ဖားပြိတ္တာစောင့်သောလယ်

ဖားပြိတ္တာစောင့်သောလယ်(စ/ဆုံး)

——————————————–

ရေးသားသူ…မြူခိုးအလင်္ကာ

မြန်မာပြည်လွတ်လပ်ရေးရပြီးစကာလ။
ပဲခူးရိုးနဲ့မလှမ်းမကမ်းတွင် ဂဝံတောင်ဆိုတဲ့ရွာ ကြီးတစ်ရွာရှိခဲ့့ဖူးပါတယ်။
ရွာသူရွာသားများမှာလယ်ယာကိုင်းကျွန်းလုပ်ငန်းများ
လုပ်ကိုင်ပြီးအသက်မွေးဝမ်းကျောင်းမူပြုကြတယ်။

တစ်ချို့လယ်ပိုင်မရှိသူများက လယ်မြေများစွာပိုင်
ဆိုင်သူများထံလယ်မြေငှါး၍စပါးပေါ်ချိန်ဘယ်ရွေ့၊ဘယ်မျစပါးကိုပေးပါမည်ဟုနူတ်ကတိစာချုပ်ဖြင့်စပါး
ထွက်လာချိန်ရောက်မှသတ်မှတ်အဖိုးအခပေးချေပြီး
လုပ်ကိုင်တတ်ကြတယ်။

ပေးရတဲ့စျေးကအမျိုးမျိုးအဖုံဖုံရှိပါတယ်။
မျိုးအတွက်စပါး၊ ထွန်ယက်စိုက်ပျိုးဖို့နွားကိုပါ
လယ်ပိုင်ရှင်ကထုတ်ပေးရလျင်စျေးတစ်မျိုး၊ မျိုးစပါးနဲ့
နွားကလယ်ငှါးတွင်ရှိပါကတစ်စျေးဖြင့်
လယ်မြေအကြီးအသေးအပေါ်မူတည်ပြီးပေးရပါတယ်။

မိုးရာသီရောက်ခါနီးချိန်မျိုးဆိုရင်တော့ လယ်လုပ်လိုသူများကလယ်ပိုင်ရှင်များထံသူတို့လယ်လုပ်လိုကြောင်းကြိုတင်အသိပေးရတတ်တယ်။

ဦးမောင်ကြီးဆိုတာ ဂဝံတောင် ရွာမှာအချမ်းသာဆုံး
လယ်မြေအများဆုံးလို့ပြောရမယ် ။

မိဘဘိုးဘွားပိုင်လယ်မြေတွေရော သူ့လက်ထက်ကြိုးစားမူကြောင့်တိုးပွားလာတာရောကြောင့်လယ်တွေကလက်
ညိူးထိုးမလွဲဘူး။

ဦးမောင်ကြီးကချမ်းသာပေမယ့်အသောက်အစား
ကင်းတယ်၊အလှူအတန်းရက်ရောသလို၊မရှိတဲ့လူတွေ
အပေါ်စေတနာထားကူညီတတ်တယ်။

လယ်မရှိသူတွေဟာဦးမောင်ကြီးလယ်တွေကိုအလုအယက်သူ့ထက်ငါ လိုချင်တဲ့လယ်ကွက်ရအောင်နွေကတည်းကကြိုငှါး
ထားတတ်ကြတယ်။

ဦးမောင်ကြီးက လယ်သီးစားခကိုလျော့ပေါ့ယူတာအပြင် မျိုးစပါးမရှိသူ၊
နွားမရှိသူတွေကိုလည်းနွားတွေထုတ်ပေးနိူင်တယ်။
နွားတွေဆိုလည်းတအုပ်တမကြီးဦးမောင်ကြီးမှာရှိပြန်တယ် ။

ဒါပေမယ့်… ။
ဦးမောင်ကြီးပိုင်ဆိုင်တဲ့လယ်တွေထဲမှာနှစ်စဉ်ဘယ်သူမှမလုပ်တဲ့လယ်တစ်ကွင်းတော့ရှိတယ်။

ဘာကြောင့်မလုပ်ကြတာလဲအကြောင်းကတော့ရိုးရိုး
လေးပါ တစ္ဆေခြောက်လို့ပါတဲ့။

ဘိုးဘွားတွေလက်ထက်ကတည်းကလုပ်မဲ့သူမရှိတဲ့လယကြီးဟာသူ့လက်ထက်အထိလုပ်ကိုင်သူဦးမောင်ကြီး
ရှာမရဘူး။

မယုံလို့စမ်းလုပ်ကြည့်ကြတယ် ။
တစ်ချို့ကလယ်တဝက်ပြီးခါနီး၊တချို့ကျတပတ်ဆယ်ရက်မကြာပါဘူး
ခွေးပြေးဝက်ပြေးနဲ့ပြေးလာကြပါတယ်။

တဆင့်စကားတဆင့်နားနဲ့အဲဒီလယ်ကြီးဟာ
လုပ်ကိုင်သူမရှိပဲတကယ့်ဖုန်းဆိုးတောကြီးဖြစ်နေတယ်။
ခုနှစ်လည်းမိုးကျခါနီးလာတော့ တစ်ခြားလယ်ငှါးတွေ
နွားတွေ၊မျိုးစပါးတွေအကုန်လာထုတ်သွားကြပြီမို့ဦးမောင်ကြီးလည်း ဘယ်လယ်ကဘယ်သူလုပ်၊ဒီလယ်ကဘယ်သူတယ်။ ထုတ်ပေးရတဲ့
နွားစာရင်းစပါးစာရင်းကို ခဲတံတိုတစ်ချောင်းနဲ့သူစာရင်း
စာအုပ်ထဲမှတ်နေချိန်မှာ…

”..ဝေး…မောင်ကြီး….မောင်ကြီး….”

”…ဟေ..သာဂေါင်…လာလေ..နောက်ကရော
ဘယ်သူတွေလဲ….”

ခြံဝမှရပ်၍ခေါ်နေသူမှာ
တစ်ဖက်ရွာမှဦးမောင်ကြီးသူငယ်ချင်းသာဂေါင်ဖြစ်ပြီး
သူ့နောက်တွင်အထုတ်အပိုးကိုယ်စီပိုက်၍အဝတ်အစား
ညစ်နွမ်းနွမ်းယောက်ကျားတစ်ယောက်မိန်းမတစ်ယောက်မှာဆယ်နှစ်ခန့်အရွယ်ခလေးတစ်ယောက်နဲ့
ငါးနှစ်ခြောက်နှစ်အရွယ်ခလေးတစ်ယောက်ကိုလက်ဆွဲ၍လာနေကြတာဖြစ်ပါတယ်။
ခလေးနှစ်ယောက်ဟာလည်းအဝတ်အစားအနွမ်းလေးများနဲ့ကြောင်ချေးရုပ်ကလေးများဖြစ်နေတယ်။

သာဂေါင်က ဦးမောင်ကြီးထိုင်ရာကွပ်ပစ်တွင်ဝင်ထိုင်လိုက်ချိန် မိသားစုဖြစ်ပုံရသော ထိုလေးယောက်မှာလည်း
အထုတ်အပိုးများမြေပေါ်ချလျက်စုရပ်နေကြတယ်..။

”..ဆို..သာဂေါင်..လာရင်းကိစ္စ သူတို့တွေကရော..
ဘယ်သူတွေလဲ…”

”ငါလာတာအဲ ဒီကိစ္စအတွက်ပဲ မောင်ကြီး…၊ မင်းမှာ
ငှါးစရာလယ်ကျန်သေးလား..သူတို့ကငါမိန်းမဖက်ကအမျိုးတွေ အခြေအနေကမင်းမြင်တဲ့အတိုင်းပဲ ကူညီလို့ရရင်ကူညီပေးပါကွာ…”

”…ဟာ…အဲတာမှအခက်ပဲ သာဂေါင် ငါလယ်ငှါးလူပြည့်သွားပြီ…”

”..မင်းကိုအားကိုးပြီးအထုတ်အပိုးပြင်ပြီးတစ်ခါတည်း
လာခိုင်းမိတာ… ဟူး…ခုတော့..”

ဦးမောင်ကြီးစကားကြောင့်သာဂေါင်စိတ်ပျက်လက်ပျက်ရေရွတ်လိုက်ခြင်းနဲ့အတူ။ မျော်လင့်ချက်ဖြင့်
ပြောစကားနားစွင့်နေကြသောလင်မယားနှစ်ယောက်
မျက်နှာများညိူးကျကုန်တော့တယ်..။

”…မင်းမှာတောင်မရှိမှတော့ တစ်ခြားဘယ်မှာရှိတော့မှာလဲ သူတို့ကလည်းအတော်
ကြပ်တည်းနေတာကွ ကူညီလို့ရရင်ကူညီစမ်းပါကွာ..”

”…လယ်ကြီးတစ်ကွင်းတော့ရှိတယ် သာဂေါင်..ဒါပေမယ့် ဘယ်သူမှမလုပ်ရဲလို့ပစ်ထားကြတာမြေရိုင်းဖြစ်နေပြီ..”

”..ဟုတ်လား အဲတာကိစ္စမရှိဘူး မောင်ကြီး အဓိက
လယ်လုပ်ရမှသူတို့စားဝတ်နေရေးပြေလည်မှာလေ…”

”…ငါမပြောပဲငှါးရင်ငါ့အပစ်ဖြစ်မှာမို့ကြိုတော့ပြောပြစရာရှိတယ် အဲဒီလယ်ကအခြောက်အလှန့်ကြမ်းလို့ဘယ်သူမှလယ်အပြီးမလုပ်နိူင်ဘူး… မင်းလူကော သရဲတစ္ဆေကြောက်တတ်လားမေးကြည့်ပါအုံး….”

”…ခင်မောင်မင်းကြားတဲ့အတိုင်းပဲ ဘယ်လိုသဘောရလဲ… ”

”..ဟာ..ဘာမလုပ်ရဲစရာရှိပါ့မလဲ…လုပ်မယ်…”

”..ကဲ..လုပ်မယ်တဲ့မောင်ကြီးရေ မင်းပဲကျန်တာကြည့်စီမံတော့…”

သာဂေါင်မှာအလုပ်မရလျင်သူတင်ကျွေးထားရမည့်အရေးမို့ ဦးမောင်ကြီးလက်သို့ လင်မယားနှစ်ယောက်အပ်၍ခနတဖြုတ်စကားဆိုနူတ်ဆက်၍ရွာပြန်တော့သည်။

”..ဒါနဲ့မင်းနာမည် ခင်မောင် မင်းမိန်းမနာမည်က…”

” လှခင်ပါ…ခင်ဗျ….”

”…အေး…မင်းတို့ကအဝတ်တထည်ကိုယ်တစ်ခုနဲ့လာတာဆိုတော့ လယ်အတွက်လိုအပ်တဲ့ အသုံးအဆောင် မိုးတွင်းစားသောက်ဖို့အတွက်ပါ
ငါထုတ်ပေးမယ် ……”

”…ကျေးဇူးကြီးလှပါတယ် ဦးမင်း… ”

လင်မယားနှစ်ယောက်မှာယခုမှပင်ပြုံးနိူင်ပါတော့တယ်။
ဦးမောင်ကြီးမှာလည်းသူလယ်ရိုင်းမြေကိုလုပ်သူရှိလာချိန်အကယ်၍အဆင်ပြေသွားပါက နောက်နောင်ဆိုလျင်အကျိုးရှိမည့်ရှေးရေးကိုလည်း
မျော်တွေးထားတာမို့ လိုအပ်တာအားလုံးကူညီဖို့တွေး
ထားတယ်။
ခင်မောင်တို့လင်မယားကိုသူ့အိမ်မှာပင်ညစာကျွေးမွေး၍တစ်ညအိပ်ခိုင်းလိုက်တယ်။

နောက်တနေ့မှာတော့ရွာကသူလူရင်းတွေခေါ်ပြီး
ခင်မောင်တို့လင်မယား သူလယ်ကိုလုပ်ကိုင်မှာမို့
အားလုံးလိုအပ်တာဝိုင်းကူဖို့ပြောလိုက်တော့ကြား
လိုက်ရတဲ့ရွာသားတွေထိတ်လန့်ကုန်တော့တယ်။

တနယ်တကျေးကလာတာမို့အကြောင်းမသိတာမို့
ဒုက္ခတွေ့တော့မှာပဲဝိုင်းသနားနေကြတယ်။

ဦးမောင်ကြီးအစီအမံနဲ့ လယ်အနီးတောင်ကုန်းပေါ်ကမြေနေရာတစ်ခုကိုရှင်းလင်းပြီးတဲကြီးတစ်လုံးဆောက်စေတယ်။

နွားတင်းကုတ်တစ်ခုကိုလည်းတဲနဲ့မလှမ်းမကမ်းမှာ
ဆောက်ကြတယ် လူအင်အားများတော့နေ့လည်ပိုင်း
လောက်မှာပဲတဲကဆောက်ပြီးသွားတော့တယ်။

တဆက်တည်းမျိုးစပါးတွေထွန်တုံးထမ်းပိုးတွေ
အိုးခွက်ပုဂံတွေကို ရွာသားတွေကိုသယ်ခိုင်းပြန်တယ်။

ယခုလိုမိုးမကျမှီကာလမှာလယ်နဲ့ရွာကနှစ်နာရီမျလျောက်ရသော်လည်းမိုးတွင်းဆိုပါကကွေ့ပတ်
လျောက်ရသောကြောင့်အချိန်ကြာတတ်ပါတယ်။

ဒီလိုနဲ့စားနပ်ရိက္ခာတွေစုံလင်ချိန်မှာတော့ ခင်မောင်တို့လည်းညနေစောင်းမှာပဲမိသားစုတွေတဲ
အသစ်ဆီပြောင်းလာခဲ့ကြပါတော့တယ်။

ရွာသားတွေကတော့ခင်မောင်တို့ကိုကြည့်ပြီး
တစ်ယောက်တစ်ပေါက်ပြေဆိုကျန်နေရစ်ခဲ့ကြတော့တယ်။
ဘယ်နေ့များရွာကိုပြေးလာကြမလဲ ဘယ်လိုကြောက်လန့်စရာတွေကြုံရမလဲစိတ်ကူးနဲ့ထင်ရာပြောနေကြတာပေါ့။

ညနေစောင်းခင်မောင်မိန်းမက တဲအတွင်းချက်ပြုတ်နေချိန်ခလေးနှစ်ယောက်ကတော့
တဲဘေးပတ်လည်မှာဆော့နေကြချိန် ခင်မောင်ကတော့တဲတောင်ကုန်းထိပ်ကစီးမိုးမြင်နေရတဲ့လယ်ကွင်းကြီးကိုကြည့်ပြီးစိတ်ကူးတွေနဲ့အတွေးနယ်ချဲ့နေ
မိတယ် ။
ယခုတစ်နှစ်လုပ်၍ကြွေးမြီများကင်းရှင်းလျင်
နောက်တစ်နှစ်လယ်ထပ်လုပ်၍
သားနှစ်ယောက်ကိုရှင်ပြုပေးမယ်စိတ်ကူးယဉ်နေမိတယ်။
သားနှစ်ယောက်ကလည်းယခုဆိုရှင်ပြုရမယ့်
အရွယ်တွေတောင်ရောက်နေသော်လည်းးစားဖို့တောင်
ရုန်းကန်နေကြရသည်မို့ထိုအရေးဖက်မတွေးနိူင်ခဲ့ပေ။

လယ်ပုံစံအနေအထားက တစ်ခြားလယ်များနဲ့အလှမ်း
ဝေး၍သစ်ပင်တောအုပ်များဘေးပတ်ချလည်တွင်အုပ်ဆိုင်းပေါက်လျက်သီးခြားအသွင်ရှိနေသလို ပေါင်းပင်များ၊ တောစပ်လယ်မြေကွက်များမှသစ်ပင်များမှာလယ်ကွက်
များကိုအုပ်မိုး၍ပေါက်ရောက်နေပါတယ်။

ညစာစားသောက်ပြီးမိသားစု၊ခနတဖြုတ်ညစာစားပြီး
အိပ်ယာဝင်ခဲ့ကြတယ်။

ထိုညကဘာအနှောင့်အယှက်မှမတွေ့ရပဲတစ်ညတာကုန်ဆုံးပြီးနောက်နေ့ရောက်တဲ့အခါ လှခင်မှာထမင်း
စောစောထချက်၍မနက်စားသောက်ကြပြီးသောအခါ
လင်မယားနှစ်ယောက်လယ်ထဲဆင်းခဲ့ကြတော့့တယ်။

မိုးကတကြိမ်နှစ်ကြိမ်သာရွာသေးပြီးမိုးမမှန်သေးတာ
ကြောင့်ယခုအခ်ျိန်တွင်လိုအပ်သည်များကြိုတင်ပြင်ဆင်ထားရန်အတွက်ပင်။

လယ်ကွက်ထဲပေါက်နေတဲ့သစ်ပင်ငယ်တစ်ချို့ကိုဇနီး
ဖြစ်သူကို ခုတ်စေပြီး ခင်မောင်ကလယ်ကွက်တွင်းမိုးနေသောသစ်ကိုင်းကြီးများကိုချနေတယ် သစ်ရိပ်မိုးသောစပါးမှာသီးဆန်မပြည့်သောကြောင့်
လယ်ကွက်တွင်အမိုးခံထား၍မရသောကြောင့်ဖြစ်ပါတယ်။

သားနှစ်ယောက်မှာမူတဲအနီးတွင်ဆော့ကစားလျက်
ရှိနေကြပါတော့တယ်။

အဲဒီအချိန်မှာပဲတဲတောင်ကုန်းတောစပ်မှလူတစ်
ယောက်ထွက်လာပြီးဆော့ကစားနေတဲ့ ညီအစ်ကိုရှိ
ရာလျောက်လာတယ် ။

လူပုံစံကကြည့်ရအတော်ဆိုးပါတယ်
မျက်လုံးပြူးပြူးပါးစပ်ပြဲပြဲ နှာခေါင်းတိုလန်လန်

လည်ပင်းကရှိတယ်မထင်ရအောင်ပျောက်နေရော

လက်ပြင်ကိုင်းကိုင်း ခြေကလမ်းလျောက်ရင်ဘဲသွား

နေသလိုမျိုးသွားပြီး အရပ်ကခလေးသာသာအရပ်မျ
ရှိတယ်။

အသားအရေကမဲပြီး အကွက်တွေထနေတာ

အောင်ပိုင်းမှာဒူးဆစ်လောက်ရောက်မယ့်
နံငယ်ပိုင်းတထည်ဝတ်ထားတယ်။

အပေါ်ပိုင်းကိုဘာမှမဝတ်ထားတော့

စူထွက်နေတဲ့ဗိုက်က ပူစီပေါင်းကိုရေထည့်ပြီး

လွဲယမ်းနေသလိုမျိုး ခြုံပြောရရင် ရုတ်တရက်မြင်ရင်

ဖားပြုတ်ကြီးလမ်းထလျောက်နေသလိုမျိုးပါပဲ…။

…ဟေ့…ကောင်လေးတွေ…

…ဟာ…အောင်မလေးဗျ….

…အား…ဘီလူးကြီး…..

ကောင်လေးနှစ်ယောက်မှာရုတ်တရက်စူးအက်အက်အသံနဲ့အတူ၊ကြောက်စရာအသွင်ရှိသောထိုလူကိုတွေ့လိုက်ရသော
ကြောင့်လန့်ဖျတ်အော်မိကြတယ်..။

..ဟဲ…ဟဲ…ဟဲ…ဟဲ….ဟဲ…

..မကြောက်ကြပါနဲ့ မင်းတို့နှစ်ယောက်တည်းဆော့နေကြတာမပျင်းကြဘူးလား မင်းတို့အရွယ်ကောင်လေးတွေ ဒီနားမှာအများ
ကြီးရှိတယ်..ဆော့စရာတွေကလည်းစုံမှစုံ ဆော့ချင်ရင်ငါနဲ့လိုက်ခဲ့ပါလား…

အကောင်ကြီးမှာရယ်သံပြုလိုက်ရာဖားအော်သံနဲ့ပင်ဆင်နေပါတယ်။
ပြီးတော့ကောင်လေးတွေကိုသူနဲ့လိုက်ဖို့ပြောနေပါတယ်။

…ဟင့်အင်း မလိုက်ဘူး..မလိုက်ဘူး…

..ကိုကို သားကြောက်တယ်..အီး…ဟီး……

အငယ်ကောင်လေးမှာကြောက်ကာသူ့အကိုအား
ဖက်၍ငိုပင်ငိုနေတော့တယ်။

..ဒီမှာကြည့် ဒီလိုဟာလေးတွေမလိုချင်ဘူးလား….

နောက်ကိုပစ်ထားတဲ့လက်ကိုရှေ့ဖြန့်ထုတ်လိုက်တော့
ဖားပြုတ်လိုကောင်ကြီးလက်ထဲမှာ သစ်သားနဲ့ထုထားတဲ့လှပတဲ့မင်းသားရုပ်ကလေးတစ်ရုပ်၊မင်းသမီးရုပ်ကလေးတစ်ရုပ်ပါလာတယ်။

အရွယ်အစားကတထွာကျော်ကျော်လောက်ပေမယ့်
အရုပ်ကလေးတွေကတအားလှတာမို့ ခလေးနှစ်ယောက်အကြောင်သားငေးကြည့်နေကြတာ
အငယ်ကောင်လေးက အငိုတောင်တိတ်သွားပါတယ်။

ဖားပြုတ်လိုကောင်ကြီးကအရုပ်ကလေးတွေကို
ခလေးတွေစိတ်ဝင်စားမှန်းသိတော့ လက်ကို
ဘယ်ညာယိမ်းပြနေတာကောင်လေးနှစ်ယောက်
သူ့လက်ရှိရာလိုက်ကြည့်နေတော့စိတ်ဝင်စားနေမှန်း
သိတာနဲ့….

..မင်းတို့ဒီအရုပ်တွေလိုချင်လား….

…အင်း…

..လိုချင်တယ်…

..ဒါဆိုငါနဲ့ လိုက်ခဲ့ရမယ်…

ခလေးနှစ်ယောက်မှာအရုပ်ကိုလိုချင်သော်လည်းကြောက်စရာကောင်ကြီးနောက်လိုက်ရမည့်အရေးမို့
ခေါင်းခါမိကြတော့တယ်…။

..ဟေ့…သားတို့ ဘာလုပ်နေကြတာလဲ….

ဒီအချိန်မှာရေဘူးရေကုန်၍ရေလာဖြည့်သော လှခင်တစ်ယောက်သားနှစ်ယောက်ကိုလှမ်းမေး
သံထွက်ပေါ်လာတယ်။
ခလေးနှစ်ယောက်မှာမိခင်သံကြောင့်အားတက်သွားပြီး
နောက်သို့သုတ်ခနဲလှည့်၍မိခင်ထံပြေးကြပါတော့တယ်။

..အမေ..အမေ…

…ဟေ့..ဟေ့…မျက်ရည်တွေနဲ့ဘာဖြစ်လာကြတာလဲ..

မလှခင်တစ်ယောက်မျက်ရည်အရွဲသားနဲ့ပြေးလာကြတဲ့
သားနှစ်ယောက်ကိုကြည့်ပြီးရင်ထိတ်သွားမိတယ်။

…အမေ ကြောက်စရာလူကြီးတစ်ယောက်သားတို့ကို
သူတို့နဲ့လိုက်ဖို့လာခေါ်တယ်…

…ဟင် ဘယ်မှာလဲ နင်တို့ပြောတဲ့လူ ငါလည်းမတွေ့ပါလား…

…ဟိုမှာအမေ ဟင် ဘယ်ရောက်သွားပြီလဲ…

..သားတို့မလိမ်ဘူးအမေ တကယ်ပဲအစောနက
အဲနေရာမှာလူကြီးတစ်ယောက်တွေ့တာ…

…လာ..လာ….တဲထဲလာကြ…..

ခလေးနှစ်ယောက်လှမ်းပြသောနေရာကိုမလှခင်
လှမ်းကြည့်ဘယ်သူမှရှိမပေ။
သားနှစ်ယောက်ကလည်းသေချာကြောင်းပြောနေ
သောကြောင့်မလှခင်မှာစိုးရိမ်သွားပြီးသားနှစ်ယောက်
ကိုတဲအတွင်းခေါ်ပြီးသူတို့ကြုံသမျမေးကြည့်နေမိတယ်။
သားနှစ်ယောက်စကားကြားရပြီးချိန်မလှခင်မျက်လုံးပြူးသွားတယ်။
ဒါကြောင့်ယောက်ကျားဖြစ်မောင်ကိုလှမ်းအော်ခေါ်ပြီး
သားနှစ်ယောက်ကြုံရသမျတဆင့်ပြန်ပြောပြနေမ်တယ်။
ခင်မောင်မှာပုံမှန်မဟုတ်သောအခြေအနေကြောင့်
ရင်ထိတ်သွားမိတယ်။
သားတွေကိုနောက်လည်းဘယ်သူလာခေါ်ခေါ်မလိုက်ရန်အဝေးအလံမသွားရန်မှာစိုးရိမ်စွာမှာကြားနေမိတယ်။
သားနှစ်ယောက်မကြားလောက်တဲ့နေရာမှာလင်မယား
နှစ်ကိုယ်ကြားတိုင်ပင်မိကြတယ်။

”..ဘယ်လိုလုပ်ကြမလဲ ကိုခင်မောင်ရောက်တာမှ
မကြာသေးဘူး မူမမှန်တာကြုံနေရပြီ…ကျုပ်တို့ချည်း
ပဲဆိုကိစ္စမရှိဘူး ခုခလေးတွေအတွက်ပါအန္တရယ်ရှိလာ
ပြီဘယ်လိုလုပ်ကြမလဲ… ”

”..ငါတို့မှာရွေးချယ်စရာမှမရှိတာမိန်းမရာ
ဒါပေမယ့် အဲလောက်တော့စိတ်ပူမနေပါနဲ့
ငါတစ်ယောက်လုံးရှိပါတယ် ငါဘာလုပ်ရ
မလဲကြံပါ့မယ်…”

သားသမီးများအတွက်စိတ်ပူနေသောမလှခင်ကို
ချော့မော့နှစ်သိမ့်ရင်း ခင်မောင်တစ်ယောက်ဘာ
ဆက်လုပ်မလဲအကြံအိုက်စွာအလုပ်ပင်ဆက်မလုပ်
နိူင်ပဲဆေးပေါ့လိပ်ကိုမီးခိုးတထောင်းထောင်းထအောင်
ဖွာရိူက်လိုက်၊သူ့ကိုင်းခုတ်ဓားရှည်ကြီးကိုဓားသွေးကျောက်ပေါ်တင်သွေးလိုက်ဖြင့်ရှိနေပါတယ်။

ညနေစောင်းလေးနာရီခန့်ရောက်သောအခါ။

” မိန်းမရေ ဆန်နှစ်သုံးပြည်လောက်ချက်ထားကွာ
ငါရွာထဲခဏသွားအုံးမယ်….”

”..တော်ကလည်းဆန်တွေအများကြီးချက်ပြီးဘာလုပ်
မလို့လဲ..”

”..ငါပြန်လာရင်ပြောပြမယ်ကွာ ချက်သာချက်ထားစမ်းပါ..ခလေးတွေဂရုစိုက်
ငါမမှောင်ခင်ပြန်လာမယ်….”

ဆန်များသုံးလေးပြည်ချက်ခိုင်းနေသောခင်မောင်ကို
မခင်လှကနားမလည်နိူင်စွာမေးနေမိတယ်။
ဘာအကြောင်းမှန်းမသိပေမယ့် ယောက်ကျားဖြစ်သူအကြောင်းတခုခုကြောင့်သာချက်
ခိုင်းခြင်းဖြစ်ရမည်တွေး၍ဆက်မေးမနေတော့ပဲ
ချက်ပြုတ်ရန်ပြင်ဆင်နေချိန်ခင်မောင်တစ်ယောက်
ရွာသို့ခြေလှမ်းကျဲကြီးတွေနဲ့ထွက်ခွာလာခဲ့တယ်…။

ခင်မောင်မှာ ဦးမောင်ကြီးအိမ်သို့ဦးတည်သွားရင်းအိမ်မှာဦးမောင်ကြီးကိုတွေ့ရတာကြောင့်သူသားတွေကြုံရသမျအကျိုး
အကြောင်းပြောပြလိုက်တယ်။

ခင်မောင်စကားကြောင့်ဦးမောင်ကြီးမျက်လုံးပြူးသွားမိတယ် စိုးလည်းစိုးရိမ်သွားတယ်။

”…မင်းတို့လယ်ဆက်မလုပ်ရင်လည်း ရတယ်နော်
ခင်မောင် ငါကိုဘာမှအားနာစရာမလိုဘူး..
ငါအခုလုပ်ပေးထားတာတွေ ခေါင်းထဲမထည့်နဲ့.
ခုပြန်လာချင်ပြန်လာကြလို့ရတယ် ငါတကယ်သဘော
ရိုးနဲ့ပြောတာ…”

” ..ကျွန်တော်ကြောက်လို့လယ်ပြန်လာအပ်တာ
မဟုတ်ပါဘူး..ဦးမင်းဆီက အကူအညီတစ်ခုတောင်း
စရာရွိလို့ပါ……”

”..အေး..ပြောခင်မောင်ငါဘာအကူညီပေးရမလဲ…”

”ကျွန်တော်ကိုကြက်နှစ်ကောင်လောက်နဲ့ပိုက်ဆံနည်းနည်းလောက်အကူအညီပေးပါ…ကျွန်တော်စီစဉ်စရာ
ရွိလို့ပါ..”

”အေး…အဲလောက်တော့… ငါကူညီနိူင်ပါတယ်..
ပိုက်ဆံကဘယ်လောက်လိုလဲ ကြက်ကတော့ ခြံထဲက
မင်းကြိုက်တဲ့နှစ်ကောင်ဖမ်းသွား…”

ခင်မောင်မှာလိုအပ်သောပိုက်ဆံနဲ့ကြက်နှစ်ကောင်ရသောအခါ ကြက်နှစ်ကောင်ကိုပွေ့၍ရွာထိပ်အရက်ဆိုင်သို့ဝင်၍
တောအရက်တစ်ပိုင်းမှာသောက်ကာ သုံးလုံးကို
ပါဆယ်ဆွဲ၍ သူ့လယ်တဲသို့ပြန်လာခဲ့တော့တယ်။

ခင်မောင်လယ်တဲပြန်ရောက်တော့ ငါးနာရီခွဲလောက်ရှိနေပြီ
လှခင်မှာထမင်းအိုးမဆန့်တာမို့တအိုးချက်
ပြီးနပ်သွားတဲ့ထမင်းကို ဇလားတစ်ခုတွင်သွန်နောက်
တစ်အိုးချက်ဖြင့်ရှိနေပါတယ်…။

ခင်မောင်လည်းတဲရောက်တာနဲ့ကြက်နှစ်ကောင်ကိုသတ်အမွေးနူတ်ရေနွေးဖျောလျက်ရှိနေပါတယ်..။

”…ထမင်းကျက်ပြီလား လှခင်…ခလေးတွေကောစားပြီးကြပြီလား…”

”..ကလေးတွေနဲ့ကျုပ်စားပြီးသွားပြီတော်မှာတဲ့
ထမင်းချက်နေတာ..ကြက်နှစ်ကောင်နဲ့ ထမင်းတွေကရောဘာလုပ်မလို့လဲ…”

”ထမင်းတွေကိုဇလားထဲအကုန်စုထည့်ကွာ
ခလေးတွေနဲ့မင်းတဲထဲမှာပဲနေနော်..ဘာသံကြားကြား
ထွက်မကြည့်ကြနဲ့…”

”..တော်..ဘာတွေလုပ်မလို့လဲ.. မထိတ်သာမလန့်သာရှိလိုက်တာ..”

”..ငါမိသားစုဘေးကင်းဖို့ခုကတည်းကလုပ်စရာ
ရှိတာအကုန်လုပ်ထားရမယ်.. စိတ်မပူပါနဲ့နောက်ကျ
ငါအကုန်ပြောပြပါမယ်…”

ခင်မောင်မှာ ထမင်းဇလားတွင်ကြက်နှစ်ကောင်ကိုထည့်၊အရက်ပုလင်းအိတ်နဲ့ဓားရှည်ကိုလက်တစ်ဖက်မှကိုင်၍လယ်ကွင်းပြင်တောစပ်သို့ဆင်းသွားရာကြည့်ရင်း ဇနီးဖြစ်သူလှခင်တစ်ယောက်စိုးရိမ်စိတ်ဖြင့်ရှိနေပါတယ်..။

ခင်မောင်က မသောက်လျင်တကယ့်လူကောင်းပြောချင်ရာပြောစိတ်မဆိုးတတ်သူတစ်ယောက်ဖြစ်သော်လည်း သောက်စားလာပါကလက်မြန်ခြေမြန်ဖြင့်ရန်ဖြစ်တတ်သောခင်ပွန်းဖြစ်သူအကြောင်းသူမအသိဆုံး။

ယခုလည်းဆန်သုံးပြည်ချက်၊ကြက်နှစ်ကောင်၊အရက်အပြင်နေ့လည်ကတနေကုန်သွေးနေသော
ကိုင်းခုတ်ဓားကိုပါယူသွားခြင်းကြောင့် စိုးရိမ်စိတ်
ဝင်နေမိခြင်းဖြစ်ပါတယ်။

တခြမ်းပဲ့လကလေးဟာသူ့အလင်းရောင်ကိုတတ်
နိူင်သမျအလင်းပေးလျက်ရှိနေပါတယ်..။

ခင်မောင်တစ်ယောက်နေ့လည်ကဖားပြုတ်လိုအကောင်ထွက်လာရာတောစပ်လယ်ကွင်းမှာပါလာတဲ့
ထမင်းတောင်းကိုချရင်း ပတ်ဝန်းကျင်ကိုကိုကျီးကန်း
တောင်းမှောက်ကြည့်လိုက်တယ်။

…ဗျို့…ဒီနေရာမှာနေတဲ့ မိတ်ဆွေကြီး..ကျုပ်ကခုမှ
ရောက်လာတာဆိုတော့ မိတ်ဖြစ်ဆွေဖြစ် ကျုပ်တည်
ခင်းတဲ့ အရက်နဲ့ထမင်းကိုလာစားသောက်ဖို့ဖိတ်ခေါ်ပါတယ်….

ခင်မောင်မှာသွေးပိုရဲလာစေရန်အရက်တစ်ပုလင်းကို တဝက်မျမနားတမ်းမော့ချလိုက်တယ်..။

နဂိုကြောက်စိတ်နည်းတဲ့အပြင် အရက်ကြောင့်မိုက်သွေးကြွလာတယ်..။

ခင်မောင်မှာ စားသောက်ရန်ဖိတ်ခေါ်အပြီးလရောင်အလင်းမှိန်မှိန်ဖြင့်ပတ်ဝန်းကျင်ကိုလိုက်ကြည့်နေသော်လည်းအခြေ
အနေမထူးခြား၊ငြိမ်သက်လျက်ရှိနေသောကြောင့်ကြက်
ပေါင်တချောင်းကိုဖဲ့၍တစ်ကိုက်ဖဲ့ဝါးလိုက်ရင်းမှ
နောက်တကြိမ်…

..ကောင်းလိုက်တဲ့ကြက်သား ချိုချက်.အရက်ကလည်းမီးတောက်လည်ချောင်းထဲ
ပူဆင်းသွားတာပဲ လာဗျို့.. မလာရင် ကျုပ်ပြန်တော့
မှာနော်….

ခင်မောင်မှာနောက်တကြိမ်ဖိတ်ခေါ်ပြီးပတ်ဝန်းကျင်ကို
အကဲခတ်နေမိတယ်…။

ယခုတကြိမ်ခင်မောင်ဖိတ်ခေါ်အပြီးလရောင်မကျရောက်သောတောစပ်အမှောင်တွင်းမှလူပ်ရှားမူတစ်ခု
တွေ့လိုက်ရတာကြောင့်ခင်မောင် သေချာဂရုစိုက်
ကြည့်နေမိတယ်…။

ခလေးအရပ်သာသာမဲမဲပုကွကွအကောင်တစ်ကောင်
ဘဲလျောက်သလိုလျောက်ရင်းသူရှိရာလာနေခြင်းကြောင့် ခင်မောင်သောက်လက်စပုလင်းနဲ့ ဓားရှည်ကို
ကိုင်ကာနောက်သို့အနည်းငယ်ဆုတ်လိုက်တယ်။

လျာရှည်ကြီးများကိုပြူတစ်ပြူတစ်ထုတ်ရင်းသူ့ပုံစံက
ရေထည့်ထားသလိုပူစီဖောင်းဝမ်းဗိုက်ကြီးများက
ဘယ်ညာယိမ်းလျက်ရှိနေပါတယ် ယခုပုံစံကနေ့လည်ကလိုလူသာမာန်ပုံစံမဟုတ်ပဲ
စပါးထည့်ပုတ်တောင်းအရွယ်အစားဖြစ်နေတယ် ။

ထမင်းထည့်ထားထားရာဇလားကြီးအနီးရောက်သောအခါ လရောင်အောက်တွင်အရောင်ထွက်နေသော
မျက်လုံးကြီးများဖြင့် ခင်မောင်ရှိရာလှမ်းကြည့်လာတာ
ကြောင့်မကြောက်ရွံ့တတ်သောခင်မောင်ပင်လူသားနဲ့
ပရလောကသားဟူသောစိတ်ကြောင့်ကျောထဲစိမ့်ခနဲ
ဖြစ်သွားမိတယ်…။

…စားဗျို့..ခင်ဗျား စားဖို့ယူလာတာတွေ ှုအရက်လည်းသောက်…

…အေး..မစား..မသောက်ရတာကြာပြီ
စားမယ်…ဟီ….ဟီ…

…ဂျွတ်…ဂျွတ်…ဂျွတ်…..

….ဂွပ်….ဂွပ်….ဂလု…ဂလု…ဂလု…

..ပျပ်….ပျပ်….ပျပ်….ပျပ်……

ခင်မောင်စကားပင်မဆုံးလိုက် ဖားပြုတ်ပုံကောင်ကြီးမှာ ထမင်းဇလားအနီးဆောင့်
ကြောင့်ထိုင်၍ ကြက်တစ်ကောင်ကိုဆွဲကိုင်၍အငမ်း
မရစားနေပါတော့တယ်။
ပါးစပ်ဟလိုက်ရာနားရွက်တက်ချိတ်မတတ်ကျယ်သွားသောပါးစပ်ကြီးမှ သွားချောင်းကြီးများဖြင့်ကြက်ကိုကိုက်
ချလိုက်ပါးစပ်အတွင်းမဆန့်မပြဲဝါးလိုက်ဖြင့်အရိုးပါ
မချန်ပဲဝါးစားနေတာ ကြက်တစ်ကောင်ကိုတစ်မိလောက်ပဲကြာပါမယ်..။

ကြက်နှစ်ကောင်ကုန်သွားတော့ အရက်တစ်လုံးကိုတကျိုက်တည်းမော့ချလိုက်တာ
နှစ်ကျိုက်အတွင်းအရက်နှစ်လုံးကုန်သွားပြန်တယ်။

ပြီးမှဇလားထဲခေါင်းငုံပြီး လက်နှစ်ဖက်နဲ့ပါးစပ်ထဲထမင်းကိုယက်သွင်းရင်း
ပါးစောင်အပြည့်ထမင်းထည့်ပြီးတပျပ်ပျပ်ဝါးစားနေပါတော့တယ် ။

ခင်မောင်မှာထိုကြောက်စရာမကောင်းဆိုးဝါးကြီးစား
သောက်နေခြင်းကိုကြည့်ပြီးအနည်းငယ်စိုးရွံ့စိတ်ဝင်သွားမိတယ်…။

လက်ကျန်အရက်ကိုအကုန်မော့၊ကိုင်းခုတ်ဓားရှည်ကိုလက်နှစ်ဖက်က. တင်းတင်းဆုတ်ပြီးရှေ့မတိုးရဲအောင်ရှိနေတယ်။

ထမင်းဆန်သုံးပြည်ချက်ကသုံးလေးငါးမိနစ်အတွင်း
ကုန်တော့မည်မို့ ခုချိန်မသွားရင်မဖြစ်သောကြောင့်
စိတ်အားတင်းလိုက်ပြီး ထိုကောင်ကြီးနားတရွေ့ရွေ့
တိုးကပ်လာခဲ့တော့တယ်…။

စားသောက်နေသောဖားပြုတ်လိုအကောင်ကြီးအနီး
ဓားတကမ်းအကွာအရော လက်နှစ်ဖြင့်ဓားကိုစုံကိုင်ပြီး
ရှိသမျအားကုန်သုံးပြီးခေါင်းငုံနေသောထိုကောင်ကြီး
ခေါင်းနေရာခုတ်ချလိုက်ပါတော့တယ်…။

….ဝှီး….

…ဒုတ်….

….အြီး…အြီး……

….ဖုန်း…..

….ဝုန်း….

ခင်မောင်ဓားခုတ်ချချိန်တွင် ဖားပြုတ်ပုံစံကောင်ကြီးမှာခေါင်းမော့လာ
သောကြောင့်ခင်မောင်ဓားခုတ်ချက်က ခေါင်း
တည့်တည့်ကိုထိမှန်သွားရာစေးပျစ်ပျစ်အရည်များ
ပန်းထွက်လာရာခင်မောင်တစ်ကိုယ်လုံးပေပွ
သွားတော့တယ်..။

ဖားပြုတ်ပုံစံအကောင်ကြီးမှာနာကျင်စွာဖြင့်အော်
လိုက်သံကတိတ်ဆိတ်တဲ့ညကိုဖုံးလွမ်းသွားတော့
တယ်..။

နာကျင်မူကြောင့်ရုန်းကန်ထွက်ပြေးရာဓားရိုးကိုင်ထား
သောခင်မောင်ကိုဆောင့်တွန်းထားခဲ့သောကြောင့်
ခင်မောင်တစ်ယောက် လက်မှဓားရိုးလွတ်သွားပြီး
နောက်ပြန်လန်လဲကျသွားတော့တယ်… ။

ခင်မောင်လည်းလဲကျနေရာမှကမန်းကတန်းထပြီး
ဖားပြုတ်လိုကောင်ကြီးကိုကြည့်လိုက်ရာခေါင်းမှာ
ဓားတန်းလန်းနဲ့ယက်ကန်ယက်ကန်ဖြင့်တောစပ်ကို
ဝင်ပြေးသွားတာတွေ့လိုက်ရတော့တယ်…။

”…ကိုခင်မောင်… အော်သံကြီးတစ်ခုကြားလိုက်ရ
လို့..တော်.အတွက်စိုးရိမ်နေတာ …ဟင်….
တစ်ကိုယ်လုံးလည်းအရိအချွဲတွေကပ်နေပါလား.
ဘာတွေဖြစ်နေတာလဲ….”

”…ရေမိုးချိုးပြီးထမင်းစားမယ် ထမင်းခူးထားကွာ
ငါရေချိုးလိုက်မယ်.. ပြီးရင်အကြောင်းစုံရှင်းပြမယ်..”

တဲသို့ခင်မောင်ပြန်ရောက်ချိန်တစ်ကိုယ်လုံးအစိမ်းရောင်အရိအရွဲများဖြင့်ပေပွနေသော ခင်မောင်ကိုကြည့်၍
ယခုထိမအိပ်ပဲစောင့်နေသောလှခင်ကမေးလိုက်ခြင်းပင်ဖြစ်တယ်။
ခင်မောင်လည်းတဲတောင်ခြေရေတွင်းလေးမှာရေတဝကြီးချိုးလိုက်ပြီး ဗိုက်အတော်ဆာနေတာနဲ့ သူ့မိန်းမပြင်ပေးထားတဲ့ထမင်းနဲ့ဟင်းကိုစားနေချိန်
လှခင်တစ်ယောက်က ဘေးမှထိုင်စောင့်ရင်းဖြစ်ပျက်လာသမျသိချင်စိတ်ပြင်းပြလျက်ရှိနေပါတယ်…။

စားသောက်ပြီးချိန်ရေနွေးတခရားနဲ့ ခင်မောင်နားရောက်လာရင်း…

”…အကြောင်းစုံကို ကျုပ်ကိုလည်းပြောပြပါအုံး
ကိုခင်မောင်ရေ ညနေတည်းကတော်ဘာတွေလုပ်နေလဲသိချင်နေတာ….”

ခင်မောင်တစ်ယောက် သူနဲ့ဖားပြုတ်လိုကောင်ကြီး
ရင်ဆိုင်ကြုံတွေ့ရသမျ မချွင်းမချန်ပြောပြလိုက်တော့
လှခင်တစ်ယောက် ခင်မောင်စကားဆုံးတော့ရင်ဘတ်ဖိရင်း….

”..ဘာလို့အန္တရယ်များတာတွေသွားလုပ်ရတာလဲ
ကိုခင်မောင်ရေ မသေကောင်းမပျောက်ကောင်း…”

”..ဒီလိုမှ မလုပ်ရင်ငါတို့မိသားစုအတွက်အန္တရယ်ရှိ
လာနိူင်လို့လေ ခုတော့ ဘာမှစိတ်မပူပါနဲ့တော့…”

”…ဒါနဲ့..ရှင်နဲ့တွေ့ခဲ့တဲ့ ဟိုအကောင်ကြီးရော
ဘာဖြစ်သွားပြီလဲ သေသွားပြီလား…”

”..မသေရင်တောင်နောက်တစ်ခေါက်ပြန်မလာရဲလောက်တော့ဘူး မနက်မိုးလင်းမှငါသွားကြည့်လိုက်မယ်..ညနက်ပြီ
မင်းလည်းအိပ်တော့ ငါကတော့ခုညအိပ်ပျော်မယ်မထင်ဘူး…”

ခင်မောင်တစ်ယောက်ရေနွေးကြမ်းတစ်အိုးပြီးတစ်အိုး
ကြိုသောက်၍မို့းအလင်းထိုင်စောင့်နေမိတယ်။

ခင်မောင်လည်း
မနက်မိုးလင်းတာနဲ့ဓားတချောင်းလက်ကကိုင်ပြီး
ညကဖားပြုတ်လိုကောင်ကြီးပြေးရာတောဖက်တက်
ရှာနေတော့တယ်…။

တောတွင်းတစ်နေရာအရောက်မှာတော့
ခေါင်းမှာဓားစိုက်သေနေတဲ့ငါးပိသာလောက်ရှိတဲ့
ဖားပြုတ်ကြီးတစ်ကောင်ကိုထူးဆန်းစွာတွေ့လိုက်ရပါ
တော့တယ်…။

သူ့တသက်ဒီလောက်ကြီးတဲ့ဖားပြုတ်မျိုးခင်မောင်
မတွေ့ဖူးဘူး..ညကသူဓားနဲ့ခုတ်လိုက်တဲ့အကောင်
ဟာဖားပြုတ်ကြီးဖြစ်နေတာက ခင်မောင်အတွက်
အံ့သြစရာဖြစ်နေပါတော့တယ်။

ခင်မောင်လည်းထင်းခြောက်များရှာပြီးဖားပြုတ်ကြီးကိုမီးရိူ့လိုက်ပါတယ်…။

ခင်မောင်တို့လင်မယားမှာနောက်ထပ်မည်သည့်အန္တရယ်မှမကြုံရပဲ တစ်မိုးတွင်းလုံးဘေးကင်းစွာလယ်
ယာလုပ်ကိုင်နိူင်ကြပါတော့တယ်..။

ဂဝံတောင်ရွာသားတွေကတော့ခင်မောင်တို့မိသားစု
ဘယ်နေ့ပြေးလာကြမလဲနားစွင့်နေကြတာလယ်သာပြီး
သွားတယ် ခင်မောင်တို့ဘာမှမဖြစ်တာကြားရတော့
အံ့သြသင့်နေကြပါတော့တယ်…။

မြေဆီမြေရိုင်းလယ်မှာမို့စပါးခင်းဟာဖြစ်ထွန်းပြီးခင်ေ်မာင်တို့ကြိုးစားမူကြောင့်အထွက်လည်းတိုးပါတယ်။

ဦးမောင်ကြီးမှာခင်မောင်ကိုသဘောကျသွားပြီးထိုလည်ကိုခင်မောင်သာနှစ်စဉ်လုပ်ကိုင်ရန်အခွင့်ပြုလိုက်ပါတယ်..။

ခင်မောင်တို့လင်မယားမှာလည်းလယ်ရှင်ကိုကြွေးမြီများ
သူတို့အတွက်လည်းစပါးအတော်ကျန်သောကြောင့်
ပျော်ရွင်နေကြပါတယ်…။

ယခုအတိုင်းဆိုပါကနောက်တစ်နှစ်လယ်လုပ်ပြီးပါက
သားနှစ်ယောက်ရှင်ပြုနိူင်မှာကျိန်းသေနေသောကြောင့်
မျော်လင့်ချက်တွေနဲ့ပျော်နေကြခြင်းပါ..။

ဘယ်သူမှမလုပ်ရဲလို့ပစ်ထားရတဲ့ပစ်ထားရတဲ့
မြေကြမ်းမြေဆိုးဟာ ယခုဆိုလျင်မြေကြီးမှရွေသီးသောအခြေအနေသို့ရောက်နေပါတော့သတည်း။

=====================

ပြီးပါပြီ

မြူခိုးအလင်္ကာ

#ညမဖတ်ရ
#ပရလောက