မှန်ထဲက အဖေ့မျက်နှာ(စ/ဆုံး)
————————
အိပ်ခန်းထဲမှာ မီးမှိန်မှိန်ကလေး ထွန်းထားသည်။
မိမိ နောက်ဆုံးအချိန်ကို ရင်ဆိုင်နေရသည့် တော်တော်များများသော လူတွေလို ခပ်မှောင်မှောင် အခန်းထဲမှာ နေရမှာကို အဖေကြောက်ဟန်မတူ။ အဖေက သိပ်သတ္တိကောင်းသော လူတစ်ယောက်တော့ မဟုတ်။ သာမန် ခေါင်းကိုက်တာလေး တစ်ခုတည်းကို အဖေ အကျယ်ကြီး အော်ဟစ်ညည်းတွားသည်ကို သူ မြင်ခဲ့ဖူးသည်။
ယခုတစ်ခါ နှလုံးရောဂါဖြင့် အိပ်ရာထဲ လဲနေချိန်မှာတော့ အဖေ အလွန် အေးချမ်းတည်ငြိမ်နေသည်ဟု ညီမလေး ပြောသည်။ မေမေမရှိတော့၍ စွန့်ခွာရမည့်ဘဝကို သိပ်မတပ်မက်တော့တာလား။ လွန်ခဲ့သည့် ၂ နှစ်ခန့်ကမှ စွဲစွဲမြဲမြဲ အားထုတ်ခဲ့သော တရားဓမ္မတို့ပဲလား။ ဖေဖေက နဂိုကတည်းက အလွန် နားလည်ရ ခက်သူပေပဲ။
(၂)
‘ဆေးရုံမှာပဲ ထားတာ မဟုတ်ဘူး’
ညီမလေးကို လေသံနှင့် အပြစ်တင်တော့ ညီမလေးက ပခုံးတွန့်ပြသည်။
‘အဖေက အိမ်မှာပဲ သေချင်တယ်တဲ့၊ ညီမလေးတို့ အိမ်ကို လိုက်ခဲ့ပါလို့လည်း ခေါ်တာပဲ၊ မရဘူး၊ ဒီမှာပဲ နေမယ်တဲ့၊ သမားတော်ကြီးကလည်း နေ့တိုင်း လာကြည့်ပေးတယ်’
‘ညီမလေးက ည မအိပ်ဘူးလား’
ညီမလေး မျက်နှာ အထားရခက်သွားသည်။
‘အိပ်တဲ့အခါလည်း အိပ်ပါတယ်၊ ဒါပေမဲ့ အကြီးမကလည်း ၁၀ တန်းဆိုတော့ အခက်သား’
အဖေ လှဲလျောင်းနေသော အိပ်ရာဘက် ပြန်ကြည့်မိသည်။
‘အဖေ သတိမရဘူးလား’
‘ရပါတယ်၊ ဒါပေမဲ့ မှိန်းနေတာများတယ်၊ မောနေတာလား၊ တရားမှတ်နေလားတော့ မသိဘူး၊ ကိုကို့အသံ ပေးကြည့်လေ၊ သူ့မျက်လုံးဖွင့်ကြည့်မှာပါ’
ခေါင်းကို ဖြည်းညင်းစွာ ခါ၍ နားပါစေဟာ ဟု ပြောလိုက်သည်။
‘ပြောလိုက်ပါ၊ သူ ဝမ်းသာမှာ၊ ဒီရက်တွေထဲ သူ သိပ်စကားမပြောဘူး၊ အဲဒါ ညီမလေးက ဖေဖေ ကိုကို့ကို ခေါ်ပေးရမလားလို့ မေးတာ ချက်ချင်း ခေါင်းညိတ်ပြတယ်၊ သူက ကိုကို့ကို တော်တော် တွေ့ချင်နေတာ၊ ကိုကိုကလည်း မေမေ မရှိကတည်းက နိုင်ငံခြားက ပြန်မလာ ၄ နှစ်တောင် ရှိနေပြီလေ’
သည်တစ်ခါတော့ သူ အနေရခက်သွားသည်။
ဒါလည်း အမှန်ပါပဲ။
သူက အမေ့သား ဖြစ်သည်။ လူမှန်းသိခါစ အရွယ်ကတည်းက အလုပ်ကိစ္စနှင့် တစ်ချိန်လုံး ခရီးထွက်နေသော၊ ပြန်လာလျှင်လည်း အလုပ်ကိစ္စတွေ တစ်ပုံကြီး ပါလာသော၊ သူနှင့် စကားပြောတာဆို၍ အိမ်က ကားနှင့် ကားဒရိုင်ဘာကို အဖေ အလုပ်ကိစ္စနှင့် သူ့ကျောင်းကိစ္စ ခွဲဝေညှိနှိုင်းသည်က လွဲ၍ တခြားအကြောင်း သိပ်ပါလေ့မရှိသော၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်မှာ အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု သူမတူအောင် ရခဲ့ပြီး အောင်မြင်မှုများထဲတွင် ပြန်လည်ယစ်မူးနေသည်ဟု သူထင်ထားသော သူ့အဖေနှင့် သူ မရင်းနှီးပါ။
ခေါင်းတိုးဝင်ခွေ့စရာ အမေ့ရင်ခွင် ကွယ်ပျောက်သွားကတည်းက အမေ့အိမ် မဟုတ်တော့သော အဖေ့အိမ်ကို သူ မလွမ်းတတ်ခဲ့ပါ။ နိုင်ငံခြားမှာ လခကောင်းကောင်း အလုပ်တစ်ခု ရထား၍ အိမ်ကို ငွေမှန်မှန်ပို့ပေးသည်မှတစ်ပါး အိမ်ကို သူသိပ်ဆက်သွယ်လေ့ မရှိ။
အဖေကလည်း စ၍ မဆက်သွယ်ပါ။
ပြီးတော့ ညီမလေးက အဖေ့ကို သိပ်ချစ်သည်။ အဖေ အိမ်ပြန်လာတိုင်း အဖေ့ရင်ခွင် အတင်းဝင်တိုးတတ်သူ ဖြစ်သည်။ အိမ်ထောင်ကျသွား၍ အိမ်ခွဲနေသည့်တိုင် အဖေ့ကို ဂရုစိုက်လိမ့်မည်ဟု သူ ထင်သည်။
သူကလည်း အတူနေစဉ်က အဖေနှင့် ဖက်လှဲတကင်း မနေဖြစ်ခဲ့သဖြင့် နိုင်ငံခြားတွင် နေသောအခါ၌ ခပ်စိမ်းစိမ်း ဖြစ်နေခဲ့သော်လည်း အဖေသည် သားသမီးတွေအပေါ်မှာ ပျမ်းမျှ ဖခင်တွေထက် တာဝန်ကျေခဲ့သည်ကို ကောင်းကောင်းနားလည်သည်။ အဖေ အလုပ်မလုပ်နိုင်တော့သော်လည်း အလုပ်လုပ်နေစဉ်ကနှင့်မခြား ပြည့်စုံကုံလုံစွာ နေနိုင်အောင် သူ ပို့ပေးခဲ့သည်။ နေမကောင်းဘူး ကြားရတော့ ပို၍ပင် တိုးပို့ပေးသည်။ လိမ္မာရေးခြားရှိသည့် ဇနီးကလည်း ဒါကို မငြိုငြင်ခဲ့။
‘လူကိုယ်တိုင်လည်း တစ်ခါလောက် သွားကြည့်ပါဦးလား အစ်ကို’
‘တကယ် အရေးကြီးရင်တော့ ညီမလေး ပြောမှာပေါ့ကွယ်၊ အစ်ကိုလည်း ဒီက ထွက်လို့မရတာ အဖေလည်း နားလည်မှာပါ’
ဇနီးက ဖြည်းညင်းစွာ ခေါင်းခါသည်။
‘အဖေ ကျေနပ်အောင် သွားရမှာမှ မဟုတ်တာ အစ်ကို၊ အစ်ကို့အဖေမို့ပေါ့၊ ညီမအဖေသာ ဆိုရင် ဒီမှာရှိတာတွေ အကုန်ပစ်ပြီး ပြေးမှာ၊ အစ်ကိုက သွေးအေးလွန်းတယ်’
သည်လိုနှင့်ပင် ညီမလေးက ကိုကို့ကို ဖေဖေ မှာနေပြီဟု ဖုန်းဆက်ပြောသော တစ်နေ့သို့ ရောက်ခဲ့တော့သည်။
(၃)
‘အဖေ သားရောက်လာပြီ’
ဟု သူ တိုးတိုးလေး ပြောတော့ အဖေက မျက်လုံးတစ်ချက် ပင့်ကြည့်ပြီး
‘အေး သား နားလေ၊ မောလာရောပေါ့’
ဟု တိုးတိုးပြောသည်။
ဒါပေမဲ့ သူက မနားပါ။
ကမ္ဘာတစ်ဝက် ခရီးကို လေယာဉ်စီး လာရတာပေမယ့် အိပ်ရာထဲမှာ သူ့ကို ငြိမ်ငြိမ်ကလေး
စောင့်နေရတာက ပိုပင်ပန်းနိုင်ကြောင်း သူ နားလည်ပါသည်။
ညီမလေးကို
‘အိမ်ပြန်တော့ ငါ စောင့်လိုက်မယ်’
ဟု ပြောလိုက်စဉ်က ညီမလေး မျက်လုံးထဲတွင် အရောင်တစ်ချက်လက်သွားသည်ကို မသိချင်ယောင်ဆောင်ရင်း အဖေ့ အိပ်ရာဘေးမှ ဆုံလည် ကုလားထိုင်တွင် သူ ဝင်ထိုင်သည်။
အဖေက မျက်လုံး ပြန်ပိတ်ထားသည်။
သူနာပြု ဆရာမလေးက သူ့အတွက် ကော်ဖီဖျော်ရန် ထထွက်သွားတော့ ညီမလေးပါ အိမ်ပြန်ဖို့ လိုက်ထွက်သွားသည်။
ဘေးက စားပွဲလေးတွင် စာအုပ်များ ပြန့်ကျဲနေသည်။ အဖေတော့ စာမဖတ်နိုင်တာ
ကြာရောပေါ့။ သူနာပြု ဆရာမကလေးက ဖတ်ပြနေဟန် တူသည်။ တရားစာအုပ်က အများစု။
မိသားစု ဓာတ်ပုံ အယ်လ်ဘမ်တွေလည်း တွေ့သည်။ ဒါတော့ အဖေ ကြည့်နေတာ သေချာပါသည်။ အဖေ လွမ်းနေတာပေါ့။
အေမ့ကိုလား။
ငါနဲ့ ညီမလေးလည်း ပါမှာပါပဲ။
သက်ပြင်းချ၍ စာအုပ်ပုံကို ဆက်လှန်သည်။ သားရေဖုံး ဖုံးထားသော စာအုပ်တစ်အုပ် ထွက်လာသည်။
အဖုံးတွင် သူ့နာမည်ကို စတေကာနှင့် ကပ်ထားသည်။
ဖွင့်ကြည့်တော့ အဖေ့လက်ရေးတွေ။
ဘာလဲ။ အဖေက သူ့ကို တစ်ခုခု ရေးမှာခဲ့တာလား။
စိတ်ဝင်စားစွာဖြင့် စာအုပ်ကို အစမှ စ ဖတ်ကြည့်မိသည်။
(၄)
ပထမဦးဆုံး စာမျက်နှာမှ ပထမဦးဆုံး စာကြောင်းက သူ့မွေးနေ့၊ ရက်၊ လ၊ နှစ်အတိအကျကို မြန်မာသက္ကရာဇ်နှင့်ရော၊ ခရစ်နှစ်နှင့်ပါ ဖော်ပြထားလေသည်။
“သားလေး မွေးတယ်”
ခြောက်ပေါင်ခွဲ၊ ဖြူဖွေးနေတာပဲ၊ ရယ်လိုက်ရင် ပါးချိုင့်ကလေးတောင် ပါသေးတယ်။ လှလိုက်တာ၊ မိန်းကလေးသာဆိုရင် ကြီးလာရင် အလှကြောင့် နာမည်ကြီးဦးမှာ။
ယောက်ျားလေးကတော့ လှဖို့ အရေးမကြီးပါဘူး။ အောင်မြင်ဖို့ လိုတယ်။ သူများကို ဦးဆောင်နိုင်တဲ့ ယောက်ျားမျိုး၊ လူအများက အားကိုးရတဲ့ ယောက်ျားမျိုး၊ အဲဒါမျိုး သားကို ဖြစ်စေချင်တယ်။
သူ့အဖေ ငါက ပညာတော့ ထူးချွန်ပါရဲ့၊ စီးပွားဥစ္စာက မပြည့်စုံ။ အိမ်ထောင်ကျပြီးတာ နှစ်နှစ်အထိ အိမ်ပိုင်မပြောနဲ့ ငှားတောင် မနေနိုင်လို့ သားတို့ အမေနဲ့အတူ ဂျစ်ပစီတွေလို ဟိုလူ့မှီခိုလိုက် နေနေရတုန်း။ အဲဒီဘဝမျိုးနဲ့ သားကို မကြီးပြင်းစေချင်ပါဘူး။ အဲဒီ ဘဝမျိုး ရှိခဲ့တယ်ဆိုတာတောင် သားကို မမှတ်မိစေချင်ဘူး။
ခုကတည်းက ကြီးပွားဖို့ နည်းလမ်းရှာရတော့မယ်။
စင်ကာပူမှာ လုပ်ခဲ့ဖူးတဲ့ အလုပ် ပြန်သွားလုပ်လို့ကတော့ ရမှာပဲ။ ဒါပေမဲ့ မိန်းမရကတည်းက
ကိုယ်တစ်ခေါက် ပြန်သွားရင်ကောင်းမလား မသိဘူး ပြောလိုက်တိုင်း ညှိုးညှိုးသွားတဲ့ မိန်းမရဲ့မျက်နှာကလေးကို မကြည့်ရက်ခဲ့တာ။ အခုတော့ ဒီလောက်လှတဲ့ သားကလေးကိုပါ ထားခဲ့ရမှာ ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ။
အို သူတို့ကို အရိပ်တကြည့်ကြည့်နဲ့ ချစ်နေချင်တယ် ဆိုတာ အတ္တကို စွဲတဲ့ အချစ်မျိုးပဲ။ ဖခင်ကောင်း၊ အိမ်ထောင်ဦးစီးကောင်းဆိုတာ ကိုယ် စိတ်ချမ်းသာရေးထက် ကိုယ့်ရင်သွေး နောင်ရေးကို တွက်ရမှာပဲ။ ငါ ပြန်သွားမယ်။ အရင်းအနှီး စုမိတော့မှ ဟိုက လုပ်ငန်းမျိုး ဒီမှာ အသေးစား ပြန်လုပ်နိုင်ဖို့ ကြိုးစားရမှာပဲ။
စာအုပ်၏ နောက်စာမျက်နှာများကို တုန်ယင်နေသော လက်များဖြင့် သူ အပြေးအလွှား လှန်လှောကြည့်မိသည်။
ဘုရား ဘုရား အများကြီးပါလား။
အဖေ ဒါတွေ တစ်သက်လုံး မှန်မှန်ရေးခဲ့တာပေါ့ ဟုတ်လား။
အလုပ်တွေ ကြိုးစား၊ ကြိုးစားသလောက် နာမည်ကြီး အောင်မြင်။ အများက လေးစားအားကိုးခံရ၊ အဲဒီ ဘဝမျိုးကို ပျော်လို့ အဖေ ရွေးချယ်ခဲ့တယ် ထင်တာ။ တကယ်တော့ အဖေက ငါတို့နဲ့ပဲ နေချင်ရှာတာပါလား။ ငါတို့အတွက် အဲဒီ အလုပ်တွေကို စလုပ်ခဲ့တာပါလား။
အဖေ့ဘက် ပြန်လှည့်ကြည့်မိသည်။ အဖေက မျက်စိစုံမှိတ်ထားသည်။ အသက်ကို ပြင်းပြင်းရှူနေသည်။ ဆရာမလေးက တိတ်ဆိတ်စွာ ဆွယ်တာ ထိုးနေသည်။
သူ စာအုပ်ကို စာမျက်နှာ အနည်းငယ် ကျော်၍ လှန်လိုက်သည်။
(၅)
‘သား လမ်းလျှောက်ပြီတဲ့၊ ခဏခဏ လဲသတဲ့၊ ဒါပေမဲ့ မငိုဘူးတဲ့၊ ပြန်ထ လျှောက်တာပဲတဲ့၊ ဒါမှ ငါ့သားကွ၊ ငါ့သားကလေး လမ်းလျှောက်တာကို မြင်ချင်လိုက်တာ’
ဒါ အဖေ ငါ တစ်နှစ်သားကျော်ကျော်က စင်ကာပူမှာ ရေးခဲ့တာပေါ့။ နှစ်ပေါင်း ၄၀ လောက်တောင် ရှိနေပါပကောလား။
စာမျက်နှာများကို ကမန်းကတမ်း ကျော်လှန်ကြည့်မိသည်။
‘သားကို ဝမ်းကွဲအစ်မတွေ မိန်းကလေးလို ဝတ်ပြီး ပန်းပန်ပေးထားတာ တွေ့လို့ စိတ်ဆိုးပြီး ပြောမိတယ်၊ ဟိုကလေးတွေရဲ့မိဘတွေ ကျေနပ်ပုံမရဘူး၊ မိန်းမကတောင် သူ့အမျိုးတွေကို ပြောလို့ မျက်နှာက ခပ်ပျက်ပျက်၊ မကျေနပ်လည်း မတတ်နိုင်ဘူး၊ ကလေးက မိန်းကလေးလိုလှနေလို့ ပြင်ပေးကြည့်တာပါတဲ့၊ ဘာဆိုင်လဲ၊ ယောက်ျားကလေးက ယောက်ျားကလေးပေါ့၊ သား အသက် ၃ နှစ် ပြည့်ပြီ၊ ငါ နိုင်ငံခြားက ယူလာတဲ့ ကလေးပြုစုနည်း စာအုပ်တွေက ဒီအရွယ်မှာ ကလေးက သူ့ကိုယ်သူ ယောက်ျားကလေးလား၊ မိန်းကလေးလား စလေ့လာတာတဲ့၊ နည်းနည်းမှ လွဲချော်လို့ မဖြစ်ဘူး၊ သားကို ယောက်ျားပီသတဲ့ သားမျိုးပဲ ဖြစ်စေချင်တယ်’
တုန်ခါသော ရင်ဖြင့် သူ မျက်ရည်ဝိုင်းလာသည်။
စားပွဲပေါ်က တစ်ရှူးဘူးကို နှိုက်၍ မျက်လုံးကို တစ်ရှူးတစ်စနှင့် သုတ်သည်။ ဆရာမကလေး မမြင်အောင် ဖြည်းဖြည်းလုပ်ရသေးသည်။
အိမ်နှင့် သားသမီးတွေထက် သူ့အလုပ်ကိစ္စတွေကို သူ ပိုစိတ်ဝင်စားသည်ဟု သူအမြဲထင်ခဲ့သော အဖေ။
အဖေ ဖတ်သော ကလေးပြုစုနည်း စာအုပ်မျိုးတွေကို သူကိုယ်တိုင် ဖခင် ဖြစ်နေပါလျက် သူ မဖတ်ဖြစ်ခဲ့ပါလား။
(၆)
သားက ကောင်မလေး တစ်ယောက်ရဲ့ပုံကို စာအုပ်ကြားထဲမှာ သိမ်းထားသတဲ့၊ အုပ်စုလိုက်ဓာတ်ပုံထဲက ဖဲ့ညှပ်ထားတာပါတဲ့။ ကောင်မလေးက သူ့ထက် ကြီးပါတယ်၊ သူက ကလေးသာသာ ပုံကလေး၊ ပြန်ကြိုက်မှာလည်း မဟုတ်ပါဘူးတဲ့၊ သူ့အမေ ပြောခါစက နည်းနည်း စိတ်ပူတယ်၊ သားက ရှစ်တန်းပဲ ရှိသေးတာ၊ မိန်းကလေးတွေကို စိတ်ဝင်စားစရာလား၊ ဒါပေမဲ့ ဒါ သဘာဝတရားပဲ၊ ငါ သိကြောင်း သူသိရင် ရှက်ပြီး မဟုတ်တာတွေ လျှောက်လုပ်ရင် ဒုက္ခ၊ မသိချင်ယောင်ဆောင်နေတာ ကောင်းမယ် ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ငါတစ်သက်လုံး စိတ်ပူခဲ့တဲ့ သားက မိန်းကလေးလို လှနေလို့ မိန်းကလေးစိတ် ဝင်စားမှာ စိုးတဲ့ ကိစ္စတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး’
ဒါလည်း ဖေဖေ သိခဲ့တာပါပဲလား။ ဖေဖေ ဘယ်တုန်းကမှ သူသိကြောင်း ထုတ်ဖော်ပြောဆိုဖို့ ဝေး၊ အမူအရာနှင့်ပင် မပြခဲ့သော သူ့ လူပျိုဘဝက အချစ်ဇာတ်လမ်း အားလုံးကို နောက်စာမျက်နှာများတွင် အသေးစိတ် တွေ့ရသည်။
ခွင့်လွှတ်ပါ အဖေရယ်။
အဖေ့ကို သားကိစ္စတွေ စိတ်မဝင်စားဘူးလို့ သားအမြဲပင် ထင်နေခဲ့မိတာ။ အဖေ သားတစ်ယောက်ကို အရိပ်လို ကြည့်နေတာဆိုတာတောင် မရိပ်မိလိုက်တဲ့သား။ တကယ်တော့ သားကသာ အဖေ့ကို စိတ်မဝင်စားခဲ့တာပါလား။
သည်လိုနှင့်ပင် စာမျက်နှာများကို ဆက်တိုက်လှန်ခဲ့ရင်း အမေ မဆုံးမီ ၂ နှစ် အလိုသို့ ရောက်လာခဲ့တော့သည်။
(၇)
‘ဆရာဝန်က နှလုံးရောဂါတဲ့၊ ကလေးတို့ မေမေကို ကလေးတွေကို ပြောပြမထားနဲ့လို့ပြောတော့ သူက သိပ်လက်မခံချင်ဘူး။ သားနဲ့သမီးလည်း သိထားသင့်တာပေါ့တဲ့’
‘သမီးက အရေးမကြီးဘူး၊ သား သိလို့ မဖြစ်ဘူး’
အဖေက အမေ့ကို ပြောနေသံကို စာအုပ်လှန်ရင်း နားနှင့် ဆတ်ဆတ်ကြားဘိသကဲ့သို့ ရှိ၏။
‘သမီးက အနီးမှာ၊ သားက အဝေးမှာ၊ မပြောကောင်း မဆိုကောင်း အဖေ အသည်းအသန်
ဖြစ်တော့မှ အစကတည်းက အဖေ နှလုံးရောဂါရှိတာကို ကျွန်တော့်ကို ဘာလို့ မပြောပြလဲလို့ အပြစ်တင်ရင် မခက်လား’
အမေ ပြန်ဆွေးနွေးသံ။
နေပါဦး အဖေ နှလုံးရောဂါရှိတာ ငါ ဘယ်အချိန်တုန်းက သိလိုက်တာပါလိမ့်။ အမေဆုံးပြီး တစ်နှစ်ကြာမှ။ အဖေ ပထမဦးဆုံးအကြိမ် ဆေးရုံ တက်ရတော့မှ။ ဒါလည်း သိပ်တော့ မထူးပါ။ သူ ပြန်မှ မလာဖြစ်ခဲ့ပဲ။
အဲဒီအချိန်မှာ ၃ နှစ်လောက်တော့ နောက်ကျခဲ့ပြီ။
နေပါဦး။ အဲဒါ ငါ လက်ထပ်ခါနီးဆဲဆဲ မဟုတ်ဘူးလား။
‘သားသိလို့ မဖြစ်ဘူး။ သမီးလည်း မပြောနဲ့။ သူ့အစ်ကိုကို သွားပြောနေဦးမယ်’
အဖေ့အသံ ပြန်ပေါ်လာသည်။
‘ဘာဖြစ်လို့လဲ’
‘သားက လက်ထပ်ခါနီးပြီ၊ သူနဲ့ လက်ထပ်မယ့် ကောင်မလေးလည်း နိုင်ငံခြားမှာပဲ အခြေချနေတဲ့ မြန်မာ မိဘတွေက ပေါက်ဖွားလာတာ၊ သူတို့ လက်ထပ်ပြီးရင် ဟိုမှာပဲ အခြေချကြတော့မှာပဲ။ ပြီးတော့ ကောင်မလေး အကြောင်း ငါ အကုန် စုံစမ်းကြည့်ပြီးပြီ၊ ဘယ်လိုမှ သဘော မကျစရာ ဘာတစ်ခုမှ မရှိဘူး၊ တို့သားကို တစ်သက်လုံး တကယ် စိတ်ချမ်းသာစေမယ့် အိမ်ရှင်မလောင်းကလေးပဲလို့ ကိုယ် ထင်တယ်၊ ဒီလို မိန်းကလေးမျိုးနဲ့ လက်တွဲရခါနီးမှာ အဖေ့ ကျန်းမာရေးအကြောင်း သိလိုက်ရလို့ ဟိုမှာ အခြေချဖို့ ချီတုံချတုံ ဖြစ်သွားတာမျိုး သားကို မဖြစ်စေချင်ဘူး’
အဲဒီနောက် ၂ နှစ်အကြာမှာ အမေ ရုတ်တရက် လေဖြတ်သွားသည်။ အမေ လေဖြတ်သွားသည့် သတင်းကိုရတော့ သူ ရူးမတတ် ဆောက်တည်ရာမရ ဖြစ်ခဲ့သည်။
ကမူးရှူးထိုး အိမ်ပြန်ပြေးလာခဲ့သည်။
‘အမေ သွေးတိုးရောဂါရှိနေတာ မသိရအောင် အမေ့ကို မှန်မှန် ဆေးစစ်မပေးဘူးလား အဖေရယ်’
ဟုပင် အဖေ့ကို မျက်ရည်လည်ရွှဲဖြင့် အပြစ်စကား ဆိုခဲ့မိသေးသည်။
တကယ်တော့ အဲ့သည်အချိန်မှာ အဖေ နှလုံးရောဂါသည် ဖြစ်နေတာ ၂ နှစ်တောင် ကြာနေခဲ့ပြီပေါ့။ အဖေကလည်း ပြောမပြ။ သူကလည်း မရိပ်မိခဲ့ပါ။
အမေဆုံးသည်နှင့် ရက်လည်သည်အထိသာ စောင့်ပြီး အဖေ့ကို ပုဆိန်ပေါက် ဦးချ၍ နိုင်ငံခြားသို့ ပြန်ခဲ့သည်။
‘သွားတော့ သားရေ၊ မင်းလည်း စိတ်ချရပြီ၊ ညီမလေးလည်း စိတ်ချရပြီ၊ မင်းတို့အမေလည်း သွားနှင့်ပြီ၊ အဖေ့မှာ ဘာမှ နောက်ဆံတင်းစရာ မရှိတော့ဘူး၊ သွားစရာရှိတဲ့ ခရီးသွားဖို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရုံပဲ ကျန်တော့တယ်’
စာအုပ် ကုန်သွားပါသည်။
(၈)
အရိပ်အမြွတ် ဖြစ်ဖြစ်တော့ ပြခဲ့ဖို့ ကောင်းပါတယ် အဖေရယ်။
ဖုတ်လှိုက် ဖုတ်လှိုက် အသက်ရှူရင်းက မျက်လုံး စုံမှိတ်၍ မှိန်းနေသော အဖေ့မျက်နှာကို ငေးကြည့်ရင်းက သူ မျက်ရည်လည်လာသည်။
ကျွန်တော်တို့တစ်တွေ၊ အမေ့သားတွေ၊ အမေ့သမီးတွေ လုပ်ကြ၊ အမေ့ကိုပဲ ကပ်ချွဲနွဲ့နေပြီး အဖေ့ကို လူစိမ်းတစ်ယောက်လို ဆက်ဆံနေခဲ့ကြတာ အဖေ့အတွက် ဘာမြတ်လို့လဲ။ အဖေ အဲဒီလိုနေမှ ကျွန်တော်တို့ လိမ္မာမယ်လို့ ဘာလို့ အဖေ အစွဲအလမ်း ကြီးခဲ့ရတာလဲ။ အဲသလို နေခဲ့ရတာ အဖေ ပျော်လို့လား။
အဖေ အခုလို စကားမပြောနိုင်တော့မှ အဖေ ကျွန်တော့်ကို ဒီလောက် ဂရုစိုက်ခဲ့ရတာတွေ သိရတော့ ကျွန်တော် ဘယ်လိုလုပ် ဖြေရမှာလဲ အဖေ။ ကျွန်တော့်ဘက်လည်း ငဲ့စဉ်းစား ကြည့်ပါဦး။
မျက်ရည်တို့က ကျလုလု ဖြစ်လာပြန်သဖြင့် ဆရာမလေး မရိပ်မိအောင် နေရာမှ အသာထ၍ ထွက်ခဲ့သည်။
အဖေကတော့ အသက်ရှူသံ ပြင်းပြင်းနှင့် မှိန်းနေဆဲ။
(၉)
ရေချိုးခန်း ကြွေလက်ဆေးအင်တုံတွင် ကျသမျှ မျက်ရည်၊ ချွေး၊ နှာရည်တို့ အားလုံး မျက်နှာအဝသစ်၍ ဆေးကြောပစ်မိသည်။
ဒါတောင် ထပ်ကျနေသေး၍ ထပ်သစ်ရပြန်သည်။
တစ်ခါလောက် ဖြစ်ဖြစ် ခဏ နေပြန်ကောင်းပေးပါ အဖေရယ်။ အဖေ ဂရုစိုက်ခဲ့တာတွေကို မမီရင်တောင် ခဏဖြစ်ဖြစ် သား ကြိုးစားပြီး အဖေ့ကို ဂရုတစိုက် ပြုစုလိုက်ဖူးချင် လွန်းလို့ပါ။
တောက်တစ်ချက်ကို တိုးတိုးခေါက်မိသည်။
တော်တော် အသုံးမကျတဲ့ ငါပါလား။ ကိုယ့်ကို ပန်းအိုးကလေးထဲမှာ စိုက်ထားတဲ့ ပန်းပင်တစ်ပင် တဖြည်းဖြည်း ပွင့်လာတာကို စောင့်ကြည့်သလို စောင့်ပြီး ဂရုစိုက်နေတဲ့ အဖေတစ်ယောက် ရှိနေတာကို တစ်သက်လုံး မရိပ်မိလောက်အောင် ငါက ဘယ်လောက် ညံ့တဲ့ သားမျိုးပါလိမ့်၊ စိတ်တိုတိုနှင့် ကြည့်မှန်ကို မော့ကြည့်မိသည်။
မှန်ထဲမှာ အဖေက သူ့ကို မျက်ထောင့်နီကြီးနှင့် ပြန်ကြည့်နေလေသည်။
လင်္ကာရည်ကျော်