“ဘွားမယ်စိန်နှင့် ရွာသစ်မှ သရဲဆိုး”(စ/ဆုံး)
———————————–
“ဟင်း…….”
ကိုဗလတစ်ယောက် ဟင်းခနဲသက်ပြင်းချရင်း
ယိုင်တိုင်တိုင်ခြေလှမ်းများဖြင့်
ရွာလမ်းအတိုင်းလျှောက်လာခဲ့သည်။
နေဝင်ရီတရောအချိန်ပေမို့ အလင်းရောင်ကရှိနေသေးသည်။
အရက်ဆိုင်၌စိတ်တိုင်းကျထိုင်သောက်ပြီး
မူးမူးရူးရူးသိုင်းကွက်နင်းလာသော ကိုဗလကို
ရွာခွေးများကမျက်စိနောက်နေပုံရသည်။
ကိုဗလ၏လက်၌ကိုင်ထားသော ပုဆိုးကလည်း
လျော့ရိလျော့ရဲ… ။
အပေါ်ပိုင်း၌လည်းအဝတ်အစားကမရှိ…
လက်တစ်ဖက်၌ လက်ကျန်ဖင်ကပ်သာသာရှိတော့သော
အရက်ပုလင်းကို ကိုင်ထားသေးသည်။
ကိုဗလဟူ၍ လူကောင်ကြီးကြီး…လူ့ဗလကြီးဟုကြားရသူများထင်သွားနိုင်သော်လည်း အမှန်မှာလူကောင်ကညှပ်သေးသေး၊
မျက်နှာမှာစုပ်ချွန်းချွန်းဖြစ်ပြီး
ဂငယ်ပုံစံနှုတ်ခမ်းမွှေးကိုထားတတ်သေး၏။
ထိုကိုဗလကို ရွာ၏သတ္တခဲခွေးများက ဟောင်ကြ…အူကြဖြင့်
ခွေးတစီစီဖြစ်လို့နေပေသည်။
ထိုသို့ရွာလမ်း၌ခွေးတစီစီဖြစ်ပြီဆိုလျှင် ကိုဗလဟု
သိကြလေပြီ။
ကိုဗလသည် ရွာသစ်ရွာသားဖြစ်ပြီး
ဇနီးသည် မမြင့်နှင့်အတူနေထိုင်လေသည်။
မမြင့်သည်က ကုန်စိမ်းသည်ဖြစ်၏။
မိန်းမဖြစ်သူရှာဖွေသော ငွေကြေးဖြင့်
နေကုန်ရှိသ၍အရက်လေးတမြမြဖြင့်
ကိုဗလသည် မူးရူးနေတတ်သည်။
မမြင့်သည်ကကိုဗလထက်လူကောင်ကြီးသူပင်။
မကြာခဏဆိုသလိုကိုဗလအရက်သောက်ရန်
ငွေတောင်းမှုကြောင့်လင်မယားနှစ်ယောက် ရန်တွေဖြစ်
နဘမ်းများပင်လုံးကာ အပြန်အလှန်ရိုက်ကျသေးသည်။
ထိုသို့ဖြစ်လိုက်တိုင်း ကိုဗလမှာ
ဒဏ်ရာဒဏ်ချက်များကအပြည့်။
“မသာမ…မိမြင့်…နင်ကငါ့ထက်လူကောင်ကြီးလို့နိုင်နေတာပါ…
ဗလဆိုတဲ့ငါက လူကောင်သေးပေမယ့်
ဇကမသေးဘူးဟ…ပေးစမ်းအရက်ဖိုး”
“မသာကောင်…နင့်ကိုပေးချင်လွန်းလို့တော့မထင်နဲ့…
အရက်ဖိုးမရရင် ရန်ဖြစ်ရတာကိုငါရှက်လွန်းလို့…
ရော့….ရော့…သေမယ့်အရည်တွေသွားသောက်ချေ
မသာကောင်ရဲ့”
ဟုပြောကာ မမြင့်သည် ပိုက်ဆံတချို့အားကိုဗလထံသို့ပစ်ပေါက်ကာပေးလိုက်သည်။
ကိုဗလကလည်းပိုက်ဆံများကိုကြည့်၍
မျက်နှာကြီးပြုံးရွှင်နေကာ…
ကောက်ယူပြီးသည်နှင့် ပိုက်ဆံများကိုနှာခေါင်းနားသို့တိုးကပ်၍နမ်းရှုံ့လိုက်၏။
“ဒါမွေပါ့…ဒါအရက်သောက်ဖို့ဒါလေးတွေကမရှိမဖြစ်ပဲဟ…”
ဟုပြော၍အရက်ဆိုင်သို့ထွက်သွားတော့သည်။
သားသမီးမရှိရှာသော မမြင့်ခမျာလည်း ကိုဗလ အတွက်အရက်ဖိုးပေးလိုက် ကုန်စိမ်းလေးရွာအနှံ့လိုက်ရောင်းလိုက်ဖြင့်
သာနေထိုင်ခဲ့ရသည်။
ထိုသို့ကြားမှအရက်ဖိုးမပေးခဲ့လျှင် လင်မယားနှစ်ယောက်
ရန်တွေဖြစ်… ရိုက်ကြနှက်ကြဖြင့် သူကြီးအိမ်သို့ပင်ရောက်ခဲ့ကြရသေး၏။
“ဟဲ့အကောင်ဗလ…”
“ခင်ဗျာ…သူကြီး”
“မင်းကအလုပ်မရှိအကိုင်မရှိနဲ့…
မိန်းမလုပ်စာထိုင်စားနေရတာကို မရှက်ဘူးလားကွ”
“မရှက်ပါဘူးဗျာ…သူကြိုက်လို့ကျုပ်ကိုယူတာလေ
ကျုပ်အရက်ဖိုးတော့သူပေးရမှာပေါ့”
“တယ်…ဒီခွေးကောင် ခွေးစကားပြောတယ်…
ဒီမှာဗလ မင်းက အရက်ကလေးသောက်လိုက်
မိန်းမကိုရန်ရှာဆဲဆိုလိုက်နဲ့နောက်ဆုံး
ငါ့အိမ်ကိုရောက်လာတော့တာပဲ…
ဘာလဲငါ့ထိပ်တုံးကိုမင်းအပိုင်လို့များထင်နေတာလားကွ ဟေ”
“ဟာဗျာ…သူကြီးကလည်း
ကျုပ်ကထိပ်တုံးကြီးဘာလုပ်ရမှာတုန်း”
“အေး…ဘာမှမလုပ်ရဘူး…ကဲ…မိမြင့်ညည်းပြန်ချေတော့…
ဒီအကောင်ကိုဗလကိုဒီညထိပ်တုံးခတ်ထားမယ်…
သွား…သွား…”
မမြင့်တစ်ယောက်ကိုဗလကိုမျက်စောင်းထိုး၍
ထွက်သွားတော့သည်။
ထိပ်တုံးခတ်ခံထိသောကိုဗလမှာတော့…
“အမယ်…မသာမက…ဟင်း…ငါနော်…ငါ…ငါ….”
ဟု…ဒေါသကိုချုပ်ထိန်းထားရဟန်ဖြင့်ပြောလေသည်။
ထိုသို့သူကြီးအိမ်ခဏခဏရောက်သော
အရက်ဂျိုးကိုဗလတစ်ယောက်၏ကံကြမ္မာသည်
ပြောင်းလဲလာခဲ့၏။ယခင်အရက်လေးတမျှမျှသောက်
ရွာထဲမူးမူးရူးရူးသွားလာနေသောကိုဗလတစ်ယောက်အိမ်၌
ငြိမ်ချက်သားကောင်းလာခဲ့သည်။
“အမယ်လေး…မမြင့်ရဲ့…ငါကိုကယ်ပါဦးဟ…
အင်း…ဟင်း…ဟင်း…….”
ဟုအော်ဟစ်၍ အိပ်ရာ ထဲ၌လူးလှိမ့်နေရသည်။
“ဘာဖြစ်တာလဲကိုဗလရယ်…တော့်ရောဂါရလည်း
အထူးအဆန်းပဲ…နေဦး…ကျုပ်ဆေးဆရာသွားပင့်ချေဦးမယ်”
မမြင့်သည် ကိုဗလအား ဆေးဆရာပင့်ကာကုသပေး၏။
ကိုဗလ၏အခြေအနေကိုကြည့်ပြီး…
“ဒီကောင်အရက်သောက်များပြီး
အသားတွေဝါ…မျက်လုံးတွေဝါနေတာ…
အသည်းခြောက်ပုံရတယ်ဟ…ရော့…ဒီဆေးလေးပုံမှန်တိုက်”
“ဟုတ်ကဲ့ပါ ဆရာကြီး”
ဆေးဆရာပေးသော ဆေးသည် ကိုဗလ၏
ဝေဒနာကိုပျောက်ကင်းနိုင်ပုံမရ။
အရက်ကြောင့်ရသော ရောဂါသည်ကလည်း
အတော်ဆိုးဝါးနေခဲ့သည်။
အိပ်ရာထဲ၌ လူးကာလှိမ့်ကာအော်ဟစ်နေပြီး…
ချီးများ…သေးများပင် မမြင့်က သန့်ရှင်းပေးရရှာသည်။
ထိုသို့နေရင်း ရက်အတော်ကြာတော့…
“လာခေါ်နေကြပြီ…ငါမလိုက်ဘူး…
ငါမလိုက်ဘူး…သွား…သွား…မလိုက်ဘူးးးး….”
ဟူသော ကိုဗလ၏အော်ဟစ်သံကြီးသည်
ဘေး၌ရှိသောအိမ်များကပင်အတိုင်းသားကြားရလေသည်။
ထိုအသံကြီးတိတ်ဆိတ်သွားချိန်မှာတော့ မမြင့်ရဲ့…
“အမယ်လေး…ကိုဗလဆုံးပြီတော်ရေ့…
ကိုဗလဆုံးပြီးတော့်…
အီးးးးဟီးးးးးးဟီးးးးးးးးးးဟီးးးးးးးးး”
ဟူသော ငိုသံကြီးကိုအားလုံးကြားလိုက်ရတော့သည်။
အသက်ရှိစဥ်ကမကောင်းခဲ့သော်လည်း
သံယောဇဥ်ရှိ၍ယူထားသော ယောကျာ်းပေမို့
မမြင့်ခမျာငိုကြွေးနေရှာသည်။
ကိုဗလဆုံးသွားသည်ဆိုသော သတင်းကြောင့်
နာရေးအတွက် ရွာမှကူညီပြင်ဆင်ပေးကြလေသည်။
*****************************
“အမေ…အမေရေ…အမေ”
“ဟေ…ဒီမှာလေအမေက…”
နန်းကြိုင်တစ်ယောက်ဆော့ကစားရာမှအိမ်သို့ပြန်ရောက်လာပြီးဒေါ်ဝင်းကိုအော်ခေါ်နေလေသည်။
ဒေါ်ဝင်းသည်လည်းခြံအနောက်ဘက်
မာလကာပင်များကြား၌ မြက်များနုတ်နေရင်းမှ
နန်းကြိုင်လေး၏အခေါ်ကိုထူးလိုက်သည်။
“အမေကဒီမှာရောက်နေတာကိုး…
ဒါနဲ့အဘွားလည်းမတွေ့မိဘူး…
အဘွားကရောဘယ်သွားတာတုန်း”
“ညည်းအဘွား…အိမ်မှာနေရတာပျင်းသတဲ့ဆိုပြီး
ရွာထဲသွားလည်လေရဲ့အေ”
“ဘာဟင်းချက်လဲအမေ…ကျုပ်ဗိုက်ဆာပြီတော့်”
“ဒီနေ့ ငါးပိရည်အတို့အမြုပ်လေးရယ်…
ကုလားပဲဟင်းရည်နဲ့ကြက်ဥကြော်လေးပေါ့သမီးရဲ့…”
“အဟီးးး…စားကောင်းဦးမှာပဲအမေရယ်…
အဘွားကိုစောင့်ရဦးမှာမလား ထမင်းစားဖို့က”
“အမယ်လေး…ညည်းအဘွားကတစ်ခါထဲမှာသွားသေးတယ်..
ဗိုက်ဆာရင်စားနှင့်ကြတဲ့…ဒီရွာမှာသူကြိုက်တဲ့အိမ်မှာ
ထမင်းဝင်စားလို့ရတာမို့မစောင့်ဖို့ပြောသွားလေရဲ့အေ”
ဒေါ်ဝင်းပြောလေတော့နန်းကြိုင်လေးပြုံးသွားလေသည်။
ထိုစဥှ…
“အစ်မဝင်း…အမေကော…….”
“ဟဲ့…အေးသင်…အမေကရွာထဲသွားလည်တယ်…
ဘာအကြောင်းရှိလို့တုန်း”
“အကြောင်းကအစ်မမောင်အကြောင်းပေါ့တော်…
ဒင်းကအခုတလောအရက်ကလေးတမြမြနဲ့အလုပ်ကို
လက်ကြောမတင်းဘူး…အဲ့တာအမေ့ကိုလာတိုင်တာ…”
အေးသင်ဆိုတာ ဒေါ်ဝင်း၏မောင်အလတ်ကောင်၏
မိန်းမဖြစ်သည်။
ဒေါ်အေးသင်၏အပြောကြောင့်ဒေါ်ဝင်းမျက်နှာတစ်ချက်ရှုံ့လိုက်ပြီး…
“ညည်းအေ…ငါ့မောင်လုပ်စာစားနေရတုန်းက ကျတော့…
အစ်မတို့မောင်တော်လိုက်တာတစ်ခွန်းမလာဘူး…
အခု သူအရက်သောက်နေမှလာတိုင်နေတာက
ညည်းက ငါ့အမေကိုအမှုဖြေရှင်းရေးကြီးကျနေတာပဲ”
“အမယ်လေး…အစ်မဝင်း…တော်ဘယ်လိုစကားပြောတာလဲ…
တော်တို့မောင်မို့လို့လူကြီးတွေအနေနဲ့ထိန်းပေးကြဖို့
ဆုံးမပေးကြဖို့…ကျုပ်ကလာပြောတာလေ…”
“ဟဲ့..အေးသင်…ငါကရောဘာအပြောမှားသလဲ…
နင်ခိုင်းလို့ဝမှသူသောက်တာလေ…
ဒါကြအိမ်ကိုလာတိုင်တယ်…တို့မိသားစုအပေါ်ဒင်းက
ဘယ်နပြားကြည့်ဖူးသလဲဟမ်…အမေနဲ့အစ်မဖို့အခုအချိန်ထိဘာများလုပ်ကျွေးဖူးလို့…ငါတို့ကသူ့ကို
ဘယ်လိုဆုံးမပေးရမှာလဲ…
နင့်စကားပြီးတဲ့နင့်လင်ကိုနင့်ဘာသာဆုံးမပေါ့ကောင်မရဲ့”
“အမယ်လေး…ကြားကြသေးရဲ့လား အရပ်ကတို့ရဲ့…
အစ်မပီပီပြောတဲ့စကားကြီးကိုကြားရသေးရဲ့လား…
အံ့ပါ့တော်…အံ့ပါရဲ့…………”
ဒေါ်ဝင်းနှင့်ဒေါ်အေးသင်တို့၏အသံများ
ကျယ်လောင်လာတော့သည်။
ဒေါ်ဝင်းသည်ကလည်းရင်တွင်းမကျေနပ်ချက်များကြောင့်
ပို၍ဒေါသထွက်နေခဲ့၏။
နံဘေးရှိနန်းကြိုင်လေးကတော့
အမေဖြစ်သူ၏လက်ကိုဆွဲထားရှာသည်။
ဒေါ်အေးသင်ကလည်း အော်ကြီးဟစ်ကျယ်ပြောနေလေတော့
နန်းကြိုင်သည်သူတို့၏အနီးမှထွက်ပြေးလာကာ
ရွာထဲလည်နေသော ဘွားမယ်စိန်ကိုသွားရှာလေတော့သည်။
“အစ်မဝင်း…ဘာဖြစ်ကြတာလဲ…”
“ဟဲ့…ဘာဖြစ်ရမှာလဲ…ဒီကောင်မပေါ့အေ…
အခုမှလာပြီးတိုင်တောနေတာ…
ဒါကို မကြိုက်လို့ငါကပြောနေတာ…”
“အစ်မအေးသင်…ဘယ်လိုဖြစ်ရတာလဲမိသားစုတွေကို…
ဘွားလာရင်တော်တို့ပိုဆိုးမယ်နော်…”
အိမ်အနီးနားရွာသူများမှလာရောက်ဖျန်ဖြေပေးကြ၏။
“ဟဲ့…အေးသင်..သွားနင်ပြန်…နင့်လင်နင်ကြိုက်သလိုထိန်း…
အိမ်တော့လာမတိုင်နဲ့…ငါတို့အပေါ်တောင်မကြည့်ခဲ့တဲ့ကောင်ရဲ့ဆိုးတာ…ကောင်းတာ…တစ်ခုမှမသိချင်ဘူး”
“ပြန်စရာလား…ဒါအမေ့အိမ်…အစ်မအိမ်လား”
“အောင်မယ်…အေးသင်……
နင်ငါ့လက်ဝါးစာမိချင်နေတာလား…ဟမ်”
“ဟဲ့…ဆွဲကြပါဟဲ့…”
“အစ်မဝင်းရယ်စိတ်ကိုလျော့ပါဦး…ကိုကအကြီးပဲတော်…”
“ဟဲ့ကောင်မရဲ့..ငါ့စိတ်ကအမေ့ကြောင့်လျော့ထားတာ…
ဒါကိုဒီကောင်မက မခန့်ပေါက်လာလုပ်နေတာလေ…”
“အစ်မအေးသင်…တော်ပြန်လိုက်ပါတော့တော်…
မဟုတ်ရင်ဒီထက်ပိုဆိုးလာဖို့ပဲရှိတော့တာမို့ပါ…
ကျုပ်တို့ပဲ ကြားကနေတောင်းပန်ပါတယ်တော်”
“အမယ်…ပြန်စရာလားအေ့…”
ဒေါ်အေးသင်ကလည်းကပ်ကပ်လန်ပြန်ရန်တွေ့လိုက်သည်။
ဝိုင်းဆွဲသော ရွာသူတို့မှာ ခေါင်းကုပ်…ဖင်ကုပ်ဖြင့်
မည်သို့တားဆီးရမည်မသိကြ။
“ဒါဘယ်လိုဖြစ်နေကြတာတုန်း…ဟမ်…မိဝင်းနဲ့မိအေးသင်”
“အ…အမေ…”
“အေး…ငါညည်းရဲ့အမေ…ပြောစမ်းပါဦးအေ…
အော်ကြီးဟစ်ကျယ်နဲ့အရှက်မရှိ…
ညည်းတို့ကဘာဖြစ်နေကြတာတုန်း”
ဘွားမယ်စိန်သည် ခါးကြီးကိုထောက်ပြီး
ဒေါ်ဝင်းတို့ကို မေးလေသည်။
ဘွားမယ်စိန်ရောက်လာသည်ကိုပင်မသိလိုက်ကြဘဲ
ရန်ဖြစ်နေကြသော ဒေါ်ဝင်းနှင့်ဒေါ်အေးသင်တို့လည်း
မည်သို့ပြောရမည်မသိဘဲ ထိတ်လန့်သွားကြရှာသည်။
နန်းကြိုင်လေးကဘွားမယ်စိန်အနီးမတ်တပ်ရပ်နေသောကြောင့်
နန်းကြိုင်လေးသွားခေါ်လာမှန်းဒေါ်ဝင်း
သဘောပေါက်သွားတော့သည်။
သို့သော်ဒေါ်အေးသင်မှ…
“အမယ်လေး…အမေရယ်…မမဝင်းပေါ့…
ကျုပ်ကအားကိုးတကြီးလာပြောတာကိုရစရာမရှိအောင်
ကျုပ်ကိုပြောတယ်တော့်…အီးးးးဟီးးးးးးဟီးးးးးးဟီးးးးးးးးး”
ဟု…ပြောလည်းပြောငိုလည်းငိုတော့၏။
ဒေါ်ဝင်းကတော့ ဒေါ်အေးသင်ကိုဒေါသထွက်စွာကြည့်နေခဲ့သည်။
“ဟဲ့…အေးသင်..ငိုမနေနဲ့…
လာကြစမ်းနှစ်ယောက်စလုံး…လာခဲ့ကြ”
ဘွားမယ်စိန်သည်ကွပ်ပျစ်ဆီသို့သွားလေသည်။
ဒေါ်ဝင်းတို့လည်းနောက်မှလိုက်ခဲ့ကြ၏။
“ဟို..မိန်းမတွေညည်းတို့ပြန်ကြတော့…
ဆွဲမယ့်အရေးကို…
ဆွဲလှဲပြီးတက်ဖိထားကြပါတော့လားညည်းတို့က…။
နောက်ကိုမှတ်ထားဒီကောင်မတွေရန်ဖြစ်ရင်
ဦးသူကိုတက်ဖိကြားသလား”
“ဟုတ်…ဟုတ်ကဲ့ဘွား”
ရွာသူတို့လည်းဘွားမယ်စိန်ကိုကြောက်ကြောက်ဖြင့်
ပြန်သွားကြသည်။
ကျန်ရစ်ခဲ့သောဒေါ်ဝင်းနှင့်ဒေါ်အေးသင်တို့ကတော့
ကွပ်ပျစ်ပေါ်၌ ငြိမ်နေကြတော့သည်။
“မိဝင်း…….”
“ရှင်အမေ…”
“ရေနွေးသွားထည့်ချည်”
“ဟုတ်..ဟုတ်ကဲ့”
ဒေါ်ဝင်းမှာရေနွေးအိုးကိုယူကာမီးဖိုထဲထွက်သွားသည်။
“မိအေးသင်…”
“ရှင် အမေ…”
“ညည်းယောကျာ်းနဲ့က ဘာဖြစ်တာလဲ”
“ဟို…ဟို..အမေ့သားကအလုပ်မလုပ်ဘဲ
အရက်ပဲသောက်နေလို့ပါ…”
“အေး…ညည်းကအဲ့အကြောင်းလာတိုင်တယ်…
မိဝင်းကဘယ်ခံချင်မလဲအေ့…
ညည်းယောကျာ်းကိုညည်းယူတုန်းက
ဒင်းသောက်စားတတ်သလား…ပြောစမ်းညည်း”
“မ…မသောက်စားတတ်ပါဘူးအမေ…”
“အေး…ငါက ငါ့သားသမီးကိုအဲ့သလိုဆုံးမသွန်သင်ခဲ့တာ…
အခုကြည့်ညည်းနဲ့ယူပြီးတဲ့အချိန်ကစပြီး…
အမေရယ်…အစ်မရယ်လို့ တရေးတယူရှိဖူးသလား…
ဒါတွေကအမေ့အတွက်မလိုပါဘူး…အမေကသေလူ…
ကျန်လူဖြစ်တဲ့ညည်းအစ်မကတော့လိုချင်မှာပေါ့…
သူ့ခမျာအားကိုးစရာဒီမောင်ပဲရှိခဲ့တာ…
ဒီအမေကြီးရှိနေတာတောင်အစ်မကိုတရေးတယူမရှိတာအေ..
ဒီအမေကြီးသာမရှိရင်ငါ့သမီးကိုပိုပစ်ထားမှာပေါ့….
ဒါတွေတွေးပြီးသူကစိတ်မကောင်းနေတာမိအေးသင်ရဲ့..
နောက်ပြီးပြောဦးမယ်…ညည်းယောကျာ်းအရက်သောက်တာကလည်း ညည်းအပြစ်မကင်းဘူး…
ဘာလို့ဆိုညည်းအစ်ကိုမောင်ဘွားတွေကအရက်သမားတွေလေ..ဒင်းတို့နဲ့ပေါင်းခိုင်းတော့ညည်းလင်လည်းစိတ်တူသွားတာပေါ့အေ့…ကဲပါ…အဲ့အကောင်ကိုအိမ်ကိုလွှတ်လိုက်…
အခု…ညည်းစိတ်ပါရင်ညည်းအစ်မကိုတောင်းပန်သွား…
စိတ်မပါရင်ဒီတိုင်းပဲပြန်……….”
ဟု…ဘွားမယ်စိန်ကပြောလေတော့…
ဒေါ်အေးသင်နားလည်သွားဟန်ဖြင့်…
“ကျုပ်မမဝင်းကိုတောင်းပန်ပါ့မယ်အမေ…
ကျုပ်ရိုင်းသလိုဖြစ်သွားပါတယ်”
“အေး…အေး…အေး…
သင့်သင့်မြတ်မြတ်လေးနေကြပါအေ…
ဒါမှဒီအမေကြီးကစိတ်ချမ်းသာတာ…….”
“ဟုတ်ကဲ့အမေ…”
ဒေါ်အေးသင်တစ်ယောက်ဒေါ်ဝင်းရှိသော
မီးဖိုထဲသို့လိုက်သွားလေသည်။
ဒေါ်ဝင်းသည်လည်းစိတ်မကောင်းလို့ထင်သည်
မျက်ရည်များကိုလက်သုတ်ဝတ်ဖြင့်သုတ်နေရှာ၏။
“မမဝင်း…….”
“အေး…ဘာလဲ”
ဒေါ်အေးသင်ဝင်လာသောကြောင့်
ဒေါ်ဝင်းတစ်ဖက်သို့မျက်နှာလှည့်သွားသည်။
“ကျုပ်…ကျုပ်တောင်းပန်ပါတယ်မမဝင်းရယ်…
ကျုပ်ရိုင်းသွားပါတယ်…”
ဟု…မျက်နှာငယ်လေးဖြင့်တောင်းပန်လေသောအခါ
ဒေါ်ဝင်းသည်…
“ရ..ရပါတယ်အေ…ငါလည်းမှားသွားပါတယ်ဟယ်…”
“ဒါဆိုမမဝင်း ကျုပ်ကိုစိတ်မဆိုးဘူးပေါ့နော်…”
“မဆိုးပါဘူးအေ…”
“အဟီး…ဒါဆိုကျုပ်စိတ်အေးပါပြီတော်…
ကျုပ်ပြန်တော့မယ်မမဝင်း…
အိမ်မှာကလေးတွေပဲကျန်ခဲ့ကြလို့…”
“အေး…အေး..ပြန်…ပြန်…
ဒါနဲ့…
ငါးပိရည်ယူသွားဦးမလား…ငါချက်ထားတာ…”
“ပိုရင်တော့ပေးလေ…မပိုရင်တော့အစ်မတို့စားဖို့ပဲထားပါ”
“ပိုတယ်…ပိုတယ်…ယူသွားလိုက်…”
ဟု…ပြော၍ဒေါ်ဝင်းသည် ငါးပိရည်နှင့်
တို့စရာအရွက်များကိုထည့်ပေးလေသည်။
ထိုသို့ဖြင့်ဒေါ်ဝင်းနှင့်ဒေါ်အေးသင်တို့ပြန်လည်အဆင်ပြေသွားကြတော့၏။
ဘွားမယ်စိန်ကတော့ကွပ်ပျစ်၌
သူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
ဖွာရှိုက်ကာသောက်နေလေသည်။
***********************************
“ဘွားရှိလားဗျို့….”
“အေး…ရှိတယ်ဟေ့..ဝင်ခဲ့ကြ”
မနက်အစောကြီး အိမ်ရှေ့မှအော်သံကြောင့် ဘွားမယ်စိန်မျက်နှာသစ်နေရင်းမှထူးလိုက်ရသည်။
မျက်နှာသစ်ပြီး ချည်တဘက်လေးဖြင့်သုတ်ကာ
ကွပ်ပျစ်ဆီလာလိုက်တော့ခြံဝိုင်းထဲဝင်လာသော
မောင်တိုးနဲ့ ဧည့်သည်တချို့ကိုတွေ့လိုက်ရ၏။
“ဘယ်သူတွေတုန်းမောင်တိုး…”
“ဧည့်သည်တွေဘွား……”
“သြော်…အေး…အေး…ထိုင်ကြကွယ်…မောင်တိုး…
မီးဖိုထဲမှာမောင်ရင့်အရီးရှိတယ်…
ရေနွေးခွက်နဲ့ရေနွေးအိုးသွားယူလိုက်….”
“ဟုတ်ကဲ့ဘွား…”
ဧည့်သည်များမှာအမျိုးသမီးကြီးနှစ်ဦးဖြစ်၏။
“ဘယ်ရွာကလာကြတာလဲ”
“ရွာသစ်ကပါဘွား…”
“သြော်…အေးပါ…ဒီကိုလာတာကရော…
ဘာအရေးများရှိလို့တုန်း…”
“လာရတာက…အရေးကြီးလို့ပါဘွား”
“ဟေ….အရေးကြီးတယ်…”
ဧည့်သည်အမျိုးသမီး၏စကားကြောင့်ဘွားမယ်စိန်နှုတ်မှ
အံ့သြသံထွက်သွားလေသည်။
ဧည့်သည်များ၏လာရင်းကိစ္စအားဘွားမယ်စိန်မှ
မေးမြန်းနေခဲ့သည်။
မောင်တိုးကတော့ ရေနွေးအိုးများ…ရေနွေးခွက်များကို
လာချပေးပြီးနောက်ထန်းလက်ခုံ၌ထိုင်၍နားထောင်နေခဲ့သည်။
“ကျုပ်နာမည်က မမြင့်လို့ခေါ်ပါတယ် ဘွား….
သူကတော့ ကျုပ်အဖော်ရအောင်ခေါ်လာခဲ့တာပါ…”
“အေး…မိမြင့်နော်…ပြောပါဦး…
ညည်းရဲ့အရေးကြီးတယ်ဆိုတဲ့အကြောင်းလေးကို”
“ဟုတ်ကဲ့…ဒီလိုပါဘွားရယ်………..”
ရွာသစ်ရွာထဲ၌ ညဘက်ဆိုလျှင်ခွေးများထူးထူးခြားခြား
အူကြသည်။
ယခင်အူသံ…ဟောင်သံများနှင့်လုံးလုံးတူမနေခြင်းကို
ရှာသူ၊ရှာသားတို့သတိထားမိကွ၏။
“ဟဲ့…ညကခွေးတွေအူတာ
အတော်ကြောက်စရာကောင်းတယ်နော်…”
“အေးဆိုဟယ်…ခွေးတွေကနော် တစ်ခုခုနောက်ကိုလိုက်ပြီး
ဆွဲဆွဲငင်ငင်ကိုအူနေကြတာဟဲ့…
ငါဖြင့်ကြောက်လိုက်တာမပြောပါနဲ့ဟယ်…”
ခွေးအူသံများ…ခွေးဟောင်သံများအကြောင်းကို
ရွာထဲ၌ပြော၍မဆုံးဖြစ်နေခဲ့သည်။
ထိုသို့ဖြင့်တစ်ည၌…
“ဝူးးးးးးးအူးးးးးးအူးးးးးးးးးးးးးးးးးး”
ဆွဲဆွဲငင်ငင်အူလိုက်သော
ခွေးအူသံကြီးကြောင့် ကိုတင့် နိုးလာခဲ့သည်။
နံဘေးကြည့်လိုက်တော့ ဇနီးသည်က အိပ်ပျော်နေလေပြီ။
ထိုစဥြ…
“တောက်…စောက်ခွေးတွေကတော့ကွာ…….”
ဟုသောအသံကို ကိုတင့်ကြားလိုက်ရတော့
အံ့သြသွားခဲ့သည်။
ကိုတင့်တို့အိမ်သည်က ရွာလမ်းမဘေးတွင်ဖြစ်သည်။
ယခုလိုခွေးများအူနေသောာအချိန်တွင်တော်တန်မည်သူမှ
အိမ်အပြင်မထွက်ရဲတာကို ကိုတင့်သိ၏။
ထို့ကြောင့် အိမ်ထရံ၌ထိုးစိုက်ထားသော ဓားမကိုဆွဲယူ၍
တဲတံခါးကိုအသာဖွင့်ကာ လမ်းမဆီသို့
လှမ်းကြည့်လိုက်လေတော့…
လလေးကလည်းအလင်းပေးနေသည်မို့ ခွေးအုပ်နှင့်အတူ
လူတစ်ယောက်ကို ကိုတင့်မြင်လိုက်ရသည်။
ခွေးများသည်က ထိုလူသွားရာသို့မခွာတမ်းလိုက်
အူနေကြခြင်းပင်။
ကျောပေးကာ ရွာလမ်းမပေါ်တလှုပ်လှုပ်သွားလာနေသော
လူ၏အနောက်သို့ကိုတင့်သိချင်စိတ်ကြောင့်
အမြန်လိုက်လာခဲ့သည်။
ခွေးအုပ်ကလည်းကိုတင့်ကိုမြင်သော်လည်းရှေ့မှလူကိုသာ
အတင်းလိုက်နေကြသည်။
ရှေ့ရှိလူကလည်း ခွေးအုပ်ကိုကန်လိုက် ဆဲလိုက်ဖြင့်
ရွာလမ်းမအတိုင်းဆက်သွားနေခဲ့သည်။
“ဟိတ်လူ….ဟိတ်လူ……..”
ကိုတင့်လိုက်ရတာမောလာ၍ လှမ်းခေါ်လိုက်သည်။
“ဟိတ်လူ….ကျုပ်ခေါ်နေတာကြားလား”
ဟု…ထပ်မံကာခေါ်လေမှ ထိုလူသည် ခြေလှမ်းရပ်သွားတော့သည်။
ကိုတင့်လည်းအမြန်ထိုလူ့ဆီသွားကာ…
“ခင်ဗျားဘယ်သူလဲ…ဘယ်သွားမလို့လဲ ဒီအချိန်ကြီး”
ဟု…ကိုတင့်ထပ်မံကာမေးလေတော့…
“အတော်စပ်စုတာပဲ…ငါဘယ်သူလဲသိချင်လာကြည့်လှည့်”
ဟု…ခေါ်လေတော့…ကိုတင့်လည်း
အသံကရင်းနှီးသယောင်ဟုအတွေးဖြင့်
အနားသို့ရောက်လာခဲ့သည်။
ကိုတင့်ရောက်လာလေတော့ ထိုလူသည်ချက်ချင်းနောက်သို့လှည့်လာခဲ့ရာ…ထိုအခါ လရောင်အောက်၌မြင်ရသောထိုလူ့၏မျက်နှာက်ို ကိုတင့်သည်သူ၏ကျဥ်းနေသော
မျက်လုံးများပင် အဆမတန်ပြူးကျယ်သွားပြီး…
“ခင်….ခင်ဗျာ….ကို….ကိုဗလ…..အမယ်လေး….
သရဲဗျ……သရဲ…သရဲ…..”
ဟုအော်ကာ လက်အတွင်းကိုင်ထားသော ဓားကိုပင်
မြေပေါ်ပစ်ချ၍ ထွက်ပြေးလေသည်။
ပြေးရင်း အရှိန်မထိန်နိုင်ကာ လဲကျသွားသော
ကိုတင့်၏အဖြစ်ကိုကြည့်၍ဝမ်းသာအားရဖြင့်…
“ဟားးး…ဟားးး….ဟားးး…ဟားး…ဟားးးးးးးးး…..”
ဟုသောတဟားဟားရယ်မောသံကြီးမှာ
ကိုတင့်၏နားထဲ၌မထွက်တော့ပေ။
**************************
မိုးလင်းသည်နှင့် ကိုတင့်၏အိမ်၌ လူအတော်များနေလေပြီ။
“ကိုတင့်သရဲအခြောက်ခံရတာဆိုပဲ…
လူက ကယောင်ကတမ်းတွေတောင်အော်နေတယ်တဲ့…”
ဟူသော သတင်းကြောင့်လူပို၍စည်နေခဲ့သည်။
အမှန်မှာလည်းကိုတင့်တစ်ယောက်သူ၏အိမ်ရှိဘုရားစင်အောက်တွင် စောင်ကိုခြုံ၍ဒူးများပင်
တဆတ်ဆတ်တုန်ခါနေခဲ့ကာ…
“ကြောက်တယ်…ကြောက်တယ်…မျက်နှာနီနီကြီး….
ငါ့ကိုတဟားဟားရယြ…ရယနြတော…အီးးးးးးဟီးးးးဟီးးးးးး”
ဟု…အော်ကာဟစ်ကာငိုနေလေသည်။
ထိုအခါ ကိုတင့်၏မိခင်ကြီးက…
“သား…ကိုတင့်…ဘာတွေဖြစ်တာတုန်း…
အမေ့ကိုသေချာပြော…
ဒါမှအမေတို့က ဘာလုပ်ပေးရမလဲသိမှာလေ…”
ဟု…ကိုတင့်အနားထိုင်ကာမေးလေတော့ ကိုတင့်သည်
သူ၏မိခင်ကြီးမျက်နှာကိုစေ့စေ့ကြည့်ကာ…
“အ…အမေ…ညက…ကျုပ်…ခွေးအူသံတွေကြားတော့
နိုး…နိုးလာခဲ့တာ…နိုးလာလာချင်း…ကျုပ်နားထဲ
လမ်းမပေါ်ကလူသံကြားလို့…ချက်ချင်းဓားကိုင်ပြီးထွက်ကြည့်လိုက်မိတယ်…ကျုပ်..ကျုပ်ကိုကလျှာရှည်မိတာပါဗျာ…
လမ်းမပေါ်မှာအဲ့လူနောက် ခွေးတွေကတရုန်းရုန်းလိုက်နေတာ..
ကျုပ်လည်းအော်ပြီးဘယ်သူလဲမေးလိုက်မိတော့..
သူက…သူက ကျုပ်ကိုအတော်စပ်စုတာပဲတောင်ပြောတယ်ဗျ…
သူခိုး…ဓားပြကောင်ဆို ကျုပ်လက်ထဲကဓားနဲ့အပြေးပိုင်းလို့ရပါတယ်ဗျာ…ခုဟာက…ခုဟာက သရဲအမေရ”
“ဟေ…သရဲ…ဟုတ်လား”
ကိုတင့်စကားကြောင့်လာနားထောင်နေသူတို့လည်း
တိုးတိုး တိုးတိုးဖြင့်တွတ်ထိုးကုန်ကြသည်။
ကိုတင့်ကလည်း သူ့အမေကို…
“ဟုတ်တယ်အမေ…
အဲ့သရဲကအခြားကလာတဲ့သရဲမဟုတ်ဘူး…
ဟိုတလောကမှဆုံးသွားတဲ့…ကျုပ်တို့ရွာက
ကိုဗလကြီးအမေရဲ့…
အဲ့လူလေ ကျုပ်ကိုသူ့မျက်နှာရဲရဲကြီးနဲ့
တဟားဟားအော်ရယ်နေတာ…
အမယ်လေး အမေရာ…ကျုပ်…ကျုပ်…ကြောက်တယ်ဗျာ…”
“ဟေ….”
ကိုတင့်အမေလည်း တဟေ ဟေ ဖြင့်အံ့သြနေခဲ့သည်။
ထိုသို့ဖြင့် ကိုတင့်တစ်ယောက်အား
ကိုဗလမှခြောက်လန့်လိုက်သည်ဆိုသည့်သတင်းနှင့်အတူ
ညတိုင်းခွေးများအူကြဟောင်ကြသည်မှာကိုဗလကြောင့်
ဆိုတာသိသွားကြသော်လည်း ရွာမှလူတွေသည်
ပို၍ကြောက်လန့်လာကြတော့သည်။
နေဝင်ပြီဆိုတာနှင့်ရွာလမ်းပေါ်၌ မည်သူမှမနေရဲကြတော့။
သို့သော်ကိစ္စကဆန်းလာပြန်၏။
ဖြစ်ပုံမှာ…
“အီးးးးဟီးးးးးးဟီးးးးးးးးးးးးး”
“ဟဲ့…မိသောင်းညွှန့်ဘာဖြစ်နေတာလဲ…”
“ငါမိသောင်းညွှန့်မဟုတ်ဘူး…ငါ ဗလ…”
“ဟင်…ဗ…ဗလ….ဗလကဘယ်လိုဖြစ်ပြီးသောင်းညွှန့်ဆီရောက်နေတာတုန်း”
တဟီးးဟီး လှုပ်ရမ်း၍ထိုင်နေသော မသောင်းညွှန့်ကို
မသောင်းညွှန့်အမေကမေးနေခြင်းပင်။
“လျှာမရှည်နဲ့ နင့်သမီးအသတ်မသေစေချင်ရင်
အခုချက်ချင်းအရက်နဲ့ ကြက်ကြော်ပြင်ပေး…
အေး….မြန်မြန်ပြင်နော်…အရက်ကိုနှစ်လုံးပေး”
ဟု…ယောကျာ်းသံကြီးဖြင့်ပြောနေသော မသောင်းညွှန့်ကို
မိခင်ဖြစ်သူက တအံ့တသြငေးကြည့်နေခဲ့သည်။
“ဟဲ့…ဘာလဲ ငါပြောတာမလုပ်သေးတာလဲ…
ကြည့်ဟေ့…နင့်သမီးသေစေရမယ်…….”
“ဒုန်း…ဒုန်းးးး…….”
“အမယ်လေး…မလုပ်…မလုပ်ပါနဲ့
ပြင်ပေးပါ့မယ်တော်ပြင်ပေးပါ့မယ်”
ကြမ်းပြင်နှင့်ခေါင်းကိုဆောင့်ချလေတော့
မိခင်ဖြစ်သူမှာပြာပြာသလဲ ထကာ
ပြင်ဆင်ပေးပါ့မည်ဆိုပြီးပြောရရှာသည်။
ထိုသို့ သူလိုချင်သော အရက်နှင့်အမြည်းရပြီဆိုလျှင်
အားရဝမ်းသာစွာစားသောက်ပြီးသည်နှင့်
မသောင်းညွှန့်ကိုယ်ထဲမှထွက်သွားတော့၏။
ကိုဗလသရဲ၏အနိုင်ကျင့်မှုကိုရွာသစ်ရွာမှ
လူများခါးစည်းခံနေကြရသည်။
လူကိုပူးကပ်၍ အရက်နှင့်အမြည်းမကြာခဏတောင်းတတ်၏။
မပေးလျှင်လည်းပူးကပ်ခံရသူကို ဒုက္ခပေးမည်ဟု
ချိန်းခြောက်လေတော့ သူပြောသမျှလုပ်ပေးကြရရှာသည်။
“ဟဲ့…မိမြင့်…ညည်းလင်ဗလသောင်းကျန်းနေတာ
ညည်းကြည့်ရက်တယ်ပေါ့လေ”
“အမယ်လေး..မမသန်းရယ်…ကျုပ်က ဒင်းကိုအသက်ရှိစဥ်ကတည်းက မနိုင်တာလေ…
အခုလိုသရဲဘဝရောက်တော့ကော
ကျုပ်ကဘာလုပ်ပေးနိုင်မှာလဲ…”
“ညည်းလင်ဝင်ပူးနေတာတစ်ယောက်မကတော့ဘူးအေ့…
အခုဆိုရင် လူသုံးယောက်လောက်ထိရှိနေပြီ…
အစကတော့တို့တွေက ဒင်းစားချင်သောက်ချင်လို့
တစ်ခါတစ်လေ ဝင်ပူးတာနေမှာပါဆိုပြီး
ခွင့်လွှတ်ခဲ့ကြတာ…
အခုက မကြာခဏဆိုသလိုကို ဖြစ်နေတော့
တို့တွေခွင့်မလွှတ်နိုင်တော့ဘူးအေ့”
“ဒါဆိုရင်…ကျုပ်ကဘာလုပ်ပေးရမှာလဲမမသန်းရယ်…
ကျုပ်ကကော ဘာများလုပ်နိုင်မှာမို့လို့တုန်း”
“ဟဲ့ကောင်မရဲ့…အခုညည်းလင်ကြောင့်ရွာထဲကလူတွေ
အတော်ကြောက်နေကြရှာတယ်လေ…
အဲ့သည်တော့ ညည်းကိုယ်တိုင်ဦးဆောင်ပြီး
သောင်ထွန်းရွာကဘွားမယ်စိန်ကိုသွားပင့်ခဲ့ချေအေ…
ဒါမှ ညည်းလင်ဗလကို ဘွားမယ်စိန်ကလာပြီး
ဆုံးမပစ်မှာအေ့…”
“အင်း…အဲ့တာလည်းဟုတ်သားပဲမမသန်းရယ်…
စိတ်ချတော်…ကျုပ်ဘွားမယ်စိန်ကိုရအောင်
သွားပင့်ခဲ့ချေမယ်…”
“အေး…အေး….ဒါဆိုလည်းပြီးတာပဲအေ…
ဒါမှငါလည်းစိတ်အေးရမှာမမြင့်ရဲ့…”
“ဟုတ်ကဲ့မမသန်း”
ရွာသစ်ရွာသူကြီးဦးမျိုးသစ်၏မိန်းမသူကြီးကတော်
ဒေါ်သန်းကိုယ်တိုင်ပြော၍ မမြင့်လည်း သောင်ထွန်းရွာမှ
ဘွားမယ်စိန်ကို ပင့်ဖို့ရန် အဖော်တစ်ယောက်ခေါ်၍
သောင်ထွန်းရွာသို့ရောက်ရှိလာခဲ့တော့သည်။
*********************************
မမြင့်၏အရေးတကြီးအကြောင်းအရာကို
ဘွားမယ်စိန်သိရှိသွားလေတော့…
“သြော်…အခုရွာသစ်မှာ ဗလဆိုတဲ့ကောင်က
သောင်းကျန်းနေတယ်ပေါ့လေ…”
“ဟုတ်ပါတယ်ဘွားရယ်…ဒင်းကိုကျုပ်လူ့ဘဝကတည်းက
ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ရတာပါ…
အခုသရဲဘဝနဲ့သောင်းကျန်းနေတော့
ကျုပ်မှာ တစ်ရွာလုံးရဲ့အမြင်မကြည်တာတွေကို
ခါးစည်းခံနေရတာပါတော်…”
မမြင့်သည် သူ၏အဖြစ်ကိုစိတ်ပျက်စွာပြောနေသည်။
ဘေးမှအဖော်ကလည်း ခေါင်းညိတ်ထောက်ခံရှာ၏။
“အေးပါအေ…
ရွာသစ်ဆိုတာအဝေးကြီးမှမဟုတ်တာ…
ဒီညနေဘွားကိုယ်တိုင်လာခဲ့မယ်အေ…”
“ကျုပ်တို့လှည်းနဲ့လာခေါ်လိုက်ပါ့မယ်ဘွားရယ်…”
“ဒါတွေမလိုပါဘူးအေ…ဘွားတို့ဘာသာစီစဥ်ပြီး
လာခဲ့လိုက်ပါ့မယ်…”
“ဟုတ်ကဲ့…ဘွားရဲ့သဘောပါပဲတော်…”
ထိုသို့ဖြင့် မမြင့်နှင့်အဖော်ပါလာသူတို့မှာ
ရွာသစ်ရွာသို့ပြန်သွားကြတော့သည်။
“ကဲမောင်တိုးရေ…နေစောင်းရင် ရွာသစ်ကိုသွားဖို့
မောင်အုန်းကိုခေါ်ပြီးလာခဲ့ပေတော့ကွယ်…”
“ကျုပ်ပြန်တာနဲ့ကိုကြီးအုန်းကိုဝင်ပြောခဲ့ပါ့မယ်ဘွား”
“အေး…အေး…ဒါနဲ့မနက်စာစားပြီးပလား”
“ဟီး…မစားရသေးဘူးဘွား”
“ဒါဆိုတစ်ခါထဲစားသွား…မောင်ရင့်အရီး ဒီနေ့
ဆီထမင်းထိုးထားတယ်…တော်နေဆို မြေးလေးအကြော်ဝယ်ပြန်လာပြီ…တစ်ခါထဲစားသာသွားတော့”
“ဒါမျိုးတော့စိတ်ချ…ကျုပ်စားကိုစားသွားမှာဘွားရဲ့”
မောင်တိုးက ခပ်ပြုံးပြုံးဖြင့်ပြောလေသည်။
ညနေ နေစောင်းလေတော့ မောင်တိုးနဲ့မောင်အုန်းတို့
နွားလှည်းတစ်စီးဖြင့် ဘွားမယ်စ်ိန်အိမ်သို့ရောက်လာကြသည်။
အနီးအနားရွာပေမို့ အဝတ်ထုပ်များကသယ်စရာမလိုပေ။
ထို့ကြောင့်လည်းဘွားမယ်စိန်က
တောင်ဝှေးကိုယူဆောင်ပြီး
လှည်းပေါ်သို့တက်လိုက်တော့သည်။
လှည်းပေါ်သို့ရောက်လေတော့ လှည်းအနီးတွင်ရပ်နေကြသော
ဒေါ်ဝင်းနှင့် နန်းကြိုင်လေးကို တစ်ချက်ကြည့်၍…
“မိဝင်း…ခြံတံခါးတွေသေချာပိတ်အိပ်ကြနော်…
အမေတို့က မနက်မှပြန်လာကြမှာ…”
“ကျုပ်တို့သားအမိကိုစိတ်ချပါအမေရယ်…
အမေတို့သာ ဂရုစိုက်ကြပါ…”
“အေး…အေး…ဒီလိုဖြင့်သွားပြီ သမီးရေ..
ကဲ…မောင်တိုးရေမောင်းကွဲ့”
“အရီးသွားပြီဗျို့……”
နွားလှည်းမောင်းထွက်သည်နှင့်
မောင်တိုးနဲ့မောင်အုန်းကပြိုင်တူပင်
ဒေါ်ဝင်းကိုနှုတ်ဆက်ခဲ့ကြသည်။
ဒီလိုဖြင့် မှောင်ရိပ်ကျလေတော့
ရွာသစ်ကိုရောက်လာခဲ့ကြသည်။
ရွာသစ်က သူကြီးဦးမျိုးသစ်အိမ်ဆီသို့သ တန်းဝင်လာခဲ့ကြ၏။
သူကြီးဦးမျိုးသစ်နှင့်သူကြီးကတော်ဒေါ်သန်းတို့ကလည်း
ဘွားမယ်စိန်လာမည်ကိုသိကြ၍
အသင့်စောင့်ဆိုင်းနေသည်နှင့်ကြုံလေသည်။
“ဘွား…ထိုင်ပါခင်ဗျ……”
“အေး..မောင်မျိုးသစ်..နေကောင်းပါတယ်နော်…”
“ဟုတ်ကဲ့…နေကောင်းပါတယ်ဘွား”
(စာမူ၂၅…မကျွတ်မလွတ်ဒေါ်နှင်းမြိုင်စာမူ၌ ဤရွာပါရှိ၏)
“ကျုပ် မမြင့်ကို ကျုပ်တို့ဆီကိုပဲခေါ်ခဲ့ရမလား…
ဒါမှမဟုတ် ကျုပ်တို့ကသူ့အိမ်ကိုပဲ သွားကြမလား…
ဘွားကဘယ်လို စီစဥ်မယ်စိတ်ကူးထားသလဲတော့်”
ဒေါ်သန်းကအမေးစကားဆိုလေတော့…
“အေး…မိမြင့်ကိုဒီအိမ်ကိုပဲခေါ်ခဲ့လိုက်လေ…
နောက်ပြီးသူဝင်ပူးနေကြ လူသုံးယောက်ကိုလည်း
တစ်ခါထဲပဲ ခေါ်လာခဲ့လိုက်အေ”
“ဟုတ်ကဲ့ပါဘွား”
ထိုသို့ဖြင့်ဒေါ်သန်းနှင့်အဖော်ခေါ်ထားသောမိန်းမသုံးယောက်တို့မှာ ရွာထဲသို့ သုတ်သီးသုတ်ပျာ ထွက်သွားကြတော့သည်။
ကျန်ခဲ့သော သူကြီးဦးမျိုးသစ်နှင့်အတူ အမျိုးများဟုထင်ရဟန်တူသူတွေက…ဘွားမယ်စိန်တို့ကို လက်ဖက်သုပ်များ…
ပြောင်းဖူးပြုတ်များအပြင်…မုန့်ဆီကြော်…ဆနွင်းမကင်း
အစရှိသည့်မုန့်များဖြင့် စုံလင်စွာ ဧည့်ခံကြလေသည်။
ခဏမျှကြာတော့…
“ကဲ…မောင်မျိုးသစ်…ဘွားတို့သူတို့အလာကို
ဘုရားခန်းကနေပဲစောင့်ကြတာပေါ့…”
“ဟုတ်ကဲ့…ဒါဆို ဘုရားခန်းကိုကြွပါဘွား…
ကျုပ်တို့လိုက်ပို့ပါ့မယ်…”
ဘုရားခန်းဆီသို့ရောက်တော့ ဘွားမယ်စိန်သည်
ဘုရားစင်၌ ဖယောင်းတိုင်သုံးတိုင်ကို ထွန်းညှိ့လိုက်ပြီးနောက်
ဦးသုံးကြိမ်ချ၍ ကန်တော့လေသည်။
မောင်တိုး…မောင်အုန်းတို့ကလည်း ဘုရားကန်တော့ကြ၏။
အဲ့သည်နောက်…
ဘုရားစင်ကိုကျောပေးပြီးဘွားမယ်စိန်သည်
တင်ပုလ္လင်ခွေကာထိုင်နေခဲ့ပြန်သည်။
ရွာထဲသွားသော ဒေါ်သန်းတို့မှာလည်းပြန်လာကြပြီး…
မိန်းမပျိုလေးသုံးဦးနှင့် မမြင့်တို့လည်းလိုက်ပါလာခဲ့လေသည်။
“ကဲ…ကလေးမသုံးယောက်
ဘွားရှေ့ကိုတစ်ယောက်ချင်းလာခဲ့ကြ”
ဟု…ဘွားမယ်စ်ိန်ကခေါ်လေတော့ မိန်းမပျိုသုံးဦးမှာ
တစ်ဦးချင်းရိုရိုသေသေလေး ထိုင်ရင်းမှ
ဘွားမယ်စိန်ရှေ့သို့တိုးလာခဲ့ကြသည်။
ဘွားမယ်စိန်က
တစ်ဦးချင်းခေါ်ယူပြီးသူ၏လက်ကို
မိန်းမပျိုလေး၏ခေါင်းအပေါ်တင်လိုက်ကာ….
မျက်လုံးကိုမှိတ်၍ ငြိမ်သက်သွားသည်။
ထိုနည်းအတိုင်းသုံးဦးစလုံးကို ပြုလုပ်ပြီးချိန်မှာတော့…
“ကဲ…ငါ့မြေးတို့က ဘွားနဲ့မျက်နှာခြင်းဆိုင်မှာပဲထိုင်ကြ…
ကျန်လူတွေကတော့ ခပ်လှမ်းလှမ်းလေးကနေပဲကြည့်ကြကွဲ့…
ဒါ…မောင်ရင်တို့ပြောတဲ့
ဗလဆိုတဲ့အကောင်ကိုဘွားကခေါ်တော့မှာ..
ဘယ်သူမှလည်းဝင်မပါနဲ့…ဝင်မပြောကြနဲ့….။
နောက်ပြီးငါ့မြေးတို့ထဲကဝင်ပူးခံရသူရှိရင်ကျန်နှစ်ယောက်က
နောက်ကိုဆုတ်ကြနော်…ကြားကြသလားမြေးတို့…”
“ဟုတ်ကဲ့ရှင့်…”
မိန်းမပျိုလေးသုံးဦး၏အဖြေစကားဆုံးသည်နှင့်
အားလုံးတိတ်ဆိတ်သွားသည်။
သူကြီးဦးမျိုးသစ်တို့လူကြီးများမှာ ဘာဖြစ်မလဲဆိုတဲ့စိတ်ဖြင့်
စိတ်ဝင်စားနေကြသလို…မိန်းမပျိုလေးများမှာလည်း
တစ်ယောက်မျက်နှာတစ်ယောက်လှမ်းကြည့်ကာ
ကြောက်လန့်နေကြရှာသည်။
မောင်တိုးနဲ့မောင်အုန်းကတော့ ဒီလိုကိစ္စများကို
မြင်တွေ့ဖူးနေကြသူတွေမို့ သရဲဗလတစ်ယောက်
ဘွားမယ်စိန်လက်စာမိမယ့်အရေးကိုတွေးရင်း
တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ ပြုံးလိုက်လေသည်။
“ကဲ…ဟောသည်ရွာသစ်ရွာမှာ ထင်တိုင်းကြဲ..ထင်ရာစိုင်းနေတဲ့
ဗလဆိုတဲ့အကောင်…ရောက်ရာအရပ်ကနေ
ဟောသည်မယ်စိန်ရဲ့အရှေ့ကို ချက်ချင်းလာခဲ့စမ်းဟေ့…
ဘယ်အတားအဆီးမှမရှိစေရ….
ဘယ်ပုန်းခိုရာမှလည်းမရှိစေရ…
ချက်ချင်းအရောက်လာခဲ့…….”
ဟု…ဟိန်းထွက်လာသောဘွားမယ်စိန်၏အသံကြီးအဆုံး၌
“ဟင်း…ဟင်း…ဟင်း…….”
ပုပ်အက်အက်အနံ့ကြီးနှင့်အတူ အလယ်၌ထိုင်နေသော
မိန်းမပျိုလေးသည်တဟင်းဟင်းဖြင့်လှုပ်ရှားလာခဲ့သည်။
ထိုအခါ ကျန်မိန်းကလေးနှစ်ဦးမှာ အနောက်သို့
အလျင်ဆုတ်ခွာသွားကြ၏။
“ကဲ…ဗလဆိုတဲ့ကောင် ရောက်ပြီလား”
“ဟုတ်…ဟုတ်ကဲ့”
မိန်းမပျိုလေးသည် ဘွားမယ်စ်ိန်က်ိုမြင်တော့
အလန့်တကြားခေါင်းကိုငုံ့သွား၏။
ထိတ်ထိတ်လန့်လန့်အသံဖြင့် ဖြေရင်းသူ၏အနောက်ကို
ကြည့်လိုက်တော့ သူကြီးဦးမျိုးသစ်တို့လူစုကိုမြင်သွားလေသည်။
“သေတာဖြင့်မကြာသေးဘူး…
ရွာထဲဝင်သောင်းကျန်းနေတာကဘာသဘောလဲကွဲ့”
“ကျုပ်…ကျုပ်ဗိုက်ဆာလို့ပါ…”
“ဗိုက်ဆာတာလား အရက်ဆာတာလား…ဟမ်…
တော်တော်မိုက်တဲ့အကောင်…ဒီအရက်ကြောင့်
သေတာတောင်…ဒီအရက်ကိုစွဲလမ်းပြီး ရွာမှာသောင်းကျန်းနေတယ်ဆိုတော့…ပြောစမ်း…မောင်ရင့်ကိုဘယ်လိုအပြစ်မျိုးပေးရမလဲဆိုတာ….”
“ကျုပ်…ကျုပ်ဘွားကိုကြောက်ပါတယ်ဗျာ…
အခုလည်းဘွားခေါ်သံကြားလို့ကျုပ်မှာ
ချက်ချင်းအပြေးလာခဲ့ရတာပါ…
နောက်…နောက်ပြီး…
ကျုပ်နေ…နေ စရာမရှိလို့ရွာထဲမှာလာသောင်းကျန်းမိတာပါ”
“ဟေ..နေစရာကဘာလို့မရှိတာတုန်း”
“ကျုပ်ထက်ကြီးတဲ့ကောင်တွေက
အရမ်းအနိုင်ကျင့်တယ်ဗျ…
အခုတောင်သရဲအဘိုးကြီးပြောပြလို့ရွာထဲလာနိုင်နေတာ”
“အင်း…ဒါဆိုဒီလိုလုပ်ကွယ်…သင်္ချိုင်းမှာနေစရာရစေရမယ်…
ဒီလိုဆိုရင်မောင်ရင်ရွာထဲကလူတွေကိုထပ်ပြီး
ဒုက္ခမပေးတော့ဘူးမလား…ဘွားဘက်က
အကြမ်းနည်းမသုံးချင်ပါဘူး…
ဒါကြောင့် ဘွားစီစဥ်တာကို မောင်ရင်လက်ခံနိုင်မလားကွဲ့”
“လက်ခံနိုင်ပါတယ်ဘွား…ကျုပ်နေစရာရရင်ဘယ်သူ့မှ
ဒုက္ခမပေးတော့ပါဘူးဗျာ…”
“အေးကွယ်…ဒီလိုဆိုရင်ပြောပါဦး…
နောက်ဆုံးအနေနဲ့ဘာစားချင်သလဲ ဘွားစီစဥ်ခိုင်းပေးမယ်”
“တ…တကယ်လား”
“တကယ်ပေါ့ကွဲ့…..”
“ဒါဆိုရင်….ကျုပ်အရက်နှစ်လုံးနဲ့ကြက်ကြော်စားချင်တယ်”
ကိုဗလသရဲသည် ဝမ်းသာအားရပင်ပြောလိုက်တော့၏။
“ကဲ…မောင်မျိုးသစ်ရေ…သူ့ဆန္ဒအတိုင်းလုပ်ပေးလိုက်ကွဲ့”
“ဟုတ်ကဲ့ဘွား….”
သူကြီးဦးမျိုးသစ်တို့လည်းအပြေးစီစဥ်ရတော့သည်။
ဘွားမယ်စိန်သည် မျက်လုံးကိုမှိတ်၍ပါးစပ်မှ
တတွတ်တွတ်တိုးတိတ်စွာပြောနေသည်။
ပြီးလေမှ…
“ကဲ..မောင်ဗလရေ…စားပြီးသောက်ပြီးရင်တော့
ရွာသင်္ချိုင်းကိုသွား..ဘွား သင်္ချိုင်းစောင့်ကိုမောင်ရင့်အတွက်
နေစရာပေးဖို့ပြောပေးထားတယ်…”
“ကျေး..ကျေးဇူးတင်လိုက်တာဗျာ….ကျေးဇူးပါဘွားရယ်”
အတော်ကြာတော့အရက်နှစ်လုံးနှင့်ကြက်ကြော်
ရောက်လာခဲ့သည်။
ကိုဗလရှေ့သို့ချစေပြီး ဘွားမယ်စိန်က စားစေ၏။
ထိုအခု အားရဝမ်းသာစွာပင်အရက်ကိုမော့သောက်လိုက်
ကြက်ကြော်ကိုအရိုးပါမကျန် တကျွတ်ကျွတ်ဝါးစားလိုက်ဖြင့်
သဘောတွေ့နေသော
ကိုဗလသရဲအား အားလုံးကဝိုင်းကြည့်နေခဲ့ကြသည်။
ထိုသို့စားနေရင်းမှ…
“မိမြင့်…နင်လည်းငါ့ထက်သာတဲ့အကောင်တွေ့ရင်
ယူချင်ယူဟာ…ငါကအတော်ဆိုးခဲ့တာ…
နင့်အပေါ်ငါမကောင်းခဲ့ပါဘူးဟာ…”
ဟုပြောလေတော့ မမြင့်ခမျာ ဝမ်းနည်းစွာကြည့်နေရှာသည်။
စားပြီးသောက်ပြီးလေတော့ ဘွားမယ်စိန်ကို
လက်အုပ်ချီကန်တော့ပြီး
မိန်းမပျိုလေးကိုယ်ထဲမှထွက်ခွာသွားလေသည်။
သတိလစ်နေသော.မိန်းမပျိုလေးနှင့်ကျန်မိန်းမပျိုလေးများကို
ဘွားမယ်စိန်က ရေမန်းတိုက်၍ အဆောင်လက်ပတ်လေးများက်ို
ဝတ်ဆင်ထားကြဖို့ပေးလိုက်သည်။
“ကဲ…မိမြင့်ရေ…ညည်းယောကျာ်းတော့
သူ့ပါလာတဲ့အကုသိုလ်တွေကိုသွားဆပ်ရဦးမယ်…
ညည်းကတော့ သူ့အတွက်လုပ်ပေးနိုင်သလောက်
အလှူလေးလုပ်ပေးပေါ့အေ”
“ဟုတ်ကဲ့ပါဘွားရယ်…ကျုပ်လည်းသူ့အတွက်
စိတ်မကောင်းပါဘူးတော်…ဒီအတွက်ကုသိုလ်ကောင်းမှုလေးလုပ်ပေးလိုက်ပါ့မယ်”
“အေး..အေး…ဒါနဲ့ မောင်မျိုးသစ်ရေ…
ရွာပြင်ကသရဲရွာထဲဝင်တာမကောင်းဘူး….
ဒါကြောင့်ရော့ဒီရေမန်းကိုရေနဲ့ပွားပြီး ရွာထဲကအိမ်တွေကိုပေး…ကိုယ့်အိမ်ပတ်ပတ်လည်ဖြန်းကြဖို့ခိုင်းကွဲ့”
“ဟုတ်ကဲ့ဘွား”
သူကြီးဦးမျိုးသစ်လည်းဘွားမယ်စိန်ပေးသော
ရေမန်းဘူးလေးကိုယူလိုက်သည်။
ထိုနေ့ညကတော့ သူကြီးဦးမျိုးသစ်တို့အိမ်၌သာ
ဘွားမယ်စိန်တို့ညအိပ်လိုက်ကြသည်။
နောက်တစ်ရက်မနက်မှာတော့ သောင်ထွန်းရွာကို
ပြန်ရောက်လာခဲ့ကြ၏။
ပြီးပါပြီ။
ရေးသားသူ–ယဥ်မင်း(ကန့်ဘလူ)
#crd