လောင်မီးကျလျှက်နတ်တို့စက်

အောင်မြတ်သာနှင့် လောင်မီးကျလျက်နတ်တို့စက်

 

အောင်မြတ်သာတို့ဆရာတပည့်တွေ ခြေဦးတည့်ရာလျောက်သွားရင်း ရေစက်ရှိတဲ့ ခုနှစ်ရက် သားသမီးတွေကို လိုက်လံကယ်ဆယ်ပေးနေရာကနေ မြန်မာနိုင်ငံအောက်ပိုင်းဒေသတစ်ခုဖြစ်တဲ့ မွန်ပြည်နယ်ဘက်ကိုရောက်ရှိလာခဲ့တယ်။ ရှေးယခင်က ဘာသာ သာသနာ ထိန်ထိန်ညီးစွာ ထွန်းလင်းတောက်ပခဲ့တဲ့ ရာမညမြေကို ခြေချလိုက်တဲ့အခါမှာတော့ အောင်မြတ်သာတို့ဆရာ တပည့်တွေရဲ့ ရင်ထဲမှာ အေးချမ်းတည်ငြိမ်မှုနဲ့အတူ ပူလောင်မှုတစ်ခုကိုပါ တစ်ပြိုင်နက်တည်း ခံစားလိုက်ရတယ်။

အောင်မြတ်သာကတော့ မိမိခံစားလိုက်ရတဲ့ ဖြစ်ရပ်ကို သက်ခိုင်နဲ့ တောက်ရကို မပြော သေးပဲ သူတို့ဘာပြောလာမလဲဆိုတဲ့စိတ်နဲ့ အနောက်မှာရှိနေတဲ့ တပည့်နှစ်ယောက်ကို သမင် လည်ပြန်လှည့်ကြည့်လိုက်တယ်။ သက်ခိုင်ကတော့ အောင်မြတ်သာလှည့်ကြည့်တာကို သတိထားမိ သွားပြီး

“ဆရာ ကျွန်တော်တို့ကို ကြည့်တဲ့အကြည့်ကို ကျွန်တော်သိသလိုလိုပဲ”

သက်ခိုင်စကားကြောင့် အောင်မြတ်သာက ဘာစကားမှဆက်မဆိုပဲ အရှေ့ကို ညင်သာစွာ ဆက်လျောက်သွားခဲ့တယ်။ သက်ခိုင်ကတော့ အောင်မြတ်သာရဲ့ခြေလှမ်းတွေကို အမှီလိုက်ပြီး

“ ဆရာ ကျွန်တော်တို့ခံစားနေရသလို ဆရာလဲခံစားမိလား”လို့မေးလိုက်တော့ အောင်မြတ်သာက လမ်းလျောက်နေတဲ့ခြေလှမ်းတွေကို ယတိပြတ်ရပ်လိုက်ပြီး

“ မင်းတို့စိတ်ထဲ ဘာတွေခံစားမိလဲ ပြောပါဦး”

“ ရင်ဘတ်ထဲမှာ အေးမြခြင်းနဲ့ ပူလောင်ခြင်းဆိုတဲ့ အငွေ့အသက်တွေ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေသလိုခံစားနေရတယ်ဆရာ “

သက်ခိုင်ရဲ့စကားအဆုံးမှာ ဘေးမှာရပ်နေတဲ့ တောက်ရက

“ ပူလောင်ခြင်းဆိုတဲ့အရာမှာ သာမန်ပူလောင်မှုနဲ့ မတူဘူးလို့ခံစားရတယ် ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့အပူက အမြဲတမ်းပူလောင်နေတာမျိုးမဟုတ်ပဲ ပူသွားလိုက် အေးလာလိုက် ဖြစ်နေသလိုမျိုးခံစားရတယ်”

အောင်မြတ်သာလဲ တပည့်နှစ်ယောက်ရဲ့စကားကိုကြားတော့ ကျေနပ်တဲ့ဟန်နဲ့ ပြုံးလိုက်ပြီး

“ မင်းတို့တော်ကြပါတယ် ဟုတ်တယ် မင်းတို့ပြောသလို ငါလဲခံစားမိတယ် ဒီခံစားမှုက ငါတို့နဲ့ရေစက်ပါတဲ့သူတစ်ဦးတစ်ယောက်နဲ့သက်ဆိုင်မယ်လို့ထင်တယ်”

“ဒါဆို ကျွန်တော်တို့ ဒီနေရာမှာခေတ္တအခြေချရမလားဆရာ”

“ ဒီနေရာမှာတော့မဟုတ်ဘူး ငါတို့ရွာတစ်ရွာကို ဆက်သွားရလိမ့်မယ် ငါတို့သွားတဲ့ရွာကလဲ ရှေးဘုရင်တွေလက်ထက်ထဲက ရာဇဝင်အခိုင်အမာရှိခဲ့တဲ့ရွာတစ်ရွာဖြစ်ခဲ့တယ်”

“ ရွာနာမည်က ဘယ်လိုခေါ်လဲဆရာ”

သက်ခိုင်စကားကို အောင်မြတ်သာက ချက်ချင်းမဖြေပဲ တောင်ဘက်စူးစူးကို ငေးမောကြည့်ကာ

“ ရွာနာမည်က ဒုံဝန်းလို့ခေါ်တယ်”

(ဒုံဝန်းရွာဆိုတာက ယခုအခါ သထုံ-ရန်ကုန် အဝေးပြေးလမ်းမကြီးဘေးတွင် တည်ရှိပြီး တိုးတက်နေတဲ့ရွာကြီးတစ်ရွာအဖြစ်တည်ရှိနေပါသည်)

———————————————

အောင်မြတ်သာတို့လဲ ဒုံဝန်းရွာဘက်ကို ခရီးဆက်လာခဲ့တဲ့ လှည်းလမ်းတစ်လျောက်မှာတော့ သဘာဝအတိုင်းပျော်မြူးနေကြတဲ့ ကျေးငှက်သာရကာတွေအပြင် တစ်ချက်တစ်ချက် လှည်းလမ်းကိုဖြတ်ဖြတ်ပြေးနေကြတဲ့ တောကြက်၊ ယုန်၊ ဂျီစတဲ့ တောကောင်ငယ်လေးတွေကို မြင်ကြရတယ်။

“ ဆရာ ဒုံဝန်းရွာဆိုတာ ဘယ်ထဲက ရှိခဲ့တာလဲ အခုကျွန်တော်တို့သွားရမယ့်ခရီးကရော ဘာတွေ ဖြစ်လာနိုင်မယ်လို့ထင်လဲဆရာ”

ရုတ်တရက်မေးလိုက်တဲ့ သက်ခိုင်စကားကြောင့် သဘာဝရေမြေတောတောင် အလှအပကိုခံစားနေတဲ့ အောင်မြတ်သာရဲ့အတွေးတွေ ပျောက်ကွယ်သွားပြီး ဒုံဝန်းရွာရဲ့သမိုင်းဖြစ်စဉ်တွေက ရုပ်ရှင်ပြသလို တစ်ကွက်ချင်း တစ်ကွက်ချင်း အာရုံထဲမှာ ပေါ်လာခဲ့တယ်။

လမ်းလျောက်နေရင်း ရုတ်တရက်ရပ်တန့်ကာ ငြိမ်သက်သွားတဲ့ အောင်မြတ်သာကို ကြည့်ပြီး သက်ခိုင်‌နဲ့ တောက်ရက အကင်းပါးစွာ ဘာမှဆက်မမေးတော့ပဲ စောင့်ကြည့်နေခဲ့ကြတယ်။ အချိန် အနည်းငယ်ကြာတော့ အောင်မြတ်သာရဲ့ မျက်လုံးတွေ ပြန်ပွင့်လာပြီး

“ မင်းတို့မေးတဲ့အမေးကိုဖြေဖို့ ငါလဲအတော်စဉ်းစားလိုက်ရတယ် လွန်ခဲ့တဲ့နှစ်ပေါင်း များစွာက အခုငါတို့ရောက်နေတဲ့နေရာဟာ အရမ်းနက်တဲ့တောနက်ကြီးတစ်ခုဖြစ်ခဲ့တယ် ဒီကနေ တောင်ဘက်ကိုဆက်သွားရင်တော့ ဒုံဝန်းလို့ခေါ်တဲ့ ရွာငယ်လေးတစ်ရွာရှိခဲ့ဖူးတယ်။ အဲဒီရွာမှာ နေတဲ့ အမျိုးကောင်းသားတစ်ယောက်က ရွာမှာလုပ်ကိုင်စားသောက်လို့အဆင်မပြေတာကြောင့် အယုဒ္ဓယနယ်ဘက်ကို ထွက်ခွာပြီးအလုပ်လုပ်ခဲ့တယ်။ တစ်နေ့မှာတော့ အဲဒီအမျိုးသားကောင်းက အရမ်းကိုကောင်းမွန်တဲ့ နမိတ်တစ်ခုကိုမြင်တွေ့ခဲ့တဲ့အတွက် ဗေဒင်ဆရာကြီးတစ်ဦးဆီမှာ ဗေဒင် သွားမေးခဲ့တယ် ဗေဒင်ဆရာကြီးကလဲ အမျိုးကောင်းသားရဲ့ ဥာဏ်ပညာကိုစမ်းသပ်လိုတဲ့အတွက် သူ့ရဲ့ကိုယ်အတိုင်းအတာရှိတဲ့ငွေပေးမှ ဟောပေးမယ်ဆိုပြီး စမ်းသပ်လိုက်တယ်။ အမျိုးသား ကောင်းကလဲ ဥာဏ်ပညာနဲ့ပြည့်စုံတော့ သူ့ရဲ့အရပ်အတိုင်းရှိတဲ့ ဝါးတစ်ချောင်းရဲ့ထိပ်မှာ ငွေအကြွေစေ့ကိုတင်ပြီး ဗေဒင်ဆရာဆီကိုပြန်သွားခဲ့တယ်။ ဗေဒင်ဆရာက ဒီလူငယ်က ပညာရှိပါလားဆိုပြီး သူ့ရဲ့ဇာတာကိုစစ်ဆေးပေးတဲ့အခါမှာတော့ တစ်နေ့မှာ အရမ်းကိုဘုန်းတန်ခိုး ကြီးမယ့်သူဖြစ်လာနိုင်တာကိုမြင်တော့ အယုဒ္ဓယနန်းတော်ထဲမှာ အလုပ်ဝင်လုပ်ဖို့ အကြံပေးခဲ့တယ်။ လူငယ်ကလဲ ဗေဒင်ဆရာကြီး အကြံပေးတဲ့အတိုင်းဝင်လုပ်ချင်ပေမယ့် အသိကလဲမရှိ ငွေကြေးကလဲ မပြည့်စုံဆိုတော့ ဘယ်ကနေဝင်လုပ်ရမလဲမသိခဲ့ဘူး နောက်ဆုံးမှာ ဆင်ထိန်းတစ်ယောက်နဲ့ခင်မင်မိပြီး ဘုရင့်ဆင်တော်တွေနေတဲ့ တဲတန်းလျားမှာ ဆင်ချေးကြုံးတဲ့ အလုပ်တစ်ခုကို ရရှိခဲ့တယ်။ လုံလဝိရိယကောင်းတဲ့ လူငယ်လေးက ဆင်တဲကို အမြဲသန့်ရှင်းအောင် ထားတဲ့အတွက် ဆင်ထိန်းတွေရဲ့ ချစ်ခင်မှုကိုရရှိခဲ့တယ်။ လူငယ်ကလဲ ဆင်ချေးကျုံးတဲ့ အလုပ်ကို လုပ်ရင်း ရလာတဲ့ဆင်ချေးတွေကိုသာ မြေသြဇာအဖြစ်အသုံးပြုမယ်ဆိုရင် အပင်တွေ ကြီးထွား ရှင်သန်လိမ့်မယ်ဆိုတဲ့အတွေးဝင်လာတာကြောင့် မြို့ထဲက စျေးကိုသွားပြီး ဟင်းနုနွယ်အစေ့တွေ သွားဝယ်ခဲ့တယ်။ ပါသွားတဲ့ငွေက မဖြစ်စလောက်မို့လို့ ဟင်းနုနွယ်အ‌စေ့တွေရောင်းတဲ့ မိန်းမကြီးက နင်လက်ညိုးတစ်ချောင်းကိုအသုံးပြုပြီး မျိုးစေ့တွေနိုင်သလောက်သယ်သွားဆိုပြီး ပညာစမ်း ခဲ့တယ်။ လူငယ်ကလဲ ခေသူမဟုတ်တဲ့အတွက် လက်ညိုးတစ်ချောင်းလုံးကို ပါးစပ်ထဲထည့်ကာ စုပ်လိုက်ပြီး တံတွေးတွေကပ်နေတဲ့ လက်ညိုးတစ်ချောင်းနဲ့ မျိုးစေ့အိတ်ထဲကို မွှေကာရသမျှ သယ်လာခဲ့တယ်။ တံတွေးတွေစိုနေတဲ့ လက်ညိုးမှာပါလာတဲ့ ဟင်းနုနွယ်စေ့တွေကို ဆင်ချေးတွေနဲ့ သေချာရောနယ်ပြီး စိုက်ပျိုးခဲ့ရာ အလွန်ကိုကြီးမားသန်မာတဲ့ ဟင်းနုနွယ်ပင်တွေကို ရရှိခဲ့တယ်။ တစ်နေ့မှာတော့ ဘုရင်မင်းတရားကြီးက ဆင်တဲကို လှည့်လည်လာရင်း လူငယ်စိုက်ထားတဲ့ ဟင်းနုနွယ်ပင်တွေကိုတွေ့လို့ သ‌ဘောကျသွားပြီး သေချာချက်ပြုတ်ခိုင်းခဲ့တယ်။ လူငယ်ကလဲ ဟင်းနုနွယ်ပင်တွေကို သေချာစီမံချက်ပြုတ်ပြီး ဘုရင်မင်းတရားကြီးကို ဆက်သခဲ့ရာ လက်ရာကို သဘောကျတဲ့အတွက် စားဖိုဆောင်မှာခန့်အပ်ခဲ့တယ်။ လူငယ်ကလဲ ရုပ်ရည်ကလဲချော၊ ကြံရည် ဖန်ရည်ကလဲ ကောင်းဆိုတော့ ဘုရင်ရဲ့ မိဖုရားတစ်ပါးနဲ့ ရည်ငံပြီး ဘုရင်ကိုလုပ်ကြံခဲ့တယ်။ ဘုရင်ကိုလုပ်ကြံပြီး ဘုရင့်မိဖုးရားကိုခေါ်ဆောင်ကာ နေရပ်ဇာတိဖြစ်တဲ့ ဒုံဝန်းရွာကိုပြန်လာပြီး အခိုင်အမာအခြေပြုနေထိုင်ခဲ့တယ်။ များမကြာမီမှာ သူ့ကိုယ်သူ ဝါရီရူမင်းလို့ သမုတ်ပြီး ဒုံဝန်းနယ် တစ်ဝိုက်ကိုအုပ်စိုးခဲ့တယ်။ ဝါရီရူမင်းဆိုတာက မြန်မာလိုဘာသာပြန်ရင် ကောင်းကင်ပေါ်ကကျ လာတဲ့မင်းလို့အဓိပ္ပါယ်ရတယ်။ ဒါကြောင့် ငါတို့အခုသွားမယ့်ရွာက သာမန်ရွာတစ်ရွာ မဟုတ်ဘူး။ ရှေးဘုရင်တွေ ထီးနန်းစိုးစံခဲ့တဲ့နေရာဖြစ်တဲ့အတွက် အစောင့်အရှောက်တွေလဲ ပေါချင်ပေါ လိမ့်မယ်။ အနှောက်အယှက်တွေလဲ ရှိချင်ရှိလာလိမ့်မယ်။ သတိဝိရိယနဲ့နေကြပါ” လို့ပြောပြီး ခရီးဆက်ခဲ့ကြတယ်။

(ဝါရီရူမင်း(ခေါ်)မဂဒူးမင်းအကြောင်းကို အသေးစိတ်သိချင်ရင်တော့ မွန်ရိုးရာသမိုင်းစာအုပ်တွေမှာ လေ့လာဖတ်ရှုနိုင်ပါသည်)

——————————————————

ညနေနေရောင်ခြည်ပျောက်ကွယ်ခါနီးအချိန်မှာတော့ မီးခိုးတစ်လူလူထွက်နေတဲ့ ဒုံဝန်းရွာ အနီးကိုရောက်ရှိလာခဲ့ကြတယ်။ ရွာထိပ်ကိုရောက်တော့ ခရီးသွားဧည့်သည်တွေ တည်းခိုဖို့ ဆောက်ထားတဲ့ ဇရပ်တစ်ခုမှာ အောင်မြတ်သာတို့ အထိုင်ချရပ်နားလိုက်ကြတယ်။

သက်ခိုင်နဲ့တောက်ရကတော့ ဇရပ်အတွင်းမှာ ရှိနေတဲ့ ဖုန်မှုန့်နဲ့အမှိုက်တွေကို သစ်ကိုင်း တစ်ခုနဲ့လှဲထုတ်ပြီး ကျောတစ်ခင်းစာရအောင် လုပ်နေကြတဲ့အချိန် အောင်မြတ်သာကတော့ ဇရပ်ဘေးဘီဝဲယာကို လိုက်ကြည့်နေခဲ့တယ်။

အားလုံးသန့်ရှင်းသွားတဲ့အချိန်ရောက်တော့ အောင်မြတ်သာက လွယ်အိတ်ထဲကနေ ထမင်းခြောက်အနည်းငယ်ကိုထုတ်ကာ သက်ခိုင်နဲ့ တောက်ရကို မျှဝေပေးလိုက်တယ်။ တစ်လမ်းလုံး ဘာမှမစားခဲ့ရတဲ့ သက်ခိုင်နဲ့တောက်ရက အောင်မြတ်သာပေးတဲ့ ထမင်းခြောက်ကို အာသာပြေစားလိုက်ပြီး ဘူးသီးခြောက်ထဲက ရေအနည်းငယ်သောက်လိုက်တဲ့ အချိန်မှာတော့ ဆာလောင်မှုဆိုတာမရှိလောက်အောင် ပပျောက်သွားခဲ့တယ်။

“ မင်းတို့ဆာလောင်မှုတွေ ပျောက်သွားပြီဆိုရင် မီးဖိုတစ်ဖို အရင်ဖိုထားလိုက်ဦး ဒီနေရာက တောနဲ့နီးတဲ့အတွက် တောကောင်တွေ လမ်းမှားရောက်လာတတ်တယ်”

အောင်မြတ်သာစကားကြောင့် သက်ခိုင်က ဇရပ်အနီးနားမှာရှိတဲ့ ထင်းခြောက်တွေကို စုကာ မီးဖိုတစ်ဖိုတည်ပြီးတဲ့အချိန်မှာပဲ

“ ဝေါင်း” ဆိုတဲ့အသံနဲ့အတူ အဝါတစ်ကန့် အမဲတစ်ကန့်နဲ့ ကိုးတောင်ကျားတစ်ကောင် မနီးမဝေးခြုံထဲကနေ ခုန်ထွက်လာခဲ့တယ်။

ရုတ်တရက်ခုန်ထွက်လာတဲ့ တောကောင်ကြီးကို မြင်တော့ သက်ခိုင်နဲ့တောက်ရက ထင်းပုံ ထဲက မီးစတစ်စစီဆွဲကာ ခြောက်လှန့်ဖို့ပြင်လိုက်ချိန်

“ မလုပ်နဲ့သက်ခိုင် အခုလာတဲ့ ကိုးတောင်ကျားက တောကောင်စစ်စစ်မဟုတ်လောက်ဘူး မင်းတို့သေချာကြည့်ကြည့်ပါ”

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရ ကိုးတောင်ကျားကို သေချာကြည့်လိုက်ရာ ခါးမှာ အနီရောင်ဖဲကြိုးစတစ်ခုကို ချည်ထားတာတွေ့လိုက်ရတော့ သက်ခိုင်နဲ့တောက်ရက ကိုင်ထားတဲ့ မီးစကို ပြန်ချလိုက်ပြီး အခြေအနေကို စောင့်ကြည့်နေခဲ့တယ်။

ကိုးတောင်ကျားကတော့ သက်ခိုင်ကိုကြည့်ပြီးမာန်ဖီလိုက် တောက်ရကိုကြည့်ပြီး မာန်ဖီလိုက်လုပ်နေပေမယ့် အရှေ့ကိုဆက်ပြီး မတိုးလာတာကိုလဲ သတိထားမိလိုက်တယ်။ အဖြစ်အပျက်တွေကို အစအဆုံးကြည့်နေတဲ့ အောင်မြတ်သာက ဇရပ်ပေါ်ကနေဆင်းလာပြီး

“ ကျုပ်တို့က ဒီရွာကို အန္တရာယ်ပြုမယ့်သူတွေမဟုတ်ဘူးဆိုတာ သင့်သခင်ကို ပြန်ပြောပြ လိုက်ပါ “လို့ပြောလိုက်တော့ ကိုးတောင်ကျားက မြောက်ဘက်ကို ခေါင်းငဲ့ကာ တစ်ချက်ဟိန်း လိုက်ပြီး ခြုံပုတ်အနောက်ကို ခုန်ဝင်ကာ ပျောက်ကွယ်သွားခဲ့တယ်။

အခြေအနေတွေအားလုံး ပြန်လည်တည်ငြိမ်သွားတော့မှ သက်ခိုင်နဲ့ တောက်ရတို့ ဇရပ်ပေါ် တက်လာပြီး

“ ခုနကလာတဲ့ ကိုးတောင်ကျားက ဒီရွာရဲ့အစောင့်အရှောက်လားဆရာ”

“ ဟုတ်တယ် သူ့ခါးမှာစည်းထားတဲ့ ခါးစည်းကိုမြင်လိုက်ထဲက ရွာကိုစောင့်ရှောက်နေတဲ့ အစောင့်တစ်ဦးတစ်ယောက်က လွှတ်လိုက်တယ်ဆိုတာ သဘောပေါက်ခဲ့တယ် ငါတို့ကလဲ ဒုက္ခ ပေးမယ့်သူတွေမဟုတ်ဘူးဆိုသိပေမယ့် သေချာအောင် လွှတ်လိုက်တဲ့သဘောလဲပါမှာပေါ့”

“ ကျွန်တော်တို့ သဘောပေါက်ပါပြီဆရာ ဒါနဲ့ ဇရပ်မှာ ဘယ်အချိန်ထိ ဆက်နေရဦးမှာလဲ ရွာထဲကိုမဝင်တော့ဘူးလား”

သက်ခိုင်စကားကြောင့် အောင်မြတ်သာက ခေါင်းကိုခါလိုက်ပြီး

“ ငါတို့ရွာထဲကို ဝင်စရာမလိုသေးဘူးသက်ခိုင် ပဌာန်းဆက်ပါတဲ့သူက ဒီနေရာကို ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာလိမ့်မယ်”လို့ပြောပြီး စင်္ကြန်လျောက်နေခဲ့တယ်။

အမှောင်ထုက တစ်စတစ်စနဲ့ သိပ်သည်းလာလေလေ အအေးဓါတ်ကပိုပြီး အေးစိမ့်လာ လေလေဖြစ်နေတဲ့အချိန် အောင်မြတ်သာ၊ တောက်ရနဲ့ သက်ခိုင်တို့က နေရာအကျအနယူကာ အအေးဓါတ်ကို သမထနဲ့ အနိုင်ယူနေကြတယ်။

သမာဓိအားကောင်းလာလေလေ ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ အသေးအမွှားကိစ္စလေး တွေကို ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် မြင်နိုင်ကြားနိုင်တဲ့အဆင့်ထိ ရောက်နေကြတဲ့ အချိန်

“ မီးဗျို့ မီး မီး …. တုံ တုံ တုံ တုံ” ဆိုတဲ့အသံက ခပ်ဝေးဝေးကနေ ပျံ့လွင့်လာခဲ့တယ်။ သိပ်မကြာခင် ရွာထိပ်ဘက်ကို ပြေးလာကြတဲ့ ခြေသံတွေကို အတိုင်းသားကြားလိုက်ရတယ်။ အောင်မြတ်သာတို့လဲ ကြားလိုက်ရတဲ့အသံတွေကြောင့် တရားထိုင်နေတာကို ဖြုတ်လိုက်ပြီး ဇရပ်အဝကို ထွက်လာတဲ့အချိန် ရေပုံးရေခွက်တွေကိုင်ပြီး အူလျားဖားလျားပြေးနေကြတဲ့ ရွာသူ ရွာသားအချို့ကိုတွေ့လိုက်ရတယ်။

ကိုယ့်ဇောနဲ့ကိုယ် ပြာယာခတ်နေကြတဲ့ ရွာသားတွေက ဇရပ်ပေါ်မှာရှိနေတဲ့ အောင်မြတ်သာ တို့ကို သတိမထားမိပဲဖြစ်နေတဲ့အချိန် တောက်ရက ဇရပ်ပေါ်ကနေဆင်းသွားပြီး

“ မီးဘယ်မှာလောင်တာလဲ နောင်ကြီး”

“ ရွာထဲမှာ လောင်တာ မီးအတော်များတယ် ရွာထဲမှာ ရှိတဲ့ရေတွေကုန်သွားလို့ ရွာထိပ်က ရေကန်ကနေ လာခပ်နေကြတာ”

ရွာသားတစ်ယောက်ရဲ့စကားကြောင့် တောက်ရက အောင်မြတ်သာကိုလှမ်းကြည့်လိုက်ပြီး

“ ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲဆရာ”

“ ဒီအချိန်မှာ ငါတို့ဘာမှလုပ်ပေးလို့မရနိုင်သေးဘူး ခဏစောင့်ကြည့်လိုက်ပါဦး”

အောင်မြတ်သာစကားမဆုံးခင်မှာပဲ ရွာထဲကနေ ပြေးလာတဲ့သူအချို့က

“ မီးငြိမ်းသွားပြီဗျို့ အိမ်ကတော့ တစ်ခြမ်းပါသွားတယ်ပြောတယ် “ ဆိုပြီးအချင်းချင်း လှမ်းအော်ပြောနေတဲ့ အသံကိုကြားလိုက်ရတယ်။

အဲဒီတော့မှ အောင်မြတ်သာက ဇရပ်ပေါ်ကနေဆင်းလာပြီး

“ ဘယ်သူ့အိမ်လောင်သွားတာလဲ သိကြလား” လို့လှမ်းမေးလိုက်တော့ ရေတံပိုးထမ်းထား တဲ့ လူတစ်ယောက်က

“ ခွန်စောရွှေတို့အိမ်ကနေစလောင်တာ ဒါနဲ့နင်တို့က ဇရပ်မှာ ဘာလုပ်နေကြတာလဲ”

ပအိုဝ့်သံခပ်ဝဲဝဲလူတစ်ယောက်ရဲ့ စကားကြောင့် အောင်မြတ်သာက

“ကျုပ်တို့က ခရီးသွားရင်း မိုးချုပ်သွားလို့ ဇရပ်မှာ တစ်ညဝင်နားကြတဲ့သူတွေပါ “လို့ပြော လိုက်တော့ ‌ရေတံပိုးထမ်းထားတဲ့သူက

“ ဒါဖြင့် ငါနဲ့လိုက်ခဲ့ကြ ဒီနေရာက အရမ်းအေးတယ် နေလို့မကောင်းဘူး “လို့ပြောတော့ အောင်မြတ်သာက ငြင်းပယ်ခြင်းမပြုပဲ

“ အဆင်သင့်လိုက်တာဗျာ မိတ်ဆွေကို ကျေးဇူးတင်ပါတယ်”

“ အေး ရပါတယ် ငါကလဲ ကိုယ်ချင်းစာလို့ပါ င့ါအိမ်က အကောင်းကြီးမဟုတ်ပေမယ့် နင်တို့ သုံးယောက် တစ်ညတော့အိပ်လို့ရပါတယ် လာကြ လာကြ”

ရေတံပိုးထမ်းထားတဲ့သူက အောင်မြတ်သာတို့ကို ရွာထဲကို ခေါ်သွားခဲ့တယ်။ ရွာထဲ ရောက်တော့ ရေပုံးကိုယ်စီနဲ့ အိမ်ရှေ့မှာ ထွက်ထိုင်နေကြတဲ့ ရွာသားအချို့ကို တွေ့လိုက်ရတယ်။

“ ဟေ့ နန်းသိန်းခင် ငါ့မှာ ဧည့်သည်တွေပါလာတယ် အိပ်မယ့်နေရာပြင်ပေးထားဦး”

ရေတံပိုးထမ်းထားတဲ့သူရဲ့အသံကြောင့် ဝါးပိုးတိုင်တွေကို စိုက်ပြီး သင့်တင့်ရုံ ဆောက်ထားတဲ့ အိမ်ပေါ်ကနေ ခေါင်းပေါင်းပေါင်းထားတဲ့ မိန်းမတစ်ယောက်က ခေါင်းပြူကြည့်ပြီး

“ အေး အေး ငါပြင်ထားလိုက်မယ် နင်က ခွန်စောရွှေတို့ အိမ်ဘက်သွားကြည့်ပေးလိုက်ဦး” ဆိုပြီးလှမ်းအော်ပြောလိုက်တယ်။

“ ဒါ င့ါအိမ်ပဲ နင်တို့လွတ်လွတ်လပ်လပ်နေကြ ထမင်းရော စားပြီးပြီးလား အိမ်မှာ ပိန္နဲသီးဟင်းချက်ထားတယ် စားသွားကြဦး”

အောင်မြတ်သာလဲ အိမ်ရှင်လူကြီးရဲ့စကားကိုကြားတော့

“ မစားတော့ပါဘူး ကျုပ်တို့စားပြီးပါပြီ အခုမီးလောင်တဲ့ အိမ်ကိုသွားဦးမယ်ဆိုလို့ ဖြစ်နိုင်ရင် ကျုပ်တို့လဲ လိုက်ခဲ့ပါမယ် ရောက်တုန်းရောက်ခိုက် နိုင်သလောက်လေး ကူညီပေးပါရစေ ဒါနဲ့ မိတ်ဆွေရဲ့နာမည်က ဘယ်လိုခေါ်လဲ”

“ ငါ့နာမည်က ခွန်ထီးလို့ခေါ်တယ် နင်တို့ အိမ်မှာမနေချင်သေးဘူးဆိုလဲ ငါနဲ့လိုက်ခဲ့ပေါ့ ခွန်စောရွှေနဲ့ ငါနဲ့က ညီအစ်ကို တစ်ဝမ်းကွဲ‌တော်တယ်”

အောင်မြတ်သာတို့လဲ ခွန်ထီး‌ ခေါ်‌တဲ့နောက်ကိုလိုက်ခဲ့ရာ ခြံသုံးခြံလောက်အကျော်မှာတော့ မီးလောင်ခဲ့တဲ့ အိမ်တစ်လုံးကို တွေ့လိုက်ရတယ်။

အောင်မြတ်သာက ခြံထဲဝင်ခါနီးမှာတော့ လက်ထဲမှာ ကိုင်ထားတဲ့ အင်းချပ်နှစ်ချပ်ကို ခြံစည်းရိုးအပြင်ကို တစ်ချပ်နဲ့ အထဲကို တစ်ချပ်ပစ်သွင်းလိုက်တာကို သက်ခိုင်နဲ့ တောက်ရတို့ မြင်လိုက်ကြရတယ်။

အိမ်ရှေ့ကိုရောက်တော့ ခွန်ထီးက

“ ဟေ့ ခွန်စောရွှေ ပိုက်ဆံတွေမီးထဲပါသွားသေးလား”

“ မပါဘူးဟ မနေ့ညစဖြစ်ထဲက ငါမိန်းမအမေအိမ်ကို ပို့ထားတာ”

ညီအစ်ကိုနှစ်ယောက်ပြောနေတဲ့စကားတွေကို သက်ခိုင်နဲ့ တောက်ရတို့ နားမလည်ပဲ ဖြစ်သွားခဲ့တယ်။အောင်မြတ်သာကတော့ မီးလောင်ထားတဲ့ အိမ်ကိုစေ့စေ့ကြည့်ပြီး

“ မနေ့ညကလဲ မီးဖိုချောင်မှာ မီးလောင်မှုတစ်ခုဖြစ်ခဲ့သေးတယ်မဟုတ်လား”လို့မေးလိုက် တော့ ခွန်စောရွှေက

“ နင် ဘယ်လိုသိတာလဲ နင့်ကိုလဲ ငါရွာမှာ တစ်ခါမှမမြင်ဖူးပါဘူး”လို့ပြောတော့ ခွန်ထီးက

“ သူတို့ကို ရွာထိပ်ကဇရပ်မှာ တည်းနေတာမြင်လို့ သနားပြီး ခေါ်လာခဲ့တာ”

“ အေး အဲဒါဆို ငါ့အိမ်မှာဖြစ်တာ သူတို့က ဘယ်လိုသိနေကြတာလဲ”

ခွန်စောရွှေစကားကြောင့် ခွန်ထီးက ခေါင်းကိုကုတ်လိုက်ပြီး

“ နင်သိချင်ရင် သူတို့ကိုမေးကြည့်ပေ့ါဟ ဘာလို့ငါ့ကိုလာမေးနေတာလဲ နင်တို့ကလဲ အခုမှရွာထဲရောက်တယ် မနေ့က ကိစ္စပါသိနေတာကိုတော့ အံ့သြတယ် ဒီကိစ္စက ငါနဲ့သူပဲသိတာ”

ခွန်ထီးစကားကြောင့် အောင်မြတ်သာက

“ ကျုပ်တို့သိတယ်ဆိုတာက မီးမလောင်ပဲကျန်ခဲ့တဲ့အပိုင်းရဲ့ မီးဖိုချောင်မှာ မီးဟပ်ထားတဲ့ လက္ခဏာတွေ့လို့ ဆက်စပ်မိပြီးမေးကြည့်လိုက်တာ ဒါနဲ့ မီးကဘယ်လိုစလောင်တာလဲ ပြောပါဦး”

“ ငါလဲမသိဘူး မီးတွေအကုန်ငြိမ်းပြီး အိပ်နေတာပဲ အိမ်ဦးခန်းကြမ်းပြင်ကနေ ရုတ်တရက် မီးတွေထတောက်ပြီး လောင်တော့တာပဲ မနေ့ကလဲ မီးဖိုချောင်ထဲမှာ မီးမရှိပဲ ထလောင်တာ အသိမြန်လို့ ဘာမှမဖြစ်သွားပေမယ့် အခုညကတော့ အိပ်ပျော်နေလို့မသိလိုက်ဘူး ဘေးအိမ်က အော်တော့မှသိရတာ နောက်ဆို ငါရော ငါ့မိန်းမရော သေနေလောက်ပြီ”

ခွန်စောရွှေက အံ့သြစွာဖြင့်ပြောပြရင်း အခြားရွာသားများနဲ့အတူ အိမ်ပေါ်မှာကျန်ရှိနေတဲ့ ပစ္စည်းတွေကို အိမ်အောက်ကိုသယ်ချနေခဲ့တယ်။

“ ဟေ့ နင့်ပစ္စည်းတွေ ငါကူသယ်ပေးရဦးမလား”

“ မလိုတော့ဘူး ရွာကလူတွေ သယ်နေတာနဲ့တင်ကုန်သလောက်ဖြစ်နေပြီ နင့်ဧည့်သည် တွေကိုပြန်ခေါ်သွားလိုက်ဦး ငါမနက်ကျမှ လာခဲ့တော့မယ်”

ခွန်စောရွှေက ခွန်ထီးကို အော်ပြောရင်း အိမ်ပေါ်ကိုပြန်တက်သွားခဲ့တယ်။ အောင်မြတ်သာ တို့လဲ သိချင်တာအချို့ကို သိလိုက်ရပြီမို့ ခွန်ထီးရဲ့ နေအိမ်ရှိရာကိုပြန်လိုက်လာပြီး တစ်ညတာ တည်းခိုခဲ့ကြတယ်။

နောက်တစ်နေ့မနက်ရောက်တော့ အိမ်ရှင်လင်မယားပြင်ဆင်ပေးထားတဲ့ကောက်ညှင်းပေါင်း ကို ရေနွေးကြမ်းပူပူလေးနဲ့စားနေတဲ့အချိန် ခွန်စောရွှေရောက်လာခဲ့တယ်။

“ ညက ပစ္စည်းတွေပြန်သိမ်းနေတာနဲ့ အတော်နောက်ကျသွားတယ် ဒါကြောင့် လာတာ နောက်ကျသွားတယ်”

ခွန်စောရွှေက ခြံတံခါးဝကနေ လှမ်းအော်ပြောရင်း အိမ်ပေါ်ကိုတက်လာခဲ့တယ်။

“ ဒီမှာလာထိုင် ကောက်ညှင်းပေါင်းလေးစားပြီး စကားစမြည်ပြောကြတာပေါ့ ဒီက ဧည့်သည် တွေက မင်းအခုဖြစ်နေတဲ့ကိစ္စမျိုးတွေ ကြုံဖူးကြတယ်ပြောတယ်”

ခွန်ထီးစကားကြောင့် ခွန်စောရွှေ အံ့အားသင့်သွားပြီး

“ ဒါဖြင့် ကျုပ်အိမ်ကို ကြည့်ပေးပါဦး ကျုပ်အခုလိုဖြစ်နေတာ အတော်ကြာပြီဗျ လူတိုင်းကို မပြောရဲလို့သာ ငြိမ်နေရတာ”

“ ဟုတ်တယ် ဧည့်သည်တို့ရေ ဒီကောင်စဖြစ်တုန်းက ငါ့ကိုပြောသေးတယ် ငါက ဒီကောင် အရက်ကြောင် ကြောင်နေတယ်လို့ထင်ပြီး ဆဲလိုက်သေးတယ် နောက်တစ်ခေါက် ကိုယ်တိုင် ကြုံရတော့မှ ယုံသွားတာ “

ခွန်ထီးနဲ့ခွန်စောရွှေတို့စကားကြောင့် အောင်မြတ်သာက အရသာခံသောက်နေတဲ့ ရေနွေး ကြမ်းခွက်ကို အသာယာချလိုက်ပြီး

“ ဘယ်လိုစဖြစ်တယ်ဆိုတာလဲ ပြောပြပါဦး ကျုပ်တို့ တတ်နိုင်ရင် ကူညီပေးပ့ါမယ်”

အောင်မြတ်သာစကားကြောင့် ခွန်စောရွှေက

“ ဒီကိစ္စဖြစ်တာ သုံးလလောက်တော့ရှိပြီ အရင်ကဆို အိမ်မှာရှိတဲ့ ပစ္စည်းတွေကနေ မီးတွေထတောက်တာဖြစ်ဖူးတယ် “

“ မီးထတောက်တာက အမြဲတမ်းလိုလိုဖြစ်နေတာလား”

“ အမြဲတမ်းတော့မဟုတ်ဘူး မှတ်မှတ်ရရပြောရရင် လပြည့်လကွယ်နေ့တွေဆိုရင် အဖြစ် များတယ် အခုတစ်လောတော့ နှစ်ရက်တစ်ခါ သုံးရက်တစ်ခါဖြစ်နေခဲ့တယ်”

အောင်မြတ်သာက ခွန်စောရွှေပြောတဲ့စကားကိုနားထောင်နေတဲ့အချိန် ရွာထိပ်ပိုင်း လောက်ကနေ ကျားဟိန်းသံတစ်ချက်ကို ကြားလိုက်ရတယ်။

ခွန်စောရွှေနဲ့ ခွန်ထီးကတော့ ကြားဟန်မတူပဲ ရေနွေးကြမ်းသောက်နေပေမယ့် သက်ခိုင်နဲ့ တောက်ရကတော့ ကြားလိုက်ရတဲ့ဟန်နဲ့ အောင်မြတ်သာကို လှမ်းကြည့်လိုက်တယ်။

“ မိတ်ဆွေပြောတဲ့ပုံကိုနားထောင်ရတာ အတော်ကိုထူးဆန်းတယ် ကျုပ်တို့ပြန်သွားပြီး တော့ရော မီးထတောက်တာတွေဖြစ်သေးလား”

“ ညကတော့ ထပ်မဖြစ်တော့ဘူး ငါကတော့ ထပ်ဖြစ်မလားဆိုပြီး သတိနဲ့နေနေသေးတယ် မနက်အလင်းရခါနီးမှ တစ်မှေးအိပ်ပျော်သွားတာ “

ခွန်စောရွှေက အောင်မြတ်သာကို‌ပြောရင်း ရေနွေးကြမ်းခွက်ကို ကိုင်လိုက်တဲ့အချိန်

“ နေဦး ငါတစ်ခုပြောဖို့ကျန်နေသေးတယ် ငါအိမ်မက်တစ်ခုကို မက်နေတာ အတော်ကြာပြီ ညကလဲမက်သေးတယ်”လို့ပြောပြီး ရေနွေးခွက်ကိုပြန်ချလိုက်တယ်။

“ ဘာတွေမက်တာလဲ ပြောပါဦး”

“ ဒီလိုကွ ငါအိပ်ပျော်နေတဲ့အချိန်တွေဆိုရင် နှုတ်ခမ်းမွှေးတကားကားနဲ့ လူတစ်ယောက်က ငါ့ကို မကျေနပ်တဲ့ပုံစံနဲ့ မျက်စောင်းထိုးပြီး ကြည့်ကြည့်နေတတ်တယ် သူ့ပုံစံက အတော်ဒေါသ ထွက်နေတဲ့ပုံစံမျိုး ငါကလဲ အိမ်မက်ဆိုတော့ သိပ်ပြီး အလေးမထားခဲ့ဘူး အရင်ကဆို ငါ့အိပ်ယာခြေရင်းကနေလာကြည့်တတ်တဲ့သူက ညတုန်းက ခြံပြင်ကနေ ငါ့နာမည်ကို လှမ်းခေါ် နေတာ ငါလဲ အိပ်ယာကထပြီးကြည့်လိုက်တော့ သူက ဒေါသတစ်ကြီးနဲ့ လက်ညိုးထိုးပြီး တစ်ခုခုကို ပြောနေခဲ့တယ် သူပြောတဲ့စကားကို ငါနားမလည်ဘူး ဒီလိုအိမ်မက်က ငါအခုဖြစ်နေတာနဲ့ ဆက်စပ် နေလားတော့မပြောတတ်တော့ပါဘူး”

အောင်မြတ်သာလဲ ခွန်စောရွှေပြောတဲ့ စကားကိုခေါင်းတစ်ဆတ်ဆတ်နဲ့ နားထောင်ပြီး

“ မိတ်ဆွေအဖြစ်က သာမန်မဟုတ်ဘူးဆိုတာထက်ပိုနေပြီ ကျုပ်တို့က ပိုပြီးသေချာအောင် ကြည့်ပေးပါမယ် ညနေစောင်းရောက်ရင် အိမ်မှာပဲ စောင့်နေ ကျုပ်တို့လာခဲ့မယ်”

“ ဒါဆိုလဲ ငါစောင့်နေမယ် ခြေကြွခလဲ ပေးပါ့မယ်”

ခွန်စောရွှေစကားကိုကြားတော့ အောင်မြတ်သာက ရေနွေးသောက်နေရာကနေ ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး

“ ကျုပ်တို့က ငွေမလိုပါဘူး ကျုပ်တို့လိုတာက မေတ္တာတရားပါ အခက်အခဲဖြစ်နေတဲ့သူတွေ အဆင်ပြေသွားတဲ့အခါ သူတို့ဆီကထွက်လာတဲ့ မေတ္တာဓါတ်ကိုပဲယူတာပါ ဒါကြောင့် ငွေကိစ္စကို ခေါင်းထဲမထည့်နေပါနဲ့” လို့ပြောကာ လက်ကျန်ရေနွေးကို မော့သောက်လိုက်တယ်။

အောင်မြတ်သာရဲ့စကားကြောင့် ခွန်စောရွှေမျက်နှာ ပြုံးရွှင်ကာ ပြန်သွားခဲ့တယ်။ ခွန်စောရွှေ ပြန်သွားတော့ ခွန်ထီးက အောင်မြတ်သာအနားကိုကပ်ပြီး

“ ဒီကောင်စကားကို စိတ်မဆိုးနဲ့ အခုလိုဖြစ်နေတာတွေကို တစ်ခြားရွာက ဆရာတွေနဲ့ ကြိတ်ပြီး လုပ်သေးတယ် ဆရာတွေဆိုတာကလဲ ငွေကိုသာ တစ်နင့်တစ်ပိုးတောင်းတာ ဟုတ်တိပတ်တိ ပျောက်အောင်မလုပ်ပေးနိုင်ကြဘူး နင်တို့က ငွေမလိုဘူးပြောလိုက်တဲ့အချိန် ဒီကောင်မျက်နှာဖြစ်သွားတာ မြင်တယ်မဟုတ်လား ကဲကဲ နင်တို့လုပ်စရာရှိတာ လုပ်ကြဦး ငါနဲ့ ငါ့မိန်းမက တောထဲသွားလိုက်ဦးမယ် ပြန်လာမှ နေ့လည်စာစားကြတာပေါ့” လို့ပြောပြီး ပလိုင်းတစ်လုံးကိုလွယ်ကာ ထွက်သွားကြတယ်။

အောင်မြတ်သာတို့လဲ ခွန်ထီးတို့ထွက်သွားတာနဲ့ ဘုရားကျောင်းဆောင်အရှေ့မှာ နေရာယူ လိုက်ပြီး သက်ခိုက်နဲ့ တောက်ရက အင်းစမဆွဲတဲ့အလုပ်ကို လုပ်ကြကာ အောင်မြတ်သာက တရားထိုင်တဲ့အမှုကိုပြုလုပ်ခဲ့ကြတယ်။

မနက်ဆိုတာနဲ့ တောထဲတောင်ထဲသွားတတ်ကြတဲ့ တောရွာနေလူမှုဓလေ့ကြောင့် တစ်ရွာလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ အောင်မြတ်သာကတော့ ကျောက်ရုပ်တစ်ရုပ်ပမာ မလှုပ်မယှက်ပဲ သမထကို အားထုတ်နေတဲ့အချိန် အိမ်ပေါ်ကို တက်လာတဲ့ ခြေသံပြင်းပြင်းတစ်ခုကို သုံးယောက်လုံး ကြားလိုက်ရတယ်။

သက်ခိုက်နဲ့တောက်ရကလဲ လှုပ်ရှားမှုအသံတွေကိုကြားနေပေမယ့် အနောက်ကိုလှည့် မကြည့်ပဲ မိမိတို့အလုပ်ကိုသာ အာရုံစိုက်နေကြတယ်။

ခြေသံက အောင်မြတ်သာတို့ အနောက်မှာ ခေါက်တုန့်ခေါက်ပြန်လျောက်နေပြီး တစ်ခါ တစ်ရံ တောက်ခတ်သံအပြင် စိတ်ဆိုးမာန်ဆိုးနဲ့ ပြောဆိုနေတဲ့အသံတွေကိုပါကြားလိုက်ရတယ်။ အောင်မြတ်သာတို့ တရားဖြုတ်ပြီးခါနီးအချိန်ရောက်တော့ ဒုန်းဒိုင်းဒုန်းဒိုင်းနဲ့ လှေကားပေါ်ကနေ ပြန်ဆင်းသွားခဲ့တယ်။

အောင်မြတ်သာလဲ တရားဖြုတ်ကာ အမျှတန်းဝေပြီးတဲ့အချိန်ရောက်တော့ သက်ခိုင်နဲ့ တောက်ရက

“ ဆရာ ခုနက အိမ်ပေါ်ကို တက်လာတဲ့အသံကိုကြားလိုက်သေးလား ကျွန်တော်အာရုံထဲ မြင်ရတာကတော့ “

သက်ခိုင်စကားမဆုံးခင်မှာ အောင်မြတ်သာက လက်ကာပြလိုက်ပြီး အိမ်ပေါက်ဝကိုလှမ်း ကြည့်လိုက်တယ်။

သက်ခိုင်လဲ အောင်မြတ်သာ ကြည့်တဲ့နေရာကို လှည့်ကြည့်လိုက်တော့ အိမ်ရှင်လင်မယား ပြန်ရောက်လာတာကိုတွေ့လိုက်ရတယ်။

အိမ်ရှင်လင်မယားပြန်ရောက်လာတဲ့အတွက် အောင်မြတ်သာတို့ ဘာမှဆက်မပြော ကြတော့ပဲ ခွန်ထီးနဲ့ထိုင်ကာ စကားစမြည်ပြောနေခဲ့လိုက်တယ်။

ညနေစောင်းရောက်တော့ အောင်မြတ်သာတို့လဲ ခွန်စောရွှေတို့နေတဲ့ အိမ်ဘက်ကို ထွက်ခဲ့ကြတယ်။ အိမ်ရှေ့ရောက်တော့ အသင့်စောင့်နေတဲ့ ခွန်စောရွှေက

“ လာကြ လာကြ လက်ဖက်သုတ်နဲ့ ရေနွေးကြမ်းလေးစားကြဦး “ ဆိုပြီး ခရီးဦးကြိုပြုခဲ့တယ်။

အောင်မြတ်သာကတော့ အိမ်ပေါ်ရောက်တာနဲ့ ဘေးဘီကိုအကဲခတ်လိုက်တော့ မီးကျွမ်းထားတဲ့ အခြမ်းကို ဝါးကပ်တွေနဲ့ ပြန်ဆောက်ထားတာတွေ့လိုက်ရပြီး အချို့နေရာတွေ မှာတော့ မီးကျွမ်းထားတဲ့အရာတွေကို မြင်လိုက်ရတယ်။

“ မီးတွေလောင်ထားတာ မနည်းတော့ဘူးပဲ “

“ အင်း ဟိုတစ်ကွက်ထလောင်လိုက် ငြိမ်းလိုက် ဒီတစ်ကွက်ထလောင်လိုက် ငြိမ်းလိုက်နဲ့ အခုမြင်တဲ့အတိုင်း အမဲကွက်တွေဖြစ်နေတော့တာပဲ ငါလဲ တတ်သလောက် မှတ်သလောက် လိုက်လုပ်ပေမယ့် အခြေအနေက ဆိုးသထက်ဆိုးလာခဲ့တယ် မနေ့ညက ဖြစ်တာက အဆိုးဆုံးပေါ့”

“ အခုဖြစ်နေတာကို ပြန်ကောင်းစေချင်တယ်ဆိုရင် ကျုပ်တို့ကူညီပေးနိုင်ပါတယ်”

အောင်မြတ်သာစကားကြောင့် ခွန်စောရွှေ ဝမ်းသာသွားပြီး

“ လုပ်ပါဦး ဘာပဲလုပ်ရလုပ်ရ ငါလုပ်ပေးပါမယ် နည်းလမ်းသာပြောပြပါ”

“ မိတ်ဆွေတို့ အိမ်မှာဖြစ်နေတာက သူတစ်ပါးပြုစားတာလဲမဟုတ်သလို ပုဏ္ဏကတိုက်တာလဲ မဟုတ်ဘူး”

အောင်မြတ်သာစကားကိုကြားတော့ ခွန်ထီးက

“ ပုဏ္ဏကတိုက်တယ်ဆိုတာတော့ကြားဖူးတယ် ငါတို့လဲအစက အဲလိုပဲထင်နေတာ အခုက မဟုတ်ဘူးဆိုတော့ ဘာများဖြစ်လို့လဲ “

“ အရင်က တစ်ယောက်ယောက်ကိုများ ကတိကဝတ်တွေပြုထားခဲ့ဖူးတာ ရှိခဲ့လား “

အောင်မြတ်သာစကားကြောင့် ခွန်ထီးနဲ့ ခွန်စောရွှေတို့ အတန်ကြာစဉ်းစားပြီး

“ ကတိကဝတ်ဆိုလို့ ဟိုဘက်ရွာက ထန်းရည်ဆိုင်ကို အကြွေးလာပေးမယ်လို့ပြောပြီး အခုထိ မပေးရတာတော့ရှိတယ် အဲဒါကြောင့်အခုလိုဖြစ်တာလား”

ရိုးသားလှတဲ့ ခွန်စောရွှေရဲ့ စကားကြောင့် အောင်မြတ်သာက သူ့ရဲ့ဖြူဖွေးနေတဲ့ သွားလေးတွေပေါ်အောင်ပြုံးလိုက်ပြီး

“ ထန်းရည်ဖိုးမပေးတာက တစ်ပိုင်းပေါ့ အခုဖြစ်နေတာက ဒီကိစ္စနဲ့မဆိုင်ဘူး တစ်ခြား ကတိကဝတ်တစ်ခု ဥပမာပြောရရင် မိရိုးဖလာရိုးရာနတ်တွေကို တစ်ခုခုလုပ်ပေးမယ်ဆိုပြီး ကတိပေးထားဖူးသေးလား”

“ အင်း အဲ အဲဒီလိုလဲ မရှိဘူး ငါတို့က နှစ်တိုင်း ရိုးရာကန်တော့နေကြ တစ်ခါမှပျက်ကွက် ခဲ့တာမရှိဘူး ဟုတ်တယ်မလား ခွန်ထီး”

ခွန်စောရွှေက ဘေးမှာထိုင်နေတဲ့ ခွန်ထီးကို စစ်ကူတောင်းပြီး အောင်မြတ်သာရဲ့စကားကို ချေဖျက်လိုက်တယ်။

“ အေး ငါတို့က တစ်ခါမှ ရိုးရာမဖျက်ခဲ့ဖူးဖူး အဲဒါတော့ ငါလက်ခံတယ်”

အောင်မြတ်သာက တစ်ခုခုကို သိထားတဲ့မျက်နှာနဲ့ ခွန်စောရွှေတို့ကို ကြည့်ပြီး

“ သေချာစဉ်းစားပါ မိတ်ဆွေတို့အတွေးထဲမှာ ပေါ်လာမှ ကျုပ်ကူညီပေးလို့ရမှာ ကျုပ်ပြောလို့ သတိရသွားတာမျိုး မဖြစ်စေချင်လို့ သေချာစဉ်းစားခိုင်းနေတာ” လို့ပြောလိုက်တော့ ခွန်စောရွှေက မျက်မှောင်ကျုံ့ပြီး အသေးစိတ်ပြန်စဉ်းစားနေခဲ့တယ်။

အတန်ကြာတော့ တစ်ခုခုကိုသတိရသွားဟန်နဲ့

“ တစ်ခုတော့ရှိတယ် ဒါကဟုတ်ရောဟုတ်ပါ့မလားလို့လဲ သံသယဖြစ်နေတယ်”

“ ‌ဘာစဉ်းစားမိတာရှိလဲ ပြောကြည့်ပါဦး”

“ လွန်ခဲ့တဲ့ ငါးလလောက်က အိမ်က နွားမှာမွေးထားတဲ့ ကျွဲတစ်ကောင်ပျောက်သွားဖူးတယ် ငါလဲလိုက်ရှာတာ လုံးဝမတွေ့ဘူး အဲဒါနဲ့ စိတ်ပျက်လက်ပျက်ဖြစ်ပြီး ပိန္နဲပင်တစ်ပင်အောက်မှာ ဝင်ထိုင်လိုက်တော့ အပင်အောက်မှာ သူများလာပစ်ထားတာလား ဟောင်းပြီးပြိုကျနေတာလား မသဲကွဲတဲ့ နတ်ကွန်းအပျက်တစ်ခုကိုတွေ့ခဲ့တယ် ငါလဲ အဲဒီချိန်က နည်းနည်းသောက်ထားတော့ ဘာတွေများစကားမှားခဲ့လဲမသိဘူး ငါသိတာကတော့ နောက်တစ်နေ့မှာ ငါကျွဲက အိမ်ကိုအလိုလို ပြန်ရောက်လာခဲ့တာပဲ အခုလိုဖြစ်နေတာ အဲဒါနဲ့များဆိုင်နေမလား”

“ သိပ်ဆိုင်တာပေါ့ မိတ်ဆွေမူးနေတုန်းပြောခဲ့တဲ့စကားက ကျွဲပြန်ရောက်လာအောင် လုပ်ပေးရင် နတ်ကွန်းကို အသစ်ပြန်ဆောက်ပေးမယ်ဆိုတာပဲ လူအချင်းချင်းကို စကားကျွံလို့ ရပေမယ့် မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေကိုတော့ စကားကျွံလို့မရဘူး”

“ ဒါဆို ငါအခု နတ်ကွန်းအသစ်တစ်ခုဆောက်ပေးလိုက်ရင် ဒီကိစ္စတွေပျောက်သွားမှာလား အဲ နေပါဦး ငါမူးတုန်းကပြောတဲ့စကားကို နင်က ဘယ်လိုသိနေတာလဲ”

ခွန်စောရွှေစကားကိုကြားတော့ အောင်မြတ်သာက

“ နေ့စဉ်နေ့တိုင်း သမထအလုပ်ကို ကျင့်ကြံတဲ့အခါ သာမန်လူတွေ မသိမမြင်မကြားနိုင်တဲ့ အရာတွေကို သိနိုင်မြင်နိင်ကြားနိုင်တဲ့အစွမ်းတွေရလာလိမ့်မယ် “လို့ပြောလိုက်တော့ ခွန်စောရွှေက

“ဒါဆိုရင် မနက်ဖြန်ကျရင် အဲဒီနေရာကိုသွားပြီး နတ်ကွန်းတစ်ခုကို သေချာပြန်ပြီး ဆောက်ပေးမယ်လေ ရတယ်မဟုတ်လား”

“ ဒီတစ်ခါထပ်မေ့ရင်တော့ တစ်အိမ်လုံးပြာကျသွားလိမ့်မယ် အဲဒီခါကျ ဘယ်သူမှ ကူညီ နိုင်မှာမဟုတ်တော့ဘူးနော်”

“ စိတ်ချပါ ဒီတစ်ခါတော့မမေ့တော့ပါဘူး ငါလဲ နောက်ဆိုရင် စကားပြောတာဆင်ခြင်ပါ့မယ်”

“ ဒါဖြင့်လဲ ညဘက် ဘုရားရှိခိုးရမယ့်အချိန်ရှိသေးလို့ ကျုပ်တို့ကိုခွင့်ပြုဦး” လို့ပြောကာ ခွန်စောရွှေအိမ်ကနေ ပြန်ဆင်းလာခဲ့လိုက်တယ်။ အောင်မြတ်သာတို့ခြံတံခါးအဝရောက်တော့

“ တောက်ရရေ ခြံထဲက အင်းချပ်နဲ့ ခြံပြင်က အင်းချပ်ကို ပြန်ကောက်ခဲ့ဦး” လို့မှာကာ ခွန်ထီးတို့အိမ်ဘက်ကို ထွက်လာခဲ့လိုက်တယ်။

ခွန်ထီးကတော့ အရှေ့ကနေ ခပ်သုတ်သုတ်ပြန်သွားတဲ့အချိန် အောင်မြတ်သာရဲ့ ခြေလှမ်းတွေက အိမ်ဘက်ကနေ ရွာအပြင်ဘက်ကို ဦးတည်သွားခဲ့တယ်။

“ ဆရာ အိမ်ထဲ မဝင်တော့ဘူးလား”

“ မဝင်တော့ဘူး သက်ခိုင် အိမ်ပေါ်က ဘုရားကျောင်းဆောင်မှာတော့ သူတို့ကို ကျေးဇူးတင်ကြောင်းစာတော့ ရေးထားခဲ့တယ် ငါတို့အခုချိန်သူတို့အိမ်ပြန်သွားခဲ့ရင် တစ်ခြား တစ်နေရာမှာရှိနေတဲ့ လူတစ်ယောက်ကိုကယ်ဖို့အချိန်မမှီနိုင်တော့ဘူး”

“ ဒါဆိုရင် ကျွန်တော်တို့ တစ်ခြားနေရာတစ်ခုကို အခုချက်ချင်း ခရီးဆက်ကြရမှာလား”

“ ဟုတ်တယ် ငါတို့ဒီတစ်ညလုံး မနားပဲသွားရင်တော့ အချိန်မီလောက်တန်ပါရဲ့”

သက်ခိုင်လဲ အောင်မြတ်သာရဲ့စကားကို စောဒကမတက်တော့ပဲ အနောက်ကနေ လိုက်လာခဲ့ လိုက်တယ်။ ရွာထိပ်က ကမူလေးတစ်ခုအနားကိုရောက်တော့ ကျယ်လောင်တဲ့ ကျားဟိန်းသံ တစ်ချက်ကိုကျားလိုက်ရတယ်။ သက်ခိုင်တို့လဲ ကျားဟိန်းသံကြားတဲ့နေရာကိုကြည့်လိုက်တော့ ကမူရဲ့ထိပ်မှာ ရပ်နေတဲ့ လူတစ်ယောက်နဲ့ကျားတစ်ကောင်ကို ကြည်လင်ပြတ်သားစွာ မြင်တွေ့ လိုက်ရတယ်။ အောင်မြတ်သာကတော့ ကမူလေးကိုကြည့်ပြီး ခေါင်းငြိမ့်ပြကာ ဒုံဝန်းရွာကနေ ပြန်လည်ထွက်ခွာလာခဲ့တယ်။

အောင်မြတ်သာတို့လဲ ဒုံဝန်းရွာကနေထွက်လာခဲ့ရာ ထမင်းအိုးတစ်လုံးကျက်ခန့်ကြာတော့

“ သက်ခိုင် မင်းငါ့ကိုမေးချင်တာရှိတယ်မဟုတ်လား”

“ ဟုတ်တယ်ဆရာ ကျွန်တော်မရှင်းတာတစ်ခုရှိနေလို့ မေးပါရစေ”

“ မင်းမေးချင်တာက ငါတို့ဘုရားရှိခိုးနေတဲ့အချိန်တက်လာတဲ့သူအကြောင်းမဟုတ်လား”

“ ဟုတ်ပါတယ်ဆရာ သူပုံစံ ရွာမှာနေထိုင်ကြတဲ့လူတွေနဲ့ နည်းနည်းကွဲနေတယ်လို့ ထင်မိတယ် နောက်တစ်ခုက ခွန်ထီးတို့အိမ်မှာနေတဲ့အချိန် သူတို့ရဲ့ ရိုးရာကို ကြည့်မိခဲ့သေးတယ် ဒါပေမယ့် ရိုးရာနတ်တွေနဲ့ သူနဲ့က ဝတ်စားဆင်ယင်မှုရော မျက်နှာအနေအထားရောမတူဘူး ဖြစ်နေတယ် အဓိကအချက်က သူပြောတဲ့ဘာသာစကားပဲ “

“ မင်းနားလည်အောင်ပြောရရင် ငါတို့မြင်ခဲ့ရတဲ့ သူတွေက ပအိုဝ့်တိုင်းရင်းသားလူမျိုးတွေ ဒါပေမယ့် သူတို့စကားမှားခဲ့တဲ့အပင်မှာစောင့်တဲ့ပုဂ္ဂိုလ်က မွန်တိုင်းရင်းသားအနွယ်ဝင်ဖြစ် နေတယ် ခွန်စောရွှေက ကတိပေးပြီးမေ့နေတာကို အိမ်မက်လာပေးပြီး ပြောခဲ့ပေမယ့် မွန်ဘာသာစကားကို သူနားမလည်ခဲ့တဲ့အတွက် ထပ်ပြီးသတိမေ့နေခဲ့တယ် ငါတို့ရွာကိုမရောက်ခင်ကပြောခဲ့ဖူးတဲ့ ဒုံဝန်းရွာသမိုင်းမှာပါတဲ့ မဂဒူးမင်း(ခေါ်) ဝါရီရူမင်းဆိုတာ မွန်အမျိုးနွယ်ထဲကဖြစ်တယ် ဒါကြောင့် ဒီနယ်တစ်ဝိုက်က အစောင့်အရှောက်တွေထဲမှာ မွန်လူမျိုးတွေပါနေခဲ့တာ အထူးဆန်းတော့ မဟုတ်ပါဘူး”

“ ဒါဆို ခုနက ကမူကုန်းလေးမှာ တွေ့ခဲ့တဲ့ ပုဂ္ဂိုလ်က ပိန္နဲပင်မှာနေတဲ့ ရုက္ခစိုးပေါ့ “

“ သေချာတာပေါ့သက်ခိုင် သူက ငါတို့ရွာထဲကို စရောက်ထဲက သူ့စီးတော်ကျားနဲ့ လာပြီး အကဲခတ်ပြီးပြီ မင်းတို့အင်းကွက်ဆွဲနေတဲ့အချိန်အနောက်မှာ လာပြီး ခွန်စောရွှေကို ဒေါသထွက်နေ တဲ့အကြောင်းကို လာပြောတုန်းက သူပြောတဲ့စကားကို မင်းတို့နားမလည်ခဲ့ဘူးမဟုတ်လား နတ်နဲ့ နဂါးမလှည့်စားနဲ့လို့ပြောတာ အလကားမဟုတ်ဘူးသက်ခိုင် အချို့နတ်တွေက သည်းခံနိုင်ပေမယ့် သည်းမခံတဲ့နတ်နဲ့တွေ့ရင် မထင်ထားတာတွေဖြစ်လာတတ်တယ် ငါတို့ရောက်တာ တစ်ရက်လောက်နောက်ကျရင် ခွန်စောရွှေကို အသေသတ်တော့မှာလို့လဲပြောခဲ့သေးတယ်”

“ ဆရာသေချာရှင်းပြတော့မှပဲ ဇာတ်ရည်လည်တော့တယ် ကျွန်တော်တို့လဲ ဆရာ့လို သိနိုင်ဖို့ အတော်ကြိုးစားရဦးမယ်ထင်ပါတယ်”

သက်ခိုင်စကားအဆုံးမှာ အောင်မြတ်သာက

“ မင်းနဲ့တောက်ရက အချို့နေရာကျရင် ငါထင်တာထက်ပိုလုပ်ပြနိုင်သလို အချို့နေရာ ကျတော့လဲ ငါထင်သလောက်ကို မလုပ်နိုင်တာတွေ့ရတယ် အခုသွားနေတဲ့နေရာက ကိစ္စပြီးရင် မင်းရောတောက်ရရော အဓိဌာန်ဝင်ကြရမယ်” လို့ပြောကာ ခရီးဆက်ခဲ့ကြတယ်။

တစ်ညလုံးအမှောင်ထုကို ဖြတ်ကျော်ပြီး ခရီးဆက်ခဲ့ကြရာ မနက်အာရုဏ်တက်ချိန် ရောက်တော့ လူတစ်ဖက်ခန့်ကြီးတဲ့ ထန်းပင်တစ်ပင်ရှိတဲ့နေရာကို ရောက်လာခဲ့တယ်။ အောင်မြတ်သာတို့လဲ ထန်းပင်ဘေးမှာ ဖောက်ထားတဲ့လူသွားလမ်းအတိုင်း ဆက်လျောက်လာခဲ့ရာ ခြေလှမ်းနှစ်ရာလောက်လျောက်ပြီးတဲ့အချိန်မှာတော့ ဆီမီးခွက်တွေထွန်းထားတဲ့ အိမ်တစ်အိမ်ကို မြင်လိုက်ရတယ်။

အိမ်ရဲ့အရှေ့မှာတော့ ငိုတဲ့သူက ငိုနေပြီး အချို့ကျတော့ အခေါင်းရိုက်ဖို့ သစ်ပြားတွေကို ပြင်နေကြတာမြင်လိုက်ရတယ်။

အောင်မြတ်သာတို့လဲ အိမ်ထဲကို လှမ်းကြည့်လိုက်ရာ အရိုးပေါ်အရေတင်ကာ အသက်ငင် နေတဲ့ လူမမာတစ်ဦးကိုတွေ့လိုက်ရတယ်။ အောင်မြတ်သာတို့လဲ အိမ်တံစက်မြိတ်အောက် အရောက် အသက်ငင်နေတဲ့ လူမမာက ချက်ချင်းဆိုသလို ငုတ်တုတ်ထထိုင်ပြီး

“ သူတို့ကို မောင်းထုတ်လိုက် အိမ်ထဲမပေးဝင်နဲ့ “လို့ အသံနက်နဲ့ အော်ဟစ်ပါလေရော။

အသက်ငင်နေတဲ့လူက ဘာကြောင့် အောင်မြတ်သာတို့ကို မောင်းထုတ်ရတာလဲ ဆိုတာကိုတော့ အောင်မြတ်သာနှင့် သွေးစားသရဲမဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

 

လေးစားစွာဖြင့်

ဇေယန(ရာမည)

 

#ညမဖတ်ရ