ဂမ္ဘီရမှော်ဆရာနှင့်မိုးပျံဇော်ဝါဂမုန်း

*ဂမ္ဘီရမှော်ဆရာနှင့်မိုးပျံဇော်ဝါဂမုန်း*📖📖📖
_______________________________________

**********************

မိုးလေးကတစိမ့်စိမ့်ရွာနေတာဗျ ။လေရူးကလေးကလည်း တစ်ချက်
တစ်ချက်ပင့်လေတော့ မိုးစက်မိုးဖွားလေးတွေဆိုတာ အရှေ့ယိမ်းလိုက်၊
အနောက်ယိမ်းလိုက်၊တောင်ဘက်ယိမ်းသွားလိုက် မြောက်ဘက်ယိမ်းသွားလိုက်နဲ့အတော်ကြည့်လို့ကောင်းဗျို့။

တိမ်တောင်တိမ်လိပ်တွေမည်းနက်တက်လာပြီး အုန်းအုန်းချအောင်လည်းတစ်ချက် တစ်ချက်ရွာသေးသဗျ ။
လျှပ်နွယ်၊လျှပ်ပန်း၊လျှပ်စီးတွေဆိုတာသျှက်ခနဲ၊ဝင်းခနဲ တလက်လက်အရိပ်ပြလို့ပြ၊မိုးချုန်းသံတွေကလည်း
“ဂျိမ်း…””ဂျလိမ်း…””ဒုန်း…”နဲ့အုန်းဒိုင်းကြဲ
မိုးကြိုးတွေလည်း ‘တဒိုင်းဒိုင်း’၊
‘တဒိန်းဒိန်း’နဲ့ပစ်ချလေရောဗျ ။
အကြေမိုးလေဗျာ။ရန်ကုန်မိုးပေါ့။
‘သွန်းသွန်းဖြိုးဖြိုး၊ရန်ကုန်မိုး၊အိပ်နိုးထနိုး
တွေးရနိုး’လို့ပြောရမှာဗျ ။
ရွာလိုက်တဲ့အကြေမိုး။မိုးကလေးရွာလို့
ဇိမ်နှက်မယ်ကြံပါရဲ့။မိုးချုန်းသံတွေ၊
မိုးကြိုးပစ်သံတွေကြောင့်ပြန်ပြန်နိုး
တော့တာဗျ ။နိုးလာတော့လည်း
ကြောင်စိစိဖြစ်ပြီး ဟိုတွေး ဒီတွေးနဲ့
အိပ်လို့ကိုမရတော့တာ။

ခုလည်းအိပ်မရတော့တာနဲ့
ပြတင်းပေါက်ကနေ ခေါင်းကလေးပြူ
ပြီးအပြင်မှာမိုးရွာနေတဲ့ မြင်ကွင်းကို
ကြည့်နေတာဗျ ။
မျက်စိကသာကြည့်နေတာ။.
စိတ်ကတော့တောင်တွေးလိုက်၊
မြောက်တွေးလိုက်နဲ့ဗျို့။

“သျှလက်၊သျှလက်၊သျှလက်”

“ဒိုင်း”

မိုးကြိုးတွေကလည်း အုန်းဒိုင်းနဲ့ပစ်နေ
ပြန်ရောဗျို့။
တစ်ချက် တစ်ချက်၊တွေးနေတဲ့အတွေး
တွေတောင် ပျောက်၊ပျောက်သွားရော
ဗျ။အိမ်သားတွေအကုန်လုံးလည်း
မိုးအေးအေးနဲ့ကွေးနေကြရောဗျို့။

“ဂျလိမ်း…ဂျလိမ်း…ဂျလိမ်း….”

မိုးခြိမ်းသံတွေကြောင့် တွေးနေတဲ့
အတွေးစတွေ လွင့်ကုန်ရောဗျို့။
ဟော၊ခြံထဲကို မောင်ထွန်းဝင်လာပါ
လားဗျ။
ခါးတောင်းကိုမြောင်အောင်ကြိုက်
ပြီး လက်ကပုံးတစ်လုံးနဲ့ဗျို့။

“ကဲ….ကိုတာတီး။ပြတင်းပေါက်မှာနေပြီး
အတွေးသမားလုပ်မနေနဲ့ဗျ ။ချောင်းစွယ်သွား
ပြီး ငါးသွားဖမ်းရအောင်”

မောင်ထွန်းက ကျွန်တော့်ကို အဖော်
ဆွယ်ရောဗျ ။

“မောင်ထွန်းကလည်းကွာ….ငါမှငါးမဖမ်းတတ်တာ
ကို မင်းလည်းသိသားနဲ့။အပိုတွေလုပ်
ပြန်ပြီ”

“ငါးမဖမ်းတတ်လည်းရပါတယ်ကိုတာတီးရ….အဓိက ကကျွန်တော်နဲ့
အဖော်လိုက်ပေးဖို့ပဲ။ကျွန်တော်တစ်ယောက်တည်းကျတော့လည်း
ပျင်းတယ်လေဗျာ။မသွားချင်ဘူးဗျ”

“အေးပါကွာ….ဒါဆိုလည်း ငါလိုက်ခဲ့ပေးမယ်။ဟုတ်လား”

ကျွန်တော်တို့လည်း ရွာအနောက်ဘက်က ချောင်းမ
ကြီးဆီသွားကြတယ်။မိုးကတော့
ဖွဲဖွဲ ဖွဲဖွဲနဲ့ရွာနေတုန်းဗျ ။
စနေရဲ့မနက်မိုးကတော့ရပ်မယ့်ပုံတော့
မပေါ်သေးဘူးဗျို့။

ချောင်းထဲရောက်တော့ ရေဆန်ကို
ကျော်ဖြတ်ပြီး တရွေ့ရွေ့ကူးကြတယ်။
ချောင်းက ရေသိပ်မများသေးတော့
ရေစီးကလည်း ငြိမ်နေတယ်ဗျ ။
မိုးများလို့ရေကြီးရင်တော့ ရေစီးတအား
သန်လို့ ဘယ်လိုမှကိုကူးလို့မရဘူးဗျို့။

ဘာလိုလိုနဲ့ကျွန်တော်တို့တွေ ကူးလိုက်တာ ချောင်းစွယ်လေးကို
ရောက်ပြီဗျ ။
ချောင်းစွယ်က ကျဉ်းတယ်။ဒါပေမယ့်
ဒိုက်တွေ၊ဗေဒါတွေတော့ သိပ်မရှိဘူး။
ရေကြည်တယ်။

ဟော၊ချောင်းစွယ်ထဲမှာ ငါးဖမ်းနေတဲ့
ဦးကြီးနှစ်ယောက်နဲ့ဒေါ်ကြီး
သုံးယောက်ကိုတွေ့တယ်ဗျ ။
ဒေါ်ကြီးတွေက ငါးခပ်၊ပုစွန်ထိုးနေတာ။
အနီးရောက်မှ ကွဲကွဲတွေ့ရတယ်ဗျ။
ရွာထဲက ကျွန်တော့်အသိတွေချည်းပဲ
ဗျို့။
ဦးကြင်၊ဦးယာ၊ဒေါ်မြခက် ၊ဒေါ်တင်နုနဲ့
ဒေါ်လေးရီတို့ပဲဗျ ။

“ဝေး…တာတီးနဲ့မောင်ထွန်း။ငါးလာဖမ်း
ကြတာလားကွယ့်”

ဦးယာက ကျွန်တော်တို့ကိုတွေ့တော့
ငါးဖမ်းရင်းသံရှည်ဆွဲမေးသဗျ။
ကျန်တဲ့သူတွေလည်း တစ်ချက်လှည့်
ကြည့်လိုက်ကြပြီး၊ဆက်ဖမ်းနေတယ်။

“ဟုတ်ကဲ့၊ဦးယာ”

ကျွန်တော်ပြန်ဖြေလိုက်တယ်။

ဟော၊မောင်ထွန်းက ခါးကုန်းပြီး ငါးတွေလိုက်
စမ်းနေတယ်ဗျ ။ကျွန်တော်ကတော့
ဇကာလေးနဲ့ပဲ ငါးသေးနုပ်၊ပုစွန်သေး
နုပ်လေးတွေကိုလိုက်ထိုးနေတယ်ဗျ။
ချောင်းစွယ်က ချောင်းမကြီး
လောက် ရေမနက်ဘူး။
ဒူးသာသာပဲ ရေရှိတယ်။

ဟော၊မောင်ထွန်းက နှုတ်ခမ်းမွှေးထောင်
ထောင်၊ထောင်ထောင်ဖြစ်နေတဲ့
ငါးခူတွေကိုလည်း လက်ဝါးကြီးနှစ်ဖက်
နဲ့အမိအရဖမ်းသဗျို့။
တော်တော်ရဲတဲ့ကောင်ဗျာ။
လက်မှာဆိုတာ ငါးခူတွတ်ထားလို့
သွေးတွေဖြာနေရောဗျ။
မောင်ထွန်းဖမ်းထားတဲ့ ငါးတွေနဲ့
ကျွန်တော်ဖမ်းထားတဲ့ ငါးပေါက်၊ပုစွန်
ပေါက်လေးတွေက တော်တော်တောင်
ရနေပြီဗျ ။

“ဟဲ့ကလေးတွေ၊ကောင်းကင်ကိုကြည့်
လိုက်စမ်း။မည်းနက်တက်လာတာပဲ
ကွ”

ဦးကြင်က ကောင်းကင်ကိုမော့ကြည့်
ရင်း လှမ်းပြောတာဗျ ။
အကုန်လုံးလည်းငါးဖမ်းတာကိုရပ်
လိုက်ကြပြီး၊တအံ့တသြနဲ့ကောင်းကင်ကို မော့ကြည့်နေကြရောဗျို့။

မိုးသားတွေဆိုတာ ညို့ရုံတင်မကဘဲ
မည်းနက်ပြီးအုံ့မှိုင်းတက်လာတာဗျ ။
တစ်ခွင်လုံးကို အနက်ဆေးခြယ်ထား
သလိုပါပဲဗျာ။
မိုးတွေရွာတာလည်း သိပ်သည်းပြီး
အတော့်ကို ကြမ်းလာတယ်ဗျ ။
မိုးစက်၊မိုးပေါက်တွေဆိုတာ
တမာသီးလောက်ကိုရှိတာဗျို့။
ကျောကုန်းတွေဆိုတာ စပ်ဖျဉ်းဖျဉ်းကြီး
ဖြစ်လာတယ်ဗျ ။

“ကိုတာတီး….ကွန်တော်တို့ပြန်ကြမလား”

မောင်ထွန်းက စိုးရိမ်တကြီးနဲ့ပြောတယ်
ဗျ ။
ဦးကြင်တို့ ဦးယာတို့လည်း ပြန်ဖို့ပြင်နေ
ကြပြီ။

“အေး…မောင်ထွန်း။ပြန်ကြမယ်”

မောင်ထွန်းက ငါးပုံးကိုဆွဲလိုက်တယ်။
မိုးရွာတာ သိပ်သည်းပြီး၊အုန်းကြမ်းလာ
ပြီဗျို့။ကျွန်တော်တို့တွေ သဲသဲကွဲကွဲ
မမြင်ရတော့ဘူး။

“ဝေါ……”

“ဝူး……”

ဟာ၊မိုးသက်လေပြင်းတွေ ကျလာတယ်
ဗျို့။လေတွေလည်း ပြင်းပြင်းထန်ထန်
တိုက်လာတယ်။
ဦးကြီး ဒေါ်ကြီးတွေက ကမ်းစပ်မှာ
ဝပ်နေလိုက်ကြတယ်။

“ဝေါ…..”

လေပြင်းတိုက်တာ လူတွေလွင့်ထွက်
မတတ်ပဲဗျို့။
ကျွန်တော်နဲ့မောင်ထွန်းက ချောင်းစွယ်
ရဲ့အလယ်ရောက်နေတော့ ကမ်းစပ်
ရောက်ဖို့ မြန်မြန်ကူးကြတယ်။

“ဝေါ…..”

“ဝူး…..”

“ဝုန်း…..”

အောင်မယ်လေးဗျို့။
ကြမ်းတမ်းလွန်းတဲ့လေလုံးကြီးက
‘ဝုန်း’ဆို ချောင်းရေပြင်ကို ရိုက်ချလိုက်
တော့ ကျွန်တော်တို့နှစ်ယောက်
ရေစုန်မှာ ဗလုံးဗထွေး မျောပါသွားကြ
တယ်ဗျို့။

“ဝေါ…..”

လေပြင်းနဲ့ရေလုံးရဲ့အောက်မှာ
မြုပ်တစ်လှည့်၊ပေါ်တစ်ချီ ဖြစ်နေကြ
တယ်။
ချောင်းရေစီးက တအားသန်လာပြီး
ကျွန်တော်နဲ့မောင်ထွန်းကို ဒလဟော
သယ်ဆောင်သွားတာဗျို့။
ကျွန်တော်အားယူပြီး ပြန်ကူးဖို့
လုပ်တယ်။

“ဝေါ…..”

ရေလုံးကြီးက ပင့်ထည့်လိုက်ရောဗျို့။
မိုးရွာတာ ပိုသည်းလာတယ်။
တစ်ချက် တစ်ချက်၊လေကြမ်းထဲကနေ
မောင်ထွန်းရဲ့ခေါ်သံကိုသဲ့သဲ့ကြားနေရ
တယ်။
ကျွန်တော် အားယူလိုက်ပြီး၊ ရေပေါ်
ပေါ်တဲ့အခိုက်မှာ မောင်ထွန်းကိုခေါ်ဖို့
လုပ်တယ်။

“ဝုန်း…..”

ရေလုံးကြီးတစ်လုံး ကျွန်တော်တို့ကို
ရိုက်ချလိုက်တယ်။ခေါင်းတွေမူးဝေသွားတယ်။
ဒီနောက်တော့ ရေစီးကြမ်းကြမ်းထဲမှာပဲ
ကျွန်တော်တို့မျောပါသွားကြတယ်။

×××××××××××

“ကျွီ..၊ကျွီ..၊ကျွီ..၊ကျွိ..၊ကျွိ..၊ကျွိ…..”

နားထဲမှာ ငှက်ကလေးတွေရဲ့တွန်သံ
ချိုချိုလေးတွေကို ကြားနေရတယ်။
မြေသင်းနံ့မွှေးမွှေးသင်းသင်းလေးတွေ
ကိုလည်း အနံ့ရနေတယ်ဗျ ။
ကျွန်တော်မျက်လုံးဖွင့်ဖို့ကြိုးစားတယ်။
မျက်ခွံက တူနဲ့ထုချထားသလို
လေးလံနေတယ်ဗျ ။

ကျွန်တော်အားယူပြီးဖွင့်တယ်။
ဖွင့်ကာ မှိတ်ကာနဲ့မျက်တောင်တွေ
ပွင့်လာတယ်။ပွင့်လာပြီ။
ဟော၊ပတ်ဝန်းကျင်မြင်ကွင်းက မှုန်ဝါး
ဝါးဖြစ်ရာကနေ တစ်စတစ်စ လင်းလာ
တယ်။
ဟာ၊ကျွန်တော်တို့ရောက်နေတာ
လှပတဲ့ တောအုပ်တစ်ခုထဲမှာပဲဗျ ။
ခုအိပ်ပျော်နေတာက ကျောက်ဖျာကျယ်
ကြီးပေါ်မှာဗျို့။

ကျွန်တော် စွပ်ထားတဲ့ ဖော့တုံးကို
ဖြုတ်လိုက်ပြီး၊အိပ်ပျော်နေတဲ့
မောင်ထွန်းကို လှုပ်နှိုးလိုက်တယ်။

“မောင်ထွန်း၊မောင်ထွန်း၊မောင်ထွန်း”

“အဟွတ်၊အဟွတ်၊အဟွတ်”

မောင်ထွန်းက အိပ်နေရာကနေ
ကိုယ်လုံးစောင်းလိုက်ပြီး ချောင်းဆိုး
တယ်။

“မောင်ထွန်း၊မင်းအဆင်ပြေရဲ့လား”

ကျွန်တော်ကမေးလိုက်တော့ သူက
မျက်လုံးဖွင့်လိုက်တယ်။
ပတ်ဝန်းကျင်ကို ပတ်ပတ်လည်ကြည့်
ပြီး အံ့သြတဲ့အမူအရာနဲ့….

“ဟာ…၊ကိုတာတီး။ကျွန်တော်တို့ ဘယ်ကို
ရောက်နေကြတာလည်းဗျ ”

လို့မေးတယ်။

“ငါလည်းမသိဘူး မောင်ထွန်း။ငါသိတာ
ငါတို့ ချောင်းရေစီးနဲ့မျောပါသွားတာပဲ”

ကျွန်တော်တို့နှစ်ယောက် တောရဲ့
ပတ်ပတ်လည်ကိုကြည့်တယ်။
သစ်ပင်တိုင်း သစ်ပင်တိုင်းက အရမ်းကို
လှကြတာဗျ ။
အရွက်အနီလေးတွေ၊အစိမ်းလေးတွေ၊
အဝါလေးတွေက တစ်ပင်လုံးမှာ
အပြည့်ရှိတယ်။နေရာအနံ့မှာလည်း
အစုလိုက်၊အစုလိုက်နဲ့အသီးလေးတွေ
သီးနေတယ်ဗျ ။
ဘာအပင်တွေဆိုတာတော့ ကျွန်တော်
တို့ မသိပါဘူးဗျာ။

ငှက်တွေဆိုတာလည်းအရောင်အသွေး
တော်တော်စုံတယ်ဗျို့။
နှစ်ရောင်စပ်လေးတွေ၊သုံးရောင်စပ်
ကလေးတွေနဲ့ရောင်စုံငှက်ကလေးတွေ
ဆိုတာ အပင်တိုင်းလိုလိုမှာ နားနေကြ
တယ်ဗျ ။
ရေစီးသံ ‘တဝေါဝေါ’ကိုလည်း ခပ်သဲ့သဲ့
ကြားနေရတယ်။

“ကိုတာတီး၊ဒါသာမန်မဖြစ်နိုင်ဘူးဗျ ။
ဖန်ဆင်းထားတာပဲဖြစ်ရမယ်”

မောင်ထွန်းက တောရဲ့သာယာလှပပုံ
ကိုကြည့်ပြီး ကောက်ချက် ချတယ်ဗျ ။

“အေးကွ၊ငါလည်းထင်သား”

ကျွန်တော်လည်း ထင်ကြေးပေးလိုက်
တယ်။
ကျွန်တော်တို့တွေ အချိန်တော်တော်
ကြာအောင် တောအုပ်ကို လှည့်ပတ်
ကြည့်နေကြတာဗျ ။
တအောင့်ကြာတော့ ညောင်းလာတာနဲ့
ကျောက်ဖျာပေါ်မှာ ခဏထိုင်လိုက်ကြ
တယ်။

“မင်းတို့က ဦးနဲ့ရေစက်ပဌာန်းဆုံလို့
ဒီကိုရောက်လာခဲ့ကြတာကွယ့်”

ဟာ၊ကျွန်တော်တို့နောက်ကနေ
ကြည်လင်တဲ့အသံတစ်သံ ထွက်လာ
တယ်ဗျို့။
နှစ်ယောက်သား ထထက်ပြီး အသံလာ
ရာကို ပြိုင်တူကြည့်လိုက်ကြတယ်။
ဟာ၊ခရမ်းရောင်ဝတ်စုံ ဖားဖားကြီးကို
ဝတ်ထားတဲ့ လူကြီးတစ်ယောက်ဗျို့။
အသက်(၄၀)အရွယ်လောက်ရှိမယ်။
ခရမ်းရောင်ခေါင်းစွပ်ကြီးကိုလည်း
ဆောင်းထားတယ်ဗျို့။

“ဦးနာမည်က…မှော်ဆရာသိုင်နက်လို့
ခေါ်တယ်။ဟောဒီတောကြီးဟာ
ဦးရဲ့အစွမ်းနဲ့ဖန်ဆင်းထားတဲ့
တောကြီးပေါ့”

မှော်ဆရာသိုင်နက်က ကျွန်တော်တို့ဆီ
လျှောက်လာရင်း မြွေပုံတောင်ဝှေးနဲ့
ဝှေ့ပြီးပြောတယ်။

“မြင်ကတည်းက ဦးကိုမှော်ဆရာမှန်းသိ
ပြီးသားပါ။ဒီတောရဲ့ထူးခြားမှုကို
ထောက်ပြီးတော့လည်းဖန်ဆင်း
ထားမှန်းကိုသိပြီးသားဗျ ။ဒီ့ပြင် ဦးက ကျွန်တော်တို့ကိုပြန်ပို့ပေးနိုင်တယ်တဲ့အစွမ်းရှိတယ်ဆိုတာကိုလည်း ကျွန်တော်သိတယ်”

မောင်ထွန်းက ဒီလိုပြောလိုက်တော့
မှော်ဆရာသိုင်နက်က ခေါင်းတညိတ်
ညိတ်လုပ်ပြီး…..

“မင်းက ပါရမီထူးတဲ့ သူငယ်
တစ်ယောက်ပါ။အေးကွယ့်၊ဦးပြန်ပို့ပေး
နိုင်ပါတယ်။ဒါပေမယ့်၊ဦးကို အကူအညီ
တစ်ခုတော့ ပေးရလိမ့်မယ်။ဘယ့်နှယ့်
လည်း”

“ရပါတယ်ဗျ ၊ပြောသာပြောပါ”

မောင်ထွန်းက သွက်သွက်ပြောလိုက်
တယ်ဗျ ။
ကျွန်တော်လည်း သူ့အတိုင်းပါပဲဗျာ။

“နေရာတစ်ခုမှာဦးကိုဂမုန်းယူပေး
ရမယ်”

“ဟင်၊ဘာဂမုန်းတုံးဗျ ”

ကျွန်တော်က မေးလိုက်တယ်။

“မိုးပျံဇော်ဝါဂမုန်းပဲ”

“မိုးပျံဇော်ဝါဂမုန်း၊ဟုတ်လားဦး”

ကျွန်တော်လည်း အံ့သြသွားပြီး
မေးလိုက်တာဗျ ။
ကျွန်တော်မှ မကြားဖူးတာဗျာ။

“ဟုတ်တယ်…ကလေးတို့၊မိုးပျံဇော်ဝါ
ဂမုန်းတဲ့။ဦးကိုကူညီတဲ့အနေနဲ့
ဒီဂမုန်းကို မင်းတို့ယူပေးရလိမ့်မယ်။
ရတဲ့အခါကျရင် ဦးကမင်းတို့ကိုပြန်ပို့
ပေးမယ်”

“ဒါနဲ့နေပါဦးဗျ ။ဒီဂမုန်းကို ဦးရဲ့မှော်
အစွမ်းအစနဲ့အလွယ်လေးယူလို့ရတယ်
မဟုတ်လားဗျ ”

မောင်ထွန်းကမေးခန်းထုတ်လိုက်တော့
မှော်ဆရာသိုင်နက်က တဟားဟား
ရယ်ပြီး…..

“မင်းတော်တော် တွေးတတ်တဲ့ကောင်
ပဲကွ။နို့ မင်းနာမည်ဘယ်သူတုန်း”

“မောင်ထွန်း”

“မင်းကရော”

မှော်ဆရာက ကျွန်တော့်ကိုမေးတယ်။

“တာတီးပါဦး”

“အေး…၊မောင်ထွန်း တာတီး၊ဦးပြော
မယ်။ဦးရဲ့အစွမ်းအစနဲ့ဆို မိုးပျံဇော်ဝါ
ဂမုန်းမပြောနဲ့ဂမုန်းနက်ကိုတောင်
ဦးလိုသလိုယူနိုင်တယ်။ဒါပေမယ့် ဒီဂမုန်းကို
ယူလို့မရတဲ့ အကြောင်းကရှိနေပြန်တယ်ကွယ့်။
ဒါကြောင့် မင်းတို့ကို ဦးအကူအညီ
တောင်းတာ။လုပ်ပေးနိုင်ရဲ့လား”

“လုပ်ပေးနိုင်ပါတယ်။ကျွန်တော်တို့
သွားဖို့ အဆင်သင့်ပဲ”

“အိမ်း…ဒါဆို ဂမုန်းရဲ့သွင်ပြင်ကို
ဦးပြောမယ်။သူ့ကိုဂမုန်းလို့သာ
ခေါ်ကြတာ။တကယ်တမ်းကျတော့
သူက သစ်ခွပန်းလိုပဲကွယ့်။အပင်မှာ
တွယ်ပြီးပေါက်တယ်။ဖူးပုံပွင့်ပုံတွေ
ကတော့ သစ်ခွများနည်းတူပဲ။
အရောင်အသွေးက နနွင်းရောင်ကွယ့်။
သူ့ကို ရှူ ရှိုက်လိုက်ရင် နနွင်းနံ့
သင်းသင်းရပြီး အသက်ရှူ လို့ အားကြီး
ဝတာ။ဒီလောက်ဆို သိပြီပေါ့”

“ဟုတ်သိပါပြီ။ဂမုန်းကို ကျွန်တော်တို့
က ဘယ်လောက်ယူပေးရမှာတုန်း”

“အများကြီးမဟုတ်ဘူး တာတီး။တစ်ခိုင်
ပဲ ယူပေးရမှာ။အဲဒီကိုသွားရင် ဦးရဲ့
မှော်မြင်းပျံ ကြီး’သိန္နောဖြူ ‘ကိုစီးသွား
ရမယ်။ဘာလို့လည်းဆိုတော့ ဂမုန်း
ယူပြီးသကာလ အခက်အခဲမရှိအောင်
လို့ပဲကွယ့်”

“ဟာ…၊ဦးကလည်း။ကျွန်တော်တို့မှ
မြင်းမစီးတတ်တဲ့ဟာ”

ကျွန်တော်က ပြောလိုက်တယ်။

“မစီးတတ်လည်း ရပါတယ်ကွယ့်။
ဦးရဲ့မှော်မြင်းပျံက ဦးဆောင်သွားလိမ့်
မယ်။ကဲ…၊မောင်ထွန်း။မင်းက
မြင်းထိန်းရမယ်။သွားမယ်ဆို မြင်းကို
ဖနောင့်နဲ့တို့လိုက်။ရပ်မယ်ဆင်းမယ်ဆို
ဇက်ကြိုးကို ဆောင့်ဆွဲလိုက်။ဒါပဲလုပ်
ရမှာ။တာတီးကတော့ဂမုန်းယူရမယ်။ကိုင်း ကိုင်း၊သွားဖို့လုပ်ပေတော့”

မှော်ဆရာသိုင်နက်က
မြွေပုံတောင်ဝှေးနဲ့လေထဲမှာ ခရုပုံ
ဝိုင်းတယ်ဗျ ။
ဟာ၊တောက်ပတဲ့ လိမ္မော်ရောင်
အလင်းတန်းတွေ ဖြာထွက်လာတယ်
ဗျို့။
ဟာ၊အလင်းတန်းတွေထဲကနေ
အဖြူ ရောင် မှော်မြင်းပျံကြီး ပျံထွက်
လာတယ်ဗျို့။

ဒီမြင်းနာမည်က ‘သိန္နောဖြူ ‘တဲ့။
လိုက်ပါပေ့ဗျာ။
ဟော၊မြင်းပျံကြီးက ကျောက်ဖျာပေါ်မှာ
ရပ်လိုက်တယ်ဗျ ။
မြင်းကြီး သိန္နောဖြူ ရဲ့
ကြန်အင်လက္ခဏာ ကောင်းမကောင်း
တော့ ကျွန်တော်တို့ မပြောတတ်ပါဘူး
ဗျာ။
သေချာပြောနိုင်တာကတော့
ဂွတ်ရှယ်မြင်းပျံကြီးဗျို့။

ဟော ဟော၊မှော်ဆရာသိုင်နက်က
တောင်ဝှေးနဲ့ အဝိုင်းပုံလှည့်ပြန်ပြီဗျို့။
ဒီတစ်ခါကတော့ ကတော့ချွန်အလင်း
တန်းကြီးဖြစ်သွားတာဗျ။

“ကဲ ၊တာတီးတို့။မင်းတို့သွားရမှာ
ဒီနေရာပဲ။ရှာပုံတော် ဖွင့်ကြပေတော့”

မှော်ဆရာက တောင်ဝှေးနဲ့ကတော့ချွန်
အလင်းတန်းကို ထိုးပြတယ်။
ကျွန်တော်တို့လည်း မြင်းပျံနား
ကပ်လိုက်ကြတယ်။
မြင်းပျံကြီးက ပဒပ်ရပ်လိုက်ပြီး၊
ရွှင်ရွှင်ပျပျနဲ့ ဟီ,တယ်ဗျ ။
ဒီမြင်းပျံကြီးသာ မှော်မြင်းပျံမဟုတ်ဘဲ
တကယ့်မြင်းပျံဖြစ်ရင် ကောင်းမှာပဲလို့
ကျွန်တော် တွေးမိတယ်။

မောင်ထွန်းက ကုန်းနီးကနေ ခွတက်
လိုက်တယ်။
ကျွန်တော်လည်း ကုန်းနီးကနင်းတက်
ပြီး မောင်ထွန်းနောက်မှာခွစီးတယ်။
ဟော၊မောင်ထွန်းက မြင်းဇက်ကြိုးကို
ကျစ်ကျစ်ဆုပ်လိုက်တယ်ဗျ။
မြင်းပျံကြီးကလည်း တစ်ချက်’ဟီ’လိုက်
ပြီး ၊ အတောင်ပျံ တဖျတ်ဖျတ် ခတ်နေပြီ။

“ဖျတ်၊ဖျတ်…….”

မြင်းပျံကြီးက သွားဖို့ အဆင်သင့်ဖြစ်နေ
ပြီဗျို့။
ကျွန်တော် မောင်ထွန်းကို သေချာ
တွယ်ထားတယ်။ပြုတ်ကျရင်မချိဘူးဗျ ။

မှော်ဆရာကိုကြည့်လိုက်တော့
တောင်ဝှေးကိုထောက်ပြီး၊ကျွန်တော်
တို့ကို ရပ်ကြည့်နေတယ်ဗျ ။
ဟော၊မောင်ထွန်းက မြင်းကို ဖနောက်
နဲ့တို့လိုက်တယ်။
ဟော၊သိန္နောဖြူ ကြီးက အတောင်ပျံ
ပြင်းပြင်းခတ်ပြီး၊လေပေါ်ကို
တဟုန်ထိုးတက်လိုက်တယ်ဗျ ။
ကတော့ချွန်နားမှာ ပတ်လည်ဝဲပျံပြီး
ကတောချွန်ထဲကို ထိုးဝင်ပြီဗျို့။

မျက်စိထဲမှာ စူးရှသွားတာပဲဗျာ။
ဟော၊တဖြည်းဖြည်းနဲ့အလင်းမှုန်တွေ
ပျောက်သွားပြီဗျို့။

အားလားလား၊အတော့်ကို လှပတဲ့
နေရာပဲဗျ ။
ကျောက်စိုင် ကျောက်သားတွေဆိုတာ
ရှည်ရှည်မြင့်မြင့်ကြီးတွေရော၊
ပုပုနိမ့်နိမ့်လေးတွေရော အစုံပဲဗျို့။

ကျောက်သားတွေရဲ့ ပတ်ပတ်လည်
အနှံ့မှာအရောင်စုံတဲ့ပန်းလှလှလေး
တွေ နွယ်ပေါက်နေကြတယ်။
ဝန်းကျင်က လင်းလက်သာယာနေပြီး
လိပ်ပြာလေးတွေ၊ငှက်ကလေးတွေနဲ့
ပန်းချီကားတစ်ချပ်လို လှပနေတာဗျ။

အေးလေ၊မှော်ဆရာရဲ့နယ်ဆိုတော့
လည်း ဒီလောက်တော့ရှိမှာပေါ့။
ပျော်စရာတော့ တော်တော်ကောင်း
သားဗျ ။

“တော်တော်တော့် လှသားဗျ ကိုတာတီးရဲ့”

“အေးကွ”

“မှော်ဆရာက လူကပ်ပဲကိုတာတီးရဲ့။
ဂမုန်းကို သူ အကြောင်းရှိလို့မယူတာတဲ့။
ဟား…၊ဘာအကြောင်းများတုန်းဗျ ။
ရယ်စရာပဲဗျို့”

မောင်ထွန်းက ဝါးလုံးကွဲရယ်ပြီး၊
မှော်ဆရာကို လှောင်တယ်ဗျ ။
မြင်းပျံ ကြီးသိန္နောဖြူ ကလည်း
ကျောက်စိုင်အမြင့်ကြီးတွေရဲ့ ကြားတွေ
ထဲမှာပတ်ပျံနေရောဗျို့။

တစ်ခါတစ်ခါ အထက်ကောင်းကင်ကို
ပျံတက်သွားတော့ အောက်ခြေရဲ့ အလှ
တွေကို တဝကြီးတွေ့ရတယ်ဗျ ။
ဟော၊မြင်းပျံ ကြီးက တောအုပ်တစ်ခုထဲ
ကို ထိုးဆင်းပြန်ပြီဗျို့။
လှပစိမ်းလန်းနေတဲ့ သစ်ပင်တွေကြား
ထဲကိုလည်း ကွေ့ပတ်ပျံ နေတယ်။

သစ်ပင်တွေက တစ်ပင်နဲ့တစ်ပင်
တော်တော်ကွာကြတော့၊မြင်းပျံ ကြီး
ကွေ့ပတ်ပျံ တော့ အခက်အခဲမရှိဘူး
ပေါ့ဗျာ။
အောက်က မြေသားမဟုတ်ဘူးဗျ ။
ကျောက်မြေ။

သိန္နောဖြူ ကတော့ ကွေ့ပတ်ပျံနေတုန်း
ဗျ ။
ကျွန်တော်တို့နှစ်ယောက်လည်း
ဂမုန်းကိုပတ်ပတ်လည်ကသစ်ပင်တွေမှာ ကျီးကန်းတောင်းမှောက် ကြည့်ကြ
တယ်။
တွေ့တော့မတွေ့သေးဘူးဗျ ။
မြင်းပျံ ကြီးသိန္နောဖြူ က သစ်ပင်တွေကို
တော်တော်ကြာအောင် ကွေ့ပတ်ပျံ နေ
တယ်။
ဟာ၊ရှေ့ကဂူကြီးနားက သစ်ပင်မှာ
ဂမုန်းကို တွေ့ပြီဗျို့။

“မောင်ထွန်း…ဂူနားကသစ်ပင်မှာ
ဂမုန်းကွ”

ကျွန်တော်ကပြောလိုက်တော့
မောင်ထွန်းက သေချာစိုက်ကြည့်တယ်။
မြင်းပျံ ကြီးကလည်း အလိုက်တသိနဲ့
ဂူနားကို သုတ်ချီ ပျံရောဗျို့။

ဂူနားက သစ်ပင်ဆီရောက်တော့
မောင်ထွန်းကမြင်းဇက်သတ်လိုက်
တယ်။
မြင်းပျံကြီးသိန္နောဖြူက အတောင်ပျံလေး
ဖြန့်ရင်း အသာအယာဆင်းတယ်ဗျ ။

“ဂွပ်၊ဂွပ်”

အောက်ကကျောက်မြေဆိုတော့
ဆင်းတဲ့အချိန်မှာ မြင်းခွာတွေနဲ့ထိပြီး
‘ဂွပ်၊ဂွပ်’ဆိုမြည်သွားတာဗျ ။
ကျွန်တော်တို့တွေ ဆင်းလိုက်ကြတယ်။
အပင်နားရောက်တော့ အပင်ကို
တစ်ချက်ကြည့်တယ်ဗျ ။အပင်ကတော့
တက်ဖို့မခက်လှပါဘူးဗျာ။ဖြောင့်တယ်။
ခွဲထွက်သွားတဲ့ကိုင်းတစ်ခုရဲ့အရင်းမှာ
ဂမုန်းက တွယ်ပေါက်နေတာဗျ ။

ကျွန်တော်ခါးတောင်းကျိုက်လိုက်တယ်။
ဂမုန်းယူဖို့ကကျွန်တော့်တာဝန်လေဗျာ။
အပင်ပေါ်တက်တော့ ဘာမှန်းမသိတဲ့
အနံ့သင်းကြိုင်ကြိုင်လေးတွေက
မွှေးအီနေတယ်ဗျ ။

ပေါက်နေတဲ့ ဂမုန်းအုံထဲကနေ
တစ်ခိုင်ချိုးလိုက်တယ်။
အပွင့်တွေက ပွင့်ချပ်ကြီးတဲ့အတွက်
တော့်တော့်ကိုလှတာဗျ ။

ကျွန်တော် ဂမုန်းကို တင်းပြည့်ကျပ်ပြည့်
ရှူ ရှိုက်လိုက်တယ် ။
လား လား၊အသက်ရှူ ရတာ အားကြီး
လန်းဆန်းနေတာဗျို့။
နေလို့ကောင်းလိုက်တာဗျာ။

“ကိုတာတီး…ဆင်းခဲ့တော့လေဗျာ။
ကျွန်တော်လည်း စမ်းချင်လှပြီ”

မောင်ထွန်းပြောလိုက်တော့မှ ဂမုန်းကိုရှူ တာ
ရပ်ပြီး ကျွန်တော်ဆင်းခဲ့တယ်။
ပြီးတော့ သူ့ကို ဂမုန်းခိုင်ပေးလိုက်တယ်ဗျ။
မောင်ထွန်းက နှာခေါင်းလေးတေ့၊
မျက်စိစုံမှိတ်ပြီး မိုးပျံဇော်ဝါဂမုန်းကို အားပါးတရရှူ တာ
ဗျို့။

“အားပါး…ကောင်းလိုက်တာဗျာ။
ပေါ့တော့တော့တော့ မဟုတ်လောက်
ဘူး ကိုတာတီးရ။ဒီဂမုန်းက အားကြီး
အစွမ်းထက်မှာ”

နောက်တော့ ကျွန်တော်တို့တွေ
မြင်းပေါ်တက်ကြတယ်။
ဟော၊သိန္နောဖြူ ကြီးက ခန္ဓာကိုယ်
လှုပ်ရုံကလေး ဟီ,လိုက်တယ်ဗျ ။
အတောင်ပျံ တဖျတ်ဖျတ်ခတ်ပြီး
ပျံ တက်ဖို့ အားယူနေပြီဗျို့။
တော်တော်အရှိန်ရလာတော့
လေပေါ်ကို တဟုန်ထိုးပျံ တက်တယ်။
ကျွန်တော်တို့ ဂမုန်းရသွားပြီဆိုတော့
ပြန်တော့မှာပေါ့ဗျာ။
မြင်းပျံ ကြီးကသစ်ပင်တွေကိုကွေ့ပတ်
ပြီး၊လာလမ်းအတိုင်းပဲသွားနေတယ်။

“ဖူး………..”

ဟာ၊ဂူနားလောက်ကနေဆွဲပြီး
မှုတ်ထုတ်လိုက်တဲ့ နှာမှုတ်သံ
ကျယ်ကျယ်ကြီးကိုကြားရတယ်ဗျို့။

ကျွန်တော်ရော မောင်ထွန်းရော
မြင်းပျံ ကြီးပေါ်ကနေ အသံလာရာကို
ပြိုင်တူ လှည့်ကြည့်လိုက်ကြတယ်။

အောင်မယ်လေး….လေးဗျို့။
မီးပွင့်မတတ်မျက်လုံးကြီးတွေနဲ့
ကျွန်တော်တို့ကို စိုက်ကြည့်နေတဲ့
အာကာသနဂါးကြီးဗျို့။
ခြေလေးဖက်နဲ့ဗျ။
အရပ်ကြီးက ဂူကိုကျော်ထွက်နေပြီး
အဖြူရောင်နှာငွေ့တွေကိုလည်း တဖူးဖူးနဲ့မှုတ်ထုတ်နေတယ်ဗျို့။
အမြီးတုတ်တုတ်ကြီးကိုလည်း
တဘုတ်ဘုတ်လှုပ်ရမ်းနေတယ်။

ဟော၊လေဟာပြင်ထဲကို ခေါင်းမော့
လိုက်ပြီး၊လိမ္မော်ရောင်မီးတောက်ကြီးကို မှုတ်ထုတ်နေပြီဗျို့။

“ကိုတာတီး..ကျွန်တော့်ကို သေချာဖက်
ထားဗျို့”

ကျွန်တော် မောင်ထွန်းခါးကို သေချာ
ဖက်ထားလိုက်တယ်။
မောင်ထွန်းက မြင်းကို ဖနောက်နဲ့
တို့လိုက်တယ်ဗျ ။
ဟော၊မြင်းပျံ ကြီးက မူလထက်မြန်မြန်
သွားပြီး အရှိန်ပြင်းပြင်းနဲ့ကွေ့ပျံနေပြီဗျို့။

“ဝုန်း”

“ဗြင်း” “ဗြင်း” “ဗြင်း”

ဟာ၊အာကာသနဂါးကြီးက လေပေါ်ကို
‘ဝုန်း’ခနဲ ပျံ တက်ပြီး၊သစ်ပင်တွေကြား
ထဲကနေ ကျွန်တော်တို့နောက်ကို
လိုက်ပြီဗျို့။
ကိုယ်လုံးနဲ့သစ်ပင်တွေပွတ်မိသံဆိုတာ
‘ဗြင်း၊ဗြင်း’ဆို နားကွဲမတတ်ပဲဗျာ။

ဂူထဲကနဂါးကြီးဘာကြောင့်ဒေါသထွက်
ပြီး လိုက်နေရတာပါလိမ့်။ဂမုန်းကိုများ
ကျွန်တော်တို့ယူလို့လား။

“ဝူး…..”

“ဖျောင်း”

“ဝုန်း”

ကျွန်တော်တို့အရှောင်မြန်လို့ ဗျို့။
နဂါးကြီးကလိမ္မော်ရောင်မီးတောက်ကြီး
နဲ့ကျွန်တော်တို့ကို လှမ်းမှုတ်တာဗျ ။
မြင်းပျံ ကြီးက ကွေ့ပတ်ရှောင်လိုက်
တော့ မီးတန်းကြီးက သစ်ပင်ကြီး
တစ်ပင်ကိုထိမှန်တာ’ဖျောင်း’ခနဲဆို
ထက်ပိုင်းကျိုးသွားပြီး၊’ဝုန်း’ခနဲဆို
ပြိုကျသွားတာဗျို့။

ဟော၊သိန္နောဖြူ ကြီးက တောအုပ်
အထက် ပျံတက်သွားပြီး၊ကျောက်သား
တွေ ထူထပ်တဲ့နေရာကို လျင်လျင်
မြန်မြန်နဲ့ပျနေတယ်ဗျ ။
မှော်ဆရာပြောတာဟုတ်သားပဲ။
သိန္နောဖြူ ကြီးက သူ့ဟာသူဦးဆောင်
သွားတာဗျ။

ဟော၊မှော်မြင်းပျံ ကြီးက ကျောက်စိုင်
မြင့်မြင့်ကြီးတွေနားမှာ ဝဲလည်ပျံ သန်း
ပြီး၊တောအုပ်ရဲ့အရှေ့ဖက်ကို ထိုးဆင်း
ပြန်ပြီဗျ ။
နဂါးကြီးကလည်း ကျွန်တော်တို့နောက်
ကို ထပ်ကြပ်မကွာလိုက်လာတာဗျို့။

“ဂရား”

“ဝူး…….”

ဟာ၊အာကာသ နဂါးကြီးက’ဂရား’ဆို
မာန်ဖီလိုက်ပြီး၊’ဝူး’ဆို မီးတောက်
လက်လက်ကြီးကို မှုတ်ပြန်ပြီဗျို့။
မြင်းပျံ ကြီးကလည်း အရှိန်ပြင်းပြင်းပျံ
ရင်းနဲ့ခန္ဓာကိုယ်လေးနွဲ့ပြီး မီးတောက်
ကြီးကို ရှောင်လိုက်တယ်။
နဂါးကြီးကလည်း နှာမှုတ်သံတဖူးဖူးနဲ့
အဆက်မပြတ်ကို လိုက်နေတာဗျို့။

ဟော၊ရှေ့တည့်တည့်က သစ်ပင်ကြား
တွေထဲမှာအမျှင်ဖြူဖြူကြီးတွေနဲ့
နွယ်လုံးထူထူကြီးတွေ ရောထွေးနေ
တယ်ဗျ ။
ဟော ဟော၊မြင်းပျံ ကြီး သိန္နောဖြူ က
နွယ်တွေရှုပ်နေတဲ့ နေရာရောက်တဲ့
အထိကို အရှိန်ပြင်းပြင်းနဲ့ပျံနေတယ်ဗျို့။

ကျွန်တော်ချွေးတွေပြန်လာတယ်။
မြင်းပျံ ကြီးများတိုးဝင်သွားမလားပေါ့ဗျာ။
ဟာ၊မြင်းပျံကြီးကနွယ်တွေနား
အရောက်မှာ အထက်ကိုကော့တက်
သွားပြီဗျို့။

“ဝူး…….”

“ဝုန်း၊ဝုန်း၊ဝုန်း…….”

နဂါးကြီးက မီးတန်းကြီးနဲ့လှမ်းမှုတ်တာ
မထိဘဲ၊ထူထပ်ရှုပ်ထွေးနေတဲ့
နွယ်ကြားထဲကို ‘ဝုန်း’ဆို တိုးဝင်သွား
ရောဗျို့။
ဒေါသတကြီးနဲ့နွယ်ကြားထဲကနေ
‘တဝုန်းဝုန်း’နဲ့လည်း ဗြောင်းဆန်အောင်
ရုန်းနေတယ်ဗျို့။
ရုန်းလေ ကြပ်လေပဲဗျ ။

ဟော၊မြင်းပျံ ကြီး သိန္နောဖြူက
အထက်က ဝဲပျံနေရာကနေ အောက်ကို
ပြန်ထိုးဆင်းပြီး၊နွယ်တွေကြားမှာ
ပိတ်မိနေတဲ့နဂါးနားမှာဝေ့ပျံနေတယ်ဗျ။

“ဝူး…” “ဝူး…”

ဟော၊အာကာသနဂါးကြီးက မလှုပ်နိုင်
တဲ့ကြားကနေ’ဝူး၊ဝူး’ဆို မီးတန်းသေး
သေးလေးကို မှုတ်ထုတ်လိုက်သေးဗျ။
ခုမှပဲ ရင်ထဲပေါ့သွားတာပေါ့ဗျာ။

“ကိုတာတီး၊မှော်ဆရာသိုင်နက်က
သူ့ဇာတ်တော့ သူနိုင်သားဗျ ”

မောင်ထွန်းက အကွက်ကျကျ စီမံထား
တဲ့ မှော်ဆရာကို ချီးမွမ်းနေတယ်ဗျ ။
ကျွန်တော်လည်း ‘မိုးပျံဇော်ဝါဂမုန်း’ကို
အမောပြေရှိုက်လိုက်တယ်။
ဟော၊ကျွန်တော်တို့ ရှေတည့်တည့်မှာ
ကတော့ချွန်အလင်းတန်းကြီးပေါ်လာ
ပြီဗျ ။
ဒါဆို ကျွန်တော်တို့ သွားရတော့မှာပေါ့
ဗျာ။

ဟော၊မြင်းပျံကြီးက အလာတုန်းကလို
ကတော့ချွန်နား ဝဲပျံနေတယ်ဗျ ။
ကျွန်တော် နွယ်ထဲမှာပိတ်မိနေတဲ့
အာကာသနဂါးကြီးကို တစ်ချက်လှည့်
ကြည့်လိုက်တယ်။
ဟာ၊နဂါးကြီး မရှိတော့ပါလားဗျ။

“မောင်ထွန်း…နဂါးကြီး မရှိတော့ဘူးကွ”

ကျွန်တော်ကပြောလိုက်တော့
မောင်ထွန်းက လေသံအေးအေးနဲ့….

“ဖန်ဆင်းထားတာနေမှာပေါ့ဗျာ။
အာကာသနဂါးက ဒီနေရာမှာ ဘယ်လို
လုပ်ရှိနိုင်မှာလည်းဗျ ”

“ဒီမုန်းကရော”

“ဒါက အစစ်ဟုတ်လို့ပေါ့ဗျ”

ဟော၊သိန္နောဖြူ ကြီးက အတောင်ပျံ
တဖျတ်ဖျတ်နဲ့ကတော့ချွန်ထဲကို ပျံ ဝင်
သွားပြီဗျ ။
ဟော၊အလင်းတွေ ပျောက်သွားတော့
ကျွန်တော်တို့ ရောက်ခဲ့တဲ့နေရာကို
ပြန်ရောက်လာတယ်။
မြင်းပျံကြီးသိန္နောဖြူ က အသာအယာ
ဝေ့ဆင်းပြီး ကျောက်ဖျာပေါ်မှာ ရပ်လိုက်တယ်။
မှော်ဆရာသိုင်နက်ကတော့
တောင်ဝှေးကိုထောက်ပြီး ကျွန်တော်တို့ကိုပြုံးပြီးကြည့်နေတယ်ဗျ။

ကျွန်တော်တို့ မြင်းပေါ်ကနေဆင်းလိုက်
ကြတယ်။
နောက်တော့ မှော်ဆရာဆီသွားပြီးတော့
မိုးပျံဇော်ဝါဂမုန်းကိုကျွန်တော်ပေးလိုက်
တယ်။

“ဒီဂမုန်းက အထက်လမ်းဆရာပညာသည်
တွေအဖို့အတော့်ကိုအသုံးဝင်တယ်။
တခုထူးခြားတာက ဒီဂမုန်းရှိနေ
ရင် ကိုယ်တမ်းတတဲ့သူဟာ တနယ်မှာ
ဖြစ်ဖြစ်၊အဝေးမှာဘဲဖြစ်ဖြစ် ဆိုင်းမဆင့်
ဗုံမဆင့် ရောက်လာတတ်တယ်ကွယ့်။
မနောဓတ်ကို ဆက်စပ်ပေးတဲ့ ဂမုန်း
လို့လည်း ပြောလို့ရတယ်”

မှော်ဆရာက ရှင်းပြတယ်။

“နေပါဦး. .ဦးလေးရဲ့၊ဒီနေရာကဘယ်နေရာ
တုန်းဗျ ။ကျွန်တော်တို့က ချောင်းရေစီးနဲ့
မျောပါလာတာလေဗျာ”

ကျွန်တော်လည်း သိချင်လို့မေးလိုက်
တယ်။

“ဒီနေရာက သာမန်မျက်စိနဲ့မမြင်နိုင်တဲ့
လူ့ဘုံရဲ့ ပတ်ဝန်းကျင်ပေါ့။ဦးနဲ့ဆုံကြိုက်
ရတာတော့ ရေစက်ပါလို့ပေါ့ကွယ်”

ဟော၊မှော်ဆရာသိုင်နက်က မြွေပုံ
တောင်ဝှေးနဲ့အဝိုင်းပုံ ဝှေ့နေပြီဗျို့။
ဟော၊ကတော့ချွန်အလင်းတန်းကြီး
ပေါ်လာပြီဗျ ။

“ကဲ…ကလေးတို့၊ပြန်ချိန်ကျပြီ။ဦးက
မင်းတို့ကို ဆရာတော်တစ်ပါးရဲ့အဖိုးထိုက်တဲ့ သြဝါဒတစ်ခုကို လက်ဆောင်ပေး
မယ်ကွယ်။ကဲ ကဲ၊
သေသေချာချာမှတ်ပေတော့၊
‘ဥုံ ၊
မခိုနဲ့၊
မကပ်နဲ့၊
စောစောထ၊
ပြီးအောင်လုပ်၊
စိတ်ကောင်းမွေး’တဲ့။
ကဲ ကဲ၊အပြန်လမ်းအေးချမ်းပါစေကွယ်”

ကျွန်တော်တို့သေချာမှတ်လိုက်တယ်။
မြင်းပျံကြီးသိန္နောဖြူကိုလည်း
တစ်ချက်ကြည့်လိုက်တယ်ဗျ ။
မြင်းပျံ ကြီးကတော့ ကျွန်တော်တို့ကို
စိုက်ကြည့်လို့ဗျ ။
ကျွန်တော်လည်း ဖော့တုံးကို ကောက်
လိုက်ပြီး လက်နှစ်ဖက်မှာ စွပ်လိုက်
တယ်။

“ကဲ ကိုတာတီး အဆင်သင့်ဖြစ်ရင် သွားကြမယ်ဗျို့”

မောင်ထွန်းက ကတော့ချွန်ထဲခုန်ဝင်ဖို့အတွက် တိုင်ပင်ခေါ်တယ်ဗျ။
သူ့ရဲ့အချိတ်အဆက် စကား
အဆုံးမှာတော့ ကျွန်တော်တို့တွေ ကတော့ချွန်
ထဲကို ပြိုင်တူခုန်ဝင်လိုက်ကြတယ်။

“ဝုန်း”

“ဝုန်း”

ကျွန်တော်တို့ချောင်းထဲကို တိုက်ရိုက်
ကျတာဗျို့။
တော်သေးတာပေါ့ဗျာ။ချောင်းစပ်ကို
ကျလို့ဗျ။
အိမ်အပြန်မှာတော့ မှော်ဆရာ
ပေးတဲ့ လက်ဆောင်စကားလေးကို
ရွတ်နေတာဗျို့။

အိမ်ရောက်တော့ အိမ်သားတွေက
တငိုငို၊တရီရီနဲ့ဗျ ။
ဦးကြင်တို့ပြောလိုက်တော့ ကျွန်တော်
တို့ကို ရေစာဖြစ်သွားပြီထင်လို့ပေါ့ဗျာ။
အန္တရာယ်ကင်းကြောင်း ပြောပြလိုက်
တော့မှ စိတ်အေးသွားကြတာဗျ။

အမှတ်မထင် တွေ့လိုက်ရတဲ့ဂမ္ဘီရမှော်ဆရာ၊မိုးပျံဇော်ဝါဂမုန်းနဲ့
ဖြစ်ရပ်တွေက ရင်မှာပဲ့တင်ထပ်လို့ဗျ ။

××××××××××××××

: ကျန်းမာ ချမ်းသာကြပါစေ

ပြီးပါပြီ

စာရေးသူ= စက်လေးတာတီးအားလေးစားလျက်

Like&shareလေးနဲ့အားပေးကြပါအုံး