နတ်နဂါးအင်း

နတ်နဂါးအင်း (စ/ဆုံး)

————————————-

ဘိုးရာစီက ဘန့်ဘွေးကုန်းကဗျ။

ကျုပ်သူငယ်ချင်း သိန်းဇော်တို့နဲ့တောင်သားချင်းတော်တယ်။

ဘိုးရာစီ ဆယ့်ငါးနှစ်သားလောက်ကရိုးမထဲမှာ မြွေလာဖမ်းတဲ့

အလမ္မာယ်ဆရာတစ်ယောက်နဲ့တွေ့ပြီးတစ်ခါတည်း လိုက်သွားလိုက်တာ အသက်သုံးဆယ်မှရွာပြန်ရောက်လာတာဆိုပဲ။

 

ပြန်ရောက်လာပေမယ့် ခဏပဲတဲ့ဗျ။သူအမေကို သူရှာလို့

ရထားတဲ့ငွေတွေ လာပေးတာတဲ့။ငွေမှ မနည်းဘူးတဲ့ဗျို့။

တစ်သောင်းကျော် နှစ်သောင်းနီးပါးတဲ့ဗျ။

ဒီတုန်းက ငွေနှစ်သောင်းဆိုတာ နည်းတဲ့တန်ဖိုးမှ မဟုတ်တာ။

 

ဘိုးရာစီရဲ့ အမေက ရွာမှာ တိုက်တွေဘာတွေ ဆောက်ပစ်ပြီး

ယာတွေမှ ဝယ်ထားလိုက်တာ လက်ညှိုးထိုးမလွဲဘဲတဲ့ဗျို့။

 

ဘိုးရာစီ မြွေနိုင်ချက်တော့ဗျာ။ လမ်းမှာ သွားရင်းတွေ့တဲ့

မြွေတိုင်း ခေါင်းကို မြေကြီးမှာချပြီး အရိုအသေပေးကြတာတဲ့ဗျို့။

 

ဘိုးရာစီကတော့ ရွာမှာ ခဏပဲနေပြီး ပြန်သွားတာတဲ့ဗျ။

မြန်မာပြည်အနှံ့ လှည့်ပတ်ပြီး မြွေအလိမ္မာယ်ပြနေတာတဲ့ဗျာ။

ဘုရားပွဲကြီးတွေမှာဆိုရင် ဘိုးရာစီက ရုံသွင်းပြီးတော့ကို

ပြတာဆိုပဲ။ ဆိုင်းဝိုင်းနဲ့ တီးပြီး မြွေတွေနဲ့ သူနဲ့ ကပြတာဆိုပဲဗျာ။

 

ဘိုးရာစီက အသက်ခြောက်ဆယ်ပြည့်တော့

အလမ္မာယ်ဆရာအလုပ်ကို အပြီးတိုင် စွန့်လွှတ်ပြီး

ရွာမှာ ပြန်နေတာဗျ။ဘိုးရာစီက အိမ်ထောင်မရှိတဲ့

လူပျိုကြီးဆိုတော့ တူတွေ တူမတွေက သူ့ကိုစောင့်ရှောက်ကြတယ်။

 

ဘိုးရာစီ ဆောက်ပေးထားတဲ့ တိုက်မှာ နေကြပြီး

ဘိုးရာစီ ဝယ်ပေးထားတဲ့ ယာတွေမှာ လုပ်ကိုင်စားကြတာလေဗျာ။

ဘိုးရာစီကို သူတို့စောင့်ရှောက်ကြတာပေါ့။

 

ဘိုးရာစီက ဘန့်ဘွေးကုန်းမှာ ဘုန်းကြီးကျောင်း

ဆောက်လှူတယ်။ဥပုသ်နေ့တိုင်း ဥပုသ်စောင့်တယ်။

ဘယ်တော့မှ အသားမစားဘူး။သက်သက်လွတ်ပဲစားတယ်။

ဘိုးရာစီ အလွတ်နေတယ်လို့ ကျုပ်တော့ တစ်ခါမှ မမြင်ဖူးဘူး။

 

လက်ထဲမှာ ပုတီးတစ်ကုံးကိုင်ပြီး အမြဲစိတ်နေတဲ့

အဘိုးကြီးဗျ။ပိုးထိလို့ကတော့ ဘိုးရာစီကိုသာ

ပြေးပင့်ပေတော့ဗျာ။အသက်သာ မှီပစေ။ဘယ်တော့မှ

မသေစေရဘူးဗျ။

 

ကိုက်တဲ့မြွေကို ချက်ချင်း

အမိန့်ပြန်ပြီး ခေါ်လိုက်တာဗျ။ ရောက်လာတဲ့ မြွေကို …

 

“နင်အဆိပ် နင်ပြန်စုပ်”

 

ဆိုပြီး အမိန့်ပေးလိုက်တာနဲ့ ကိုက်တဲ့ မြွေက ချက်ချင်းကို

အဆိပ်စုပ်ပေးရတာဗျ။သူကိုက်ထားတဲ့ အစွယ်ရာကနေပြီး

အဆိပ်တွေကို စုပ်ပေးတာ။

 

အောက်က ငှက်ပျောဖက်တော့

ခံပေးထားရတယ်။အဆိပ်မည်းမည်းကြီးတွေက

ငှက်ပျောဖက်ပေါ်ကို စီးကျလာတော့တာပဲဗျာ။

အဆိပ်ကုန်ပြီဆိုရင် နောက်က သွေးလိုက်လာတယ်။

 

“နင်အဆိပ် ကျန်သေးလား။ကုန်အောင်စုပ်။

ကုန်ရင် သွားတော့”

 

လို့ အမိန့်ပေးတော့မှ လူကို ကိုက်တဲ့မြွေက

အိမ်ပေါ်ကနေ လျှောကနဲ ဆင်းသွားတာဗျို့။

အဆိပ်တက်နေတဲ့ လူလည်း သတိရလာပြီး

အကောင်းပကတိဖြစ်တော့တာ။မြွေက အဆိပ်ကို

စုတ်ချလိုက်တာနဲ့ အဆိပ်ပြန့်ပြီး ပြာနှမ်းနေတဲ့

အသားအရောင်ကနေ တဖြည်းဖြည်း သွေးရောင်

သမ်းလာပြီး နောက်ဆုံးတော့ သတိပြန်ရလာတော့တာပဲဗျ။

 

ကျုပ်တို့ရွာမှာ ကထိန်တို့ ဘုရားပွဲတို့ရှိမှ

ဘိုးရာစီ လာတာဗျ။တော်ရုံတန်ရုံ

အလှူအတန်းလောက်ဆိုရင်

မလာဘူးဗျ။ဘန့်ဘွေးကုန်းက သူဆောက်ပြီး

လှူထားတဲ့ ကျောင်းထဲမှာပဲ ပုတီးစိပ်နေတော့တာ။

သူ့လှူတဲ့ အုတ်ကျောင်းအဝင်ပေါက်မှာ

သူ့အလှူကို ကမ္ပည်းထိုးထားတာ။

 

“မြွေအလမ္ပာယ်ဆရာ မောင်ရာစီ ကောင်းမှု” တဲ့ဗျို့။

 

ကထိန်ဘုရားပွဲကို ဘိုးရာစီ လာပြီဆိုလို့ကတော့

ကျုပ်တို့လူငယ်တွေဆိုတာ ဘိုးရာစီနားမှာ

ဝိုင်းပြီး ဘိုးရာစီ ပြောပြတဲ့ မြွေတွေ အကြောင်းကို

တအံ့တသြ နားထောင်ကြရတာပေါ့ဗျာ။

 

အဲဒီအထဲမှာ အင်မတန်မှ စပ်စုတဲ့ တာတေဆိုတဲ့

ကျုပ်က ဘိုးရာစီရဲ့ ရှေ့တည့်တည့်ကပေါ့ဗျာ။

ပြောရဦးမယ်ဗျို့။တစ်ခါတုန်းက ကျုပ်တို့ဝိုင်းထဲကို

နဂါးဝင်လာတာကိုလည်း ဘိုးရာစီပဲ လာပြီးဖမ်းပေးတာဗျ။

 

အဲဒီနဂါးကို ရိုးမတောထဲအရောက် ဘိုးရာစီ

လွှတ်ပေးတာဗျို့။(အဲဒီအကြောင်းကို ဖတ်ချင်ရင်တော့

တစ္ဆေမျက်လုံးမဂ္ဂဇင်း ။ အမှတ် – ၃ မှာ ရှာပြီး

ဖတ်ကြည့်ဗျာ။ကျုပ်ရေးထားပါတယ်)

 

ဘိုးရာစီပြောပြတဲ့ မြွေတွေအကြောင်းက

တော်တော်ကို စိတ်ဝင်စားဖို့ ကောင်းတာဗျ။

 

“မြွေဆိုတာ တော်တော်ထူးဆန်းတဲ့ သတ္တဝါကွ။

မောင်တာတေရဲ့။တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့နေတဲ့

မြွေအမျိုးအစားတွေ တော်တော်များတာကွ။

ဒါပေမဲ့ ထူးခြားတာက ဒေသတစ်ခုမှာရှိတဲ့

မြွေတွေဟာ တစ်ကောင်နဲ့တစ်ကောင်

စိတ်ချင်းဆက်သွယ်နိုင်တယ်ကွ”

 

“ဘိုးရာစီတို့ မြွေတွေဖမ်းရင်း ဘယ်လိုများ

လိုက်ရှာတာတုံးဗျ”

 

ကျုပ်ကလည်း လွှတ်စပ်စုတဲ့ကောင်လေဗျာ။

ကျုပ်က နှိုက်နှိုက်ချွတ်ချွတ်တွေမေး။ဘိုးရာစီက

စိတ်ရှည်လက်ရှည်နဲ့ဖြေ။ကျန်တဲ့ကောင်တွေက

မေးစေ့ကို လက်ထောင်ပြီး နားထောင်ကြပေါ့ဗျာ။

 

“ဒါကတော့ အလမ္ပာယ်ဆရာရဲ့

ပညာအဆင့်အတန်းပေါ်မှာမူတည်တာပေါ့ကွာ။တော်တော်များများကတော့တောထဲ တောင်ထဲတွေမှာ လိုက်ရှာကြရတာပေါ့ကွာ

ဘိုးကတော့ အဲဒီလို လိုက်ရှာစရာ မလိုပါဘူး။

 

ဘိုးရဲ့ဆရာက အင်မတန် ပညာမြင့်တာကွ။

သူ မသေခင်မှာ သူ့ပညာတွေ ဘိုးကို အားလုံးပေးခဲ့တော့

ဘိုးက သူမြွေရှာသလိုပဲ ရှာတာပေါ့ကွာ”

 

“ဟင်…ဘိုးက ဘယ်လိုရှာတာတုံးဗျ”

 

“တောနယ်ထဲကိုတော့ ဝင်ရတာပေါ့ကွာ။

တပည့်က မြွေပခြုပ်တွေထမ်းပြီး လိုက်ကြတာပေါ့။

တောထဲရောက်တာနဲ့ မန္တန်တွေ မန္တရားတွေ

ရွတ်ဖတ်ပြီး အမိန့်ပြန်လိုက်ရင် တစ်ထွာသာသာရှိတဲ့

မြွေနီလေးတစ်ကောင် ရောက်လာတယ်ကွ။

 

အဲဒီမြွေနီလေးကို အကောင်တိုတိုသေးသေးလေးဆိုပြီး

မထေမဲ့မြင်တော့ မလုပ်နဲ့ဟေ့။အဲဒီအကောင်ပေါက်ရင်

အစွယ်ချွတ်တာနဲ့ အသက်သေရောကွ”

 

“ဟာ အဆိပ်ပြင်းလှချည်လား ဘိုးရဲ့။

အဲဒါ ဘာမြွေတုံးဗျ”

 

“နဂါးလေကွာ။

တောင်နဂါးမျိုးပေါ့။သူက အဲဒီဒေသက

မြွေတွေအားလုံးရဲ့ အချုပ်ပဲ။မြွေအားလုံးကသူ့အမိန့်ကို နာခံကြရတယ်”

 

“အဲဒီ တောင်နဂါးတွေက အနီရောင်ချည်းပဲလား ဘိုးရဲ့”

 

“ဟာ မဟုတ်ဘူး မောင်တာတေရဲ့ အဖြူရောင်

အစိမ်းရောင်တွေလည်း ရှိတယ်။အဖြူရောင်က

အဆင့်အမြင့်ဆုံးကွ”

 

“သြော် ဒီလိုခွဲထားတာလား ဘိုးရဲ့”

 

“အေး ဟုတ်တယ် မောင်တာတေ ။

ဒါကြောင့် ဘိုးပြောတာပေါ့မြွေဆိုတာ စိတ်ဝင်စားစရာ

အကောင်းဆုံးသတ္တဝါပဲလို့”

 

“နေပါဦး ဘိုးရဲ့။စောစောကပြောတဲ့

တောင်နဂါးအနီလေးကို ဘိုးက ဘာလုပ်တာတုံး”

 

“သူကို ဘိုးလိုချင်တယ် မြွေတွေပြောပြရတာပေါ့ကွ။

မြွေဟောက်ကြီး ဘယ်နှကောင် လိုချင်တယ်။

အရှည်က ဘယ်နှပေလောက် ။

 

လုံးပတ်က ဘယ်လောက်

ပြီးတော့ ငန်းမြွေကြီးက ဘယ်နှကောင် လိုချင်တယ်

အရွယ်က ဘယ်လောက်ရှိရမယ်ပေါ့”

 

“ဟာ …ထူးဆန်းလှချည်လား ဘိုးရဲ့။

ဒီတောင်နဂါးက လူစကား နားလည်လို့လားဗျ”

 

“ဟာ …နားလည်ပါပြီလား မောင်တာတေရယ်

တောထဲကို ချက်ချင်းပြန်ဝင်သွားတယ် အေး ပြောရဦးမယ်ကွယ့်

အဲဒီလို မြွေလိုချင်တဲ့အကြောင်း ပြောတဲ့အခါမှာ

တစ်ခါတည်း ထည့်ပြောရတာရှိတယ်။

 

အဲဒါ ကတိပဲဟေ့ ။ အခု ယူသွားမယ့်မြွေတွေကို

နှစ်နှစ်ဖြင့် နှစ်နှစ် သုံးနှစ်ဖြစ် သုံးနှစ်ပေါ့ကွာ

ခိုင်းစားပါ့မယ် ရက်ပြည့်တာနဲ့ ပြန်လွှတ်ပေးမယ်လို့

ကတိပေးပါတယ်”

 

“သြော် …အဲဒီလို ပြောရတာကိုး”

 

“အေး…အဲဒီမြွေနီလေး ပျောက်သွားပြီ တော်တော်လေးကြာရင်

မြွေတွေရောက်လာပြီး ပခြုပ်တွေနားမှာ ခွေနေတော့တာကွ။

အဲဒီမှာ ကိုယ်က ဒီကောင်တွေကို စောစောက မြွေနီလေးကို

ပေးတဲ့ ကတိကို ထပ်ပြောရတယ်။

 

အဲဒီလို ပြောပြီးတာနဲ့ဒီမြွေတွေကို ဘိုးပိုင်သွားတာပဲ။

တစ်ကောင်ချင်းကောက်ပြီးပခြုပ်တွေထဲ ထည့်ရုံပဲကွ။

မြွေဟောက်တွေက ပခြုပ်တစ်လုံးငန်းမြွေတွေက ပခြုပ်တစ်လုံး။

စပါးအုံက တစ်လုံး။ငန်းတော်ကျားက တစ်လုံးပေါ့ကွာ။

အမျိုးအစားလိုက်ခွဲပြီးထည့်ရတာကွ။

 

ပြီးရင်တော့ မန္တန်တွေ ရွတ်ဖတ်ပြီး

ယဉ်ပါးလာအောင် သင်ရတာပေါ့ကွာ။နောက်ဆုံးတော့

ဆိုင်းတီးပေးရင်း သီချင်းဆိုပေးရင် ကတဲ့ကွာအဆင့်

ရောက်လာတော့တာပေါ့ကွာ။ဒီတော့မှ အလမ္ပာယ်ပြစားလို့

ငွေရတာပေါ့ကွာ”

 

ကျုပ်က ဘိုးရာစီ ပြောတာကို နားထောင်နေရင်းနဲ့

တစ်ခုခုကို တွေးမိသွားတယ်ဗျို့။

 

“ဘိုး ကျုပ် မေးပါရစေဗျာ”

 

“မေးလေ မောင်တာတေ ဘာများတုံး”

 

“အဲဒီမြွေတွေကို ရက်စေ့သွားလို့ ပြန်မလွှတ်ရင်

ဘာဖြစ်တုံးဗျ”

 

“အင်း မြွေအလမ္ပာယ်ဆရာ မြွေကိုက်လို့ သေတယ်ဆိုတာ

အဲဒါပဲ မောင်တာတေရဲ့ ။ နတ်နဲ့နဂါး မလှည့်စားနဲ့ဆိုတာ

ဒါကို ပြောတာပဲ။ဒီမြွေတွေကို ကြည်ကြည်ဖြူဖြူနဲ့

ထည့်ပေးလိုက်တဲ့ တောင်နဂါးက အချိန်စေ့ကာနီးရင်

နတ်မိစ္ဆာတစ်ကောင်ကို လွှတ်ပြီး သတိပေးခိုင်းတယ်”

 

“ဟင် ဟုတ်လား ဘိုး”

 

“အေး …ဟုတ်တယ် မောင်တာတေရဲ့ ။

အိပ်မက်ပေးတာပေါ့ကွာ။

ခေါင်းမှာ ရှပ်ပန်းထည်အနီပတ်ပြီး

ဘောင်းစနှစ်ဖက်ချည်ထားတဲ့

နတ်မိစ္ဆာက ကြောက်စရာကောင်းတဲ့

အကြည့်မျိုးနဲ့ ကြည့်ပြီး’ကိုယ်ကတိ ကိုယ်တည်ပြီး

မြွေတွေကို ပြန်လွှတ်ပေးတော့’လို့ ပြောပြီးပျောက်သွားတာကွ။

 

တကယ်လို့ ကိုယ်က

သတိတရနဲ့ ဘယ်နေ့ဘယ်ရက်မှာဖြင့် ရက်စေ့ပြီဖြစ်လို့

မင်းတို့ကို ပြန်လွှတ်ပေးမယ်လို့ ကိုယ်မြွေတွေကို

ပြောထားရင်တော့ အဲဒီနတ်မိစ္ဆာ မလာဘူးကွ။

 

ဘိုးကတော့ လွှတ်ရမယ့်ရက်စွဲကို

အမြဲရေးမှတ်ထားတာဆိုတော့ နတ်မိစ္ဆာလာဖို့ မလိုဘူးပေါ့ကွာ”

 

“သြော် …မြွေတွေက

တော်တော်အံ့သြစရာကောင်းတာပါလား ဘိုးရဲ့”

 

“အေး အဲဒီလို သတိပေးရဲ့သားနဲ့မှ ဂရုမစိုက်ဘဲ

ပြန်လွှတ်မပေးရင်တော့ မြွေလမ္ပာယ်ဆရာ

ဘာမန္တန်ရွတ်ရွတ် မစွမ်းတော့ဘူးကွ။

အဲဒီရက်ကျော်တဲ့မြွေ ကိုက်တာခံရပြီသေတော့တာပေါ့ကွာ”

 

“ဆေးမြန်မြန်ကုနိုင်ရင်တော့ အသက်ရှင်မှာပေါ့နော် ဘိုး”

 

“မရဘူး မောင်တာတေ ။အဲဒီလို ဖြစ်လို့ကတော့

ဘာဆေးမှကို မမှီဘူးကွဲ့။မြွေကို နတ်မိစ္ဆာဝင်စီးပြီး

ကိုက်တာလေ”

 

“ဟာ ဟုတ်လား ဘိုး”

 

“နတ်နဲ့ နဂါးကို မလှည့်စားရင် ကိုယ့်ကို အကူအညီပေးတဲ့

မြွေတွေအပေါ်မှာ မနှိပ်စက်ရင် မညှင်းပမ်းရင် သူတို့ကို

မေတ္တာအမြဲထားရင် အလမ္ပာယ်ဆရာကို ဘယ်မြွေကမှ

မကိုက်ဘူးကွာ”

 

ဘိုးရာစီနဲ့ တွေ့ရင် ကျုပ်တို့ သိပ်ပျော်တာဗျ။

ဘိုးရာစီပြောတဲ့ မြွေတွေအကြောင်းက လွှတ်နားထောင်လို့

ကောင်းတာလေဗျာ။

 

“မြွေဆိုတာ အင်မတန်ထူးခြားတဲ့ သတ္တဝါကွယ့်။

တစ်ခါတုန်းက ဘိုးအလမ္ပာယ်ပြစားခဲ့တဲ့

ငန်းဝါကြီးတစ်ကောင်ဆိုရင် ဘိုးကို ညဘက်မှာ

အိပ်မက်ပေးတယ်။အိပ်မက်ထဲမှာ သူက လူပုံစံပဲကွဲ့။

သူက ပြောတယ်…

 

‘ကျုပ်မှာ အရေးကြီးတဲ့ကိစ္စရှိလို့ တစ်ပတ်လောက်

တောထဲကို ပြန်ပါရစေ ။ တစ်ပတ်ပြည့်ရင်

ကျုပ်အရောက် ပြန်ခဲ့ပါမယ်’

 

ဘိုးကလည်း သူတို့ကို ခိုင်းစားနေပေမယ့် ဘယ်တော့မှ

မေတ္တာမပျက်ဘူး ။ ကိုယ်သားသမီးတွေလိုပဲ

ဆက်ဆံတာကိုး မောင်တာတေရဲ့။

ဒီတော့ ကျုပ်က အိပ်မက်ထဲမှာ ပြန်ပြောလိုက်တယ်။

 

‘ကိစ္စရှိလို့ သွားတာပဲကွယ် ဖြစ်ပါတယ်

သွားသာသွားပါ’

 

လို့ ပြောလိုက်တော့ ချက်ချင်း

ငန်းဝါကြီး ပုံစံဖြစ်ပြီး အိမ်ထဲကနေ လျှောကနဲ

ထွက်သွားတယ်။မနက်မိုးလင်းတော့ ဘိုးက

ငန်းဝါကြီးထားတဲ့ ငခြုပ်အနီကြီးကို

သွားဖွင့်ကြည့်လိုက်တော့ အထဲမှာ

ဘာမှကို မရှိတော့ဘူးကွယ်။ဒါနဲ့ ဘိုးလည်း

ဒီအတိုင်း ထားလိုက်ပြီး တစ်ပတ်ကြာတော့မှ

ပခြုပ်အနီကြီးကို သွားကြည့်တယ်”

 

“ရွှီ”

 

ဘိုးတောင်မှ ပခြုပ်မဖွင့်ရသေးဘူး။

အထဲကနေ ငန်းဝါကြီးက အသံပေးသကွယ်။

မြွေဆိုတာ ကတိအင်မတန်တည်တဲ့သတ္တဝါတွေ

မောင်တာတေရဲ့။ဒါကြောင့် မြွေနဲ့ပတ်သတ်ရင်

ဘယ်တော့မှ မလှည့်စားနဲ့ ကတိမပျက်စေနဲ့ကွယ့်”

 

အဲဒီလို ထူးဆန်းတဲ့ မြွေတွေအကြောင်းလည်း

ကြားရတာကိုးဗျာ။ဒါကြောင့်လည်း ဘိုးရာစီနဲ့ဆုံရင်း

ထမင်းမေ့ ဟင်းမေ့ချည်းပဲဗျ။

 

“ဘိုးနဲ့ သက်တူရွယ်တူလောက်ရှိတဲ့ မြွေအလမ္ပာယ်ဆရာ

တစ်ယောက် ရှိသကွယ့် ။ သူ့နာမည်က ‘စိုင်းယက္ခ’တဲ့။

ဒီကောင်က မြွေဟောက်ကြီးတစ်ကောင်နဲ့ ကပြတာ။

 

ကလို့ပြီးရင် ဒီကောင်က မြွေကို နှုတ်ခမ်းချင်းတေ့ပြီး

နမ်းပြတာ။မြွေကလည်း သူ့ကို နမ်း။သူကလည်း

မြွေကို နမ်းပေါ့ကွာ။အဲဒီနေ့က ပြန်လွှတ်ရမယ့်

မြွေဟောက်ကြီးကို မလွှတ်ဘဲ တစ်ရက်ကျော်သွားတာ

တစ်ရက်ကလေးပဲ ကျော်သွားတာပါ။

 

အဲဒီနေ့ ခါတိုင်းလို မြွေဟောက်ကြီးနဲ့ ကပြီး

ပါးစပ်ချင်းတော့ နမ်းတယ်။မြွေဟောက်ကြီးရဲ့ခေါင်းကို

သူ့ပါးစပ်ထဲထည့်ပြီး ငုံပြတယ်။

 

ဒီမှာတင် မြွေဟောက်က

စိုင်းယက္ခရဲ့လျှာကို ကိုက်လိုက်တာ ပြန်ဖြုတ်လို့ကို

မရတော့ဘဲ နောက်ဆုံးလျှာကို

ဓါးနဲ့ဖြတ်ထုတ်ပစ်ရတော့တာပဲ မောင်တာတေရေ”

 

“ဟာ ဒီလောက်တောင်ပဲလား ဘိုးရယ်”

 

“ဟုတ်ပါ့ဗျာ မြွေများ လွှတ်သစ္စာရှိတာကွယ့်။

သူတို့အပေါ်မှာ သစ္စာရှိမှလည်း ကြိုက်တာဗျ။

ကတိသစ္စာထားပြီး ပျက်လို့ကတော့ နဂါးမျက်စောင်း

အကြောင်းမရွေးဆိုသလိုပဲ မောင်တာတေရေ”

 

“ဟုတ်ပါ့ ဘိုးရယ်။ဘိုးပြောပြမှပဲ မြွေတွေ နဂါးတွေအကြောင်း

ကောင်းကောင်းသိရတော့တာ ဘိုးရဲ့”

 

“အင်း…မောင်တာတေတို့လို လူငယ်တွေ ဗဟုသုတပွားတာ

ကောင်းတာပေါ့ကွယ်။ဘိုးလည်း ကြုံတဲ့အခါတိုင်း

ဘိုးရဲ့ အတွေ့အကြုံတွေကို ပြောပြပါ့မယ်ကွယ်”

 

‘နေ့ပူလို့ ညချမ်း တပေါင်းလသရမ်း’လို့ တပေါင်းလကို

မကြိုက်တဲ့သူတွေက ပြောကြတာပေါ့ဗျာ။

တပေါင်းလကိုကြိုက်တဲ့သူတွေကတော့

‘တပေါင်းသာခေါင် လများနောင်’လို့တောင်ပြောကြတာလေဗျာ။

 

တကယ်တော့ တပေါင်းလမှာက

တောပန်း တောင်ပန်းတွေ အကုန်ပွင့်ပြီး ဆေးရောင်စုံပန်းချီ

တစ်ကားလို လှတယ်ဆိုတာကိုတော့ တောထဲတောင်ထဲ

ရောက်တဲ့သူတွေမှ သိကြတာကိုးဗျ။

 

အခုလို တပေါင်းလမှာ

တောထဲတောင်ထဲ ရောက်သွားလို့ကတော့

လွှတ်လွမ်းတာဗျ။ဘာကိုလွမ်းမှန်းလည်း ကျုပ်တော့

မသိပါဘူးဗျာ။ကျုပ်တော့ ဒီလိုတပေါင်းလမှာ

တောတက်ရရင် လွှတ်ပျော်တာဗျို့။

 

နဂါးဆေးပေါ့လ်ိပ်ကလေးသောက်ရင်း တောင်ရောက်မြောက်ရောက် တွေးနေတဲ့ ကျုပ်အတွေးတွေက တစ်ချက် တစ်ချက်

မီးဖိုဘက်ကိုရောက်သွားသေးဗျ။

 

မီးဖိုထဲက အမေချက်နေတဲ့

ဝက်လက်ဟင်းအနံ့က ကျုပ်နှာခေါင်းထဲကို

ဝင်လာတာကိုဗျ။ခေါက်ဆွဲကြော်ဆိုင်က

ကိုပိန်လာခေါ်လို့ အမေ လိုက်သွားပြီး

ဝက်လက်နှစ်ချောင်းတောင် ဝယ်လာတာဗျ။

 

ဝက်လက်ကို ကိုပိန်က သေသေချာချာသန့်ရှင်းပြီး

အနေတော် ခုတ်ပေးလိုက်တာဗျ။အမေက အိုးထဲမှာ

ဆီနည်းနည်းထည့်ပြီး ဝက်လက်တုံးပြီသားတွေ ထည့်တယ်။

ဆီပူထိုးတာပေါ့ဗျာ။ရေနည်းနည်းထည့်ရသေးတယ်ဗျ။

နည်းနည်းလေးပါ။ခေါ်ရေပေါ့ဗျာ။

 

ဒီတော့မှ ဝက်လက်ထဲက ရေတွေထွက်လာတာဗျ။

အသားထဲက ရေကို ထုတ်ပစ်တာပေါ့ဗျာ။

အဲဒီရေထုတ်ပြီးချက်မှ ဝက်သားက နူးလွယ်တာဗျ။

အရသာလည်း ပိုရှိတယ်။

 

ပထမတစ်ရေခမ်းသွားလို့ ဒုတိယရေထည့်ကာနီးမှာ

အမေက မရမ်းသီးစိမ်းလေးတွေ ထက်ခြမ်း,ခြမ်းပြီး

ထည့်လိုက်တာဗျို့။ပြီးမှ ရေထည့်တာ ။

 

ဒုတိယရေလည်းခမ်းရော ဝက်လက်တွေ နူးရုံမဟုတ်ဘူး။

အိနေတော့တာဗျ။အရသာကလည်း ချဉ်ဖြုံးလေး။

အနံ့ကလည်း မွှေးလို့။မရမ်းသီးခြောက်ထည့်လည်း

ကောင်းတာပဲဗျ။ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးဖွာရင်း

အမေ့ရဲ့ဝက်သားဟင်းနံ့ မွှေးမွှေးလေးကို ရှူနေတုန်း

ရှိသေးသဗျ။

 

“တာတေရေ။တာတေ”

 

ဝိုင်းဝကနေ ကျုပ်နာမည်ကို အသံကျယ်ကျယ်ကြီးနဲ့

လှမ်းအော်နေတာဗျို့။တန်းလျားပေါ်မှာ

ပက်လက်ကလေးလှန်ပြီးဝက်သားဟင်းနံ့လေး ရှူနေတဲ့

ကျုပ်တောင် လန့်သွားပြီးချက်ချင်း ထကြည့်မိတာဗျို့။

 

ဟာ ဘန့်ဘွေးကုန်းက ကိုစံအေးကြီးဗျ။

လူကပိန်ပိန်ရှည်ရှည် ကလန်ကလားကြီးနဲ့ စကားပြောရင်း

အော်ကျယ် အော်ကျယ်နဲ့ပြောတာ ။ဘန့်ဘွေးကုန်းမှာ

စံအေးနှစ်ယောက်ရှိတယ်။သူ့ကိုအာကျယ်စံအေးလို့ခေါ်တာဗျ။

 

ကိုစံအေးရဲ့အဖေက ဘိုးစံလေဗျာ။လွှတ်စိတ်တိုတဲ့

အဘိုးကြီးဗျ။ဘန့်ဘွေးကုန်းက ကောင်တွေက

ဘိုးစံမောင်ကို ကွယ်ရာမှာ ဘိုးစိတ်တိုလို့ ခေါ်ကြတာ။

 

“ကိုစံအေးကြီး လာလေဗျာ။အိမ်ပေါ်မှာဗျ”

 

ဝိုင်းထဲမှာ ဟိုကြည့် ဒီကြည့် လုပ်နေတဲ့ ကိုစံအေးကို

လှမ်းခေါ်လိုက်တယ်။ကိုစံအေးက လက်ပြင်ကိုင်းကိုင်းကြီးနဲ့

အိမ်ပေါ်တက်လာရောဗျ။

 

“ဟာ …မွှေးလှချည်လား ။အရီးငွေစိန်။

ဘာဟင်းကောင်းတွေ ချက်နေတုန်း”

 

ကိုစံအေးက အသံကျယ်ကျယ်ကြီးနဲ့

လှမ်းမေးလိုက်တာဗျို့။

ကိုစံအေးအသံကို ကျုပ်တို့တစ်ရွာလုံးက

မှတ်မိပြီးသားလေဗျာ။

 

“ဟဲ့ စံအေးကြီးပါလား ။ ကိုစံမောင်တို့

နေထိုင်ကောင်းကြလားဟဲ့”

 

“ကောင်းပါ့ဗျာ။ကျုပ်တို့ကို လက်ညှိုးတထိုးထိုးနဲ့

ခိုင်းကောင်းတုန်း။ကုန်းအော်တုန်းဗျို့”

 

ကိုစံအေးက သူ့အဘ ဘိုးစံမောင်ကို ပြောတာလေဗျာ။

အမေက ကိုစံအေးကြီး ပြောတာကို ရယ်နေရောဗျို့။

 

“ဟား ဟား ဟား ဟုတ်ပါ့ စံအေးရေ။

နင့်အဘစံမောင်ကတော့

လွှတ်စိတ်တိုတဲ့အကောင်ဟဲ့။ နင့်အမေနဲ့ မရခင်ရှေ့မှာ

ရည်းစာသုံးယောက်လောက် ရှိသေးတာ။

သူစိတ်တိုတာနဲ့အဆက်ပြတ်ကုန်ကြတာဟဲ့။

 

ဟား ဟား ဟား”

 

အမေက သူ့သူငယ်ချင်း ဘိုးစံမောင်အကြောင်းကို

ပြောရင်း ရယ်တော့တာပဲဗျာ။ကိုစံအေးက ကျုပ်တည်တဲ့

နဂါးဆေးပေါ့လိပ်ကလေးကို သုံးလေးဖွာ ဆက်တိုက်ဖွာပြီး

အားရပါးရ ရှိုက်လိုက်တယ်ဗျ။ဆေးလိပ်သောက်ရင်

အမောမခံနိုင်ဘူးဆိုတာ အားလုံးသိကြတာလေ။

 

ဒါပေမဲ့ ဆေးလိပ်သောက်တဲ့ လူတိုင်းကို ခင်ဗျား

မေးကြည့်ဗျ။မောလာလို့ကတော့ ဆေးလိပ်ကလေး

မီးညှိပြီး နှစ်ရှိုက် သုံးရှိုက် ရှိုက်လိုက်ရရင် အမောကို

ပြေသွားတာဗျာ။

 

“ကိုကြီးစံအေး ကျုပ်ဆီလာတာ ကိစ္စရှိလို့လား”

 

ကျုပ်က ကိုကြီးစံအေးကို မေးလိုက်တော့ ကိုစံအေးက

သောက်လက်စ ရေနွေးကြမ်းပန်ကန်ကို ကုန်အောင်

မော့လိုက်ပြီးမှ ပြောသဗျ။

 

“မင်းဆရာကြီး ရောက်နေလို့ကွ တာတေရေ”

 

“ဟင် ဘိုးလူပေ ရောက်နေတယ် ဟုတ်လား”

 

“ဟုတ်ပါ့ဗျာ မနက်အစောကြီး သျှောင်တစောင်းလေးမှာ

ပဝါအဖြူလေးပေါင်းလို့ လွယ်အိတ်ကြီးတစ်လုံးလွယ်ပြီး

ဝိုင်းထဲ ဝင်ချလာတာကွ”

 

“ဟား ဟား ဟား ဘိုးလူပေကတော့ ဒီအတိုင်းပဲဗျ

ကိုကြီးစံအေးရဲ့ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာတာချည်းပဲ”

 

“ဟုတ်ပါ့ကွာ ။ငါ့အဘ ဗိုက်စိတ်တိုကတော့

သူ့ဆရာရောက်လာလို့ ပျော်နေလေရဲ့။တို့အိမ်မှာကလည်း

ဒီနေ့ ကောက်ညှင်းပေါင်းတယ်လေကွာ။အဲဒါ အဘက

ငါးရံ့ခြောက်မီးဖုတ်နဲ့ ကောက်ညှင်းပေါင်းနဲ့ဘိုးလူပေကို

ဧည့်ခံနေလေရဲ့။

 

ဘိုးလူပေကလည်း

ဖျာပေါ်ထိုင်လိုက်ပြီးတာနဲ့ ‘ကိုရင်စံအေး

မင်းသူငယ်ချင်းမောင်တာတေကို သွားခေါ်ကွယ်’

ဆိုပြီး တန်းလွှတ်တော့တာပဲဟေ့”

 

“ဟား ဟား ဟား ကျုပ်လည်း ဘိုးလူပေကို

သတိရနေတာ သုံးလေးရက် ရှိပြီဗျ။ကိုကြီးစံအေးရဲ့”

 

ကျုပ်က အမေ့ကို အကျိုးအကြောင်းပြောပြီး

အဝတ်အစား လဲလိုက်တယ်။ အဘကတော့

မနက်အစောကြီးကတည်းက ရွှေတောင်ကုန်းဘုရားပွဲအတွက်

အစည်းအဝေးလုပ်ဖို့ ရွာဦးကျောင်းကို သွားလေရဲ့။

 

ကိုစံအေးကြီး အော်ကျယ် အော်ကျယ်နဲ့ စကားတွေပြောပြီး

ရှေ့ကသွား ကျုပ်က နောက်ကလိုက်ပေါ့ဗျာ။ကိုစံမောင်ရဲ့

ဝိုင်းထဲကို ဝင်လိုက်တာနဲ့ …

 

“ဟော ပါလာပါပြီဗျာ။သရဲမကြောက် တစ္ဆေမကြောက်

ကဝေမကြောက် စုန်းမကြောက်တဲ့ တာတေ”

 

ဘိုးစံမောင်က ကျုပ်ကို စတာဗျို့။

ကျုပ်က ရယ်နေလိုက်တယ်။အိမ်ပေါ်ရောက်တော့

အိမ်ဦးခန်းမှာ တင်ပလ္လင်ခွေထိုင်ပြီး ကျုပ်ကို

ပြုံးကြည့်နေတယ်။

 

ဘိုးလူပေကတော့ဘယ်တော့ကြည့်ကြည့် ပိန်ပိန်ပါးပါးပဲဗျ။

နှုတ်ခမ်းမွေးလေးသဲ့သဲ့နဲ့ မျက်လုံးတွေကကြည်ပြီးတောက်နေတာဗျို့။

 

“မောင်တာတေ နေကောင်းလားကွယ့်။

မင်းအဘနဲ့ အမေရော နေထိုင်ကောင်းရဲ့လား”

 

“ဟုတ်ကဲ့ ကောင်းကြပါတယ် ဆရာကြီး”

 

ကျုပ်က ဘိုးလူပေ မေးတာကို ဖြေရှင်းနဲ့

ဘိုးလူပေကို ဦးချပြီး ကန်တော့လိုက်တယ်။

 

“ဆရာကြီးရော နေကောင်းရဲ့လားဗျ”

 

“အေး ကောင်းပါတယ် မောင်တာတေ။

ကျုပ်က ချင်းတောင်ပေါ်ကို ရောက်နေလို့

ဒီဘက်မရောက်ဖြစ်တာကွယ့်။အခုတော့

ကိစ္စပေါ်လာတော့လည်း ရောက်ရပြီပေါ့ကွယ်

မောင်တာတေ ကျုပ်နဲ့ လိုက်ခဲ့နိုင်မလားကွယ့်”

 

“အခုအချိန်တွေက အားနေတဲ့အချိန်ပဲ ဆရာကြီးရယ်

ကျုပ် လိုက်နိုင်ပါတယ်”

 

“ဟာ…ဒါဆိုရင်တော့ ဟန်ကျပြီပေါ့ကွယ်

ကျုပ်တို့နတ်နဂါးအင်းကြီး သွားရလိမ့်မယ် မောင်တာတေ။

နတ်နဂါးသိုက်ထဲက ကြေးပုရပိုက် သုံးဆူကို

သွားယူရမှာကွယ့်”

 

“ဟာ ဟုတ်လား ဆရာ။နို့ အဲဒီ နတ်နဂါးအင်းက

ဘယ်နေရာမှာ ရှိတာတုံး ဆရာ”

 

“ရခိုင်ပြည်မှာကွယ်။သဘာဝအင်းကြီးတစ်ခုပဲ

မောင်တာတေရဲ့။ရခိုင်တောင်ကြီးတွေကြားမှာ ရှိတာ။

အင်းကြီးရဲ့ ဘေးပတ်ပတ်လည်မှာ တောင်အမြင့်ကြီးတွေ

ကာထားသလို ဖြစ်နေတာ။ဒါပေမဲ့ ဒီအင်းကြီးက

အောက်မှာ အနက်ကြီးဆိုပဲ။ဒီအင်းကြီးရဲ့အောက်ခြေက

ပင်လယ်အထိ ပေါက်သတဲ့။ဒါကြောင့်လည်း

ဒီအင်းထဲမှာ နဂါးနေတာပေါ့ကွယ်”

 

“နို့ နေပါဦး ဆရာကြီးရဲ့။နဂါးဆိုတာ တကယ်ရော

ရှိလို့လားဗျ။ကျုပ်က ပုံပြင်အနေနဲ့ ပြောတာလို့ပဲ

ထင်နေတာ”

 

“အို…ရှိပါပြီလား မောင်တာတေရယ် ပုံပြင်ထဲမှာ

ရှိတာမဟုတ်ပါဘူးကွယ် အပြင်မှာလည်း

တကယ်ရှိပါတယ်ဒါပေမဲ့ ပုံပြင်တို့

ဝတ္ထုတို့ ဇာတ်နိပါတ်တို့ထဲမှာကတော့

လူစိတ်ဝင်စားအောင် ပိုပိုမိုမို

ပြောတာတွေတော့ ရှိသပေါ့ကွယ်”

 

“သြော် …ဒါဆိုရင် နဂါးဆိုတာ တကယ်ရှိတာပဲ”

 

ဘိုးလူပေက ရေနွေးကြမ်းပန်းကန်လေးကိုယူပြီး

သောက်လိုက်တယ်။ပြီးတော့မှ စကားဆက်တယ်ဗျ။

 

“နဂါးဆိုတာ သုံးမျိုးရှိတယ် မောင်တာတေရဲ့။

ကုန်းနဂါး ရေနဂါးနဲ့ အာကာသနဂါးလို့ ခွဲထားတယ်။

ကုန်းနဂါးကတော့ တောထဲတောင်ထဲမှာ နေကြတယ်။

တချို့ကတော့ ကုန်းနဂါးကို တောင်နဂါးလို့လည်း

ခေါ်ကြတယ်ကွယ့်။အကောင်အရွယ်အစားက

မြွေလောက်ပဲ ရှိပါတယ်။

 

အမောက်ကတော့ ပါတယ်။ရေမှာနေတဲ့ နဂါးကတော့

ပင်လယ်ထဲမှာ နေတာပေါ့ကွယ်။ပင်လယ်နဲ့ဆက်နေတဲ့

အင်းတွေ အိုင်တွေထဲမှာလည်း နေကြတယ်ကွယ့်။

အရွယ်အစား ကြီးတာပေါ့ကွယ်။လုံးပတ်က

ထန်းပင်လုံးလောက်ရှိပြီး ခေါင်းက

ခွဲတောင်းလောက်ရှိတယ်ကွယ့်။

 

အရှည်ကတော့ ပေလေးဆယ်လောက်ကို ရှည်တာဗျ။

အာကာသနဂါးဆိုတာကတော့ မြင်ဖူးတဲ့လူ အင်မတန်

ရှားပါတယ်။ရှိတယ်လို့ပဲ ကျုပ်တို့တော့ သိရတာကွယ့်

သေသေချာချာတော့ မသိဘူး။ကောင်းကင်မှာ

သွားလာနေတယ်လို့ပဲ ကြားဖူးတာ”

 

“ဒါဆိုရင် အခု ကျုပ်တို့သွားမယ့် နတ်နဂါးအင်းကြီးက

နဂါးတွေက ရေနဂါးမျိုးပေါ့နော် ဆရာကြီး”

 

“ဟုတ်တာပ မောင်တာတေ ။

ရေနဂါးမျိုးတွေပေါ့ အရွယ်အစား အကြီးကြီးတွေကွယ့်။

ပြီးတော့ သူတို့က ရိုးရိုးနဂါးတွေ မဟုတ်ဘူး။

နတ်နဂါးတွေကွယ့်”

 

“ဟင် နတ်နဂါးဆိုတာက ဘယ်လိုမျိုးတုံး ဆရာကြီးရဲ့”

 

“သူတို့က ရေအောက်မှာ ဗိမာန်နဲ့ နေကြတာကွယ့်။

သူတို့နေဖို့ ဗိမာန်ကို သူတို့ရဲ့ တန်ခိုးနဲ့ ဖန်ဆင်းနိုင်ကြတယ်။

ပြီးတော့ နတ်နဂါးမျိုးတွေဟာ ကြိုက်တဲ့အချိန်မှာ

လူယောင်ဖန်ဆင်းနိုင်ကြတယ်။လူအသွင်သဏ္ဌာန်နဲ့

လူတွေကြားမှာ ရောနှောသွားလာနေနိုင်တယ်။

သူတို့ကို သာမန်လူတွေကတော့ မသိဘူးပေါ့ကွယ်။

ဒါပေမယ့် အဆင့်မြင့်တဲ့ လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်တွေကတော့

သူတို့ကို မြင်တာနဲ့ သိကြတယ်ကွယ့်”

 

“သြော် …ဒီလိုကိုး။လောကကြီးမှာ ထူးဆန်းတာတွေ

တော်တော်များတာပါလား ဆရာကြီးရယ်”

 

“ဟုတ်ပေတယ် မောင်တာတေ။အခု ကျုပ်တို့သွားရမှာက

မင်းဘူး ရွှေစက်တော်ဘက်ကနေ သွားရမှာကွယ့်။

မောင်တာတေ မိဘများကို ခွင့်တောင်းပေတော့ကွယ်

ခုလာမယ့်လပြည့်မတိုင်ခင် နတ်နဂါးအင်းကို

ကျုပ်တို့ရောက်ဖို့လိုတယ်။ဟိုမှာ ပြင်စရာဆင်စရာတွေ

ရှိသေးတယ်ကွယ့်”

 

“ကောင်းပါပြီ ဆရာကြီး ။ ဆရာကြီး ခရီးထွက်မယ့်နေ့ကိုသာ

အမိန့်ရှိပါ ကျုပ်ဘက်က အဆင်သင့်ဖြစ်စေရပါမယ်”

 

“ဒါဆိုရင် သန်ဘက်ခါ မနက်စောစော

ခရီးစထွက်ကြတာပေါ့ကွယ်”

 

ဘိုးလူပေနဲ့ ကျုပ်နဲ့ မကွေးရောက်တော့ မြသလွန်ဘုရားကို

ဝင်ဖူးကြတယ်။မင်းဘူးဘက်ကမ်းကို သင်္ဘောနဲ့

ကူးရတာဗျ။ရေလယ်သောင်တွေကို ကွေ့ပတ်ပြီးတော့ပေါ့ဗျာ။

မင်းဘူးရောက်တော့ ရွှေစက်တော်ကို သွားပြီး

ရခိုင်ဘက်ကို ဝင်ခဲ့ကြတယ်။ခြေတော်ရာကိုတော့

ဝင်ဖူးဖို့ အချိန်မရခဲ့ဘူးဗျ။

 

ရခိုင်ရောက်တော့ ရွာလေးတစ်ရွာကနေ

ရခိုင်လမ်းပြတစ်ယောက် ငှားရတယ်။

အသက်လေးဆယ်လောက်ရှိတဲ့ ကိုညီချေဆိုတဲ့လူဗျ။

ဒီလူက မုဆိုးလေဗျာ။လွှတ်လမ်းကျွမ်းတာဗျ။

ကိုညီချေ လမ်းပြပေးလို့ ဘိုးလူပေနဲ့

ကျုပ်နဲ့တစ်ရက်တစ်ည သွားပြီးတာနဲ့

နတ်နဂါးအင်းကြီးကို ရောက်ခဲ့ကြတယ်။

 

အို…အင်းကြီးမှ နဲတာကြီးမဟုတ်ဘူးဗျာ။

ဘေးပတ်လည်မှာ တောင်ကမ်းပါးယံကြီးတွေဗျ။

မတ်မတ်ကြီးတွေဗျာ။အခု ကျုပ်တို့ရောက်တဲ့ဘက်ကတော့

တောင်ကြားလမ်းလေးရှိလို့ အင်းထဲအထိ ဆင်းနိုင်တယ်ဗျ။

 

“ကိုကြီးညီချေ။ဒီခြေသွားလမ်းလေးက လူတွေ

အင်းထဲဆင်းတဲ့လမ်းထင်တယ်။လူတွေ သွားပါများလို့

လမ်းဖြစ်တာလားဗျ။ဒီလူတွေက အင်းထဲမှာ

ငါးဆင်းဖမ်းတာလား”

 

“ဟာ မဟုတ်ပါ။ဒီလမ်းက လူသွားလမ်း မဟုတ်။

နဂါးသွားလမ်းပါ နဂါးဗိုက်ရာကြီးကနေ ခုလိုလမ်းဖြစ်နေတာ

လူတွေ ဒီအင်းမှာ ငါးမဖမ်းရဲကြဘူး”

 

“ဗျာ ဒါ နဂါးဗိုက်ရာကြီး ဟုတ်လား”

 

ကျုပ်ဆိုတာ ကြက်သီးတွေတောင် ဖျန်းကနဲ

ထသွားလိုက်တာဗျာ။ကျုပ်မြေကြီးကို သေသေချာချာ

ငုံကြည့်တယ်။ဟုတ်ပါ့ဗျာ။ဒါ နဂါကြီးတစ်ကောင်ရဲ့

ဗိုက်ရာကြီးပဲဗျ။ဘုရား ဘုရား ဘာတွေများ

တွေ့ရဦးမလဲ။ဘိုးလူပေက ကိုညီချေကို ခေါ်ပြီး

အင်းစပ်ကို ဆင်းတယ်။ကျုပ်လည်း လိုက်ရတာပေါ့ဗျာ။

ဘိုးလူပေက နေရာတစ်ခုကိုပြတယ်။

 

ကိုညီချေကို သစ်ပင်တွေ ခုတ်ခိုင်းတယ်။

ဆယ့်ငါးပေလောက်ကျယ်တဲ့ မြေပြောင်ရလာတော့မှ

ဝါးခုတ်ခိုင်းပြီး နှစ်တောင်လောက်မြင့်တဲ့စင်ကို

ဝါးနဲ့ထိုးခိုင်းတယ်။ကိုညီချေက တောထဲမှာ

လင့်စင်ထိုးနေကျဆိုတော့ ခဏလေးနဲ့

ဘိုးလူပေ လိုချင်တဲ့စင် ပြီးသွားတယ်။

ဘိုးလူပေက ကန်တော့ပွဲပြင်ဖို့ ဝါးနဲ့

ခံတောင်းဖက်ကလေးတွေ ယက်ခိုင်းတယ်။

 

ဒါကတော့ ကျုပ် ကျွမ်းပြီးသားဗျ။

ကျုပ်က အဘတောင်းယက်ရင် ဝင်ပြီး

လုပ်နေကြလေဗျာ။ကျုပ်ကတော့ ပွဲပြင်ဖို့

ဝါးခံတောင်းလေးတွေ ယက်လိုက်တယ်။

 

ကျုပ်ကတော့ ပွဲပြင်ဖို့ ဝါးခံတောင်းလေးတွေ

ယက်လိုက်တယ်။ကျုပ်တောင်းယက်နေတုန်းမှာ

မုဆိုး ကိုညီချေကို ဝါးပိုးခုတ်ပြီး ဖောင်ဖွဲ့ခိုင်းတယ်။

ဖောင်က ဆယ်ပေပတ်လည် ဝါးပိုးသုံးဆင့်ခံနဲ့ဗျ။

ကျုပ် တောင်းတွေယက်ပြီးတော့ ကိုညီချေ

ဝါးဖောင်ဖွဲ့တာကို ကူလုပ်ပေးလိုက်တယ်။

ဘိုးလူပေက ဖောင်ကို သေသေချာချာ

စစ်ဆေးကြည့်ပြီးမှ သဘောကျသွားတယ်။

 

မုဆိုးကိုညီချေကလည်း ဖောင်ကို နွယ်ကြိုးတွေ

ကြိမ်တွေနဲ့ အထပ်ထပ်ချည်ပြီး ဖွဲ့တာဗျ။

ဖောင်ဖွဲ့ပြီးတာနဲ့ ကိုညီချေ တောထဲဝင်ပြီး

အုန်းသီးငါးလုံးနဲ့ ငှက်ပျောခိုင်တွေ ခုတ်ရတယ်။

ကျုပ်က လိုက်ပြီး ငှက်ပျောခိုင်ကူထမ်းရတာပေါ့ဗျာ။

 

ပြီးတာနဲ့ ဘိုးလူပေက ပွဲတွေပြင်တယ်။

ဘုရားတစ်ပွဲ ငှက်ပျောသုံးဖီး ရှင်ဥပတ္တတစ်ပွဲ

ငှက်ပျောသုံးဖီး တောင်ပိုင်နတ်ကြီးတစ်ပွဲ

ငှက်ပျောသုံးဖီး တောစောင့်နတ်တစ်ပွဲ

ငှက်ပျောနှစ်ဖီး နဂါးပွဲတစ်ပွဲ ငှက်ပျောနှစ်ဖီးဗျ။

ပွဲတွေကို စောစောက ကိုညီချေ

ထိုးထားတဲ့ စင်ပေါ်မှာ စီပြီးတင်တယ်။

 

အားလုံးပြီးတော့ ညနေစောင်းပြီ။

ဘိုးလူပေက ကိုညီချေကို မေးတယ်။

ဒီည ဒီမှာ အိပ်ချင်သလား ပြန်ချင်သလားမေးတော့

ကိုညီချေက ပြန်မယ်လို့ ပြောတယ်ဗျ။

ဒါနဲ့ ဘိုးလူပေက ကိုညီချေကို ငွေတွေပေးတယ်။

 

ကိုညီချေတောင်းထားတာရဲ့ နှစ်ဆပေးလိုက်တယ်။

ပြီးတော့ ကျေးဇူးတင်စကားကိုလည်း ဘိုးလူပေက

ထပ်ခါထပ်ခါ ပြောသဗျ။ကိုညီချေ ပြန်သွားတော့

နတ်နဂါးအင်းကြီးရဲ့ ကမ်းစပ်မှာ ဘိုးလူပေရယ်

ကျုပ်ရယ် ကန်တော့ပွဲ ငါးပွဲရယ်ပဲ ကျန်တာပေါ့ဗျာ။

ဘိုးလူပေက ရေစပ်အထိဆင်းပြီ အင်းကို

အကဲခတ်တယ်။

 

“မောင်တာတေ ဟောဒီအင်းက အလျားတစ်မိုင်ကျော်တယ်

အနံက တစ်မိုင်မပြည့်တတ်ဘူးကွယ့်။ညကို လမွန်းတည့်တာနဲ့

ကျုပ်က ရေထဲကို ဖောင်နဲ့ထွက်မယ်။ဖောင်ပေါ်မှာ

မန္တန်တွေ မပြတ်ရွတ်ရမယ်။ဟောဒီစင်ကို မောင်တာတေက

စောင့်ရှောက်ပြီး ကမ်းပေါ်မှာ နေခဲ့ရလိမ့်မယ်”

 

“ဟုတ်ကဲ့ပါ ဆရာကြီး”

 

“ဘယ်နှယ့်တုံး မောင်တာတေ နေဝံ့ပါမလား”

 

“ဟာ နေဝံ့ပါတယ် ဆရာကြီး”

 

“အင်း…မောင်တာတေကတော့ အာဂလူပေပဲကွယ်

ပွဲစင်ပေါ်မှာ ဖယောင်းတိုင်မီးကို မပြတ်အောင်

ထွန်းထားကွယ့်။ငြိမ်းရင် ထပ်ထွန်း ပြီးတော့

ခပ်လှမ်းလှမ်းမှာ မီးဖို ဖိုထား

မီးကို မပြတ်သာထည့်ပေတော့

ကျုပ်မသွားခင် ဟောဒီနေရာကို

စည်းချထားခဲ့ပါမယ်။

ဖြစ်တယ်မို့လား မောင်တာတေ”

 

“ဟာ ဖြစ်ပါတယ် ဆရာကြီးရဲ့”

 

ဘိုးလူပေက ကျုပ်ကို စိတ်မချသလိုနဲ့

ထပ်မေးတယ်ဗျ။မိုးမချုပ်ခင် ကျုပ်က တောထဲဝင်ပြီး

ထင်းချောင်းတွေ စုလိုက်တယ်။မီးဖိုမယ့်နေရာကိုလည်း

သေသေချာချာ ရှင်းထားလိုက်တယ်။မိုးချုပ်ပြီဆိုတာနဲ့

ကျုပ်က မီးဖိုကို မီးမွှေးတော့တာဗျို့။

 

ဝင်ကာနီး နေရောင်အောက်မှာ နတ်နဂါးအင်းကြီးရဲ့

ရေပြင်ကြီးမှာ လှိုင်းကြက်ခွပ်တွေ တဖျတ်ဖျတ်လာနေတာ။

ကျုပ်ငေးကြည့်နေမိတယ်။ကျုပ်တို့ ဆရာတပည့်နှစ်ယောက်

ပါလာတဲ့ ကောက်ညှင်းကျည်တောက်တွေခွဲပြီး

ငါးခြောက်ဖုတ်နဲ့ ညစာစားလိုက်ကြတယ်။

ပြီးတာနဲ့ ဘိုးလူပေက ပွဲတွေမှာ ဖယောင်းတိုင်

မီးထွန်းတယ်။ကျုပ်ကို ဝါးစင်ပေါ်မှာ ခပ်ကျဲကျဲ

ဖယောင်းတိုင် ထွန်းထားဖို့ ပြောတာနဲ့ ကျုပ်က

ဝါးလုံးပေါ်မှာ ဖယောင်းတိုင်တွေ

စီတန်းပြီး ထွန်းလိုက်တယ်။

 

အင်းစပ်မှာ ဖယောင်းတိုင်မီးရောင်နဲ့

လင်းထိန်သွားရောဗျို့။

ကျုပ်ရဲ့ မီးလင်းဖိုကလည်း မီးတောက်တွေ

ထပြီး လင်းနေတာဗျို့။မီးအလင်းရောင်က

အင်းရေပြင်ထဲအထိ လင်းနေတာဗျ။

ဘိုးလူပေက ပွဲစင်ရှေ့မှာ အဝတ်ကလေးတစ်ထည်ခင်းပြီး

ရွတ်ဖတ်တော့တာပဲဗျို့။ဟော လထွက်လာပြီ။

 

လပြည့်ည လမင်းကြီးက ဝိုင်းဝိုင်းစက်စက်

ပြည့်ပြည့်ဝဝကြီးပေါ့ဗျာ။လကမြင့်လာလေ

အင်းရေပြင်ကြီးက ပိုပြီးလင်းလာလေ။

ဘိုးလူပေရဲ့ မန္တန်ရွတ်သံက ပိုကျယ်လာလေပဲဗျ။

 

ကျုပ်ကတော့ ပွဲစင်ပေါ်က ဖယောင်းတိုင်နဲ့

အမွှေးတိုင်တွေကို မပြတ်အောင် ထွန်းပေးနေရတာဗျ။

အမွှေးတိုင် ထွန်းဖို့ ညနေတည်းက ကျုပ်က

ကျုပ်က ဝါးဆစ်ကလေးတွေ လုပ်ထားတာလေဗျာ။

 

လမွန်းတည့်ပြီဗျို့။

 

“ကဲ ဟေ့ မောင်တာတေ။

ဝါးဖောင်ကို တွန်းကြစို့ဟေ့”

 

ရေစပ်မှာ ချထားတဲ့ ဝါးဖောင်ကို ရေထဲရောက်အောင်

ဘိုးလူပေနဲ့ ကျုပ်နဲ့ တွန်းချကြတယ်။ဖောင်က ရေထဲ

ရောက်သွားပြီ။

 

“ကဲ…ငါ့တပည့် ဆရာကြီး စည်းတွေချထားခဲ့ပြီ

ဘာမှမကြောက်နဲ့”

 

ဘိုးလူပေက ဖောင်ပေါ်တက်ပြီး ဝါးလုံးတွေပေါ်မှာ

ဖယောင်းတိုင် အကြီးကြီးတွေ လိုက်ထွန်းလိုက်တယ်။

ဖောင်လေးက လင်းထိန်သွားရောဗျို့။

 

“ကဲ ဟေ့ မောင်တာတေ။မောင်ညီချေ

လုပ်ပေးခဲ့တဲ့ ဝါးပိုးခြမ်း ပေးစမ်းကွယ်”

 

ကိုညီချေက ဘိုးလူပေ ဖောင်ကိုလှော်ဖို့ဆိုပြီး

ဝါးပိုးခြမ်းကို လှော်တက်ခုတ်ပေးခဲ့တာဗျ။

ကျုပ် ဝါးပိုးခြမ်းလှော်တက်ကို ယူပေးလိုက်တယ်။

ဘိုးလူပေက မီးတွေလင်းနေတဲ့ ဝါးဖောင်ကိုလှော်ပြီး

အင်းရေပြင်ကြီးထဲကို ထွက်သွားတယ်။

ရေလယ်လောက်ရောက်တော့ ဘိုးလူပေက

ဝါးဖောင်အလယ်တည့်တည့်မှာထိုင်ပြီး

မန္တန်တွေ ရွတ်တော့တာပဲဗျာ။

 

ဘိုးလူပေ မန္တန်ရွတ်တဲ့အသံကို လေသင့်ရင်

သဲ့သဲ့ကလေး ကြားနေရတယ်ဗျ။

ကျုပ်ကတော့ မီးဖိုကို ထင်းထည့်ပေးလိုက်

ပွဲစင်က ငြိမ်းသွားတဲ့ ဖယောင်းတိုင်တွေ

ပြန်ထွန်းလိုက် ။ကုန်သွားတဲ့ဖယောင်းတိုင်ကို

အသစ်စိုက်လိုက်နဲ့ပေါ့ဗျာ။ဘိုးလူပေကိုလည်း

မျက်ခြည်မပြတ်အောင် ကျုပ် ကြည့်နေသေးတာဗျ။

ကြည့်သာကြည့်နေရတာဗျ။ဘိုးလူပေ တစ်ခုခုဖြစ်ရင်

ကျုပ် ဘာမှကူညီနိုင်မှာ မဟုတ်ဘူးလေ။

 

“ဝုန်း”

 

ဟာ ရေထဲက လှိုင်းလုံးကြီးတစ်လုံး ထသွားတာဗျို့။

ဘိုးလူပေက မန္တန်ကို မပြတ်ရွတ်တယ်။

 

“ဝုန်း ဝုန်း”

 

ရေလှိုင်းကြီးတွေက ဘိုးလူပေရဲ့ဖောင်နဲ့

ခပ်လှမ်းလှမ်းပေါ်မှာ ပေါ်ပေါ်လာတာဗျ။

 

“ဝုန်း ရွှီး”

 

ဟာ မီးတန်းကြီးဗျာ ။မီးတန်းကြီး။

ဟာ နဂါးက မီးနဲ့မှုတ်နေပြီဗျို့။

‘ဝုန်း’ဆိုပြီး လှိုင်းလုံးကြီးတစ်လုံး ထသွားပြီး

အဲဒီလှိုင်းလုံးထဲကနေ မီးတန်းကြီး ထွက်လာတာဗျို့။

လိမ္မ်ာရောင် မီးတန်းကြီးဗျ။

ဒါပေမဲ့ ဘိုးလူပေဘက်ကို မှုတ်တာတော့ မဟုတ်ဘူးဗျ။

 

အပေါ်ကို မှုတ်ထုတ်တာ ။ ကျုပ်စိတ်ထင် မီးတန်းကြီးက

အပေါ်ကို ပေနှစ်ဆယ် အစိတ်လောက် တက်သွားတယ်

ထင်တာပဲဗျ။ဘိုးလူပေကို ကြည့်လိုက်တော့

တင်ပလ္လင်ခွေ မပျက်ဘဲဗျ။မန္တန်တွေကို

အသံကျယ်ကျယ်နဲ့ ရွတ်နေတာ။

 

“ဝုန်း” “ဝုန်း” “ဝုန်း” “ဝုန်း”

 

“ရွှီ ရွှီ ရွှီ ရွှီ”

 

ဟာ နဂါးတွေ ဘယ်နှကောင်တောင် ရောက်လာပြီလည်း

မသိဘူးဗျို့။အင်း ရေပြင်ကြီးရဲ့ ဟိုနားမှာ ဝုန်းကနဲ

လှိုင်းလုံးကြီး ထလာလိုက် ။ ဒီနားမှာ လှိုင်းလုံးကြီး

ထလာလိုက်။မီးတန်းတွေ ရွှီကနဲ ရွှီကနဲ မှုတ်ထုတ်လိုက်နဲ့

အင်းကြီးရဲ့ နေရာအနှံ့မှာကို ပေါ်လာတော့တာဗျို့။

 

ကျုပ် ဘိုးလူပေအတွက် စိုးရိမ်လို့ မျက်တောက်မခတ်ကို

ကြည့်နေမိတာဗျ။ကျုပ်က ပွဲစင်ပေါ်မှာ ဖယောင်းတိုင်

အမွှေးတိုင်တွေကို ကျုပ်ဆရာ မှာတဲ့အတိုင်း

မပြတ်ထွန်းပေးတယ်။ဖယောင်းတိုင်ထွန်းပြီး

ဘိုးလူပေကို ကျုပ်လှည့်ကြည့်လိုက်တော့…

 

“ဟာ အောင်မယ်လေးဗျာ”

 

ကျုပ်ပါးစပ်က လွှတ်ကနဲတောင် အော်လိုက်မိတယ်ဗျို့။

 

“ဝုန်း ဝုန်း ဝုန်း ဝုန်း”

 

ဟာ ဘိုးလူပေရဲ့ ဝါးဖောင်ကို ကြိုးနဲ့ချီပြီး

ဆွပြေးနေသလိုပဲဗျ။ဝါးဖောင်က ရေပြင်ကြီးထဲမှာ

ရိပ်ကနဲ ရိပ်ကနဲ ပြေးနေတာဗျို့။

 

အရှေ့ဘက်ရောက်သွားလိုက်။တောင်ဘက်ရောက်သွားလိုက်။

အနောက်ဘက်ရောက်သွားလိုက်နဲ့ ဝါးဖောင်က ရေပေါ်မှာ

ပြေးနေတာဗျာ။ကိုညီချေ ဖောင်ကို သေသေချာချာ

လုပ်ပေးခဲ့ပေလို့ပဲဗျာ။

 

ဟာ …ပစ်လိုက်ပြီဗျို့။ပစ်လိုက်ပြီ။ဝါးဖောင်ကိုလွှဲပြီး

ပစ်လိုက်တာဗျ။ဝါးဖောင်က လေထဲမှာ ပျံတက်ပြီး

တော်တော်ဝေးဝေးကို ရောက်သွားတယ်။

 

“ဝုန်း”

 

ဝါးဖောင်က ရေထဲကို ‘ဝုန်း’ကနဲ

ပြန်ကျသွားတယ်။ဘိုးလူပေကတော့

တင်ပလ္လင်ခွေထိုင်လျက်ပဲဗျ။

ဝါးဖောင်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်ကတော့

အားလုံးငြိမ်းသွားပြီဗျ။လရောင်နဲ့ပဲ နေရတာ။

 

နဂါးတွေက ဖောင်ကို ဆွဲပြေးလိုက်

လွှဲပစ်လိုက်နဲ့ လုပ်နေကြတာ။

နာရီတွေကို မနည်းတော့ဘူးဗျ။

ကျုပ်လည်း ဘာလုပ်ရမှန်း မသိဘူးလေဗျာ။

 

ဘိုးလူပေက ကျုပ်ကို မှာထားတာက

ပွဲစင်ကို မီးမငြိမ်းဖို့ပဲလေဗျာ။

နောက်တော့ ကျုပ် သတိရသွားတယ်ဗျ။

ပရိတ်ကြီးဆယ့်တစ်သုတ်ထဲက ခန္ဓသုတ်က

နဂါးတွေကို မေတ္တ္တာပို့တာလေဗျာ။

 

ကျုပ်ခန္ဓသုတ် ရတယ်ဗျ။ကျုပ် ခန္ဓသုတ်ကို

မပြတ်ရွတ်တော့တာပေါ့ဗျာ။

 

“ဝုန်း”

 

“ဟာ နဂါးကြီးဗျို့။နဂါးကြီး ပေါ်လာပြီ”

 

ဘိုးလူပေရဲ ဖောင်နဲ့ ဆယ်ပေလောက်အကွာမှာ

နဂါးခေါင်းကြီး ပေါ်လာတာဗျ။

ခေါင်းက တင်းတောင်းတစ်လုံးစာလောက်

ရှိမယ်ဗျို့ ။ ခေါင်းမှာ အထစ်ထစ်တွေနဲ့ အမောက်ကြီး

ပါတယ်ဗျ။

 

ရေထဲမှာ ခေါင်းကြီး ထောင်ထားတာ။

ကျုပ်စိတ်ထင် ခုနှစ်ပေ ရှစ်ပေလောက် ပေါ်နေတယ်လို့

ထင်တယ်ဗျ။မျက်လုံးက နီနီကြီးတွေက

ဟင်းသောက်ပန်ကန်ကြီးတွေလောက် ရှိမယ်ဗျ။

မေးစေ့မှာ လူမုတ်ဆိတ်မွေးလို့

အမွေးအမျှင်တွေလည်း ပါတယ်။

 

ဘိုးလူပေက အသံကျယ်ကြီးနဲ့ အော်ပြောတယ်။

 

“အသင် နတ်နဂါးမင်း ပထမံပုဂ္ဂိုလ်ကြီးများ

သာသနာတော် အဓွန့်ရှည်အောင်

စည်းဝေးတိုင်ပင်ပြီး လုပ်ဆောင်နေကြပါတယ်

အဲဒီအထဲမှာ သင်လည်း

ပါဝင်ပါလို့ ပထမံဆရာကြီးတွေက

သင့်ကို ဖိတ်မန္တကပြုကြပါတယ်။

သင်ရဲ့ ဗိမာန်ထဲမှာ

သင်စောင့်ရှောက်သိမ်းဆည်းထားတဲ့

ကြေးပုရပိုက်သုံးဆူကို ကျုပ်ကို ပေးပါ နဂါးမင်း။

ကျုပ်ကတစ်ဆင့် ပထမံပုဂ္ဂိုလ်ကြီးတွေဆီကို

အရောက်ပို့ပေးပါ့မယ်။ဗုဒ္ဓရဲ့ သာသနာတော်ကြီး

အဓွန့်ရှည်ဖို့အတွက် အဲဒီကြေးပုရပိုက်တွေကို

သင့်ထံမှ ကျုပ်လာယူရတာပါ

နတ်နဂါးမင်းကြးဗျာ”

 

နဂါးကြီးက ရေထဲကနေ ခေါင်းကြီးထောင်ပြီး

ဘိုးလူပေကကို စိုက်ကြည့်နေတုန်းပဲဗျ။

 

ကျုပ်စိတ်ထဲမှာတော့ နဂါးကြီးက ဘိုးလူပေကို

မီးတောက်ကြီးနဲ့များ မှုတ်လိုက်တော့မလားလို့

တွေးနေမိတာဗျို့။ခန္ဓသုတ်ကိုလည်း ကျုပ် မနားတမ်း

ရွတ်နေတယ်။

 

“အောက် အီး အီး အီး အွတ်”

 

ဟော တောကြက်တွေတောင် တွန်ပြီဗျ။

 

မကြာခင် အာရုံလာတော့မှာ။

 

“ဝုန်း”

 

နဂါးကြီး ရေထဲကို ပြန်ငုတ်သွားတယ်။

 

ရေပေါ်လှိုင်းတွေ ထကျန်ခဲ့တယ်။

 

ဘိုးလူပေရဲ့ ဝါးဖောင်လေးက လှိုင်းတွေပေါ်မှာ

လူးနေတော့တာပေါ့ဗျာ။ အချိန်တော်တော်ကြာသွားပြီဗျ။

ရေပြင်ကြီးတစ်ခုလုံး ငြိမ်နေတယ်။နည်းနည်းလေးတောင်

မလှုပ်တော့ဘူး။ ဘိုးလူပေကတော့ မန္တန်တွေ

အဆက်မပြတ် ရွတ်နေဆဲပဲဗျို့။

 

ကျုပ်ကလည်း ခန္ဓသုတ်ရွတ်ရင်းနဲ့ ပွဲစင်က

မီးကို မငြိမ်းအောင် ထွန်းနေတုန်းပဲဗျ။

 

“ဝုန်း”

 

ဟာ ရေလှိုင်းကြီးတစ်ခု ထသွားတယ်ဗျို့။

 

ဘိုးလူပေက ဖောင်ပေါ်မှာ ထိုင်လျက်ကနေပြီး

တစ်ခုခုကို လှမ်းဖမ်းယူလိုက်တာကို တွေ့လိုက်ရတယ်။

 

ဟော ငြိမ်သွားပြီ။ ငြိမ်သွားပြီ။ အင်းကြီးတစ်ခုလုံး

ငြိမ်ကျသွားပြီဗျို့။

 

“အောက် အီး အီး အွတ် ”

“အောက် အီး အီး အွတ်”

 

တစ်တောလုံးမှာ လင်းကြက်တွန်ပြီဗျို့။

တောကြက်ဖတွေ အတောင်တဖျန်းဖျန်းခတ်ရင်း

တောအနှံ့တွန်ကြလို့ဗျာ။

 

ဟာ ဘိုးလူပေ ပြန်လာပြီဗျို့။

ဝါးခြမ်းလှော်တက်ကလေးကို

လှော်ပြီး ဘိုးလူပေ ပြန်လာနေပြီ ။

ဝါးဖောင်လေးက ကျုပ်ရှိတဲ့ဘက်ကို တရွေ့ရွေ့နဲ့

မျောလာတယ်။

 

ဝါးဖောင် ကမ်းစပ်ရောက်ခါနီးတော့ ကျုပ်က

ပြေးဆင်းပြီး ဖောင်ကို ဆွဲတယ်။ ကမ်းစပ်မှာ

ဖောင်ကို ဆွဲတင်ပေးလိုက်တော့ ဘိုးလူပေ

လွတ်အိတ်ကြီး စလွယ်သိုင်းလျက်နဲ့ ဖောင်ပေါ်က

ဆင်းလာတယ်။ ပွဲစင်ရှေ့ရောက်တော့ လွတ်အိတ်ထဲကနေ

ကြေးပုရပိုက်ကြီးကို ဆွဲထုတ်ပြီး နဂါးပွဲပေါ်ကို

တင်လိုက်တယ်။

 

“နတ်နဂါးမင်းကြီး သင်နဲ့ ကျုပ်နဲ့ ကတိပြုခဲ့တဲ့အတိုင်း

ဒီနေ့ကစ ရေတွက်လို့ တစ်နှစ်ပြည့်တဲ့နေ့မှာ

ဒီကြေးပုရပိုက်သုံးဆူကို ပြန်လာပို့ပေးပါ့မယ်”

 

ဟုတ်တယ်ဗျ။ကျုပ် သေသေချာချာ ကြည့်လိုက်တော့

ကြေးပုရပိုက်က သုံးချပ်ဗျ။ ရွှေကြိုးနဲ့ ကြက်ခြေခတ်

ချည်ထားတာ။

 

“မောင်တာတေရေ နဂါးနဲ့ ကျုပ်နဲ့ ကတိထားပြီးကြပြီ

တစ်နှစ်ပြည့်တဲ့အချိန်မှာ ကျုပ်တို့ ဒီကြေးပုရပိုက်သုံးဆူကို

ဟောဒီနတ်နဂါးအင်းအရောက် လာပို့ကြရမယ်ကွယ့်

နတ်နဲ့ နဂါး မလှည့်စားနဲ့လို့ ရှေးလူတွေ မှာခဲ့တယ်မို့လား

ဒီပုရပိုက်တွေကို ပြန်မပို့ဘဲ ထားလို့ကတော့ ကျုပ်တို့

ဆရာတပည့်နှစ်ယောက်စလုံး မီးသွေးတုံးကြီးလို မဲပြီး

သေကြရမှာကွယ့်”

 

“ဟာ …ဟုတ်လား ဆရာကြီး။ အဲဒီစကားကို

ဘိုးရာစီလည်း ပြောဖူးတယ်ဗျ”

 

“ဟင် ဟုတ်လား ။ အလမ္ပာယ်ပြတဲ့ ကိုရာစီကို

ပြောတာလား ။ သူက ဘယ်မှာနေလို့တုံးကွယ်”

 

“ဟာ ဘိုးရာစီက ဘန့်ဘွေးကုန်းသားလေ ဆရာကြီးရဲ့။

အခု ဘန့်ဘွေးကုန်းမှာ နေတာ။ မြွေတော့ လွှတ်နိုင်တဲ့

အဘိုးကြီးဗျ”

 

“ဟုတ်တယ် မောင်တာတေ။

ကျုပ်ငယ်ငယ်က ကိုရာစီပြတဲ့ မြွေလမ္ပာယ်ပွဲကို

သုံးလေးခါလောက် ကြည့်ဖူးတယ်။

မြွေ လိမ္ပာယ်ပြ သိပ်တော်တဲ့လူကွယ့်။

သူက မြွေလိမ္ပာယ်ကို လမ်းဘေးမှာ

ပြတာ မဟုတ်ဘူးကွယ့်။

ရုံသွင်းပြီးတော့ ဆိုင်းနဲ့ ဝိုင်းနဲ့ ပြတာ။

ကြည့်တဲ့လူမှ ကြိတ်ကြိတ်တိုးနေတာကွယ့်။

သူ့ရုံအဝမှာ ‘မောင်ရာစီ မြွေလမ္ပာယ်ပွဲ’ကို

အမြဲတပ်တယ်။သူ့ပုံရော သူ့မြွေကြီးတွေရဲ့

ပုံရော ပန်ချီးဆွဲပြီး ချိတ်ထားတာ”

 

“ဟာ ဒါဆိုရင် ဆရာကြီးက ဘိုးရာစီကို

ကောင်းကောင်း သိတာပေါ့”

 

“လူချင်းတော့ မသိဘူးပေါ့ကွယ်

ဆရာက ကိုရာစီကို ကောင်းကောင်းမှတ်မိတာပေါ့

တကယ်တော်တဲ့ အလမ္ပာယ်ဆရာကြီးပါ မောင်တာတေ”

 

တစ်ရက် တစ်ည ကြာတော့မုဆိုး ကိုညီချေတို့ရွာကိုပြန်ရောက်တယ်။အပြန်မှာတော့ဘိုးလူပေနဲ့ ကျုပ်နဲ့ ရွှေစက်တော်ကိုဝင်ပြီး

ဖူးကြတယ်။ ဒီတစ်ခေါက်တော့ ဘိုးလူပေက ကျုပ်ကိုအိမ်အရောက် ပြန်ပို့ပေးတယ်ဗျို့။

 

ပြီးပါပြီ။

 

စာဖတ်ပရိတ်သတ်များ အားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။

 

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့အားပေးသွားပါအုံးဗျာ။

 

#တာတေ