“မိတ်ဆွေကောင်း တစ္ဆေဖြူ”(စ/ဆုံး)

“မိတ်ဆွေကောင်း တစ္ဆေဖြူ”(စ/ဆုံး)

——————————————–

လွန်စွာ ချမ်းအေးလှသော ဆောင်းညတစ်ညတွင် ကျွန်ုပ်သည် မီးဖိုအနီးရှိ ရွက်ဖျင်တဲလေးတွင် ထိုင်ပြီး မီးလှုံရင်း စာအုပ်တစ်အုပ်ကို အာရုံသွင်းလျက် တစိုက်မတ်မတ် ဖတ်နေလျက်ရှိ၏။ အချိန်အားဖြင့် ည ၁၂ နာရီထိုးသောအခါ၌ လူတစ်ယောက်က တွေ့ချင်သည်ဟုဆို၍ ကျွန်ုပ်အနားသို့ ရောက်လာ၏။ ထိုသူသည် ခိုက်ခိုက်တုန်အောင် ချမ်းနေသဖြင့် မီးဖိုအနီးသို့ တိုးရန် ကျွန်ုပ်က ညွှန်ပြလိုက်ရလေ၏။ ထို့နောက် တပည့်တစ်ဦးအား ကော်ဖီပူပူလေး ဖျော်ခိုင်း၍ ထိုသူအား အချမ်းပြေရန် တိုက်ရလေ၏။ ထိုသူသည် ကော်ဖီပူပူတစ်ခွက် သောက်ပြီးသောအခါ၌ နေသာထိုင်သာ ရှိသွားပုံရ၏။

ထိုအခါ ကျွန်ုပ်က …
“လာတဲ့ကိစ္စ ဆိုစမ်းပါဦးဗျာ။ အချိန်ကလည်း သန်းခေါင်ရောက်နေပြီ။ ဘာများ အကြောင်းထူးလို့လဲ” ဟု မေးလိုက်ရာ ၎င်းဧည့်သည်က …
“အကြောင်းထူးလို့ လာတာပေါ့ဆရာရယ်။ ကျွန်တော်က မြို့ကြီးတစ်မြို့ရဲ့အစွန်မှာ မြေကွက်ကြီးတစ်ကွယ်ဝယ်ယူပြီး အကြောရောဂါသည်တွေကို ကုနေတဲ့ အကြောဆရာခင်ဗျ။ တင်ပဆုံလွဲတာတို့၊ အကြောတင်သွားတာတို့၊ ဒူးလည်သွားတာတို့၊ လေဖြတ်တာတို့ကို ကုတဲ့ဆရာဆိုပါတော့ခင်ဗျာ။ ကျွန်တော့်အလုပ်က တော်တော်လေး ကောင်းပါတယ်။ ဝေဒနာသည်တွေနဲ့ ခြံမှာလည်း နေ့တိုင်းစည်ကားနေတာပါပဲ။ ပြီးတော့ ကျွန်တော်က အကြောလိမ်းဆေးကလေးလည်း ဖော်ပြီးရောင်းပါတယ်ခင်ဗျ။”
“ကျွန်တော့်ရဲ့လိမ်းဆေးက အထူးအထွေ မဟုတ်ပေမဲ့ လိမ်းလို့ အတော်လေး ကောင်းပါတယ်။ ဒီခေတ်မှာက လိမ်းဆေးက နည်းတယ်။ လိမ်ပြီးရောင်းတဲ့ ‘လိမ်ဆေး’ကများပါတယ်။ ကျွန်တော့်ဟာက လိမ်းဆေးအစစ်ဗျ။ ဆေးအိုးထဲမှာ မိုးကြိုးသွားထည့်ပြီး စိမ်ထားသေးတယ်ဗျ။ ကျွန်တော့်ရဲ့လိမ်းဆေးနာမည်ကလည်း မိုးကြိုးသွားတဲ့။”
“ရောဂါရှိတဲ့နေရာများ လိမ်းမိရင် လျှပ်စစ်လိုက်သလိုပဲ။ ထန် ထန် ထန် ဖြစ်သွားတာပဲ။ ကျွန်တော့် အိမ်မှာကလည်း ကျွန်တော့်ပညာကို ဆက်ခံချင်တဲ့ တပည့်တွေ အများကြီး လာနေကြတယ်။ ကျွန်တော်က ထမင်းကျွေး အဝတ်အစားဆင်ပြီး ပညာအလကား သင်ကြားပေးပါတယ်။ အကြောကိုင်တာက တစ်ရက်တည်းပါပဲ။ ဒါပေမဲ့ ကျွမ်းကျင်အောင်ဆိုပြီး အိမ်မှာခေါ်ထားရတယ်။ အဲဒီလို ခေါ်ထားတဲ့အထဲမှာ မိန်းကလေးတစ်ယောက်လည်း ပါတယ်။ သူက ဟိန္ဒူလူမျိုးခင်ဗျ။ နာမည်က “ချန္ဒရား” တဲ့။
“ဒီကလေးမလေးက ကျွန်တော် ထမင်းစားဖို့ ထမင်းချက်ပေးတယ် ခင်ဗျ။ အချတ်အပြုတ်လည်း မဆိုးဘူး။ သန့်လည်း အလွန်သန့်တယ်ခင်ဗျ။ အဲဒီတော့ ကျွန်တော့်မှာ စားရေးသောက်ရေး ပြေလည်တာပေါ့ဗျာ။ အဲဒီအခါမှာ ကျွန်တော့်တပည့်ထဲက တပည့်ဆိုးဖြစ်တဲ့ လမင်းနဲ့ ပေါက်ဖော်ဆိုတဲ့ ကောင်လေးနှစ်ယောက်က ဒီကောင်မလေးကို ဖြားယောင်းသွေးဆောင်ပြီး ခေါ်သွားပါလေရော။ ခေါ်သွားတာက ပြင်ဦးလွင်ကိုခင်ဗျ။”
“အဲဒီမှာက ကျွန်တော့်ဆီက ပညာသင်ပြီး အနှိပ်ခန်းဖွင့်ထားတဲ့ ဆရာဆီကို ခေါ်သွားတာခင်ဗျ။ အဲဒီဆရာကလည်း အတော်အောင်မြင်တယ်ခင်ဗျ။ ဒါပေမဲ့ သနားစရာကောင်းတာက သူကလက်တစ်ဖက်မရှိဘူး။ ကျန်တဲ့လက်တစ်ဖက်နဲ့ပဲ နှိပ်ရတာခင်ဗျ။ သူ့နာမည်က ဆရာထိန်ဝင်းတဲ့။ အဲဒီ ဆရာထိန်ဝင်းဆီကို ခေါ်သွားကြတာခင်ဗျ။”
“အဲဒီကို မသွားခင် ကျွန်တော်ဆေးရုံတက်နေတုန်းမှာ အဲဒီနှစ်ကောင်ဟာ ‘ချန္ဒရား’လေးကို ဟိုသိမ်ကျောင်းနောက်က ကျည်စုရွာကို ညကြီးသန်းခေါင် ခေါ်သွားသေးတယ်။ အဲဒီမှာ ပယောဂကုတဲ့ ဂိုဏ်းတစ်ဂိုဏ်းကို တက်ကြတယ်။ ကျန်တဲ့ တပည့်တွေကိုလည်း တက်ဖို့ဆွယ်သွားတယ်။ ကျန်တဲ့တပည့်တွေကလည်း နားယောင်ပြီးလိုက်ကြတယ်။ ကျွန်တော့်အဖွဲ့အစည်းကိုလာပြီးတော့ ဖြိုခွဲတာပေါ့ဗျာ” ဟု ပြောလိုက်လျှင် ကျွန်ုပ်က …
“ဂိုဏ်းတက်တာပဲဗျာ။ နေ့ခင်းတက်လည်းရပါတယ်။ ညကြီးသန်းခေါင် ဘာဖြစ်လို့ သွားပြီးတက်ရတာလဲ” ဟု မေးလိုက်ရာ …
“ဒါတွေက ဒီနှစ်ကောင်ရဲ့ ထွင်လုံးပေါ့ဗျာ။ ချန္ဒရားလေးကို ညဘက်ခေါ်သွားချင်လို့ပေါ့။ ကောင်မလေးက အတော်အ,တယ်ခင်ဗျ။ သူတို့ပြောစကားကို အဟုတ်ကြီးမှတ်လို့ လိုက်သွားတာပေါ့။ အဲဒီညမှာ ဘာတွေဖြစ်ကြတယ်ဆိုတာတော့ ကိုယ်စောင့်နတ်ပဲ သိမှာပေါ့။ အသေးစိတ် ကျွန်တော်ဘယ်သိပါ့မလဲ။ အဲဒီ ဟိန္ဒူမလေးက ချောချောလေးခင်ဗျ။ ဒါပေမဲ့ တစ်ခုလပ်မလေးခင်ဗျ။”
“သူတို့ အဲဒီကိုသွားတဲ့ညမှ ဆေးရုံပေါ်မှာ ကျွန်တော် ပက်လက်ကြီးလန်လို့ အောက်စီဂျင် ပေးထားရတယ်။ ဒါပေမဲ့ အဲဒီညက ကျွန်တော်အိမ်မက်မက်တယ်ဗျ။ အိမ်မက်ထဲမှာ တစ်ကိုယ်လုံး ထုံးသုတ်ထားသလို ဖြူနေတဲ့လူတစ်ယောက် ကျွန်တော်နဲ့လာပြီးတွေ့တယ်။ သူက သူ့နာမည်ကို တစ္ဆေဖြူလို့ပြောတယ်။ အဲဒီ တစ္ဆေဖြူက …
“ဒီမှာ ဆရာ၊ ခင်ဗျားတပည့်တွေ ခင်ဗျားကို သစ္စာဖောက်ပြီး တခြားမှာ ဂိုဏ်းသွားတက်ကြပြီ။ အဲဒီအထဲမှာ ခင်ဗျားကို ထမင်းချက်ကျွေးတဲ့ ချန္ဒရားလည်း ပါသွားတယ်လို့ သူကသတင်းပေးတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ခြံကိုဖုန်းဆက်ကြည့်တော့ ခြံက အဲဒီလူတွေမရှိဘူးဆိုတာ ကျွန်တော်ခန့်ထားတဲ့ လက်ထောက်ဆရာ ဦးအောင်ကပြောတယ်။ အဲဒီလူတွေလည်း ပြန်လာရော ဆရာဦးအောင်က တန်းစီပြီး ကြိမ်လုံးနဲ့ ရိုက်တော့တာပဲ။ ဆရာရဲ့ခွင့်ပြုချက်မရဘဲ ဟိုသွားဒီသွား သွားရမလားပုဒ်မနဲ့ ရိုက်တာပေါ့ဗျာ။”
“နောက်ပြီး မိန်းကလေးတစ်ယောက်ကို ညကြီးသန်းခေါင်ခေါ်သွားတဲ့ ပုဒ်မလည်းပါတာပေါ့။ အဲဒီအခါမှာ ကျွန်တော့်တပည့်ပေါက်ဖော်နဲ့ လမင်းက အတော်ကလေး ပေါက်ကွဲပြီး ချန္ဒရားကို တစ်ခါတည်း သုတ်ပြေးဖို့ စဉ်းစားတော့တာပဲ။ ချန္ဒရားကလည်း အသိဉာဏ်မရှိတော့ နားထောင်တာပေါ့ဗျာ။ လိုက်သွားရှာတယ်။ ဟိုလည်းရောက်ရော အနှိပ်ခန်းဖွင့်ဖို့ အခန်းငှားရမယ်ဆိုတော့ ငှားစရာပိုက်ဆံမရှိလို့ ချန္ဒရားရဲ့ ဆွဲကြိုးကို ရောင်းပစ်လိုက်ရတယ်။”
“အဲဒီအချိန်မှာပဲ .. ကျွန်တော်ဟာ ဆေးရုံက ဆင်းလာတယ်။ ဆေးရုံက ဆင်းတဲ့ညမှာပဲ အိပ်မက်ထဲမှာ တစ္ဆေဖြူရောက်လာတယ်။ ထွက်ပြေးတဲ့သုံးယောက် ပြင်ဦးလွင်က ခင်ဗျားတပည့် လက်ပြတ်ဆီရောက်နေတယ်တဲ့။ အမြန်ဆုံးခေါ်လိုက်တဲ့။ အဲဒါနဲ့ ကျွန်တော်လည်း လက်ထောက်ဆရာအောင်ကို လွှတ်ပြီးခေါ်ခိုင်းတယ်။ သုံးယောက်စလုံး ပြန်ပါလာတယ်။ ဒီရောက်တော့ အဲဒီတပည့်လေးနှစ်ယောက်ကို ဆုံးမရတာပေါ့။”
“ချန္ဒရားကိုတော့ ကောင်းကောင်းနေဖို့ပဲ ဆူလိုက်တယ်။ ပြီးတော့ အဲဒီတပည့်လေးနှစ်ယောက် ထွက်မပြေးနိုင်အောင်ဆိုပြီး မှတ်ပုံတင်၊ အဝတ်အစားတွေ သိမ်းထားလိုက်တယ်။ ဒါပေမဲ့ မရပါဘူး။ တပည့်နှစ်ယောက်ဟာ အဲဒီညမှာပဲ ထွက်ပြေးသွားတယ်။ သူတို့ ထွက်ပြေးနိုင်အောင်လို့ဆိုပြီး ချန္ဒရားက ဆွဲကြိုးရောင်းထားတဲ့ လက်ကျန်ငွေလေးပေးလိုက်တယ်။ အဲဒီနှစ်ယောက် ထွက်ပြေးတဲ့ညမှာပဲ အိပ်မက်ထဲမှာ တစ္ဆေဖြူရောက်လာတယ်။ တစ္ဆေဖြူက…
“အဲဒီနှစ်ကောင် ထွက်ပြေးတဲ့နေရာကို ပြောပြတယ်။ ပြီးတော့လည်း နည်းနည်းသတိထားပါတဲ့။ ဒီနားကို ဒီနှစ်ကောင်ပြန်လာလိမ့်မယ်တဲ့။ ပြန်လာပြီး ခြံထဲက သစ္စာမရှိတဲ့ တပည့်တစ်ယောက်နဲ့ချိတ်ပြီး တရုတ်နယ်စပ်က ဝယ်လာတဲ့ အဆိပ်ပုလင်းသုံးပုလင်း သွင်းလိမ့်မယ်တဲ့။ အဲဒီအဆိပ်က အမှုန့်တဲ့။ သူများစားတဲ့ အစားအသောက်ထဲခတ်ဖို့ပဲ။ တိုတိုပြောမယ်ဗျာ.. အဆိပ်ပုလင်းသုံးပုလင်း ခြံထဲရောက်နေပြီး ဘယ်နေ့ ခင်ဗျားစားမိမလဲ မသိဘူး။ ခင်ဗျားသတိထားနိုင်အောင်လို့ ပြောလိုက်မယ်။ ခင်ဗျားကို ခတ်မှာက တခြားမဟုတ်ဘူး။ ခင်ဗျားကို ထမင်းချက်ကျွေးတဲ့ ကောင်မလေးဗျာ။”
“သူပဲလုပ်ရတာ လွယ်တယ်လေဗျာ။ ဘယ်နေ့ခတ်မယ်ဆိုတာကိုလည်း ပြောလိုက်မယ်။ ပြင်ဦးလွင်က ဝယ်လာတဲ့ ဆွယ်တာအင်္ကျီအနက်ကလေး ဝတ်တဲ့နေ့ဟာ ခတ်တဲ့နေ့ပဲ။ အဲဒါလေး မဝတ်အောင်တော့ ခင်ဗျားနည်းခင်ဗျားဟန်နဲ့ ပိတ်ပေတော့။ အဲဒါလေးဝတ်ပြီးကျွေးတဲ့နေ့ ဘာမျှမစားနဲ့။ အဲဒါဝတ်တဲ့နေ့ကို အထဲမှာ ခတ်ထားပြီးပြီ လို့ သတိပေးလို့ ကျွန်တော်လည်း ချန္ဒရားကိုခေါ်ပြီး အဲဒီအင်္ကျီ မဝတ်ဖို့၊ အဲဒီအင်္ကျီကိုဝတ်ရင် လာဘ်တိတ်မယ်ဆိုတဲ့အကြောင်း ဥပါယ်တံမျဉ်နဲ့ ပြောရတာပေါ့။”
“ချန္ဒရားကလည်း လိုက်နာတယ်။ တစ္ဆေဖြူကိုလည်း အိပ်မက်ထဲမှာလာပြီး သတိပေးခဲ့လို့ ကျေးဇူးတင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က အဆိပ်ပြီးတဲ့သူပါ။ လူတွေ ဖန်တီးတဲ့အဆိပ်၊ သဘာဝအဆိပ်၊ မြွေဆိပ်၊ ကင်းဆိပ်၊ ခွေးဆိပ်ကအစ ကျွန်တော်နိုင်တယ်။ ဒီတစ်သက်မှာတော့.. ကျွန်တော်ဟာ အဆိပ်နဲ့သေဖို့အကြောင်းမရှိဘူး။”
“အဲဒီလိုဖြစ်ပြီး ၁၅ ရက်လောက်ကြာတဲ့အခါမှာ ထွက်ပြေးသွားတဲ့ တပည့်နှစ်ယောက်ခြံတွင်းကို သွင်းထားတဲ့အဆိပ်ပုလင်းကို ဖမ်းမိခဲ့တယ်။ အမှန်ကတော့ အဲဒီအဆိပ်ပုလင်းကို တကူးတက ရှာတာမဟုတ်ဘူး။ နိုင်ငံခြားက ဝယ်လာတဲ့ တဲရော့အထုပ်တွေကို ရှာရင်းနဲ့တွေ့တာပါ။ အဲဒီညကလည်း အိပ်မက်ထဲမှာ တစ္ဆေဖြူ ရောက်လာပြန်တယ်။ တစ္ဆေဖြူက .. “ဒီမှာ ဆရာ၊ ဟိုကောင်တွေ သွင်းထားတဲ့ အဆိပ်ပုလင်းကိုကိုင်ပြီး သစ်ကနက်ဘုရားမှာ သစ္စာဆိုလိုက်။ ကိုရင့်ကိုသေကြောင်းကြံတဲ့ တပည့်နှစ်ယောက်လည်း အဆိပ်မိပြီး သေလိမ့်မယ်။ ကိုယ်ထိလက်ရောက် အဆိပ်ခတ်တဲ့ ချန္ဒရားလည်း သားအိမ်ကျတဲ့ရောဂါ၊ အမျိုးသမီးရောဂါနဲ့ မရှုမလှခံရလိမ့်မယ်။ ဆေးရုံတက်လည်း မပျောက်ဘူး။ ခင်ဗျားကုမှ ပျောက်မယ်လို့ပြောတယ်။”
“အဲဒါကြောင့် ကျွန်တော်လည်း တစ္ဆေဖြူပြောတဲ့အတိုင်း ကျွန်တော်ကိုးကွယ်ထားတဲ့ သစ်ကနက်ဘုရားလေးမှာ အဲဒီအဆိပ်ပုလင်းကို ကိုင်ပြီး သစ္စာဆိုတယ်။ သစ္စာဆိုပြီး မကြာခင်မှာပဲ တပည့်ဆိုးနှစ်ယောက်အစာမိပြီး သေဆုံးသွားတဲ့အကြောင်း ကြားရတဲ့အပြင် ကိုယ်ထိလက်ရောက် အဆိပ်ခတ်တဲ့ ချန္ဒရားလည်း မိန်းမရောဂါနဲ့ အိပ်ရာထဲ ဗုန်းဗုန်းလဲသွားတယ်။ သူ့အနားသွားရင် နံစော်နေလို့ လူနာမေးမယ့် လူဆိုတာမရှိတော့ဘူး။”
“အဲဒီအဖြစ်အပျက်တွေ ဖြစ်ပြီးတဲ့နောက် တစ္ဆေဖြူက ကျွန်တော့်ကို အိပ်မက်ပေးပြန်တယ်။ အိပ်မက်ထဲမှာ တစ္ဆေဖြူက ကျွန်တော့်ကို.. “ကျုပ်ဟာ ခင်ဗျားရဲ့ မိတ်ဆွေကောင်းပဲဗျာ။ ကျုပ်ရဲ့ ပုံလေးတစ်ခုပုံတူ ခင်ဗျားခြံထဲမှာ ထုထားပါလား။ ပြီးတော့ သစ်သားနဲ့လည်း အသေးတစ်ခုထုပြီး ဆောင်ပေါ့။ ကျုပ်နဲ့ တွေ့ချင်ရင် တစ္ဆေဖြူလို့ ခေါ်ပြီး စကားပြောပေါ့လို့ ပြောပြီးပျောက်သွားတယ်” ဟု ၎င်းဧည့်သည်က ပြောပြလေ၏။ ထို့နောက် ထိုသူကပင်…
“ကျွန်တော်သိချင်တာက အဲဒီတစ္ဆေဖြူဆိုတာ လူတော့ မဟုတ်ဘူး။ ဝိညာဉ်ပဲ။ အကောင်းလား အဆိုးလား၊ သူပြောတဲ့အတိုင်း လုပ်သင့်သလား မလုပ်သင့်ဘူးလား။ လုပ်သင့်တယ်ဆိုရင်တော့ ခြံထဲမှာ ပန်းပုဆရာ ကိုတင်ငွေဆိုတာရှိတယ်။ သူ့ကိုခေါ်ပြီး လုပ်ခိုင်းမယ်။ အသေးတစ်ခုလည်း လုပ်ထားတယ်။ တစ္ဆေဖြူနဲ့ ဆက်သွယ်မယ်။ သူပြောတဲ့ ပုံစံအတိုင်း ဆိုရင်တော့ အင်္ကျီလုံချည်မပါဘူး။ တစ်ကိုယ်လုံး အဖြူပဲ။ ခေါင်းမှာလည်း ဦးထုပ်အချွန်ကလေး ဆောင်းထားတယ်။ ဆရာတို့သုံးနေတဲ့ နုံးရုပ်နဲ့ အတော်တူတယ်။ ဒါပေမဲ့ သူက အသေးမဟုတ်ဘူး။ လူရုပ်နဲ့ အတော်တူတယ်” ဟု ပြောလိုက်ရာ ကျွန်ုပ်က …
“မိတ်ဆွေကောင်းပါဗျာ။ ခြံထဲမှာ အရုပ်ကလေးတစ်ရုပ်ထုချင်လည်းထုပေါ့။ ခင်ဗျားကို သူက ကူညီတာပဲ။ ကူညီတာမှ ခင်ဗျားအသက်ကိုကယ်တာ” ဟု ပြောလိုက်ရာ ထိုအကြောပြင်ဆရာလည်း ကျွန်ုပ်ကိုနှုတ်ဆက်၍ ဝမ်းမြောက်စွာ ပြန်သွားလေတော့သတည်း။

🙏 သဗေ သတာ ကမသကာ 🙏
✍ မင်းသိင်္ခ

📒 မင်းနန်သူနှင့် ဂမ္ဘီရလောကဝတ္ထုတိုများ

#မင်းသိင်္ခ #မိတ်ဆွေကောင်းတစ္ဆေဖြူ