သော့တွဲနှင့်နတ်ရုပ်

သော့တွဲနှင့် နတ်ရုပ်(စ/ဆုံး)

—————————–

“မိန်းမတန်မဲ့ ဂွီး ဂွီး မြည်အောင် နှပ်ညှစ်တာရယ်၊ နားရွက်ထဲမှာ သနပ်ခါး ခြောက်တွေ မစင်တာရယ် ငါ ရွံသကွာ”

“ဒါကတော့ ကိုကြီးချိပ်ရာ၊ အန္တရာယ် လွယ်မထားကောင်းဘဲကိုဗျ၊ အနို့ … နှပ်တွဲလောင်း ကျလာတော့ ဘယ့်နှယ်လုပ်မလဲ”

“မင့် သနပ်ခါးခြောက်တွေကကောကွာ”

“ကိုကြီးချိပ်ကလည်းဗျာ၊ ကတ်သီးကတ်သတ်၊ အပြစ် မဟုတ်တာကို အပြစ် လုပ်နေပြန်ပါပြီ။ သနပ်ခါး ညတိုင်း လိမ်းအိပ်လို့ပေါ့ဗျာ့၊ ဟဲ … ဟဲ … ဟဲ”

“ခပ်အေးအေး နေစမ်းပါရစေကွာ”

ကိုချိပ်သည် ငြင်းပယ်သံဖြင့် နှုတ်ဖျားက ထိုသို့ ညည်းလိုက်သော်လည်း စိတ်မျက်စိ၌ကား မရွှေပွင့်ကို တရေးရေး မြင်နေမိသည်။

မရွှေပွင့်သည် ဒေးဒရဲသူ၊ ပွဲကတော် မုဆိုးမ၊ အသက် လေးဆယ်ကျော် လေးဆယ့်တနှစ်အတွင်း။ သားသမီး မရှိ၊ လုံးချင်း။ ကိုယ်ဟန် တောင့်တင်းလှသည်။ ကျားခေါင်း လက်ကောက်ကို ဝတ်၏။ ဆေးပေါ့လိပ် သောက်တတ်၏။ ကွမ်း စားတတ်သည်။ ကွမ်းစားသောအခါ လက်ညှိုး တခု၊ လက်မတခုဖြင့် နှုတ်ခမ်းကို သပ်လေ့ ရှိသည်။ ထိုအခါ ငါးပူတင်း ပါးစပ်ကလေးနှင့်ပင် တူတော့သည်။ သူ၏ကိုယ်မှ အမြဲလိုလို တောင်တန်ကြီးနံ့ မွှေးနေသည်။ စကားပြောသောအခါ ပျော့ပျော့ ပျော့ပျော့နှင့် အာလေးလေး ပြောတတ်သည်။

ကိုချိပ် အလည်လာစဉ်က ကိုချိပ်ကို လက်ဖက်ရည်ကြမ်း၊ လက်ဖက်၊ ငါးပုပ်ခြောက်များနှင့် တရိုတသေ ဧည့်ခံဖူးသည်။ ကိုချိပ် လက်သုတ်ရန် ဗီရိုကို သော့ဖွင့်ပြီးလျှင် လက်သုတ်ပဝါကို ထုတ်ချပေးဖူးသည်။ ကိုချိပ်သည် သော့တွဲကို သေသေချာချာ ကြည့်၏။ သော့ပေါင်း တဆယ့်နှစ်ချောင်း၊ ငွေနားဖာကလော်၊ ငွေသွားကြားထိုးတို့ကို မြင်သည်။ သော့ကွင်းတွင် ပဝါဖြူတထည် ချည်လျက်ရှိသည့်အပြင် အရိုးဖြူ စိပ်ပုတီး တကုံးလည်း ကွင်းလျှောပတ်လျက် ရှိလေသည်။ ဧည့်ခံစဉ်က မရွှေပွင့်သည် ကိုချိပ်၏ ဝဲဘက် ဘေးတိုက်ထိုင်၍ ဧည့်ခံသည်။ သော့တွဲကို ပခုံးပေါ်သို့ပစ်တင်ထားသဖြင့် သော့အပေါင်းတို့သည် မရွှေပွင့်၏ ကျောကို မှီ၍ ကိုချိပ်ကို တစေ့တစောင်းကြည့်ကာ မျက်စပစ်နေသည်နှင့် တူလေသည်။ ပဝါဖြူနှင့် စိပ်ပုတီးတို့ကား ရင်ဘတ်ဆီတွင် တွဲလွဲခို၍ ဣန္ဒြေရစွာ နေကြသည်။

[၂]

“ရှက်စရာ ကွယ်တို့ရယ်၊ ဒီအကြောင်းကို လာမပြောကြစမ်းပါနဲ့”

“မမပွင့်ရယ်… မမပွင့်မှာလည်း ရှေးဘုန်း ရှေးကံက အကျိုးပေးလာတဲ့အတိုင်း ကြီးမြင့်တိုးတက်ဖို့၊ ကျွန်မတို့အရပ်မှာလည်း ကျက်သရေရှိဖို့ပါပဲ။ ဪ … ကိုကြီး ကိုလွမ်းပြေ ရှိစဉ်တုန်းကတော့ ကျွန်မတို့အရပ်မှာ သူပဲ ဦးစီးခေါင်းဆောင် ပြုပြီး သင်္ကြန်အခါ ဆိုရင်လည်း ဇီဝိတဒါန နွားအိုများကို လွှတ်လို့။ ကဆုန်လ ကျရင်လည်း မင်းညီနောင် လှည့်လို့။ အရပ်ဇာတ်မှာ ဆိုရင်လည်း သူပဲ အုပ်စီးတာပဲ။ ဪ … .မျက်စိထဲမှာ မြင်နေသေးတော့”

“အေး- အေ … ကိုလွမ်းပြေကတော့ ကုသိုလ်လည်း မပြတ်ရ၊ အက အခုန် အတီး အမှုတ်လည်း ဝါသနာ ပါသအေ့”

“ဒါကြောင့်မို့ ကျွန်မတို့က မမပွင့်ကို အခု တိုက်တွန်း နေရတာပါ။ အရပ်လည်း ကျက်သရေ ရှိပါတယ် မမပွင့်ရယ်”

“တော်ပါအေ … ညည့်လူက ပုဆိုးခါးပုံကလေး မကာ မကာနဲ့ ငါ အင်မတန် မြင်ပြင်းကတ်တယ်”

“ဪ … သူတို့ မင်းယောကျ်ားသားများ မှာတော့ ပုဆိုးခါးပုံနဲ့မှ တင့်တယ်တော့မပေါ့”

“နောက်ပြီးတော့ ထုံးဘူးထဲမှာ ထုံး သိပ်နှိပ်ကလော်၊ ပိုနေမှ အိမ်ခါးပန်းကို သုတ်တာဟာ ငါမကြိုက်ပါဘူးအေ”

“မမပွင့်ရယ်၊ ဒါလောက်ဟာကလေးများ ကိုယ့်လက်ထဲ ရောက်လာတော့ ပြုပြင်ယူရတာပေါ့”

“ရှက်စရာ အေရယ်၊ ဒီအသက်အရွယ်ကျခါမှ …”

“အို … မမပွင့်ကလည်း ရှက်စရာ မဟုတ်တာဘဲ၊ ကျွန်မတို့တော့ ကျီးကန်း ပက်လက်ပျံမှ ရှက်မယ်”

“ပုတီးနဲ့ နေပါရစေအေ”

မရွှေပွင့်သည် နိဗ္ဗိန္ဒသံဖြင့် နှုတ်ဖျားက ထိုသို့ တရားကျလိုက်သော်လည်း အိမ်ဦးခန်းတွင် တင်ပျဉ်ခွေ ထိုင်သွားဖူးသော ကိုချိပ်ကို မြင်ယောင်ယောင် ဖြစ်နေမိသည်။

ကိုချိပ်သည် တော်ကမယ် ရွာသား၊ ယခင်က လှေသူကြီး၊ မုဆိုးဖို၊ အသက် လေးဆယ့်ငါးနှစ် သာသာ။ သားသမီး မရှိ၊ လုံးချင်း၊ လူလုံးလူဖန် သေးသေးသွယ်သွယ်။ ကွမ်းစားလွန်းသဖြင့် သွားနက်ကျားကျား။ လက်ဖက်လည်း ကြိုက်တတ်သည်။ မယား မမင်းပုံ ရှိစဉ်အခါက မယား အပြုအစုကို ခံ၍ မယား၏လောင်းရိပ်ကို ခိုလျက် စာကလေး ပေကလေးနှင့် ခပ်အေးအေး နေခဲ့သူ ဖြစ်သည်။ စကားပြောကောင်း၊ တရားဟောကောင်း။ မန္တလေး ပုဆိုးကို ခါးပေါ်က မချ။ လည်ပင်းတွင် စလုတ်၏ ဝဲယာနှစ်ဖက်၌ ဆေးနီ နတ်ရုပ် နှစ်ရုပ် ထိုးထားသည်။

“မရွှေပွင့်ရဲ့၊ ကျုပ်တို့မှာ ပွဲထဲကလို မင်းသားကြီး ကျားဖြစ်ခန်း ထွက်နေကြပြီ။ မင်းသားကြီးဟာ ရေမှန်ကို ရှုလိုက်လို့ မိမိ၏ကိုယ်မှာ ကျားခေါင်းကြီး ပေါက်နေတာကို မြင်တော့မှ … ‘အမယ်မင်း … ရုပ်သွင် အရှိ၊ ကျုပ်မြင်မိအောင်၊ စောင်းလှည့် ယခု၊ ရဝေစံ၊ ရေမှန်ကို ရှုလိုက်ပါ၊ အမှုမကောင်း၊ ရာရတီနှစ်၊ သာကီစစ်မှာ၊ တဖြစ်သို့ ပြောင်းပါပကော၊ အဟောင်းရုပ်ပျက်၊ လေးဖက်ကို ထောက်လို့မို့၊ ကြောက်စဖွဲ့ငြား၊ မွေးဖွားဖွားနှင့် တောကျားဧကန်၊ ဖြစ်ခဲ့ပြီ မှန်ပါပေါ့၊ နိုင်ငံက မယ်မယ်၊ သား လူလှ မျက်ခြယ်ကို၊ မြင်ဖွယ်မှ ရှိသေးရဲ့လား- မယ်မယ်ဘုရား’ အဲဒါမျိုးလို နေကြပြီ မရွှေပွင့်ရဲ့” ဟု မင်းသားကြီး လေသံဖြင့် ကိုချိပ်က ဆိုပြလိုက်သောအခါ မရွှေပွင့်သည် ကိုချိပ်၏စလုတ်ပေါ်တွင် တလှုပ်လှုပ် တရွရွ၊ နိမ့်ချည်မြင့်ချည် ဖြစ်နေကြသော ဆေးနီနတ်ရုပ်တို့ကို ငေး၍ကြည့်ရင်း မျက်ရည်များပင် ဝိုင်းလာဖူးသည်။

[၃]

ကိုချိပ်သည် မရွှေပွင့်၏အိမ်သို့ လာရောက် လည်ပတ်ခဲ့သည်မှာ ခြောက်ကြိမ် ရှိလေပြီ။ မင်းမဟော်ပင် ဇာတာညှိုးခိုက်မို့ အိုးဖို၌ ပုန်းရှောင်နေခဲ့ရကြောင်း၊ ဇနကမင်းသားသည် မဟာသမုဒ္ဒရာ ရေပြင်ကျယ်၌ လုံ့လ မလျှော့ဘဲ လက်ပစ် ကူးခဲ့ကြောင်း၊ သမ္ပဒါတရား လေးပါးအကြောင်း၊ ရန်အောင်ခြင်းတရား လေးပါးအကြောင်း၊ အိမ်တွင်းက မီးကို အိမ်ပြင်သို့ မထုတ်၊ အိမ်ပြင်က မီးကို အိမ်တွင်းသို့ မသွင်းသော အိမ်ရှင်မ ဝိသာခါ အကြောင်း၊ ခန္ဓာငါးပါး ရုပ်နာမ်တရား အကြောင်း၊ အင်မတန် ခက်ခဲနက်နဲသော ပဋ္ဌာန်းတရားတော်ကြီး အကြောင်း၊ မယား လင် အိမ်ထောင်ရှင်များကို သိကြားမင်းကပင် ပူဇော်ဦးညွှတ်လေ့ ရှိကြောင်း၊ မိမိမှာ မွေးလက လွန်လျှင် လဂ်ခွင် စန်းခွင်မှ ပါပဂြိုဟ်များ ဆင်းကြမည်ဖြစ်၍ ဇာတာ သန့်စင်တော့မည် ဖြစ်ကြောင်းတို့ကို အာဝဇ္ဇန်းရွှင်ရွှင် ဟောပြောလေ့ ရှိသည်။ ထိုသို့ ဟောပြောသည့် အခါတိုင်း လည်ပင်းက ဆေးနီနတ်ရုပ် နှစ်ရုပ်သည် နဂိုက ယိုးဒယားက က နေဟန် ထိုးထားသဖြင့် ယိုးဒယားက က နေသည်ဟု ထင်ရသည်။ မရွှေပွင့်ကလည်း သော့ တဆယ့်နှစ်ချောင်း ရှိထသော သော့တွဲကြီးကို ပခုံး၌ တင်ကာ ဇီးကွက်ငယ်ကလေးပမာ ဣန္ဒြေရရ ဧည့်ခံလေ့ ရှိသည်။

ခုနစ်ကြိမ်မြောက် အလည် ရောက်လာသောအခါ ကိုချိပ်သည် အခါတိုင်းနှင့်မတူ၊ အမြဲလိုလို ချိုပြုံးနေသည်။ မရွှေပွင့်သည်လည်း ဘာဖြစ်သည် မသိ၊ အပျိုဖြန်းကလေးပမာ ခဏခဏ ရှက်တတ်နေသည်။ တနေ့ နံနက်စောစောတွင် ကိုချိပ်သည် အိပ်ခန်းတွင်းမှ ထွက်လာသော မရွှေပွင့်ကို ပိုင်စိုးပိုင်နင်း ကြည့်၍ ပြုံးနေသည်။ မရွှေပွင့်သည် ခေါင်းငုံ့လျက် ထွက်လာ၍ နောက်ဖေးဆောင်သို့ ကူးရင်း ပြုံးသွားသည်။

နောက်တခေါက် အလာတွင် ကိုချိပ်သည် ရှိစုမဲ့စု အိမ်ထောင် ပစ္စည်းများကို သိမ်းယူလာခဲ့သည်။ ကာလသားခေါင်းအား ခဲဖိုးငွေ အစိတ် ပေးလိုက်ပြီးနောက် အရပ်လူကြီး လေးငါးဦးကို ဖိတ်၍ လက်ဖက် တထုပ်စီ၊ အညာကွမ်းအစ် တလုံးစီ ကမ်းလိုက်သည်။

[၄]

တလခန့် ကြာသောအခါ တနေ့သ၌ နေ့လယ်နေ့ခင်း နေပူပြင်းလှသည်။ လေပူကလည်း တခါတခါ ဝှေ့လာသဖြင့် အိုက်စပ်စပ် နိုင်လှသည်။ ထိုအခိုက် နွားလှည်း တစီးသည် တအီအီ တကျည်ကျည် မြည်လျက် အိမ်ရှေ့ကို ဖြတ်၍ မောင်းသွားသည်။ ထိုအခါ အိမ်ရှေ့ ခွေးကတက်တွင် မှိန်းနေသော ခွေးသည် အူထဲ အသည်းထဲက ယားလာ၍လား မသိ၊ လေးဖက်ထောက် ထ၍ ကျည်ကျည်လောင်လောင် အူပါလေ၏။

မရွှေပွင့်က “ဟဲ့ … ခွေး၊ တိတ်၊ နွားလှည်းက သူ့ဘာသာ သူမြည်တာ၊ နင်နဲ့ ဘာဆိုင်လို့လဲ”

အိမ်ဦးခန်းတွင် သင်ဖြူးဖျာချောပေါ်၌ အစင်းသား အိပ်နေသော ကိုချိပ်သည် ခေါင်းထောင် ကြည့်လိုက်၏။ ထိုအခါ မရွှေပွင့်က “နင့်ကို မွေးမိတာ ငါ့မှာ ငါးပါးကြီး မှောက်နေပြီ။ နင်ဟာ အူတတ်၊ ဟောင်တတ်တာ တခုပဲ သိတယ်၊ နင့်မှာ ဘာအမွေး တပင်မှ မရှိဘူး” ခွေးသည် အအူရပ်၍ “ခွေးပဲ အူတတ်တာပေါ့ဗျ” ဟု ဆင်ခြေကန်ချင်သော အမူအရာမျိုးဖြင့် မရွှေပွင့်ကို တချက် လှမ်းကြည့်သည်။ ထိုနောက် လည်ပင်းက ဝဲခြောက်ကို နောက်ခြေဖြင့် အယားဖျောက်ကာ အိမ်ပေါ်မှ ဆင်းသွားလေ၏။

“ဆင်း၊ ငါ့အိမ်ပေါ်က အခုဆင်း … ၊ နင့်မှာ လည်ပတ် တခုပဲ ရှိတယ်။ တကိုယ်လုံး ဝဲချည်းပဲ”

“မရွှေပွင့်ရယ် … ခွေးနဲ့ဖက်ပြီး ရန်ဖြစ်ရသလား”

“’ဖြစ်တယ် … ဖြစ်တယ်၊ တော်နဲ့ ဘာမှ မဆိုင်ဘူး”

“တယ် … ဒီမိန်းမ”

“ဘာ … ဘာ … ဘာ …”

“မင့်မှာလည်း ဘာအမွေး တပင် ရှိလို့လဲကွ၊ သော့တွဲပဲ ရှိတယ် မဟုတ်လား”

“တွဲတွဲ မတွဲတွဲ၊ တော်နဲ့ ဘာဆိုင်သလဲ”

“ကိုင်း … သေရော့ဟယ်” ဟု ငေါက်လျက် ကိုချိပ်သည် မရွှေပွင့်ကို အနီးရှိ ကွမ်းအစ်နှင့် ဆွဲပေါက်လေ၏။ မရွှေပွင့်သည် ကျောပေး၍ ရှောင်လိုက်ပါ၏။ သို့ပါသော်လည်း မလွတ်။ ကျောကြီးကို မှန်လိုက်သဖြင့် အစ် တခြား၊ အံ တခြား၊ ကွမ်းညှပ် တခြား၊ ထုံးဘူး တခြား၊ ကွမ်းသီး တခြား၊ ကွမ်းရွက် တခြား လွင့်စင် ပြန့်ကျဲသွားကြသည်။

မရွှေပွင့်သည် ထွန့်ထွန့်လူးကာ တက်တော့ ချက်တော့မလောက် ဖြစ်ပြီးလျှင် ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ဟစ်၍ ခြေပစ် လက်ပစ် ငိုပါလေ၏။

အိမ်နီးချင်းတို့သည် ဝိုင်းအုံလာ၍ “ပွဲကတော်ကြီးရဲ့၊ လှေသူကြီးမင်းရဲ့” ဟု ချော့ကာ မော့ကာ ရန်ဖျင်ကြရသည်။

ညနေစောင်း အညာဆန် သင်္ဘောကြီး ဆိုက်ချိန်တွင် ကိုချိပ်သည် သူ့အိပ်ရာလိပ်၊ သူ့ကိုယ်ပိုင် ပစ္စည်းတို့ကို ယူ၍ အိမ်မှ ဆင်းသွားလေသည်။

[၅]

မယ်တရွာ မောင်တမြို့ ဖြစ်နေကြသည်မှာ လေးနှစ်ခန့် ကြာသွားသည်။ တညတွင် ဒေးဒရဲမြို့နှင့် မဝေးလှသော ရွာတရွာ၌ ဘုရားပွဲတော်အတွက် ဇာတ်
တဇာတ် ကရန် ရှိသည်။ သို့ရာတွင် ကဖြစ်၊ မကဖြစ် သေချာစွာ မသိရသေးချေ။ အကြောင်းမှာ ဆိုင်းသမား အချို့သည် မနက်က ထမင်းပွဲတွင် ဇာတ်ဆရာနှင့် အချင်းများ၍ ကပ်ဖဲ့လုပ်ကာ ထွက်သွားကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ချက်ချင်း လူလွှတ်၍ တွံတေးမှ ဆိုင်းဝိုင်းတဝိုင်းကို မှာထားကြသည်။ အကယ်၍ တွံတေးဆိုင်း လာခဲ့သော် က ဖြစ်လိမ့်မည်။ညဦး ခုနစ်နာရီခွဲလောက်တွင် ပတ်မသံပေးကာ တွံတေးဆိုင်း သမ္ဗာန် ရောက်လာ၏။ က ဖြစ်ပြီ။

ဆိုင်းဆရာသည် ဇာတ်မင်းသားနှင့် သီချင်း တိုက်သည်။ ထိုအခိုက် ဆိုင်းနောက်ထိုင် ကိုချိပ်သည် ကမန်းကတန်း ပတ်စာ နယ်ပေးပြီးလျှင် တဘက်ညစ်ညစ်ကို ခေါင်းမှာပတ်လျက် မရွှေပွင့်ကို တွေ့လို တွေ့ငြား ပွဲခင်းတွင် လှည့်၍ ကြည့်သည်။ ပွဲခင်းတွင် လူစည်ကားလှသည်။ လာသူက လာတုန်းပင် ဖြစ်သည်။ ကိုချိပ်သည် ပွဲခင်းတွင် မရွှေပွင့်နှင့် တူသူကိုမျှ မတွေ့။ ဆိုင်းဝိုင်းသို့ ပြန်လာ၍ လင်းကွင်းကြီးကို ကိုင်ရရှာသည်။

ပွဲထွက်ပြီ။ ကိုချိပ်သည် စိတ်မကောင်း။ နောက်
တကြိမ် ထွက်ရှာလိုက်ချင်သေး၏။ သို့ရာတွင် ဇာတ်ခုံ၌ ပြည်ဖုံးကားကို လိပ်တင်လိုက်သဖြင့် နတ်ကတော်သည် ခါးထောက်လျက် ပေါ်လာသည်။ ခေါင်းတွင် ငွေကြယ်ပေါက် ရှန်နီပတ်၍ နှစ်စချလျက်၊ လက်တွင် သပြေခက်များကို ကိုင်လျက် ပရိသတ်ဘက်သို့ မျှော်ကြည့်လိုက်သည်။

ဆိုင်းသံသည် ဆူညံ နေသည်။ နတ်ကတော်သည် အုန်းပွဲ၊ ငှက်ပျောပွဲကို ဆိုင်းသံနှင့်ချီ၍ အရပ်လေးမျက်နှာဘက်သို့ ဆိုင်းသံနှင့် တလှုပ်လှုပ်ပြုကာ တင်မြှောက် ပသပြီးနောက် လေးကန်စွာ ကသည်။

က၍ ပြီးသောအခါ “မင်္ဂလာရယ်တဲ့မှ မဏ္ဍိုင်လေး …” ဟု နတ်သံ တိုင်လိုက်သည်။ ကိုချိပ်သည် ခေါင်းကိုမော့၍ နတ်ကတော် လုပ်သူကို မျက်မှောင်ကုတ်လျက် ကြည့်နေမိသည်။ ဆိုင်းဝိုင်းထဲမှ ဆိုင်းနောက်ထိုင်များသည် ထုံးစံအတိုင်း “ဟေး … ဟေး … ဟေး” ဟု သုံးကြိမ်တိုင်တိုင် အသံ ဖောက်၍ ဆိုကြရသည်။ ထိုသို့ ဆိုကြရသော ဆိုင်းနောက်ထိုင်များအနက် တယောက်က မျက်မှောင်ကုတ်လျက် ကြည့်နေသော ကိုချိပ်ကို တံတောင်နှင့် တွတ်လိုက်ရာ ထိုအခါမှ ကိုချိပ်သည် နောက်ဆုံး တ“ဟေး”ကိုသာ ဆိုလိုက်နိုင်သည်။ ထို့နောက် ဆိုင်းသံသည် ဆူညံလာပြန်၍ ကသူသည် ဣန္ဒြေရရ က နေပြန်သည်။

“မရွှေ့ပွင့်နဲ့တော့ တူတာပဲ၊ ဟယ်- ဟုတ်နိုင်မယ် မထင်ပါဘူးလေ” ဟု စိတ်ထဲက အောက်မေ့လျက် ကိုချိပ်သည် လင်းကွင်းကို တီးမြဲ တီးနေသည်။

ထို့နောက် နတ်ကတော် အကသည် ကရိုး ကစဉ်အတိုင်း တဖြည်းဖြည်း သွက်လာသဖြင့် ဆိုင်းသံကလည်း သွက်လာသည်။ ဆိုင်းနောက်ထိုင်များထဲမှ သံတိုင်တယောက်က “သက်ကယ့် သက်ကယ်ခေါ် တော်ပါပေရဲ့လေး” ဟု တိုင်ပေးရာ ကျန်ဆိုင်းနောက်ထိုင်များက “အပျိုတော် မဂျာအေး ဆီးကြိုနှင့်လေး” ဟု ဆိုကြသည်။

ထို့နောက် ဆိုင်းသံက ဗုံပတ် ဗုံပတ်နှင့် ခပ်သွက်သွက် မြည်လာသည်။ ထိုအခါ နတ်ကတော်သည် ညာခြေတဖက်ကို ရမ်းကာ လွှဲကာ၊ ညာလက်ဝါးကို မုန့်လေပွေ ကင်သကဲ့သို့ မှောက်ချည် လှန်ချည် ခပ်သွက်သွက်ပင် က လေသည်။ ကရင်း ဆိုင်းဝိုင်းဆီသို့ မျက်စိရောက်သွားရာ “ဟိုလူဟာ ကိုချိပ်များ ဖြစ်နေမလား” ဟူသော နတ်ကတော်၏ အတွေးသည် လေထဲတွင် အမျှင် တန်းနေသကဲ့သို့ ဖြစ်လာသည်။ ထို့နောက် ဆိုင်းက “ပလို့ထိ၊ ပလို့ထိ” နှင့် ဆင့်၍ ဆင့်၍ တီးပြန်သဖြင့် နတ်ကတော်သည် ဆိုင်းချက်နှင့် ကိုက်အောင် မျက်စပစ်လိုက်၊ မေးထိုးလိုက် က ပြန်သည်။ ပရိသတ်၏ ဝဲဘက်၊ ယာဘက်အတွက် ကိစ္စပြီးသွားသဖြင့် မျက်နှာတူရူဆီသို့ မျက်စပစ်၍ မေးထိုးလိုက်သောအခါ ကိုချိပ်၏ မျက်နှာတည့်တည့်ကိုမှ မေးထိုးမိလျက်သား ဖြစ်သွားသည်။

ကိုချိပ် မျက်နှာပျက်သွား၍ လင်းကွင်းကြီးကိုလည်း မဲကာ တအားကုန် တီးလေတော့သည်။ နတ်ကတော်သည်လည်း တခါတခါ ခုန်ဆွ ခုန်ဆွ၊ တခါတခါ ပတ်ချာလှည့်ကာ သားပျောက်ရှာသော ကြက်မကြီးကဲ့သို့ တရကြမ်း က လေ၏။ တပတ်နွမ်း ကြိုးကြီးချိတ် ထဘီနားသည် အတော် ဖွာသွားပေမည်။

[၆]

နောက်တခန်းတွင် ဇာတ်ခုံရှေ့ပိုင်း၌ ဝန်လေးပါး ထွက်လာ၍ ဝန်စကား ပြောနေကြသည်။ ဆိုင်းဝိုင်းထဲတွင် ကိုချိပ် မရှိ။ ဇာတ်ခုံနောက်ပိုင်း၌ ဇာတ်သေတ္တာတလုံးကို မှီ၍ ညာဒူးပေါ် ညာလက်မောင်း တင်လျက် ဥပကထိုင် ထိုင်၍ ငိုင်နေသည်။ မရွှေ့ပွင့်သည် ကိုချိပ်၏ အနီးတွင် ကျုံ့ကျုံ့ထိုင်ကာ ခေါင်းကို လျှိုထားသည်။ သူ့အရှေ့၌ ဇာတ်သေတ္တာကို မှီထောင်ထားသော မှန် ရှိသည်။ မှန်ပတ်လည်တွင် အရောင်တင် မျက်နှာချေ၊ စက္ကူပန်း၊ မျက်ခုံးမွေးဆွဲသော မင်၊ မင်တံ၊ ဘီး၊ ချိတ်၊ ကျောက်ပြင်တို့ ရှိကြသည်။ ကျောက်ပြင် အနီးတွင် ထွန်းထားသော ဖယောင်းတိုင်သည် ခပ်မှိန်မှိန်သာ လင်းလျက်ရှိသည်။ ထို့ကြောင့် ယခုအခါတွင် ကိုချိပ်၏ လည်ပင်းက ဆေးနီ နတ်ရုပ်နှစ်ရုပ်သည် မီးရောင် ခပ်မှိန်မှိန်တွင် ကွယ်လျက် နေကြလေပြီ။ မရွှေပွင့်၏ ပခုံးပေါ်၌လည်း သော့တွဲကြီး မရှိတော့ပြီ။

“ဖြစ်မှ ဖြစ်ရလေ မရွှေ့ပွင့်ရယ်”

မရွှေပွင့်မှာ မျက်ရည်များ ဝိုင်းလာသည်။

“ကဲကွယ် … မင်း နတ်ကတော် မလုပ်ပါနဲ့တော့ …၊ ငါပဲ မင်းသားကြီး လုပ်ပြီး ကျွေးပါ့မယ်။ အခု ဒီဇာတ်ထဲမှာ မင်းသားကြီး တယောက် လိုတယ်လို့ ကြားရတယ် …”

မရွှေပွင့်သည် ကိုချိပ်ကို မော့ကြည့်၏။ မျက်ရည်ဝိုင်းနေသော မျက်လုံးမှ မျက်ရည်ပေါက်ကြီး နှစ်ပေါက်သည် ပါးပေါ်သို့ လိမ့်ကျလာကြသည်။

ထိုအခိုက် ဇာတ်ခုံရှေ့ပိုင်းတွင် နန်းထိုင် ရှင်ဘုရင်နှင့် ဝန်လေးပါးတို့သည် တိုင်းရေး ပြည်ရေး၊ သာသနာတော် အရေး၊ သားတော် သမီးတော် အရေးတို့ကို ဆွေးနွေးနေကြဆဲဖြစ်သည်။ ရှင်ဘုရင်နှင့် ဝန်တို့၏ စကားတို့ကို ဇာတ်ခုံနောက်ပိုင်းက ကြားနိုင်သည်။

ဝန်တပါး အသံ။ ။ “မှန်လှပါ။ ကိုယ်တော်ရှင်မြတ် ထားအပ်သော မေတ္တာ၊ မဟာ ကရုဏာတော်၊ ဤနှစ်ဖော်ကြောင့် ပြည်တော်သား ဆင်းရဲသား နှစ်ပါးစုံ အေးချမ်း၊ ပဒုမ္မာ ရွှေကြာပန်းကဲ့သို့ ရွှင်လန်းလှကြောင်းပါ ဘုရား”

ရှင်ဘုရင်၏ အသံ။ ။ “သာဓု … သာဓု … သာဓု၊ မင်းကြီးတို့ စကား၊ ကိုယ်တော်မြတ် ကြားရလို့၊ အားရ ရွှင်မွေ့၊ နှလုံးတော် လေဝှေ့၊ သဘောတော် တွေ့တယ် မင်းကြီးများ”

ထိုအခါ ဆိုင်းဝိုင်းထဲမှ ပတ်မကြီးက “ဗေ-ထီ-ထီ-ထီ-ထိ” ဟု ခပ်လေးလေး ဆွဲ၍ ဆိုင်းခွံ့လိုက်လေသတည်း။
———-
#ဇော်ဂျီ
ဂန္တလောက၊ စက်တင်ဘာ၊ ၁၉၃၅။

ချစ်ခြင်းများစွာဖြင့်
သောကြာကြိုက်သောစာစုများ စာပေဆပ့ခ်ျထဲမှ ကူးယူမျှဝေပေးပါသည်။