အလောင်းစားကောင်

အလောင်းစားကောင်( စ/ဆုံး )

—————————————-

 

ကျုပ်တို့အညာမှာ နေလို့ကောင်းဆုံးက

အခုလို ဆောင်းအကုန် နွေအကူးလေးပေါ့ဗျာ။

အအေးကလည်းပေါ့၊ အပူကလည်း မဝင်သေး

တဲ့အချိန်ကလေးဗျ။ သရက်ပင်တွေမှာ သီးကင်းလေးတွေ ပြွတ်သိပ်နေတဲ့ အချိန်ပေါ့ဗျာ။လှည်းလမ်းကြောင်းတွေမှာဆိုရင် ပန်းရိုင်းကလေးတွေတောင် ပွင့်လို့လေ။ဒီတော့ အဘရော ကျုပ်ရောယာထဲမသွားကြဘူးဗျ။ အဘက ကျုပ် နေခင်းနေ့လယ်အိပ်တဲ့ မန်ကျည်းပင်ကြီးအောက်ကသစ်သားကွပ်ပျစ်ပေါ်မှာ မြေကရားလေးတစ်အိုး ချပြီး တောင်းယက်နေတာဗျ။

ကျုပ်တို့ အညာသားများ အင်မတန် ဆင်းရဲ

ဇာတာ ပါကြတာဗျ။ အားရင် နားနားနေနေကို

နေတတ်ကြတာ မဟုတ်ဘူး။ ရေစည်တိုက်ရမ

လား၊ နွားစာရိတ်ရမလား၊ ဆီပွတ်ရမလား၊တောထဲဝင်ပြီး ခြံတိုင်ခုတ်မလား၊ ထင်းခုတ်ရမလား၊ဒါပဲ တွေးနေကြတာ။ အလုပ်ဆိုတာလည်း မလုပ်ရင်သာ မရှိတာ။ လုပ်ရင် ကုန်တယ် ပြီး

တယ်လို့ကို မရှိတာဗျို့။ ကျုပ်က အဘဘေး

မှာ ထိုင်ပြီး အဘတောင်းယက်တာကို တိုင်

ကြည့်နေတာပေါ့ဗျာ။

ကျုပ်တို့အိမ်မှာ သုံးတဲ့ခြင်းတွေ၊ ပလိုင်းတွေ၊

တောင်းတွေ၊ စကောတွေ၊ စကားတွေဆိုတာ

ကျုပ်အဘ ယက်ထားတာချည်းပဲဗျ။

“ဘိုးဥာဏ်ရေ ကျုပ် ပျားရည်လာပို့တာဗျို့”

ဝိုင်းဝက အသံကြားလို့ အဘရော၊ ကျုပ်ရော

လှည့်ကြည့်လိုက်ကြတယ်၊ပျားဖွတ်တဲ့ ကိုသာ

မောင်ကြီးဗျ။ ပုဆိုးတိုတိုကြီးဝတ်လို့၊ လက်ထဲ

မှာလည်း ပျားရည်ပုလင်းတစ်ပုလင်း ကိုင်ထား

တယ်

“ဟာ သာမောင်ပါလား၊ အေး အေး လာဟေ့။

အတော်ပဲကွာ၊ ငါဆေးဖော်ဖို့ ပျားရည် ကုန်နေ

တာကြ”

ကိုသာမောင်ကြီးဝိုင်းထဲ ဝင်လာပြီး အဘကို ပျားရည်ပုလင်းပေးတယ်။

“ဒါ ဘယ်လောက်တုံးကွ သာမောင်ရ”

“တစ်ဆယ်ပဲလေ ဘိုးဥာဏ်၊ အရင်စျေးပဲလေ”

“အေး အေး ကဲ တာတေ၊ မင်းအမေဆီမှာ

ငွေတစ်ဆယ်သွားယူ၊ ရော့ ရော့ ဒီပျားရည်

ပုလင်းပါ ယူသွား”

ကျုပ်က အိမ်ပေါ်တက်ပြီး အမေ့ဆီက ငွေ

တစ်ဆယ်ယူလာပြီး ကိုသာမောင်ကို ပေး

လိုက်တယ်။ ပြီးတော့မှ ကျုပ်က ကိုသာ

မောင်ကို ကျုပ် သိချင်တာ မေးတာဗျ။ကျုပ်

ကလည်း လွှတ်စပ်စုတဲ့ကောင်မို့လားဗျာ။

“ကိုကြီးသာမောင် ပျားရည်ကို စစ်,မစစ်

ဘယ်လိုစမ်းရတုံးဗျ”

“ဟာ တာတေနှယ် လွယ်လွယ်လေးပါကွာ၊

တို့အညာသားတွေအတွက်က ဘာခက်မှာ

တုံး၊ အိမ်တိုင်းမှာ နှမ်းဆီ ရှိနေတာပဲ။ ပန်း

ကန်ထဲကို ပျားရည်တစ်ဇွန်း ချိန်ထည့်လိုက်

ပြီးရင် နှမ်းဆီတစ်ဇွန်း ချိန်ထည့်လိုက်၊ အဲ

ဒီနှစ်မျိုးကို ပန်းကန်ထဲမှာ နာနာမွှေပေး၊

အဲဒီလိုမွှေရင်း မွှေရင်းနဲ့ နှစ်မျိုးကောလီ

ဖြစ်သွားရင် ဇွန်းထဲပြန်ထည့်ကြည့်လိုက်၊

တစ်ဇွန်းပဲ ရှိလိမ့်မယ်။ ဒါဆိုရင် ပျားရည်

အစစ်ပေါ့ကွ”

“သြော်ဒီလိုလား၊ တယ်ဟုတ်တဲ့ စမ်းနည်းပါ

လားဗျ ကိုကြီးသာမောင်ရဲ့”

“အင်းဒါပေမဲ့ ပြောရဦးမယ် ဘိုးဥာဏ်ရေ၊

ဟိုတစ်နေ့က ကျုပ်ရယ်၊ ကျုပ်ညီ သာအောင်

ရယ် တောထဲမှာ ပျားရည်တက်ဖွတ်ကြတာဗျ၊

ရလိုက်တဲ့ ပျားရည်ဆိုတာ မပြောပါနဲ့တော့ဗျာ။

သာအောင်ကို ရွာပြန်ပြီး လှည်းကောက်ခိုင်းရ

တော့တာဗျ။ အုံကြီးသုံးအုံတောင် ရလိုက်တာ။

ပျားလဘို့ရော၊ ပျားစလက်ရော တစ်အုံ တစ်အုံ

စကောနှစ်ချပ်စာလောက် မကဘူး။ အဲဒါကြီးသုံးအုံကို အိမ်ကနေ သာအောင် ပြန်ယူတဲ့ စည်ပြတ်တွေနဲ့ ထည့်ပြီး ရွာပြန်လာတာ။လမ်းမှာ ဖိုးသူတော်ကြီးတစ်ပါးနဲ့ တွေ့တယ် ဘိုးဥာဏ်ရေ၊ဒါနဲ့ ကျုပ်က ပျားရည်ပြည့်နေတဲ့ ပျားစလက်ကို ဖဲ့ပြီး လှူလိုက်တယ်၊ ဟာ ဖိုးသူတော်ကြီးက ပျားစလက်ကြီးကို အားရပါးရကို ဝါးစားပစ်တာဗျို့။ ပြီးလည်းပြီးရော သူ့လက်ထဲက

ကြေးစည်ကို ထုတော့တာပဲဗျာ။ ကျုပ်စိတ်

ထဲကတော့ သူ့ကို ကျုပ်က ပျားစလက်လှူ

လို့ ကျုပ်ကို ဆုပေးတယ်ထင်တာပေါ့ဗျာ”

“အေး ဟုတ်မှာပေါ့ကွ သာမောင်ရ”

“ဘယ်က ဟုတ်ရမှာတုံး၊ ဘိုးဥာဏ်ရ၊ဘယ်

က ဘယ်လို ပျားတွေ ရောက်လာမှန်း မသိ

ပါဘူးဗျာ၊ လူလည်းတုပ်၊ နွားတွေလည်း တုပ်

တော့တာပဲဗျာ၊ ကျုပ်တို့လည်း လှည်းကို ဒုန်း

စိုင်းပြေးမောင်းပြီး ပြေးလိုက်ရတာဗျာ၊ ဘာ

ပြောကောင်းမတုံး ဘိုးဥာဏ်ရာ၊နောက်လှည့်

ကြည့်လိုက်တော့ ဖိုးသူတော်ကြီးက လှည်း

လမ်းပေါ်မှာ ခုန်ပေါက်ပြီးတော့ကို ရယ်နေ

တာဗျို့။ ကျုပ်ညီသာအောင်က ဖိုးသူတော်

ကို သွားရိုက်မယ်လုပ်လို့ မနည်းကို ဆွဲထား

ရပါကောလားဗျာ”

အဘရော ကျုပ်ရော ကိုသာမောင် ပြောတာကို

သဘောကျပြီး ရယ်လိုက်ကြတော့တာပေါ့ဗျာ။

“နို့ ဒီဖိုးသူတော်က ဘယ်ကို သွားတာတုံး သာ

မောင်ရဲ့၊ ငါတို့ဘက်တွေမှာ ဖိုးသူတော်တို့ ဘာ

တို့ အင်မတန်မှ လာခဲပါတယ်ကွ”

“တောထဲဝင်သွားတာ တွေ့တာပဲဗျ၊ ဒါပေမဲ့

ဒီဖိုးသူတော်က တော်တော်တော့ ထူးခြားတယ်၊

သူကြေးစည်ထုလို့ ပျားတွေ ရောက်လာတာဗျ”

ကိုသာမောင်ကြီးကလည်း ကျုပ်အကြောင်း သိပြီးသားပဲဗျာ၊ ပြုံးပြုံးကြီးလုပ်နေတယ်။

“အသက်က ငါးဆယ်လောက်ရှိမယ်ကွ၊ ပုံစံက

ပုပုဝဝ ဗိုက်ရွှဲရွှဲကြီးကွ၊ မျက်နှာကလည်း ခပ်ပြဲ

ပြဲပဲ၊ အသားကတော့ ခပ်ညိုညိုကွ”

“သြော်”

ကျုပ်က ကိုသာမောင်ပြောတာကို နားထောင်ရင်းဖိုးသူတော်ကြီးအကြောင်းကို တွေးနေတာဗျ။

“အရီးရေ ဟာ တာတေ၊ အရီး ရှိလားကွ”

ကျုပ် ဝိုင်းဝကို ကြည့်လိုက်တော့ ကိုတောင်လုံးဗျ။ကိုတောင်လုံးရဲ့အဖေက မုဆိုးဗျ။ ဦးယောလို့ခေါ်တယ်။သားကောင်ပစ်တယ်။ဘိထောင်တယ်။တောဝက်ရာသီကို အဓိက အမဲလိုက်တာပေါ့ဗျာ။ အခုတော့ သူ့သား ကိုကြီးတောင်လုံးပါ သားအဖနှစ်ယောက် တောထဲဝင်နေကြတာဗျ။တောဝက်ဆူဆူ ရရင် အမေ့ကို လာပြီးရောင်းနေကြဗျ။

“ဟာ ကိုကြီးတောင်လုံး အသားကောင် ရလာ

ပြီထင်တယ်”

“အေးကွ တာတေရ၊ အရီး မှာထားလို့ လာပို့တာ”

“ဟုတ်တယ် ဟုတ်တယ် ဆွမ်းဟင်းချက်ချင်

တယ်လို့ ပြောတယ်ဗျ၊ လာ လာ၊ ကျုပ်အမေ့

ဆီ ပို့ပေးမယ်”

ကျုပ်က ကိုတောင်လုံးကို ခေါ်ပြီးတော့ အိမ်

ဘေးက ပတ်သွားတယ်၊ အမေက မီးဖိုထဲမှာ

ထမင်းဟင်း ချက်နေတာလေဗျာ။

“အဖေ ဒီမှာ ကိုကြီးတောင်လုံး လာတယ်၊ အ

မေ မှာထားလို့တဲ့”

“ဟေ အေးဟဲ့၊ တောင်လုံး နင်လာတာ အ

တော်ပဲပေါ့၊ ငါက ဆွမ်းချိုင့်အတွက် ဘာချက်

ရမှန်း မသိလို့ စဉ်းစားနေတာဟဲ့ ”

ကျုပ် ကိုတောင်လုံးကို အမေနဲ့ ထားခဲ့ပြီး ဝိုင်း

ရှေ့ကို ပြန်ထွက်ခဲ့တယ်။ ကျုပ်ခေါင်းထဲမှာက

ဖိုးသူတော်ကြီးပဲ ရှိနေတာကိုဗျ။ ကိုသာမောင်

ကြီး ဘာများထပ်ပြောဦးမှာလည်းလို့ပေါ့ဗျာ။

ကိုသာမောင်နဲ့ အဘက ပျားရည်နဲ့ဖော်တဲ့

ဆေးတွေအကြောင်း ပြောနေကြတာဗျ။

ကျုပ်လည်း ဘေးကထိုင်ပြီး အဘတို့ စကား

ပြောတာကို နားထောင်နေတာပေါ့ဗျာ။ခဏ

ကြာတော့ကိုကြီးတောင်လုံးဝိုင်းရှေ့ကို ပြန်

ထွက်လာတယ်ဗျ။

“ဟကောင် တောင်လုံး လာလေ ထိုင်ဦး

လေကွာ”

အဘက ကိုတောင်လုံးကို ခေါ်လိုက်တော့ ကို

တောင်လုံးက အဘဘေးမှာ ဝင်ထိုင်တယ်။ အ

ဘကတော့ တောင်းယက်ရင်း စကားပြောနေ

တာဗျ။ အဘက လက်မအားတော့ ကျုပ်က န

ဂါးဆေးပေါ့လိပ်ကို မီးညှိပြီး ကိုတောင်လုံးကို

တည်တယ်။ ကိုသာမောင်ကိုတော့ စောစော

ကတည်းက အဘ တည်ထားပြီးသားဗျ။

“ဘယ်လိုလဲကွ တောင်လုံး၊ မင်းအဘ ဗိုလ်

ယော နေကောင်းရဲ့လား၊ တောတက်နေ

တုန်းပဲလား”

“ကောင်းတယ်ဗျ ကိုသာမောင်ရဲ့၊ ကျုပ်နဲ့ အ

တူ တောတက်နေတုန်းပဲဗျ၊ ကိုသာမောင်တို့

ရော အဆင်ပြေရဲ့လား”

“အေး ပြေတယ်ကွ၊ ဒီတစ်ပတ် ပျားရည်

တော်တော် ရလာတာ။ မင်းတို့ရော အဆင်

ပြေရဲ့လား”

“အဆင်ပြေတယ်ဗျ၊ အခုတလော သားကောင်

ဆက်တိုက်ကို ရနေတာ၊ ဒါပေမဲ့ မနေ့ကတော့

ကျုပ်တို့သားအဖ တောထဲကနေ ခွေးပြေး ဝက်

ပြေးခဲ့ရတာဗျို့”

“ဟေ ဘာဖြစ်လို့တုံးကွ”

“ဖိုးသူတော်ကြီးပါဗျာ”

“ဘာ ဖိုးသူတော်ကြီး ဟုတ်လား ကိုကြီး

တောင်လုံး”

ကျုပ်က အံ့သြပြီး မေးလိုက်တာဗျ။ကိုတောင်လုံးက နဂါးဆေးပေါ့လိပ်ကလေးကို နှစ်ဖွာလောက် ဖွာလိုက်သေးသဗျ။မီးခိုးကိုလည်း နှာခေါင်းကနေအလိပ်လိုက် မှုတ်ထုတ်လိုက်တယ်။

ပြီးတော့မှ

“ပုပုဝဝ၊ ဗိုက်ရွှဲရွှဲကြီးဗျ၊ ဦးကျောက်ခဲ ချောက်

ကြီးနားမှာ ထိုင်နေတာဗျ။ ကျုပ်တို့က သူ့ရှေ့

က ဖြတ်လျှောက်တော့ ဘာမှတော့ မပြောဘူး

ဗျ၊ လိုက်ကြည့်ရုံပဲ ကြည့်နေတာ။ အဘဆရာ

ကျုပ်ရော အံ့အားသင့်နေကြတာပေါ့ဗျာ။ ဒီ

တောထဲမှာ ဘယ်တုန်းကမှ ဖိုးသူတော်ရှိတာ

မဟုတ်ဘူးလေဗျာ၊ ကျုပ်တို့သားအဖလည်း

သူရှေ့က ကျော်သွားရော ဖိုးသူတော်ကြီးက

သူ့လက်ထဲက ကြေးစည်ကို ထုတော့တာပဲဗျာ။

သူ့ကြေးစည်သံလည်း ဆုံးရော တောနက်ထဲ

က တောဝက်ကြီးနှစ်ကောင် ထွက်လာပြီး ကျုပ်

တို့သားအဖကို လိုက်ပြီး ပက်တော့တာပဲဗျာ။

ကျုပ်တို့ သားအဖလည်း ပြေးကြရတော့တာ

ပေါ့ဗျာ။ ဒါပေမဲ့ အဘက ကျုပ်ကို ဝက်တွေ

မျှားခေါ်သွားခိုင်းတယ်ဗျ။ သူက သစ်ပင်ကြီး

တစ်ပင်ဘေးမှာ ဝင်ပြီးကပ်နေလိုက်တယ်။

ပြီးတော့မှ ဆူဆူ ဖြိုးဖြိုး အကောင်ကြီးကို

ချက်ကောင်းချိန်ပြီး ပစ်လိုက်တာ ‘အီ’ကနဲ

တစ်ချက်အော်ပြီး ဗိုင်းကနဲ လဲကျသွားရော

ဗျို့၊နောက်တစ်ကောင်လည်း လန့်ပြီး လျှို့

ထဲဆင်းပြေးသွားတယ်”

ကျုပ်အဘတောင် တော်တော်စိတ်ဝင်စား

သွားတယ်ဗျ။

“ဆန်းတော့ ဆန်းနေပါရောလား တောင်လုံး

ရဲ့၊မင်းတို့ကလည်း အဲဒီဖိုးသူတော်နဲ့ တွေ့

လာတယ်။ ဟောဒီကောင် သာမောင်တို့က

လည်း အဲဒီဖိုးသူတော်နဲ့ပဲတွေ့ပြီး ကြေးစည်

ထုလိုက်တာ ပျားတွေလိုက်တုပ်လို့ဆိုပဲ၊ အခု

လေးတင် သာမောင် ပြောပြနေတာ”

” ဟင် ဟုတ်လားဗျ၊ ကိုသာမောင်တို့က

ဘယ်နားတွေ့တာတုံး”

ကိုတောင်လုံးက အံ့သြပြီး မေးရောဗျ။

“ငါတို့က လှည်းလမ်းကြောင်းမှာ တွေ့တာ

ကွ၊ ငါ့ညီသာအောင်က လှည်းမောင်းလို့၊ ငါ

က ပျားစလက်တောင် ဖဲ့ပြီး လှူလိုက်သေး

တာကြ”

အဘက မျက်ခုံးတွန့်ပြီး တွေးနေတယ်။ကျုပ်

လည်း စဉ်းစားနေတာပေါ့ဗျာ။ ကိုသာမောင်နဲ့

ကိုတောင်လုံးတို့လည်း ဒီအကြောင်းကို တွေး

နေပုံရတယ်ဗျ။

“မင်းတို့တွေ့ခဲ့တဲ့ ဖိုးသူတော်ကြီးက သိပ်ခေ

သူတော့ မဟုတ်ဘူးနော်၊ အစွမ်းတော့ တော်

တော်ရှိပုံပဲကွ၊ မင်းတို့ နောက်ထပ် တောထဲ

ဝင်ရင် သတိတော့ ထားဝင်ကြဟေ့၊ ဘာမှန်း

မသိဘူး”

အဘက သတိပေးတယ်။

“ဟုတ်ကဲ့ ဘိုးဥာဏ်”

လို့ သူတို့နှစ်ယောက်စလုံးက ပြန်ပြောတယ်။

ကိုသာမောင်နဲ့ ကိုတောင်လုံးတို့ ပြန်သွားပြီး

တော့ ကျုပ်နဲ့ အဘနဲ့ တောင်းဆက်ယက်ကြ

တယ်။ အဘက လက်ညောင်းရင် တစ်လှည့်

နားပြီး ကျုပ်က အဘနေရာဝင်ပြီး ယက်ရ

တယ်။ အဘက လက်ဖက်ကလေးဝါးရင်း

အကြမ်းလေးသောက်ရင်း ကျုပ်ကို ဘေးက

ထိုင်ပြောပြတယ်။

ဒီလိုပဲ ကျုပ်တို့တွေ တောင်သူတတ်အပ်တဲ့

အတတ်ပညာမှန်သမျှကို လက်ဆင့်ကမ်းပြီး သင်ယူလာခဲ့ကြတာပေါ့ဗျာ။ ထွန်တုံး၊ ထွန်တံ၊

ထမ်းပိုး၊ လှည်းဒေါက်ခွကစပြီး နွားနဖားကြိုး

ကျစ်တာအထိ။ ကျုပ်တို့အားလုံး လုပ်တတ်

ကြရတယ်။

“အဘ ကိုသာမောင်တို့ပြောတဲ့ ဖိုးသူတော်ကြီး

က ကျုပ်စိတ်ထဲမှာ ထူးဆန်းနေသလိုပဲဗျ”

အဘက အကြမ်းခွက်ကို မှုတ်သောက်ရင်း

ခေါင်းညိတ်တယ်။

“ဟုတ်တယ် တာတေ၊ အဘစိတ်ထဲမှာလည်း

တစ်မျိုးဖြစ်သွားတယ်၊ သာမောင် ပြောတုန်း

ကတော့ သိပ်ဆန်းတယ် မထင်ဘူး၊တောင်လုံး

တောဝက်သား လာပို့ပြီး ပြောတော့မှ အံ့သြ

သွားတာ”

“အဘ ကျုပ်စိတ်ထင်တော့ ဒီဖိုးသူတော်ဟာ

သိပ်မရိုးဘူး ထင်တယ်ဗျ”

“လူလေးရဲ့၊ မင်းက ဒီလိုအတွေ့အကြုံတွေ

ဗဟုသုတတွေ ရှိနေတာပဲ၊ လူလေးက ပိုသိ

မှာပေါ့”

” ကျုပ် အဲဒါကို တွေးနေတာ အဘရဲ့၊အောက်

လမ်းဆရာတစ်ယောက်က ဖိုးသူတော်ယောင်

ဆောင်ပြီး ရောက်လာတာလားလို့”

“အင်း ဒါလည်း ဖြစ်နိုင်တာပေါ့၊ အေးလေ၊

ဒီဖိုးသူတော်က ဒီနယ်တစ်ဝိုက်မှာ ဆက်ရှိနေ

ရင်တော့ အဖြေပေါ်လာမှာပေါ့ လူလေးရာ”

အဲဒီနေ့က အဘနဲ့ကျုပ် တောင်းနှစ်လုံးပြီး

အောင် ယက်ကြတယ်။ ညနေစောင်းတော့

တောင်းတွေ အနားကွပ်ပြီးသွားပြီ။ ကျုပ်တို့

အိမ်ကတောင်းတွေက နကုန်ပြီလေဗျာ။

နောက်နေ့ကျမှ ရေနံချေးသုတ်ပြီး နေလှမ်း

ရမယ်။နေပြလိုက် ရေနံချေး ထပ်သုတ်လိုက်

နှစ်ရက်လောက်လုပ်ရင်း ဝါးတွေက အကြော

ကို တင်းပြီး ဝါးပိုးလည်း မထိုးတော့ဘူးပေါ့ဗျာ။

ကျုပ်က မနက်အစောကြီး နိုးနေတာဗျို့။ကျုပ်ရဲ့အကျင့်ကလည်း တစ်မျိုးဗျ။အိမ်မှာ ဟင်းကောင်းရှိရင် အစောကြီး နိုးတတ်တယ်။ အစောကြီး အိပ်ရာထပြီး ထမင်းကြမ်း စားတဲ့ကောင်ဗျ။ ကျုပ်အကြောင်းကို အမေကသိတော့ မနက် ထမင်းကြမ်းစားဖို့ ညတည်းက ထမင်းပိုချက်ထားတာ။ ကျုပ်နိုးပြီးမှ အမေနဲ့ အဘ နိုးလာကြတာ။ ကျုပ်ဆာနေမှန်းသိလို့ အမေက ထမင်းကြမ်းပွဲ မြန်မြန်ပြင်ပေးတယ်။နွေဦးပေါက်ဆိုတော့ နှင်းလွှတ်ကျတာဗျ။ ဒီအချိန် နှင်းအကျဆုံးပဲ။

နှင်းကြွင်းနှင်းကျန် အကုန်ကျသလားတောင် မ

ပြောတတ်ပါဘူးဗျာ။ အိမ်ပေါ်ကနေ လှမ်းကြည့်

ရင် ရွာလမ်းက လှည်းမောင်းသွားတဲ့သူ ဘယ်သူမှန်း မြင်ရတော့တာ မဟုတ်ဘူးဗျို့။ ကျုပ်တို့သားအမိ သားအဖသုံးယောက် တောဝက်သားဟင်းနဲ့ထမင်းကြမ်း စားသောက်ပြီးတော့ အိမ်ရှေ့တန်းလျားလေးမှာ ထိုင်ပြီး ဆေးလိပ်သောက်၊အကြမ်းသောက်ပေါ့ဗျာ။ အဘက သူ့ရဲ့ မကွေးကွမ်းညှပ်ကလေးနဲ့ ကွမ်းသီးတတောက်တောက်ညှပ်ပြီးကွမ်းယာနေတာဗျ။ကျုပ်အဘက ဆေးလိပ်သိပ်မသောက်ဘူး။ ကွမ်းစားတာများတယ်။ ကျုပ်ကကွမ်းမစားဘူး။ နဂါးဆေးပေါ့လိပ်ပဲ ဖွာတာ။

“တာတေရေတာတေ နိုးပြီလားဟေ့”

ဝိုင်းဝကနေ ကျုပ်ကို ခေါ်နေတာဗျ။ နှင်းတွေ

ပိတ်နေတော့ ဘယ်သူမှန်းကို မသိတာ။

“ဟဲ့ ဘယ်သူတုံး၊ နှင်းတွေပိတ်နေတာ ဘယ်

သူမှန်းကို မသိတာ၊ အသံပြုလိုက်လေ တာတေ”

အမေက ပြောတော့မှ ကျုပ်က လှမ်းအော်

လိုက်တယ်

“ရှိတယ်ဗျို့၊ လာလေ ဝင်ခဲ့၊ နှင်းတွေပိတ်နေ

လို့ ဘယ်သူမှန်းကို မသိတာ”

“ငါပါကွ တာတေရ၊ မီးလောင်ကုန်းက

ဝက်သိုးပါ”

“ဟာ ဟေ့ကောင် ဝက်သိုး၊ မင်းကလည်း

တန်းဝင်လာခဲ့ပါလား၊ တကယ့်ကောင်ကွာ၊

မင်းက ငါ့ဆီလာတာ ဧည့်သည်လုပ်နေရ

သေးသလားကွ”

ဒီကောင် ဝက်သိုး၊ ဒီတော့မှ ဝိုင်းထဲဝင်လာ

တာဗျ။ ဝက်သိုးဆိုတဲ့ကောင်က ဂင်တိုတို၊

ဗိုက်က နည်းနည်းရွှဲတယ်ဗျ။ ကျုပ်နဲ့က တစ်

ရွယ်တည်းပေါ့ဗျာ။ မြို့ကျောင်းတက်တုန်းက

အတူတူလေ၊ ဒီကောင့်နာမည်က ချစ်ညိုဗျ။

ဒါပေမဲ့ သူ့ကို ဘယ်သူကမှ ချစ်ညိုလို့ မခေါ်

ဘူး။ဝက်သိုးပဲ ခေါ်တာဗျ။ကျုပ်ကိုတော့ လွှတ်

ခင်တဲ့အကောင်။လမ်းလျှောက်ရင်ကမူးရှူးထိုး

ဗျ။အခုလည်း နှင်းတောထဲကနေ ကမူရှူးထိုးနဲ့

တိုးထွက်လာရောဗျ။ကျုပ်အိမ်ပေါ်မှာ ရှိမှန်းသိ

တော့ တန်းတက်လာတာ။

“လာ ဝက်သိုး၊ ထိုင်”

ကျုပ်က ဒီကောင်မှန်း သိကတည်းက နဂါး

ဆေးပေါ့လိပ်ကလေး ကြိုညှိထားတာ။ ဝက်

သိုးကလည်း ကျုပ်လိုပဲဗျ။ နဂါးဆေးပေါ့လိပ်

အားကြီးကြိုက်တာဗျ။

“သောက် ဝက်သိုး၊ နဂါးကွ ရော့”

ဝက်သိုးက ခေါင်းက ဝါးခမောက်ကလေးချွတ်

ပြီး ကျုပ်တည်တဲ့ ဆေးလိပ်ကို ဖွာတော့တာဗျို့။

“ဟဲ့ ဝက်သိုး၊ နင့်အဘ ကိုကျော်ကြီးတို့ နင့်

အမေ မပြားကြည်တို့ နေကောင်းရဲ့လားဟဲ့”

အမေက ဝက်သိုးရဲ့ အဖေ၊ အမေတွေကို

သတင်းမေးသဗျာ။ဝက်သိုးက ခေါင်းညိတ်

ပြရင်း ပြောတယ်

“ဟုတ်ကဲ့ အရီး နေကောင်းကြပါတယ်။ ဘိုး

ဥာဏ်တို့ အရီးတို့ရော နေကောင်းရဲ့မို့လား”

“အေး ကောင်းတယ်ဟဲ့၊ ဝက်သိုးရဲ့

နင်တောင် ထနောင်းကုန်းဘက်ကို အရင်

လောက်လာတာ မတွေ့တော့ပါလား၊ ဘာ

တုံး တောင်ပိုင်းက နင်ပိုးနေတဲ့ ဝိုင်းကြည်

သမီး အိမ်ထောင်ကျသွားလို့ မလာတော့

တာလား”

“ဟား ဟား ဟား ဟား အရီးကလည်း

မဟုတ်ပါဘူးဗျ၊ ကျုပ် ယာထဲဆင်းနေရလို့ဗျ”

ဝက်သိုးက ရှက်ကိုးရှက်ကန်းကြီးလုပ်ပြီး ရယ်

တယ်ဗျ။ ကျုပ်လည်း ပြုံးနေရတော့တာပေါ့ဗျာ။

အမေပြောလိုက်တာ ဝက်သိုးအရှိုက်ကို တည့်

တည့်ကြီး ထိသွားတယ်ဆိုတာ ကျုပ် သိတာ

ပေါ့ဗျာ။

“နေပါဦးကွ ဝက်သိုးရ၊ အစောကြီး နှင်းတောထဲ

ထလျှောက်လာတာ ဘာတွေများ အရေးကြီးတဲ့

ကိစ္စရှိလို့တုံး”

ဝက်သိုးက သောက်လက်စ နဂါးဆေးပေါ့လိပ်

ကလေးကို ဆေးလိပ်ခွက်ထဲ ချထားလိုက်တယ်

ဗျ။ ပြီးတော့မှ ပြောတာ။

“ဒီလိုကွ တာတေရ၊ မနေ့က မနက်အစောကြီး

ဒီလိုပဲ နှင်းတွေပိတ်နေတုန်း ငါတို့မီးလောင်ကုန်း

ရွာထဲမှာ နှင်းတောထဲက ကြေးစည်ထုသံ ကြား

ရတယ်ကွ”

“ဟေကြေးစည်ထုသံ ဟုတ်လား ဝက်သိုး”

ကျုပ်ရော အဘရော အလန့်တကြား ဖြစ်သွား

ကြတာဗျ။ အမေကတော့ ဒီအကြောင်းတွေ

ဘာမှ မသိတော့ ဘာမှ မဖြစ်ဘူးပေါ့ဗျာ။

“အေး ဟုတ်တယ်၊ နေပါဦးကွ၊ မင်းက ငါ

ပြောတာကို အလန့်တကြား ဖြစ်သွားတာ ဘာ

ဖြစ်လို့တုံး ဒီအကြောင်းကို သိနေလို့လား”

“ဟာ မဟုတ်ဘူးကွ ဝက်သိုးရ၊ မနေ့က ကို

သာမောင်တို့ ကိုတောင်လုံးတို့ပြောတဲ့ ဖိုးသူ

တော်ကြီးကို သွားပြီးသတိရလိုက်လို့ပါကွာ။

နေပါဦးကွ ဝက်သိုးရ၊ မင်းတို့ရွာမှာ ကြေးစည်

ထုတာလည်း ဖိုးသူတော်ကြီးပဲလား”

“အသံပဲ ကြားတာတဲ့ကွ၊ ဘာမှမမြင်ရဘူး

လို့ ပြောတယ်”

“နှင်းတွေက လွှတ်ပိတ်နေတာကွ၊ မင်း အခုပဲ

အပြင်ကို လှမ်းကြည့်လိုက်လေ၊ ရွာလမ်းကို

မြင်ရလို့လား”

“နေဦးကွ တာတေရ၊ ငါပြောတာ အဲဒီအဓိပ်ပါယျ

မဟုတ်ဘူးကွ၊ မြင်ကို မမြင်ရတာ၊ အသံပဲ ကြား

ရတာလို့ ပြောတာ”

“ဟေ မင်းတို့ လိုက်ကြည့်လို့လား”

“ကြည့်ကြတာပေါ့ကွ တာတေရ၊ စောစောစီးစီး

ကြေးစည်သံကြီး ကြားရတော့ ဟဒါ ဘာတုံး

ဆိုပြီး လူတွေ ထွက်ကြည့်ကြတာလေကွာ၊ တ

ချို့ဆိုရင် ကိုယ့်နားနားမှာကို ကပ်ပြီး ထုသွား

တာကို ကြားရတာကွ၊ ဒါပေမဲ့ ဘာမှ မမြင်ရ

ဘူးတဲ့ကြ”

“ဟေ ဟုတ်လား၊ ဒါဆိုရင် အကောင်အထည်

မမြင်ရဘဲ အသံပဲ ထွက်ထွက်လာတာပေါ့”

“အေး ဟုတ်တယ်၊ ငါပြောတာ အဲဒီလိုပြောတာ”

ကျုပ်နဲ့ အဘနဲ့ တစ်ယောက်ကို တစ်ယောက်

လှည့်ကြည့်ကြပြန်ရောဗျ။

“အဘ ကျုပ်စိတ်ထင်တော့ ဒါဟာ ကိုသာ

မောင်တို့ ပြောတဲ့ ဖိုးသူတော်ကြီးပဲ ဖြစ်မှာဗျ”

“အင်းအဘလည်း အဲဒီလိုပဲထင်တယ်

တာတေ”

“ဒါဆိုရင် ကိုသာမောင်တို့က ဖိုးသူတော်ကြီးကို

မြင်ပြီးတော့ ဝက်သိုးတို့ မီးလောင်ကုန်းက လူ

တွေကို မမြင်ရတာ ဘာသဘောတုံးဗျ”

ကျုပ်လည်း တွေးလို့မရလို့ အဘကို မေးလိုက်

မိတယ်ဗျ။ အဘက ကျုပ်ကို ပြောတယ်။

“တာတေ မင်းစဉ်းစားတာ လိုနေသေးလို့ကွ၊

သာမောင်တို့ သာအောင်တို့ ညီအစ်ကိုဆိုတာ

တစ်သက်လုံး ပျားဖွတ်စားတဲ့ကောင်တွေကွ၊

တောင်လုံးတို့သားအဖဆိုတာလည်း မုဆိုးတွေ

လေကွာ၊ တစ်သက်လုံး အကုသိုလ်အလုပ် လုပ်

နေတော့ အကုသိုလ်ဟိတ် လွှမ်းနေတဲ့လူတွေ

လေကွာ၊ မကောင်းဆိုးဝါးတွေ ဘာတွေကို မြင်

ချင်လည်း မြင်မှာပေါ့ကွာ၊ ဝက်သိုးတို့ရွာသား

တွေက အဘတို့လို တောင်သူတွေလေ၊ အ

ကုသိုလ်နည်းကြမှာပေါ့၊ ဒါကြောင့် မမြင်တာ

ဖြစ်မှာပေါ့ လူလေးရဲ့”

” ဟာ အဘ တွက်ပြတာ ဟုတ်နိုင်တယ်ဗျ၊

ဟုတ်နိုင်တယ်၊ နေပါဦးကွ ဝက်သိုးရ၊ မင်း

အခု ငါ့ကို လာပြောတာ ထူးဆန်းတဲ့ ကြေး

စည်သံအကြောင်းလား”

“ဘယ်ကဟုတ်မှာတုံး တာတေရာ၊ မင်းနဲ့ အဘ

နဲ့ စကားမဆုံးသေးလို့ ငါစောင့်နေတာကွ”

ဝက်သိုးက ကျုပ်တို့ စကားပြောနေတော့ ဆေး

လိပ်ကလေး ပြန်ဖွာနေတာဗျ။

“အေး အဲဒီကြေးစည်သံကြားပြီး တစ်နာရီ

လောက်ကြာတော့ ရွာလယ်ပိုင်းက ငိုသံကြီး

ထွက်လာတော့တာပဲကွာ”

“ဟေဘာဖြစ်လို့တုံးကွ ဝက်သိုးရ”

“မလိပ်ပုအဖေ ဘိုးတုတ်ကို မင်း သိတယ်

မို့လား”

“အေးသိတာပေါ့ဟ ဝက်သိုးရ၊ မင်းတို့ ထန်း

တောထဲမှာတောင် တစ်ခါ နှစ်ခါ ဆုံဖူးသေးတယ်”

“အေး ဟုတ်တယ်၊ ဟုတ်တယ်၊ ဘိုးတုတ်

ထိုင်နေရာကနေ မူးလိုက်တာ၊ မူးလိုက်တာ

ဆိုပြီး လဲကျသွားတာ အသက်ပါသွားရောဟေ့”

“ဟာ ဘိုးတုတ် ဆုံးပြီပေါ့ ဟုတ်လား”

“အေး မနေ့ကမနက်ပဲ ဆုံးသွားတာ”

“မီးလောင်ကုန်းက ငတုတ် ဆုံးသွားပြီ ဟုတ်

လား ဝက်သိုး”

ကျုပ်အမေက ဝင်မေးတာဗျ။ အဘကလည်း

စိတ်မကောင်း ဖြစ်သွားတယ်ဗျ။

“ငတုတ်က ငါ့ကို လွှတ်ခင်တာကွ၊ တွေ့ရင်

ကိုကြီးဥာဏ်၊ ကိုကြီးဥာဏ်နဲ့ နေတာ”

“ဘိုးတုတ် ဆုံးတာနဲ့ လူမမြင်ဘဲ ကြားရတဲ့

ကြေးစည်သံနဲ့ ပတ်သက်နေတယ်လို့ မင်း

တို့ရွာသားတွေ ထင်နေတယ်မို့လားကွ

ဝက်သိုးရ”

“နေဦး တာတေ၊ ငါ့မှာ ပြောစရာရှိသေးတယ်၊

အဲဒါနဲ့ ငါတို့ကာလသားတွေ လူစုပြီး မလိပ်ပု

တို့အိမ်မှာ အသုဘကိစ္စ လုပ်ရတော့တာပေါ့

ကွာ။ ခေါင်းစပ်၊ အလောင်းစင် ဆောက်ပေါ့

ကွာ၊ ညနေသုံးနာရီလောက်ကျတော့ အသု

ဘကို ခေါင်းသွင်းကြတယ်။ ခေါင်းကို အ

လောင်းစင်ပေါ်တင်ပြီး ထမင်းပန်းကန်နဲ့

ထမင်းကျွေး၊ မီးအိမ်ထွန်းပေါ့ကွာ၊ ညရောက်

တော့ ထုံးစံအတိုင်းပေါ့ကွာ၊ ရွာထဲကလူတွေ

ဖဲဝိုင်းလုပ်ပြီး အသုဘစောင့်ရတော့တာပေါ့။

အောက်လမ်းဓါတ်မီးတွေ ထိန်နေအောင်

ထွန်းထားကြတာပေါ့ကွာ၊ သန်းခေါင်ကျော်

လောက်ရောက်တော့ ရွာထဲမှာ ကြေးစည်

သံ ကြားရရောဟေ့”

“ဟာ ဟုတ်လား၊ မနက်က ကြားတဲ့ အသံ

မျိုးပဲလား”

” ဟုတ်တာပေါ့ကွာ၊ အဲဒီကြေးစည်သံပဲကွ၊ငါတို့

အားလုံး ဖဲဆက်မချနိုင်တော့ဘဲ နားထောင်နေ

ကြတာ။ ဘယ်လိုက ဘယ်လိုအိပ်ပျော်သွားမှန်း

ကို မသိပါဘူးကွာ။ မနက်လေးနာရီလောက်ကျ

မှ တောင်ဘက်တောင်ဘက်ဝိုင်းက ဘိုးထွန်းညို

ကြီးရောက်လာပြီး

‘ဟေ့ကောင်တွေ ထစမ်း၊ မင်းတို့အသုဘ

မရှိတော့ဘူး’

လို့ ဘိုးထွန်းညိုက အော်ပြောတော့မှ ငါတို့အား

လုံး နိုးသွားပြီး အလောင်းစင်ကို လှမ်းကြည့်ကြ

ရတာပေါ့ကွာ”

‘ဟာ ဟုတ်တယ်ဟေ့၊ ဘိုးတုတ်အလောင်း

မရှိတော့ဘူးကွ’

ဆိုပြီး ဆူညံ ဆူညံနဲ့ ဖြစ်ကုန်ကြတော့တာ

ပေါ့ကွာ”

“နေပါဦးကွ ဝက်သိုးရ၊ အသုဘအိမ်ရှင်

မလိပ်ပုတို့တွေကရော အိပ်ပျော်သွား

တာပဲလား”

“ဟာ တာတေရေအဲဒီကြေးစည်သံက

ရွာကို ပတ်ပြီး ထုတာတဲ့ဟေ့၊ တစ်ရွာလုံး

အိပ်ပျော်သွားကြတာ။ အကုန်လုံး မနက်

လေးနာရီမှ နိုးလာကြတာကွ”

“ဟာ တယ်လည်း ထူးဆန်းပါလားကွ”

“အေး ငါဆက်ပြောဦးကွ တာတေ၊ ငါတို့

ကာလသားတွေနဲ့ ရွာထဲကယောက်ျားတွေ

ချက်ချင်းလူစုပြီး ဓါတ်မီးတစ်ယောက် တစ်

လက်နဲ့ ရွာထဲကိုပတ်ပြီး ဘိုးတုတ်အလောင်း

ကို လိုက်ရှာကြရောဟေ့။ ဘယ်မှာ ရှာမတွေ့

တော့မှ ရွာပြင်ထွက်ပြီး ရှာကြရပြန်တာပေါ့

ကွာ။ ဒါလည်း မတွေ့ဘူးကွ၊ မနက်လည်း

မိုးလင်းစပြုလာတော့တာပေါ့ကွာ။ ဒီမှာတင်

လူခွဲရှာတဲ့ တို့ရွာသားနှစ်ယောက် ပြေးချလာ

တော့တာဟေ့၊ ဘာတုံးဆိုပြီး ဆီးမေးလိုက်တော့

တို့ရွာအနောက်ဘက်က လျှိုကြီးထဲမှာ ဘိုးတုတ်

ကိုထည့်တဲ့ ခေါင်းကြီးတွေ့ခဲ့တယ်လို့ပြောတယ်

ကွ၊ ဒါနဲ့ လူတွေအားလုံး အဲဒီလျှိုကြီးထဲကို လိုက်

သွားကြတာပေါ့ကွာ၊ အဲဒီမှာ သွားတွေ့တာကွ”

 

“ဟေ တွေ့တယ် ဟုတ်လား ဝက်သိုး”

 

“အေးကွ တာတေရ၊ တွေ့တော့ တွေ့တယ်၊

ဒါပေမဲ့ ဘိုးတုတ်ရဲ့အလောင်းကို စားထားတာ

ကွ၊ အသားဆိုလို့ ဘာမှမရှိတော့ဘဲ အရိုးအ

ပိုင်း အစ အပုံကြီးပဲတွေ့တာ၊ ဒါနဲ့ ငါတို့လည်း

တိုင်ပင်ပြီး ရွာပြန်ခဲ့တဲ့လူကပြန်၊ ပေါက်တူးယူ

တဲ့လူက ယူပေါ့ကွာ။ အဲဒီအရိုးတွေကို ခေါင်း

ထဲထည့်တဲ့လူက ထည့်ပြီး လျှိုကြီးထဲမှာပဲ

ကျင်းနက်နက်တူးပြီး မြှုပ်လိုက်ကြရတာပေါ့

ကွာ၊ တချို့မိန်းမတွေဆိုရင် ကြောက်လွန်းလို့

ငိုတောင် ငိုကြလို့ဟေ့”

 

ကျုပ်လည်း ဘာပြန်ပြောရမှန်းတောင် မသိပါ

ဘူးဗျာ။ ကျုပ်လည်း ဒါမျိုး တစ်ခါမှ မကြားဖူး

ပါဘူး။

 

“အဘ ဖိုးသူတော်ကြီးက ဘယ်လိုဖြစ်တာတုံးဗျ”

 

“ဒီလိုကိစ္စမျိုးမှာ လူလေးက အဘထက် ဗဟု

သုတ ပိုရှိတာပဲကွယ်၊ လူလေးတောင် မသိမှ

တော့ အဘက ဘယ့်နှယ်လုပ်သိမှာတုံး”

 

ဝက်သိုးလည်း ကျုပ် ဘာပြောမလဲဆိုတာ

စောင့်နေတာဗျ။ ကျုပ်လည်း ဘာပြောရမှန်း

မသိသေးဘူးပေါ့ဗျာ။

 

“ငါတို့ရွာက ကာလသားတွေကတော့ တာတေ့

ဆီသွားပြီး အကျိုးအကြောင်းပြော ဆိုလို့ ငါလာခဲ့တာကြ”

 

“ကဲ ဒီလိုလုပ် ဝက်သိုး၊ မင်း ရွာကိုသာပြန်၊

ငါ ဒီည ဒီကိစ္စ မဖဲဝါကို မေးမယ်၊ သူပြောတာ

နားထောင်ပြီးမှ လုပ်သင့်တာတွေ ငါလာလုပ်

ပေးမယ်”

 

“အေး ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဒါဆိုရင် ငါပြန်မယ်၊

မင်း မှာတာကို ငါရွာမှာ ပြန်ပြောလိုက်မယ်”

 

ဝက်သိုး အိမ်ပေါ်ကနေ ခပ်သုတ်သုတ် ဆင်း

သွားပြီး နှင်းထုထဲမှာ ပျောက်သွားတယ်။ အ

ဘရယ်၊ အမေရယ်၊ ကျုပ်ရယ် ဒီအကြောင်း

ကို ဆက်ပြောကြတယ်။ ဒီတော့မှ ကျုပ်အမေ

က အကျိုးအကြောင်း အကုန်သိသွားတာဗျို့။

 

“အောင်မယ်လေး တာတေရယ်၊ ငါတောင်

ကြောက်လိုက်တာဟယ်၊ နင်မဖဲဝါရော ဒီလို

ဟာမျိုးကြီးကို နိုင်ပါ့မလားဟယ်၊ တော်တော်

ကြာ မနိုင်ဘဲ သွားလုပ်လို့ နင်ပါ ဒုက္ခတွေ့နေ

ပါဦးမယ် တာတေရယ်”

 

“ဟာ မဖဲဝါက သူနိုင်တာ၊ မနိုင်တာကို

သိပါတယ်ဗျ”

 

ဒီသတင်းက နေ့လယ်လောက်ရောက်တော့

ကျုပ်တို့ရွာထဲအထိ ပျံ့လာရောဗျို့။ ကျုပ်တို့

ရွာသားတွေကို ညနေ ငါးနာရီမှာ ရွာတံခါးပိတ်

ဖို့၊ လူတွေ အိမ်ထဲမှာနေဖို့၊ မိုးချုပ်ရင် အိမ်ပြင်

မထွက်ဖို့တွေကို ဆယ်အိမ်ခေါင်းတွေက တိုး

တိုးတိတ်တိတ် လိုက်ပြောကြတာပေါ့ဗျာ။ ဒါ

ပေမဲ့ မကောင်းဆိုးဝါး ဆိုတာကတော့ ရွာထဲ

ကို ဝင်လို့ရတဲ့အဆင့်ရှိရင် ဝင်လာမှာပဲပေါ့ဗျာ

တံခါးပိတ်ထားလို့ လုံမှာမှ မဟုတ်တာ။

 

ညရောက်လို့ အိမ်ရာဝင်တော့ ကျုပ်က

မဖဲဝါရဲ့ ကိုယ်ခွဲ အရုပ်ကလေးကို ကိုင်ပြီး

ပြောလိုက်တယ်။

 

“သင်္ချိုင်းရှင်မကြီး မဖဲဝါ၊ မီးလောင်ကုန်းမှာတော့အထူးအဆန်းတွေ ဖြစ်နေပြီဗျာ။ အဲဒါ ဘာဖြစ်တာတုံးဆိုတာ ကျုပ်သိချင်လို့ပါ၊ ပြီးတော့ ရှေ့ဆက်ပြီး ဘာတွေဖြစ်ဦးမှာတုံးဆိုတာ သိချင်ပါတယ်၊ သင်္ချိုင်းရှင်မ မဖဲဝါဗျာ၊ အဲဒီကိစ္စတွေဒီည ကျုပ်ကို ပြောပြပါဗျာ”

 

ကျုပ်က သေသေချာချာ ပြောဆိုပြီးမှ မဖဲဝါ

ရဲ့ ကိုယ်ခွဲရုပ်ကလေးကို ခေါင်းအုံးအောက်

မှာထားပြီး အိပ်လိုက်တယ်။ကျုပ်အမှောင်ထဲ

မှာ စမ်းတဝါးဝါးနဲ့ လမ်းလျှောက်နေတာဗျို့။

ကောင်းကင်မှာ လကွေးကွေးလေး သာနေ

လို့သာ မှုန်ဝါးဝါးလေး မြင်နေတာပေါ့ဗျာ။

 

ကျုပ်ရောက်နေတဲ့ နေရာကို အကဲခတ်လိုက်

တယ်။ ဟာ သင်္ချိုင်းကုန်းကြီးပဲဗျ။ သင်္ချိုင်းမှ

တော်တော်ကို ဟောင်းနေတဲ့ သင်္ချိုင်းဟောင်း

ကြီးဗျို့။ အုတ်ဂူကြီးတွေကလည်း အကြီးကြီး

တွေဗျ။ ဒါပေမဲ့ အားလုံးက ဟောင်းမဲနေပြီ။

ရိုးရိုးအုတ်ဂူဆိုတာ သိပ်မရှိဘူးဗျ။ ဒါဟာ မင်း

ဆွေမင်းမျိုးတွေ သင်္ဂြိုဟ်တဲ့ သင်္ချိုင်းဖြစ်မယ်

လို့ ကျုပ်စိတ်ထဲမှာ တွေးနေမိတာဗျ။

 

ဒီအချိန်မှာပဲ လေအေးတစ်ချက် ဝှေ့သွားတယ်။

ဒါ မဖဲဝါ ရောက်လာတာဗျို့။ ကျုပ် ဘေးဘီကို

လှည့်ပတ်ကြည့်လိုက်တယ်။ ဟော ဟိုမှာပဲ ဂူ

မည်းမည်းဟောင်းဟောင်းကြီးရဲ့ ဘေးမှာကပ်

ပြီး ရပ်နေတာဗျ။ဒီတစ်ခါတော့ မဖဲဝါက ကျုပ်နဲ့ အသက် အရွယ်တူ ကောင်မလေးပုံစံ မဟုတ်

ဘူးဗျ။ သူ့နဂိုပုံစံဗျို့။ ကျုပ်တောင် ကြောထဲမှာ

စိမ့်ကနဲ စိမ့်ကနဲ ဖြစ်သွားတယ်ဗျို့။ ဒါပေမဲ့

မဖဲဝါက ကျုပ်လန့်သွားမှာစိုးလို့ ထင်ပါရဲ့။

 

ဂူအမြင့်ကြီးဘေးမှာ ကပ်ရပ်ပြီး သူ့မျက်နှာ

ကို အမှောင်နဲ့ ကွယ်ထားတယ်။ သူ့ကို ခပ်

ဝါးဝါးလေးပဲ ကျုပ်မြင်နေရတာဗျ။

 

“တာတေ၊ အဲဒါ ဖိုးသူတော်က လူ့ဘဝတုန်းက

မတော်လောဘတွေ ထားခဲ့တာ၊ သူ့ကို ခေါ်

ထားတဲ့ ဘုန်းကြီးကျောင်းပစ္စည်းတွေကို အ

မြဲခိုးဝှက်ယူတယ်။ ဆရာတော် မသိအောင်

နေ့လွဲညစာတွေ ခိုးစားတယ်၊ ရဟန်းသံဃာ

တွေကို လှူမယ့် အစားအစာတွေကို ခိုးယူ

စားသောက်တယ်။ သေတော့ ရက္ခို(ရက်ခို)

ကြီး ဖြစ်နေတာ။ အလောင်းစားကောင်ကြီး

လေ။ ငါတောင် သူ့ကို လွယ်လွယ်နဲ့နိုင်မှာ

မဟုတ်ဘူး။ နင့်ကို ငါပြောမယ် သေသေ

ချာချာ မှတ်ထား၊မနက်ဖြန်ဆိုရင် ရက္ခို

ကောင် နင်တို့ရွာကိုဝင်လိမ့်မယ့်၊ လူတစ်

ယောက် သေလိမ့်မယ်၊ညရောက်ရင် နင်က

အလောင်းကိုဖယ်ပြီး ခေါင်းထဲဝင်နေ၊ နင့်

လက်ထဲမှာ နင့်ဆရာကြီးတွေပေးထားတဲ့

သိမ်ဝင်ခြေမန်းကွင်း ရှိတယ်မို့လား၊ ဒီအ

ကောင်ကြီးက လူတွေကို အိပ်ပျော်အောင်

လုပ်ပြီး ခေါင်းကို ထမ်းပြေးလိမ့်မယ်။နင် မ

ကြောက်နဲ့ နင့်နောက်က ငါလိုက်မယ်၊ခေါင်း

ဖွင့်တာနဲ့ ခြေမန်းကွင်းရအောင်သာစွပ်၊ကျန်

တာ ငါလုပ်မယ်၊ ကြားလား တာတေ”

 

“စိတ်ချပါ သင်္ချိုင်းရှင်မကြီး”

 

ကျုပ် အိပ်မက်က လန့်နိုးတော့ မနက်ငါးနာရီ

လောက်ရှိပြီ။ ကျုပ်အိပ်ရာထပြီး မျက်နှာသစ်

တယ်။ ပြီးတာနဲ့ မျက်ကွင်းဆေး သွေးပြီး ကွင်း

တယ်။ ခဏနေတော့ အဘနဲ့ အမေ နိုးလာ

ကြတယ်။

 

“တာတေ အစောကြီးနိုးနေပါလား၊ ကိုဥာဏ်

တော့်သားတော့ ပွေလီဖို့ပြင်နေပြီထင်တယ်”

 

“အဘနဲ့ အမေ မျက်နှာသစ်ကြ၊ ပြီးရင် ဘုရား

ရှိခိုးပြီး ပရိတ်တွေ ရွတ်နေကြပေတော့၊ ဒီနေ့

ဒီအကောင်ကြီး ကျုပ်တို့ရွာ ဝင်လိမ့်မယ်”

 

“ဟေဟုတ်လား၊ နင် သိပြီဟုတ်လား တာတေ”

 

ကျုပ်က အမေ့ကို ခေါင်းပဲညိတ်ပြလိုက်တယ်။

အဘနဲ့ အမေလည်း ကျုပ်ပြောတဲ့အတိုင်းလုပ်

ကြတာပေါ့ဗျာ။

 

“နောင် ဝေ ဝေ ဝေ”

 

“ဟဲ့ တာတေ လာပြီ၊ လာပြီ၊ ကြားလား

ကြေးစည်သံ”

 

“ကြားတယ် အမေ၊ ဘာမှမကြောက်နဲ့၊ ပရိတ်

ပဲ ဆက်ရွတ်နေကြ”

 

လို့ပြောပြီး ကျုပ်က ဝိုင်းထဲပြေးဆင်းခဲ့တယ်။

ခြံထောင့်က မန်ကျည်းပင်နားမှာ ကပ်ပြီးစောင့်

နေလိုက်တယ်။

 

” နောင် ဝေ ဝေ ဝေ”

 

” နောင် ဝေ ဝေ ဝေ”

 

ဟာ လာနေပြီဗျို့။ ကျုပ်တို့နေတဲ့ ရွာလယ်

လမ်းအတိုင်းကို လာနေတာဗျို့။ နှင်းတွေက

လည်း ပိတ်နေအောင် ကျနေတာဗျို့။ ဟာ

လာနေပြီဗျို့။ ဟုတ်ပါ့ဗျာ။ ဖိုးသူတော်ဝဝကြီး

ဗျ။ အောက်ပိုင်းမှာ အဝတ်ဖြူစကြီး ခပ်တိုတို

ပတ်ထားတယ်။ အပေါ်ပိုင်းကတော့ ပိတ်ဖြူ

ကို တင်ရုံပဲ တင်ထားတာဗျ။ လက်က ကြေး

စည်ကိုတော့ ဆက်တိုက်ကို ထုနေတာဗျို့။

 

ကျုပ် သစ်ပင်ကွယ်ပြီး သေသေချာချာကြည့်

တယ်။နေ့ခင်းကြောင်တောင် ရွာထဲကိုဝင်နိုင်

တဲ့ မကောင်းဆိုးဝါးမျိုးကို ဒီတစ်ခါပဲ တွေ့ဖူး

သေးတယ်ဗျာ။ အင်းကျုပ်တို့ရွာမှာတော့

လူတစ်ယောက် သေဦးတော့မှာပေါ့ဗျာ။

 

“နောင် ဝေ ဝေ ဝေ”

 

ကြေးစည်သံက တဖြည်းဖြည်း ဝေးသွားပြီဗျ။

ရွာအနောက်ပိုင်းကို ရောက်သွားတယ် ထင်

တာပဲ။ ကျုပ်လည်း အိမ်ပေါ်တက်ပြီး မျက်

ကွင်းဆေးကို ဝကွင်း နနွင်းဖြူဥနဲ့ ဖျက်ပစ်

လိုက်တယ်။ ကျုပ်အဘနဲ့ အမေကတော့

ပရိတ်ကို ဆက်ရွတ်နေတုန်းပေါ့ဗျာ။

 

ခုလောက်ဆို ကျုပ်တို့ရွာထဲက လူတွေလည်း

ဒီကြေးစည်သံကို ကြားပြီး ကြောက်လန့်နေ

ကြရောပေါ့ဗျာ။ အဘတို့ ပရိတ်ရွတ်ပြီးတော့

ကျုပ်တို့သားအမိ သားအဖတွေ၊ ခရမ်းချဉ်ပန်

ထွေဖျော်လေးနဲ့ ထမင်းကြမ်းစားကြတယ်။

စားသောက်ပြီးလို့ အကြမ်းထိုင်သောက်နေ

ကြတုန်းပဲ ရှိသေးတာဗျို့။

 

“ကိုကြီး တာတေ၊ ကိုကြီးတာတေ”

 

ဟာ ဒါ ကျောက်ခဲအသံပဲ၊ လူတော့ မမြင်ရ

သေးဘူး၊ နှင်းတွေ ပိတ်နေတာကိုဗျာ၊ ဒါပေ

မဲ့ ဒီကောင် ခေါ်ရင်း ဝိုင်းထဲ ဝင်လာနေတာ

ဗျ။ မန်ကျည်းပင်ကြီနားရောက်မှ ကျောက်

ခဲကို ကျုပ်တွေ့ရတာ။ သြော် သံမဏိလည်း

ပါတာကိုး။

 

“ဟေ့ကောင်တွေ လာကြ၊ အိမ်ပေါ်တက်ကြ”

 

ဒီကောင် နှစ်ကောင် အိမ်ပေါ်ကို ခပ်သုတ်

သုတ် တက်လာကြတယ်ဗျို့။

 

“ကိုကြီးတာတေ စောစောက ကြေးစည်သံ

ကြီး ကြားလိုက်သေးလား”

 

“ဟာ ကြားတာပေါ့ကွ ကျောက်ခဲရ၊ ကြားရုံ

တင် မကဘူး၊ ငါ အကောင်ကြီးပါ တွေ့လိုက်

တာ”

 

“ဟင် ဟုတ်လား၊ ဘယ်လိုဟာတုံးဗျ”

 

“ဖိုးသူတော်ကြီးကွ၊ ဟိုနေ့ကတည်းက ကို

သာမောင်တို့ ကိုတောင်လုံးတို့ တွေ့ခဲ့တယ်

ဆိုတဲ့ ဖိုးသူတော်ကြီးပေါ့ကွာ”

 

“ဟာ ဒီလူတွေက ဖိုးသူတော်ကြီးကို တွေ့

လာတယ် ဟုတ်လား၊ မီးလောင်ကုန်းမှာ ဖြစ်

တဲ့ သတင်းက မနေ့ကတည်းက ကျုပ်တို့ရွာ

မှာ ပျံ့နေတာဗျ။ ရွာထဲကလူတွေ တအားကို

ကြောက်နေကြတာ ကိုကြီးတာတေရ”

 

“အေးငါလည်း တွေးမိပါတယ်ကွာ၊ ငါဘာမှ

မတတ်နိုင်သေးလို့ပါကွာ၊ ဒီညတော့ ဒီကိစ္စကို

ငါ ရှင်းမှာပါ”

 

“ဟာ ဒါဆိုရင် ကိုကြီးတာတေ ဒီည မဖဲဝါပင့်

တော့မှာပေါ့၊ ကျုပ်တို့ ဘာလုပ်ပေးရမှာတုံး

ပြောလေဗျာ”

 

“မဟုတ်ဘူးကွ ကျောက်ခဲရ၊ ငါ ညကတည်း

က မဖဲဝါရဲ့ တွေ့ပြီးပြီ၊ အကျိုးအကြောင်း

အားလုံးလည်း ငါ့ကို ပြောထားပြီးပြီ”

 

“ဟာ ဟုတ်လား၊ ကျုပ်တို့ပါ ဝိုင်းလုပ်မယ်ဗျာ”

 

ကျုပ် ဒီကောင်နှစ်ကောင်ရဲ့ သတ္တိကိုတော့

ယုံပြီးသားပါဗျာ။ ဒီကောင်တွေအကြောင်းကို

ရှေ့က ဝတ္ထုတွေမှာ ကျုပ်ရေးခဲ့ပြီးပြီပဲ။

 

“တာတေ တာတေ တာတေ နိုးပြီးလားဟေ့”

 

“ဘယ်သူတုံး၊ ကျုပ် နိုးနေပါပြီဗျ၊ ဝင်ခဲ့လေ”

 

နှင်းတောထဲက လူတစ်ယောက် အပြေးတစ်

ပိုင်း ထွက်လာတာဗျ။ ဟာ ကိုသာမောင်ကြီး

ပါလား။

 

“ဟာ ကိုကြီးသာမောင် ဘာဖြစ်လို့တုံး”

 

“တာတေ ငါ့ညီ သာအောင် ဆုံးသွားပြီကွ”

 

“ဗျာကိုသာအောင် ဆုံးသွားပြီ ဟုတ်

လား၊ ဘာဖြစ်လို့တုံးဗျ”

 

“ဘာမှမဖြစ်ဘူးကွ၊ အကောင်းကြီးကနေ

ခေါက်ကနဲ ဆုံးသွားတာကွ၊ ဟိုဖိုးသူတော်

ကြီး ကြေးစည်သံကြောင့် ဖြစ်မှာပေါ့ကွာ၊

ဟီး၊ ဟီး၊ ဟီး၊ ဟီး”

 

ကိုသာမောင်က ပြောရင်း ငိုချလိုက်ရောဗျို့၊

အမေနဲ့ အဘလည်းကိုသာမောင်ကိုကြည့်ပြီး

မျက်ရည်လေး တစမ်းစမ်းနဲ့ဖြစ်နေကြတော့

တာပေါ့ဗျာ။

 

“ကိုသာမောင် ထွက်ကြည့်လိုက်သေးလားဗျ”

 

“ငါ ကြည့်လိုက်တယ်ကွ တာတေရ၊ ငါမြင်တယ်၊တခြားလူတွေကတော့ မမြင်ဘူးပြောတယ်၊ ဒါပေမဲ့ ငါကတော့ သေသေချာချာ မြင်လိုက်ပါတယ်ကွာ၊ ဟိုနေ့က ငါတို့တွေ့ခဲ့တဲ့ ဖိုးသူတော်ကြီးပါပဲကွာ၊ ငါထင်တယ် တာတေ၊ အဲဒီနေ့က ငါ့ညီသာအောင်က လှည်းပေါ်ကနေ ဆင်းရိုက်မယ်လုပ်လို့ ငါ မနည်းဆွဲထားရတာကွ၊ အဲဒါကြောင့်လာသတ်တာ ထင်တယ်”

 

ကျုပ်လည်း ဘာမှမပြောတတ်ဘူးပေါ့ဗျာ။

ကျုပ်ရော ကျောက်ခဲတို့ရော ချက်ချင်းထလိုက်

ခဲ့တယ်။ ကျောက်ခဲနဲ့ သံမဏိက လူခွဲပြီး ရွာထဲ

က ကာလသားတွေကို လိုက်ခေါ်ကြဖို့ ထွက်

သွားတယ်ဗျ၊ ကျုပ်ကတော့ ကိုသာမောင်တို့

အိမ်ကို လိုက်ခဲ့ရတာပေါ့ဗျာ။ ကိုသာအောင်နဲ့

ကျုပ်နဲ့က အလွန်ဆုံးကွာမှ ခြောက်နှစ်ပေါ့ဗျာ။

ကိုသာအောင်က သေးသေးညှပ်ညှပ်ကလေး

ဗျ။ ပျားဖွတ်စားတယ်ဆိုပေမယ့် ရပ်ရေးရွာရေး

ဆိုရင် အမြဲတမ်း ဝိုင်းဝန်းတဲ့လူပေါ့ဗျာ။လူချစ်

လူခင်လည်း လွှတ်ပေါတဲ့လူဗျ။ရွာထဲက လက်

သမားတွေ ရောက်လာကြတာပေါ့ဗျာ။ ကာလ

သားတွေက ပျဉ်ပုတ်ဝယ်လာကြတယ်။ လက်

သမားက ခေါင်းစပ်မယ်ပေါ့။

 

“ကဲ ဦးကြည်သောင်း အတိုင်းကို ကိုသာ

အောင်နဲ့ မယူနဲ့၊ ကျုပ်နဲ့ ယူပါ”

 

အသုဘအိမ်က လူတွေက ကျုပ်ကို ဝိုင်းကြည့်

တယ်။ ကျုပ်က လမ်းမှာတည်းက ကိုသာမောင်

ကို အကျိုးအကြောင်း ပြောပြီးသားလေဗျာ။

 

“တာတေ ဒါ နောက်စရာ မဟုတ်ဘူး၊ နမိတ်

မရှိ နမာမရှိတွေ လာမပြောနဲ့ ”

 

လက်သမားဆရာ ဦးကြည်သောင်းက ကျုပ်ကို

ဆူတယ်ဗျ။ ကျုပ်က ကိုသာမောင်ကို ကြည့်

လိုက်တယ်။

 

“ဦးကြည်သောင်း တာတေပြောတဲ့အတိုင်း

လုပ်ပေးလိုက်ပါ၊ သာအောင်က ညှပ်တော့

သာအောင်နဲ့ အတိုင်းလုပ်ရင် တာတေ ခေါင်း

ထဲဝင်လို့ရမှာ မဟုတ်ဘူးဗျ”

 

“ဟေ အခုသေတာက သာအောင်လေကွာ၊

တာတေက ဘာကြောင့် ခေါင်းထဲဝင်ရမှာတုံး”

 

လက်သမားဆရာ ဦးကြည်သောင်းက နား

မလည်တော့ဘူးပေါ့ဗျာ။ ဒီမှာတင် ကိုသာ

မောင်ကဦးကြည်သောင်းကို လက်ကုတ်ပြီး

အိမ်ဘေးက သရက်ပင်ကြီးအောက်ကို ခေါ်

သွားပြီး တိုးတိုးတိုးတိုးနဲ့ အကျိုးအကြောင်း

ပြောပြတယ်။ဦးကြည်သောင်းက ခေါင်းတ

ညိတ်ညိတ်နဲ့ နားထောင်တယ်ဗျ။

 

ခုမှ ဦးကြည်သောင်းက သဘောပေါက်သွား

ပြီး ကျုပ်ကို ရေဘော်တိုက်တဲ့ ခုံပေါ်မှာ လှဲ

အိပ်ခိုင်းတယ်။ ပြီးတော့ ကျုပ်ကို ကိုယ်တိုင်း

ယူတာပေါ့ဗျာ။ခေါင်းစပ်လို့ ပြီးတော့ ဦးကြည်

သောင်းက ကျုပ်ကို ခေါင်းထဲ ဝင်အိပ်ခိုင်း

တယ်။ ကျုပ်ကလည်း ဝင်အိပ်တယ်။ အသု

ဘလာတဲ့ လူတွေကတော့ မျက်နှာတွေပျက်

ပြီး ကျုပ်ကို ကြည့်နေတယ်။

 

“တာတေကတော့ကွာ လောကမှာ တစ်တေ

တည်းရှိတဲ့ကောင်ပဲ”

 

လို့ ပြောကြတယ်။ မတတ်နိုင်ဘူးလေဗျာ။

ကျုပ်ကလည်း ဒါမျိုးတွေ လုပ်ရရင် လွှတ်

စိတ်ဝင်စားတဲ့ကောင်ဗျ။ခေါင်းအဖုံးမှာ လွန်

နဲ့ အပေါက်တွေ ဖောက်ခိုင်းရတယ်။ ဒါမှ

ကျုပ် အသက်ရှူလို့ ရမှာပေါ့ဗျ။ အလောင်း

စင် ပြင်တယ်။ အလောင်းစင်ပေါ်မှာ ခေါင်း

လည်းတင်တယ်။ ဒါပေမဲ့ ခေါင်းထဲမှာတော့

ဘာမှ မရှိဘူးဗျ။ ကိုသာအောင်အလောင်း

က အိမ်ထဲမှာပဲ။

 

မိုးချုပ်တော့ အသုဘကို ထမင်းကျွေးတဲ့

အတိုင်း အလောင်းစင်ဘေးမှာ ပြင်ထား

တယ်။ခေါင်းရင်းမှာ မီးအိမ်တစ်လုံးလည်း

ထွန်းလို့ဗျ။ညသန်းခေါင်လောက်ရောက်

တော့ ကျုပ်ကမျက်ကွင်းဆေးကွင်းတယ်။

သစ်စုန်းဆေးတော်ကို သွေးပြီး နားနှစ်ဖက်

မှာ လိမ်းတယ်။ ဒါမှကြေးစည်သံကြားရင်

ကျုပ် အိပ်မပျော်မှာလေဗျာ။ ကျောက်ခဲနဲ့

သံမဏိကိုလည်း နားနှစ်ဖက်စလုံးမှာ သစ်

စုန်းဆေးတော်သွေးပြီး လိမ်းပေးတယ်။ ဒီ

ကောင်တွေ အိပ်လို့မပျော်မှ အိပ်သွားတဲ့

လူတွေ နှိုးပြီး ကျုပ်နောက်ကို လိုက်နိုင်

မှာလေဗျာ။

 

“နောင် ဝေ ဝေ ဝေ”

 

ဟာ ကြေးစည်သံကြီး စပြီးကြားရပြီဗျို့။

ကျုပ်က အလောင်းစင်ပေါ်တက်ပြီး ခေါင်း

ထဲ ဝင်အိပ်လိုက်တယ်။ ကျုပ်လက်ထဲမှာ

လည်း မဖဲဝါမှာတဲ့အတိုင်း ခြေမန်းကွင်းကို

အဆင်သင့် ကိုင်ထားတယ်။ ခြေမန်းကွင်း

ဆိုပေမယ့် ခေါင်းကို စွပ်လို့ရအောင် ခပ်ကြီး

ကြီးလုပ်ထားတာဗျ။ ကျောက်ခဲနဲ့ သံမဏိ

က ခေါင်းအဖုံးကို သေသေချာချာ သံရိုက်

ပြီး ဖုံးလိုက်တယ်။ ပြီးတော့ ဒီကောင်တွေ

အိမ်ပေါ်ပြေးတက်ကြမှာပေါ့ဗျာ။

 

အိမ်ပေါ်မှာကတော့ အောက်လင်းဓါတ်မီး

ကြီးထွန်းပြီး ဖဲချနေကြတဲ့ ဝိုင်းသုံးဝိုင်းဗျ။

ရွာထဲက ကာလသားတွေ အကုန်ရောက်

နေတာဗျ။ အားလုံးကို ကျုပ်ခေါ်ထားတာ

လေဗျာ။

 

“နောင် ဝေ ဝေ ဝေ”

 

“နောင် ဝေ ဝေ ဝေ”

 

ဟော ဝိုင်းရှေ့မှရပ်ပြီး ကြေးစည်ထုနေတာ

ဗျ။ ကြေးစည်သံက တဖြည်းဖြည်း ဝေးသွား

ပြီး ရွာထဲကို လှည့်ပတ်ပြီး ထုနေပြန်ပြီဗျို့။

တစ်ရွာလုံး အိပ်ပျော်အောင် လုပ်တဲ့သဘော

ပဲဗျ။ ကျုပ်ကတော့ ခေါင်းထဲရောက်နေတော့

အပြင်ကို မမြင်ရဘူးလေဗျာ။ ခုလောက်ရှိရင်

ဖဲချနေတဲ့ ကျုပ်ကောင်တွေလည်း အိပ်ပျော်

ကုန်ရောပေါ့ဗျာ။

 

“နောင် ဝေ ဝေ ဝေ”

 

ဟော ကြေးစည်သံက ပြန်ပြီး နီးလာပြီဗျို့။

ဟော ဝိုင်းထဲဝင်လာပြီဗျ။ ဟော ဟော ခေါင်း

ကို လာပြီး လှုပ်ကြည့်နေတယ်။ ဟော မ,ပြီ

ဗျို့။ မ,ပြီ။ ဟာ ခေါင်းကို မ,ပြီး ပခုံးပေါ်မှာ

ထမ်းလိုက်ပြီဗျ။ ဟာ ပြေးပြီဗျို့။ ပြေးပြီ။

 

တရကြမ်းကို ပြေးတာဗျို့။ ကျုပ်စိတ်ထင်

ရွာပြင်ရောက်လာပြီထင်တယ်။ ကျုပ်ကတော့

ခေါင်းထဲမှာ မြင်းရိုင်းကြီး စီးနေရသလိုပါပဲဗျာ။

 

ခေါင်းဘေးနံရံနှစ်ဖက်ကို ကျုပ် တံတောင်

နှစ်ဖက်နဲ့ ထောက်ထားရတာဗျို့၊ကျုပ်ခေါင်း

ကိုလည်း တောင့်ထားရတယ်။ ကျုပ်လက်ထဲ

မှာတော့ ခြေမန်းကွင်းကို အဆင်သင့် ကိုင်

ထားရတယ်ဗျို့။

 

“ဒုန်း”

 

တော်တော်ဝေးဝေးကိုရောက်မှ ခေါင်းကိုပစ်

ချလိုက်တာဗျို့။ ကျုပ်လည်း ခေါင်းထဲမှာ ကြွ

တက်သွားပြီး ခေါင်းဖုံးနဲ့ နဖူးနဲ့တောင် ဆောင့်

မိသွားတာဗျို့။

 

“ဟီး ဟီး ဟီး ဟီး”

 

ရက္ခိုကြီး ရယ်နေပြီဗျ။ စားရသောက်ရတော့

မယ်ဆိုပြီး ဝမ်းသာအားရ ဖြစ်နေရတာနေမှာ

ပေါ့ဗျာ။ ကျုပ်ဆိုတာ ကြက်သီးတွေ ဖြန်းက

နဲ ဖြန်းကနဲ ထနေတော့တာဗျို့။ ဆံပင်တွေ

တောင် ထောင်ထနေတယ်လို့ ကျုပ်စိတ်ထဲ

မှာ ထင်နေတာဗျ။ကျုပ်ရင်တွေဆိုတာလည်း

ခုန်လိုက်တာဗျာ။ ဒုန်းဒုန်းနဲ့ ခုန်နေတဲ့ ကျုပ်

နှလုံးခုန်သံကို ရက္ခိုကြီးကြားသွားမှာတောင်

စိုးရိမ်နေမိတယ်ဗျို့။ လက်နှစ်ဖက်နဲ့ သေ

သေချာချာ ကိုင်ထားတာကတော့ ကျုပ်ဆ

ရာကြီး ဒေါက်တာဦးမင်းအောင်ကိုယ်တိုင်

စီရင်ထားတဲ့ ခြေမန်းကွင်းဗျ။ မဖဲဝါပြော

တာ ဒီခြေမန်းကွင်းကို ပြောတာလေဗျာ။

 

“ဂျွတ် ဂျွတ်”

 

ဟာ ခေါင်းအဖုံးကို ဆွဲဖွင့်နေပြီဗျို့။ ဘုရား၊

ဘုရား၊ ကျုပ်က ခြေမန်းကွင်း စွပ်လို့မရရင်

ဘယ်လိုလုပ်မတုံး။မဖဲဝါရော အချိန်မီရောက်

ပါ့မလား။ မဖဲဝါသာ အချိန်မီ ရောက်မလာရင်

တော့ ကျုပ်ကို ရက္ခိုကြီး စားမှာ သေချာတယ်

ဗျို့။ ကျုပ်စိတ်ထဲက ကြောက်စိတ်တွေကို

ချက်ချင်းဖယ်ပစ်လိုက်တယ်။

 

“ဂျွတ် ဂျွတ်”

 

ခေါင်းဖုံးကြီးက သံရိုက်ထားတာဆိုတော့

သူမနည်းကို ဆွဲလှန်နေရတာပေါ့ဗျာ။ ကျုပ်

စိတ်ထဲက ဆရာကြီးဦးမင်းအောင်နဲ့ ဆရာ

နွံဖတို့ကို ရည်မှန်းပြီး ရှိခိုးလိုက်တယ်။ ဟော

ပွင့်သွားပြီဗျို့။ ခေါင်းဖုံးကြီး ပွင့်သွားပြီ။ ဟာ

အစွယ်ကြီးတွေမှ ဖွေးနေတာပဲဗျာ။ ဟော

ဟော ပါးစပ်ကြီးဟပြီး ခေါင်းထဲမှာ ဆန့်ဆန့်

ကြီးလုပ်ထားတဲ့ ကျုပ်အပေါ်ကို ရက္ခိုရဲ့

ခေါင်းပြောင်ပြောင်ကြီးက ငုံ့လာတယ်ဗျ။

 

“ကဲ သေပေတော့ အလောင်းစားကောင်

ကြီးရေ”

 

လို့ ကျုပ်စိတ်ထဲက အော်ပြောလိုက်ပြီး ခြေ

မန်းကွင်းနဲ့ ရက္ခိုရဲ့ခေါင်းကို စွပ်ချလိုက်တယ်။

 

“အား”

 

ရက္ခိုကြီးရဲ့ လည်ပင်းမှာ ခြေမန်းကွင်း မိမိရရ

ကို စွပ်သွားတာဗျို့။ ဆရာကြီး ဦးမင်းအောင်

ရဲ့ ခြေမန်းကွင်းက စွမ်းလိုက်တာဗျာ။ ရက္ခိုကြီး

အားကနဲ အော်ပြီး နောက်ကို လှန်ထွက် သွား

တာဗျို့။ ကျုပ်လည်း ခေါင်းထဲကနေ ချက်ချင်း

ခုန်ထွက်လိုက်တယ်။

 

“ဟီး ဟီး ဟီး ဟီး ဟီး”

 

ဟာ မဖဲဝါ ရောက်နေမှကိုး၊ အောင်မယ်လေး

တော်ပါသေးရဲ့ဗျာ။

 

“အား အား အား”

 

ရက္ခိုကြီးက တော်တော်ကို ပူလောင်နေသလိုပုံစံဗျ

 

“ဖြုတ်ပေးပါ၊ ဖြုတ်ပေးပါ၊ ကျုပ်ကြောက်ပါပြီ”

 

ဟာ ရက္ခိုကြီး ကော့ပြန်ပြီးအော်နေတော့တာ

ဗျို့။ အရပ်ဆယ်ပေကျော်ကျော်လောက်မြင့်

တဲ့ မဖဲဝါကြီးက လေထဲကို လှစ်ကနဲ မြောက်

တက်သွားပြီး ပြန်အကျမှာ ရက္ခိုရဲ့ ကျောကုန်း

ကို သူ့ရဲ့လက်ဝါးကြီးနဲ့ တအားရိုက်ချလိုက်

ရောဗျာ။

 

“ဘုန်း” “အား”

 

တစ်ချက်တည်းပဲ ရိုက်တာဗျ။ ဒါပေမဲ့ မဖဲဝါ

အခုလို လေထဲကို မြောက်တက်သွားပြီးမှ

ရိုက်တာမျိုး ကျုပ် တစ်ခါမှ မတွေ့ဖူးဘူးဗျ။

 

ရက္ခိုကြီး အားကနဲ အော်လိုက်တဲ့အသံကြီးဟာ

တော်တော်ကို ကြောက်စရာကောင်းတာဗျာ။

အနီးအနားမှာ ရှိသမျှ ရွာတွေအားလုံးက ကြား

လောက်တယ်ဗျို့။ ဒီတော့မှ ကျုပ် သတိထား

မိတယ်။ ရက္ခိုကြီး ကျုပ်ကို ထမ်းပြေးလာပြီး

ပစ်ချလိုက်တာ ကျုပ်တို့ရွာမြောက်ဘက်က

‘ပဒတ်လျှို’ ထဲမှာဗျ။

 

“ရက္ခိုကောင် နင် ဒီနေ့က စပြီး တောထဲမှာပဲ

နေရမယ်၊ တိရစ္ဆာန်အသားပဲ စားရမယ်၊ လူ့

ရပ် လူရွာထဲကို ဘယ်တော့မှ မဝင်ရဘူး၊ ဒါ

ဟာ နတ်မင်းကြီးရဲ့ အမိန့် ”

 

မဖဲဝါပြောတဲ့ စကားတွေကို ကြားရတာက

ကျုပ် စလွယ်သိုင်း လွယ်ထားတဲ့ ကတ္တီပါ

ရှုံ့အိတ်ကလေးထဲက မဖဲဝါရဲ့ကိုယ်ခွဲရုပ်

ကလေးကြောင့်ပေါ့ဗျာ။

 

မဖဲဝါ ရိုက်ချလိုက်လို့ ဒူးထောက်လျက်ကြီး

ကျသွားတဲ့ ရက္ခိုကြီးက မဖဲဝါကို မော့မကြည့်

ဘဲ ခေါင်းကြီး ညိတ်ပြတယ်။

 

မဖဲဝါက ကျုပ်ကို လှမ်းကြည့်ပြီး ခြေမန်းကွင်း

ချွတ်ပေးဖို့ လက်နဲ့ လုပ်ပြတယ်။

 

ကျုပ်က ကျုပ်ကို စားတော့မလို လုပ်ထားတဲ့

ရက္ခိုကြီးရဲ့ လည်ပင်းက ခြေမန်းကွင်းကြီးကို

ပြန်ဖြုတ်ယူလိုက်တယ်။

 

ဟော ရက္ခိုကြီး ပျောက်သွားပြီဗျ။ သွားပြီပေါ့

ဗျာ။ ဒီနယ်ဘက်ကိုတော့ သူ ဘယ်တော့မှ

လာမှာမဟုတ်တော့ပါဘူး။ ဟော မဖဲဝါလည်း

ပျောက်သွားပြီဗျို့။

 

“တာတေရေ တာတေ ငါတို့လာပြီဟေ့”

 

ကျုပ်တို့ ရွာကကောင်တွေ လိုက်လာတာဗျ။

ဓါတ်မီးတွေ တဝင်းဝင်းထိုးလို့ဗျို့။

 

“ကိုကြီးတာတေ၊ ဘယ်မှာတုံး”

 

ကျောက်ခဲအသံဗျ။ ကျုပ်က လျှိုနှုတ်ခမ်းပေါ်

ကို ပြေးတက်ပြီး ပြန်အော်လိုက်ရတယ်။

 

“ကျောက်ခဲ ငါ ဒီမှာဟေ့”

 

ဒီကောင်တွေ ရောက်လာတော့ ကိုသာအောင်

ကို သင်္ဂြိုဟ်မယ့်ခေါင်းကို ပြန်သယ်လာရတာ

ပေါ့ဗျာ။ ကိုသာအောင်ရဲ့အသုဘကိစ္စလည်း

အေးအေးဆေးဆေး ပြီးသွားပါတယ်။

 

ရွာထဲမှာတော့ ဒီအကြောင်းကို တော်တော်နဲ့ကို

ပြောလို့ မပြီးတော့ဘူးပေါ့ဗျာ။

——————————————-

ပြီးပါပြီ