နာနာဘာဝနှလုံးသား

*နာနာဘာဝ နှလုံးသား*📖📖📖(စ/ဆုံး)

***********************

ဟောဒီမြို့လေးမှာတော့ တင်မေထွန်းတို့
သူငယ်ချင်းလေးယောက်ကို အော်ကြောလန်
တွေဟု ပြောစမှတ်ပြုကြသည်။ မူလတန်း
ကျောင်းသူဘဝကတည်းက တွဲလာကြသူတွေ
မို့လည်း ညီအစ်မအရင်းတွေလို ချစ်ကြသည်။

ဘေးလူ တစ်ယောက်ယောက်က သူတို့အထဲက
တစ်ယောက်ယောက်ကိုတော့ မထိလိုက်နှင့်၊
ကိုယ့်လူမှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ
ဝိုင်းအာကြ၍ လွင့်ထွက်သွားနိုင်သည်။

အလယ်တန်းကျောင်းသူတွေ ဖြစ်ကြတော့လည်း
တတွဲတွဲနှင့် မခွဲကြ။ အထက်တန်းကျောင်းသူ
တွေ ဖြစ်လာကြတော့ ပိုဆိုးလာကြသည်။ ဘယ်
ယောက်ျားလေးမှ အနားကပ်ခွင့်မရ။ ကျောင်း
မပြီးမချင်း ချစ်သူမထားကြေး သစ္စာပြုကြသည်။

စာမေးပွဲကျလျှင် လူချင်းကွဲ အတန်းချင်းကွဲ
မှာ စိုး၍ စာကို ညှိ၍ ကျက်သည်။ စာမေးပွဲကို
ညှိ၍ ဖြေသည်။ ပိုမဖြေကြေး၊ လိုမဖြေကြေး၊
ဆယ်တန်းအောင်ကြတော့ အမှတ်စာရင်းတွင်
တစ်ယောက်နှင့်တစ်ယောက် ဆယ်မှတ်အပြင်
ပိုမကွာကြ။

သူတို့မိဘများမှာ ချမ်းချမ်းသာသာထဲက
မဟုတ်ကြသည်မို့ တက္ကသိုလ်ဆက်မတက်နိုင်
ဘဲ စာပေးစာယူနှင့်ပညာ ဆက်လက်သင်ကြ
ရသည်။ ဒါပေမဲ့ အားလုံးက တစ်မေဂျာတည်း
ယူကြသည်။ ကြားထဲမှာ သင်တန်းမျိုးစုံကို
တက်ကြသည်။

ဘွဲ့ရကြတော့ သင်တန်းဆင်းလက်မှတ်တွေ၊
ဒီပလိုမာတွေနှင့် လုပ်ငန်းခွင်ဝင်ရန် အဆင်
သင့် ဖြစ်နေကြပြီ။ ဇာတ်လမ်းကို ဤနေရာ
တွင် စတင်တော့မည်ဟု ပြောရပေတော့မည်။
အဘယ့်ကြောင့်ဆိုသော်…

တင်မေထွန်း၏ဦးလေးလင်မယား အကူအညီ
ဖြင့် သူငယ်ချင်းလေးဦး အလုပ်လုပ်ရန် ရန်
ကုန်သို့ ရောက်ရှိလာကြသည်။ အလုပ်ကို
နဂိုကပင် ကြိုတင်ရှာထားပြီပြီမို့ အခက်အခဲ
သိပ်မရှိလှ။

ရွှေပြည်သာ စက်မှုဇုံထဲတွင် နှစ်ယောက်က
တစ်ကုမ္ပဏီ၊ ကျန်နှစ်ယောက်က တစ်ကုမ္ပဏီ
ပြဿနာ မရှိလှ။ အလုပ်အတူဆင်း။ ပြန်လျှင်
အတူပြန်။ အဆင်ကို ပြေလို့။

နေဖို့ဖိုင်ဖို့ကလည်း တင်မေထွန်းဦးလေး
ငှားပေးသော အိမ်က ကျယ်မှကျယ်။ သန့်မှ
သန့်။ ခြံကလေး ဝင်းကလေးတောင် ပါ
လိုက်သေးသည်။ အဆောင်မှာနေလည်း
အဆောင်ခက ဒီလောက်၊ အိမ်လခကလည်း
ဒီလောက်ဆိုတော့ အိမ်ပဲငှားလိုက်ကြသည်။

လွတ်လွတ်လပ်လပ် ထမင်းဟင်းချက်၍
ရသည်။ ရေချိုး၊ အဝတ်လျှော်၍ ရသည်။
သူငယ်ချင်းတွေ တွတ်ထိုးကြသည်။ အိပ်
ချင်သည့်အချိန်မှ အိပ်ကြသည်။ ပျော်စ
ရာအကောင်းဆုံး အချိန်တွေဟုပင် ဆိုရ
ပေတော့မည်။

အိမ်ပေါ်ရောက်ပြီး တစ်ပတ်အကြာမှာတော့
ပြဿနာ တစ်ခုကို ရင်ဆိုင်ရလေသည်။
ညဘက်အိပ်ရန် မီးမှိတ်လိုက်သည်နှင့်
အိမ်ပေါ်ထပ်မှ တရှပ်ရှပ်နှင့် လမ်းလျှောက်
သံလိုလို တံမြက်စည်းလှည်းသံလိုလို
ကြားနေရတတ်သည်။

မကြောက်တတ်သူတွေဆိုတော့လည်း ကြွက်
တွေ ပြေးလွှားနေသည်ဟုပင် မှတ်ယူထား
လိုက်ကြသည်။

နောက်ရက်တွေကျတော့ ပိုဆိုးလာခဲ့သည်။
ကြမ်းပြင်ကို လက်ဖြင့်ပုတ်သည်။ ပြတင်းတံခါးတွေ အဖွင့်အပိတ်လုပ်သည်။ ပစ္စည်းတွေ ဟိုရွှေ့
ဒီရွှေ့ဖြင့် ဝုန်းဒိုင်းလုပ်သည်။ သူတို့က အောက်
ထပ်မှာ။ အသံတွေက အပေါ်ထပ်က။ မျက်စိ
ဖြင့် တပ်အပ်မြင်ရသည်လည်း မဟုတ်။

ကိုယ့်ကိုလည်း အန္တရယ်မပြု။ ဘာမှကြောက်စရာ
မရှိဟုပင် ပြုံးရွှင်ကာ ရယ်ပွဲဖွဲ့ကြသည်။

တစ်ခုသောညတွင် ဆူညံသံတွေက ပိုထွက်လာ
သဖြင့် အောက်ထပ်မှနေ၍ တင်မေထွန်းက

“ဟေ့ ဆူနေတာ နည်းနည်းတော့ များနေပြီနော်၊
ဘယ်လိုဖြစ်နေတာလဲ၊ ငါတို့အကြောင်း သိ
သွားမယ်”

ဟု အော်ဟစ်ခြိမ်းခြောက်လိုက်သည်။ ဒီတော့မှ
ပိုဆိုးလာသည်ဟု ပြောရပေတော့မည်။ ကြမ်း
ပြင်ကို ဖနောင့်နှင့် ပေါက်သည်။ နံရံတွေကို
ရိုက်နှက်သည်။ ဒီလိုတော့ ဘယ်ရမလဲ။ စူပါ
စတားလေးယောက်ဟာကို။

အားလုံး အပေါ်တက်ကြည့်ကြသည်။ မြင်ကွင်း
က မကောင်း။လှန်းထားသော အက်ျီကြိုးတန်း
မှ အဝတ်အထည်တွေကို ကြမ်းပြင်ပေါ်မှာ
လွှင့်ပစ်ထားသည်။ လုံချည်တွေက လှေကား
ထိပ်မှာ လုံးလုံးထွေးထွေး။ ဒီတော့လည်း
တင်မေထွန်းတို့ ပျော့ရတော့သည်။

“အေးပါဟယ် တို့က စတာပါ အိပ်ရေးပျက်တော့ အလုပ်ထိခိုက်တယ်။ သိပ်မဆူနဲ့နော်”

ပြောပြီး ပြန်ဆင်းလာကြသည်။ ဒီတော့လည်း
အဆင်ကို ချောလို့။ တရှပ်ရှပ် လမ်းလျှောက်
နေသံမှလွဲပြီး ဘာမှမကြားရတော့ချေ။ ဒါတောင်
မနက်မိုးလင်း အလုပ်သွားခါနီးတော့ တစ်
ယောက်က လုပ်လိုက်သေးသည်။

“ဟေ့…အိမ်ကို ကောင်းကောင်းစောင့်နော်၊
ဖွမထားနဲ့”

ဒီတစ်ခါတော့ နားထောင်သည်၊ ပြောရမည်။
အဝတ်အထည်စသော ပစ္စည်းကြီးကြီးတွေကို
မကိုင်သော်လည်း အိမ်ထဲမှာ ဖုန်မရှိ အမှိုက်
မရှိ ရှင်းလင်းနေသည်။ ဒီတော့လည်း သူငယ်
ချင်းလေးယောက် ပျော်ကြသည်ပေါ့။

ခုတော့ သူလည်း အိမ်သားတစ်ဦးလို ဖြစ်လာ
သည်။ ညတိုင်း ရေချိုးသံကြားရသည်။ ကောင်
မလေးတွေ အိပ်ပြီဆိုလျှင် တီဗီဖွင့်သံ ကြား
ရသည်။

“အိပ်လို့မရဘူး၊ မနက်အလုပ်သွားရဦးမှာ”

ဟု ဆိုလိုက်လျှင် အသံတွေ တိတ်သွားသည်။
ဒါပေမဲ့ လမ်းလျှောက်သံ တရှပ်ရှပ်ကတော့
တစ်ညလုံးကြားနေရသည်သာ။ သို့သော်လည်း
ညအိပ်ရာဝင်နောက်ကျသော ကောင်မလေး
တစ်စု ခုနှစ်နာရီထိုးသည့်တိုင် မနိုး။ မိုးအေး
အေးနှင့် ကွေးနေကြသည်။ ထိုအချိန်တွင်

“ထကြဟေ့ ထကြ၊ အလုပ်သွားရဦးမယ်
မဟုတ်လား”

ဟူသော နှိုးသံကြီးကို လေးဦးစလုံး နားနှင့်
ဆတ်ဆတ်ကြားလိုက်ရသည်။ သည်တော့မှ
လူးလဲထကြပြီး အလုပ်သို့ ကသောကမျော
ပြေးကြရလေသည်။ ဤသို့ဖြင့် သရဲမကြောက်
သော မချောလေးယောက်နှင့် လူကို အန္တရာယ်
မပြုသော သရဲတစ်ကောင်တို့ အတူနေလာ
ကြသည်မှာ ငါးလပင်ကျော်လာကြသည်။

မကြာမီ အိမ်စာချုပ် ခြောက်လပြည့်ပေတော့
မည်။ သူတို့ဆက်နေရကောင်းမလား၊ မနေရ
ကောင်းမလား စဉ်းစားရတော့သည်။ ဆက်
နေလိုလျှင် အိမ်ရှင်ကို ချော့ပေါ့။ တစ်ခုသော
စနေတစ်ညတွင် နောက်တစ်နေ့ အလုပ်ပိတ်
သည်ဖြစ်၍ မချောလေးယောက် ညဉ့်နက်
သည်အထိ တဝါးဝါးတဟားဟားဖြင့် တွတ်
ထိုးနေကြသည်။

တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် အပျင်းဖြေ
ကြသည်။ နောက်ဆုံး တင်မေထွန်းအလှည့်
တွင် ကျန်သုံးယောက်က “ငါတို့မပျင်းအောင်
နင်လုပ်”ဟု တောင်းဆိုကြသည်။ သည်တော့
တင်မေထွန်းက…

“ဟေ့ အပေါ်ထပ်က မိတ်ဆွေကြီး နင့်ကို ငါတို့
ကြည့်ချင်တယ် ကိုယ်ထင်ပြပါလား”

ဟု လှမ်းအော်လိုက်သည်။ မဖြစ်နိုင်ဟုထင်၍
အော်လိုက်သော်လည်း ခြေသံတရှပ်ရှပ်က ထွက်
လာသည်။ ပြီးတော့ လှေကားထိပ်မှာ ခဏရပ်
သွားပြီး ပါးလွှားလွှား လှေကားလက်ရမ်းက
လှုပ်သွားသည်။ ဖတ် ဖတ် ဖတ် ဖတ် လှေကား
မှ ဆင်းလာသံကို ကြားနေရသည်။

လေးယောက်သား အသက်ကိုပင် ပြင်းပြင်း
မရှုရဲတော့။ လှုပ်ဖို့ဆိုတာ ဝေလာဝေး။ လေး
စုံသော မျက်လုံးတွေက လှေကားဆီမှာ
စုပြုံရောက်နေကြသည်။ လှေကားငါးထစ်
အရောက်မှာ ခြေတစ်ဖက်ကို စမြင်ရသည်။

ဖွေးနေသည်။ ဖြူနုနေသည်။ သွယ်လျသည်။
ပြီးတော့ နောက်တစ်ဖက် ကျလာသည်။ လှ
လိုက်တာ။ အဝါဖျော့ဖျော့လုံချည်လေးက
ခြေမျက်စိဖုံးနေသည်။ တဖြည်းဖြည်းနှင့် ဒူး
ဆစ်ထိ ရောက်လာသည်။

လှေကားအလယ်လောက်ရောက်တော့ လည်တိုင်
အထိပင် တွေ့ရသည်။ လက်ပြတ်ခါးရှည်အက်ျီ
ကို အနက်ခံပေါ်မှာ အဝါပွင့်ကြီးတွေ ထင်းနေ
သည်။ ဆံပင်ရှည်ဖြောင့်ဖြောင့်က ရင်ညွန့်ကို
လွန်ပြီး ကျနေသည်။ ရှေ့ပိုင်းတော်တော်များ
များကို ဆံပင်တွေ ဖုံးကွယ်နေသည်။

နောက်နှစ်ထစ်ဆင်းလိုက်တော့ ကိုယ်လုံးပေါ်
သွားသည်။ ခေါင်းကို အတတ်နိုင်ဆုံး ငုံ့ထား
သည်။ မဟုတ်ဘူး မဟုတ်ဘူး။ ဇက်ကျိုးနေ
သလိုမျိုး ဖြစ်နေသည်။ ဒီလောက်လှသည့်
သရဲကို မချောလေးယောက် မကြောက်မရွံ့
ကြည့်နေကြသည်။ သူလည်း မိန်းမပေပဲ။
တင်မေထွန်းက…

“မျက်နှာ မပြတော့ဘူးလား”

သရဲမ ခေါင်းခါသည်။ ပြီးတော့ အပေါ်ပြန်
လှည့်တတ်သွားတော့သည်။

Xxxx

အိမ်စာချုပ်ပြည့်ဖို့ ဆယ့်ငါးရက် အလိုလောက်မှာ
တင်မေထွန်းတို့ ဇာတိရပ်ရွာကို ပြန်ကြဦးမည်။
အိမ်ဖိုးမပြည့်သည်ကို မိဘတွေကို ဖြည့်ခိုင်းရ
မည်။ ဒီအိမ်မှာ ဆက်နေသင့်၊ မနေသင့် တိုင်ပင်
ကြရမည်။ ပြီးတော့ သီတင်းကျွတ် ရုံးပိတ်ရက်
ကလည်း ရက်ရှည်ဖြစ်နေသည်။

ပြန်ခါနီး တံခါးမပိတ်မီ တစ်ယောက်က ထ
ဖောက်သည်။ “ဒီအိမ်က မမရေ၊ ငါတို့နဲ့ လိုက်
လည်ပါလား”ဟု အော်ခဲ့သည်။ ပြီးတော့မှ
ကားဂိတ်ကို ဆင်းခဲ့ကြသည်။

အဝေးပြေးလိုင်းကားပေါ်ရောက်တော့လည်း
သူတို့အသံတွေချည်းဖြစ်သည်။ တစ်ယောက်
နှင့်တစ်ယောက် ဆီးထုပ်တွေ ပစ်ပေးသည်။
နေရာလဲထိုင်သည်။ ပြတင်းဘေးလုကြသည်။
ကားပေါ်က လူတွေပင် မျက်စိနောက်လာကြ
သည်။ သွားရမည့်ခရီးက သုံးနာရီလောက်ဖြစ်
၍သာ တော်တော့သည်။ ခရီးတစ်ဝက်လောက်
ရောက်တော့ တင်မေထွန်းက…

“ဟဲ့ ဟဲ့ နင်တို့ မမသရဲကို မလွမ်းဘူးလား”

“အေးဟယ် ငါတို့မရှိရင် သူလည်းပျင်းနေမှာ”

ထိုသို့ပြောပြီးသည်နှင့် ဒရိုင်ဘာ နောက်နားက
ကွက်လပ်လေးတွင် မတ်တတ်ရပ်လျက် သူမ
ပေါ်လာ။ အဲ…သရဲမက ပေါ်လာပြသည်။ ဒါကို
သူတို့လေးယောက်စလုံး မြင်ကြသည်။ ဒါပေ
မဲ့ ခေါင်းကိုတော့ မျက်နှာမမြင်ရသည်အထိ
ငုံ့ထားသည်။ ဆံပင်တွေကလည်း ကွယ်ထား
သေးသည်လေ။

ကောင်မလေးများ မျက်လုံးပြူးကုန်ကြသည်။
ပြန်ခိုင်း၍လည်း ပြန်မည့်ပုံမပေါ်၊ ပေကပ်လိုက်
လာပေတော့မည်။ အိမ်ရောက်လျှင် မည်သိူ့
ပြောရပါ့၊ ဒီတော့မှ ညည်းအိမ်အရင်သွား၊
သူ့အိမ်အရင်သွားတွေ ဖြစ်ကုန်ကြတော့သည်။

ခေါ်လာသည့်သူကို အပြစ်ဖို့ကြသည်။ ကားကြီး
မှာလည်း မြို့လေး၏ ကားဝင်းအတွင်းမှာ ငြိမ်
သက်စွာ ရပ်နေပေပြီ။ နောက်ဆုံး တင်မေထွန်း
ပင် ခေါင်းခဲကာ…

“ကဲ…ကဲ…ဘာမှငြင်းမနေကြနဲ့တော့။ ငါ့အိမ်သာ
လိုက်ခဲ့ကြတော့။ အဖေနဲ့အမေကို ငါပဲ ဖွင့်ပြော
လိုက်တော့မယ်”

“ဟိုမမလည်း လိုက်သာလိုက်ခဲ့တော့။ အိမ်ကျ
ရင်တော့ ငြိမ်ငြိမ်လေးနေ၊ မသောင်းကျန်းနဲ့
ဟုတ်ပြီလား”

ဆူညံပွက်လောရိုက်ကာနှင့်ပင် တင်မေထွန်းတို့
အိမ် ရောက်လာကြသည်။ အဖေနှင့် အမေမှာ
သမီးကို တွေ့ရ၍ တပြုံးပြုံးဖြစ်နေကြသည်။
တင်မေထွန်းက စကားစသည်။

“ဒီလို မေမေရဲ့၊ သမီးတို့ငှားနေတဲ့အိမ်က သရဲ
ခြောက်တယ် သိလား”

“ဟယ်…အဲဒါ သမီးတို့ မကြောက်ဘူးလား”

“မကြောက်ပါဘူး သမီးတို့က လေးယောက်
တောင်”

က စပြီး မိခင်နှင့်ဖခင်ကို တင်မေထွန်းက အစ
အဆုံး ရှင်းပြလိုက်သည်။

“ဒါဆို ခု ညည်းတို့နဲ့ ပါလာတာပေါ့”

“ဟုတ်”

ဟု ဆိုကာ အိမ်ပေါက်ဝသို့ လေးယောက်သား
ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။ သရဲမမှာ
ခြံတံခါးဝတွင် ရပ်လျက်ရှိသည်ကို တွေ့ရလေ
သည်။

“ဟော…ခြံဝမှာ ရပ်နေတယ် မေမေ။ သမီး ခေါ်
ရမလား”

“အောင်မလေး…မလုပ်ပါနဲ့အေရယ်၊ ကဲ…ကို
သန်းဝင်း၊ ဘယ်လိုလုပ်ကြမတုံး၊ တော့သမီး
လုပ်ပုံ ကောင်းသေးရဲ့လား။ သူတို့က ခေါ်လာ
ရင် နှင်ဖို့ခက်တယ်တဲ့”

“ဒါက လွယ်ပါတယ်ကွာ။ ဒီကိစ္စမျိုးကို နိုင်နင်း
တဲ့ ဆရာမုန်းဆိုတာ အရှေ့ပိုင်းမှာ ရှိတယ်
သူ့ပဲ လုပ်ခိုင်းလိုက်ရုံပေါ့”

“အဲဒါဖြင့်လည်း အမြန်သွားခေါ်ချည့်သွား၊
ကယ်ရီစီးသွားချည့်”

“ငါခြံပေါက်ဝထွက်ရမှာ ကြောက်တယ်ဟ”

“တကတဲတော် သူများ အားကိုးရမလားမှတ်
တယ်။ နေ့ခင်းကြောင်တောင် သူက ကြောက်
နေတယ်။ ယောက်ျားရင့်မာကြီးလုပ်နေပြီး
တော့ သွား မြန်မြန်”

မိန်းမဟောက်တော့မှ ဦးသန်းဝင်း တုံ့ဆိုင်း
တုံ့ဆိုင်းဖြင့် ထွက်သွားသည်။ ဆရာမုန်းအိမ်
ရောက်တော့ ဆရာမုန်းက မရှိ။ တွံတေးဘက်
သို့ အဓိဋ္ဌာန်သွားဝင်နေသည်ဟု သူ့တူချစ်
တူးက ပြောသည်။

“ဦးလေးရယ် မပူပါနဲ့၊ ဒီကိစ္စလောက်က အဘ
ပါစရာ မလိုပါဘူး။ ကျတော်လုပ်ပေးလို့
ရပါတယ်”

“ဒါဖြင့်လည်း လိုက်ခဲ့ပါကွယ်။ တစ်ယောက်
ယောက် ပါမလာရင် သရဲမရိုက်ဘဲ မိန်းမရိုက်
လို့ ငါသေရပါလိမ့်မယ်”

ဦးသန်းဝင်းနှင့်အတူ ချစ်ထူးလိုက်လာသည်။
ရောက်သည်နှင့် ဘုရားစင်တွင် ဖယောင်းတိုင်
အမွှေးတိုင်တို့ကို ထွန်းပြီး အိမ်ထဲမှာရှိသော
အပိုင်အစောင့်အရှောက်တို့ကို ပရလောက
သား တစ်ဦးအား ခေတ္တဝင်ခွင့်ပြုဖို့ ခွင့်တောင်း
လိုက်သည်။ ပြီးတော့ တင်မေထွန်းကို…

“ကဲ…ညီမသူငယ်ချင်းကို ထွက်ခေါ်လိုက်”

တင်မေထွန်းကလည်း နောက်ရွှတ်ရွှတ်မို့…

“ကဲ…မမရေ..ဝင်လို့ရပြီတဲ့၊ အဲဒီဆရာကို
ကြိုက်ရင်လည်းပြော ပြောပေးမယ် သိလား”

ဟု ပြောပြီး ပြန်ဝင်လာသည်။ တင်မေထွန်း
အိမ်ထဲပြန်ရောက်သည်နှင့် သူတို့အထဲမှ
အချောဆုံးဖြစ်သော ခိုင်မျိုးပိုင်ဆိုသော
မိန်းကလေးမှာ ဝါးကနဲ တစ်ချက်သန်းလိုက်
သည်။ ချစ်ထူးလည်း အသင့်ဆောင်ထား
သော ပန်းကန်ပြားပေါ်တွင် ဝိညာဉ်ချုပ်အင်း
ပတ်ထားသော ဆေးဖယောင်းတိုင်ကို အချိန်
ကိုက် ထွန်းလိုက်လေတော့သည်။

ခိုင်မျိုးပိုင် ရှေ့တိုးနောက်ငင် ယိမ်းလာချိန်ဝယ်
ချစ်ထူးက…

“နင် ဘယ်သူလဲ ဘာလို့ဒီကိုလာတာလဲ”

“ကျမနာမည် ခင်မြသွေးပါ၊ ဒီကို သူတို့ခေါ်လို့
လိုက်လာခဲ့တာပါ”

“သူတို့ခေါ်တိုင်း နင်က လိုက်စရာလား။ နင့်
နေရာ မဟုတ်ဘူးဆိုတာ မသိဘူးလား။
နင်တို့လောကသားတွေအချင်းချင်း ဒုက္ခ
ဝိုင်းပေးမှ ဟုတ်ပေ့ဖြစ်နေမယ်”

“သူတို့ လေးတွေကို ချစ်တာကိုးရှင့်”

“ကဲ…ဒါတွေထားပါဦး၊ နင့်အကြောင်းလေး
နည်းနည်းပြောပြပါလား။ ကူညီစရာရှိရင်
ကူညီရအောင်လို့”

“ခု သူတို့လေးတွေ ငှားနေတဲ့အိမ်မှာ အရင်က
ကျမနဲ့မောင် လက်ထပ်ပြီး ငှားနေကြတာပေါ့၊
မောင်ကလည်း ကျမကိုချစ်တယ်။ ကျမကလည်း
မောင့်ကိုချစ်တယ်၊ ပျော်လိုက်ကြတာလေ။
ဒါပေမဲ့ ဒီအပျော်တွေဟာ သုံးလလောက်ပဲ
ခံပါတယ်၊ မောင့်ရဲ့မယားကြီးဆိုသူက လိုက်
လာတယ်၊ ကျမကိုလည်း ဆိုလိုက်ပြောလိုက်
တာ ခေါင်းတောင် မဖော်ဝံ့ပါဘူး။ ပြီးတော့
လူကြီးတွေ၊ ရှေ့နေတွေ ခေါ်လာပြီး
“နင့်ကို သနားလို့ ပြဿနာ မလုပ်ဘူး။
သူ့ကိုတော့ ခေါ်သွားမယ်”ဆိုပြီး မောင့်ကို
ရဲတွေနဲ့ ဆွဲခေါ်သွားကြတယ်။ ကျမလည်း
ရှက်လွန်းလို့ အဲဒီညမှာပဲ အိမ်ရဲ့အပေါ်ထပ်
မှာ ဆွဲကြိုးချပြီး ကိုယ့်ကိုယ်ကို လုပ်ကြံ
လိုက်တော့တယ်”

“နင် ဒီဘဝကြီးနဲ့နေတာ။ မကောင်ပါဘူး။
ကျွတ်အောင်လွတ်အောင် ဒါနပြု အမျှဝေ
ပေးမယ်။ ဘယ်နှယ့်လဲ၊ သာဓုခေါ်မလား”

“ဟင့်အင်း…ကျမ မကျွတ်ချင်ဘူး”

“ဒါဆို ငါက နင့်ကို ဒီကနေ လွင့်သွားအောင်
လုပ်ရလိမ့်မယ်။ ခု နင့်ကို သနားလို့ ပြော
ပြနေတာ”

“မလုပ်ပါနဲ့ရှင် ကျမ သူတို့နဲ့နေရတာ ပျော်လို့
လိုက်လာတာပါ။ ရှင်တို့မကြိုက်ရင် ကျမ
နေရာ ကျမပြန်ပါတော့မယ်”

“ကဲ…ပြောမရရင်လည်း ပြန်ပေတော့”

“သြော်…ဒါနဲ့ သူတို့ကို မှာခဲ့ပါရစေ”

“ဘာလဲ…ပြော”

“နောက်တစ်ခါ အိမ်ငှားရင်လည်း အရင်အိမ်
ကိုပဲ ငှားပါလို့။ ကျမ အိမ်ရှင်ကို သူတို့ကိုပဲ
ငှားအောင် ဆွဲဆောင်ပေးပါ့မယ်နော်”

“အေးပါ”

ခိုင်မျိုးပိုင်လည်း ပစ်လဲကျသွားသည်။
နာရီဝက်လောက်ကြာမှ သတိရလာခဲ့သည်။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ ကျိုက်လတ် မောင်ချိန်အားလေးစားလျက်

ကိုယ်တွေ့ကြုံခဲ့ရသော ထိတ်လန့်တုန်လှုပ်ဖွယ်
သရဲတစ္ဆေများ စာအုပ်မှ ကောက်နုတ်တင်ပြ
ထားသည်။

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

Like&shareလေးနဲ့အားပေးသွားပါအူံး