ရှန်ဗဲလားမှ ဆာဒူးကျိန်စာ

ရှန်ဗဲလားမှ ဆာဒူး ကျိန်စာ(စဆုံး)
==============

ထွက်ရပ်ပေါက်ဝိဇ္ဇာ၊ဇော်ဂျီ၊ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်
များမှာ ကယ်တင်သင့်သူကိုကယ်တင်၊စောင်မသင့်သူ
ကိုစောင်မပြီးသောအခါ မဟာမြိုင်တောဟုမြန်မာလို
ခေါ်ပြီး နိူင်ငံခြားသားများက ရှန်ဗဲလားဟုခေါ်တွင်
သော၊သူတော်ကောင်းများနေထိုင်ရာအရပ်။

ရှန်ဗဲလား နယ်မြေတွင်နေထိုင်၍
ကျင့်စဉ်များကျင့်ကြံအားထုတ်ပြီး နောက်ပွင့်လာမည့်
အရိမေတ္တယျ ဘုရားကိုဖူးမြော်ရန်စောင့်နေခြင်း
ဟုဆိုကြသည် ။

ရှန်ဗဲလားရှိရာအရပ်ကိုမည်သူမှအတိအကျ
မသိသော်လည်း ဟိမဝန္တာတောင်တန်းတနေရာတွင်
ရှိသည်ဟုခန့်မှန့်ပြောဆိုမူများရှိကြ၏ ။

ထိုသို့ခန့်မှန်းရသောအကြောင်းအရင်းများစွာ
ဇာတ်လမ်းပေါင်းများစွာရှိရာမှ ရှန်ဗဲလားနဲ့သက်ဆိုင်
သောဇာတ်လမ်းတပုတ်ကိုဖော်ထုတ်တင်ဆက်
ပေးလိုပါသည် ။

အောက်တွင်ဖော်ပြမည့်ဇာတ်လမ်းမှာ ရှန်ဗဲလားကို
ရောက်ခဲ့ဖူးသူတယောက်အကြောင်းဖြစ်ပါ၏ ။

တခါက ဟိမဝန္တာတောအတွင်းအမဲပစ်
နေသော မုဆိုးတယောက်မှာ သားကောင်နောက်
လိုက်ရင်းတောအတွင်းမျက်စိလည်လမ်းမှားလျှက်ရှိ
နေသည် ။

ထိုအချိန်မှာပင် ကျောက်တောင်နံရံတခုတွင်
လူတကိုယ်စာတခါးပေါက်ပွင့်နေသော နေရာသို့မုဆိုး
ရောက်လာခဲ့၏ ။

ကျောက်တခါးအတွင်းဝင်၍စမ်းတဝါးဝါးဖြင့်လျှောက်လာချိန်။
ရွှေရောင်တဖိတ်ဖိတ်တောက်နေသော အဆောက်အဦးများ အထက်အောက် ဝတ်စုံဖြူဝတ်ဆင်ထားကြ
သော ဆံပင်ရှည်၊ မုတ်ဆိတ်မွေး၊နူတ်ခမ်းမွေးရှည်
ရှည်နဲ့သွားလာနေသူများကိုမြင်တွေ့လိုက်ရသည် ။

ဖိုးသူတော်ကဲ့သို့ဦးခေါင်းပြောင်ဝဝဖိုင့်ဖိုင့်
ပုတီးလုံးကြီးများပါသောပုတီးကုန်းကိုဆွဲထားသော
လူတယောက်မှာ မုဆိုးကြီးထံရောက်လာပြီးဆာလောင်နေမှန်းသိနေဟန် ဆန်ပြုတ်နဲ့ ပဲကိုကြိတ်ထားသော
နိူ့တခွက်ပေးလာသည် ။

မုဆိုးကြီးမှာ ဆန်ပြုတ်နဲ့ ပဲနိူ့ကိုဗိုက်ဆာဆာဖြင့်
သောက်လိုက်သည် ။
ဆန်ပြုတ်က အလွန်အနံ့မွေးသော ဆန်တမျိုးကို
ပြုတ်ထားပြီး အရသာရှိလှကာ ပဲနိူ့ကလည်း ချိုဆိမ့်
သောအရသာရှိနေ၏ ။

စားသောက်ပြီးချိန်တွင်မုဆိုးကြီးမှာ အားအင်များ
ပြည့်ဖြိုးလာသလို ခံစားလိုက်ရသည် ။

ထူးခြားမူအဖြစ်ကား ကျား၊ဆင် ချေ ဆတ် တောတိရိစ္ဆာန်များနဲ့ တခြားသော သားကောင်များမှာ အိမ်မွေးတိရိစ္ဆာန်များပမာ၊ယဉ်ပါးစွာ သွားလာနေကြသည် ။

အသားစားသတ္တဝါများမှာလည်း သူတို့သားကောင်
ဖြစ်သော အကောင်ငယ်လေးများကို မျက်စိရှေ့မြင်တွေ့နေရသော်လည်း စားသောက်ခြင်းမရှိပဲ မိတ်ဆွေ
များလို ယှဉ်တွဲနေထိုင်ကြသည်ကို အံ့သြစွာတွေ့
ရသည် ။

ဖိုးသူတော်ကြီးမှာ မုဆိုးကြီးကို ဟိုနေရာဒီနေရာ
လိုက်လံပြသနေသည် ။

ထိုနေရာတွင်ရှိနေသူများ၏ ရုပ်အသွင်မှာ တယောက်နဲ့ တယောက်မတူကြပဲ ကွဲပြားသော အသွင်များ
ရှိနေကြသည် ။

တချို့ကဖြူ၏ ၊တချို့ကမဲသည် ၊တချို့ကအသားဝါ
သည် ။
တချို့က ဦးပြည်းပြောင်ပြောင်ဖြင့် ဗုဒ္ဓဘာသာဘုန်း
တော်ကြီးများ၊ ဒေါက်ချာဆောင်းရသေ့များ၊ ဇော်ဂျီများ
ကိုတွေ့ရ၏ ။

နိူင်ငံမတူ၊ဒေသမတူပဲ
နေရာစုံမှလူများစုရုန်းနေထိုင်ကြသလိုရှိနေသည် ။

သစ်ပင်ကြီးများအုံဆိုင်း၍ အေးချမ်းစွာဖြင့်ရှိနေ
သောတောအုပ်ကြီးတွင်
အရောင်တလက်လက်ထွက်နေသော အချွန်အတက်
များဖြင့်အဆောက်အဦးကြီးများကိုလည်းတွေ့ရပြန်
သည်။

မုဆိုးကြီးမှာ သူမြင်နေရသောမြင်ကွင်းများကို တအံ့တသြဖြင့် လိုက်လံငေးမောရင်းဖြင့်ရှိနေ၏။

ဖိုးသူတော်ကြီးမှာ မုဆိုးကြီးအား အချိန်ပြည့်ပြီမို့
ပြန်ရန်အသိပေးလာသည်။

မပြန်မှီမုဆိုးကြီးလက်အတွင်းသို့အထုတ်ကလေးတထုတ်ထည့်ပေးလာပြီး ရွာရောက်မှဖွင့်ကြည့်ရန်
ပြောလာ၏ ။

ယခုနေရာသို့ဝင်ရောက်လည်ပတ်ခွင့်ရခြင်းမှာ
ရှေးယခင်ဘဝတခုက သားအဖတော်စပ်ဖူးသော
ကြောင့် အထက်ပုဂ္ဂိုလ်များကို ခွင့်ပန်၍ ကျေးဇူးဆပ်ခြင်းဖြစ်ကြောင်း ဖိုးသူတော်ကြီးမှထူးဆန်းသောစကားမုဆိုးကြီးပြောဆိုလာသည် ။

မုဆိုးကြီးမှာသူဝင်လာရာအပေါက်မှပြန်ထွက်လာပြီးထိုနေရာတွင်အမှတ်အသားပြုထားရစ်ခဲ့သည် ။

ရွာသို့ပြန်ရောက်သော မုဆိုးကြီးတယောက်ထူးဆန်းမူများစတင်ကြုံတွေ့ရတော့၏ ။

သူရွာသည်အပြောင်းလဲကြီးပြောင်းလဲနေခြင်းပင်။
အိမ်များပြောင်းလဲစွာရှိနေ၏ ။ ရွာတွင်နေထိုင်သူများမှာလည်းသူနဲ့သိသူတယောက်မှရှိမနေပေ။

အစပထမ ရွာမှား၍ ဝင်လာမိခြင်းလားဟု သူ့ကိုယ်သူ သံသယစိတ်ဖြစ်မိသေးသည် ။

သို့ရာတွင် ရွာမမှား၊မှားစရာအကြောင်းလည်းသိနေပြန်သည် ။
ရွာသားများမှာ မုဆိုးကြီးကို ဝိုင်းကြည့်နေကြ
လျှက်ရှိနေသည် ။

မုဆိုးကြီးမှာသူ့အိမ်ရှိရာသို့သွားသောအခါ သူ့အိမ်
နေရာတွင်တခြားအိမ်တအိမ်ရှိနေကြောင်းသိလိုက်ရ
သည် ။

ယခုမှ မုဆိုးကြီးတယောက်တခုခုမှားယွင်းနေပြီ
ဖြစ်ကြောင်းသိလိုက်ရ၏ ။

ဘယ်နေရာကစ၍ဘာမှယွင်းနေသည်ကိုကားတွေး
မရေပ ။

ဇနီးဖြစ်သူနာမည်အား အိမ်ရှေ့မှအော်ခေါ်ကြည့်ရာ ထွက်မလာသောကြောင့် သားဖြစ်သူနာမည်အား
လှမ်းခေါ်ကြည့်လိုက်သည် ။

သားဖြစ်သူနာမည်ကိုလှမ်းခေါ်သောအခါ
ထူးသံကြားရခြင်းနဲ့အတူ ၊ အသက်ခုနှစ်ဆယ်အရွယ်
အဘိုးကြီးတယောက်လှမ်းထွက်လာသောအခါ
မုဆိုးကြီးခေါင်းတခုလုံးချာချာလည်သွားရပါတော့
သည် ။

မုဆိုးကြီးမှာ အကြီးအကျယ်မှားယွင်းနေပြီဟု
စိတ်တွင်တွေးလိုက်၏ ။

သူ့နာမည်၊ သူ့ဇနီး နာမည် သူ့သားနာမည်တို့ကို
ပြောပြရာ သူရှေ့မှာ သူ့သားနာမည်နဲ့အဘိုးအိုမှာ
မုဆိုးကြီးကိုမယုံကြည်နိူင်သော မျက်ဝန်းများဖြင့်
ကြည့်ရင်း အံ့သြထိတ်လန့်ဟန်လည်းရှိနေပါသည် ။

မုဆိုးကြီးသားနာမည်ရှိသော အဘိုးအိုမှ
မုဆိုးကြီးကို သူ့ဖခင်အမည်ကိုသုံး၍ လိမ်လည်ပြော
ဆိုနေကြောင်းဆိုလာသည် ။

သူ့ဖခင်မှာ လွန်ခဲ့သော နှစ်ငါးဆယ်ကျော်ခန့်။
သူ့အသက် နှစ်ဆယ်ကျော်အရွယ်တွင်အမဲပစ်ထွက်
သွားရာ ပြန်မရောက်လာသည်မှာ ယခုသူပင်လျှင်
မိန်းမရ၍သားသမီးမြေးမြစ်များနဲ့ရှိနေပြီဖြစ်ကြောင်း
ပြောပြလာသည် ။

မုဆိုးကြီးမှာသူ့အဖြစ်ကိုသူမယုံကြည်နိူင်စွာ
ဖြင့်ရွာထဲမှသူနဲ့ ရွယ်တူတန်းတူများကိုမေးမြန်းရာ
အားလုံးသေဆုံးသွားပြီဟုသိရသည် ။

မုဆိုးကြီးမှာ သူနဂိုမူလအသက်အရွယ်အတိုင်း
ရှိနေ၍ သေဆုံးသွားသူများမှာ နှစ်ကာလအတန်ကြာ
ညောင်းခဲ့ပြီဖြစ်၏ ။

နှစ်ငါးဆယ်မည်သို့ကုန်လွန်သည်ကိုမုဆိုးကြီးနား
မလည်နိူင်ပေ။

မုဆိုးကြီးမှာ သူငယ်စဉ်ဘဝဖြတ်သန်းရာမှစ၍
ရွာတွင်းမှလူများ ရှေးဟောင်းနှောင်းဖြစ်အကြောင်း
အရာများကိုပြောပြလာရာနားထောင်နေသူများ အားလုံးတအံ့တသြဖြစ်ကြသော်လည်း မုဆိုးကြီးစကားကိုယုံကြည်မူမရှိကြပေ ။
.

ရွာသားများမယုံသည်ကလည်းအပြစ်မဆိုသာပေ။
နှစ်ငါးဆယ်အတွင်း ရုပ်ရည်မပြောင်းလဲပဲရှိနေသည်ဆိုသောစကားက ယုံတမ်းပုံပြင်ပြောသလိုသာ
ရှိနေ၏ ။

မုဆိုးကြီးကလည်း သူထူးဆန်းသောနေရာတခုသို့
တစ်နာရီခန့်မျဝင်ချိန်တွင်ယခုလိုအဖြစ်မျိုးဖြစ်သွား
ကြောင်းပြန်ပြောပြလာသည် ။

ရွာသားများမယုံပါက ထိုနေရာကိုလိုက်ပြနိူင်ကြောင်းပြောပြရင်း မုဆိုးကြီးမှာ သူရောက်ခဲ့သော
နေရာသို့ ရွာမှလူတချို့ခေါ်၍ရောက်လာခဲ့တော့သည် ။

မုဆိုးကြီးမှာ သူအမှတ်အသားပြုထားသော ကျောက်တောင်ဝင်ပေါက်တခါးရှေ့သို့ရောက်သောအခါ
သူ့မျက်လုံးများကို မယုံကြည်နိူင်အောင်ဖြစ်ရတော့
သည် ။

ကျောက်တခါးရှေ့သစ်ပင်ပင်စည်တွင်
သူခေါင်းစည်းပဝါကို ချည်နှောင်၍အမှတ်အသား
ပြုခဲ့၏ ။

ထိုပုဝါစကို ခြေရာလက်ရာမပျက်ပြန်တွေ့ရသော်
လည်း တောင်ကြားထဲသို့ဝင်ရာ ထူးဆန်းသော
ဝင်ပေါက်ကိုမတွေ့ရတော့ပေ။

ရွာသားများက မုဆိုးကြီးကိုလူလိမ်လူညာအဖြစ်
ဟားတိုက်ရယ်မော၊ လှောင်ပြောင်နေကြတော့သည် ။

မုဆိုးကြီးမှာ ထူးဆန်းစွာကြုံတွေ့ရမူများကို တခြား
လူများကိုပြရန်သက်သေမရှိတော့ပေ ။

ရွာသားများအလျိုလျိုပြန်သွားကြသော်လည်း
မုဆိုးကြီးမှာ သူဝင်ပေါက်တွေ့ခဲ့သောကျောက်တောင်ရှေ့တွင် စိတ်ပျက်အားငယ်စွာ ထိုင်ကျန်နေရစ်ခဲ့
သည် ။

ယခုဆိုလျှင်နှစ်ငါးဆယ်အချိန်ကာလကိုကျော်ဖြတ်ထားသော သူ့တွင်ဆွေမျိုးအပေါင်းအသင်းမရှိ၊
လူအဖွဲ့အစည်းတွင်သူ့အတွက်နေရာမရှိသလိုခံစား
နရေ၏ ။

ဇနီးဖြစ်သူဆုံးပါး၍ သားဖြစ်သူပင်သူထက်အသက်
အရွယ်ကြီးရင့်နေသော ယခုအခြေအနေတွင်
မုဆိုးကြီးအတွက် ဘာဆက်လုပ်ရမည်မသိလမ်း
ပျောက်နေမည်မှာမဆန်းပေ ။

မုဆိုးကြီးမှာ ဘယ်နေရာကိုမှမသွားတော့ပေ။
သူဝင်ပေါက်တွေ့ခဲ့ရာကျောက်တောင်ရှေ့တွင် တဲအိမ်
တလုံးဆောက်ပြီး သူရောက်ခဲ့သောနေရာကိုသွားရန်
တခါးနောက်တကြိမ်ပွင့်လာမည့်အချိန်ကိုစောင့်မျော်
လျှက်ရှိနေသည် ။

ဖိုးသူတော်ကြီးပေးသော အထုတ်ကို သတိရ၍
ဖွင့်ကြည့်လိုက်ရာ အရောင်တလက်လက်ထွက်နေသောကျောက်သံပတ္တမြားများကိုတွေ့ရ၏ ။

ထိုရတနာများကို လုံခြုံစွာဝှက်ထားလိုက်သည်။ မုဆိုး
ကြီးအနေဖြင့် ဟိုးယခင်အချိန်ကသာ ယခုရတနာများ
ကိုတွေ့ပါက လောဘစိတ်ဖြင့်ပျော်ရွှင်မိမည်ဖြစ်သော်
လည်း ယခုအချိန်ရတနာများလက်ဝယ်ရှိနေသည်ကို
ကျောက်စရစ်ခဲများသာသာဟု စိတ်အတွင်း သတ်မှတ်
နေမိသည်။

ဆယ်နှစ်ဆိုသောအချိန်အတွင်းမုဆိုးကြီးမှာ ဖြစ်သလိုနေထိုင်စားသောက်ရင်း တခါးပေါက်ပွင့်လာမည့်အချိန်ကိုမျော်လင့်ချက်ဖြင့် နေ့ညမပျက်ငေးမောနေ၏ ။

နဂိုမူလ မုဆိုးအလုပ်ကိုစွန့်လွှတ်၍ သစ်သီး၊သစ်ဖုများကိုသာရှာဖွေစားသောက်ကာ အသားစားခြင်းကို
လည်းရှောင်ကျဉ်လိုက်တော့သည် ။

တောတက်လာသော လူများမှာ ကျောက်တောင်ရှေ့
တွင်ဖြစ်သလိုနေထိုင်စားသောက်နေသော မုဆိုးကြီး
ကိုကြည့်၍အရူးကြီးဟုသတ်မှတ်ထားကြတော့သည်။

အဝတ်အစားကစုတ်ပြတ်၍ဖွာရာကျဲနေသည်။
ဆံပင်ကဘုတ်သိုက်၊ မုတ်ဆိတ်မွေး၊နူတ်ခမ်းမွေးများ
ထိုးထိုးထောင်ထောင်၊ အအိပ်အစားမမှန်၍လူက
ပိန်ချုံးနေသော မုဆိုးကြီးကို ပါလာသောစားသောက်
စရာများခွဲပေးတတ်ကြသည် ။

ပေးလာသော
စားစရာများကိုမုဆိုးကြီးကအသားငါးဆိုပါကလက်မခံ
တတ်ပေ။

မုဆိုးကြီး၏ကျန်းမာရေးတဖြည်းဖြည်းဖြင့်ချုချာလာသည် ။

အားပြတ်ချိနဲ့နေသောမုဆိုးကြီးမှာ ဆယ်နှစ်ဝန်းကျင်လုံး သူရောက်ခဲ့သော ထူးဆန်းသောနေရာမှတခါး
ပွင့်လာမည်ဆိုသောမျော်လင့်ချက်ကိုမလျော့ခဲ့ပေ ။

ဆယ်နှစ်ရှိခဲ့ပြီ။ ဆယ်နှစ်အတွင်းတကြိမ်တခါမှ
စိတ်မပျက်ဖူးသော မုဆိုးကြီးတယောက် စိတ်ဓတ်
များကျဆင်းနေ၏ ။

မရေမရာသောမျော်လင့်ချက်ဖြင့်ဆယ်နှစ်ဆိုသော
အချိန်ကိုစောင့်ဆိုင်းမိလေခြင်းဟုနောင်တများရလျှက်ရှိနေပါသည် ။

လူသူမနီးတောနက်ကြီးအတွင်း အဖျားဝေဒနာ၊
စိတ်ဓတ်ကျနေသော မုဆိုးကြီးမှာ သေရန်သာ
ရှိပါတော့သည် ။

သို့ရာတွင် ကံကြမ္မာတရားသည်ထူးဆန်းသော
အခြေအနေတွင်ရှိသည်။ မျော်လင့်သလိုမဖြစ်သလို၊
မမျော်လင့်သည်များဖြစ်တတ်သည်ကလောကသဘာ
ဝဟုဆိုရမည်ပင် ။

မုဆိုးကြီးအဖျားဝေဒနာဖြင့်မိန်းမောနေစဉ်
လူတယောက်ရောက်လာသည် ။

ထိုလူပုံစံကထူးဆန်းသော အသွင်တမျိုးပင်ဖြစ်သည်။
ဆံပင်မုတ်ဆိတ်များမှာ နှစ်ကာလအတန်ကြာ
မရိတ်မသင်ပဲထားခြင်းကြောင့်လိမ်၍ကောက်တက်နေ၏ ။ အရိုးနဲ့အရေပြားကြားတွင်အသားပင်ရှိရဲ့လား
ဟုထင်ရလောက်အောင် ပိန်ချုံးနေသည်။

နံရိုးပြိုင်းပြိုင်းကိုယ်တွင်မည်သည့်အရာမျှဝတ်ဆင်မထားပဲအောက်ပိုင်းတွင် အရှက်လုံရုံနံငယ်ပိုင်းကိုဝတ်
ဆင်ထား၏ ။
ထိုသူမှာ
ဆေးဥ၊ဆေးမြစ်များကိုထုထောင်း ကျိုချက်၍
မုဆိုးကြီးကိုတိုက်ကျွေးရာ မုဆိုးကြီးတယောက်
သေမင်းလက်မှလွှတ်မြောက်လာတော့သည် ။

မုဆိုးကြီးနေကောင်းကျန်းမာလာချိန်တွင်
ထိုလူက ထူးဆန်းသောစကားများပြောဆိုလာသည်။

မုဆိုးကြီးရောက်ခဲ့သောနေရာတွင်နေထိုင်လိုပါက
ယခုအတိုင်း သွားရောက်၍မရကြောင်း သူကိုယ်တိုင်လည်းထိုနေရာသို့သွားရောက်ရန်ကြိုးစားနေသူ
ဖြစ်ကြောင်းဆိုလာသည် ။

မုဆိုးကြီးမှာ သူသွားလိုသောနေရာကိုသွားရောက်
ရန်လမ်းစရေးရေးမျပေါ်လာသောကြောင့် ထိုနေရာသို့
သွားရောက်နိူင်မည့်နည်းလမ်းကိုမေးမြန်းလာသည်။

အကယ်၍မုဆိုးကြီးအနေဖြင့်ထိုနေရာသို့သွား
ရောက်လိုလျှင်ယခုအတိုင်းထိုင်စောင့်နေ၍မရနိူင်ပဲ
သူကျင့်ကြံနေသော ကျင့်စဉ်များကျင့်ရမည်ဖြစ်ကြောင်း။
သူကျင့်ကြံနေသော ကျင့်စဉ်များမှာ ပင်ပန်းဆင်း
ရဲစွာ နှစ်ရှည်လများကျင့်ရမည့် ကျင့်စဉ်များဖြစ်ကြောင်းပြောလာသည် ။

မုဆိုးကြီးမှာ မည်မျခက်ခဲသောကျင့်စဉ်ဖြစ်ပါစေ၊
သူရအောင်ကျင့်မည်ဖြစ်ကြောင်းပြန်ပြောလိုက်၏ ။

မုဆိုးကြီးမှာ သူဆရာတင်မည့်ပဂ္ဂိုလ်အမည်ကို
မေးမြန်းကြည့်ရာ ဆာဒူးကြီးဟုခေါ်ရန်ပြောလာ၏ ။

သူရောက်ခဲ့ဖူးသော အချိန်ကာလများ ကွာခြား
စေခဲ့သောနေရာအမည်ကိုမေးမြန်းကြည့်ပြန်သည် ။

” ရှန်ဗဲလား….”..ဆာဒူးကြီးက မုဆိုးအမေးကို
ပြန်ဖြေလာခြင်းဖြစ်သည် ။

..ရှန်ဗဲလား…ရှန်ဗဲလား…မုဆိုးကြီးမှာ သူတခါ
ရောက်ခဲ့ဖူးသောနေရာအမည်ကို နူတ်မှတတွတ်တွတ်ရွတ်ဆိုရင်း တချိန်ကပွင့်ခဲ့ဖူးသော တခါးပေါက်
နေရာကို နောက်ဆုံးနူတ်ဆက်အကြည့်ဖြင့်ကြည့်ပြီး
ထိုနေရာကိုစွန့်ခွာ၍ဆာဒူးကြီးသွားရာနောက်သို့
လိုက်သွားတော့သည်။

မုဆိုးကြီးစိတ်အတွင်း ရှန်ဗဲလားသို့ သူတနေ့
ရောက်ကိုရောက်ရမည်ဟူသော စိတ်ကိုပိုင်းဖြတ်
ထားပြီးဖြစ်၏ ။

===========================

အထက်ပါအဖြစ်အပျက်များဖြစ်ပွားပြီး
ဆယ်စုနှစ်တခုခန့်ကြာမြင့်ပြီးချိန်။

အန္ဒိယမြစ်တစင်းဖြစ်သောဗြမ္မာပုတ္တရမြစ်၏အပေါ်ပိုင်းအရပ်တွင် အိန္ဒိယတိုင်းရင်းသားများမှီတင်း
နေထိုင်သော ရွာငယ်လေးတရွာရှိ၏ ။

အိမ်ခြေ ငါးဆယ်ခန့်မျှရွာလေးဖြစ်ကာ ရွာသားများမှာ နွားမွေး၊ဆိတ်မွေးအလုပ်များ သီးနှံစိုက်ပျိုးခြင်းအလုပ်များလုပ်ကိုင်ကြသည် ။

မြို့ပြနဲ့အလှမ်းဝေး၍ အေးချမ်းစွာဘဝကိုဖြတ်
သန်းနေကြသူများဖြစ်သည် ။

ရာကွတ်ဘိုင်မှာ ရွာတွင်ကြွယ်ဝချမ်းသာသော
သူဌေးတယောက်ဖြစ်၏ ။

မြို့ပြသို့သွားလာ၍ကုန်ပစ္စည်းများဝယ်ယူကာ
ရွာတွင်လိုအပ်မည့်အသုံး
အဆောင်များကိုဆိုင်ဖွင့်ရောင်းချနေသူဖြစ်သည် ။

စျေးနူန်းမှာရာကွတ်ဘိုင် ပါးစပ်တွင်သာရှိသော
ကြောင့် အမြတ်ကိုနှစ်ဆခန့်တင်ရောင်းရင်း ချမ်းသာ
ပြီးရင်းချမ်းသာလာသူတယောက်ဖြစ်၏ ။

ရွာထိပ်တွင် ကြီးမားသောနှစ်ထပ်ပျဉ်ထောင်အိမ်
ကြီးဆောက်လုပ်၍ အပေါ်ထပ်တွင် မိသားစုများ
နေကာ အောက်ထပ်တွင်စျေးဆိုင်ကြီးဖွင့်ထားသည်။

ရာကွတ်ဘိုင်မှာ မနက်စောစောနိူးတတ်ပြီးဆိုင်
ဖွင့်ပြီးသောအခါ ခြံဝန်းအတွင်းမှသစ်ပင်အောက်
တွင် နေ့လည်၊နေ့ခင်းအချိန်အရိပ်ခိုနားနေရန်ပြု
လုပ်ထားသော သစ်သားစားပွဲတခုကိုဝိုင်းပတ်၍
ထိုင်စရာစားပွဲခုံများချထားသောနေရာတွင်ထိုင်ပြီး
မနက်စာစားတတ်၏ ။

ယနေ့နံနက်စောစောတွင် အိမ်တွင်ချက်ပြုတ်ရန်
ခေါ်ထားသော အမီနာ ပြုလုပ်ပေးသော နွားနိူ့နဲ့ချာပါ
တီကို စားသောက်ရန်ပြင်ဆင်နေစဉ် အိမ်ခြံဝမှရိပ်
ခနဲလူရိပ်တခုမြင်လိုက်သောကြောင့် စားသောက်မည့်
အရေးခနရပ်ကာ လှမ်းကြည့်လိုက်မိသည် ။

အစကပထမစျေးဝယ်မည့်သူဟုထင်မှတ်ထားသော
ရာကွတ်ဘိုင် တယောက်အိမ်ခြံအတွင်းဝင်လာသူကိုကြည့်ပြီးစိတ်ရူတ်သွားမိသည်။

ရှည်လျှားသောဆံပင်ပွယောင်းယောင်း၊နူတ်ခမ်းမွေးမူတ်ဆိတ်မွေးရှည်ရှည်၊ ပိန်လှိန်သော ခန္ဓာကိုယ်
အပေါ်ပိုင်းတွင် ဗလာကျင်းလျက် ခါးတွင်နံငယ်ပိုင်း
ကိုအရှည်လုံရုံဝတ်ဆင်ထားသူက ရာကွတ်ဘိုင်ရှိရာ
နေရာသို့တန်းတန်းမတ်မတ်လျှောက်လာနေသည် ။

အနီးရောက်သောအခါ ထိုလူမှရာကွတ်ဘိုင်အား

” ဟေ့ကောင်..ငါ စားသောက်စရာတွေ အလှူခံချင်
တယ်၊ ကျင့်စဉ်တခုကို အစာမစားပဲ သုံးနှစ်တိတိ
လေ့ကျင့်လာတာ ဒီနေ့ သုံးနှစ်ပြည့်ပြီမို့ ငါအစား
အသောက်လိုအပ်တယ်.. ”

သူတောင်းစားလိုလူမှာ ဆာဒူးတယောက်မှန်း
ရာကွတ်ဘိုင် သိလိုက်၏ ။

သူတို့ဒေသတွင် ဆာဒူးများကို မကြာခနမြင်တွေ့ရသလို ဆာဒူးအကြောင်းများ ကြားဖူး၊နားဝရှိနေ
သည်။

ဆာဒူးများမှာ အဓိဌန်ကျင့်စဉ်ဝင်နေသောကာလများတွင် ဂူအတွင်းအောင်း၍ မစားမသောက်နှစ်ရှည်
လများလေ့ကျင့်လေ့ရှိကြကြောင်း ကြားဖူးနေသည်။

ရာကွတ်ဘိုင်မှာ ဆာဒူးများကိုအယုံအကြည်မရှိသူမို့
မနက်စောစော လာတောင်းသည်ဟုသာစိတ်တွင်
သတ်မှတ်၍ ဒေါသဖြစ်သွား၏ ။

”…ကျုပ် အလှူအတန်းလုပ်ဖို့ စိတ်မဝင်စားဘူး ၊
ခင်ဗျားကို လှူချင်စိတ်လည်းမရှိဘူး ဆာဒူး ဒီတော့
တခြားနေရာသွားအလှူခံစမ်းပါ၊ ကျုပ်အိမ်ခြံဝိုင်းက
ထွက်သွားစမ်းပါ…”

” မင်းအတွက်မထိခိုက်မနစ်နာပဲ တခြားတယောက်အတွက် တကယ်အကျိုးရှိမယ့်ကိစ္စမျိုးကိုတောင်
မလုပ်နိူင်တဲ့မင်းဟာ လူ့အမိူက်ပဲ… ”

ဆာဒူးကြီးစကားကြောင့် ရာကွတ်ဘိုင်ဒေါသတို့
ထွက်သွားသည် ။

” ဆာဒူး..ခင်ဗျား ကျုပ်ခြံထဲကိုလဲလာသေးတယ်၊
ကျုပ်ကိုလည်းစော်ကားသေးတယ် ၊ ခင်ဗျားသွားမလား မသွားဘူးလား..မသွားရင် ကျုပ်အဆိုးမဆိုနဲ့. ”

” ကျွန်ပ်သဘောဆန္ဒမပါပဲ ဘယ်နေရာကိုမှ
ကျွန်ပ်သွားမှာမဟုတ်ဘူး လူမိုက်ရေ…”

…ရာဂျုး..ရာဂျုး…ရာဂျုး…..

..ဗျာ ဆရာ..လာပါပြီ…

ဆာဒူးကြီးစကားကြောင့် ရာကွတ်ဘိုင် တယောက်
ရူးရူးရှဲရှဲဖြစ်သွားပြီး အိမ်ဘက်ဆီမျက်နှာမူ၍အသံ
ကျယ်ကျယ်အော်ပြီး
သူတပည့်ရွာလူမိုက် ရာဂျုးအား
လှမ်းခေါ်လိုက်သည် ။

ပြန်ထူးသံနဲ့အတူ အရပ်အမြင့်ခြောက်ပေနီးပါး
ရှိပြီး လူဝံတကောင်၏ ကိုယ်လုံး၊ကိုယ်ပေါက်လို
ထွားကျိုင်းသောလူတဦးရောက်လာသည် ။

ရာဂျုးဆိုသော ဘင်္ဂလားလူမျိုးမှာ ရာကွတ်ဘိုင်
လက်ရင်းတပည့်ဖြစ်ပြီး အကြွေးရစရာများရှိ၍ပြန်မပေးသူများကို ရာဂျုးကိုအတောင်းလွတ်၍ရိုက်နှက်
ခိုင်းလေ့ရှိသည် ။

ယခုလည်း ဆာဒူးကြီးကို ရိုက်နှက်၍ ခြံပြင်မောင်း
ထုတ်ခိုင်းရန် ခေါ်လိုက်သည် ။

” ..ဒီ.သူတောင်းစား ဆာဒူးကို မှတ်လောက်သား
လောက်အောင် ရိုက်နှက်ပြီး ခြံပြင်ဆွဲထုတ်သွား…”

ဆရာဖြစ်သူရာကွတ်ဘိုင်စကားကြောင့် ရာဂျုးမှာ
ဆာဒူးအနီးတိုးကပ်လာသည်။

ရာဂျုးနဲ့ ဆာဒူးကြီးကိုနိူင်းယှဉ်ပြပါက အရွယ်မှာ
ဆင်နဲ့ဆိတ်အရွယ်မျရှိနေသည် ။

.”.ငမိုက်သား ရပ်စမ်း နေရာက တဖဝါးမှခွာဖို့စိတ်မကူးနဲ့ ။

မင်းခြေထောက်တွေဟာ မြေကြီးပေါ်က တလက်မမှ
ရွေ့လို့မရသလို မင်းစိတ်တွေဟာလည်း ဒီအဖြစ်အပျက်ကို အားလုံးသတိမရပဲရှိနေစေ။

ငါဒီနေရာကပြန်
သွားမှ မင်းနဂိုမူလစိတ်ပြန်ရပြီး ခုဖြစ်ပျက်သမျ
အကုန်မေ့သွားစေ ။..”

ဆာဒူးကြီးမှာ သူ့အားရိုက်နှက်ရန်လာသော
ရာဂျုးကို ကြောက်လန့်ဟန်မပြပဲ မျက်လုံးခြင်းဆုံ၍
စေ့စေ့ကြည့်လိုက်သည် ။

ဆာဒူးကြီးနဲ့ မျက်လုံးခြင်းဆုံမိသော ခနတွင်ဓတ်လိုက်သလိုတုန့်ခနဲဖြစ်ပြီး လူကလည်းတောင့်တောင့်ကြီးဖြစ်သွားသည် ။

ဆာဒူးကြီးမှာရာဂျုးအား မျက်လုံးခြင်းဆိုင်ကြည့်၍
အမိန့်ပေးစကားများပြောဆိုလိုက်သည် ။

..ရာဂျုး ဘာလုပ်နေတာလဲ.. ဒီ သူတောင်းစားကို
မောင်းထုတ်လိုက်လေ…

..ခိုင်းမနေနဲ့ လူမိုက်ကောင် နင်တပည့်စိတ်ကို
ငါညိူ့ထားလိုက်ပြီ တကယ်က
ညိူ့ပြီး နင်ကိုတောင်ပြန်သတ်ခိုင်းလို့ရတယ် ။

ဒါပေမယ့် ငါကအဲလောက်မရက်စက်ပါဘူး…

….တောက်…ရာရာစစ.. သူတောင်းစားကများ..

..ရှီ…ရှီ…ရှီ…ရှီ……

တောင့်တောင့်ကြီးရပ်နေပြီး
ရာဂျုးကိုခေါ်မရသောကြောင့်အံ့သြနေသော
ရာကွတ်ဘိုင်မှာ ဆာဒူးကြီးစကားကြောင့်စိတ်ဆိုး
ဒေါသဖြစ်သွားသည် ။

အမှန်ဆိုပါက ယခုအဖြစ်အပျက်က အံ့သြထိတ်လန့်စရာ အဖြစ်မျိုးဆိုသော်လည်း အတ္တမာနကြီးသော
ရာကွတ်ဘိုင်မှာ ဆာဒူးကြီးကို ဒုက္ခပေးရန်ထပ်မံကြံစည်ရင်းဒေါသဖြင့် တောက်တချက်ပြင်းပြင်းခတ်ကာ
လက်ခေါက်မူတ်လိုက်သည်။

ရာကွတ်ဘိုင်လက်ခေါက်မူတ်၍ အချက်ပေးလိုက်
ရာ လူခါးစောင်းခန့်အမြင့်ရှိမည်ဖြစ်သော ခွေးကြီးနှကောင်မှာ သခင်ရှိရာသို့ အမြီးနှံ့၍ရောက်လာကြသည်။

..ရူး….ရူး…ရူး…ကိုက်…ကိုက်ကြ…ကိုက်ကြ…

…အိန်…အိန်…အီ…အီ. ..အီ….

”….ဟား..ဟား…ဟား….လုပ်မနေနဲ့ မင်းခွေးတွေ
ငါ့ကိုမြင်လည်းမမြင်နိူင်ဘူး၊ကိုက်လည်းမကိုက်နိူင်ဘူး။…”

ကိုက်တတ်အောင်သင်ကြားပေးသော ခွေးဆိုးကြီးနှစ်ကောင်မှာ ဆာဒူးကြီးကို သခင်ဖြစ်သူရူးတိုင်ရာ
မမြင်မတွေ့သည်အလား ဟိုရှာဒီရှာရှိနေကြပြီး ကြောက်စရာတခုခုတွေ့သည်အလား အမြီးကုတ်၍လျှက်
ကြောက်လန့်သံ အော်ဟစ်နေကြရာ ဆာဒူးက တဟားဟားအော်ရယ်ပြီးပြောလာသောစကားကြားချိန်
ရောက်မှ ဆာဒူးကြီးအပေါ်ကြောက်စိတ်ဝင်လာမိ
တော့သည် ။

”..ရာဂျုးနဲ့ ကျုပ်ခွေးတွေကို ခင်ဗျားဘယ်လို
အတတ်နဲ့ပြုစားလိုက်တာလဲ ၊ ခင်ဗျားအတော်ဆိုး
တဲ့လူပဲ… ..”

” ..ဆိုးတာ ငါမဟုတ်ဘူးမင်းကွ လူမိုက်ရ
ကိုယ့်တဖို့သာရှိတဲ့ လူအတ္တသမားကမင်း ။

မင်းရဲ့ တကိုယ်ကောင်းအတ္တမာနအတွက်
ငါမင်းကို ကျိန်စာတခုတိုက်ခဲ့မယ် ။

ဒီရက်ကစပြီး
မင်းဟာ ငါအခုဆာလောင်နေသလိုဆာလောင်မူမျိုး
ကြုံရပါစေ၊စားသောက်စရာများကိုမျက်စိရှေ့မြင်နေရပေမယ့် မစားနိူင်မသောက်နိူင်အခြေအနေမျိုးကြုံရပါစေ။…”

ဆာဒူးကြီးမှာထူးဆန်းသောကျိန်စာတခု ရာကွတ်ဘိုင်ကိုကျိန်ထားခဲ့ပြီး သူ့ရှေ့မှခွာ၍ အိမ်ခြံဝင်းအတွင်း
မှထွက်သွား၏ ။

ရာကွတ်ဘိုင်တယောက်ပါးစပ်အဟောင်းသားဖြင့်ကျန်နေရစ်ခဲ့သည်။

..ဆရာ ကျွန်တော်ကို ဘာလုပ်ဖို့ခေါ်တာလဲ…

”..မင်း အစောက ဟိုဆာဒူးကြီးပြောသွားတာတယ်
ကြားတယ်မဟုတ်လား ။ ငါ့အပေါ်စော်ကားပြီး
ကျိန်စာတောင်တိုက်သွားတာ မင်းကဒီအတိုင်း
ရပ်ကြည့်နေတယ်… ”

” ဗျာ… ဆရာခေါ်လို့ကျွန်တော်လာတော့ ၊
ဆရာအနား ဘယ်သူ့ကိုမှမတွေ့ပါဘူး ။..
ဘာများဖြစ်လို့လဲ…”

” …ဟေ..အေး.. ဘာမှမဟုတ်တော့ဘူးရပြီ
သွားတော့… ”

ဆာဒူးကြီးထွက်ခွာသွားချိန်ရောက်မှ ရာဂျုးမှာလူပ်ရှားလာလျှက် ဆာဒူးကြီးနဲ့ဆုံခဲ့ရသောအကြောင်း
မသိဟန်ဖြင့်ပြောလာရာ ၊ ရာကွတ်ဘိုင်မှာ စိတ်ရူတ်
ထွေးသွားပြီးဘာမှဆက်မပြောတော့ပဲ ပြန်လွတ်လိုက်
သည်။

ခွေးနှစ်ကောင်မှာလည်း ယခုမှတဝုတ်ဝုတ်ထိုး
ဟောင်နေသောကြောင့် အနားမှမောင်းထုတ်ကာ
ခုံပေါ်ထိုင်ချရင်း တွေဝေစွာစဉ်းစားခန်းဝင်နေမိ၏ ။

သူရင့်သီးစွာပြောဆိုလိုက်သော ဆာဒူးမှာ အစွမ်း
သတ္တိရှိသူတယောက်ဖြစ်ကြောင်း သူ့မျက်စိရှေ့တွင်
ဖြစ်ပျက်သွားသော ရာဂျုးနဲ့ ခွေးနှစ်ကောင်ကသက်
သေပင် ။

သူ့ရှေ့မှ နွားနိူ့နဲ့ ချာပါတီကိုကြည့်ရင်း ဆာဒူးကြီး
ကျိန်စာကိုသတိရလာမိသည် ။

ရာကွတ်ဘိုင်စိတ်အတွင်း ဘာမှမဖြစ်လောက်ပါဘူး ဟူသော အတွေးကိုတွေးရင်း ချာပါတီတခုကို
လှမ်းယူရင်း ပါးစပ်အတွင်းထည့်လိုက်သည် ။

..ဖွီ…ဝေါ့… ထွီ…ထွီ….

…ဟာ…

ရာကွတ်ဘိုင်အံ့သြခြင်း၊ မယုံကြည်နိူင်ခြင်းများ
ဖြစ်သွားရ၏ ။

ချာပါတီကသူ့ပါးစပ်အတွင်းရောက်ချိန်တွင် နွားချေး
ခြောက်အဖြစ်ပြောင်းလဲသွားသောကြောင့် ထွေးထုတ်ရင်း ပျို့တက်ကာ လေပင်အန်တက်သွားသော
ကြောင့် နွားနိူ့နဲ့ ပလုတ်ကျင်းရန် နိူ့ခွက်ကိုယူ၍
တငုံငုံလိုက်သည် ။

…ဝေါ့.. ဖြီ…ဖြီ…

ပါးစပ်အတွင်းရောက်သော နွားနိူ့မှာ နွားသေးရည်
အဖြစ်ပြောင်းလဲသွားသောကြောင့် ရာကွတ်ဘိုင်
တယောက် အံ့သြထိတ်လန့်မူများက ဆိုဖွယ်ရာမရှိတော့ပေ ။

နောက်တကြိမ်မုန့်ကို စမ်းစားကြည့်ပြီး၊နွားနိူ့ကို
ပါးစပ်အတွင်းငုံကြည့်သည် ။
မုန့်က အစပထမ သူမစားခင်အချိန် ပုံမှန်အတိုင်း
ရှိနေသော်လည်း သူစားသောအခါ နွားချေးခြောက်သို့
ပြောင်းသွားသလို၊ နိူ့ကလည်းသူ့ပါးစပ်ရောက်ကာ
နွားကျင်ငယ်ရည်အဖြစ်ပြောင်းသွားသည် ။

” အစ်ကို မျက်စိပျက် မျက်နှာပျက် ဘာဖြစ်
နေတာလဲ ၊… ”

” လက်ချမီး မင်းဒီမုန့်နဲ့ နွားနိူ့ကို စားသောက်
ကြည့်စမ်းပါ… ”

” ..ဘာဖြစ်လို့လဲ အစ်ကို.. ချာပါတီက
တခုခုဖြစ်နေလို့လား….”

” စားမှာသာ စားပါကွာ… ငါ့အတွက်အရေးကြီး
နေလို့… ”

ရာကွတ်ဘိုင်တယောက်သူကြုံနေရသော အခြေအနေကြောင့်ထိတ်လန့်သွေးပျက်စွာရှိနေစဉ်ဇနီးဖြစ်သူ လက်ခ်ျမီးအနားရောက်လာသောကြောင့်
မုန့်နဲ့နွားနိူ့ကိုစားသောက်ခိုင်းရာ ဇနီးဖြစ်သူမှာယောက်ကျားဖြစ်သူ၏အထိတ်တလန့်ဖြင့်မျက်နှာအမူ
အယာပျက်ယွင်းနေခြင်းကို နားမလည်နိူင်စွာ ချာပါတီ
ကိုပဲရည်ဖြင့်ရောစား၍ နွားနိူ့တကျိုက်သောက်လိုက်
သည်။

” မင်း မုန့်နဲ့ နွားနိူ့စားသောက်တာ ဘာမှမထူးခြားဘူးလား…”

” နွားနိူ့နဲ့ မုန့်က ပုံမှန်ပါပဲ ဘာမှမထူးခြားပါဘူး၊
ထူးခြားနေတာကရှင်ပဲ ရှင်ဘာတွေဖြစ်နေတာလဲ
ကျုပ်ကိုပြောပြပါအုံး…”

” မင်း..အတွက် မုန့်နဲ့ နွားနိူ့က ဘာမှမဖြစ်ဘူး…
ဒါဆို၊… ဒါဆို….ကျိန်စာ…ငါ ဆာဒူးကျိန်စာတကယ်
ဖြစ်ပြီပေါ့….”

ရာကွတ်ဘိုင်တယောက် ကြောက်လန့်စိတ်များနဲ့အတူ နောင်တ တရားများဖြင့် အိမ်ခြံဝင်းအပြင်သို့
တရှိန်ထိုးပြေးထွက်၍ ဆာဒူးကြီးကိုလိုက်ရှာနေမိသည် ။

သို့ရာတွင် ဆာဒူးကြီးမှာဘယ်အရပ်သို့ထွက်သွား
သည်မဆိုနိူင်ပေ။
ရှာမတွေ့သောကြောင့် စိတ်ထဲတွင် ကမ္ဘာပျက်နေသလို ခံစားမူမျိုး ခံစားနေရတော့သည် ။

ရာကွတ်ဘိုင်အိမ်မှထွက်လာသော ဆာဒူးကြီးမှာ
လမ်းချိုးတခုသို့ရောက်လာ၏ ။

” ဆာဒူးကြီးခင်ဗျ ခနလောက် ရပ်ပါအုံး ၊ ဆာဒူးကြီးကို စားသောက်စရာလှူချင်ပေမယ့် လက်ထဲဘာမှ
မပါလာလို့ အိမ်ကို လိုက်ခဲ့ပေးဖို့ ဖိတ်ခေါ်ပါတယ်…”

လူငယ်တယောက်မှာ ဆာဒူးကြီးကိုလမ်းထောင့်ချိုးတွင်စောင့်ဆိုင်းနေခြင်းဖြစ်သည် ။

လူငယ်အမည်မှာ ဘိုင်ရာဆတ်ဟုခေါ်၏ ။
မိခင်ဖြစ်သူနေမကောင်းသောကြောင့် ရာကွတ်ဘိုင်
စျေးဆိုင်သို့ မနက်စောစော ဆေးလာဝယ်ရာမှ ဆာဒူးကြီးနဲ့ ရာကွတ်ဘိုင် အဖြစ်အပျက်အစအဆုံးမြင်တွေ့
ပြီးဖြစ်၏ ။

ဆာဒူးကြီးကို စားသောက်စရာများလှူဒန်းလိုသော
စေတနာက ဘိုင်ရာဆတ်တွင်ရှိသည်။

သို့ရာတွင် ရာကွတ်ဘိုင်ကသူနဲ့မတည့်သူများကို
ကူညီပါက အငြိုးထားတတ်သူဖြစ်၏။

ဒါကြောင့် လမ်းချိုးထောင့်မှစောင့်ဆိုင်း၍အိမ်သို့ခေါ်
ါနေခြင်းဖြစ်သည် ။

ဆာဒူးကြီးမှာ ခေါင်းညိတ်၍ ဘိုင်ရာဆတ် ဦးဆောင်သွားရာနောက်သို့လိုက်ခဲ့တော့သည် ။

ရွာပြင်မှ တဲသာသာအိမ်ငယ်တလုံးရှေ့ရောက်သော
အခါ ဆာဒူးကြီးမှတဲအပြင်ဖက်တွင်ရပ်နေသည်။

အတွင်းသို့လိုက်မဝင်သောကြောင့် ဘိုင်ရာဆတ်မှာ
နာမကျန်းဖြစ်နေသောမိခင်အားဆာဒူးအကြောင်း
ပြောပြ၍ နွားနိူ့နဲ့ မုန့်အချိုများယူ၍အိမ်ပြင်ထွက်လာ
ရင်းဆာဒူးကြီးကို လှူလိုက်သည် ။

ဆာဒူးကြီးမှာနွားနိူ့ကို လက်ဝါးနှစ်ဖက်တွင်ခံယူ၍
သောက်၏ ။
မုန့်ချိုသုံးလေးခုကိုစားသောက်ပြီးသောအခါဆာဒူးကြီးကလက်ကာပြလိုက်သည် ။

ဘိုင်ရာဆတ် မိခင်ကြီးမှာလည်း ဖျားနေရာမှထလာ
၍သာဖြစ်သူအနီးလာ၍ ဆာဒူးကြီးကို အရိုအသေ
အသေပေးလျှက်ရှိနေသည် ။

” စားသောက်စရာတွေ ကျွန်ပ်ကိုကျွေးမွေးတဲ့
အတွက် ကျွန်ပ်ကလည်း ပြန်ပြီး ကျေးဇူးပြုရမှာပေါ့။

ခုစားရတဲ့ စားစရာတွေက သုံးနှစ်အတွင်းကျွန်ပ်စား
ရတဲ့ပထမဆုံးစားစရာတွေပဲ တလုတ်စားဖူးသူ့ကျေးဇူးစကားအတိုင်းပေါ့၊

ရော့.. ဒီအသီး ကိုစားလိုက်.. ဒါနှင်းပန်းသီး လို့ခေါ်တယ်၊ ဟိမဝန္တာရဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာ၊ အသူတရာနက်တဲ့ ချောက်ကမ်းပါးနံရံတွေမှာ
တွယ်ကပ်ပေါက်တဲ့ နွယ်ပင်မှာ ဆောင်းရာသီကာလ
သီးတဲ့ အသီးပဲ ။

သူ့အစွမ်းက အသက်ကြီးပိုင်း လူအိုတွေဖြစ်လေ့
ရှိတဲ့ ကိုးဆယ့်ခြောက်ပါးရောဂါတွေကိုပျောက်ကင်း
စေနိူင်တယ် ။

ရော့… ဒီမြေပုံအတိုင်းသွားပြီး တူးကြည့်မင်းအတွက်
ထူးခြားမူကြုံရလိမ့်မယ် ။…လူတွေအပေါ်မေတ္တာထားပြီး ကူညီစောင့်ရှောက်ပါလို့ ကျွန်ပ်နောက်ဆုံးမှာချင်တယ်…”

ဆာဒူးကြီးမှာ ခါးမှနံငယ်ပိုင်းနဲ့ရောလိပ်ထားသော
ဇီးသီးအရွယ်နီနီရဲရဲ အသီးတလုံးကို လူမမာ အမယ်အိုကြီးကိုပေးရင်း အသီးအကြောင်းရှင်းပြလာသည်။

ဆိတ်သားရေတွင်ရေးမှတ်ထားသောမြေပုံတခုကို
ဘိုင်ရာဆတ်လက်သို့ပေးပြီးချိန်တွင် ဆာဒူးကြီးမှာ
ဆာဒူးကြီးမှအိမ်အနီးမှထွက်ခွာ၍ တောအတွင်းဝင်သွားသော မြင်ကွင်းကို ဘိုင်ရာဆတ်တို့သားအမိမှာ
မျက်စိတဆုံးလိုက်ကြည့်၍ ကျန်နေရစ်ခဲ့ကြတော့သည် ။

ထိုနေ့မှစ၍ဆာဒူးကြီးမှာ ရွာမှပျောက်ကွယ်သွား၏။ ဆာဒူးကြီးကို နောက်တကြိမ်ဘယ်သူမှ
မြင်တွေ့ရခြင်းမရှိတော့ပေ။

ဒါပေမယ့် ဆာဒူးကြီးနဲ့ပတ်သက်၍ နောက်ဆက်တွဲ
များရွာတွင်ကျန်နေရစ်ခဲ့သည် ။

ရာကွတ်ဘိုင်မှာ ဆာဒူးကြီးကျိန်စာတိုက်သောနေ့မှ
စ၍ အစားအသောက်များကို စားသောက်၍ မရတော့ပေ။
စားစရာတိုင်း ရာကွတ်ဘိုင်ပါးစပ်ရောက်သည်နဲ့
အညစ်အကြေးများအဖြစ်ပြောင်းလဲကုန်တော့သည်။

ရာကွတ်ဘိုင်မှာ ဝမ်းဗိုက်အတွင်းတကြုတ်ကြုတ်မြည်အား ဆာလောင်နေသော်လည်းမည်သည့်အစား
အသောက်ကိုမှစားသောက်၍မရပဲ ဆာဒူးကျိန်စာ
အမှန်တကယ်ဖြစ်နေသည် ။

ရာကွတ်ဘိုင်၏ ထူးဆန်းသောအဖြစ်အပျက်ကို
မိသားစုများနဲ့ ရွာသားများအံ့သြကြကုန်၏ ။

ဆရာပေါင်းစုံခေါ်ပြသော်လည်း ရာကွတ်ဘိုင်
ဖြစ်ပျက်နေသော အခြေအနေကို နားမလည်နိူင်ကြပေ။

ရာကွတ်ဘိုင်တယောက်နောင်တကြီးစွာရလျှက်
ဆာဒူးကြီးကို အနယ်နယ်အရပ်ရပ်လူလွတ်ရှာခိုင်း
သော်လည်း သတင်းအစအနကိုပင်မကြားရပဲရှိ
နေသည် ။

နောက်ဆုံး ရာကွတ်ဘိုင် တယောက်ပိန်ချုံးချည့်နဲ့ကာ အစာအဟာရပြတ်၍ဆာလောင်စွာသေဆုံးသွား
တော့သည် ။

ဆာဒူးကြီးနဲ့ပတ်သက်၍ ဘိုင်ရာဆတ် မိသားစု
ပြောင်းလဲမူက ရာကွတ်ဘိုင်နဲ့ဆန့်ကျင်ဖက်အခြေ
အနေမျိုးဖြစ်သည်။

နှင်းပန်းသီးကိုစားပြီးချိန်မှစ၍ မကျန်းမာခြင်းများကို
နူတ်ယူပစ်လိုက်သည်အလား ကျန်းမာလာသည် ။

ဘိုင်ရာဆတ်မှာ ဆာဒူးကြီးပေးသော မြေပုံအတိုင်း
လိုက်သွားရာ ဟိမဝန္တာတောအတွင်းမှ ကျောက်တောင်ကြီးတတောင်ဘေးသို့ရောက်လာခဲ့သည် ။

မြေပုံတွင်ညွန်ပြထားသောနေရာကိုတူးဆွကြည့်ရာ
အိတ်ငယ်တအိတ်တွေ့ရပြီး ဖွင့်ကြည့်လိုက်ရာ
မယုံကြည်နိူင်စရာ အဖိုးတန်ကျောက်မျက်ရတနာများ
တွေ့ရတော့၏ ။

ဘိုင်ရာဆတ်မှာ ကျောက်သံပတ္တမြားများကို
ထုခွဲရောင်းချ၍ ရွာသားများကို ဆန်များ၊အဝတ်အထည်များ လှူဒန်း၏ ။

ပစ္စည်းအမျိုးပေါင်းစုံလင်သော ကုန်စုံဆိုင်ကြီး
တဆိုင်ဖွင့်၍ အလွန်သက်သာသောစျေးဖြင့်ရောင်း
ချပေးရာ ၊ ရာကွတ်ဘိုင်မရှိ၍ ဦးဆောင်သူမရှိ စျေးများသော ကုန်ဆိုင်မှာပိတ်လိုက်ရတော့သည် ။

ဆာဒူးကြီးနဲ့ပတ်သက်၍ရွာသားများမှာ နောက်တကြိမ်ပြန်တွေ့ပြီးသူတို့လည်းဆာဒူးကြီးကိုလှူဒန်း၍
ကူညီစောင့်ရှောက်မူရရန်မျော်လင့်နေကြသည် ။

သို့ရာတွင်
ဆာဒူးကြီးကို သူတို့တသက်တွင်နောက်တကြိမ်
ပြန်တွေ့ခွင့်မရကြပဲ ၊ ဆာဒူးကြီးကပေါ်မလာတော့ပေ။

ဘိုင်ရာဆတ်မှာ သူတို့သားမိကို ကူညီစောင့်ရှောက်မူပေးခဲ့သော ဆာဒူးကြီးကိုနေ့စဉ်မျော်လင့်နေမိသည်။
ကျေးဇူးဆပ်ချင်၍ ကျွေးမွေးပြုစုချင်စိတ်ဖြင့်
မျော်နေမိခြင်းပင် ။

ဆာဒူးကြီးကိုမတွေ့ရတော့သော်လည်း ဆာဒူးကြီး
အမှာစကားအတိုင်း ရွာသားများအပေါ် ငွေအား၊လူအားဖြင့်တတ်စွမ်းသမျကူညီ၍ ဆာဒူးကြီးစကားကို
လိုက်နာလျက်ရှိနေပါသည် ။

မနက်ခင်းနေရောင်ခြည်မှာ ဟိမဝန္တာသို့ဖြာဆင်း
ကျနေသည် ။

ဆာဒူးကြီးတပါးမှာ ကျောက်တောင်ကြီးတတောင်ဘေး မျက်လုံးမှိတ်၍ ငြိမ်းချမ်းသောစိတ်ဖြင့်
စိတ်ကျင့်စဉ်တမျိုးကျင့်နေစဉ် ကျောက်တောင်ကြီးမှာ ဘေးသို့တဖြည်းဖြည်းအက်ကွဲလာရာမှတဆင့်၊
နောက်ဆုံးလူတကိုယ်စာ ဝင်ပေါက်တခုပွင့်လာ၏ ။

ကျင့်စဉ်ကို အဆုံးသတ်ရပ်နား၍ ဆာဒူးကြီးမှာ
ကျောက်တခါးပွင့်နေရာအနီးသွားရင်းအတွင်းသို့
လှမ်းဝင်လိုက်သည် ။

” ဒုတိယအကြိမ် ရောက်လာပြီပေါ့ ၊ ခင်ဗျားဆရာ
အထဲမှာစောင့်နေတယ် သွားကြတာပေါ့…”

အတွင်းမှပြုံးရွှင်သောမျက်နှာနဲ့ ဖိုးသူတော်ကြီး
တယောက်က ဆာဒူးကြီးကိုနူတ်ဆက်လာသည် ။

ဖိုးသူတော်နောက်မှ ဆာဒူးကြီးလိုက်သွားချိန်
တောင်နံရံမှဟနေသောတခါးမှာလည်းတဖြည်းဖြည်း
ပြန်စေ့ရင်း ပိတ်သွားပါတော့သတည်း ။

===========================

ပြီးပါပြီ

မြူခိုးအလင်္ကာ
#ညမဖတ်ရ