၽႏ္ုပ္တပည့္ႏွစ္ေယာက္ပါ..
အခုသူတို႔မရွိပါဘူး။ တျခားတစ္ေနရာကို ကြၽႏ္ုပ္တာဝန္ေပးလိုက္လို႔ပါ။”
”ဘာလဲ ငါ့ကိုေၾကာက္လို႔ေျပးတာလား… ဟားဟားဟား မင္းတို႔ေကာင္ေတြက်ားကိုေၾကာက္ရင္ အေစာကတည္းက က်ားအျမႇီးကိုတက္မနင္းမိေအာင္ ေရွာင္ရမွာေပါ့ကြ။ ေအးအခု မင္းတို႔ကက်ားျမႇီးကိုနင္းၿပီးသြားၿပီ က်ားကိုက္ခံရဖို႔သာျပင္ထား… ေျပာစမ္းေကာင္ေလး မင္းဘယ္လိုေသခ်င္လဲ။”
“ကေဝထိပ္ေခါင္ဘြဲ႕ကိုရၿပီးကတည္းက ပညာမာန္တက္ၿပီး ငါတစ္လုံးမာနစြဲကပ္ေနပါ့လား ဦးမင္းေမာင္။”
“ဟက္ဟက္ဟက္… မင္းကဘယ္ဆိုးလို႔လည္း… ငါ့နာမည္အရင္းကိုေတာင္သိတာပဲ။ ဒီနယ္မွာငါ့ကိုကေဝထိပ္ေခါင္ႀကီးလို႔ပဲသိၾကတာ။ ေအးဒါေပမဲ့… ငါ့နာမည္အရင္းကိုသိတဲ့သူတိုင္းဟာ အသက္ခ်မ္းသာခြင့္မရဘူး။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ေသတာကိုေတာ့ ငါစိတ္မေကာင္းပါဘူးကြယ္။”
“သိပ္ကိုလည္း ပညာဂုဏ္ေမာက္မေနပါနဲ႔ဦးမင္းေမာင္ ခင္ဗ်ားကိုဆုံးမဖို႔ က်ဳပ္ကိုယ္တိုင္လာခဲ့တာပဲ။ အခုက်ဳပ္တားထားတဲ့သည္းသုံးတန္ကို ျဖတ္ႏိုင္ေအာင္ျဖတ္… ၿပီးမွက်ဳပ္နဲ႔တိုက္ေပါ့။”
“မင္းလည္း ငါ့လိုကိုယ့္ကိုယ္ကိုယ္အဟုတ္ႀကီးထင္ေနတာပဲေလ… မင္းတားတဲ့စည္းသုံးတန္ေလာက္ကေတာ့ ဒီမွာၾကည့္လိုက္စမ္း။”
ဦးမင္းေမာင္က သူ၏လက္ကိုမိုးေပၚေျမႇာက္ကာ တစ္ခုခုကိုဆြဲယူသည့္အလား လုပ္လိုက္ခ်ိန္၌ ေကာင္းကင္ကလွ်ပ္စီးေၾကာင္းတစ္ခုက သူရဆီကို တည့္တည့္ဝင္လာ၏။ သို႔ေသာ္ အကာရံတစ္ခုေပၚလာကာ ထိုအကာရံကိုထိမွန္သြားခဲ့သည္။ ပထမလွ်ပ္စီးေၾကာင္းထက္ ဒုတိယႀကိမ္လာထိမွန္ေသာလွ်ပ္စီးေၾကာင္းက ပိုမိုအားျပင္းေသာေၾကာင့္ အကာရံသည္ ခြမ္းခနဲျမည္၍ ကြဲထြက္သြားခဲ့သည္။ သူရ၏ပထမစည္း ပ်က္သြားခဲ့၏။
ထိုအရာကိုျမင္ေသာ ဦးမင္းေမာင္က ခတ္မဲ့မဲ့ေလးၿပဳံးကာ ဒုတိယစည္းကို ထက္မံတိုက္ေတာ့မည့္အခ်ိန္၌ ဒုတိယစည္းကေန အေစာင့္ေလးဦးေပၚထြက္လာကာ ဦးမင္းေမာင္ကိုတိုက္ခိုက္ဖို႔ျပင္ၾကေလ၏။ ဦးမင္းေမာင္က အနည္းငယ္မွ် တုန္လႈပ္ျခင္းမရွိပဲ သူ႔ထံေျပးဝင္လာေသာ ပထမတစ္ေယာက္ကို ပညာစက္ႏွင့္ပစ္လႊတ္လိုက္၏။ ထို႔ေနာက္ ဖေနာင့္ေပါက္လိုက္ကာ သူ၏လက္ကိုျဖန္႔၍ တစ္စုံတရာကိုဆြဲထုတ္သလိုမ်ိဳး လုပ္ခ်ိန္၌ ေျမႀကီးထဲကေန ျမင္းနက္ႀကီးမ်ားကိုစီး၍ လွံတစ္ေခ်ာင္းကိုကိုင္ေဆာင္ထားၾကေသာ ေငြေရာင္စစ္သည္ခ်ပ္ဝတ္တန္ဆာမ်ားႏွင့္ မေကာင္းဆိုးဝါးသုံးေယာက္ထြက္လာေလ၏။
ထိုမေကာင္းဆိုးသုံးေယာက္က ျမင္းခြာကိုေပါက္၍ အေစာင့္သုံးဦးထံကို ျမင္းဒုန္းဆိုင္းစီးကာ ေျပးဝင္တိုက္ခိုက္ၾက၏။ အေစာင့္သုံးဦးကအစပထမ၌ ခုခံေရွာင္တိမ္းႏိုင္ေသာ္လည္း မေကာင္းဆိုးဝါးသုံးေယာက္ကို မယွဥ္ႏိုင္ပဲရွိကာ ရႈံးနိမ့္သြားခဲ့ေလသည္။ အေစာင့္သုံးဦးေပ်ာက္ကြယ္သြားခ်ိန္၌ မေကာင္းဆိုးဝါးသုံးေယာက္က တညီတညာတည္းရပ္လိုက္ၾကကာ ျမင္းကိုဒုန္းဆိုင္းစီး၍ ျမင္း၏ဦးေခါင္း၊ သူတို႔၏လွံမ်ားျဖင့္ သူရ၏ဒုတိယစည္းအကာရံကို ဖ်က္စီးၾကသည္။ ဤကဲ့သို႔သုံးႀကိမ္သုံးခါျပဳလုပ္လိုက္ေသာအခါ သူရ၏ဒုတိယစည္းထက္မံက်ိဳးသြားခဲ့၏။
ေနာက္ဆုံးက်န္ေသာပထမစည္းအနားကို မေကာင္းဆိုးဝါးသုံးေယာက္က ဖ်က္ဆီးဖို႔လုပ္လိုက္ခ်ိန္၌ ပထမစည္းကိုေစာင့္ေသာ ဘီလူးစစ္သည္ေတာ္ငါးဦး သန္လ်က္ကိုကိုင္၍ ေပၚထြက္လာခဲ့ၾကသည္။ မေကာင္းဆိုးဝါးသုံးေယာက္က ထက္မံ၍ သူတို႔ကအရင္ဦးစြာတိုက္ၾကေလသည္။ သို႔ေသာ္ အေစာင့္ဘီလူးငါးဦးက ျမင္း၏ဦးေခါင္းကိုထိုးခ်ၿပီး သန္လ်က္ႏွင့္ဝင္ခုတ္ၾက၏။ ျမင္းေပၚက မေကာင္းဆိုးဝါးဆီကိုလည္းခုန္ဝင္ကာ သန္လ်က္ႏွင့္ေခါင္းျဖတ္ျပစ္ၾက၏။ ေနာက္ဆုံး၌ မေကာင္းဆိုးဝါးသုံးေယာက္ႏွင့္ျမင္းမ်ားအခိုးအေငြ႕အျဖစ္ေျပာင္းကာ ေပ်ာက္သြားၾကသည္။
ဦးမင္းေမာင္က အံကိုႀကိတ္ကာ သူလက္ဝါးႏွစ္ဖက္ကိုျဖန္႔ခ်လိုက္ခ်ိန္၌ ဘီလူး႐ုပ္ႏွစ္ခုထြက္ေပၚလာခဲ့သည္။ ထိုဘီလူး႐ုပ္ႏွစ္ခုထဲကေန အရာတစ္ခုက ခုန္ထြက္လာၿပီး ဦးမင္းေမာင္၏အေရွ႕၌ေပၚလာခဲ့ၾက၏။ ထိုအရာမွာ နတ္ဘီလူးညီေနာင္ျဖစ္ေတာ့သည္။ နတ္ဘီလူးညီေနာင္ႏွင့္ အေစာင့္ဘီလူးငါးဦးက တိုက္ခိုက္ၾကကုန္ေတာ့သည္။ အေစာင့္ဘီလူးငါးဦးက ခုန္ဝင္ကာ သန္လ်က္ႏွင့္ဝင္ပိုင္းခ်ိန္၌ ဘီလူးညီေနာင္က ေျမျပင္ကိုဖေနာင့္ေပါက္လိုက္ေသာအခါ ဝုန္းခနဲဆိုသလို အေစာင့္ဘီလူးငါးဦးက အေနာက္လြင့္ထြက္သြားခဲ့ၾကသည္။
အေစာင့္ဘီလူးငါးဦးသည္ ျပန္ထလာၾကကာ ဘီလူးညီေနာင္ကိုဝိုင္းထားလိုက္ၾကသည္။ သို႔ေသာ္ ဘီလူးညီေနာင္က အသံထက္ျမန္ေသာ ေလအဟုန္ႏွင့္ အေစာင့္ဘီလူးငါးဦးကို တိုက္ခိုက္လိုက္ေသာေၾကာင့္ အေစာင့္ဘီလူးငါးဦးက ရပ္ေနေသာေနရာမွာတင္ လဲက်သြားၾကကာ ေပ်ာက္သြားၾကေလ၏။ ဘီလူးညီေနာင္က သူရ၏ပထမစည္းကိုမ်က္ႏွာမူကာ တစ္ခ်က္ခုန္၍ သန္လ်က္ႏွင့္ ခုတ္ပိုင္းလိုက္ၾကသည္။ သူရ၏ပထမစည္းအကာရံက ခြမ္းခနဲဆိုသလို က်ိဳးသြားခဲ့သည္။
ဘီလူးညီေနာင္က သူရကိုစိုက္ၾကည့္ကာ သန္လ်က္ႏွင့္ဝင္ပိုင္းၾက၏။ သို႔ေသာ္သူရ၏ ဦးေခါင္းအထက္က ေခါင္းေပါင္းဆီကေန ေ႐ႊအိုေရာင္အလင္းမ်ားျဖာထြက္လာကာ ဘီလူးညီေနာင္ကိုတြန္းထုတ္ျပစ္ခဲ့သည္။ ဦးမင္းေမာင္က ထိုအရာကိုျမင္ေသာအခါ အနည္းငယ္မ်က္ႏွာပ်က္သြားခဲ့၏။ သူရကေတာ့ ႏႈတ္ခမ္းလႈပ္႐ုံမွ်သာ ၿပဳံး၍ သူ၏လြယ္အိတ္ထဲကေန အင္းတစ္ခ်ပ္ကိုထုတ္ကာ ေလေပၚကိုပစ္တင္လိုက္၏။
အင္းခ်ပ္ထဲကေန ေ႐ႊအိုေရာင္အလင္းတန္းႏွင့္အျပာေရာင္အလင္းတန္းမ်ားျဖာထြက္လာကာ လူႏွစ္ေယာက္ေပၚလာခဲ့သည္။ တစ္​ေယာက္ခႏၶာကိုယ္၌ ေ႐ႊအိုေရာင္အလင္းတန္းမ်ားက အသားထဲမွာေတာက္ေလာက္ေနတာ ျမင္ေနရ၏။ က်န္တစ္ေယာက္ကလည္း ဆံပင္ႏွင့္လက္ဖဝါးႏွစ္ဖက္လုံး၌ အျပာေရာင္မီးမ်ားေတာက္ေလာင္ေနသည္။
“ငါ၏သက္ေတာ္ေစာင့္ေသာ အကၠနဲ႔ဗိႏၷသ သင္တို႔၏ေရွ႕ကနတ္ဘီလူးညီေနာင္ကိုဆုံးမေစ။”
”အမိန္႔ေတာ္ျမတ္တိုင္းပါ။”
အကၠႏွင့္ဗိႏၷသဆိုသူတို႔က တညီတညာတည္းသူရကိုျပန္ေျဖလိုက္ျခင္းျဖစ္၏။ အကၠဆိုသူက အျပာေရာင္မီးမ်ားႏွင့္သူျဖစ္သည္။ အကၠသည္ သူ၏လက္ႏွစ္ဖက္ကို ၾကက္ေျခခတ္ပုံစံျပဳလုပ္ၿပီး လက္ျပန္ဆန္႔ကာ အျပာေရာင္မီးလုံးမ်ားျဖင့္ နတ္ဘီလူးညီေနာင္ထံပစ္လႊတ္လိုက္၏။ နတ္ဘီလူးညီေနာင္က သန္လ်က္ထဲကေန အစိမ္းေရာင္ပညာစက္မ်ားထုတ္ကာ ကာထားခဲ့သည္။
ထို႔ေနာက္ဗိႏၷသက သူ၏လက္ကိုခါထုတ္လိုက္ခ်ိန္၌ ေ႐ႊအို​ေရာင္ေတာက္ေနသည့္ ဓားႏွစ္လက္ထြက္ေပၚလာကာ နတ္ဘီလူးညီေနာင္ထံကို ဝင္ေရာက္တိုက္ခိုက္ေလ၏။ နတ္ဘီလူးညီေနာင္က ဓားခ်က္မ်ားကိုသတိႀကီးႀကီးထားကာ ေရွာင္ေနေသာၾကားက ညီ​ေတာ္နတ္ဘီလူးကိုရွပ္ထိသြား၏။ ရွပ္ထိသြားေသာ ဓားဒဏ္ရာကေန ေ႐ႊအိုေရာင္ႀကိဳးအမွ်င္တန္းမ်ားက အသားထဲကေနထြက္ေပၚလာကာ ထိုနတ္ဘီလူးကိုေခါင္းအစေျခအဆုံးခ်ဳပ္ေႏွာင္ျပစ္လိုက္သည္။
နတ္ဘီလူး၏ နာက်င္စြာေအာ္ဟစ္သံက သစ္ပင္ေပၚ၌အိပ္တန္းဝင္ေသာ က်ီးကန္းမ်ားထပ်ံသန္းသြားခဲ့ၾကသည္။ နတ္ဘီလူးထဲက အစ္ကိုေတာ္ျဖစ္သူသည္ ေျခစုံရပ္လိုက္ကာ သူ၏သန္လ်က္ထဲကေန အစိမ္းေရာင္ပညာစက္ကိုထုတ္၍ ဗိႏၷသကိုပစ္လိုက္၏။ ဗိႏၷသထံကိုဘီလူး၏ပညာစက္မေရာက္ခင္ အကၠက သူ၏အျပာေရာင္မီးေတာက္ႏွင့္ ထိုပညာစက္ကို ပစ္လႊတ္လိုက္ေသာေၾကာင့္ ဝုန္းခနဲျမည္ကာ မီးေတာက္ႀကီးထေတာက္သြားသည္။
ဘီလူးသည္ သူ၏သန္လ်က္ကို ေျမႇာက္၍ ေျခလွမ္းႂကြခ်ိန္မွာတင္ အကၠ၏အေနာက္ကိုေရာက္ရွိသြားကာ သန္လ်က္ႏွင့္ခုတ္ေတာ့မည့္စဲစဲ ဗိႏၷသက သူ၏ဓားကိုဘီလူးထံပစ္လႊတ္လိုက္၏။ ဘီလူးက ဓားကိုျမင္သြားကာတစ္ပတ္လွည့္ေရွာင္လိုက္ေသာ္လည္း ေနာက္ေက်ာကိုရွပ္ထိသြားကာ ညီေတာ္နတ္ဘီလူးကဲ့သို႔ အခ်ဳပ္ေႏွာင္ခံလိုက္ရသည္။
အကၠႏွင့္ဗိႏၷသက သူရကိုဂါရဝျပဳကာ အင္းခ်ပ္ကေလးထဲကို အလင္းတန္းမ်ားျဖစ္ ျပန္ဝင္ေရာက္သြားၾက၏။ အင္းခ်ပ္ေလးက ေလေပၚ၌ပ်ံဝဲကာသူရလက္ထဲကိုေရာက္ရွိလာခဲ့သည္။ သူရကအင္းကိုလြယ္အိတ္ထဲ ျပန္ထည့္ေနခ်ိန္ အလြန္အားျပင္းေသာ လိေမၼာ္ေရာင္ပညာစက္က သူရထံကိုအရွိန္ႏွင့္ေျပးဝင္လာ၏။ သို႔ေသာ္ေ႐ႊအိုေရာင္အကာရံတစ္ခုေပၚလာကာ အကာရံကိုသာထိမွန္သြား၏။
သူရက ဇရပ္ေပၚကေနဆင္းကာ ဦးမင္းေမာင္ေရွ႕၌ရပ္လိုက္၏။ ဦးမင္းေမာင္ကေတာ့သူရကိုစားမတတ္ဝါးမတတ္မ်က္လုံးမ်ားႏွင့္ စိုက္ၾကည့္ကာ သူ၏လက္ႏွစ္ဖက္ကိုလွည့္၍ အနီေရာင္ပညာစက္ထဲမွာ လွ်ပ္စစ္စီးေနေသာ ပညာစက္ႏွင့္ သူရထံကိုပစ္လိုက္၏။ သူရက ညာလက္ႏွင့္ထိုပညာစက္ကို႐ိုက္ထုတ္ျပစ္ခဲ့သည္။ ဦးမင္းေမာင္သည္ ေဒါသအဟုန္ႀကီးထြားလာကာ ေကာင္းကင္ေပၚကို တျဖည္းျဖည္းေျမႇာက္တက္သြားၿပီး လွ်ပ္စီးေၾကာင္းမ်ားႏွင့္ သူရကိုအဆက္မျပတ္ပစ္ခတ္ေတာ့၏။
သူရက ေခါင္းေပါင္းပုဝါကိုေလေပၚ၌ ပစ္တင္​ၿပီး လက္ႏွစ္ဖက္ႏွင့္ စက္ဝိုင္းပုံစံလွည့္လိုက္ခ်ိန္ ပုဝါထဲကေန အျပာေရာင္ပညာစက္မ်ားထြက္လာကာ ထိုလွ်ပ္စီးေၾကာင္းမ်ားကို ျဖတ္ထုတ္ျပစ္ခဲ့သည္။ ဦးမင္းေမာင္က သူတိုက္ခိုက္တာမေအာင္ျမင္တာကိုသိေသာေၾကာင့္ ေျမေပၚကိုျပန္ဆင္းလာကာ သူ၏ပါးစပ္အတြင္းကေန အနက္ေရာင္မီးမ်ားေတာက္ေနေသာ ပညာစက္ကိုထုတ္၍ သူ၏ညာလက္ဆီမွ အနီေရာင္ပညာစက္၊ ဘယ္လက္ဆီက အစိမ္းေရာင္ပညာစက္၊ မ်က္လုံးထဲကေနလိေမၼာ္ေရာင္ပညာစက္ကိုထုတ္ကာ ပညာစက္မ်ားကိုအကုန္ေပါင္း၍ သူရထံကိုပစ္လႊတ္လိုက္၏။
သူရကလက္ကိုေဝွ႔ရမ္းလိုက္ေသာအခါ သူ၏ေခါင္းေပါင္းပုဝါထဲကေန အရံအတားႀကီးတစ္ခုေပၚလာကာ ကာေပးထား၏။ သူရသည္ ေလေပၚ၌ ကေဝစက္ဖ်က္အင္းေတာ္ႀကီးႏွင့္ အခ်ဳပ္အင္းႀကီးကို တစ္ခါတည္းေရးဆြဲလိုက္ၿပီး ဦးမင္းေမာင္၏ပညာစက္မ်ားထံပစ္လႊတ္လိုက္၏။ ဦးမင္းေမာင္၏ပညာစက္မ်ားက အလင္းကိုအေမွာင္ခ်သကဲ့သို႔ ျဖတ္ခနဲေပ်ာက္သြား၏။ ဦးမင္းေမာင္က အံ့ၾသစြာရပ္ၾကည့္ေနစဥ္ သူ၏ခႏၶာကိုယ္ကလႈပ္၍မရေတာ့ပဲ ရင္ဘက္ကေနေအာင့္တက္လာကာ ေသြးမဲမ်ားအန္ခ်ေတာ့သည္။
“မ…မျဖစ္ႏိုင္တာ… မင္းဘာလို႔ဒီေလာက္စြမ္းရတာလဲ။”
“အလင္းနဲ႔အ​ေမွာင္မွာ အလင္းကသာ အၿမဲႏိုင္တာပါပဲဦးမင္းေမာင္၊ အေမွာင္ျခမ္းကႏိုင္ခဲ့ရင္ေတာင္ ခဏတာအတြက္ပဲေနမွာပါ။ သင့္ရဲ႕အကုသိုလ္ကံေတြကို ငရဲမွာသြားဆပ္ေပအုံးေတာ့ဦးမင္းေမာင္။”
သူရထိုသို႔ေျပာၿပီး သူ၏လြယ္အိတ္ထဲကေန ပညာဖ်က္အင္းကိုထုတ္ကာ ဦးမင္း​ေမာင္ ေခါင္းေပၚကိုတင္၍ မႏၲာန္႐ြတ္လိုက္၏။ မႏၲာန္အဆုံး၌ ဦးမင္းေမာင္က အနက္ေရာင္ကေဝပညာဗူးကိုအန္ခ်ကာ အသက္ထြက္သြားခဲ့သည္။ သူရကေက်ာေပး၍ထြက္ခြာသြားခ်ိန္၌ ငရဲမီးေတာက္က ဦးမင္းေမာင္၏ခႏၶာကိုယ္ကို ဝါးၿမိဳသြားခဲ့သည္။ သူရက နတ္ဘီလူးညီေနာင္ေရွ႕၌ရပ္လိုက္ကာ…
“အသင္တို႔ဟာ တန္ခိုးႀကီးတယ္ဆိုၿပီး ကိုယ့္ထက့္ဆင့္နိမ့္တဲ့သူေတြကို အႏိုင္က်င့္တယ္။ မေကာင္းတဲ့အကုသိုလ္အလုပ္ေတြကို သိသိရက္နဲ႔မေရွာင္က်ဥ္ပဲလုပ္ခဲ့တယ္။ အာဠာဝကဘီလူးမင္းက သင္တို႔ကို သက္ညႇာေသာအားျဖင့္ တန္ခိုးေတြကိုမသိမ္းယူပဲ ပစ္ဒဏ္ေပးတာေတာင္ အခုထိဆိုးသြမ္းေနၾကတုန္းပဲ။ ဒါေၾကာင့္ သင္တို႔ကိုကုေဝရနတ္မင္းႀကီးထံ ကြၽႏ္ုပ္ကိုယ္တိုင္အပ္ႏွင္းရလိမ့္မယ္။”
သူရက မ်က္လုံးကိုမွိတ္၍ တစ္စုံတစ္ခုတီးတိုး႐ြတ္လိုက္ခ်ိန္ ေကာင္းကင္အထက္ဆီမွ နတ္ဘီလူးစည္သည္ေတာ္မ်ားေပၚလာခဲ့သည္။ ထိုနတ္ဘီလူးစစ္သည္မ်ားက နတ္ဘီလူးညီေနာင္ကို ေခါင္ေဆာင္သြားခဲ့ေလ၏။ သူရသည္ သခ်ႋဳင္းအျပင္ကိုထြက္လာကာ ေစာသႏွင့္ခြန္းသအေနာက္ကို လိုက္လာခဲ့ေလသည္။ သူရေရာက္ရွိသြားခ်ိန္၌ ေစာသႏွင့္ခြန္းသက ငရဲသားသုံးဦးကို ငရဲကိုျပန္ပို႔ၿပီးၿပီျဖစ္သည္။ သူရက သူ၏တပည့္ႏွစ္ဦးကိုေခၚေဆာင္ကာ မဟာဂႏၶာရီခရီးျပန္စတင္ခဲ့ေလသတည္း။
~~~~~
ၿပီးပါၿပီ။
သူရရဲ႕ မဟာဂႏၶာရီခရီးမွာ ဘယ္လိုအခက္ခဲမ်ိဳးေတြ၊ ဘယ္လိုပညာသည္ေတြနဲ႔ ဘယ္သူေတြကိုဆုံးမရအုံးမလဲဆိုတာကိုေတာ့ ေနာက္စာမူေတြကို ေစာင့္ေမွ်ာ္အားေပးၾကပါအုံးဗ်။ စာဖတ္သူမ်ားအေနႏွင့္ ေဝဖန္အႀကံျပဳေပးႏိုင္ပါသည္။
(ဆက္လက္ႀကိဳးစားပါဦးမည္။)
စာေရးသူ၊ စာဖတ္သူမ်ားအား
အစဥ္ထာဝရ၊ ခ်စ္ခင္ေလးစားလွ်က္
#မိုးထြန္း(မေကြး)