မဟူရာအကျဉ်းထောင်

မဟူရာ အကျဉ်းထောင်(စ/ဆုံး)
—————————————-
အပိုင်း-၁

[ ၁ ]
အခန်းက ကျဉ်းရသည့်အထဲ အလင်းရောင် မရတရမို့ အသက်ရှူလို့ မဝချင်။

ရှေ့တည့်တည့်တွင် သံဆန်ခါ တစ်ထပ်၊ ထိုမှ လက်တစ်ကမ်း အကွာလောက်တွင် ဒုတိယ သံဆန်ခါတစ်ထပ်။

သံဆန်ခါ နှစ်ထပ်ခြား၍ တစ်ယောက်နှင့် တစ်ယောက် တွေ့ရ မည် ဆိုတော့လည်း တင်ဘုန်းနွယ်ပင်လျှင် အသည်းမငယ်စဖူး ငယ်ရသည်။

သာမန် မိန်းမငယ်တစ်ယောက်သာဆိုလျှင်တော့ မျက်ရည်သီသီဝှေ့ ကာ တငွေ့ငွေ့ ရှိုက်ကောင်းရှိုက်မည်။ သံဆန်ခါကို လက်သီးဆုပ်ဖြင့် ထု၍ မျက်ရည်ဥများ ပိုးပိုးပေါက်ပေါက် ကျကောင်းကျမည်။

အရာရာတွင် မျိုသိပ် ထိန်းချုပ်ရန် ကျင့်သားရနေပြီဖြစ်သော တင်ဘုန်းနွယ်ပင်လျှင် ရင်ထဲမှာဆို့နင့်လာ၍ နှုတ်ခမ်းကို ပြတ်ထွက်လု ခမန်း ကိုက်ပစ်လိုက်ရသည်။

အတော်ကြီးကြာအောင် သံဆန်ခါကိုမှေးမှီကာ နွဲ့ လျအားငယ်စွာ ရပ်နေမိသေး၏။ သို့ပေမဲ့ သတိရရချင်း ဖြုန်းခနဲ ကိုယ်ကိုပြင်၍ တောင့်တောင့် တင်းတင်း ရပ်ပစ်လိုက်နိုင်သည်။ တိုက်ပွဲဝင်တော့မည့် သူရဲကောင်းမ ကလေးအလား မျက်နှာထားခပ်မော့မော့နှင့် သံဆန်ခါ နှစ်ထပ်၏ ဟိုမှာ ဘက်တွင် ရပ်လာမည့် မောင်မောင့်ကို စောင့်ရမည်။

ဟုတ်သည်။ မိမိကိုတော့ တိုက်ပွဲဝင်ရန် အစဉ် အသင့်ရှိနေသည့် သူရဲကောင်း ရဲဘော်တစ်ဦးပမာသာ မောင်မောင် မြင်တွေ့စေချင်သည်။

တင်ဘုန်းနွယ်သည် ခေါင်းကိုမော့၍ ပင့်သက်ကို တဝကြီးရှိုက်သွင်း လိုက်၏။

ချဉ်စူးစူး ပုပ်အဲ့အဲ့ရနံ့များကြောင့် အသက်ပြင်းပြင်းရှူလိုက်သော အခါမှ ပို၍ပင် မွန်းကျပ်သွားသလို ထင်မိသည်။ ထောင်ရနံ့ဆိုသည်မှာ သည်လိုပဲထင်ရဲ့။ ဘယ်တော့မှ အသက်ဝဝရှူလို့မရချင်။ နှာခေါင်းတော့ ယဉ်နေပြီပင်။

အထူးသဖြင့် ဒီနေရာက ပို၍ဆိုးလှသည်။

အုတ်နံရံထူကြီးများဖြင့် လေးဖက်လေးတန်ကာရံဖွဲ့စည်းထားသော အခန်းကျဉ်း မြှောင်မြှောင်ကလေးမှာ သံဆန်ခါနှစ်ထပ်ခြား၍ အပိုင်းပိုင်း အကန့်ကန့် ပြုလုပ်ထားသည်မို့ ပိုလို့ကျဉ်းကျပ်နေသည်။

အကျဉ်းသားနှင့် ထောင်ဝင်စာတွေ့သူတို့ ကိုယ်ထိလက်ရောက် အပေးအယူ မလုပ်နိုင်အောင် သည်လို အထူးစီမံချက်များ ထားရှိကြောင်း၊ တင်ဘုန်းနွယ် ကြားဖူးနားဝ ရှိခဲ့ပါ၏။ ယခုမှပင် ကိုယ်တွေ့ကြုံရတော့သည်။

ထောင်ထဲရောက်လာသည်မှာ တစ်နှစ်နှင့် ဆယ်လကျော်ပြီ။ ယခုမှ ပထမဆုံးအကြိမ် သည်နေရာသို့ ရောက်ဖူးရပါသည်ဆိုလျှင် မယုံ ချင်စရာဖြစ်ကောင်းဖြစ်မည်။

အကျဉ်းထောင်ထဲသို့ ရောက်လာသည့် တစ်နှစ်ကျော်ကာလ အတွင်းမှာ တင်ဘုန်းနွယ်သည် မောင်မောင်နှင့် ကြိမ်ဖန်များစွာ ထောင်ဝင်စာ တွေ့ဖူးပါ၏။ ထောင်ထဲရောက်စက တစ်ပတ်တစ်ခါ။ နောက်ကြာလာတော့ တစ်လတစ်ခါ။

သို့သော် သည်နေရာမှာမဟုတ်၊ ထောင်ဘူးဝရှိ ထောင်မှူးကြီး ရုံးခန်းတွင် ခန့်ခန့်ညားညား တွေ့ခဲ့ရသည်ချည်း။ ။

ဟိုစဉ်အခါများတုန်းကတော့ အမျိုးသမီးထောင်တံခါးဝမှ ‘တင်ဘုန်းနွယ် ထောင်ဝင်စာ ́ဟု အော်သံကြားလျှင် အမျိုးသမီးဝါဒါ က ထောင်မှူးကြီးရုံးခန်းသို့သာ တိုက်ရိုက်သွားဖို့ နားလည်ပြီး ဖြစ်နေ သည်။

ရုံးခန်းထဲမှာ ထောင်မှူး၊ ထောင်ပိုင်တွေ သူတို့ကိစ္စနှင့်သူတို့ ဘယ် လောက်ပင် ရှုပ်နေနေ အခန်းထောင့်တစ်နေရာတွင် တမင်ချပေးထားသည့် ခုံတန်းလျားကလေးမှာ နှစ်ယောက်တည်း အေးအေးလူလူ စကားရှည်ကြာ ပြောချင်သလောက် ပြောခွင့်ရသည်။

အနားမှ စောင့်ကြပ်၍ နားထောင်မည့်သူ မရှိ။ အချိန်စေ့ပြီရယ်လို့ လောဆော်မည့်သူလည်း မလာ။

သည်မျှ တင်ဘုန်းနွယ်က ထောင်ထဲမှာ အခွင့်အရေးရသည်။ အကျဉ်းထောင်ထဲမှ ငရဲခန်း မှတ်တမ်းပုံပြင်များသည် တင်ဘုန်းနွယ်အဖို့ တော့ စာအုပ်ထဲမှာ ဖတ်ဖူးခဲ့ရုံမျှသာ ဖြစ်နေ၏။

အမှန်တော့လည်း ကျီး-ဘုတ်ရိုသေ၊ ဘုတ်-ကျီးရိုသေခြင်းတည်း။

တင်းကျပ်သော ထောင်ဥပဒေ၊ ထောင်စည်းကမ်းများကို တင်ဘုန်းနွယ် လွန်ဆန်နိုင်၍တော့မဟုတ်။ မည်သည့် ထောင်ဝန်ထမ်းကမှလည်း သူတို့ ကြပ်မတ်ဆောင်ရွက်ရသည့် တာဝန်ဝတ္တရားများကို အထိပါးခံမည် မဟုတ်။

သို့သော် တင်ဘုန်းနွယ်နှင့်ပတ်သက်၍ အကြောင်းကြောင်းတွေက ရှိနေသည်။

တင်ဘုန်းနွယ်သည် ရာဇဝတ်အကျဉ်းသားမဟုတ်။ မတရားသင်း ဥပဒေပုဒ်မ – ၁၇(၁) အရ နိုင်ငံရေးကိစ္စဖြင့် ထောင်ထဲ ရောက်လာသူ။

နောက်ပြီး ပြစ်ဒဏ်စီရင်ခြင်း ခံရပြီးသည့် “ထောင်ကျလည်း မဟုတ်။ တရားလိုဘက်က သက်သေထူရန် တာဝန်မကျေသေးသော အချုပ်အနှောင်ခံကာလ။ တစ်နည်းအားဖြင့် အမှုစစ်ဆေး၍ မပြီးပြတ်သေးသော အစွပ်စွဲခံရသူ သာမန်အချုပ်တရားခံဘဝ။ ကဲ ခုအချိန်မှာ ” အပြစ်ရှိသည်လို့ ဘယ်သူပြောမလဲ။ ဥပဒေစကားနှင့်ပဲ ရဲပစ်လိုက်မည်။ အချုပ်သားဆိုသည်မှာ ထောင်ထဲတွင် ထောင်ကျထက်တော့ အခွင့်အရေး တစ်ပန်းသာစမြဲ။

ပြီးတော့လည်း မပြောစကောင်း ပြောစကောင်း အမှန်မို့ပြောရလျှင် အမျိုးသမီးထောင်၏တာဝန်ခံထောင်မှူး ဦးတင်ရွှေဆိုသည်က တင်ဘုန်းနွယ် နှင့် တစ်ကျောင်းတည်းထွက်။

အတန်းချင်းတော့မတူ။ ဦးတင်ရွှေက များစွာ စီနီယာကျသော် လည်း တစ်ကျောင်းတည်းထွက်၊ တစ်ရပ်ကွက်တည်းသား ဆိုသည့်အရှိန် နှင့် တင်ဘုန်းနွယ်ကို တတ်နိုင်သလောက် ကူညီစောင့်ရှောက်သည်။ ဦးတင်ရွှေ၏ မျက်နှာနှင့် ထောင်မှူးကြီးကပါ လိုက်လိုက်လျောလျော ရှိလာသောအခါ ထောင်ထဲမှာပေမင့် တင်ဘုန်းနွယ်သည် အခွင့်ထူးခံ လူတန်းစားတည်း။

မှတ်မှတ်ရရ ထောင်သို့ရောက်လာစ နေ့တုန်းကပဲ အဖုအထစ် ဖြစ်ဖူးသည်။

တင်ဘုန်းနွယ်ကို ရဲကဖမ်းတော့ မီးဖွားပြီးစ လပင် မလဲတတ် သေး။ ရက်နှစ်ဆယ်ကျော်ရုံမျှပင် ရှိသေး၏။ သွေးနုသားနုနှင့် ထောင်ထဲ ရောက်လာသော တင်ဘုန်းနွယ်သည် ရှက်စိတ်၊ အားငယ်စိတ်ထက် မခံချင် စိတ်များက ပို၍ဆူကြွနေ၏။ အဆစ်ပါလာရှာသော အပြစ်မဲ့သားငယ်ကို ငုံ့ကြည့်ကာ ရှိသမျှအားမာန်ကို စုစည်းလိုက်သည်။

ထောင်ဘူးဝမှတစ်ဆင့် “အမျိုးသမီးအကျဉ်းထောင်’ဆိုသော အုတ်ရိုးကာ သီးခြားအဆောက်အအုံထဲသို့ ရောက်သည်နှင့် ထောင်၏ ခါးသီးသော အရသာကို စတင်ခံစားလိုက်ရသည်။

အကျဉ်းခန်း ကြမ်းပြင်ဝယ် ရော်ရွက်များ ကြွေကျနေသည့်နှယ် မိန်းမကြီးငယ်များစွာတို့သည် လျောင်းခွေငြိမ်သက်နေကြ၏။

သမံတလင်းပြင်တွင် လူတစ်ကိုယ် ကျောဆန့်သာရုံရှိသော ဂုန်နီ ပါးကလေးတွေ ကိုယ်စီ ခင်းလျက်ပါ ကလား။ နို့စို့ရွယ် မတ်တတ်စ အရွယ် ကလေးငယ်တွေလည်း မနည်းလှပါကလား။ သားသည်မအေတွေ၊ အိုမင်းရွတ်တွ အဘွားကြီးတွေ၊ အပျိုပေါက်ကလေးတွေ စုံလို့ပါကလား။

တင်ဘုန်းနွယ်က အတွေးဖြင့်ငိုင်၍ ရပ်နေမိဆဲ။ အခန်းထောင့်တစ် နေရာရှိ တစ်လုံးတည်းသော သစ်သားကွပ်ပျစ်ပေါ်မှ မိန်းမရွယ်တစ်ယောက်ထလာသည်။ အမူအရာ သွက်သွက်လက်လက်၊ မျက်နှာထားခပ် တည်တည်နှင့် ကြည့်ရသည်မှာ တော်တော့်ကို ထောင်ရည်ဝနေသည့်ပုံ။ သူက “ဘာယာ ́ဆိုတာ များလား။ အို.. ဟုတ်မယ်မထင်ပါဘူး။ သည်ခေတ်မှာ ထောင်ဘာယာတို့၊ ဘုတ်ကိုင်တို့၊ ဆယ့်နှစ်မှတ်တို့ မရှိတော့ ဘူး ဆိုထားတာပဲ။

သို့သော် သူ့နေရာနှင့်သူ လည်သူကတော့ နေရာယူတတ်စမြဲတည်း။

“ရှင်က လူသစ်မဟုတ်လား”

သူက တင်ဘုန်းနွယ်ကို စေ့စေ့ကြည့်၍ မေးလိုက်သည်။

တင်ဘုန်းနွယ်မှာက အကျင့်တစ်ခုရှိသည်။ သူ့ကို တစ်စုံတစ်ယောက် က စေ့စေ့ကြည့်လျှင် သူကလည်း စိန်းစိန်းစိုက်စိုက် ပြန်၍ကြည့်ပစ်လိုက် ချင်သည်။ အိပ်မောကျနေသော သားငယ်ကို သတိတရ ပွေ့ပွေ့ပိုက်ပိုက် ရင်ခွင်မှာ ထွေးလျက်ကပင် မေးခွန်းရှင်ကို ခြေဆုံးခေါင်းဖျား စူးစူးရွားရွား ကြည့်ပစ်လိုက်သည်။ ပြီး နှုတ်မှမဖြေဘဲ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

“ဒီလိုဆို ဟိုဘက် အစွန်ဆုံးကိုသွား။ အဲဒီမှာ ပုံစံအိပ်ရာခင်း အဆင်သင့် ရှိတယ်””

တင်ဘုန်းနွယ်သည် နေရာမှ မရွေ့သေးဘဲ သူညွှန်ပြရာသို့ လှမ်း ကြည့်လိုက်၏။ အိုး … ယုတ်လှချည်လားဟင်။ ထိုနေရာမှာ သည်ဘက် ခြမ်းနှင့်စာလျှင် ခြေရင်းဘက်ကျပုံရသည်။ သမံတလင်းပြင်သည် သိသိ သာသာ စိုစွတ်ထိုင်းမှိုင်းနေ၏။ နံရံတွင် ကပ်လျက်ထပ်ပုံထားသော စဉ့်အင် တုံပြတ်များက ဘယ်လိုနေရာမျိုးဖြစ်သည်ကို အဓိပ္ပာယ်ဖွင့်ဆိုပြနေသည်။ သတိထားမိလျှင် နံရံကပါ သိသိသာသာ အဆုံးအဖြတ်ပေးလာသည်။

“သွားလေ… သွား။ ကလေးက အိပ်တုန်းမဟုတ်လား။ အဲဒီမှာ ချသိပ်ချေ”

တင်ဘုန်းနွယ် သည်းမခံနိုင်တော့။ ဖြုန်းခနဲ အော်ပစ်လိုက်မိသည်။

“အို… မသွားပါဘူး။ အဲဒီနေရာမျိုးကို ဘယ်တော့မှမသွားဘူး”

ဒေါသဖြင့် ထန်နေသော တင်ဘုန်းနွယ်၏အသံမှာ တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက်နေသော အကျဉ်းထောင် တစ်ဆောင်လုံးကို လှုပ်ခတ် ဟိန်းထွက်သွား၏။ အမျိုးသမီးဆောင်ဝင်းတံခါးပေါက်ကို အတွင်းမှ

သော့ခတ်ပိတ်နေသော ဝါဒါအဘွားကြီးက သော့တွဲကို ကပျာကသီ ဆွဲဖြုတ်ကာ ကသုတ်ကရက်ပြေးဝင်လာသည်။

“ဒီနေရာပဲ ရှိတာ။ ဒီမသွားလို့ ဘယ်နေရာများ နေချင်သေးသလဲ။ ကြီးကျယ်မနေနဲ့။ ဒါ ထောင်”

ထိုမိန်းမကလည်း အောက်ကျမခံ။ ပြန်၍အော်သည်။ နီရဲလာသော မျက်နှာ တစ်ပြင်လုံးမှာ ရှက်ဒေါသဖြင့် မွန်နေပုံရ၏။ အသီးသီးလဲလျောင်းလျော့ခွေနေကြသော မိန်းမများမှာ လေပွေအဝှေ့ခံလိုက်ရသော ရွက်ကြွေ များပမာ ရုတ်ရုတ်သဲသဲ အုံထလာသည်။

ရင်ခွင်ထဲမှ ကလေးငယ်သည် ဖျတ်ခနဲလန့်ကာ တအင့် အင့် လွန့်လာ၏။ တင်ဘုန်းနွယ်က ကလေးတင်ပါးကို ခပ်ဖွဖွပုတ်၍ ပိုက်ပိုက် ထွေးထွေးပြုရင်း သူ့ရှေ့တွင် ခါးထောက်ရပ်နေသော မိန်းမအနားသို့ တိုးကပ်သွားလိုက်သည်။

“ဒီမှာ အမျိုးသမီး နှင့်ပါးစပ်ကို ပိတ်ထား။ ငါ အခု ထောင်ကျ လာတာ မဟုတ်ဘူး။ ထောင်ထဲမှာ ဘယ်လိုနေရစားရမယ်ဆိုတာကို နင့်ထက် နားလည်တယ်။ ငါ လိုချင်တဲ့ အခွင့်အရေးကို နင်နဲ့ ပြောဖို့ မလိုဘူး။ တာဝန်ရှိတဲ့ လူတွေနဲ့ပြောမယ်။ ဒါပဲ”

“ဟဲ ဟဲ … နေကြပါဦး။ ဘာလဲ။ ဘာဖြစ်ကြတာလဲဟင်။ ခင်ခင်မြင့် …”

စိပ်ပုတီးကြီးတစ်ဖက် သော့တွဲကြီးတစ်ဖက်ဆွဲ၍ ဝဖိုင့်လေးလံသော ကိုယ်ခန္ဓာကို အနိုင်နိုင်သယ်ရင်း မောကြီးပန်းကြီးရောက်လာသော ဝါဒါ အဘွားကြီးက ထိုမိန်းမကို ဦးတည်၍ မေးလိုက်သည်။

“ထုံးစံအတိုင်း ကျွန်မ နေရာချပေးတာ အမေ။ ဒါကို ရိုင်းရိုင်းစိုင်း စိုင်း ပြန်အော်တယ်”

မိန်းမက အလည်၊ အသွက်၊ ပန်ကာ။ သူကပဲ အရင်ဦးအောင် တိုင်နှင့်သည်။ တင်ဘုန်းနွယ်က ဘယ်သူ့ကိုမှ မမှုသော စုဖုရားလတ် မျက်နှာထားမျိုးနှင့် ထိုမိန်းမကို စူးစူးရဲရဲကြည့်လိုက်သည်။

“အေး … အော်တယ်။ ရိုင်းရိုင်းစိုင်းစိုင်း အော်တယ်။ ငါ့ကို ယဉ်ယဉ်ကျေးကျေးမဆက်ဆံရင် ဘယ်သူ့ကိုဖြစ်ဖြစ် ရိုင်းစိုင်းပြလိုက် မှာပဲ။ ဒီမှာ အန်တီ”

တင်ဘုန်းနွယ်က စကားကို ခေတ္တဖြတ်ကာ သူ့အတွက် ညွှန်ပြ ထားသောနေရာဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ခင်းထားသော ဂုန်နီပါးကို ဖိနပ်ဦးချွန်ဖြင့် ရှပ်ခနဲထိုး၍ ဆွဲလှန်ပစ်လိုက်သည်။

“ဒီနေရာမျိုးမှာ ဒီလို ဂုန်အိတ်ခင်းပြီးတော့ ကျွန်မ မအိပ်နိုင်ဘူး အန်တီ။ ကျွန်မ တရားရုံးက အပြစ်ပေးလိုက်တဲ့ ထောင်ကျ မဟုတ်ဘူး။ ပြီးတော့ မီးဖွားပြီးစ ကျွန်မ သွေးနုသားနု တစ်လတောင်မပြည့်သေးဘူး။ အပြစ်မဲ့တဲ့ ကျွန်မရဲ့ ရက်သားကလေးနုနုကလေးကို ဒီလို ကျန်းမာရေး ထိခိုက်နိုင်တဲ့ သမံတလင်းပေါ်မှာ မချနိုင်ဘူး”

ရုတ်တရက်မို့ ဝါဒါအဘွားကြီးသည် မှင်တက်မိသလို ငြိမ်၍ရပ်နေ၏။ မကြုံစဖူးပြဿနာမို့လည်း ဘယ်လိုအစရှာ၍ ကိုင်တွယ်ရမည်ကို ဉာဏ် မမီနိုင်လောက်အောင် ဖြစ်နေပုံရသည်။ ဤတွင် ဟိုမိန်းမက ဝင်၍ ခလောက်ဆန် ပြန်သည်။

“ထောင်ဆိုတာတော့ ဒီလိုချည့်ပဲ။ ကိုယ်နေချင်သလို ဘယ်တော့မှ မနေရဘူး။ ဒီထဲမှာ အားလုံးထောင်ကျချည်းမထင်နဲ့။ ရှင့်လို အချုပ်တွေ တစ်ပုံကြီးရှိတယ်။ ဒီလိုပဲ နေရတာပဲ။ ရှင့်ကျမှ”

“အို… တိတ်စမ်း ခင်ခင်မြင့်။ ညည်းကလည်း အင်မတန် လျှာကြောရှည်တော်မူတယ်။ အထဲရောက်လာခါစ လူသစ်ကို ကောင်းကောင်းမွန်မွန် ပြောမှပေါ့။ ကုသိုလ်ကံမကောင်းကြလို့ ဒုက္ခရောက်လာတဲ့ လူအချင်းချင်း စာနာစိတ်ထားကြပါလို့ ငါ တဖွဖွ ပြောပါလျက်နဲ့အေ။ ခြင်းထဲက ကြက်လိုပဲ နိုင့်ထက်စီးနင်း တယ်ပြီး ခေါင်းဆိတ်ချင်တယ်။ ကဲ ကဲ… သမီးတို့က ဒီကလေးမအေကို ဝိုင်းစောင့်ရှောက်ကြပါဦးကွယ်။ သူ့ခမျာ သွေးနုနုသားနုနုနဲ့။ ခြောက်ခြောက်သွေ့သွေ့ နေရာလေး ပေးလိုက် ကြပါ။ ဟဲ … မနီတို့၊ ဝင်းကြည်တို့၊ ဒီဘက်နည်းနည်း ရွှေ့ပေးလိုက်စမ်း။ ကဲ… တိုးတိုး××ပေါ့ သမီးရယ်။ လာ လာ…”

ဝါဒါအဘွားကြီးက ပြောပြောဆိုဆို စိပ်ပုတီးကို လည်ပင်းတွင် စွပ်ချလိုက်ပြီး အိပ်ရာများကို သူကိုယ်တိုင်ဝင်၍ရွှေ့ နေသည်။ တင်ဘုန်းနွယ်သည် မလှုပ်မယှက် ရပ်မြဲရပ်နေ၏။ သူ့အတွက် ညွှန်ပြထားသော အိပ်ရာ ပေါ်သို့ ဆယ့်ရှစ်နှစ်အရွယ် မိန်းမငယ်တစ်ယောက် လွယ်အိတ်တစ်လုံး စောင်တစ်ထည်ကို ဖိုသီဖတ်သီဆွဲကာ ရွှေ့ လာသည်။ ထိုမိန်းကလေး၏ မူလနေရာတွင် တင်ဘုန်းနွယ်နေရမည်ပေါ့။

“ကဲပါ အန်တီ။ အဲဒါတွေ ထားလိုက်ပါ။ ဒီအောက်မှာဆိုရင်တော့ ကျွန်မ တစ်ညတောင် မအိပ်နိုင်ပါဘူး။ ခု အပြင်မှာ ကျွန်မအိမ်ကလူတွေ ရှိနေလိမ့်ဦးမယ်။ အိပ်ရာလိပ်တို့ဘာတို့ ပြန်မှာချင်တယ်”

“ဟဲ့ သမီးရဲ့။ ထောင်ထဲ ရောက်လာရင် အပြင်နဲ့ ဆက်သွယ်ဖို့ မလွယ်တော့ဘူးကွဲ။ ထောင်ဘူးဝတံခါးဆိုတာ အကြောင်းခိုင်လုံမှ ဖွင့် ရတာ။ နက်ဖြန်နံနက် တန်းစီတော့မှ ပြောစရာရှိတာပြော။ ထောင်မှူးကြီး လာလိမ့်မယ်”

တင်ဘုန်းနွယ်က ခေါင်းကို သွက်သွက်ပါအောင် ယမ်းခါပစ်လိုက်သည်။

“ဒီကိစ္စ အန်တီနဲ့ မပြီးနိုင်ဘူးဆိုရင် ဘယ်သူနဲ့ပြောရမှာလဲ အန်တီ။ ခုချက်ချင်းပဲ တွေ့ပါရစေ။ ဘူးဝရုံးခန်းထဲ လိုက်ပို့ပေးပါ”

အဘွားကြီးက သူ၏ ငွေရောင်သမ်းစပြုသော ဆံပင်များအကြား သို့ လက်ချောင်းများ ထိုးသွင်းကာ တဖြင်းဖြင်းမြည်အောင် ကုတ်လိုက်သည်။

“ခက်တာပဲအေ။ မိန်းမထောင်မှာ ပြဿနာပေါ်လို့ ရုံးခန်းပို့ ရတယ် ဆိုရင် ငါ့ကိုပဲ အသုံးမကျတဲ့မိန်းမကြီးလို့ အရင်အကြိမ်းအမောင်း ခံရမှာ။ ဒီတစ်ညကလေးမှ သည်းမခံနိုင်ဘူးလားအေ”

“ခဏကလေးတောင်မှ သည်းမခံနိုင်တော့ဘူး အန်တီ။ ကလေး တစ်ဖက်နဲ့ ကျွန်မလည်း သွေးတောင့်လှပြီ။ ကဲ…”

““ထောင်မှူး လာတယ်။ ထောင်မှူး”

တင်ဘုန်းနွယ်သည် စကားတစ်ပိုင်းတစ်ပြတ်နှင့်ရပ်သွားကာ ဝင်း တံခါးသို့ လှမ်းကြည့်လိုက်၏။ ဝင်းတံခါး၏ အပြင်ဘက်မှ သော့ဖြုတ်သံ။ သံကြိုးဆွဲသံများ ဆက်တိုက်ကြားရသည်။

“ဟော… ဦးတင်ရွှေ လာပြီထင်တယ်။ ညည်းတို့နေရာ ညည်းတို့ ပြန်ကြစမ်း။ ပြီးတော့ တိတ်တိတ်ကလေးနေကြ။ ပွစိပွစိ လုပ်မနေကြနဲ့။ ကဲ…. မတင်ဘုန်းနွယ်ကိစ္စလည်း ထောင်မှူးကို တင်ပြပေးမယ် ဟုတ်ပြီ လား””

အဘွားကြီးသည် ပြောပြောဆိုဆိုပင် သော့တွဲသံ တချွင်ချွင်ဖြင့် ဝင်းတံခါးပေါက်ဆီသို့ ဒရောသောပါး ပြေးထွက်သွား၏။ တင်ဘုန်းနွယ် က မလှုပ်မယှက် ရပ်ကျန်ရစ်ရာမှ ပတ်ဝန်းကျင်ရှိ မျက်နှာများစွာကို မျက်လုံးဖြင့် လှည့်ပတ်အကဲခတ်ကြည့်လိုက်သည်။

“ကလေးမ။ ဒီမှာ ခဏထိုင်ပါဦးလား။ သွေးနုသားနုနဲ့ ဒီလောက် ကြာကြာရပ်နေဖို့ မကောင်းဘူး။ လာ လာ” ၊

အသက်ငါးဆယ်ကျော်အရွယ် ပိန်ပိန်သွယ်သွယ်၊ ရုပ်ရည်သန့်သန့် အဘွားအိုတစ်ဦးက သူ့နေရာမှထလာ၍ တင်ဘုန်းနွယ်၏ လက်မောင်းကို လှမ်းဆုပ်ကာ ဆွဲခေါ်သည်။

တင်ဘုန်းနွယ်သည် ညင်ညင်သာသာရုန်းရင်း အဘွားအိုကို လေး လေးစားစား ပြုံးပြလိုက်၏။

“ကျေးဇူးတင်ပါတယ် အမေ။ နောက်မှ လာထိုင်ပါ့ မယ်။ ထောင်မှူးနဲ့ စကားပြောလိုက်ဦးမယ်နော်”

“ဟေး… နှစ်ယောက် လာကြစမ်း။ ပစ္စည်းသယ်ရအောင်”

ဝင်းတံခါးဝမှ လှမ်းအော်လိုက်သော ဝါဒါအသံနှင့် မရှေးမနှောင်း ပင် မိန်းကလေးငါးယောက် ဝုန်းခနဲ ထလိုက်သည်ကို မြင်သည်။

အိပ်ထောင်တံခါးပေါက်တွင် ပြုံ၍ တိုးဝှေ့ကြပြီးမှ နှစ်ယောက်က လျှော့၍ အထဲသို့ ပြန်ဝင်လာသည်။

သုံးယောက်က သူ့ထက်ငါ အလုအယက်ပြေး ထွက်သွားကြသည်။

“ကောင်မတွေ အမြဲတမ်း သူတို့သာ ရှေ့ကချည်းပဲ။ ဟင်း…. ပစ္စည်းလာပို့တဲ့ အကောင်တွေကို မြူနေတာ မသိရင်ခက်မယ်။ တံခါးအဖွင့် ပဲ စောင့်နေတာ။ အလကားဟာမတွေ”

စောစောက ပြန်ဝင်လာသော မိန်းမနှစ်ယောက်ထံမှ မကျေမနပ်သံ များ ထွက်လာသည်။ တကယ့်မိန်းမတွေပါကလား။ မိန်းမတောသို့ ရောက် ကို တွေ့ရကြုံရဦးတော့မည်။

လာပြီမို့ မတွေ့မကြုံဖူးသောမိန်းမများစွာ၏ စရိုက်ပေါင်းစုံ၊ မိန်းမပေါင်းစုံသည်တစ်ခဏမှာ ကဗျာတစ်ပုဒ်သည် တင်ဘုန်းနွယ်၏ ခေါင်းထဲသို့ လက်ခနဲ ဝင်လာ၏။ ဗီယက်နမ်မျိုးချစ်ရဲဘော်မ “မင်းခေး”၏ ကဗျာတည်း။

နှင်းဆီလို အနီရောင် ပါးပြင်နုနဲ့

အားနွဲ့တဲ့ မိန်းမသား ငါ။

နေရာတိုင်းမှာ ငါဟာ၊

ယောက်ျားတွေနဲ့ ပခုံးယှဉ်လို့ တိုက်ပွဲဝင်နေတယ်။

ထောင်ဟာ ငါ့ရဲ့ကျောင်းဖြစ်တယ်။

ထောင်ဟာ

ငါ့ရဲ့သူငယ်ချင်းဖြစ်တယ်။ ဟုတ်ပါရဲ့။ ။

ထောင်ဆိုတာ ပညာယူတတ်သူများအတွက် ကျောင်းပါပဲ။

ဟုတ်သည်။ အနည်းဆုံး ဘဝတူမိန်းမသားတို့၏ဘဝ အတွေ့အကြုံ၊ ခံစားချက်ဝေဒနာနှင့် အတွေးအမြင် အဆင့်အနိမ့်အမြင့်ကို ခံစားခွင့်ရမည်

လေ။ တင်ဘုန်းနွယ်သည် ရင်ခွင်တွင်ပွေ့ထားသော သားငယ်၏ ရှေ့ရေး ကို မေ့လျော့သွား၏။ မောင်မောင်သည်ပင် သူ့ရင်ထဲမှ ခေတ္တပျောက်ဆုံး သွားသည်။ အကျဉ်းထောင်နံရံ တံတိုင်းကြီး ခြားလိုက်ပြီဖြစ်သော ပျိုရွယ် သူတို့ အိမ်ထောင်ရေးကို ဆွေးလျမနေအားတော့ပြီ။ တရားလို နိုင်ငံတော် အစိုးရကိုပင် ကျေးဇူးတင်ချင်သည်။

“ဟေး … တင်ဘုန်းနွယ်”

“ဟင်… ကိုတင်ရွှေကြီး”

တင်ဘုန်းနွယ်သည် ပြန်လည် အသက်ဝင် လှုပ်ရှားလာ၏။ ကာကီ ရောင်ဝတ်စုံဖြင့် ထောင်မှူး အဆောင်အယောင် အစုံအလင် တပ်ဆင်ထား သော ပုဂ္ဂိုလ်မှာ ငယ်စဉ်ကတစ်ကျောင်းတည်းထွက် တစ်ရပ်ကွက်တည်းသားပါကလား။ ကိုတင်ရွှေ၏ ကြည်လင်ပြုံးမြသော မျက်နှာထား၊ ရင်းနှီး အားပေးလိုသော ဟန်ပန်အမူအရာတို့ကြောင့် တင်ဘုန်းနွယ် ပို၍အားတက် လာသည်။

“တင်ဘုန်းနွယ် ရောက်လာတာကို တို့ သိတယ်။ တို့က ဒီမိန်းမ ထောင်တာဝန်ခံလေ။ ဒီထဲရောက်လာမှတော့ အတတ်နိုင်ဆုံး စိတ်ချမ်းချမ်း သာသာ နေတတ်အောင် ကြိုးစားပေတော့။ တို့လည်း ရှိသားပဲ။ ကလေးက တစ်လတောင် မပြည့်သေးဘူးဆို။ ခု သားအမိနှစ်ယောက်လုံး ကျန်းမာ ရေးကောင်းကြတယ်မဟုတ်လား”

“ခု အထိတော့ ကောင်းပါတယ်။ ဒါပေမဲ့ သမံတလင်းပေါ်မှာ ကျွန်မ မအိပ်ချင်ဘူး”

“အင်း… ဟုတ်ပြီလေ။ ကဲ…”

သူက စကားကိုဖြတ်ကာ ဝင်းတံခါးဆီသို့ ကိုယ်ကို လှည့်၍ ကြည့်လိုက်သည်။ တံခါးဝတွင် ပြူတစ်ပြူတစ် လုပ်နေသော အကျဉ်းသား သုံးလေးယောက်မှာ အိပ်ထောင်တွင်းမှ မိန်းမတချို့နှင့် ခြေဟန်လက်ဟန် အပြန်အလှန် အချက်ပြနေကြလေသည်။

“ဟေး…. ဟိုကောင်တွေ အပြင်ကစောင့်ပါလား။ ဘာလို့ အထဲဝင် ပြူတစ်ပြူတစ် လုပ်နေကြတာလဲ။ အကြံအဖန်မများနဲ့ နော် အမျိုးသမီး တွေ။ ဟိုကောင်… ကံလှ၊ မြကြီး သွားစမ်း။ ဆေးရုံကို သွား။ ကွပ်ပျစ် တစ်လုံးသယ်ခဲ့။ ဦးတင်ဝင်းကို ပြောယူ။ ငါက လို့ပြော။ ကဲ… သွား.. သွား မြန်မြန်””

သည်လိုဆိုတော့လည်း တင်ဘုန်းနွယ်သည် စောစောကပြောမည်ဟု မောင်းတင်ထားသော အချက်အလက်များပင် နှုတ်ကထွက်ရန် ဝန်လေးသွား တော့၏။

အများတကာထက် အခွင့်အရေးယူရမည်ကို လိပ်ပြာမလုံမလဲ ဖြစ်လာသည်။

“သားကြီးအတွက်ပါ ကိုတင်ရွှေ။ ကျွန်မအနေနဲ့ကတော့ ဒုက္ခ ဆိုတာ မဆန်းပါဘူး။ အမိုးအကာမဲ့မြေကြီးပေါ်မှာ တိရစ္ဆာန်များလို အိပ်ခဲ့ စားခဲ့ဖူးတဲ့ မိန်းကလေးပါ”

လို့ပင် အလိုလို အုံပွင့်မိသေးသည်။
“ဒီလိုလုပ်။ ဟိုကွပ်ပျစ်က ဘယ်သူ အိပ်တာလဲ”
“ကျွန်မ အိပ်တာပါ အစ်ကိုကြီး။ ကျွန်မ … ကျွန်မ”

စောစောက တင်ဘုန်းနွယ်နှင့် အဖုအထစ်ဖြစ်ခဲ့သော ခင်ခင်မြင့် ဆိုသည့် မိန်းမရွယ်က သူ့ရင်ဘတ်ကို လက်နှင့်ပုတ်ပြရင်း ရှေ့သို့ တိုးလာသည်။ ဝါဒါအဘွားကြီးက စိပ်ပုတီးကိုင်ထားသောလက်ဖြင့် ခင်ခင်မြင့်၏ လက်မောင်းတစ်ဖက်ကို ဆောင့်၍ဆွဲလိုက်၏။

“ဆရာလို့ ခေါ်စမ်းပါ ဆင်ကဝေမရယ်။ အစ်ကိုကြီးတွေ အစ် ကက်ကြီးတွေ လုပ်မနေပါနဲ့။ တခြားလူတွေပါ သံယောင်လိုက်ကုန်ပါ့ မယ်။ ထောင်ထဲမှာ ထောင်မှူး၊ ထောင်ဝါဒါကို ဆရာလို့ပဲ ခေါ်ရမယ်လို့ ငါတဖွဖွ သင်ပါလျက်ကနဲ့”

“ကဲ ကဲ… လိုရင်း ပြောရအောင်။ ဒီကွပ်ပျစ်က ခင်ခင်မြင့် ဖယ်ပေးလိုက်။ ဒီသွေးနုသားနုကလေးအမေ နေပါစေ။ ခင်ခင်မြင့်ကဟောဟိုအစွန်နေရာမှာ ကွပ်ပျစ်တစ်လုံး ချနေပေါ့။ ဟုတ်ပလား။ နင်က လွတ်ပဲလွတ်တော့မှာ။ လျှော့ရက်တွေ ဘာတွေတွက်ရင် သုံးလေးလတောင် မကြာတော့ဘူး မဟုတ်လား။ နင့်အတွက် ဆုမှတ်ရက်တွေ ဘာတွေ ငါ ကြည့်တွက်ရဦးမယ်။ ကဲ… နှင့်ပစ္စည်းတွေ သိမ်းတော့။ ကွပ်ပျစ်လာ ရင် တစ်ခါတည်း နေရာချရအောင်”

လုပ်သက်နှင့် အတွေ့အကြုံက စကားပြောသည် ထင့်။ ကိုတင်ရွှေ သည် ဟိုတုန်းကလို အတန်းထဲမှာ စာလိုက်နိုင်ရုံမျှသာရှိသော ရိုးရိုးအအ သာမည ကျောင်းသားတစ်ယောက် မဟုတ်တော့ပြီ။ ဘယ်သူ့ကို ဘယ်လိုလုပ်ကိုင်ရမည်ကို အချက်သိနှင့်သည်။ ဩဇာကိုလည်း နေရာတကျ သုံးတတ်ပြီ။ သည်ထောင်မှာတော့ ကိုတင်ရွှေသည် သေးသေးကွေးကွေး မဟုတ်။ ဆင်လောက်မကြီးတတ်သေးပေမယ့် ကျွဲပေါက်လောက်တော့ပင်။ စွမ်းပကား ရှိထားပြီပင်။

သို့နှင့် တင်ဘုန်းနွယ်သည် ပေရှစ်ဆယ်၊ ပေနှစ်ဆယ် ကျယ်ဝန်း သော အကျဉ်းထောင်ထဲမှာ အကောင်းဆုံးနေရာကို ရလိုက်၏။ တံခါးရွက် မပါသော သံတိုင်တပ်ပြတင်းဝမှာ ကွပ်ပျစ်ကို ကပ်ချထားသဖြင့် ပြင်ပ လေနှင့် အလင်းရောင်ကို အများတကာထက် ပိုရသည်။

ပြီးတော့ ကိုတင်ရွှေ၏ အစီအစဉ်ဖြင့် အိပ်ရာလိပ်၊ အဝတ်အစား၊ ဆေးဝါးမှအစ ရေနွေးဓာတ်ဘူးနှင့် ကလေးရေချိုးသည့် ဒန်ဇလုံများပါ ညတွင်းချင်း ရောက်လာသည်။ ထောင်ကျမဟုတ်လျှင် အပြင်မှ ထမင်းပို့ ခွင့်ရသည်ဆို၍ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် ထမင်းချိုင့် သွင်းပေးသည်။

တင်ဘုန်းနွယ် အဖမ်းခံရစဉ်က မောင်မောင် အနားမှာမရှိ။ တင်ဘုန်းနွယ် ထောင်ထဲဝင်တော့လည်း မောင်မောင် အနားမှာမရှိ။ လျှပ်စီး လက်သလို အဖြစ်အပျက်မြန်ဆန်လှသော တင်ဘုန်းနွယ်၏ ကြမ္မာဆိုး စတင်ချိန်ကို မောင်မောင် လုံးဝမသိ။

သည်တုန်းက ရန်ကုန်မှာ မောင်မောင် ကျန်ရစ်သည်လေ။ ဗဟန်း ကြားတောရလမ်းက ရှေ့ဘက်ခြမ်းကို စတူဒီယိုပြုလုပ်ထားသော အိမ်ခန်း ကလေးတွင် မောင်မောင်တစ်ယောက်တည်း ပန်းချီဆွဲရန် ကျန်ရစ်သည် ပေါ့။ ပန်းချီသာမက ပိုးမျှင်ကလေးများ ရက်ယှက်သီဖောက်ကာ ပုံတူဖော် သော အတတ်ပညာဖြင့် သားစာမယားစာ ရှာရစ်သည်လို့ ဆိုနိုင်ပါ၏။

သော်.. စောစောက တစ်ယောက်တည်း ပြောထားမိ၍ ပြင်ရဦး မည်။ တစ်ယောက်တည်းတော့ မဟုတ်။ မောင်မောင်တစ်ယောက်တည်း မဟုတ်။ လူနှစ်ယောက် ဘဝတစ်ခုအစပြုသော အိမ်ထောင်ရေးဆိုလျှင်တော့ တစ်ယောက်ယောက် ပဲ့ထွက်သွားလျှင် ကျန်တစ်ယောက်မှာ အထီးကျန်တည်း။

ယခုတော့ လူသုံးယောက် ဘဝတစ်ခု ဖြစ်နေသည့် တင်ဘုန်းနွယ် တို့ အိမ်ထောင်စုတွင် မောင်မောင့်ကို အထီးကျန်ဟု မဆိုသာပြီ။

မကြီးမှုရှိသည်။ မောင်မောင်နှင့် တင်ဘုန်းနွယ်တို့ စတင်လက်တွဲ ချိန်ကစပြီး မောင်မောင်နှင့် ပတ်သက်၍ မကြီးမှုံပါလာသည်။ မောင်မောင် နှင့် တင်ဘုန်းနွယ်တို့ဘဝထဲတွင် မကြီးမှုံပါ အလိုအလျောက် ဝင်ရောက် လာသည်။

မကြီးမှုံရှိသည်ဆိုတော့ မောင်မောင့် စားရေးသောက်ရေးအတွက် တင်ဘုန်းနွယ် အကြောင့်ကြနည်းရသည်တော့ အမှန်ပင်။ သို့ကြောင့်လည်း သားဦးမျက်နှာမြင်ဖို့အတွက် သာယာဝတီသို့ ပြန်ခဲ့ခြင်းဖြစ်သည်။ သာယာ ဝတီတွင် ရှိနေသော ဆရာစောဆယ်မြူရယ်နှင့် သားဖွားဆရာမကြီး နော်စံပွင့်ကို တင်ဘုန်းနွယ် အားကိုးတွယ်တာသည်။

မာသာ ကက်တရီးနား အိုင်ယာလန်သို့ ပြန်သွားပြီးကတည်းက ဆရာဆယ်မြူရယ်နှင့် နော်စံပွင့်သည် တင်ဘုန်းနွယ်၏ မိဘနှစ်ပါး ဖြစ်ခဲ့၏။

ကြေကွဲတတ်မည်ဆိုလျှင်တော့ တင်ဘုန်းနွယ်၏အသည်းနှလုံးမှာ မှုန့်မှုန့်ညက်ညက် ဖြစ်လောက်ပြီ။

(အပိုင်း၂ )

“မဟူရာ အကျဥ်းထောင်”
••••••••••••••••••••••••••••••
အပိုင်း-၂
________________
[ ၂ ]

ဟုတ်သည်။

လူ့ဘဝမှာ မိမိကို ဘယ်လိုမိဘနှစ်ပါးက မွေးထုတ်လိုက်သည် – မသိရသောအဖြစ်လောက် ဆိုးရွားလှသည့်အဖြစ် ရှိမည်မထင်။

မိမိဘဝအစကို သိရသလောက်မှာလည်း ပီပီပြင်ပြင် မရှိလှ။

လူနာရှင် မရှိသော မွေးလူနာတစ်ယောက် သာယာဝတီဆေးရုံသို့ ရောက်လာခဲ့သည်ဆိုသော အတ္ထုပ္ပတ္တိ၏ နိဒါန်းအစကိုက ခြေခြေမြစ်မြစ် မရွိ။ဆေးရုံရောက်လာသော ထိုမွေးလူနာမှာ ဝေဒနာကြောင့် သတိမရ တစ်ချက် ရတစ်ချက် မြောနေဆဲမို့ နာမည်ကိုမျှပင် ဖော်ထုတ်ပြောပြ နိုင်စွမ်းမရှိဟု ဆိုပြန်တော့ သည်ဇာတ်မှာ ပို၍မရေရာ။

ဆေးရုံမှတ်တမ်းအရ ခုနစ်ပေါင်နှင့် ရှစ်အောင်စရှိသော နီနီထွေးထွေး မိန်းကလေးတစ်ဦးကို လူ့လောကသို့ ပို့ဆောင်ပြီးသည်နှင့် ထိုမိခင်မှာ လူ့လောကကို စွန့်ခွာသွားလေသတည်းဟု ဖြုန်းခနဲ တစ်ခန်းရပ်ပစ်လိုက် ပြန်ရာ ဘာမျှမတတ်နိုင်တော့ပါချေ။

မွေးခန်းဆရာဝန် ဒေါက်တာဘုန်းမြင့်၊ ဆရာမတင်တင်မာ၊ ဆရာမ နွယ်နီဦးတို့ စုပေါင်းကင်ပွန်းတပ်၍ `တင်ဘုန်းနွယ် ́ဟု အမည်သညာ ခေါ်စရာတွင်အပ်သော ကလေးငယ်ကို နှစ်ခြင်းခရစ်ယာန် အထက်တန်း

ကျောင်းအုပ်ကြီး မာသာကက်တရီးနားက တစ်လတင်းတင်းပြည့်သောနေ့ တွင် စတင်မွေးစားခဲ့သည်တဲ့။

လူမှန်းသိတတ်သည့် အရွယ်ကစ၍ အမိအဖမရှိသော၊ အမိအဖ မသိရသောဘဝကို မကျေနပ်စိတ်ဝင်ခဲ့သည်။ ထို့နောက် နာကြည်းစိတ် ဝင်သည်။ လောကကြီးကို ဒေါင်လိုက်ချည်း မြင်သည်။ အရာရာကို ဆန့်ကျင်လိုသည့် အတွေးများသာ တက်ကြွစ ပျိုရွယ်ချိန်တွင် စိုးမိုးခဲ့သည်။

သို့ကြောင့်လည်း သာမန်ထက် ထူးခြားသော အကြောင်းအရာများ ကို စိတ်ဝင်စားတတ်လာသည်။ ထူးခြားသော အတွေးအခေါ် အဆိုအမိန့် များကို စိတ်ဝင်တစား လေ့လာသည်။ အချိန်ရသမျှ ပျော်ရွှင်ကြည်နူးနေ ကြသော သာမန်လူများစုကို အလိုလိုမရှုဆိတ်နိုင်ကာ ဘာသာနေတတ်လာ သည်။ တစ်ယောက်တည်း ဘာသာနေတတ်သူတို့ ဓမ္မတာအတိုင်း စာအုပ် ပေါင်းများစွာကို ဖတ်ဖြစ်ခဲ့သည်။

မာသာကက်တရီးနား၏ ရင်အုပ်မကွာ စောင့်ရှောက်မှုကြောင့် နှစ်ခြင်းခံယူကာ ခရစ်ယာန်ဓမ္မကျမ်းစာများနှင့် ရင်းနှီးခဲ့သော်လည်း ကောင်းကင်ဘုံကို မယုံကြည် မကိုးစားလိုသော အတွေးများ ထွန်းကားသည်။လူ့ဘဝ ရုပ်လောကသာ အဓိကကျသည်ဟု ယုံကြည်ချက်ကို ခိုင်မာစေသည့် စာအုပ်ပေါင်းများစွာ တင်ဘုန်းနွယ်အိပ်ရာဘေးမှာ အထပ် လက်ပံနေခဲ့သည်ကို မာသာကက်တရီးနားက မျက်ခြည်ပြတ်ခဲ့သည်။

သို့ကြောင့်လည်း တင်ဘုန်းနွယ် တက္ကသိုလ်ရောက်သည့်နှစ် မာသာကက်တရီးနား အိုင်ယာလန်သို့ အပြီးပြန်သည့်နှစ်မှာ လွတ်လပ်ခွင့် ကို တင်ဘုန်းနွယ် ပြည့်ပြည့်ဝဝ ခံစားခွင့်ကြုံတော့သည်။

တင်ဘုန်းနွယ်နှင့် ပတ်သက်သမျှကိစ္စအဝဝကိုတော့ မာသာထက် တရီးနားက ဆရာဆယ်မြူရယ်နှင့် နော်စံပွင့်တို့ ဇနီးမောင်နှံကို လွှဲအပ် ထားခဲ့၏။ ခင်မင်ရင်းစွဲရှိသော တင်ဘုန်းနွယ်ကလည်း ဆရာဆယ်မြူရယ် တို့ လင်မယားကို မိဘသဖွယ် ကိုးစားတွယ်တာတတ်လာသည်။ ဆရာ ဆယ်မြူရယ်တို့အိမ်သည် တင်ဘုန်းနွယ်၏အိမ်ဖြစ်၍ ဆရာမကြီးနော်စံပွင့် ၏ ရင်ခွင်မှာ တင်ဘုန်းနွယ် ခေါင်းဝှေ့အပန်းဖြေရာ ဖြစ်ခဲ့သည်။

မာသာကက်တရီးနား မရှိတော့ကတည်းက တင်ဘုန်းနွယ်က လည်း တော်တော်ဆိုးခဲ့ တေခဲ့သည်ဟု ပြောရမည်ပင်။ တင်ဘုန်းနွယ် ဆိုးသမျှဒဏ်ကို ဆရာဆယ်မြူရယ်တို့လင်မယား ခါးစည်း၍ ခံခဲ့ကြရသည်။

တက္ကသိုလ်ရောက်စနှစ်မှာပင် ကျောင်းသားလှုပ်ရှားမှုများတွင် တက် တက်ကြွကြွ ပါဝင်ခဲ့သော တင်ဘုန်းနွယ်သည် မြေအောက်ကွန်မြူနစ်ပါတီ နှင့် အဆက်အသွယ်ရခဲ့၏။ တက္ကသိုလ်သမဂ္ဂတွင် အငယ်ဆုံး၊ အတက်ကြွ ဆုံးဖြစ်၍ ၁၉၆၃ ခုနှစ်လောက်က မြေအောက်ကွန်မြူနစ်ပါတီ လှုပ်ရှား မှုများတွင် ရှေ့ဆောင်မှုအပိုင်းမှပင် ပါဝင်လာခဲ့သည်။ ၁၉၆၄ ခုနှစ်ဦးပိုင်း တွင် ရန်ကုန်မှတစ်ဆင့် ကွန်မြူနစ်ပါတီ ပဲခူးရိုးမတိုင်းသို့ ဝင်ရောက်ခဲ့၏။

သည်တုန်းက တင်ဘုန်းနွယ်နှင့် ပတ်သက်၍ ဆရာဆယ်မြူရယ် တို့တစ်အိမ်လုံး ဗြောင်းဆန်အောင် အရှာအဖွေခံရသည်။ လင်မယားနှစ် ယောက်စလုံးကို သုံးလေးရက်ကြာမျှ ခေါ်ယူစစ်မေးခြင်း ခံရသည်။

သို့သော် အချည်းနှီးသာတည်း။ ဘာမျှမသိ။ တင်ဘုန်းနွယ်နှင့် ပတ်သက်လျှင် မာသာကက်တရီးနား၏ မှာကြားချက်အရ အုပ်ထိန်းနေရ သည်မှတစ်ပါး၊ တင်ဘုန်းနွယ်၏ ခြေလှမ်းများကို သူတို့မသိ။ တင်ဘုန်းနွယ် ၏ အစီအစဉ်ကိုလည်း သူကမမြင်။ တစ်နှစ်တစ်တန်း စာမေးပွဲအောင်နေ ကျ တက္ကသိုလ်ပညာသင်ယူဆဲ မိန်းကလေးတစ်ဦးအဖြစ်သာ သူတို့ သိသည်။

သံယောဇဉ်တွယ်တတ်သူများပီပီ လူလားမမြောက်မြောက် ဆယ့်ခြောက်နှစ်ကျော်စအရွယ်မှာ ကြီးကြီးကျယ်ကျယ် လက်နက်ကိုင်တောခိုသွားပါသည်ဆိုသည့် မိန်းကလေးအတွက်တော့ သောကမကင်း ဖြစ်ရသည်။ သည်မှာတော့ ရှာကြဖွေကြပါစေ။ မေးကြစစ်ကြပါစေ။ နောက်ဆုံးထိန်းကြ သိမ်းကြပါစေ။ ဘုရားသခင် အလိုတော်ပေပဲ။ နုနယ် သေးသည့် မိန်းကလေးကိုသာ ဘုရားသခင် စောင့်ရှောက်တော်မူပါ။

သို့နှင့် ၁၉၆၈ ခုလောက်မှာ တင်ဘုန်းနွယ် ပြန်လည် အလင်းဝင်ခဲ့ သည်။ တောထဲမှာ မေတ္တာမျှလာသည့် ချစ်သူနှင့် သူ့သဘောအတိုင်း တစ်အိုး တစ်အိမ် ထူထောင်သည်။ ခရစ်ယာန်ဘာသာဝင်တို့ ထုံးစံအတိုင်း ဘုရားရှိခိုးကျောင်းတွင် လက်ထပ်ခြင်းလည်း မပြု။ မောင်မောင့် ဗုဒ္ဓ ဘာသာ ဓလေ့ထုံးတမ်းအတိုင်း ထိမ်းမြားမင်္ဂလာဆောင်နှင်းခြင်းလည်း မပြုဘဲ သတင်းစာထဲမှာ တစ်အိုးတစ်အိမ်ထူထောင်ခြင်းသတင်းကို အများ သိအောင် ကြေညာခဲ့သည်။

ခရစ်ယာန်ဘာသာ ဓလေ့ထုံးစံအရ အသိအမှတ် မပြုနိုင်စကောင်း သော်လည်း ဆရာဆင်မြူရယ်သည် မာသာကက်တရီးနား၏ မှာကြားချက် အတိုင်း တင်ဘုန်းနွယ် အိမ်ထောင်ပြုချိန်တွင် ငွေငါးထောင်တိတိ လက်ဖွဲ့ပေးခဲ့၏။

ဘုရားသခင်အလိုတော်အတိုင်း လိမ္မာသောရင်သွေးမဟုတ်၍ အားမကိုး သာသည့်တိုင် ရင်သွေးမိုက်ကို သနားတတ်သည့် ဖခင် ပီသပါပေသည်။

တင်ဘုန်းနွယ်အဖို့တော့ သံယောဇဉ်တိုး၍ ခိုင်ခိုင်နှောင်ချင်စရာတည်း။

ယခုလည်း သားဦးမျက်နှာမြင်ရန် သည်အသိုက်သို့ပင် ပြန်လာ ဖြစ်သည်။ အမိုးနော်စံပွင့်၏ ရင်ခွင်ကို အားကိုးပြုမိပြန်သည်။

နော်စံပွင့်၏ အပြုအစုအယုအယဖြင့် သာယာဝတီပြည်သူ့ဆေးရုံတွင် သားဦးရတနာကို အောင်မြင်စွာ ဖွားမြင်ခဲ့သည်။ သားကြီးမျက်နှာမြင်ပြီးမှ မောင်မောင့်ထံ ကြေးနန်းရိုက်ရသည်။ ဆေးရုံတက်သည့် ငါးရက်တာ ကာလအတွင်း တင်ဘုန်းနွယ်တို့ သားအမိအနားမှာ မောင်မောင် ပြုစုနေခဲ့၏။

သို့သော် တင်ဘုန်းနွယ် ဆေးရုံကဆင်းသည့်ရက်တွင်ပင် မောင်မောင် ရန်ကုန်သို့ပြန်ဖို့ ပြင်ရသည်။ လက်ခံထားသည့်အလုပ်

သည့်အလုပ်များက ရှိသေးသည် လေ။ မောင်မောင်၏ “နေဝန်းနီ အနုပညာဆိုင်ခန်း” ကလည်း နာမည် ထွက်စမို့ လုံ့လဝီရိယစိုက်ဖို့ လိုသည်ပေါ့။

တင်ဘုန်းနွယ်ကတော့ ချက်ချင်းပြန်လိုက်၍ မဖြစ်သေး။ သွေးကနု သေးသည်။ ပြီးတော့ သားဦးမို့လည်း စိတ်ချလက်ချ ပြည့်ပြည့်ဝဝ အနားယူချင်သည်။ တစ်လပြည့်အောင် နေခဲ့ဦးမည်။ သားကြီးတစ်လ တင်းတင်းပြည့်လျှင် အမိုးနော်စံပွင့်က မွေးနေ့ပွဲကလေးတစ်ခု လုပ်ပေးချင် သေးသည်တဲ့။ ထိုပွဲအမီ မောင်မောင် လာပါ။ လာခေါ်လှည့်ပါ။

သည်အစီအစဉ်ဖြင့် မောင်မောင် ရန်ကုန်ပြန်နှင့်သည်။ တင်ဘုန်းနွယ် ကမူ သားကိုပိုက်ရင်း မျှော်မှန်းချက်တွေ တစ်သီကြီးဆောက်ကာ ကိုယ့် စိတ်ကူးနှင့်ကိုယ် မအားနိုင်အောင်ရှိနေ၏။ ဤတွင် မမျှော်လင့်ဘဲ ကြမ္မာ ဆိုးက ဝင်၍နှောက်သည်။

••••••••••••••••••••••
[ ၃ ]
ကိုယ့်ဘက်က ကင်းသည်မှန်သော်လည်း တစ်ဖက်က ပတ်သက် လာပြန်တော့ ငြင်းရခက်သည်။

ဘယ်လိုက ဘယ်လို အဆက်အသွယ် အထောက်အလှမ်းကောင်း သည်မသိ၊ တင်ဘုန်းနွယ် သည်မှာရှိနေသည်ကို သူတို့သိနေ၏။ မမျှော်လင့်

သော တစ်နေ့မှာ တင်ဘုန်းနွယ်လက်ထဲသို့ စာတစ်စောင် ရောက်လာသည်။ သူတို့ထံမှ စာ။ ရှင်းရှင်းဆိုရလျှင် ဗိုလ်သီဟထံမှစာ။

ကိုယ့်ဘက်က ကင်းသည်မှန်သော်လည်း တစ်ဖက်က စွပ်စွဲလာပြန် တော့ ရှင်းရခက်ပြန်သည်။ ဘယ်လိုကဘယ်လို အဆက်အသွယ်အထောက် အလှမ်းကောင်းသည်မသိ။ တင်ဘုန်းနွယ်လက်ထဲမှာ သည်စာ ရှိနေသည် ကို သူတို့သိလိုက်သည်။ မမျှော်လင့်သောထိုနေ့မှာပင် သူတို့ရောက်လာ သည်။ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ။

တွေ့သည်။ လွယ်လွယ်ကူကူပင် ရှာ၍တွေ့သွားသည်။ တင်ဘုန်းနွယ် ကိုယ်တိုင်ကလည်း ခက်ခက်ခဲခဲ လျှို့လျှို့ဝှက်ဝှက် သိမ်းဆည်းမထားမိ သည်မို့ သည်စာနှင့်အတူ ဖမ်းဆီးလိုက်ပြီဆိုမှ တုန်လှုပ်ရစကောင်းမှန်း သိတော့သည်။

ခုတော့ အထူးရာဇဝတ်ခုံရုံးဖြင့် စစ်ဆေးကြားနာခဲ့သည်မှာ တစ်နှစ် ကျော်ခဲ့ပေပြီ။ အချုပ်ရက်ဆိုသော ထောင်သက်နှင့်တွက်လျှင် တစ်နှစ် လေးလနှင့် ဆယ့်နှစ်ရက်ရှိပြီတည်း။

တင်ဘုန်းနွယ်အားမရသည်က အကြောင်းအမျိုးမျိုးကြောင့် အမှု ကြန့်ကြာနေရခြင်းပင် ဖြစ်သည်။

ရုံးချိန်းရက်က တစ်လလျှင် အများဆုံးနှစ်ကြိမ်သာရှိသည်။ ခုံရုံး အဖွဲ့ဝင်လူကြီးများ စုံညီစွာ ရုံးထိုင်နိုင်မှာမှ ရုံးချိန်းသုံးကြိမ်တွင် တစ်ရက် သာ စစ်ဆေးကြားနာ ဖြစ်သည်။ တစ်ရက်ဆိုသည်မှာလည်း တစ်နေကုန်

မဟုတ်။ နာယကအဖွဲ့ဝင်များမှာ အချိန်ရှိခိုက် လုံ့လစိုက်နေရသဖြင့် တာဝန်ပိနေသည်။ အလုပ်များကြ၏။ သည်တော့ တရားခံတစ်ဦးအတွက် အမှုတစ်ခုတည်းအတွက် အချိန်များများ မပေးနိုင်။

တင်ဘုန်းနွယ် ကံဆိုးချင်တော့ ခုံရုံးနာယက ဗိုလ်ကြီးမှာ နိုင်ငံခြားသို့ ခြောက်လကြာမျှ လေ့လာရေးထွက်သွားရပြန်ရာ ခြောက်လလုံးလုံး ရုံးထွက်ရုံ သက်သက်မျှ ရှိခဲ့ရသည်။ သက်ဆိုင်ရာထောင်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ ကြီးလေးစွာ ထမ်းဆောင်နေရသည့် နိုင်ငံ့တာဝန်ဆိုသည်မှာ တစ်ခါတစ်ခါတော့လည်း သည်သို့သည်နှယ် ရယ်စရာသက်သက်မျှပါ ကလားလို့ တင်ဘုန်းနွယ် မချိပြုံး ပြုံးရသေး၏။

ကြည့်လေ။ အချုပ်သားတစ်ယောက်ကို နှစ်ပတ်တစ်ခါ ရုံးထုတ်မြဲ အစဉ်အလာကိုတော့ တစ်ချက်ကလေး အပျက်မခံကြ။ တရားခံတစ် ယောက် ရုံးထုတ်တော့မည်ဆိုလျှင် ထောင်ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ ခြေချင်းလိမ်မတတ် ထောင်ဘူးဝမှာ ရှုပ်ထွေးတော့သည်။

တရားခံတစ်ယောက်ကို စာရွက်စာတမ်း၊ စာရင်းဇယားပုံစံ အပြည့်အစုံနှင့် အထပ်ထပ်တိုက်ဆိုင် စစ်ဆေးပြီးမှ ထောင်ဘူးဝက ထွက် ခွင့်ရသည်။

ရုံးထုတ်မည့် ရဲတပ်ဖွဲ့ တာဝန်ခံများကလည်း အထောက်အထား၊ စာရင်းဇယားခိုင်လုံပါမှ လွှဲပြောင်းလက်ခံယူသည်။ ပြီးတော့ လက်နက် ကိုင်အစောင့်အရှောက်များ ဝန်းရံလျက် လေးဖက်ပိတ် အချုပ်ကားကြီးပေါ် သို့တင်ကာ သက်ဆိုင်ရာတရားရုံးသို့ ပို့ရသည်။

တရားခံတစ်ယောက်ကို သုံးကြိမ် ရုံးထုတ်လျှင် တစ်ကြိမ်သာ အလုပ်ဖြစ်သည်ကို သူတို့လည်း သိ၏။ စီရင်ချက် ချအံ့ဆဲဆဲတွင်မှ တရားသူကြီး ဉာဏ်သစ်လောင်းသင်တန်း တက်သွား၍ ဆန့်ငင်ဆန့်ငင် ဖြစ် ကျန်ရစ်သူများလည်း ရှိသည်။

သည်တော့ တရားရုံးရှေ့ခုံတန်းလျားတွင် ဖင်နွေးအောင် ထိုင်ခွင့်မကြုံ ဘဲ ရက်ချိန်းယူပြီး ပြန်ရသည်ကသာ များ၏။ ထောင်ထဲပြန်အသွင်းတွင် လည်း အပြင်ထုတ်စဉ်ကလိုပင် စာရင်းနှင့်ဇယားနှင့် ပုံစံနှင့် တိတိကျကျ ခိုင်ခိုင်လုံလုံ အပ်နှံရလေရာ ဘူးဝတွင် နှစ်ဌာနအမှုထမ်းများ မောကြီး ပန်းကြီး ခြေချင်းလိမ်ရပြန်သည်။

တင်ဘုန်းနွယ်သည် ရုံးချိန်းတစ်ခါထွက်ပြီး ထောင်ထဲပြန်ဝင်ရတိုင်း တိုင်းပြည်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြသည့် ဝန်ထမ်းများကို ကြည့်၍ မချိပြုံးသာ ပြုံးရသည်။

မောင်မောင်ကတော့ တင်ဘုန်းနွယ်ကို အံ့ဩသည်။

“နွယ် သိပ်သတ္တိကောင်းတာပဲ။ တစ်ချက်ကလေးမှ အပြုံးမပျက် ဘူးနော်။ ခွဲရတာကြာတော့ နွယ့်အသည်းနှလုံးတွေလည်း ရေခဲတုံးလို အေးစက်ကုန်ပြီထင်ပါရဲ့”

လို့ပင် ခနဲ့တတ်လာသည်။

“နွယ်တို့သားအမိနဲ့ တစ်လကြာမှ တစ်ခါတွေ့ရတာ မောင့်အဖို့ တော့ ငရဲပဲ။ လောကငရဲ။ ဒါပေမဲ့ နွယ့်ဆီကို ရောက်လာပြန်တော့ နွယ့်ကိုကြည့်ပြီး မောင် ခံစားရတာတွေ၊ တမ်းတရတာတွေဟာ ဘာမှ အဓိပ္ပာယ်မရှိတော့သလို ဖြစ်သွားရော””

“နွယ်နဲ့တွေ့တော့ မောင်မောင့်ရင်ထဲမှာ ပေါ့သွားတယ် ဆိုပါ တော့”

“ပေါ့တယ်ပဲ ပြောရမလား။ တကယ်တော့ နွယ့်လိုပဲ မတုန်မလှုပ် နေကြည့်လိုက်ချင်တယ်။ နွယ့်လို တင်းနိုင်ရင် ကောင်းမှာ”

သည်တုန်းက တင်ဘုန်းနွယ် ခွန်းတုံ့မပြန်မိ။ မောင်မောင့် မျက်နှာ ကို စေ့စေ့ကြည့်၍ နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်ထားခဲ့သည်။ ရင်ထဲမှာ ပွက်ပွက်ဆူနေသည့် ကိုယ့်အပူကို ကိုယ်သာ သိသည်လေ။

မောင်မောင် နားမလည်သည်ကိုပင် ပိုလို့ ကျေနပ်ချင်သည်။ အေးစက်မာကျောရန်ကောဟု မောင်မောင် နာကြည်းစပြုသည်ကိုပင် အားရ ချင်သည်။ သို့မှ မောင်မောင့်ရင်မှာ ဝေဒနာပေါ့ ပါးမည်။ ချစ်သူနှင့် အိမ်သူ သက်ထားနှင့်၊ သားဦးလူမမည်နှင့် ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ အို… နှစ်ပေါင်းများစွာ ခွဲရဦးတော့ ရင်အပူသက်သာမည်။

တင်ဘုန်းနွယ်ကတော့ သည်သို့ပင် ယူဆသည်။ သို့ကြောင့်လည်း မောင်မောင်နှင့် တွေ့ရမည်ဆိုလျှင် အပူရုပ်ကို ဟန်လုပ်သည်။ မောင်မောင် တစ်ပတ်တစ်ခါ လာနေကျကိုပင် …

“တစ်လ တစ်ကြိမ်လောက် တွေ့ကြရင် တော်ရောပေါ့ မောင်။ မောင်မောင်လည်း အလုပ်ပျက်။ နွယ်လည်း ဒီမှာအခွင့်အရေးယူလွန်းရာ ကျနေပြီ။ ထောင်ကျတဲ့လူတွေဆို နှစ်လမှ တစ်ကြိမ်လောက်ပဲ တွေ့ခွင့် ရတာ မောင်မောင်ရဲ့”

လို့ မောင်မောင် စောဒကအဝင်ခက်အောင် ရင့်ကျက်ဟန်အပြည့် ဖြင့် ဆိုခဲ့သည်။

မောင်မောင့်မျက်လုံးများက မကျေနပ်ခြင်း အဓိပ္ပာယ်ကို ဖွင့်ဆိုကြ သော်လည်း မောင်မောင့်နှုတ်က ဘာတစ်ခွန်းမျှ တုံ့ပြန်စကားမဆိုခဲ့။ နောက်တော့ တစ်လပြည့်မှပင် တစ်ခေါက် လာတော့သည်။

မောင်မောင်လာတိုင်း ထောင်ဘူးဝ ရုံးခန်းထဲမှာတွေ့နေကျမို့ သည် နေရာကို တစ်ခါမျှမရောက်ဖူးခဲ့။

ရောက်ဖူးပြီဆိုတော့လည်း တင်ဘုန်းနွယ်ပင် ရင်ထဲမှာ ဆို့နင့်လာ သည်။ ခါတိုင်းလို ပခုံးချင်းယှဉ်၍ ကြည်ကြည်လင်လင် ရယ်ရွှင်မြူးကြွ ပြောရဆိုရတော့မည် မဟုတ်ပါကလားလို့ ရင်ထဲမှာ နာကျင်သည်။

တစ်ယောက်နှင့်တစ်ယောက်ကြားမှာ သံဆန်ခါ နှစ်ထပ် ခြားလျက် ပါကလား။

အကြောင်းကိုက တိုက်ဆိုင်လွန်းသည်။ သည်ကနေ့မှပင် သည်ထောင် ကို အထူးအရာရှိဆိုလား တစ်ယောက်လာမည်ဟု ဆိုသည်။ ထုံးစံအတိုင်း နံနက်စောစော အိပ်ထောင်ဖွင့်ချိန်တွင် အထူးသန့်ရှင်းရေး လုပ်ကြရသည်။ အကျဉ်းသားတိုင်းကို စေ့စေ့စပ်စပ် ‘တလာစီ”သည်။

အခါတိုင်း နားလည် မှုဖြင့် လျှော့လျှော့ပေါ့ပေါ့ထားသော ထောင်ဥပဒေ၊ ထောင်စည်းကမ်းတို့ ကို စာအုပ်ကြီးကဆိုသည့်အတိုင်း တစ်သဝေမတိမ်း ဝက်အူတင်းပစ်လိုက်သည်။

အလည်အနူး စံပယ်ဖူးလို့ပင် ထောင်ထဲမှာ နာမည်ရထားသော ခင်ခင်မြင့်က ဆိုလျှင် …

“ဒီနံနက် ပဲဟင်း တကယ်ပျစ်တယ်ဟေ့။ တကယ်ချိုတယ်ဟေ့” ဟု မကြားတကြား အော်လို့ချည်းနေသည်။

ဖြစ်ရမည်လေ။

သည်တော့ တင်ဘုန်းနွယ်လည်း အချုပ်သားပီသစွာ နေရာမှန်သို့ လာရတော့သည်ပေါ့။ ဒါတောင် ကနေ့ ထောင်ဝင်စာတွေ့ရမည့်နေ့မျိုး မဟုတ်။ သည်လို တနင်္ဂနွေနေ့မျိုးကို ထောင်ဝင်စာတွေ့ခွင့်ပေးရိုး ထုံးစံမရှိ။ သို့ကြောင့်လည်း သည်နေရာမှာ ဘဝတူ ထောင်ဝင်စာတွေ့မည့်သူ တစ်ဦး တစ်ယောက်မျှ မရှိ။ တင်ဘုန်းနွယ်မို့သာ အထူးအခွင့်အရေးပေးခြင်းဖြစ် ရမည်။

မောင်မောင် လာပြန်သည်ထင်ရဲ့။

•••••••••••••••
[ ၄ ]
ကသုတ်ကရက်လှမ်းလာသော ခြေသံတဖျပ်ဖျပ်ကို ကြားရသည်။

တင်ဘုန်းနွယ်၏ တောင့်တင်းနေသော သွေးကြောများလျော့၍ ပျော့ကျသွားသလို ထင်ရသည်။ ပူနွေးသော နှလုံးသားဆီမှ တဒိတ်ဒိတ် တိုးခုန်သံသည် ပို၍မြန်လာ၏။

“ဟင်…အန်တီ””

“အေး .. သမီးရဲ့။ တို့ မှားနေပြီတဲ့။ ဒီမှာ မဟုတ်ဘူးတဲ့။ လာ.. လာ”

တင်ဘုန်းနွယ် နားမလည်နိုင်လောက်အောင်ပင် ဖြစ်သွား၏။ ဘယ်လိုဖြစ်ရပြန်တာလဲကွယ်။

“လာလေ။ ထောင်မှူးကြီးကကို ခေါ်ခိုင်းလိုက်တာ။ ရုံးခန်းထဲမှာ အထူးအရာရှိဆိုတာလည်း ရောက်နေတယ်။ အန်တီတော့ တစ်ခါမှမတွေ့ဖူး သေးဘူး။ အကျဉ်းဌာနကတော့ ဟုတ်မယ်မထင်ဘူး။ တရားရေးရာဌာနတို့ ဘာတို့ကလား မသိဘူး။ တင်ဘုန်းနွယ်ကိစ္စနဲ့ပတ်သက်မယ် ထင်တယ်”

“ဟုတ်လား”

ရင်ထဲမှာ တစ်မျိုးခုန်ပြန်သည်။ ခြေလှမ်းတွေလည်း မမှန်တော့။ အမှုကိစ္စ ဘယ်လိုများ ထူးခြားလာပြန်ပါလိမ့်။

စိတ်က ထွေပြီဆိုလျှင် ခြေထောက်နှင့်မြေ ထိသည်ကိုပင် မသိ တော့။ ဝါဒါဦးဆောင်ရာအတိုင်း မလွယ်ပေါက်တံခါးမှ ပြန်ထွက်ခဲ့ကာ သံဆူးကြိုးဝင်းတစ်ထပ်ရှေ့မှာ ခေတ္တရပ်ရသည်။ ဝတ်စုံပြည့်အထူးတလည် ဆင်ထားသော ဝါဒါတစ်ယောက်က သံဆူးကြိုးဝင်းတံခါးကို ဂျလောက် ဂျလက်မြည်လို့ မဆုံးနိုင်အောင် ခက်ခက်ခဲခဲ သော့ဖွင့်ပေးနေသည်ကို စိတ်များပင် တိုချင်လာသည်။

သံဆူးကြိုးဝင်းအတွင်း ဝင်မိသော် ဘူးဝသို့ ရောက်လာ၏။ ဘူးထဲမှာ အခါတိုင်းထက် တိတ်ဆိတ်နေသည်။ အခါတိုင်းထက် စည်းကမ်းသေဝပ်နေသည်။ အခါတိုင်းထက်လည်း လူဝင်လူထွက် နည်း ပါးသည်။

သို့ရာတွင် အခါတိုင်းမရှိတတ်သူများကို ယခု လူစုံတက်စုံ တွေ့နေ ရသည်ကတော့ တကယ့် ထူးခြားချက်တစ်ရပ်တည်း။ ကြည့်။ ထောင်မှူး တိုင်းလိုလို ချပ်ရပ်သောဝတ်စုံပြည့်နှင့် ဣဋေတစ်ခွဲသားနှင့် ကိုယ်စီကိုယ်င အလုပ်များနေပုံကိုက ထူးခြားသည်လေ။

ပြီးတော့ လာနေကျ မဟုတ်ပါဘဲနှင့် တနင်္ဂနွေနေ့မျိုးမှာ ထောင်ပိုင် ကြီးရော၊ ထောင်မှူးကြီးပါ ရုံးခန်းတွင်းမှာ ရှိနေသည်။ အကျဉ်းထောင်ထဲ တွင် အော်ကျယ်ဟစ်ကျယ် ပြောနေဆိုနေကျမို့ သူတို့အသံကို အခန်းပြင်ပမှ အတိုင်းသားပင် ကြားနေရသည်။

“လာ… တင်ဘုန်းနွယ်”

အခန်းဝမှ ဦးတင်ရွှေက ဆီးကြို၍ ခေါ်သည်။

အခန်းထဲတွင် မျက်နှာစိမ်းသုံးယောက်ရှိသည်။ နောက်ဘက်က ကြည့်ရသည်မို့ ဘယ်သူဘယ်ဝါ မပြတ်သားသော်လည်း ထောင်ပိုင်ကြီးနှင့် မျက်နှာချင်းဆိုင်တွင် မိန့်မိန့်ကြီးထိုင်နေသော ပုဂ္ဂိုလ်ကြီးသာ အထူးအရာရှိ ဆိုသူဖြစ်ရမည်။

“ဟော… လာဟေ့ မတင်ဘုန်းနွယ်။ ထိုင်”

ထောင်မှူးကြီးက လှမ်း၍အခေါ်တွင် ထိုပုဂ္ဂိုလ်ကြီးက လက်ထဲမှ သောက်လက်စ လိမ္မော်ရည်ဖန်ခွက်ကို ချလိုက်ကာ ကိုယ်တစောင်းလှည့်၍ ကြည့်လိုက်သည်။

တင်ဘုန်းနွယ် ဖျတ်ခနဲ တုန်၍သွားလေသည်။ ဘယ်လောက်သတ္တိ ကောင်းလှပါသည်ဆိုဆို သည်နေရာတွင်တော့ တကယ့်ကိုတုန်သည်။ တရားခံဘဝရောက်လာကတည်းက တရားသူကြီးက မျက်လုံးဝင့်ကြည့် လိုက်တိုင်း ထိတ်ခနဲအေးခနဲဖြစ်ကာ ဖျတ်ခနဲဆတ်ခနဲ တုန်တတ်နေသည်။

ကြာပြီ။

ဘယ်လောက်ပင် စိတ်ဓာတ်ခိုင်မာသူ ဖြစ်စေ၊ တရားခံဘဝရောက် လျှင် အလိုလို သိမ်ငယ်ပြီးဖြစ်တော့သည်။ ယခုလည်း သတိထားနေသည့် အထဲကပင် ဖျတ်ခနဲ တုန်လိုက်မိသေး၏။

သည်အသံက ကြားဖူးနေကျ အသံမျိုး။

တင်ဘုန်းနွယ်သည် ခုံတန်းလျားတွင် ဝင်ထိုင်မည်ပြုပြီးမှ ဆတ်ခနဲ ကိုယ်ကို ပြန်မတ်လိုက်မိသည်။

“ဟင် … ဗိုလ်မှူး… ဗိုလ်မှူးသီဟ”

တင်ဘုန်းနွယ်သည် မျက်တောင် ပင်မခတ်နိုင်လောက်အောင် ကြောင်တောင်ရပ်နေမိ၏။ နေ့လယ်ခင်းကြီးမှာ ထမင်းလုံးတစ္ဆေခြောက် သည်တော့ မဟုတ်တန်ရာ။

အပိုင်း၃

 

မဟူရာ အကျဉ်းထောင်
••••••••••••••••••••••••••••
အပိုင်း-၃
________________

“ထိုင်လေ စုစု။ သိပ်အံ့သြားနေလား”

အမှန်အတိုင်းသာပြောရလျှင် အံ့သြကုန်နိုင်ဖွယ်ပါတည်း။ တောထဲ မှာ ခေါ်နေကျနာမည်ကို ခေါ်လိုက်သည့်အသံက ကြားဖူးနေကျ အသံဝါ ကြီးမို့သာ ဗိုလ်သီဟမှ ဗိုလ်သီဟအစစ်ဟု အလွယ်တကူယုံပစ်သည်။

လူပုံကဖြင့် အပြောင်းလဲကြီး ပြောင်းလဲသွားပေပြီ။ နဂိုကတည်းက တုတ်ခိုင်ထွားကျိုင်းသော ခန္ဓာကိုယ်အချိုးအဆက်ရှိသည်မို့ ဗိုက်ခေါက်ထူ အဆီအစ်ကာ မေးနှစ်ထပ်ဖြစ်နေတာတွေ မသိသာလှသော်လည်း ဘိုကေကို ပိပိရိရိပြီးထားပုံ။ မုတ်ဆိတ်ကျင်စွယ်ကို စင်ကြယ်အောင် ရိတ်ထားပုံတွေ မှာ အမြင်ဆန်းနေ၏။

တောထဲမှာတုန်းက ကော်လာကုပ်ပိုးများ စုတ်ဖွားနေသော စစ်အင်္ကျီ ကို တံတောင်ဆစ်အထက်တွင် လိပ်တင်၍ ဝတ်နေကျ၊ စစ်ဘောင်းဘီအနား ကို ပွမနေစေရန် ကြိုးဖြင့် စုစည်းချည်နှောင်၍ ဝတ်နေကျ ဗိုလ်သီဟ အသွင်သဏ္ဌာန်သာ တင်ဘုန်းနွယ်၏ အသိအာရုံထဲတွင် စွဲမြဲခဲ့သည်။

ယခုတော့ တက်ထရက်တိုက်ပုံ၊ ပိုးစစ် ယောလုံချည်အနက်ရောင် ငွေပန်းပြောက်နှင့်။ ရုပ်ရှင်ထဲက အကယ်ဒမီဗိုလ်ဗကို၏ အသွင်အပြင်မျိုး။

“ကိုယ် စုစုကို လာတွေ့တာ။ သိသိချင်း လာခဲ့တာပဲ။ သိပ်စိတ် မကောင်းဖြစ်ရတယ် စုစု”

သည်တော့မှ တင်ဘုန်းနွယ် စတင်လှုပ်ရှားဖြစ်သည်။ သူ ထိုင်နေ ကျ ခုံတန်းလျားတွင် ဝင်ထိုင်ရင်း အေးစက်စက်ပြုံးလိုက်သည်။

“ကျွန်မကတော့ ဗိုလ်မှူး ပြန်ဝင်လာတယ်ဆိုတာကို ထောင်မှ သိရတာပါ”

ဗိုလ်သီဟက ခြောက်သွေ့စွာ ဟဲခနဲ တစ်ချက် ရယ်သည်။

ရုတ်တရက် ပြန်ပြောစရာ စကားစရှာမရ၍ အရှိန်ယူသည့် ရယ် ခြင်းမျိုး။ ပျော်၍လည်း မဟုတ်၊ ဝမ်းသာ၍လည်း မဟုတ်။ ကိုယ့်အကျပ် အတည်းကို ထွက်ပေါက် ရှာခြင်းမျှသာဖြစ်၍ တစ်ဖက်သားမှာ မျက်နှာ အထားရတော့ ခက်သည်။

“ဗိုလ်မှူး မခေါ်နဲ့တော့လေ။ ဗိုလ်သီဟဆိုတာ ပြီးဆုံးခဲ့ပြီ မဟုတ် ဘူးလား။ ခု (xxxxx) ဌာနမှာ ဝင်နေတယ်။ အဟဲ.. အထူးအရာရှိ ဦးသီဟပေါ့လေ ဟဲ ဟဲ…”

အားနာ၍ပေလား၊ လောကဝတ်ဓမ္မဝတ်အရ အကျင့်ပါနေ၍ပေ လား၊ စာနယ်ဇင်းများအပေါ် သြဇာညောင်းသည့် ဝန်ကြီးဌာနတစ်ခုမှ အထူးအရာရှိ ဆို၍ပေပဲလားမသိ။ ထောင်ပိုင်ကြီးနှင့် ထောင်မှူးကြီးတို့ကပါ တဟဲဟဲဝင်၍ ရောရယ်သည်။ တင်ဘုန်းနွယ်ကမူ ရော၍မရယ်မိ။ ရင်ထဲ မှာ ဝေဒနာတစ်မျိုးဖြင့် တနံ့နံ့တိုးခုန်နေကာ နှုတ်ခမ်းများ တဆတ်ဆတ်တုန်လာသည်။

“ဟုတ်ကဲ့။ ပြောကြစတမ်းဆိုလျှင်တော့ စုစု ဆိုတာလည်း ကျန် ခဲ့ပါပြီ ဗိုလ်မှူး။ ကျွန်မ တင်ဘုန်းနွယ်ပါ””

““သြသြ… ဟုတ်ပေသားပဲ။ မတင်ဘုန်းနွယ် မတင်ဘုန်းနွယ်။ ဟိုတုန်းက စုစုလို့ နာမည်မပြောင်းရသေးခင် တင်ဘုန်းနွယ်လား၊ တင်ဘုန်းဝေလား ရေရေရာရာ မမှတ်မိလို့ အမြဲတမ်းလိုလို မှားမှား ခေါ်မိတာလေ။ မင်းကလည်း နာမည်နဲ့ပတ်သက်ရင် ဆတ်ဆတ်ထိကို မခံချင်ဘူး။ နာမည်တောင် မှန်အောင် မခေါ်နိုင်ရင် ဘာတာဝန်မှ ချမှတ် ပေးဖို့မလိုဘူး။ နာမည်မှ မှန်အောင် မခေါ်နိုင်တဲ့သူ ချမှတ်ပေးတဲ့ တာဝန်ကို အလေးအနက်မထမ်းရွက်နိုင်ပါဘူးလို့ စာနဲ့ပေနဲ့ တင်ပြတဲ့ အဆင့်ထိတောင် ရောက်ခဲ့ပါသေး။ မဟုတ်ဘူးလား စုစု။ အဲ အဲ .. တင်ဘုန်း…”

“ခေါ်ပါ ဗိုလ်မှူး။ စုစုပဲ ခေါ်ပါ။ ဗိုလ်မှူးရင်းနှီးခဲ့တာက ရဲဘော် စုစုပဲဟာ။ ကျွန်မ ရင်းနှီးခဲ့တာကလည်း ဗိုလ်မှူးမို့ နှုတ်ကျိုးနေတာကို လည်း ခွင့်လွှတ်ပါ။ ပြောင်းလဲတိုးတက်နေတဲ့ ဗိုလ်မှူးရဲ့ ကနေ့အခြေအနေကို အသိအမှတ်မပြုချင်လို့တော့ အထင်မလွဲပါနဲ့ ဗိုလ်မှူး။ ကျွန်မ ဝမ်းသာပါတယ်။ တကယ်ပါ””

သည်တော့လည်း မျက်နှာ မည်းခနဲပျက်တော့သည်။ ကဗျာကသီ ဣနြေဆည်ကာ သူ့အလေ့အထအတိုင်း ဟဲခနဲ တစ်ချက်ရယ်ပစ်လိုက် သည်။

“ကိုယ်လည်း ကိုယ့်လုပ်ဖော်လုပ်ဖက်၊ ငတ်ဖော်ငတ်ဖက်၊ ရဲဘော် ရဲဘက်တွေကိုတော့ တတ်နိုင်သလောက် စုံစမ်းနေတာပါ။ စုစုအကြောင်း ကိုတော့ ဟိုရဲဘော်ဘယ်သူ၊ ဟို ရော့စ်မက်စ်ဒေါ်နယ်ရဲ့ ဝတ္ထုတွေ ဒိုင်ခံ ဘာသာပြန်နေတဲ့ စာရေးဆရာလေ။ ဟိုဘက်မှာတုန်းက မြစ်ဝကျွန်းပေါ် တိုင်းက ဗဟိုစခန်းကိုရောက်လာတဲ့ အသားဖြူဖြူ ပိန်ပိန်လေ””

“ဝင်းမင်းထွန်းပါ””

တင်ဘုန်းနွယ်က ခပ်ရဲရဲ ဝင်ထောက်ပေးလိုက်သည်။ ဗိုလ်သီဟ အဖို့ လူနှင့်နာမည်နှင့် တွဲလျက် မမှတ်မိတတ်သော ရောဂါမှာ ယခုလို အခြေအနေနှင့်ဆိုတော့ ပို၍ကျွမ်းပြီတည်း။ လျစ်လျူရှုရန်သာ ရှိတော့သည်။

“အေး … ဝင်းမင်းထွန်း။ ဝင်းမင်းထွန်း ပြောပြလို့ သိရတာ။ သိသိချင်း အိမ်လိပ်စာပါ တစ်ခါတည်းမေးပြီး ရဲဘော်မောင်မောင်ကို သွားတွေ့ရတယ်။ တို့ချင်းကလည်းကွယ် အဆက်အသွယ်ကို ပြတ်နေလိုက် တာ ဒီလောက်တောင်မှပဲ။ ကြည့်စမ်း… ကိုယ် ဒီဘက်ရောက်လာတာ တောင် နှစ်နှစ်ပြည့်လုပြီ။ စုစု သတင်း လုံးဝကို မကြားမိဘူး”

“ဖြစ်နိုင်ပါတယ် ဗိုလ်မှူး။ ကျွဲချိုဖျား ယင်နားတဲ့ကိစ္စပါ။ ဗိုလ်မှူး က ကျွဲလောက်မကတဲ့ ဆင်ပြောင်ကြီး ဖြစ်နေမင့်ဟာ”

သည်တော့လည်း မျက်နှာအပျက်ပျက်နှင့် ဖျာပျာသလဲ တောင်း ပန်သည်။

“အို အို… ဒီလိုတော့ မရမ်းနဲ့ စုစု။ ကိုယ်က ရဲဘော်ရဲဘက် ငတ်ဖော်ငတ်ဖက်တွေအတွက်ဆိုရင် အမြဲတမ်းတံခါးဖွင့်ထားတဲ့ကောင်ပါ။ တံခါးမရှိ ဓားမရှိ ဝင်နိုင် ထွက်နိုင် တင်ပြ၊ အဲ အဲ … ပြောနိုင်ဆိုနိုင်တဲ့ ကောင်ပါ။ ကိုယ့်အိမ်မှာဖြစ်ဖြစ်၊ ကိုယ့်ရုံးမှာဖြစ်ဖြစ် ရဲဘော်ဟောင်းတွေ

ရေထွက်မတတ် တရုန်းရုန်း ဝင်ထွက်နေတာ။ ရဲဘော်မောင်မောင်ဆိုရင် ကိုယ့်သတင်းတစ်စွန်းတစ်စ သိပုံရသား။ တကယ်ဆို သိသိချင်း ကိုယ် လာဖို့ကောင်းတယ်။ မဟုတ်ဘူးလား”

““မောင်မောင်ကတော့ ဗိုလ်မှူးလည်း သိပါတယ်လေ။ ဟိုဝင် ဒီထွက် သိပ်လုပ်ချင်တဲ့လူမဟုတ်တော့ကာ…”

“အိုး… ဒါပေမဲ့ အကြောင်းက ရှိလာမှကိုး။ လာမှပေါ့၊ ရဲဘော် | ရဲဘက်ချင်း အကူအညီတောင်းရတယ်။ အကူအညီပေးရတယ်ဆိုတာ မင်္ဂလာတစ်ပါးပဲ မဟုတ်လား”

တင်ဘုန်းနွယ် ရင်ထဲမှာ မခံချင်စိတ်များ ထောင်းခနဲ ထလာသည်။ ဗိုလ်သီဟပြောပုံက စီးပိုးလွန်းသည် ထင်၏။ စကားလုံး သုံးနှုန်းပုံကအစ ဟိုတုန်းကလို ရိုးရိုးရှင်းရှင်းမဟုတ်တော့။ ပညာနှင့်။

“မောင်မောင်က လူတစ်မျိုးပါ ဗိုလ်မှူး။ ဘယ်သူ့ဆီကမှ ဘာတစ်ခု မှ တောင်းခံဖို့ စိတ်ကူးတတ်တဲ့ လူမျိုးမဟုတ်ဘူး။ အရင်းနှီးဆုံး ကျွန်မ ဆီကတောင် ချစ်ခွင့်တို့၊ လက်ထပ်ခွင့်တို့ တောင်းခံဖူးတဲ့ လူမျိုးမဟုတ်ဘူး။ သူနဲ့တစ်အိုးတစ်အိမ်ထူထောင်ဖို့ကို ကျွန်မက စပြီး ရင်ဖွင့်ခဲ့ရတာ”

ဗိုလ်သီဟက ဘယ်လိုအဓိပ္ပာယ်ကောက်မိသည်မသိ။ အတော မသတ်အောင် တဟားဟား ရယ်၍နေသည်။ ကျန်မျက်နှာလေးငါးခုကမူ အားတုံ့အားနာဟန်နှင့် ဖုံးဖုံးဖိဖိ ပြုံးလျက်ရှိ၏။

“ပြီးတော့ ကျွန်မအနေနဲ့လည်း ဒီကိစ္စဟာ ဗိုလ်မှူးကို အကူအညီ တောင်းခံသင့်တယ်လို့ မထင်ဘူးလေ”

“အို… မဟုတ်တာ”

“ဟုတ်ပါတယ် ဗိုလ်မှူး။ သိပ်ဟုတ်ပါတယ်။ ခု ဗိုလ်မှူး ကျွန်မကို တမင်လာတွေ့တယ်ဆိုတာ အမှန်ပါပဲနော်။ ကျွန်မ စောစောက နားကြား များ လွဲသွားသလားလို့”

“အို… ဒီကလေးမ ခက်နေပါပြီ။ အမှန်ပါကွဲ။ မင်းကို တမင်လာတွေ့တာပါ”

တင်ဘုန်းနွယ်က အေးစက်သော အပြုံးကို ဖျတ်ခနဲ ပြုံးလိုက်ကာ ဆတ်ခနဲ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ကဲ့ ဗိုလ်မှူး။ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မကိစ္စအတွက် အကူအညီပေးရတယ်လို့ သဘောထားရင်တော့ ကျွန်မတို့ ဒီလောက်နဲ့ပဲ စကားဖြတ်ပါရစေ။ ကဲ… ဗိုလ်မှူးမှာ တာဝန်ရှိတယ်လို့ ယုံကြည်ရင်သာ ဗိုလ်မှူးအနေနဲ့ လုပ်သင့်လုပ်ထိုက်တာ။ ဒါတွေ ဗိုလ်မှူး နားလည်ပါတယ်

လေ။ ဆက်လုပ်ပေးသွားပါ။ ကျွန်မ ဘာကြောင့် ထောင်ထဲရောက်ရတယ် ဆိုတာ ဗိုလ်မှူး သိပါတယ်နော်”

တင်ဘုန်းနွယ် စကားများကို နားထောင်နေရင်း ဗိုလ်သီဟမျက်နှာမှ ပြုံးရိပ်များ တစ်စတစ်စ လျော့ပြယ်သွားသည်။ အခန်းသည် ငြိမ်၍ ကျသွား၏။

အရင်ဆုံးသတိရသော ထောင်ပိုင်ကြီးက အလုပ်မရှိ အလုပ်ရှာကာ စားပွဲအံဆွဲနှစ်ခုကို တစ်ခုပြီးတစ်ခု ဆွဲဖွင့်သည်။ ပစ္စည်းတစ်ခုခုကို အရေး တကြီး ရှာဖွေဟန်ပြုသည်။

ထို့နောက် အခန်းအပြင်ဘက်ဆီသို့ တစ်စုံတစ်ဦးကို လှမ်းခေါ်လို သည့်ပုံစံမျိုးဖြင့် ကဲကြည့်လိုက်ကာ မသိမသာ ထိုင်ရာမှ ထခဲ့သည်။

ထောင်ပိုင်ကြီး ထွက်လာတော့လည်း ထောင်မှူးကြီးကပါ ကယောင် ကတမ်း ထလိုက်လာ၏။ တစ်ခုတော့ သူက အဆင်ပြေအောင် ပြောဖြစ်ခဲ့ သည်။

“အေးအေးဆေးဆေးပေါ့ ခင်ဗျာ။ လိုတာရှိရင် ဟောဟိုက ဦးတင်ရွှေကို ပြောပါ။ ကျွန်တော်တို့လည်း ဒီနားမှာပဲ ရှိနေမှာပါ။ ခဏ ခွင့်ပြုကြပါဦးခင်ဗျ””

“ကောင်းပါပြီ ခင်ဗျာ၊ ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်”

ထိန်းထိန်းသိမ်းသိမ်း ကြိုးစား၍ပြောလိုက်သော ဗိုလ်သီဟအသံက ပင်ကိုသံ မဟုတ်မှန်း သိသာလှသည်။ မျက်နှာက ပြုံးထားသော်လည်း ကလျာကရဲနှင့်။

အခန်းဝတွင် ရပ်နေသော ဦးတင်ရွှေတစ်ယောက်သာ အားလုံးက ကျောခိုင်းလျက်ရှိနေသည်မို့ နေသာထိုင်သာရှိသည်။

လက်သပ်မွေး ယုန်ကလေးများနှယ် မျက်တောင်ကလေးများ ပုတ်ခတ်ပုတ်ခတ် လုပ်သည်မှတစ်ပါး တစ်ချိန်လုံး လုံးဝအလှုပ်အရှားမရှိ၊ သတိအနေအထားနှင့်ထိုင်နေသော ဗိုလ်သီဟ၏ အဖော်နှစ်ဦးမှာလည်း ယခုမှပင် အသက်ဝင်စပြုတော့သည်။

ထောင်ပိုင်ကြီး ကုလားထိုင် နောက်တည့်တည့် ပြတင်းပေါက်မှ မြင်နေရသော ထောင်တွင်းရှုခင်းကို အပူတပြင်း လေ့လာဖို့လိုသည်လို့ ယခုမှ နှစ်ယောက်သား စိတ်ကူးဆင်တူပေါက်သွားပုံလည်း ရသည်။

ထိုင်ရာမှထကာ ပြတင်းဝသို့ သွား၍ရပ်ကြသည်။ အဆင်သင့်ပင် အုတ်ရိုးတစ်ထပ်ကာ သီးခြားအဆောက်အအုံတစ်ခုအတွင်းမှ မိန်းမ အကျဉ်းသားများ သနပ်ခါးအဖွေးသားနှင့် ရယ်ကာမောကာ ရှိကြသည်ကို စီး၍မြင်ရလေရာ တအံ့တဩပင် စိတ်ဝင်တစား ဆွေးနွေးစရာ အကြောင်း အချက်ရသွားတော့၏။

“ကိုယ်လည်း တော်တော့်ကို စိတ်မကောင်းဖြစ်ရပါတယ် စုစု။ ဝမ်းနည်းပါတယ်။ တကယ်ပါ။ ဒါကြောင့်လည်း ကိုယ် လာတွေ့တာပါ။ သက်ဆိုင်ရာတွေနဲ့ ကိုယ် ဆွေးနွေးဖို့ အစီအစဉ်လည်း လုပ်ပြီးပါပြီ။ အမြန်ဆုံး ကိစ္စပြတ်အောင်လည်း ကြိုးစားမှာပါ စုစု။ ဟုတ်လား။ ကျန်းမာရေးသာ ဂရုစိုက်ပေါ့။ မကြာတော့ပါဘူး။ ကလေးကော နေကောင်း ရဲ့မဟုတ်လား။ သားနော်…။ ဘယ်အရွယ်လောက် ရှိနေပါလိမ့်။ အဲ… အခါလည်တော့ ကျော်ရောပေါ့လေ”

“နှစ်ခါလည်လုပြီဆိုပါတော့။ ဟော ဟော… ဟိုမှာ။ ဟိုပြတင်း ပေါက်က လှမ်းကြည့်လိုက် ဗိုလ်မှူး။ ဟောဟို ကလေးမလေးတစ်ယော

ချီထားတာလေ။ ဗုဒ္ဓသရဏပန်းဝါဝါတွေ တစ်ခေါင်းလုံး ပန်ထားတဲ့ မိန်းကလေးဟာကော။ အဲ အဲ.. သူချီထားတဲ့ကလေးပေါ့ ကျွန်မသားကြီး”

ဗိုလ်သီဟက စိတ်လိုလက်ရပင် ထ၍ကြည့်သည်။ အခြေအနေက ပုံမှန်သို့ ပြန်၍ရောက်လာ၏။ ဗိုလ်သီဟသည် ပြတင်းဝမှ လှမ်းကြည့်ရင်း အားမရဟန်ဖြင့် နေရာသို့ပြန်လာကာ စားပွဲပေါ်တင်ထားသော နိုင်ငံခြား ဖြစ် သားရေနုလက်ဆွဲအိတ် အမည်းကြီးကိုဖွင့်သည်။ မျက်မှန်တစ်လက် ကို စမ်း၍ နှိုက်ထုတ်လိုက်ကာ အပြင်ရောက်လာပြီးမှ ပြန်၍ထည့်သည်။ တခြားမျက်မှန်တစ်လက်ကို ဆွဲထုတ်လိုက်ပြန်ကာ အသစ်ကျပ်ချွတ်မို့ ပတ္တာ ကျပ်နေသော ကိုင်းများကို တယုတယ ဖြည်းညင်းစွာ ဆန့်ပြီးမှ မျက်နှာ တွင် တယုတယ တပ်သည်။

တင်ဘုန်းနွယ် မအံ့ဩချင်တော့ပြီ။ သို့သော် ပြောစရာမို့ ပြော ရလျှင်တော့ တောထဲတုန်းက ဗိုလ်သီဟစရိုက်ပင်တည်း။

ဗဟိုစစ်ဦးစီးဌာနချုပ်မှ တပ်မှူးကြီးတစ်ဦးအဖြစ် ဗိုလ်သီဟမှာ ထင်ရှားကျော်ကြားလှသူဖြစ်သည်။ ခံယူချက် ပြတ်သားသည်။ ယုံကြည် ချက် ပြင်းထန်သည်။ သံမဏိကဲ့သို့ မာကျောသည်။ အရွယ်နှင့် မလိုက် အောင် တက်ကြွခိုင်မာသော စိတ်အားခွန်အားလည်း ရှိသည်။

ငတ်ငတ်ပြတ်ပြတ် သဲသဲကွဲကွဲ ဘာကိုမျှ သူမပြုံ။ သူတကာထက် သက်လုံကောင်းသည်။ သူ့ကိုယ်သူလည်း ယုံလွန်းသည်။ သန်သည်။ မြန်သည်၊ ကျွမ်းကျင်သည်ဆိုသော သူ့ဂုဏ်ပုဒ်ကို ဘယ်တော့မှ အထိပါး မခံ။ နာဖျားမကျန်း ရှိသည့်ရက်လို့လည်း မကြားရစဖူးခဲ့။

အနည်းဆုံး မျက်စိမှုန်သည်ဆိုသည့် စွပ်စွဲချက်ကိုသော်မှ သူ မခံနိုင်။ မျက်စိမှုန်သည်၊ မျက်မှန်ကူရသည်ဆိုသည့် အပြစ်မျိုးကို ရှက်ရစနိုး ထင်သည်။ မျက်မှန်ကိစ္စမှာတော့ တကယ့်ကို ဟစ်တလာစိတ်မျိုး။

ယခုတော့ ပြောင်းလဲခဲ့ပြီ။ ကြည့်။ သာမန် လုပ်သားပြည်သူတို့ လက်ထဲတွင် တွေ့နိုင်ခဲ့သော တကယ့်ရှားရှားပါးပါး တော်သုံးအမျိုးအစားကြီး နှစ်လက်တိတိ။ အဝေးကြည့်ရန်နှင့် အနီးကြည့်ရန်နှင့်။

“ဟော.. ဟိုအဆောင်ထဲက ပြတင်းပေါက်သံတိုင်တွေ ဆုပ်ပြီး ဆာနေတဲ့ ကလေးလား။ ဟိုသူငယ်မလေးအပေါ်က အတင်းထိုး သံတိုင်တွေ ချိတ်တက်နေတာလေ။ အပြာရောင်ဖိနပ် ဦးထုပ် ဆင်တူကလေး ဝတ်လို့။ ဟုတ်တယ် မဟုတ်လား”

“ဟုတ်ပါတယ်။ သားက ခုထိ လမ်းကောင်းကောင်း မလျှောက် သေးဘူး ဗိုလ်မှူးရဲ့။ တစ်ခုခုကိုတွယ်ပြီးမှ လျှောက်နိုင်တယ်”

“ဟုတ်လား။ အထနှေးတယ်နော်။ ကလေးဆိုတာ အခါလည်ကျော် ရင် ဒေါက်ဒေါက် ပြေးတတ်တာမျိုးပဲ။ စုစုသားကြီးက ကျန်းမာရဲ့လား။ ဟို ပိုလီယိုတွေ ဘာတွေများ”

“အို… မဟုတ်ပါဘူး ဗိုလ်မှူး။ ပိုလီယိုလက္ခဏာက တစ်မျိုးပါ။ ကျွန်မသား စံချိန်မီ မဖွံ့ ထွားတာတော့ ဝန်ခံပါတယ် ဗိုလ်မှူး။ လောင်းရိပ် အောက်က အသီးအပွင့်တိုင်းဟာ မအောင်မမာ ဖြစ်တတ်စမြဲပါ။ လမလဲခင် က ထောင်ထဲရောက်လာရတဲ့ ကလေးဆိုတော့ မြင်တဲ့အတိုင်းပဲပေါ့လေ”

ဗိုလ်သီဟ မျက်မှန်ကို မကိုင်ရက် မထိရက်သလို တရိုတသေပြန်ချွတ် ကာ တင်ဘုန်းနွယ်အနားသို့ ပြန်လျှောက်လာသည်။

“အေးလေ။ လွတ်လွတ်လပ်လပ် ပြေးကာလွှားကာ ကစားကာ မနေရတော့လည်း ကလေးဆိုတာ အဖွံ့အဖြိုးနှေးကွေးတာပေါ့။ စုကလည်း စုသားဦး ဆိုတော့ အချီအ အယုအယ များပါလိမ့်မယ်။ ခုလည်း

ကလေးကို အရုပ်ကလေးတစ်ရုပ်လိုက် ပြင်ဆင်ထားလိုက်တာ။ အရိပ်ထဲမှာ နေတုန်း ခြေအိတ်တွေ၊ ဖိနပ်တွေ၊ ဦးထုပ်တွေ ကျဉ်းကျဉ်းကျပ်ကျပ် စွပ်ပေးထားတာလည်း မကောင်းဘူးထင်တယ်နော်””

တင်ဘုန်းနွယ်သည် အသံထွက်အောင်ပင် ဟက်ဟက်ပက်ပက ရယ်ချလိုက်၏။ ဗိုလ်သီဟက စကားကို ပြက်လုံးတစ်ခုအလား သဘော ထားပစ်လိုက်သည်။ အပေါက်ဝတွင် အကျဉ်းသားတစ်ယောက်နှင့် ခေါင်း

ချင်းဆိုင်ကာ စကားတီးတိုးပြောနေသော ဦးတင်ရွှေကို သတိတရ လှမ်း ကြည့်လိုက်မိ၏။ သူတို့စကား တစ်စွန်းတစ်စကို ကြားသွားပုံရသည့် ဦးတင်ရွှေက လှည့်အကြည့်တွင် တင်ဘုန်းနွယ်သည် တစ်ကျော့ထပ်ကာ ရယ်မိပြန်သည်။

“ဗိုလ်မှူးရယ်။ ဦးထုပ်တွေ ဖိနပ်တွေကြောင့် ကျဉ်းကျပ်ပြီး အထနှေးတာ ဟုတ်ချင်လည်း ဟုတ်မှာပါပဲ။ ကျွန်မကတော့ သားကြီးကို

ထောင်ထဲရောက်လာကတည်းက ရေချိုးချိန်ကလွဲရင် ဦးထုပ်နဲ့ခြေအိတ် အမြဲဝတ်ပေးတယ်။ ဟော… မတ်တတ်စမ်းတဲ့အရွယ်ရောက်တော့လည်း ဖိနပ်ပျော့ကလေးပါ စွပ်ပေးတယ်။ အိပ်ချိန်ပဲ ချွတ်တော့တယ်။ ဒါက ကျွန်မအယူအဆနဲ့ ကျွန်မပါ။ မောင်မောင်ကတောင် သဘောမကျလှဘူး”

“ဘာဖြစ်လို့လဲ စုစုရယ်”

“ပြောရရင်တော့ ပုံတိုပတ်စနဲ့ကို စချီရလိမ့်မယ်။ ဟို… ဗိုလ်မှူး ကြားဖူးမလား မသိဘူး။ တိုင်းပြည်တစ်ပြည်မှာ ဘီလူးကြီးတစ်ကောင် သောင်းကျန်းနေတယ်တဲ့။ အဲဒီဘီလူးကြီးဟာ ညောင်ပင်ကြီးတစ်ပင်မှာ နေပြီးတော့ ညောင်ပင်အောက်ကို ရောက်လာတဲ့လူမှန်သမျှ သူ့ပိုင်နက်ကို ကျွံတယ်ဆိုပြီး ဖမ်းစားပစ်လေ့ရှိသတဲ့”

“ဪ…အဲ…အဲ…ဟုတ်ပြီ။ ဟုတ်ပြီ။ တစ်နေ့တော့ ပညာရှိ မင်းသားတစ်ပါးက ခြေနင်းစကြာကို ဝတ်၊ ထီးဖြူကြီးဆောင်းပြီး ညောင်ပင်

အောက်က ဖြတ်လျှောက်တာလေ။ ဘီလူးက ဖမ်းမယ်လုပ်တော့ ဟေ့ မင်းပိုင်နက်ကို ငါ မနင်းဘူး။ မင်းအရိပ်ကို ငါ မခိုဝင်ဘူး။ ငါ့ခြေနင်း ကို ငါနင်းပြီး ငါ့ထီးဖြူကို ငါဆောင်းတာပဲဆိုတော့ ဘီလူးမင်း လက် လျှော့သွားရတယ်ဆိုတာမဟုတ်လား။ ဟား ဟား … အမယ်လေး စုစုရယ် ဟားဟား … ဟုတ်ပ ဟုတ်”

သူက တင်ဘုန်းနွယ်၏ ပုံပြင်ကိုဆက်ကာ မျက်ရည်ပြည့်လျှံ အန်ထွက်ကျလာသည်အထိ အားရပါးရ ရယ်လိုက်သည်။ ခေါင်းတညိတ်ညိတ်နှင့်လည်း သဘောကျပုံပြသည်။

“ဟုတ်တယ်လေ ဗိုလ်မှူးရဲ့။ အပြစ်ရှိတယ်လို့ အစွပ်စွဲခံရသူက ကျွန်မပဲဟာ။ ကျွန်မသားက ဘာကြောင့် ထောင်သွင်းအကျဉ်းချခံရတဲ့ဘဝ ရောက်ရမှာလဲလို့။ မဟုတ်ဘူးလား။ မလွှဲသာလို့ ပါလာရတဲ့ အခြေအနေဆို တော့လည်း စတိသဘောပေါ့လေ။ လုပ်ရတာပဲ။ ကျွန်မသားဟာ ကနေ့ အထိ ထောင်မြေမနင်းရဘူး။ ထောင်ရိပ် မခိုရဘူး။ ပြီးတော့ ထောင်ရေ လည်း မသောက်စေရဘူး။ ဟော.. ဟိုက ဦးတင်ရွှေ ကူညီပါတယ်။ နံနက်တိုင်း သားကြီးရေချိုးဖို့ အပြင်က ရေတစ်ပုံတစ်ပုံ ဆွဲယူလာပေး တယ်။ အပြင်က ရေကျက်အေးကို ပုလင်းနဲ့ ထည့်ပြီး တိုက်တယ်”

သည်တော့ ဦးတင်ရွှေပါ စကားဝိုင်းထဲသို့ အလိုလိုရောက်လာ သည်။ သူ့သားနှင့် ပတ်သက်လျှင် အင်မတန်မာနကြီးသော တင်ဘုန်းနွယ် အကြောင်းများကို ဖောက်သည်ချတော့သည်။

စောစောကပြတင်းဝတွင်ရပ်၍ လေ့လာရေးကွင်းဆင်းနေကြသော ပုဂ္ဂိုလ်နှစ်ယောက်လည်း ခုမှပင် အလိုက်သင့် အလျားသင့် ပြန်ဝင်လာကာ စကားတစ်ဝိုင်းတည်း ထိုင်ဖြစ်သည်။ ။

အမှန်တော့ စကားဝိုင်းသည် ခုမှစတင်သည်လို့ ဆိုရမည်ပင်။

•••••••••••••
[ ၅ ]
လူပြန်မရောက်ခင် သတင်းက ကျော်နှင့်သည်။ လူပြန်ရောက်သည် ဆိုတော့ မိန်းမထောင်အုတ်ရိုးအတွင်း ခြေနှစ်ဖက်နင်းမိသည် ဆိုလျှင်ပဲ အသားတစ်ကို ကျီးတစ်အုပ်ဝိုင်း၍ ဆွဲသည့်နှယ် ဆွဲကြလုကြသည်။

ရာလိုက် စည်း၍ထားသော ကျားပျံမကောက် ဆေးလိပ်စည်းများ လျော့ပြေပြုတ်ထွက်ကာ မြေမှာပြန့်ကျဲကုန်သည်။ ဆီစိမ်စက္ကူအိတ်တွင် ထည့်ထားသော လိမ္မော်သီးများ အိတ်မှ ပေါက်ထွက်ကာ တစ်လုံးပြီး

တစ်လုံး မြေပြင်ပေါ်သို့ လိမ်ပြေးကြကုန်သည်။ ဘီစကစ်နှင့် အုန်းထန်းလျက် ဖြူဖြူ ကလေးများကား ကြည့်ရက်စရာမရှိပြီ။

“ဟဲ့ … ကောင်မတွေ။ ကြည့်စမ်း ကြည့်စမ်း။ သရဲသဘက်မ တွေ။ ကြည့်ပါဦးတော်… အကုန်လုံး ပစ်ရပါပြီ။ ဒါလောက်တောင် လုကြယက်ကြ ငတ်ကြီးကျရသလားတဲ့။ ကြည့်စမ်းပါဦး။ ကောက်

ကောက် အကုန်ပြန်ကောက်ကြ။ တင်ဘုန်းနွယ်တစ်ယောက်ကလည်း ဟယ်…. နည်းနည်းမှ အဆီးအတားမရှိဘူး။ လိမ္မော်သီးတွေ ခါးကုန်တော့ မှာပဲ။ ဆေးလိပ်တွေကော အကောင်းမှကျန်သေးရဲ့လား”

ဝါဒါအန်တီမြက ဒေါင်းတည်မောင်းတည်ဖြင့် ဆိုဆိုဆဲဆဲ ဝင်လာ တော့မှ တင်ဘုန်းနွယ်အပါးမှ ရှဲသွားကြသည်။ သို့သော်လည်း စောစောက သူ့ထက်ငါ ဦးအောင် ဆွဲကြလွဲကြရာမှ မြေတွင် ကစဉ့်ကရဲ ပြန့်ကျဲကုန် သည်တို့ကို အလုအယက် ပြေး၍ကောက်ကြပြန်၏။

မြေနီလမ်းပေါ်မှာ လဲသူက လဲ၍ ပြိုသူကပြိုသည်။ မြက်ခင်းပေါ် လိမ့်ဆင်းသွားသောလိမ္မော်သီးများကို လိုက်ဖမ်းရင်း နှစ်ယောက်သုံးယောက် ထပ်၍ ရေကူးသူများက ကူးကြသည်။

ခဏကလေးပဲ ကြာလိုက်သည်။ ဘာဆိုဘာတစ်ခုမျှ မကျန်တော့။ ယုတ်စွအဆုံး ဆေးလိပ်ကျိုးကလေးကအစ ထန်းလျက်ကလေး စတိသဘော တစ်ခါတလေပင် ကြည့်မမြင်ချေ။ နေ့စဉ်နှင့်အမျှ သထားသည့် မြကမ္ဗလာ မြက်ခင်းပြင်နှင့် မြေနီလမ်းကလေးမှာ နဂိုအတိုင်း ပြောင်သလင်းခါ သွား တော့သည်။

ဆင့်ပါးစပ် နှမ်းပက်လိုက်သလိုတည်း။ တော်ပေသေး၏။ ငါးပိ ကြော်ပုလင်းများ၊ သရက်သီးသနပ် ပုလင်းများ၊ ဟောလစ်ပုလင်းများကို အန်တီမြက သူကိုယ်တိုင် ဂရုတစိုက် ပိုက်လာခဲ့၍ အကွဲကွဲအရှရှမဖြစ်။

ဒါတောင် အန်တီမြအနားသို့ ပြေး၍ကပ်ဖြစ်အောင် ကပ်ကြသေး သည်။ ဝိုင်းဖြစ်အောင် ဝိုင်းကြသေးသည်။ သို့ပေမဲ့ အန်တီမြက ရွှေတောင်စကၠဴစအပါးအလုပ်ပဲ။ ဘာရမလဲ။ အကပ်မခံ၊ အဝိုင်းမခံ၊ ပတ်ကြမ်း လွှတ်သည်။

“သရဲသဘက်မတွေ ဖယ်စမ်း။ ဒါလောက်ပဲ ငတ်ရသလား။ တင်ဘုန်းနွယ် ထောင်ဝင်စာမှန်သမျှ ညည်းတို့ အကုန်ဝိုင်းပြီး အပင်းချရ တာချည်းပဲ မဟုတ်လား။ ပိုင်ရှင်တောင် လက်ဖျားနဲ့ မတို့ရသေးဘူး။ တကတဲတော်… လွန်လွန်းသနော်၊ မန်းရွှေစက်တော်။ ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ်ဆိုတာလို…”

““ဟုတ်ပါဘူးအမေရဲ့။ ကူသယ်ပေးမလို့ပါ”

“အေးလေ… အမေကလည်း မျိုမကျအောင် သိပ်ပြောတာပဲ။ အမေ့လက်ထဲ ပွေ့လာတဲ့ အဖိုးတန်ပစ္စည်းတွေကို ကျွန်မတို့ လုရဲပါ့မလား အမေရဲ့။ ဆေးလိပ်တို့မုန့်တို့သာ ပျော်လို့ လုတာကြီးကို”

“ဟုတ်သားပဲ အမေကလည်း။ မတင်ဘုန်းနွယ်က ဆေးလိပ် လည်း သောက်တတ်တာမှ မဟုတ်တာ။ လုတာပေါ့။ လုမှရမှာ။ သူ့အပေး

စောင့်နေရင် ကျွန်မတို့ဖို့ ကျန်မှာမဟုတ်ဘူး အမေရဲ့။ သူ့လူတွေက နည်း တယ်တောင် အောက်မေ့ဦးမယ်။ ဟုတ်ဘူးလား ဖွားခင် နော်.. မနီ”

တစ်ယောက်တစ်ပေါက် ပြောနေကြသည်ကို ခွန်းတုံ့မပြန်အားဘဲ မနီလက်ထဲမှ သားကြီးကို လှမ်းပွေ့ယူလိုက်ရသည်။

“အိပ်တာကြာပလား မနီ။ ငိုသေးလား”

“အစ်မသားကြီး မငိုအားပါဘူးတော်။ ကျွန်မတို့ တစ်ယောက်တစ်လက် ဝိုင်းချီနေကြတာ။ ခုပဲ မနီလက်ထဲ ရောက်ပြီး အိပ်သွားတာ”

တစ်ယောက်က မနီ ပါးစပ်မဟခင် ဝင်၍ပြောလိုက်ရာ မနီက မခံမရပ်နိုင်ဖြစ်သွားပြန်သည်။

“အံမယ်… ဘာခုပဲလဲ။ နာရီဝက်လောက်ရှိပြီဟာ။ ဘူးပေါ်က တောင် နှစ်မောင်းတိတိ ခေါက်သွားပြီ သိလား။ ကျုပ်က သေသေချာချာ မှတ်ထားတာ။ သားကြီးက ကျုပ် ထမ်းသိပ်မှအိပ်တာ”

သည်တစ်ခါတော့ တင်ဘုန်းနွယ် ပြုံးဖြစ်သည်။

“အေးပါ… အေးပါကွယ်။ ကဲ.. လာ မနီရယ်။ သားကြီး အိပ်ရာခင်းရအောင် ခြင်ထောင်လေးဘာလေး ထောင်ပါဦး။ ထောင်လည်း ပိတ်တော့မှာ။ ထမင်းဆွဲပြီးပလား”

“ပြီးပြီ အစ်မ။ ကျွန်မတို့တောင် စားပြီးပြီ။ အစ်မ ထမင်းချိုင့် လည်း ရောက်နေတာကြာလှပြီ”

“နို့ ဒေါ်ဖွားသင်တို့ ယူမစားကြဘူးလား”

“ဟင့်အင်းလေ။ အစ်မမှ မရှိတာ။ ဘယ်သူ စားဝံ့ပါ့မလဲ။ ဒီ အတိုင်းပဲ”

“ဪ ဟယ်.. နေ့တိုင်း ငါကျွေးမွေးနေကျများ အဆန်းလုပ်လို့၊ သွားပေးချေ၊ ပေးချေ။ သားကြီးဖို့ ထမင်းဖြူလည်း ချန်မနေနဲ့တော့။ အိပ်သွားပြီ။ တစ်ရေးနိုးလာမှ နို့ဖျော်တိုက်တော့မယ်။ ငါ့ဖို့ ပုံစံထမင်းကျန် ရင် ယူခဲ့ဟာ။ ထောင်ထမင်းကိုတော့ အလွတ်ခံလို့မရဘူး။ လုံးတီးဆန်က ငါနဲ့ တကယ်တည့်နေတာ”

“ပုံစံဟင်းကော ယူမလား အစ်မ။ ခုညနေ မဆိုးဘူး၊ နိုင်လွန် ဟင်း မဟုတ်ဘူးတော့။ ရွှေဖရုံသီးချက်ကလေး။ စေးပိုင်နေတာပဲ”

“အေး … ယူခဲ့ဟာ” ၊

တင်ဘုန်းနွယ်က ကွပ်ပျစ်ဆီသို့ တန်း၍လာခဲ့ကာ ကလေးတစ်ဖက် နှင့်ပင် အိပ်ရာကို ပုတ်ခါ ပစ်လိုက်သည်။ အိပ်ထောင်ထဲတွင် လူသိပ်မရှိ တတ်သေး။ စကြံတွင် တချို့၊ မြက်ခင်းပြင်တွင် တချို့။ ပြောလို့၊ ဆိုလို့၊ ရယ်လို့မောလို့နေကြတုန်း။

အိပ်ထောင်ပိတ်ခါနီးလေ၊ အပြင်တွင် နေချင်လေမို့ သံချောင်း မခေါက်မချင်း အပြင်တွင် ရတတ်သလောက် ကုတ်ကတ်နေကြသည်။

သံချောင်းခေါက်သည့်တိုင်လည်း ပြန်မဝင်ချင်ကြ။ ဝါဒါက အဝင်အထွက်တံခါးပေါက်များကို တစ်ပေါက်ချင်း သော့ခတ်ပိတ်နေသည့်တွိင် မသိဟန်ဆောင်၍ နေသေးသည်။ နောက်ဆုံးတစ်ပေါက်တည်း က

ဘာမှ စိတ်မရှည်သောဝါဒါက ပတ်ကြမ်းတိုက်၍ တစ်ခွန်းနှစ်ခန့် ဟစ်ပစ်လိုက်မှပင် ထိုတစ်ပေါက်တည်းသော ဝင်ပေါက်မှ တိုးလျှို့၍ ဝင်ကြတော့သည်။

တင်ဘုန်းနွယ်သည် ဂွမ်းကပ်အခင်းပေါ်မှ ရွဲ့စောင်းနေသည့် ပလတ်စတစ်ပြားကို ဆွဲ၍တည့်မတ်ပြုပြင်ကာ အနှီးပါးကလေးတစ်ထည် ထပ်၍ခင်းလိုက်၏။ ပြီး ခေါင်းအုံးကလေးကို လက်တစ်ဖက်တည်းဖြင့် အပြန်ပြန်အလှန်လှန်ပုတ်ကာ နေရာချလိုက်သည်။ အိပ်မောကျနေသော ကလေးငယ်သည် အိပ်ရာပေါ်သို့ ကျောချမိလျှင် ခြေလက်များကို ကားရား ဆန့်၍ ဗလတွေ ထုတ်ပြနေပြန်၏။

တင်ဘုန်းနွယ်က ရင်ဘတ်ကလေးပေါ်လက်ဝါးဖြင့်အုပ်၍ သာသာ ကလေးပုတ်ချော့ပေးတော့မှ ကျားဆိုမှကျား၊ မောင်မောင့်ဩရသ လူသန် လူထွားကြီး ငြိမ်ကျသွားတော့သည်။

“ကဲ… ရော့ သမီးရေ။ ဒါတွေ သိမ်းဦး”

“ဪ… အန်တီမြ။ ကန်တော့ပါ အန်တီရယ်။ ကန်တော့ ကန်တော့။ ကျေးဇူးလည်း တင်ပါတယ်”

အန်တီမြရင်ခွင်ထဲမှ ပုလင်းများ၊ ဘူးများကို ဆီးကြိုယူရင်း နေရာချ ထားဖို့ ပြင်ရပြန်သည်။ ပြတင်းပေါက် အုတ်ပေါင်ပေါ်ပဲ ကြည့်ကျက် တင်မှ။ ထားစရာကလည်း သည်နေရာပဲ ရှိသည်လေ။ အန်တီမြ လှည့် ထွက်မသွားခင် ထောင်ပိတ်လျှင် ပြတင်းဝသို့ ထမင်းလက်ဆုံစားရန်လာခဲ့ဖို့ ပြောဖြစ်အောင်ပြောရသေးသည်။ မေ့၍မဖြစ်။

“ဟောဒီမှာ အစ်မရေ… ပုံစံထမင်း။ ရွှေဖရုံသီးချက်လည်း ပါတယ်။ ကြီးစွာသင်က စားတောင် မစားသေးဘူးတဲ့။ သန့်သန့်ကလေး သိမ်းထားတယ်လို့ ပြောပါတဲ့။ သိပ်ပါးတဲ့အဘွားကြီး။ ကြက်သွန်မြွေက တောင် ဆလံပေးလိမ့်မယ်။ တစ်နပ်တလေတောင် အလွတ်မခံနိုင်ဘူး။

ဆန်ဖြူသိပ်မက်တာ။ အစ်မလာရင် ထမင်းချိုင့်ပေးမှာဆိုတာသိလို့ တမင် ကို စောင့်နေတာ”

မနီသည် လုံးတီးထမင်း နီတာလန် တစ်ပန်းကန်မောက်မောက်ကြီး နှင့် သတ္တုဇလုံ ပက်လန်ကလေး ပြည့်လုနီးပါး ထည့်ထားသော ရွှေဖရုံသီး ချက်တစ်ပုံစံကို ကွပ်ပျစ်ခြေရင်းတွင် ချလိုက်ကာ နှုတ်မှ ဗျစ်တောက်ဗျစ် တောက် လုပ်လာ၏။

ဟုတ်လည်း ဟုတ်သည်။ တင်ဘုန်းနွယ်သည် ထောင်ပုံစံထမင်းကို သူ့အတွက်မယူ။ ဆရာဆယ်မြူရယ်တို့အိမ်မှ မနက်ပြန် ညပြန် မှန်မှန်ပို့ပေး နေသော ထမင်းချိုင့်ရှိသည်မို့ “ပုံစံမစား”ဟု ထောင်ထဲမှာ ကျော်ကြားသည်။

အစတုန်းကတော့ အပြင်ထမင်းချိုင့်ယူစားသည်ဆိုခြင်းမှာ ဤမျှ ထူးခြားသော ကိစ္စတစ်ရပ်ဖြစ်မည် မထင်ခဲ့။ သည်လောက် ထောင်ထဲမှာ ပါဝါရှိလိမ့်မည် ဆိုသည်ကိုလည်း မရိပ်စားမိခဲ့။

ထမင်းချိုင့်ရောက်လာမှ ထောင်ထဲမှာ အပြင်ထမင်းချိုင့်၏တန်ဖိုး ဘယ့်ကလောက် ထိရောက်ကြီးမားသည်ကို သဘောပေါက်ရတော့သည်။

ဆန်ဖြူထမင်းဆိုသည်မှာ ထောင်ထဲတွင် ရွှေထက် မက်မောစရာ ကောင်းလှပါကလား။

လူဆိုသည်က အချုပ်အနှောင်ခံရမှ ပြင်ပလွတ်လပ်ခြင်း၏ တန်ဖိုး ကို တမ်းတတတ်သည်။ ပုံစံအိပ်၊ ပုံစံနေ၊ ပုံစံစားဆိုမှ အိပ်ရခြင်းဆင်းရဲ၊ နေရခြင်းဆင်းရဲ၊ စားရခြင်းဆင်းရဲကို နင့်နင့်နဲနဲ ခံစားတတ်သည်။

အပြင်တွင် ထမင်းနပ်မှန်အောင် မနည်းကြီး ပြေးလွှားရှာဖွေစား သောက်ရခဲ့သူပင် ဖြစ်စေ၊ ထောင်ထဲမှာ အချိန်မှန်ကျွေးသည့် ပုံစံထမင်းကို လုံးတီးဆန်မို့ မျှော်လို့မကျချင်၊ လည်ချောင်းနင်ချင်သည်။

လုံးတီးဆန်မှန်မှန်စား၍ ကျစ်ကျစ်လျစ်လျစ် တစ်တစ်ရစ်ရစ်ကြီး တွေ ဖြစ်လာကြသော နှစ်ကြီးသမားများပင် လုံးတီးဆန်၏ အာနိသင်ကို ကျေးဇူးတင်ရစကောင်းမှန်း မသိကြ။ လူတစ်ကိုယ် ဘယ်လိုမှ စားမကုန်

ဝင်သော လုံးတီးထမင်းတစ်ပုံစံမောက်မောက်ကြီးကို လက်ဖြင့် မ ကချင် ထိုးဆွရင်း ဆံဖြူထမင်းကလေး တစ်ဆုပ်တစ်ဖဲ့လောက် လိုက်ရလျှင် အာဂပါးစပ် လူဖြစ်ကျိုးနပ်လင့် ထင်

သည်တော့ တင်ဘုန်းနွယ်၏ ထမင်းချိုင့်သည် ထောင်ထဲမှာ ရွှေပါတည်း။ ရွှေရှိလျှင် ဘာနှင့်မဆိုလဲ၍ရသည်။ ထောင်ထဲမှာတော့ ဆန်ဖြူထမင်းသာ ကျွေးနိုင်လျှင် ဘာလိုချင်သလဲ၊ ဘာခိုင်းချင်သည်

လိုသမျှ လုပ်ကိုင်ဆောင်ကြဉ်းပေးသူတွေ ဝိုင်းဝိုင်းလည်တော့သည်။

တင်ဘုန်းနွယ်က တစ်မျိုး။ ထောင်ထဲ ရောက်လာမှ သဲတရှပ်ရှပ် ကျောက်ခဲတဂျွပ်ကျွပ်ပါသော နီနီရဲရဲလုံးတီးထမင်းကို နှုတ်သီးတွေ့နေတော့ သည်။ တောထဲမှာ ပြာနှင့်နယ်၍ ပြုတ်အပ်သော မျှစ်ရိုင်းလက်တစ်ဆုပ် စာမျှဖြင့် ညပြန်မနက်ပြန် လေးငါးရက်ဆက်၍ တင်းတိမ်ခဲ့ရသည်နှင့်စာ လျှင် လုံးတီးဆန် မာသည်ဆိုခြင်းမှာ ဘာမှပြောပလောက်စရာမရှိ။ ငရဲက လာသူပဲ။ ပြာပူလောက်တော့ အပျော့။ ရယ်တာပေါ့။ ။

ပြီးတော့ နံနက်တိုင်း မှန်မှန်ကျွေးသည့် ထောင်ပဲဟင်းကလည်း အသားမပါတာတစ်ခုပဲ ပြောစရာရှိသည်။ ပျစ်ပျစ်နှစ်နှစ်မို့ အရသာခံ၍ သာ စားကြည့်လျှင် လေးလေးပင်ပင်ချိုသည်။ မန်ကျည်းသီးမှည့်ကို အရည် ဖျော်ထည့်ထားသည့် စိမ်းစားငါးပိကြော်နှင့် စားရခြင်းဖြစ်ရာ ဘာပဲ ဖြစ်ဖြစ် ထောင်ပုံစံထမင်းဆိုသည်မှာ အများကြီးစားပျော်သည်။ ဒါလောက် ညည်းညူစိတ်ပျက်ဖွယ်မဟုတ်။

အပြင်မှာ ကိုယ့်ဘာသာကိုယ်ရှာလျှင် ဤမျှ အဆင်ပြေသော ထမင်း ဒုနှင့်ဒေး။

ဟင်းလောက်ကိုပင် နပ်မှန်အောင် အတော်ကြီးကြိုးစားရမည့် လူဆင်းရ

ကိုယ့်အယူအဆနှင့် ကိုယ်မို့ တင်ဘုန်းနွယ်ကတော့ ပုံစံထမင်းဟင်” ကို မြင်ရတိုင်း ထမင်းရှင်နိုင်ငံတော်အစိုးရကို ကျေးဇူးတင်သည်။

ထောင်ထဲရောက်ကတည်းက တင်ဘုန်းနွယ်သည် သူ့ထမင်းချို_ကို သူ မစားဖြစ်ခဲ့။ တစ်လှည့်စီ ဝေငှခဲ့သည်။ အထူးသဖြင့် မြို့မြို့မြက် မြက်ကလေး စားချင်တတ်သော အိုကြီးအိုမအရွယ်တွေကို ဦးစားပေးသည်။

သားကြီး ခြောက်လကျော်မှ သားကြီး တစ်ယောက်စာ ထမင်းဖြူ နည်းနည်း ခွဲ၍ယူသည်။ သူကတော့ အဆောင်မှာ ပိုပိုမိုမို ကျန်မြဲပုံစံ ထမင်းကိုသာ ထောင်ပဲဟင်းနှင့် လူးနယ်၍ မြိန်မြိန်ကြီးစားတတ်သည်။ သူ့ထမင်းချိုင့်ကို မက်မက်မောမော အားပါးတရခွဲဝေစားကြသည်ကို မြင်တိုင်း ပီတိဖြစ်လို့ မဆုံးနိုင်။ သည်တော့ ပုံစံထမင်းသည် တင်ဘုန်းနွယ် အဖို့ ခံတွင်းမြိန်မြဲတည်း။ ။

ခုလည်း ကြည့်။ သူ့ထမင်းချိုင့်ကို ဒေါ်ဖွားသင်က စောင့်နေသည်။ ဒေါ်ဖွားသင်သည် အသက်ခြောက်ဆယ်ပြည့်လုပြီ။ အယူခံပါရှုံး၍ ထောင် သုံးနှစ်ကျလာသူတည်း။ ထောင်သက်ပင် တစ်နှစ်ခွဲခန့် ရှိပြီ။ ဒေါ်ဖွားသင် ဘာမှုလဲဟု မေးလျှင် “ကလေးဖျက်ပေးလို့”ဟု ရိုးရိုးကြီး တတ်သည်။

အမှန်မှာ ဒေါ်ဖွားသင်ကား တောချုံအုံကြားက `အရပ်လက်သည်” တည်း။ တစ်နည်းအားဖြင့် “ဝမ်းဆွဲ ́တည်း။ ကျေးလက်ဝမ်းဆွဲပီပီ အနှိပ် အနင်းမှာလည်း အကျော်အမော် ဇော်ဝိတ်။ သည်တော့ မီးဖွားရာတွင် ကျွမ်းကျင်သည့်နှယ် သုံးလေးငါးလ”ထိမ်”တာလောက်တော့ ဒေါ်ဖွားသင် အနှိပ်အနယ်မှာ စိတ်ချရသည်ဟု ကျော်ကြားသူတည်း။

ဒေါ်ဖွားသင် ဝမ်းဆွဲသက်တမ်းတစ်လျှောက်မှာ မျက်နှာမြင်ရာတွင် ဖြစ်စေ၊ အနှိပ်အနယ်ပြုရာတွင်ဖြစ်စေ အဖိတ်အစဉ်ရှိသည်ရယ်လို့ မကြား စဖူး။

သည်လိုနှင့် လုပ်ကိုင်စားလာသည်မှာ ကြာပြီ။ ကံဆိုးချင်တော့ အိုကြီးအိုမ ၅ဝ ကျော် ၆၀ နီးမှ ပြဿနာကြီးတက်လာသည်။ အပျိုကလေး မဟုတ်။ အအိုပါပဲ။ တိတ်တိတ်ကျိတ်၍ လုပ်ရသည်လည်း မဟုတ်။ ရပ်သိရွာသိ။ သူ့လင်ကလည်း သဘောတူသည်။ သူ့ယောက္ခမကလည်း လိုလားသည်။ ကာယကံရှင်ကလည်း ကျေနပ်သည်။ အပြင်တွင်လည်းခြောက်ယောက်တိတိ တာဝန်ကျေပြီးပြီ။

အိမ်ထောင်သက်ငါးနှစ်မှာ ခြောက်ယောက်မွေးသည်ဆိုတော့ တော် မိန်းမ စိတ်မပျက်ခံနိုင်ရိုးလား။ စိပ်လိုက်သည့်ကလေး။ စက်နှင့်လှည့်ထုတ် သလားလို့တောင် အပြောင်အလှောင်ခံနေရသည်။ အမြွှာမွေးက နှစ်ကြိမ်

တောင် ပါသည်ဆိုတော့ ပင်ပန်းလိုက်သည့်ဖြစ်ခြင်း။ အိမ်ထောင်ကျကတည်း က ကလေးချည်းမွေးနေရ၍ အသက်အစိတ်မပြည့်ခင်မှာပင် ကျောနှင့်ရင် ထိတော့မလား ထင်ရသည်။ ဘာမှလည်းမရှိတော့။ မကျန်တော့။ လျှော့ပြီ။ ခန်းပြီ၊ လျော့ရဲပြီ၊ မမြဲပါတကား။

တစပ်စပ် သွင်းမလောက်နိုင်သည့် ပါးစပ်ခြောက်ပေါက်တာဝန် ကြောင့် သူ့လင်မှာလည်း သူရင်းငှားလုပ်ရင်း၊ ဆန်အိတ်ထမ်းရင်း၊ ဖားရှာ ကြွက်တူးရင်း၊ ညဘက် ကင်းအငှားစောင့်ရင်း ခေါင်းမွေး ပြောင်သည် ထက် ပြောင်လာသည်။

သည်တော့ ကြံမိကြံရာ ဒေါ်ဖွားသင်ကို အပူကပ်သည်။ ကြေးက လည်း မများ။ ဒေါ်ဖွားသင်ထုံးစံအတိုင်း ဆန်တစ်ပြည်ငွေတစ်ကျပ်သာ တည်း။ အစကတော့ ဆန်တစ်ပြည် ငွေတစ်မတ်ပါပဲ။ ကာလရွေ့လျောလာ

တော့ ငွေတစ်မတ်ဆိုသည်မှာလည်း ဆေးလိပ်ထွားထွားပင် မရချင်သည်မို့ ငွေတစ်ကျပ်ကြီးများ ဈေးမြှင့်သတ်မှတ်လိုက်ရသည်။ မီးဖွားသည်ဖြစ်စေ၊

နှိပ်နယ်သည်ဖြစ်စေ နှုန်းက တစ်ပြေးတည်း။

ကလေးသူဌေးမက အားနည်းသည့်အခံကလည်း ရှိသည်။ လင် မယား၊ သမီးယောက္ခမချင်း မျက်နှာစုံညီဆွေးနွေးပွဲ အကြိမ်ကြိမ် ကျင်းပ ရသေးသည်မို့ အချိန်ကလည်း လွန်သည်ထက်လွန်လာပုံရသည်။ စိတ အထင် ငါးလတော့ ကျော်ကိုကျော်ရမည်။ အကောင်အထည်ပေါ်ရုံမက အင်္ဂါပင် စုံစပြုပြီ။ ချက်အလယ်အထိ ဖောင်းလျက်ရှိသည်မို့ ချီတုံချတု ဖြစ်ရပါသေးလျက် မျက်စိကိုစုံမှိတ်ကာ နှိပ်ဖြိုမိသည်။ ရော… သွေးတွေ ဒလဟောသွန်ကာ မရပ်မနား ပြိုဆင်းလာပြီ။

လူသေလို ဖျော့တော့လာတော့မှ ဒေါ်ဖွားသင် ခြေမကိုင်မိ လက်မကိုင်မိဖြစ် ရသည်။ သူ အားကိုးသည့် ရိုးရာသက်စောင့်ဆေး နနွင်းမှိုင်းလည်း မတတ် နိုင်ပြီ။ လူနာရှင်အိမ်ဦးနတ်က အရပ်ကူပါ၊ လူဝိုင်းပါ နှင့် မြို့ဆေးရုံ အပို့ မြန်ပေလို့သာ။ အာဂသက်ပြင်းမ သေမင်း လက်မခံ။ လူ့ရွာ ပြန်ရောက် သည်။ ဗိုက်ထဲမှ ကလေးသေကိုမူ တစ်စစီ ဖျက်ဆီးဆွဲထုတ်ယူရသည်တဲ့။

ဘာပဲဖြစ်ဖြစ် ဒေါ်ဖွားသင်ကတော့ သူ့ကို ထောင်ချလိုက်သည့် တရားသူကြီးကို နေ့တိုင်း ဆဲလို့ချည်းနေ၏။ မတရားသဖြင့် လုပ်လွှတ် လိုက်သည်လို့လည်း သူ့ဘာသာသူ ယုံနေသည်။ သူသိသည်က သူ့တွင် လုံးဝ အပြစ်မရှိ။ အမှားလည်း နတ္ထိ။ သူ့ဟာနှင့်သူတော့ အဟုတ်အသိ နည်းခြင်းကပင် အားဆေးဖြစ်နေပြန်သည်။ ။

ခုတစ်လော တရှောင်ရှောင်ဖြစ်ကာ ပုံစံထမင်းဟင်းကိုစား၍ မဝင် တော့။

လူကြီးမို့ တစ်ဆုပ်တစ်ဖွဲ့ကို မြို့တိုးမြက်တက်ကလေးသာ စားချင် သည်။ သို့ကြောင့် တင်ဘုန်းနွယ်က ခုတစ်လော ဒေါ်ဖွားသင်ကို ဦးစားပေး မိခြင်းတည်း။

ဘဝတူအချင်းချင်း အိုမင်းမစွမ်းရှိတာကလေး အကြောင်းပြ၍ သူ ကချည်း အခွင့်အရေးယူနေသည်ဆိုတော့လည်း ကျန်လူများက ဒေါ်ဖွားသင် ကို ငြူစူချင်ကြသည်။ တင်ဘုန်းနွယ်၏ ဝေယျာဝစ္စကို အရိပ်အကဲကြည့်၍ ထက်ထက်သန်သန် ပင်တိုင်ကူညီမဲ့ မနီတို့၊ ဝင်းကြည်တို့က သာ၍ဆိုးလေ သည်။ သူ့ကိုဖျက်ဆီးရန်ကြံသည့် ယောက်ျားရင့်မကြီး တစ်ယောက်လုံးကို တုတ်ဖြင့်ရိုက်သတ်မှုဖြင့် ထောင်ငါးနှစ်ကျလာသော မနီက ပို၍နှုတ်ကြမ်း သည်။

“အစ်မ ပုလင်းတွေကို ဝှက်ထား သိလား။ သရက်သီးသနပ် ပါတယ် ဆိုတာသိလို့ ကြီးစွာသင် လေချိုသွေးနေတယ်။ ပေးကို မပေးနဲ့။ ထမင်းတစ်ချိုင့်လုံး အပိုင်အပ်ထားတာတောင် အားမရဘူး။ အလကားအဘွားကြီး။ တစ်သက်လုံး ဒါမျိုးစားဖူးလာတာ မဟုတ်ဘဲနဲ့ ”

“… မနီရယ် မပြောကောင်းပါဘူး။ အသက်ကြီးလာ လည်း ဒီလိုပဲပေါ့။ ကောင်းကောင်းမွန်မွန် မိုးကြိုးမြက်မြက်လေး စားချင် သောက်ချင်လာတတ်တယ်။ သရပ်သီးသနပ် သွားပေးလိုက်ပါတယ်နော်”

“အို.. မပေးပါဘူး အစ်မရယ်။ ဘာလို့ပေးရမလဲ။ မပေးနဲ့ သိလား။ ထမင်းချိုင့်ထဲမှာလေ ခရမ်းချဉ်သီးချက်ကလေးနဲ့ အမဲသားလား ဝက်သားလားမသိ စဉ်းကောကြော်နဲ့ အကောင်းချည်းပဲ။ သူ အပြင်ရောက် တောင် ဒါမျိုး တစ်သက်မစားနိုင်ဘူး မှတ်ပါ”

တင်ဘုန်းနွယ်သည် ငြိမ်၍နေလိုက်ရတော့၏။ စကားကို ဖြတ်ချင်၍ ခြင်ထောင် ထောင်ဖို့ပြင်လိုက်သည်။ မနီက ခြင်ထောင်ကြိုးများကို ကူ၍ ချည်ပေးနေ၏။ ထောင်ထဲတွင် ခြင်ထောင် ထောင်ရသည်မှာ စိတ်တော့ အလွန်ပင်ရှည်ရလေသည်။ ခြင်ထောင်ကြိုးချည်ရန် ပြတင်းပေါက်သံတိုင်များ မှတစ်ပါး တခြားအားထားစရာ ဘာမျှမရှိသဖြင့် ကိုယ့်ခြင်ထောင်ကြိုး ချည်နှောင်တွဲခိုလိုသည့်နေရာနှင့်တည့်တည့် ပြတင်းပေါက်ရှိရာသို့ ရောက်

အောင်ကြိုးက တယ်လီဖုန်းကြိုးနှယ် အရှည်ကြီး ဆွဲယူသွယ်တန်းရသည်။ အိပ်ချိန်ရောက်၍ ကိုယ်ပိုင်ခြင်ထောင်ရှိသူအသီးသီးကို ခြင်ထောင်ကိုယ်စီ ထောင်ပြီးကြပြီဆိုလျှင် အိပ်ထောင်ထဲတွင် ခေါင်းမငုံ့လျှိုးဘဲ ခါးမညွှတ်ကွေးဘဲ လမ်းလျှောက်၍ မရတော့ချေ။

တန်းစီလူစစ်၍ အိပ်ထောင်ပိတ်သော် တင်ဘုန်းနွယ် ကွပ်ပျစ်နား တွင် လူအုံပြန်၏။ ထောင်ဝါဒါ အန်တီမြသည်ပင် ပြတင်းပေါက်အပြင်မှ ကုလားထိုင်ချကာ တင်ဘုန်းနွယ်နှင့် ထမင်းတစ်ဝိုင်း ဝိုင်းသည်။

ကလေးနိုးလာမည်စိုးရသေးသမို့ ထမင်းကို ကတိုက်ကရိုက် မျိုး ကာ ပေါက်ပြဲနေသည့်အုန်းထန်းလျက်ထုပ်ကို ချပေးလိုက်ရ၏။ လိမ္မော်သီး အလုံးနှစ်ဆယ်ခန့်မှာ မြင်ပင်မမြင်ရတော့ချေ။ သည်ညတော့ ဆေးလိပ်မီး’ ကလည်း နွေဦးကာလ မြူထသည့်နှယ် ငွေချည်ဘော်မျှင် တန်းပြီလေ”တော်တော်နှင့်မအိပ်နိုင်ကြ။

“မတင်ဘုန်းနွယ်က ဒါတွေ တစ်ခုမှမမက်တော့ဘူး သိလား။ အပြင်ရောက်ဖို့ သေချာနေပြီ။ လွတ်လူ၊ လွတ်လူ”

သူတို့အားလုံး ခြွင်းချက်မရှိ ယုံကြသည်။ မနီက တင်ဘုန်းနွယ် အပြင်ရောက်လို့ ထောင်ဝင်စာလာတွေ့လျှင် ဘောင်းဘီသားရေကြိုးနှစ်ပင်

လောက်ထည့်ပေးဖို့ တရရမှာသည်။ ရွှေဘိုသနပ်ခါးခဲနှင့် ယိုးဒယားဆံညှပ် ကလေး တစ်ဒါဇင်လောက်လည်း ဆက်ဆက်လာပို့ပါ ဆိုသူက ဆိုသည်။

မီးရထားသံလမ်း မူလီများ ခိုးဖြုတ်ရောင်းစားမှုဖြင့် လင်သည်နှင့် အတူ နို့စို့နို့ညှာကလေး နှစ်ယောက်ပါ ထောင်ထဲခေါ်လာသော သုံးနှစ် သမား မဖွားခင်ကတော့ တင်ဘုန်းနွယ်ထံမှ အဝတ်ဟောင်း၊ အနှီးဟောင်း ကလေးများ ထားပစ်ခဲ့ပါ ရန် ကပ်၍ အမွေတောင်းနေသည်။ ပြီး သူ့အယူခံ ကိစ္စလည်း စုံစမ်းပေးပါတဲ့။ ပုဒ်မ ၆-၁ အရ ပြစ်မှုထင်ရှားသည်ဆိုထား သမို့ ကွင်းလုံးကျွတ်ရန် မသေချာလှသော်လည်း အားတော့ ပေးရပြန်သေး သည်ပင်။

အားလုံးလိုလို အမှာချင်းတူသည်က တစ်ခုတည်းပဲ ရှိသည်။

“အပြင်ရောက်ရင်လေ လွတ်ငြိမ်းချမ်းသာတွေ ဘယ်တော့လောက် ထုတ်ဦးမလဲဆိုတာ အရင်ဆုံး စုံစမ်းပါနော်။ သိသိချင်း ထောင်မှူးကြီး ဆီကတစ်ဆင့် စာလာပေးလိုက် သိလား။ စာပေးဖြစ်အောင်ပေးနော်”

အပိုင်း၄

မဟူရာ အကျဉ်းထောင်
••••••••••••••••••••••••••••
အပိုင်း-၄
________________

[ ၆ ]

အကျဉ်းသားအားလုံး၏ မျှော်လင့်ချက်ကား လွတ်ငြိမ်းချမ်းသာခွင့် – အမိန့်ပင်တည်း။

ထောင်ထဲမှာတော့ “လွတ်ငြိမ်းချမ်းသာ”လို့ပင် တွင်သည်။ အာမခံ မရသေးသူ၊ အမိန့်စောင့်သူ၊ အယူခံထားသူ၊ ဇယားဝင်ပုံစံ-၁ ဖြင့် ယမန်ပိတ် ရောက်လာသူအားလုံးလိုလိုပင် လွတ်ငြိမ်းချမ်းသာ ခွင့်ကို မျှော်လင့်ပုံပေါင်း ချင်း တစ်စိတ်တည်း တစ်ဝမ်းတည်း တညီတည်း။

နေ့ကြီးရက်ကြီးများဆိုလျှင် ထမင်းပင် ဖြောင့်အောင်မစားနိုင်သေးဘဲ ဘူးဝဆီက ဘာသတင်းများ ထူးခြားမလဲလို့ နားတစွင့်စွင့် ရှိကြသည်။ ကြာတော့ လပြည့် လကွယ်နေ့များပါ နေ့ထူးနေ့မြတ်စာရင်းထဲ ထည့်သွင်း ကာ မျှော်လင့်နေကြပြန်သည်။

မေးလိုက်ရသည့် ဆန်ကောနတ်၊ ဖျာလိပ်နတ် ဆိုတာတွေကလည်း ညညဆိုလျှင် တဗြုန်းဗြုန်းညီသည်။ အကျဉ်းသားထဲမှာ နတ်ကတော်ဆိုသူ လည်းပါသည်။ မှော်ဝင်၍ မယ်တော်ကပ်သည်ဆိုသူမျိုးလည်း ပါသည်။ သူတို့ကို ချဉ်းကပ်နေသူများထဲတွင် ခေတ်ပညာဆယ်တန်းလောက်တတ် သော ပြည်သူ့ဆိုင်ဝန်ထမ်း မိန်းမငယ်ကလေးများပင် ပါလိုက်သေး၏။

ဘာပဲဖြစ်ဖြစ် နတ်ကတော်တို့၊ မယ်တော်တို့ ဆိုသည်မှာ အသိပညာ ရှင်၊ အတတ်ပညာရှင်များ လွတ်လပ်ထွန်းကားရာ အပြင်လောကမှာပင် တော်ဝင်တွင်ကျယ်နေသည် မဟုတ်လား။ ထောင်ထဲမှာ စားလို့သောက်လို့ ချောင်လျက်ရှိသည်ကိုဖြင့် ပြောစရာမလိုပြီ။ ။

သည်တော့ တင်ဘုန်းနွယ်ကလည်း လိုအပ်သည်ထင်၍ အကြံအဖန် လုပ်ရသည်။ ထောင်ထဲမှာ လက္ခဏာဖတ်သည်၊ စိတ်ပါလျှင် အကြား အမြင်ပါ ဟောသည်။ မဟာဘုတ်တိုင်ကိုပင် မထူတတ်ပါဘဲလျက် ဗေဒင် လည်း တွက်သေးသည်။

ခက်တော့ခက်လှသည်မဟုတ်။ ဟောလိုက်လျှင် လွဲခဲသည်။ မှန် သည်လို့ သေချာလောက်သောအချက်အလက်ကိုမှလည်း ဒက်ခနဲ ဒက်ခန် ဟောသည်။ ဒက်ခနဲမှန်အောင် ဟောနိုင်ဖို့ဆိုသည်မှာ အပြင်လောကတွင် တော့ ခက်ကောင်းခက်မည်။

ထောင်ထဲမှာတော့ အလွယ်ကလေး။ ဌက် ပျောသီး အခွံနွှာရသလိုပါပဲ။ အထူးသဖြင့် မိန်းမထောင်ထဲမှာ တကယ့်ကို လွယ်သည်။

လူသစ်တစ်ယောက်လာတော့မည်ဆိုလျှင် ဘူးဝမှာ တလာစီ၍ အစစ်ဆေးခံနေစဉ်ကတည်းက အိပ်ထောင်သို့ သတင်းစုံ ရောက်နှင့်စမြဲ။ အမည်၊ အသက်၊ နေရပ်၊ အမှုအခင်းအကြောင်းရင်း အတိုချုပ်အားလုံး သိထားနှင့်ပြီ။ ခရေစေ့တွင်းကျ ဖောက်သည်ချသူများကလည်း ရှိသည်။ ဝါဒါများ၊ ထမင်းဆွဲ လာပို့သူများ၊ ထောင်ဝင်စာ ထွက်သူများမှတစ်ဆင့် ထောင်ထဲတွင်လည်း သူ့အဆက်နှင့်သူ လွှင့်ထုတ်ပြန်ကြားကြသည်။

ထောင်ထဲမှာ အနေကြာ ဝါရင့်လာတော့ အားလုံးကို တင်ဘုန်းနွယ် သိထားပြီ။ နှစ်ကြီးသမားများဆိုလျှင် သူတို့ဘာသာ ရင်ဖွင့်၍ နတ်သံနှော သည်ကို တင်ဘုန်းနွယ်က မှတ်ထားလိုက်သည်။ ရင်ဖွင့်သူတို့ကတော့ ရင်ထဲရှိသမျှ ဖွင့်ချပြပြီးသည်နှင့် သူတို့ဘာသာ မေ့တော့သည်။ တင်ဘုန်းနွယ်က အကြားအမြင်ဟောလိုက်သော် လက်ဖျားခါကြပြန်သည်။ တစ်လုံး မလွဲ။ ဒက်ခနဲ မှန်သတဲ့။

အမှုအခြေအနေကို လေ့လာလျှင် အလားအလာကို တင်ဘုန်းနွယ် မှန်းမိသည်။ သို့ကြောင့်လည်း ဘယ်တော့လောက် အာမခံဖြင့် ထွက်ရ မည်။ အယူခံတွင် လျှော့ပေါ့ မည် စသည်ဖြင့် ဟောနိုင်သည်။

မိန်းမ ၁၀ ယောက်တွင် ကိုးယောက်က အောင့်တတ်သည်။ မောတတ်သည်။ ရင်တုန်၍ ညည အိပ်မပျော်နိုင်ရှိသည်ဟု ဟောလိုက်လျှင် မှန်လိုက်တာ မှန်လိုက်တာ ဖြစ်ကုန်စမြဲတည်း။ လူ့စရိုက်လူ့အထာကို နေ့ရှိသမျှ ထိုင်၍ လေ့လာမိပြီဆိုတော့လည်း တင်ဘုန်းနွယ် လူကဲမှန်အောင် ခတ်တတ်လာသည်။ ဥစ္စာပျောက်၊ ပစ္စည်းပျောက်ပါ ဟောနိုင်လာသည်။

တင်ဘုန်းနွယ်သည် ထောင်ထဲမှာ ကျော်ကြားအောင်မြင်နေ၏။ အကျဉ်းသားချင်း စည်းလုံးညီညွတ်ရေး၊ စိတ်ဓာတ်ဖွံ့ဖြိုးရေးအတွက် ဗေဒင်ဟောကာ၊ လက္ခဏာဖတ်ကာဖြင့် စည်းရုံးသည်။ လုပ်စေချင်သည့်ကိစ္စကို ယတြာဆင်၍ ပေးသည်။

ယေဘုယျအားဖြင့် မိန်းမဟူသည် အသိဉာဏ်အင်အား ပျော့ညံ့ဆင်းရဲရသည့်အထဲ ထောင်ထဲမှာဆိုတော့ အသည်းငယ်သူချည်း။ အလွမ်းမိုးရလွယ်သည်။

တင်ဘုန်းနွယ်က မိန်းမဆိုလျှင် ရုပ်ရည်ချောမောမှ၊ သို့မဟုတ် အသိဉာဏ်ရင့်ကျက်မှ။ သို့မဟုတ်လျှင်တော့ အလကားပဲဖွဲ။ သူ့ကိုယ် သူ ယုံသော တင်ဘုန်းနွယ်က မိန်းမတို့၏ အားနည်းချက်ကို ဆုပ်ဖမ်းမိ ဖြစ်လေရာ ထောင်ထဲမှာ သြဇာတက်နေ၏။ မိန်းမထောင်ကိစ္စနှင့်ပတ်သက် လျှင် ထောင်မှူး၊ ထောင်ဝါဒါတွေမကိုင်နိုင်သောပြဿနာပေမယ့် တင်ဘုန်းနွယ် က တိခနဲပြတ်အောင် ကိုင်ပြနိုင်သည်။

တစ်ဦးစီတစ်ယောက်စီ၏ အခက်အခဲ ပြဿနာ မှန်သမျှကိုလည်း တင်ဘုန်းနွယ်က ဒိုင်ခံကာ မားမားရပ်ပေးတတ်သည်လေ။ အပြင်လောက နှင့် စာပေးစာယူကိစ္စ၊ ထောင်စာတွေ့လိုသည့်ကိစ္စ၊ နေထိုင်မကောင်း၍ ပုံစံထမင်းအစား နို့စားတောင်းလိုသည့်ကိစ္စ၊ အကျဉ်းသားများ ရုံးထွက်ရာ တွင် အမျိုးသမီးရဲ မပါ၍ မဖြစ်သင့်မဖြစ်ထိုက်သော ပြဿနာများ ပေါ်ပေါက် လာရခြင်းကိစ္စ။

သည်တော့ တင်ဘုန်းနွယ်ကို ရင်းနှီးခင်မင်သည်သာမက ယုံယုံရဲရဲ လည်း ရှိသည်။ တင်ဘုန်းနွယ်သာ အပြင်ရောက်သွားလျှင် သူတို့အားလုံး အတွက် မျှော်လင့်ချက် ပိုကောင်းလာနိုင်စရာရှိသည်။ အနည်းဆုံး ထောင် ဝင်စာဖြင့်ပင် ဆေးလိပ်၊ မုန့်ပဲသရေစာ ဖောဖောသီသီရဦးမည်။ လောလော ဆယ် လိုအပ်သည်တို့ကိုလည်း အားမနာတမ်း မှာလိုက်နိုင်သေးသည်။

ပြီးတော့ တင်ဘုန်းနွယ်က အဆက်အသွယ်လည်း ကောင်းသမို့လား။ နေ့လယ်က ထောင်ဝင်စာလာသည့် ဗိုလ်မှူးကြီး ဆိုလား ဘာလား။ အဆိုပါ ပုဂ္ဂိုလ်ကြီးများထံမှ အနည်းဆုံး သတင်းရင်းကလေးတော့ ရမည် ပင်။ လွတ်ငြိမ်းချမ်းသာခွင့်သာ ထုတ်သည်ဆိုလျှင် အမြန်ဆုံးသိရမှာ…

သူ့အထင်နှင့်သူ၊ သူ့အတွေးနှင့်သူ ထင်ရာမြင်ရာ ဦးတည်ရာ မေးကြမြန်းကြ မှာကြားကြနှင့် သားကြီးတစ်ရေးနိုး၍ ထငိုတော့မှ တင်ဘုန်းနွယ့်ကွပ်ပျစ်နားမှ လူစုကွဲတော့သည်။

သားကြီးအတွက် နို့ဖျော်နေစဉ်ပင် ထောင်ဘူးဝမှ နာရီသံချောင်း ဆယ့်တစ်ချက်တိတိ ခေါက်သည်။ ညဉ့်နက်လှပါပကော။ ထောင်ဘူးဝမှ “အားလုံး နေကောင်းကြရဲ့လား …”ဟု ဆွဲဆွဲငင်ငင်ဟစ်သံသည် အုတ်ရိုး သံ တိုက်သံဟိန်းကာ တစ်ထောင်လုံး လွှမ်းသွား၏။ အိပ်ထောင်အသီးသီး ဆီမှ “အားလုံးကောင်းဗျား …” ဟု အပြန်အလှန်အော်ဟစ်သံများ ဆက် တိုက် ထွက်လာသည်။

အမျိုးသမီးအိပ်ထောင်တွင် အသံဗလံများ ငြိမ်သက်စပြုသည်။ တင်ဘုန်းနွယ်သည် အိပ်မူးမပြေတပြေဖြစ်နေသောသားကြီးကို နို့တစ်ခွက် ကုန်အောင် ခဲခဲယဉ်းယဉ်း ချော့၍တိုက်နေရ၏။ ပြီးမှ သေရွဲနေသော အိပ်ရာခင်းကို လဲ၍ခင်းလိုက်ကာ သားကိုရင်ခွင်ထဲသွင်း၍ တစောင်းလှဲ လိုက်သည်။

ခုမှပင် အသက်ရှူလို့ ဝတော့သည်။ နေသာထိုင်သာ ရှိတော့သည်။ သားအမိနှစ်ယောက်တည်းနေရတော့မှပင် ကိုယ့်ကိစ္စကို သတိရနိုင်အား တော့သည်။

ခြင်ထောင်ထဲမှာမို့ သားကို ဦးထုပ်ချွတ်၍ပေးထားလေရာ ကြီးမား ပြန့်ကျယ်သော နဖူးပြင်ဝင်းဝင်းကလေးမှာ ချိုမွှေးချင်စရာတည်း။ သား သည် သူ့အဖေနှယ် နဖူးကျယ်၏၊ ခေါင်းကြီး၏။ သားသည် သူ့အဖေ ကိုယ်ပွား။ မောင်မောင့် ကိုယ်ပွား။ ။

မနက်ဖြန် သန်ဘက်ခါဆိုလျှင် မောင်မောင် ရောက်လာဦးမည်လား မသိပေ။ ဗိုလ်သီဟနှင့်တွေ့ပြီး အကြောင်းထူးလျှင်တော့ ဒိုင်းခနဲ ပေါက်ချ လာမည်ထင်သည်။

မိမိကိုယ်မိမိ လွတ်မြောက်တော့မည်ဆိုသည်ကို တစ်ဝက်မက သေချာနေတော့လည်း မောင်မောင့်အကြောင်း၊ အိမ်အကြောင်းကို ရဲရဲတွေး ဖြစ်သည်။ လွတ်ရက်မမြင်နိုင်သော ဟိုစဉ်အခါညများစွာက ဆိုလျှင်တော့မောင်မောင့်ကို အာရုံထဲက အတင်းအဓမ္မ တွန်းထုတ်ပစ်ရသည် ခဲ့သည်။ ပြတ်သည်။ ခိုင်မာလှပါသည်လို့ ကျော်ကြားသူပေမယ့် တင် က အစွဲအလမ်းကြီးသူ၊ တမ်းတတတ်သူ၊ နှင့်နှင့်နဲနဲခံစားတတ်သည် – ဆိုတာ သူ့ဘာသာသူပဲ သိသည်။

တကယ်တော့ မောင်မောင့်ကို မခွဲချင်ပါဘဲ၊ မခွဲနိုင်ပါဘဲ ခွဲရသည် ဆိုတာကိုပင် မောင်မောင် နားလည်လိမ့်မည်မထင်။

ဘယ်လောက်ပင် ခိုင်မာပြတ်သားသည့်၊ ယုံကြည်ချက်ပြင်းထန် သည့် မိန်းမဖြစ်စေ၊ လင်နှင့်သားနှင့် သိုက်သိုက်ဝန်းဝန်း နေရမည့်ဘဝကို တမ်းတစမြဲ ဆိုတာလောက်တော့ မောင်မောင် သိဖို့သင့်သည်မဟုတ်လား ကွယ်။ ။

နေ့ပေါင်းများစွာ၊ ညပေါင်းများစွာ သွေ့ခြောက်နေခဲ့သော မောင်မောင့်အိမ်ကလေးတော့ အရယ်အရွှင်၊ အကြည်အနူးတို့ဖြင့် ဝေဝေစီဦး တော့မည်။

စတော့ စရမည်။ အိမ်ထောင်ရေးကို ခုမှ အသစ်တစ်ဖန် စတင်သလို ပြန်၍ စရမည်။

ယခင့်ယခင်က တစ်ယောက်နှင့်တစ်ယောက် နားလည်မှုကလေး များ သီသီလွဲတတ်သော အဖုအထစ်မျိုးလည်း မတွေ့ချင်တော့။

တင်ဘုန်းနွယ်ကမူ သူ့ကိုယ်သူ ယခင်ကထက် ရင့်ကျက်လာပြီလို့ထင်သည်။ မောင်မောင့်ကို ပိုလို့နားလည်တတ်ပြီလို့လည်း ရဲရဲဝံ့ဝံ့ ပြောပြ လိုက်ချင်သည်။

ယခင်က ပန်းဝတ်ရည်ရှာသော လိပ်ပြာဆင်တူကလေးနှစ်ကောင် ပူးတွဲနေသလို နေခဲ့သည့် မောင်မောင်နှင့် နွယ်တို့အိမ်ထောင်ရေးကို အသွင် ပြောင်းဖို့ပင် ကြံစည်နှင့်ပြီ။

တစ်ယောက်နှင့်တစ်ယောက် အသွင်တူ၊ ယုံကြည်ချက်တူ၊ ရည်ရွယ် ချက်တူ၊ အားလုံး ထပ်တူကျဖို့ထက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အကျိုးပြုသောလိပ်ပြာနှင့် ပန်းပွင့်ပမာသာဖြစ်သင့်သည်လို့ မောင်မောင့် ကို ပြောရဦးမည်။

သည်လိုဆိုတော့ မောင်မောင်က မိန်းမဆန်လွန်းရန်ကောလို့ အထင် သေးရက်မည်လား။ သို့မဟုတ် ဟိုတုန်းကလိုပင် နားညည်းခေါင်းရှုပ်ဟန် နှင့် “အရူးမ”လို့ ပြီးစလွယ်ဆိုဦးမည်လား မသိ။

ဘာပဲဖြစ်ဖြစ် မောင်မောင် သဘောပေါက်သည်အထိတော့ ဆွေး နွေးရမည်။ အိမ်ထောင်ရေးမှာ လိပ်ပြာဆင်တူကလေးနှစ်ကောင် ပန်းဝတ် ရည်ရှာသလို ပူးတွဲနေရုံမျှနှင့် မပြည့်စုံပါဆိုသည်ကိုတော့ မောင်မောင် လက်ခံနိုင်မည်ထင်သည်။

ပန်းဝတ်ရည်ရှာသော လိပ်ပြာဆင်တူကလေး နှစ်ကောင်လို နေခဲ့ကြ သည့်ဘဝကို လွမ်းမက်စဖွယ်အတိတ်မှာ ခွဲချန်ရစ်ရအောင်နော် မောင်မောင်။

×××××××××××××
အပိုင်း (ခ)
{ ၁ }

စိတ်တူ၊ သဘောတူ၊ အတွေးတူ၊ ယုံကြည်ချက်ပါ တူကြသည်မို့ မောင်မောင်နှင့် တွေ့ကတည်းက လူ့ဘဝမှာ တအားတက်သည်။

အစကတော့ တင်ဘုန်းနွယ်မှာ စကားပြောဖက်ပင်မရှိ။ သူ့ကိုယ်၌ ကလည်း အများသူငါနှင့် စကားချိုသာ ရောနှောရမည်ကို ဝန်လေးချင်သည်။ အများမြင်သလို သူ မမြင်၊ အ တွေးသလိုလည်း သူ မတွေးသည်မို့ ပတ်ဝန်းကျင်ကို သူ့ဘက်ကတော့ ဒေါင်လိုက်ချည်းပဲမြင်သည်။

ပတ်ဝန်းကျင်နှင့် ခွင်ကျအောင် မနေနိုင်သည့် မိန်းကလေးအမျိုး အစားဆိုလျှင် မိန်းမဆန်လွန်းသော မိန်းကလေးနှင့် မိန်းမနှင့်မတူလွန်းသော မိန်းကလေးဟူ၍ နှစ်စားခွဲရမည်။ တင်ဘုန်းနွယ်က ဒုတိယအမျိုးအစား။

အဆိုပါ နှစ်မျိုးနှစ်စားတွင် မပါဝင်သည့် မိန်းကလေးအများစု ကတော့ တက္ကသိုလ်တွင် သူ့ထက်ငါ လုယက်ကာ အလှပြင်၊ ဝတ်ကျေ တမ်းကျေ ပညာသင်၍ လင်ကောင်းတစ်ယောက် ရသွားတတ်သူများ တည်း။

အများနှင့် သဟဇာတမဖြစ်သည်မို့ တက္ကသိုလ်တွင်ပင် တင်ဘုန်းနွယ် နာမည်က လူသိနည်းလှသည်။ ခက်သည်မှာ တင်ဘုန်းနွယ် အယုံကြည်နေအားအထားဆုံး၊ အပျော်မွေ့ဆုံးနေရာဖြစ်သည့် သဟာယနှင့် သဟာယ အသင်းများကိုပင် ကြာတော့ အားမရလှ။ ရဲဘော်ရဲဘက်စိတ်ကို ရှေ့တန်း တင်ပါသည်ဆိုသည့် သည်လူစုကိုက ကျားမ ခွဲခြားချင်သည်။

မိန့်ခွန်းရေးပေးရမလား၊ ပိုစတာကပ်ရမလား၊ ခုံသယ်ရမလား၊ လက်သံအပြောင်ဆုံးစကားလုံးများ ပရိသတ်နှုတ်ဖျားတွင် စွဲ၍ ကျန်ရစ် လောက်အောင် လက်သီးလက်မောင်းတန်း၍ ဟောပြောရဦးမလား။

ဘယ်နေရာတွင် ထား၍သုံးသုံး သူလိုငါလိုတော့ အဖြစ်ရှိသည်ကို သိထားပါလျက် မိန်းမအဖြစ် ပွဲထွက်စေချင်ကြသည်။

ဥပမာဆိုပါစို့။ အောင်ပွဲခံခါနီး တက်ကြွလှုပ်ရွနေကြသော လူစု လူအုပ်ကြားမှာ အိုးစည်ဗုံမောင်းဖြင့် တပ်လှန့်နှိုးဆော်ရာတွင် တင်ဘုန်းနွယ် ကို ဆွဲထုတ်သည်။ ကစေချင်သည်။ ဂျစ်ကားစက်ဖုံးပေါ် တက်ပါဗျို့။ ဒီဘက် လှည့်ပါဗျို့။ ။

ကဲ… ဘယ်လောက်စော်ကားလိုက်သလဲ။ ကျောင်းသားအရေးအခင်း များတွင် ပါဝင်လာသည်မှာ ကြေးစားအငြိမ့်သမ ဝါသနာမျိုး လှုံ့ဆော်၍ မဟုတ်နိုင်သည်ကို သဘောပေါက်ကြဖို့ သင့်သည်။ မိန်းမဘဝကို အသုံးချ ချင်သည့်ပတ်ဝန်းကျင်မှာ ဆက်၍ ယုံယုံကြည်ကြည် လှုပ်ရှားသင့်သည် လား။ တင်ဘုန်းနွယ် တွေဝေစပြုချိန်မှာ မောင်မောင်နှင့် ဆုံသည်။

ကျောင်းသား ရဲဘော်ရဲဘက်များအနက် မောင်မောင့်ကို နဂိုက ရင်းရင်းနှီးနှီး မရှိလှ။ မောင်မောင်က လူပုံလူဟန်သွက်လက်သလောက် နှုတ်ထွက်ကျတော့ နည်းသည်။ အလုပ်တာဝန်တစ်ခုခုကို ခေါင်းချင်းဆိုင် ၍ အချိန်ကြာမြင့်စွာ ပူးတွဲလုပ်ကိုင်နေသည့်တိုင် စကားဆိုချင်မှဆိုသည်။

တစ်ချိန်တွင်တော့ အရေးအခင်းတစ်ခုမှာ မောင်မောင်နှင့် ပူးတွဲ တာဝန်ကျသည်။ အသံချဲ့စက်တစ်လုံး၊ ဂျစ်ကားတစ်စီးဖြင့် ဘွဲ့နှင်းသဘင် ရှေ့တွင် နေရာယူသည်။ ကားထဲတွင် တင်ဘုန်းနွယ်တို့ အဖွဲ့ အစည်းမှခစ်ယောက်၊ ရှစ်ယောက်ခန့် ကျပ်ကျပ်ညပ်ညပ် လိုက်ပါလာသည်။ မိန်းကလေးဆိုလျှင်တော့ တစ်ယောက်တည်း။ တင်ဘုန်းနွယ်တစ်ယောက် တည်း။

– ကိုယ့်ကိုယ်ကိုယ် မိန်းမတစ်ယောက်ဆိုသည်ကို မေ့နေသော တင်ဘုန်းနွယ်ကတော့ ဂျစ်ကားနောက်ခန်းမှာ ရဲဘော်တွေကြားညပ်နေသည် ကို အသက်ရှူကျပ်ရစကောင်းမှန်းပင်မသိ၊ သတိလည်းမရ။

တင်ဘုန်းနွယ် မျက်လုံးများမှာ ထိုစဉ်က မီးဝင်းဝင်းတောက်နေ သည်။ ရဲဘော်နှင့် ရန်သူကိုသာ ပြတ်ပြတ်သားသားမြင်သည်။ တခြား မြင်ကွင်းများမှာ ပြား၍ဝါးဝါးသာထင်သည်။ အဓိကဦးတည်ချက်ကား အရေးတော်ပုံ အောင်ရမည်။

တစ်ညလုံး မအိပ်မနေ ရွေးချယ်စိစစ်ထားသော စကားလုံးလက်နက် များဖြင့် တင်ဘုန်းနွယ်သည် တစ်ဖက်ကို အစွမ်းကုန် ထိုးနှက်တိုက်ခိုက် နေ၏။ စကားပြောခွက်ကို ကိုယ့်ဘာသာပင်မကိုင်အား။ အနားမှ မောင်မောင် က ဒိုင်ခံ၍ကိုင်ကာ နှုတ်ခမ်းနားမှာ တေ့ပေးသည်။ ။

ဂျစ်ကားပတ်လည်တွင် တိုးကြိတ်လာသော လူစုလူအုပ်ကို သဲသဲ လှုပ်မျှ မြင်ရသော် တင်ဘုန်းနွယ် တိုး၍တက်ကြွလာသည်။ ပိုမိုထက်မြသော စကားလုံးများဖြင့် ပစ်ဖောက်တိုက်ခိုက်လာသည်။ လူစုံလူအုပ်သည် တစ်စတစ်စ တက်ကြွလာသည်။ ။

“မတင်ဘုန်းနွယ် ကားထဲက ထွက်ပါဗျို့။ စက်ဖုံးပေါ် တက်ပါဗျို့”

လူအုပ်ထဲမှ အသံများ ထွက်လာ၏။ နာမည်ကို ထပ်တလဲလဲ
ခေါ်၍အော်နေကြသည်မို့ သည်အသံများမှာ မရိုးသားဟု ရုတ်ခြည်းထင် လိုက်သည်။

ထိုအခိုက် အလိုက်ကမ်းဆိုးမသိသော ဒိုးပတ်အဖွဲ့က နားကွဲမတတ် အရိုင်တီးတီးကာ ကားနားရောက်လာသည်။ ပြောရလျှင်လည်း ကိုယ့်ပေါင် ကိုယ် လှန်ထောင်းရာကျဦးမည်။ ကိုယ့်တပ်ကို ကိုယ်ပြန်နင်းသည့်အမျိုးပါတကား။ ကိုယ့်လူတွေ ကိုယ်ဝန်တားဖို့ဆိုသည်ကလည်း သူတို့ လည်း ကိုယ့်လိုသွေးကြွနေသည်မို့ နားပါသော်လည်း ပင်းကြကုန်သည်။ မျက်လုံးရှိသော်လည်း စုံကန်းကြကုန်သည်။

သည်တော့ စကားပြောခွက်ကို ချကာ ဟောပြောချက်တစ်ပိုင်း တစ်ပြတ်နှင့်ပင် ရပ်ပစ်လိုက်ရုံရှိတော့သည်။

မောင်မင်းကြီးသားတို့ ဒိုးပတ်သံက မိုးယံဆောင့်မတတ် တိုး၍ညံ လာ၏။

“တင်ဘုန်းနွယ် ကပါဗျို့။ စက်ဖုံးပေါ်တက် ကပါ”

““ထွက်ပါ။ ကပါ။ ချိုမျက်နှာလေး မြင်ချင်တယ်”

တင်ဘုန်းနွယ် အသားများ ဆတ်ဆတ်တုန်လာသည်။ မျက်နှာများ ရဲရဲနီလာသည်။ ကိုယ့်ရဲဘော်တွေ လှည့်ကြည့်၍ အစီအစဉ်ပြောင်းရန်တိုင်ပင်မည်ကြံဆဲ။

“တင်ဘုန်းနွယ် ကလိုက်ပါ။ ဟိုဘက်မှာ မြကြာဖြူတောင် ထွက်ကနေပြီ။ လုပ်ပါ။ ထွက် ထွက် ဒါစည်းရုံးရေး”

ဆိုသည့် အသံများက နားဝသို့ဆောင့်တိုးလာသည်။ တောခြောက် သံတွေပဲ။ ဒါ ရဲဘော်စိတ်လား … သွား။

တင်ဘုန်းနွယ်သည် နားနှစ်ဖက်ကို လက်ဖြင့်အုပ်၍ အော်ပစ်လိုက်သည်။

“မထွက်ဘူး၊ မထွက်ဘူး။ ဘာလို့ထွက်ကရမှာလဲ။ ဒါကျောင်းသား ကိစ္စလုပ်နေတာ။ နိုင်ငံရေး လုပ်နေတာ။ ကြေးစားအငြိမ့်သမဝါသနာမျိုး ရှိရင် ဒီကားနဲ့တောင် လိုက်မလာဘူး”

ရဲဘော်များ ရုတ်တရက်ကြောင်၍နေသည်။ ဘာပြန်ပြောရမည်မသိ ၍လည်း တင်ဘုန်းနွယ်၏စကားဆက်ကိုသာ အံ့အားသင့်စွာ နားထောင်ရပြန်သည်။

“ဒါ စည်းရုံးရေးဆို။ ဘာလဲ။ ပြုံးပြပြီး စည်းရုံးရမှာလား၊အမြောက်လက်မြှောက် ကွေးကောက် ကိုယ်ဟန်ပြပြီး စည်းရုံးရမလား တင်ဘုန်းနွယ် စည်းရုံးရေးလုပ်တယ်ဆိုတာ ပြုံးပြတာမျိုး၊ ကပြတာ မျက်စပစ်ပြတာမျိုး ဘယ်တော့မှ မပါဘူး မှတ်ပါ။ ဘယ်တော့မှလည်းမလုပ်ဘူး မှတ်ပါ”

အခြေအနေတင်းမာချိန်တွင် သူတကာထက်အရင် သတိဝင်တတ် သော မောင်မောင်က ကားမောင်းသူကို လက်တို့သည်။ တင်ဘုန်းနွယ်တို့ ဂျစ်ကားကလေးသည် အော်ဟစ်ဆူညံလှသော ကျောင်းသားထုကြားမှ ဖောက်ထွက်ကာ ပြည်လမ်းဘက်သို့ ဦးတည်လာခဲ့၏။

“အဆောင်ပြန်ပို့တော့ မောင်မောင်။ ကျွန်မ စိတ်ကုန်ပြီ။ ကျွန်မမှာ ရဲဘော်ရဲဘက်မှ မရှိဘဲ အမဲလိုက်မယ့်သူ၊ တောခြောက်ပေးမယ့်သူတွေ ချည်းရှိတဲ့ နေရာမျိုးမှာ ဆက်မနေချင်တော့ဘူး”

တင်ဘုန်းနွယ်က သီးခါးစွာ ပြောလိုက်မိသည်။ သည်တုန်းက ဘယ်သူမှ တင်ဘုန်းနွယ်ကို စကားချေတင် ဝင်မပြောကြ။ မှားမိလေခြင်း ဟု နောင်တရ၍ပေပဲလား။ ကြီးကျယ်ရန်ကောဟု မျက်မုန်းကျိုးကြပြီမို့လား မသိ။

ဤတွင် မောင်မောင်က ဖြုန်းခနဲ ကားကို ရပ်စေသည်။

“ကျွန်တော့်ကို ယုံရင် ဒီကိစ္စ ဆွေးနွေးပါရစေ တင်ဘုန်းနွယ်။ လာပါ။ ဟောဒီသမဂ္ဂစာအုပ်ဆိုင်ထဲ ခဏထိုင်ရအောင်ပါ”

မောင်မောင်က ပြောပြောဆိုဆို ကားပေါ်မှ အရင်ဆင်းသည်။

တင်ဘုန်းနွယ်ကို စောင့်သည်။ ပြီး ရဲဘော်တွေကို လက်ပြကာ စည်းရုံးရေး မပျက် ဆက်လုပ်ကြဖို့ ကားကို ပြန်လွှတ်သည်။

မောင်မောင့်ရဲဘော် တက္ကသိုလ်ထွက် စာရေးဆရာတစ်ဦး တည် ထောင်သည့် သမဂ္ဂစာအုပ်ဆိုင်မှာ မောင်မောင်က ရဲရဲတင်းတင်း ရင်းရင်း နှီးနှီး ရှိလှသည်။ ထိုင်စရာမရှိသည်မို့ ငွေသိမ်းသူထိုင်သည့် ကုလားထိုင် အဖယ်ခိုင်းကာ တင်ဘုန်းနွယ် ဣနြေ္ဒရရ ထိုင်စေသည်။

“ဆုံးဖြတ်ချက်တစ်ခုချတယ်ဆိုတာ အလျင်မလိုသဘူး တင်ဘုန်းနွယ်။ ပြီးတော့ ပြဿနာတစ်ခု ရင်ဆိုင်ရတဲ့အခါမှာလည်း ရေရှည်ကြည့်တတ်ရ ပါတယ်။ ခုကိစ္စမှာ ကျွန်တော်တို့ရဲ့ အဓိကဦးတည်ချက်ဟာ အရေးတော်ပုံအောင်မြင်ရေးပဲ။ ဒီနေရာမှာ အဓိကလိုအပ်တဲ့အင်အားကလည်း အချင်း ချင်းညီညွတ်ဖို့ပဲ။ စည်းရုံးရေး မပြို ကွဲဖို့ပဲ””

“လက်ခံပါတယ် မောင်မောင်။ ကျွန်မ နားလည်ပါတယ်။ ခု လည်း ကျွန်မ ခွဲထွက်တာမဟုတ်ပါဘူး။ နုတ်ထွက်တာပါ။ ကျွန်မကို ရဲဘော်ရဲဘက်အနေနဲ့ ကြိုက်တဲ့ဘက်က အသုံးချလို့ရတယ်။ မိန်းမတစ်ယောက် အနေနဲ့ အသုံးချတာတော့ ကျွန်မ လုံးဝသည်းမခံနိုင်ဘူး”

“စေတနာပါလို့ မဟုတ်ပါဘူး တင်ဘုန်းနွယ်။ ဖြုန်းခနဲဖြစ်လာတဲ့ အခြေအနေပေါ်မှာ မှားလိုက်တဲ့အမှားပါ။ ဒါကို ရဲဘော်တွေလည်း ပြန်ပြီး နားလည်ပါတယ်။ တင်ဘုန်းနွယ်ကို ကျွန်တော် တောင်းပန်ပါတယ်။ အစီအစဉ်မပျက်ရအောင် လုပ်စရာရှိတာ ဆက်လုပ်ကြရအောင်ပါ။ ကျွန်တော်တို့လမ်းစဉ်က ရှေ့မှာ တစ်မျှော်တစ်ခေါ်ကြီး ကျန်သေးတယ် ဆိုတာ တင်ဘုန်းနွယ် အသိပဲ””

စကားနည်းသူက ပြောမည့်ပြောတော့လည်း စောဒကပင် မတက် သာ။ ကျောက်ဆစ်ရုပ် ခေါင်းညိတ် မညိတ် မသိနိုင်သော်လည်း သည် တုန်းက တင်ဘုန်းနွယ် ခေါင်းညိတ်ခဲ့ရသည်။

သို့နှင့်ပင် တက္ကသိုလ်ဝန်းကျင်မှာ ငြင်းကာခုံကာ၊ ထိုးကာနှက်ကာ နှင့် အများနှင့် သဟဇာတတယ်မဖြစ်လှဘဲ ကျင်လည်ရပြန်၏။ ကြာတော့ တင်ဘုန်းနွယ်တွင် တာဝန်များ တိုးပွားစပြုသည်။ မောင်မောင်နှင့်အတူ မြေအောက်နိုင်ငံရေး ဆက်သွယ်မှုများ ရင်တဖိုဖို လှုပ်ရှားရသည်တွင် သွေး ကြွလာသည်။ မြေအောက်ပါတီသို့ ခိုဝင်ရန် ဦးတည်စပြုလာသည်။

မောင်မောင်ကတော့ မြေအောက်ပါတီ၏ အရန်ပါတီဝင်အဖြစ် သတ်မှတ်ပေးခြင်းခံရသောနှစ်မှာပင် တစ်ဖက်သို့ ခိုဝင်နှင့်သည်။

တင်ဘုန်းနွယ်က မောင်မောင့်ထက် တစ်နှစ်ခန့် နောက်ကျသည်။ ပဲခူးရိုးမတိုင်းသို့ တင်ဘုန်းနွယ်ရောက်လာတော့ မောင်မောင်မှာ စံပြပါတီ ဝင်ဖြစ်နေပြီ။ အသက်ငယ်ရွယ်သော်လည်း ထက်မြက်သူ၊ သွက်လက်သူ အဖြစ် ဗဟိုကပင် မောင်မောင့်ကို ရွေးချယ်ခေါ်ယူရန် စိုင်းပြင်းနေသည် ဆို၏။

သို့ပေမဲ့ ဗဟိုသို့ မောင်မောင့်ကို ခေါ်ယူချိန်တွင်တော့ တင်ဘုန်းနွယ် လည်း တစ်ပါတည်းပါ ဖြစ်သည်။

ပဲခူးရိုးမတိုင်းတွင် တင်ဘုန်းနွယ်သည် ရောက်ကတည်းက နာမည် ထွက်သည်။ ဗဟို၏အာရုံစူးစိုက်ခြင်း ခံရသည်။

တက္ကသိုလ်ကျောင်းထွက် ဖြစ်၍တစ်ကြောင်း၊ ငယ်ရွယ်သည်နှင့် အမျှ တက်ကြွသောခံယူချက်များနှင့် ဦးဆောင်မှုအပိုင်းသို့ ရောက်လာအောင် နေရာယူနိုင်သည်မို့တစ်ကြောင်း တင်ဘုန်းနွယ်ကို တာဝန်များ ရွေးချယ်သတ်မှတ်ကာ စမ်းသပ်ကြည့်သည်။

အစမ်းသပ်ခံကာလတွင် တစ်နှစ်ကြာမျှ လှုပ်ရှားနေရသခိုက် မောင်မောင်နှင့် တပ်ဖွဲ့တစ်ခုတည်း ကျသည်။

တာဝန်တစ်ခုကို အတူပူးတွဲ ထမ်းဆောင်ရဖန်များလာသောအခါ မောင်မောင်နှင့် တင်ဘုန်းနွယ် ပို၍ရင်းနှီးလာ၏။ တစ်ယောက်၏ ယုံကြည် ချက်၊ ခံယူချက်များကို တစ်ယောက်နားလည်ထားသောဘဝမှ တစ်ယောက် ၏စရိုက်အထာကိုပါ တစ်ယောက် အပြန်အလှန် နားလည်တတ်လာသည်။

ကျောင်းမှာတုန်းက သာမန်ရဲဘော်ရဲဘက်ထက်မပို၊ ခပ်စိမ်းစိမ်းနေ လာ၏။

ခဲ့ကြသော်လည်း သည်မှာတော့ မတိုင်ပင်ရပါဘဲ ပြိုင်တူပွင့်လင်း ရင်းနှီး|ပါတီ၏ ဦးဆောင်မှုအောက်တွင် လှုပ်ရှားနေကြရသည်ဆိုသော်လည်း တပ်ဖွဲ့တစ်ခုလုံးမှာ အခြေခံတူသူဟူ၍ သည်နှစ်ယောက်သာ ရှိလေသည်။

ပြီးတော့ ပတ်ဝန်းကျင်ဟူသမျှနှင့် ခွင်ကျအောင် မနေတတ်မြဲဖြစ်သော တင်ဘုန်းနွယ်ကို မောင်မောင်က နေတတ်စားတတ်အောင် ညွှန်ပြရ သည့် အခြေအနေမျိုး ဖြစ်လာ၏။ သည်မှာက ပါတီစည်းကမ်းဆိုသည်မှာ လည်း ရဟန်းကျင့်ဝတ်ထက်ပင် များသေးသည်။ စစ်ဆင်ရေးနှင့်ပတ်သက် သည့် စည်းကမ်းချက်များကဖြင့် ဆိုဖွယ်မရှိပြီ။

စစ်ရေးအခြေအနေ တစ်မျိုးမျိုး ပြောင်းလဲလာတိုင်း စည်းကမ်းတွေ၊ ညွှန်ကြားချက်တွေက အတောမသတ် ရောက်လာတတ်သည်။

အခြေအနေကလည်း တည်ဆောက်ရေးစီမံကိန်းများ ချမှတ်စမို့ တပ်ဖွဲ့များကို အားသစ်စုစည်းစ အချိန်အခါမျိုး။ သည်တော့ သည်ဘက်ကို ရောက်မလာခင် တင်ဘုန်းနွယ် တွက်ဆတွေးထင်ခဲ့သည့် အခြေအနေမျိုးနှင့် တော်တော်ကြီးကွာသည်။

ဟိုဘက်မှာတုန်းကတော့ မဟာအောက်တိုဘာ တော်လှန်ရေးတို့၊ တရုတ်ပြည်ယဉ်ကျေးမှု တော်လှန်ရေးတို့၊ ဗီယက်နမ်စစ်ပွဲများ အတ္ထုပ္ပတ္တိ တစ်စွန်းတစ်စတို့သာ တင်ဘုန်းနွယ်ခေါင်းထဲမှာ သံမှိုနှက်စွဲသည်။ စာအုပ် ထဲမှာတွေ့ဖူးသော တော်လှန်ရေးသူရဲကောင်းမများ၏လမ်းကြောင်းကို လိုက် မည်ဆိုသည့် ဆုံးဖြတ်ချက်သာ သူ့ရင်ထဲမှာ ယတိပြတ်သည်။

စာအုပ်ထဲမှာတွေ့ဖူးရသည့် ခိုင်မာသော၊ ပြင်းထန်သော၊ သစ္စာရှိ သော၊ ချစ်မြတ်နိုးဖွယ်သော၊ ဦးညွတ်ထိုက်သော တော်လှန်ရေးသူရဲကောင်း များနှင့် ဆုံစည်းရတော့မည်လို့လည်း တက်ကြွမျှော်လင့်လာခဲ့သည်။

အထူးသဖြင့် ယနေ့မြေအောက်ပါတီ၏ ပဲခူးရိုးမတိုင်းတွင် နာမည် ကျော်ကြားလှသော ဒေါ်လင်းယုန်နှင့် တွေ့ခွင့်ကြုံမည်။ လင်းယုန်ကဲ့သို့ ရဲရင့်သော၊ လျင်မြန်ဖျတ်လတ်သော၊ ထက်မြက်စူးရှသော တော်လှန်ရေး ရဲဘော်မတစ်ဦး၏ ဦးဆောင်မှုအောက်တွင် လေ့ကျင့်လှုပ်ရှားရမည်မှာ မဟာအခွင့်အရေး။

ဒေါ်လင်းယုန်ဆိုသည်မှာ သဘောတရားရေးပြည့်ဝသူ၊ စစ်ရေး နည်းပရိယာယ်ကြွယ်ဝသူ၊ လက်နက်ကိုင်တိုက်ပွဲများတွင် အောင်ပွဲများစွာ ရယူထားသူ၊ သာမန်ယောက်ျားတကာထက် စူးရှ ထက်မြက်သူဟ တင်ဘုန်းနွယ် ကြားဖူးခဲ့သည်။

ကြည်ညိုအားကျစိတ်ဖြင့်လည်း ဒေါ်လင်းယုန်ကို ချဉ်းကပ်လိုစိတ် ပြင်းပြခဲ့သည်။ ဒေါ်လင်းယုန်၏လေ့ကျင့်သင်ကြားမှုအောက်တွင် စုစည်းမိ ပြီးဖြစ်နေသည့် ဘဝတူတော်လှန်ရေးရဲဘော်မများနှင့် အတူတကွ တိုက်ပွဲ ဝင်ရမည်မှာ ဘယ်လောက် အဓိပ္ပာယ်ရှိလိုက်ပါသလဲ။

တက္ကသိုလ်မှ ဘွဲ့ယူပြီး ကိုယ့်ကိုယ်ကိုယ် ဇိမ်ခံကြွေရုပ်နှယ် အလှ ပြင်ကာ စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံးတွင် နံနက် ကိုးနာရီမှ ညနေ လေးနာရီအထိ နေ့စဉ် ဟန်ရေးပြနေသည့် အနှစ်မဲ့မိန်းမတို့ လမ်းကြောင်းအိုကို ရဲရဲပြတ်ပြတ် စွန့်မည်။

အယူအဆဟောင်းဖြင့် မှိုင်းမှိုတက်နေသော သာမန်မိန်းမတို့အကြား တွင် အစွန်းအထင်းမခံလိုပြီ။

ဤနှယ်ကြီးမားသော ယုံကြည်ချက်၊ မျှော်လင့်အားထားချက်များ ဖြင့် သည်ဘက်သို့ ရောက်ခဲ့သည်။

ရောက်စတွင်တော့ တင်ဘုန်းနွယ် တကယ့်ကိုအားရသည်။ အားရ သဖြင့်လည်း ပို၍တက်ကြွသည်။ ဘဝတူမိန်းမသားများစွာကို ပါတီ၏ ကောင်းစွာလေ့ကျင့်ပြီးသော တော်လှန်ရေးတပ်သားကောင်းများအဖြစ်မြင်တွေ့နေရသောအခါ တင်ဘုန်းနွယ်၏တက်ကြွနေသော အရှိန်အဟုန်က ပို၍ပြင်းထန်တော့သည်။

ကြည့်။ သနပ်ခါးနံ့သာ မလိမ်းခြယ်သော မျက်နှာဆီပြန်ကလေး များမှာ ရဲရင့်ပြတ်သားမည့်အသွင်ကို ဆောင်လျက်ရှိသည်။ ကာကီရောင် စစ်ရှပ်အင်္ကျီနှင့် ထဘီတိုကို ခါးပတ်တင်းတင်းပတ်ဝတ်ကာ ဖျတ်လတ် သွက်လက်စွာ လှုပ်ရှားနေကြသည်မှာ သာမန်ယောက်ျားသားတွေနှင့် ဘာများခွဲခြား၍ ရနိုင်ဦးမည်လဲ။

စခန်းတွင် ထင်းခွဲ၊ ရေခပ်၊ ထမင်းချက်အလုပ်မျိုးသာ တာဝန်
ယူကြသည် မဟုတ်။ သူ့အဆင့်နှင့် သူ ကင်းစောင့်သူလည်း ရှိသည်။ ကာဘိုင်နှင့်၊ မောင်းပြန်နှင့်။

သဘောတရားရေး သုံးသပ်ချက်၊ တပ်ဖွဲ့ လှုပ်ရှားမှု အစီရင်ခံစာ စသည်ဖြင့် စာတမ်းပြုစုတင်သွင်းရန် တကုပ်ကုပ် ရေးချွတ်နေသူလည်း ရှိသည်။

နောက်ဆုံး ချေမှုန်းရေးတိုက်ပွဲများတွင် ရှေ့ပိုင်းမှ ဝင်၍ ဆင်နွှဲနေသူ များလည်း ရှိသည်။ အောင်ပွဲခံပြီး ပြန်ရောက်လာသည့် သွေးရဲရဲစွန်းသော နံ့သာသွေးလက်၊ ပန်းသီလက်များကို ဒေါ်လင်းယုန်က နှစ်ထောင်းအားရ ဆီးကြိုဂုဏ်ပြုသည့် မြင်ကွင်းများတွင် တင်ဘုန်းနွယ် ကြက်သီးချမ်းမြ ထခဲ့၏။

တကယ် သတ်ရဲသည့် လူတွေပါကလား။ တကယ် သေရဲမည့် လူတွေပါကလား။

တင်ဘုန်းနွယ် တွေဝေဆဲမှာ မောင်မောင် ရောက်လာသည်။

“တော်လှန်ရေး လုပ်တယ်ဆိုတာ ဇာပန်းထိုးတာမျိုးတော့ မဟုတ် ဘူးပေါ့ တင်ဘုန်းနွယ်။ သေရဲရမယ်။ သတ်ရဲရမယ်။ အောင်ပွဲခံယူရဲရမယ်”

“ဪ… မောင်မောင် ဒီစခန်းမှာ ရှိနေတယ်လား။ ကျွန်မက ဗဟိုကို ရောက်နေပြီ အောက်မေ့တာ”

ဖြူသော အသားရောင်မှာ ညိုရုံမက မည်းပြာမွဲခြောက်၍ တစ်နှစ် အတွင်း အသက်ဆယ်နှစ်မက ရင့်ရော်အိုမင်းသွားပုံရသော မောင်မောင့်ကို တင်ဘုန်းနွယ်က အံ့အားသင့်နေမိသည်။ အို… မောင်မောင့်လက်မှာလည်း သွေးများစွန်းပေလျက်ပါကလား။ မောင်မောင့်ကိုယ်ခန္ဓာဆီမှ သွေးညှီနံ့ပင် ထွက်နေသည် ထင်၏။

“ချေမှုန်းရေး အစီအစဉ်မှာ မောင်မောင် ပါတယ်လား”

လူပုံ လူဟန် ရင့်အိမွဲခြောက်နေသော်လည်း သည်တုန်းက မောင်မောင့်မျက်လုံးများ ထူးထူးကဲကဲ တောက်ပစူးရှလှသည်။ မောင်မောင်သင့် ကာဘိုင်ကို တင်းတင်းဆုပ်ကာ အားနှင့်မာန်နှင့် တောင်ဟုန်ဖွင့်၍ . တိမ်ယံ ထိုးဖောက်တော့မည့် လင်းယုန်ငှက်ပမာ တက်ကြွ၍နေသည်။

“ချေမှုန်းရေးဆိုတာ အဓိက ထိုးနှက်ချက်ပဲ တင်ဘုန်းနွယ်။ ကျွန်တော် ဗဟိုကိုချဉ်းကပ်ဖို့အတွက် အောင်ပွဲများစွာ ရယူရဦးမှာပါ။ တင်ဘုန်းနွယ်ကော..”

မောင်မောင့်တက်ကြွမှုများက တင်ဘုန်းနွယ်သို့ ကူးစက်လာ သည်။ မောင်မောင့်လက်မှ သွေးစက်တို့သည် တင်ဘုန်းနွယ်လက်သို့ ကူးစက်ပေကျံခဲ့ပြီတည်း

*** မဟူရာ အကျဉ်းထောင် ***
စမ်းစမ်းနွဲ့ ( သာယာဝတီ )

အပိုင်း-၅
________________
( ၂ )

ပွဲဦးထွက်မို့ အတော်ကြီးတော့ စိတ်လှုပ်ရှားရသည်။ သို့သော် တုန်လှုပ်ခြင်းမျိုးမဟုတ်။ ရင်ခုန်သည်လည်း မဆိုသာ။ ဝံ့ဝံ့ရဲရဲ ရှိတာတော့ အမှန်ပင်။

ရန်သူဒေါက်တိုင် တစ်ယောက်ကို ချေမှုန်းရမည်ဆို၍ စခန်းထဲတွင် ပျော်ရွှင်တက်ကြွနေကြသည်။ ဓားသွေးသူက သွေးသည်။ သီချင်းတကြော် ကြော်နှင့် တင်းဝါးအရင်းသားများကို ကျကျနနခုတ်နေသူက ခုတ်နေသည်။

ထိုအခိုက် ဒေါ်လင်းယုန်က အမျိုးသမီးတပ်ဖွဲ့ဝင်များကို စုစည်း လိုက်၏။

“ကနေ့ ချေမှုန်းရမယ့်ရန်သူဟာ အသက် ၅၀ ကျော် အဘွားကြီး ဖြစ်တယ်။ ဒီသစ္စာဖောက်မကြီးဟာ ရန်သူ့တပ်အတွက် ပစ္စည်းဝယ်ပေး တယ်။ ရန်သူ့တပ်စခန်းထဲကိုလည်း မကြာခဏ သွားလေ့ရှိတယ်။ တို့စခန်း ကိုလည်း ရိက္ခာပို့အဖြစ် နှစ်ခေါက်တိတိ ရောက်ဖူးတော့ တို့ကို အန္တရာယ် ပြုနိုင်တယ်။ ရန်သူက အသုံးချနိုင်တယ်။ ဒါကြောင့် ဒီသစ္စာဖောက်မကြီး
ရဲ့လျှာကို အမြန်ဆုံးအရယူဖို့လိုတယ်။ ဒါဟာ ရန် ငါ ပြဿနာပဲ။ ပြတ်သားဖို့ပဲ”

ဒေါ်လင်းယုန်က ရှည်လျားသော ညွှန်ကြားချက်သဘောထားကို ပြတ်သားစွာ မိန့်ကြားလိုက်သည်။

ထို့နောက် ချေမှုန်းရေးတပ်ဖွဲ့ခေါင်းဆောင်အဖြစ် တင်ဘုန်းနွယ်ကို တိုက်ရိုက်တာဝန်ပေးအပ်လိုက်သည်။

မောင်းပြန်သေနတ်ကိုယ်စီလွယ်ရုံမက ဓားမြှောင်များ၊ ဝါးရင်းတုတ် များ တကားကားနှင့် သွေးကြွနေကြသော အမျိုးသမီးတပ်ဖွဲ့ဝင်များကို တင်ဘုန်းနွယ် ဦးဆောင်ကာ သတင်းရရှိထားသောရွာသို့ ချီတက်လာခဲ့ သည်။

တွေ့ပြီ။ သတင်းလာပို့သူ ကျေးရွာကျောရိုး နတ်လမ်းညွှန်မှုဖြင့် ဒေါ်စံမယ်ရှိနေသည်ဆိုသည့် အိမ်ကလေးကို ဝိုင်းမိသည်။

“ဟေ့… သစ္စာဖောက်မကြီး။ ဘယ်ပြေးဦးမလဲ။ ထွက်ခဲ့စမ်း”

တိုက်ပွဲတစ်ရာ နွှဲခဲ့ဖူးသည့်အလား ဝံ့ဝံ့စားစားရှိလှ၏။ အံ့အားသင့် သောအမူအရာဖြင့် ကြောက်ဒူးတုန်နေရှာသော အသက် ၅၀ ကျော် အဘွား ကြီးတစ်ဦးကို ခြင်္သေ့ပမာ ခက်ထန်မာကျောစွာ ကြိမ်းမောင်းရင်း သွေးကြွ သည်ထက် ကြွလာသည်။

ကြိုတင်စီစဉ်ထားသည့်အတိုင်းပင် အမျိုးသမီးတပ်ဖွဲ့ဝင်များက ဒေါ်စံမယ်ကို ဝိုင်း၍ချုပ်ကာ ကြိုးဖြင့် တင်းတင်းတုပ်လိုက်ကြသည်။

“နင်ဟာ ရန်သူ့တပ်အတွက် ပစ္စည်းဝယ်ပေးနေတယ်မဟုတ်လား။ ရန်သူ့စခန်းထဲ ခဏခဏသွားပြီး ရန်သူခိုင်းသမျှ ကျုံးလုပ်ပေးနေတဲ့ သစ္စာဖောက်မကြီး။ တို့ကို သစ္စာဖောက်ဖို့အတွက် ရန်သူ့ဆီက ဘာတာဝန် တွေ ယူထားသလဲ။ ပြောစမ်း အခု”

“ကျုပ် … ကျုပ် ဘာမှမသိပါဘူး သမီးလေးရယ်။ ကျုပ် ဒီရွာနီးချုပ်စပ်ကလွဲရင် ဘယ်မှလည်း မသွားတတ်ပါဘူး။ မလိုတဲ့လူတွေ ကုန်းတိုက်တာ ဖြစ်ပါလိမ့်မယ်။ ကျိန်ဆိုရင်ကျိန်ပါ့ မယ် သမီးတို့ရယ် ”

ဒေါ်စံမယ်က လက်အုပ်ကလေး တချီချီနှင့် တုန်တုန်ယင်ယင် တောင်းပန်နေ၏။ တင်ဘုန်းနွယ်က ပခုံးတွင် လွယ်ထားသော ကာဘိုင်ကို ဖြုတ်ကာ သေနတ်ဒင်ဖြင့် မြေကြီးကို ဆောင့်လိုက်သည်။

“အောင်မယ်… ဘာလိမ်တာလဲ။ တို့ကို ဘယ်တော့မှ လိမ်လို့ မရဘူး။ သတင်းအပြည့်အစုံရပြီးသား သိလား။ နင်လုပ်နေတဲ့ သစ္စာဖောက် လုပ်ငန်းတွေအကြောင်း မြန်မြန်ဖော်စမ်း။ ခု အချိန်မရှိဘူး”

“အမေ မလိမ်ပါဘူး သမီးလေးရယ်။ အမေ ဒါတွေလည်း ဘာမှနားမလည်ပါဘူး။ တကယ့်ကို ဘာမှမသိရပါဘူး သမီးလေးရယ်”

ဒေါ်စံမယ်သည် မျက်ရည်စက်လက်ဖြင့် အသနားခံနေရာက ရှိုက် ကြီးတငင် ငိုချလိုက်၏။ အမျိုးသမီးတပ်ဖွဲ့ဝင်များမှာ အခြေအနေကို စောင့်ကြည့်ရင်း အားမလိုအားမရဖြစ်လာပြီး ဒေါသပေါက်ကွဲကုန်တော့ သည်။

““ကြည့်စမ်း … ကြည့်စမ်း။ သစ္စာဖောက်မကြီးက စော်ကားလိုက် တာ။ သူ့ကိုယ်သူ အမေတဲ့။ ဘာအမေလဲ။ သမီးလေး သမီးလေးနဲ့ ဘာချွဲတာလဲ။ ရဲဘော်တင်ဘုန်းနွယ် ကြာတယ်။ သိပ်ခေါင်းမာတဲ့ ကောင်မကြီး။ ကျွန်မတို့ ချပစ်လိုက်ချင်ပြီ”

တင်ဘုန်းနွယ်သည် ကျောတစ်ဝက်ဆီတွင် ဖားလျားဝေကျနေသော ဆံပင်များ လွင့်ဝဲသွားသည်အထိ ဒေါနှင့်မောနှင့် ခေါင်းကို ယမ်းခါပစ် လိုက်သည်။

“ဒီသစ္စာဖောက်မကြီးကို ဘာမှစစ်လို့ရမှာ မဟုတ်တော့ဘူး။ မေးသမျှ တွင်တွင်ငြင်းပြီး ဘူးချည်း ကွယ်နေတယ်။ ဒါကိုကြည့်ရင်ပဲ သေတဲ့အထိ ရန်သူကို သစ္စာရှိသွားမယ့် ရန်သူ့အထောက်တော်ဆိုတာ ရှင်းနေပြီ။ ပါတီကို အကြီးမားဆုံး အန္တရာယ်ပြုမယ့် သစ္စာဖောက်ဆိုင် ထင်ရှားနေပြီ။ ဒါကြောင့် ပါတီရဲ့ ကိုယ်စား ဒီသစ္စာဖောက်မကြီးကို
မသေမချင်းသတ်ဖို့ အမျိုးသမီးတပ်ဖွဲ့ဝင်များကို တာဝန်ပေးလိုက်တယ်”

တင်ဘုန်းနွယ်သည် ပြတ်ပြတ်တောက်တောက် ပြောလိုက်ကာ နေရာမှ ချာခနဲ လှည့်ထွက်ခဲ့သည်။

အမျိုးသမီးတပ်ဖွဲ့ဝင်များက ဝက်တုပ် တုပ်ထားသော ဒေါ်စံမယ် အား တရွတ်တိုက် ဆွဲလာ၏။

“အမယ်လေး … တကယ်သတ်တော့မှာလား သမီးတို့ရယ်။ ဗိုလ်မကြီးတို့ရယ်။ သနားပါဦး သမီးတို့ရဲ့”

ကယောင်ချောက်ချား အော်ဟစ်သံများ၊ ရိုက်နှက်ကြိမ်းမောင်းသံ များကို ကျောပေးလျှောက်လာရင်း တင်ဘုန်းနွယ်သည် ချွေးစေးများပြန် လာ၏။

ခွမ်းခနဲ ခွမ်းခနဲ ဝါးရင်းတုတ်ဖြင့် နှစ်ချက်ဆင့်၍ ရိုက်နှက်သံနှင့် အတူ “အောင်မယ်လေးလေး အောင်မလေးလေး” ဟု သွေးရူးသွေးတန်းအော်ဟစ်သံကြီးက တဒိတ်ဒိတ်တိုးခုန်နေသော တင်ဘုန်းနွယ်၏ နှလုံးသား ကို တုန်ခါသွားအောင် တိုးဆောင့်သည်။

တဗြုန်းဗြုန်းရိုက်နှက်သံများ၊ ဝူးဝူးဝါးဝါး အော်ဟစ်သံများသည် ရိုးပြတ်လယ်တောကို တိုးဖြတ်လာသော လေနှင့်အတူ တင်ဘုန်းနွယ်၏ မွေးညင်းရှိန်းတို့ကို ထောင်၍ ထစေသည်။

“သစ္စာဖောက်ရဲ့ လည်ချောင်းသွေးနဲ့ ခြေဆေးကြဟေ့”

အစွမ်းကုန် သွေးကြွနေသော ရဲဘော်မတို့၏အသံက စခန်းဆီသို့ ဦးတည်လှမ်းနေသော တင်ဘုန်းနွယ်ကို တုံ့ခနဲ ဆွဲလှည့်လိုက်သလို ရှိ သည်။

အား.. သွေးခြင်းခြင်း နီလျက်ပါ ကလား။ ဝါရင်းတုတ်ဖြင့် မသေမချင်း ရိုက်သတ်အပြီးတွင် လည်ချောင်းသွေးကိုဖောက်ကာ လက်ခုပ် ဖြင့်ခံ၍ ခြေဆေးလျက်ရှိကြပြီ။

“အောင်ပြီဟေ့။ အောင်ပြီ။ အောင်ပြီ”

သွေးရဲရဲနီသော ခြေလက်များဖြင့် ခုန်ကာပေါက်ကာ မြှောက်ကာ ဝင့်ကာ ကြွေးကြော်သံများ ဟစ်ကြွေးရင်း ပြန်လည်ထွက်ခွာလာသော ရဲဘော်မများကို တင်ဘုန်းနွယ်က ရပ်၍စောင့်သည်။

“အောင်ပြီ။ အောင်ပြီ”

သွေးစွန်းပေကျံလာသော ရဲဘော်မတို့၏ စေးထန်းထန်းလက်များကို ဆီးကြိုလှုပ်ယမ်းရင်း တင်ဘုန်းနွယ်သည် ထွေပြားစပြုလာ၏။

ကြက်သီးချမ်းမြ ထမိသည်မှန်သော်လည်း ဝန်ခံဖို့တော့ လိပ်ပြာ မလုံလှပေ။ စိတ်လှုပ်ရှားမှုကို ရုတ်ခြည်းဖုံးကွယ်ရန် တင်ဘုန်းနွယ်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

“သစ္စာဖောက် ချေမှုန်းရေး အောင်ပြီ၊ အောင်ပြီ”

“မဟာဥက္ကဋ္ဌကြီး ကျန်းမာပါစေ”

ကြွေးကြော်သံများ ပြန်လှန်အော်ဟစ်ရင်း နားထင်နားရင်းများ မီးဝင်းဝင်းထတောက်မတတ် ဆူပွက်တက်ကြွလာပြန်သည်။ ရဲဘော် ရဲဘက်တို့ကို ဆီးကြိုပွေ့ဖက် ဂုဏ်ပြုရင်း သူ့တစ်ကိုယ်လုံးတွင် သွေးစ သွေးနများ ကူးစက်ပေကျံလာ၏။

တင်ဘုန်းနွယ်သည် သူ့လက်ဖဝါးများကို ရုတ်တရက် ဖြန့်၍ကြည့် လိုက်မိသည်။

အား … သွေးရဲရဲနီလျက်ပါကလား။

•••••••••••••
( ၃ )
သန်းခေါင်ကျော်သည်အထိ တင်ဘုန်းနွယ် အိပ်၍မပျော်ချေ။

စခန်းနှင့် မလှမ်းမကမ်းရှိ အင်တိုင်းတောဆီမှ ည ညလာနေကျက မျောက်တစ်အုပ်ကလည်း ကနေ့ညမှ တရားလွန်ထသည်။ ခဏကလေးမှ ငြိမ်သည်မရှိ။

သစ်ကိုင်းများကို ဖြောင်းဖြောင်းမြည်အောင် ချိုးရုံမက မြေကြီးပေါ် တဝုန်းဝုန်း တဗြန်းဗြုန်း ခုန်ချလို့ချည်းနေသည်။

ခါတိုင်းညတွေကတော့ သည်အကောင်တွေကို ဂရုလည်းမစိုက်အား သည်မို့ သိသိသာသာ အနှောင့်အယှက် မဖြစ်လှ။

အိပ်မရနိုင်သည့် ကနေ့လိုညမျိုးတွင်တော့ တင်ဘုန်းနွယ် မနည်း ကြီး ကြိတ်မှိတ်သည်းခံနေရသည်။ စည်းနှင့်ကမ်းနှင့် တင်းကျပ်သော ဥပဒေနှင့်နေရသည့် လျှို့ဝှက်စခန်းသာမဟုတ်ဘူးဆိုလျှင် သည်ည တကယ့် ပွဲဖြစ်မည်။ မျောက်သွေးလတ်လတ်ဆတ်ဆတ်ကို တစ်စခန်းလုံး သောက် မကုန်အောင် ဝေငှပစ်လိုက်ချင်သည်။

ခုတော့ မပျော်ဘဲအိပ်ရခြင်းဆိုသည့် ငရဲတွင်းမှ တက်မရနိုင်ဖြစ် နေ၏။ ၊

ဟင်းခနဲ သက်ပြင်းကို ကျိတ်ရှိုက်ကာ တစ်ဖက်သို့ စောင်းမိသော် ကျောအောက် ဝါးကြမ်းခင်းက ချိုးချိုးချွတ်ချွတ်မြည်ပြန်သည်။

ဤတွင် တစ်ဖက်၌ ယှဉ်၍အိပ်နေသော ရဲဘော်စိုးစိုးက ခေါင်းမြီးခြုံ ကို ဖွင့်၍ကြည့်သည်။

“မတင်ဘုန်းနွယ် အိပ်မရဘူးလား။ တချောက်ချောက်နဲ့။ အင်း … မျောက်တွေကလည်း ဒီည သိပ်ဆော့တာ”

စိုးစိုးသည် မှောင်ထဲတွင် တင်ဘုန်းနွယ်အနားသို့ တိုးကပ်လာ၏။

“စိတ်ချောက်ချားနေတယ် ထင်တယ်။ နေ့ခင်းကအတွေ့အကြုံကို ပြန်တွေးနေသလား။ ဟုတ်လား”

လေသံသဲ့သဲ့ဖြင့် မေးလာသော စိုးစိုးကို မှောင်ထဲမှာ ပီပီသသ မမြင်ရသော်လည်း တင်ဘုန်းနွယ်က ရဲရဲမကြည့်ဝံ့။ သူ့ဘာသာသူ လိပ်ပြာမလုံဖြစ်နေသည်။

“ဟုတ်ပါဘူး။ ညဦးက လက်ဖက်ရည်ကြမ်းခါးခါးကြီးတွေ တအား သောက်မိလို့ ထင်တယ်။ နို့ … စိုးစိုးကာ အိပ်မပျော်ဘူးလား”

စိုးစိုး ရုတ်တရက် ပြန်မဖြေ။ ခေတ္တမျှ ငြိမ်၍နေ၏။ ခဏကြာမ တိုးတိုးကလေး ဆိုသည်။

“ကျွန်မကတော့ အတွေ့အကြုံများပြီလေ။ အစကတော့ သွေးလန့် တာ တကယ်ပဲ။ ဣနြေ္ဒမရသလောက်ပဲ။ ကြာတော့လည်း ရဲတယ်မဟုတ် ပေမယ့် အတင်းအဓမ္မ ရဲပစ်လိုက်ရတော့တာပေါ့။ ဘယ်တတ်နိုင်ပါ့မလဲ

“ဟင်… ဘာ.. ဘယ်တတ်နိုင်မလဲ””

တင်ဘုန်းနွယ်သည် တကယ်ပင် နားထွေးသွား၏။ စိုးစိုးကို သံသယ ဝင်သည်။ သွေးစက်ပေကျံနေသော ကာကီရောင်စစ်ရှပ်အင်္ကျီကို ဆွဲခွာ ချွတ်ပစ်လိုက်ကာ နှလုံးသားပြင်ကို တစ်စွန်းတစ်စ လှစ်ပြသလိုဖြစ်နေ၏။ ခြားနားသည်တော့ အမှန်ပင်။

“ဟုတ်တယ်လေ မတင်ဘုန်းနွယ်ရဲ့”

“စုစုပဲ ခေါ်ပါ။ ကျွန်မနာမည်က သိပ်ရှည်တာ”

““ဟုတ်တယ်နော်။ စုစုပဲ ခေါ်တော့မယ်။ ကျွန်မနာမည်အရင်း ကလည်း ခင်အေးမြင့်ပါ။ သိရုံပြောတာ။ ခေါ်တော့ စိုးစိုး

“စိုးစိုး ဒီရောက်တာ ကြာပြီလား”

“သိပ်တော့ မကြာသေးဘူး။ ဒါပေမဲ့ ချေမှုန်းရေးတွေမှာ ရှေ့တန်းက ပါခဲ့ဖူးပေါင်း များလှပြီ။ အစက ကျွန်မကိုယ်ကျွန်မ ဒီလောက်ရဲလိမ့်မယ် မထင်ဘူး။ ခုတော့လည်း ပြန်တွေးမယ်ဆိုရင် အိပ်ပျော်ချင်စရာတောင် မရှိပါဘူးလေ။ မနည်းတော့ဘူး။ မနည်းတော့ဘူး”

စိုးစိုးသည် စကားပြောရင်း တစ်ဖက်သို့ပြန်လှိမ့်သွားပြန်၏။ သူ့ အိပ်ရာတွင် တစ်စုံတစ်ခုကို စမ်း၍ရှာနေပုံရသည်။

“စုစု ဆေးလိပ်သောက်မလား။ မသောက်တတ်သေးဘူးလား”

“ဟင့်အင်း .. မကြိုက်ဘူး။ ကျွန်မအသိဉာဏ် စံချိန်မီနေသရွေ့ တော့ ဆေးလိပ် ဘယ်တော့မှသောက်ဖြစ်မှာလည်း မဟုတ်ဘူး”

စိုးစိုးသည် ယမ်းမီးခြစ်ကို ရှဲခနဲ ခြစ်လိုက်ကာ လက်တစ်ဆစ်သာသာမျှရှိသော ဆေးလိပ်တိုကလေးကို ညှိနေ၏။ ဆေးလိပ်မီးရောင်တွင် လင်းခနဲ လင်းခနဲ မြင်နေရသော သူ့မျက်နှာမှာ နွမ်းနယ်ပန်းလျသည့် အသွင်ကို ဆောင်နေသည်။ နေ့လယ်ကလို လက်သီးလက်မောင်းတန်း၍ တက်ကြွသွေးမြောက်နေသော စိုးစိုးမဟုတ်တော့။

“စုစုကတော့ ပြတ်တယ်ဆို တကယ့်ကို ပြတ်တာနော်။ ပင်ကို စိတ်ကိုက ပြတ်သားတာ ရှားပါတယ်”

“ဟော..ချီးမွမ်းနေပြန်ပြီလား။ ကျွန်မ မလိမ်ချင်ပါဘူးလေ။ တကယ်တော့ စိုးစိုးတို့ကို မမီပါဘူး။ ကျွန်မ အများကြီး လေ့ကျင့်ရဦးမှာ။ ကျွန်မ သတ္တိနည်းသေးတယ်””

စိုးစိုးက ဆေးလိပ်ကို ရဲခနဲ ဖွာလိုက်သည်။ သဲ့သဲ့ကလေးပြုံးနေ သည်ကို ဖျတ်ခနဲ မြင်လိုက်၏။ တင်ဘုန်းနွယ်က လေသံကို အတတ်နိုင်ဆုံး နှိမ့်ကာ သူ့စကားကို ဆက်သည်။

“အမှန်ပြောရရင် ကျွန်မ ဒီည အိပ်မပျော်နိုင်တော့ဘူး စိုးစိုး။ သိလား။ ယုံကြည်ချက်အရ ပြတ်သားပေမယ့် အသည်းနှလုံးက သိပ်လှုပ် ရှားတယ်။ တွေဝေတယ်လို့ ဝေဖန်ရင်လည်း ခံရမှာပဲ။ နေ့လယ်က အဘွားကြီး …”

“ရှူး… ရှူး… တိတ်တော့ စုစု။ ဒါတွေ မဆက်နဲ့။ ဘယ်တော့မှ လည်း မပြောနဲ့။ ပြန်လည်းမတွေးနဲ့။ ဇွတ်မေ့အောင် ကြိုးစား။ ကြာတော့ ကျွန်မတို့လို ထုံလာမှာပဲ။ ဒီလိုပေါ့ တခြားလူတွေလည်း။ ကျွန်မဆိုရင် ခုတစ်ညလုံး ထမင်းလုံးတစ္ဆေခြောက်ခံရသလို ဘီလူးအစီးခံရသလို ဖြစ် ဖြစ်နေတာပဲ။ မေ့ခနဲ အိပ်ပျော်သွားလိုက်၊ အသက်ရှူကျပ်ပြီး ရုန်းမရ ကန်မရနဲ့ ဝူးဝူးဝါးဝါးဖြစ်လိုက်ပဲ”

“ဟုတ်လား”

“အင်းပေါ့ … စိတ်ချောက်ချားတယ်ဆိုတာက တစ်မျိုးပဲ။ ကိုယ့် ကိုယ်ကိုယ် လှည့်စားလို့မရဘူးလေ။ ပြီးတော့ ကျွန်မ အိပ်ပျော်တယ်ဆိုတာကလည်း ကိုယ်စိတ်နှစ်ပါး သန့်သန့်စင်စင်နဲ့ ကြည်ကြည်လင်လင် အိပ်ပျော်တာမှ မဟုတ်ဘဲ။ ပင်ပန်းရတဲ့အထဲ သွေးညှီနံ့က စွဲနေတယ်။ ရေဘယ်လိုချိုးချိုး တစ်ညတော့ နှာခေါင်းထဲမှာစွဲတာပဲ။ နောက်ပြီး ကျွန်မ ကိုယ်တိုင် သွေးကလည်း သိပ်တက်နေတာ”

”ဟင် ” ၊

“ဪ… သွေးတက်တယ်ပြောတာ စုစုရဲ့။ မီးနေသည်တွေ သွေးတက်ရင် အထိတ်ထိတ်အလန့်လန့် ဖြစ်တတ်တယ် မဟုတ်လား။ ကျွန်မလည်း တစ်ညလုံးကို အဲဒီလိုဖြစ်နေတာ။ မိန်းမဖြစ်ရတာ အဲဒီဒုက္ခ ကတော့ တကယ်ကြီးတယ်နော်””

ခုမှပင် စိုးစိုး၏စကား အဓိပ္ပာယ်ကို နားလည်တော့သည်။ ဖြုန်းခနဲ တစ်စုံတစ်ခုကို သတိရလိုက်ကာ ခေါင်းအုံးထားသော ကျောပိုးအိတ်ကို စမ်းကိုင်မိသည်။ တင်ဘုန်းနွယ်သည် ကိုယ်ကိုလှိမ့်၍ မှောက်လိုက်ပြီးကျောပိုးအိတ်ကို မှောင်ထဲမှာ စမ်း၍ဖွင့်နေ၏။ ပစ္စည်းပစ္စယ အတိုအထွာနှင့် ရိက္ခာခြောက်များ ပြည့်ကျပ်နေသည်ကို လက်ဖြင့် ထိုးဖွရင်း တစ်စုံတစ်ရာ ကို မရအရ နှိုက်စမ်းနေမိသည်။ ရဲဘော်စိုးစိုးက ဆေးလိပ်မီးကို ရဲခနဲ တစ်ချက်ဖွာလိုက်၏။

“ဘာရှာနေတာလဲ စုစု။ မီးခြစ်ယူမလား”

“နေ နေ ရပြီ။ စိုးစိုး ပြောမှသတိရတယ်။ ကျွန်မလည်း ရက်နီးလာပြီ”

တင်ဘုန်းနွယ်က ကျောပိုးအိတ်ကို ခေါင်းအုံးကာ ပြန်၍လှဲအိပ် လိုက်သည်။

“ဪ… ဆေးသောက်မလို့လား”

တင်ဘုန်းနွယ်သည် ကျိတ်၍ ရယ်လိုက်၏။

“ဆိုပါတော့။ စိုးစိုးကော ယူမလား။ အဟဲ… ဖန်ခါးသီးခြောက်လေ”

”ဖန်ခါးသီးခြောက်… ဟုတ်လား”

တင်ဘုန်းနွယ်က ခပ်အုပ်အုပ်ရယ်ရင်း ဖန်ခါးသီးခြောက်များကို တစ်လုံးချင်း ဝါးနေသည်။ စိုးစိုးက နှုတ်ခမ်းနှင့် ထိလုမတတ် တိုနေပြီ ဖြစ်သော ဆေးလိပ်ကို ဝါးကြမ်းခင်းပေါ်ဖိ၍ မီးသတ်လိုက်ကာ တင်ဘုန်းနွယ် ၏လက်မောင်းကို လှမ်း၍ဆုပ်လိုက်သည်။

“ဒုက္ခဖြစ်မယ်။ ဖန်ခါးသီးက သိပ်ဆိုးတာနော်။ အနည်းဆုံး အောင့်လိုက်ရင် မသက်သာဘူး” ၊

“ရပါတယ်။ မနက်ဖြန် ဗဟိုက ကေဒါတွေ လာမယ်။ ခရီးထွက် ချင်ထွက်ရမယ်လို့ ဒေါ်လင်းယုန်က ပြောထားတာ။ ကိုယ်က ဒီကိစ္စတွေ ဖြစ်နေရင် သွားရေးလာရေး မလွယ်ဘူးလေ”

ကိုယ့်အယူအဆနှင့် ကိုယ်တော့ ဟုတ်နေသည်။ အပူပန် အကြောင့် ကြကင်းစွာ ဖန်ခါးသီးခြောက်များကို ဆက်တိုက်ဝါးနေသော တင်ဘုန်းနွယ် ကို စိုးစိုးက ပို၍စိုးရိမ်လာ၏။

““စုစုကျမှ အဆန်းပဲ။ ဒါတော့ မိန်းမကိစ္စပဲဟာ။ ဘယ်တတ်နိုင်မှာ လဲ။ ရဲဘော်ရဲဘက်ချင်း နားလည်မှုရှိရမှာပေါ့။ ညှာရမှာပေါ့”

“အို.. ကျွန်မတော့ တော်လှန်ရေးမှာ မိန်းမဆိုတဲ့အဖြစ်ကို ဖျောက်ပစ်ချင်တယ်။ မိန်းမပါလားလို့ အမှုအမှတ်မထားစေချင်ဘူး။ ညှာ တာဖို့လည်း မလိုချင်ဘူး။ ဒိုးတူပေါင်ဖက်တိုက်ပွဲဝင်ရာမှာ အဖိနှိပ်မခံချင် သလို အခွင့်ထူးလည်း မယူချင်ဘူးလေ။ ဒါက ကျွန်မ ခံယူချက်ပဲ”

စိုးစိုးသည် ငြိမ်၍နေ၏။ တင်ဘုန်းနွယ်က ခေါင်းအုံးထားသော ကျောပိုးအိတ်ပေါ်တွင် ဒေါင်းမြီးဖြန့်သလို ဖားလျားပြန့်ကားကျနေသည့် သူ့ဆံပင်များကို လက်ဖြင့်စမ်း၍ ဖွလိုက်သည်။

“ဟောဒီ… ဆံပင်ဆိုရင် ယောက်ျားလေးတွေလို တိုတိုကလေးကို ညှပ်ပစ်ချင်တာ။ အရှင်းရ အပြုရ သက်သာမယ်။ မိန်းမပုံစံလည်း ပျောက်တန်သလောက် ပျောက်မယ်။ သို့ပေမဲ့ ပါတီက လက်ခံမှာ မဟုတ် ဘူး။ အရင်းရှင်ယဉ်ကျေးမှုဓလေ့စရိုက်လို့ မြင်မှာမို့ နေနေရတာ။ ဒါတတ်နိုင်သရွေ့ မိန်းမပုံစံဖျောက်တာပဲ။ သဘာဝလက္ခဏာ မှန်သမျှ အပိရိဆုံး ဖုံးတာပဲ”

“တခြားဟာတော့ ဟုတ်ပါရဲ့ စုစုရယ်။ ခုလို ဖန်ခါးသီးစား တရားလွန်တာမျိုးကျတော့ သဘာဝကျပါမလားလို့”

“ဘယ် သဘာဝကျလိမ့်မလဲ။ သဘာဝကို တော်လှန်တာပဲဟာ။ အဟင်းဟင်း. ဒီလိုလေ… ဖန်ခါးသီးစားပြီး ယောက်ျားအဖြစ်ကို ကူးပြောင်းလို့တော့ မရဘူးပေါ့ စိုးစိုးရဲ့။ ဒါက အရေးပေါ် ကာကွယ်ရေး သဘောပေါ့။ ကိုယ်ရေးကိုယ်တာကို အချိန်ရွှေ့တဲ့သဘောပေါ့””

စိုးစိုးက သက်ပြင်းကို ရှိုက်ချလိုက်သည်။

“စုစုရယ် … ဒီကိစ္စကိုများ အချိန်ရွေ့လို့ရတယ်လို့ပဲ…”

“ဟား .. ရတယ်လေ။ သိပ်ရတာပေါ့။ မယုံရင် စိုးစိုးလုပ်ကြည့် ပါလား။ ပါတီတာဝန်တွေ အရေးတကြီး ပခုံးပေါ်ကျလာတဲ့အချိန်မှာ ကိုယ့် ကိစ္စနဲ့ကြုံရင် ရက်ရွှေ့ ပစ်ပေါ့။ လက်ဖက်တို့၊ သွားဖြူသီး၊ ဖန်ခါးသီးတို့ တအားစားပစ်၊ ဖန်ခါးသီးက ပိုစွမ်းတယ်။ ကျွန်မတော့ ဖန်ခါးသီးခြောက် အမြဲဆောင်ထားတာပဲ”

“အမယ်လေး … မလုပ်ပါနဲ့။ မတော် အောင့်ပြုနေမှ ကျော် မကောင်း ကြားမကောင်း”

“မအောင့်ပေါင်။ လူဆိုတာ ဉာဏ်နဲ့ပဲဟာ။ ကိုယ်အနားရတဲ့အချိန် ကျတော့ ချင်းနဲ့ ထန်းလျက်ဖြစ်ဖြစ်၊ တောထဲမှာ အလွယ်တကူ ရတတ်တဲ့ နနွင်းတက်ဖြစ်ဖြစ် ရှာဖွေစားရမှာပေါ့။ အဲဒီလိုဆိုတော့ ပြန်ပြေလည်သွားတာပဲ။ ကျွန်မတော့ ဒီနည်းနဲ့ ရက်ရွှေ့လာတာ ကြာပြီ”

“နည်းနည်းပါးပါး အောင့်တာပြုတာတော့ ရှိတာပေါ့လေ။ အသွေး အသားမှာလည်း အသင့်အတင့်တော့ ထိခိုက်တာပေါ့။ ကျွန်မမျက်နှာကို တစ်ခါတစ်ခါ ဝက်ခြံဖုကလေးတွေပြည့်နေတာ ကြည့်ပါလား။ ဒါပေ ဒီလောက်တော့ ခံရမှာပေါ့လေ။ ပါတီတာဝန်ကို အထိခိုက်မခံနိုင်ဘူး”

စိုးစိုးက ဖန်ခါးသီးခြောက်ဝါးနေသော တင်ဘုန်းနွယ်ကို မှောင်ထဲကြည့်ရင်း ငြိမ်၍နေသည်။ တစ်မျိုးပဲ။ သူ့အယူအဆနှင့် သူတော့ ပြတ်သည်။ သူ့လှုပ်ရှားဟန်နှင့် သူတော့ ထူးခြားနေသည်။

တင်ဘုန်းနွယ်သည် စခန်းမှ ထွက်လျှင် အမျိုးသမီးများနည်းတူ ထဘီဝတ်လေ့မရှိ။ တောခိုလာကတည်းက အသင့်ပါလာသည့် ဘောင်းဘီ ရည်များကိုသာ ကာကီရောင်တစ်လှည့်၊ အစိမ်းရောင်တစ်လှည့် ဝတ်တတ် သည်။ တင်ပါးတစ်ဝက်ဖုံးနေသည့် စစ်ရှပ်အင်္ကျီပွကြီး တဖားဖားဝတ်ကာ သွယ်လျသော ကိုယ်ဟန်နွဲ့နွဲ့ ကို မသိသာအောင်ပြုသည်။ အစိမ်းရောင် ဦးထုပ်ပျော့ကလေး ဆွဲချွတ်လိုက်မှသာ တစ်မိုက်တစ်ထွာမျှရှိသော ဆံပင် တို့ လည်ကုပ်တစ်ဝိုက် ဝေ့ဝဲကျလာပြီး ပျိုမျစ်သော မိန်းမငယ်တစ်ယောက် ၏မျက်နှာသွင်ပြင် ပေါ်လွင်လာတတ်သည်။

တစ်ဆယ့်ရှစ်နှစ်အရွယ်ဆိုသည်မှာ တော်တော်ကလေးတော့ ငယ် ပေသည်။ ငယ်သမှ အမျိုးသမီးတပ်ဖွဲ့တွင် တင်ဘုန်းနွယ်လောက် ငယ်သူ မရှိ။ စိုးစိုးတို့၊ မခင်ရီတို့၊ မဒေါင်းယဉ်တို့ အငယ်ဆုံးတစ်သိုက်ပင် ဆယ့်ကိုးနှစ်၊ နှစ်ဆယ်ရှိကြပြီ။

ပါတီ၏ လေ့ကျင့်သင်ကြားမှုဖြင့် အားလုံးပင် သေရဲသည်၊ သတ် ရဲသည်၊ အနိုင်ယူရဲသည်။ အသည်းနှလုံးမှာ ရဲသုံးရဲ စိတ်ဓာတ်အပြည့်။စမ်းကြည့်။

သို့သော် တင်ဘုန်းနွယ်လိုတော့ ထူးထူးထွေထွေကလေးတွေ တွေးခေါ်ခံယူထားနှင့်သော ကိုယ်ပိုင်သဘောတရားရယ်လို့တော့ မရှိကြတာ အမှန်တည်း။

သည်တော်လှန်ရေးကို ပစ္စည်းမဲ့တော်လှန်ရေး ဟူ၍တော့ အကြမ်းဖျင်း သဘောပေါက်သည်။ ပစ္စည်းမဲ့အာဏာထူထောင်ရေးအတွက် လက်နက် ကိုင်တော်လှန်ရေးတစ်ရပ် ဆင်နွှဲနေကြောင်းလည်း မိမိကိုယ်မိမိ ဆုပ်ဖမ်း မိပြီးဖြစ်သည်။

ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် တောထဲရောက်လာပြီး အမျိုး သမီးတပ်ဖွဲ့မှာ စုစည်းလာသူတိုင်းသည် အခြေခံသဘောတရားကိုတော့ ခံယူကြပြီးဖြစ်၏။

ဥပမာ ဖခင်၊ ဦးလေး၊ အစ်ကို၊ မောင် စသည်တို့နှင့် ပတ်သက် ဆက်နွယ်၍ တောခိုလာသည်ပဲဖြစ်ဖြစ်၊ တရားဥပဒေဖောက်ဖျက်မှု၊ လူမှုရေး ဖောက်ဖျက်မှုတစ်ခုခုကို ကျူးလွန်ပြီး တစ်ဖက်တွင် ခြေချစရာ မြေမရှိ တော့၍ပဲဖြစ်ဖြစ်၊ အပေါင်းအသင်းကောင်း၍ ရောက်လာသည်ပဲဖြစ်ဖြစ်၊ တင်ဘုန်းနွယ်လို လောကကို ဒေါင်လိုက်ချည်းမြင်ရာက နိုင်ငံရေးယုံကြည် ချက် ပြင်းထန်ကာ ဝင်လာသူပဲဖြစ်ဖြစ် အခြေခံသဘောတရားလောက်ကို ခံယူသဘောပေါက်ကြသည့်အဆင့်အထိတော့ တစ်ပြေးတည်း တညီတည်း ပင်။

သို့သော် တင်ဘုန်းနွယ်ကမူ ထူးထူးခြားခြား တွေးခေါ်ထားသည့် ကိုယ်ပိုင်သဘောတရားကလေးတွေနှင့် အများကြားမှာ ကြွသည်။

ဒေါ်လင်းယုန်ကဆိုလျှင် တင်ဘုန်းနွယ် ရောက်ကတည်းက အား တက်နေသည်။ တည်ဆောက်ရေး တပ်ဖွဲ့စခန်း နိုင်ငံရေးမှူး ရဲဘော်မောင်မောင် ကို ဗဟိုသို့ စေလွှတ်မည့်ဆဲဆဲ တားထားလိုက်ကာ အစီရင်ခံစာတစ်စောင် ထပ်၍တင်သည်တဲ့။ တည်ဆောက်ရေးတပ်ဖွဲ့ စခန်းတွင် ဒေါ်လင်းယုန် လေ့ကျင့်သင်ကြားထားသည့် စံပြတပ်သားတစ်ဦးအဖြစ် တင်ဘုန်းနွယ် ကိုပါ ထည့်၍ပေးချင်သည်တဲ့။

သို့ကြောင့်လည်း ဗဟိုမှ ကေဒါတစ်ဦး လာမည်ဆိုသော သတင်း ရောက်လာခြင်းပဲ ဖြစ်မည်။ ရဲဘော်မောင်မောင်နှင့်အတူ တင်ဘုန်းနွယ် ပါ ဗဟိုသို့လိုက်ပါသွားလျှင်တော့ စိုးစိုးတို့ အတော်ကြီး သွေ့ခြောက်ကျန် ရစ်မည်ထင်သည်။ အဆန်းတကြယ်ကလေးတွေ မြင်ရကြားရမည် မဟုတ် တော့ပြီလေ။

သူတို့တဲကလေးသည် အတန်ကြာမျှ တိတ်၍နေ၏။ နှစ်ယောက်သားအတွေးကိုယ်စီဖြင့် ငြိမ်၍နေကြပြန်သည်။ ဝဲယာကပ်လျက်ရှိသော များဆီမှ စကားတီးတိုးသံများကို ညိုးညိုးညံညံ ကြားနေရသည်။ အမျိုးသမီးတပ်ဖွဲ့စခန်းတွင် သည်ည အိပ်မပျော်နိုင်ကြပါကလား။

တင်ဘုန်းနွယ်သည် သူ့ကိုယ်သူ မလုံမလဲဖြစ်နေခြင်းများ လျော့ပါး သွားလေ၏။ အိပ်မပျော်ခြင်းအတွက်လည်း ဘာကိုမျှ မငြူစူချင်တော့။ တရုန်းရုန်း အဆော့မပျက်သည့် မျောက်တစ်အုပ်ကိုပင် လျစ်လျူရှုထားလိုက် နိုင်လာသည်။ အရေးကြီးသည်မှာ ပြဿနာ၏ထွက်ပေါက်ကို ရှာနိုင်ဖို့ ပင်တည်း။

တဟင်းဟင်း သက်ပြင်းကျိတ်ချနေသော စိုးစိုးကိုပင် လှည့်၍ အကြံပေးလိုက်သေး၏။

“မိုးလင်းတော့မယ် စိုးစိုးရေ့။ အိပ်ပျော်မှ အားသစ်ဝင်မှာ။ ရင်ခုန်သံကို စိတ်ထဲက ရေတွက်ကြည့်ပါလား။ တစ်ထောင်မပြည့်ခင် အိပ်ပျော်မှာပါ””

>>>>>>>>
အပိုင်း၆ဆက်ရန်