တန်ပြန်ဖရောင်းတိုင်

တန်ပြန်ဖယောင်းတိုင်(စ/ဆုံး)
~~~~~~~~~~~~~~~မူရင်းရေးသားသူ _ ဆရာတာတေ

ကျုပ်ဆရာအိုနဲ့လိုက်နေတုန်းကဗျ။
ဆရာအိုလုပ်ခဲ့တာကို ကျုပ်ကိုယ်တိုင် သေသေချာချာမြင်ခဲ့တာ။
ဒီတော့မှ ကျုပ်လည်းသိခဲ့တော့တာဗျို့။

လောကကြီးမှာကောင်းတာလုပ်တိုင်း အဆင်ပြေတာ မဟုတ်ဘူးဗျာ။

ဘုရားရှိခိုး မေတ္တာပို့၊ ကြေးစည်လေး
တနောင်နောင်ထု၊ ဒါ့ထက်ကောင်းတာရှိဦးမလားဗျာ။

အရှေ့အရပ်၊ အနောက်အရပ်၊ တောင်အရပ်၊

မြောက်အရပ်တွေကို မေတ္တာပို့တော့ အိမ်နီးချင်း
တွေက မေတ္တာရကြလို့ ဝမ်းသာကြမှာပဲလို့မထင်နဲ့ဗျို့။

ဆရာအိုနဲ့ကျုပ်လိုက်သွားလို့သာအဘဇံကိုတွေ့ဖူးတာဗျ။

အဘဇံဆိုတဲ့ ဘိုးတော်ကြီးက အသက်ခုနှစ်ဆယ်ကျော်ပြီ။
အဲဒီ့မြို့လေးကလည်း ငယ်ငယ်လေးပါဗျာ။

ရပ်ကွက်ခုနှစ်ခုပဲရှိတာ။အဘဇံက အောင်တော်မူ
ရပ်ကွက်ကသုံးလမ်းမှာနေတာ။ တစ်ယောက်တည်း
သမားဗျ။

ပျဉ်ထောင်သွပ်မိုးတစ်ထပ်အိမ်ကလေးနဲ့နေတာ။
ဇနီးက ဆုံးသွားပြီး သားသမီးတွေကလည်းအဝေးမှာ။

တစ်မြို့တည်းနေတဲ့ တူတစ်ယောက်
ကတော့ သူ့ကိုစောင့်ရှောက်တယ်ဆိုပဲ။

အဘဇံကလည်း သန်သန်မာမာကြီးဗျ။
သူထမင်းဟင်းကို သူ့ဟာသူချက်စားတဲ့အဘိုးကြီးဗျို့။
ဘယ်သူ့ကိုမှ အပူမကပ်ဘူး။မနက်ဆိုစောစောထပြီး ဘုရားတစ်ခါ ရှိခိုးသတဲ့။

ညဆိုရင်လည်း ဘုရားတစ်ခါရှိခိုးသတဲ့။

ပြီးရင်တစ်ရပ်ကွက်လုံးကို မေတ္တာပို့တာတဲ့ဗျို့။

လမ်းထဲကလူတိုင်းက အဘဇံကို ချစ်ကြခင်ကြဆိုပဲ။

တစ်ရက်တော့ အဘဇံဘုရားရှိခိုးသံမကြားရလို့
တောင်ဘက်အိမ်ဒေါ်သက်ကြီးက သွားကြည့်သတဲ့။

ဒီတော့မှ အဘဇံက ဒေါ်သက်ကိုလှမ်းခေါ်ပြီး
လက်ဟန်ခြေဟန်နဲ့ ပြောဆိုပဲ။

သူ့အသံပျောက်သွားတာ နဲနဲမှကို မထွက်တော့ဘူးတဲ့ဗျို့။
ဒီတော့မှ ဒေါ်သက်ကြီးလည်း လမ်းထဲကအဘဇံရဲ့မိတ်ဆွေ အဘိုးကြီးတွေကို လိုက်ပြောရတော့တာပေါ့ဗျာ။

လူတွေ ရောက်လာတော့မှ အဘဇံကိုဆရာဝန်ဆီခေါ်သွားပြီး ပြကြရတာဗျ။ဒါပေမယ့် အဘဇံအသံက တစ်လကြာတဲ့အထိပြန်ထွက်မလာဘူးတဲ့ဗျာ။

ဒီတော့မှ ဒီကိစ္စမရိုးဘူးလို့ တွေးမိကြပြီး
ဆရာရှာတော့တာပေါ့ဗျာ။

နောက်ဆုံးဆရာအိုသတင်းကြားပြီး ဆရာအိုကိုလာပင့်ကြတာဗျို့။

ဆရာအိုက ကျုပ်ကိုခေါ်ခဲ့လို့ ကျုပ်ပါလာတာဗျ။
ဆရာအိုကအဘဇံကိုမေးတယ်။

“အဘဇံ အသံစဝင်တဲ့အချိန်က စပြီး
အခုထိပေါ့ဗျာ။

ဒီအတွင်းမှာ ထူးထူးခြားခြားဘာတွေများဖြစ်တုန်းဗျ။
ထူးထူးခြားခြားအသံတွေကြားတာတို့ ရိုးကနဲ ရိပ်ကနဲမြင်လိုက်တာတို့ပေါ့ဗျာ”

အဘဇံက အသံလုံးဝမထွက်နိုင်ဘူးဗျ။

သူ့ရှပ်အင်္ကျီအိပ်ကပ်မှာ ချိတ်ထားတဲ့
ဖောင်တိန်လေးကို ဖြုတ်ပြီး စာရွက်ထဲမှာရေးပြတယ်။

“ကျုပ်မကြာမကြာ အိပ်မက် မက်တယ်။
ကျုပ်တစ်ခါမှမမြင်ဘူးတဲ့ မိန်းမတစ်ယောက်က
ကျုပ်ကို သေသေချာချာကြည့်ပြီး ခုအသံ
အကျယ်ကြီးနဲ့ ဘုရားရှိခိုးနိုင်သေးလားတဲ့ဗျ။
ကျုပ်က သူ့ကို ခေါင်းခါ ပြလိုက်တော့
အဲဒီ့မိန်းမက ဝမ်းသာအားရနဲ့ ရယ်လိုက်တာဗျာ”

ဆရာအိုက အဘဇံရေးပြတဲ့ စာရွက်ကို
ဖတ်ကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။

“ကျုပ်သိပြီ အဘဇံ၊ ကဲ …မောင်တာတေ ဟောဒီ့က
ဆန်မန်းတွေကို အိမ်အောက်ဝင်ပြီး နှံ့အောင်
ကြဲစမ်းကွယ်၊ ပြီးရင် သေသေချာချာကြည့်နေ။
ဆန်မန်းတွေ စုသွားတဲ့နေရာကို ဓါးနဲ့တူးကြည့်
တွေ့တာရှိရင် ကျုပ်ဆီယူခဲ့ပေတော့ ”

လို့ ပြောပြီး ဆရာအိုက ကျုပ်ကို ဗူးလေး
တစ်ဗူးပေးတယ်။ ကလေးတွေလိမ်းတဲ့
ဝိုင်အိုလက်ပေါင်ဒါဗူးဗျ။ ကျုပ်က ဆရာအိုဆီကနေ
ရိုရိုသေသေလှမ်းယူလိုက်တယ်။

“ဂျောက်…ဂျောက်…ဂျောက်”

အထဲမှာ ဆန်စေ့တွေဗျ။ ဆရာအိုပြောတဲ့
ဆန်မန်းဖြစ်မှာပေါ့ဗျာ။ အဘဇံရဲ့မိတ်ဆွေအဘိုးကြီး
တစ်ယောက်က အိမ်နောက်ဘက်ဝင်ပြီး
ဓါးမတိုလေးတစ်ချောင်းယူလာပေးတယ်။
ကျုပ်က ဆန်မန်းဗူးနဲ့ဓါးမတိုကိုယူပြီး
အိမ်အောက်ကို ဆင်းလာတယ်။

အဘဇံရဲ့အိမ်က ခြေတံရှည်အိမ်ဗျ။ဒါပေမယ့်
အိမ်အောက်က သိပ်အမြင့်ကြီးတော့ မဟုတ်ဘူး။
အရပ်ရှည်တဲ့ လူဆိုရင်တော့ ခေါင်းငုံ့သွားမှရမှာ၊
ကျုပ်အရပ်လောက်ကတော့ လွတ်တယ်ဗျ။

ကျုပ်က ဝိုင်အိုလက်ဗူးကို ဖွင့်ပြီး ဆန်မန်းတွေကို
အိမ်အောက်မှာ အနှံ့လိုက်ကြဲတယ်။ ပြီးတော့
အဘဇံရဲ့ဝိုင်းထဲတွေလည်း ကြဲလိုက်တယ်။

“မောင်တာတေ ဆန်မန်းကြဲလို့ ပြီးပလားကွဲ့”

ခဏနေတော့ ဆရာအိုက အိမ်ပေါ်ကနေပြီး
လှမ်းမေးတယ်။

“ဟုတ်ကဲ့ ပြီးပြီဆရာ”

“အေး ..အေး ဒါဆိုရင် ကျုပ်မန္တန်ရွတ်တော့မယ်၊
မောင်တာတေ သေသေချာချာသာကြည့်နေ”

“ဟုတ်ကဲ့ ဆရာ”

ကျုပ်က ဥယျာဉ်တိုင်ကိုမှီပြီး ဓါးမတိုလေး
ကိုင်ကြည့်နေတာဗျ။ ဆရာအိုဆီက မန္တန်ရွတ်သံ
အဆက်မပြတ်ထွက်လာတယ်။

ဟော ဆန်တွေ ခုန်နေပြီဗျို့။ ဟာ…တစ်ဝိုင်းလုံးက
ကျုပ်ကြဲထားတဲ့ဆန်စေ့တွေ အကုန်ခုန်နေတာဗျ။
ဟော …ဟော ဆန်စေ့တွေက ခုန်ရင်းရွေ့သွား
နေပြီဗျို့။ ဟာ …အိမ်ဝိုင်းရဲ့ မြောက်ဘက်ထောင့်ကို
ရွေ့သွားနေတာဗျို့။ ကျုပ်လည်း ဆန်စေ့တွေ
ခုန်ရင်းစုသွားတဲ့ မြောက်ထောင့်ကို လိုက်ရ
တော့တာပေါ့ဗျာ။

ဟော…ဝိုင်းထဲမှာရော အိမ်အောက်မှာရော၊
ဆန်တစ်စေ့မှကို မရှိတော့ဘူးဗျို့။ ဆန်စေ့တွေ
အကုန်လုံး မြောက်ထောင့်က သရက်ပင်ကြီး
အောက်မှာ စုပုံနေကြပြီဗျ။ ကျုပ်ကဆန်တွေ
စုနေတဲ့ နေရာကို ဓါးမတိုလေးနဲ့ ကပျာကယာ
တူးလိုက်တယ်။

‘ဂွပ်’

ဟာ …သိပ်မတူးလိုက်ရဘူးဗျို့။ ဂွပ်ကနဲမြည်သံ
ကြားတာနဲ့ ကျုပ်က ဆက်မတူးတော့ဘဲ
လက်နဲ့ပဲ သဲတွေ ယက်ထုတ်လိုက်တယ်။
ဟော…တွေ့ပြီ၊ အင်းချပ်ကလေးဗျ။
ဟာ…အိုးခြမ်းပဲ့ပေါ်မှာ ချထားတာပဲ။
ဆရာအိုရဲ့ မန္တန်ရွတ်သံလည်း ရပ်သွားပြီဗျို့။

“မောင်တာတေ တွေ့ပြီမို့လားဟေ့”

“ဟုတ်ကဲ့ တွေ့ပြီဆရာ”

“အေး..အေး ဒီကို ယူခဲ့တော့ကွဲ့”

ကျုပ်က အိမ်ပေါ်တက်ပြီး ဆရာအိုကို
အိုးခြမ်းပဲ့ အင်းလေးပေးလိုက်တယ်။
အဘဇံရော တခြားအဘိုးကြီးတွေကပါ
ဝိုင်းကြည့်ကြလို့ပေါ့ဗျာ။

“အော်…လူတွေ…လူတွေ၊တော်တော်ကို
ရက်စက်ကြတာပါလား၊ ဒါ ရေလုံအိုးကွဲမှာ
ချထားတဲ့ အင်းပဲ၊ တိုက်အင်းအစစ်ပေါ့ဗျာ။
အဘဇံ ဘုရားရှိခိုးတဲ့ အသံကို နားမထောင်နိုင်တဲ့
လူက ပညာသည်ဆီမှာ လုပ်ခိုင်းပြီး
လာမြှုတ်ထားတာဗျ”

ဆရာအိုက ခဏငြိမ်ပြီး အင်းကို သေသေချာချာ
ကြည့်တယ်။

“သေအောင်လုပ်တာတော့ မဟုတ်ပါဘူး၊
အသံမထွက်နိုင်ရုံလောက်လုပ်တာပါ၊
ကဲ …မောင်တာတေ ဟိုလက်ဆွဲအိတ်ကြီး
ဆရာ့ကို ပေးစမ်းကွယ်”

ဆရာအိုက နံရံမှာ မှီထားတဲ့ လက်ဆွဲအိတ်အနက်ကို
လက်ညှိုးထိုးပြတယ်။ ဒီအိတ်ကြီးကို ကျုပ်ပဲ
ဆွဲလာတာလေဗျာ။ ကျုပ်က အိတ်ကိုယူပြီး
ဆရာအိုကို ရိုရိုသေသေနဲ့ ပေးလိုက်တယ်။
ဆရာအိုက အိတ်ထဲမှာ စက္ကူနဲ့ သေသေချာချာ
ထုပ်ထားတဲ့ အထုပ်တစ်ထုပ်ကို ယူပြီး
ဖြည်လိုက်တယ်။မြေဆိုင်ခဲသုံးခဲနဲ့ အိုး
ခြမ်းပဲ့တစ်ခုဗျ။

ဆရာအိုက သူရဲ့ဆေးအစ်ကြီးထဲက
ဖယောင်းတိုင်တစ်တိုင်ကို ထုတ်ယူတယ်။

“ဒါက သိမ်ဝင်ဖယောင်းတိုင်ကွဲ့ မောင်တာတေရဲ့၊
ထွန်းရင်အတည့် မထွန်းရဘူး ဇောက်ထိုးထွန်းရတယ်”

ပြောပြောဆိုဆို ဆရာအိုက ဖယောင်းတိုင်ကို
ဖင်ဘက်ကမီးညှိပြီး ဇောက်ထိုးကြမ်းပြင်မှာ
စိုက်တယ်၊ ဘေးကနေပြီး သင်္ချိုင်းမြေစိုင်ခဲ
သုံးခဲကို ဖိုခနောက်ဆိုင်ထားလိုက်တယ်
ပြီးတော့မှ အပေါ်ကနေ ရေလုံအိုးခြမ်းပဲ့ကို
တင်လိုက်ရောဗျို့။ ပြီးတော့မှ အိုးခြမ်းပဲ့ထဲကို
တိုက်အင်းလေး ထည့်လိုက်တယ်။

ဆရာအိုက မန္တာန်ကို တိုးတိုးလေးရွတ်တယ်။
ပြီးတာနဲ့ အမိန့်ပြန်တယ်။

“ကဲ ဒီတိုက်အင်းရဲ့ ပိုင်ရှင် ငါဆရာအမိန့်ပေးတယ်။
နင်အတတ်နင်ပြန်နှုတ်၊ အခုနှုတ်၊ နဲနဲမှမကျန်အောင်နှုတ်၊
အဘဇံ မိမွေးတိုင်း၊ ဖမွေးတိုင်းဖြစ်အောင် နင့်အတတ်နဲနဲမှ
မကျန်အောင်နှုတ်”

ဆရာအိုက ဘေးမှာကျုံ့ကျုံ့လေးထိုင်နေတာ
အဘဇံဘက်လှည့်ကြည့်လိုက်ပြီး …

“အဘဇံ…ကျယ်ကျယ်လေး ထူးလိုက်စမ်း”

အဘဇံက ခေါင်းခါပြတယ်။သူထူးပေမယ့်
အသံက ထွက်မလာဘူးဗျ။

“တော်တော်ခေါင်းမာတဲ့ဟာ၊ ငါက ပူရုံနွေးရုံလောက်နဲ့
ပြီးချင်ပေမယ့် နင်က မပြီးတော့လည်း
လုပ်ရတော့မှာပေါ့လေ”

ဆရာအိုက လက်ဆွဲအိတ်အနက်ကြီးထဲက
ပစ္စည်းလေးတစ်ခု ထုတ်ယူလိုက်တယ်
ဝါးယောင်းမလေးဗျ။

“ဒါ…တစူးဝါးကိုလုပ်ထားတဲ့ ယောင်းမလေ
မောင်တာတေရဲ့၊ ဒါနဲ့ မွှေလိုက်လို့ကတော့
ဘယ်သူခံနိုင်မှာတုန်းကွယ် ”

ပြောပြောဆိုဆိုနဲ့ ဆရာအိုက လောလောလတ်လတ်
မြှုတ်ထားတဲ့ မြေပုံက ယူလာတဲ့ မြေစိုင်ခဲသုံးခဲကို
ဖိုခနောက်လုပ်ပြီး တင်ထားတဲ့ ရေလုံအိုးခြမ်းပဲ့
ဒယ်အိုးထဲက တိုက်အင်းကို တစူးဝါး ယောင်းမလေးနဲ့
မွှေတော့တာဗျာ။ အောက်က သိမ်ဝင်ဖယောင်းတိုင်ကို
ဇောက်ထိုး ထွန်းထားတဲ့ မီးတောက်ကလေး
အရှိန်တော်တော်ပြင်းနေပြီဗျို့။

“ကဲ …နင်အတတ်ကိုနှုတ်၊ နဲနဲမှ မကျန်အောင်နှုတ်၊
အခုနှုတ်၊ အထက်ပုဂ္ဂိုလ်ကြီးတွေကို ဦးထိပ်မှာထားပြီး
ငါဆရာအမိန့်ပေးလိုက်တယ်။ နင်ပညာနင်နှုတ်၊
အခုနှုတ်”

ဒီတစ်ခါ အမိန့်ပေးတာ တော်တော်ကို လေသံမာတယ်ဗျို့
ခဏနေတော့ ဆရာအိုက အဘဇံဘက်ကို လှည့်ကြည့်ပြီး

“အဘဇံ”

လို့ ခပ်ကျယ်ကျယ်လေးခေါ်လိုက်တယ်။

“ဗျာ”

ဟော…အဘဇံအသံပြန်ထွက်လာပြီဗျို့။
ဘေးကနေအုံကြည့်နေတဲ့ အဘဇံရဲ့မိတ်ဆွေ
အဘိုးကြီးတွေလည်း အံ့သြပြီး ‘ဟာ’ကနဲ
ဝိုင်းအော်လိုက်ကြတယ်ဗျို့

“နှုတ်…နှုတ်…ကဝေမ။ နင့်ပညာနင်နှုတ်
နဲနဲမှမကျန်အောင် နှုတ် ငါဆရာအမိန့်၊
အခုချက်ချင်းနှုတ်စမ်း”

“အဘဇံ စကားပြောကြည့်ပါဦးဗျ”

“ဟုတ်ကဲ့ဆရာ ကျုပ်ပြောလို့ရပါပြီ”

“ကဲ …အဘဇံပြောလို့ရရုံနဲ့ မပြီးသေးဘူးဗျ၊
ဘုရားရှိခိုးလို့ ရဖို့လည်း လိုသေးတယ်။
ကဲ …ကဲ …ဘုရားစင်ရှေ့သွားပြီး
ခါတိုင်းလိုပဲ အသံကျယ်ကျယ်နဲ့
ရှိခိုးပေတော့ဗျာ”

အဘဇံက ဘုရားစင်ရှေ့ကိုသွားပြီး
ဘုရားကို ဦးသုံးကြိမ်ချတယ်။

“သွကာသ …သွကာသ…သွကာသ…”

အဘဇံရဲ့ အောင်မြင်တဲ့ အသံကြီးက
တစ်အိမ်လုံးကို လွှမ်းသွားတာဗျို့။
ဘုရားကျယ်ကျယ် မရှိခိုးရတာ ကြာနေပြီဆိုတော့
အဘဇံက အားရပါးရကို ရှိခိုးတာဗျို့။

ဆရာအိုကတော့ တစူးဝါးယောင်းမလေးနဲ့
ဆက်ပြီးမွှေနေတုန်းဗျ။ ခဏကြာအောင်
အခြေအနေကို စောင့်ကြည်ပြီးတော့မှ
အောက်က ဖယောင်းတိုင် ဇောက်ထိုးကို
မီးမှုတ်လိုက်တယ်။

တိုက်အင်းချပ်ကလေးကိုလည်း ရေလုံအိုးကွဲ
ဒယ်အိုးထဲကနေ ကြမ်းပြင်ပေါ်ကို သွန်ချလိုက်တယ်။
အဘဇံရော သူ့မိတ်ဆွေတွေရော ဝမ်းသာသွားကြတာ
ပေါ့ဗျာ။ အဲဒီ့ညနေပိုင်းမှာပဲ သတင်းကြားရတော့
တာပေါ့ပဲဗျာ။

လာပြောတာက အဘဇံရဲ့တူ ကိုထွန်းဝင်းဆိုတဲ့လူဗျ
သူတို့နေတဲ့ လမ်းက မသိန်းဆိုတဲ့ မိန်းမကြီး
အကောင်းကနေ ‘အောင်မလေး ပူလှချည်ရဲ့
ကြောက်ပါပြီ ဆရာရဲ့ နောက်မလုပ်တော့ပါဘူး
ဆရာရဲ့’ဆိုပြီး ကြမ်းပြင်ပေါ်မှာ လူးလိမ့်ပြီး
အော်နေတာတဲ့ဗျို့။

နောက်တစ်ခုကိုလည်း ကိုထွန်းဝင်းက
ပြောသေးသဗျာ။ အဘဇံနေတဲ့ ဝိုင်းနဲ့
ကပ်လျက် မြောက်ဘက်ဝိုင်းက
ဦးအောင်သိန်းဆိုတဲ့လူ ဟိုတလောက
အဲဒီ မသိန်းဆီကို ဝင်လိုက်ထွက်လိုက်
လုပ်နေတာ တွေ့တယ်ဆိုပဲဗျာ။

“အဲဒါပဲ ဖြစ်မှာပေါ့ မောင်ထွန်းဝင်းရာ
ဒီလောကကြီးမှာ ဘုရားရှိခိုးတဲ့အသံကိုတောင်
နားမထောင်နိုင်တဲ့ လူတွေရှိနေတာကလားကွယ်”

နောက်နေ့ မနက်ရောက်တော့ ကျုပ်တို့
မပြန်ခင်မှာ သတင်းထပ်ကြားသေးတယ်ဗျ။

ကိုထွန်းဝင်းပဲ လာပြောတာဗျို့။
အဘဇံရဲ့မြောက်ဘက်ဝိုင်းက ဦးအောင်သိန်း
ဆိုတဲ့လူကြီး ညက တစ်ညလုံး ဗိုက်အောင့်နေလို့ ဆေးရုံတင်လိုက်ရတယ်တဲ့ဗျာ။

ပြီးတော့ ဒေါ်သိန်းဆိုတဲ့ မိန်းမကြီးက
တကိုယ်လုံး မီးလောင်ဖုတွေ ပေါက်လို့
ဆေးလိမ်းပြီး ငှက်ပျောဖက်ပေါ်မှာအိပ်နေရတယ်တဲ့ဗျို့။

ဆရာအိုနဲ့ ကျုပ်နဲ့ ထနောင်းကုန်းကိုပြန်ခဲ့ကြတယ်။
ကျုပ်က အိမ်ပြန်လာပြီးဆရာအိုကတော့ ဆပ်သမြှောင်ဘက်ကိုခရီးဆက်သွားရောဗျို့။

ပြီးပါပြီခဗျာ

စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ

Credit