မြွှေမှော်

မြွေမှော်

ဆရာတာတေ

ဘိုးစော်ကဲ က ကျုပ်တို့ထနောင်းကုန်းသားဗျ ၊ ယာတွေပိုင်တယ် ၊ တောင်သူပဲလုပ်တာ ၊ ဒါပေမဲ့ အနီးအနား ရွာတွေအားလုံးက ဘိုးစော်ကဲကို သိကြတယ် ၊ သိရုံတင်မဟုတ်ဘူး ၊ မြွေနဲ့ပက်သက်လာရင်
ဘိုးစော်ကဲ ကို လွှတ်အားကိုးကြတာ။
ဘိုးစော်ကဲကလည်း မြွေနဲ့ ပက်သက်လို့ကတော့
ပိုင်ချက်ဗျာ ။ ပိုးထိတဲ့သူများ သူ့ဆီခေါ်သာလာခဲ့
အသက်သာ ပါခဲ့ပါစေ သေကို မသေစေရဘူးဗျ ။
ဒါ့ကြောင့်လည်း ဘိုးစော်ကဲ ကိုအားကိုးကြတာပေ့ါဗျာ
ဘိုးစော်ကဲနဲ့ ပက်သက်လို့ ကျုပ်ကိုယ်တွေ့လေးတွေ
ပြောရဦးမယ်ဗျ ။
ဘိုးစော်ကဲက ကျုပ်တို့ရွာတောင်ပိုင်းမှာ နေတာဗျ ။
ဝိုင်းကလည်းအကျယ်ကြီးဗျ ။ ဝိုင်းထဲမှာလည်း
သစ်ပင်တွေ စုံပါ့ဗျာ ။ မရမ်းပင် မာလကာပင် ဂွေးချိုပင် သရက်ပင် အစုံဗျ ။ အိမ်ကလည်း ခေါင်းနှစ်လုံးနဲ့
နှစ်ဆောင်ပြိုင်ကြီးဗျ ။ ကျွန်းအိမ်ကြီးကိုရေနံသုတ်ထားလိုက်တာ နက်မှောင်နေလို့ဗျ ၊
ဘိုးစော်ကဲက အရပ်သိပ်မရှည်ဘူးဗျ ။ ပုပြတ်ပြတ်နဲ့
အညာသားပေမဲ့ အသားကလည်းဖြူတယ်။ ဘိုးစော်ကဲ မျက်နှာမှာ အထူးခြားဆုံးက မျက်ခုံးတွေပဲဗျ ။
မျက်ခုံးတွေက နက်မှောင်ပြီး ထူထူကြီးဗျ ၊ မေ့စေ့
ဘယ်ဘက်ထောင့်မှာ မှည့်ကြီးတစ်လုံးရှိတယ်
ကျုပ်က အင်မတန် စပ်စုတဲ့ကောက်ဆိုတော့
ဘိုးစော်ကဲဆီကိုမကြာ မကြာရောက်တယ်ဗျ ။ကျုပ်
ကိုလည်း ဘိုးစော်ကဲက ခင်ပါတယ်ဗျ။ကျုပ်နဲ့တွေ့ရင်
မြွေတွေအကြောင်းမကြာမကြာပြောတယ်၊မြွေတွေရဲ့
ထူးခြားတဲ့ သဘာဝတွေ နာနာဘာဝတွေနဲ့မြွေတွေနဲ့
ဆက်သွယ်မှုတွေ အောက်လမ်းပညာမှာမြွေတွေနဲ့
ပက်သက်တဲ့အကြောင်းတွေပေါ့ဗျာ။

တစ်ရက်တော့ ဘိုးစော်ကဲကပြောတယ်
“တာတေ မနက်ဖြန် ဘိုးကို လှည်းမောင်းပြီး
ဆက်သမြှောင်ကို လိုက်ပို့ပေးမလား”

“ပို့မယ်လေ ဘိုး အခုရက်ကျုပ်အားနေတာပဲ”

လို့ ကျုပ်ကပြန်ပြောတော့ဘိုးစော်ကဲက ဝမ်းသာသွားပြီး

“အေး ဒါဆို မနက်ဖြန်စောစောလာခဲ့ကွာ ၊ ကိုဉာဏ်တို့ ငွေစိန်တို့ကိုလည်း ပြောခဲ့ဦးနော်”

“ဟုတ်ကဲ့ပါ ဘိုး အဘနဲ့အမေကို ကျုပ်ပြောခဲ့ပါ့မယ် “

ဘိုးစော်ကဲ ရဲ့ နွားတွေကအကြီးကြီးတွေဗျ ။ ဘို့ကြီးတွေ အနောက်ကို ကောက်ထွက်နေတာ၊ အဖြူကြီးကို
အြော်ဖူလို့ ဘိုးက ခေါ်တယ်ဗျ ၊ အနီကောင်ကြီးကို
ကျောက်နီလို့ ခေါ်တယ်။ ကျုပ်က ဘိုးစော်ကဲ ကို
လှည်းပေါ်တင်ပြီး လှည်းမောင်းခဲ့တာပေါ့ဗျာ၊
ဆပ်သမြှောင်က ကျုပ်တို့ရွာ ထနောင်းကုန်းနဲ့တော့
နဲနဲလှမ်းသေးတယ်ဗျ ။ မီးလောင်ကုန်းတို့
ငွေတွင်းကုန်းတို့ ကျော်ပြီးမှ ဆပ်သမြှောင်ကိုရောက်
တာ ။ ငွေတွင်းကုန်းနဲ့ဆပ်သမြှောင်ကြားက
တော်တော်ဝေးသေးတယ် ။ထန်းတောတွေကို
တော်တော်ကျော်သွားရတယ်။
ဘိုးစော်ကဲရဲ့နွားကြီးတွေကတော်တော်လိမ္မာတယ်ဗျ
အော်ဖြူရော ကျောက်နီရော လှည်းဆွဲကောင်းတဲ့
ကောင်ကြီးတယ်ဗျ ။
ဆပ်သမြှောင်ရောက်တော့ ဆရာတော်ကြီး
ဦးတိက္ခရဲ့ သာသနာလင်္ကာံရကျောင်းကို မောင်းပေး
ရတယ်။ ဆရာတော်ကြီးဦးတိက္ခက ဘိုးစော်ကဲရဲ့
အကိုဝမ်းကွဲတော်တယ်လေဗျာ ။ဘိုးစော်ကဲက
သူ့အကို ဘုန်းကြီးကို လာဖူးတာဗျ။ လှူစရာတွေလည်း
လာလှူတာပေါ့ဗျာ။
ဘုန်းကြီး ဦးတိက္ခရဲ့ ကျောင်းကရွာအရှေ့
ပိုင်းမှာဗျ ။ ဘုန်းကြီးကျောင်းဝင်းအနောက်ဘက်မှာ
ယာခင်းတွေပဲရှိတာ
ဘိုးစော်ကဲနဲ့ ဦးတိက္ခတို့စကားပြောနေ
တုန်းကျုပ်က ကျောက်တိုင်တစ်လုံးကို မှီပြီး
နားထောင်နေရတာပေါ့ဗျာ ။

“နောင် ဝေ ဝေ ၊ နောင် ဝေ ဝေ”

ကျောင်းအနောက်ဘက် ကြေးစည်သံကြားတာဗျ

“ဟဲ့ ဒါဘာတုံး သုမန ရွာထဲမယ် ဘာဖြစ်တာတုံး”

ဘုန်းကြီး ဦးတိက္ခက ကိုရင်သုမနကို လှမ်းမေးတာဗျ
“အနောက်ပိုင်းက ဒကာမကြီးဒေါ်စီရဲ့သား
ကိုပေါက်စီ ပိုးထိပြီး ဆုံးသွားလို့တဲ့”

“ဟေ ပေါက်စီ ဟုတ်လား ၊ သောက်ကျိုး
တော့ နည်းရောကွာ ၊ ဒီခလေးက လွှတ်လိမ်မာတာ
ကွ ၊ ဖြစ်မှ ဖြစ်ရလေကွာ ၊ ဘယ်မှာပိုးထိတာတဲ့တုံး
သုမန “

” တောတက်သွားတဲ့ ဘုရား ၊ တောထဲမှာ
ထိလာတာလို့ ပြောတယ် “

“ဟေ တောထဲမှာသေလာတာလား “

” မဟုတ်ဘူး ၊ အိမ်ရောက်ပြီးတော်တော်ကြာမှ
သေတာတဲ့ဘုရား “

” ဟေ ဆရာတွေ ဘာတွေ မပင့်ကြဘူးလားကွ”

” ပင့်တယ်တဲ့ဘုရား ၊ ရွာမြောက်ပိုင်းက
ဆရာရုံး ကုတာ မရတော့တာတဲ့ ဘုရား ၊ “

” အင်း ကိုရုံးလည်း တော်ပါတယ် ၊ အဆိပ်ပျံ့သွားလို့ရှိမှာပေါ့လေ ၊ “

ဘုန်းကြီးနဲ့ကိုရင်သုမနတို့ ပြောဆိုနေတာကို
ဘိုးစော်ကဲ ရော ကျပ်ရော ငြိမ်ပြီးနားထောင်နေတာ
ဗျ ။

“နောင် ဝေ ဝေ”
အသုဘချလာတဲ့ ကြေးစည်သံက တဖြေးဖြေး
နီးလာပြီဗျ ။

” အရှင်ဘုရားပြောတဲ့ ပေါက်စီဆိုတာ မသေသေး
ဘူး ဘုရား ၊ အခုမြန်မြန်သွားပြီး ဒီကို ယူလာခိုင်း
လိုက်ပါ ဘုရား ၊ တပည့်တော် ကုပေးပါ့မယ်”

” ဟေ ဟုတ်လား စော်ကဲရဲ့ ၊ ဟဲ့ သုမန မြန်မြန်
လုပ်စမ်း ၊ မြန်မြန်သွားပြောလိုက် ၊ ဘုန်းကြီးက
ခုချက်ချင်း ယူခဲ့ရမယ်လို့ ပြောလိုက် ၊ ကိုရင်သာမိ
တို့ ကိုရင်ကုမာရကိုပါ ခေါ်သွား “

” တပည့်တော်လည်း လိုက်သွားမယ် ဘုရား”
“ဟာ ကောင်းတယ် တာတေ ၊ မင်းက ပြောတတ် ဆိုတတ်တော့ အကျိုးအကြောင်းပြောပြပြီး
ဒီယူလာခိုင်းလိုက် “

ကိုရင်သုံးပါးနဲ့ ကျုပ်နဲ့ ကျောင်းနောက်ဘက်ကပြေးထွက်ပြီး အသုဘချတဲ့ လူတွေကို လှမ်းအော်
ကြတယ် ၊

“နေဦးဗျို့ နေဦး ခဏနေကြဦး “

အသုဘချတဲ့သူတွေ ကျုပ်ကို လှည့်ကြည့်တယ်
သူတို့အကြည့်တွေက ကျုပ်တို့ကို နားမလည်သလို
ကြည့်ကြတယ် ၊ သေတဲ့သူရဲ့ အမေကတော့
အော်ဟစ်နေတာပေါ့ဗျာ

“သားရေ အမေ့ကိုထားခဲ့ပြီလားကွာ “

ကျုပ်တို့က အသုဘ ချတဲ့သူတွေအရှေ့မှာ
ပိတ်ရအ်လိုက်ကြတယ်။

” က်ိုရင်တွေဘာလုပ်တာတုံး
ဟ တာတပေါလား”

“တာတေ ဘာဖြစ်လို့တုံး”

“ဟေ့ကောင်တွေ သူများယာထဲမှာမရပ်ရဘူးကွ
အသုဘကို လှုပ်ထား လှုပ်ထား ငြိမ်မနေနဲ့ “

ကျုပ်ကအကျိုးအကြောင်း မြန်မြန်ရှင်းပြရတာပေါ့ဗျာ

” ဒီလိုဗျ ကျုပ်နဲ့ဘိုးစော်ကဲက ဆရာတော်ကိုဖူးဖို့
ဘုန်းကြီးကျောင်းထဲမှာရောက်နေတာ ၊
အခုဘိုးစော်ကဲ က ပြောလို့လာပြောတာပါ ၊ ပိုးထိတဲ့
လူ မသေသေးဘူးတဲ့ “

” ဟာ ဟုတ်လား “

” အဲ့ဒါ ခုချက်ချင်း ကျောင်းထဲကိုယူခဲ့ဖို့ ဆရာတော်
အမိန့်ရှိလိုက်လို့လာပြောတာပါ “

” ဟေ့ ဘိုးစော်ကဲ ရောက်နေတယ်တဲ့ကွ “

“ပေါက်စီ မသေသေးဘူး ဟုတ်လား “

“ဟုတ် လို့လားကွာ “

” သေနေပါပြီကွာ “

အသုဘချတဲ့သူတွေက တယောက်တပေါက်ဝိုင်း
ပြောကြတာပေါ့ဗျာ
” ဟေ့ကောင်တွေ စကားမရှည်နဲ့ ၊ ဆရာတော်
အမိန့်အတိုင်း လုပ်ကြ ကဲ လာ ကျောင်းထဲဝင်မယ်”

ဆပ်သမြှောင်ရွာခေါင်း ကိုဘခွေးက ပြောလိုက်မှ..
ကျုပ်နဲ့ကိုရင်သုံးပါးက ရှေ့က ဝင်တယ် ။ ခေါင်းထမ်း
လာတဲ့ လူတွေ ကျုပ်တို့နောက်က လိုက်ဝင်တယ်
ကျောင်းဝင်းထဲရောက်တော့ ပိုးထိတဲ့လူရဲ့ အလောင်း
ကို မပြီး ကျောင်းပေါ်တင်ခိုင်းတယ် ။
လူတွေက ဝိုင်းကြည့်နေကြတာပေါ့ဗျာ ။

“ကဲ အားလုံး ထိုင်ကြ ထိုင်ကြ “

လို့ ဘုန်းကြီး ဦးတိက္ခပြောလိုက်တော့မှ ထိုင်ချလိုက်
ကြတာဗျို့ ။ ဘိုးစော်ကဲ က တစ်ကိုယ်လုံးပြာနှမ်းနေ
တဲ့ အလောင်းကို သေသေချာချာကြည်ပြီး သူလွယ်လာတဲ့ လွယ်အိတ်ထဲက အင်းလက်ကိုင်ပုဝါကြီး
တစ်ထည်ကို ထုတ်ယူလိုက်တယ်ဗျ ။
ပြီးတော့ မြွေကိုက်ခံရတဲ့ ခြေသလုံးက
အပေါက်ကလေး နှစ်ပေါက်အောက်မှာ ငှက်ပျောရွက်
တစ်ရွက်ခင်းခိုင်းလိုက်တယ် ။
ပြီးတာနဲ့ ဆန့်ဆန့်ကြီးဖြစ်နေတဲ့ ကိုပေါက်စီရဲ့ခေါင်းရင်းက ထိုင်ပြီး ဂါထာတွေ မန္တန်တွေကို ရွတ်တော့တာ
ဗျ ။ မန္တန်ရွတ်ရင်းနဲ့ လက်မှာကိုင်ထားတဲ့ အင်းလက်
ကိုင်ပုဝါကို ဝှေ့နေတယ်ဗျ ၊
ခဏနေတော့ ကိုပေါက်စီရဲ့အလောင်းကြီးကို
ခေါင်းကစပြီး လက်ကိုင်ပုဝါနဲ့ရိုက်ချရောဗျ ။

“ဖတ် ” “ဖတ် ” “ဖတ်”

အလောင်းကိုရိုက်ချနေတဲ့ လက်ကိုင်ပုဝါက ထွက်တဲ့
အသံ ရယ် ဘိုးစော်ကဲရဲ့ မန္တန်အသံပဲ ကြားနေရတယ်ဗျ
ဘုန်းကြီး ဦးတိက္ခရော ကိုရင်တွေရော ရွာထဲက
အသုဘပို့ ပြန်လာတဲ့သူတွေရော ငြိမ်ပြီးကြည့်နေကြ
တာဗျို့။ အပ်ပြုတ်ကျရင်တောင်အသံကြားလောက်
တယ် ။
ဟော ခေါင်းကတဆင့် မျက်နှာကိုရိုက်ချနေပြီဗျို့ ။
ဟာ မျက်နှာက ပြာနှမ်းနေတဲ့အရောင်လျော့သွားပြီး
သွေးရောင်ပြန်သမ်းလာပြီဗျ ၊
ကြည့်နေတဲ့သူတွေ တယောက် တယောက်လက်တို့
ပြီးပြကြတယ်ဗျ ။ ဘိုးစော်ကဲ ကတော့ မန္တန်ရွတ်လိုက်
လက်ကိုင်ပုဝါနဲ့ရိုက်ချလိုက် လုပ်နေတာပေါ့ဗျာ ။
ကိုပေါက်စီရဲ့အလောင်းက ရင်ဘတ်ပေါ်မှာလက်နှစ်ဖက် ယှက်တင်ထားတယ်ဗျ ။ တဖြည်းဖြည်းနဲ့
ဘိုးစော်ကဲ အဆိပ်ချတာ ဒူးခေါင်းကိုရောက်လာပြီဗျို့
အလောင်းရဲ့အပေါ်ပိုင်းက ပြာနှမ်းနှမ်းကြီးလည်း
ပျောက်သွားပြီဗျ ၊
ဘိုးစော်ကဲ ရဲ့ မန္တန်ရွတ်သံက ပိုပြီးကျယ်လာတယ်ဗျ
ရိုက်နေတဲ့လက်ကိုင်ပုဝါက ဒူးဆစ်အောက်ကိုရောက်
လာပြီ ၊ ဟာ အဆိပ်တွေ အဆိပ်တွေ ထွက်ကျလာပြီ
ဗျို့ ၊ မြွေစွယ်အရာလေးကနေပြီး မည်းမည်းအရေတွေ
စီးကျလာပြီဗျို့။ အောက်ကခင်းထားတဲ့ငှက်ပျောရွက်
ထဲ ကျတာပေါ့ဗျာ

“ဟာ အဆိပ်တွေဟေ့ “

လို့ဝိုင်းကြည့်နေတဲ့လူတွေက တိုးတိုး တိုးတိုးနဲ့
ပြောကြတယ်ဗျ ၊
ဘိုးစော်ကဲ ကတော့ မန္တန်တွေရွတ်ရင်း လက်ကိုင်ပုဝါ
နဲ့ ရိုက်ရင်းပဲဗျ ၊
နောက်ဆုံးအဆိပ်တွေကုန်သွားတော့ အလောင်းတခု
လုံး သွေးရောင်ပြန်လွှမ်းလာရောဗျ
ဘိုးစော်ကဲ က အလောင်းရဲ့ ခေါင်းရင်းနားမှာ လာရပ်
ပြီး မန္တန်ရွတ်တယ် ၊ အလောင်းက
စောစောကလောက် တောင့်တောင့်ကြီးမဟုတ်တော့
ဘူးဗျ ၊

” ဟော လှုပ်လာပြီ လှုပ်လာပြီ “

ကြည့်နေတဲ့ မိန်းမတစ်ယောက်က ပြောလိုက်တာဗျို့
ဟုတ်တယ်ဗျ ။ ကိုပေါက်စီရဲ့လက်ကလေးတွေ
လှုပ်လာပြီ ။ ဟော အသက်ရှုပြန်ပြီဗျို့။ ရင်ဘတ်က
နှမ့်လိုက် မြင့်လိုက်ဖြစ်ရောဗျ ၊ ခဏနေတော့ဘိုးစော်ကဲ က ကိုပေါက်စီရဲ့ မျက်နှာကိုကြည့်ပြီး …

” မောင်ပေါက်စီ မောင်ပေါက်စီ ..
လူကလေးမောင်ပေါက်စီ “

လို့အသံကျယ်ကျယ်နဲ့ခေါ်လိုက်တယ်ဗျ ၊ ဟော ဖွင့်ပြီ
ဖွင့်ပြီ ကိုပေါက်စီ မျက်လုံးတွေဖွင့်ကြည့်ပြီ ၊ သူ့ကို
ဝိုင်းအုံနေတဲ့လူတွေကိုကြည့်တယ် ၊ ပွီိးတော့
ဘိုးစော်ကဲ ကိုကြည့်တယ် ၊ ပြီးတော့ ဆရာတော်
ကို ကြည့်ပြီး လက်အုပ်ချီတယ်

” အမေ ရေသောက်ချင်တယ်”

“တိုက်လိုက် တိုက်လိုက် နည်းနည်းချင်းစတိုက်“

ဘိုးစော်ကဲက ခွင့်ပြုတော့မှ ရေတခွက်ခပ်ပြီး တိုက်
တယ် ၊ ဘိုးစော်ကဲ က ပုခုံးကမပြီး ထူပေးလိုက်တယ်
ဟော ထိုင်နိုင်ပြီဗျို့ ၊ ကိုပေါက်စီ ထိုင်နိုင်သွားပြီဗျို့

ကိုပေါက်စီက ထထိုင်တယ်
“မောင်ပေါက်စီ နေကောင်းရဲ့လားကွဲ့”

ဘိုးစော်ကဲ က မေးတာဗျ
“ဟုတ်ကဲ့ ဘိုး နေကောင်းပါတယ် ၊ ခေါင်းထဲနဲနဲ
နောက်နေတာပဲရှိတာပါ “

” ခဏဆိုရင်ကြည်သွားမှာပါကွာ “

လို့ ဘိုးစော်ကဲ က ပြောလိုက်ပြီး ခဏနေတော့
ရွာသားနှစ်ယောက်က ကိုပေါက်စီကို တွဲပြီး
လမ်းလျှောက်ပေးတယ် ။ ဆရာတော်က ရွာသား
တစ်ယောက်ခေါ်ပြီး ငှက်ပျောဖက်ထဲကို ကျလာတဲ့
အဆိပ်ကို သေသေချာချာ ထုပ်ပြီး မြေကျင်းနက်နက်
ူတူးပြီး မြှုပ်ခိုင်း လိုက်တယ် ၊ ကိုပေါက်စီထည့်လာတဲ့
ခေါင်း ကို ဖျက်ပြီး ကျောင်းဝင်းထောင့်မှာမီးရှို့လိုက်
တယ် ။ ခဏနေတော့ကိုပေါက်စီနဲ့ သူ့အမေ ဒေါ်စီ
တို့က ဘိုးစော်ကဲကို ကန်တော့ကြတယ် ။ ဘုန်းကြီး
ဦးတိက္ခကိုလည်း ကန်တော့တယ် ၊ ပြီးတော့မှ
သေရွာပြန် ကိုပေါက်စီကို ရွာထဲ ပြန်ခေါ်သွားကြတယ်
ဗျ ၊ ညနေစောင့်တော့ ကျုပ်နဲ့ ဘိုးစော်ကဲလည်း
ထနောင်းကုန်းကိုပြန်ကြတယ်
နောက်တစ်ခါကြုံတာက ဘန့်ဘွေးကုန်းမှာဗျ ။
ယာထဲဆင်းရင်း ပိုးထိတာဗျ ၊ မနက်စောစော
ယာထဲပေါင်းနှုတ်ဖို့အသွား ပိုးနှံချုံကြီးနားကနေ
ကိုက်လိုက်တာဗျ ၊ ဘိုးစော်ကဲကို အပြေးအလွှား
လာပင့်ကြတယ် ။ ကျုပ်လည်းလိုက်သွားတာပေါ့ဗျာ
ပိုးထိတာက ဗိုက်ပူတင်မောင်လို့ခေါ်တဲ့
လေးလေးတင်မောင်ဗျ ၊ လူက ခပ်ဝဝ ။
ဗိုက်ကလည်း ခပ်ရွှဲရွှဲ ကျုပ်ရောက်တော့ အိမ်ရှေ့ခန်း
မှာ ဆန့်ဆန့်ကြီးဗျ ။ သတိလည်းမရှိတော့ဘူး ၊
တစ်ကိုယ်လုံး ပြာနှမ်းနေပြီ ။ ဘိုးစော်ကဲက
မန္တန်ရွတ်ပြီး လက်ကိုင်ပုဝါနဲ့ ရိုက်ပြီးအဆိပ်ချတယ်
အဆိပ်က လုံးဝမကျဘူးဗျ ၊ ဘိုးစော်ကဲက ဝိုင်းကြည့်
နေတဲ့လူတွေ လိုက်မလာနဲ့လို့ပြောပြီး

” တာတေ မင်း ဘိုးနဲ့လိုက်ခဲ့ “

လို့ ကျုပ်ကိုခေါ်လို့ ကျုပ်လိုက်သွားတယ် ။ ဘိုးစော်ကဲ
က အိမ်ခေါင်းရင်းထောင့်သွားပြီး မန္တန်ရွတ်တယ်
ခဏကြာတော့ ဘိုးစော်ကဲရဲ့ အရှေ့တလံအကွာက
မြေကြီးပေါ်မှာ တွင်းပေါက်ကလေးတခုဖြစ်သွားတယ်
ကျုပ်လည်း အံ့သြပြီးကြည့်နေတာဗျ ၊
ဟာ မြွေလေးဗျို့ မြွေလေး အဖြူလေးဗျာ ဖွေးဆွတ်နေတာပဲ ၊ အရှည်က လူကြီးတစ်ထွာလောက်ရှိမယ်
ကိုးလက်မ ဆယ်မလောက်ပေါ့ဗျာ ၊ တွင်းလေးထဲက
ထွက်လာပြီး ခွေနေတယ် ၊ အဲ့ဒီ့မြွေဖြူလေးထွက်
လာတော့ ဘိုးစော်ကဲက မန္တန်ရွတ်တာရပ်လိုက်တယ်
ပြီးတော့ မြွေဖြူလေးကိုစိုက်ကြည့်ပြီး ကျုပ်ကို
လှည့်ပြောတယ်

“တာတေ ဟိုနားက ဝါးစိမ်းကိုင်းလေး သွားယူစမ်း”

ကျုပ်က ခပ်လှမ်းလှမ်းက ဝါးစိမ်းကိုင်းလေးကို
ပြေးကောက်ပြီး ဘိုးစော်ကဲကို ပေးလိုက်တယ်
ဘိုးစော်ကဲက ကျုပ်ကိုပြောတယ်

“တာတေ ဒီမှာကြည့် “

ပြောပြောဆိုဆိုနဲ့ ဝါးစိမ်းကိုင်းလေးရဲ့့ထိပ်ဖျားကို
မြွေဖြူလေးရှေ့နားတိုးပေးတယ် ၊ မြွေဖြူလေးက
လှစ်ကနဲ ရွေ့သွားပြီး ဝါးစိမ်းကိုင်းရဲ့ ထိပ်ဖျားကို
ပေါက်ချလိုက်တယ်
ဟာ ဝါးစိမ်းကိုင်းလေး တစ်ချောင်း လုံးချက်ချင်း
ခြောက်သွားတယ်၊ မီးကျွမ်းသလိုကိုဖြစ်သွားတာဗျ

“မြင်လားတာတေ အဆိပ်ဘလောက်ပြင်းလဲဆိုတာ”

“ဟုတ်ကဲ့ဘိုး”

“ဒါ နဂါးကွ ရိုးရိုးမြွေမဟုတ်ဘူး ၊ ကဲ မြွေတို့ရဲ့ဘုရင်
နဂါးလေးဗျာ ဒီရွာသားတစ်ယောက်ကို မြွေတစ်ကောင်က ကိုက်သွားလို့ဗျာ ကျုပ်အဆိပ်ချတာဘယ်လိုမှ
မရပါဘူးဗျာ ၊ နဂါးလေးရဲ့ အမိန့်နဲ့ကိုက်သွားတဲ့မြွေ
ကို လွှတ်ပြီး အဆိပ်တွေပြန်စုပ်ခိုင်းပေးပါဗျာ ၊
ကျုပ် မောင်စော်ကဲက မေတ္တာရပ်ခံပါတယ်
အမြန်ဆုံး ကယ်တင်ပေးပါ နဂါးလေးဗျား “

ဘိုးစော်ကဲက လူတစ်ယောက်ကို ပြောနေသလိုကို
ပြောနေတာဗျ ၊ မြွေဖြူလေးက သူထွက်လာတဲ့
တွင်းပေါက်လေးထဲကို ပြန်ဝင်သွားတယ်ဗျ
“ကဲ လာတာတေရေ “

လို့ပြောပြီး အိမ်ပေါ်ကို ပြန်တက်သွားလိုက်တယ်
ပြီးတော့ ငှက်ပျောရွက်မြွေစွယ်အရာအောက်က
ခံထားလိုက်ပြီး လူတွေကို ခပ်ဝေးဝေးမှာနေခိုင်း
လိုက်တယ် ၊အိမ်ဝင်ပေါက်မှာလည်း လူတစ်ယောက်
မှ မနေဖို့ ပြောတယ်
ဘယ်သူမှ ဘာမှ ဝင်မလုပ်ဖို့ကို ဘိုးစော်ကဲက သေချာ
မှာတယ်
ပြီးတော့ မန္တန်ကို ရွတ်ရောဗျ ၊ သိပ်မကြာပါဘူးဗျ
လှေကားကနေ တရွေ့ရွေ့နဲ့တက်လာတာ ၊နည်းတဲ့
မြွေပွေးကြီးမှ မဟုတ်တာဗျာ ။ လူတွေဆိုတာ လန့်ပြီး
နောက်ကိုဆုတ်သွားကြတယ် ။ ဘိုးစော်ကဲ က
မန္တန်ကိုပဲအဆက်မပြတ်ရွတ်နေတယ် ။ မြွေပွေးကြီး
က အိမ်အပေါ်ဆင့်ကို တက်လာပြီး ဆန့်ဆန့်ကြီး
လဲနေတဲ့ ကိုတင်ဝင်းရဲ့ ခြေထောက်က မြွေစွယ်ရာ
နစ်ခုပေါ်ကို ပါးစပ်နဲ့တေ့ပြီး အဆိပ်တွေ စုပ်ယူလိုက်
တယ် ။ ခဏနေတော့ မည်းမည်းအရည်တွေ
အစွယ်ရာနှစ်ခုကနေ ထှကျကလြာရောဗြို့
မြွေပွေးကြီးက အဆိပ်တွေကို သေသေချာချာကြည့်
ြီူ့ပီးတော့မှ တွန့်လိမ် တွန့်လိမ်နဲ့အိမ်ပေါ်က ပြန်ဆင်း
သွားတယ် ။ ဒီတော့မှ ဘန့်ဘွေးကုန်းသားတွေလည်း
အသက်ရှုနိုင်တော့တာဗျို့ ၊ ဘိုးစော်ကဲ က
တစ်ကိုယ်လုံးပြန့်နေတဲ့ အဆိပ်တွေကို သူ့လက်ကိုင်
ပုဝါနဲ့ ရိုက်ချတယ် ၊ ပါးစပ်ကလည်း မန္တန်တွေ
မပြတ်ရွတ်တာဗျ ၊
ဒီတော့မှ ဗိုက်ပူ ကိုတင်ဝင်းရဲ့ မဲပြာပြာအသားရောင်
ကြီးပျောက်သွားပြီး သွေးရောင်ပြန်လွှမ်းလာတာဗျို့
ခဏနေတော့ ကိုတင်ဝင်းသတိပြန်ရလာပြီး
ထထိုင်တယ် ၊ရေတောင်းပြီး အငမ်းမရသောက်တယ်

အခြေအနေ အားလုံးကောင်းသွားပြီဆိုတော့မှ ဘိုးစော်ကဲ ထနောင်းကုန်းကို ပြန်တယ် ၊ ကျုပ်လည်းဘိုးစော်ကဲ နဲ့ ရွာကို ပြန်လိုက်လာတယ် ။ ဘိုးစော်ကဲ ရဲ့ ဆေးလွယ်အိတ်ကို ကျုပ်က စလွယ်သိုင်းလို့ပေါ့ဗျာ

“တာတေ အခုလာမဲ့ နတ်တော်လဆန်းတရက်ဟာ
တနင်္ဂနွေ ကျတယ် အဲ့ဒီ့နေ့မှာ မြွေမှော်တက်လို့
ရတယ် ။ ပုဗ္ဗာရုံဆရာတော်နဲ့ ငါနဲ့ တိုငျပငျပျွီး
ဆရာတော်ကျောင်းမှာမြွေမှော်တက်ပေးမယ် ။
မင်းပါဝင်တက်ထားကွ ၊ မြွေမှော်တက်ထားရင်
တော်ရုံတန်ရုံ မြွေကိုက်လို့မသေဘူး ၊ အရိုးထိသွား
ရင်တော့ သေနိုင်တယ်၊ အရိုးမထိရင်တော့ မသေ
ဘူးကြ “

“ဟုတ်ကဲ့ ဘိုး ကျုပ် အဲ့ဒီ့နေ့မှာ မြွေမှော်လာတက်
ပါ့မယ်”

“ဒါက အမြဲလုပ်လို့မရဘူးကွ လဆန်းတရက်နေ့
တနင်္ဂနွနေ့မှ လုပ်လို့ရတာ”

မြွေမှော်တက်မဲ့သူ အားလုံးငါးဆယ်ရှိတယ်ဗျ ၊ တက်
ဖူးတဲ့ လူ ထပ်မတက်ရဘူးလို့ ဘိုးစော်ကဲ က ပြောတယ်
ဆရာတော့် တိုက် ကျောင်းတိုက်ကြီးအပေါ်ထပ်မှာ
လုပ်တာဗျ ၊ ဘာတွေလိုတုံးဆိုတော့ ကျီးမနိုးထန်းရွက် လိုတယ် ။ ကျီးတွေ မနိုးခင် ထန်းပင်ပေါ် တက်ယူ
ရတာ ။ ပြီးတော့ ကိုယ်တိုင်း အပ်ချည်ကြိုး၊
ဖယောင်း။ ကျီးမနိုး ထန်းရွက်ကို သေးသေးလေးစိပ်
ပြီး ကိုယ်တိုင်း အပ်ချည်ကြိုးနဲ့ ကျစ်နေအောင်ပတ်
ရတယ် ။
အဲ့ဒါကို မီးစာလုပ်ပြီး ဖယောင်းတိုင် သွန်းရတယ်။
ဖယောင်းတိုင်နဲ့ လူနဲ့ မမှားရဘူးဗျ ။ လူနဲ့
ဖယောင်းတိုင် ကွက်တိမှန်အောင် မှတ်ထားရတယ်
မြွှမှော်သွင်းတဲ့ အချိန်ကလည်း ကျီးမနိုးခင်အချိန်ဗျ
မနက် သုံးနာရီ လေးနာရီလောက်ထပြီး ပိတ်ဖြူစက
အောက်မှာခင်း အပေါ်က အနီစထပ်ခင်းပြီး အဲ့ဒီ့အပေါ်
မှာ ထိပ်ဖွင့်ထားတဲ့ အုန်းသီးစိမ်း တစ်လုံးအပေါ်မှာ
ကိုယ့်ကိုယ်တိုင်းအပ်ချည်နဲ့ လုပ်ထားတဲ့ ဖယောင်းတိုင်ကို ထွန်းရတယ် ။ ကျုပ်တို့တွေက မနေ့ကတည်းက
မန္တာန်တပုဒ်သင်ပြီး အလွတ်ကျက်ထားရတယ်
အဲ့ဒီ့မန္တာန်ရွတ်ပြီး ဖယောင်းတိုင်ကထွက်လာတဲ့
မှိုင်းကို ပါးစပ်နဲ့ စုပ်ယူပြီးမြိုချ ရတယ်။ ဂါထာရွတ်လိုက် ဖယောင်းတိုင်မှိုင်းကို စုပ်ယူပြီး မြိုချလိုက်နဲ့ မနား
တမ်းလုပ်ရတာဗျ ။ တဖြေးဖြေးနဲ့ ဖယောင်းတိုင်က
တိုတိုလာတာပေါ့ဗျာ ။ ဖယောင်းတိုင် သုံးပုံတစ်ပုံ
လောက် ကျန်တဲ့အချိန် ကျုပ်နားထဲမှာ မြွေတွန်သံ
တွေ ကြားရတယ်ဗျ

” ရွှီ ရှီိ ရွှီ”
ဆိုတဲ့ အသံတွေကြားရတယ် ၊ ဖယောင်းတိုင် ကုန်
သွားတော့ အုန်းသီးပေါ်မှာ တင်နေတဲ့ မှိုင်းစတွေ
ဖယောင်းတွေကို ခြစ် အုန်းရည်ထဲကိုထည့်
အုန်းရည်ကို ကုန်အောင်သောက်ရတယ်။ကျုပ်ပြောဖ်ို့မေ့နေလို့ဗျို့
အုန်းသီးက ရှပ်ပန်းထည်အနီစပေါ်မှာ ဒီအတိုင်းတင်
ထားတာ မဟုတ်ဘူးဗျ ။ ငှက်ပျောသီးနှစ်ဖီးနဲ့ပွဲပြင်
ထားရတာ
မြွေမှော်တက်တာ အားလုံးပြီးသွားတော့ ဘိုးစော်ကဲ
က ကျုပ်တို့ကို တယောက်ချင်း ခေါ်မေးတယ်

“ဘာကြားတုံး ဘာမြင်တုံး”

“ကျုပ်တော့ မြွေတွန်သံတွေ ကြားရတယ် ဘျိုးရဲ့”

ကျုပ်ပြောတာကို ဘိုးစော်ကဲက ခေါင်းညိတ်ပြီး
ပြန်ပြောတယ်

“ဒါဆိုရင်တာတေ မြွေမှော်အောင်သွားပြီ”

ကျုပ်လည်း ဝမ်းသာသွားတာပေါ့ဗျာ
“မင်းတို့ကို မြွေကမကိုက်ဘူး ရှောင်သွားလိမ့်မယ်
တကယ်လို့ တကျနငျးမိလို့ ကိုက်ရင်တောင် မင်းတို့
မသေတော့ဘူး ၊ အေး ဒါပေမဲ့ အရိုးထိသွားရင်တော့
အန္တရယ်ရှိတယ် “

ကျုပ်တို့အားလုံး ဘိုးစော်ကဲ ပြောတာကိုနားထောင်
နေကြတာပေါ့ဗျာ

“မြွေကိုက်ခံရသူတွေ့ရင် လက်နဲ့သပ်ချပါ ။ စောစော
က မင်းတို့ရွတ်တဲ့ မန္တန်ကိုပဲ ရွတ်ပြီးသပ်ချပါ ။
အဆိပ်ကျပါလိမ့်မယ် တစ်ခုတော့ မင်းတို့ဆင်ခြင်ပါ
မြွေသား လုံးဝမစားပါနဲ့ ။ မြွေမသတ်ပါနဲ့ ။
စနေနေ့တိုင်း ငါးပါးသီလ လူံအောင်ထိန်းပြီး သတ်
သတ်လွတ်စားပါ ။ ခန္ဓသုတ်ကို ရွတ်ပါ ။ဒါဆိုရင်
တော့ မင်းတို့တက်ထားတဲ့ မြွေမှော်က အစွမ်းပိုထက်
လိမ့်မယ် “

မြွေမှော်တက်ပြီးနောက် ထူးခြားတာ တစ်ခုရှိတယ်ဗျ
မြွေတွေ ဘာတွေ သိပ်ပြီးမတွေ့တော့ဘူး
မြွေသတ်တာတို့ မြွေသားစားတာတို့တော့ ကျုပ်တသက်လုံး ရှောင်ဖို့ ဆုံးဖြတ်လိုက်တာပေါ့ဗျာ
ဘိုးစော်ကဲကတော့ တောင်သူလုပ်ရင်း မြွေကိုက်ခံ
ရတဲ့ သူတွေကို အသက်ကယ်တုန်းပဲဗျ ။ ကျုပ်ကလည်း ဘိုးစော်ကဲ ခိုင်းသမျှ အကုန်လုပ်ပေးနေတုန်းပဲ
ပေါ့ဗျာ။

ပြီးပါပြီ။

စာဖတ်သူအပေါင်းရွင်လန့်းချမ်းမြေ့ကြပါစေ

#PageကိုLike&shareလေးလုပ်ပေးသွားကြာပါအူံးနော်