ကျွန်းပြန်ကြီးရွှေမှိုင်း

အောင်မြတ်သာနှင့်ကျွန်းပြန်ကြီးရွှေမှိုင်း

 

နေပျောက်မထိုးလောက်အောင် ယှက်ထိုးကြီးထွားနေကြတဲ့ သစ်ပင်ကြီးငယ်တို့ရဲ့အရိပ် အောက်မှာ ဟောင်သဇာတောကြီးက အေးချမ်းကာတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ တောကောင် ငယ်လေးတွေရဲ့ အော်မြည်သံ၊ တောကောင်ကြီးတို့ရဲ့ မာန်ဖီသံတွေအပြင် သဘာဝ အတိုင်းအော်မြည်နေကြတဲ့ ကျေးငှက်သာရကာတို့ရဲ့အသံတွေ ကြီးစိုးနေတဲ့ ဟောင်သဇာတော ထဲမှာတော့ တစ်ကိုယ်လုံးညစ်ပတ်ပေရေနေတဲ့ လူသားနှစ်ဦးရောက်ရှိနေခဲ့ကြတယ်။

သူတို့နှစ်ဦးကတော့ ဒီတောက သူတို့နေတဲ့နေရာ၊ ဒီတောမှာပဲ သူတို့ကြီးပြင်းခဲ့ကြတယ်ဆိုပြီး တွေးထင်နေခဲ့ကြတယ်။ တောထဲမှာ အလေ့ကျပေါက်ရောက်နေတဲ့ သစ်သီးသစ်ဖုတွေကို ရှာ‌ဖွေ စားသောက်ပြီး လအတန်ကြာနေလာခဲ့ရတော့ မညှပ်မပြုပဲထားထားတဲ့ ဆံပင်တွေက ကျောလယ် လောက်ကိုရှည်ကျနေပြီး ချေးအထပ်ထပ်ဖြစ်နေတဲ့ လက်သည်းခြေသည်းတွေနဲ့ လူနှစ်ယောက်ကို သာမန်သူတွေမြင်ရင် သရဲတစ္ဆေတွေလို့ထင်မိပြီး ထွက်ပြေးကြမှာ အသေအချာပါပဲ။

တောထဲမှာ နေထိုင်ကြတဲ့ နာနာဘာဝတွေနဲ့ အခြားနတ်ဆိုးတွေကတော့ ဘယ်ကမှန်းမသိပဲ ရုတ်တရက်ရောက်လာကြတဲ့ လူနှစ်ယောက်ကို သူတို့ပိုင်နက်ထဲကနေ မောင်းထုတ်ကြဖို့ နည်းလမ်း မျိုးစုံသုံးခဲ့ကြပေမယ့် ထိုလူနှစ်ယောက်ရဲ့ကိုယ်ထဲမှာ သူတို့ကိုယ်တိုင်မသိပဲတည်ရှိနေတဲ့ ပညာအခံ တွေကြောင့် အနားကိုမကပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် လက်မလျော့ပဲ ကိုယ်ခံပညာလျော့ပါးအောင် ပြုလုပ်ပြီး ခြောက်လှန့်မောင်းထုတ်ဖို့ အစဉ်တစိုက်အားထုတ်နေခဲ့ကြတယ်။

တစ်ရက်မှာတော့ ဟောင်သဇာတောတစ်ခုလုံး အမျိုးအမည်မသိတဲ့ အမွှေးရနံ့တွေလွှင့်ပျံ့ နေခဲ့တယ်။ လူနှစ်ဦးကတော့ တစ်ခါမှမရဘူးတဲ့ ရနံ့တွေကြောင့် စိတ်ထဲမှာကိန်းဝပ်နေတဲ့ ပျော်ရွှင်မှု ကိုအနည်းငယ်စတင်ခံစားလာခဲ့ရတယ်။

“ အဘ ဒီနေ့ တောထဲမှာ အရမ်းမွှေးကြိုင်နေပါလား “

“ ဟုတ်တယ်လူလေး ငါလဲ ဒီနေ့ထူးဆန်းနေတယ်လို့ခံစားနေမိတာ စိတ်ထဲမှာလဲ လန်းဆန်း တက်ကြွနေတယ်”

မနေ့ရှာထားတဲ့ ငှက်ပျောသီးတစ်ဖီးကို နှစ်ယောက်ဝေမျှစားရင်း စကားစမြည်ပြောနေတဲ့ အချိန် တောတွင်းနေရာအချို့က သီချင်းဆိုသံ သဲ့သဲ့တစ်ခုကို ကြားလိုက်ရတယ်။

“ အဘ ကြားရလား မိန်းကလေးတစ်ယောက် သီချင်းဆိုနေသလိုပဲ”

လူငယ်ရဲ့စကားကြောင့် အဖိုးအိုက အသံကြားရာဘက်ကို နားစွင့်လိုက်ပြီး

“ အလွန်ကိုချိုသာနူးညံ့တဲ့အသံပါလား ဒီလိုတောထဲမှာ ဘယ်မိန်းကလေးက သီချင်းဆိုနေတာပါလဲ”

“ ဘယ်သူမှန်းသိရအောင် အသံကြားရာဘက်ကို သွားကြည့်ကြရအောင်အဘ လူတစ်ဦး တစ်ယောက်လောက်တွေ့ရရင် ကျုပ်တို့အပြင်ကိုသွားလို့ရနိုင်လောက်တယ်”

အဖိုးအိုလဲ လူငယ်ရဲ့စကားကိုကြားတော့ ခေါင်းတစ်ဆတ်ဆတ်ညိမ့်လိုက်ပြီး

“ လူလေးပြောတာဖြစ်နိုင်တယ် ငါတို့အသံကြားရာဘက်ကို သွားကြည့်ရအောင်” လို့ပြောကာ အသံကြားရာဘက်ကိုထွက်လာခဲ့လိုက်တယ်။

အေးမြချိုလွင်နေတဲ့အသံက သာမန်လူနှစ်ဦးရဲ့စိတ်ကို အတိုင်းတာတစ်ခုထိစွဲဆောင်ထားနိုင် ပြီး လိုချင်တဲ့နေရာထိရောက်အောင် ခေါ်ဆောင်နိုင်ခဲ့တယ်။ လူနှစ်ဦးကလဲ အသံကြားရာဘက်ကို တိုးရင်းတိုးရင်း တောနက်ထဲကို ရောက်လို့ရောက်မှန်းမသိ ဝင်လာခဲ့ကြတယ်။

“ အဘ ဟိုးမှာကြည့်လိုက်ပါဦး ကျုပ်တို့မျက်လုံးများမှားနေသလား”

အဖိုးအိုလဲ လူငယ်ညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ ပျိုမြစ်နုနယ်ပြီးအပြစ်ပြောစရာမရှိ လောက်အောင် ချောမောလှပတဲ့ မိန်းမပျိုးငါးယောက်က ညောင်မုတ်ဆိတ်တွေကို ဒန်းလိုတွယ်စီးပြီး သံစဉ်တစ်ခုကို ညီးတွားသီဆိုနေတာမြင်လိုက်ရတယ်။

“ အို အရမ်းကိုလှပတဲ့နတ်သမီးလေးတွေပါလား”

အသိလွတ်ထွက်သွားတဲ့အဖိုးအိုရဲ့စကားသံကိုကြားလိုက်ရတဲ့ မိန်းကလေးတွေက တခစ်ခစ် ရယ်လိုက်ကြပြီး

“ အဲလိုခိုးကြည့်ပြီး မချီးကျူးရဘူးလေ ခစ်ခစ်”

မခို့တရို့နဲ့ညို့ဓါတ်ပါတဲ့စကားသံကြောင့် အဖိုးအိုနဲ့ လူငယ်ရဲ့ မျက်နှာမှာ အပြုံးရိပ်တွေ ပေါ်လာပြီး

“ ဒီလို မိန်းကလေးတွေပဲရှိတဲ့နေရာကို အဘတို့ယောင်္ကျားသားတွေဘယ်လိုလာလို့ သင့်တော်ပါ့မလဲ”

“ ခစ်ခစ် မောင်ကြီးကတော့ စကားအရမ်းပြောတတ်တာပဲ ဒီနေရာက သူဇာတို့ညီအစ်မတွေ မကြာခဏဆိုသလို လာလေ့ရှိတယ် “

မိန်းမပျိုလေးတွေရဲ့ညုတုတုစကားသံကြောင့် အဖိုးအိုကရယ်လိုက်ပြီး

“ အဲလောက်လဲမဟုတ်ပါဘူး ငါ့သမီးတွေရဲ့သီချင်းဆိုသံကိုကြားလိုက်ထဲက ဘယ်သူများ ဆိုနေတာလဲဆိုတာ အရမ်းသိချင်လို့လိုက်ရှာခဲ့မိတာ”

“ ဟုတ်လို့လား သီချင်းဆိုသံကိုပဲနားထောင်ချင်နေတာလား “

“ ဟုတ်တာပေါ့ကွယ် သမီးတို့ဆိုတဲ့အသံက အရမ်းကိုနားဝင်ချိုတာပဲ ဒါနဲ့ သမီးတို့က ဘယ်မှာနေကြတာလဲ”

“ အော် သမီးတို့က ဟိုးဘက်က ရွာမှာနေကြတာ မောင်ကြီးတို့လာလည်မယ်ဆိုရင် ရွာကလူတွေအရမ်းပျော်ကြမှာ အခုတော့ ရွာကယူလာတဲ့ မုန့်တွေအရင်စားလိုက်ကြပါဦး”

မိန်းမပျိုလေးတွေက ဖော်ရွှေစွာနဲ့ အသင့်ပါလာတဲ့မုန့်နဲ့သစ်သီးဖျော်ရည်တွေကို အဖိုးအိုနဲ့ လူငယ်ကို ချကျွေးလိုက်ကြတယ်။ အဖိုးအိုနဲ့လူငယ်လဲ မိန်းမပျိုလေးတွေချကျွေးတဲ့ အစားအသောက်တွေကို စားပြီး ခေါင်းထဲမှာ တစ်ရိပ်ရိပ်နဲ့မူးလာခဲ့တယ်။

“ ခစ်ခစ်ခစ် ဒီကမောင်ကြီးရဲ့ ဆံပင်တွေက ဖြူဖွေးနေတာဆိုတော့ မောင်ကြီးဖြူလို့ခေါ်မယ်နော်”

ညို့အားပြင်းတဲ့စကားသံရဲ့အဆုံးမှာ အဖိုးအိုက

“ကျုပ်ကအသက်ကြီးနေပါပြီ ဘယ်က မောင်ကြီးရမှာလဲ”

“ အဟက်အဟက် အသက်ကထင်သလောက်မကြီးသေးပါဘူး ဆံပင်လေးအနည်းငယ်ဖြူတာ လေးပဲရှိတာပါနော်”

“ ဟားဟားဟား ဒါဆိုလဲ ကြိုက်သလိုသာခေါ်ကြပါတော့”

အဖိုးအိုနဲ့လူငယ်လဲ မိန်းမပျိုလေးတွေရဲ့ အပြုအစုအယုအယအောက်မှာ မိန်းမောရင်း ကစော် ဖောက်ထားတဲ့သစ်သီဖျော်ရည်တွေကို သောက်သုံးလိုက်တဲ့အချိန်မှာပဲ ကိုယ်ထဲမှာရှိနေတဲ့ ပညာစောင့်ပုဂ္ဂိုလ်တွေက အဖိုးအိုနဲ့လူငယ်ကို ဖယ်ကြဉ်ကာ ထွက်သွားခဲ့ကြတယ်။

အဖိုးအိုနဲ့လူငယ်လဲ ခေါင်းထဲမှာရစ်မူးကာ အရှေ့မှာကခုန်နေတဲ့ မိန်းမပျို‌လေးတွေကိုကြည့် နေရင်းကြည့်နေရင်း အလွန်ချောမောလှပတဲ့ မိန်းမပျိုတွေကနေ ပါးရည်တွေတွဲကျပြီး အသားနီလန်ကာ အစွယ်တစ်ငေါငေါဖြစ်နေတဲ့ နာနာဘာဝတွေအဖြစ် ပြောင်းလဲသွားတာကို မြင်လိုက်ရတယ်။

အဖိုးအိုနဲ့လူငယ်လဲ ထပြေးဖို့ပြင်လိုက်ပေမယ့် ကစော်ဖောက်ထားတဲ့သစ်သီးဖျော်ရည် တွေရဲ့အစွမ်းကြောင့် မထနိုင်ပဲမူးယစ်နေတဲ့အချိန် ပတ်ဝန်းကျင်ကနေ လှောင်ရယ်တဲ့အသံတွေ ထွက်ပေါ်လာခဲ့တယ်။

“ မင်းတို့ကိုယ်မှာရှိတဲ့ ပညာစောင့်တွေ မရှိတော့ဘူး အခုတော့ဘာတတ်နိုင်သေးလဲ အထက်လမ်းဆရာတွေရဲ့အသားကို ငါ့တပည့်သားသမီးတွေစားသုံးရတော့မယ် ဟားဟားဟား”

အဖိုးအိုလဲ မထနိုင်တဲ့ကြားက အသံကြားရာဘက်ကိုကြည့်လိုက်တော့ အနက်ရောက် ခမောက်ကို‌ဆောင်းထားပြီး တစ်ကိုယ်လုံးအဖုအထစ်တွေနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ နာနာဘာဝ တစ်ကောင်ကိုတွေ့လိုက်ရတယ်။

“ မင်း မင်း ကဘယ်သူလဲ ငါတို့ဘာလုပ်မိလို့ “

အဖိုးအိုက စကားကိုဆုံးအောင်မပြောနိုင်ပဲ မူးလဲကျသွားတဲ့အချိန်

“ ဟားဟားဟား ငါက ဟောင်သဇာတောအနောက်ဘက်ခြမ်းကို အပိုင်စားရထားတဲ့ ဘီလူးမဲကျော်တဲ့ဟေ့ နင်တို့ရဲ့အသားဘယ်လောက်ချိုလဲ ငါအရင်မြည်းမယ်”လို့ကြုံးဝါးပြီး အဖိုးအိုရဲ့ လည်မြိုကို ချိုးဖို့ရွယ်လိုက်တဲ့အချိန် ဟောင်သဇာတောရဲ့အရှေ့ဘက်အရပ်ကနေ

“ ရွှီး”ဆိုတဲ့အသံတစ်ခုထွက်လာခဲ့တယ်။

ဘီလူးမဲကျော်က အသံကြားရာဘက်ကိုကြည့်လိုက်တော့ ကောင်းကင်ထက်ကနေ ပျံလာတဲ့ ရွှေရောင်ကြေးပြားတစ်ချပ်ကိုမြင်လိုက်ရတယ်။ ရွှေရောင်ကြေးပြားလေးက လေပေါ်မှာသုံးပတ်ပျံ ဝဲပြီး အဖိုးအိုနဲ့လူငယ်ရဲ့ခန္ဓာကိုယ်ရှိတဲ့အပေါ်မှာရပ်သွားပြီး အထဲကနေ ပါးလွှာပြီးရွှေရောင်တောက် နေတဲ့ ပင့်ကူမျှင်လိုပိုက်ကွန်တွေ ဖြန့်ကျလာခဲ့တယ်။

ပိုက်ကွန်တွေက အဖိုးအိုနဲ့လူငယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားတဲ့အချိန်မှာတော့ မလှမ်းမကမ်းမှာပေါက်နေတဲ့ ညောင်မုတ်ဆိတ်ပင်နောက်ကနေ လူသုံးယောက်ထွက်လာခဲ့တယ်။

ဘီလူးမဲကျော်ကတော့ စားရကံကြုံခါနီး ထွက်ပေါ်လာတဲ့လူသုံးယောက်ကိုမြင်တော့ ‌ဒေါသူပုန်ထပြီး

“ နင်တို့က ဘယ်သူလဲ ငါ့ခွင့်ပြုချက်မရပဲ ဒီနေရာကိုဘယ်လိုရောက်လာခဲ့တာလဲ”လို့ပြော လိုက်တာ့ ညောင်ပင်ဘေးမှာရပ်နေတဲ့ လူသုံးယောက်ထဲက ဆံပင်ကိုအနောက်ကိုလှန်ပြီး ကျနစွာ စည်းထားတဲ့လူငယ်က

“လူကောင်းတွေကို မကောင်းမှုပြုတဲ့သူတွေဆီကနေလာခေါ်တာ ဘယ်သူ့ဆီကခွင့်ပြုချက် တောင်းနေရဦးမှာလဲ”

“ အဟက်အဟက် နင်တို့လာခေါ်တဲ့သူတွေက သာမန်လူတစ်ယောက်လို ဖြစ်သွားပြီ သူတို့ကိုခေါ်မယ်ဆိုရင် ဒီတောနက်ကြီးထဲကနေ သာမန်လူတွေသွားတဲ့လမ်းအတိုင်းသာသွားလို့ ရတော့မယ် နင်တို့ကဘယ်လိုအစွမ်းတွေသုံးပြီး ဒီနေရာကိုရောက်လာလဲမသိပေမယ့် ဒီလူတွေကို ခေါ်ပြီးပြန်မယ်ဆိုရင် ငါတို့လက်ကလွှတ်အောင်ခေါ်ပါ တောလမ်းတစ်လျောက်မှာ ဒီလူနှစ်ယောက်ရဲ့ အသက်အန္တရာယ်ကိုနင်တို့စောင့်ရှောက်နိုင်ပါစေ”

“ ငါတို့တာဝန်က ဒီလူနှစ်ယောက်ကို ‌ဘေးအန္တရာယ်ကင်းကင်းနဲ့ခေါ်သွားဖို့ပဲ ဒါကြောင့် သင်တို့ဘယ်လိုနှောင့်ယှက်ဟန့်တားပါစေ ငါတို့ကတော့ လမ်းဆုံးတဲ့ထိခေါ်သွားပေးမှာပါ”

အောင်မြတ်သာက ဘီလူးမဲကျော်ကိုကြည့်ပြီး လေသံအေးအေးဖြင့်ပြောကာ မူးလဲနေတဲ့ လူနှစ်ယောက်ကိုခေါ်ဖို့ပြင်လိုက်တဲ့အချိန်

“ ဟိတ် ရပ်လိုက်စမ်း နင်တို့ကဝင်ချင်သလိုဝင်ပြီး ထွက်ချင်တိုင်းထွက်လို့ရမယ်ထင်နေ တာလား”

“ ကဲ ဒါဖြင့် ကျုပ်တို့ဘယ်လိုလုပ်မှ ဒီလူတွေကို ခေါ်သွားလို့ရမှာလဲ”

“ နင်တို့ခေါ်သွားချင်ရင် ငါ့ကိုနိုင်အောင်အရင်တိုက်ပါ နင်တို့နိုင်ရင် ဒီလူနှစ်ယောက်ကို ခေါ်သွားခွင့်ပေးမယ် နင်တို့ရှုံးရင်တော့ လာရာလမ်းအတိုင်းပြန်ရမယ်”

ဘီလူးမဲကျော်ရဲ့စိန်ခေါ်သံကိုကြားတော့ အောင်မြတ်သာက လေတိုက်လို့မျက်ခမ်းစပ်ပေါ် ထိုးကျလာတဲ့ ဆံပင်စတွေကို နားထင်ကြားထဲကိုဆွဲထည့်လိုက်ပြီး

“ ကောင်းပြီလေ သင်သဘောအတိုင်းကျုပ်တို့လုပ်ပေးပ့ါမယ် ကျုပ်တို့က အားနည်းတဲ့သူကို အနိုင်မယူတတ်တဲ့လူမျိုးတွေဆိုတော့ သင်ကပဲအရင်စလိုက်ပါ”လို့ပြောပြီး လက်ကိုအနောက်ပစ်ကာ ရပ်နေခဲ့တယ်။

ဘီလူးမဲကျော်ကလဲ အောင်မြတ်သာတို့ကိုမတိုက်ခင် သူ့ရဲ့ကြီးမားတဲ့ညာခြေထောက်ကို မြေကြီးပေါ်ကိုဆောင့်ချလိုက်တယ်ဆိုရင်ပဲ ဘီလူးမဲကျော်ရဲ့ကိုယ်ခန္ဓာက လေထိုးထည့်လိုက်သလို တစ်ဖြေးဖြေးကြီးထွားလာခဲ့ပြီး ဘေးမှာပေါက်နေတဲ့ ညောင်မုတ်ဆိတ်ပင်အရွယ်အစားလောက် ဖြစ်သွားခဲ့တယ်။

အောင်မြတ်သာကတော့ အဆမတန်ကြီးမားသွားတဲ့ ဘီလူးမဲကျော်ကို တစ်ချက်မျှသာ မော့ကြည့်လိုက်ပြီး အေးတိအေးစက်အနေအထားနဲ့ ရပ်နေခဲ့တယ်။ဘီလူးမဲကျော်လဲ သူ့ကို တစ်ချက်မှ ကြောက်ဟန်မပြတဲ့အောင်မြတ်သာကိုမြင်တော့ ဒေါသတွေအလိပ်လိုက်တက်လာခဲ့ပြီး ဘေးမှာပေါက်နေတဲ့ သရက်ပင်ပျိုတစ်ပင်ကို ဆွဲနှုတ်ကာ ရိုက်ချပါလေရော။

“ဝုန်း”ဆိုတဲ့အသံနဲ့အတူ သရက်ပင်အမြစ်က အောင်မြတ်သာနဲ့ထိပြီး မြေစာခဲတွေ ဖွာထွက်လာခဲ့တယ်။

ဘေးမှာရပ်နေတဲ့ သက်ခိုင်နဲ့တောက်ရကတော့ လွင့်ထွက်လာတဲ့ မြေစာခဲတွေမထိအောင် ဘေးလွတ်ရာကိုရှောင်ပြီးကြည့်လိုက်တော့ မြေစာခဲတွေဘေးမှာ မလှုပ်မယှက်ရပ်နေတဲ့ အောင်မြတ်သာကိုမြင်လိုက်ရတယ်။

ဘီလူးမဲကျော်ကလဲ သူရိုက်လိုက်တဲ့အချိန် သရက်ပင်အမြစ်နဲ့ထိပြီး စိစိညက်ညက်ကျေပြီ အထင်နဲ့ကြည့်လိုက်တော့ ယောဂီအင်္ကျီပေါ်မှာဖုန်မှုန့်တစ်စမျှပင်မကပ်ပဲ ရပ်မြဲရပ်နေတဲ့ အောင်မြတ်သာကိုမြင်လိုက်ရတဲ့အခါ အံ့သြသွားပြီး နောက်ထပ်ရိုက်ချက်တွေဆင့်ကဲ့ဆင့်ကဲဆိုသလို ရိုက်ပါလေရော။

အောင်မြတ်သာကတော့ ရပ်မြဲတိုင်းရပ်နေပေမယ့် ဘီလူးမဲကျော်ရိုက်လိုက်တဲ့ ရိုက်ချက်တွေကသာ ဘေးကိုချော်ပြီး သွားထိနေခဲ့တယ်။ အချက်ပေါင်းများစွာရိုက်ပြီးတဲ့အချိန်ထိ အောင်မြတ်သာကိုမြူတစ်မှုန်မျှတောင်မထိတာကို သိသွားတဲ့ဘီလူးမဲကျော်က

“နင်က ဒီလောက်တောင်စွမ်းနေမှတော့ စိစိညက်ညက်ကျေအောင် ငါလက်နဲ့ညှစ်သတ်မယ် ဟေ့”လို့ကြိမ်းဝါးပြီး အောင်မြတ်သာကိုကြီးမားတဲ့လက်နဲ့ ဆွဲယူလိုက်တယ်။ဒီတစ်ခါမှာတော့ အောင်မြတ်သာက ဘီလူးမဲကျော်ရဲ့လက်ထဲမှာပါသွားခဲ့တယ်။

“ ဟီးဟီးဟားဟား အဟက်အဟက် ဒီတစ်ခါတော့နင်ငါ့လက်ကလွတ်ရိုးလား နင်ပြေးလို့ နိုင်ရင် ဒီတစ်ခါငါ့လက်ထဲက လွတ်‌အောင်ရုန်းပြီးပြေးစမ်း”လို့ပြောကာ လက်နှစ် ဘက်နဲ့အုပ်ပြီးညှစ်ချလိုက်တယ်”

“ဂျွတ် ဂျွတ် ဂဂျွတ်”

ကြီးမားတဲ့လက်အုပ်နဲ့ဖျစ်ညှစ်ခံလိုက်ရတဲ့အချိန် အရိုးကျိုးကြေသံတွေက တိတ်ဆိတ်နေတဲ့ တောထဲမှာ ကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်။ သက်ခိုင်နဲ့တောက်ရတို့က အောင်မြတ်သာရဲ့ အစွမ်းကိုယုံကြည်ပေမယ့် ဒီတစ်ခါမျက်လုံးရှေ့မှာတင် ညှစ်ချေခံထိတာမြင်တော့ စိတ်အနည်းငယ် ပူသွားပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့ကြတယ်။

ဘီလူးမဲကျော်က လက်ထဲမှာခြေမွလိုက်တဲ့ အောင်မြတ်သာရဲ့ခန္ဓာကိုယ်ကို ဂုဏ်ယူစွာနဲ့ မြေကြီးပေါ်ပစ်ချလိုက်တဲ့အချိန် ကျလာတဲ့အရာတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတွေမဟုတ်ပဲ ကျိုးကြေနေတဲ့သစ်ကိုင်းခြောက်တွေဖြစ်နေတာကို မြင်လိုက်ရတယ်။

အဲဒီအချိန် မလှမ်းကမ်းမှာပေါက်နေတဲ့ အုန်းနဲပင်အနောက်ကနေ အောင်မြတ်သာထွက်လာခဲ့ပြီး

“ သင်ကျုပ်ကိုသတ်နိုင်မယ့်အစွမ်းအစမရှိသေးပါဘူး ဘယ်လိုလဲသင်လက်လျော့သွားပြီလား” လို့မေးလိုက်တော့ ဘီလူးမဲကျော်က သူ့ကိုတပည့်တွေအရှေ့မှာ အရှက်ခွဲရကောင်းမလားဆိုပြီး အောင်မြတ်သာရဲ့ခန္ဓာကိုယ်ကို နောက်ထပ်တစ်ကြိမ်ဖမ်းယူဖို့ ရွယ်လိုက်တဲ့အချိန်မှာတော့ အောင်မြတ်သာက ခန္ဓာကိုယ်ကို ဘေးကိုယိုင်လိုက်ပြီး ကျလာတဲ့လက်ကို ညာဘက်လက်နဲ့ အသာယာပုတ်ထုတ်လိုက်တယ်။

အောင်မြတ်သာက အသာယာပုတ်ထုတ်လိုက်ပေမယ့် ညောင်ပင်တစ်ပင်စာကြီးမားတဲ့ ကိုယ်ခန္ဓာရှိတဲ့ဘီလူးမဲကျော်ကတော့ အနောက်ကိုပေနှစ်ဆယ်ခန့်လွင့်ထွက်သွားခဲ့တယ်။

“ ဒုန်း ဝုန်း ဝုန်း” ဆိုတဲ့အသံနဲ့အတူ လွင့်ထွက်သွားတဲ့လမ်းတစ်လျောက်မှာ ပေါက်နေတဲ့ သစ်ပင်တွေအကုန် ပြိုလဲကျကုန်တယ်။ ဒီတစ်ခါမှာတော့ ဘီလူးမဲကျော်ကိုယ်တိုင် လန့်ဖြန့်သွားပေမယ့် စိတ်ကိုတင်းပြီး ပြန်ထတဲ့အချိန်မှာတော့ လက်နှစ်ဖက်က မြေကြီးကနေခွာမရတော့တာကို သတိထားမိလိုက်တယ်။

ဘီလူးမဲကျော်လဲ လှုပ်မရတဲ့လက်ကို ငုံ့ကြည့်လိုက်တဲ့အချိန် မြေကြီးပေါ်မှာကျနေတဲ့ ကြေးပြားလေးနှစ်ပြားဆီကနေ ရွှေရောင်ကြေးကြိုးမျှင်လေးတွေထွက်လာပြီး ဘီလူးမဲကျော်ရဲ့ လက်နှစ်ဖက်ကို ရစ်ပတ်ထားတာကိုမြင်လိုက်ရတယ်။

ဘီလူးမဲကျော်လဲ အားကုန်သုံးပြီး ရုန်းပေမယ့် ကြေးကြိုးမျှင်လေးတွေက ရုန်းလေလေ အသားထဲကိုနစ်ဝင်လေလေဖြစ်လာပြီး နစ်ဝင်နေတဲ့နေရာကနေ ညိုပုတ်ပုတ်အရောင် သွေးတွေ စီးကျလာခဲ့တယ်။ဘီလူးနက်ကျော်လဲ လက်ကိုလှုပ်မရတော့ လှုပ်လို့ရသေးတဲ့ ခြေထောက်ကို အားယူကာ ကြေးကြိုးမျှင်လေးတွေဒဏ်ကနေ လွတ်အောင်ရုန်းဖို့ ကြိုးစားဟန်ပြင်လိုက်တဲ့အချိန် ကြေးပြားလေးကနေ ထပ်ထွက်လာတဲ့ ကြိုးမျှင်တွေက ခြေထောက်အစုံကို လှုပ်မရအောင် ထပ်မံ ရစ်ပတ်ထားခဲ့ပြန်တယ်။

ဘီလူးမဲကျော်အဖြစ်ကို မြင်လိုက်ရတဲ့ နာနာဘာဝ‌တွေကတော့ အခြေအနေမကောင်းဘူး ဆိုတာသိတဲ့အတွက် ခြေဦးတည့်ရာဘက်ကို ဝရုန်းသုန်းကားထွက်ပြေးသွားခဲ့ကြတယ်။ အောင်မြတ်သာလဲ ဘီလူးမဲကျော်လှုပ်မရလောက်တဲ့အခြေအနေမှ အုန်းနှဲပင်အောက်ကနေ လမ်းလျောက်လာပြီး

“သင်အရှုံးပေးပြီလား ဒါမဟုတ် သင့်ခြေတွေလက်တွေပြတ်တောက်တာ ခံချင်တာလား” လို့မေးလိုက်တော့ ဘီလူးမဲကျော်က ခေါင်းကိုအောက်စိုက်ချလိုက်ပြီး

“ငါအရှုံးပေးတယ် သင်တို့ကျုပ်ပိုင်နက်ထဲကနေ ဒီလူနှစ်ယောက်ကိုခေါ်ပြီး သွားကြပါ ကျုပ်ပိုင်နက်ကျော်ရင်တော့ ဒီလူနှစ်ယောက်ရဲ့အသက်ကို ကျုပ်အာမမခံဘူး”လို့ပြောလိုက်တော့ အောင်မြတ်သာက

“သင့်ပိုင်နက်ကျော်ပြီးရင် ဘယ်သူပိုင်တဲ့နယ်မြေရှိသေးလဲ”

“ကျုပ်ပိုင်နက်တစ်ယူဇနာကျော်ရင် ဇော်ဂျီဖိုးလုံးနေတဲ့ မြေပြန့်တစ်ခုရှိတယ် သင်တို့ဒီကနေ သွားရင် မြေပြန့်တောကိုမဖြစ်မနေဖြတ်ရလိမ့်မယ် သူ့ကိုတော့ သင်တို့နိုင်မယ်မထင်ဘူး ကဲ ကျုပ်ကတိအတိုင်းသွားခွင့်ပေးလိုက်ပြီဆိုတော့ ချုပ်နှောင်ထားတာတွေ ဖယ်ပေးဦး”

ဘီလူးမဲကျော်စကားကြောင့် အောင်မြတ်သာက ညာဘက်လက်ဝါးကိုဖြန့်လိုက်တဲ့အချိန် ချုပ်နှောင်ထားတဲ့ ကြေးကြိုးမျှင်လေးတွေ တစ်စစီပြတ်ထွက်ကုန်ပြီး မြေကြီးပေါ်ကျနေတဲ့ ကြေးပြားက လက်ဝါးပေါ်ပြန်ရောက်လာခဲ့တယ်။

ဘီလူးမဲကျော်လဲအချုပ်အနှောင်ကလွတ်တာနဲ့ လျင်မြန်တဲ့အရှိန်နဲ့ တောထဲကိုဝင်ရောက် ထွက်ပြေးသွားခဲ့တယ်။ အောင်မြတ်သာတို့လဲ မူးပြီးလဲကျနေတဲ့ လူနှစ်ယောက်ရဲ့မျက်နှာကို လွယ်အိတ်ထဲမှာပါတဲ့ ဘူးသီးခြောက်ရေဘူးထဲကရေအနည်းငယ်နဲ့ ပက်လိုက်တဲ့အချိန်မှာတော့ သတိပြန်ရလာပြီး

“ဟင် သင်တို့ကဘယ်သူတွေလဲ ခုနကတွေ့တဲ့ မိန်းမပျိုလေးတွေရော ဘယ်ရောက်သွားပြီလဲ”

သတိရရခြင်းမေးလိုက်တဲ့ လူငယ်ရဲ့စကားကြောင့် အောင်မြတ်သာက

“သင်တို့မြင်တွေ့ခဲ့ရတဲ့ မိန်းမပျိုတွေက လူစင်စစ်တွေမဟုတ်ကြဘူး သင်တို့ရဲ့အသက်ကို နှုတ်ယူဖို့ဟန်‌ဆောင်ထားကြတဲ့ နာနာဘာဝတွေပဲဖြစ်တယ် ဒါကိုသင်တို့က စွဲလမ်းနေရင်တော့ ဒီတောထဲကနေ အပြင်ကိုဘယ်တော့မှ ထွက်လို့ရမှာမဟုတ်ဘူး”

“ဒါဆို သင်တို့က ကျုပ်တို့ကိုတောထဲကထွက်လို့ရအောင်လုပ်ပေးမယ့်သူတွေလား”

“ဟုတ်ပါတယ် ကျုပ်တို့အချိန်မီလာခေါ်ပေမယ့် လမ်းခရီးမှာကြုံနေရတဲ့ ကိစ္စတစ်ခုကြောင့် အနည်းငယ်နောက်ကျသွားတယ် ဒါပေမယ့်သင်တို့စိတ်မပူပါနဲ့ ဒီတောရဲ့အပြင်ကိုရောက်အောင် ကျုပ်တို့တာဝန်ယူခေါ်ဆောင်သွားပေးပါမယ် ခေါ်သွားတဲ့နေရာမှာ သင်တို့အနေနဲ့ ကျုပ်တို့ စကားကို လုံးဝလိုက်နာရမယ် လမ်းခရီးမှာ ကျုပ်တို့ကို အသိမပေးပဲ ဘာတစ်ခုမှ မလုပ်ပါနဲ့ လုပ်ခဲ့ရင်တော့ သင်တို့ထိုက်နဲ့သင်တို့ကံပါပဲ”

“စိတ်ချပါ ကျုပ်တို့အပြင်ရောက်မယ်ဆိုရင် သင်တို့ပြောသမျှလိုက်နာပါ့မယ်”

အောင်မြတ်သာတို့လဲ အဖိုးအိုနဲ့လူငယ်ကိုပြောဆိုပြီး ဘီလူးမဲကျော်ပိုင်တဲ့နေရာကနေ ထွက်လာခဲ့လိုက်တယ်။

 

အောင်မြတ်သာတို့လဲ တောလမ်းခရီးကိုအတန်ကြာ လျောက်လာပြီးတဲ့နောက်မှာတော့ အဖိုးအိုရဲ့ကိုယ်ထဲကနေ မဲမှောင်နေတဲ့ကိုယ်ရောင်ကိုယ်ဝါတွေထွက်လာနေတာကို အောင်မြတ်သာ သတိထားမိလိုက်တယ်။ အဖိုးအိုကတော့ ဘာမှမသိတဲ့ပုံစံနဲ့ တောထဲကနေ အပြင်ကိုရောက်ဖို့ကိုသာ အားသန်နေခဲ့တယ်။ အောင်မြတ်သာတို့လဲ ခရီးဆက်လာရင်း ဝါးပင်တွေထူထပ်စွာပေါက်ရောက် နေတဲ့ တောတွင်းတစ်နေရာကိုရောက်လာတဲ့အခါမှာတော့ ကျယ်လောင်စွာတောက်ခတ်လိုက်တဲ့ အသံကို အောင်မြတ်သာတို့ရော အဘိုးအိုတို့ပါကြားလိုက်ရတယ်။

အောင်မြတ်သာကတော့ အသံကြားတာနဲ့ ခြေလှမ်းတွေကို ဆက်မသွားတော့ပဲ ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကိုခဏတာမျှ အကဲခတ်လိုက်ပြီး

“သက်ခိုင်နဲ့တောက်ရ မင်းတို့က အဖိုးအိုနဲ့သူ့တပည့်ကို စည်းဝိုင်းတစ်ခုထဲထည့်ပြီး သေချာ စောင့်ကြည့်ထားပါ အခုငါတို့ရောက်နေတဲ့ နေရာက ဘီလူးမဲကျော်ပြောတဲ့နေရာဖြစ်နိုင်တယ်”လို့ ပြောကာ ထူထပ်စွာပေါက်ရောက်နေတဲ့ ဝါးပင်တွေကို သေချာစွာစူးစိုက်ကြည့်နေခဲ့တယ်။

အဲဒီအချိန်မှာ လေမတိုက်ပဲ ဝါးပင်တွေက ရုတ်တရက်ဆိုသလို ယိမ်းထိုးလှုပ်ရှားလာတာကို တွေ့လိုက်ရတယ်။ အောင်မြတ်သာကတော့ အသက်ဝင်နေသလို လှုပ်ရှားနေတဲ့ ဝါးပင်တွေထဲက နီညိုရောင်အဆင်းရှိတဲ့ဝါးပင်တစ်ပင်ရဲ့ပင်စည်ကို လက်ထဲမှာကိုင်ထားတဲ့ အင်းချပ်တစ်ချပ်နဲ့ ပစ်ထည့်လိုက်တယ်။

အင်းချပ်က အောင်မြတ်သာလက်ထဲကနေ အရှိန်နဲ့ပြေးထွက်သွားပြီး နီညိုရောင်အဆင်းရှိတဲ့ ဝါးပင်ကိုထိလိုက်တဲ့အချိန် ဝါးလုံးခေါင်းထဲကနေ တစ်စုံတစ်ယောက်ထွက်သွားတဲ့ အရိပ်အယောင်ကို အောင်မြတ်သာရော သက်ခိုင်နဲ့ တောက်ရပါမြင်လိုက်ရတယ်။

အောင်မြတ်သာလဲ ပြေးထွက်သွားတဲ့အရိပ်ရှိရာအရပ်ကို ဘယ်ဘက်လက်မှာကိုင်ထားတဲ့ နောက်ထပ်အင်းတစ်ချပ်နဲ့ ပစ်ထည့်လိုက်တဲ့အချိန်မှာတော့ ဝါးရွက်တွေကို နင်းပြီးထွက်ပြေးသွားတဲ့ ခြေသံကိုသိသာထင်ရှားစွာကြားလိုက်ရတယ်။ ဒါပေမယ့် အခုထိ ဘယ်သူလဲဆိုတဲ့ အရိပ်အယောင်ကို မမြင်ရသေးတော့ သက်ခိုင်နဲ့တောက်ရက စည်းဝိုင်းဘေးမှာရပ်ပြီး သတိကြီးစွာထားနေကြရတယ်။ စည်းဝိုင်းထဲမှာ ရှိနေတဲ့ အဘိုးအိုနဲ့ လူငယ်က ဘာမှမသိတဲ့မျက်နှာထားနဲ့ အောင်မြတ်သာတို့ကို အံ့သြစွာကြည့်နေခဲ့တယ်။

“ရှပ် ရှပ် ရှပ် ဖောက် ဖောက်”

ရုတ်တရက်ပြေးဝင်လာတဲ့အရိပ်တစ်ခုက သက်ခိုင်တို့ရပ်နေတဲ့ နေရာနားထိရောက်လာခဲ့ပြီး စည်းဝိုင်းထဲကို ဝင်ဖို့ကြိုးစားပေမယ့် အင်းချထားတဲ့စည်းဝိုင်းထဲကို ဝင်မရပဲ တောထဲကိုပြန်ပြေး သွားတာကို ရိပ်ခနဲမြင်လိုက်ရတယ်။

မြင်လိုက်ရတဲ့မြင်ကွင်းက အရမ်းမြန်ဆန်တာမို့ အရိပ်လိုလိုပုံစံကိုသာ မြင်လိုက်ရပြီး ဘယ်သူ ဘယ်ဝါဆိုတာကို အတိအကျမမြင်လိုက်ရတဲ့ အောင်မြတ်သာက ခြေသံကြားရာဘက်ကို အာရုံ စူးစိုက်ပြီးကြည့်လိုက်တဲ့အချိန် ဝါးပင်တစ်ပင်နဲ့ တစ်ပင်ကို အကောက်ပါတဲ့ တောင်‌ဝှေးတစ်ချောင်းကို အသုံးပြုပြီး ပြေးလွှားနေတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ်။

ဝါးပင်တွေကြားပြေးလွှားနေတဲ့သူရဲ့ ခါးမှာတော့ နီညိုရောင်အဆင်းရှိတဲ့ ပိုးပဝါတစ်ထည်ချည် ထားပြီး မျက်နှာက ငါးနှစ်ကလေးတစ်ယောက်လိုနုဖတ်နေတာကိုမြင်တဲ့ အောင်မြတ်သာက အာရုံကို မပျံ့လွင့်အောင်စုစည်းထားပြီး ပြေးလွှားတာရပ်မယ့်အချိန်ကို စိတ်ရှည်စွာစောင့်နေခဲ့တယ်။

အချိန်အတန်ကြာစောင့်ပြီးတဲ့အချိန်မှာတော့ ဝါးပင်တွေကြားပတ်ပြေးနေတဲ့သူက မောသွား တဲ့ဟန်နဲ့ အမြင့်ဆုံးဝါးပင်ထိပ်မှာ ခြေချိတ်ပြီးထိုင်ကာ အောက်ကိုငုံ့ကြည့်နေတဲ့အချိန် အောင်မြတ်သာက လျင်မြန်တဲ့အရှိန်နဲ့ ခြေချိတ်ထိုင်နေတဲ့ဝါးပင်အောက်ခြေမှာ အင်းကွက်သုံးကွက် ကိုဖိုခနောက်ဆိုင်ရေးဆွဲကာ မြေပြင်ကို လက်နဲ့ပုတ်လိုက်တဲ့အချိန်မှာတော့ ဝါးပင်အောက်ခြေကနေ ငွေမျှင်ရောင်ကြိုးတွေက အပေါ်ကိုရစ်ပတ်ကာတက်သွားခဲ့တယ်။

ရုတ်တရက်ဖြစ်ပေါ်လာတဲ့အဖြစ်အပျက်ကြောင့် ဝါးပင်ထိပ်မှာထိုင်နေတဲ့ ပုဂ္ဂိုလ်က သူ့ရဲ့ တောင်‌ဝှေးကို ပခုံးပေါ်တင်ပြီး အခြားဝါးပင်တစ်ပင်ဆီခုန်ကူးဖို့ပြင်လိုက်ပေမယ့် ခြေထောက်ကလုံးဝ လှုပ်မရတော့တာကိုသတိထားမိလိုက်တယ်။

အရပ်ပုပုနဲ့ပုဂ္ဂိုလ်က သူ့ရှိနေတာကိုမြင်နေတဲ့အကြောင်းကိုလဲသိရော ခါးစည်းမှာချိတ်ထားတဲ့ အဝတ်စကို ညဘက်လက်မှာပတ်ပြီး ခြေထောက်မှာရစ်တွယ်နေတဲ့ ငွေမျှင်ကြိုးတွေကို လက်နဲ့ ဆွဲဖြုတ်ပစ်လိုက်တဲ့အချိန်

“ဖောက် ဖောက် ဖျောက်”ဆိုတဲ့အသံနဲ့အတူ ငွေမျှင်ကြိုးတွေက တစ်စစီပြတ်ထွက်ကာ ချုပ်နှောင်ခံထားရတဲ့အခြေအနေကနေ လွတ်ထွက်သွားခဲ့တယ်။ အောင်မြတ်သာလဲ သူ့ရဲ့အချုပ်အင်း ကွက်ကနေ လွတ်အောင်ရုန်းထွက်သွားတဲ့ ပုဂ္ဂိုလ်ကိုကြည့်ပြီး အနည်းငယ်အံ့သြသွားခဲ့တယ်။ ဝါးပင် ထိပ်မှာထိုင်နေတဲ့ပုဂ္ဂိုလ်က အချုပ်အနှောင်ကနေ လွတ်ထွက်သွားတာနဲ့ ယခင်ကထက် လျင်မြန်တဲ့ အရှိန်နဲ့ ဝါးပင်တွေကြားထဲကိုဝင်ပြေးကာ ပျောက်ကွယ်သွားခဲ့တယ်။

အောင်မြတ်သာလဲ ထွက်ပြေးသွားတဲ့ ပုဂ္ဂိုလ်ရဲ့နောက်ကိုဆက်မလိုက်တော့ပဲ စည်းဝိုင်းထဲမှာ ထည့်ထားတဲ့အဖိုးအိုနဲ့သူ့တပည့်ကိုခေါ်ကာ ဝါးတောကနေ ထွက်ဖို့ပြင်လိုက်တဲ့အချိန် မလှမ်းမကမ်း မှာပေါက်နေတဲ့ဝါးပင်တွေပေါ်ကနေ လှစ်ခနဲ လှစ်ခနဲ ဖြတ်ပြေးနေတဲ့ အရိပ်တစ်ခုကို ထပ်မြင် လိုက်ရတယ်။ ဒီတစ်ခါမှာမြင်ရတဲ့အလျင်က ပထမတစ်ခါမြင်ရတဲ့အလျင်ထက် အဆပေါင်းများစွာ ပိုမြန်ဆန်နေတဲ့အတွက် ရှင်းလင်းတိကျစွာမြင်ရဖို့ တတိယမျက်လုံးကို အသုံးပြု ရန်အာရုံပြုလိုက်တဲ့အချိန် ကျင့်ကြံခဲ့တဲ့အစွမ်းသတ္တိတွေကြောင့် အောင်မြတ်သာရဲ့နဖူးအလယ်ကနေ ကြည်လင်တောက်ပတဲ့ မျက်လုံးတစ်လုံးပေါ်ပေါက်လာခဲ့တယ်။

အောင်မြတ်သာလဲ မူရင်းမျက်လုံးနှစ်လုံးကို ပိတ်ပြီး ပေါ်လာတဲ့ တတိယမျက်လုံးကို အာရုံ စူးစိုက်ကာကြည့်လိုက်တဲ့အခါမှာတော့ တောင်ဝှေးကောက်ကိုအသုံးပြုကာ ဝါးပင်တစ်ပင်နဲ့ တစ်ပင်ကိုကူးလူးသွားလာနေတဲ့ ပုဂ္ဂိုလ်ကိုမြင်လိုက်ရတယ်။ ဒီတစ်ခါမှာတော့ တောင်ဝှေးကောက်ရဲ့ ထိပ်ကနေ ထွက်ပေါ်လာတဲ့ နီညိုရောင်ကြိုးတွေက ဘေးပတ်ပတ်လည်မှာရှိတဲ့ ဝါးပင်တွေကို ပင့်ကူမျှင်သဖွယ်ရစ်ပတ်ထားပြီး ထွက်ပေါက်မှန်သမျှကို ပိတ်ထားတာ မြင်လိုက်ရတယ်။

အောင်မြတ်သာလဲ ပိတ်ဆို့ထားတဲ့နေရာဘက်ကို ဖောက်ထွက်ရန်အတွက် ညာဘက်လက် ဝါးပေါ်မှာ ဂိုဏ်းစောင့်အင်းကိုရေးဆွဲကာ ဘယ်ဘက်လက်ဝါးနဲ့ရိုက်ချလိုက်တဲ့အချိန်မှာ လက်ဖဝါး ထဲကနေ လက်တစ်ဆစ်သာသာရှိတဲ့ အင်းစောင့်ပုဂ္ဂိုလ်နှစ်ပါးခုန်ထွက်လာခဲ့တယ်။ အင်းစောင့် ပုဂ္ဂိုလ်နှစ်ပါးက လက်ထဲကနေ မြေပြင်ပေါ်ကျတဲ့အချိန်မှာတော့ သာမန်လူတစ်ယောက်အသွင်အဖြစ် ပြောင်းလဲသွားပြီး အောင်မြတ်သာကို အရိုအသေပေးကာ ပေးအပ်လာမယ့်အမိန့်ကို စောင့်မျှော် နေခဲ့ကြတယ်။

အောင်မြတ်သာကလဲ ဆင့်ခေါ်ထားတဲ့ အင်းစောင့်နှစ်ယောက်ကို ပိတ်ဆို့ထားတဲ့ဝါးပင်တွေ ရှိတဲ့ဘက်ကိုညွှန်ပြပြီး ဖောက်ထွက်ဖို့အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ အင်းစောင့်နှစ်ယောက်က လျင်မြန်တဲ့အရှိန်နဲ့ ဝါးပင်တွေရှိရာဘက်ကို ကြောင်ရိုင်းတစ်ကောင်ကို ခုန်ဝင်သွားပြီး တားဆီး ထားတဲ့ နီညိုရောင်ကြိုးတွေကိုဖြတ်တောက်ဖို့ ကိုင်လိုက်တဲ့အချိန် “ဖြောင်း”ဆိုတဲ့အသံနဲ့အတူ အနောက်ဘက်ကို လွင့်ထွက်သွားခဲ့တယ်။

အောင်မြတ်သာက လွင့်ထွက်သွားတဲ့ အင်းစောင့်နှစ်ယောက်ကိုမြင်တော့ ရှေ့ဆက်မတိုးခိုင်း တော့ပဲ ညာဘက်လက်ညိုးနဲ့မြေကြီးပေါ်မှာ ၁၆ကွက်အင်းတစ်ကွက်ကိုရေးဆွဲလိုက်ပြီး ဘယ်ဘက် လက်နဲ့သပ်ချလိုက်တဲ့အချိန်မှာ ရေးဆွဲထားတဲ့ အင်းကွက်ပေါ်ကနေ ရွှေအိုရောင်အဆင်းရှိတဲ့ အင်းစမကွက်က လေပေါ်ကိုဝဲတက်လာခဲ့တယ်။ အောင်မြတ်သာလဲ လေပေါ်ပျံတက်လာတဲ့ အင်းစမကွက်အပေါ်ကို နောက်ထပ်၁၆ကွက်အင်း တစ်ချပ်နဲ့ထပ်ပြီးအုပ်လိုက်ချိန်မှာတော့ ကောင်းကင်ပေါ်ကနေ အဖြူရောင်စက်ကွင်းသဏ္ဏာန်ဝင်ပေါက်တစ်ခုပေါ်လာပြီး အပေါ်ကနေ ဓါးလွတ်နှစ်လက်ကိုင် အင်းစောင့်ပုဂ္ဂိုလ်ကိုးယောက် ခုန်ဆင်းလာခဲ့တယ်။

အဖြူရောင်စက်ကွင်းဝင်ပေါက်ကနေ ခုန်ဆင်းလာတဲ့ အင်းစောင့်ပုဂ္ဂိုလ်ကိုးယောက်က မြေကြီးပေါ်ကိုရောက်တာနဲ့ အောင်မြတ်သာကို အရိုအသေပေးကာ ဝါးရုံတွေကြားထဲမှာ ပိတ်ဆို့ ထားတဲ့နီညို‌ရောင်ကြိုးတွေကို ဖြတ်တောက်ဖို့စတင်ကြိုးစားခဲ့ကြတယ်။

“ကျား ရွှပ် ရွှပ် ဖြောင်း”

အားမာန်အပြည့်နဲ့ခုန်ဝင်ပြီး ခုတ်နေကြတဲ့ အင်းစောင့်တွေရဲ့ ဓါးချက်တွေက တားဆီးထားတဲ့ အရံအတားတွေကို အနည်းငယ်မျှတောင် ပွန်းပဲ့အောင်မစွမ်းဆောင်နိုင်ခဲ့ပေ။ ဒီတစ်ခါမှာတော့ ဝါးရုံ ပင်တွေအပေါ်ကနေ ဖြတ်ပြေးနေတဲ့ ပုဂ္ဂိုလ်ဆီကနေ ရိသဲ့သဲ့လှောင်ရယ်သံအချို့ ထွက်လာခဲ့တယ်။

“ဟက်ဟက်ဟက် မင်းတို့အစွမ်းအစတွေက ဒါအကုန်ပဲလား လုပ်စမ်းပါ ကြိုးစားထားကြစမ်း ငါ့ရဲ့ကွန်ယက်ကိုဖြတ်တောက်နိုင်တဲ့သူဆိုတာအခုထိမပေါ်သေးဘူး”

အောင်မြတ်သာလဲ ဝါးပင်တွေပေါ်ကနေ လှောင်ပြောင်ကာ ပတ်ပြေးနေတဲ့ ပုဂ္ဂိုလ်ကိုကြည့် လိုက် တစ်ဖြေးဖြေးနဲ့စောင်းကျလာတဲ့နေရောင်ကိုကြည့်လိုက်ဖြစ်နေတဲ့အချိန်

“ဆရာ ဒီမှာဘာဖြစ်တာလဲမသိဘူး ကြည့်ပါဦး”ဆိုတဲ့အသံက စည်းဝိုင်းနားကနေ ထွက်လာ ခဲ့တယ်။

အောင်မြတ်သာလဲ သက်ခိုင်စကားကြောင့် စည်းဝိုင်းထဲမှာရှိနေတဲ့ အဖိုးအိုနဲ့သူ့တပည့်ကို ကြည့်လိုက်တော့ မျက်လုံးအထဲမှာရှိနေတဲ့ အမည်းဆံက တစ်ဖြေးဖြေးသေးငယ်လာပြီး အသိစိတ်က လွတ်တစ်ချက် မလွတ်တစ်ချက်ဖြစ်နေတာကိုမြင်လိုက်ရတယ်။

“သူတို့ကို စည်းဝိုင်းအပြင်မပေးထွက်နဲ့ ဒါ ဝါးရုံပင်ပေါ်မှာရှိနေတဲ့သူက လုပ်နေတာ စည်းဝိုင်းပြင်ဘက်ကိုရောက်တာနဲ့ နှစ်ယောက်လုံးရဲ့အသက်ကိုစိတ်ပူရတယ်”

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရက အသိစိတ်လွတ်လုဆဲဆဲဖြစ်နေတဲ့ အဖိုးအိုတို့နေတဲ့စည်းအပြင်ဘက်မှာ နောက်ထပ်စည်းသုံးထပ်တားဖို့လုပ်လိုက်တဲ့အချိန်

“ဖြောင်း ခွပ် အင့် အွတ်”ဆိုတဲ့အသံနဲ့အတူ သက်ခိုင်နဲ့တောက်ရ ဘေးကိုလွင့်ထွက် သွားခဲ့တယ်။ အကောင်အထည်မမြင်ရပဲ ခံလိုက်ရတဲ့အတွက် နှစ်ယောက်လုံးစိတ်တိုသွားခဲ့ပေမယ့် ဘယ်သူလုပ်တယ်ဆိုတာကို အစနပင်မမြင်ခဲ့ရပေ။

အောင်မြတ်သာလဲ သက်ခိုင်နဲ့ တောက်ရတို့အဖြစ်ကိုမြင်တော့ မတ်တပ်ရပ်နေရာကနေ တင်ပလ္လင်ခွေထိုင်ချလိုက်ပြီး လွတ်နေတဲ့မြေကွက်လပ်မှာ အကွက်ရေပေါင်းများစွာပါတဲ့ အင်းစမ တစ်ကွက်ကိုလျင်မြန်စွာရေးဆွဲကာ စူးစိုက်ကြည့်လိုက်ရုံနဲ့ ဆွဲထားတဲ့စမအက္ခရာတွေက တစ်ဖက်နဲ့ တစ်ဖက်နေရာရွှေ့ကာ ကူးပြောင်းသွားကြတယ်။ အင်းစမအက္ခရာတွေကူးပြောင်းတဲ့အရှိန်က တစ်ဖြေးဖြေးနဲ့ မြန်လာလေလေ အောင်မြတ်သာရဲ့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကလဲ လျင်မြန်စွာပြောင်းလဲနေခဲ့တယ်။

အောင်မြတ်သာလဲ လိုချင်တဲ့မြင်ကွင်းမရောက်မချင်း အင်းစမကွက်ကို စူးစိုက်ကြည့်နေခဲ့ရာ အလယ်ဗဟိုမှာဆွဲထားတဲ့စမအက္ခရာတစ်လုံးလှုပ်ရှားလာတဲ့အချိန်အရောက်မှာတော့ ပတ်ဝန်းကျင် တစ်ခုလုံးပြောင်းလဲသွားခဲ့တယ်။ အောင်မြတ်သာရဲ့ အမြင်မှာတော့ ခုနကမြင်တွေ့နေရတဲ့အရာတွေ အားလုံးပျောက်ကွယ်သွားပြီး လက်ဖဝါးမှာဝါးကြောရှတဲ့ ဒဏ်ရာရနေတဲ့ရဟန်းတော်တစ်ပါးကို လုံချည်ကြမ်းတစ်ထည်နဲ့သေချာစည်းနှောင်ပေးနေတဲ့ လူတစ်ယောက်ရဲ့ရုပ်ပုံက ရုပ်ရှင်ပြသလို တစ်ကွက်ချင်းပေါ်လာခဲ့တယ်။ အောင်မြတ်သာလဲ မြင်လိုက်ရတဲ့မြင်ကွင်းကို ကြည့်ရင်းကြည့်ရင်း အဖြစ်အပျက်တွေအားလုံးကို နားလည်သွားတဲ့အချိန် အင်းစမစာလုံးတွေက အနောက်ကိုပြန်ရွှေ့ လာပြီးသူ့နေရာနဲ့သူဖြစ်သွားကြတဲ့အချိန် မူလအချိန်ကာလကို ပြန်ရောက်သွားခဲ့တယ်။

အောင်မြတ်သာလဲ ဖြစ်ကြောင်းကုန်စင်ကိုသိပြီးလို့ ထလိုက်တဲ့အချိန် သက်ခိုင်နဲ့ တောက်ရက

“ဆရာ ကျွန်တော်တို့ထိန်းမနိုင်တော့ဘူး ဒီကောင်က အတော်စွမ်းတယ် အဖိုးအိုရဲ့ စိတ်ထဲ သူနေရာဝင်ယူလိုက်ပြီထင်တယ်”လို့‌ပြောလိုက်တော့ အောင်မြတ်သာက

“မင်းတို့နှစ်ယောက် နိုင်သလောက်ထိန်းထားဦး အခုငါတို့ရင်ဆိုင်နေရတဲ့ပုဂ္ဂိုလ်ရဲ့ လက်မှာ ဝတ်ထားတဲ့လက်အိတ်အနီကိုမရသရွှေ့ ဒီအတိုင်းဖြစ်နေဦးမှာပဲ ဒီကိစ္စကို ငါကိုယ်တိုင်လုပ်မယ်”လို့ ပြောပြီး လွယ်အိတ်ထဲမှာရှိတဲ့ ငွေအင်းပြားနှစ်ချပ်ကိုထုတ်ကာ နီညိုရောင်ကွန်ယက်တွေ ပိတ်ဆို့ ထားတဲ့ဘက်ကို ပစ်လွှတ်လိုက်တယ်။

ငွေအင်းပြားနှစ်ချပ်ပစ်လွှတ်လိုက်တာနဲ့ ကွန်ယက်ကိုဖောက်ထွက်နေကြတဲ့ အင်းစောင့် ကိုးယောက်က အနောက်ကိုပြန်ဆုတ်လာပြီး အောင်မြတ်သာရဲ့ဘေးမှာနေရာယူထားလိုက်ကြတဲ့ အချိန် အောင်မြတ်သာပစ်လွှတ်ထားတဲ့ ငွေအင်းချပ်နှစ်ချပ်က တစ်စစီကြေမွသွားပြီး လေထုထဲမှာ ပြန့်သွားခဲ့တယ်။

ငွေအင်းချပ်တွေဆီကနေ ထွက်လာတဲ့ ငွေမှုန်တွေက ဝါးတောတစ်ခုလုံးပိတ်ဖုံးတဲ့အထိ ပွားများလာတဲ့အချိန်မှာတော့ ဝါးပင်တွေအပေါ်မှာ ဖြတ်ပြေးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုအထင်အရှားမြင်လိုက်ရတယ်။ သူကတော့ အောင်မြတ်သာတို့ မမြင်လောက်ဘူးထင်ပြီး မရပ်မနားပြေးလိုက် သက်ခိုင်နဲ့ တောက်ရတို့ ထိန်းထားတဲ့ စည်းကိုဖောက်ဖို့ ကြိုးစားလိုက် လုပ်နေတာကိုမြင်ပေမယ့် မမြင်ချင်ယောင်ဆောင်ပြီး သူဖြတ်ပြေးနိုင်မယ့်နေရာရဲ့ အောက်မှာ စမကွန်ခြာအင်းကိုမသိမသာလေးဆွဲထားလိုက်တယ်။

“ ရွှီး ရှပ် ရှပ် ရှပ်

ဖောက် ဖောက်”ဆိုတဲ့အသံနဲ့အတူ စမကွန်ခြာအင်းကွက်အပေါ်ဖြတ်ပြေးသွားတဲ့အချိန် အင်းကွက်က ဖြတ်ပြေးရာအရိပ်နောက်ကို ထပ်ချပ်မကွာလိုက်ပါလေရော။ ဒီတော့မှ အောင်မြတ်သာ သူ့ကိုမြင်နေရတယ်ဆိုတာသိလိုက်ရတဲ့အချိန် စမကွန်ခြာအင်းကွက်က ခြေထောက်နှစ်ချောင်းကို ရစ်ပတ်ထားပြီးသားဖြစ်နေခဲ့တယ်။

အောင်မြတ်သာလဲ သူ့အင်းကွက်မှာမိတယ်ဆိုတာနဲ့ အနားကိုချက်ချင်းသွားပြီး လက်မှာဝတ် ထားတဲ့လက်ပတ်အနီရောင်ကို ဆွဲချွတ်ချလိုက်တယ်။ လက်အိတ်ချွတ်လိုက်တယ်ဆိုတာနဲ့ ကိုင်ထားတဲ့တောင်ဝှေးက မြေကြီးပေါ်ကိုပျော့ခွေသွားပြီး လူလဲအားမရှိတော့သလို ညိုးကျသွား ခဲ့တယ်။

အဲဒီတော့မှ အောင်မြတ်သာက ဘေးနားမှာထိုင်လိုက်ချလိုက်ပြီး

“သင်ဘာကြောင့်ဒီလူနှစ်ယောက်ကို သတ်ချင်နေရတာလဲ သူတို့ကသင့်အပေါ်ဘာတွေလုပ်ခဲ့ လို့လဲ”ဆိုပြီးမေးလိုက်တော့ လဲကျနေတဲ့ပုဂ္ဂိုလ်က

“သူတို့ငါ့ကိုပေးရမယ့် အကြွေးတွေရှိတယ် ငါ့အပေါ်သူတို့နှစ်ယောက်လုပ်ခဲ့တာတွေကို လက်စားချေဖို့ ငါဒီနေရာကိုမရောက်ရောက်အောင်လာခဲ့တာ”လို့ပြောတော့ အောင်မြတ်သာက

“သူတို့က သင့်ကိုဘာတွေလုပ်ခဲ့လို့ ဒီလောက်နာကျဉ်းနေတာလဲ”

“လွန်ခဲ့တဲ့ဘဝက သူတို့သားအဖနှစ်ယောက် ငါ့ကိုဒီတောဒီတောင်ထဲမှာ ပစ်သွားခဲ့တယ် ငါကြိုးစားပမ်းစားထိုးထားတဲ့ ဓါတ်လုံးဘူးကိုလဲ လုယူသွားတယ် ငါခဗျာ သွားရမယ့်လမ်းမသိ စားရမယ့်စားစရာမရှိတဲ့အခြေအနေမှာ တောရဆောက်တည်နေတဲ့ရဟန်းတစ်ပါး လက်မှာဝါးရှပြီး သတိလစ်နေတာတွေ့လို့ ငါဝတ်ထားတဲ့ လုံချည်ကြမ်းကိုဖြဲပြီး စည်းနှောင်ပေးခဲ့တယ် အဲဒီကုသိုလ် ကြောင့် ဝါးပင်တွေပေါက်တဲ့နေရာတိုင်းကို ငါအခွင့်အကန့်အသတ်မရှိသွားလို့ရခဲ့တယ် လုံချည်ကြမ်း နဲ့စည်းနှောင်ပေးခဲ့တဲ့ကုသိုလ်ကြောင့် အနှောင့်အဖွဲ့တိုင်းကို ဖြတ်တောက်နိုင်တဲ့ ဒီလက်အိတ်ကို ရခဲ့တာ ဒီတောကို သူတို့နှစ်ယောက်ရောက်နေတယ်ကြားပြီး ငါရောက်‌အောင်လာခဲ့ပေမယ့် သူတို့ကိုယ်ခံပညာစွမ်းကြောင့် အနားကပ်လို့မရခဲ့ဘူး ဒါကြောင့် ဘီလူးမဲကျော်နဲ့တိုင်ပင်ပြီး သူတို့အစွမ်းတွေပျက်စီးအောင်လုပ်ခဲ့တာ အခုနင်တို့ကြောင့် ငါ့ရည်ရွယ်ချက်တွေ ပျောက်ဆုံးရပြီ ငါကလက်အိတ်မရှိရင် ဘာမှလုပ်မရဘူး ဒါကြောင့်ငါ့လက်အိတ်ပြန်ပေးပါ”

“သင်ပိုင်တဲ့လက်အိတ်ကို ကျုပ်လဲမယူလိုပါဘူး ဒါပေမယ့် သင်ကတိတစ်ခုပေးရမယ်”

“ဘာကတိလဲ ငါ့ကိုပြောပါ”

“သင့်ကိုလက်အိတ်ပြန်ပေးရင် ဒီလူနှစ်ယောက်ကို ခေါ်သွားခွင့်ပေးပါ သင်ဖန်တီးထားတဲ့ အတားအဆီးတွေကိုသင်ကိုယ်တိုင်ပြန်ပယ်ဖျက်ပေးပါ”

“ကောင်းပါပြီး ငါကတိပေးတယ် ငါ့လက်အိတ်ပြန်ပေးပါ”

“မရဘူး သင်ကတိပေးတယ်ဆိုတိုင်း ကျုပ်မယုံဘူး ဒါကြောင့် သင်သစ္စာဆိုရမယ် သစ္စာကိုဖောက်ဖျက်ခဲ့ရင် သင့်မှာရှိတဲ့အစွမ်းတွေအကုန်ပျောက်စေရမယ်”

“ငါလက်ခံတယ် နင်တို့ပြောတဲ့သစ္စာအတိုင်းငါဆိုပေးမယ်”

အောင်မြတ်သာလဲ မြေကြီးပေါ်မှာလဲနေတဲ့ ပုဂ္ဂိုလ်စကားကြောင့် ခြေထောက်မှာရစ်ပတ် ထားတဲ့ စမကွန်ခြာအင်းကိုပြန်ဖြေပေးလိုက်ပြီး သစ္စာဆိုခိုင်းခဲ့တယ်။

သစ္စာဆိုပြီးတာနဲ့ အောင်မြတ်သာလဲ သိမ်းယူထားတဲ့ လက်အိတ်ကိုပြန်ပေးလိုက်တဲ့အချိန် ဝါးတောအစပ်မှာကာရံထားတဲ့ ကွန်ယက်တွေက သူ့အလိုလိုပျောက်ကွယ်သွားကာ လူသွားလမ်းတစ်ခုပေါ်လာခဲ့တယ်။

အောင်မြတ်သာတို့လဲ သူတို့ကတိအတိုင်း အဖိုးအိုနဲ့ သူ့တပည့်ကိုခေါ်ကာ ဟောင်သဇာတော ထဲကနေပြန်ထွက်လာခဲ့ရာ ညနေစောင်းလောက်ရောက်တော့ တောအစပ်တစ်နေရာကိုရောက်ရှိ ခဲ့ကြတယ်။ တောစပ်ရောက်တော့ အဖိုးအိုနဲ့သူ့တပည့်ရဲ့ကျောပြင်မှာထိုးထားတဲ့ ဂဠုန်ရုပ်နေရာကို သုံးကွက်အင်းစာရွက်နဲ့ သုံးချက်ရိုက်လိုက်ရင်ပဲ အချိန်မဟုတ်အခါမဟုတ် လေပြင်းတွေ ထိုးကျလာခဲ့ ပြီး အဖိုးအိုရော သူ့တပည့်ပါသတိလစ်သွားခဲ့တယ်။ အောင်မြတ်သာတို့လဲ အဖိုးအိုတို့သတိလစ် တာနဲ့ ချက်ချင်းဆိုသလို နေရာကနေစွန့်ခွာခဲ့ပြီး အခြားနေရာတစ်ခုကို ခရီးဆက်ခဲ့ကြတယ်။လမ်းတစ်ဝက် ကျိုးတော့ တောက်ရက

“ဆရာ ခုနက ချက်ချင်းဆိုသလို လေပြင်းတွေတိုက်လာတာ ထူးဆန်းမနေဘူးလား”လို့ မေးလိုက်တော့ အောင်မြတ်သာက

“သူတို့ကိုလိုက်ရှာနေတဲ့ ဂိုဏ်းစောင့်တွေ လာတဲ့အချိန်မို့လို့ လေပြင်းတိုက်တာပါ အခြားကိစ္စ တော့မရှိပါဘူး”လို့ပြောကာ ရှေ့ကိုထွက်သွားခဲ့တယ်။

သက်ခိုင်နဲ့တောက်ရလဲ လက်အိတ်နီဝတ်ထားတဲ့ဇော်ဂျီရဲ့ ကောင်းမှုကြောင့် အနည်းငယ် နာနေတဲ့ ခြေထောက်ကိုမကာ အောင်မြတ်သာအနောက်ကို လိုက်သွားခဲ့ကြတယ်။

များမကြာမီမှာတော့ ဟောင်သဇာတောကနေ ပြန်ထွက်လာခဲ့ကြတဲ့ ဦးရွှေမှိုင်းက အငူမော် မှာစေတီမတည်တော့ပဲ လူသူအရောက်ပေါက်နည်းတဲ့ ကုသိတောင်ပေါ်မှာ ဂိုဏ်းစေတီတစ်ဆူ တည်ထားပူဇော်ခဲ့တယ်။

စေတီထီးတင်ပွဲကိုတော့ အောင်မြတ်သာတို့ဆရာတပည့်တွေ လာရောက်ခဲ့ကြပြီး ကုသိတောင်ပေါ်မှာပင် နောက်ထပ်အမှုကိစ္စတစ်ခုကို လက်ခံခဲ့ရသေးတယ်။ ‌အောင်မြတ်သာတို့ လက်ခံခဲ့တဲ့ အမှုကိစ္စဆိုတာ ဘာများဖြစ်မလဲဆိုတာကိုတာ့ အောင်မြတ်သာနှင့် နတ်ဖွက်ထားသောမိန်းမပျိုဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

 

လေးစားစွာဖြင့်

ဇေယန(ရာမည)

 

#ညမဖတ်ရ