ကိုယ်ပျောက်မှော်

ကိုယ်ပျောက်မှော် (စ/ဆုံး)
—– မူရင်းရေးသားသူ – ဆရာတာတေ

ထနောင်းကုန်းနဲ့ ဘန့်ဘွေးကုန်းဆိုတာတစ်ဆက်တည်းရှိနေတဲ့
ရွာတွေလေဗျာ၊ညရေးညတာရှိလို့ တစ်ရွာက
သံချောင်းခေါက်ရင် တစ်ရွာက ကြားရတာဗျ။နတ်တော်လဗျို့။
ကျုပ်တို့အညာမှာ လွှတ်အေး
နေပြီ။ လူတိုင်းစောင်ခြုံပြီး ကွေးနေတဲ့အချိန်လေဗျာ။
မတော်တဆ နိုးသွားရင်
ချက်ချင်း ပြန်အိပ်လို့မရတဲ့လတွေပေါ့ဗျာ။
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင် ဒေါင်”
တစ်ရွာလုံး အိပ်ကောင်းနေတဲ့အချိန်
ကင်းတဲက သံချောင်းခေါက်သံကြီး
ထွက်လာတာဗျ။
“ဟဲ့ တာတေ၊ တာတေ၊ နိုးလား”
အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် ကျုပ်
အမေက အသံတွေတုန်နေရောဗျ။
“နိုးပါတယ် အမေရဲ့”
“နင့်နိုးတယ်သာဆိုတယ်၊ တုံးလုံးက
မထပါလား၊ ထထက်ပြီး ထိုင်လေ၊အသံလေးဘာလေး နားစွင့်ဟဲ့”
ကျုပ်လည်း လှဲနေလို့ မရတော့ဘူး
ပေါ့ဗျာ။ ချမ်းချမ်းစီးစီးနဲ့ ထထိုင်ရ
တော့တာဗျို့။
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
ဟော…ကျုပ်တို့ရွာလယ်ပိုင်းကလည်း
ခေါက်သဗျ။ စကြားတုန်းကတော့ မြောက်ပိုင်းကင်းက အသံဗျ။
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
ဟော…တောင်ပိုင်းကင်း။ ဟာ…အရှေ့
ပိုင်း။ ဟာ…အနောက်ပိုင်းကလည်း
ခေါက်ပြီဗျို့။တစ်ရွာလုံး ကင်းတွေအကုန်ခေါက်တာဗျို့။
“တာတေ ထစမ်း၊ အပြင်ထွက်ပြီး နည်း
နည်းပါးပါး ကြည့်စမ်း၊ မီးတွေ
ဘာတွေများလားဟဲ့”
အမေက အသံခပ်တုန်တုန်နဲ့ ပြောနေတာဗျ။
ကျုပ်လည်း အမေစိုးရိမ်နေမှန်းသိလို့ ထပြီး
ပြတင်းပေါက်တွေ ဖွင့်ကြည့်ရတာပေါ့ဗျာ။
မီးခိုးတွေဘာတွေ မတွေ့ပါဘူးဗျာ။
“မီးတော့ မဟုတ်ပါဘူး အမေ၊
ဘာမှလည်း မတွေ့ဘူး”
“အေး…အေး၊ မီးမဟုတ် ပြီးတာပါပဲဟယ်၊
ငါက မီးပဲ ကြောက်တာ”
အမေပြောတာ ဟုတ်တယ်ဗျ။ကျုပ်တို့
အညာရွာတွေမှာ အကြောက်ဆုံးကမီးပဲဗျ။
ခင်ဗျား စဉ်းစားကြည့်လေဗျာ။
မီးလောင်ရင် ကျုပ်တို့မှာ ပက်စရာ
ရေမှမရှိတာ။ သဲထုပ်နဲ့ပစ်၊ အိမ်ဖျက်ချပဲ လုပ်ရတာ။
“အမေ ကျုပ် သွားကြည့်လိုက်ဦးမယ်”
ကျုပ်က တာတေပဲဗျာ။ အမေ သိချင်
တာထက် ကျုပ်သိချင်တာက ပိုပါတယ်
အဘကတော့ ကျုပ်ထွက်လာတော့စောင်ကြီးခြံပြီး
ဆေးလိပ်ဖွာနေတာဗျ။
“လူလေး သတိဝီရိယနဲ့ သွားနော်၊
ဘာဖြစ်တာတုန်း သိတာ မဟုတ်ဘူး”
“ဟုတ်ကဲ့ ”
ကျုပ် ရွာလယ်ပိုင်းက ဗဟိုကင်းတဲကို
သွားလိုက်တယ်။ မနက်ဖြန် လပြည့်
ဆိုတော့ လက အတော်သာနေတာဗျ။
ကျုပ်စိတ်က ထင်တာလားတော့ မသိဘူးဗျ။
လထိန်ထိန်သာနေရင် အညာ
က ပိုပြီးအေးသလိုပဲ။ ဖျင်ကြမ်းအနွေး
ထည်ကြီး တစ်ထည် ပတ်ထားပေမယ့်
စိမ့်နေတာဗျ။ လက်ထဲတော့ လိုရမယ်
ရ ဓါတ်မီးတစ်လက်တော့ ကိုင်လာခဲ့တယ်။
“ဒီည ဘယ်သူ့ကင်းလဲကွ”
“ဟာ…တာတေပါလား၊ မင်းလာတာ
အတော်ပဲကွ၊ ငါရယ်၊ ကျောက်ခဲရယ်၊
သံမဏိရယ်၊ ခြောက်စောင်းရယ်ကွ”
“ဟင်၊ ကိုကြီးတောင်လုံးပါလား”
ကျုပ် ကင်းတဲပေါ်ကို လှမ်းကြည့်လိုက်
တော့ ကျုပ်ကောင်နှစ်ကောင်လည်း
တွေ့ရတယ်ဗျ။ ခြောက်စောင်းဆိုတာ
က အောင်ဗလဆိုတဲ့ကောင်ကို ခေါ်တာဗျ။
ဒီကောင်က မျက်စိတော်
တော် စောင်းတဲ့ကောင်ဗျ။ တစ်လုံး
ကမြေကြီးကို ကြည့်နေပြီး တစ်လုံး
က ကောင်းကင်ကို ကြည့်နေသလို
ထင်ရတာ။ ကျုပ်က ကင်းတဲပေါ်ကို
တက်ပြီး ကျောက်ခဲနားမှာ ဝင်ထိုင်လိုက်တယ်။
“ခြောက်စောင်းရော၊ မတွေ့ပါလား”
“ကိုအောင်ဗလက ကင်းတွေကို
ပတ်ပြီးစုံစမ်းနေတယ်ဗျ ကိုကြီး
တာတေရဲ့”
“နို့ မင်းတို့က ဘာဖြစ်လို့ သံချောင်း
ခေါက်တာတုံး”
ကျုပ်မေးတုန်းစမ်းတုန်း ရှိသေးတယ်၊
ရွာလယ်လမ်းမှာနေတဲ့ လူတွေ ကင်း
တဲကို တစ်ယောက်ပြီးတစ်ယောက်
ရောက်လာကြတယ်။
“တောင်လုံးရေ၊ ဘာဖြစ်လို့ သံချောင်း
ခေါက်တာတုံး”
လေးလေးချက်ကြီးက မေးတာဗျ။
“လူဗျ၊ လေးလေးချက်ကြီးရ”
“ဟ…လူမြင်တာပဲ သံချောင်းခေါက်ရသ
လားဟ၊ ရွာထဲကလူတွေ ကိစ္စရှိလို့ သွား
တာလာတာ ဖြစ်မှာပေါ့ တောင်လုံးရ”
တဖြည်းဖြည်းနဲ့ ကင်းထဲမှာ လူတွေအုံနေပြီဗျ။
“လေးလေးချက်ကြီးကလည်း ဒီရွာမှာ
နေတဲ့လူကို ကျုပ်တို့က မသိဘဲနေမလား
ဗျ၊ အခုဟာက လူစိမ်းဗျ လူစိမ်း”
“ဟာ၊ တစ်ယောက်ယောက်အိမ်မှာ
ဧည့်သည်တွေ ဘာတွေ ရောက်နေလားမှ
မသိတာ၊ မင်းတို့က ဘယ်သူလဲ၊ ဘာလဲ
မေးစမ်း မကြည့်ကြဘူးလား”
“လေးလေးချက်ကြီးကလည်းဗျာ အဖြစ်ကို
မမေးသေးဘဲ ပြောနေတာကိုးဗျ”
“ဟေ…ဒါဆိုလည်း ပြောပါဦးကွ၊ အဖြစ်က
ဘယ်လိုဖြစ်လို့တုံး”
“ဟိုတောင်ဘက်က လျှောက်လာတာဗျ၊
လူက အရပ်မနိမ့်မမြင့်နဲ့ဗျ၊ ဘန်ကောက်လုံချည် နံ့သာရောင်နဲ့ တိုက်ပုံဝါတာတာလေး ဝတ်ထားတာ၊ လည်ပင်းမှာ
မာဖလာအကြားလေး ပတ်ထားတယ်၊ခေါင်းမှာ သိုးမွေးဦးထုပ်လည်း ဆောင်းထားတယ်၊ ခြောက်စောင်းက စတွေ့တာဗျ။
လရောင်အောက်မှာ လျှောက်လာတာ။
‘ကိုကြီးတောင်လုံး ဟိုမှာလေဗျ၊ အချိန်မရှိ
ဘယ်သူတုံး မသိဘူး’ဆိုလို့ ကျုပ်ကထကြည့်လိုက်တာ။
ကျုပ်စိတ်ထဲမှာ တောင်ပိုင်းက
ကိုကြွက်သိုးလို့ ထင်လို့ ကြည့်နေတာ၊ နည်းနည်းနီးလာမှ
ကိုကြွက်သိုး မဟုတ်မှန်းသိပြီး လက်နှိပ်ဓါတ်မီးနဲ့ မျက်နှာကို လှမ်းထိုးလိုက်တော့မှ လူစိမ်းမှန်းသိတာဗျ။
ဒါနဲ့ ကျုပ်က ဘယ်သူတုံးလို့ လှမ်းမေး
လိုက်တာ ဖျက်ကနဲ ပျောက်သွားရောဗျ”
“ဘာ…ပျောက်သွားတယ် ဟုတ်လား”
“ဟုတ်တယ်ဗျ ကျုပ်ရယ်၊ ခြောက်စောင်း
ရယ်၊ သေသေချာချာ ကြည့်နေတာ၊
ကျောက်ခဲနဲ့ သံမဏိကတော့ အိပ်နေ
ကြတာဗျ”
“ဟာ…ဒါဆိုရင် လူဘယ်ဟုတ်မတုံး
သရဲပေါ့ကွ”
“သရဲတော့ မဟုတ်ဘူးဗျ၊ လူမှလူအစစ်ဗျ၊
အဲဒါနဲ့ ခြောက်စောင်းနဲ့ ကျုပ်နဲ့ တစ်ယောက်
မျက်နှာ တစ်ယောက် ကြည့်နေတုန်း
ဟောဒီ ကင်းတဲမြောက်ဘက်ကနေ
‘ဟား ဟား ဟား ဟား ‘ဆိုပြီး အော်
လိုက်တာ။ ကျုပ်ရော ခြောက်စောင်းရော
လန့်ပြီးအော်လိုက်ကြတာဗျာ။ ဒီတော့မှ
ဒီကောင်လေးနှစ်ကောင် လန့်နိုးသွားတာ”
“ကျောက်ခဲနဲ့ သံမဏိလား”
“ဟုတ်တယ်ဗျ လေးလေးရ၊ ခဏနေတော့
မြောက်ပိုင်းကင်းက ‘ဟေ့ ဘယ်သူတုံး’
ဆိုပြီးမေးသံကြားလိုက်ရတယ်ဗျ။ ခဏ
ကြာတော့ တောင်ပိုင်းကင်းတွေလည်း
‘ဟေ့ ဘယ်သူတုံး၊ မေးနေတာ မကြား
ဘူးလား’ဆိုတဲ့အသံ ကြားရပြန်ရောဗျ။
ဒီလိုနဲ့ ရွာနောက်ပိုင်းကင်းက မေးတဲ့
အသံတွေ အရှေ့ပိုင်းကင်းက မေးတဲ့
အသံတွေကြားပြီး ခဏနေတော့ ကျုပ်
တို့ဘက်ကို ရောက်လာပြန်ရောဗျို့။
စောစောကလိုပဲဗျ၊ တောင်ဘက်ကနေ
အေးအေးဆေးဆေးပဲ လျှောက်လာ
တာ၊ ဒါနဲ့ ခြောက်စောင်းက ဓါတ်မီးနဲ့
ထိုးထားပြီး ကျုပ်က လေးခွနဲ့ပစ်မလို့
ချိန်လိုက်တာ ဖျတ်ကနဲ ပျောက်သွားပြန်ရောဗျို့။
ပြီးတော့ စောစောကလို
ပဲ ကင်းတဲမြောက်ဘက်က ‘ဟား၊
ဟား၊ ဟား၊ ဟား ‘ဆိုတဲ့ ရယ်သံကြီး
ပေါ်လာတယ်။ ကျုပ်လည်း လေးခွနဲ့
အသံကြားတဲ့ဆီကို မှန်းပြီး တစ်ချက်
ပစ်လိုက်သေးတယ်ဗျ လေးလေးရဲ့”
“ထိသွားလား”
“ဟာ၊ ဒါတော့ မသိဘူးဗျ၊ အသံတော့
ပျောက်သွားတာပဲ”
“ဟော…ကိုခြောက်စောင်း ပြန်လာပြီဗျ”
ကျောက်ခဲက ရွာလယ်လမ်းကို လှမ်းကြည့်
ပြီးပြောတာဗျို့။ ဟုတ်ပါ့ဗျာ။ ခါးကြီးကိုင်း
ကိုင်း ကိုင်းကိုင်းနဲ့ လာနေတာ ခြောက်
စောင်းဗျ။
“ခြောက်စောင်း ဘာထူးတုံးကွ”
ကိုကြီးတောင်လုံးက ဆီးပြီးမေးလိုက်တာဗျို့။
ခြောက်စောင်းက ကင်းတဲပေါ်ကို မတက်
တော့ဘဲ လူအုပ်ထဲကနေပဲ လှမ်းပြောတာ။
“ကိုကြီးတောင်လုံးရေ၊ အဖြစ်အပျက်က
တော့ တစ်ပုံစံတည်းပဲဗျ၊ ကျုပ်တို့ဘက်
ကိုလာတဲ့ပုံစံအတိုင်းပဲ၊ ဟိုဘက်ကင်းတဲ
တွေကို သွားလုပ်တာဗျ၊ ဟိုကင်းတဲတွေ
မှာလည်း လူတွေအုံနေကြဗျ”
“ဘာကွ ခြောက်စောင်း၊ လူတွေအုံနေတယ်
ဟုတ်လား”
“ဟုတ်တယ်ကွ တာတေရ၊ ငါတို့တစ်ရွာ
လုံး အိမ်တွေထဲမှာ လူတောင် မရှိတော့ဘူး
ထင်တယ်ကွ”
“ကိုကြီးတောင်လုံးရေ …လူတွေကို ကိုယ့်
အိမ်ကိုယ် အမြန်ပြန်ဖို့ မြန်မြန်ဆော်သြ
လိုက်ဗျို့”
“ဟင်…ဘာဖြစ်လို့တုံး တာတေရ”
“ဒီကောင် လူတွေအိမ်ပြင်ထွက်အောင်
တမင်လုပ်တာထင်တယ် ကိုကြီးတောင်
လုံးရဲ့”
“တာတေပြောတာ ဖြစ်နိုင်တယ်ကွ”
လေးလေးချက်ကြီးက ဝင်ပြောတာဗျ။
“ကဲ…ကင်းတဲတွေကို မြန်မြန်သွား၊
တစ်ကင်းကို တစ်ယောက်သွားကွာ၊
အကျိုးအကြောင်းရှင်းပြပြီး လူတွေကို
ကိုယ့်အိမ်ကိုယ် ပြန်ဖို့ပြောဟေ့”
လေးလေးချက်ကြီးပြောတော့ ခြောက်
စောင်းရယ်၊ တခြားသုံးယောက်ရယ်အရှေ့၊ အနောက်၊ တောင်၊
မြောက်ခွဲပြီး ပြေးကြတော့တာပေါ့ဗျာ။
အလယ်ကင်းမှာ အုံနေတဲ့လူတွေလည်းအိမ်ပြန်ကြပြီဗျို့။
ကျုပ်တို့ရွာလယ်
ပိုင်းကင်းမှာတော့ လေးလေးချက်
ကြီးရယ်၊ ကျုပ်ရယ်၊ ကင်းကျတဲ့
လူတွေရယ်ပဲ ကျန်တော့တာဗျို့။
“လူဟေ့၊ လူ၊ လူ၊ ငါ့ဝိုင်းမှာ
လူကပ်လို့ဟေ့”
ရုတ်တရက်ကြီးထွက်လာတော့ အော်
သံကြီးဗျို့။ လေးလေးချက်ကြီးတောင်
ပြောလက်စ စကား တုံ့ကနဲရပ်သွားတာဗျ။
“ဟာ…ဒါ ဘယ်သူ့အသံတုံး”
လေးလေးချက်ကြီးက မေးသဗျ။
“ဟာ …ဒါ နောက်ဘက်လမ်းက
ဘထွေးချစ်ထွန်း အသံဗျ”
ကျုပ်ပြန်ပြောပြီးတာနဲ့ ကျုပ်ရယ်၊
ကိုကြီးတောင်လုံးရယ်၊ လေးလေးချက်ကြီးရယ်
နောက်ဘက်လမ်းကို ပြေးကြရောဗျို့။
ဘထွေးချစ်ထွန်းတို့ ဝိုင်းရှေ့
ကိုရောက်တော့ အနီးအနားဝိုင်းကလူတွေ ရောက်လာကြရောဗျို့။
“ဘထွေး ဘာဖြစ်လို့တုံး”
ကျုပ်က မေးလိုက်တာဗျ။ ဘထွေးက
ကျုပ်ကို တစ်ချက်ကြည့်ပြီး…
“တာတေရေ၊ မင်းအိမ်ပြန်လွှတ်လို့
တော်တော့တာဟေ့၊ ကပ်တဲ့လူက
ငါနဲ့တစ်ရုပ်တည်း တစ်ပုံစံတည်းကွ၊
ငါက ကင်းတဲကိုလာတော့ အိမ်တံခါး
ကို သော့ခတ်ခိုင်းထားခဲ့တာ၊ ‘ဟဲ့
လုံမ၊ အဘကို တံခါးဖွင့်စမ်း’လို့ ပြောသတဲ့ဟေ့။
ဒါနဲ့ လုံမက တံခါးဖွင့်
ပေးဖို့ သော့ယူသွားနေတုန်း ငါကလည်း ဝိုင်းထဲဝင်အလာ လုံမက
‘ဟောတော့ အဘက ဟိုမှာပဲ၊ဒါဆို ဒါက ဘယ်သူတုံး၊ အဘက
နှစ်ယောက်ဖြစ်နေပါလား’လို့အော်ပြောလိုက်တော့
အိမ်ပေါက်ဝမှာ တံခါးဖွင့်ခိုင်းနေတဲ့ ငါ့ပုံစံနဲ့
လူက ချာကနဲလှည့်ပြေးတာဟေ့၊ငါ့ကိုတောင် တိုက်မိမလိုဖြစ်လို့
မနည်းရှောင်လိုက်ရတာ၊ ဝိုင်းတံခါးဝကို ရောက်တော့
ဖျတ်ကနဲပျောက်သးတာကွ”
“ဟာ …ပျောက်သွားတာ ဟုတ်လား
ဘထွေး”
“အေး…ဟုတ်တယ်ကွ၊ ပျောက်သွားတာ၊
ဒါနဲ့ ငါထအော်လိုက်တာဟေ့”
လေးလေးချက်ကြီးရော ကိုကြီးတောင်
လုံးရော ကျုပ်မျက်နှာကို လှမ်းကြည့်
ကြရောဗျို့။
“စောစောက ပြောတဲ့လူပဲနေမှာပေါ့ဗျာ၊
ရွာထဲကလူတွေ ကင်းတဲမှာ စုခိုင်းပြီး
အိမ်ထဲကို ဝင်ဖို့ ကြိုးစားတာပေါ့၊ ဘထွေး
ပုံစံနဲ့ တူအောင်လည်း ပြောင်းတတ်ပုံရတယ်ဗျ။
ပြီးတော့ ဒီလူက ကိုယ်လည်း
ပျောက်တယ်၊ ဒီလူဒီည ထပ်ပြီးကြံစည်မှာ စိုးရတယ်ဗျ”
“ဒါဆိုဘယ်လိုကြရင် ကောင်းမလဲကွ
တာတေရ”
“ရွာထဲက လူငယ်တွေလိုက်စုပြီး
ကိုယ့်လမ်းကိုယ် ကင်းစောင့်ခိုင်းဗျာ”
“အင်း…အေးတော့ အေးတယ်ကွနော်”
“အေးလည်း စောင့်ရမှာပဲ လေးလေး
ချက်ကြီးရ၊ အိမ်မှာလူကြီးတွေနဲ့ကလေးတွေ၊ မိန်းကလေးတွေပဲ
နေကြပါစေ၊ တံခါးတွေလည်းလုံလုံခြုံခြုံ ပိတ်ခိုင်းထားဗျာ”
“အေး ကောင်းတယ်ကွ”
လေးလေးချက်ကြီးက ကင်းတဲက
ကင်းမှူးတွေကို ရွာလယ်ပိုင်းကဗဟိုကင်းမှာ ချက်ချင်းစုခိုင်းပြီး
ကျုပ်ပြောတဲ့ အစီအစဉ်ကို အမြန်ဆုံး လုပ်ခိုင်းလိုက်တယ်။
ခဏနေတော့ လူငယ်တွေ လမ်းပေါ်
ရောက်လာပြီဗျ။ ဓါတ်မီးရောင် တဝင်းဝင်း
နဲ့ ကိုယ့်လမ်းကိုယ် ကင်းစောင့်နေကြပြီ။
အကြောင်းရှိရင် အကြောင်းကြားရအောင်
ဝါးကလလက်တွေလည်း ကိုင်ထားကြတယ်။
(ကလတက်ဆိုတာ ဝါးလုံးကြီးကြီးနဲ့
လုပ်ထားတဲ့ ဝါးတုံးမောင်းပေါ့ဗျာ။
အကြောင်းရှိရင် တုံ တုံ ဆိုပြီး တုတ်နဲ့
ရိုက်ပြီး အချက်ပေးရတာပေါ့)
မနက်မိုးလင်းတဲ့အထိ ဘာမှတော့ ထပ်မဖြစ်တော့ဘူးဗျ။
နောက်နေ့ရောက်တော့ ကျုပ်တို့ရွာသားတွေအတွက် ပြော
စရာအကြောင်းတစ်ခု ရသွားတော့တာ
ပေါ့ဗျာ။ ဟိုနားစုစု၊ ဒီနားစုစုနဲ့ ဒီအကြောင်းပဲ ပြောနေကြတာဗျို့။
ပြောလည်း ပြောစရာပဲလေဗျာ။
ညအချိန်မတော်ကြီးမှာ
ဘယ်ကဘယ်လို ရောက်လာမှန်းမသိ
တဲ့ ကိုယ်ပျောက်တဲ့ လူတစ်ယောက်
ရွာဆူအောင်လုပ်သွားတာ မယုံနိုင်အောင် ဖြစ်နေကြတာဗျ။
သူကြီးအိမ်မှာ အစည်းအဝေးရှိတယ်
ဆိုလို့ ရွာထဲက လူငယ်တွေ အကုန်စုကြရတာဗျို့။
ကျုပ်လည်း ပါတာပေါ့လေ။
ကျောက်ခဲတို့ သံမဏိတို့ကတော့ ကလေးသာသာတွေပါ။
ဒါပေမဲ့ ဒီကောင်တွေက
ရပ်ရေးရွာရေးဆိုရင် ရှေ့ကရောက်နေ
ကြတာဗျ။ လူစုံတော့ သူကြီးက ပြောတယ်ဗျ။
“ညက ရွာထဲမှာဖြစ်သွားတဲ့ကိစ္စ ကျုပ်
အားလုံးမေးမြန်းပြီးပါပြီ၊ ဒါဟာ သာမန်ကိစ္စ မဟုတ်ဘူးဗျ၊ ရွာထဲကို ညက ဝင်လာတဲ့ ကောင်က ကဝေလား၊
အောက်လမ်းလား၊ တစ်ခုခုတော့ တစ်ခုခုပဲ။
ပြီးတော့ ချစ်ထွန်းတို့အိမ်ကို ချစ်ထွန်းပုံစံ
လုပ်ပြီး ဝင်ဖို့လုပ်တာဟာ တော်တော်မကောင်းတဲ့ကိစ္စပဲ၊ ဒီကောင့်ရည်ရွယ်ချက်က ဘာတုံး၊ ပစ္စည်းခိုးချင်တာလား၊
မိန်းကလေး မိန်းမငယ်ကို ကြံစည်ချင်တာလား ဝေခွဲလို့တော့
မရဘူးဗျ၊မကောင်းတာတော့ သေချာတယ်။
ဒီတော့ ဒီည ဆယ်အိမ်ခေါင်းတွေ ဦး
ဆောင်ပြီးတော့ ရွာကိုစောင့်ကြပ်မှဖြစ်
မယ်၊ ကျုပ်ကိုယ်တိုင်လည်းရွာထဲက
လူကြီးတွေနဲ့ ကင်းလှည့်မယ်ရွာတံခါး
တွေမှာလည်း စောင့်ကြမှဖြစ်မယ်”
သူကြီးစကားဆုံးတာနဲ့ ရွာကို အပိုင်းတွေခွဲ၊
ဆယ်အိမ်ခေါင်းတွေက ခေါင်းဆောင်
ပြီး ကင်းတွဲကြတာပေါ့ဗျာ။ ပြီးတော့ ကင်းပုန်းချမယ့်နေရာတွေ သေသေချာချာသတ်မှတ်ကြ၊ ကိုင်ရမယ့် တုတ်၊ ဓား
လက်နက်တွေအကြောင်း ပြောကြဆိုကြ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချက်ပေး
ရမယ့်စနစ်ကို သတ်မှတ်ကြတယ်။
ပထမအဆင့်က ဝါးကလတက်ခေါက်
ရင် သတိပေးတာ၊ ခရာမှုတ်ရင် အမြန်
ဆုံးသွားပြီး လူစုရမှာတဲ့ဗျ။ ဒီတစ်ခါကတော့ သူကြီးကိုယ်တိုင်
စီမံတာဗျို့။
ညနေ နေစောင်းမှာပဲ အစည်းအဝေး
ပြီးသွားတယ်။ ကျုပ်အိမ်ပြန်ရောက်ပြီး နာရီဝက်လောက်ပဲ ရှိမယ်ဗျ။
အဘရယ်၊ အမေရယ်၊ ကျုပ်ရယ်၊စကားထိုင်ပြောနေကြတာ။
ညက အဖြစ်အပျက်တွေရယ်၊
အစည်းအဝေးမှာ သူကြီးပြောတာတွေရယ်ပေါ့ဗျာ။
“တုံ၊ တုံ၊ တုံ၊ တုံ၊ တုံ၊ ရွှီ၊ ရွှီ၊ ရွှီ”
“ဟဲ့ တာတေ၊ ကလတက်တွေ ခေါက်
ကုန်ပြီဟေ့၊ ခရာတွေလည်း မှုတ်လို့
ဘာဖြစ်တုံး မသိဘူး”
အမေက အလန့်တကြား ပြောတာဗျ။
“ဟာ…မိုးတောင် မချုပ်သေးဘူး၊
ဘာဖြစ်လို့ပါလိမ့်”
ကျုပ်လည်း ဝိုင်းထဲက ပြေးထွက်ပြီး
ရွာလယ်လမ်းအတိုင်း ကင်းတဲကိုပြေးရတော့တာပေါ့ဗျာ။
ကင်းတဲကစုရပ်လေဗျာ။ ကလတက်လည်းခေါက်၊ခရာလည်းမှုတ်ဆိုတော့ စုရပ်ကိုပြေးရတော့တာပေါ့ဗျာ။
” ဘာဖြစ်လို့တုံး”
“ဘာဖြစ်လို့တုံး”
“ဘယ်က စခေါက်တာတုံးကွ”
ကျုပ်လိုပဲ ပြေးလာကြတဲ့ လူငယ်တွေ
တစ်ယောက်တစ်ပေါက် မေးကြတာ
ပေါ့ဗျာ။
“ကိုကြီးတာတေ၊ ကိုကြီးတာတေ”
ကျုပ် လှည့်ကြည့်လိုက်တော့
ကျောက်ခဲဗျ။
“မြောက်ပိုင်းက ကိုအောင်ကွန့်တို့
အိမ်မှာ ပြဿနာဖြစ်နေတာတဲ့ဗျ”
“ဟေ…ကိုအောင်ကွန့်တို့ဝိုင်းမှာလား”
ကျောက်ခဲဆီက သတင်းရတော့
ကျုပ်တို့လူငယ်တွေ မြောက်ပိုင်းကိုပြေးကြတာပေါ့ဗျာ။
ကိုအောင်ကွန့်တို့ဝိုင်းကိုရောက်တော့ လူတွေအုံ
နေလို့ဗျ။ လူအုပ်ကို တိုးဝင်တော့မှ အဖြစ်ကို သိရတာဗျ။
“ဒီလိုဗျ လေးလေးကံရဲ့၊ ကျုပ်နဲ့ ဒီကောင်
မိုးညိုနဲ့ တောထဲဝင်ပြီး ခြံတိုင်သွားခုတ်ကြတာဗျ။
ဝိုင်းကစည်းရိုးတွေ ပျက်နေလို့ ပြန်
ကာမလို့ဗျ၊ တောထဲက ကျုပ်တို့ ပြန်ထွက်လာတော့
သစ်ပင်အောက်မှာ အိပ်နေတဲ့အောင်ကွန်ကိုတွေ့တာ၊ အောင်ကွန့်ကို
ကျုပ်တို့နှစ်ယောက်နှိုးတာ၊ တော်တော်နဲ့နှိုးလို့ မရဘူးဗျ၊ ဒါနဲ့ မျက်နှာကိုရေနဲ့ပက်လိုက်တော့မှ နိုးလာတာ၊
ဒါနဲ့ ကျုပ်တို့လှည်းနဲ့ ပြန်ခေါ်ခဲ့ရတာ၊ သူ့လှည်းလည်း
လိုက်ရှာတာ ဘယ်မှကို မတွေ့ဘူးဗျ”
“ဟင်…အောင်ကွန့်၊ မင်းက ဘယ်လို
ဖြစ်လို့တုံး”
ဆယ်အိမ်ခေါင်း ကိုကံဆိုတာ ကျုပ်တို့ရွာ
မှာတော့ သူကြီးရဲ့ကိုယ်စားလှယ်ပဲဗျ။ သူ
ရောက်လာတာ သူကြီးကိုယ်စား လာတာ
ပဲဗျ။ သူမေးတာတွေကလည်း သူကြီးကိုယ်စား မေးတာပဲလေဗျာ။
“ဒီလို ကိုကံရ၊ ကျုပ်လည်း ခြံတိုင်သွား
ခုတ်တာပဲ၊ လှည်းပေါ်ကို ခြံတိုင်တွေ
ထမ်းတင်ပြီးတော့ ရွာပြန်တော့မယ် အ
လုပ်မှာ လူတစ်ယောက် ရောက်လာတယ်၊
အသက်လေးဆယ်လောက် ပိန်ပိန်ပါးပါးပဲဗျ။
‘မီးတစ်တို့လောက်ဗျာ’လို့ပြောတာနဲ့
ကျုပ်က မီးခတ်ကလေး ထုတ်ပေးလိုက်
တယ်၊ ဒီလူက ဆေးလိပ်မီးညှိပြီး ကျုပ်
ကို မီးခတ်ပြန်ပေးတယ်၊ ပြီးတော့ ဆေး
လိပ်ဖွာပြီး ကျုပ်မျက်နှာကို မီးခိုးနဲ့
မှုတ်လိုက်တာ ကျုပ် သတိလစ်သလိုဖြစ်သွားတာဗျ။
သစ်ပင်အောက်ကို
ဘယ်လိုရောက်ပြီး အိပ်ပျော်နေမှန်း
ကျုပ် မသိတော့ဘူးဗျို့”
“မယ်တင် နင်ပြောပါဦး၊
ဘယ်လိုဖြစ်တာတုံး”
“နာရီဝက်လောက်ပဲ ရှိသေးတယ်၊ ဆယ်
အိမ်ခေါင်းကြီးရဲ့၊ ကိုအောင်ကွန့် လှည်း
မောင်းပြီး ပြန်ရောက်လာတယ်၊ နွားတွေ
ဖြုတ်ပြီး ကိုအောင်ကွန့်က ပုဆိုးခေါင်း
ပေါင်းလေးဖြုတ်ရင်း အိပ်ပေါ်တက်လာတယ်။
‘ကိုအောင်ကွန့် ရှင် ဗိုက်ဆာ
လာလား၊ ထမင်းစားမလား’ လို့ ကျုပ်က
မေးတော့ ‘မစားသေးပါဘူးဟာ၊ ငါ ခဏ
နားလိုက်ဦးမယ်’ဆိုပြီး ဟိုတန်းလျားပေါ်
မှာ လှဲအိပ်လိုက်တယ်။ ကျုပ်လည်း
လှည်းပေါ်က ခြံတိုင်တွေ ယူပြီး ဝိုင်း
တောင်ဘက်မှာ သွားပုံထားလိုက်တယ်။

 

 

အဲဒီဘက်က စည်းရိုးတွေ ပြန်စိုက်မှာဆို
တော့ အဲဒီမှာ အဆင်သင့်ရအောင် သွား
ပုံထားလိုက်တာ၊ ခြံတိုင်တွေ လေးငါး
ခေါက်သယ်ပြီး ပို့ပြီးလို့ပြန်လှည့်ထွက်
လာတော့ ဝိုင်းဝမှာ မိုးညိုတို့ လှည်းရပ်
လိုက်တာ တွေ့လိုက်ပြီး လှည်းပေါ်က
နေ ကိုအောင်ကွန့်ဆင်းလာတာ တွေ့
ရတယ်တော့၊ ဒါ ကျုပ်က…
‘ဟင် ကိုအောင်ကွန့်၊ ရှင်ချက်ချင်း ဘယ်
လိုအပြင်ရောက်သွားတာတုံး’လို့ လှမ်း
မေးလိုက်တော့ ကိုအောင်ကွန့်က
‘ဟဲ့ ငါ အခုမှ ပြန်လာတာလေ၊ နေပါဦး၊
ငါလှည်းနဲ့ နွားတွေ ဘယ်သူမောင်းလာလို့ ရောက်လာတာတုံး’
‘ဟင် ရှင် ဘာတွေပြောနေတာတုံး
ကိုအောင်ကွန့်၊ ရှင်ပဲ မောင်းလာတာလေ’
‘မယ်တင်ရယ်၊ မဟုတ်က ဟုတ်ကဟယ်၊
ငါက အခုမှ မိုးသီးတို့ လှည်းကြုံစီးပြီး ပြန်
လာတာလေ’
‘ဟာ မဟုတ်တာ ကိုအောင်ကွန့်ရယ်၊
ကျုပ်က ထမင်းစားမလား၊ ဗိုက်ဆာလာ
လားလို့ မေးလို့တောင် ရှင်ကမစားသေးဘူး၊
ခဏနားဦးမယ်ဆိုပြီး အိမ်ပေါ်က တန်းလျား
မှာ အိပ်နေတာလေ၊ကျုပ်က ရှင်ခုတ်လာတဲ့
ခြံတိုင်တွေသယ်နေတာရှင့်’
‘ဟာ …မဟုတ်တာ မယ်တင်ရာ’လို့ပြောပြီး
ကျုပ်နဲ့ ကိုအောင်ကွန့် အိမ်ပေါ်ကို ပြေး
တက်ကြတယ်။ စောစောက ကိုအောင်
ကွန့်အိပ်နေတဲ့ တန်းလျားပေါ်မှာ ဘယ်
သူမှ မရှိဘူး ဆယ်အိမ်ခေါင်းကြီးရဲ့”
“နေပါဦး မယ်တင်ရဲ့၊ နင်ပြောသလို
ဆိုရင် အောင်ကွန့်က နှစ်ယောက်
ဖြစ်နေတာပေါ့ ဟုတ်လား”
“ဟုတ်ပါတယ် ဆယ်အိမ်ခေါင်းကြီးရယ်၊
ဟုတ်ပါတယ်”
ကြားရတဲ့လူတွေ အကုန်လုံး အံ့သြ
သွားကြတာပေါ့ဗျာ၊ တစ်ယောက်
တစ်ပေါက်တွေ အမျိုးမျိုးပြောနေ
ကြရောဗျို့။
“ဒီအကောင် အကြံသမားကွ၊ အောင်
ကွန့်ရောက်တာ မြန်ပေလို့ဟေ့၊
အောင်ကွန့်သာ တောထဲမှာ သတိ
လစ်ပြီး တစ်ညလုံး အိပ်ပျော်နေရင်
မယ်တင်ကို ကြံစည်မယ်ပုံပဲကွ”
“ဒီကောင် ပစ္စည်းခိုးချင်လို့ တို့ရွာကို
လာကပ်နေတာ မဟုတ်ဘူးကွ၊ လူကိုကြံချင်တာဖြစ်မယ်”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါလည်း
ဘရှင်ပြောတာကို သဘောတူတယ်။
ဒီတော့ ရွာထဲက ခလေးမတွေကိုအထူးဂရုစိုက်ဖို့ လုပ်ရမယ်ဟေ့၊
ပြီးတော့ ဒီကောင်ကို မိအောင်ဖမ်းကြမှဖြစ်မယ်၊ ဘယ်လိုဖမ်းမလဲဆို
တာ တိုင်ပင်ကြမှပဲကွ”
ကိုအောင်ကွန့်တို့ ဝိုင်းထဲမှာ ကျုပ်တို့ရွာ
သားတွေ တစ်ယောက်တစ်ပေါက်နဲ့ ဝိုင်းပြောနေကြတာဗျ။
ကိုအောင်ကွန့်ကို
လှည်းနဲ့ တင်ခေါ်လာတဲ့ မိုးသီးတို့က
လည်း ဒီအဖြစ်အပျက်ကို အံ့သြလွန်း
လို့ ဘာပြောရမှန်း မသိအောင် ဖြစ်နေကြတော့တာဗျ။
“တာတေ၊ ငါတို့ရွာတော့ အန္တရာယ်ကျ
တော့မယ်ထင်တယ်ကွ၊ မင်းလည်း တတ်
နိုင်သလောက် လုပ်ပါဦးကွာ”
ကိုတောင်လုံးက ကျုပ်ကို လက်ကုပ်ပြီး
ခပ်တိုးတိုး ပြောတာဗျို့။
“ကျုပ်လည်း တွေးနေတာပဲ၊ ကိုကြီးတောင်
လုံးရဲ့၊ ကျုပ်ပဉ္စလက်မှော်ပညာ တတ်တဲ့လူကို တွေ့ဖူးတယ်ဗျ။
ဆန်စက်သူဋ္ဌေးတစ်
ယောက်ကို အရှင်လတ်လတ် ကိုယ်ဖျောက်
ပစ်လိုက်ပြီး အဲဒီစက်သူဋ္ဌေးနဲ့ ချွတ်စွပ်တူ
အောင် သူ့ကိုယ်သူ ရုပ်ပြောင်းပြီး သူဋ္ဌေးလုပ်နေတာဗျ။
ကျုပ်ဆရာကြီး ဘိုးလူပေ
ဝင်ပြီး ရှင်းပေးလို့ စက်သူဋ္ဌေး ဒုက္ခတွင်းက
လွတ်သွားတာဗျို့။ အခုဟာက အဲဒီပုံစံ
လို ဖြစ်နေတာဗျ၊ ဒါကြောင့် ကျုပ်တွေးလို့ မရဘူး ဖြစ်နေတာ”
“ဆရာသမားတွေ ရှာသင့်လည်း ရှာရမှာ
ပေါ့ကွာ၊ ရွာထဲက လူကြီးတွေနဲ့ တိုင်ပင်
ပြီးလုပ်ရင် ဖြစ်ပါတယ်”
“နေပါဦး ကိုကြီးတောင်လုံးရယ်၊ ကျုပ်
အခြေအနေကို ကြည့်ပါဦးမယ်၊ ဒီလူ
တော်တော်တော့ လွန်နေပြီဗျ။
ညကမှဒီလူကို စတွေ့တယ်၊ ညကပဲ ဘထွေး
ချစ်ထွန်းပုံစံလုပ်ပြီး အိမ်ထဲဝင်မယ်လုပ်တယ်၊ အခု ဒီနေ့ ကိုအောင်ကွန့်ပုံစံလုပ်ပြီး မမယ်တင်ကို ကြံစည်ဖို့ လုပ်တယ်၊ ဒီတော့
ဒီလူဆက်လုပ်ဦးမှာပဲဗျ”
“ဒီတော့ တို့ ဘယ်လိုလုပ်ရင်ကောင်း
မလဲ တာတေ”
“လောလောဆယ်တော့ ဘာမှမလုပ်
နိုင်သေးဘူးဗျ၊ ရွာထဲမှာ အခုလိုပဲ
လူအုပ်ချပြီး စောင့်ရမှာပဲ”
ညရောက်တော့ ကျုပ်တို့ ကင်းစောင့်
ကြတယ်။ ညသန်းခေါင်အထိတော့
ဘာမှမဖြစ်သေးဘူးဗျ။သန်းခေါင်ကြက်
တွန်ပြီး ခဏကြာတော့ …
“ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်”
ဟာ…သံချောင်းတွေ ခေါက်တာဗျို့။
ဒါပေမဲ့ ကျုပ်တို့ ရွာက မဟုတ်ဘူး။
ဘန့်ဘွေးကုန်းက ခေါက်တာ။ ကျုပ်
တို့ရွာမှာ ဖြစ်နေတာတွေကို ဘန့်ဘွေး
ကုန်းကလည်း အကုန်သိတယ်လေဗျာ။
ဒီတော့ သူတို့လည်း ကင်းတွေတွဲပြီး
တစ်ရွာလုံးကို စောင့်နေကြတာဗျ။
ဘာဖြစ်လို့ ခေါက်တယ်ဆိုတာတော့
မသိဘူးဗျ။ ကျုပ်တို့ရွာက လူတွေက
တော့ ဓါတ်မီးတွေ တဝင်းဝင်းနဲ့ ဟိုဝိုင်းထိုး ဒီဝိုင်းထိုး
လုပ်နေကြတာဗျ။
မိုးလင်းတဲ့အထိ ကျုပ်တို့ရွာမှာ ဘာမှဖြစ်မသွားဘူးဗျ။
ကျုပ်လည်း အိမ်ပြန်ပြီး ထမင်း
ကြမ်းစားပြီး ဝင်အိပ်လိုက်တာ အိပ်ပျော်သွားရောဗျို့။
“ကိုကြီးတာတေ၊ ကိုကြီးတာတေ”
ကျုပ်လန့်နိုးသွားတယ်၊ ကျုပ်ကို
ခေါ်သံကြားလို့ နိုးသွားတာဗျ။
ဒါပေမဲ့ နှစ်ညဆက် အိပ်ရေးပျက်
ထားတော့ မျက်စိတွေက ဖွင့်လို့ကိုမရတာဗျို့။
“ဟဲ့ ကျောက်ခဲလား၊ လာလေ၊
နင့် ကိုကြီးတာတေ အိပ်လို့ ”
ကျုပ် ထထိုင်လိုက်တယ်၊ ကျောက်ခဲက
လှေကားက ပြေးတက်လာတယ်။
“ကိုကြီးတာတေ၊ အိပ်နေလား၊
ဘန့်ဘွေးကုန်းသတင်း ပြောချင်လို့
လာတာဗ်”
“အေး လာလေကွာ ကျောက်ခဲ၊
ငါလည်း အဲဒါ သိချင်နေတာကွ”
ကျုပ်က အိပ်ရာက ထွက်ပြီး တန်းလျားမှာ
ဝင်ထိုင်လိုက်တယ်။ မအိပ်ခင်က သောက်
လက်စ နဂါးဆေးပေါ့လိပ်ကလေးကို မီး
ညှိပြီး တစ်ဖွာနှစ်ဖွာ ဖွာလိုက်တယ်။
“ပြောပါဦး ကျောက်ခဲရ၊ ညက ဘန့်ဘွေး
ကုန်းမှာ ဘာဖြစ်လို့တဲ့တုံး”
“ဟိုလူတော့ ဆက်တိုက်ဒုက္ခတွေပေး
နေပြီ ကိုကြီးတာတေရေ”
“ဟေ…ဟုတ်လားကွ ကျောက်ခဲရ၊
ကိုယ်ပျောက်ဆရာကို ပြောတာမို့လား”
“ဟုတ်တယ်ဗျို့၊ ညက ဘန့်ဘွေးကုန်း
က အရီးမြစိန်ရဲ့ သမီး အစ်မလှတင်နဲ့
သူ့ရည်းစားကိုကျော်ဝနဲ့တွေ့ဖို့ ချိန်း
ထားကြတာတဲ့ဗျ။ အဲဒါ ကိုကျော်ဝပုံစံနဲ့
ကိုယ်ပျောက်က ဝင်တွေ့သွားသတဲ့ဗျို့”
“ဟေ…ဟုတ်ရဲ့လား ကျောက်ခဲရာ”
“ဟုတ်ပါတယ်ဆိုမှဗျာ။ အဲဒါကို
အစ်မလှတင်ကို သိသွားလို့ ထအော်
လို့ ညက သံချောင်းတွေ ခေါက်ကြ
တာတဲ့ဗျို့”
“ဘယ်လိုကွ၊ လှတင်က ဘယ်လိုလုပ်
ပြီး သိသွားတာတဲ့တုံး”
“အစ်မလှတင် မေးတာကို ကိုကျော်ဝ
ပုံစံ လုပ်လာတဲ့ ကိုယ်ပျောက်က ဘာ
တစ်ခုမှ မှန်အောင်မဖြေနိုင်ဘူးတဲ့ဗျ၊
တစ်ရက်နှစ်ရက်ကမှ ပြောခဲ့တဲ့ ကိစ္စ
တွေတောင် မသိဘူးတဲ့ဗျာ၊ ဒီမှာတင်
အစ်မလှတင်က ရိပ်မိသွားတာတဲ့ဗျို့
ကျုပ်တို့ရွာမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကို
လည်း ဘန့်ဘွေးကုန်းတစ်ရွာလုံးက
ကြားထားကြတာဆိုတော့ အစ်မလှ
တင်က သံသယဝင်သွားပြီး အင်္ကျီ
ကို ဆောင့်ဆွဲပြီး ရှင်ဘယ်သူလဲလို့
အော်မေးလိုက်တော့ ကိုယ်ပျောက်
က လန့်သွားပြီး ဖျတ်ကနဲ ကိုယ်
ဖျောက်ပြီး လစ်သွားရောတဲ့ဗျို့။
ဒီမှာတင် အစ်မလှတင်က ထအော်
လို့ လူတွေသိသွားပြီး သံချောင်း
တွေ ခေါက်ကြတာတဲ့ဗျို့”
“နေပါဦး ကျောက်ခဲရာ၊ ကျော်ဝဆို
တဲ့ကောင်က လှတင်နဲ့ ချိန်းထားပြီး
ဒီကောင်က ဘယ်ရောက်နေလို့တုံး”
“ကိုကျော်ဝက ဘယ်မှမရောက်ဘူး
ဗျ၊ အစ်မလှတင်တို့ ဝိုင်းမရောက်ခင်
ဘိုးစိန်ပန်းတို့ဝိုင်းရှေ့ကမန်ကျည်း
ပင်ကြီးအောက်မှာ ငုတ်တုတ်ကြီး
သတိလစ်နေတာတဲ့ဗျို့”
“နေပါဦးကွ ကျောက်ခဲရ၊ လှတင်နဲ့
ကျော်ဝနဲ့ ချိန်းတာတို့ ကိုယ်ပျောက်က
ဘယ်လိုလုပ် သိတာတုံးကွ”
“အစ်မလှတင်က ချိန်းတာကိုကြားက
အောင်သွယ်လုပ်ပေးတဲ့ စံအုန်းဆိုတဲ့
ကောင်က ကိုကျော်ဝကို ဘန့်ဘွေး
ကုန်း ရွာအထွက်က ညောင်ပင်ကြီး
အောက်မှာ ပြောတာတဲ့ဗျ”
“အေးကွ ကျောက်ခဲရ၊ ဒါဆိုရင် သူတို့
နှစ်ယောက် ပြောတာကို ကိုယ်ပျောက်
က ညောင်ပင်နားမှာ ကိုယ်ဖျောက်ပြီး
နားထောင်သွားတာ ဖြစ်မှာပေါ့၊ လှတင်
ဆိုတာ ဘယ်သူဆိုတာကိုတော့ စံအုန်း
နောက်က လိုက်သွားပြီး ကြည့်မှာပေါ့”
“ဟုတ်တယ်ဗျ၊ စံအုန်းကကျော်ဝကို
ပြောပြီးပြီဆိုတာ အစ်မလှတင်ကို
သွားပြောတယ်တဲ့ဗျ”
ကျုပ်က ကျောက်ခဲပြောတာတွေကို
ခေါင်းလေးညိတ်ပြီး စဉ်းစားနေတာဗျ
“ကိုကြီးတာတေ၊ တစ်ခုခုတော့လုပ်မှ
ဖြစ်တော့မယ် ထင်တယ်ဗျ”
ကျောက်ခဲက ကျုပ်မျက်နှာကို အကဲ
ခတ်ပြီး ပြောတာဗျို့။
“ဟုတ်တယ် ကျောက်ခဲ၊ တစ်ခုခုတော့
လုပ်ရတော့မယ် ”
ကျောက်ခဲ ပြန်သွားတော့လည်း ကျုပ်
ဆက်ပြီးစဉ်းစားနေသေးတယ်ဗျ။ဒီကိုယ်
ပျောက်ကို ဘယ်လိုလုပ်ရင် ကောင်းမလဲ
ပေါ့ဗျာ။ပဉ္စလက်မှော်ဆရာတစ်ယောက်
ကိုဖမ်းတာကျုပ်ရေးဖူးတယ်။’လူနီကလေး’
ဆိုတဲ့ ဝတ္ထုမှာလေဗျာ။ ဒါပေမဲ့ ဟိုလူက
ကိုယ်မဖျောက်ဘူးဗျ။ ရုပ်ပြောင်းရုပ်လွဲ
ပဲရတာ။
ဒီလူကျတော့ ရုပ်ပြောင်းရုပ်လွဲရတယ်။
ကိုယ်ပျောက်တယ်။ တခြားဘာတွေ
စွမ်းသေးလဲတော့ မသိဘူးပေါ့ဗျာ။
ကျုပ် တွေးနေတာဗျို့။ မဖဲဝါကို မေးရင်
ကောင်းမလားလို့။ နောက်ဆုံးတော့
တစ်ရက် နှစ်ရက် စောင့်ကြည့်ဦးမယ်
လို့ ကျုပ် ဆုံးဖြတ်လိုက်တယ်။
ဒီည ကျုပ် ရွာလယ်ကင်းမှာ ထိုင်ရ
တယ်ဗျ။ ဒီညက ကျုပ်ကင်းလှည့်
လေဗျာ။ ကျုပ်မှာ စမ်းစရာတစ်ခုရှိ
တယ်ဗျ။ တခြားတော့ မဟုတ်ဘူး။
မျက်ကွင်းဆေးကွင်းထားရင် ဒီလူကို
မြင်ရသလားဆိုတာ ကျုပ်သိချင်တယ်
ဗျ။ ကျုပ် ကင်းတဲကို လာကတည်း
က မျက်ကွင်းဆေး ကွင်းပြီး လာတာ
ဗျို့။ ဒီည ကင်းတဲမှာ ကျုပ်ရယ်၊
ကျော်သိန်းရယ်၊ ပုရစ်ရယ်ဗျ။
ကျော်သိန်းကို ကျုပ်တို့သူငယ်ချင်းတွေ
က ကြောင်သိန်းလို့ ခေါ်တာဗျ။ ပုရစ်
ဆိုတာ မျက်လုံးပြူးပြူးနဲ့ ကောင်လေ
ဗျာ။ ဒီကောင့်အကြောင်း ကျုပ်ဝတ္ထု
တစ်ပုဒ် ရေးခဲ့ဖူးပါတယ်။
‘တွင်းအောင်းတစ္ဆေ’ဝတ္ထုမှာလေဗျာ။
ကျုပ်တို့သုံးယောက်က ရွာလယ်ပိုင်း
ဗဟိုကင်းမှာ ထိုင်ကင်းစောင့်ရတာပေါ့
ဗျာ။ ကျန်တဲ့ကာလသားတွေကလည်း
ဟိုဝိုင်း ဒီဝိုင်းတွေမှာ နေရာယူထား
ကြတာဗျ။ ပြီးရင် သူတို့က ကိုယ်အပိုင်း
နဲ့ကိုယ် လှည့်ကင်းထွက်ကြတယ်။
ကျုပ်တို့အားလုံး နားတွေ စွင့်ထားကြ
တာပေါ့ဗျာ။ ဘန့်ဘွေးကုန်းကပဲ အ
သံတွေ ထကြားရမလား၊ ကျုပ်တို့ရွာ
ကပဲ ကလတက်ခေါက်သံတွေ ထွက်
လာမလားပေါ့ဗျာ။ ဒီတုန်းမှာပဲ ကျုပ်
တို့ကင်းကို လူတစ်ယောက် စိုက်စိုက်
စိုက်စိုက်နဲ့ လာနေတာဗျ။ ပုရစ်က
ဓါတ်မီးနဲ့ ဖျက်ကနဲ ထိုးလိုက်ပြီး
မေးရောဗျို့။
“ဟေ့ ဘယ်သူတုံး၊ ရပ်နေ”
လာနေတဲ့လူက ရပ်နေတယ်ဗျ။
ပြီးတော့မှ ပြန်ပြောတယ်။
“ပုရစ်၊ ငါပါကွ၊ ဘထွေးချစ်ထွန်းပါ”
“ဟာ ဘထွေးလာဗျာ၊ ကျုပ်က
ဘယ်သူလဲလို့ပါ”
“ဟေ့ကောင် ပုရစ် သတိတော့ထားနော်၊
ကိုယ်ပျောက်က ဟိုနေ့က ဘထွေးချစ်ထွန်း
ရဲ့ပုံစံ ပြောင်းသေးတယ်မို့လားကွ”
“အေး ဟုတ်တယ်ကွ၊ ကြောင်သိန်း မင်း
လည်း သတိထားနော်၊ အခြေအနေမဟန်
ရင်တော့ သုံးယောက်လုံး ဝင်လုံးရုံပဲဟေ့”
ပုရစ်က ကျုပ်တို့ကို သတိပေးနေတာဗျ။
ဘထွေးချစ်ထွန်းက ကင်းတဲပေါ်ကို လှေ
ကားလေးနင်းပြီး တက်လာတယ်ဗျ။ ကျုပ်
တို့ကင်းတဲက ခြေတံရှည်လေဗျာ။
“ဟေ့ကောင် တာတေ၊ မင်းက ဘယ်လို
လုပ်ပြီး ဒီကိုချက်ချင်းရောက်နေတာတုံး၊
ငါ အခုပဲ မင်းကို သိန်းတင်တို့ဝိုင်းမှာ
တွေ့ခဲ့သေးတာ”
“ဟာ မဟုတ်တာ ဘထွေးကလည်း၊
တာတေ မိုးချုပ်ကတည်းက ဒီမှာရောက်
နေတာ၊ ဘယ်မှကို သွားတာမှမဟုတ်
တာ၊ ကျုပ်ရယ်၊ တာတေရယ်၊ ဟော
ဒီက ကြောင်သိန်းရယ် စကားပြောနေ
ကြတာလေဗျာ”
ပုရစ်ကပဲ ဘထွေးကို ပြန်ပြောတာဗျ။
“ဟေ…မဟုတ်ပါဘူး၊ အခုလေးတင်
သိန်းတင်တို့ ဝိုင်းက ကင်းပုန်းစောင့်နေ
တဲ့အထဲမှာ တာတေပါတာပဲဟာ”
“ဘထွေး လူမှားတာဖြစ်မယ်ဗျ၊
တာတေ ဘယ်မှမသွားဘူး”
“ဟကောင် ပုရစ်၊ ငါနဲ့ တာတေနဲ့တောင်
ဘန့်ဘွေးကုန်းက ကျော်ဝတို့သမီးရည်း
စာ ညကပြဿနာတက်တဲ့အကြောင်း
ပြောလာသေးတယ်”
ကျုပ်က ပုရစ်ကို လက်ကာပြလိုက်
ပြီးတော့ …
“ဘထွေး၊ သိန်းတင်တို့ဝိုင်းမှာ ကျုပ်ကို
တွေ့ခဲ့တာ သေချာတယ်မို့လား”
“သြော် ဟုတ်ပါတယ်ဆို တာတေရာ၊
မင်းနဲ့ ငါနဲ့ အခုလေးတင်ပဲ စကားပြော
လာကြတာလေကွာ”
ကျုပ်တွေးနေတာဗျ။ ကိုယ်ပျောက်က
ကျုပ်ပုံစံလုပ်ပြီး ကျုပ်သူငယ်ချင်းတွေ
နဲ့ ဝိုင်းဖွဲ့စကားပြောနေတာ။ ရွာရဲ့သ
တင်းကို စုံစမ်းတာ ဖြစ်မယ်ဗျ။ ကျုပ်
ချက်ချင်းအကြံရသွားတယ်ဗျ။
“ကဲ…ဘထွေးချစ်ထွန်း လာဗျာ၊
သိန်းတင်တို့ဝိုင်းကို သွားမယ်”
ကျုပ်နဲ့ ဘထွေး သိန်းတင်တို့ဝိုင်းကို
ရောက်တော့ …
“ဟေ့ကောင် တာတေ၊ အိမ်ခဏပြန်ဦး
မယ်ဆိုပြီး ထွက်သွားတာ၊ အခု ဘယ်လို
ဖြစ်လို့ ဘထွေးနဲ့ ပြန်ပါလာတာတုံး”
“ကဲ တာတေ၊ ငါမပြောဘူးလား၊ စော
စောက မင်း ဒီမှာ ရှိနေပါတယ်ဆို”
ဘထွေးပြောလိုက်တော့ သိန်းတင်တို့
ကင်းပုန်းအောင်းနေတဲ့ ကောင်တွေက
အံ့သြသွားကြရောဗျို့။

 

 

“ဘယ်လိုဗျ၊ ဘထွေးရဲ့၊ တာတေက
ဘာပြောလို့တုံး၊ စောစောကပဲ ဘထွေးနဲ့
တာတေနဲ့ ဘန့်ဘွေးကုန်းကအကြောင်း
တွေ ထိုင်ပြီး ပြောနေကြတာလေဗျာ”
သိန်းတင်က အံ့သြပြီးပြောနေတာဗျ
“အေးလေ သိန်းတင်ရာ၊ အဲဒါကို
တာတေက မဟုတ်ပါဘူးလို့ ငြင်းနေ
လို့ကွ၊ ငါသွားတော့ တာတေက
ရွာလယ်ကင်းမှာ ကင်းစောင့်လို့ ”
“ဗျာ၊ ဟုတ်လား တာတေ”
“အေး၊ ဟုတ်တယ်သိန်းတင်၊ ဒီည
ငါ့ကင်းလှည့်ကွ၊ ငါရယ်၊ ပုရစ်ရယ်၊
ကြောင်သိန်းကြီးရယ် မိုးချုပ်ကတည်း
က ကင်းတဲမှာ ရောက်နေကြတာကွ
မင်းတို့နဲ့ စကားပြောနေတာ ငါမဟုတ်
ဘူးကွ၊ အဲဒါ ကိုယ်ပျောက်ပဲဖြစ်မယ်”
“ဟေ …ဟုတ်လား ”
သိန်းတင်တို့အုပ်စု တအားကိုလန့်သွား
ကြတာဗျ။
“ဒီလိုမှန်းသိရင်ကွာ ၊ စောစောကတည်းက
ဝိုင်းရိုက်ပြီး အမိဖမ်းလိုက်ပါတယ်”
သိန်းတင်နဲ့ အတူ ကင်းပုန်းစောင့်နေတဲ့
အောင်ဖြိုးကပြောတာဗျို့။ ကျုပ် ယုံတယ်
ဗျ။ ဒီကောင်တွေအုပ်စု လက်ချက်မိလို့
ကတော့ ကိုယ်ပျောက်မသေရင် ကံ
ကောင်းလို့ပဲဗျို့။
“နေပါဦးကွ၊ မင်းတို့တွေ ကိုယ်ပျောက်
ရှေ့မှာ ရွာထဲက အကြောင်းတွေ
ပြောမိကြသေးလား”
” ဟာ…ပြောတာပေါ့ကွ တာတေရ၊
မင်းလို့ ငါတို့က ထင်တာကိုး၊ ရွာထဲက
အကြောင်းတွေ ဘန့်ဘွေးကုန်းကအ
ကြောင်းတွေ အိုကွာ ပြောလိုက်တာမှ
စုံနေတာဟေ့”
မတတ်နိုင်တော့ဘူးဗျာ၊ မေးရတော့မှာပဲ။
ကျုပ်က စိတ်ရှည်လက်ရှည်နဲ့ ဒီကောင်တွေ
ပြောခဲ့တာ တစ်ခုချင်းပြန်မေးတယ်။ ဒီကောင်
တွေပြောတဲ့ အကြောင်းတွေက စုံနေပေမယ့်
ကျုပ်လိုချင်တဲ့အကြောင်း မပါဘူးဗျ။နောက်
တော့ ဘအုန်းဆိုတဲ့ကောင်က ဝင်ပြောတာ။
“ဟေ့ကောင် သိန်းတင်၊ မင်းတို့ဟိုကိစ္စ
လည်း ပြောကြတယ်လေကွာ”
“ဟေ…ဘာကိစ္စတုံး ဘအုန်းရဲ့”
“ကိုစစ်ရှိန်အကြောင်းလေကွာ”
“ဘယ်ကိုစစ်ရှိန်တုံး၊ ရွာတောင်ပိုင်းက
မြင်းရှိတဲ့အိမ်က အသားဖြူဖြူလူလား”
ကျုပ်က ဝင်ပြီးမေးတာဗျ။
“သြော်…ဟုတ်သားပဲ ဘအုန်းရ၊
အေး အေး ၊ ဟုတ်တယ် တာတေရ၊
ကိုစစ်ရှိန် မိန်းမခိုးမယ့်အကြောင်း မင်း
ကိုငါတို့ ပြောလိုက်သေးတယ်”
” ကိုစစ်ရှိန်က ဘယ်သူ့ကို ခိုးမှာတုံးကွ”
“ရွာမြောက်ပိုင်းက မခင်မိကို ခိုးမှာကွ”
“ဟေ…မင်းက ဒါကို ဘယ်လိုလုပ်ပြီး
သိတာတုံး”
ကျုပ်က သိန်းတင်ကို မေးလိုက်တယ်။
သိန်းတင်က ဂုဏ်ယူတဲ့အပြုံးနဲ့ ပြုံးပြီး
ပြန်ပြောတာဗျို့။
“ဟကောင် တာတေရ၊ ငါက အောင်
သွယ်လေကွာ၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်
ကတည်းက ငါအောင်သွယ်လုပ်ပေးလို့
သူတို့နှစ်ယောက် ကြိုက်သွားတာကွ”
တော်သေးတာပေါ့ဗျာ။ ဘထွေးချစ်ထွန်း
က သူ့အိမ်ကို စိတ်မချလို့ဆိုပြီး ပြန်သွား
ပေလို့ပေါ့။ ဒီကိစ္စတွေ ဘထွေးချစ်ထွန်း
သာ ကြားသွားရင် ဒုက္ခပဲဗျာ။
” သိန်းတင် စောစောက ဒီအကြောင်းကို
မင်းတို့ပြောတော့ ဘထွေးချစ်ထွန်း ရှိလား”
“ဟာ…မရှိပါဘူးကွ တာတေရ၊ဘထွေး
ချစ်ထွန်း မင်းတို့ကင်းတဲကို သွားတော့မှ
ငါတို့ပြောကြတာပါ”
“တော်သေးတာပေါ့ကွာ၊ မခင်မိက ဘ
ထွေးတို့နဲ့ ဆွေမျိုးမကင်းဘူးကွ”
“ဟ ငါသိပါတယ် တာတေရ”
သိန်းတင်က သူ သတိမမေ့တဲ့အကြောင်း
ပြောသဗျ။
“နေဦး သိန်းတင်၊ မင်းတို့ ကိုစစ်ရှိန်နဲ့
မခင်မိခိုးပြေးမယ့် အကြောင်းပြောပြီး
တော့ ကိုယ်ပျောက် ဘာလုပ်တုံး”
“အေး အဲဒီအကြောင်းပြောပြီးတာနဲ့
ငါအိမ်ကိုခဏ ပြန်လိုက်ဦးမယ်ကွာ
လို့ ပြောပြီး ထပြန်တာပဲကွ”
“သေချာပြီ သိန်းတင်၊ ဒါဆိုရင် ငါထင်
ထားတာ ဟုတ်နေပြီကွ”
“ဟေ…ဘာတွေသေချာတာတုံး တာ
တေရ၊ မင်းက ဘာတွေ ထင်နေလို့တုံး”
“အဲဒါတွေ ငါ နောက်မှပြောပြမယ်
သိန်းတင်၊ ကိုစစ်ရှိန်က မခင်မိကို
ဘယ်လိုခိုးမှာတုံး၊ ဘယ်နေ့မှာ
ခိုးမြာတုံး”
“ကိုစစ်ရှိန်က သန်ဘက်ခါ ညမှာ မြင်းနဲ့
ခိုးမှာကွ၊ ရွာမြောက်ဘက်မှာ ခရိုးပေါက်
နေတဲ့နေရာရှိတယ်၊ အဲဒီနားမှာ ကိုစစ်
ရှိန်က သူ့မြင်း အောင်ဘော်ကြီးနဲ့ စောင့်
နေမှာကွ၊ မခင်မိက ပေါက်နေတဲ့ ခရိုး
ပေါက်ကနေ ထွက်လာမှာ၊ ကိုစစ်ရှိန်
က မခင်မိကို အောင်ဘော်ကြီးပေါ်တင်
ပြီး ဆပ်သမြှောင်ဘက်ကို ခိုးပြေးမှာ”
(ခရိုးပေါက်ဆိုတာ ခြံစည်းရိုးကိုပြောတာပါ)
“ဒါတွေအားလုံး မင်းတို့ ပြောလိုက်တယ်ပေါ့”
“အေး ပြောတာပေါ့ကွ၊ ငါတို့က
မင်းပဲ ထင်နေတာကိုး”
ကျုပ်က မျက်ကွင်းဆေး ကွင်းပြီးသား
လေဗျာ။ ကျုပ်သိန်းတင်ကိုခေါ်ပြီး ဝိုင်း
ထဲက ထွက်လာခဲ့တယ်။ ပြီးတော့ မခင်မိ
တို့ဝိုင်းဘက်ကို သွားပြီးအကဲခတ်တယ်။
သိပ်ဟုတ်တာပေါ့ဗျာ။ မခင်မိတို့ဝိုင်းရှေ့
က ညောင်ကျပ်ပင်ကြီးအောက်မှာ လူ
တစ်ယောက်ဗျ
“သိန်းတင်၊ မင်းဟိုညောင်ကျပ်အောက်
က လူကိုတွေ့လား”
“ဟာ လူမရှိပါဘူးကွ၊ မင်းမျက်စိက
ဘာတွေမြင်နေတုံး တာတေရဲ့၊ လူ
တစ်ယောက်မှ မရှိဘူး”
“ဒါဆိုရင် မင်းပါးစပ်ပိတ်ထား သိန်းတင်၊
လှည့်လည်း မကြည့်နဲ့ ”
ဒီအတိုင်းဆိုရင် ဒီကိုယ်ပျောက်က
ကိုယ်ဖျောက်ပြီး မခင်မိတို့အိမ်ကို
ထောက်လှမ်းနေတာပဲပေါ့ဗျာ။
ညောင်ကျပ်ပင်ကြီးဘေးက ကျုပ်နဲ့
သိန်းတင် ဖြတ်လျှောက်တော့ ဒီလူ
တစ်ချက် လှည့်ကြည့်တယ်။
ကျုပ်က မမြင်ချင်ယောင်ဆောင်နေတာ
ပေါ့ဗျာ။ ဟုတ်ပါ့ဗျာ၊ လည်ပင်းမှာ မာဖ
လာ ပတ်လို့ဗျ။ ခေါင်းမှာတော့ နှင်းကာ
ဦးထုပ်မပါဘူး။ မှောင်နေတော့ ဒီလူ
မျက်နှာကို သဲသဲကွဲကွဲ မမြင်ရဘူးဗျ။
ဒါဆိုရင် မျက်ကွင်းဆေးက ဒီလူကိုယ်
ဖျောက်ထားရင် မြင်ရတာပဲဗျ။
ဒီလူ ကိုစစ်ရှိန်တို့ဝိုင်းကိုလည်း သေချာ
ပေါက်သွားမှာပဲဗျ။ သိန်းတင် သူ့ဝိုင်းထဲ
ကို ဝင်သွားတော့ ကျုပ်က ရွာလယ်ကင်း
ကို ပြန်ခဲ့တယ်။ ကင်းတဲရောက်တော့
နဂါးဆေးပေါ့လိပ်ကလေးတစ်လိပ်ကို
မီးညှိပြီး ဖွာလိုက်တယ်။ ကြောင်သိန်းကြီး
ကျိုထားတဲ့ရေနွေးကြမ်းတစ်ခွက်ကိုလည်း
ဖူးကနဲသောက်လိုက်တယ်ဗျ။
“တာတေ ဟုတ်လား၊ သိန်းတင် ဘာပြောတုံး”
ပုရစ်ကမေးတာဗျ။ ကြောင်သိန်းကလည်း
ကျုပ်ကိုစိတ်ဝင်တစားကြည့်နေတယ်။
ကျုပ် ဘာပြောမှာလည်းဆိုတာ သိချင်
နေတဲ့ပုံပဲဗျ။
“ဟုတ်တယ် ပုရစ်၊ ကိုယ်ပျောက်က
ငါ့ပုံစံလုပ်ပြီး ဒီကောင်တွေဆီက ရွာ
သတင်းတွေ နားထောင်သွားတာ”
“ဟေ …ဟုတ်လား၊ ဒီကောင်တွေကလည်း
ပြောတာပဲလား”
“ဒီကောင်တွေက ငါလို့ထင်ပြီး ပြောကြ
တာပေါ့ကွာ”
“ဟေ…ဒါဆိုရင် ဒီလူ ဘာသတင်းတွေ
ရသြားတုံး”
“အရေးကြီးတဲ့သတင်းတစ်ခု ရသွားတယ်
ကွ၊ ဒါပေမဲ့ အဲဒါ မမေးနဲ့ဦး၊ သိပ်အရေး
ကြီးတယ်၊ ငါစီစဉ်မယ်၊ မင်းတို့အားလုံး
ပါရမယ်”
“ဟေ…ဟုတ်လား”
“လုပ်စမ်းပါ တာတေရာ၊ ဒီကိုယ်ပျောက်နှိပ်
စက်လို့ ငါတို့ရွာရော ဒီအနီးအနားကရွာတွေ
ပါ ထိတ်လန့်နေကြတာကွ၊ ညဆိုရင် ဘယ်
ရွာမှ ကောင်းကောင်းမအိပ်ကြရဘူး”
ပုရစ်ရော၊ ကြောင်သိန်းရော တက်တက်
ကြွကြွ ပြောကြတာဗျ။ အဲဒီညက နှစ်
ယောက်စောင့်၊ တစ်ယောက်အိပ် စနစ်နဲ့
ပုရစ်တစ်လှည့်၊ ကြောင်သိန်းတစ်လှည့်
အိပ်ကြတယ်။ ကျုပ်ကတော့ မအိပ်ဘူးဗျ။
ဒီတော့မှ ကျုပ်သိသွားတာဗျို့။ကိုယ်ပျောက်
ကနဲက ကိုယ်ဖျောက်ပြီး ရွာထဲမှာ လျှောက်
သွားနေတာကိုး။ ကျုပ်တို့ ကင်းတဲရှေ့က
တင် ဖြတ်သွားတာ သုံးခေါက်ဗျ။
ဒါပေမဲ့ ကျုပ်မေးကြည့်တယ်။ ပုရစ်တို့
ကြောင်သိန်းတို့က ဒီလူကို မမြင်ရဘူးဗျ။
ကျုပ်ကသာ မျက်ကွင်းဆေးအစွမ်းကြောင့်
မြင်ရတာ။ ဒါပေမဲ့ ကျုပ်လည်း မမြင်ချင်
ယောင်ဆောင်နေရတော့ ဒီလူရုပ်ကို
သေသေချာချာကို မမြင်ရပါဘူးဗျာ။
နောက်ညရောက်တော့ ကျုပ်ရွာထဲမသွား
တော့ဘူးဗျ။ နေမကောင်းဘူးလို့ ပြော
ထားပြီး အိမ်မှာအိပ်တယ်။ အိပ်ခါနီး ကျုပ်
က မဖဲဝါရဲ့ ကိုယ်ပွားရုပ်ကလေးထုတ်ပြီး
လက်ထဲမှာ ကိုင်ထားတယ်။ ဆံပင်ဖား
လျားနဲ့ မဖဲဝါရဲ့ ရုပ်ထုလေးက တကယ်ကို
အသက်ဝင်ပြီး ကျုပ်ကို ကြည့်နေသလိုပဲ။
“သင်္ချိုင်းရှင်မကြီး မဖဲဝါကို ကျုပ်တာတေ
က အကြောင်းပြုပါတယ်၊ မဖဲဝါ ကျုပ်တို့
ရွာမှာ ကိုယ်ပျောက်တဲ့လူတစ်ယောက်
ဒုက္ခပေးနေတယ်ဗျ။ အဲဒီလူဟာ မနက်ဖြန်
ညမှာ ကျုပ်တို့ရွာက မိန်းကလေးတစ်
ယောက်ကို ရုပ်ပြောင်းရုပ်လွဲလုပ်ပြီး ခိုး
သွားဖို့ ကြိုးစားနေတယ် မဖဲဝါ၊ အဲဒီလူကို
မနက်ဖြန်မှာ မိအောင်ဖမ်းချင်တယ်ဗျာ၊
ဘယ်လိုဖမ်းရမယ်ဆိုတာ မဖဲဝါပြောပြပါဗျာ”
ကျုပ်လက်ထဲမှာ ကိုင်ထားတဲ့ မဖဲဝါအရုပ်
ကလေးက ဆတ်ကနဲ နှစ်ချက်ဖြစ်သွား
တယ်ဗျ၊ ကျုပ်က အရုပ်ကလေးကို ခေါင်း
အုံးအောက်မှာထားပြီး အိပ်လိုက်တယ်။
ကျုပ်ကို မဖဲဝါ အိပ်မက်ပေးတယ်ဗျ။
ခါတိုင်းလိုပဲ လေတွေ တဟူးဟူး တိုက်
နေတဲ့ နေရာမှာ ကျုပ်ရောက်နေတယ်။
ကျုပ်ရှေ့မှာ ဆယ့်နှစ်ရာသီ အဝါပွင့်တွေ
တစ်ပင်လုံးပွင့်နေတဲ့ အပင်ကြီးဗျ။
လေတွေ အဲဒီလောက်တိုက်နေတာ
တောင် ဆယ့်နှစ်ရာသီပင်ကြီးက
အရွက်ကလေးတစ်ရွက်တောင်
မလှုပ်ဘူးဗျို့။ ဟော…မဖဲဝါ ထွက်
လာပြီ။ ဆယ်နှစ်ရာသီပင်ကြီးရဲ့
နောက်ကနေ မဖဲဝါ ထွက်လာတယ်။
ခါတိုင်း ကျုပ်မြင်နေကျ ပုံစံပေါ့ဗျာ။
ဆံပင်ဖားလျားလေး ချလို့ဗျ။ နားအ
ပေါ်လေးမှာ ဆယ့်နှစ်ရာသီပွင့်အဝါ
လေးတစ်ပွင့် ပန်ထားတယ်။ ကျုပ်နဲ့
ရွယ်တူလောက် ကောင်မလေးပုံစံ
ဖန်ဆင်ထားတာ။ သူ့ရဲ့နဂိုပုံစံကို
ကျုပ် ကြောက်သွားမှာစိုးလို့ဗျ။
အင်္ကျီက ခါးထောင်အင်္ကျီအဝါ
လေးဝတ်လို့ဗျ။ ထမီကလည်း အ
ထက်ဆင် အနက်က အပြားခပ်
ကြီးကြီးနဲ့ အဝါရောင်ပဲဝတ်ထား
တာ။ လေတွေ တဟူးဟူးတိုက်နေ
ပေမယ့် မဖဲဝါရဲ့အဝတ်အစားတွေ
က လေတိုက်ထဲမှာလှုပ်တောင်
မလှုပ်ဘူးဗျ။
ဆံပင်တွေကလည်း လေမှာ လွင့်
မနေဘူး။ အနီးအနားက သစ်ပင်တွေ
ကတော့ ကျိုးကျကုန်တော့မလိုကို
ယိမ်းထိုးနေတာဗျို့။ ကျုပ်နားတွေကို
တိုက်သွားတဲ့လေတွေက ဝူးကနဲ
ဝူးကနဲကို မြည်နေတာ။
” တာတေ နင်တို့ရွာကို ရောက်နေတာ
ကိုယ်ပျောက်မှော်အောင်ထားတဲ့ ကိုယ်
ပျောက်မြဒင် ဆိုတဲ့အကောင်ဟဲ့၊ ဒီအ
ကောင်က တိုင်းပြည်ထဲကိုလှည့်ပြီး
ကာမေသုမိစ္ဆာကံ ကျူးလွန်နေတဲ့
မှော်ဆရာပဲ၊ နင်ပြောတာ ဟုတ်တယ်၊
ဒီကောင် မနက်ဖြန် နင်တို့ရွာက
ကောင်မလေးကို ခိုးပြေးလိမ့်မယ်၊
နင်တို့မိအောင် ဖမ်းကြ၊ မမိရင်တော့
ကောင်မလေး ပါသွားလိမ့်မယ်၊
သူ့မယားဖြစ်သွားရင် ဒီကောင်က
ဆေးဝါးတွေနဲ့ စီရင်တော့မှာ၊ သူ့ကို
ကောင်မလေးက တန်းတန်းစွဲဖြစ်
တော့မှာဟဲ့၊ ဒီကောင်မှာ အဲဒီလို
ယူထားတဲ့မယားတွေ လေးငါး
ယောက်လောက်ရှိတယ်”
“ဒီလူက ဘယ်ကို ခိုးသွားမှာတုံး မဖဲဝါ”
“မြို့ကို ခိုးသွားမှာ၊ မြို့သွားတဲ့လမ်းက
နင်တို့ ပိတ်စောင့်ကြ ၊ ငါနင့်ကို ဆေး
ပေးလိုက်မယ်၊ အဲဒီဆေးကိုဖျော်ပြီး
ဒီကောင့်ပါးစပ်ထဲကို လောင်းထည့်လိုက်၊
ဒီကောင်မှော်တွေ အကုန်လုံးပျောက်
သွားလိမ့်မယ်”
မဖဲဝါက ကျုပ်လက်ထဲကို ဖက်ရွက်နဲ့
ထုပ်ထားတဲ့ ဆေးထုပ်ကို ထည့်ပေး
လိုက်တယ်။
“ဒါ လူသေပြာရယ်၊ လူသေသွေးရယ်၊
တစ္ဆေတံတွေးရယ် ရောပြီး စီရင်ထားတဲ့
ဆေးပဲ တာတေ၊ မှော်ဖျက်ကြီးဆေးလို့
ခေါ်တယ်၊ ဒီဆေးကို ငါပဲဖော်တတ်တယ်၊
အဲဒီကောင်ကို တိုက်လိုက်၊ ဒီကာမေသု
ကောင် တဖြည်းဖြည်းရူးပြီး သေသွား
လိမ့်မယ်”
ကျုပ်လန့်နိုးတော့ ဆရာတော့်ကျောင်းက
တုံးမောင်းတောင် ခေါက်နေပြီဗျ။
“တုံ၊ တုံ၊ တုံ၊ တုံ၊ တုံ၊ တုံ၊ တုံ၊ တုံ”
ကျုပ်လက်ထဲမှာဆုပ်ထားတဲ့ ဆေးထုပ်
ကလေးကို သတိရလို့ ကြည့်လိုက်တော့
တကယ်ကို ရှိနေတာဗျို့။ သုံးပန်လှပန်း
ပင်က အရွက်ကလေးနဲ့ ထုတ်ထားတာဗျ။
(သုံးပန်လှပန်းဆိုတာ အဖြူရောင်၊
ပန်းရောင်၊အနီရောင် တနေ့တည်း
အရောင်သုံးမျိုးပြောင်းတဲ့ ပန်းလေဗျာ)
ကျုပ် တစ်နေ့လုံး တိုးတိုးတိတ်တိတ်နဲ့
စီစဉ်ရတော့တာဗျို့။ သူကြီးကို အကျိုး
အကြောင်းအားလုံး ပြောပြပြီး ရွာထဲကကာလသားကြီးကြီးတွေ၊
ဗလကောင်းကောင်းလူတွေ သုံးဆယ်လောက် စု
လိုက်ပြီး သူကြီးအိမ်မှာ တိုးတိုးတိတ်တိတ် အစီအစဉ်လုပ်ရတယ်။
ကိုယ်ပျောက်မြဒင်မရိပ်မိအောင် လူခွဲပြီးလွှတ်ရတာဗျ ။
မြို့သွားတဲ့လမ်းက အကျဉ်းဆုံးနေရာ
မှာ ချုံပုတ်တွေကြားမှာ ဝပ်ပြီးစောင့်ကြရမှာ။ ဆယ်အိမ်ခေါင်းတွေလည်းပါတယ်။လူငယ်တွေကိုတော့ ရွာထဲမှာ ဟန်မပျက်
ကင်းစောင့်ခိုင်းထားတယ်။
ကျုပ်ကတော့မဖဲဝါပေးတဲ့ မှော်ဖျက်ကြီး ဆေးလုံးလေး
ကို ရေနဲ့ဖျော်ပြီး ဖန်ပုလင်းလေးနဲ့ ထည့်လာခဲ့တယ်ဗျ။
ကျုပ်လက်ထဲမှာလည်း ယင်းတိုက်သား
အနှစ်ကိုလုပ်ထားတဲ့ တုတ်တစ်ချောင်းကိုင်ထားတယ်။
ကျုပ်လည်း ကင်းပုန်း
ဝပ်နေရတာပေါ့ဗျာ။ ညသန်းခေါင်လောက်ကျတော့
စောင့်တဲ့လူတွေပျင်းတောင်လာကြပြီဗျို့။
“တာတေ၊ မင်းကောင် လာရောလာပါ့
မလား၊ အခုပဲ ဆယ့်နှစ်နာရီထိုးနေပြီကွ”
“လာမှာပါဗျာ၊ ဟော ပြောရင်းဆိုရင်း
မြင်းခွာသံ ကြားပြီဗျို့”
“အေး အေး၊ ဟုတ်တယ်ဟေ့၊
မြင်းခွာသံ ကြားတယ်”
“ခွပ်၊ ခွပ်၊ ခွပ်၊ ခွပ်၊ ခွပ်”
မြင်းကို အသားကျစီးလာတဲ့ အသံဗျ။
ဒီခွာသံကြားတာနဲ့ မြင်းစီးတဲ့လူဟာ
မြင်းစီးကောင်းဆိုတာ ကျုပ်တို့အညာသားတွေ သိပြီးသားဗျ။
တစ်ယောက်
ကိုတစ်ယောက် လက်ကုတ်လိုက်
ကြတယ်။ ဟော…လာပြီဗျို့။ လာပြီ။
မဖဲဝါပြောတာ ဟုတ်လိုက်တာဗျာ။
ကိုယ်ပျောက်မြဒင်က မခင်မိကို
ကိုစစ်ရှိန် အယောင်ဆောင်ပြီး ခိုးလာပြီပေါ့ဗျာ။
လာပြီ။ လာပြီ။ ကျုပ်တို့ရှေ့ကို
ရောက်တော့မယ်ဗျို့။
“ဝိုင်းဟေ့၊ ဝိုင်းဟေ့၊ မလွတ်စေနဲ့
ဝိုင်းဟေ့”
ကျုပ်တို့ရွာသားတွေ ညာသံပေးပြီး
ချုံပုတ်တွေထဲက ပြေးထွက်လာကြ
တာဗျို့။ဓါတ်မီးနဲ့ထိုးတဲ့လူက ထိုးထားကြတာ။ ကျုပ်လည်း ယင်းတိုက်
သား တုတ်ကိုကျစ်ကျစ်ပါအောင်ကိုင်ပြီး ပြေးထွက်တာပေါ့ဗျာ။
“ဟာ…ပျောက်သွားပြီဟေ့၊
ပျောက်သွားပြီ”
ကိုယ်ပျောက်မြဒင်က မြင်းကို တုံ့ကနဲ
ရပ်လိုက်ပြီး လူတွေပြေးထွက်လာတာ
တွေ့တော့ ချက်ချင်းကိုယ်ဖျောက်ပစ်လိုက်ရောဗျို့။
ကျုပ်က မျက်ကွင်းဆေးကွင်းထားတာဆိုတော့
မြင်နေရတော့တာပေါ့ဗျာ။
“ကိုစစ်ရှိန်ကို မလုပ်ကြပါနဲ့ရှင်”
မခင်မိကတော့ အခုထိ ကိုစစ်ရှိန်လို့ပဲထင်နေတုန်းဗျ။
ပျာပျာသလဲ တောင်းပန်နေတာ။ ဟော ပြေးတော့မယ်ဗျို့။
ကိုယ်ပျောက်မြဒင် လှည်းလမ်းကြောင်းကနေ ဘေးက ကုန်းပေါ်ကို တက်ပြေးမလို့ လုပ်နေတာဗျ။
ကျုပ် လွှားကနဲတစ်ချက်ခုန်လိုက်ပြီး လက်ထဲက
ယင်းတိုက်သားတုတ်နဲ့ ခေါင်းကိုရိုက်ချလိုက်တယ်။
“ခွပ်” “ဘုန်း”
‘ခွပ်’ဆိုတာက ခေါင်းကို ရိုက်လိုက်တာဗျ။
‘ဘုန်း’ဆိုတာက ကျောကုန်းကိုဖြတ်ချရိုက်တာ။
ကိုယ်ပျောက် ကျောကုန်းကြီး တစ်ချက်
ကော့သွားပြီ။ ခွေကနဲ လဲကျသွားရောဗျ။
ကျုပ်တို့ရွာသားတွေက ကိုယ်ပျောက်
မြဒင်ကို မမြင်ရပေမဲ့ ကျုပ်ရိုက်ချလိုက်
တဲ့ အသံကိုတော့ ကြားကြတာပေါ့ဗျာ။
ကျုပ်ဆီကို ဓါတ်မီးတွေ ထိုးပြထားကြတာဗျို့။
ကျုပ်က သတိလစ်နေတဲ့ ကိုယ်ပျောက်ကို ပက်လက်ဆွဲလှန်
လိုက်ပြီး ဖန်ပုလင်းလေးနဲ့ ဖျော်ပြီးယူလာတဲ့ မဖဲဝါရဲ့ မှော်ဖျက်ကြီးဆေးကို ပါးစပ်ထဲလောင်းထည့်လိုက်တယ်။
ကိုယ်ပျောက်မှော်မြဒင်ရဲ့ ကိုယ်လုံး
ကြီး တစ်ချက်တွန့်လိမ်သွားပြီး ဘွားဘွားကြီး ပေါ်လာရောဗျို့။
“ဟာ…ပေါ်လာပြီဟေ့၊ ရိုက်ကွာ၊
ငါတို့ရွာကို ဒုက္ခပေးတဲ့ ကောင်ကို
အသေရိုက်သတ်စမ်းကွာ”
“ဟေ့ကောင်တွေ မလုပ်နဲ့၊
ဥပဒေမဲ့ မလုပ်ကြနဲ့ ”
ဆယ်အိမ်ခေါင်းတွေက အတင်းဝင်
ဆွဲကြရတာပေါ့ဗျာ။ ဒီတော့မှ မခင်မိလန့်သွားတာဗျို့။
“အောင်မယ်လေးတော်၊ ကိုစစ်ရှိန်
မဟုတ်ဘူးလား၊ ဘုရား ဘုရား၊
ကျုပ် ရေတိမ်နစ်တော့မလို့တော်”
ပြောရင်းနဲ့ မခင်မိ ငိုတော့တာပေါ့ဗျာ။
“တာတေ မင်းအစ်မ ခင်မိကို့မြင်းနဲ့
ခေါ်သွားတော့၊ သူကြီးအိမ်ကို ခေါ်သွား”
ဆယ်အိမ်ခေါင်း ကိုကံကအမိန့်ပေးတာဗျ။
ကျုပ်လည်း အောင်ဘော်ကြီးပေါ်တက်ပြီး
အစ်မမခင်မိကို ရွာပြန်ခေါ်ခဲ့တော့တာပေါ့ဗျာ။
ကျုပ် မြင်းမမောင်းခင် လှည့်ကြည့်
လိုက်တော့ ဆယ်အိမ်ခေါင်းတွေက ကိုယ်ပျောက်ကို
ကြိုးနဲ့တုပ်နေကြသဗျို့။
ညတွင်းချင်းပဲ ကိုယ်ပျောက်ကို စစ်ကြ
ဆေးကြတယ်ဗျ။ သူကြီးအိမ်မှာ လူတွေအုံနေတာပေါ့ဗျာ။
မဖဲဝါရဲ့ဆေးချက်မိသွားတဲ့ ကိုယ်ပျောက်ကတော့ မှော်
တွေအားလုံး ပျောက်သွားပြီး သူကြီးရဲ့
ထိတ်တုံးမှာ ကားကားကြီး ဖြစ်နေတော့တာပေါ့ဗျာ။
သူကြီးက ညတွင်းချင်းပဲ ကိုစစ်ရှိန်နဲ့
မခင်မိကိစ္စကို စီစဉ်တယ်။ ကိုစစ်ရှိန်
ကို လိုက်ရှာတော့ မြောက်ဘက်ခရိုးက ခရိုးပေါက်နားမှာ
ငုတ်တုတ်ကြီးထိုင်ပြီး သတိမေ့နေတာကို တွေ့လို့တွဲခေါ်လာကြရတာဗျ။
သူကြီးက ကျုပ်ဆရာတော်ဦးဂုဏကို
သွားပင့်ခိုင်းလို့ ဆရာတော်ကြွလာပြီးသစ်စုန်းဆေးတော်ကို
သွေးတိုက်လို့ကိုစစ်ရှိန်ရော မခင်မိရော ကိုယ်ပျောက်ရဲ့ တို့ဆေးတွေ
ပြယ်ကြတာပေါ့ဗျာ။
သူကြီးက နှစ်ဖက်မိဘကို ခေါ်ပြီး နားချတယ်။
တစ်ယောက်နဲ့ တစ်ယောက် ဘာအာဃာတမှမထားတော့ဘဲ
လူငယ်တွေ ကိစ္စကို စီစဉ်ပေးကြဖို့၊အခုလို ဆွေတွေ
မျိုးတွေ ဖြစ်ပြီဆိုတော့အရင်က အဆင်မပြေမှုတွေကို ခွင့်လွှတ်လိုက်ဖို့ သူကြီးကပြောတော့ အားလုံးခေါင်းညိတ်ကြတာပေါ့ဗျာ။
မကြာခင်မှာ ကိုစစ်ရှိန်နဲ့မခင်မိ
တို့နဲ့ မင်္ဂလာပွဲကြီးက ကျုပ်တို့ရွာမှာ
ခြိမ့်ခြိမ့်သဲ ကျင်းပဖို့ပြောကြဆိုကြတဲ့အထိ ရောက်သွားကြသဗျို့။
နောက်နေ့မနက်စောစောထပြီး လှည်း
တွေနဲ့ ကိုယ်ပျောက်ကို မြို့က ရဲဌာနကို ပို့ကြတယ်။
ကိုယ်ပျောက်မြဒင်ကကြိုးတုပ် ရက်ကြီးပါသွားတာဗျ။
သူကြီးကိုယ်တိုင် ဦးဆောင်ပြီး ပို့တာ
ဆိုတော့ ဆယ်အိမ်ခေါင်းတွေ အကုန်
လုံး လိုက်သွားကြရတော့တာပေါ့ဗျာ။
အဲဒီနေ့က ကျုပ်လည်း မိုးလင်းမှအိမ်ပြန်ရောက်တော့တာဗျို့။

ပြီးပါပြီ