စုန်း(စ/ဆုံး)
———-
၂၀၁၅ခုနှစ် ၊ တပေါင်းလဆန်း ၃ရက်နေ့။ စနေနေ့။
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် ၊စကားအင်းရွာရှိ မုန့်လက်ဆောင်းရောင်းသော မစန်းဦးနေအိမ်၌ မိန်းမတသိုက် သန်းဥနှိုက်ရင်း စကားတင်းဆိုနေကြ၏။
အိမ်ရှင် မစန်းဦးက မုန့်လက်ဆောင်းကြိုနေ၏။ သူမ အနီးမှာ သန်ဥတုပ်နေသူက မမြတင်။ ဆံပင် သွေ့ခြောက်ခြောက် ဖွာလန်ကျဲ၍ သန်းဥ အနှိုက်ခံသူက ချဲထီ ကော်မရှင်စား ရောင်းသူ မအေးကြည်။
မုန့်လက်ဆောင်းကြိုနေသော မစန်းဦးက …
” ဟဲ့ မြတင်၊ ရွာတောင်ပိုင်းက ကိုသန်းဌေး နွားကို တောင်ရိုးလေးက ဧကရာဇ်ပင်အောက်မှာ ပြန်တွေ့တယ်ဆို ”
သန်းဥ နှိုက်နေသော မမြတင်က ခေါင်းကိုင်မပျက် ပြန်ဖြေ၏။
” တွေ့သပါ့ အစ်မရယ်၊ ည၁၀နာရီလောက်မှ ပြန်တွေ့သတဲ့။ နွားကို တွေ့တော့ အသေတွေ့တာတဲ့တော့ ။ အစ်မ ပြောသလို ဧကရာဇ်ပင်အောက် တည့်တည့်က မြေပေါ် မှာ အသေကြီး ပြန်တွေ့တာဆိုပဲ ”
မစန်းဦးက စိတ်ဝင်တစားနဲ့၊
” ဟဲ့ သူ့နွားက အကောင်းကြီးမို့လား ၊ ဘယ်လိုဖြစ်လို့ သေရတာလဲ ။ ပိုးထိတာလားဟဲ့ ”
မမြတင်က အာဘောင်အာရင်းသန်သန်ဖြင့် …
” အကောင်းကြီး အလတ်ကြီးပါတော်။ ကိုသန်းဌေးက ဘောစိ။ နွားကောင်းပဲ ကိုင်တာ၊ နွားများ နည်းနည်း ‘ န ‘တာနဲ့ ငွေအလိုက်ပေး လဲပစ်တဲ့သူလေ။ နွားက ပိုးထိလို့ သေတာမဟုတ်ဘူး အစ်မရဲ့။ နတ်က ဖမ်းစားတာနဲ့ တူတယ်။ ဒဏ်ရာ မတွေ့ဘူး။ မျက်လုံး ပွင့်လျက်သားကြီး သေနေတာတဲ့ ”
သန်းဥ အနှိုက်ခံရင်း ငိုက်မြည်းနေတဲ့ မအေးကြည်က၊
” ငါပြောသားပဲ ၊ အဲ့ဒီ ကိုသန်းဌေးရော၊ သူ့မယား မစိန်စိန်ရောက စီးပွားဖြစ်နေတော့ သူတို့ကိုယ် သူတို့ ဟုတ်လှပြီထင်နေတာလေ။ ဘာကိုမှ အယုံအကြည် မရှိကြဘူး။ အိမ်တွင်းမှမတင်တာအေ့ ၊ အဲ့ဒါ အိမ်တွင်းအဖေကြီးက သူ့ကို ပစ်ထားလို့ သတိပေးတာ ၊ မှတ်ကရောပဲ ”
မအေးကြည်က တရွာလုံးကို ချဲထီ လှည့်ပတ် ရောင်းနေသူဆိုတော့ ဘယ်အိမ်က ဘာဟဲ့ဆို သူက အရင်သိပြီးသား။
အိမ်တွင်းအဖေကြီးဆိုတဲ့ နတ်ဆိုတာက မင်းမဟာဂီရိနတ်ကို ဆို၏။ ဤနေရာ၌ မင်းမဟာဂီရိ ခေါ် အိမ်တွင်းအဖေကြီး သမိုင်းကို အကျဥ်းရုံး ဖေါ်ပြလိုပါ၏။
တကောင်းပြည့်ရှင်ဘုရင်က ခွန်အားဗလအလွန်ကြီးမားသော ပန်းပဲမောင်တင့်တယ်၏ ပုန်စားမည်ကို ကြောက်၏။ ထို့ကြောင့် မောင်တင့်တယ်၏ နှမဖြစ်သူအား တော်ကောက်ကာ ပရိယယ်ဆင်၍ မောင်ဖြစ်
သူအား ခေါ်ဆောင်ကာ၊ စကားပင်ရင်း၌ ကြိုး တုတ် မီးရှို့သတ်ဖြတ်သောကြောင့် နှမဖြစ်သူပါ မီးပုံထဲခုန်ချ၍ အသေခံခဲ့သည်။
ထို့နောက် ထိုစကားပင်ကြီး၌ နတ်စိမ်းဖြစ်လေ၏။ အပင်ရိပ်ခိုသူ လူသူကျွဲနွားများကို
ဖမ်းစား သဖြင့် အပင်ကို ခုတ်ကာ ဧရာဝတီမြစ် အတိုင်းမျောလိုက်ရာ ပုဂံပြည်မြစ်ဆိပ်၌ဆိုက်ကပ်လေ၏။
ယင်းစကားပင်ကို ပုဂံသေလည်ကြောင်မင်းက ဆယ်ယူ
ပြီး ပုပ္ပါးတောင်သို့ပို့ဆောင်ခဲ့သည်။
ထိုမင်းလက်ထက်၌ နှစ်စဉ် နတ်တော်လအခါတွင် နတ်ပွဲကျင်းပလေ့ရှိသည်။
ကျွဲနွားတို့ကို ယဇ်ပူဇော်ကာ ဒေသဝန်းကျင်ရှိ အိမ်ရှေ့တိုင်းတွင်နတ်ကွန်းငယ်များပြုလုပ်ကာ ကြွင်းကျန်သောတိရိစ္ဆာန် အရိုးတို့ကို ချိတ်ဆွဲထားလေ့ရှိသည်။
ဤအစဉ်အလာကို ထေရဝါဒဗုဒ္ဓသာသနာပြုမင်းဖြစ်သော
အနော်ရထာလက်ထက်ကတားမြစ်ခဲ့သော်လည်း နောက်မင်းများလက်ထက်တွင် ပြန်လည်ထွန်းကားခဲ့ပြန်၏။
တဖန် ဒုတိယမြန်မာနိုင်ငံတော် ထူထောင်သော ဘုရင့်နောင်လက်ထက်၌ အိမ်ရှေ့တွင် နတ်စင်ရှိသော အိမ်များကိုအပြစ်ပေးဆုံးမတော်မူသဖြင့် နတ်စင်ကို အိမ်တွင်းသို့
ပြောင်းရွှေ့ပူဇော်ကြရာမှ အိမ်တွင်းမင်း မဟာဂီရိနတ်ဟူ၍ အမည်တွင်ခဲ့ပါသည်။
မီးလောင်ကျွမ်းတိမ်းပါးခဲ့သောကြောင့်အလင်းရောင်မရအောင် ခန်းဆီးစအနီ
ဖြင့်ပိတ်ထား၏။ မီးလောင်ဒဏ်အား သက်သာစေရန်ရည်ရွယ်ကာ အုန်းသီးဖြင့်ပူဇော်ခြင်းဖြစ်ကြောင်းအဆိုရှိပါသည်။
ယခု မအေးကြည်က ကိုသန်းဌေးတို့ လင်မယားက အိမ်တွင်း မတင်သဖြင့် နတ်က ဖမ်းစားသည်ဟု ဆိုလိုက်ခြင်း ဖြစ်လေ၏။ဒါက ကြုံတုန်းလေး မင်းမဟာဂီရိနတ်အကြောင်း ရှင်းပြတာပါ။
ကိုသန်းဌေးက လယ်ဧကများစွာ ပိုင်ဆိုင်ပြီး၊ အလုပ်ကြိုးစားသူ ဖြစ်သည်။
စီးပွားရေးက ကောင်းတော့၊ လယ်ရောင်းမည်ဆိုပါက၊ ပြေးဝယ်ပြီးသားပင်။
ထို့ကြောင့်ပင် ယခုအချိန်၌ ကိုသန်းဌေးတွင် လယ်ဧက ၂၀ခန့်အထိ တိုးပွားလာခဲ့ခြင်းဖြစ်သည်။
မစိန်စိန်က အိမ်မှာ ကုန်စုံဆိုင်ကြီး ဟီးနေအောင်ဖွင့်ပြီး ၊ စီးပွားရှာသူ ဖြစ်၏။ ငွေတိုးလည်း ပေး၏။
၎င်းတို့၌ သားတယောက် သမီးတယောက် ထွန်းကားပြီး၊ မကြာမီ ရှင်ပြုနားသ အလှုတော်ကြီး ခြိမ့်ခြိမ့်သဲ ကျင်းပရန် စီစဥ်နေကြချိန်ဖြစ်လေ၏။
နာမည်ကြီး မန္တလေးဆိုင်း၊ မန္တလေးဘိတ်သိတ်ပင် စရံသပ်ပြီးပြီဟု ကြားရသည်။ သားဖြစ်သူကို မောင်ရင်လောင်း လှည့်သည့်အခါ ဆင်ဖြင့်၊ သမီးဖြစ်သူကို ရွှေလှည်းဖြင့် အစစအရာရာ စီစဥ်ပြီး ဖြစ်သည်။
အိုးသစ်အိမ်သစ်ဖြင့် စီးပွားရေး အလွန်ကောင်းနေချိန်လည်း ဖြစ်သည်။ မကြာမီကမှ ၎င်းတို့၏ တိုက်သစ်တက်မင်္ဂလာ ကျင်းပပြီး၊ လာရောက်သူဧည့်သည်များကို အလှုကြီး ပေးလှုမည့်အကြောင်း ပြောနေကြသေးသည်ကို ကြားမိလေ၏။
နွားတကောင်ပျောက်တာ၊ ကိုသန်းဌေးအတွက် ပထမဆုံးသော ဆုံးရှုံးမှု ဖြစ်သည်။သို့သော် နွားကို ပြန်တွေ့ပေမယ့် သေနေလျက်သား ပြန်ရခဲ့ပါ၏။
ယင်းလက်သည်မပေါ်သော နွားတကောင် ဆုံးရှုံးမှု နောက်ကွယ်၌ကား …
___________
အခန်း၂။
“စိန်စိန်ရေ … ငါ့ကို ဆန်တပြည်နဲ့ ဆီအစိပ်သားလောက် ရောင်းပါအုံး ”
မစိန်စိန်သည် အကြွေးစာရင်း
တွက်စစ်နေရာမှ ခေါင်းမော့ကြည့်လိုက်သည်။
ဆိုင်ရှေ့တွင် ဒေါ်ငွေရရပ်နေသည်ကို မြင်လိုက်တော့ ချက်ချင်းပဲ …
” ဘာလဲ ဒေါ်ငွေရ … အကြွေးပဲလား ”
” အေးကွယ် … သားကြီး ဆန်းထူး ပြန်လာရင် ၊ အရင်ကအကြွေးရော ၊ အခု အကြွေးပါ ပေါင်းဆပ်ပါ့မယ်။ အဖိတ်နေ့ညနေ ဆန်းထူး ပြန်ရောက်မယ် ပြောတယ် ”
ဒေါ်ငွေရ ၏ သား ဆန်းထူးက မန္တလေးဘက် ပန်းရံ လိုက်လုပ်နေ၏။
ရက်တပါတ်တခါ ပြန်လာတတ်သည်။ မန္တလေး ထုံးစံက အဖိတ်နေ့ ငွေရှင်း၏။ဥပုသ်နေ့ အလုပ်နား၏။
မစိန်စိန်သည် စာရင်းစာအုပ်ကို ပိတ်ကာ၊ ထလာပြီးမျက်နှာထားတင်းတင်းနဲ့ …
” ကျွန်မ ဈေးရောင်းနေတာ ဒေါ်ငွေရရေ၊ အလှုပေးနေတာမဟုတ်ဘူးတော့ ။ဒေါ်ငွေရက အရင်က အကြွေးပဲ တသောင်း၅ထောင်ကျော်နေပြီ။ အခု စောစောစီးစီး ထပ်ပြီး အကြွေးလာယူပြန်ပြီ။ ကျွန်မ ပြောတော့ ကျွန်မ အလွန် ဖြစ်အုံးမယ် ”
မစိန်ိန်စိန်က ဒေါ်ငွေရ မျက်နှာ တည့့်တည့့်ကြည့်၍ ဆိုလိုက်ခြင်း ဖြစ်သည်။
အမှန်တော့ ဒေါ်ငွေရ ဈေးလာဝယ်ချိန်က သိပ်တော့ အစောကြီး မဟုတ်ပါဘူး။ နံနက် ၁၀နာရီထိုးပြီးပြီ ဖြစ်၏။
တကယ်ဆို ဒေါ်ငွေရကို မစိန်စိန် ဒီလို မပြောသင့်။
မစိန်စိန်နဲ့ဒေါ်ငွေရတို့မှာ မကင်းရာမကင်းကြောင်း ရာဇဝင်လေးတခု ရှိခဲ့ဖူး၏။
ဒေါ်ငွေရ၏ ယောက်ကျား ဦးသိန်းမောင် မဆုံးခင်၊ ကင်ဆာဝေဒနာ ခံစားနေရစဥ်က မစိန်စိန်တို့ ဒီလောက် စီးပွားမဖြစ်သေး။ ကိုသန်းဌေးက လယ် ၃ဧကလောက်နဲ့ ရုန်းကန်နေရဆဲ။
မစိန်စိန်လည်း အခုလို ကုန်စုံဆိုင်ကြီးနဲ့ မဟုတ်။
အိမ်ဈေးဆိုင်လေးနဲ့ ၊ ငွေတိုးပေးစားနေရသည်။
ဒေါ်ငွေရခမျာ သူမခင်ပွန်း ဦးသိန်းမောင်ကို ဆေးကုဖို့ ငွေလိုလာတော့၊ မစိန်စိန်ဆီမှာ ဦးသိန်းမောင် ကျန်းမာစဥ်က လုပ်ကိုင်စားသောက်ခဲ့သော လယ်၃ဧကကို တဧကပြီး တဧက ပေါင်နှံခဲ့ရသည်။
လယ်ဧက ပေါင်နှံပြီး ရတဲ့ငွေနဲ့ ဆေးရုံဆေးပေးခန်း ပြေးရသည်။
ပေါင်နှံလို ရလာတဲ့ငွေက ဆင်ပါးစပ် နှမ်းပက်သလိုပင်။ ဓာတ်မှန်ရိုက်ရ၊ အာထရာဆောင်းရိုက်ရ၊ အသားစ စစ်ရနဲ့ တဖြုန်ဖြုန်ကေး တဖြည်းဖြည်းကုန်ရသည်။
နောက်ဆုံး ဦးသိန်းမောင် ဆုံးတော့၊ သားတယောက်မိခင် ဒေါ်ငွေရခမျာ ထိုလယ်၃ဧကကို ပြန်မရွေးနိုင်။ လက်ထဲလည်း ငွေကမရှိ။ ကြပ်တည်းရှာ၏။
ထို့ကြောင့် ဆွေမျိုးများက အကုန်မရောင်းဘဲ ၊ တဧကလောက်သာ ရောင်း၍ ကျန် ၂ဧကကို သားအမိနှစ်ယောက် ဒိုးတူပေါင်းဖက် လုပ်စားကြရန် အကြံပေး တားမြစ်ကြလေ၏။
ဆွေမျိုးထဲမှ လူကြီးတယောက်က …
” မသကာ ၂ဧက ရောင်းပေါ့၊ ကျန်တဲ့ လယ်တဧကနဲ့ စိုက်ပါလေ့အေ။ နင်တို့လည်း သားအမိနှစ်ယောက်ရှိတာ။လောက်ငမှာပါ။ အဲ့ဒီလယ်တွေက လူတိုင်း လိုချင်နေကြတာ၊ ငါတို့တော့ မရောင်းစေချင်ပါဘူး ”
သို့သော် တားနေသည့်ကြားက အတိုးအရင်းပေါင်း၍ မစိန်စိန်ထံ မတန်ရေတန်ရေနဲ့ ထိုးရောင်းခဲ့ရသည်။ တကယ်တော့ ဒေါ်ငွေရခမျာ အမ်းငွေ အနည်းငယ်သာ ရရှာ၏။
မစိန်စိန်က အဲ့သည်တုန်းက ဤသို့ စကားတွေ ရွှန်းရွှန်းဝေအောင် ပြောခဲ့သည်။
” ဒေါ်ငွေရလည်း အဆင်ပြေသွားအောင်ဆိုပြီး ကျွန်မက တိုက်တွန်းတာပါ။ ဇွတ်အတင်း မရောင်းခိုင်းပါဘူး။ တလ တလ ကျွန်မကို ဒေါ်ငွေရ အတိုးပေးနေရတာလည်း သက်သာအောင်၊ ငွေလုံးငွေရင်းလေးလည်း ပေါ်သွားအောင် အပြီးသာ ရောင်းလိုက်ပါလား ဒေါ်ငွေရရယ်။ ဒေါ်ငွေရ အခုလို လတိုင်း စိတ်မောနေရတာ ကျွန်မ မကြည့်ရက်ဘူး။ ကိုယ့်အဒေါ်အရင်းလို ဖြစ်နေပြီမဟုတ်လား။ကျွန်မက ကျွန်မဆီ ပေါင်ထားတယ်ဆိုပြီး ဈေးနှိမ် မဝယ်ပါဘူး ဒေါ်ငွေရရယ်။ ကာလပေါက်ဈေး ဒေါ်ငွေရ စုံစမ်းပေါ့ ။ ပြီးတော့ သင့်ရာသင့်ကြေး ဖြတ်ပြီး ကျွန်မ ယူပါ့မယ်၊ တယောက်နဲ့တယောက် ဆွေမျိုးရင်းချာတွေလို ဖြစ်နေကြပြီပဲရှင်၊ ကျွန်မက ဒေါ်ငွေရတို့အပေါ် နစ်နာအောင် လုပ်ပါ့မလား၊ နောက်လည်း ဒေါ်ငွေရတို့ လိုတာရှိ လာပြောနော်၊ အားနာစရာ မလိုဘူး ”
မစိန်စိန်တို့က အဲ့သလို။ သူ လိုအပ်တာရှိတုန်းတော့ ရွှန်းရွှန်းဝေလို့ ။ယခု ဒေါ်ငွေရ စီးပွားကျပြီး ဆင်းရဲချိန် ကျမှ ဒီစကားမျိုး ပြောထွက်ရက်သည်။
ပြောရမယ်ဆိုရင် ရွာမှာက
ဦးသိန်းမောင် လယ်မြေက မြေခံယာခံကောင်း၏။
စိုက်သမျှ ဖြစ်ထွန်းသည်ဟု နာမည်ကြီး၏။ တခြား လယ်နဲ့မတူ။ သီးနှံ ပိုထွက်၏။
တကယ်လည်း စိုက်သမျှ သီးနှံ အောင်မြင်သည်။ ဒါကြောင့် ကိုသန်းဌေးက ဦးသိန်းမောင်ရဲ့ လယ်၃ဧကကို မျက်စိကျနေတာ ကြာပြီလေ။
သူ့မိန်းမကို ဖွင့်ဟတိုင်ပင်ပြီး ထိုလယ်၃ဧကကို သူတို့လင်မယားက လက်ရောက်ရယူကြရန် တိုက်တွန်းတော့တာပေါ့။
နောက်ဆုံး၌ နူရာဝဲစွဲ၊ လဲကျသူ ကူထောင်းခံရသကဲ့သို့ ငွေကြေးကြပ်တည်းနေတဲ့ ဒေါ်ငွေရက ၊ သူ့သား ဆန်းထူးကလည်း လယ်ယာခွင် မဝင်ချင်သည့်အဆုံး ထိုလယ်၃ဧကကို မစိန်စိန်ထံ ထိုးပေးလိုက်ရ၏။
ကာလတန်ကြေး ပေးမည်ဟု စကားလှအောင် ပြောခဲ့ဖူးတဲ့ မစိန်စိန်က တကယ်တန်း လယ်မြေတန်ဘိုးအား ခုနှိမ် ပေးချေတော့၊ ဒေါ်ငွေရခမျာ ဘာမှ သိပ်မရလိုက်ချေ။
ငွေရှင်ဖြစ်တဲ့ မစိန်စိန်ကို ဒေါ်ငွေရခမျာ ပြောဖို့ အင်အားမရှိတာလား၊ မပြောချင်တော့လား မသိ။
ဒေါ်ငွေရ မစိန်စိန်ပေးသော ငွေအနည်းငယ်ဖြင့် ကျေနပ်လိုက်ရရှာ၏။
ထိုလယ်၃ဧကကို မစိန်စိန်တို့လင်မယား ရပြီဆိုကတည်းက စီးပွားရေးက ဒီရေအလား တိုးပွားလာခဲ့သည်မဟုတ်လား။
သီးနှံ အထွက်ကောင်းတော့ ဝင်ငွေကောင်း၏။
ဒီကြားထဲ ကိုသန်းဌေးက တရုတ်ဖက်စပ်ကုမ္ပဏီတခုနှင့် ပေါင်းကာ၊ သခွါးမွှေးမျိုးသစ်ကို စွန့်ဦး စိုက်ပျိုးခဲ့သည်။
သခွါးမျိူးသစ်က အောင်မြင်တော့ တရာသီတည်းနှင့် သိန်း၅၀ကျော် အသားတင် အမြတ်ကျန်ခဲ့၏။
သခွါးမျိုးသစ် စိုက်ပျိုးသည့်မြေက ဒေါ်ငွေရ အပေါင်ဆုံးခဲ့သော လယ်မြေ ၃ဧက။
ထို့ကြောင့် မစိန်စိန် လက်မထောင်နိုင်ခဲ့တာ ဒေါ်ငွေရ လယ်၃ဧကကြောင့်ဆိုရင် မှားမည်မထင်။
ဒေါ်ငွေရမျက်နှာက ညိုးကျသွား၏။ သို့ပေမယ့် လေပြေလေးထိုး တောင်းပန်ရှာသည်။
” တပြည် မရောင်းချင်လည်း နို့ဆီဘူး ၄လုံးလောက်တော့ ရောင်းပါအေ။ အဖိတ်နေ့ ညနေ ဆန်းထူး ပြန်ရောက်ရောက်ချင်း ငါ လာဆပ်ပါ့မယ်။ အိမ်မှာ ချက်စရာဆန်ကို တစေ့မှ မရှိတော့လို့ပါ စိန်စိန်ရယ် ။ နော် စိန်စိန် … လူရင်းတွေပဲဟယ် လုပ်ပါ ”
မစိန်စိန်က မျက်နှာ ရှစ်ခေါက်ချိုးဖြင့် …
” မပေးနိုင်ဘူး ဒေါ်ငွေရ။ ကျွန်မ စီးပွားရေး လုပ်နေတာ။ အားနာနေလို့ မဖြစ်တော့ဘူး ။ ကျွန်မ အပြတ်ပြောလိုက်မယ်။ အရင်အကြွေး တသောင်းငါးထောင် လာဆပ်ရင် ပေးမယ်။ မဆပ်လို့ကတော့ ထပ်ပြီး မပေးနိုင်ဘူး။ တခြားဆိုင်သာ သွားပြီး အကြွေးဝယ်ချေ။ ကဲ့ သွား သွား ဒေါ်ငွေရ ၊ ကျွန်မ စာရင်းလုပ်နေတာ ခေါင်းရှုပ်တယ် သွားတော့ ”
ဒီလိုအထိ အနှင်ခံရမယ်လို့ ဒေါ်ငွေရက ထင်ထားဟန် မတူဘူး။
မစိန်စိန်က အဲ့သလို လေသံမာမာနဲ့ နှင်လွှတ်တော့ ဒေါ်ငွေရ ဝမ်းနည်းသွားသည်။ ပြီးတော့ မစိန်စိန်ကို ခပ်စူးစူး တချက်ကြည့်ပြီး ၊ လက်ညှိုး ငေါက်ငေါက်ထိုးကာ
” အော် … ဒီလူနဲ့ ဒီလူ အဲ့သလောက် ပြောဖို့ လိုသလား စိန်စိန်။
ဒီမှာ စိန်စိန် နင့်အကြွေးကို ငါ သေရာပါအောင် မယူပါဘူးဟဲ့။ ငါ့သားလာရင် ဆက်ဆက် ပြန်ဆပ်မှာပါ ။
အေး နင့်အကြွေးကို ငါဆပ်ပြီးရင်၊ ငါ့အကြွေးကို နင် ကြေအောင် ဆပ်ဖို့ ပြင်ထားဟေ့ ”
ဒေါ်ငွေရဟာ ထိုသို့ပြောအပြီး၊ မြေပြင်ပေါ်ကို ခြေဆောင့်၊ ထွီခနဲ့ တံတွေးတချက် မဲ့ကာရွဲ့ကာ ထွေးလိုက်၏။ ပြီးလျင် နောက်သို့ လုံးဝ လှည့်မကြည့်ပဲ ထွက်သွားလေ၏။
________
အခန်း၃။
” မုန့်လက်ဆောင်း နံကထီး ”
ဆွဲဆွဲငင်ငင် အော်လိုက်တဲ့ မစန်းဦးရဲ့အသံကြားရင် နေ့လယ် ၁၀နာရီကျော်ပြီဆိုတာ တရွာလုံးက သိကြ၏။
ဒီအချိန် ကလေးတွေ ဆော့ကစားနေကြတဲ့အချိန်၊ မစန်းဦးအသံကြားတာနဲ့ အမေတွေဆီ တန်းပြေးကြတော့တာပဲ။
ပြီးရင် တယောက်တကျပ်ကိုင်ပြီး မစန်းဦးရဲ့ မုန့်လက်ဆောင်း အိုးချရာ ကုက္ကိုပင်အောက်မှာ ဝိုင်းအုံလာကြသည်။
အုန်းခြစ်ဖွေးဖွေး အပေါ်ယံက ဖြူးထားတဲ့ ကောက်ညှင်းနဲ့ မုန့်လက်ဆောင်းဖတ်ကို ထန်းညက်(လျက်)ရေ အညိုရောင် အေးအေးလေးနဲ့ အားပါးတရ သောက်ကြ၏။
မစန်းဦးရဲ့ မုန့်လက်ဆောင်းအချိုရည်က တပေါင်းအပူပင် ငြိမ်းလျော့ထင်ရ၏။
တပေါင်းလဆန်းဆိုတာ နေ့ပူညချမ်းမဟုတ်လား။ နေ့လယ်နေ့ခင်း ဒီအရပ်က ပူ၏။ ပူတော့ ဒီလို မုန့်လက်ဆောင်းအေးအေးလေးကို ကလေးများက အလွန်နှစ်ခြိုက်၏။ ငွေတကျပ်နှင့် ဝမ်းအဆာလည်း ပြေသည်လေ။
မစန်းဦးကတော့ ဝယ်သူလာသမျှ မုန့်ပြင်ပေးပြီးရင်၊ ပြောင်းဖူးဖက်ကို မီးညှိပြီး ဖွာတော့တာပဲ။ ဆေးလေး တဖွာနှစ်ဖွာလောက် ဖွာလိုက်ရမှ သူ့ခမျာလည်း အမောပြေဟန်တူ၏။
သစ်စေးသုတ် ဗျတ်ပေါ်မှာ၊ မြေအိုးပြောင်ကို အဝတ်ပတ်ပြီး ရွက်လာရတာ မောရှာမပေါ့။ ဗျတ်ပေါ်မှာက ထန်ညက်ရည်အိုးအပြင် အုန်းခြစ်၊ မုန့်လက်ဆောင်းဖတ်၊ အုန်းနို့၊ ကောက်ညှင်းနဲ့ နှမ်းထောင်းကလည်း ပါသေး။ လေးလံရှာမည်။
မစန်းဦးဆီကို ကလေးတွေတင် ဝိုင်းအုံလာကြတာမဟုတ်ဘူး။ သူနဲ့ ပါတနာကျတဲ့ မိန်းမအချို့လည်း ရောက်လာပြီး စကားစမြည် ပြောကြ၏။
” ဟဲ့ အေးတင့် ၊ မစိန်စိန် ကုန်စုံဆိုင် သူခိုးဖေါက်ခံရလို့ဆို ၊ နင် ကြားထားပြီးပြီလား”
မစန်းဦးက လှမ်းမေးလိုက်တော့၊ အေးတင့်ဆိုသူက …
” အေးတော့ … တလောလေးကပဲ သူ့လင် ကိုသန်းဌေး မြို့ကအပြန် ထော်လာဂျီ မှောက်တာ ဘာကြာသေးတုန်း ၊ အခု ကုန်စုံဆိုင်ကို အဖေါက်ခံရပြန်ပြီ ။ ဒီမိန်းမတော့ အကုသိုလ်တွေ ဖိစီးနေတယ်နဲ့ တူပါရဲ့၊ မေတ္တာတွေ စူးကုန်ပြီလေ ”
တလောလေးက ကိုသန်းဌေး တံတားဦးမြို့သို့ လယ်ယာသုံး ဆေးဝါးနှင့် လိုအပ်သော စက်ပစ္စည်း အချို့ သွားဝယ်၏။ မြို့ကအပြန် စကားအင်း ကုန်းအမော့မှာ ဝိတ်နဲ့ကားနဲ့ မမျှ၍ လန်ကျကာ ကားမှောက်သွားခဲ့သည်။ ထိုစဥ်ကလည်း သိန်းဆယ်ချီ ဆုံးရှုံးခဲ့သည်ကို ပြောနေကြ၏။
” အေးနော် စိန်စိန်တို့က ပိုက်ဆံချမ်းသာလာတော့ လူချင်းတွေ့ရင် အထက်စီးက သိပ်ပြောတာအေ့။ သူ့ကြွေး မကင်းသူကတော့ သည်းခံကြမပေါ့ ။ တို့ကတော့ နေသာသပါ့ လေညာကပဲဟေ့ ၊ သူနဲ့ ခပ်ကင်းကင်းပဲ၊ ဂရုမစိုက်ပေါင် ”
” ဟုတ်ပါရဲ့အေ … ညည်းတို့လည်း ကြားကြမှာပါ။ ကိုယ့်ကျေးဇူးရှင်ကိုတောင် အကြွေး မပေးလို့ အိမ်ရိပ်လာမနင်းနဲ့လို့ နှင်သတဲ့ ။ ဒီမိန်းမ အောက်ခြေလွတ်နေတာများ ပြော မပြောချင်ပေါင်။ ငါဖြင့် အဲ့ဒီသတင်း ကြားတော့ ဒေါ်ငွေရကြီး သနားလိုက်တာ ”
” အစ်မစန်းဦးကလည်း ဒေါ်ငွေရက ရိုးရိုးကုပ်ကုပ် နေတတ်လို့နော် ၊ အရင်က ပညာသည်လို့ ပြောသံကြားဖူးတယ်။ ဦးလေး ဦးသိန်းမောင်နဲ့ ညားတော့မှ ဒေါ်ငွေရက သူ့ပညာတွေကို စကားအင်းမယ်တော်ကြီးဆီ လှုလိုက်တာတဲ့ ”
မစန်းဦးက …
” အေး … ငါလည်းကြားဖူးတယ်။ ဦးသိန်းမောင်နဲ့ မညားခင် ဒေါ်ငွေရ အပျိုဘဝကဆို သိပ်ထက်တာတဲ့။ ပညာသည်အချင်းချင်းတောင် သူ့ကို ကြောက်ရသတဲ့အေ့။
နောက်တော့ ဦးသိန်းမောင်ကို ချစ်လို့ သူ့ပညာတွေ အကုန် လှုလိုက်တယ်ဆိုပဲ။ ဒေါ်ငွေရကများ စိန်စိန်တို့ကို ကျိန်စာတိုက်လိုက်သလားပဲနော် ”
” အံမယ်လေး အစ်မစန်းဦးရယ်၊ ကြမ်းကြားလေကြား အစ်မမို့ ပြောထွက်ရဲတယ်။ မရှိ ခိုးနိုး၊ မလှ စုန်းရိုး ဖြစ်နေပါပြီ။ ဂျီးဒေါ်ငွေရက အဲ့သလို လုပ်မယ် မထင်ပါဘူး။ ပညာကုန် လှုထားတယ်မဟုတ်လား ။ အထင်နဲ့တော့ မရိုးစွပ်စေချင်ပါဘူးတော် ”
” ဟဲ့ ပညာသည်ဆိုတာ အစွယ်ချိုးခံရတောင် မာန်က ကျန်နေတုန်းအေ့ ။ မလုပ်ဘူးလို့ ညည်း အတတ်ပြောရဲလား။ အိုအေ ငါဖြင့် ဒေါ်ငွေရက လုပ်တယ်ဆိုရင်တောင် လက်ခုပ်တီး အားပေးလိုက်ချင်သေး။ ဘယ့့်နှယ်တော် … ဒင်းးတို့လင်မယားက ရွာထဲမှာ တထောင်ထောင်နဲ့ ။ မျက်စေ့ စပါးမွှေးစူးလှတယ် ။ ကျေးဇူးရှင်ကို စော်ကားမှတော့ ဒင်းးတို့ ခုလိုဖြစ်တာ နည်းတောင် နည်းသေး”
ရွာထဲက မစိန်စိန်တို့လင်မယား အခုလို ဖြစ်တာကို ကြိတ်ပြီး ကျေနပ်နေကြသူတွေလည်း ရှိကြသည်။ သနားကြသူတွေလည်း ရှိကြသည်။
ခက်တာက မစိန်စိန်။ အခုလို ဖြစ်တာတောင် သူက မာန်မချသေး။ ပတ်ဝန်းကျင်ကို အပြစ်တင်နေပြန်၏။
” သူခိုး ခိုးလို့ စိန်စိန်တို့ စီးပွားပျက်မယ် ထင်နေကြသူတွေ ၊ ကြိတ်ပြီး ဝမ်းသာနေကြသူတွေ သိအောင် ပြောလိုက်အုံးမယ် ။
စိန်စိန်တို့က ဒီလောက်နဲ့တော့ သွေးမပျက်ဘူးဟေ့။ ရဲကို ပိုက်ဆံပေးပြီးကို သူခိုး အဖမ်းခိုင်းအုံးမှာ ။ ကားမှောက်တာလည်း ကားသမား သောက်သုံးမကျျလို့ မှောက်တာ။ ဘာဖြစ်လဲ၊ ငါ့ယောက်ကျား ဘာမှ မဖြစ်ရင် ပြီးရော၊ ပစ္စည်းဆိုတာ လူမသေသ၍ ပြန်ရှာလို့ ရသဟေ့နော်။ ငါတို့ ချမ်းသာတာကို မနာလိုာလိုပြီး ကွယ်ရာမှာ သောက်တင်းတုပ်နေတဲ့ ဟာမတွေ နင်တို့ ဆက်ပြီး မနာလိုဖြစ်ရအောင် ငါက ဒီထက် ပိုချမ်းသာပြအုံးမှာဟေ့ ၊ ချမ်းသာအုံးမှာ ”
အဲ့သလိုပြောပြီး၊ မစိန်စိန်က လက်ကောက်တွေ တတောင်ဆစ်လောက်အထိ ဝတ်ပြ၊ ၅ကျပ်သား ရွှေဆွဲကြိုးကြီး ဆွဲပြနဲ့ ။ ရွာထဲကိုတောင် လည်ပြလိုက်သေး။
ကိုသန်းဌေးကတော့ ကားမှောက်တုန်းက ပွန်းပဲ့ ဒဏ်ရာလောက်ပဲ ရတာဆိုတော့ ၊ ယာထဲကိုင်းထဲ ဆင်းနေ၏။
ကားကတော့ ဘော်ဒီရုံ ပို့ထားရသည်ည်။ အတော်လေး ပျက်စီးသွား၏။ သိန်း၂၀ကျော်ဘိုးလောက် ပြုပြင်ရမည်ဟုဆို၏။
မစိန်စိန်က အဲ့သလိုတွေသာ လူတွင်ကျယ်လုပ်ပြီး၊ အရွဲ့တိုက်တာ ။ လူကွယ်ရာကျ အခုတလော သူတို့ ဆုံးရှုံးရတာ များသမို့ ၊ ကူရာကယ်ရာ ရှာရလေ၏။
မိန်းမတွေက အိမ်စိးပွားရေး ကျလာရင် နတ်တို့ ဗေဒင်တို့ အားကိုးကြသည်။ မစိန်စိန်လည်း မိန်းမပဲလေ။ အရင်က ရိုးရာတောင် မတင်ခဲ့ဖူးတဲ့ မိန်းမက အခုဆို အိမ်အပေါ်ထပ်မှာ အုန်းပွဲငှက်ပျောပွဲတွေ အပြည့်။ မိန်းမနတ်ကတော် ၊ မိန်းမလျာနတ်ကတော်တွေလည်း သူ့အိမ်မှာ ခြေချင်းလိမ်လို့။
နတ်ကတော်က … အိမ်တွင်းအဖေကြီး တင်ဟဲ့ဆို ၊ အခုချက်ချင်း အိမ်တွင်း ထတင်လေ၏။
နတ်ကတော်ဆိုတာက ခြောက်၍လည်းစား၏။မြှောက်၍လည်းစား၏။
“မယုံကြည်ရင်နေ၊ မစော်ကားနဲ့၊ နတ်ဆိုတာက ကောင်းကျိုးသာ နှောင့်နှေးရင် နှောင့်နှေးမယ်၊ဆိုးကျိုးကတော့ ဒင်းခနဲနေအောင် ပေးလွယ်တယ်။ အေး သူ့ကို ယုံကြည်ကိုးကွယ်သူကိုတော့ နတ်က စောင့်ရှောက်နိုင်သကွဲ့ ဘယ်လို စောင့်ရှောက်သလဲဆို ၊ ရှိပြီးသား စည်းစိမ်ဥစ္စာကို မလျော့ပါးရလေအောင်၊ ရှိနေတဲ့ ဥစ္စာဓနကို တိုးပွားအောင် ကူညီနိုင်တယ်ပေါ့ကွယ် ”
နတ်ကတော်ဆိုတ အဲ့သလို စကားကို ချုပ်ပြီးတုပ်ပြီး ပြောလေ့ရှိကြတာမဟုတ်လား။
ဒီတော့ မစိန်စိန်လည်း ရှိပြီးသား ဥစ္စာ မလျော့ပါးရလေအောင်၊ နတ်ကတော်နဲ့ပေါင်း၍ ၃၇မင်းသော နတ်အပေါင်းကို ဘော်ဒီဂတ် အဖြစ် အငှါး ပင့်ရတော့တာပေါ့။
တိုက်ဆိုင်တာလား။နတ်က တကယ်ပဲ မ,သလား မဆိုနိုင်ဘူး။ အဲ့ဒီနောက် မစိန်စိန်တို့ အိမ်မှာ ဘာအနှောက်အယှက်မှ မကြားရတော့ပြန်ဘူး။
သူတို့ အလှုတော်မင်္ဂလာရက်ကလည်း အတော်နီးကပ်လာပြီ ဖြစ်၏။
__________
အခန်း၄။
တရက်သား၌ မစိန်စိန်သည် သူ့သမီး အငယ်မ ၈နှစ်အရွယ် ထွေးစိန်လေးကို ခေါ်၍၊ တံတားဦးမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်ခဲ့သည်။
အလှုမှာ နီးကပ်လာပြီိမို့ အလှု့အမဖြစ်တဲ့ မစိန်စိန်ဟာ တံတားဦးမြို့က အမျိုးသမီးဝတ် အထည်ချုပ်ဆိုင်ကို မကြာခဏ သွားလေ့ ရှိ၏။
ကိုယ်တိုင်းပေးခြင်း၊ လိုချင်သည့် ပုံစံပြသခြင်း၊ အလှုဝင်ရက်၊ အလှုကြီးနေ့၊ မယ်ခံနေ့ စသည့် ၃ရက်အတွင်း ဝတ်မည့် အထည်တို့ကို သူ့အတွက်ရော သမီးငယ်အတွက်ပါ အလှပဆုံးဖြစ်အောင် ချုပ်နေခြင်း ဖြစ်သည်။
မစိန်စိန် စီးလာသော ဆိုင်ကယ်မှာ တရုတ် ဂျားလင်း စူပါကပ် ဖြစ်သည်။
အသွားတုန်းက ဆိုင်ကယ်က ဟုတ်တုတ်တုတ်။ မြို့ပေါ် ဈေးဝယ်စဥ်ကလည်း အကောင်း။နေ့လယ် နာရီပြန် ၂ချက်ထိုးတော့ ဈေးဝယ်ပြီးလေပြီ။
၂နာခွဲလောက်မှာ စက်ချုပ်ဆိုင်မှာ အလှုအဝင်အတွက်ဝတ်မည့် အင်္ကျီစ ဝင်အပ်ပြီး ပြန်အထွက်မှာ ဆိုင်ကယ်က လုံးဝ စက်မနိုးတော့ချေ။
ဒါနဲ့ အနီးအနားက ဆိုင်ကယ်ဝပ်ရှော့ကို တွန်းသွားပြီး ပြင်ရသည်ည်။ ဝပ်ရှော့ဆရာက ဟိုနှိုက်ဒီနှိုက် လုပ်ပြီး နှိုးကြည့်သည်။ ဆိုင်ကယ်က ဖွတ်ချပ်ဖွတ်ချပ်နဲ့ နိုးလို စက်သေသွားလိုက် ဖြစ်နေ၏။
” အစ်မ ပလပ်လဲရမယ်၊ ကာဘရိုက်တာ ဂျီးဆေးရမယ်။ အဲ့ဒါမှ မရရင်တော့ ဝါယာရိမ်းဆရာ ပြကြည့်မှ ရမယ်နော် ၊ နည်းနည်းတော့ ကြာမယ်ခမျ ၊ ထိုင်စောင့်ပါအုံး”
ကိုယ်မှ မပြင်တတ်တာ။ စီးပဲ စီးတတ်တာလေ။ အဲ့ဒီတော့ ဝပ်ရှော့ဆရာလေး ပြောသလို ထိုင်စောင့်နေရုံပဲ ရှိတော့တာပေါ့။
ယောက်ကျားကိုတော့ ဖုန်းဆက်ထားလိုက်သည်။ ဆိုင်ကယ်ပြင်နေ၍ နည်းနည်းနောက်ကျမည်ဟု။
ဝပ်ရှော့ဆရာ ခန့်မှန်းသလိုပါပဲ။ သူနဲ့တင် မပြီး၊ ဝါယာရိမ်းဆရာ ခေါ်ပြတော့ မီးထုပ်ဆိုလား ဘာလား လဲရမည်တဲ့။ ဒါနဲ့ တခါ သံလိုက်အုံဘက်ခြမ်းကို ဖွင့်ပြီး၊ မီးထုပ်ဆိုတာကို လဲရပြန်၏။ အချိန်က တနာရီပြီး တနာရီ ကြာသွားသည်။ အားလုံး ပြင်ပြီးသွားတော့ ညနေ ၅နာရီ ထိုးသွားပြီ။
ရွာရောက်ဖို့ဆို နာရီဝက် ၄၅မိနစ်လောက် မောင်းရဦးမည်။ သို့ဖြင့် မစိန်စိန်တို့သားအမိသည် ဝပ်ရှော့လက်ခ ရှင်း၍ ခပ်မြန်မြန် မောင်းခဲ့သည်။
ဆောင်းဝင်ပြီဆိုတော့ နေကျမြန်၏။ ရွာ မရောက်ခင်မှာ မှောင်လေပြီ။ မှောင်ပေမယ့်ကြောက်စရာတော့ မရှိပါ။ ဒီလမ်းဒီခရီးက သွားနေကျ လာနေကျ လမ်းတွေပဲ မဟုတ်လား။
ဆိုင်ကယ်မောင်းနေရင်း၊ နောက်ကယ်ရီယာမှာ ခွထိုင် လိုက်ပါလာတဲ့ သမီးငယ်ကိုလည်း …
” သမီး အထွေးလေး… အိပ်ငိုက်မနေနဲ့အုံးနော် ။ရှေ့က လိုက်ပါဆိုလည်း မလိုက်ဘူး။ လိမ့်မကျအောင် အမေ့ခါးကို ဖက်ထားနော် ”
လမ်းမှာ ထိုသို့ မကြာခဏ သတိပေးရ၏။ ကလေးက အိပ်ငိုက်ပြီး ပြုတ်ကျရင် အခက်။
စကားအင်း အတက်ရောက်တော့ … သတိဖြင့် မောင်းရ၏။ ဒီအတက်က အတန်ငယ် မတ်၏။ ဒီစကားအင်းအတက်က ကိုသန်းဌေး ကားမှောက်သည့် နေရာ။
ရွာနှင့် တံတားဦး-မြို့သာကားလမ်းမကို စကားအင်းကန်ဘောင်လမ်းမှ ဖြတ်ရ၏။ စကားအင်းသည် အတော်အတန် ကြီးသော ရေဝင်အင်းကြီးဖြစ်၏။ အင်းပတ်လည်တွင် တာဘောင်ဖို့ထားသည်။ ထိုအင်းအမည်ကို အစွဲပြု၍ သူတို့ရွာအမည်ကို စကားအင်းရွာဟု ခေါ်ကြခြင်း ဖြစ်သည်။
စကားအင်းကား ပုဂံခေတ် အနော်ရထာမင်းလက်ထက်ကပင် ဆယ်ခဲ့သော အင်းကြီးဖြစ်သည်။
ရှေးယခင်က ဤဒေသ အနီးတဝိုက် သောက်ရေသုံးရေ ဖူလုံအောင် စနစ်တကျ ဆယ်ခဲ့ခြင်း ဖြစ်မည်။ ဤဒေသသည် ပုဂံခေတ်က ပြည့်စပါးကျီဖြစ်၏။ လယ်တွင်းကိုးခရိုင်ဟု သတ်မှတ်ခေါ်ဆိုကြသည်။
စကားအင်းအစပ်၌ သစ်သားဖြင့် ဆောက်လုပ်ထားသော စကားအင်းမယ်တော်ကြီး နတ်နန်း ရှိသည်။ အနီးနားတဝိုက် ရွာများက ကိုးစားကြသည်။
ကန်ဘောင်တွင် စီသွယ်တန်း၍ စိုက်ထားသော ခရေပင်များ ရှိသည်။ အချို့မှာ အတော်ပင် ကြီးနေကြလေပြီ။
မစိန်စိန် ဆိုင်ကယ်ရှေ့မီးကို ထွန်း၍ ခပ်ဖြေးဖြေး မောင်းလာခဲ့သည်။
ခရေပင်အထက်မှ ငှက်အချို့သည် အုပ်လိုက် ထပျံသွားကြသည်။ ရုတ်တရက်ကြီးဆိုတော့ အတောင်ခတ်သံ တဖျောင်းဖျောင်းက မစိန်စိန်အတွက် ရင်ဖိုစရာကောင်းလှသည်။ မစိန်စိန်ခမျာ မော်၍ပင် ကြည့်လိုက်မိသေး၏။
ခရေပင်တန်းကို ဖြတ်တော့၊
ဟင်! ဟိုးရှေ့နားက လူလား
ဆိုင်ကယ်မီးရောင်ဖြင့် မြင်ရသည်က ခရေပင် နှစ်ပင်အကြားတွင် လူတယောက်က် ငုတ်တုတ် ထိုင်နေသလိုလို …
သိပ်ပြီး မသဲကွဲချေ။ ရိုးတိုးရိပ်တိတ်သာ မြင်ရခြင်း ဖြစ်သည်။
ဒီအချိန် အင်းဘောင်ပေါ် ဘာလာလုပ်တာပါလိမ့် ။ မိုးတိုးမှောင်တောင်ထဲ တယောက်တည်း ငုတ်တုတ်ကြီး …
စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားပြီး ဆိုင်ကယ် ဘရိတ်ကို နင်းလိုက်၍ ခေတ္တ ရပ်တန့်လိုက်သည်။ ငုတ်တုတ်ထိုင်နေသူက ထိုင်နေမြဲပင်။
ဆိုင်ကယ် ရပ်လိုက်သဖြင့်အနောက်က ထွေးစိန်လေးက …
” မေမေ ဘာလို့ ရပ်လိုက်တာလဲ။ သမီး ဗိုက်ဆာလှပြီ။ အိမ်ကို မြန်မြန်မောင်းပါ ”
” အော် … အေးအေး သမီး၊ သွားကြတာပေါ့ ”
-အို သူ့ဖာသူ ငုတ်တုတ်ပဲထိုင်ထိုင်၊ ခြေဆင်းပဲ ထိုင်ထိုင် ငါနဲ့ ဘာဆိုင်တာမှတ်လို့၊ ကိုယ့်လမ်းကိုယ် ဆက်သွားတာပဲ ကောင်းပါတယ်ဟု မစိန်စိန်က တွေးလိုက်မိဟန်တူ၏။
ဆိုင်ကယ်ကို လီဗာတင်၍ စထွက်လိုက်သည်။ ထိုအခါ မီးရောင်ဖြင့် မြင်နေရသော ငုတ်တုတ်ကြီးသည် မတ်တတ်ထလာ၏။
ထိုအခါမှ မိန်းမကြီးတယောက်မှန်း မစိန်စိန် သတိထားမိသွားသည်။ထိုမိန်းမသည် မစိန်စိန်အား ကျောပေး၍ ရွာဘက်သို့ ဦးတည် လျှောက်သွားနေ၏။
မကြာခင် မစိန်စိန်သည် ထိုမိန်းမကြီးအနီးသို့ ရောက်လာ၏။ မိန်းမကြီးသည် တချက်မျှ နောက်လှည့်မကြည့်။ သူ့လမ်းကိုသာ တွင်တွင် လျှောက်နေပါသည်။ထိုမိန်းမကြီးကို ဖြတ်အကျော်တွင် …
” ဖွီး ! နံလိုက်တာ …
ဘာအနံ့ကြီးလဲ ”
သိသိသာသာ မစိန်စိန်၏ နှာခေါင်းထဲ အပုပ်နံ့ကြီးက ဝင်လာ၏။ ဆိုင်ကယ်နောက်က အထွေးလေးကပင် …
” အော့ … မေမေ ဘာနံ့ကြီးလဲ ၊ နံ့လိုက်တာ ” ဟု အသံထွက်လာလေ၏။
မစိန်စိန် မသိလိုက်မသိဖာသာဖြင့် ထိုမိန်းမကြီးကို ငဲ့စောင်းကြည့်လိုက်သည်။
မစိန်စိန် စိတ်ထဲက ထိတ်လန့်စွာ ရေရွတ်လိုက်မိသည်။
” အံမယ်လေး ဘာကြီးလဲ ”
မိန်းမကြီးမျက်နှာမှာ ကြောက်စရာ အလွန်ကောင်းလေ၏။ အရိုးပေါ် အရေတင်ရုံ ပိန်ခြောက်ကပ်နေသည်။ ဟောက်ပက်ပက် မျက်တွင်းချိုင့်ထဲက မျက်လုံးကြီးက ပြူးကျယ်နေ၏။ အတော် ရုပ်ဆိုးလေ၏။
ဤမျှ ပိန်လှီခြောက်ကပ်လှသော ၊ အရေပြားပေါ် ဇရာ အရေးအကြောင်းများစွာ တွန့်လိမ်ရှုပ်ထွေးနေသော မိန်းမကြီးကို တခါမျှ မမြင်ဖူးခဲ့ချေ။
ဆိုင်ကယ်ကို ဖြည်းဖြည်းမောင်းရင်းနဲ့ အဲ့ဒီမိန်းမကို ကျော်သွားရော၊ အနောက်က ထိုင်လိုက်လာတဲ့ အထွေးလေးထံမှ စူးစူးဝါးဝါး အော်ဟစ်လိုက်သံ ကြားလိုက်ရလေ၏။
” အမေရေ ! ကယ်ပါအုံး ”
မစိန်စိန် ဆိုင်ကယ်ကို ကမန်းကတန်း ရပ်ပစ်လိုက်ရသည်။ မရပ်လို့ မဖြစ်။ သူ့သမီးကို ထိုမိန်းမကြီးက ဆိုင်ကယ်ပေါ်က အတင်းဆွဲချလိုက်တာ ခံလိုက်ရသည်မဟုတ်လား။
ဆိုင်ကယ်ပေါ်က ဆင်းဆင်းချင်း သားသမီးဇောနဲ့ မစိန်စိန်က ရန်တွေ့အော်ဟစ်လိုက်သည်။
” ရှင် ရှင် … ဒါ ဘာလုပ်တာလဲ ၊ ကျမသမီးကို အခု ချက်ချင်းလွှတ်စမ်း ”
အထွေးလေး ဆံပင်စုစည်းကို ထိုမိန်းမကြီးက လက်တဖက်နှင့် ကိုင်လျက် တရွတ်တိုက် ဆွဲခေါ်နေ၏။
အထွေးလေးမှာ နာကျင်လွန်း၍ ‘အမေ ရေ အမေရေ’ဟု အော်ဟစ် အကူအညီ တောင်းခံရင်း ငိုနေရှာသည်။
မစိန်စိန် ထိုမိန်းမကြီးထံ ပြေးသွားပြီး ၎င်း၏လက်ကို အတင်း ဖမ်းဆွဲယူလိုက်သည်။
သူမလက်ထဲ ပိန်လှီသေးကွေးသော လက်ချောင်းကို မိမိရရ ဆုပ်ကိုင်မိသွားသည်။ ဆံပင်ပေါ်ကနေ အတင်းဆွဲဖယ်၏။ သို့သော် ထိုမျှ ပိန်လှီလှသော လက်ချောင်းသည် မြဲမြံလှ၏။ အထွေးလေး ဆံပင်ကို လွှတ်မပေးချေ။
” ရှင် ဘယ်သူလဲ ! ဘာကိစ္စ ကျမ သမီးကို ခုလို လုပ်ရတာလဲ ”
ထိုမိန်းမကြီးသည် မစိန်စိန်အား စူးစူးစားစား ကြည့်ရင်း
” နင့်ကို မုန်းလို့ ” ဟု တခွန်းတည်း ပြန်ဖြေ၏။ သူမနှင့် တခါမျှလည်း မြင်ဖူးတွေ့ဖူးခြင်း မရှိသော မိန်းမကြီးက မုန်းတီးသည်ဆိုသောကြောင့် မစိန်စိန် အံဩသွား၏။
သို့ဖြင့် အထွေးလေး ဆံပင်စုစည်းအား လွှတ်မပေးသော ထိုမိန်းမကြီး၏ လက်ကို မစိန်စိန်သည် ကုန်း၍ ကိုက်တော့လေ၏။
မစိန်စိန် ကိုက်လိုက်သည်ကတော့ မိန်းမကြီး၏လက်ပင်၊ သို့သော် …
” အံမယ်လေး နာလိုက်တာ အမေရဲ့ ၊ သေပါပြီတော့ ”
အော်လိုက်သည့်အသံက မိန်းမကြီးထံမှ ထွက်လာခြင်း မဟုတ်။ မစိန်စိန်၏ သမီးငယ် အထွေးလေးထံမှ နာကျင်စွာ ထွက်လာခြင်း ဖြစ်သည်။
မစိန်စိန် ကိုက်နေရာမှ လွှတ်ပေးလိုက်သည်။ သို့သော် သူမ ပါးစပ်ထဲ ဆံပင်အချို့ ပါလာ၏။ သူ ကိုက်နေသည်မှာ မိန်းမကြီး၏ လက်ဖျံမဟုတ်။ အထွေးလေး၏ ဦးခေါင်း ဖြစ်နေသည်။
မိန်းမကြီးသည် မည်သို့သော ပညာဖြင့် သူမအား လှည့်စားလိုက်သည်မသိ။
အထွေးလေး ဦးခေါင်းမှာ အကွင်းလိုက် အရာကြီးဖြင့် သွေးစို့သွား၏။ အထွေးလေးသည် နာကျင်လွန်း၍ တဟီးဟီးဖြင့် ငိုနေရှာ၏။
မစိန်စိန် မိန်းမကြီးကို တအံတဩ မော့ကြည့်လိုက်သည်။သူ အခုတွေ့နေရသည့် မိန်းမကြီးသည် သာမန်လူမဟုတ်မှန်း သိသွားဟန်တူ၏။ ကြောက်ရွံထိတ်လန့်စွာ အထွေးလေးကို ပွေ့ဖက်ထားလိုက်မိသည်။
မိန်းမကြီးသည် မစိန်စိန်အား လှောင်ရယ်ဟန်ဖြင့် …
” နင့်ကို နင့်အိမ်မှာ လုပ်မရရင်၊ အပြင်မှာ လုပ်မဟေ့ ၊ အခု နင် ဘာတတ်နိုင်သေးလဲ၊ ဟီးဟီးဟစ်ဟစ်ဟီးဟီး ”
ထိုမိန်းမကြီးသည် သဘောကျစွာ ရယ်မောအပြီး ၊ မစိန်စိန်ထံ တိုးကပ်လာ၏။ မစိန်စိန် ပါးစပ်က အော်ဟစ်လိုက်သည်။
” ရှင် ကျမကို လုပ်ချင်သလို လုပ်ပါ။ ကျမ သမီးလေးကိုတော့ ချမ်းသာပေးပါရှင် ”
” ဟဲ့ အခုမှ နင့်ပါးစပ်က တောင်းပန်သံ ထွက်လာတာပါလား ၊ ညည်းက တောင်းပန်တတ်သားပဲကိုး။ ဒီမှာဟေ့ ချဥ်သီးပင်ကတော့ ချဥ်သီးပဲ သီးတော့မပေါ့ ။ ဘယ် အချိုသီး ရချင်လို့ ဖြစ်ပါ့မတုန်း။ နင့်သမီးလည်း နင့်လိုပဲ နေမှာ။ ရုပ်ကလေး သနားကမားနဲ့ နင့်လို အယုတ်တမာမလေးပဲနေမှာပါ ။ စောစောကတည်းက ရှင်းထားတာအကောင်းဆုံးပဲ ”
ထိုမိန်းမကြီးက ပါးစပ်က ဘာကို ရွတ်သည်မသိ။ မစိန်စိန် မျက်လုံးတွေက မိန်းမောနေသူပမာ။ တစုံတခုသော အရာက မစိန်စိန်၏ စိတ်ကို ညှို့ငင်ဖမ်းစားနေဟန်တူ၏။ ထိုအရာက ခိုင်းသည်ကို ပင်ကိုယ်စိတ် ထိမ်းချုပ်မှုမဲ့စွာ လှုပ်ရှားမိတော့လေ၏။
မစိန်စိန်ရဲ့ လက်နှစ်ဘက်ဟာ အထွေးလေးကိုယ်ကို ပွေ့ဖက်ထားရာမှ ၊ အထွေးလေးရဲ့ လည်မျိုဆီသို့ တရွေ့ရွေ့ တက်လာကြ၏။
မစိန်စိန် သူမလက်ကို သူမကြည့်၍ အံဩနေမိသည်။ သူမလက်သည် အခြားသူ လက်ပမာ သမီးငယ် အထွေးလေး၏ လည်မြိုကို တင်းတင်း ဆုပ်ကိုင်နေသည်မဟုတ်လား ။
အထွေးလေးကား အသက်ရှုရခက်လှဟန်တူ၏။ ခြေလက်များ အတင်းရုန်းကန်နေရှာသည်။ မျက်လုံးမှာ အဆမတန် ပြူးကျယ်လာ၏။
ထိုအခိုက် ဆိုင်ကယ်စက်သံအချို့ ကျယ်လောင်စွာ ကြားလိုက်ရသည်။ မိန်းမကြီးသည် တောက် တချက် ပြင်းစွာခေါက်၍ ခရေပင်ကြီးအောက် အမှောင်ရိပ်ထဲ ပြေးဝင် ပျောက်ကွယ်သွားလေ၏။
မစိန်စိန်ကား အထွေးလေး လည်းပင်းကို ညှစ်နေမြဲ ကျန်ရစ်ခဲ့သည်။ အထွေးလေးကား အသက်ရှု မရတော့ဟန် တူ၏ ။ သတိလစ်သွားရှာသည်။
ဆိုင်ကယ်နှစ်စီးသည် မစိန်စိန်အနီး ထိုးရပ်သွားပြီး လူတယောက်က အရင်ပြေးဆင်းလာ၏။ ထိုလူက မစိန်စိန်တို့သားအမိ ဖြစ်ပျက်နေပုံကို မြင်၍ ၊
” ဟာ စိန်စိန် နင် ငါ့သမီးကို ဘာလုပ်နေတာလဲ !
ထိုလူက ပြောလည်းပြော၊ မစိန်စိန်အား သူ့လက်ဖြင့် အားပါပါ ရိုက်ချလိုက်သည်။
” ကဲဟာ … ”
ဖျောင်း !
ဆိုင်ကယ်ပေါ်က အရင်ဦးစွာ ဆင်းလာသူက မစိန်စိန်၏ ခင်ပွန်း ၊ ကိုသန်းဌေး ဖြစ်သည်။ သူ့နောက်က လူသုံးယောက်လည်း အနီးသို့ ကူညီရန် ရောက်လာကြသည်။
ကိုသန်းဌေးက မစိန်စိန်ကို သူ၏ လက်ဖြင့် ခပ်ပြင်းပြင်း ရိုက်ထည့်လိုက်ခြင်း ဖြစ်သည်။
မစိန်စိန် လဲကျသွားသည့်အခါ ၊ ကိုသန်းဌေးသည် သမီးငယ် အထွေးလေးကို ပြေးပွေ့၏။ အထွေးလေးကား ကိုသန်းဌေး လက်ပေါ် ပျော့ခွေနေလေပြီ။ မျက်နှာမှာလည်း ဖြူဖျော့နေ၏။
မစိန်စိန်မှာ ကိုသန်းဌေးက ရိုက်လိုက်သည်ကြောင့် အသိစိတ် ကပ်သွားဟန်တူ၏။
သူမ ဘာလုပ်မိသည်ကို မမှတ်မိ။ လက်ရှိ အခြေအနေကို နားမလည်သလို ဖြစ်နေရှာသည်။
ပြူးတူးကြောင်တောင်နဲ့ အနီးက လူတွေကို လိုက်ကြည့်နေသည်။ ကိုသန်းဌေးက သမီးငယ်ကို အတင်းလှုပ်နှိုးနေတာမြင်မှ …
” ဟင်! ကျမ သမီးလေး ဘာဖြစ်တာလဲ ကိုသန်းဌေး ”
ကိုသန်းဌေးက ဒေါသဖြင့် မစိန်စိန်အား ပြန်ကြည့်ရင်း
” နင်ပဲ ငါ့သမီးကို လည်ပင်းညှစ်သတ်နေတာလေ ။ အခုမှ ဘာလို့ ရူးသလိုလို ကြောင်သလိုလို လာလုပ်နေတာလဲ။ ငါ့သမီးသာ တခုခု ဖြစ်ကြည့် နင့်ကို ငါ အရှင်မထားဘူး စိန်စိန် … ”
ကိုသန်းဌေးမှာ မိန်းမနဲ့သမီး အိမ်အပြန်နောက်ကျနေသဖြင့်၊ မိတ်ဆွေအချို့ကိုခေါ်ကာ ဆိုင်ကယ်နှစ်စီးဖြင့် လိုက်လာခြင်းဖြစ်သည်။ ဒီကိုရောက်တော့ မစိန်စိန်ကအထွေးလေးကို လည်ပင်းညှစ်နေတာကိုသာ မြင်ခြင်းဖြစ်သည်။
မစိန်စိန်က သတိရသွားဟန်ဖြင့် …
” ခုနက ကျမသမီးကို ဆွဲချသွားတဲ့ မိန်းမကြီးရော ၊ ရှင်တို့ မမြင်လိုက်ကြဘူးလား ”
ကိုသန်းဌေးက အံဩသွားဟန်တူ၏။
” ဘာ! မိန်းမကြီး ဟုတ်လား ၊ ဘယ်လိုပုံစံလဲ ၊ ငါတော့ မမြင်မိပါဘူး ”
မစိန်စိန်က ခရေပင်ကြီးကို လက်ညှိုးထိုးပြရင်း …
” မျက်နှာက အရိုးပေါ်အရေတင် ပိန်လှီလို့ ၊ မျက်တွင်းက ဟောက်ပက်နဲ့ မျက်လုံးခပ်ပြူးပြူးနဲ့ မိန်းမကြီးလေ ။ ဘာလဲ ရှင်က အဲ့ဒီမိန်းမကြီးကို သိလို့လား ”
မစိန်စိန်ရဲ့ အဲ့ဒီမေးခွန်းက ကိုသန်းဌေး အရှိုက်ကို တည့်တည့်ထိမှန်သွားသလိုပင်။
ဘာလို့လဲဆိုတော့၊ သူ ကားမမှောက်ခင် မိနစ်ပိုင်းအလိုကလည်း အဲ့ဒီမိန်းမကြီးကို မြင်တွေ့ခဲ့သည်မဟုတ်လား ။
ကိုသန်းဌေးသည် မစိန်စိန်၏ မေးခွန်းကို မဖြေတော့။ ကလေးကို ပွေ့ချီ၍ …
” လာ လာ သွားကြစို့ ။ ကလေးကို ဆေးခန်း ပြကြရအောင် ။ ကလေးက အသက်တော့ ရှုတယ်။ ဒါပေမဲ့ သတိက မလည်သေးဘူး ”
ကိုသန်းဌေး လော်ဆော်တာနဲ့၊ အားလုံးက ဆိုင်ကယ်တွေပေါ်တက်ပြီး ရွာထဲက ဒေါက်တာမောင်မောင်ရဲ့ ဆေးခန်းဆီသို့ ဒရောသောပါး တန်းမောင်းကြတော့လေ၏။
သူတို့ထွက်သွားပြီဆိုတော့မှ ခရေပင်ကြီးပေါ်က ငှက်ဆိုးထိုးသံကြီးဟာ ထိတ်လန့်ဖွယ်ရာ၊ မသတီစရာ၊ စိတ်ညစ်ညူးဖွယ်ရာ ထွက်ပေါ်လာတာကို အားလုံး ခပ်လှမ်းလှမ်းကနေ ကြားလိုက်ကြရလေ၏။
__________
အခန်း၅။
ဒေါက်တာမောင်မောင်ထံရောက်တော့ ကလေးက သတိ ပြန်ရလာသည်။ သို့ပေမဲ့ ကြောင်စီစီ ဖြစ်နေရှာ၏။ သူ့အမေကို တအား ကြောက်နေဟန်တူသည်။
အထွေးလေးသည် မစိန်စိန်ကို လုံးဝ အကပ်မခံပေ။သူ့အဖေပေါ်သာတွယ်ကပ် နေရှာ၏။ စကားလည်း တလုံးမှ ပီသစွာမဆို။ ဝူးဝူးဝါးဝါး သာ အသံထွက်၏။
” ခင်များတို့ သမီးက အတော်လေး ကြောက်နေရှာတယ်။ စိတ်လှုပ်ရှားစရာ ၊ ထိတ်လန့်စရာ မြင်တွေ့ခဲ့ရပုံပဲ ။ ဒါကြောင့် ခုလောလောဆယ်၊ သူ စကားပြောနိုင်အုံးမှာမဟုတ်ဘူး ။ တဖြည်းဖြည်းတော့ ပြန်ပြောလာနိုင်မှာပါ”
” အံမယ်လေး ကိုယ်ကျိုးတော့နည်းပါပြီဆရာရယ် ။ စကားက ဘယ်လောက်ကြာမှ ပြန်ပြောနိုင်မှာလဲ ။ ကျမတို့က မကြာခင် အလှု လှုတော့မှာ ဆရာ ”
” ဒါက တပ်အပ်တော့ မပြောနိုင်ဘူး မစိန်စိန်။ တချို့ကလေးတွေတော့ သုံးလေးရက်နေ ပြန်ပြောနိုင်ကြတယ်။ တချို့ကျလည်း တနှစ်တန်သည် ၂နှစ်တန်သည် ကြာတတ်ကြတယ်။ သူ့လည်ပင်းကို ညှစ်စဥ်က အသံထွက်တဲ့ အင်္ဂါကို ထိခိုက်သွားစေနိုင်တယ်လေ ။ စောင့်ကြည့်ပါအုံး။ ရက်ပိုင်းနဲ့ စကားမပြောလာခဲ့ရင် ဓာတ်မှန် ရိုက်ကြည့်ကြတာပေါ့ ”
သိုဖြင့် ဒေါက်တာမောင်မောင် အကြံပေးသည့်အတိုင်း ဒီရက်ပိုင်း စောင့်ကြည့်ရန်သာ တတ်နိုင်တော့၏။
ဆေးခန်းကနေ အိမ်ပြန်ရောက်တော့ ကိုသန်းဌေးက ၊
” ငါ ကားမှောက်တုန်းက ဘယ်သူ့မှ ပြောမပြခဲ့ဘူး စိန်စိန်။ ငါပြောရင် လည်းဆင်ခြေပေးတယ်လို့ပဲ ထင်မှာ။ဒါကြောင့် ငါ ဘာမှ မပြောခဲ့တာပါ။
ငါတို့ ကား ဂုံး(ကုန်း)အတက်မှာ အရှိန်နဲ့ ပြေးတက်နေတုန်း ၊ ခုနက နင်မြင်ခဲ့တဲ့ မိန်းမကြီးက ကားရှေ့တည့်တည့်ကနေ ဘွားခနဲ ပေါ်လာတာဟ ။
တိုက်မိမှာ စိုးပြီး အရှိန်ကိုထိမ်းဖို့ ဘရိတ်ကို အုပ်တော့ ကားက ရုတ်တရက်ကြီး စက်သေသွားတယ်လေ။ အဲ့ဒီမှာ နောက်ပြန်လန်ပြီး ကားက မှောက်သွားတာ ။
ငါအဲ့ဒီမိန်းမကြီးကို ကောင်းကောင်း မြင်လိုက်ရတယ် ။
မျက်နှာပေါ်မှာ အရေးအကြောင်းတွေ အများကြီးနဲ့ မျက်လုံးပြူးပြူး မျက်တွင်းဟောက်ပက်ကြီး ။ ရုတ်တရက်ဆို မြင်ရသူအဖို့ ကြောက်စရာမျက်နှာကြီးပါဟာ ။
လူလို့တောင် မထင်ရဘူး ၊ ကားမှောက်ပြီး ငါက ဘာမှ မဖြစ်ဘူး ။ နည်းနည်းပါးပါးပဲ ပွန်းပဲ့တာဆိုတော့ အဲ့ဒီမိန်းမကြီးကို ချက်ချင်း လိုက်ရှာတယ်။ ဘယ်ပျောက်သွားလဲ မသိဘူး။ လုံးဝ ရှာမတွေ့တော့တာ ၊ လူရော ဟုတ်ရဲ့လားလို့ ငါ အဲ့ဒီကတည်းက သံသယဝင်ခဲ့မိတယ်။
ဒီကနေ့ မင်းက အိမ်အပြန် နောက်ကျနေတော့ ငါ အဲ့ဒီမိန်းမကြီးကို တွေးမိပြီး၊ လိုက်လာခဲ့တာပဲ ”
ကိုသန်းဌေးပြောတော့ မစိန်စိန် စဥ်းစားရလေပြီ။ ထိုမိန်းမကြီးသည် သူတို့လင်မယားကိုသာ ဒုက္ခပေး ခြောက်လှန့်ခြင်း ဖြစ်သည်။
တခြား ရွာသားများကို ခြောက်လှန့်ခြင်း မရှိ။ ဘာကြောင့်ဆိုတော့ ရွာထဲက တယောက်ယောက်ကိုသာ ခြောက်လှန့်ခံရပါက သူတို့ ကြားသိရမည်မဟုတ်လား။
ပြီးတော့ အရင်ကလည်း အဲ့ဒီနေရာမှာ သရဲခြောက်သည်ဟု မကြားဖူးကြချေ။ အခုကျမှ လင်မယား ၂ယောက်စလုံး ကိုယ်တွေ့ကြုံကြရသည်။
မစိန်စိန် စဥ်းစားသည့်အထဲတွင် ထိုမိန်းမကြီး ပြောသွားသည်ကိုလည်း အလေးအနက် ထား စဥ်းစားမိလေ၏။
” နင့်အိမ်မှာ လုပ်လို့မရရင်၊ ရတဲ့နေရာမှာ လုပ်မယ်ဟေ့ “ဟု မိန်းမကြီးက ဆိုခဲ့သည်။
ထိုစကားကြောင့်ဆိုလျင် အနှီမိန်းမကြီးသည် သူတို့မိသားစုကိုသာ ရည်ရွယ်တိုက်ခိုက်နေခြင်း ဖြစ်၏။
အိမ်မှာ လုပ်လို့ မရတော့ဘူးဆိုတာက မစိန်စိန်က နတ်ကတော် အကြံပေးသလို အိမ်တွင်းအဖေကြီး တင်၏။ အုန်းဆွဲ၏။
ထို့ကြောင့် အိမ်ခြံဝင်းအတွင်း အန္တရာယ် မပေးနိုင်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။
ဒါမှမဟုတ် အလှုအောင်မြင်ဖို့အတွက် သာသနာပွဲ ပွဲကြီး ၃ပွဲ ထိုးထား၍ နတ်ကောင်းနတ်မြတ်များက စောင့်ရှောက်နေကြဟန်လည်း တူပါ၏။
မစိန်စိန် စိတ်ထဲ သို့လော သို့လော နှင့် သံသယ ဝင်လာမိသည်။ အဲ့ဒါကတော့ ရွာထဲမှာ လူပြောများနေတဲ့ သူနှင့် ဒေါ်ငွေရတို့၏ ပြသနာသတင်းပဲ ဖြစ်၏။
သို့ဖြင့် မစိန်စိန်သည် သူ့ခင်ပွန်း ကိုသန်းဌေးအား တိုင်ပင်သလို မေးမြန်းလိုက်မိသည်။
” ကိုသန်းဌေး … ကျမတို့ အခုလို ပြသနာ တခုပြီး တခုတက်နေတာ ဒေါ်ငွေရနဲ့များ ဆိုင်နေမလား မသိဘူးနော် ”
” နင့် ငါပြောသားပဲ စိန်စိန်။ ဒေါ်ငွေရကို နင် နှင်ထုတ်တုန်းက နင်လွန်တယ်လို့ …”
မှန်၏။ ထိုပြသနာတုန်းက ကိုသန်းဌေးက မစိန်စိန်အား နောက်ခါ ငွေရ လာလျင် တောင်းပန်ရန် ပြောခဲ့ဖူး၏။ သို့ပေမယ့် ဒေါ်ငွေရက အဲ့ဒီကတည်းက ပေါ်မလာတော့ချေ။ ဆန်ဖိုးအကြွေးကိုတောင် လူကြုံနဲ့ လှမ်းဆပ်ခဲ့ခြင်း ဖြစ်၏။
” ရွာထဲက ပြောနေကြသလို ဒေါ်ငွေရကြီးက … ပညာသည်များ ဖြစ်နေမလား … အံမယ်လေး! အဲ့ဒါဆို သူက ကျမတို့ တမိသားစုလုံးအပေါ် အငြိုးထားတော့မှာပေါ့ ။ ဘုရား ဘုရား ကျမ ဘယ်လို လုပ်ရမလဲ ကိုသန်းဌေး ။ ခရေပင်တန်းတုန်းက မြင်ခဲ့ရတဲ့ မိန်းမကြီးကတော့ ကြောက်စရာကြီးတော့ ”
” အေး ငါလည်း အဲ့တာကို စိတ်ပူနေတာ စိန်စိန်။ သူက ငါတို့ အလှုကိုပါ ဖျက်မယ့်သဘောရှိတယ် ။
ဒီတော့ဟာ ငါတို့ လင်မယား ဒေါ်ငွေရ ကျေနပ်လောက်အောင်အထိ သွားတောင်းပန်ရမှာပေါ့ ။
သူ လယ်၃ဧက ဝယ်တုန်းကလည်း ငါတို့ မတန်တဆ ဈေးနှိမ်ခဲ့ကြတာ မဟုတ်လား။ တကယ်ဆို ငါတို့ ၂ဧကဖိုးပဲ ပေးပြီး ၊ တဧက အလကားရထားတာပဲ ။
ပြီးတော့ နင်အသိဆုံး။
ငါတို့ အဲ့ဒီ လယ်တွေ ဝယ်ပြီးမှ စီးပွား ဖြစ်ထွန်းလာခဲ့ကြတာ ။ တကယ်ဆို သူ့ကျေးဇူး မကင်းဘူးဟဲ့ ”
” ဒါဆိုရင် ကျမတို့ ဘယ်လို တောင်းပန်ကြမလဲ ကိုသန်းဌေး … ရှင် ဘယ်လို လုပ်ချင်လဲ ”
ကိုသန်းဌေး တခုခုကို အပြီးတိုင် ဆုံးဖြတ်လိုက်ဟန်နှင့် …
” သူနဲ့ ငါတို့ အရောင်းအဝယ်လုပ်စဥ်က နင် ပြောဖူးတယ်လေ။ နောက် တနှစ် ၂နှစ်နေ ဒေါ်ငွေရ လိုချင်ရင် လယ်တဧကကို ပြန်ပေးပါ့မယ်။ ကျန်တဲ့ အတိုးကိုလည်း မဆပ်ပါနဲ့တော့ဆို ။ နင် အတိုးပေါ် အတိုးဆင့်ပြီး မတရား ယူခဲ့လို့ သူ လယ်တဧက က ငါတို့ လက်ထဲ ထိုးအပ်ခဲ့ရတာဥစ္စာ။
အခု သူ့ပြန်ပေးလိုက်ရုံပေါ့။ ဒါဆို သူ ကျေနပ်သွားမှာပါ။ ငါတို့လည်း အခုဆို လယ်တွေ အများကြီး ပိုင်နေကြပြီပဲ။ ပြန်သာ ပေးလိုက်ကြရအောင်ပါ ”
မစိန်စိန်က နှမြောသလိုလို ရှိပေမယ့်၊ ကိုသန်းဌေး ပြောတာက မှန်နေသည့်အတွက် ခေါင်းငြိမ့် သဘောတူလိုက်ရသည်။
နောက်ဆုံး သူတို့လင်မယားသည် ရွာထဲက လူရိုသေ ရှင်ရိုသေ ဖြစ်သော ဘိုးလေးဦးမြင့်အား ခေါ်၍ ဒေါ်ငွေရအိမ်သို့ တောင်းပန်ရန် ထွက်ခဲ့ကြသည်။
ဒေါ်ငွေရ ခြံဝိုင်းရှေ့ ရောက်သည့်အခါ ဘိုးလေးဦးမြင့်က ခြံတံခါးကို အသာတွန်းဖွင့်ကြည့်သည်။ မပွင့်ပေ။
ဘယ်ပွင့်ပါမလဲ။ တံခါး၌ သော့ဂလောက်တခု ခတ်ထားတွေ့ရလေ၏။
” မငွေ ဟဲ့ မငွေ ။ ငါ လာသဟေ့ ၊ အိမ်ထဲ ရှိသလားဟ
တံခါး လာဖွင့်ပေးပါအုံး”
ထိုအခါ ပြတင်းတံခါးများ ပိတ်ထားသော အိမ်ထဲက အသံထွက်လာ၏။
” ဘိုးလေးမြင့်တော့ ခြံထဲ ဝင်ခဲ့ပါ ။ ဟိုလင်မယားတော့ လုံးဝ ငါ့ခြံထဲ ခြေမချလေနဲ့။ ငါ့ခွင့်ပြုချက် မရဘဲ ဝင်ရင် နင်တို့ထိုက်နဲ့ နင်တို့ကံပဲဟေ့ ”
ဒေါ်ငွေရသည် အိမ်ထဲမှ မထွက် ၊ အထဲမှ လှမ်းအော်ပြောလိုက်ခြင်းဖြစ်သည်။
ကိုသန်းဌေးနှင့် မစိန်စိန်တို့သည် ထိုအသံ ကြားရ၍ မျက်နှာများ ပျက်သွားကြလေ၏။ ဘိုလေးဦးမြင့်ကိုလည်း လင်မယားနှစ်ယောက်က အားကိုးတကြီး လှမ်း ကြည့်ကြရှာ၏။
ကိုသန်းဌေးလက်ထဲတွင် ဆန်တပြည် ၊ ၅ပိဿဝင် ဆီတပုံးကိုင်ထားပြီး၊ မစိန်စိန်က ကန်တော့ပွဲကို ရွက်ထား၏။
ဘိုးလေးဦးမြင့်က ဘာမှ မပူနဲ့ ငါ ကြည့်လုပ်လိုက်မယ်ဟူသော မျက်နှာပေးဖြင့် …
” ဟဲ့ မယ်ငွေ ၊ နင် ဘယ်လိုစကားမျိုး ပြောထွက်တာလဲ။ ငါ တယောက်လုံး ပါလာတာတောင် နင်က ရိုင်းပြချင်သေးတာလား ”
ဘိုးလေးဦးမြင့်ရဲ့ အသံက တော်တော်မာ၏။ ငေါက်ဆတ်ဆတ်နိုင်လှသည်။
ထိုအခါ တဲတံခါး ပွင့်လာပြီး ဒေါ်ငွေရ ထွက်လာသည်။ ကိုသန်းဌေးရော မစိန်စိန်ပါ ဒေါ်ငွေရကို ကြည့်၍ အံဩထိတ်လန့်သွားကြသည်။
ဒေါ်ငွေရသည် အရင်ကနဲ့မတူ အတော် ပိန်လှီသွား၏။
မျက်နှာမှာလည်း ရှိရင်းစွဲအသက်ထက်ပို၍ အိုစာလွန်းနေသည်။
မဖီးမသင်ပဲ ထားသော ဆံပင်များမှာ အဖြူတဝက်အနက်တဝက် ကျောမပေါ် ဖွာဆံကြဲနေ၏။
အထူးခြားဆုံးက မျက်ကွင်းနှစ်ဘက်စလုံးမှာ ညိုမည်းနေ၏။ မျက်လုံးများက ပြူးကျယ်နေသည်။
ထမိန်ရင်လျားကြီးနဲ့ ထွက်လာခြင်း ဖြစ်၍ ပခုန်းနှစ်ဘက်က အနာများက ပြည်စို့ပြည်နာတည်နေကြသည်ကို မြင်ရသည်မှာ အော့နှလုံးနာချင်စဖွယ်။ ဆံပင်များ ဖုံးနေ၍သာ ။ ကျောမ၌လည်း အနာများ ပေါက်နေလောက်၏။
ဒေါ်ငွေရက သူ့အိမ်ရှေ့ကနေ လှမ်းအော်ပြောသည်။
” ကျုပ် ဘိုးမြင့်ကို မရိုင်းဝန့်ပါဘူးတော်။ ဒီလင်မယားကိုတော့ မုန်းလွန်းလို့ပါ ”
မစိန်စိန် အူတွေအသည်းတွေ ဗြောင်းဆန်သွားသလား မှတ်ရသည်။ ‘ ဒီလင်မယားကို မုန်းလွန်းလို့ပါ ‘ ဟူသော စကားသံက သူ မနေ့ညက ကြုံတွေ့ခဲ့ရသော ခရေပင်တန်းက မိန်းမကြီးအသံနှင့် တထပ်တည်း တူနေသောကြောင့်ပင်။ မစိန်စိန် ဒေါ်ငွေရကို အဝေးကပင် ရဲရဲ မကြည့်ဝန့်တော့ပေ။
” ကဲ မငွေ … ငါလည်း နင့်ဆီကို အပျင်းပြေ အလည်လာတာမဟုတ်ဘူး ။ ကိုယ့်တရွာတည်းသားတွေ မဖြစ်သင့်တာ မဖြစ်ကြရလေအောင် ငါက ကြားဝင် ညှိနှိုင်းပေးရအောင်ဆိုပြီး လိုက်လာတာ။ နင့် အကြောင်းလည်း ငါသိသလို ၊ ငါ့အကြောင်းလည်း နင်သိမှာပါ ။ ငါ ဘယ်တုန်းကမှ မတရားတဲ့ဘက်က မရပ်တည်ခဲ့ဖူးဘူး ။အဲ့ဒီတော့ နင့်ခြံထဲကို ငါတို့ ဝင်ခဲ့မယ်။ ဒီ လင်မယားကို နင် အန္တရာယ်မပြုပါနဲ့ ။ သူတို့က သူတို့အမှားသိလို့ နင့်ကို လာတောင်းပန်ကြတာဟဲ့ ”
ဒေါ်ငွေရက ဘိုးလေးဦးမြင့်စကားကြောင့် စိတ်ကို လျော့ချလိုက်ဟန်တူ၏။ သက်ပြင်း ချလိုက်သည်။
” ဒါဆိုလည်း ဝင်ခဲ့တော်၊ တံခါးက ပိတ်မထားပါဘူး ”
” ချောက် ”
ခြံတံခါးသော့သည် သူ့အလိုလို ပွင့်သွား၏။ ဘိုးလေးမြင့်ကတော့ အံဩဟန်မပြ။ တံခါးကို တွန်းဖွင့်၍ အရင်ဝင်လေ၏။
ကိုသန်းဌေးတို့ လင်မယားမှာသာ ခြံထဲ ဝင်ရကောင်းနိုးနိုး ၊ ခြံရှေ့ပဲ ရပ်နေရကောင်းနိုးနိုးနဲ့ တွန့်ဆုတ် တွန့်ဆုတ် လုပ်နေကြသည်ဖြစ်ရာ …
” ကဲ လာကြ လာကြ ၊ နင်တို့ကို မငွေက ဘာမှ မလုပ်ပါဘူး ။ ဘိုးလေး အာမခံပါတာ်။ ဝင်ခဲ့ကြပါ ”
ထိုအခါမှ သူတို့လင်မယားသည် မရဲတရဲနဲ့ ဝင်လာကြသည်။ အိမ်ရှေ့၌ တတောင်လောက် အမြင့်ရှိသော ကွပ်ပြစ်ကြမ်းပြင် ရှိရာ ၊ ထိုကြမ်းပြင်ပေါ်သို့ ဘိုးလေးက ဝင်ထိုင်လိုက်ရင်း ၊
” မယ်စိန် … နင့်ခေါင်းပေါ်က ကန်တော့ပွဲ ဒီနား လာချကွဲ့။ ဟို မောင်သန်းဌေး မင်းလက်ထဲက ဆန်နဲ့ဆီလည်း ဒီမှာပဲ လာတင်လေကွယ် ”
ဒေါ်ငွေရသည် ရပ်နေမြဲ ရပ်နေ၏။သူ့ကြည့်ရတာ အိမ်ရှင် ဖြစ်ပေမယ့် ဘိုးလေးဦးမြင့်နဲ့ ကြမ်းတပြေးတည်း ထိုင်ဝန့်ပုံမရပေ။
ထိုအခါ ဘိုးလေးဦးမြင့်က …
” ကဲ မငွေ ၊ ဒီမှာ လာထိုင်။ နင့်ကို ဒီလင်မယားက ကန်တော့ပြီး သူတို့အမှားကို ဝန်ချ တောင်းပန်တာကို ကောင်းမွန်စွာ လက်သင့်ခံလိုက် ။ ဟုတ်ပြီလား ”
ဘိုးလေးမြင့်က ထိုင်ဆိုမှ ၊ ဒေါ်ငွေရ လာထိုင်ရဲ၏။ ဘိုးလေးမြင့်က ဒေါ်ငွေရ ကျောပေါ်မှ အနာတွေကို မြင်သွားသည့်အခါ …
” ကိုယ်ပြုတဲ့ကံ ကိုယ့်ထံ ပြန်လာတတ်တယ်ဆိုတာ နင် မေ့လျော့နေသလား မငွေ။ သူ့အကုသိုလ်နဲ့ သူ သွားရမှာကို နင်က အဆင်းဘီးထည့်တွန်းချင်သေးသကိုး ။ တယ်လည်း ခက်ပါ့ ”
ဒေါ်ငွေရ ဘာမှ ပြန်မပြောရဲချေ။ ဘိုးလေးမြင့်ကို လေးစားကြောက်ရွံသည်မှာ ထင်ရှားလေ၏။
” ကဲ ဟိုနှစ်ယောက်က ငါ့ကို သက်သေထားပြီး နင့်ကို တောင်းပန်ပါတယ်တဲ့။နောက်နောင် မရိုမသေ မလုပ်တော့ပါဘူးတဲ့ ။ နောက်ပြီးတော့ သူတို့ ဝယ်ထားတဲ့ လယ်၃ဧကထဲက တဧကကိုလည်း ပြန်ယူပါတဲ့ ။ နင့်မှာ စိုက်ဖို့ပျိုးဖို့ အရင်းအနှီးနဲ့လူမရှိရင် မောင်သန်းဌေးကပဲ လူရောငွေရော စိုက်ပြီး လုပ်ပေးပါ့မယ်တဲ့။
သူတို့လည်း နောင်တ တကယ်ရသွားကြပြီပဲ ။ နင်လည်း ကျေနပ်လိုက်ပေါ့။ ငါ ပြောတာ ဘယ်လို သဘောရလဲ မငွေ ”
ဒေါ်ငွေရက မြေပေါ် ဒူးတုပ်ထိုင်ပြီး လက်အုပ်ကလေးချီနေကြတဲ့ လင်မယားကို တချက်ကြည့်သည်။ ပြီးတော့ သက်ပြင်း ချ၏။
” ဘိုးလေး ဝင်ပြောနေမှတော့၊ ကျမ မကျေနပ်စရာ ဘာအကြောင်းရှိအုံးမှာလဲ ၊ ကျေနပ်ရတော့မှာပေါ့။ ကျမ လယ်တဧကကို ဒီလို ပါးစပ်ပေး ပေးလို့တော့ မဖြစ်ဘူးပေါ့။ ကျမ ပေးခဲ့စဥ်ကလို စာချုပ်နဲ့ လက်ရောက် ပေးမှ ဖြစ်မယ် ဘိုးလေး ”
ထိုသို့ ဒေါ်ငွေရက သူတို့လင်မယားအပေါ် ယုံကြည်သေးဟန်မတူသောစကားကို ဆိုလိုက်သည်။
ထိုအခါ ကိုသန်းဌေးက ပြာပြသလဲ ဝင်ဖြေ၏။
” ဟာ စိတ်ချပါ ဒေါ်ငွေရ။ အခုလည်း ကျနော် စာချုပ်စာတမ်းတွေ တပါတည်း ထည့်ယူလာခဲ့ပါတယ်ခင်မျ ”
သို့ဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားကြလေ၏။ဘိုးလေးဦးမြင့်က ပြန်ခါနီးမှာ တထွာခန့် ဆေးပုလင်းတလုံးကို ဒေါ်ငွေရအား ပေးရင်း ၊ ဟိုလင်မယား၂ယောက် မကြားရအောင် ခပ်တိုးတိုးကြိတ်ဆူ၏။
” မိုက်လိုက်တဲ့ မိငွေ ၊ နင်မို့ စကားအင်း မယ်တော်ကို လှုထားပါရဲ့နဲ့ ပညာကို ထုတ်သုံးရဲတယ် ၊ ဟိုက နင့်ကို အသေလုပ်လိမ့်မယ် ၊ နင် မကြောက်ရော့လား မိငွေရယ် ”
” မကြောက်ပဲလား ဘိုးလေးရဲ့။ ကျမလည်း ချီးချမ်းအောင် ကြောက်ပါ့ ။ ပညာ မသုံးခင်မှာ မယ်တော့်နတ်နန်း သွားပြီး ပွဲထိုးတယ်လေ။ စော်ကားလွန်းလို့ ဆုံးမခွင့်ပြုပါဆိုပြီး ခွင့်ပြုမိန့်တောင်းလာခဲ့တာ ဘိုးလေးရဲ့ ”
” အေး အေး အဲ့သလိုဆိုရင်လည်း ပြီးပါလေရော။ ဆုံးမတယ်ဆိုလည်း အသေအပျောက်တော့ မရှိစေနဲ့ဟေ့ ။ လွန်လာရင်တော့ ငါလည်း ဝင်ပါသင့် ဝင်ပါရမှာပဲ။ ငါ ရှိနေလျက်နဲ့တော့ ရွာကို ဘယ်ပညာသည်မှ မစော်ကားစေရဘူး ။ ကြားလား မိငွေ ”
” ဟုတ်ကဲ့ပါ ဘိုးလေး။ နောင် ဒီလို မဖြစ်စေရပါဘူး ”
” အေး ပြီးပါလေရော ၊ နင်က ပညာကို လှုထားတယ်ဆိုတာ ငါသိပေမယ့် ၊ နင့်လို လျှာနှစ်ခွပါတဲ့ စုန်းမများဟာ အချိန်မရွေး ပညာကို ပြန်ယူနိုင်တယ်ဆိုတာကိုလည်း ငါသိနေတယ်နော် မိငွေ ။ နင်တို့က လမ်းကောင်းနဲ့ လမ်းဆိုး ဘယ်ပညာလမ်းကို တက်တက် ၊ ထက်မြက်ကြတယ်ဆိုပြီး မာန်မတက်လေနဲ့ ။ ငါလည်း ရွာထဲမှာ ရှိနေတယ်ဟေ့ ၊ ရှိနေတယ် ”
ဘိုးလေးမြင့် ပြန်တော့ ၊ ဒေါ်ငွေရက ဘိုးလေးမြင့်ကို ထိုင်ကန်တော့သည်။
ဤသို့ဖြင့် မစိန်စိန်တို့ ပြသနာမှာ ပြေလည်သွားခဲ့သည်။ မစိန်စိန်သည် ထိုအချိန်မှစ၍ ရွာထဲမှာ မထောင်လွှားရဲတော့ချေ။
မကြာခင်မှာပဲ ကိုသန်းဌေးနဲ့မစိန်စိန်တို့ရဲ့ အလှုတော်မင်္ဂလာပွဲကြီးဟာလည်း စကားအင်းရွာမှာ ခြိမ့်ခြိမ့်သဲ ကျင်းပ အောင်မြင်ခဲ့ပါလေတော့သတည်း။
ပီပီ(မန္တလေး)
၂၈၊၁၂၊၂၀၂၁
#Credit.