သိုက်နန်းရှင်မြကြာနွယ်

*သိုက်နန်းရှင်မြကြာနွယ် *📖📖📖
__________________________________________

*****************
“ဗျို့….ကိုတီး”

ကျွန်တော် အိမ်အတွက် သောက်ရေ၊သုံးရေတွေကို ထမ်းပြုလို့ပြီးသွားလို့ မောမောရှိတာနဲ့ခြံထဲက ကွပ်ပျစ်မှာမှေးပြီး အမောဖြေနေတာဗျ။
လူကသာမှေးနေတာပါဗျာ။စိတ်ကတော့ ဖွဲနေတဲ့ မိုးဖွား၊မိုး
ပေါက်လေးတွေကိုကြည့်ပြီး အတွေးတွေက လွင့်နေတာဗျ။
တစ်ခါတလေကျ တောတောင်တွေဘက်ရောက်သွားလိုက်၊
တစ်ခါတလေကျ မြို့ရွာတွေဘက်ရောက်သွားလိုက်၊တစ်ခါတ
လေကျတော့လည်း ကိုယ်ကြုံခဲ့ရတဲ့ အတွေ့အကြုံ ဖြစ်ရပ်တွေဘက်ရောက်သွားလိုက်နဲ့အတွေးတွေက ဟိုရောက်ဒီရောက် ရောက်နေတာဗျ။
လုပ်စရာအလုပ်တွေကလည်း ထွေထွေထူးထူးမရှိတော့တာမို့
စိတ်ကူးတွေကို လွှင့်ချင်ရာလွှင့်ပြီး တွေးချင်တိုင်းတွေးနေတာ
ပေါ့ဗျာ။

“ဗျို့…..ကိုတီး”

“ဟေ”

ကျွန်တော့်နားထဲမှာ မောင်ထွန်းရဲ့ခေါ်သံကို မှုန်ဝါးဝါးကြား
လိုက်ရလို့ လန့်ပြီးထူးလိုက်မိတာဗျ။
ကိုယ်နဲ့စိတ်နဲ့က မကပ်တာမို့ အပြင်ကလာတဲ့အာရုံတွေကို
ရုတ်တရက် သတိမကပ်နိုင်ဘူးဗျ။မသဲမကွဲကြီးကိုဖြစ်နေတာ။
ကျွန်တော်လည်း ပျံ့နေတဲ့အတွေးတွေကိုစုပြီး ထလို့ မောင်ထွန်းဆီကို ကြည့်လိုက်တယ်။
ဒီကောင်က လှည်းပေါ်မှာဗျ။သူ့ဘေးမှာက ထောင်ထောင်
မောင်းမောင်း ဒေါ်ကြီးတစ်ယောက်။ရှေ့မှာကတော့ လှည်း
မောင်းသမားတစ်ယောက်ဗျို့။

“ကျွန်တော် ဒီလောက်အော်ခေါ်နေတာတောင် မကြားရတာ။
ဘာတွေများ ဒီလောက်တောင် တွေးနေတာတုန်းဗျ”

မောင်ထွန်းက လှည်းပေါ်ကဆင်းရင်း ကျွန်တော့်ကိုပြောတယ်။သူ့ဘေးနားကနေ လှည်းပေါ်ကအဒေါ်ကြီးလည်း ဆင်း
လိုက်လာတယ်ဗျ။
ကျွန်တော်လည်း သူတို့ကိုပြုံးပြလိုက်ပြီး သံကြိုးချည်ထားတဲ့
ခြံတံခါးကို ဖွင့်ပေးလိုက်တယ်။

“မောင်ထွန်း…..ဧည့်သည်ပါလာတာလားကွ”

“အင်း…..ဟုတ်တယ်ဗျ။အဘဆီသွားပြီး ပစ္စည်းပျောက်မေးချင်လို့တဲ့။ကျွန်တော်က ကိုတီးကို အဘက ပစ္စည်းပျောက်
ဟောနည်းသင်ထားပေးတာကို သတိရသွားလို့ ဒီက ဒေါ်လေး
ကို အကျိုးအကြောင်းရှင်းပြပြီးတော့ ပစ္စည်းပျောက်မေးဖို့
အတွက် ကိုတီးဆီကိုခေါ်လာတာဗျ”

“ဟုတ်ပါတယ်…..ဒီကသားလေးက ဒေါ်လေးကိုရှင်းပြထားပြီး
ပါပြီ။ဒေါ်လေးကလည်း အသက်ငယ်ငယ်၊ကြီးကြီးပါ။ပညာကိုပဲအဓိကထားတာပါကွယ်”

“ကျေးဇူးပါဗျာ။ကဲ….ဒေါ်လေး၊အိမ်ပေါ်ကိုလိုက်ခဲ့။ဘုရားခန်း
မှာ ကျွန်တော်ဟောပေးမယ်”

ကျွန်တော်တို့လည်း အိမ်ပေါ်ကိုတက်ခဲ့ကြတယ်။
ဘုရားခန်းကိုရောက်တော့ ကျွန်တော်က ခေါင်းရင်းဘက်ကနေ
ပြီး ဧည့်သည်ဒေါ်လေးကိုစမေးတယ်။

“ဒေါ်လေးပစ္စည်းက ဘယ်လောက်လောက် ပျောက်သွားတာ
လည်းဗျ”

“နဲနဲနောနောမှမဟုတ်တာသားရဲ့။ဒေါ်လေးဘက်ကရတဲ့ ဒေါ်လေးအဘိုးရဲ့ရွှေထည်၊ငွေထည် အမွေပစ္စည်းတွေရော၊
ဒေါ်လေးယောကျာ်းဘက်ကရတဲ့ သူ့အဖေရဲ့အမွေပစ္စည်းတွေ
နဲ့ဒေါ်လေးတို့လင်မယား အနှစ်နှစ် အလလ စုဆောင်းထားရတဲ့ စပါးရောင်းရငွေတွေရော အကုန်လုံးကိုပျောက်သွားတာ
ကွယ့်။ဒေါ်လေးတို့က သံသေတ္တာတစ်လုံးထဲမှာ ပစ္စည်းတွေကို
သေသေချာချာကို သိမ်းဆည်းထားတာပါကွယ်”

“ဟုတ်ပြီ ဒေါ်လေး…..ဒေါ်လေးတို့ပစ္စည်းပျောက်တဲ့နေ့ကို
ကျွန်တော့်ကို တစ်ချက်လောက်ပြောပြပေးပါဗျ”

“မနေ့ညကမှ ပျောက်တာကွယ့်။ဆယ်နာရီလောက်က”

“အင်း…..ဒါဆိုရင် ဒီနေ့က လဆန်း(၃)ရက်၊လဆန်း(၂)ရက်နဲ့
ပေါင်းတော့(၅)။ဂုဏ်တော်က(၉)။သူတို့ကိုစားလျှင်…..၊အင်း…..၊အကြွင်း(၅)”

ကျွန်တော်လည်း သူတို့ပြောတဲ့နေ့နဲ့တွက်ချက်ကြည့်လိုက်တော့ အကြွင်း(၅)ရတယ်ဗျ။အကြွင်းက (၂၊၃၊၇)ဖြစ်လျှင်
သုံးရက်အတွင်းမှာ ပျောက်သွားတဲ့ပစ္စည်းတွေ ပြန်ရတယ်။
အကြွင်း(၄၊၆၊၈)ဖြစ်လို့ရှိရင် ကိုးရက်အတွင်းမှာ ပြန်ရတယ်
ဗျ။တကယ်လို့မှ အကြွင်းက(၁၊၀၊၅)ဖြစ်ခဲ့လျှင် ပျောက်သွား
တဲ့ပစ္စည်းတွေက ဒီနေ့ချက်ချင်းပြန်ရတယ်ဗျာ။အကြွင်းက
ကိုးဂဏန်းဖြစ်ခဲ့လျှင်တော့ ကိုယ့်ပစ္စည်းတွေက လုံးလုံးပြန်မရဘူးဗျို့။
အခု ဒီဒေါ်ကြီးကို ကျွန်တော်တွက်ပေးတာ အကြွင်းက(၅)ရ
တယ်ဆိုတော့ သူပျောက်သွားတဲ့ပစ္စည်းတွေက ဒီနေ့ချက်ချင်း
ပြန်ရမှာပဲဗျ။

“ကဲ…..ဒေါ်လေး၊ဒေါ်လေး ဝမ်းသာပေတော့ဗျာ။ဒေါ်လေး
ပျောက်သွားတဲ့ပစ္စည်းတွေက ဒီနေ့ နေ့မကူးဘဲ ပြန်ရလိမ့်မယ်
ဗျ။အကုန် ဟုတ်မဟုတ်တော့ ကျွန်တော်မပြောတတ်ဘူး။
ဒါပေမယ့် သေချာပေါက်တော့ ပြန်ရကိုရမှာဗျို့”

“ဝမ်းသာလိုက်တာ သားလေးရယ်…..ဒေါ်လေး ဘယ်လိုပြော
လို့ ပြောရမှန်းတောင် မသိတော့ပါဘူးကွယ်။ပစ္စည်းတွေက
တော့ အကုန်ပြန်မရရင်နေပါစေ။အဲဒီထဲက တစ်ချို့တစ်ဝက်
ကိုတော့ ဒေါ်လေး ပြန်ရချင်မိတာအမှန်ပါဘဲ။ဘာလို့လည်းဆို
တော့ အဲဒီထဲမှာ ဒေါ်လေးယောကျာ်းနဲ့ဒေါ်လေးရဲ့ကြိုးစားပမ်းစားရှာထားတဲ့ ချွေးနည်းစာလေးတွေ ပါသွားလို့
ပါကွယ်”

ဒီအချိန်မှာဘဲ ကျွန်တော်တို့ခြံရှေ့ကနေ နွားငေါက်သံတွေနဲ့
ခလောက်သံတွေကို ကြားလိုက်ရတယ်ဗျို့။

“ဗျို့…..အရီးကြည်”

ခြံရှေ့က ဒီခေါ်သံကိုကြားတော့ ဒေါ်လေးကြည်လို့ခေါ်တဲ့
ဧည့်သည်ဒေါ်လေးက ပြတင်းပေါက်ကနေ ထွက်ကြည့်ရောဗျို့။
ကျွန်တော်တို့လည်း ထကြည့်လိုက်ကြတယ်။

“ဟင်…..သောင်းဟန်တို့ပါလား”

ခြံရှေ့မှာ ဒေါ်လေးကြည်ရဲ့လှည်းအပါအဝင် အားလုံးပေါင်း
လှည်းသုံးစီး ဆိုက်ထားတယ်ဗျ။လှည်းပေါ်လူကတော့ (၁၅)
ယောက်လောက်ရှိမယ်။သောင်းဟန်ဆိုတဲ့လူကတော့ အရှေ့
မှာ လှည်းမောင်းတာဗျ။

“ဟုတ်တယ် အရီးရေ…..အရီးရဲ့ပစ္စည်းတွေကို ခိုးသွားတဲ့တရားခံကို မိပြီဗျို့။သတင်းကောင်းကတော့ ငွေသားတွေက
လွဲပြီး ကျန်တဲ့ပစ္စည်းတွေ အကုန်ပြန်ရတယ်ဗျာ။အခု ဒီသူခိုး
ကို ဥက္ကဌရဲ့အိမ်မှာ ထိန်းသိမ်းထားတယ်။အဲဒါ ဥက္ကဌက
ပစ္စည်းပိုင်ရှင်ဖြစ်တဲ့အရီးကို ခေါ်ပေးပါဆိုလို့ ကျွန်တော်တို့
အရီးကိုလာခေါ်တာဗျ။ဘိုးလူပေါ်ကိုတော့ မြို့ကိုလူလွှတ်ပြီး
အကြောင်းကြားခိုင်းထားပြီးပြီ”

“သြော်….အေး…အေး…အရီး အခုလိုက်ခဲ့မယ်ကွယ့်။ဒီက သား
လေးတွေလည်း ဒေါ်လေး ကျေးဇူးအရမ်းတင်ပါတယ်။
နောက်ကြုံရင် ကျေးဇူးဆပ်ပါ့မယ်ကွယ်။ခုတော့ ဒေါ်လေးအရေးကြီးနေလို့ ဒေါ်လေးကို ခွင့်ပြုပါဦးနော်”

“ဟုတ်ကဲ့ ဒေါ်လေး…..ရပါတယ်”

အပူလုံးကျသွားတဲ့မျက်နှာနဲ့ဒေါ်လေးကြည်က အိမ်ပေါ်ကနေ
အပြေးတပိုင်း ဆင်းသွားလေရောဗျ။ပြီးတော့ ခလောက်သံ
ဆူဆူညံညံနဲ့ခြံရှေ့ကနေ တရွေ့ရွေ့ ထွက်သွားကြတာပေါ့ဗျာ။

“ဗေဒင်ဟောတာ လွှတ်မှန်တာပဲ ကိုတီးရ။ကျွန်တော်ပါ လက်
မြှောက်ပါရဲ့ဗျာ”

“တော်ပါကွာ…..မင်းဗေဒင်က ဟောရတာ တော်တော်ခက်လွန်း
လှတယ်ဆိုတော့”

ကျွန်တော်ပြောတော့ မောင်ထွန်းက ပြုံးစိစိနဲ့ရယ်နေရောဗျ။

“ဟေ့….တာတီးရေ။တာတီး။တာတီးရှိလားဟေ့”

ခြံပြင်ကနေ ကျွန်တော့်ခေါ်သံကိုကြားတာနဲ့ကျွန်တော်လည်း
ထကြည့်လိုက်တယ်။

“ဟာ…..ကိုကြီးမောင်မောင်ပါလား”

“အေးကွ…..တာတီးရ”

ကိုမောင်မောင်က ပြောပြောဆိုဆိုနဲ့လှည်းပေါ်ကဆင်းလိုက်ပြီး ခြံထဲကိုဝင်လာတယ်။
ကိုကြီးမောင်မောင်က စက်ကြီးရွာကဗျ။အသက်(၄၀)လောက်
ရှိပြီ။လူပျိုကြီး။ညီတစ်ယောက်ရှိတယ်။ကိုတင်အောင်တဲ့။
ညီအစ်ကိုနှစ်ယောက်က မုဆိုးမ မိခင်ကြီးကို ရိုးရိုးသားသား
ကြိုးကြိုးစားစားနဲ့လုပ်ကျွေးပြုစုနေကြတာဗျ။
ကိုမောင်မောင်က တစ်ခါတလေ သောက်သောက်စားစားရှိသ
တတ်လို တစ်ခါတလေကျတော့လည်း သားဖမ်း၊ငါးဖမ်းတာတွေကိုလုပ်တယ်ဗျ။သူ့ညီ ကိုတင်အောင်နဲ့လုံးလုံးကွာတယ်ဗျာ။

“တာတီးရေ…..ပြီးရင် ခြံထဲဆင်းခဲ့ဦးကွာ။ငါ မင်းကို ပြောစရာ
လေးရှိလို့”

“ဟုတ်….ကိုကြီးမောင်မောင်။ကျွန်တော်လာခဲ့မယ်”

ကျွန်တော်လည်း ကိုကြီးမောင်မောင်အတွက် လက်ဖက်ကလေးသုပ်လိုက်ပြီး ဆေးလိပ်ခွက်ကလေး ယူလိုက်တယ်။
ပြီးတော့ မောင်ထွန်းနဲ့ကွပ်ပျစ်မှာထိုင်နေတဲ့ ကိုကြီးမောင်မောင်ဆီသွားလိုက်တယ်။

“ဟ…..မောင်ထွန်းပါရောက်နေတာလားကွ”

“ဟုတ်တယ် ကိုကြီးမောင်မောင်ရေ…..ဒီက ဗေဒင်ဆရာကြီးဆီ
ကို ဖောက်သည်တွေပို့ပေးနေရလို့ဗျ”

“ဟေ…..ဟုတ်လား တာတီးရ။မင်းက ဗေဒင်ဆရာကြီးဖြစ်နေ
ပြီပေါ့”

“ဟာ…..မဟုတ်ရပါဘူး ကိုကြီးမောင်မောင်ရာ။ကျွန်တော်က
အဘပေးတဲ့ ပညာသေးသေးလေးနဲ့ကြုံတဲ့သူကို ကူညီပေးရုံ
ပါ။ဒီကောင်မောင်ထွန်း ပေါက်ကရတွေလျှောက်ပြောနေတာ”

“ဘာကို ပေါက်ကရမှာလည်းဗျ။ခုနလေးတင်ပဲ ပစ္စည်းပျောက်
တဲ့သူတွေကို ဟောပေးလိုက်တာ ဒက်ခနဲ ဒက်ခနဲနဲ့ရယ်။လွှတ်
မှန်နေရော ကိုကြီးမောင်မောင်”

“ဟား…..အေးပါကွာ။အရူးစိတ်ချမ်းသာရင်လည်း ကမ္ဘာကြီး
တစ်ဝက်အေးတာပဲ။ရော့….ကိုကြီးမောင်မောင်။လက်ဖက်
ကလေးစားဗျ။ကိုကြီးကြိုက်တဲ့ ဆေးပြင်းလိပ်လည်း အမော
ပြေရှိုက်ဦး”

ကိုမောင်မောင်က ကျွန်တော်ချပေးတဲ့ ဆေးလိပ်ခွက်ထဲက
ဆေးပြင်းလိပ်တစ်လိပ်ကို နှိုက်ထုတ်လိုက်ပြီးတော့ မီးခြစ်နဲ့
ညှိလိုက်တယ်။ပြီးတော့ ပါးရေတွေချိုင့်သွားတဲ့အထိ ဆေး
ပြင်းလိပ်ကို အားပါးတရ ရှိုက်လိုက်တယ်ဗျ။

“အားပါး…..ဆေးပြင်းလိပ်ကလေး ခဲလိုက်ရမှပဲ အမောကို
ပြေသွားတာပဲကွာ”

“ဒါနဲ့ကိုမောင်မောင်…..ခုနက ကိုကြီးပြောလိုက်တာ ကျွန်တော့်
ကိုပြောစရာရှိလို့ဆိုတာ ဟုတ်လား”

“အေးကွ တာတီးရ။ငါမင်းကို ပြောစရာရှိလို့။အခု မောင်ထွန်း
ပါရောက်နေတော့ ပိုပြီးကောင်းတာပေါ့ကွာ။မင်းတို့ကလည်း
ပရလောကဘက်နဲ့ထူးထူးဆန်းဆန်းကိစ္စတွေမှာ အတွေ့အကြုံ
ရှိကြတယ်မဟုတ်လား။အဲဒါ ငါအခုကြုံနေရတဲ့ ဖြစ်ရပ်တွေကို
မင်းတို့ကို ပြောပြချင်လို့ကွ။ပြီးရင် ဘာလို့ ဒီလိုတွေဖြစ်နေတာ
လည်းဆိုတာ မင်းတို့ဆုံးဖြတ်ကြည့်ပေါ့ကွာ”

“ဟုတ်ကဲ့…..ကိုကြီးမောင်မောင်”

“အေးကွ…တစ်နေ့ကပေါ့။ငါ မျိုးတွေကိုရေစိမ်ပြီးတော့ ချောင်းမှာ မြှုံးသွားထောင်တုန်းကကွ။မြှုံးထောင်တာ လေးငါးခုလောက်အရောက်မှာ ငါ့နှာခေါင်းထဲကို အပုပ်နံ့ဆိုးဆိုးကြီးတွေက မခံမရပ်နိုင်အောင် ထောင်းခနဲ ထောင်းခနဲ တိုးဝင်
လာတာ တာတီးရ။ငါလည်း မြှုံးထောင်တာရပ်လိုက်ပြီးတော့
ပတ်ပတ်လည်ကို ဝေ့ကြည့်တယ်။အစတော့ မတွေ့ရဘူးကွ။
နောက်မှတွေ့ရတာ။ငါနဲ့ဓားလွယ်ခုတ် ပေ(၂၀)လောက်ခြားတဲ့
ချောင်းရေပြင်မှာ ပုပ်ပွနေတဲ့ လူသေအလောင်းနှစ်ကောင်ကို
တစ်ယောက်စီ မတ်တတ်ရပ်စီးထားတဲ့ သရဲနှစ်ကောင်နဲ့ဒီသရဲ
နှစ်ကောင်ရဲ့အလယ်မှာ တစ်ပေလောက်မြင့်တဲ့ဒိုက်ဘုတ်ကြီး
ကို မတ်တတ်ရပ်စီးထားတဲ့ ဘီလူးပုံစံ အကောင်ကြီးတစ်
ကောင်ဟေ့။သရဲနှစ်ကောင်က မျက်နှာချွန်ချွန်၊မျက်လုံးပြူး
ပြူးနဲ့။ဘီလူးပုံစံကောင်ကြီးကတော့ (၇)ပေလောက်မြင့်ပြီး
ထွားထွားကျိုင်းကျိုင်းကြီးရယ်။ကြွက်သားတွေဆိုတာ ထစ်
ထစ်မောက်မောက်ကြီးတွေ”

“ဟင်…..ကိုကြီးမောင်မောင်က သူတို့ကို မကြောက်ဘူးလားဗျ”

“မင်းလည်း သိတာပဲတာတီးရာ။ငါက တော်ရုံတန်ရုံ ကြောက်
တတ်တဲ့သူမှမဟုတ်တာ။အဲ…ဒါပေမယ့် အဲဒီ ဘီလူးပုံကောင်
ကြီးကိုတော့ ငါတော်တော်လန့်သွားတာကွ။သူက ငါ့ကို မျက်နှာထားကြမ်းကြမ်းကြီးနဲ့တော်တော်ကြာအောင် စိုက်
ကြည့်နေတာဟေ့။မကျေမနပ်ဖြစ်နေတဲ့ ပုံစံကြီးနဲ့ပါကွာ။အေး…နောက်တော့ သူတို့လည်း ငါ့ကို တစ်ချက်စွေကြည့်လိုက်ပြီးတော့ ရေစီးအတိုင်း တရွေ့ရွေ့မျောပြီး ပျောက်သွား
ကြတာကွ”

“အင်း…..တယ်လည်းထူးဆန်းလှပါလား ကိုမောင်မောင်ရာ”

“ဟာ…..ဒါက သိပ်မထူးဆန်းသေးဘူးကွ မောင်ထွန်းရ။ညက
ငါကြုံလိုက်ရတဲ့ အဖြစ်ကမှ ဒီ့ထက်ပိုထူးဆန်းတာ”

“ဗျာ…..ဘယ်လိုပါလိမ့် ကိုကြီးမောင်မောင်”

“အေး….ခုနက ငါ ချောင်းမှာတွေ့ခဲ့တယ်ဆိုတဲ့ ဘီလူးပုံကောင်
ကြီးနဲ့သရဲနှစ်ကောင်က ညက ငါတို့ခြံရှေ့မှာ သီချင်းလာဆိုတာဗျာ”

“ဟင်…..သီချင်းလာဆိုတယ်”

“ဟုတ်တယ်…..သီချင်းလာဆိုကြတာ။တယောတလက်နဲ့ကွ။
ဘီလူးပုံကောင်ကကိုင်တာ။ဆိုတာလည်း သူပဲဆိုတာကွ။ကျန်
တဲ့သရဲနှစ်ကောင်ကတော့ သူတယောထိုးပြီး သီချင်းဆိုတဲ့အခါကျရင် လက်သီးဆုပ်နှစ်ခုကိုမြှောက်ပြီး ထိပ်ချင်းရိုက်ကြတာ။ပြောရမယ်ဆိုရင် ဘေးနားကနေ လက်ခုပ်လက်ဝါး
လိုက်တီးပေးတဲ့ အဓိပ္ပာယ်မျိုးပေါ့ကွာ”

“အင်း…..သဘောပေါက်ပြီဗျ”

ကိုမောင်မောင်က ဆေးပြင်းလိပ်ကို တစ်ချက်ရှိုက်လိုက်တယ်။

“ဒီဘီလူးပုံကောင်ကြီးက ရုပ်ရည်အနေအထားသာ ကြမ်းတမ်း
တာ တာတီးတို့ရ။အသံလေးကတော့ ချိုအေးပြီး လွှတ်ကြည်
လင်တာ။သူဆိုတဲ့သီချင်းကို ငါမသိပေမယ့် သူ့ရဲ့ဆွဲဆောင်မှု
ကောင်းတဲ့အသံလေးကြောင့် ငါဆိုတာမှင်သက်ပြီး သီချင်းသံ
ကြားထဲမှာ အာရုံက နစ်ဝင်သွားတာဟေ့။ဘယ်လောက်တောင် အာရုံနစ်သွားသလည်းဆိုရင် သူသီချင်းသံလည်းအရပ်၊ငါလည်း သတိပြန်ဝင်လာတော့ သူတို့နဲ့ငါက ခြံစည်းရိုး
လေးပဲ ခြားနေတော့တာကွ။နီးနီးကပ်ကပ်လေး ဖြစ်နေတာပေါ့ကွာ။အဲဒီမှာပဲ သီချင်းဆိုတဲ့ ဘီလူးပုံကောင်က ငါ့လည်ပင်းကို လှမ်းညှစ်ဖို့ကြိုးစားတာဟေ့”

“ဗျာ”

ကျွန်တော်တို့လည်း အံ့သြပြီး တော်တော်စိတ်ဝင်စားသွားကြ
တယ်။

“ဟုတ်တယ် တာတီးတို့ရ။ငါလည်း ရုတ်တရတ်ဆိုတော့ ဘာ
လုပ်လို့ဘာကိုင်ရမှန်း မသိဘူးပေါ့ကွာ။အေး…အဲဒီမှာပဲ အခု
ငါ့လည်ပင်းမှာဆွဲထားတဲ့ အဆောင်လေးဆီကနေ အစိမ်းရင့်ရင့်အလင်းတန်းတွေ တဖွားဖွားထွက်လာတာဟေ့။ငါ့ကို လည်
ညှစ်ဖို့လုပ်တဲ့ ဘီလူးပုံကောင်လည်း ဒီအလင်းတန်းတွေကိုမြင်
တော့မှ သူ့လက်ကိုရုတ်လိုက်ပြီး အနောက်ကိုဆုတ်သွားတာ
ကွ။နောက်တော့ သူတို့က ငါ့ကို မျက်နှာသေတွေနဲ့တည်တည်
ကြည့်လိုက်ပြီးတော့ လှစ်ခနဲ လှစ်ခနဲပြေးကြပြီး ပျောက်သွား
တာဟေ့”

“ဒါနဲ့ကိုကြီးမောင်မောင်…..အခု ကိုကြီးဆွဲထားတဲ့အဆောင်က
ဘယ်သူလုပ်ထားပေးတာလည်းဗျ”

ကျွန်တော်က ကိုမောင်မောင်လည်ပင်းမှာဆွဲထားတဲ့ အင်းချပ်
လိပ် ဆွဲကြိုးအဆောင်လေးကို ကြည့်ပြီးမေးလိုက်တယ်။

“ဒါက ငါ့အဖေရဲ့ဆရာကြီးတစ်ဦးက ငါငယ်ငယ်တည်းက လုပ်ထားပေးတာကွ တာတီးရ။ငါ့အဖေကလည်း အရင်က
အထက်လမ်းဆရာတစ်ယောက်လေ”

“သြော်….ဟုတ်ကဲ့”

“အေး…..ပြောရဦးမယ်။ဒီမနက် ငါ လယ်ထွန်နေတုန်းကလည်း
အဲဒီ ဘီလူးပုံကောင်ကြီးနဲ့သရဲနှစ်ကောင်ကို ရိုးဘေးက ကုက္ကို
ပင်ကြီးပေါ်မှာ မတ်တတ်ရပ်ပြီး ငါ့ကိုကြည့်နေကြတာကို ငါတွေ့ရသေးတယ်ကွ”

“ဟင်…..ကိုမောင်မောင်ဘက်ရော ရောက်သေးလားဗျ”

“မလာဘူး မောင်ထွန်း….မလာဘူး။အဲဒီကုက္ကိုပင်မှာပဲ ရပ်နေကြတာကွ။ငါပြန်တဲ့ အချိန်ထိပဲ”

ကျွန်တော်လည်း ခေါင်းရှုပ်သွားတယ်။

“ဒီကိစ္စက သာမန်ဖြစ်ရိုးဖြစ်စဥ်ထက်ကို ပိုဂရုစိုက်ရမယ့်ကိစ္စပဲ
ဗျ။ကိုမောင်မောင်ရဲ့အသက်အန္တရာယ်ကိုတောင် ရန်ပြုတယ်
ဆိုတော့။ပေါ့လို့တော့မဖြစ်ဘူး”

“အေး…..အစ်ကို့ကို ကူညီကြပါဦးကွာ။အစ်ကို ဘာလုပ်သင့်
လည်း”

“အခုတော့ ဘာမှလုပ်ဖို့မလိုသေးဘူးဗျ။ဒါနဲ့သူတို့သီချင်းဆို
တာကို ကိုမောင်မောင် ဘယ်ချိန်လောက်က စတွေ့တာတုန်း”

“ငါ ပြတင်းပေါက်နားမှာထိုင်ပြီး ဆေးလိပ်ဖွာနေတာ။အင်း….
ရှစ်နာရီလောက်ကဖြစ်မယ် မောင်ထွန်းရ”

“ဟုတ်ပြီ ကိုမောင်မောင်…..အခု လေးနာရီရှိပြီ။ကျွန်တော်တို့
ကိုမောင်မောင်နဲ့တခါတည်းလိုက်ခဲ့မယ်။အခြေအနေကိုလိုက်
ပြီး အကဲခတ်ရတာပေါ့ဗျာ။တကယ်လို့မှ ကျွန်တော်တို့နဲ့အဆင်မပြေခဲ့ရင် အဘကို အကျိုးအကြောင်းပြောပြီး တိုင်ပင်
ရလိမ့်မယ်ဗျ”

“အေး…..မင်းတို့ကောင်းသလိုသာ စီစဥ်မောင်ထွန်းရာ။မင်းတို့
လိုအပ်တဲ့အရာတွေကိုလည်း ငါ့ကိုပြော။ငါအကုန် စီစဥ်ပေး
မယ်”

“ဟုတ်ကဲ့ဗျ။လိုရင် ကျွန်တော်ပြောပါ့မယ်။ကဲ…ကိုတီး။ဒီမှာ
လုပ်စရာ အလုပ်တွေရှိသေးလားဗျ”

“ဟာ…..မရှိတော့ဘူး မောင်ထွန်းရ။ဒီနေ့တောင်းမယ့် အတိုးဖိုး
တွေကလည်း ငါ့အမေသွားတောင်းမှာကွ”

“ကဲ…..ဒါဆို ကျွန်တော်တို့သွားကြမယ်”

ကျွန်တော်လည်း အမေ့ကို အကျိုးအကြောင်းရှင်းပြလိုက်ပြီး
တော့ ကိုမောင်မောင်တို့နဲ့အတူလိုက်ခဲ့တယ်။
ပြောသာပြောရတာဗျ။
ကျွန်တော့်စိတ်ထဲမှာတော့ ကိုကြီးမောင်မောင်ပြောတဲ့ ဘီလူးပုံ
ကောင်ကြီးကိုတော့ အကြောက်သားရယ်။
ဒါပေမယ့်လည်း ကိုမောင်မောင်ကိစ္စက အရေးကြီးနေတော့
ကျွန်တော်လည်း ရဲဆေးတင်ပြီး ကူညီပေးရမှာပေါ့ဗျာ။
ညနေငါးနာရီကျော်ကျော်လောက်ကျတော့ ကျွန်တော်တို့တွေ
စက်ကြီးရွာကိုရောက်တယ်ဗျ။ကိုမောင်မောင်တို့အိမ်ရောက်လို့ ကိုမောင်မောင်ရဲ့အမေ ကြီးလေးသန်းနွယ်နဲ့ဆုံတဲ့အခါမှာ
ကြီးလေးက အဖွားနဲ့အမေ့ရဲ့အကြောင်း၊ကျန်းမာရေး၊စီးပွားရေးအကြောင်း၊ကျွန်တော်တို့မောင်နှမတွေရဲ့အကြောင်းတွေကို ဖော်ဖော်ရွေရွေနဲ့ကရားရေသွန် မေးတယ်
ဗျ။ကြီးလေးသန်းနွယ်နဲ့အမေတို့က ညီအစ်မရင်းချာတွေလို
လက်ရည်တပြင်တည်းနေကြတော့ ကြီးလေးက ကျွန်တော့်ကို
တွေ့တဲ့အခါ ဟန်ဆောင်မှုမရှိဘဲနဲ့ပွင့်ပွင့်လင်းလင်း မေးတာ
မြန်းတာပေါ့ဗျာ။
ကြီးလေးနဲ့စကားပြောပြီးတဲ့အခါ ကြီးလေးက ကျွန်တော်တို့
စားဖို့ လက်ဖက်ချဥ်စပ်သုပ်ကစလို့ သွားရေစာမျိုးစုံကို လာချပေးသွားတယ်ဗျ။ကျွန်တော်တို့လည်း လက်ဖက်ကလေးဝါး
လိုက်၊ထန်းလျက်ကလေးခဲလိုက်နဲ့ကိုမောင်မောင်တို့ညီအစ်ကို
နဲ့စကားဝိုင်းဖွဲ့နေလိုက်တာပေါ့ဗျာ။
နွားရိုင်းသွင်းချိန်လောက်ကျတော့ ကျွန်တော်တို့စကားဝိုင်းကို
ဖျက်လိုက်တယ်။ပြီးတော့ ကိုမောင်မောင်ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေကို အကဲခတ်နိုင်ဖို့အတွက် အိမ်ရှေ့ပြတင်းပေါက်နားမှာ
ကိုယ်စီနေရာယူလိုက်ကြတယ်ဗျ။
ကိုမောင်မောင်က ဘီလူးပုံကောင်တွေကို မနေ့ကတွေ့ခဲ့တယ်
ဆိုပေမယ့် ဒီနေ့ တွေ့ချင်မှတွေ့ရလိမ့်မယ်။တကယ်လို့မှ သူတို့
လာခဲ့မယ်ဆိုရင်လည်း မနေ့ကတွေ့ခဲ့တဲ့အချိန်တိုင်း တွေ့ရဖို့
ဆိုတာ မသေချာဘူးလေဗျာ။ဒါကြောင့်မို့ ကျွန်တော်တို့က
ခုလို အပုပ်ချိန်လောက်ကစပြီး အကဲခတ်ကြမလို့ဗျ။
အောက်တော့မဆင်းသေးဘူး။အ​ကြောင်းထူးမှဆင်းမှာ။
ကျွန်တော်တို့လည်း အာရုံတစိုက်နဲ့စောင့်ကြည့်အကဲခတ်လိုက်
ကြတာ ညရှစ်နာရီတောင် တင်းတင်းထိုးပြီဗျ။အပြင်မှာတော့
မိုးစက် မိုးပေါက်လေးတွေကလွဲပြီး ဘာအရိပ်ယောင်မှမတွေ့
ရသေးဘူး။
ကျွန်တော်တို့ ဆက်စောင့်ကြတယ်။ကိုးနာရီလောက်ရှိပြီ။
ကိုကြီးတင်အောင်နဲ့ကြီးလေးသန်းနွယ်တို့တောင် အိပ်ရာဝင်သွားကြပြီဗျ။ကျွန်တော်လည်း အိပ်ချင်လာလို့ တဝါးဝါးတောင် သမ်းစပြုလာပြီ။ကိုမောင်မောင်ကတော့ ဆေးပြင်းလိပ်ကြီးကို မီးတောက်အောင်ခဲလို့ သဲကြီးမဲကြီး ဖွာ
နေတယ်ဗျ။ဒီအချိန်မှာ မူမပျက်ဘဲ အာရုံတစိုက်ရှိနေတာဆိုလို့ မောင်ထွန်းတစ်ယောက်ပဲရှိတာဗျို့။

“မောင်ထွန်းရ။ဒီသတ္တဝါတွေက လာရောလာကြတော့ပါ့
မလားကွ”

ကျွန်တော်လည်း လက်ဝါးအုပ်သမ်းရင်းနဲ့မောင်ထွန်းကို မေး
လိုက်တယ်။

“စောင့်လိုက်ပါဦး ကိုတီးရာ…..စောင့်လိုက်တာ မမှားပါဘူး”

ကျွန်တော်တို့ ဆက်စောင့်ကြတယ်။
ကျွန်တော်ကတော့ အိပ်ချင်လာပြီဆိုရင် ထန်းလျက်ကလေးဝါးလိုက်၊ရေနွေးလေးငုံလိုက်၊ခေါင်းထောင်လိုက်၊အပြင်ကို
ဝေ့ကြည့်လိုက်နဲ့ဗျို့။

“ဟာ…..ကိုမောင်မောင်နဲ့ကိုတီး။ဟိုမှာ ဟိုမှာ။သူတို့လာနေပြီဗျ”

“ဟေ…..ဘယ်မှာလည်း မောင်ထွန်း”

ကျွန်တော်တို့လည်း ထထက်ပြီး ပြတင်းပေါက်ကိုကျော်လို့
ခေါင်းထွက်ကြည့်လိုက်ကြတယ်။

“ဟိုမှာတွေ့လားဗျ။သူတို့ ဒီကိုလာနေကြပြီ”

ဟာ….ဟုတ်တယ်ဗျို့။
ဖွေးနေတဲ့လမ်းမကြီးကိုဖြတ်ပြီးတော့ ကိုမောင်မောင်တို့အိမ်
ဘက်ကို လှစ်ခနဲ လှစ်ခနဲ မြန်မြန်ပြေးလာကြတဲ့ နာနာဘာဝ
သုံးကောင်ဗျို့။
ကိုမောင်မောင်ပြောတဲ့ ဘီလူးပုံကောင်ကြီးက မပြေးဘူးဗျ။
လေပေါ်မှာလွင့်လာတာ။
မျက်လုံးပြူးပြူး သရဲနှစ်ကောင်ကတော့ ဘီလူးပုံကောင်ရဲ့
ဘယ်၊ညာကနေ အရှိန်နဲ့ပြေးနေကြတာဗျို့။
ဟော၊သူတို့က ကိုမောင်မောင်ရဲ့ခြံရှေ့ရောက်တော့ ပြေးတာကို ရပ်လိုက်ကြတယ်ဗျ။ပြီးတော့ ဘီလူးပုံကောင်ကြီးက
ကျွန်တော်တို့ သူ့ကို ကြည့်နေကြတာကိုတောင် အရေးမလုပ်ဘဲ ပခုံးမှာသိုင်းလွယ်ထားတဲ့ တယောတစ်လက်ကို ကိုင်လိုက်
တယ်။မျက်နှာချွန် သရဲနှစ်ကောင်ကတော့ မျောက်တွေရပ်သ
လို ကုန်းကုန်းကွကွ ရပ်နေကြပြီးတော့ လက်သီးဆုပ်နှစ်ခုကို
တင်းထားတယ်ဗျ။ကျွန်တော်တို့လည်း ရင်တဖိုဖိုနဲ့သူတို့
ဘာလုပ်ကြမလည်းဆိုတာကို စောင့်ကြည့်နေကြတာပေါ့ဗျာ။
ဟော ဟော၊ဘီလူးပုံကောင်ကြီးက တယော ဘိုးတံကို ဖွဖွကိုင်
လိုက်ပြီး မေးချိတ်ကို မေးစေ့နဲ့ပခုံးကြားမှာ ညှပ်လိုက်တယ်ဗျ။ပြီးတော့ လက်ကွက်စိပ်စိပ်လေးထိုးပြီး ကြည်လင်ချိုအေး
တဲ့အသံနဲ့ကျွန်တော်ငယ်ငယ်က အဖိုးဆိုပြခဲ့လို့ နားရည်ဝနေတဲ့ ‘ရေယမုန်’သီချင်းကို စလိုက်တယ်ဗျို့။

“ရေယမုန်××××××အမ္ဗုန် သီတာတိုင်းသို့လေ။
ရှက်လိမ္မာ××××××မကြာနောင် စေခိုင်းမယ်ပလေး”

သူက သီချင်းကိုဆိုလိုက်တဲ့အခါမှာ မျက်နှာချွန် သရဲ
နှစ်ကောင်က လက်သီးဆုပ်နှစ်ခုကိုမြှောက်ပြီး ထိပ်ချင်းရိုက်
ကြတယ်ဗျ။
ကျွန်တော်တို့ ကိုမောင်မောင်ကိုကြည့်လိုက်တယ်။
သူက ချိုအေးပြီးညှို့ဓာတ်ပါတဲ့ သီချင်းသံကြားထဲမှာ မိန်းမောနေတယ်ဗျ။ကျွန်တော်လည်း သူတို့ရဲ့မာယာသီချင်းသံကို အာရုံနှစ်မထားဖို့ ကိုမောင်မောင်ကို ပခုံးကိုင်ပြီး သတိ
ပေးလိုက်တယ်။မောင်ထွန်းကတော့ သူ့အိတ်ရှုံ့ထဲက ဂမုံးနက်
မှော်တုတ်ကိုထုတ်ပြီး လက်က ဆုပ်ထားလိုက်တယ်ဗျ။
ပတ်ပျိုးပိုဒ်ဆုံးသွားတယ်။
ဘီလူးပုံကောင်ကြီးတီးခတ်တဲ့ တယောသံ နွဲ့နှောင်းနှောင်းကို
ကြားနေရတယ်ဗျ။အတော်ကြာတော့ သူက သဖြန်ကိုစတယ်။

“တိတ်ပါတော့ သက်လျာငယ်×××××
ညဏ်ရှာလို့ဆိုး×××××
မေ့မောင်ကြီး မပူပါနှင့်×××××
ပင်တိုင်သူ စိတ်မကောင်းပါဘူးကွယ်×××××
လောင်းနေညွန့်မျိုး××××× ”

ဘီလူးပုံကောင်ကြီးက သီချင်းဆိုတာကိုရပ်လိုက်တယ်။
ပြီးတော့ ကျွန်တော်တို့ကို စူးစူးကြည့်ပြီးတော့ တယောကို
သိုင်းလွယ်လိုက်တယ်ဗျ။

“ကိုတီး…..သူတို့ သွားတော့မှာဗျ။လာ လာ၊ကျွန်တော်တို့ သူတို့
နောက်လိုက်ရအောင်။ကိုမောင်မောင်ကတော့ နေခဲ့ဗျ။
အန္တရာယ်ရှိတယ်”

ကျွန်တော်တို့ ခြံအောက်ကို ပြေးဆင်းလိုက်ကြတယ်။
ဒီအချိန်မှာဘဲ သူတို့က ကျွန်တော်တို့ကိုတွေ့ပြီး လျင်လျင်မြန်
မြန်နဲ့ပြေးရောဗျို့။
ကျွန်တော်တို့လည်း ရှိသမျှ အားအကုန်သုံးပြီး သူတို့နောက်ကို
ပြေးလိုက်တယ်ဗျ။

“ဂီး…….”

“ဂစ်….ဂစ်….ဂစ်……..”

“ဂရား……”

ဘီလူးပုံကောင်ကြီးက နောက်လှည့်ကြည့်ပြီး ကျွန်တော်တို့ကို
မာန်ဖီလေရောဗျို့။
စိမ်းဖန့်ဖန့်မျက်လုံးကြီးတွေနဲ့မို့မောက်တဲ့ ကြောက်စရာရင်အုပ်ကြီးတွေကြောင့် ရင်ထဲမှာတောင် ‘ဒုတ်’ခနဲဖြစ်သွား
တယ်။
ကျွန်တော်တို့ မှီအောင်ပြေးလိုက်တယ်ဗျ။ဒါပေမယ့် သူတို့က
တရိပ်ရိပ်နဲ့ ပြေးတာ အရမ်းမြန်တော့ ကျွန်တော်တို့ အားကုန်
ပြေးတာတောင် သူတို့ကို မှုန်ဝါးဝါးပဲ တွေ့ရတော့တယ်ဗျ။
ကျွန်တော်တို့လည်း အားမလျှော့ဘဲ ဆက်ပြေးကြတယ်။
ပြေးရင်း ပြေးရင်းနဲ့ရွာအဝင်နတ်ကွန်းကို ကျော်လာပြီ။အရှေ့
မှာတော့ ညောင်မုတ်ဆိတ်ပင်ကြီးတစ်ပင်ကို ထီးထီးကြီးတွေ့
ရတယ်ဗျ။
ကျွန်တော်တို့ပြေးတာ ရပ်လိုက်ကြတယ်။
လူတွေလည်း မောဟိုက်လို့ ဟောဟဲ ဟောဟဲ ဖြစ်နေပြီဗျ။
ခုမှပဲ ဖွဲနေတဲ့ မိုးဖွားလေးတွေကို သတိထားမိတော့တယ်။

“ကိုတီး…..ဟိုမှာ သူတို့ဗျ”

ဟာ…..ဟုတ်တယ်ဗျို့။
ကျွန်တော်တို့နဲ့ခပ်စောင်းစောင်း ညောင်မုတ်ဆိတ်ကြီးရဲ့
ဘယ်ဘက်နားမှာ ဘီလူးပုံကောင်ကြီးနဲ့သရဲနှစ်ကောင်ဗျို့။
မောင်ထွန်းက သူတို့နားကို မှော်တုတ်ကို ကျစ်ကျစ်ဆုပ်လို့
တစ်လှမ်းချင်း တစ်လှမ်းချင်း တိုးသွားတယ်ဗျ။

“ဝှီ….ဝှီ”

ဟာ…..သရဲနှစ်ကောင် လွင့်သွားတယ်ဗျို့။
မောင်ထွန်းက သူကိုင်ထားတဲ့ ဂမုန်းနက်မှော်တုတ်ကို
တစ်ချက်ကြည့်လိုက်တယ်။ပြီးတော့ ဘီလူးပုံကောင်ဘက်ကို
ဆက်သွားရောဗျ။ဘီလူးပုံကောင်နားရောက်တော့မယ်။

“ဂီး….ဂစ်….ဂစ်…..”

ဒီကောင်ကြီးက နောက်ဆုတ်ရင်း အော်တာဗျို့။အသံကိုမှ စူးရှနေတာပဲဗျာ။သူတို့က မောင်ထွန်းရဲ့မှော်တုတ်ကို ကြောက်
ရလို့ထင်တယ်ဗျ။
ဘီလူးပုံကောင်ကြီး နောက်ဆုတ်သွားတယ်။
မောင်ထွန်းကလည်း ရှေ့ကို တိုး တိုးသွားတယ်ဗျ။ဒီအချိန်မှာ
ပဲ ဘီလူးပုံကောင်ကြီးက သူ့ရဲ့ခါးကြားထဲကနေ လက်ကိုင်
ခေါင်းလောင်းလေးတစ်လုံးကို ထုတ်လိုက်တယ်ဗျို့။

“ဒေါင်” “ဒေါင်” “ဒေါင်” “ဒေါင်” “ဒေါင်”

ကျွန်တော်တို့နားတွေ မြန်မြန်ပိတ်လိုက်ရတယ်ဗျို့။
ဒီကောင်ကြီးက ခေါင်းလောင်းကို အားသန်သန်နဲ့မြန်မြန်တီး
လိုက်တာဗျ။နားတွေဆိုတာ အူထွက်သွားပြီး ခေါင်းလောင်းသံတွေဆိုတာ နားထဲမှာ ပဲ့တင်ရိုက်သွားတာ။
ဟော ဟော၊သူတို့က ကျွန်တော်တို့ နားပိတ်ထားတဲ့အချိန်မှာ
အခိုးလုံးပုံစံတွေပြောင်းပြီး ညောင်မုတ်ဆိတ်နားကနေ ပျောက်သွားကြပြီဗျို့။
ကျွန်တော်တို့လည်း နားတွေဖွင့်လိုက်တယ်။
ပြီးတော့ နှစ်ယောက်သား ညောင်မုတ်ဆိတ်ပင်ရဲ့ပတ်ပတ်လည်တဝိုက်ကို ဟိုဟို ဒီဒီ လိုက်ရှာကြတယ်ဗျ။
ဘာမှတော့ မတွေ့ရတော့ပါဘူးဗျာ။

“သူတို့နေကြတာ ဒီအနီးနားတဝိုက်မှာပဲ ဖြစ်လိမ့်မယ်ကွ
မောင်ထွန်းရ”

“အင်း…..ဟုတ်ရင်လည်း ဟုတ်မှာပေါ့ဗျာ”

ကျွန်တော်တို့ ပြန်ခဲ့ကြတယ်။
ကိုမောင်မောင်ဆီရောက်တော့ ဖြစ်သမျှအကြောင်းစုံကို
မောင်ထွန်းက ရှင်းပြလိုက်တယ်ဗျ။ကိုကြီးမောင်မောင်လည်း မောင်ထွန်းပြောပြတာကိုနားထောင်ပြီး တအံ့တသြ ဖြစ်နေတာပေါ့ဗျာ။

“ကဲ…..ကိုကြီးမောင်မောင်။အချိန်ဆွဲလို့တော့ သိပ်ကောင်းမယ့်
ကိစ္စမဟုတ်ပေဘူးဗျ။အန္တရာယ်ကြီးကြီးမားမားဖြစ်မလာခင်
ကျွန်တော်တို့ အဘဆီ သွားစို့ဗျ”

“အေး…..မောင်ထွန်း။ဒါပေမယ့် ဒီအချိန် ဘဆရာက ရှိနေပါ့ဦး
မလားကွ”

“ဟာ…..ရှိတယ်။ရှိတယ်။ကိုကြီးမောင်မောင်။ဒီအချိန် အဘက
တရားမှတ်လို့ ကောင်းတုန်းဗျ”

ကျွန်တော်တို့လည်း လှည်းကလေးနဲ့ညတွင်းချင်း အဘဆီကို
ထွက်ခဲ့ကြတယ်။
အဘဆီရောက်တော့ အဘက ဘုရားခန်းရှေ့မှာ အာနာပါန
ကမ္မဌာန်းရှုနေပြီးတော့ သူ့ဘေးနားမှာ ဖွားလေးခင်ညွန့်က
ယပ်တောင်တစ်ချောင်းနဲ့ယပ်ခတ်ပေးနေတယ်ဗျ။
ကျွန်တော်တို့လည်း အိမ်ပေါ်ရောက်တော့ ဖွားလေးကို
အကျိုးအကြောင်း အကုန်ရှင်းပြလိုက်တယ်။
ဒီတော့ ဖွားလေးက ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီး…….

“ကိစ္စတစ်ခုကတော့ ဆိုးဆိုးဝါးဝါးတွေဖြစ်မလာခင် ဖြစ်စကတည်းက ကိုင်တွယ်ဖြေရှင်းလိုက်တာက ပိုကောင်းတယ်
ကွယ့်။ဖွားကလည်း ဒီလိုအကြောင်းတွေကို သိပ်နားမလည်လှ
ပါဘူး။မင်းတို့အဘကသာ တတ်သိနားလည်တာပါကွယ်။ကဲ
ကဲ၊ဖွားလည်း ဒီနေ့တစ်နေ့ထဲနဲ့ရွာလေးရွာကို လက်သည်ပင့်
သွားလိုက်ရတာ တော်တော်ပင်ပန်းနေပြီ။ဖွား အိပ်ရာဝင်တော့
မယ်ကွယ့်။မင်းတို့အဘလည်း တော်ကြာနေ တရားပြီးတော့
မယ်။စောင့်လိုက်ချေဦးကွယ့်”

“ဟုတ်ကဲ့….ဖွားလေး”

ဖွားလေးခင်ညွန့်က ခါးလေးကုန်းကုန်းနဲ့တောင်ဝှေးကလေး
ထောက်လို့ အိမ်ခန်းထဲကို ဝင်သွားတယ်ဗျ။
ခဏနေတော့ အဘ တရားဖြုတ်တယ်။
ဘုရားကို ဦးသုံးကြိမ်ချပြီး အဘက စိပ်ပုတီးကို လက်ကတော့
ထိုးလိုက်တယ်။

“တကယ်တော့ မသိနားမလည်ခြင်းတွေကြောင့်သာ ကိစ္စတွေက ရှည်လျားထွေပြားနေကြတာပါကွယ်။မင်းတို့ ဖြစ်ပျက်နေ
တာတွေအကုန်လုံးကို ရွာတော်ရှင်က အဘကို ပြောပြပြီးပါပြီ”

“ဟင်…..ဒါဆို အဘ အကုန်လုံးသိပြီးသွားပြီပေါ့”

ကျွန်တော်တို့လည်း အထူးတဆန်း မဖြစ်နေတော့ပါဘူးဗျာ။
ခါတိုင်းတွေလည်း အဘက ဒီလိုမျိုး သိနေကြဗျ။

“ဟုတ်တယ် မောင်မောင်…..။အဘ သိပြီးသွားပါပြီ။တကယ်
တော့ မင်းက သိုက်ကလာတဲ့သူတစ်ယောက်ဆိုတာ မင်းသိမှ
မသိပဲကွယ့်”

“ကျွန်တော်က သိုက်ကလာတယ်”

“ဟုတ်တယ်…..’စူဠဝရ’ဆိုတဲ့ သိုက်ငယ်တစ်ခုကကွယ့်။မင်း
သတိမထားမိလို့နေမှာပါ။မင်းအသက်(၁၃)နှစ်ကနေ (၂၃)အတွင်းမှာ ဒီသိုက်က ပုဂ္ဂိုလ်တစ်စုံတစ်ယောက်က
မင်းကို အသံနဲ့ဖြစ်ဖြစ်၊ကိုယ်ယောင်ပြပြီးဖြစ်ဖြစ် မင်းက သိုက်ကလာတဲ့သူဆိုတာကို အိပ်မက်ပေးပြီး အသိပေးပါတယ်ကွယ်။သေချာတွေးလိုက်ရင် ပြန်အမှတ်ရမှာပါ”

အဘပြောတော့ ကိုမောင်မောင်က မျက်မှောင်ကြီးကျုံ့လိုက်
တယ်။ပြီးတော့ မျက်နှာက လက်ခနဲဖြစ်သွားပြီး…..

“ဟာ…..ကျွန်တော်မှတ်မိပြီ အဘ။ကျွန်တော့်အသက်(၂၀)
လောက်ကထင်တယ်။ကျွန်တော့်အိပ်မက်ထဲမှာ ရုပ်ချောချော
မိန်းမတစ်ယောက်က ကျွန်တော့်ကို လကျာ်ရစ်လှည့်တာဗျ။
ပြီးတော့ ကျွန်တော့်ကိုပြုံးပြပြီးတော့ ပျောက်သွားတာ။နောက်တစ်ခါကတော့ ရှေ့လလောက်ကမှ အဘရဲ့။အရင်
တစ်ခါတွေ့ခဲ့တဲ့ မိန်းမပဲထင်တယ်။အိပ်မက်ထဲမှာ ကျွန်တော့်
ကို လက်သီးဆုပ်ပြီး ကြည့်နေတာဗျ။မျက်လုံးတွေကလည်း
နီရဲနေတာ။ကျွန်တော်လည်း ဒါကို သူတို့အသိပေးမှန်း သိတာ
မဟုတ်ဘူးလေ။သွေးလေချောက်ချားပြီး ကယောင်ကတမ်း
မက်တာပဲထင်နေတာ”

“မဟုတ်ဘူးကွယ့်။သူတို့က မင်းသိုက်ဆက်မှန်းသိအောင်လို့
အသိပေးတာပါ။ပထမတစ်ခါ မင်းကိုအသိပေးတုန်းက မင်းကို သိုက်ဆက်မှန်း သိစေချင်လို့။အေး….၊ဒုတိယအခေါက်က
တော့ သူတို့က မင်းကို ဒေါသထွက်နေလို့ပဲကွယ့်”

“ဗျာ…..ကျွန်တော့်ကို ဒေါသထွက်လို့”

“ဟုတ်တယ် မောင်မောင်။ဒီတစ်မိုးကုန်ရင် မင်းက ဘီလူးကုန်း
ရွာက ကွမ်းတောင်ကိုင် မယ်လှနဲ့ထိမ်းမြားတော့မယ်မို့လား”

“ဟင်…..ဒါကိုလည်း အဘသိနေတာပေါ့”

“သိဆို….မင်းဘထွေး နိဗ္ဗာန်ဆော်ကြီးက ဒိကိုလာရင်း လမ်းကြုံလို့ အဘကို ပြောပြထားတာကိုးကွယ့်။အေး….အဘ
စကားကို ဆက်ရဦးမယ်။မင်းက သူတို့ကို အသိမပေးဘဲ
မကြာခင် ဒီလိုစီစဥ်တော့မယ်ဆိုတော့ သူတို့က မင်းကို
မကျေနပ်ဘူးကွယ့်။သိုက်မှာရှိတုန်းက မင်းက သိုက်နန်းရှင်ရဲ့
တစ်ဦးတည်းသော မောင်လေး။အထွေးဆုံးမောင်လေးကွယ့်။
အေး….၊သိုက်ဆက် သိုက်နွယ်တွေဆိုတာကလည်း သူတို့ရဲ့
အိမ်ထောင်ပြုတဲ့ကိစ္စတွေကို သက်ဆိုင်ရာသိုက်ချုပ်
သိုက်နန်းရှင်တွေရဲ့ခွင့်ပြုချက်နဲ့လုပ်ဆောင်ကြတာက အကောင်းဆုံးပဲကွယ့်။အကြီးအကဲတွေရဲ့ခွင့်ပြုချက်မရဘဲ
အိမ်ထောင်မပြုသင့်ဘူး။မသင့်တော်ပေဘူးကွယ့်။မင်းကလည်း သိုက်ကဆိုတာကိုမသိလို့ သူတို့ကိုလည်း ခွင့်တောင်း
တာမလုပ်ဘူး။အိမ်း….မောင်မောင်ရဲ့။အဆိုးဆုံးက မင်းက
ဘုရား တရားကို သိပ်မလိုက်စားဘူး။တစ်ခါတလေ အရက်
ကလေးကလည်း သောက်တတ်၊သားငါးဖမ်းတာလေးလည်း
ဖမ်းတတ်ဆိုတော့ သူတို့က မင်းကို ပိုလို့စိတ်ဆိုးတာပေါ့ကွယ်။အဲဒါကြောင့် မင်း ခုလို လိပ်ပြာငယ်နေတဲ့အချိန်မှာ
သိုက်နန်းရှင်ရဲ့အဘတော် မင်းရဲ့ဆွေမျိုး သိုက်စောင့်ဘီလူး
ကြီးနဲ့တံခါးစောင့်သရဲနှစ်ကောင်က မင်းကို ပရိယာယ်တွေသုံး
ပြီး သိုက်ကိုပြန်ခေါ်ဖို့ ကြိုးစားနေတာပဲ မောင်မောင်။မင်းက
ဆရာကောင်း သမားကောင်းရဲ့အဆောင်လက်ဖွဲ့ရထားတော့
သူတို့ မင်းကိုခေါ်ဖို့ အခက်ကြုံနေကြတာကွယ့်”

ကျွန်တော်တို့လည်း ခုမှ ဇာတ်ရည်လည်သွားတာပေါ့ဗျာ။

“အေး….၊နောက်ဆို သိုက်နန်းရှင်ကိုယ်တိုင်က မင်းကိုလာခေါ်
လိမ့်မယ်”

“ဟာ…..လုပ်ပါဦး အဘရယ်။ကျွန့်တော့်ကို ကယ်ပါဦးဗျာ။
ကျွန်တော် မယ်လှနဲ့ဘယ်လိုမှ ခွဲနိုင်မှာမဟုတ်ဘူးဗျ”

“စိတ်မပူပါနဲ့ကွယ်။သိုက်နန်းရှင်မြကြာနွယ်ဆီကို အဘ စာရေး
ပြီး အကြောင်းကြားခိုင်းပါ့မယ်။မင်းဘက်ကတော့ အဘကို
ခိုင်မာတဲ့ ကတိတစ်ခုကို ပေးရလိမ့်မယ်ကွယ့်”

“ပေးပါတယ် အဘရယ်။ကျွန်တော် ပေးပါတယ်။အဘက
ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ပါဗျာ။အဘဖြစ်စေချင်တဲ့ ဘယ်
အရာကိုမဆို ကျွန်တော် ဖြည့်ဆည်းပေးဖို့ အသင့်ပါ”

“တခြားတော့ မဟုတ်ပါဘူးကွယ်။မင်း ဘုရား တရားကို များ
များလိုက်စားဖို့၊အလှူအတန်းကို များများပြုဖို့၊သူ့အသတ်
သတ်တာ သေရည်သေရက် သောက်စားတာတွေကို လုံးဝ
မလုပ်တော့ဖို့ အဘက ဒီကတိကို မင်းဆီက တောင်းချင်တာပါ”

“ပေးပါတယ် အဘရယ်။ကျွန်တော်ပေးပါတယ်။ကျွန်တော့်ဘဝသက်ဆုံးထိ ဒီကတိကို တည်စေရပါမယ် အဘ”

“အိမ်း…..အဘ ဝမ်းသာပါတယ်ကွယ်”

အဘက မျက်နှာကလေးပြုံးပြုံးနဲ့ဆေးစာအုပ်တွေထည့်ထား
တဲ့ မှန်ဗီရိုရဲ့အောက်ဆင့်က အံဆွဲလေးတစ်ခုကို ဖွင့်လိုက်တယ်။ပြီးတော့ ရှေးဟောင်းပုရပိုက်တစ်ချပ်ကို ထုတ်လိုက်ပြီး
စာရေးနေတယ်ဗျ။ကျွန်တော်တို့လည်း ဒီပုရပိုက်နဲ့အဘ
ဘာလုပ်မယ်ဆိုတာကို တွေးပြီး ကြည့်နေကြတယ်။
ကွမ်းတစ်ယာညက်လောက်ကြာတော့ အဘ စာရေးလို့ပြီးသွားတယ်ဗျ။

“ကဲ…..တာတီးနဲ့မောင်ထွန်း။မင်းတို့ကိုကြီးမောင်မောင်ကို ကူညီတဲ့အနေနဲ့ဒီပုရပိုက်ကို သိုက်နန်းရှင်မြကြာနွယ်ဆီကို
မင်းတို့ ပို့ပေးရမယ်ကွယ့်။ဘာမှစိုးရိမ်စရာမရှိဘူး။အဘ တာဝန်ယူပါတယ်”

“ဟာ…..ရပါတယ် အဘရဲ့။ကျွန်တော်တို့ လုပ်နိုင်ပါတယ်ဗျ”

“ကဲ…..ဒါဆို မင်းတို့နှစ်ယောက် ဘုရားခန်းရှေ့မှာ ယှဥ်ပြီး
အိပ်လိုက်ကြကွယ့်”

ကျွန်တော်တို့နှစ်ယောက်လည်း အဘပြောသလို ဘုရားခန်းရှေ့မှာ ယှဥ်ပြီးအိပ်လိုက်ကြတယ်။ပုရပိုက်ကတော့
မောင်ထွန်းဆီမှာဗျ။အထဲမှာ ရေးထားတဲ့စာတွေက
ဘာ ဘာသာနဲ့ရေးထားတဲ့ စာတွေမှန်းတော့ ကျွန်တော်မသိဘူး။ပုရပိုက်တစ်ခုလုံးကတော့ စာတွေအပြည့်နဲ့ဗျ။

“ကဲ…..မင်းတို့ မျက်လုံးတွေပိတ်လိုက်ကြ။အာရုံတွေကို နှာသီး
ဖျားမှာ တသမတ်တည်းစုချေ။ခြေဖျား ခြေထိပ်ကနေစလို့
မင်းတို့ရဲ့ဦးခေါင်းအထိ အကြောတွေကို ဖြည်းဖြည်းချင်း
နားနားလို့လျှော့ပေး။ပြီးလျှင် ကိုယ့်စိတ်ကို ကြည်ကြည်လင်
လင်ထားပြီး ဦးခေါင်းကို ဘယ်ဘက်နား ခပ်စောင်းစောင်း
ထားလိုက်ပေတော့ကွယ့်”

ကျွန်တော်တို့လည်း အဘပြောတဲ့အတိုင်း တသဝေမတိုင်း
လိုက်လုပ်တယ်ဗျ။စိတ်တွေကတော့ လွှတ်ကို လှုပ်ရှားနေတာ
ပေါ့ဗျာ။ကျွန်တော်တို့ ဘာတွေဆက်ဖြစ်ပြီး ဘာတွေမြင်ကြရ
မလည်း ဆိုတာကိုပေါ့။
ဟော ဟော၊အဘက ကျွန်တော်တို့ကို တစ်ပတ်လှည့်ပြီး ဂါထာ
အရှည်ကြီးတစ်ပုဒ်ကို မန်းမှုတ်နေတယ်ဗျ။
တဖြည်းဖြည်းနဲ့အဘရဲ့ရွတ်ဖတ် မန်းမှုတ်သံတွေ တိမ်ဝင်သွား
ပြီး နောက်ဆုံး လုံးဝမကြားရတော့ဘူးဗျ။
ဒီအချိန်မှာဘဲ ကျွန်တော်တို့မျက်နှာပေါ်ကို ပေါ့ပါးတဲ့အရာတစ်ခုက အုပ်မိုးလိုက်တယ်ဗျို့။
ကျွန်တော်တို့စိတ်တွေ ဝေဝါးသွားတယ်။
ကျွန်တော်တို့ မြေပေါ်မှာရပ်နေကြတာလား၊လေပေါ်မှာလွင့်နေ
ကြတာလားဆိုတာကိုတောင် သဲသဲကွဲကွဲ မသိရတော့ဘူး။
ခဏနေတော့ ကျွန်တော်တို့အာရုံမှာ မြူလိုလို တိမ်လိုလို
အဖြူငွေ့တွေပေါ်လာတယ်ဗျ။ကျွန်တော်တို့လည်း အားစိုက်
ကြည့်လို့ နွားနို့နှစ်ခါညှစ်လောက်အကြာမှာ အဖြူငွေ့တွေ
လွင့်စင်သွားပြီး မြင်ကွင်းတွေက ပျက်ပျက်ထင်ထင် ပေါ်လာပြီဗျို့။
ဟော၊ကျွန်တော်တို့ရောက်နေတာ တစ်ဖက်တစ်ချက်မှာ သစ်ပင်၊ပန်းပင်တွေ ညို့နေအောင်ပေါက်နေတဲ့ စမ်းချောင်း
ကလေးတစ်ခုရဲ့ကမ်းပါးပေါ်မှာပဲဗျ။အတိအကျပြောရရင်
သစ်ပင်ကြီးတစ်ပင်ရဲ့အကွယ်မှာ။
ကျွန်တော်လည်း ဒီအကွယ်ကနေ အပြင်ကိုထွက်မယ်အလုပ်
မောင်ထွန်းက ကျွန်တော့်လက်ကို လှမ်းဆွဲထားလိုက်တယ်ဗျ။

“ကိုတီး…..ဟိုမှာတွေ့လား”

မောင်ထွန်းက ခပ်လှမ်းလှမ်းက စိမ်းနေတဲ့ ကမ်းပါးလေးပေါ်ကို လက်ညှိုထိုးပြတယ်။
ကျွန်တော်လည်း သူပြတဲ့နေရာကို ကြည့်ကြည့်လိုက်တော့
ပန်းမျိုးစုံနဲ့ဆင်ထားတဲ့ လွှဲဲဒန်းလေးပေါ်က အချိုးအစားပြေပြစ်တဲ့ ရုပ်ချောချောမိန်းမတစ်ယောက်နဲ့ဒန်းလွှဲပေးနေတဲ့
မိန်းမနှစ်ယောက်ကို တွေ့တယ်ဗျ။
ဒန်းပေါ်ကမိန်းမက ဝင်းဝါတဲ့ ရွှေရောင်ဝတ်စုံကိုဆင်ထားပြီး
တော့ ဒန်းလွှဲတဲ့မိန်းမတွေက အထက်အောက် အစိမ်းရင့်ရင့်
ဝတ်စုံတွေကို ဆင်ထားကြတယ်။
မလှမ်းမကမ်းက စမ်းချောင်းစပ်မှာ ရေကစားနေကြတဲ့ မိန်းမ
ငယ်သုံးယောက်ကိုလည်း တွေ့ရတယ်ဗျို့။

“မောင်ထွန်း…..ဒန်းပေါ်ကမိန်းမက အဘပြောတဲ့ သိုက်နန်းရှင်
မြကြာနွယ်ဆိုတာ ဖြစ်မယ်ကွ။ဘေးကတော့ သူရဲ့ရံရွေဘော်
တွေဖြစ်လိမ့်မယ်”

“သိပ်ဟုတ်တာပေါ့ဗျာ။အဲဒါ သိုက်နန်းရှင် မြကြာနွယ်ဆိုတာ
ပေါ့။သူတို့လို သိုက်နန်းရှင်တွေကပဲ ထူးကဲတဲ့အဆင်းနဲ့ရူပါရုံ
ရှိကြတာဗျ။ကဲ….ကိုတီး။သူတို့ သိုက်ထဲပြန်ဝင်ရင် ကျွန်တော်
တို့လိုက်သွားစို့ဗျာ။ပုရပိုက် သွားပေးရအောင်”

“အခုချိန် ငါတို့သွားပေးရင်ရောကွ။မရဘူးလား”

“အာ…..ဘယ်ဖြစ်မှာတုန်းဗျ။သူပျော်ပါးနေတဲ့အချိန် ကျွန်တော်တို့ကို လာနှောင့်ယှက်ရမလားဆိုပြီးတော့ အမျက်
ထွက်ပြီး ပြစ်ဒဏ်ပေးခံနေရပါဦးမယ်”

ကျွန်တော်တို့လည်း သူတို့ကို စောင့်နေတဲ့အချိန်မှာ ပတ်ဝန်းကျင်က ဟိုဟို ဒီဒီကို လိုက်ကြည့်နေမိတယ်ဗျ။
ကမ်းပါးရဲ့အနောက်ဘက် တောင်ကမူကြီးတစ်ခုဘေးမှာ
သစ်ပင်တွေနဲ့နွယ်ပန်းပင်တွေ ဖုံးလွှမ်းနေတဲ့ ကျောက်ဂူအကြီး
ကြီးတစ်ခုကို ကျွန်တော်တို့တွေ့ရတယ်။
ကျောက်တံခါးရဲ့ဘယ်နဲ့ညာမှာ အသွားထက်တဲ့ လှံချွန်တွေကို
ကိုင်ပြီး ကုန်းကုန်းကွကွ ကိုယ်စီရပ်နေကြတဲ့ မျက်နှာချွန်
သိုက်စောင့် သရဲနှစ်ကောင်ဗျ။
ဒီဂူကြီးက သူတို့ရဲ့နေထိုင်ကျက်စားတဲ့ သိုက်နန်းကြီးပဲထင်
တယ်။
ဟော ဟော၊သိုက်နန်းရှင်မြကြာနွယ်က သူပျော်ပါးလို့ပြီးတော့
ခြုံထည်ပုဝါကို လေပေါ်မှာဝေ့လိုက်ပြီး ဒန်းအောက်ကို ဆင်း
လိုက်တယ်ဗျို့။
သူလည်းဒန်းအောက်ဆင်းတော့ ဘေးက ရံရွေဘော်နှစ်ယောက်က အနောက်ခပ်ကွာကွာကို ရှဲပေးလိုက်ကြတယ်။ရေကစားနေတဲ့ မိန်းမငယ်တွေလည်း စမ်းချောင်းစပ်ကနေ
ကမ်းပါးပေါ်ကို တက်လာတယ်ဗျ။

“ကဲ…..ပျိုငယ်လေးတွေ။ငါသခင်မ အဆောင်တော်ဝင်ချင်ပြီ။
သင်တို့လည်း ရွှင်မြူးနှစ်သက်ပြီး ဝမ်းမြောက်ကြလိမ့်မယ်လို့
ငါ သခင်မထင်တယ်။အခုတော့ သိုက်တော်ထဲကို မြန်းကြစို့ရဲ့
ကွယ့်”

“အမိန့်တော်အတိုင်းပါ…..သခင်မလေးဘုရား”

ဟော၊သိုက်နန်းရှင်မြကြာနွယ်က သိုက်ထဲပြန်ဝင်ဖို့အတွက်
ကျောက်သားလှေကားထစ်တွေအတိုင်း အိန္ဒြေရှိရှိနဲ့တစ်ဆင့်ချင်း တစ်ဆင့်ချင်း တစ်ဆင့်ချင်း တက်သွားတယ်ဗျ။
သူ့နောက်ကနေ ရံရွေဘော်မိန်းမတွေလည်း စီတန်းပြီးတော့
လိုက်သွားကြတာပေါ့ဗျာ။

“ကဲ…..ကျွန်တော်တို့လိုက်သွားကြမယ်ဗျ”

မောင်ထွန်းက ပုရပိုက်ကိုကိုင်ပြီး ရှေ့ဆုံးကသွားတယ်။
ကျွန်တော်လည်း သူ့နောက်ကနေ ခပ်မြန်မြန်လိုက်ရတာပေါ့
ဗျာ။
ဘာလိုလိုနဲ့သူတို့သွားလိုက်ကြတာ လှေကားထစ်တွေရဲ့
တစ်ဝက်လောက် ရောက်သွားပြီဗျ။ကျွန်တော်တို့လည်း သူတို့
နဲ့ခပ်ကွာကွာလောက်ကနေ လိုက်သွားတယ်။
တစ်ခါတလေ သစ်ပင်တွေနဲ့ကွယ်လိုက်၊တစ်ခါတလေကျ
ခြေသံလုံလုံနဲ့အနောက်က ဆက်လိုက်လိုက်၊စိတ်မလုံရင်
မြေပေါ်ဝပ်ချလိုက်နဲ့ဗျို့။
ဟော၊သူတို့လျှောက်တာ လှေကားထစ်တွေဆုံးလို့ ကျောက်ဂူ
ကြီးရဲ့တံခါးနားကိုရောက်ပြီဗျ။တံခါးစောင့်သရဲနှစ်ကောင်က
သိုက်နန်းရှင်လာတာကိုတွေ့တော့ ခါးကိုကွေးလို့ အရိုအသေပြုလိုက်ပြီး ကျောက်တံခါးကို ဂါထာတွေစုတ်လို့ လက်ဖဝါးတွေနဲ့ဝေ့လိုက်တယ်ဗျ။ခဏကြာတော့ ‘တဂျိမ်းဂျိမ်း’အသံ
ကြီးတွေ ကျယ်ကျယ်လောင်လောင်ထွက်လာပြီးတော့ ကျောက်တံခါးကြီးက တရွေ့ရွေ့နဲ့ပွင့်သွားတယ်ဗျို့။
ဟော၊သူတို့က တံခါးပွင့်သွားတယ်ဆိုတာနဲ့သိုက်ထဲကို
ဝင်သွားကြတယ်ဗျ။ကျွန်တော်တို့လည်း သူတို့နောက် လိုက်
သွားဖို့လုပ်တယ်။

“ဂျိမ်း…..ဂျိမ်း…..ဂျိမ်း…..”

ဟာ….၊သိုက်တံခါးကြီး ပိတ်သွားပြီဗျို့။
ကျွန်တော်တို့လည်း တော်တော် အကြံအိုက်သွားတယ်။

“တာတီးနဲ့မောင်ထွန်း…..ဝင်သွားချေကွယ့်။မင်းတို့မှာ
ဘာအဆီးအတားမှမရှိဘူး။တံခါးစောင့်သရဲတွေကလည်း
မင်းတို့ကို မမြင်နိုင်ပါဘူးကွယ့်”

ဟာ၊ကျွန်တော်တို့နားထဲမှာ အဘရဲ့စကားသံတွေကို ပီပီသသ
ကြားလိုက်ရတယ်ဗျို့။
ဒါဆို အဘက ကျွန်တော်တို့အခက်အခဲကြုံနေရတာကိုသိလို့
မှာကြားတာပဲနေမယ်ဗျ။
ကျွန်တော်တို့လည်း အဘပြောတဲ့အတိုင်း ကျောက်တံခါးကို
ဖြတ်ပြီးသွားကြည့်တယ်။
ဟုတ်တယ်ဗျ။တစ်ကိုယ်လုံးက ဘာအဆီးအတားမှမရှိဘူး။
မီးခိုးငွေ့တွေလို ပေါ့ပါးနေတာ။
တံခါးစောင့်သရဲတွေလည်း ကျွန်တော်တို့ကို မမြင်ကြဘူးဗျ။
သိုက်ရဲ့အဝင်လမ်း လှိုဏ်ခေါင်းတွေကိုဖြတ်ပြီးတော့
ကျွန်တော်တို့ဝင်ခဲ့ကြတယ်။လမ်းတွေက ရှင်းပြီး သန့်နေတာ
ဗျ။နံရံမှာတော့ အလင်းပေးတဲ့မီးတိုင်တွေကို (၁၀)ပေလောက်
စီခြားပြီး စီထွန်းထားတယ်။
ဟော၊ကျွန်တော်တို့လျှောက်လာတာ သိုက်ရဲ့အပေါ်ထပ်သွား
တဲ့ တစ်ဆစ်ချိုး ကျောက်လှေကားနားကို ရောက်ပြီဗျ။

“မောင်ငယ်လေးတွေ…..ရောက်ကြပြီလားကွယ့်”

ဟာ…..၊ကျောက်လှေကားရဲ့အကွယ်ကနေ သိုက်နန်းရှင်က
ပြောတာဗျို့။
ကျွန်တော်တို့လည်း ပြန်ဖြေမယ်အလုပ်မှာ…..

“မောင်ငယ်လေးတွေ…..ရောက်ကြပြီလားကွယ့်”

ဟာ….၊သူက လှေကား ငါးထစ်လောက်ကို လှစ်ခနဲဆင်းလိုက်
ပြီးတော့ ဘီလူးပုံပြောင်းသွားတယ်ဗျို့။
ကျွန်တော်လည်း လန့်ပြီးတော့ နောက်ကို တစ်လှမ်းလောက်
ဆုတ်မိတယ်။

“မကြောက်နဲ့ကိုတီး…..ဒါ ကျွန်တော်တို့ကို လှည့်စားနေတာပဲ
ဗျ။လာ….ကျွန်တော်တို့တက်ကြမယ်”

ကျွန်တော်လည်း ကြောက်ကြောက်နဲ့မောင်ထွန်းနားကနေ
လိုက်သွားတယ်။
လှေကားထစ် ဆယ်ထစ်လောက်ရောက်တော့ ဘီလူးကြီးက
ကျွန်တော်တို့ကို စူးကြည့်ပြီးတော့ အပေါ်ငါးထစ်လောက်ကို
လှစ်ခနဲ ပြေးတက်သွားတယ်ဗျ။အပေါ်ထပ်ရောက်ဖို့ အထစ်
နှစ်ဆယ်လောက်ပဲ လိုတော့တယ်။

“မောင်ငယ်လေးတွေ…..ရောက်ကြပြီလားကွယ့်”

ဟာ….၊ဒီတစ်ခါတော့ တံခါးစောင့်သရဲပုံစံ ဖြစ်သွားပြန်ပြီဗျို့။
ကျွန်တော်လည်း ကျွန်တော်တို့ကို လှည့်စားနေမှန်းသိရပြီမို့
မကြောက်တော့ဘဲ လှေကားအတိုင်း ဆက်တက်ခဲ့တယ်။
ဒီတော့ သရဲပုံကောင်က ဘီလူးပုံစံပြန်ပြောင်းလိုက်ပြီး ကိုယ်
ပျောက်သွားတယ်ဗျ။
ကျွန်တော်တို့ လှေကားအတိုင်း တက်ကြပြီးတော့ အဆုံးမှာ
တံခါးပေါက်မရှိတဲ့ ခန်းမကျယ်ကြီးတစ်ခုကို တွေ့လိုက်ရတယ်
ဗျို့။

“အိမ်း…..လာကွယ့်။မောင်ငယ်လေးတို့ရဲ့”

သလွန်ပေါ် လဲလျောင်းနေတဲ့ သိုက်နန်းရှင်မြကြာနွယ်က
ကျွန်တော်တို့ကို ခေါ်တာဗျို့။
သူခေါ်တာတော့ တိုးတိုးလေးရယ်။ပဲ့တင်ထပ် လှိုဏ်သံတွေ
ကြောင့် အကျယ်ကြီးဖြစ်သွားတာဗျ။
သူ့ဘေးမှာ အရိုးရှည်ယပ်တောင်ကြီးကို ကိုင်ပြီးတော့ သူ့ကို
ယပ်ခတ်ပေးနေတဲ့ ရံရွေဘော်နှစ်ယောက်နဲ့သူ့ရှေ့တည့်တည့်
အလုံပိတ်ထားတဲ့ ဂူကြီးရှေ့မှာ တယောကိုလွယ်လို့ ကျွန်တော်
တို့ကို မကျေမနပ်တဲ့ပုံနဲ့ဘုဆတ်ဆတ်ကြည့်နေတဲ့ သိုက်စောင့်
ဘီလူးကြီးဗျို့။
ကျွန်တော်တို့လည်း သိုက်နန်းရှင်ရဲ့သလွန်ရှေ့ကိုသွားလိုက်ပြီး သူ့ရှေ့မှာ တရိုတသေ ထိုင်လိုက်တယ်။

“ခုနက မောင်ငယ်တို့ကို လှည့်စားတယ်ဆိုတာက မောင်ငယ်တို့ရဲ့ ရဲရင့်မှုနဲ့သတ္တိရှိမှုကို အစ်မတော်ကသိချင်လို့
ဘကြီးတော်ကို စေခိုင်းလိုက်တာပါကွယ်။မောင်ငယ်လေးတို့
ရောက်နေတာကို အစ်မတော် လွှဲဒန်းစီးနေကတည်းက သိပါ
တယ်”

“မှန်ပါ့အစ်မတော်”

“အိမ်း….အိမ်း….မောင်ငယ်တို့ရဲ့လာရင်းကိစ္စကို အစ်မတော်ကို
လျှောက်ကွယ့်”

“မှန်ပါ့။လာရင်းကိစ္စကတော့ ဟောဒီပုရပိုက်ကို ကျွန်ုပ်တို့ရဲ့
အဘဆရာက ကျွန်ုပ်တို့ကို အစ်မတော်ထံ ဆက်သခိုင်းလိုက်
လို့ပါ အစ်မတော်”

“ကောင်းပြီ…..ဆက်သချေ မောင်ငယ်”

မောင်ထွန်းက ပုရပိုက်ကို သိုက်နန်းရှင်ဆီကို လက်နှစ်ဖက်ပင့်
လို့ ရိုရိုသေသေ ဆက်သလိုက်တယ်ဗျ။သိုက်နန်းရှင်က ပုရပိုက်ကိုရတော့ ပြန်ပြန်လှန်လှန်ဖတ်တယ်။ပြီးတော့ သဲ့သဲ့
ကလေးပြုံးလိုက်ပြီး…..

“မောင်ထွေးလေးနဲ့ပက်သက်တဲ့ စာပေပဲကွယ့်။အိမ်း…ဒါနဲ့
မောင်ငယ်။ဒီစာကိုရေးတဲ့ မောင်ငယ်တို့ရဲ့အဘဆရာနာမည်
ကို အစ်မတော်သိခွင့်ရှိမလား”

“ရပါတယ် အစ်မတော်။မောင်ငယ် ပြောပြနိုင်ပါတယ်။အဘ
ဆရာနာမည်က ဦးထွန်းမြင့်ပါ။လောကီပညာရပ်အများစုကို
အဘက တတ်မြောက်ကျွမ်းကျင်ပါတယ် အစ်မတော်”

“အိမ်း…..တော်ပါပေတယ်ကွယ်။အစ်မတော်ကလည်း ဒီစာကို
ဒီလို ကျင်ကျင်လည်လည်နဲ့သူတစ်ပါးစိတ်အလျဥ်ကို လုံးလုံး
ကျေနပ်သွားစေတဲ့အထိ ရေးနိုင်တဲ့သူဟာ သာမန်အညတရ
အရည်အချင်းရှိတဲ့ ဆရာတစ်ယောက်မဟုတ်ဘူးဆိုတာကို
အစ်မတော် ရိပ်စားမိပါတယ်။မောင်ထွေးလေးကိုလည်း အစ်မတော်က ခွင့်လည်းခွှင့်လွှတ်တယ်။ခွင့်လည်းခွင့်ပြုပါ
တယ်လို့ မောင်ငယ်တို့ကပြောပေးပါ။နောက်ပြီး ဒီအဆောင်
လေးကိုလည်း ကိုယ်နဲ့မကွာ တစ်သက်လုံးဆောင်ထားပေးပါ။
မောင်ထွေး အသက်အန္တရာယ်နဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါကျ
လျှင် ဒီအဆောင်လေးက မောင်ထွေးကို ကာကွယ်
စောင့်ရှောက်ပေးပါလိမ့်မယ်လို့ မောင်ထွေးလေးကို ပြောပြ
ပေးပါကွယ်။အစ်မတော် မြကြာနွယ်ကမှာလိုက်ပါတယ်လို့”

“စိတ်ချပါ အစ်မတော်…..မောင်ငယ်တို့ အသေအချာဂရုစိုက်
ပြီး ပြောပြပေးပါ့မယ်”

ကျောက်သေတ္တာလေးထဲကထုတ်ပြီး သိုက်နန်းရှင်ပေးတဲ့အဆောင်လေးက ရွှေရောင်နဂါးပုံ လော့ကတ်ဆွဲသီးလေးဗျ။
အရောင်တဝင်းဝင်းနဲ့။

“ဂီး…..ဂစ်…..ဂစ်…..ဂစ်…..”

“ဂီး…….”

သိုက်စောင့်ဘီလူးကြီးက ကျွန်တော်တို့ကို တစ်ချက်လှည့်
ကြည့်ပြီး ‘တဂီးဂီး’ ‘တဂစ်ဂစ်’အော်လို့ ကျောခိုင်းလိုက်တယ်
ဗျို့။

“အဘတော်ရယ်…..မောင်ငယ်လေးတွေက အကြောင်းအကျိုး
ကို ဂဃနဏမသိရသေးလို့ အဘတော်ကို ရန်ပြုမိသွားသလို
ဖြစ်ခဲ့တာပါ။မောင်ငယ်လေးတွေကို အဘတော်က ခွှင့်လွှတ်
လိုက်ပါ”

ကျွန်တော်လည်း ဘီလူးကြီးက ဂမုန်းနက်မှော်တုတ်ကို ကြောက်လို့ ဖြစ်ပျက်ခဲ့တာတွေကိုတွေးပြီး ပြုံးမိတယ်။
ဟော၊သိုက်စောင့်ဘီလူးကြီးက သိုက်နန်းရှင်မြကြာနွယ် ပြော
လိုက်တော့ ခဏတစ်ချက်တော့ မဲ့ရှုံ့ရှုံ့ဖြစ်သွားတယ်ဗျို့။
ပြီးတော့ တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကို စိုက်ကြည့်လို့ မျက်နှာကြီးက ပြုံးတုံ့တုံ့ဖြစ်သွားတယ်ဗျ။
ကျွန်တော်နဲ့မောင်ထွန်းလည်း သိုက်စောင့်ဘီလူးကြီးက ကျွန်
တော်တို့ကို ခွှင့်လွှတ်လိုက်လို့ အတိုင်းမသိ ဝမ်းသာသွားတာ
ပေါ့ဗျာ။

“ကဲ ကဲ၊မောင်ငယ်လေးတွေ……မတူညီတဲ့ ဘုံဘဝတစ်ခုမှာ
အချိန်အကြာကြီး နေလို့မကောင်းပေဘူးကွယ့်။ဆီလျော်မှု
မရှိပေဘူး။ဒါကြောင့် အခုပဲ မောင်ငယ်တို့နေထိုင်တဲ့ ဘုံဌာနကို အစ်မတော်က ပို့ဆောင်ပေးမယ်။အာရုံကို ဘုရား၊တရား
ဘက် ညွတ်ထားပေတော့ကွယ့်”

“မှန်ပါ့ အစ်မတော်”

ကျွန်တော်တို့ပြိုင်တူဖြေလိုက်ကြပြီး ဘုရား တရားကို အာရုံ
ပြုထားလိုက်ကြတယ်။
ဟော၊သိုက်နန်းရှင်မြကြာနွယ်က သလွန်ပေါ်ကဆင်းလိုက်ပြီး ခြုံထည်ပုဝါကို ဖြန့်လိုက်တယ်ဗျ။ပြီးတော့ မန္တန်အတို
တစ်ပုဒ်ကို ခပ်တိုးတိုးဆိုလို့ ခြုံထည်ပုဝါနဲ့ကျွန်တော်တို့ကို
နှစ်ကြိမ်လောက် ရစ်ပတ်လိုက်တယ်။
ဟော ဟော၊သူရစ်ပတ်လို့အပြီးမှာပဲ ကျွန်တော်တို့မြင်ကွင်းကနေ သိုက်နန်းကတငွေ့ငွေ့ ပျောက်နေပြီဗျို့။
ဟော….၊တဖြည်းဖြည်း တဖြည်းဖြည်းနဲ့စူဠဝရ သိုက်ငယ်
တစ်ခုလုံး လုံးလုံးမရှိတော့ဘူးဗျို့။
ကျွန်တော်တို့ခန္ဓာကိုယ်က ခြုံထည်လည်းမရှိတော့သလို
ကျွန်တော်တို့လည်း လေဟာနယ်ထဲကို မြောက်တက်သွားကြ
တယ်။
ခန္ဓာကိုယ်က တစ်စုံတစ်ခုနဲ့ထိတွေ့ပူးကပ်သွားသလို ခံစားလိုက်ရတယ်ဗျို့။
ကျွန်တော်တို့မျက်လုံးတွေလည်း အလိုလိုပွင့်သွားတယ်ဗျ။

“ဟော…..တာတီးတို့ ပြန်လာပြီ”

အဘကပြောပြီး ကျွန်တော်တို့မျက်နှာပေါ်က ဇာပုဝါကို ဖယ်
လိုက်တဲ့အချိန်မှာ ကျွန်တော်တို့လည်း ထလိုက်ကြတယ်။
ပြီးတော့ ဖြစ်ပျက်သမျှအကြောင်းစုံကို အဘကိုပြောပြလိုက်
ပြီးတော့ ကိုမောင်မောင်ကိုလည်း သိုက်နန်းရှင်ပေးလိုက်တဲ့
အဆောင်လေးကိုပေးလိုက်ပြီး သူမှာတဲ့စကားတွေကို အကုန်
ပြောပြလိုက်တယ်။

“ကဲ…..မောင်မောင်။အဘတာဝန်တော့ကျေပြီ။မင်းဘက်က
ကတိတည်ဖို့ပဲ ကျန်တော့တယ်ကွယ့်”

အဘကပြောတော့ ကိုမောင်မောင်က ဝမ်းသာအားရနဲ့အဘကို
ဦးချလိုက်ပြီး ကတိစကားဆိုတယ်ဗျ။
ပြီးတော့ ကျွန်တော်တို့ကို ကျေးဇူးတင်ကြောင်းပြောတယ်။
ကျွန်တော်တို့လည်း အဘကို ဦးချကန်တော့လိုက်ကြပြီး
ကိုကြီးမောင်မောင်ရဲ့လှည်းကလေးနဲ့ကိုယ်စီ အိမ်ပြန်ခဲ့ကြသလို ကိုမောင်မောင်ကလည်း ညတွင်းချင်းပဲ စက်ကြီးရွာကို
လှည်းကလေးနဲ့ပြန်သွားတယ်ဗျ။

××××××××××××××××

ကျန်းမာ ချမ်းသာကြပါစေ

စာရေးသူ #စက်လေးတာတီးအားလေးစားလျက်