ပါလာသည်

“ပါလာသည်…”(စ/ဆုံး)

——————————

ရွှေရောင်လွင့်လွင့်ဖြင့် ဒီဇိုင်းဖောက်ထားသော ဆိုင်းဘုတ်ကြီးတစ်ခု…။
ထိုဆိုင်းဘုတ်ကြီးသည် မြို့ပြ၏ ရပ်ကွက်လေးတစ်ခုတွင်ရှိလေသည်။
ထိုဆိုင်းဘုတ်တွင်ရေးသားထားသော ရွှေရောင်ဖောင်းကြွစာလုံးများသည်ကတော့ဖြင့်…

“မြသော်တာ မိန်းကလေးဆောင်”

ဟူ၍ဖြစ်၏။

“မြသော်တာ မိန်းကလေးဆောင်”သည် ထိုမြို့လေး၌ နာမည်ရသော မိန်းကလေးဆောင်တစ်ခုဖြစ်သည်။
နယ်မှ အလုပ်လာလုပ်ကြသော မိန်းကလေးများ နေထိုင်ရာအဆောင်ဖြစ်ပြီး စည်းကမ်းကျခြင်းများကြောင့်ထိုအဆောင်သည် နာမည်ရခြင်းဖြစ်၏။

“မြသော်တာအဆောင်”၏ပိုင်ရှင်သည် အပျိုကြီး မမစန်းပင်ဖြစ်သည်။
မမစန်းသည် မောင်နှမများမှာ အိမ်ထောင်ခွဲများဖြစ်ကြ၍ မိမိတစ်ယောက်ထဲ နေထိုင်လာရာမှ အဆောင်လေးတစ်ခုအား စတင်ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်သည်။
အဆောင်ခမှာ အခြားအဆောင်များ၌ လေး၊ငါးသောင်းဆိုလျှင် “မြသော်တာ အဆောင်” ၌မူက သုံးသောင်းလောက်သာ ကျသင့်၏။
ထို့ပြင် ရေ၊မီးများကိုပါ စနစ်တကျသုံးစွဲ ကြရ၏။
ဧည့်တွေ့ချိန်သတ်မှတ်ထားသကဲ့သို့…
ည ၈နာရီကျော်လျှင်မည်သူမျှ အဆောင်ပြင်မထွက်ရတော့။
ကျန်းမာရေးနှင့် အရေးကြီးကိစ္စများအတွက်သာ အပြင်ထွက်ခွင့်ပေးထား၏။
ထိုသို့ စည်းစနစ်ကျလှသော “မြသော်တာအဆောင်”အား နယ်ဘက်မှ လူကြီးသူမ များသည် သဘောကျ ကျလေသည်။
ထိုသို့တစတစဖြင့် အပျိုကြီး မမစန်း၏”မြသော်တာအဆောင်”လေးသည် နာမည်ရလာခဲ့ခြင်းဖြစ်၏။

“မမစန်း…မမစန်းရေ……”

အဆောင်သူခင်ပသည် မမစန်းအား အဆောင်ဝန်းအတွင်းရှိ ဗန်ဒါပင်အောက်မှအော်ခေါ်နေခဲ့၏။
ခင်ပ ၏ဘေးတွင်လည်း အဆောင်အတူနေသူများဖြစ်သော မော်မော်၊ ဒါလီနှင့် မျိုးမျိုး တို့ရှိကြလေသည်။
အခြားအဆောင်သူများထက် သူတို့သုံးဦးသည် ပိုတွဲမိကြ၏။

“ဟေ….ဟေ…ဘာလို့အော်နေတာလဲ ခင်ပရယ်…”

မမစန်း တစ်ယောက် ခင်ပကိုထူးရင်း လှေကားထစ်နားချွတ်ထားသော သူ၏ ကတ္တီပါ ဖိနပ် အစိမ်းရောင် အပါးလေးအား လျှိုစီးနေခဲ့သည်။
ပြီး​နောက်ခင်ပ တို့ထိုင်နေသော ဗန်ဒါပင်အောက်သို့ရောက်လာခဲ့လေသည်။
မမစန်းရောက်လာလေမှ…

“မမစန်းကအခန်းထဲဘာလုပ်နေတာလဲ”

ခင်ပအမေးအား မမစန်းက…

“မမစန်း မီးပူတိုက်ထားတဲ့အဝတ်အစားတွေ သေတ္တာထဲ ထည့်နေလို့ပါ ခင်ပရယ်…ရှင်လေးတို့က မနက်ဖြန်ရုံးပိတ်တော့ အေးဆေးပေါ့လေ”

“သိပါဘူး…ခင်ပတို့က အပျိုကြီးမမစန်း အော်ခေါ်နေတာမကြားရတာက ကောင်လေးနဲ့ဖုန်းပြောနေတာများလားလို့…..”

ခင်ပက စစနောက်နောက် ငြူတူတူအသံဖြင့်ပြောလိုက်လေတော့….

“အမယ်လေး ခင်ပရယ်…ပြောလည်းပြောတတ်ပါ့။ မမစန်းတို့ကလေ မလိုချင်လို့သိလား။ ခင်ပတို့အရွယ်တုန်းကဆိုမမစန်းကို ကြိုက်တဲ့သူတွေမှဝိုင်းနေတာပဲ… အချစ်ရေးကိုစိတ်မဝင်စားလိုသာ အခုလို တစ်ယောက်ထဲနေ နေတာပါကွယ်….”

မမစန်းကပြောလေတော့ အားလုံး တဟားဟားရယ်ကြလေသည်။
မမစန်းသည်လည်း ခင်ပတို့အားကြည့်ရင်းပြုံးနေလေ၏။

မမစန်းသည် ထိုကဲ့သို့အဆောင်သူများနှင့် အစ်မကြီးတစ်ယောက်သဖွယ်နေထိုင်၏။
သဘောကောင်းလှသော မမစန်းသည် အဆောင်စည်းကမ်းဖောက်လျှင်တော့ ခွင့်မလွှတ်တတ်။ မည်သူမျှမမစန်း ဒေါသထွက်နေလျှင်လည်း ယခုကဲ့သို့ မစနောက်ရဲကြ။
ဤသို့ဖြင့် မမစန်းသည် အဆောင်သူ အားလုံး၏ ချစ်ကြောက်ရိုသေခြင်းကို ခံထားရသူဖြစ်နေခဲ့သည်။

“ကဲ…ပြောကြပါဦး တော်တို့ခေါ်ရတဲ့အကြောင်းလေးကို…”

ခင်ပကိုမေးလေတော့…

“ခင်ပတို့ ဟိုဘက်လမ်းက အကင်ဆိုင်သွားကြမလို့…
မမစန်းကိုပါလိုက်ခဲ့ဖို့ခေါ်မလို့လေ…
အဲ့တာ မမစန်းလိုက်မယ်မလား”

ခင်ပ အမေးအား မမစန်းမဖြေသေး။
သူ၏လက်၌ ဝတ်ဆင်ထားသော စတီးငွေရောင် Timeတံဆိပ် နာရီလေးအားကြည့်လိုက်လေသည်။
နာရီ၌ အချိန်သည် ညနေ ငါးနာရီကို ပြနေခဲ့၏။

“အင်း…လိုက်မယ်လေ လမ်းလျှောက်ပြီးသားဖြစ်တာပေါ့”

“ဝေး…ဒါဆို သွားကြမယ်…”

“နေဦးလေ..မမစန်း ပိုက်ဆံသွားယူဦးမယ်…”

မမစန်းက အဆောင်ပေါ်ပြန်သွားမယ်ပြင်တော့ မော်မော်က…

“မမစန်း သွားယူမနေနဲ့တော့ မော်မော်တို့ဝယ်ကျွေးမှာ….နော့ ဘော်ဒါတို့”

“ဟုတ်ပါတယ်ရှင့်…”

“ဟုတ်ပ…ဟုတ်ပ…”

မော်မော်၏ စကားအားကျန်သုံးယောက်ကထောက်ခံလေသည်။
မမစန်းကတော့ အတိုင်အဖောက်ညီနေကြသော သူတို့လေးယောက်အားကြည်​ပြီး…

“ဟုတ်ကဲ့ပါ သူဌေးမလေးတို့…သူဌေးမလေးတို့ကျွေးမှာဆို​တော့စားရသေးတာပေါ့လေ”

ထိုသို့ဖြင့် မမစန်းနှင့် ခင်ပတို့လေးယောက်သည် အကင်ဆိုင်သို့လမ်းလျှောက်ထွက်လာခဲ့ကြ၏။

အကင်ဆိုင်၌ စားချင်သည်များကို မှာယူပြီးနောက် အကင်ထုပ်လေးများအားလက်မှ ဆွဲကာ ပြန်လာခဲ့ကြလေသည်။
အဆောင်ရှေ့ရောက်တော့ ကျန်အဆောင်သူများသည် အဆောင်ရှေ့ခုံတန်း၌ စကားကောင်းနေကြ၍ သူတို့ပါ ဝင်နားထောင်နေခဲ့ကြ၏။

စကားပြောနေကြရင်းအချိန်သည်ခုနှစ်နာရီပင်ထိုးတော့
ပေမည်။
ထိုစဥ် ခင်ပက ဦးဆောင်၍…

“ဟဲ့…တို့အကင်တွေအေးကုန်ပေါ့…စားကြရအောင် လာကြအဆောင်ထဲဝင်ကြတော့…ဟဲ့ မုန့်စားကြရအောင်ဝင်ကြလေ”

ခင်ပ သူငယ်ချင်းမ သုံးယောက်အား ခေါ်နေ၏။
မမစန်းကတော့ အစောပိုင်းကတည်းက သူ၏အခန်းထဲသို့ ဝင်သွားခဲ့လေပြီ။

###

ညသည် တိတ်ဆိတ်ခြင်းကိုဆောင်ကျဥ်းလာ၏။
မှောင်မိုက်ခြင်း…တိတ်ဆိတ်ခြင်းတို့သည် ည၏ သဘာဝဖြစ်သော်လည်း….

“အားးးး……..အမယ်လေးတော့….”

စူးနစ်နစ်အော်သံရှည်ကြီးတစ်ခု…..။
ထိုအသံကြောင့် “မြသော်တာအဆောင်”လေးရှိအဆောင်သူများ အထိတ်တလန်​ဖြင့် လန့်နိုးလာခဲ့ကြ၏။

“ဘယ်သူဘာဖြစ်တာလဲ”

“ဘယ်အခန်းက..ဘာဖြစ်တာလဲ”

မှိတ်ထားသော မီးများ လင်းလက်လာပြီး အဆောင်သူများ အခန်းပြင်သို့ထွက်လာခဲ့ကြ၏။

“ဟဲ့…ကလေးမတွေ ဘယ်အခန်းက ဘာဖြစ်တာလဲ”

မမစန်း အိပ်မှုန်စုတ်ဖွားဖြင့် အဆောင်သူများစုဝေးရာသို့ရောက်လာ၏။
အဆောင်၌ အခန်းတစ်ခုတွင် အဆောင်သူနှစ်ယောက်နေကြရလေသည်။
ထိုအခန်း၌လည်း နှစ်ယောက် အိပ်ကုတင်တစ်လုံးအားထားရှိပေးထားသည်။
ယခု အသံထွက်ပေါ်လာသော အခန်းအားမေးနေကြရာ…

“အဲ့တာ ခင်ပနဲ့ မျိုးမျိုးတို့အခန်း မမစန်းရေ”

“ဟေ…ဖယ်ကြစမ်း အခန်းထဲဝင်ဖို့လူတစ်မနေကြနဲ့”

မမစန်း ခင်ပတို့အခန်းထဲသို့ အရင်ဝင်လိုက်၏။
အခန်းထဲရောက်တော့ မမစန်း မျက်လုံးပြူးသွားရ၏။
အခန်းကုတင်ပေါ်၌ မျိုးမျိုးသည် ခင်ပ၏ကိုယ်လုံးပေါ်တက်ခွ၍ လည်ပင်းအား အားကုန် ညှစ်နေခဲ့ပြီး အောက်မှ ခင်ပသည်လည်း မရမက ရှုန်းကန်လို့နေခဲ့သည်။

“ဟဲ့…မျိုးမျိုးကို ဆွဲကြစမ်း…ဆွဲကြစမ်းပါဟဲ့ သေကုန်တော့မယ်…”

မမစန်း၏ အသံကြောင့် အဆောင်သူများ မျိုးမျိုးအား ဝိုင်းဆွဲကြသည်။
သို့သော် တော်ရုံဆို နှစ်ယောက်သာ ဆွဲထိန်းလျှင်ရနိုင်သော်လည်း ယခုမှာမူ မျိုးမျိုးအား အဆောက်သူ ခြောက်ယောက်လောက်က အားကုန်ဆွဲ၍ထားကြရ၏။

“အဟွတ်….အဟွတ်…..အဟွတ်…..
အီး….ဟီး….ဟီး..”

မျိုးမျိုးလက်မှ လွတ်လာသော ခင်ပတစ်ယောက် အော်ဟစ်ငိုနေလေသည်။
မျိုးမျိုးသည်က ခင်ပအား မျက်လုံးနီကြီးဖြင့် စိုက်ကြည့်နေပြီး သွားကိုကြိတ်ကာ အဆောင်သူများ၏လက်မှ ရုန်းကန်လို့နေလေသည်။

“မျိုးမျို…မျိုးမျိုး…ဘာဖြစ်ကြတာလဲ စိတ်ထိန်းလေ”

” မျိုးမျိုး…မမစန်းပြောနေတယ်လေ စိတ်ကိုလျော့….ကြားလား မျိုးမျိုး….”

မမစန်းပြောနေပါသော်လည်း မျိုးမျိုးက တရှုးရှုးတရှဲရှဲ ဖြစ်လို့နေခဲ့သည်။

“သူ…သူ..မျိုးမျိုး…မဟုတ်ဘူး…သရဲ…သရဲပူးနေတာ”

ခင်ပက ငိုနေသည့်ကြားမှ ပြောလိုက်လေတော့ မျိုးမျိုးကို ဆွဲထားသည့်အဆောင်သူများကော၊ဘေးမှာကြည့်နေကြသောအဆောင်သူများပါ ထိတ်လန့်ကုန်ကြတော့သည်။
ထိုအခါ မျိုးမျိုးက…

“တိတ်စမ်း…နင့်ကိုသတ်မယ်…ခေါ်တုန်းကခေါ်ပြီး ငါ့ကိုဘာမှမကျွေးဘူး…..နင့်ကိုသတ်မယ်…
နင့်ကိုသတ်မယ်…..ဟင်း….ဟင်း….ဟင်း……”

မျိုးမျိုး၏ အသံသည်အတော်ကျယ်၏။
ရှတတ အက်ကွဲကွဲ ခြောက်ခြားစရာအသံသြ ကြီးနှင့် ခင်ပအား သတ်တော့ဖြတ်တော့မတတ် စိုက်ကြည့်လို့နေခဲ့သည်။

“တစ်ခုခု​တော့မှားပြီ….ကဲ…ကဲ…သူ့ကို ဘုရားခန်းကို ဆွဲခေါ်ခဲ့…”

မမစန်းက မျိုးမျိုးအားကြည့်ရင်းပြောလိုက်သည်။
မမစန်းစကားကြောင့် မျိုးမျိုးအကြည့်သည်မမစန်းထံသို့ရောက်လာပြီး ခေါင်းများက တရမ်းရမ်း လက်များကပါခါရင်း…

“မလုပ်…မလုပ်ပါနဲ့….ဘုရားခန်းတော့မခေါ်ပါနဲ့…..”

“နင့်ကိုဘုရားခန်းမခေါ်ရင် နင်ပူးကပ်ထားတဲ့ကလေးမ ဒုက္ခရောက်မှာပေါ့….မရဘူး ….ဘုရားခန်းကို ဆွဲခေါ်ကြ”

မမစန်းကအော်ပြောသည်။
အဆောင်သူများသည် ကြောက်ကြောက်လန့်လန့်ပင် မျိုးမျိုးအား ဆွဲခေါ်ကြ၏။
မျိုးမျိုးသည် ကြမ်းပြင်ကို ခြေစုံကန်ရုန်းကန်နေခဲ့သည်။
ထိုသို့ရုန်းကန်ရင်း….

“မလုပ်ပါနဲ့ ဘုရားခန်းတော့မခေါ်ကြပါနဲ့…..
ငါ့ကိုလွှတ်….ငါ့ကိုလွှတ်စမ်း……”

မျိုးမျိုး ရုန်းကန်နေ၍ အဆောင်သူများ မရမကထိန်းထားရလေသည်။
ထိုသို့အ​ခြေအနေအား မမစန်းက…

“နေဦး…နင်ဒီကလေးမ ကိုယ်ထဲက ထွက်ရင် ဘုရားခန်းကို ငါမခေါ်ဘူး….ကဲ…နင်ဘာလုပ်မှာလဲ”

မမစန်းအမေးအား မျိုးမျိုးက ညိုးငယ်သောမျက်နှာထားဖြင့်…

“ငါ့ကို အစာကျွေးပါ…ငါ့ကိုအစာကျွေးမယ်ဆိုပြီးခေါ်လို့ ငါလိုက်လာတာ…ငါ့ကိုလည်းမကျွေးကြဘူးဟာ….ငါ့ကိုအစားကျွေးပါ…….”

“ဟူး…ကောင်းပြီ။ အရင်ဆုံး ဒီကလေးမ ကိုယ်ထဲက ထွက်သွား…နင့်အတွက် အစားအသောက်ကို ခြံပြင်မှာချပေးထားမယ်…”

“အင်း…..အင်း….ဒါဆိုငါထွက်ပေးမယ်….
ငါထွက်ပေးမယ်…..ဟီး…ဟီး…..ဟီး…..”

မျိုးမျိုးကိုယ်ထဲဝင်ရောက်ပူးကပ်နေသော အရာဟာ တဟီးဟီးရယ်မောပြီးနောက် မျိုးမျိုးခန္ဓာကိုယ်ဟာ လဲကျသွားတော့လေသည်။
လဲကျသွားသော မျိုးမျိုးအား အဆောင်သူများကဝိုင်းထိန်းထားကြ၏။

“ဘုရားစင်ပေါ်က ပရိတ်ရေ အမြန်သွားယူကြဦး…”

မော်မော် ဘုရားခန်းထဲသို့အပြေးသွားကာ ဘုရားစင်ထက်ရှိ ပရိတ်ရေဘူးအားယူလာခဲ့၏။
မမစန်း …မော်မော်ပေးသော ပရိတ်ရေဖြင့် မျိုးမျိုးအား ပတ်ဖြန်းပေးလိုက်တော့ရာ…

“အင်း…..အင်….ဟင်…ဘာ….ဘာဖြစ်လို့လဲ”

မျိုးမျိုးနိုးလာခဲ့ချိန်၌ သူ့အား အားလုံးက ကြည့်နေကြ၍ ထိတ်လန့်သွားလေသည်။
ထို့ကြောင့် သူမကိုယ်ကို ပြန်ကြည့်ရင်း…

“ဘာဖြစ်လို့လဲ…မမစန်း ကျွန်မဘာဖြစ်လို့လဲ”

မမစန်းအားမေးလေရာ မမစန်းက…

“မျိုးမျိုးရေ….ခင်ပကောင်းမှုကြောင့် ညည်းကို သရဲပူးခံရတာလေ”

“ရှင်…..ဟုတ်….ဟုတ်လို့လား….”

” မယုံရင်ဟိုမယ် လည်ပင်းညစ်ခံထားရတဲ့သူကိုသာကြည့်တော့ သူ့မှာကြောက်လန့်နေတာ….”

ခင်ပကို ပြောလေတော့ မျိုးမျိုး ခင်ပအားကြည့်လိုက်သည်။
ခင်ပ မျက်နှာ၌ မျက်ရည်များက ရှိနေစဲ…။

“မမစန်း…ကျွန်မ အပြင်ကပြန်လာ​တော့ မုန့်စားဖို့ခေါ်လိုက်မိတာ….ဒါကို…ဒါကို.လိုက်လာတာထင်တယ်…”

“ဟုတ်မယ် ခင်ပ….။နောက်ကို အပြင်ကလူကိုခေါ်ရင်နာမည်နဲ့ခေါ်ပါကွယ်….
မဟုတ်ရင်သူတို့က ရောလိုက်လာတတ်တယ်ကွဲ့…
အခုလည်းကြည့်လေ…တော်သေးလို့….ကဲ…ကဲ အစာသွားချပေးရအောင် လိုက်ခဲ့ကြ”

မမစန်းက မီးဖိုချောင်ဘက်သို့ ထွက်သွား၏။
မီးဖိုချောင်ထဲသို့ဝင်ကာ ထမင်းများ၊ဟင်းများ ယူခဲ့ပြီးနောက် ခြံပြင်သို့ထွက်လာခဲ့ကြ၏။

ညကနက်နက်မို့ အဆောင်သူများခြံပြင်ဘက်သို့ မရဲတရဲလိုက်လာခဲ့ကြလေသည်။
ခြံပြင်ရောက်တော့ ခြံထောင့်နေရာတွင် ထမင်းများ၊ဟင်းများထည့်လာသည့် ကော်ပန်းကန်အား မြေပေါ်သို့ချလိုက်၏။
ချလိုက်ပြီးနောက် မမစန်းက….

” ဒီကလေးမအပြစ်ကို ဗွေမယူပါနဲ့….တောင်းပန်တဲ့အနေနဲ့အစားအသောက်ကျွေးပါတယ်…သက်ဆိုင်တဲ့ မမြင်အပ်ပုဂ္ဂိုလ်စားပါ…သောက်ပါ…
ကလေးမတွေရဲ့အပြစ်ကို ခွင့်လွှတ်ပေးပါ……”

မမစန်းက ထိုသို့ပြောပြီးနောက် အဆောင်သူများအားတစ်ချက်ကြည့်ပြီး အဆောင်ထဲသို့ ပြန်ဝင်လာခဲ့တော့၏။
ထိုသို့တွေ့ကြုံခဲ့ကြရသော ည၌ မည်သည့်အဆောင်သူကတစ်ယောက်ကမှ မိမိအခန်း၌ ပြန်မအိပ်ရဲကြတော့ပေ။
မမစန်းကပြန်အိပ်ကြရန် ပြောပါသော်လည်းမရ၍ နောက်ဆုံးမမစန်းပါဘုရားခန်း၌ ထိုင်နေခဲ့ရလေသည်။

မိုးလင်းသည်အထိအဆောင်သူများသည် မမစန်းနှင့်အတူ ဘုရားခန်းထဲ၌ထိုင်ရင်း
စပ်မိရာရာစကားများပြောနေခဲ့ကြတော့၏။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)