သရဲကတဲ့ သဘင်

“သရဲကတဲ့ သဘင်” ( စ/ဆုံး )

————————————-

အမှောင်ရိပ်တွေနဲ့ ဖုံးလွှမ်းထားတဲ့ သစ်ပင်တွေရှိရာဆီသို့

လူတစ်ယောက် ဒေါတကြီးလျှောက်လာနေ၏။

 

ဇာတ်ပွဲမှတီးသံမှုတ်သံများ၊ ပွဲလာကြည့်သည့်ပရိသတ်များ၊

စျေးဆိုင် စျေးသည်တို့ရဲ့ အသံကြောင့် ဆူညံနေပြီး

ထိုလူအား ဘယ်သူမှ သတိမထားမိကြပေ။

 

ရွှေဧကရီ ပြဇာတ်ကား နာမည်ကြီးပြဇာတ်တစ်ခု ဖြစ်သလို၊

မီးရောင်အောက်မှာမှ လှတဲ့လူများနှင့်မဟုတ်ပဲ၊

အမှန်တကယ်လှပခန့်ငြားသူများနှင့် ဖွဲ့စည်းထားသော

ကြောင့် နာမည်ကြီးသလို၊

 

အထူးသဖြင့်ကား ထိုပြဇာတ်တည်ထောင်သူ နှစ်ဦးထဲမှ

တစ်ဦးဖြစ်တဲ့ ဦးစံဘော်၏၊

ကြိုးဆွဲချမျက်လှည့်ပြကွက်ကြောင့် ပို၍ပင် ကျော်ကြားစေ

၏။

 

ယခုလည်း သမီးလှ ရွာသို့ သုံးည သုံးရက်တိုင်တိုင်

ကပြရန် ရောက်ရှိနေကြခြင်းဖြစ်၏။

 

သို့ပေမဲ့ သမီးလှရွာသို့ ရောက်ကတည်းက

ခေါင်းဆောင်မင်းသမီး လှစန္ဒာတစ်ယောက် ထူးခြားနေ

သည်ကို မည်သူကမှ သတိမထားမိကြချေ။

 

ဒုတိယညအပြီး နောက်ဆုံးဖြစ်တဲ့ တတိယည စခါနီး

အချိန်တွင် ဦးစံဘော်အား လှစန္ဒာက တွေ့လိုသည်ဟု

ပြော၍ အမှောင်ထုထဲ လျှောက်လာခဲ့ခြင်းပင်။

 

သစ်ပင်တွေရှိရာသို့ ဦးစံဘော် ရောက်သည်နှင့်

သစ်ပင်တစ်ပင်ကိုမှီကာ စိတ်ပျက်ဝမ်းနည်းစွာထိုင်နေ

သော လှစန္ဒာအား ပြဇာတ်ဆီမှ၊ တစ်ခါတခါ ကျရောက်

လာတတ်သော မီးရောင်ကြောင့် မြင်တွေ့လိုက်ရ၏။

 

” ဟူးးး ”

ဦးစံဘော် လေပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး၊

လှစန္ဒာရဲ့ နဘေးတွင် ထိုင်လိုက်၏။

 

“ကဲ၊ စန္ဒာ၊ ဦးကို အရေးတစ်ကြီးတွေ့ချင်တယ်ဆို၊

ဘာများဖြစ်လို့တုန်း၊ ပြောစရာတစ်ခုခုများရှိလို့လား ”

 

လှစန္ဒာ ဘာမှ မပြောသေးပဲ သစ်ပင်တွေနဲ့ မနီးမဝေးမှာ

ရှိတဲ့ မြစ်ရေပြင်ကို ငေးကြည့်နေ၏။

 

မြစ်ရဲ့ ကမ်းစပ်တွင် ရွှေဧကရီ ပြဇာတ်အဖွဲ့ရဲ့

စက်လှေကြီးနှင့် လှေငယ်တစ်ချို့ကိုလည်း မြင်တွေ့နေရ

သည်။

 

” စန္ဒာ၊ ဦးကို ခေါ်ပြီး၊ ဘာမှမပြောပဲ ဒီအတိုင်းပဲ …..”

 

” ရှင် ကျွန်မကို ဘယ်တော့ လက်ထပ်မှာလဲ ”

 

ဦးစံဘော်ရဲ့ စကားမဆုံးမီမှာပင် လှစန္ဒာ ဖြတ်ပြောလိုက်

၏။

 

ဦးစံဘော်နှင့် လှစန္ဒာက အသက်အားဖြင့် ကွာခြားလှ

သည်။

 

ဦးစံဘော်က ၄၂ နှစ်၊ လှစန္ဒာက ၂၆ နှစ်။

 

” စန္ဒာရယ်၊ ဦးရဲ့အခြေအနေကို စန္ဒာလည်း သိပါတယ်၊

ဒါပေမဲ့ ဦး စန္ဒာကို လက်ထပ်မှာပါ၊ အချိန် နည်းနည်းလေး

ထပ်စောင့်ရုံပါ ”

 

” ကျွန်မ ဒီထက်ပိုပြီး မစောင့်နိုင်တော့ဘူး၊ ကျွန်မမှာ

ရှင့်ကိုယ်ပွားရှိနေပြီ ”

 

” ဘာ ”

 

လှစန္ဒာရဲ့ စကားကြောင့် ဦးစံဘော် ထိုင်နေရာမှ ထရပ်

လိုက်သည်။

 

” လှစန္ဒာ၊ မင်း ဘာပြောလိုက်တယ် ”

 

” ဟုတ်တယ်၊ ကျွန်မမှာ ရှင်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီ၊

၄ပတ်ရှိပြီ၊ ရှင့်ကို …..”

 

” တော်တော့ လှစန္ဒာ၊ မင်း ဆက်မပြောနဲ့တော့ ”

 

ဦးစံဘော် ဒေါသတကြီးအော်ပြောလိုက်၏။

 

” ဘာလဲ၊ ရှင်က တာဝန်မယူဘူးလား၊ ဒါက ရှင်နဲ့ရတဲ့

ကိုယ်ဝန်နော်၊ ရှင် တာဝန် ယူကိုယူရမယ် ”

 

လှစန္ဒာလည်း ထ ရပ်ကာ ပြောလိုက်သည်။

 

” ဘာ၊ ငါနဲ့ရတာ ဟုတ်လား၊ သေကောသေချာလို့လား၊

မင်း လူတကာနဲ့ …. ”

 

” စံဘော်၊ ရှင် ခွေးစကားမပြောနဲ့ ”

 

” ဘာလဲ၊ ဟုတ်လို့နာတာလား ”

 

” ဖျန်း ”

 

ဦးစံဘော်ရဲ့ပါးကို လှစန္ဒာရိုက်လိုက်၏။

 

” ခွေးမ ”

 

” အစ်” ” ဝုန်း ”

ဦးစံဘော်၊ လှစန္ဒာရဲ့ လည်ပင်းကို ကိုင်ကာ အနားရှိသစ်

ပင်သို့ တိုးကပ်ပစ်လိုက်၏။

 

” ခွေးမ၊ ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်မလို့ပေါ့လေ

ဟုတ်လား၊ အေး ဒီပွဲပြီးပါစေအုန်း၊ ပြီးမှ နင်နဲ့ စရင်းရှင်း

မယ်၊ ဒီ့မတိုင်ခင်တော့ နင်လုပ်ရှင်ရာလုပ်တော့၊

 

အေး၊ လူကြားထဲ ငါ့ကို အရှက်ခွဲမယ်တော့ မကြံနဲ့နော်၊

နင့်ကို သတ်ပြီး အလောင်းဖျောက်လိုက်ရင်တောင် ဘယ်

သူမှ သိလိုက်မှာ မဟုတ်ဘူး၊

သတိထားနေ ”

 

” ဘုန်း ”

 

ဦးစံဘော် ထိုသို့ကြိမ်းဝါးက ထွက်သွား၍၊ လှစန္ဒာခမျာ

သစ်ပင်လေးကို မှီထိုင်ကာ၊ အမှောင်ထုထဲ တစ်ယောက်

တည်း ထိုင်ငိုနေမိပါတော့သည်။

**** **** ****

 

” မင်းပိုင်၊ ဆရာစံကို တွေ့မိသေးလား ”

ကောင်လေး တစ်ယောက်မှ ခေါင်ဆောင်မင်းသား ဖြစ်တဲ့

မင်းပိုင် ဆိုသူကို မေးလိုက်သည်။

 

မင်းပိုင် ခေါင်းခါ ပြလိုက်၏။

 

” ဒုက္ခပါပဲ၊ ဆရာစံရော လှစန္ဒာပါ ဘယ်ရောက်ကုန်ကြလဲ

မသိဘူး၊ သဘင်စရမဲ့ အချိန်တောင်လွန်နေပြီ ”

ကောင်လေး ခေါင်းကုတ်ကာ ညဉ်းလိုက်၏။

 

” မောင်နိုင်၊ လှစန္ဒာကိုတွေ့ပြီလား ”

 

” မတွေ့သေးဘူး ကိုအောင်ထူး၊ ခတ်တော့တာပါပဲ ”

 

မောင်နိုင်ဆိုတဲ့ ကောင်လေးက မင်းသား မင်းသမီးတွေကို

မိတ်ကပ်လိမ်းပေးရသူပင်ဖြစ်သည်။

 

အောင်ထူး ကတော့ တစ်ခါတလေဗီလိန်၊ တစ်ခါတလေ

ဒုတိယမင်းသားအဖြစ် သရုပ်ဆောင်ရဖြစ်ပြီး၊ ဦးစံဘော်

နှင့်အတူ ရွှေဧကရီကို ပူးပေါင်းတည်ထောင်သူလည်း

ဖြစ်၏။

 

ဦးစံဘော်ပြီးရင် အာဏာအရှိဆုံးဆိုလျှင်လည်း မမှားပေ။

 

” မခတ်ပါဘူးကွာ၊ သူတို့ တစ်နေရာရာသို့ သွားနေတာ

နေမှာပါ၊ လောလောဆယ်တော့ ငါတို့ ရှိတဲ့လူနဲ့ပဲ စထား

ကြတာပေါ့၊

 

ဒီညက အထူးညကွ၊ ငါတို့ သဘင် ရေရှည်ရပ်တည်နိုင်ဖို့

ဒီညအပေါ် အများကြီးမူတည်တယ်ကွ၊

ဒါ့ကြောင့် ဘယ်လိုနည်းနဲ့မှ ပျက်ကွက်လို့ မဖြစ်ဘူး ”

 

တစ်ကယ်တမ်းတော့ ပြဇာတ်ပိုင်ရှင် ဦးစံဘော်နှင့် မင်းသမီး လှစန္ဒာရဲ့ ဆက်ဆံရေးကို အဖွဲ့သားအားလုံးက ရိပ်

မိကြပေမဲ့ ဘယ်သူကမှ ဘာမှ မပြောရဲကြပေ။

 

ဦးစံဘော်ကား လူလွတ် တစ်ဦးဖြစ်ပြီး၊ သူ၏ အပြစ်က

လှစန္ဒာထက် အသက်ကြီးနေခြင်းပင်။

*** **** **

 

သဘင် စတော့မည်ဖြစ်ကြောင်း အချက်ပေး ခရာမှုတ်

သည်နှင့် အပေါ့အပါးသွားရန်အတွက် အောင်ထူး

သဘင်စင်အောက်သို့ ဆင်းလာပြီး၊ မှောင်ရိပ်ထဲတိုးဝင်ကာ

အနားရှိ သစ်ပင်ပုလေးတွေဘေးမှာ ရပ်လိုက်သည်။

 

” ဝုန်း ”

 

” အားး ”

 

ရုတ်တရက် တစ်စုံတစ်ယောက်က ဝင်တိုက်လိုက်၍

အောင်ထူးရော ဝင်တိုက်သူပါ လဲကျသွားကြ၏။

 

” အားးး၊ ငါ့ဘောင်းဘီ အသစ်ကလေးတော့ ကုန်ပါပြီ

ကြာ ”

 

” ဟင်၊ ကိုအောင်ထူး ”

 

” ဟုတ်တယ်၊ ငါပဲ ”

အောင်ထူး ဘောင်းဘီကို ခါရင်း ပြောလိုက်၏။

 

” အကိုအောင်ထူး၊ ကျနော်ပါ မိုးစက် ”

 

” မိုးစက်လား၊ မင်းကွာ ….. ”

 

” ကိုအောင်ထူး၊ လှစန္ဒာလေ လှစန္ဒာ …. ”

 

” ဟင်၊ လှစန္ဒာကို တွေ့ခဲ့တာလား၊ အဲကောင်မ ဘယ်မှာ

တုန်း၊ ဒီမှာ သဘင် စရမဲ့အချိန်တောင်လွန်နေပြီ ”

 

” လှစန္ဒာ သေနေပြီဗျ ”

 

” ဘာ ”

 

အောင်ထူး အထိတ်တလန့် ဖြစ်သွား၏။

 

” မိုးစက် မင်း မင်း ဘာပြောလိုက်တယ် ”

အောင်ထူး၊ မိုးစက်ရဲ့ အင်္ကျီကိုဆွဲကာ မေးလိုက်သည်။

 

” ဟုတ်တယ်၊ ကိုအောင်ထူး၊ ကျနော် အလေးစွန့်ဖို့ ဟိုနား

က သစ်ပင်တွေဆီသွားတာ၊ လှစန္ဒာ ကြိုးဆွဲချ သေလျက်

သား တွေ့ခဲ့တာဗျ ”

 

မိုးစက်ရဲ့ အသံက ကတုန်ကယင်ဖြစ်နေ၍၊ သူ လိမ်နေ

တာ မဟုတ်မှန်း အောင်ထူး သဘောပေါက်သွား၏။

 

သို့နှင့် မိုးစက်က လှစန္ဒာ ကြိုးဆွဲချ သေနေတဲ့နေရာသို့

အောင်ထူးကိုခေါ်ကာ လိုက်ပြလိုက်တော့၊

တကယ်ပင် ကြိုးတန်းလန်းနှင့် သေနေသည်ကို

တွေ့လိုက်ရပါတော့၏။

 

” ဒုက္ခပါပဲ၊ ဒီညက အရေးကြီးပါတယ်ဆိုမှကွာ၊

သည်ကြားထဲ ဦးစံဘော်လည်း ဘယ်မှာ အလည်လိုက်နေ

မှန်းမသိ ”

 

အောင်ထူး ခေါင်းကုတ်နေပါတော့၏။

 

” အကိုအောင်ထူး၊ ကျနော်တို့ သက်ဆိုင်ရာကို အကြောင်း

ကြားကြရအောင်ဗျာ ”

 

” ဟာ၊ မဖြစ်ဘူး မဖြစ်ဘူး၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်

ဒီည ပျက်ကွက်လို့ မဖြစ်ဘူး၊ ဒီတော့ ဒီလိုလုပ်ကွာ မိုးစက်၊

 

မင်း၊ ထက်မြတ်နဲ့ အောင်သူရကို သွားခေါ်ကွာ၊ ငါ ဒီနား

က စောင့်နေခဲ့မယ်၊ ပြီးတော့ ဒီကိစ္စကို ဘယ်သူမှ မသိ

စေနဲ့၊

 

ထက်မြတ်နဲ့ အောင်သူရကိုလည်း မပြောခဲ့နဲ့ကွာ၊

ဒီရောက်မှ ငါ ရှင်းပြလိုက်မယ်၊ သူတို့ကို ငါခေါ်နေတယ်

လို့ပဲ တိုးတိုးတိတ်တိတ်ခေါ်ခဲ့ကွာ ”

 

” ဖြစ် ဖြစ်ပါ့မလားဗျာ၊ ကိုအောင်ထူး၊ ခေါင်းဆောင်မင်း

သမီးမရှိပဲနဲ့ …. ”

 

” ငါပြောသလိုပဲ လုပ်စမ်းပါကွာ၊ လှစန္ဒာမရှိရင်လည်း

မြမိုးသိင်္ဂီ( ဒုတိယခေါင်းဆောင်မင်းသမီး) ရှိနေတာပဲ”

 

မိုးစက်လည်း နောက်ထက် ဘာမှထပ်မပြောတော့ပဲ

ထိုနေရာမှ ပြေးထွက်သွားပါတော့သည်။

*** **** ***

 

မိနစ်အနည်းငယ်ကြာတဲ့အခါ မိုးစက်နှင့် တစ်ခြားနှစ်

ယောက်တို့ ရောက်လာကြ၏။

 

” ထက်မြတ်၊ အောင်သူရ အခြေအနေတွေက ရှုပ်ကုန်ပြီ

ကွာ … ” ဟု အစချီကာ မင်းသမီးလှစန္ဒာ ကြိုးဆွဲချ

သေနေသည်ကိုတွေ့ခဲ့ပုံနှင့် ထိုည ဇာတ်ပွဲမပျက်ရအောင် ဘယ်သို့ဘယ်ပုံ စီမံမည့်အကြောင်းကို ရှင်းပြလိုက်၏။

 

” ဖြစ် ဖြစ်ပါ့မလားဗျာ၊ ကျွန်တော်ကြောက်တယ်ဗျ၊

ပြီးတော့ ဒါ ရာဇဝတ်မှုနော် ”

 

ထက်မြတ် ထိုသို့ ပြောနေစဉ်မှာပင် အောင်ထူး သစ်ပင်

ပေါ်သို့ တက်သွားပြီး၊ ကြိုးကို ဖြုတ်ရန်ပြင်ပါတော့သည်။

 

” ထက်မြတ်၊ ငါပြောသလိုပဲ လုပ်စမ်းပါကွာ၊ ခုလောလော

ဆယ် လှစန္ဒာသေတာကို ဘယ်သူမှ မသိဖို့ အရေးကြီး

တယ်ကွ၊

 

ငါ ကြိုးကို ဖြုတ်လိုက်တော့မယ်၊ မင်းတို့ အောက်က ဖမ်း

ထားကြ ”

 

” ဘုန်း ”

 

လှစန္ဒာရဲ့ အလောင်းကို မည်သူကမှ မဖမ်းထား၍

မြေကြီးသို့ ထိုးကျသွားတော့၏။

 

” ဟာကွာ၊ မင်းတို့အကောင်တွေ၊ ဖမ်းထားပါဆိုနေမှ ”

အောင်ထူး သစ်ပင်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။

 

ထိုအချိန်၌ ဇာတ် စ ဖွင့်ပြီဖြစ်၍ သီချင်းဆိုသံများ တစ်ညံ

ညံ ထွက်ပေါ်လာပါတော့၏။

 

အောင်ထူးတို့ လေးယောက်ကား လှစန္ဒာရဲ့အလောင်းကို

မှောင်ရိပ်ထဲကနေ လှေဆိပ်သို့ သယ်သွားခဲ့ပြီး၊

 

အလောင်းကို လှေငယ်တစ်စင်းပေါ်တွင်တင်ကာ၊

သူတို့လေးယောက်က တစ်ခြားစက်လှေငယ်တစ်စင်း

ပေါ်သို့တက်လိုက်ကြပြီး၊

 

စက်လှေငယ်နှင့် အလောင်းတင်ထားတဲ့ လှေငယ်ကို

ကြိုးနှင့် ချည်ထားလိုက်၏။

 

ပြီးသည်နှင့် အောင်ထူးကပဲ စက်လှေငယ်ကို

မောင်းကာ ကမ်းမှ စတင် ထွက်ခွာလိုက်ပါတော့သည်။

**** *** ****

 

သွားရင်းနှင့် ခရီးက ထင်သလောက်မပေါက်ဖြစ်နေ၍

ထက်မြတ် ဆိုတဲ့သူက အလောင်းတင်ထားတဲ့ လှေငယ်

ကို ကြည့်လိုက်တော့ လှေငယ်ရဲ့ ဘေးနှစ်ဖက်မှ ရေဝင်

နေသည်ကို တွေ့လိုက်ရပါတော့၏။

 

” ဟာ၊ ဒုက္ခပါပဲ၊ ကိုအောင်ထူး၊ လှေငယ်က ရေဝင်နေပြီ

ဗ် ”

စက်အသံဖြင့် ဆူညံနေ၍ ထက်မြတ် အော်ပြောလိုက်၏။

 

” ရေဝင်တာများကွာ၊ အလှည့်ကျ ဆင်းပက်ကြပေါ့၊

ထက်မြတ်၊ မင်း အရင်သွားပစ်ကွာ ”

 

” ပြီးရောဗျာ ”

 

ထက်မြတ်က ကြိုးကိုဆွဲယူကာ အလောင်းတင်

ထားတဲ့ လှေငယ်ပေါ်သို့ တက်လိုက်ပြီး၊ ဝင်နေတဲ့ရေတွေ

ကို ပက်ထုတ်ပါတော့သည်။

 

ရေပက်နေရင်း အလောင်းရဲ့ ခြေနဲ့ တစ်ခါတခါ ထိမိပေမဲ့

ထက်မြတ် သိပ်တော့ဂရုမစိုက်ပေ။

 

” ဒါနဲ့၊ ကိုအောင်ထူး၊ ကျနော်တို့ ဘယ်ကိုသွားနေကြတာ

လဲဗ် ”

အောင်သူရဆိုသူက သမီးလှ ရွာဘက်သို့ လှည့်ကြည့်

ရင်း မေးလိုက်၏။

 

” ဘယ်သွားရမလဲဟ၊ တိမ်ညိုပြင်သို့ပေါ့ ”

( သမီးလှရွာနှင့် တစ်ဖက်တစ်ကမ်းကရွာ )

 

” ဗျာ ”

 

” ဟုတ်တယ်၊ အဲမှာ ငါ့သူငယ်ချင်း စခန်းမှုးရှိတယ်ကွ၊

အဲဒီရွာသို့ရောက်ရင် ငါ သူငယ်ချင်းကို အသိပေးပြီး၊ ဖြစ်

ကြောင်းကုန်စင်ပြောပြလိုက်မယ်ကွာ၊

 

လိုရမယ်ရ ငါနဲ့ မိုးစက် အဲဒီမှာနေခဲ့မယ်၊ မင်းနဲ့

ထက်မြတ်က ဇာတ်ပွဲဆီသို့ ပြန်သွားကြပေါ့ ”

 

သူတို့ စကားပြောနေကြတုန်းမှာပင် ထက်မြတ် ရေပက်

ထုတ်ပြီး၍ စက်လှေပေါ်ပြန်တက်လာခဲ့သည်။

 

ထိုအချိန်၌ တစ်ဖက်မှာလည်း ( ဇာတ်ပွဲမှာလည်း )

သီချင်းဆိုနေကြရင်း ဦးစံဘော်တစ်ယောက် ပြန်ရောက်

လာခဲ့၏။

 

ဦးစံဘော် ဇာတ်စင်ရဲ့ နောက်ခန်းတွင် ခြေပစ်လက်ပစ်

ထိုင်ကာ အမှောင်ထုထဲသို့ ငေးကြည့်နေလိုက်၏။

 

ထိုအခါ မင်းပိုင်က အနားသို့ရောက်လာပြီး၊

 

” ဆရာစံ၊ ထက်မြတ်၊ အောင်သူရနဲ့ မိုးစက်တို့က ဆရာစံ

ကို သွားရှာကြတယ်လေဆရာ၊ သူတို့ကို မတွေ့ခဲ့ဘူးလား

ဗျ ” ဟု မေးလိုက်၏။

 

ထိုသို့မေးရခြင်းက မိုးစက် ထက်မြတ်တို့ကို လာခေါ်တုန်း

က “ဆရာစံကို သွားရှာမလို့ ” ဟု ပြောထားခဲ့သော

ကြောင့်ပင်ဖြစ်၏။

 

ဦးစံဘော်ခေါင်းခါပြလိုက်သည်။

 

” ဆရာစံ၊ ခနနေရင် ဆရာမျက်လှည့်ပြရမဲ့ အလှည့်

ရောက်တော့မယ်နော်၊ ဆရာ့ကိုကြည့်ရတာပင်ပန်းနေ

သလိုပဲ၊ ဒီည ဖြစ်ပါ့မလားဆရာ ”

 

” မင်းပိုင်၊ ငါ့အတွက် မပူစမ်းပါနဲ့၊ ရတယ်၊ ဒီအလုပ်က

ငါ လုပ်နေကြပဲကွာ၊ သွား သွား၊ မောင်နိုင်ကိုပြောလိုက်၊

ငါ့ပစ္စည်းတွေကို အဆင်သင့်လုပ်ထားလို့ ”

 

” ဟုတ်ကဲ့ပါဆရာ ”

 

မင်းပိုင် ထွက်သွားသည်နှင့် အမှောင်ရိပ်ထဲမှ တစ်

ယောက်ယောက် ထွက်လာနေတာကို မြင်လိုက်ရ၍၊

 

ဦးစံဘော် အသေအချာကြည့်လိုက်တော့ အမှောင်ထုထဲမှ

ထွက်လာနေသူကား …..

**** **** ***

 

” စန္ဒာ ”

အမှောင်ထုထဲမှ ထွက်လာနေသောအရာအား ဦးစံဘော်

လှမ်းအော်ပြီး၊ ဇာတ်စင်အောက်သို့ဆင်းလိုက်၏။

 

ထိုအခါ စောနက သူနဲ့အဝေးမှာရှိတဲ့အရာက ချက်ချင်း

သူ၏ရှေ့သို့ရောက်လာခဲ့တော့၏။

သို့ပေမဲ့ မျက်နှာကိုကား အောက်သို့စိုက်ထား၏။

 

” စန္ဒာ၊ ဦး တောင်းပန်ချင်လို့ပါ၊ ဦးကို ခွင့်လွှတ်ပါကွာနော်၊

ရုတ်တရက်ဆိုတော့ ဦး စိတ်မထိန်းနိုင်ဖြစ်သွားလို့ပါ ”

 

လှစန္ဒာဘာမှ မပြောပဲ ဇာတ်စင်ပေါ်သို့တက်သွား၍

ဦးစံဘော်လည်း နောက်ကလိုက်သွား၏။

 

သို့သော် ဇာတ်စင်ရဲ့ ဘယ်နေရာမှာမှ လှစန္ဒာကို မတွေ့ရ

တော့ချေ။

 

ဦးစံဘော်လည်း ခပ်ကြောင်ကြောင်ဖြစ်သွားကာ ဟိုဟို

သည်သည်ကြည့်ပြီး၊ အဝတ်လဲရန် ဇာတ်စင်နောက်ခန်း

သို့ ပြန်ထွက်လာခဲ့၏။

 

ထိုအခါ

 

” ဟေးးးး၊ ဖြောင်း ဖြောင်း ”

 

” ရွှီ၊ ရွှီ ” ဟု လက်ခုပ်သံများ၊ လေချွန်သံများ၊ တီဝိုင်း

နဘေးမှာရပ်ပြီးအားပေးနေကြတဲ့လူပျိုကာလသားတို့ရဲ့

အော်ဟစ်သံများ ဆူညံစွာထွက်ပေါ်လာပါတော့၏။

 

” ဟင်၊ ဘာဖြစ်တာလည်း၊ စန္ဒာ၊ လှစန္ဒာများလား ”

ဦးစံဘော် အဝတ်လဲနေရင်းတန်းလန်း ဇာတ်စင်မျက်နှာဝ

ဖက်သို့ထွက်လာ၊ ကန့်လန့်ကို မ ပြီး ကြည့်လိုက်တော့၊

 

ခပ်မှိန်မှိန်မီးရောင်အောက်မှာ ကနေသော လှစန္ဒာကို

တွေ့လိုက်ရပါတော့၏။

*** **** ****

 

” ဟ၊ ခုနကပဲရေပက်ထုတ်လိုက်တာလေ၊ ခု ပြန်ပြည့်နေ

ပြီကော၊ မိုးစက်၊ ဒီတစ်ခါ မင်းအလှည့်ကွာ ”

 

ထက်မြက်က လှစန္ဒာရဲ့အလောင်းကိုသယ်လာတဲ့ လှေ

ငယ်က တစ်ခါ ရေတွေပြန်ဝင်လာတာကိုမြင်၍ မိုးစက်

အား ပြောလိုက်ခြင်းဖြစ်၏။

 

” ဖြစ် ဖြစ်ပါ့မလားဗျာ၊ ကျနော် ကြောက်တယ်ဗျ ”

 

” ဖြစ်ပါတယ်ကွ၊ ဘာကြောက်စရာရှိလို့လဲ၊ သေပြီးတဲ့သူက

ဘာမှ မလုပ်နိုင်ပါဘူးကွာ ”

 

မိုးစက်လည်း ကြောက်ကြောက်နှင့် အလောင်းတင်လှေ

ငယ်ပေါ်သို့ဆင်းသွားတော့၏။

 

” ထက်မြတ်၊ မင်း ကြိုးကို ဆွဲထားနော်ကွ၊ ငါ ကြောက်လို့

ပါကြာ ”

 

“အေးပါ”

 

ထက်မြတ်လည်း မိုးစက် စိတ်သက်သာရာရအောင်

လှေနှစ်ခုကို တွဲချည်ထားတဲ့ကြိုးကို ဆွဲထားပေးလိုက်ပြီး၊

အောင်ထူး၊ အောင်သူရဘက်သို့လှည့်ကာ စကားပြောနေ

၏။

 

” ဝေါ၊ ဝေါ၊ ”

 

မိုးစက်လည်း အမြန်ပြီးပါစေကြောင်း လှေထဲမှရေကို

အလျင်အမြန်ပက်ထုတ်လိုက်၏။

 

ခဏအကြာ

 

” ထက်မြတ်၊ ကြိုးကိုမလွတ်စေနဲ့နော် “‘

မိုးစက် ရေတွေကိုပက်ထုတ်ရင်း ပြောလိုက်၏။

 

ထက်မြတ်ဆီကတုန့်ပြန်သံထွက်မလာပေ။

 

” ဟေ့ကောင် ထက်မြတ်၊ ငါပြောတာ …. ”

မိုးစက်၊ ထက်မြတ်ကိုကြည့်လိုက်တော့ ထက်မြတ်ရော

စက်လှေပါမရှိတော့ချေ။

 

” အေမ့!!

 

” ထက်မြတ်၊ ဟေ့ကောင်၊ ကိုအောင်ထူး၊ ခင်ဗျားတို့

ဘယ်မှာလဲ၊ မနောက်ကြပါနဲ့ဗျာ၊ ကျနော်ကြောက်လို့ပါ”

 

မိုးစက် ရေကိုမပက်ထုတ်နိုင်တော့ပဲ၊ ဟိုဘက်သည်ဘက်

လှည့်ကာအော်ခေါ်နေမိသလို၊ တစ်ချိန်တည်းမှာပင်

အကြောက်လွန်၍၊

 

လက်ခြေတွေ လှုပ်ရှားမရဖြစ်လာတော့၏။

 

” ကိုအောင်ထူး၊ ထက်မြတ်၊ မင်းတို့ ဘယ်မှာလဲကွာ၊

ငါ့ကိုတစ်ယောက်တည်း မထားခဲ့ကြပါနဲ့ကွာ၊ ဟီးးးးဟီး”

 

မိုးစက်အော်ငိုရင်း မြဲမြဲမရပ်နိုင်တော့ပဲ ပစ်လဲသွားပါတော့

၏။

 

” ကယ်ကြပါအုန်း၊ ကယ်ကြပါ၊ ထက်မြတ်၊ ကိုအောင်ထူး၊

အောင်သူရ၊ ငါ့ကို ကယ်ကြပါအုန်း ”

 

” ကျွီ ”

မိုးစက်အော်နေရင်း အသံတစ်ခုကြားလိုက်၍ အလောင်း

ဘက်ကို ကြည့်လိုက်တော့၊ အလောင်းမှာ လှေငယ်ထဲ

ရှိမနေတော့ချေ။

 

” ကိုအောင်ထူး ”

မိုးစက်ရဲ့အော်သံက မြစ်ရေပြင်တစ်ခုလုံး လွှမ်းခြုံ

သွားပါတော့၏။

** *** **** *

 

” မိဘပြည်သူများခင်ဗျာ၊ ဒီတစ်ခါတင်ဆက်မှာကတော့

မိဘများစောင့်စားနေကြတဲ့၊ ရွှေဧကရီရဲ့ ပဲ့ကိုင်ရှင်

ဦးစံဘော်ရဲ့ မျက်လှည့်ပြကွက်တွေများဖြစ်ပါတယ်ခင်ဗျား”

 

” ဖြောင်း၊ ဖြောင်း၊ ဖြောင်း ”

 

” ရွှီ၊ ရွှီ ”

ပရိသတ်တွေဆီမှ အားပေးသံများ သောသောညံလျက်

ထွက်ပေါ်လာပါတော့၏။

 

ဦးစံဘော်ကား သူ့အလှည့်ရောက်နေသည်ကိုအာရုံ

မရောက်နိုင်ပဲ၊ အဝတ်လဲတဲ့အခန်းတွင်းသို့ဝင်သွားသည့်

လှစန္ဒာနောက်သို့သာလိုက်လာခဲ့၏။

 

အဝတ်လဲနေသော လှစန္ဒာကိုမြင်တဲ့အခါ ပုခုံးလေးကိုကိုင်

ပြီး၊ ” စန္ဒာ ” ဟု ခေါ်လိုက်၏။

 

” ဆရာ ”

 

သို့သော် ထိုသည်မှာ လှစန္ဒာမဟုတ်ပဲ မြမိုးသိင်္ဂီဖြစ်နေပါ

တော့၏။

 

” ဆရာ၊ မြမိုးကို တစ်ခုခုပြောချင်လို့လားဟင် ”

 

ဦးစံဘော်အံ့သြသွား၏။

လှစန္ဒာကိုမြင်လိုက်ပါလျက်နဲ့ တကယ်တမ်းမှာ လှစန္ဒာ

မဟုတ်ပဲ၊ မြမိုးသိင်္ဂီဖြစ်နေသည်ကို ဦးစံဘော်မယုံနိုင်

ဖြစ်သွားရ၏။

 

” အာ၊ မ မဟုတ်ပါဘူး၊ လှစန္ဒာကိုများတွေ့မိသေးလားလို့

မေးမလို့ ”

ဦးစံဘော် ဟိုဟိုသည်သည်ကြည့်ရင်းပြောလိုက်၏။

 

” ဟင့်အင်း၊ မတွေ့မိဘူးဆရာ ”

 

” အင်း ”

ဦးစံဘော်ခေါင်းကုတ်ကာထွက်သွား၍၊ မြမိုးသိင်္ဂီ

ကြောင်ပြီးကြည့်နေတုန်း၊ တစ်စုံတစ်ယောက်စိုက်ကြည့်နေ

သလိုမျိုး ခံစားလာကာ၊ ကြက်သီးထလာ၍၊ အဝတ်လဲတဲ့

အခန်းမှ ထွက်လာခဲ့လိုက်တော့၏။

*** ****

 

” ဖြောင်း၊ ဖြောင်း ”

 

ဦးစံဘော်ရဲ့ ပန်းချီထဲက မျောက်ကလေးကို အသက်သွင်း

ပြလိုက်တဲ့ပြကွက်ကြောင့် လူတွေ လက်ခုပ်သြဘာပေးကြ

၏။

ထူးဆန်းတဲ့ပြကွက်တွေ တကွက်ပြီးတစ်ကွက်ပြပြီးတဲ့အခါ

ကြိုးဆွဲချပြကွက်ပြရန်အတွက် ကြိုးဆင်ခိုင်းလိုက်၏။

 

ပြီးသည်နှင့် ဇာတ်စင်အောက်က ပရိသတ်တစ်ယောက်ကို

စင်ပေါ်သို့ခေါ်ပြီး၊ အကုန်လုံးက အစစ်ဖြစ်ကြောင်းကို

စမ်းသပ်စေ၏။

 

ထို့နောက်အသင့်ပြင်ထားတဲ့ ခုန်ကလေးပေါ်သို့တက်ကာ

လည်းပင်းမှာ ကြိုးစွပ်ခါနီး ဇာတ်စင်အတွင်းဘက်ကြည့်

လိုက်တော့၊

 

အနည်းငယ်မှောင်နေတဲ့နေရာမှာ ရပ်ကာပြုံးပြုံးကြီးကြည့်

နေသော လှစန္ဒာကိုမြင်လိုက်ရ၍၊ ဦးစံဘော်ကျေနပ်စွာ

ပြုံးလိုက်ပြီး၊ လည်ပင်းမှာကြိုးစွပ်ကာ ခုန်လေးကိုကန်

ပစ်လိုက်၏။

 

ထိုအခိုက်အတန့်၌

တစ်ချို့ပရိသတ်တွေကား အသက်ပင်မရှုရဲကြသလို၊

တစ်ချို့ပရိသတ်တွေကား မကြည့်ရဲ၍အကြည့်လွှဲထား

လိုကျကွ၏။

 

ဦးစံဘော် ကြိုးဆွဲချပြီး သုံးမိနစ်ပြည့်တဲ့အခါ ဘေးမှာ

အသင့်စောင့်နေတဲ့ကောင်လေးနှစ်ယောက်ကလာပြီး

ဦးစံဘော်ကို ကြိုးကွင်းမှ ဖြုတ်ယူလိုက်ကြ၏။

 

ထိုအချိန်၌ ရုတ်တရက် ဆိုင်းဝိုင်းထဲမှ ကြောက်မက်ဖွယ်

အသံများထွက်လာပါတော့၏။

 

” ဟင်၊ ရွာစား၊ တီးလုံးမှားနေတယ်၊ တီးလုံးမှားနေတယ်”

ကောင်လေးတစ်ယောက်ကအော်ပြောလိုက်၏။

 

” မဲခေါင်၊ ငါ ငါတီးနေတာမဟုတ်ဘူးဟ ”

ရွာစားပြောလိုက်သောစကားကြောင့် မဲခေါင်ဆိုတဲ့

ကောင်လေးက တီးဝိုင်းဘက်ကြည့်လိုက်တော့၊

 

ရွာစားမှာ တီးဝိုင်းအပြင်သို့ရောက်နေပြီး၊ မည်သူမှ မတီးပဲ

အသံထွက်နေသည်ကို ထိတ်လန့်ဖွယ်မြင်တွေ့လိုက်ရပါ

တော့၏။

 

” ဟင် ”

 

” ဆရာ၊ ဆရာ၊ ထတော့၊ အချိန်စေ့ပြီ၊ ဆရာ ”

မဲခေါင်က ဦးစံဘော်ကိုလှုပ်နှိုးလိုက်ပေမဲ့ ဦးစံဘော်ကား

တုန့်ပြန်မှုမရှိတော့ချေ။

 

” ဆရာ၊ ဆရာ ”

 

မဲခေါင် အထိတ်တလန့်ဖြစ်ကာ ဦးစံဘော်ရဲ့ လက်၊

နှာခေါင်းတို့ကိုစမ်းသပ်ကြည့်ပြီး၊ ရင်ဘက်ကို နားဖြင့်ကပ်

ကာ နားထောင်ကြည့်လိုက်၏။

 

ဦးစံဘော် သေလေပြီ။

 

” ဟေ့၊ ဘာဖြစ်တာလည်း ” ” သေသွားပြီလား ”

” တကယ် သေသွားတာလား ”

 

ပရိသိတ်များ ထိုင်နေရာမှ ထရပ်ကြကာ အုတ်အုတ်ကျက်

ကျက် ဖြစ်သွားပါတော့၏။

 

ခါတိုင်းလည်း ဦးစံဘော် ကြိုးဆွဲချ မျက်လှည့်ပြကွက်

ပြတဲ့အခါ၊ သုံးမိနစ်ပြည့်သည်နှင့် မဲခေါင်နှင့် နောက်

ကောင်လေးတစ်ယောက်က ကြိုးဖြည်ပေးလေ့ရှိပြီး၊

 

ဘာမှ မဖြစ်ပေမဲ့ ယခုအကြိမ်မှာကား ဦးစံဘော်တစ်ကယ်

သေသွားခဲ့လေပြီ။

ထူးဆန်းသည်က အကြိမ်တိုင်းကဲ့ငို့ပင် အနည်ုးယ်မှ

ရုန်းကန်လှုပ်ရှားခဲ့ခြင်း မရှိခြင်းပင်။

 

ထိုအချိန်၌ ခေါင်းဆောင်မင်းသား မင်းပိုင်အပါအဝင်

ရွှေဧရီ အဖွဲ့သားများ ပြေးထွက်လာကြပြီး၊ ဦးစံဘော်ကို

လှုပ်နှိုးကြ၏။

 

” ဖောင်း၊ ဖောင်း၊ ဖောင်း ”

 

” ဟင် ”

အဖွဲ့သားများ ဦးစံဘော်ကို အာရုံစိုက်နေကြတုန်း၊ ဇာတ်ပွဲ

မှာ သုံးထားတဲ့ အောက်လင်းဓာတ်မီးများ ရုတ်တရက်

ပေါက်ကွဲကာ၊ နှေးသံ၊ ပတ္တလားသံများ သူ့အလိုလို

 

ထ မြည်နေ၍၊ ပရိသတ်များ ဝရုန်းသုန်းကား ထ ပြေးကြ

ပါတော့သည်။

*** ***

 

တစ်ဖက်မှာလည်း အောင်ထူးတို့ တိမ်ညိုပြင်သို့ ရောက်

ကာနီးမှ အလောင်းသယ်လာတဲ့ လှေရော မိုးစက်ပါ

ပါမလာတော့မှန်း သတိထားမိလိုက်ကြ၍၊

 

ပြန်လှည့်ကာ ရှာကြည့်ကြပေမဲ့၊ လုံးဝမတွေ့၍၊

တစ်ဖြည်းဖြည်းနှင့် ကမ်း(ဇာတ်ပွဲရှိတဲ့ဘက်ကကမ်း)နှင့်

သာ နီးလာခဲ့တော့၏။

 

” ကိုအောင်ထူး၊ ကျုပ်တို့တော့ ဒုက္ခရောက်တော့မှာပဲ၊

မိုးစက်ရော၊ အလောင်းထည့်ထားတဲ့လှေရော၊ ဘယ်

ရောက်လို့ရောက်မှန်းမသိ၊

 

ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ ”

 

” ဟာ၊ ငါလည်း ဘာလုပ်လို့လုပ်ရမှန်း …. ”

အောင်ထူး ပြောရင်း အကြံတစ်ခုရသွားခဲ့၏။

 

” ကိုအောင်ထူး ”

 

” ထက်မြတ်၊ အောင်သူရ၊ ဒါက ငါတို့အတွက် ပိုကောင်း

သွားတယ်လို့တွေးကြည့်ကြစမ်း”

 

” ကိုအောင်ထူး၊ ခင်ဗျား နောက်နေတာလားဗျာ ”

အောင်သူရ စိတ်တိုစွာပြောလိုက်၏။

 

” ငါ နောက်နေတာမဟုတ်ဘူးကွ၊ ဒီလိုကွာ၊ လှစန္ဒာသေတာကို ငါတို့လေးယောက်ကလွဲပြီး ဘယ်သူမှ မသိသေး

ဘူးလေ၊

 

ဒီတော့ မနက်ရောက်လို့ လှစန္ဒာကိုရော မိုးစက်ကိုရော

မတွေ့ရရင်၊ လှစန္ဒာကို မိုးစက် ခိုးပြေးသွားတယ်လို့

ပြောလိုက်ရုံပဲ ”

 

” ကိုအောင်ထူး၊ ခင်ဗျား အကြံပက်စက်လှချေလား၊

ဒါ မိုးစက်ကို စော်ကားတာပဲ၊ ခင်ဗျားဗျာ … ”

အောင်သူရ ဒေါသထွက်ကာ အောင်ထူးရဲ့ အင်္ကျီကော်လံ

ကို ဆွဲလိုက်၏။

 

” အောင်သူရ၊ ငါလည်း ဒီလို ဘယ်လုပ်ချင်ပါ့မလဲကွာ၊

ဒါပေမဲ့ မင်းတွေးကြည့်စမ်းပါ၊ လှစန္ဒာသေတဲ့ကိစ္စမှာ

တစ်ယောက်ယောက်တော့ ခေါင်းခံရမှာပဲ၊

 

ဒီလို ဖြစ်လိမ့်မယ်လို့ မရည်ရွယ်ခဲ့ပေမဲ့ ….. ”

 

” တော်စမ်းပါဗျာ … ”

 

” ဒုန်း ”

 

” ဝုန်း ”

 

အောင်သူရရဲ့ စကားမဆုံးမီမှာပင် သူတို့စက်လှေက တစ်

စုံတစ်ခုကို တိုက်မိသွား၍၊ သုံးယောက်လုံး ရေထဲပြုတ်ကျ

သွားကာ၊ စက်လှေငယ်လည်း ပတ်ချာလည်ပြီး နစ်မြုပ်

သွားပါတော့၏။

*** *** ***

 

နောက်တစ်နေ့ မနက်ရောက်တဲ့အခါ သမီးလှရွာရဲ့

လှေဆိပ်မှာ ရုတ်ပျက်ဆင်းပျက်နှင့် ရောင်ကားပြီး

သေနေသော အလောင်းသုံးလောင်း ကမ်းစပ်သို့ ပါးကပ်

နေသည်ကိုလည်းကောင်း၊

 

အကြောက်လွန်ကာ လက်ခြေများကောက်ကွဲပြီး၊

မျက်ဖြူလန်လျက် သေနေသောမိုးစက်ရဲ့အလောင်းနှင့်၊

 

ကြိုးတန်းလန်းနှင့် တင့်တင့်ကြီးဖြစ်နေသော လှစန္ဒာရဲ့

အလောင်းပါသော လှေငယ်ကိုလည်းကောင်း

သမီးလှရွာသားများတွေ့မြင်လိုက်ကြရပါတော့၏။

 

ထိုအဖြစ်အပျက်ကြောင့် ရွှေဧရီ နယ်လှည့်ပြဇာတ်အဖွဲ့

ပျက်ရုံမက၊ တစ်ချို့ဆို သွေးရူးသွေးတန်း ဖြစ်သွားကြရ၏။

 

ပိုပြီး ထူးဆန်းသွားသည်က ထိုအချိန်မှ စ၍ သမီးလှရွာမှာ

ဘယ်သောအခါမှ ဇာတ်ပွဲသဘင် ကျင်းပခြင်းမရှိတော့ချေ။

 

အကြောင်းကတော့

ဇာတ်ပွဲသဘင်ကျင်းပတိုင်း ဇာတ်အဖွဲ့မှ တစ်ယောက်

ယောက် သေတတ်ကြသောကြောင့်ပင်။

 

သေတဲ့သူတွေဟာလည်း ကြိုးဆွဲချသေရင်သေ၊ မဟုတ်ရင်

ရေနစ်သေကြသူတွေချည်းဖြစ်နေကြတော့၏။

 

ရွှေဧကရီနယ်လှည့်ပြဇာတ်ရဲ့ အကျဉ်းတန် အရုပ်ဆိုး

အဖြစ်အပျက်က သမိန်းလှ ရွာသူရွာသားတွေအဖို့

ကြောက်မက်ဖွယ်ပုံပြင်တစ်ပုဒ်အဖြစ် ထင်ကျန်နေခဲ့မှာ

ဧကန်မုချပင်တည်း။ ။

—————————–

 

ပြီးပါပြီ။