“လူသားစား ငမဲကြီး”(စ/ဆုံး)

“လူသားစား ငမဲကြီး”(စ/ဆုံး)

——————————————
လေပြင်းကလေး သုတ်ဆော်လိုက်တိုင်း ကိုင်းဖျား၌ တွဲလွဲခိုနေသော နှင်းရည်တို့သည် တဖြောက်ဖြောက်မြေသို့ ခနေ၏။

တပ်စခန်းအနီးမှ ဝါးရုံပင်ပျိုတသိုက်တို့သည် လေပြင်းနော့ချက်တွင် ကနွဲ့ကရနေသော တော၏သမီးပျိုများသဖွယ် အောက်မြေခါးတိုင်မှ နွှဲကာ ဘယ်ညာယိမ်းနွဲ့ လှုပ်ရှားနေပါသည်။

ခပ်လှမ်းလှမ်းတောစပ်ဆီက တောကြက်ဖတွန်သံများသာလျှင် ကျွန်တော်တို့ရဲဘော်များအတွက် အချက်ပေး နာရီမောင်းသံသာ ဖြစ်တော့၏။

“ဒီနေ့ သတင်းတွေ မရောက်သေးဘူးလား။ နောက်ကျလှချီလားဟေ့”

စာပွဲတွင် အစီရင်ခံစာရေးသူ တပ်ကြပ်ကြီး ရဲထွန်းသည် စာရေးနေရာမှ ရပ်လိုက်ပြီး

“သူတို လာဖို့ခရီးက အတော်ဝေးတယ်ဗိုလ်မှူး။ နယ်အခြေအနေကတော့ တော်တော်ငြိမ်သွားပြီဆိုရမှာပါဘဲ။ လူထုတွေကတော့ ကျေးဇူးတင်လိုက်ကြတာ အလွန်ပါခင်ဗျာ…”

“အေးကွာ…. ဒီနွားခိုးတွေ ဒို့ချီတက်လာတဲ့ သတင်းကြောင့် မြုံနေတာမျိုးတော့ မဖြစ်စေချင်ဘူး။ အနာမြုံတာလဲမကောင်းဘူး၊ အခြေအနေ မြုံတာလဲ အတူတူဘဲဟေ။ အတွင်းကျကျ သတင်းတွေ နှိုက်ယူကြည့်စမ်းကွာ…”

ကျွန်တော်၏ အမိန့်ပေးချက်ကို တပ်ကြပ်ကြီးရဲထွန်းသည် ထိုင်ရာမှ မတ်တတ်ရပ်လိုက်ပြီး…

“စိတ်ချပါ ဗိုလ်မှူး၊ သူကြီးတို့ဆီလဲ လွှတ်ထား ခင်ဗျာ….”

စီစဉ်ရာထားကြောင်း သတင်းပို့ အစီရင်ခံပါသည်။

ယခုကျွန်တော်တို့ ခေတ္တ တပ်စခန်းချနေသော နေရာဌာနကား ပျဉ်းမနား ပျော်ဘွယ် နတ်မောက် သုံးနယ်ဆုံ ဒေသဖြစ်၍ အသွားအလာ အလွန်ထောင့်လှသော ဆယ်လမ်ရွာ တောင်ဘက် နှစ်မိုင်ကွာရှိ “သပြေသာ” စခန်း ဖြစ်ပါသည်။

တောတောင် အခြေအနေကို အသေးစိပ်အစီရင်ခံရလျှင် ပဲခူးရိုးမ၏ မြောက်ဘက်အစွန်း ချောင်ကျကျ တောတောင်ထူထပ်လှသည့် သစ်တောကြိုးဝိုင်းအစ၌ ရွာတည်ထားသော ကြီးကန်၊ ဆယ်လယ်၊ သစ်ရာလှန်း၊ လွှစင်၊ မယ်ဇလီပင်၊ ကုန်းသာ၊ ဒီးဒုက်ခင် အစရှိသည့် ကျေးရွာများ ပါဝင်ဖွဲ့စည်းထားသော ချောင်အလွန်ကျလှသည့် တောရွာဒေသ ဖြစ်ပါသည်။

ပျော်ဘွယ်မြို့သို့ ခြေလျင် နှစ်ရက်ခရီးပြင်းပြင်း၊ နတ်မောက်သို့ သုံးရက်ခရီးပြင်း၊ ပျဉ်းမနားဘက်သို့ သုံးရက်ခရီးပြင်းပြင်းသွားနိုင်မှ ပေါက်ရောက်နိုင် သောဒေသများဖြစ်၍ လူဆိုး သူခိုး ဝါးရမ်းပြေးများ ခိုအောင်းရာ “စားကျက်ကြီး”လည်း ဖြစ်ပေတော့၏။

ကျွန်တော့်အား ဗမာ့ကာကွယ်ရေးတပ်မတော် စစ်ဌာနချုပ် ပျဉ်းမနားစခန်း)မှ ထိုသောင်းကျန်းမှုကို ထိရောက်စွာအမြန်ဆုံး နှိမ်နင်းရန် အထူးတာ၀န်ပေးအပ်ချက်အရ ကျွန်တော်၏တပ်ရင်းမှ သီးသန့်တပ်ခွဲတခွဲကို ခေါ်ယူခဲ့ပြီး အဆောတလျင် ထို ရိုးမတောင်စွယ် ‘ဆယ်လယ်’ ဒေသသို့ ချီတက်ဆိုက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော်တပ်ခဲ့ စခန်းချထားသော “သပြေသာ”စခန်းမှာအနီးတဝိုက် ကျေးရွာများ၏ လှည်းလမ်း လူလမ်းများ၏ အလယ်ဗဟိုကျနေရုံမျှမက တပ်အတွက် ရေမိုးလုံလောက်စွာ ရနိုင်သော ရေစမ်းကြီးကြီးကို အမှီပြုကာ နေရာကောင်း အကွက်ကောင်း ဖြစ်သဖြင့် စခန်းချ တပ်စွဲနေခဲ့ပါသည်။

တပ်ထိပ် ကင်းတပ်စိပ်မှ ဧည့်သည်ရောက်ကြောင်း လာရောက် သတင်းပို့သည်ကြောင့် ကျွန်တော်က ဝင်ခွင့်ပြုလိုက်ပါသည်။

အသားညိုညိုပိန်ပိန်နှင့် အသက်ငါးဆယ်ခန့် ကြီးကန်သူကြီးနှင့် နောက်ပါ ရွာခေါင်းများကို တွေ့ရသဖြင့် ကျွန်တော်သည် ပြုံးပြုံးရွှင်ရွှင် နေရာထိုင်ခင်းပေးရင်း….

“ဘယ့်နဲ့လဲဗျို သူကြီး … ဟိုအကောင်တွေ ဘယ်ပြေးတယ်ကြားရသလဲ။ ကျုပ်တို့ရောက်စ ပွဲဦးထွက် တိုက်ပွဲပြီးကတည်းက ဒီအကောင်တွေ တချိုးထဲလစ်ပြီထင်တယ်…”

မျက်နှာမှ ချွေးများကို ဂျပန်ပုဝါညစ်ညစ်နှင့် သုတ် လျက် ကြီးကန် သူကြီးသည်…

“ဟုတ်ကဲ့ ပြေးတာကတော့ဧကန်ပါဘဲ။ မိတ္ထီလာ နယ်ဘက်ကို ဒလကြမ်း ထွက်ပြေးကြတယ်လို့ သူတို့ကို တွေလိုက်ကြတဲ့ နတ်ထုံးမှော်ရွာသားတွေ သတင်းလာပို့တယ် ခင်ဗျ။ ဘယ်နဲ့ သူတို့ မကြောက်ဘဲနေပါ့မလဲ စစ်ဗိုလ်ကြီးရာ။ စစ်ဗိုလ်ကြီး ရောက်မဆိုက်ဘဲ သူတို့စခန်းကို သတင်းရလို့ တက်ဝိုင်းပြီး ဆော်ထည့်လိုက်တာ သူတို့ဂိုဏ်းက ဒုတိယဗိုလ်နဲ့ ဆယ့်ငါးယောက် ကျပြီး လက်နက်တွေ တသီ ကြီးဆုံးတော့ ဘယ့်နဲ့ဗျာ ဒီအကောင်တွေ ကြောက် ချီးပါပြီး တချိုးထဲ လစ်ကြတ်ပေါ့။ ဟား….ဟား….ဟား….”

ကျွန်တော်က…

“အင်း ဒီလို မိတ္ထီလာနယ်ကူးပြေးရင်တော့ ဒီအကောင်တွေအတွက် သံသရာရှည်နေအုံးမှာဘဲဗျို့။ လွတ်ပြေးတာ နာတယ်ဗျာ”

ကျွန်တော်သည် ရှေ့ရေးအတွက် စဉ်းစားရင်း ပြော လိုက်ပါသည်။

ရွာခေါင်းတဦးသည် ကွမ်းကိုဝါးရင်း….

“ဒီအကောင်တွေအတွက်တော့ ပူစရာမလိုပါဘူး စစ်ဗိုလ်ကြီး။ ဘယ်နည်းနဲ့မှ အောက်ပိုင်း ပြန်မလှည့် ဝံ့ပါဘူး။ သေချာပါတယ် … ဒီအကောင်တွေထက် အန္တရာယ်ကြီးပြီး ကြောက်စရာပြဿနာတခု ပေါ်လာလို့ စစ်ဗိုလ်ကြီးဆီကို…”

“ဘာလဲဗျ … ဂျပန်တပ်တွေ လာပြီး ချွေးတပ်ဆွဲသ လား … ဆိုစမ်းဗျို့”

ကျွန်တော်သည် လူထုအတွက် စိတ်ပူမိသဖြင့် အ ရေးတကြီး မေးမြန်းမိပါသည်။

“အန္တရာယ်ပေးနေတာ လူမဟုတ်ဘူးဗျို့။ ရှင်းရှင်း မှာတော့ တောကောင်ကြီးဗျ။ ဧရာမအကောင်ကြီးဆိုဘဲ။ မယ်ဇလီပင် ရွာသားတွေတော့ မအိပ်ရဲကြတော့ဘူးခင်ဗျ”

ရွာခေါင်းသည် မျက်လုံးပြူးပြူး မျက်ဆံပြူးပြူးနှင့် အခြေအနေကို တင်ပြသည်တွင် သူကြီးက…

“ကျားမှ နတ်ကျားဆိုဘဲ စစ်ဗိုလ်ကြီးရ။ နဲတဲ့ အ ကောင်ကြီး မဟုတ်ဘူးတဲ့။ မနေ့ညက မယ်ဇလီပင်ရွာနဲ့ တခေါ်လောက်ဝေးတဲ့ လှည်းစခန်းမှာ သစ်နက်ကြီးစခန်းချနေတဲ့ သစ်ရာကုန်းရွာသား စံတင်ကို ဝင်ဆွဲသွားပြီ ခင်ဗျ။ စံတင်နဲ့ အဖေါ် မြမောင်တို့နှစ် ယောက်သား အိပ်နေတာ ခလေးအိပ်ချိန်လောက်မှာချောက်ထဲကွ မဲမဲအကောင်ကြီး တက်လာပြီး စံတင်ကို ငုံ့ကြည့်ပြီး ဂုတ်ကို တခါတဲခဲပြီး ချောက်ထဲဆွဲချီသွားတယ်ခင်ဗျ”

ကျွန်တော့်အဖို့ ကျားဆိုး ဆင်ဆိုးတွေ မကြာခဏ ပစ်ခတ်ရလွန်း၍ သူကြီးနှင့် ရွာခေါင်း ပြောသမျှကို မထူးဆန်းသော ပုံပြင်အဖြစ် စိတ်ပါဝင်စားမှု မရှိဘဲ ခပ်အေးအေး နားထောင်နေမိသည်။

သူကြီး၏ တိုင်တမ်းချက်၌ ဧရာမကျားကြီး ဆို သည်ကို ကျွန်တော် ယုံကြည်သည်။ အကြောင်းမှာ ပဲခူးရိုးမကိုမှီ၍ အသက်ရှည်ရှည်နှင့် ဗိုလ်ကျချင်တိုင်း ဗိုလ်ကျနေကြသည့် ကျားများ၏ ကြာမြင့်စွာ အခြေအနေ၏ သက်တမ်းကို စဉ်းစားမိသောကြောင့် ရိုးမကျား ကြီးသည်ဟူ၍ ယုံကြည်မိပါသည်။

xxx xxx xxx

“ဘာဖြစ်လာပြန်တာလဲဗျို့။ သုတ်သီးသုတ်ပျာနဲ့ … ဆိုစမ်းပါအုံး”

တပ်ခွဲမှူးလုပ်သူ ဗိုလ်ကြီးသော်ဇင်၏ မေးမြန်း သံကြောင့် ကျွန်တော်သည် နံနက်ခင်း လဘက်ရည် သောက်နေရာမှ နားစွင့်လိုက်မိပါသည်။

“ကျုပ်တိုရွာတော့ အကြီးအကျယ်ဒုက္ခဘဲ ဗိုလ်ကြီးရ။ မနေ့ညဉ့် နေဝင်ခါနီးမှာ မိန်းမတယောက်ကို ကျားဆွဲသွားပြန်ပြီလေ။ ချက်ခြင်းလာပြီး တိုင်မလို့ ဟာဘဲ။ လမ်းမှာ ဒီတောကောင်ကြီး (ကျားကြီး) နဲ့ ပက်ပင်းလာတိုးနေမှာမို့ တည စောင့်လိုက်ရတယ်”

မယ်ဇလီပင် သူကြီး၏ တုန်လှုပ်နေသောအသံကို ကျွန်တော်သည် အရကျက်မိသည့်အတွက် လဘက်ရည်စားပွဲမှ အသာထကာ ဧည့်ခန်းဆောင်ဆီသို့ ထွက်လာခဲ့ပါသည်။

သူကြီးသည် ကျွန်တော့်ကို မြင်လျှင် မြင်ခြင်း…

“လုပ်ပါအုံး ဗိုလ်မှူး၊ ကယ်ကြပါအုံး။ ကျွန်တော်တို့ရွာတော့ ပျက်တော့မယ်ခင်ဗျ။ တောကောင်ကြီး သောင်းကျန်ပုံဖြင့်”

ကျွန်တော်သည် အဓိက လူဆိုးဂိုဏ်း၏ အန္တရာယ်ကို ပြတ်ပြတ်သားသား နှိမ်နင်းရမည့် တာဝန်များ ကျန်ရှိနေသည့်အတွက်

“ကျွန်တော် စဉ်းစားပါအုံးမယ်ဗျာ။ ဒီလောက်ကြီးကြောက်မနေပါနဲ့ဗျာ….”

ဤတွင် အနီးမှ လိုက်ပါလာသူ ရွာခေါင်းမှာ

“ဘယ်နဲ့ခင်ဗျာ၊ မကြောက်ဘဲ နေပါ့မလား။ မနေ့တုန်းကဆိုရင် နေမှ လုံးလုံးမဝင်သေးဘဲဟာ။ ရွာစွန်က မိဖူးတို့အိမ်ကို ဗြောင်ဝင်ပြီး ဆွဲသွားတာ ရဲပါပေ့ဗျာ။ အနားကလူတွေ ဝိုင်းပြီး ညာသံပေးပြီး ချောက်လှန့်တာတောင်မှ တောကောင်ကြီးက မာန်ဖီပြီး ပြန်ဟိန်းပစ်ခဲ့သေးတယ်ဗျို့။ ပြောပုံဖြင့် ကျားမဟုတ်ဘူးလိုလို၊ တကိုယ်လုံး မဲနေတယ်ဗျ။ နဲတဲ့အကောင်ကြီးမဟုတ်ဘူးဆိုဘဲ”

“ရွာသားတချို့တော့ ကျုပ်တို့လဲ ရွာကထွက်ရော လှည်းကောက်ပြီး ကွင်းကျတဲ့ ဒီးဒုတ်ကုန်းဘက်ကို တချိုးတည်းပြောင်းကုန်ကြပီဗျို့”

ဒုတိယတဦးမှ လက်ရှိအခြေအနေလို ထပ်မံထောက်ခံတင်ပြပါသည်။

ပဋ္ဌမ သစ်ခုတ်သမားကို ကျားကိုက်ပြီးနောက် သုံးရက်ကြာ နံက်ခင်းတွင် ကျွန်တော်ဆီသို့ ဒုတိယကျားကိုက်မှုကို လာရောက်တိုင်တန်းချက်ဖြစ်ပါသည်။ ကျွန်တော်သည် နှစ်သိမ့်စကား အားပေးစကားများ ပြောဆိုကာ ရွာသူကြီးနှင့်အဖွဲ့ မကြောက်ရန် မှာကြားလိုက်ပြီး ရွာသို့ ပြန်လွှတ်လိုက်ခဲ့ပါသည်။

ကျားဆိုးကြီး၏ သတင်း မကြားရသည် ငါးရက် ကြာမြင့်ခဲ့ပါပြီ။ ကျွန်တော်၏ တပ်ဖွဲ့ ရဲဘော်တွေမှ….

“ဒီလောက် လူနှစ်ယောက် စားရရင် ကျေနပ်ရောပေါ့ဗျာ။ တခြားနယ် ရွှေ့သွားဟန်တူတယ်…”

ထင်မြင်ချက် ချမှတ်ကြပါသည်။

ကျွန်တော့်အနေနှင့်တော့ ကျားဆိုးတို့၏ သဘာဝ နှစ်ရှည်လများ တပင်တပန်းခံကာ ဒုက္ခကို ဒုက္ခမမှတ်တမ်း လိုက်လံပစ်ခတ်ခဲ့ရသည့် အတွေအကြုံသင်ခဏ်းစာများကြောင့် အနည်းငယ်မျှပင် စိတ်မအေးမိပါ။

လူသားစားသည့် ကျားဆိုးတို့မည်သည် စားကျက်ကောင်းကို မည်သည့်အခါမှ လက်လွတ်ရိုးထုံးစံ မရှိပါ။ အစားရ အခြောင်းရ လွယ်သောဒေသ၌ တဝဲလယ်လယ် လစ်လျှင်လစ်သလို ကိုက်ချီစားသောက်လေ့ ရှိပါသည်။ ကျားဆိုး သို့မဟုတ် လူသားစားကျားကြီးဖြစ်လာပုံမှာလည်း အကြောင်းရင်းကို ကြိုတင်၍ သိရှိလေ့လာထားရန် လိုပေလိမ့်မည်။

ကျားများသည် ငယ်ရွယ်ဖျတ်လတ်စဉ်က တောတွင်းရှိ သားကောင်းများ ဂျီ၊ ဆတ် အစရှိသည်တို့ကို ရှာဖွေဖမ်းဆီး စားသောက်ရန် လွယ်ကူသလောက် အသက်အရွယ် ရင့်လာသောအခါ၌ ငယ်ရွယ်သည့် ကျားပေါက်ပမာ မဖျတ်လတ်နိုင်တော့ချေ။

တောတွင်းသားကောင်းများသည်လည်း ညောင်သီးလည်းစား မြှားသံလည်းနားထောင် ဆိုသည့်စကားအတိုင်း တဖက်က အစားစားရင်း နားတဖက် မျက်စေ့တဖက်က မိမိတို့အား အသက်အန္တရာယ် ပေးစေမည့် သေနတ်သမား မုဆိုးများ၊ ကျား၊ ကျားသစ် (သစ်ဆင်ကြီး)များ၏ သဏ္ဍာန်လှုပ်ရှားမှု၊ အနံ့တို့ကို အမြဲတစေ အသင့်ကာကွယ်လေ့ရှိပါသည်။

ထိုစဉ်အခါတွင် အသက်ကြီးရင့်သော ကျားကြီးများ မှာ မျက်စေ့မှုန်လာခြင်း၊ မဖျတ်လတ်ခြင်း စသည် ဇရာဒဏ်ကြောင့် လွယ်လွယ်ကူကူနှင့် တောတွင်းသားများ ရှာဖွေ၍ မရနိုင်တော့ချေ။

ဤတွင် ကျားအိုကြီးများသည် အလွယ်ကူဆုံး သတိအလစ်ဆုံး ဂရုမစိုက်ဆုံးဖြစ်သည့် ကျေးရွာများ၌ မွေးမြူထားသည့် ကျွဲ နွားနှင့် ခြေနှစ်ချောင်း မနုဿ သားကောင်တို့ကို မနှေးတမ်း လိုက်ချီစားသောက်မြဲ ဖြစ်ပါသည်။

လူသားစားနေကြ ကျား၏ သွားမှာ အဆိပ်ပြင်းလှသော လူဆီ၏ ဒဏ်ချက်ကြောင့် ဝါကြန့်ကြန့်ဖြစ်နေလေ့ရှိသည်။ တောတွင်းသားကောင်းတို့ကို စားသောက်သော ကျား၏အစွယ်မှာ ဖြူဖွေးနေလေ့ ရှိသည်။ စာရေးသူကိုယ်တိုင် ကိုယ်တွေ့လေ့လာချက်အရ တွေ့ရှိမှတ်သား ဖေါ်ပြလိုက်ခြင်းဖြစ်ပါသည်။

အဆိုဝါးဆုံးအချက်မှာ လူသားစားမိသော ကျားသည် အလွန်အရသာရှိလှသော ချိုမြသော လူသွေး လူသား၏ ဆွဲငင်သောသတ္တိကြောင့် အခြား တောတွင်းသားကောင်များ၏ အသားကို မနှစ်သက်တော့ဘဲရှေ့အဖို လူသားဆီသို့သာ ရှာဖွေစားသောက်ရန် တိုက်တွန်းပါတော့သည်။ ဤသို့ လူသားစားမိသော ကျားဆိုးတကောင် ပေါ်ပေါက်နေသော ကျေးရွာရှိ လူထု၏ ကံကြမ္မာမှာ များစွာ စိုးရိမ်စရာ အန္တရာယ်ကြီးတရပ်နှင့် ရင်ဆိုင်မြဲဖြစ်ပါတော့သည်။

ကျွန်တော်၏ စိတ်ထဲ၌ ထင်မြင်ခဲ့သည့်အတိုင်း နှစ်ရက်အကြာတွင် ကျားဆိုးကြီး၏ ပြဿနာသည် ကျွန်တော့အား မျာစွာ ဒုက္ခပေးစေတော့သည်။

အကြောင်းမှာ ကျွန်တော်တို့တပ်စွဲထားရာနှင့် လေးမိုင်ကျော်မျှသာ ဝေးသော ကုန်းသာရွာသို့ ရုတ်တရက်အတွင်း ကျားကြီး ဝင်ရောက်၍ လင်ယောက်ျားနှင့်အတူ အိပ်စက်နေသော အမျိုးသမီးတဦးအား ရက်ရက်စက်စက် ကိုက်ချီသွားသော သတင်းဆိုးကြီးပင် ဖြစ်ပါတော့သည်။

ကုန်းသာသူကြီးနှင့် ရွာသားများတို့၏ တိုင်ချက်တွင် ထိုနေ့ည လူခြေတိတ်ချိန်၌ ကုန်းသာရွာ၏ တောင်ဘက်အစရှိ ဖိုးသိန်း မစိန်တို့ လင်မယားသည် အိပ်ရာထဲ၌ နို့စို့ကလေးအား နို့တိုက်ရင်း အိပ်ရာ ဝင်ခဲ့ကြသည်။ မှေးမှေးနှင့် အိပ်ပျော်လုအချိန်၌၊ ၎င်းတို့၏ ခြေတံရှည် အိမ်ကြမ်းပြင်ပေါ်သို့ တအိမ်လုံး သိမ့်ကနဲနေအောင် လေးလံသော အရာဝတ္ထုတခုခု ကျရောက်လာကြောင်းကို လင်မယားနှစ်ယောက်စလုံး သိရှိနိုင်သည့် တခဏအတွင်း၌၊ ၎င်းတို့အိပ်ခန်းကို ကာရံထားသော ဝါးကြမ်းကို အတင်းဆောင့်ကာ တိုး၍ သတ္တဝါကြီးတကောင် ဝင်လာသည်။

သတ္တဝါကြီးသည် အကာအရံနှင့်အနီးဆုံးရှိ မစိန်အား လှမ်း၍ တအားခုန်ပြီး အုပ်လိုက်သည်တွင် သတ္တဝါကြီး၏ လက်တဖက်မှာ ကြမ်းပေါက်ကြား ကျွံကျသွားပြီး တဖက်က မစိန်၏ပခုံးကို မိမိရရ အုပ်မိလေသည်။ မစိန်သည် အလန့်တကြားနှင့်..

“ကိုသိန်း လုပ်ပါ … လုပ်ပါ၊ ကျားကြီး … ကျားကြီး၊ ခြေရင်းမှာ ဒါးမရှိတယ်-ယူခုတ်ပါ”

သံကုန်ဟစ်၍ အကူအညီတောင်း၏။ သတ္တိကြောင်လှသော လင်ယောက်ျားသည် နတ်ကျသလို တုန်လျက် ရွာသားတွေကိုသာ အော်ဟစ်ခေါ် နေတော့သည်။ ဤတွင် ကျားကြီးသည် ကြမ်းပေါက် ကျွံနေသော လက်တဖက်ကို မာန်နှင့် ဆွဲထုတ်လိုက်ပြီး မစိန်၏ လည်မျိုကို ငုံ့ကာ ခဲလိုက်ပြီးနောက် နောက်ဂျွန်းပစ်၍ မစိန်နှင့်အတူ အိမ်ပေါ်မှ ခုန်ချသွားလေသည်။

နို့စို့ကလေး၌ ကျားလက်သည်းနှင့် အနည်းငယ်ခြစ်မိသော ဒဏ်ရာကျန်ရစ်ခဲ့ကြောင်းကိုပါ ဖေါ်ပြထားလေသည်။

ပဋ္ဌမဦးဆုံး ကျွန်တော် စဉ်းစားသတိပြုသောအချက်မှာ ကျားဆိုးကြီး၏ ခြေရာသည် တစတစနှင့် မယ်ဇလီပင်ရွာနှင့် ကုန်းသာရွာ၊ ဒုတိယအချက် ပြဿနာမှာ ကျွန်တော်တို့တပ်ခွဲ ချီတက်လာခဲ့ရ သည့်အကြောင်းရင်းဖြစ်သည့် သူခိုး ဒါးပြရန်ပြဿနာမှာဖြေရှင်းပြီး၍ ပပျောက်သလောက် ကျားကြီး၏ လူသတ်အန္တရာယ်မှာ ကြီးထွားလာရုံမက ကျွန်တော်ကိုယ်တိုင် တာဝန်ယူ၍ ကျားကြီးအား သုတ်သင်မည့် အခြေသို့ ဆိုက်ရောက်နေပြီဖြစ်ကြောင်း စဉ်းစားမိပါသည်။

ဤအချိန် အခါမျိုး၌ ကျွန်တော်သည် များစွာ အားငယ်မိသလောက် လွမ်းဆွတ်သတိရမိသော ပုဂ္ဂိုလ်တဦးရှိပါသည်။ ထိုသူမှာ ကျွန်တော့်အား တောတိရစ္ဆာန်သဘာဝမှစ၍ ခြေရာခံနည်း၊ ရှာဖွေနည်းနှင့်တကွ တောတောင်သဘာဝအခြေအနေတို့ကို တတ်ကျွမ်း ရန် သင်ကြားပေးခဲ့သူ ကျွန်တော်၏အချစ်တော်၊ လက်စွဲတော် မုဆိုးကျော် ဦးဘိုးဟန်ပင်ဖြစ်ပါသည်။ ကျွန်တော်သည် ပျဉ်းမနားမှ မလာမီ အဖိုးကြီး ဦးဘိုးဟန်သည် သူ၏ချစ်ဇနီးနှင့် သားသ္မီးတွေ အမှတ်ရသည်ဟူသော ခွင့်တောင်းချက်ကြောင့် ကျွန်တော်သည် ခေတ္တခွင့်ပေး၍ ပြန်လွှတ်ခဲ့ပေသည်။

ကျွန်တော့်အဖို့ လူလွတ် သို့မဟုတ် ချစ်ရေးကို နားမလည်သလောက် လောကကြီးနှင့် ဆန့်ကျင်ဘက် တကိုယ်တော်သမားဖြစ်၍ ဦးဘိုးဟန်အား ဇွတ် အတင်းခေါ်ထားမှုသည် ကျွန်တော်၏ ကျေးဇူးရှင် မေမေမှ…

“ငါ့သားရယ် … မင်းဟာ ဘာမှ ကိုယ်ချင်းစာတတ်သူ မဟုတ်ဘူး။ အဖိုးကြီးအိမ်က အတန်တန်မှာလှပြီ။ ခဏဖြစ်ဖြစ် ပြန်လွှတ်လိုက်ပါ”

ဟူသော အမိန့်ကြောင့်သာ ကျွန်တော် ပြန်လွှတ်ခဲ့မိသဖြင့် ယခုလိုအရေး၌ အဖိုးကြီးမပါလာဘဲ ကျွန်တော်အဘို့ အားငယ်စရာ ပေါ်ခဲ့ရပေပြီ။

သို့ရာတွင် ကျွန်တော်၏ ဒုတိယအချစ်တော် .၄ဝ၄ မဂ္ဂဇင်း ရိုင်ဖယ်မှာ ကျွန်တော်နှင့်တပါတည်း ပါခဲ့သဖြင့် အနည်းငယ် စိတ်ဖြေတတ်မှု ရပြန်ပါသည်။

xxx xxx xxx

“ဒီတကွေ့တော့ကွာ လူဆိုးတွေကို အပြုတ်တိုက်နိုင်သလောက် ကျားကြီးကျတော့ ဒို့တတွေ ခံစစ်ဘဝနဲ့ ညဉ့်ကျရင် အပြင်မထွက်ဝံ့ဘဲ ကြောက်နေကြရပြီ”

ကျွန်တော်တို့၏ တပ်စခန်းမှ ရဲဘော်ချင်း ပြောဆိုသံဖြစ်ပါသည်။ ကျွန်တော့်အနေနှင့်လည်း ရဲဘော်တွေကို နေ့ခင်းအချိန်ပင် တယောက်ချင်း တပ်ပြင်ထွက်ခွင့် လုံးဝမပြုတော့ဘဲ နှစ်ယောက်က လေးယောက် စသည်ဖြင့် လက်နက်ကရိယာအသင့်ပြင်ကာ တပ်ပြင်တာဝန်များ ဆက်သားလုပ်ငန်းများကို လုပ် ဆောင်စေပါသည်။ ညဉ့်အချိန်၌ ကင်းတပ်စုမှ တလှည့်လျင် ကင်းရဲဘော်နှစ်ယောက်ကျစီ အစောင့်ချကာ လက်နှိပ်ဓါတ်မီးကောင်းကောင်းပါ ထုတ်ပေးစေပြီး ‘ကျားကင်း’စောင့်နေစေပါသည်။

ကျွန်တော်သည် တပ်စိပ်တစိပ်ကို ခေါ်ယူခဲ့ပြီး နောက်ဆုံး သတင်းရသော သစ်ရာကုန်းရွာသို့ ထွက်ခဲ့ပါသည်။ အကြောင်းမှာ ယနေ့ နံနက်စောစော ရွာအပြင်သို့ နွားကျောင်း ထွက်လာသော သစ်ရာကုန်းရွာသား ကိုရင်ကြီးဆိုသူအား နွားအုပ်အလယ်မှာပင် ကျားကြီး သို့မဟုတ် ငမဲကြီးက ရဲဝံ့စွာဖြင့် နေ့ခင်းကြောင်တောင် ဝင်ရောက်ကိုက်ချီသွားသော သတင်းဆိုးကြောင့်တည်း။

ကျွန်တော်တို့ သစ်ရာကုန်းရွာဝသို့ ရောက်ခါနီး၌ ကျွန်တော်တို့ဆီသို့ လာရောက်တိုင်ကြားလာသည့် သူ ကြီးအဖွဲ့ကို တွေ့ရပြန်တော့သည်။ သူတို့နောက်မှ ကြီးကန်၊ ဆယ်လယ် ကျေးရွာသို့ ရွာကို ဖြတ်ကျော်ပြီး ကျွန်တော်တို့ တပ်ခွဲစခန်းဆီသို့ လာရောက်နိုင်သောအချက် ဖြစ်ပါသည်။

ကျားကြီးရန်ကြောင့် ကြောက်လန့်၍ ထွက်ပြေး တိမ်းရှောင်လာသော သစ်ရာကုန်းရွာသူရွာသား တသီကြီးကိုပါ တွေ့ရလေသည်။ သူကြီးက ရောက်မဆိုက်ပင်…

“စစ်ဗိုလ်ကြီးရေ … အကျွန့်ရွာသားတွေတော့ တားလို့ဆီးလို့ မရဘူး … ပြောင်းရွှေ့ပြီဗျ။ မြင်တဲ့အတိုင်းဘဲ။ ကျန်ရစ်ခဲ့တဲ့ နွားတွေ ကျွဲတွေတော့ ကံမသကာအတိုင်းဘဲ ထားပစ်ခဲ့ကြတယ်။ ကြောက်လဲ ကြောက်စရာပါဘဲဗျာ။ ဒီကျားဟာ ရိုးရိုးကျား မဟုတ်ဘူးဗျ။ နတ်တိုက်တဲ့ နတ်ကျားကြီးဗျို့။ ကျုပ်တို့ဖြင့် ခက်ကြပြီ..”

ကျွန်တော်၏နောက်မှ တပ်ကြပ်ကြီးသာအောင်သည် နတ်ကျားဟူသော အခေါ်အဝေါ်ကြောင့်…

“နေပါအုံးဗျာ သူကြီးရာ၊ နတ်ကျား ဆိုရအောင် ဒီနတ်ဟာ တကယ်နတ်ဖြစ်ခဲ့ရင် မော်တော်ကား ဝယ်မစီးဘဲ ကျားကို တမင်စီးနေတာဟာ ဒီ နတ် တော် တော်ဆင်းရဲပုံရတယ်။ နင်းကန်ပြီးလဲ ကြောက်မနေပါနဲ့ဗျာ။ တကတဲ ခင်ဗျားတို့ဟာ … လာကြ ကျုပ်တို့လိုက်ပြီး ဒီကျားကိုရှာမယ်။ မကြောက်ကြနဲ့ဗျို့”

သို့ရာတွင် ရွာသားတွေမှာ ပြန်လမ်းဆီသို့ လုံးဝ လှည့်မကြည့်စတမ်း ဆယ်လယ်ရွာဘက်သို့သာ အသွင် သုတ်ခြေတင်နေပေပြီ။

“ဆရာ သာအောင် ပြောမနေနဲ့ … အလကားဘဲ။ ကြောက်တဲ့လူကို မကြောက်ပါနဲ့လို့ ပြောလဲ အလကားဘဲ။ သူတို့ကြောက်တဲ့ ပြဿနာကို အမြန်ဆုံး ရှင်းလင်းသုတ်သင်ပေးတာက ပိုပြီး ခရီးရောက်မယ်၊ အဓိပ္ပါယ်ပေါက်မယ်။ လာလာ သွားကြမယ်….”

ကျွန်တော်သည် သစ်ရာကုန်းရွာဆီသို့ ဆက်လက်တက်ခဲ့ရာတွင် သူကြီးနှင့်ရွာခေါင်းအဖွဲ့သည် ခပ်ရွံ့ရွံ့နှင့် ကျွန်တော့်နောက်မှ ကပ်လျှက်ပါလာကြ၏။

ကျွန်တော်တို့သည် နွားကျောင်းသား ကိုရင်ကြီးကို စတင်၍ ကျားချီသွားသော နေရာသို့ အမြန်ဆုံး သွား ရောက်ခဲ့ကြသည်။ ရွာတံခါးနှင့် ခဲတပစ်အတွင်း၌ ပြေးလွှားနေသော နွားအုပ်များကို ရှေ့ဦးစွာ တွေ့ရပြီးနောက် ကိုရင်ကြီးနှင့် ကျားကြီး စတင်တွေ့သည့် လမ်းဆုံသို့ ရောက်ခဲ့သည်။

နွားခြေရာများဘေးတွင် ဘိနပ်မပါသော လူတယောက်၏ ခြေရာနှစ်ဖက်၊ ထိုမှ ဝါးတရိုက်ခန့်တွင် လမ်းဘေးချုံထဲက ထွက်လာသော ကျားကြီးခြေရာများကို ကျွန်တော်တို့ တွေ့မိလေသည်။ ကျားကြီး၏ ခြေရာမှာလည်း ကျွန်တော်တွေ့ဘူးသည့် ကျားခြေရာ များအနက် ဗိုလ်ဆွဲအောင် ကြီးမားလှပေသည်။ ကျွန် တော်၏ ညာဘက်လက်ဝါးနှင့် လက်ချောင်းများကို ကားဖြန့်ပြီး ကျားကြီး၏ ခြေရာခွက်ကိုအုပ်ကြည့်ရာ၌ ကျားကြီး၏ ခြေရာသည် ကျွန်တော်၏ လက်ဝါးတဖြန့်ကို ကျကျနနကြီး ကျော်လွှမ်းနေတော့သည်။

ကိုရင်ကြီးကို ကျားကြီး ကိုက်ချီသွားသော နေရာတ ဝိုက်၌ ကိုရင်ကြီး၏ လူးလှိမ့်သည်ကြောင့် လူ့ကိုယ်လုံးရာများနှင့် သွေးကွက်ကြီးများကိုပါ တွေ့ရပြီးနောက် ကျားကြီး၏ ခြေရာစဉ်အတိုင်း လိုက်ခဲ့ရာတွင် လေးဖါလုံလောက်အရောက်တွင် ချောက်ထဲသို့ ဆင်းသွားသည့် ကျားခြေရာတို့ကို တွေ့ရပါသည်။

ကျွန်တော်သည် ချောက်တဲသို့ ရုတ်တရက် ဆင်းမလိုက်သေးဘဲ အပေါ်မှ ကျောက်ခဲများနှင့် ဒလစပ် ပစ်ခိုင်းလိုက်ပါသည်။ ပြီးလျင် ကျွန်တော်က ရှေ့ဆုံးမှ၊ နောက် တပ်ကြပ်ကြီး သာအောင်၊ ရဲဘော် ငါးယောက်တို့ ရိုင်ဖယ်များ အသင့်မောင်းတင်ပြီး တလှမ်းချင်း ချောက်ထဲသို့ ဆင်းခဲ့ကြသည်။

ချောက်မှာ ဝါးတပြန်ခန့်သာနက်ပြီး ချုံပုတ်ကလေးများနှင့် သက်ကယ်တောကလေးများသာ ပေါက် ရောက်နေသည့်အတွက် ရှေ့ပေနှစ်ဆယ်အတွင်းသို့ ကောင်းစွာ မြင်နိုင်စွမ်းမရှိပေ။

ကျွန်တော်တို့သည် ချောက်အတွင်းသို့ ပေသုံးဆယ်ခန့် အရောက်တွင် ချုံစပ်မှ ဝေါကနဲ ယင်ကောင်များ ထ၍ ပျံသည့်အသံကြောင့် ထိုနေရာသို့ မျက်စေ့ ရှင်ရှင်နှင့် သတိပြုလျက် ချီတက်ခဲ့ကြသည်။ မြက်ခင်းနှင့် ချုံစပ်အနီး၌ကား ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ကိုရင်ကြီး၏ သွေးရဲရဲအလောင်းကို စတင်ကာ တွေ့မိပါသည်။

ဘေးတဝိုက်တွင် ကျားကြီးပုန်းအောင်းနေထိုင်မည့် ချုံပုတ်များဆီသို့ ရဲဘော်များကို သုံးချက်စီ ရိုင်ဖယ်နှင့်ဆင့်ကာ ပစ်ခတ်ခိုင်းလိုက်ပြီး ကိုရင်ကြီး၏ အလောင်းကို စစ်ဆေးကြည့်ရှုမိပါတော့သည်။

ကိုရင်ကြီးအလောင်းမှာ ကြောက်မက်ဖွယ်ရာ အဆင်းသဏ္ဍာန်ကို ဆောင်နေတော့၏။ မျက်လုံးကြီးနှစ်လုံးမှာ အပြင်သို့ ကျွတ်ထွက်ခမန်း ပြူးထွက်ကာ မျက်နှာတခုလုံး၌ ရှုံ့မဲ့လျက် လည်ပင်း တဖက်တချက်တွင် လက်မတနှိုက် ချောင်ချောင်ဝင် နိုင်သော ကျားကြီး၏ အစွယ်ရာကြီးများကို သွေးတသွင်သွင်ယိုစီးလျက် တွေ့ရပြန်ပါသည်။

ကိုရင်ကြီး၏ ဗိုက်သည် ပွင့်ထွက်လျက် အူများ တပိုင်းတစ ကျန်ရစ်ခဲ့ခြင်းဖြင့် ကျားဆိုးကြီး၏ လတ်ဘလော ပွဲတော်တည်သွားခြင်းကို ပြသနေပါတော့သည်။ လုံချည်မပါသော အောက်ပိုင်း၌ သွေးအလူးလူး ဖုံအလူးလူးနှင့် တွေ့ရတော့သည်။

ကျွန်တော်သည် သူကြီးအဖွဲ့ကိုခေါ်၍ အလောင်းကိုလမ်းပေါ်သို့ ပြန်လည်ယူဆောင်စေပါသည်။

ထို သစ်ရာကုန်းရွာ၏ အပြင် တောစပ်၌ လင့်စင်ထိုးကာ ကျွန်တော်နှင့် ရဲဘော်တသိုက်သည် ကိုရင်ကြီး၏ အလောင်းကို လမ်းပေါ်၌ တင်ထားပြီး အစာအဖြစ် အသုံးပြုရင်း ကျားကြီးကို အသင့်ချောင်းခဲ့ပါသည်။ သို့ရာတွင် မည်သည့်အကြောင်းကြောင့် မသိ။ ကျားဆိုးကြီးကား လုံးဝ မပေါ်လာတော့ပါ။

နောက်တနေ့နံက်တွင် ကျွန်တော်တို့သည် တပ်ဖွဲ့သို့ ပြန်ခဲ့ပါတော့သည်။ အခဲမကြေနိုင်စရာ ပြဿနာကြီးတရပ် ဖြစ်လာစေသော ငမဲကြီးအမည်ခံ ကျားဆိုးကြီးကြောင့် ကျေးရွာတွေ ပျက်လေပြီ။ တောတွင်းကျနေသော ရွာတွေ တပြုံလုံး လွင်ပြင်ဘက်ရှိရွာများဆီသို့ ရွှေ့ပြောင်းကြလေပြီ။ လုပ်ငန်းကိုင်ငန်းများကို လှည့်မကြည့်ဝံ့။ စွန့်ပစ်၍လည်းကောင်း အသက်ဘေးလု၍ ရွာသူရွာသားတွေ ပြောင်းရွှေ့ နေကြပါတော့သည်။

လူလူချင်း သူခိုး ဒါးပြဂိုဏ်းကြောင့် ကျေးရွာတွေမပျတ်စီးရဘဲ တောတိရိစ္ဆာန် ကျားတကောင်ကြောင့် အလုပ်ပျက်၊ အကိုင်ပျက်၊ ရွာတွေပျက်စီးရခြင်းကြောင့် ကျွန်တော်သည် များစွာ မကျေမနပ်ဖြစ်ရုံမက ကျားဆိုးကြီးအား မအိပ်မနေတမ်း သုတ်သင်ရန် ဆန္ဒ ပြင်းပြမိပါတော့သည်။

xxx xxx xxx

ကျွန်တော်သည် ပျဉ်းမနား စစ်ဌာနချုပ်မှ ရောက် ရောက်ရှိလာသော အမိန့်စာကို လက်တွင်ကိုင်ကာ ငိုင်နေမိတော့သည်။

အမိန့်စာအတိုချုပ်သဘောမှာ လူဆိုးပါးပြများ၏ အန္တရာယ်ကို သုတ်သင်ရှင်းလင်းစွာ နိုင်နင်းပြီးနောက် ပျဉ်းမနားသို့ ပြန်လည်ဆုတ်ခွာခဲ့ရန်အကြောင်း ဖြစ်ပါသည်။

လူဆိုး ဒါးပြထက် လတ်တလော ပေါ်ပေါက်နေသော ကျားဆိုး ငမဲကြီး၏ လက်တွင်းသို့ ဤဒေသရှိ ကျေးရွာလူထုကို ကျွန်တော်သည် မျက်စေ့စုံမှိတ်၍ မည်ကဲ့သို့ ပစ်ထားခဲ့နိုင်ပါမည်နည်း။ ကျေးရွာသားတွေကို ကျွန်တော်တို့ ပြန်လည်ဆုတ်ခွာရမည့်အရေး ကို မည်ကဲ့သို့ ကျွန်တော် ဖွင့်ဟပြောရက်နိုင်ပါအံ့နည်း။

ထိုအခိုက်တွင် ကျွန်တော့် စားပွဲသို့ ဝင်ရောက်လာသော တပ်ကြပ်ကြီးသာအောင် ကျွန်တော့်အား အလေးပြုလိုက်ပြီး….

“သွားပြန်ပြီဗိုလ်မှူး တယောက်။ ဒီတခါ ဒီးဒုတ်ခင်ရွာကဝခင်ဗျ။ ကျွန်တော်တို့ စခန်းနဲ့ ရှစ်မိုင်ကျော် ဝေးပါတယ်။ ရွာနဲ့တမိုင်လောက်မှာ ဟင်းရွက်ခူးထွက်ရင်း နေ့ခင်းကြီးမှာ ဆွဲသွားတယ်ဆိုဘဲ ဗိုလ်မှူး”

ကျွန်တော့်အဘို့ တပ်ရွှေ့ပြောင်းရမည့် အရေးကြောင့် စိတ်ရှုပ်နေခိုက်တွင် ဤသတင်းဆိုးကြောင့် ကျွန်တော်၏ခေါင်းမှာ ကိုက်စပြုလာပါတော့သည်။ မနည်း စိတ်ကိုတင်းလိုက်ပြီးနောက်

“အေးကွာ ဒီကျားကြီးတော့ လူထုကို သိပ်ဒုက္ခပေးနေပြီ။ လူထုတော့ တကယ့်ကို သနားစရာဘဝဘဲဟေ့”

“ဗိုလ်မှူးနှယ် … လူထုတွေက ဘာပြောနေသလဲ… ဟင်။ အသဲနာစရာ ခင်ဗျာ။ ခင်ဗျာတို့ တပ်မတော်ဟာ လူဆိုး ဓားပြတွေကို နိုင်ပေမဲ့ ဒီနတ်ကျားကျတော့ လက်မြှောက်အရှုံးပေးရတာဘဲ မဟုတ်လားတဲ့။ ကဲ… ကောင်းကြသေးရဲ့လား ဗိုလ်မှူးရယ်။ ကျွန်တော်တော့ ဒီကျားနဲ့ဖက်ပြီး လုံးချင်-သတ်ချင်တော့တာဘဲ။ သူသေသေ ကိုယ်သေသေ”

မခံမရပ်နိုင်သည့် မျက်နှာထားကြီးဖြင့် ပြောပြန်ပါသည်။ ကျွန်တော်သည် လက်မှ နာရီကို သတိရ၍ ငုံ့ကြည့်လိုက်မိပါသည်။ နာရီမှာ ညနေ လေးနာရီထိုးရန် ဆယ့်ငါးမိနစ်ခန့် လိုနေသည်ကို ညွှန်ပြသဖြင့်….

“ဟေ့…. ဆရာအောင်၊ ကျုပ်တို့ ဆယ်လယ်ရွာမှာ ကျေးရွာကိုယ်စားလည်တွေနဲ့ ခေတ္တတွေ့ဘို့ ချိန်းထားတာ ရှိသေးတယ် မဟုတ်လား။ ငါးနာရီတိတိလေ”

ဆရာအောင်သည် သတိရပုံဖြင့်…

“ဟုတ်သားဘဲ ဗိုလ်မှူး။ အစည်းအဝေးမှာ ဘာတွေ ပြောကြ တိုင်ကြမယ် မသိဘူး။ သွားမယ်ဆိုရင် ကျွန်တော်တို့ ခုကတည်းက ပြင်ဘို့တော်ပါပြီခင်ဗျာ….”

ကျွန်တော်တို့သည် ဆယ်လယ်ရွာအစည်းအဝေးသို့ တက်ရောက်ရန်အတွက် လိုအပ်သော ပြင်ဆင်မှုများကို အရေးတကြီး ပြုလုပ်လိုက်ပါသည်။ တပ်ကြပ်ကြီးသာအောင်နှင့် လက်နက်ကိုင်ရဲဘော် သုံးယောက်ကို ခေါ်ယူ၍ အမိန့်ပေးလိုက်ပါသည်။

ကျွန်တော်ကိုင်ဆွဲနေကျ ဓားစွပ်နှင့် ခြောက်လုံးပြူး၊မှန်ပြောင်း၊ ရေဘူးအပြင် ကျွန်တော်၏ လက်စွဲတော် .၄ဝ၄ မော်ဇာမဂ္ဂဇင်းရိုင်ဖယ်လည်း ယမ်းတောင့်ငါးတောင့် ထိုးထည့်ကာ အပိုယမ်းတောင့် နှစ်ဆယ့်ငါးတောင့်ကိုပါ ယူဆောင်ခဲ့စေပါသည်။

ညနေခင်း၏ လေညှင်းလေပြေသည် တသွင်သွင် သုတ်ဖြူးနေတော့၏။

အိပ်တန်းတက် ဒေါင်းတွန်းသံသည် တောလုံးညံနေသလောက် ကိုင်းမြင့်ဖျားက ဂျိုးကူသံသည်လည်း လေးတွဲ့တွဲ့နှင့် လွမ်းစရာသမယကို ဖန်တီးစေပါသည်။

အနောက်တခို၌ တိမ်ဝါ-တိပ်ပြာတို့သည် ရောထွေးကာ သဏ္ဍာန်စုံများအသွင် ဖေါ်နေတော့သည်။ နေမင်းကား တောင်တန်းများ၌ မေးတင်ကာ အိပ်ငိုက်သည့် ခလေးမျက်နှာနှင့် နီမြန်းနေလေသည်။

တပ်ကြပ်ကြီးသာအောင်နှင့် ရဲဘော်များမှာ ပျဉ်းမနားတပ်ရင်းစခန်းမှ ထွက်ခွာခဲ့သည်မှာ ရက်အတော် ညောင်းခဲ့သည်ကြောင့် နောက်ပိုင်း အိမ်သူ ဇနီးတို့ကို သတိရနေဟန်နှင့် အနောက်ဖက် ဝင်လုဆဲဆဲနေမင်းကို ငေးကြည့်နေကြရှာသည်။ ကျွန်တော့်အား တိုက်ရိုက်ဖွင့်မပြောရဲသော်လည်း ရဲဘော်တွေ၏ အရိပ်လက္ခဏာကို တွေ့ရခြင်းအားဖြင့် အိမ်လွမ်းစိတ်တွေ တော်တော် ပေါ် ပေါက်နေကြောင်းကိုလည်း ကျွန်တော် သတိပြုမိပါသည်။

ကျွန်တော်သည် ယခုလို ညနေခင်း အချိန်မျိုး၌ ‘အိပ်တန်းထ’ သားကောင်းများ၏ အစာရှာချိန် မြူးတူးချိန်ဖြစ်ကြောင်းကို သိရှိထားခဲ့သည်ကြောင့် ကျွန်တော်သည် အသင့်ကိုင်လာသော .၄၀၄ရိုင်ဖယ်ကို ယမ်းတောင့်ထိုးကာ မောင်းတင်လိုက်ပြီး သော့ပိတ်၍ ဘေးပတ်ဝန်းကျင် အခြေအနေကို မျက်စေ့ ရှင်ရှင်နှင့် လေ့လာရင်း ချီတက်ခဲ့ပါသည်။

ကျွန်တော့် ဆန္ဒသဘောမှာ ညနေခင်းတွေသည့် သားကောင် ဂျီ ၊ ဆတ် သတ္တဝါ တကောင်ကောင်ကို ပစ်ခတ်၍ နောက်တနေ့နံက် ဟင်းလျာပြင်နေသော ရဲဘော်များအတွက် ရည်စူးမိပါ၏။

ကျွန်တော်တို့ ဆယ်လယ်ရွာဆီသို့ ချီတက်ခဲ့ရာ ခြောက်ဖါလုံလောက်အရောက်တွင် မြေမှာ ပြန့်လာပြီး ဘေး တဖက် တချက်၌ အင်ပင်နှင့် ဝါးရုံ၊ သက်ကယ်ပင်များ ရောနှောပေါက်ရာ ကွင်းကျကျ တောမျိုးကို ကျော်ဖြတ်လာခဲ့ရပါသည်။

ကျွန်တော်တို့ ချီတက်ခဲ့ရာ ညာဘက်ဘေးရှိ အင်တိုင်းတော၏ ဂိုက်တရာခန့်မှ သားကောင်တကောင် ဖျတ်လတ်စွာနှင့် သစ်ကိုင်းကို တိုးဝှေ့လျက် ကျွန်တော်တို့နှင့်ယှဉ်၍ ရင်ဘောင်တန်းလျက် သွားနေသည်ကို နားပါးသလောက် ကျင့်သားရနေသူ ကျွန်တော်သည် သတိပြုမိပါသည်။

ကျွန်တော်၏ စိတ်ထဲ၌ နောက်တနေ့နံက်အတွက် ရဲဘော်များအဖို့ ဟင်းလျာဖြစ်ကောင်းဖြစ်မည့် ကံဆိုးသော သားကောင်တကောင်ဟူ၍ နားလည်မိပါသည်။

ပေနှစ်ရာကျော်ခန့် ကျွန်တော်တို့ ချီတက်ခဲ့သော အ ခါ၌ ကျွန်တော်ရှေ့တွင် ဝါးနှစ်ရိုက်ခန့် မြင့်မားသော တောင်ကြားလမ်းတခုကို လှမ်း၍မြင်မိပါသည်။ ကျွန်တော်တို့ လျှောက်လာသော ပေနှစ်ဆယ်ခန့် ကျယ်မည့် လှည်းလမ်းမှာ ထိုတောင်ကြားလမ်း၏ အလယ်ဗဟိုမှ ဖေါက်ထွင်းသွားနေသည်ကိုလည်း ဆက်လက်တွေ့ရှိမိပါသည်။

ကျွန်တော်သည် တောင်ကြားလမ်း၏အတွင်းဖက် မြေမျက်နှာပြင်အခြေအနေကို လှမ်း၍ ဂရုစိုက် လေ့ လာ အကဲခတ်မိပါသည်။ တောင်ကြားလမ်း၏ အထွက်မှ မြေပြင်အခြေအနေမှာ လူခါးသာသာမြင့်မားသော ကိုင်းတောနှင့် အင်ပင်ပေါက်ကလေးများ ပေါက်ရောက်နေသည်။ “တောဖြုတ်”တောကလေးမျိုးဖြစ်လေသည်။ ကျွန်တော်တို့ ဝင်ရမည့် တောင်ကြားလမ်း အဝတဝိုက် မြေမျက်နှာပြင်က အထွက်ပေါက် ဒေသရှိ မြေမျက်နှာပြင်ထက် အတော်ကလေး မြင့်နေသည်ကိုလည်း ကျွန်တော် သတိပြုမိလေသည်။

အမြဲတစေ သားကောင်းရှာဖွေလေ့ရှိသော ကျွန် တော့်မျက်လုံးများ တောင်ကြားလမ်းကိုကျော်၍ ထွက်ပေါက်တဝိုက်၌ သားကောင်းတကောင်တလေ တွေ့လိုတွေ့ငြားနှင့် မျှော်ကြည့်မိပါသည်။

တောင်ကြားအပေါက်အထွက် ညာဘက်ကျကျဆီမှ မမြှော်လင့်သော သတ္တဝါတကောင်သည် ရှောင်တခင်အတွင်း၌ တောင်ကြား အထွက်ပေါက်ဆီသို့ လျင်မြန်စွာ ပေါ်ထွက်လာပါသည်။ ကျွန်တော်တို့ လျှောက်လာရာ ထိုသတ္တဝါကောင်၏ လှုပ်ရှားရာ အထွက်မှာ ခန့်မှန်းခြေအားဖြင့် ဂိုက်နှစ်ရာအတွင်း ကွာလှမ်းနေမှုကြောင့် မည်သည့်သားကောင်းဟူ၍ ရုတ်တရက် ခွဲခြား၍ မသိ, နိုင်ပါ။

သို့ရာတွင် သားကောင်း၏သဏ္ဍာန်မှာ ခါးလျားရှည်ပြီး နီညိုညိုအဆင်းကိုမူ ကျွန်တော် မှတ်သားမိလေသည်။ ထိုသားကောင်သည် ကျွန်တော်တို့ရှိရာဘက်သို့ ခေတ္တစိုက်၍ ကြည့်ပုံဖြင့် ငြိမ်သက်စွာ ရပ်နေပြီးနောက် တောင်ကြားလမ်းထွက်ပေါက်၏ ဘယ်ဘက်သို့ လျင်မြန်စွာ ဝင်ရောက်ပျောက်ကွယ်သွားပါသည်။

ကျွန်တော့်အဘို့ လမ်းလျှောက်နေရာမှ မသင်္ကာသဖြင့်သွားပြီး ခြေစုံရပ်ကာ ထို ရုတ်တရက်အတွင်း ပျောက်သွားသော မသဲကွဲသည့် သားကောင်တို့၏သဘာဝကို အကဲခတ်ရင်း ပြန်လှန်စဉ်းစားမိပါသည်။

ကျွန်တော်တွေ့ဘူး ပစ်ဘူးသည့် သားကောင်းများ၏ သဏ္ဍာန်အမူအရာ သဘာဝ အကြောင်းအရာများ အကြောင်းဆီသို့လည်း ဤတိုတောင်းလှသော အချိန်ပိုင်းကလေးအတွင်း၌ပင် အရေးတကြီး သုံးသပ်စဉ်းစားရလေသည်။

ကျွန်တော်၏နောက်မှ လိုက်ပါလာသော တပ်ကြပ်ကြီး သာအောင်က

“ဘာလဲ ဗိုလ်မှူး….”

အရေးတကြီး မေးသံကြားရမှ ကျွန်တော်သည် သတိရကာ လေသံဖြင့်…

“အသံမထွက်စေနဲံ။ ကြားရဲ့လား၊ ငါ့နောက်က ကပ်လိုက်ကြဟေ့”

ပြောပြောဆိုဆိုနှင့် ကျွန်တော်သည် အလွန်သွက်လက်သည့် ခြေလှမ်းများဖြင့် ကျွန်တော်တို့၏ ညာ ဘက်တောင်ကြားလမ်း အစွယ်ကိုနင်းကာ ညာဘက်ကျကျ အတွင်းကျကျပန်း၍ အပြေးတက်ခဲ့လေသည်။ ကျွန်တော့်နောက်မှ တပ်ကြပ်ကြီး သာအောင် နှင့် ရဲဘော်တသိုက်မှာ ထက်ချပ်မကွာ လိုက်ပါလာသည့် ခြေသံသဲ့သဲ့များကို ကြားမိပါသည်။

စက္ကန့်ပိုင်းအတွင်း၌ ကျွန်တော်သည် တောင်ကြားလမ်း ညာဘက် တောင်စွယ်အမြင့်ပေါ် သို့ ရောက်ရှိခဲ့ပြီး တောင်စွယ်ပေါ်၌ ပေါက်ရောက်နေသော ဝါးရုံပင် နှင့် ချုံများကို အကာအကွယ်ယူရင်း ကျွန်တော်နှင့် ရင်ဘောင်တန်း မြင့်မားနေသော တဖက်က တောင်ကြားလမ်း၏ ဘယ်ဘက် တောင်စွယ်ဆီသို့ အရေးတကြီး မျက်စေ့ရှင်ရှင်နှင့် လှမ်းကာ ကြည့်မိပါတော့သည်။

ကျွန်တော်တို့ လှမ်း၍ ချောင်းကြည့်နေရာ ညာဘက်တောင်စွယ်ကြား၌ (လှည်းလမ်းခြားနေသည်) တို့၏ အကွာအဝေးမှာ ပေငါးဆယ်ခန့် ကွာဝေးနေပါသည်။ တဖက်တောင်စွယ်ထိပ်၌ နှစ်ပေခန့် ရှည်လျား၍ ထူထပ်လှသော မြက်ရိုင်းများ စီးတန်းကာ ပေါက်ရောက်နေသည်ကို ကျွန်တော် မှတ်သားမိပါတော့သည်။

တခဏကလေး အတွင်း၌ ဘယ်ဘက်တောင်စွယ် အောက်မှ ခပ်သွက်သွက်လှုပ်ရှားသည့် သဏ္ဍာန်နှင့် မြက်ပင်များကို တိုးဝှေ့၍ တလှမ်းချင်းတက်လာသော သတ္တဝါတကောင်၏ ဦးခေါင်းပိုင်းကို ပဋ္ဌမဆုံး ကျွန်တော် တွေ့လိုက်ရတော့သည်။

ကျွန်တော့်ရင်ထဲတွင် ထိတ်ကနဲ တုန်လှုပ်သွားပြီ ကြက်သည်း ဖြန်းကနဲ ထသွားခြင်းက နောက်ဆက်တွဲအဖြစ် မွေးညှင်းတွေလည်း ဖြန်းကနဲ ပေါ်ပေါက်လာတော့သည်။

အကြောင်းမှာ ဆင်ခြေလျှော တောင်စွယ်မှ အထက်နှုတ်ခမ်းထိပ်ဆီသို့ တလှမ်းချင်းတက်လာသောသတ္တဝါမှာ ကျွန်တော်၏ စိတ်ဓာတ်တွေကိုပါ လှုပ်ရှားစေတော့သည်။

အနက်ပြောက်ကြီးများ ခြယ်လှယ်ထားသော ခေါင်းကြီးနှင့် မလိုက်အောင် ဝိုင်းဝန်းသေးငယ်လှသော နားရွက်နှစ်ဖက်၊ ထိုအောက်မှ ပွနေသော နှာယောင်ကြီး၊ ရက်စက်ယုတ်မာသည့်အသွင်ကိုဆောင်၍ တဖျတ်ဖျတ်အရောင်တွေထွက်နေသည့် မျက်လုံး ကြီးနှစ်လုံး၊ မပြဲတပြဲ ပါးစပ်ကြီး မြေကြီးနှင့် ကပ်ကာငုံ့ကာ ကနွဲ့ကလျ ကိုယ်လုံးကြီးတို့ဖြင့် တောင်စွန်းထိပ်သို့ ရောက်ရှိလာသော တောကောင်ကြီးကား အလွန်ကြီးမားလှသော ကျားကြီး ဖြစ်ပါ တော့သည်။

အကောင်ကြီးသည် တဖြည်းဖြည်းနှင့် တောင်စွန်း နှုတ်ခမ်းပေါ်သို့ တက်လာပြီး ကျွန်တော်တို့ဝင်ရောက်လာမည့် လမ်းအဝဘက်သို့ အိန္ဒြေရရနှင့် ငုံ့ကြည့်ရင်း ရှေ့လက်နှစ်ဖက်ပေါ် သို့ သူ၏ ခန္ဓာကိုယ်ကြီးကို တင်ချကာ အသင့်ပြင်ဆင်နေပါပြီ။ အကယ်၍ မျက်စေ့မရှင်ဘဲ ကျွန်တော်တို့တတွေသည် ဤတောင်ကြားလမ်းအတိုင်း စွပ်ကာ ဝင်ရောက်ချီတက်ခဲ့ပါမူ ကျွန်တော်တို့​၏ ကံကြမ္မာကို တွေးဝံ့စရာ မရှိတော့ပြီ။

ကျွန်တော်သည် မောင်းတင်ထားသော .၄ဝ၄ မော်ဇာရိုင်ဖယ်မှ သေနတ်သော့ကို လျင်မြန်စွာ ဖွင့်လိုက်ပြီး သေနတ်ဒင်ကို ကျွန်တော်၏ ပခုံးသို့ တင်ရင်း နေရာချထားလိုက်ပါသည်။ ကျွန်တော်၏ နောက်မှ….

“ဟယ်… ကျားကြီးဟ…”

ရဲဘော်တယောက်ယောက်၏ အလန့်တကြားအော်ဟစ်သံသည် မမြှော်လင့်ဘဲ ပေါ်ထွက်လာချေသည်။

လမ်းအောက်သို့သာ ငုံ၍ အာရုံစူးစိုက်နေသော ကျားကြီးသည့် ရဲဘော်၏ အလန့်တကြားအော်သံကြောင့် ဝပ်နေရာမှ ဤအသံ ထွက်ပေါ် ရာသို့ လှမ်း၍ ကြည့်လိုက်တော့သည်။ ကျွန်တော်တို့ စုပြုံ၍ ရပ်နေသည်ကို ကျားကြီး မြင်သွားသည့် တခဏ၌ ကျားကြီးသည် ဝပ်နေရာမှ မာန်သွင်းကာ ရှေ့သို့ အားယူထလိုက်တော့သည်။

“အာ…. ဝူး”

ဟူသော မာန်သွင်းသံကြီးသည် ထွက်ပေါ်လာသည်။ တခဏ၌ ကျွန်တော်၏ရိုင်ဖယ်လည်း ကျားကြီး၏ဦးခေါင်းကို မိမိရရချိန်နေရာမှ မီးပွင့်၍ ပြင်းထန်လှသော ကော်ဒိုက်ယမ်းပေါက်ကွဲသံကြီးမှာ ထွက်ပေါ် သွားတော့သည်။

ရိုင်ဖယ်သံကြီးကြောင့် အိပ်တန်းတက်နေကြသော ကြက်ငှက်တွေသည် တကျက်ကျက် လန့်ဖြန့်ကာ ဆူညံသွားတော့သည်။

ကျွန်တော်ပစ်လိုက်သော ကျည်ဆံသည် ကျားကြီး၏နှာခေါင်းရင်းအထက်ပိုင်းကျကျနနကြီး ထိမှန်သည်တွင် အကောင်ကြီးသည် ငိုက်ခနဲ မြေသို့ ညွှတ်သွားတော့သည်။ ကျွန်တော်သည် ကျားကြီး၏ လှုပ်ရှားမှုကို ကြည့်ရင်း ယမ်းတောင့်တတောင့်ကို နောက်ထပ်ထိုး၍ မောင်းတင်မိသည်။ ကျားကြီးသည် တိုတောင်းလှသော အချိန်ကလေးအတွင်း၌ပင် လူးလဲကာ ခေါင်းကို ပြန်ဖေါ် လိုက်ရင်း ပါးစပ်ကြီးကို တအားဖြဲကာ…

“ဝေါ”

ဟူသော ဟိန်းသံသည် မြေကိုတုန်သွားစေတော့သည်။ နောက် တချက်ထည်းပင် ကျွန်တော်တို့ရှိရာသို့ တအားကုန် လှမ်း၍ ထိုးအုပ်လိုက်သည်ကို ကျွန်တော်သည် ရိုင်ဖယ်နှင့် ချိန်နေရာမှ မြင်လိုက်ရ သည်။

ကျွန်တော်၏ ရိုင်ဖယ်မှ ဒုတိယကျည်ဆံသည် မနှေးတမ်း ပေါက်ကွဲစေလျက် လမ်းခုလပ်၌ လွှားနေသော ကျားကြီး၏ လက်ပြင်ဆီသို့ ဖေါက်ထွင်းထိမှန်စေတော့သည်။ တအားတိုးခုန်လာသော ကျား ကြီး၏ အရှိန်ကို .၄၀၄ မဂ္ဂဇင်း မော်ဇာ၏ ယမ်းအားက ဆီးကြို၍ နေရာတွင် ရပ်တန့်လိုက်ခြင်းသာဖြစ်ပါသည်။

ဘုံးကနဲ တောင်ကြားအောက် လှည်းလမ်းပေါ် အရှိန်နဲ့ ပစ်ကျသော ကျားကြီး၏ သဏ္ဍာန်နှင့် အသံကိုပါကျွန်တော်တို့အားလုံးတွေမြင်လိုက်ကြသည်။ ကျွန်တော်သည် တတိယ ယမ်းတောင့်ကို အသင့်ထိုးပြီး အပေါ်မှ အရေးကြီးက နောက်ထပ်၍ ပစ်ခတ်ရန် အသင့်ချိန်ထားပြီး ဖြစ်ပါသည်။

လှည်းလမ်းတခုလုံးကို ဆို့ပိတ်၍ ကန့်လန့်ဖြတ် မှောက်လျက်ကျနေသော ကျား၏ သဏ္ဍာန်မှာ ငြိမ်ချက်သားကောင်းလှတော့၏။

တပ်ကြပ်ကြီးသာအောင်က မြေစိုင်ခဲကြီးတတုံးကိုကောက်ကာ ကျားကြီးအပေါ်သို့ ပစ်ချလိုက်သည်။ ကျားကြီးကား လုံးဝ မလုပ်ရှား။ သို့ရာတွင် အလွန်အသက်ပြင်းသလောက် ပရိယာယ်များပြီး ဇွဲကောင်းလှသော ကျားသတ္တဝါအကြောင်းကို သိပြီးဖြစ်သူ ကျွန်တော်သည် ရဲဘော်များကို တောင်ကြားလမ်းအတွင်းသိ ဆင်းခွင့်မပြုသေးပါ။

တမိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်၊ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ခန့် စသည်ဖြင့် ကျွန်တော်၏ လက်ပတ်နာရီကို ကြည့်ကာ အချိန်ကို စောင့်ခဲ့သည်။ မိနစ်နှစ်ဆယ် ရောက်သည့်နောက်၌ ကျွန်တော်တို့သည် သေနတ်များကို အသင့်ချိန်ကာ ကျားကြီး လဲနေရာသို့ တလှမ်းချင်း ဆင်းသက်ခဲ့ကြသည်။

ကျွန်တော်တို့တတွေကို ချောင်းမြောင်းခဲ့သော ကျားကြီးကား သေအံ့ဆဲဆဲ၌ပင် သစ်မြစ်ကြီးတခုကို တအားခဲရင်း အသက်ပျောက်နေပေပြီတကား။

သေနတ်သံစဲပြီးနောက် ရှေ့ဦးဆုံးရောက်လာသော သူများမှာ ဆယ်လယ်ရွာသူကြီး၊ မယ်ဇလီပင်သူကြီးနှင့် ရွာသားများ ဖြစ်ပါသည်။ သူတို့သည် ကျားသေကြီး၏ ပါးစပ်အား ကပျာကယာ ဖြဲကြည့်ရင်း….

“ဟုတ်ပါတယ် စစ်ဗိုလ်ကြီးရာ။ ငမဲကြီးမှ ငမဲကြီးပါ။ သူ့အစွယ်ကြီးတွေ ဝါထိန်လို့ဇ။ ပြီးတော့ သူ့ကိုယ်ကလဲ အဝါထက် အညိုကများပြီး အမဲစင်းကြီးတွေက အလွန်ထင်ရှားနေတာကလားဗျာ…”

မှန်ပါသည်။ ထိုဒေသတဝိုက်၌ နွားခိုး ဓါးမြဂိုဏ်းထက် ဆိုးသွမ်းသောင်းကျန်းကာ လူသားတို့၏ လည်ချောင်းသွေးနှင့် ပွဲတော်တည်နေသော ငမဲကြီးအမည်ခံ ကျားထီးကြီး၏ နိဂုံးချုပ် ဇာတ်လမ်းကား ကျွန်တော်၏ .၄ဝ၄ မော်ဇာရိုင်ဖယ်ပြောင်းဝ၌ ဇာတ်သိမ်းလိုက်ပါပြီ။

လူထုတွေကလည်း ကသူက၊ ခုန်သူခုန်နှင့် အောင်ပွဲခံနေတော့၏။

ကျွန်တော့်အဖို့ ပျဉ်းမနား ပြန်ရောက်ပါက မုဆိုးကျော် ဦးဘိုးဟန်ကြီး၏ လှိုက်လှိုက်လဲလဲ ချီးကျူး ထောပနာပြုမည့် အသွင်ကိုသာ မြင်ယောင်ထင်ယောင် ရှိပါတော့သတည်း။

(၁၉၆၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော ဗိုလ်တာရာ​၏ မုဆိုးနှင့်သားကောင်များစာအုပ်မှ ကူးယူဖော်ပြပါသည်။ ဤဝတ္ထုသည် ရှုမဝမဂ္ဂဇင်းတွင်း ဖော်ပြခံခဲ့ရသော ဝတ္ထုလည်း ဖြစ်ပါသည်။)

– ပြီး –

စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)အားလေးစားလျက်

Like&shareလေးနဲ့အားပေးကြပါအုံး