မိုးစွေနှင့်အပယ်ဘုံသို့အလည်တစ်ခေါက်

*မိုးစွေ နှင့် အပါယ်ဘုံသို့ အလည်တစ်ခေါက်*📖📖📖
****************

ရှည်ရှည်ဝေးဝေးတော့ မပြောတော့ဘူးဗျ ။ သိတယ်မို့လား လျှပ်ပန်းအိမ် ဆိုတဲ့ ကျုပ်က စကားပဲ ပြောပြော စာပဲရေးရေး အရှည်မှ ကြိုက်တာ ။ ရှည်လေကြိုက်လေပဲ ။ တအားကြီးရှည်ရင် တအားကြီးကြိုက်ရော ။ နေအုံး နေအုံး အရှည်ကြိုက်တာ ကျုပ်တစ်ယောက်တည်း လို့ထင်ရင် ခင်များတို့ မှားသွားမပေါ့ ။ အရှည်ကြိုက်တာ ကျုပ်တစ်ယောက် တည်းလို့ မထင်နဲ့ ကျုပ်ရဲ့ ရေးဖော် ရေးဖက် စာရေးဆရာ လိုလို မော်ဒယ်ခြောက် လိုလို ‌ချော်တဂေါ်ခြောက် လိုလို ကိုမိုးစွေက လည်း အရှည်ကြိုက်သဗျ ။ သူအရှည်ကြိုက် လား မကြိုက်လား ဆိုတာကိုတော့ သူနဲ့ပေါင်းတဲ့ သူတွေ သိကြမယ်ထင်တာပါပဲ ။ သူကိုယ်တိုင်ကိုကလည်း တော်တော် ရှည်တယ်ဗျ ။ အပြင်မှာ မမြင်ဖူးပေမယ့် ကျုပ်စိတ်မှန်း အရတော့ တော်တော်ကိုရှည်မှာပဲ အရပ်ပြောတာပါ ။ ကျန်တာကရှည် မရှည်တော့ သူ့ဘော်ဒါကြီး ကျော်ကျော်နန္ဒကို မေးမှ ပဲ သိမယ်။

ကဲပါ ဒါတွေ ထားပါတော့ ။ ကျုပ်ကတော့ သူ့ကို ချစ်စနိုးနဲ့ မာမီမိုးလို့ပဲ ခေါ်တယ် ။သူက နဂိုတည်းက ပွင့်ချင်ချင်ရယ် ။ မပြောဘူးလို့နေတာ တလောက လေဗျာ ။ တလောကဆိုပေမယ့် ကြာခဲ့ပါပြီ ။ ပျားရယ်ဆမ်းတဲ့ ချဲလန့်တစ်ခုလေ မှတ်မိကြမလား တော့ မသိဘူးဗျ။ အဲ့တုန်းက မာမီမိုးက သူကိုယ်တိုင် ပျားရည်ကို ချဲလန့်လုပ်ပြီး နို့ဆမ်း ပြသေးတယ် ။ပြီးတော့ အက်ပျားရည်တွေ သူကိုယ်တိုင် ရောင်းနေတာဗျ ဘုရား ဘုရား။ ကြုံတုန်း သူ့ဖုန်း ဂယ်လာရီ ခိုးကြည့် မှ ကျုပ်တွေ့တာဗျို့ ။ သူက ဒါမျိုးကျ လျှိုတယ် ။ အပုန်းလေဗျာ သိတဲ့အတိုင်းပဲ ဇွတ်ကျားကြီးပေါ့ ။ ရက်ပ်ကျားကြီး တောင်သူနဲ့ မကင်းဘူးဆိုဘဲ ။ ယုန်လေး ဆိုလား ဟိုဘူးသီးမျက်နှာ နဲ့ အဆိုတော် ဂန်းစတား ဒါရိုက်တာ ခေါ်လို့ ကယားပြည်နယ်က တက်လာတဲ့ နိုင်ငံဂျော် အဆိုတော်ကြီးတွေလေဗျာ ။ အေအဲ့တုန်းက မာမီမိုးနဲ့ ညှိ တယ်ဆိုတဲ့ သတင်း တစ်စနှစ်စ ကျုပ်ကြားလိုက်ရတာပဲ။ ကျုပ်က အတင်းအဖျင်းတွေ ပြောရတာ သိပ်ဝါသနာ မပါဘူးဗျ။

အခုလည်း ကျုပ်တို့ ရှမ်းပြည်ကိုလာပြီး သူငယ်လာ ဝှိုက်မလို့တဲ့ ။ အဲ့မှာ ပြသနာက စတာပဲ ။ မလာနဲ့ ပြောရအောင်လည်း မဖြစ်ဘူးဗျ ။ သူနဲ့ ကျုပ်က ငယ်ပေါင်းတွေ မဟုတ်ပေမယ့် ကြီးမှ ချစ်ကျွမ်း၀င်လာ ကြတဲ့ မိတ်ဆွေတွေ မဟုတ်လား။ တခါတလေ အချင်းချင်းဖြစ်တဲ့ ကျုပ်ကိုတောင် လူမမြင်ဖူးဘဲ အသံကြားဖူးရုံရှိသေးတယ် ။ ဘာတဲ့ ဟန်နေတာ အသံနဲ့တဲ့ ညီလျှပ်က ။ သိနေတယ် ဒင်းလှမ်း နေတဲ့ ‌ခြေလှမ်းတွေ ကောင်းကောင်းသိနေတယ် ။ ဒါမယ့် မပြောပါဘူး ကျုပ် စတေးတပ် တွေကိုလည်း အသည်းရီဆက်တေ လာလာပေးတယ် ။ ဒါလောက်နဲ့တော့ ဘယ်ရမလဲ သိတယ်မလား ။ ကျုပ်က ကျုပ်ကလေ ဟဲဟဲ။ မနက်ဖြန် ညနေ မာမီမိုး လားရှိုးကို ရောက်မယ် ဆိုတာကြားတည်းက ကျုပ် တညလုံး အိပ်လို့ကို မပျော်ပါဘူးဗျာ ။ ကျုပ်နဲ့ မကင်းရာမကင်းကြောင်း သူငယ်လေးတွေကို သတိပေးထားရတယ် ။ မတော်လို့ မာမီမိုးသာ လက်ဦးသွားရင် ကျုပ်တို့ ရှမ်းပြည်က သူငယ်တွေပါ ဝါဆိုဖယောင်းတိုင် ထွန်းနေရမယ်ဆိုတာ ကျုပ် ရဲရဲကြီး ယုံတယ် ။ ကားဘီး ပေါက်ပြီး မရောက်လာပါစေနဲ့လို့ ဆုတောင်းရင်းက ကျုပ်အိပ်ပျော်သွားလိုက်တာဗျာ နေ့လည် ဆယ့်နှစ်နာ ရီမှ နှိုးတော့တယ် ။

ဒီတော့ လုပ်စရာရှိတာလေး လုပ် မနက်စာနဲ့ နေ့လည်စာ ပေါင်းစားရင်းက ဖေ့စဘုတ်ကို ခနပွတ် နေလိုက်တယ် ။ တနေ့တနေ့ စိတ်တွေလည်း လေပါတယ်ဗျာ ။ သေမင်းက ဘုန်းကြီး ဖြစ်ရတာနဲ့ မင်းရာဇာ အုန်းသီးကို မယားကြီးက အက်စစ်နဲ့ ပက်တာနဲ့ အိုဗျာ မကြည့်ချင်တော့လို့ ဖုန်းကို ခနချထားတုန်းရှိသေးတယ် ။

“ကလောင် … ကလောင် … ” ( ဖုန်းမြည်သံ )

ဟာ ခုမှ နှစ်နာရီခွဲပဲရှိသေးတယ် ။ ဘယ်သူများ ဆက်တာပါလိမ့် ဆိုပြီး ကောက်ကိုင်လိုက်‌တော့ ။

“ဟဲလို …”

“ဟိုလို … ‌အဲ့ … ဟဲလို ညီ အကိုရောက်နေပြီနော်”

“ဗုဒ္ဓေါ ”

ကျုပ်ဖုန်းကို လွတ်မကျသွားအောင် မနည်း ထိန်းထားလိုက်ရတယ် ။ ဘယ်နှယ့်ဗျာ ကျုပ်ဆုတောင်း တွေပြည့်သွားတယ် ထင်တယ် ။ ပုံမှန်လေးခွဲလောက်မှ ရောက်တဲ့ကားက ခု နှစ်နာရီခွဲနဲ့ ရောက်နေပြီ ။ ဘုရားဘုရား လားရှိုးမြို့ကြီးတောင် ချက်ချင်းပက်ကြားတွေ အက်သွားသလို ကျုပ်ခံစား လိုက်ရတယ် ။

“ညီ … လာကြိုလို့ ရပြီနော် … အကိုစောင့်နေမယ်”

“ဟုတ် … ဟုတ် … ခုပဲထွက်လာပြီ ”

ကျုပ်လည်း ဖုန်းကို ချပြီး အ၀တ်အစားမြန်မြန်လဲလိုက်တယ် ။ ပြီးတော့ ကျုပ်စီးနေကြ လမ်ခရူဇာ အာလဖက် ဆပ်ဖ် မာဆီးဒီး မဟုတ်တဲ့ ဆီဇက်အိုင် ကန်ဒါ ဆိုင်ကယ်လေးကိုထုတ်ပြီး ကားဂိတ်ကို ခပ်သော့သော့လေး မောင်းသွားလိုက်တော့တယ် ။ ဟောရောက်ပြီဗျာ ဂိတ်၀င်ကြေး နှစ်ရာပေးပြီးတော့ ကျုပ်အထဲကို လှမ်းကြည့်လိုက်တယ် ။

“လူတွေ စုရုံးစုရုံးနဲ့ ဘာဖြစ်နေတာပါလိမ့်”

အမှန်ပင် အထဲမှာ ရန်ဖြစ်သလို ခပ်အုပ်အသံတွေ ထွက်နေတယ်ဗျ ။ ထုံးစံအတိုင်း ခရီးသည်လုနေတယ် ထင်တယ် ။ ကျုပ်ထင်တာ မမှားဘူးဗျာ ဟုတ်ပ လူတစ်ယောက်ကို ပွဲစား သုံးယောက်လောက်က ဝိုင်းဆွဲနေတာ ။ အမယ် အဆွဲခံနေရတဲ့ လူကလည်း ဒေါသမဖြစ်တဲ့ အပြင် သာယာနေလိုက်တာ မျက်နှာကြီးကို ဖြီးလို့ ။ ဟိုဖက်ယိမ်းလိုက် ဒီဖက်ယိမ်းလိုက် နဲ့ သင်္ကြန်ယိမ်းကနေသလား မှတ်ရတယ် ။

“အိုက်စ် … အိုက်စ် …ဖြေးဖြေးလုပ်ပါ အကိုတို့ ရယ် … လက်တွေလည်း ပြုတ်ထွက်ကုန်ပါအုံးမယ် ”

“ဟေ့ကောင် … ငါအရင်တွေ့တဲ့ ပါဆင်ဂျာနော် … မင်းလွှတ် ”

“မလွှတ်ဘူး … သူက ငါနဲ့လိုက်မာ ”

ဖြစ်ပျက်နေလိုက်တာ လူမြင်လို့ကို မကောင်းပေ။ အဆွဲခံရတဲ့ လူကလည်း အသံကို ညုတုတု လုပ်ပြောနေလိုက်တာဗျာ ကမ္ဘေ ကမ္ဘာက အခြောက်ကြီးလား မှတ်ရတယ် ။ ကျုပ်ကဆက်မကြည့်တော့ဘဲ လှည့်ထွက်ဖို့ပြင်လိုက်တယ်လေ ။ စိတ်ထဲမှာတော့

“ဘယ်လို လူလဲဟ … ခုမှ လားရှိုးရောက်ဖူးတာ ထင်တယ် … ဒီလူဘယ်က ပါလိမ့် မြင်တော့ မြင်ဖူးနေသလိုပဲ ”

အဲ့လိုလေး တွေးမိဆိုယုံရှိသေး ။ ဟာ ကိုမိုးစွေ ကြီးဟ ။ ဟာ သိပ်သေချာတာပေါ့ ဒီမျကိနှာကြီးကို ကျုပ်ကောင်းကောင်းမုတ်မိပါတယ် အဲလေ မှတ်မိပါတယ် ။ ဒင်းက ကားပေါ်ကတောင် မဆင်းရသေးဘူး ဖီးလ်လာခံနေတယ် သောက်ကျိုးတွေတော့ နည်းကုန်တော့မှာပဲ ။ ဒီကကောင်တွေက လက်ရဲဇက်ရဲ မာဆတ်နေ့တိုင်းသွားနေတဲ့ ကောင်တွေ ဘုရား ဘုရား။ ကိုမိုးစွေ အဖြစ်ကတော့ ကျုပ်မကယ်ရင် သေဖွယ်ရှိတော့မယ် မဖြစ်ဘူးဆိုတဲ့ အတွေးနဲ့ ကျုပ်က ၀င်တားရတော့တာပေါ့ ။

“ဟိုး … ဟိုး … အကို‌တို့ တော်ကြပါတော့ဗျာ … အဲ့ဒါ ကျုပ်ဧည့်သည်ဗျ ”

ကျုပ်စကားပင် မဆုံးလိုက် အလုအယက်ဆွဲ နေသော ပွဲစားတစ်ယောက်က

“တောက် … လာပြန်ပြီ နောက်တစ်ကောင် … မင်းလည်း မနာချင်ရင် နောက်ဆုတ် ”

အမလေးဗျာ ကျုပ်ပါဆွမ်းကြီးလောင်းခံရမယ့် အဖြစ် ။ ဟာဟာ လုပ်အုံး ခုမှသေချာကြည့်မိတယ် ပွဲစားတွေကို ဒင်းကဆွဲနေတာကိုး ။ ဟာ ခပ်သန့်သန့် ပွဲစားလေးရဲ့ ခြေသလုံးကို အားရီးနဲ့ ဆွဲထားနေလိုက်တာများဗျာ နှစ်တစ်ရာလောက် အစာငတ်နေတဲ့ မျှော့ကြီးလိုပဲ ။ ကျုပ်လည်း မနေသာ တော့ဘဲ

“ဟေ့လူ … စိတ်ထိန်းအုံး … ကိုမိုးစွေ … ပြောလိုက်လေဗျာ ”

ဒါမှပဲ ဒင်းက သတိ၀င်လာတယ်ထင်တယ်။

“ဟာ … ညီ … ညီလျှပ် ရောက်လာပြီလား”

“ရောက်ပြီ … ရောက်နေတာကြာပေါ့ဗျာ … ကြည့်ကောင်းကောင်းနဲ့ကြည့်နေတာ … ဘယ်နှယ့်ဗျာ ”

ကျုပ်ဒေါသသံလေး နဲနဲပေါက်သွားသည်ကို ကိုမိုးစွေ ရိပ်မိသွားသည်ထင် ဒါကြောင့်လည်း သူကပင် ခပ်သွက်သွက် နှင့်

“ဆောရီးပါကွာ … အကိုလည်း သတိလွတ်သွားလို့ ”

သူကသာ သတိလွှတ်တယ် လုပ်နေ ဟိုပွဲစားတွေက မကြည်သလို မျက်စောင်းတခဲခဲ နဲ့ ။ ကျုပ်လည်း စိတ်ထဲမှာတော့ အော် ဒီဇွတ်ကျားနဲ့ တော့ ခက်ပြီ လို့တွေးပြီး နဖူးကို တဗြန်းဗြန်းရိုက်နေမိ တော့တာပဲ ။ ကျုပ်လည်း အကျိုးအကြောင်းပြော ပြလိုက်မှ ပွဲစားတွေ လည်းကျဲသွားတော့တယ် ။ သေကံ မရောက်သက်မပျောက်ဆိုတာ ဒါမျိုးနေမယ် မဟုတ်လို့ကတော့ ဂလု ။

“အထုပ်က … ဒါပဲလားဗျ ”

“အေးညီ … ဒါပဲလေ ”

“အဆင်ပြေတာပေါ့ … ကျွန်တော်လည်း မများဘူး ထင်လို့ ဆိုင်ကယ်နဲ့ပဲ လာလိုက်တာ ”

ကျုပ်က ဒီလိုပြောလိုက်တော့

“ညီမှာ … ကားတွေဘာတွေရှ်တယ်ပေါ့ ”

“မရှိပါဘူးဗျာ … တုတ်တုတ် ဌားလာမလားလို့ပါ … လာလာ ဆိုင်ကယ်ပေါ်တက်တော့ ”

ဒီတော့ ကိုမိုးစွေလည်း သူ့အရပ်ကလန်ကလား ကြီးနဲ့ ကျုပ်ဆိုင်ကယ်လေးပေါ် အိကနဲ ထိုင်ချလိုက်တော့တယ် ။ နွေရာသီလို့ပြောပေမယ့်လည်း ကျုပ်တို့ ရှမ်းပြည်က အပူကြီး မဟုတ်ဘူး ခပ်စိမ့်စိမ့်လေး အင်မတန်နေလို့ကောင်းသဗျ ။ အခုမှ လားရှိုးရောက်ဖူးတဲ့ ကိုမိုးစွေကတော့ အနွေးဦးထုပ် ကြီးကို ခေါင်းပေါ်ကမချဘဲ ဆိုင်ကယ်နောက်က အခန့်သားကြီး စီးလို့ဗျ ။ သူကလည်း ကျုပ်ရဲ့ရှမ်းပြည်အကြောင်းတွေမေး ကျုပ်ကလည်း ပြောပြရင်းနဲ့ အိမ်ရောက်ဖို့ လမ်းတစ်၀က်တောင် ကျော်လာပြီ ။ ပြောလိုက်ရင်လည်း ဒင်းက သူငယ်တွေ အကြောင်းမပါရင် စကားလမ်းကြောင်းက သိပ်မဖြူးဘူး ။ ခနလည်းနေရော ကျုပ် နောက်ကျောကို ခပ်တောင့်တောင့် အရာကြီးက လာထောက်တော့တာပဲ ။ ရုတ်တရက်ဆိုတော့ ကျုပ်လည်း မျက်လုံးတွေ ပြူး ခေါင်းနပန်း တွေပါ ကြီးကုန်ရော ။

“ဟေ့လူ … ဟေ့လူ ”

ဒီလို သတိပေးတာတောင် အဲ့ ခပ်တောင့်တောင့် အရာကြီးက ကျုပ်နောက်ကျောကို ထောက်ထားမြဲ ထောက်ထားစဲပဲ ။ ဟာ ပြသနာပဲ အချင်းချင်းကို အသားယူတော့မယ် ထင်တယ် ။ ကျုပ်စိတ်ထဲ ဆူနာမီ လှိုင်းလုံးတွေ ၀င်သွားသလား မှတ်ရတယ် ။ ဒေါသလည်းထွက်တာပေါ့ ။ ဒါပေမယ့် ကျုပ်ရဲ့ အရင်းနှီးဆုံး လူလည်းဖြစ်နေတော့ ။ အမယ် ဒင်းက မသိချင်ယောင်တောင်ဆောင်ပြီး တောင်ကြည့်သလို မြောက်ကြည့်သလိုနဲ့ ။ ကျုပ်ကလည်း တဖန်ပြန်ပြီး

“ဟေ့လူ … ကိုမိုးစွေ … ဘာလုပ်တာလဲဗျ ”

“ဟမ် … ဟမ် … ညီ အကိုဘာလုပ်လို့လဲ ”

“ဟိုဟာ … ဟိုဟာ ခင်များ … ခင်များ ဥစ္စာ ကျုပ်လာထောက်နေတယ် ”

ထိုအခါမှ သူလည်းသတိရသွားတယ်ထင်တယ် ။

“ခေါက်ထီးပါညီရာ … ဟောဒီမှာကြည့် ”

‌တော်သေးတာပေါ့ဗျာ။ ခေါက်ထီးမို့လို့ဗျာ မဟုတ်ရင် ကျုပ်တော့ ကိုယ်ကျိုးနည်းပြီ။ ကျုပ်ကပြောတော့ သူက ထောက်နေတဲ့ သူ့ခေါက်ထီးကို ကျုပ်ကို ထုတ်ပြတယ် ။ ထီးက အပန်းရောင် နှင်းဆီပန်းပွင့်တွေနဲ့ သောက်ကျိုးနည်း မိန်းမ အသုံး အဆောင်ကြီးလားမှတ်ရတယ် ။ အေ့ပေါ့ဗျာ ရန်ကုန် ဇာတိမှာ ပွင့်ချင်တိုင်းပွင့်မရလို့ ဒီထိ လာပွင့်တာပဲ ကျုပ်နားလည်ပေးရမှာပေါ့။

“ညီ့ အိမ်က မရောက်သေးဘူးလား ”

“တစ်အောင့်လောက်ဆိုရောက်ပါပြီဗျ …”

“အိမ်မှာ ဘယ်သူတွေရှိလဲ …. ”

စတင်စပ်စုပြီလေ ။

“အဖေရယ် …. အမေရယ် … ညီလေးရယ်ပဲ ရှိတာ ”

“ဟယ် … ညီ ရှိတယ်လား ”

အသံကြီးက

“ငင့် … ညီ မဟုတ်ဘူး … မောင်လေး မောင်လေး ”

“ဟဲဟဲ … အကိုက နောက်တာပါကွာ … ညီ့အိမ်မှာ တော့ မတည်း‌တော့ဘူးကွာ … အကို့ ကို နည်းနည်း အေးဆေးတဲ့ အခန်းလေး တစ်ခန်းလောက်ဖြစ်ဖြစ်ပဲရှာပေး … အကိုက ဒီမှာ စာမူလေး လက်စသတ်မလားလို့ … အေးလည်း အေးချမ်းတော့ အိုင်ဒီယာ အလန်းတွေ ထွက်လောက်တယ် ”

“အဲ့ဒါတော့ … အကို့သဘောဗျာ … ညီ့ အိမ်နားမှာ တော့ လုံးချင်းအိမ်လေး တစ်လုံးရှိတယ် … နေချင်ရင် ပြောပေးမယ်လေ … အိမ်ရှင်တွေနဲ့လည်း ရင်းနှီးတယ် ”

“ဟာ … ဒါဆို အဆင်ပြေတာပေါ့ … နီးနီးနားနားလည်းဖြစ်တော့ ”

ကျုပ်စိတ်ထဲက ကြိတ်ပြီး ကျေးဇူးတင်လိုက်မိတာ အမှန်ပဲ ။ ဒင်း ကျုပ်အိမ်မှာရှိရင် ကျုပ်ရော ကျုပ်ညီ အဖို့ပါ ရတက်မအေးဘဲ ဖြစ်နေရမှာ ။ သက်တော်ရာကျော်ရှည်ပါစေ ကျန်းမာပါစေ ချမ်းသာပါစေ ကျေးဇူးရှင်ကြီး လို့ အကြိမ်ကြိမ် မေတ္တာ ပို့ပေး မလိုက်တော့တာပေါ့။ အိမ်ရောက်တော့ ကျုပ်က အဖေ နဲ့ အမေ တို့နဲ့ မိတ်ဆက်ပေးလိုက်တယ် လေ နောက်ပြီး သူက မစန်းစန်း တို့အိမ်ခန်းမှာ သွား နေမယ် ဆိုတာလည်း ပြောပြလိုက်တာပေါ့ ။ ကျုပ်တို့ မိသားစုက အင်မတန်မှ ကြင်နာတတ်တာလေ ။

“သားလေး … လိုတာရှိရင် အန်တီ တို့ကို အချိန်မရွေးခေါ်နော် … ကြားလား”

“ဟုတ် … ဟုတ်ကဲ့ ”

ကိုမိုးစွေကြီးက သူ့ကို သားလေးလို့ ခေါ်တာ သိပ်သဘောကျဟန် မတူဘူး မျက်နှာကြီးက အီးဗုံးမှန် ထားသလို ရှုံ့တွတွ နဲ့ ။ အမေ တို့ကို နှုတ်ဆက်ပြီး တော့ ကျုပ်လည်း သူ့ကို မစန်းစန်းတို့ အိမ်မှာ သွားနေဖို့ အတွက် စတင်ရတော့တယ်လေ ။ မစန်းစန်း အိမ်လို့ ကျုပ်တို့က ပြောပေမယ့်လည်း မစန်းစန်းက လွန်ခဲ့‌တဲ့ လေးနှစ်လောက်က ဆုံးသွားခဲ့ပြီလေ ။ သူ့ရဲ့ သားကလည်း နိုင်ငံခြားမှာ ပညာတော်သင် သွားနေရတာမို့ အိမ်ကို မစန်းစန်း ရဲ့ မောင် ဦးကျော်ကြီး နဲ့ အပ်ထားတာပေါ့ ။ ဦးကျော်ကြီးက နေ့တိုင်းလာမစောင့်ပါဘူး ။ မနက်ခင်း ခြံလာသန့်ရှင်းတယ် ပြီးရင်ပြန်တယ် ညကျ စောင့်ပြီး လာအိပ်တယ် ။ အခု ကိုမိုးစွေ နေတော့မယ် ဆိုတော့ သူလည်း တစ်လတန်သည် နှစ်လ တန်သည် သက်သာ တော့မယ် ကို သိတော့ ရက်ရက်ရောရောပဲ အဌားချပေးတော့တာပေါ့။

“ဒီအိမ်ပဲ … ကိုမိုးစွေရ ”

“ဟယ် … အိမ်လေးက သန့်သန့်လေးနဲ့ … ချစ်စရာလေး ”

“ဟုတ်ပဗျာ … အတွင်းအပြင် ဘာမှပြောစရာ မလိုအောင်ဘဲ … ”

ဦးကျော်ကြီးက ၀င်ပြောတော့ ကို‌မိုးစွေက

“ဒါများ ရောင်းလိုက်ပါလား … ကိုကျော်ကြီးရယ် … ကာလပေါက်ဈေးနဲ့ ဆို မနည်းဘူးရမှာ ”

ထိုသို့ပြောလိုက်တော့ ဦးကျော်ကြီး မျက်နှာ ရုတ်တရက် ပျက်သွားတာကို ကျုပ်က သတိထား မိလိုက်တယ် ။ ဒါပေမယ့် မျက်နှာကို ခပ်သွက်သွက်ပဲ နဂို အတိုင်းပြန်တည်လိုက်ပြီး

“အော် … ငါ့တူရယ် … မစန်းစန်းက မရောင်းပါနဲ့ လိုသူမသေခငိမှာသွားတာကိုး … ငါအစ်မ စကားကို ငါဘယ်လို ပယ်ရှားရက်မလဲကွာ နောက်ပြီး အိမ်ထဲမှာလည်း သူနေခဲ့စဉ်က အတိုင်း ပစ္စည်းတွေ ခြေရာလက်ရာ မပျက်ရှိသေးတယ်လေ ”

ဦးကျော်ကြီးပြောတာကို ကျုပ်တော့ သိပ်သဘောမကျပေ ။ ဘာကြောင့်လည်း ဆိုတော့ ဒီမတိုင်ခင် လေးလလောက်ကိုက မိသားစု တစ်စု ဒီအိမ်ကို ၀ယ်လိုက်တာ ကျုပ်ကြားမိသေးတယ် ။ နောက်တော့ အဲ့မိသားစုလည်း ရုတ်တရက် ထွက်သွားကြတာပဲဗျ ။ သေချာတာ တစ်ခုကတော့ ဒီအိမ်မှာ နောက်ကြောင်း တစ်ခုရှိကို ရှိရမယ်လို့ ကျုပ်တော့ တွေးမိလိုက်တာပေါ့ဗျာ ။ ကိုမိုးစွေက တော့ သူသဘောကျသည့်အတိုင်း အပင်ကလေးတွေရယ် အေးအေးချမ်းချမ်း ရှိလှသော ထိုနေရာ ထိုအိမ်လေး ကိုသဘောအကျကြီးကျနေတော့တာပေါ့ ။ တခုခုဖြစ်ရင်တော့ ဒင်းနာပြီသာမှတ် ဟု ကျုပ်စိတ်ထဲ ကြိတ်ပြီးရေရွတ်လိုက်တာကို ကိုကျော်ကြီး ကော မာမီမိုးပါ တစ်ယောက်မှ မကြားလိုက်ရပေ။

++++++++++

ပထမနေ့

အမယ် အေးဆေးပဲဗျ ။ မနက်စောစော အိတ်ဆာဆိုက်တွေ ဘာတွေ ထလုပ်နေလို့ပါလား ။ ကျုပ်လည်း မနက်စာပေး စကားလေးဘာလေး အလာဘ သလာဘ ပြောပြီးပြန်ခဲ့လိုက်တော့တယ် ။ သူကတော့ စာကြည့်စားပွဲမှာ ထိုင်ပြီး စာတွေစရေးနေပြီထင်တယ်။ ဒီလိုနဲ့ တနေ့ကုန်သွားရော။

ဒုတိယနေ့

“ဟိတ် … မူတူးမ … နွားနို့ကျန်သေးလား ”

လမ်းထဲမှာ နွားနို့ပတ်ရောင်းနေတဲ့ ကုလားမလေး ကိုကျုပ်က လှမ်းခေါ်လိုက်တော့တယ်။ အသက်က ဆယ့် ငါးနှစ်လောက်သာ ရှိအုံးမယ် အသားက မဲမဲ လေးနဲ့ အဲ့ကုလားမလေးကို ကျုပ်တို့ ရပ်ကွက်ထဲက တော့ မူတူးမလို့ ခေါ်တာပဲ ။

“ကျန်းသေးဒဲ … အားကိုးကြီး ”

“အကိုကြီးလုပ်ပါဟာ … နင်ကလည်း ဘယ်နှယ့် အားကိုးကြီးလဲ ”

“ဟုတ် … ဟုတ် ”

“ငါးဆယ်သားတစ်ဗူးပေး … မစန်းစန်း တို့ အိမ်ကို သွားပို့ပေးပါလား … ပိုက်ဆံက ငါပေးပါ့မယ် … အဲ့အိမ်က လူက နွားနို့မှာထားလို့ … ရတယ်မလား ”

“ရားပါတယ် … ရားပါတယ် အားကိုးကြီး ”

“ဟဲ့ … ဟဲ့ … ရားချင်ရင်လည်း နောက်မှရား … သောက်ကျိုးနည်း နွားနို့သာ သွားပို့ပေးလိုက် ”

“ပဲဆဲ ပေးအုံလေး … အားကိုးကြီး ကလည်း ”

“အော်အေ … ဟုတ်သား … အရင်အကြွေးထဲမှတ် ထားလိုက်ဟာ … ငါ့အမေ ပေးလိမ့်မယ် ”

ကုလားမလေးလည်း သူရဲ့ စက်ဘီးကို မစန်းစန်း တို့ အိမ်ဖက်နင်းသွားလိုက်တော့တယ် ။ ဒါကိုတော့ ကျုပ်လှမ်းမြင်ရသားဗျ ။ မကြာပါဘူး ကုလားမလေး ပြေးလာဝာာများဗျာ သရဲသဘက်မြင်ခဲ့လိုက် ရသလိုပဲ ချွေးတွေလဲ လုံးလို့ ။ မသကာ ဇွတ်ကျားကြီး များတစ်ခုခု လုပ်လိုက်တာလားလို့ ကျုပ်တွေးမိပြီး သွေးတွေဘာတွေ ဆောင့်တက်တော့တာပဲ။

“ဟဲ့ … မူတူးမ … ဘာဖြစ်လာတာလဲ ”

“ဟိုး … ဟိုးလေး … အိမ်း အိမ်းထဲမှာ ”

“အိမ်ထဲမှာ … ဘာဖြစ်လဲဟ ”

“အိမ်းထဲမှာ … ယောင်းကြားကြီး တစ်ယောင်း ဘစ်ကနီ ကြီး နဲ”

“ဟိုက် … သောက်ကျိုးနည်း ”

ဒီလူနဲ့တော့ ခက်တော့တာပဲ ။ တစ်ယောက်တည်း နေတာ ဆိုပြီးဖြစ်ချင်တိုင်းဖြစ်နေပြီထင်တယ် ။

“အေအေ … ငါသွားကြည့်လိုက်အုံးမယ် … နက်ဖြန်လည်း လာပို့အုံးနော် … ကြားသလား”

မူတူးမ ပေစောင်းစောင်းနဲ့ ကျုပ်ကို ကြည့်ပြီး စကိဘီးကို ဇောင်းငန်းဇောင်းငန်းနင်းပြီး ထွက်သွားလေပြီ။ ကျုပ်လည်း အခြေနေမဟန်မှန်းသိတော့ ဟိုလူရှိတဲ့ မစန်းစန်း အိမ်ကို သုတ်ခြေတင်ရတော့တာပေါ့ဗျာ ။ အိမ်ထဲမ၀င်ခင် ခြံအပြင်က လှမ်းကြည့် လိုက်တော့ အမှန်ပဲဗျာ ။ မာမီမိုး တစ်ယောက် အမျိုးသမီး သုံးတဲ့ ဘစ်ကနီကြီးကို ၀တ်ပြီး စာအုပ်ဖတ်နေတာ တောင်လျှောက်လိုက် မြောက်လျှောက်လိုက်နဲ။ ဖင်ကြီး နှစ်လုံးကလည်း ပြောင်တင်းလို့ ။

“ဟေ့လူ … ဟေ့လူ … ဘာလုပ်နေတာလဲ ”

ကျုပ်အသံခပ်အုပ်အုပ်နဲ့ လှမ်းခေါ်လိုက်တော့ ဒင်းလည်း သဘက်ကို ခါးမှာ အမြန်ဆွဲပတ်ပြီး ထွက်လာတော့တယ်။

“ဘယ်လိုကြီး ဖြစ်နေရတာလဲ ဒုက္ခပါပဲဗျာ ”

“ရေချိုးခါနီးမို့ … ယောဂကျင့်နေတာပါဟ ”

“ဟာ … ခင်များဟာကလည်း ယောဂကျင့်တာကို အမျိုးသမီး ဘစ်ကနီကြီး ၀တ်ထားစရာလား … ပြသနာပါပဲ ”

“ဟဲဟဲ … ငါက ကြိုက်တာကိုးကွ ”

“သေလိုက်ပါတော့ဗျာ ….”

ကျုပ်လည်း ကျုပ်နဖူးကို လက်ဖဝါး နှင့် ခပ်ဆတ်ဆတ် ရိုက်ပစ်မိလိုက်ပါတော့၏။

( ၂ )

( တတိယနေ့ )

“အားကိုးကြီး … နွားနို ထာသွားပီးနော့် … ပဲဆဲ နောက်နေ့မှ ယူးတော့မယ် ”

ကုလားမလေး မူတူးမ ကျုပ်အလာကို တောင် မစောင့်တော့ဘဲ အိမ်ရှေ့မှာ နွားနို့ ပုလင်းချပြီး ပြေးတာ တန်းနေတာပဲ။ ကလေးမလေးလည်း မနေ့က အတော်ရှက်သွားပုံတူတယ် ။ ကျုပ်ကို တောင် မျက်စောင်းက ခဲခဲသွားလိုက်သေးတာ ။ ဒီတော့ ကျုပ်လည်းမထူးပါဘူးဆိုပြီး မူတူးမ ချသွားတဲ့ နွားနို့ ပုလင်းကို ယူပြီး ကိုမိုးစွေ နေထိုင်ရာ မစန်းစန်း အိမ်သို့ ထွက်လာခဲ့လိုက်တယ်လေ ။ မစန်းစန်း အိမ်သို့ မရောက်ခင် လမ်းတစ်၀က်လည်းရောက်ရော နောက်ကျောဖက်မှ တစ်စုံတစ်ယောက်က ကျောကိုလက်ဖြင့် ပုတ်ပြီး ခေါ်လိုက်တဲ့ အသံကြောင့် လန့်ဖြန့်သွားမိတယ်။

“ဟိတ် … ငါ့တူ ”

“အောင်မလေး … ဗုဒ္ဓေါ … လန့်တာ ဦးကျော်ကြီးရာ … ဖြေးဖြေးခေါ်လည်းရတာပဲကို ”

“အေပါဟ … ကျော်ကြီးလေကွာ … မင်းကလည်း သိတယ်မလား … ကျော်ကြီးလေ ”

“သိတယ်လေ … ဦးကျော်ကြီးကို သိတယ် … ဒါနဲ့ ဘာကိစ္စ ”

ဦးကျော်ကြီးလည်း ကျုပ်ကို ပြောမည့် အရေးတောင်ကြည့်လိုက် မြောက်ကြည့်လိုက် ကျီးကန်း တောင်းမှောက်ကြည့်ရင်းမှ ခပ်တိုးတိုးလေးဖြင့်

“ဟေ့ကောင် … မင်းသူငယ်ချင်းဆိုတဲ့ လူက အခြောက်ကြီးလားဟ ”

“ဖွီး ….”

ရုပ်တည်ကြီး နဲ့ မေးလိုက်သော ဦးကျော်ကြီး ကြောင့် ကျုပ်တံတွေးပါ သီးသွားတော့တယ် ။

“သိပါဘူးဗျာ … ခြောက်သလို စိုသလို ပုန်းသလို ပွင့် သလိုကြီး … ခင်များကလဲ ဒါမေးဖို့ကို ကျုပ်လာမေးစရာလား … သူ့သွားမေးပေါ့”

“ဟ … သူ့သွားမေးတော့ … ငါ့ပါ တခါတည်းဆွဲစိ နေမှာပေါ့ ”

သူပြောတာလည်း သဘာ၀တော့ ကျသားဗျ ။ မာမီမိုးက ထန်လာရင် ဦးကျော်ကြီးလည်း လွှတ်မယ် မထင်ဘူးလေ ။ ကျုပ်လည်း ပေါ်တင်မရယ်လိုက်မိ ပေမယ့် ခပ်သဲ့သဲ့တော့ ပြုံးနိုင်ပါသေးတယ်။

“အေ … နောက်ပြီးပြောရအုံးမကွ … မနေ့ညက ငါလည်း … လက်ပတ်နာရီ ရေတွင်းမှာ ရေချိုးရင်း မေ့ခဲ့လို့ပြန်လာရှာတာ … ”

ဦးကျော်ကြီးပြောမည့် စကားကို ကျုပ်စောင့်နေလိုက်တယ် ။ ဘဲကြီးက သီဟတင်စိုး ပရိသတ်လေ အမယ် အမယ် စကားလေးပြောဖို့ကိုဗျာ အိပ်ကပ်ထဲက ဖက်ကြမ်းအတိုကို အရင်ထုတ်ပြီး မီးညှိနေလိုက်သေးတယ် ။ ဟိုက်ရှားဘား ဆားပုလင်း နှင်းမောင် စတိုင်နဲ့ တောင်သောက်နေလိုက်သေးတာ ။ ရွယ်တူဆိုလို့ကတော့ စိတ်ရှည်တဲ့ ကျုပ်လက်ချက်ကြောင့် ဒင်းမသက်သာဘူးမှတ်။

“ဟေ့လူ … မပြောဘူးလား … နေဗျာ ကျုပ်သွားတော့မယ် ”

“ဟကောင်ရ … နေပါအုံး … ပြောမယ် ပြောမယ် ဒီလိုကွာ အေ … ငါ ညကရောက်သွားတော့ မင်း သူငယ်ချင်း … တစ်ယောက်တည်း စကားပြောနေတာ ငါတွေ့ခဲ့တယ်ကွ ”

“ဗျာ … တစ်ယောက်တည်း စကားပြောနေတယ် …”

“အေးကွ … ငါလည်း ဘယ်သူရှိမလဲ လို့ ကပ်နားထောင်လိုက်တော့ ”

သောက်ကျိုးနည်း စကားကို ဆက်မပြောဘဲ ဆေးလိပ်သောက်နေပြန်ပြီ ဒီလူနဲ့တော့နော် ။ ကျုပ်၀တ္ထုရေးရင်တောင် ဒီလိုဆန့်တငန့်ငန့် မလုပ်ဖူးပါဘူးဗျာ ။ တစ်ရှိုက်လောက်ရှိုက်ပြီးတော့ စကားဆက်တယ်

“အေ … အဲ့ဒါ … တကယ်လည်းသူ တစ်ယောက်တည်း ရှိနေတာကွ … နောက်ပြီး ဘာတဲ့ မမကြီး တို့ရွာကို … နောက်နေ့ အလည်လိုက်ခဲ့မယ် ဆိုတာကပါသေး … အသံကလည်းကွာ ရုံးပတီသီးကို နှပ်ချေးနဲ့ နယ်ထားသလား မှတ်ရတယ် … ချွဲပစ်အောင်ပြောနေတာ … ငါအထင် ထူးဆန်းနေသလားလို့ဟ ”

“အော် … ဦးကျော်ကြီးကလည်းဗျာ … သူက စာရေးဆရာ ဇာတ်ညွှန်းရေးဆရာလေ … သရုပ်ဆောင်လိုင်းကူးမို့ … လေ့ကျင့်နေတာနေမပေါ့ဗျ ”

“ငါလည်း မပြောတတ်တော့ဘူးကွာ … ဒါပဲ လစ်တော့မယ် … မင်းလည်းသတိထားအုံး … မင်းသူငယ်ချင်းပုံကြီး ကြည့်ရတာ မရိုးသားဘူးကွ … မျက်နှာကြီးက အဆီတ၀င်း၀င်းနဲ့ တို့ငယ်ငယ်က သရုပ်ဆောင် နိုင်လူ တို့ ကိုကိုဦးတို့လို မျက်နှာပေး မျိုး ကြားလား … ငလျှပ် ”

“စိတ်ချပါဗျာ … ကျုပ်မခြောက်တာ … လူတိုင်းသိတယ် … ခုစာဖတ်နေတဲ့ သူတောင်သိတယ်ဗျာ … ဟုတ်တယ်နော် …ဟဲဟဲ”

ဒီတော့ ဦးကျော်ကြီးလည်း ကွတကွတ နဲ့ ကျုပ်အနားက ထွက်သွားပြီလေ ။ ကျုပ်လည်း နွားနို့ပုလင်းကို ယူပြီး မာမီမိုးဆီ ထွက်လာခဲ့လိုက်တယ်။ ကျုပ်ရောက်သွားတာ သူမသိသေးဘူး စာအုပ်တစ်အုပ်ကို သဲကြီးမဲကြီး ဖတ်နေတာ ။

“ဟေ့ … ကိုမိုးစွေ ”

“ဟင် … ဟာ … ညီလျှပ်”

ကျုပ်ကိုလည်း တွေ့ရော သူဖတ်နေတဲ့ စာအုပ်ကို လှစ်ခနဲဖွက်လိုက်တာဗျ ။ သူဖွက်လိုက်တာ ကျုပ်တွေ့တာကို သူလည်းသိတယ် ။ ဒါပေမယ့် ကျုပ်ကလည်း သိပ်စပ်စပ်စုစုတွေ မလုပ်တတ်တော့ မမေးဖြစ်တော့ဘူး ။ ကျုပ်အထင်တော့ Homosexual အကြောင်းတွေ BL fic တွေ ဖတ်နေမယ်ထင်တာပဲ ။ ကဲထားပါလေ ဒါတွေက ကျုပ်အလုပ်မှ မဟုတ်တာ ။ အဲ့တော့ ကျုပ်လည်း နွားနို့ပုလင်းကို ပေးလိုက်တယ် ။ သူလည်း နွားနို့ပုလင်းကို ယူပြီး မီးဖိုချောင်က အိုးထဲ သွားထည့်လိုက်တာပေါ့ ။

“ညီ … ကော်ဖီသောက်အုံးမလား … ”

“ဟင့်အင်း … တော်ပြီဗျ ”

တခြားသူတိုက်ရင် ကျုပ်သောက်ပါတယ် ။ ခုတော့ ကော်ဖီထဲဆေးခပ်မှာ ကြောက်လို့ ကျုပ် မသိမသာ လေးငြင်းလိုက်တယ် ။

“နေ့လည်လည်း … ထမင်းအိမ်မှာပဲ လာစားလိုက်နော်”

“အင်း … ညီ ”

“အိမ်မှာ … အကိုကြိုက်တဲ့ … ခရမ်းသီးကို မီးဖုတ်ထားတယ် … နောက်ပြီး အကိုကြိုက်တဲ့ သခွားသီး ကို ပါးပါးလှီးပြီးသုတ်ထားတယ် … နောက်ပြီး အကိုကြိုက်တဲ့ ….'”

“အာ … တော်ပါတော့ကွာ … လာစားပါ့မယ် …”

“ဒါနဲ့ … ည KTV သွားမယ် … လိုက်အုံးမှာလား စော်တွေလည်း ပါမှာ ”

“အို … ပေါက်ပေါက်ရှာရှာ … စော်တွေပါနေတာကို လိုက်စရာလားကွ “”

“ငင့် …အာ့ဆို မလိုက်ဘူးလား ”

“မလိုက်ဘူး … မလိုက်ဘူး ….”

“ပြီးရောဗျာ … တစ်ယောက်စာသက်သာတာပေါ့ … အိမ်ထဲနေပြီး လျှောက်လုပ်မနေနဲ့အုံးနော် … ခင်များတစ်ခုခု ဖြစ်ရင် ကျုပ်ပဲ သောက်မှု လာပတ်နေမှာ ”

“ငါက အကြီးပါကွ … သိပါတယ် ”

“ဒါဆိုလည်း ပြီးရောဗျာ … ညီ သွားတော့မယ် ”

အဲ့ဒါနဲ့ ကျုပ်လည်း သူ့ကို နှုတ်ဆက်ပြီး ထွက်လာခဲ့ပြန်တယ် ။ ကျုပ်ထွက်သွားတာနဲ့ပဲ စောစောက သူဖွက်လိုက်တဲ့ စာအုပ်ကို ထုတ်ပြီး သဲကြီးမဲကြီး ပြန်ဖတ်တော့တာပဲဗျာ ။

( စတုတ္ထနေ့ )

အားလားလား ညက ကေတီဗီ မှာကဲလိုက်တာ နေဖင်ထိုးမှပဲ နိုးတော့တယ် ။ နာရီကြည့်တော့ ဆယ်နှစ်နာရီတောင်ကျော်နေပြီ ။ ဒါနဲ့ ကျုပ်လည်း မျက်နှာ သစ်အ၀တ်အစားလဲပြီး အိမ်အပြင်ထွက်လိုက်တော့ ခြံတံခါး၀မှာ မူတူးမ ရဲ့ နွားနို့ပုလင်းလေး ။ ကျုပ်လည်း အဲ့နွားနို့ ပုလင်းလေး ကောက်ပြီး ထုံးစံအတိုင်း မစန်းစန်း အိမ် သို့မဟုတ် မာမီမိုး ရှိရာ ကို ထွက်လာခဲ့လိုက်တော့တယ် ။ ကျုပ်ရောက်တော့ အိမ်ထဲမှာ တိတ်ဆိတ်နေတယ်လေ ။

“ကိုမိုးစွေ … ကိုမိုးစွေ …

ခေါ်တာလည်း မထူးတာမို့ ကျုပ်လည်း ခြံတံခါးကို အသာ လှပ်ပြီး အထဲ၀င်ခဲ့လိုက်တာပေါ့ ။ တစ်အိမ်လုံးလည်း တိတ်ဆိတ် လို့ဗျာ ။ မထသေးတာ များလား ဆိုပြီး ကျုပ်လည်း အိပ်ခန်းထဲ၀င်ကြည့်လိုက်တော့တယ် ။ ဗုဒ္ဓေါ ကုတင်ပေါ်မှာ လျှာကြီး တစ်လစ်နဲ့ ည၀တ်ပုဆိုး လည်ပင်းသိုင်းလျက်သား ဖြစ်နေသော မာမီမိုးကို ရုတ်တရက်တွေ့လိုက်ရတော့တယ်။

“သောက်ကျိုးနည်း … သေနေပြီလား မသိဘူး … ဟေ့လူ … ဟေ့လူ … ”

ကျုပ်လည်း သူ့ကို တွန်းကာတွန်းကာ လှုပ်နှိုးလိုက်တော့ ကယောင်ကတမ်းထအော်တော့တာပဲ ။

“အကို … အုန်းသီး စားပါအုံး … အုန်းသီး လတ်လတ် ဆတ်ဆတ် လေးစားသွားပါအုံးတဲ့ ”

“ဟေ့လူ … ဘာတွေ အော်နေတာလဲ … ထတော့ဗျ တစ်နာရီတောင် ထိုးတော့မယ် ”

“ဟင် … တစ်နာရီတောင်ထိုးတော့မှာလား … ငါ ကလပ်ကို ရောက်တာ နာရီ၀က်တောင် မရှိသေး ”

“ဟင် … ဘယ်က ကလပ်လဲဗျ ”

ကြောင်တောင်တောင် ပြောထွက်လာသော မာမီမိုးရဲ့ စကားကြောင့် ကျုပ်ပါ ကြောင်တောင်တောင် ဖြစ်သွားတာပေါ့ ။

“အော်အေ … ငါအိပ်မက်မက်နေတာဟ ”

“လာလာ … ထဗျာ … နေ့လည်စာသွားကြိတ်ကြရအောင် … တစ်ယောက်တည်းသွားရမှာ ပျင်းတာနဲ့ ”

ဒီလိုနဲ့ ကျုပ်တို့တွေ လားရှိုးက စားသောက်ဆိုင်ကောင်းကောင်းလေးမှာ နေ့လည်စာစားကြတယ်။ဆိုင်ထဲလည်းရောက်ရော စားပွဲထိုးလေးက ကျုပ်တို့ အနားရောက်လာတယ်။

“အကိုတို့ … ဘာများသုံးဆောင်မလဲဗျ …”

အဲ့တော့ ကျုပ်က

“အကို့ကို … ထမင်းကြော် နဲ့ ကျွဲစိမ်းတစ်ဘူးပေးကွာ … ကိုမိုးစွေကရော”

“ဂွေးသီးဖျော်ရည်ရလား … ညီလေး ”

“ဗျာ … ”

မာမီမိုး၏ အမေးကြောင့် စားပွဲထိုးကောင်လေး မျက်လုံးပြူးသွားတော့တယ်။

“မဗျာ နဲ့လေ … အမ မေးတာ … အယ် ဟုတ်ပါဘူး … အကိုပြောတာ ထောပတ်သီး ကိုပြောတာ ဟဲဟဲဟဲ ”

ကောင်လေးလည်း မာမီမိုးကို ကြောက်သလို မသီသလို မျက်နှာဘေးကြီးနဲ့ ကြည့်ပြီး ထွက်သွားတော့တယ် ။ မကြာခင်မှာပဲ ကျုပ်တို့ မှာတာတွေ ရောက်လာတော့ ပြိုင်တူ စားသောက်လိုက်ကြတယ်။

“ဒါနဲ့ … ကိုမိုးစွေ…ဘာလို့ … ဒီလောက်တောင် အိပ်နေတာလဲဗျ …”

“ညက စာရေးတာ များသွားလို့ပါညီရာ … ”

သူ့အဖြေက ဒီလောက်ပဲ ကျုပ်တော့ သိပ်သဘောမကျဘူး ဒါပေမယ့် ဆက်မမေးချင်တော့တာနဲ့ ကျုပ်လည်း ဒီတိုင်းထားလိုက်တော့တယ်။

(ပဉ္စမနေ့ )

ထုံးစံအတိုင်း ပဲ မူတူးမရဲ့ နွားနို့ကို မာမီမိုးဆီကျုပ်သွားပေးတယ် ။ ဒီနေ့မှာတော့ ထင်ထားသလို မဟုတ်ဘဲ တော်တော်ကြီးကို ဆိုးဝါးသွားခဲ့ပြီလေ။ မာမီမိုးတစ်ယောက် ကုတင်ပေါ်မှာ အိပ်ပျော်လျက်သား သေသွားခဲလေသလား ကိုမာ ၀င်သွားသလား မပြောတတ် ။ ဘယ်လိုပင်ခေါ်ခေါ် ဘယ်လိုပင် နှိုးနှိုး နိုးမလာတော့ပေ ။ ကျုပ်သူ့ဆီရောက်တော့ မနက် ကိုးနာရီ ယခု နာရီကြည့်လိုက်တော့ နေ့လည် နှစ်နာရီပင် ကျော်လာသည်အထိ သတိမရသေး ။ တစ်ခုခုတော့ ဖြစ်တော့မှာပါလား ဟု ကျုပ် တွေးမိပြီး ခေါင်းကျိန်းနေတာတော့ အမှန် ကိုယ်ကိုယ်တိုင်ကလည်း ဘာမှမလုပ်တတ်။ ဒီအလောင်းကောင်ကြီးကို ဖျောက်ဖျက်ပစ်လိုက် ရမလား တောင် ကျုပ်ရူးကြောင်ကြောင်တွေးမိလိုက်တယ် ။ မဖြစ်သေးပါဘူး ဆေးရုံကား အမြန်ခေါ်မှ ဖြစ်မယ် ။ မနက်တည်းကနေ ခုချိန်ထိရောက်မှ ဆေးရုံကားခေါ်ဖို့ ကျုပ်သတိ၀င်လာခဲ့တယ် ။

ရုတ်တရက် လူသေကောင်ကြီး နှင့် တစ်ခန်းတည်း ရှိနေရသည့် အချိန်တွေက ကျုပ်ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် မြန်ဆန်လွန်းလှသည်။ ကျုပ်လည်း ဆေးရုံကားကို ခေါ်မည်ဟု တွေးပြီး ဖုန်းကို ဘောင်းဘီအိပ်ကပ်ထဲမှ ထုတ်လိုက်တော့တယ် ။ တုန်ယင်နေသော လက်အစုံကြောင့် ကျုပ်ရဲ့ ဖုန်းလေးက မာမီမိုး၏ ကုတင်အောက်ကို ဒေါက်ကနဲနေအောင် ကျသွားပြန်တယ် ။ ကျုပ်လည်း ကုတင်အောက်ကို စမ်းလိုက်တော့ မာကျောကျော အရာလေး တစ်ခု ။ ဘာပါလိမ့်ဟု တွေးရင်း ဆွဲထုတ်လိုက်တော့ မာမီမိုး ဖတ်နေကျ စာအုပ်ဖြစ်နေတော့တယ် ။ စာအုပ်အဖုံးတွင် ကိုယ်လုံးတီး ယောကျာ်းလေးများ၏ ပုံအချို့ကို ကပ်ထားသေးသည်။ သေချာအောင် စာအုပ်အဖုံးကို လှပ်ကြည့်လိုက်တော့ ကျုပ်မှာ မျက်လုံးအပြူးကြီး ပြူးသွားရလေတော့၏။ မာတိကာများမှာ

( ၁ . ရုပ် နာမ် ခွဲထွက်ခြင်း ကျင့်စဉ်
၂ . ကိုယ်ခွဲခြင်း အတတ်
၃ . လိပ်ပြာလွှင့်ခြင်း ကျင့်စဉ်
၄ . ကိုတူကိုယ်ခွဲ လူသား ကျင့်စဉ်
၅ . စိတ်စေလွှတ်ခြင်း အတတ် )

ဒီတော့မှ ကျုပ်လည်း သဘောပေါက်သွား‌ခဲ့တော့တယ်။

“အော် … လက်စသတ်တော့ … ကိုမိုးစွေ လိပ်ပြာ လွှင့်ပြီး ပြန်မခေါ်နိုင်ဖြစ်နေတာကိုး … မဖြစ်ဘူး ကြာကြာထားရင် သေသွားနိုင်တယ် … ရပ်ကွက်ထဲက ပယောဂ ဆရာကြီး ဆရာဦးစိုင်းလုံဖ ကိုသွားပင့်မှ ဖြစ်မယ် ”

ကျုပ်လည်း အဲ့လို တွေးပြီးပြီးချင်း ရပ်ကွက်ထဲက ပယောဂ ဆရာကြီး ဦးစိုင်းလုံဖ၏ အိမ်သို့ ပြေးထွက်ခဲ့လိုက်တော့တယ် ။ ကျုပ်လည်း ရောက်သွားရော ဆရာကြီး ဦးစိုင်းလုံဖ တစ်ယောက် လူတစ်ယောက် နှင့် စကားပြောနေတယ်လေ။

“ဆရာကြီး … ဆရာကြီး … လုပ်ပါအုံးဗျာ … ကျုပ်သူငယ်ချင်း နာမ်လွင့်ပြီး … အခုကိုယ်မှာ ပြန်မကပ်တော့လို့ ”

ကျုပ်လည်း အလောတကြီး ထိုသို့ပြောလိုက်တော့တယ်။

“ဟေ … ဟုတ်လား … ကြာပြီလား ”

“မနေ့ညတည်းကထင်တယ် … ဆရာကြီး … ”

“ဟာ … ဒါဆို မဖြစ်ဘူး … သူ အပါယ်ဘုံမှာ စိတ်ပျော်သွားရင် … တို့ထပ်ခေါ်လို့ ရမှာ မဟုတ်ဘူး … ကဲ ဒေဝေါရေ … မင်းရောက်လာတာနဲ့ ပြသနာက စတော့တာပဲ ”

ကျုပ်ကလည်း ထိုလူ၏ နာမည်ကို ကြားတော့ စပ်စပ်စုစု မေးဖြစ်‌လိုက်သေးတယ်။

“ဒေဝေါတဲ့လားဗျ … နာမည်ကြီးက လည်း ငယ်ငယ်က ကလေးတွေကို ခြောက် တဲ့နာမည်ကြီး ”

“အေ … ဟုတ်တယ် … မောင်လျှပ်ရ … ဒေဝေါက တစ်ပွဲစားကြီး နဲ့ရင်းနှီးတဲ့သူပဲ … သူ့ရွာ မြေနီကုန်း မှာဆို ဒေဝေါကို မသိတဲ့ သူမရှိသလောက်ပဲကွ … ငါ့ရဲ့ အတော်ဆုံး တပည့်ဆိုလည်း မမှားဘူး … ကဲဒေဝေါ ရေ တစ္ဆေတွေ သရဲ တွေမြင်ရတဲ့ ကဝေဂွေးစိ ပါသလားဟေ့ … ငါမင်းကို ပေးခဲ့ဖူးတယ်လေ ”

“ပါ ပါတယ် ဆရာကြီး စိုင်းလုံဖ ”

“အေ … ဒါဆို လိုရမယ်ရ ပစ္စည်းတွေ အကုန်ယူလာခဲ့ … မောင်လျှပ်ရဲ့ သူငယ်ချင်း ရုပ်နာမ် ပြန်တွဲဖို့ ငါတို့ အရေးဖြစ်ပြီ သွားကြစို့ ”

အသက်ငါးဆယ်ကျော်အရွယ်ရှိပြီး သန်သန်မာမာ ဖြစ်လှသော ဆရာကြီး ဦးစိုင်းလုံဖကို ကျုပ်သဘောကျမိတယ် လေးစားမိတယ် ။ ဤသို့ဖြင့် ကိုဒေဝေါလည်း လိုရမယ်ရများကို ဆေးလွယ်အိတ်ထဲထည့်ကာ မာမီမိုးနာမ်လွင့်နေရာ မစန်းစန်း အိမ်ဆီသို့ သုံးဦးသား ထွက်လာခဲ့လိုက်ပါတော့၏ ။

မိုးစွေနှင့် အပါယ်ဘုံသို့ အလည်တစ်ခေါက်

( ၃ )

“သိပ်ဟုတ်တာပေါ့ … မောင်လျှပ်ရယ် … မောင့်ရင့် သူငယ်ချင်းက နာမ်လွှင့်နေတာပဲ … သူ တခြား အပါယ်ဘုံကို ရောက်နေတာပဲဖြစ်ရမယ် ”

“ဒါ … ဒါဆို ကျုပ်တို့ ဘာဆက်လုပ်ရမလဲ ဆရာကြီး …”

“ဘာဆက်လုပ်ရမလဲဆိုတော့ … ဒီကမောင်ဒေဝေါက နာမ်လွှင့်ပြီး မောင်လျှပ် သူငယ်ချင်းကို သွားခေါ်ပေးလိမ့်မယ် ”

ထိုအခါ ကျုပ်က

“အာ … ဒါတော့ မဖြစ်ဘူးဗျ … ကျုပ်ကိုယ်တိုင် သွားခေါ်မှ သူက လိုက်မှာ … သူပျော်နေတဲ့ နေရာ မှာဆို ဘယ်သူခေါ်ခေါ် သာလို့တောင် ပြန်လိုက်မှာ မဟုတ်ဘူး … ဒီတော့ ကျုပ်ကိုပဲ နာမ်လွှင့်ခွင့် ပေးလိုက်ပါ … ဆရာကြီးရယ်”

“အိမ်းပြောရခက်မှတော့ … မင်းသဘောကွာ … ဒေဝေါရေ … ကဝေဂွေးစိကို သွေးပြီး သူကို အစီအမံလုပ်ပေးလိုက် … ဒါမှ တို့နဲ့လည်း အဆက်အသွယ်ရမှာ ”

“ဟုတ်ကဲ့ ဆရာကြီး ”

ပြောပြောဆိုဆို နှင့် ကိုဒေဝေါလည်း ကဝေဂွေးစိ ကိုအသင့်ယူလာသော လက်ဖဝါးသာသာ ကျောက်ပျဉ်လေးပေါ် တင်ကာ သွေးပြီး ကျုပ်ကို လိမ်းပေးတော့တယ် ။

“ကဲ … လုပ်စရာရှိတာ လုပ်ပြီးပြီး ဆိုရင် လုပ်ငန်းစမယ် … မောင်လျှပ် အိပ်ပျော်သွားလိမ့်မယ် … အဲ့ချိန်ကျရင် မောင်ရင့် သူငယ်ချင်းကို စိတ်ထဲက အာရုံပြု ဒါဆို မောင်ရင့် သူငယ်ချင်းဆီ ရောက်သွားလိမ့်မယ် … ကဲကဲ ကုတင်ပေါ်တက်”

ဒါနဲ့ ကျုပ်လည်း ကုတင်ပေါ်တက်လိုက်တာပေါ့ ။ ဆရာကြီး စိုင်းလုံဖက ချိန်သီးနာရီလေးနဲ့ ကျုပ်ကို အိပ်မွေ့စချတော့တာပဲ ။ ကျုပ်လည်း ခနကြာတော့ အိပ်ပျော်သွားရော ။

“ဟော ကျုပ်ကိုယ်ကြီး … လေပေါ်မှာ လွင့်နေတာဗျ … ဟာ ဟာ လျှောက်သွားနေပြီ … ခြေထောက်ဦးတည်ရာကို တန်းပြေးတော့တာပဲ … ဟော ဟာ သရဲ တွေ အမလေးလေး နည်းတဲ့ကောင်ကြီး မဟုတ်ဘူး … ဟာ သောက်ကျိုးနည်း သရဲပိစိလေး … ဟာ သရဲစုံတွဲဗျာ ”

ကျုပ်ကြည့်နေတာလည်းတွေ့ရော သရဲမရဲ့ ရည်းစားက

“ဟေ့ကောင် … ဘာကြည့်တာလဲ … မင်းနာချင်လို့လား ငါ့စော်ကို စနိုက်ကြော်ဖို့ မစဉ်းစားနဲ့နော်”

“ဟာ … ကိုကိုရယ် ရန်ဖြစ်မနေပါနဲ့ လာလာ ”

ဟောဗျာ ဘလိုင်းကြီးကျုပ်ကို ကစ်သွားလိုက်တာများ ကျုပ်က အပူမရှာချင်လို့ FA လုပိနေတာ ဒီမသာကောင် မသိဘူးထင်တယ်။ အေ့ဗျာ သူ့ကိုလည်း အပြစ်ပြောလို့ မရဘူး ခုခေတ်က စနိုက်ကြော်ခေတ်ကိုး ။ သရဲဘုံမှာတောင် အင်တာနက်တွေ ဘာတွေ ရှိနေပြီလားလို့ ကျုပ်တောင် မသင်္ကာဖြစ်မိသေးတယ် ။ ဟာ ပြောရင်းဆိုရင်း လူငါးယောက်ဗျ ။ လူဆိုပေမယ့် သရဲတွေပါပဲ ။ဆင်တူ ယူနီဖောင်းတွေနဲ့ ကျုပ်လည်း မအောင့်နိုင်တော့ဘဲ

“ဟိုင်း … အကိုတို့ ဘာလုပ်နေကြတာလဲ ”

“WiFi လိုက်တပ်ပေးနေတာ ”

“ဗျာ … ဝိုင်ဖိုင်လိုက်တပ်နေတာ ဟုတ်လား”

“အေ့လေ … မင်းသစ်ပင်မှာကော တပ်အုံးမလား”

“ငင့် … ဝိုင်ဖိုင်က အိမ်မှာတပ်ရတာလေ … သစ်ပင်မှာ တပ်လို့ဘယ်ရမလဲ”

ကျုပ်ပြောတော့ ထိုသရဲငါးကောင် ဟက်ဟက်ပက်ပက်ရယ်ပါလေရော ။

“ငိုးမ … သရဲပါဆို … အိမ်ရှိမလား … သူတို့နေတဲ့ သစ်ပင်မှာ လိုက်တပ်ပေးရတာပေါ့ဟ … လစဉ်ကြေးကတော့ အသားစိမ်းတစ်ပိဿာပဲ မင်း မတပ်ဘဲ ဖင်လာမယားနဲ့နော် … ဖေ့ဘုတ် တင်လိုက်မယ်”

“အာ …”

ကျုပ်ပြောဖို့ကို ဆွံ့အသွားလို့ ထိုနေရာက ခပ်သွက်သွက်လေး ပြေးထွက်ခဲ့လိုက်တော့တယ်။ သောက်ကျိုးနည်း သရဲတွေတောင် ဝိုင်ဖိုင်တပ်နေပါရောလား။ ဟော တစ်နေရာရောက်တော့ သရဲမ နှစ်ကောင် ဖုန်းတစ်ယောက်တစ်လုံးနဲ့ အားလူးဖုတ် နေကြတာ တွေ့ပြန်ရော ကျုပ်လည်း မသိမသာ ကပ်နားထောင်လိုက်တော့

“ဟဲ့ … လုံးတင်မ … လူ့ပြည်လူရွာမှာ ကိုကိုနာ ဗိုင်းရပ်စ်တွေ ကူးစက်နေသတဲ့ ”

“ကိုရိုနာလုပ်ပါ … ကတုံးမရယ်”

“အေ … မသိဘူးဟဲ့ … အာ့ကြောင့် လူတွေ သေတာ မနည်းဆိုပဲ … တို့ဘုံတော့ နေစရာ ကျဉ်းကျပ်အုံးမယ် ထင်ပါတယ်တော်”

“အဲ့သတင်းနင်ဘယ် ဂရုကကြည့်တာလဲ ”

“နင်မသိဘူးလား … သရဲတို့ ကမ္ဘာမီဒီယာ ဂရုမှာလေ”

“ဟဲ့ … အဲ့ဂရုက ဖိတ်နရူးတွေ များတယ်နော်”

ဟိုက်ရှားဘား သရဲတွေတောင် သောက်ဆင့်မြင့်နေပါကလား ကျုပ်လည်းဒီလိုတွေးနေတုန်းရှိသေးတယ်

“မောင်လျှပ် … လာရင်းကိစ္စကို မမေ့ပါနဲ့ … မောင်ရင့် သူငယ်ချင်းဆီ အမြန်သွားပါ”

ဟာဟုတ်သားပဲ ။ ဆရာကြီး စိုင်းလုံဖ အသံကြားတော့ မှ ကျုပ်လည်း ကိုမိုးစွေကို သတိရသွားလေတော့‌၏ ။ ထိုအခါမှ စိတ်ထဲမှလည်း ကိုမိုးစွေအား အမှတ်ရလိုက်ကာ

“ရောက်ဆိုရောက် … မှောက်ဆိုမှောက် … ငါဟဲ့ ငလျှပ်”

“ဖုန်း ……”

ကျုပ်ခန္ဓာကိုယ်ကြီး အငွေ့တွေ အဖြစ်ပြောင်းသွားပြီး နေရာတစ်ခုကိုရောက်သွားတော့တယ် ။ နားထဲမှာလည်း ဆူဆူညံညံ အသံတွေ ကျုပ်လည်း မျက်စိကို ဖွင့်ပြီးကြည့်လိုက်တော့ မီးရောင်စုံတွေ တလက်လက်ထနေတဲ့ ဟောကြီးဗျာ ။ အပေါ်မှာလည်း ရေးထားသေးတယ်ဘာတဲ့

“Democracy ပရလောကသားများ Night Club”

ဟိုက်ရှားဘား ပရလောက မှာတောင် နိုက်ကလပ်တွေ ရှိနေပါလားလို့ တွေးပြီး ကျုပ်လည်း ကလပ်ထဲ ၀င်ခဲ့လိုက်တော့တယ် ။ ဒီဂျေတီးလုံးသံ အုန်းအုန်းကလည်း ကျုပ်ရဲ့ နှလုံးသားထဲထိ ရိုက်ခတ်နေတယ်ဗျ။ ဟောတွေ့ပြီဗျာ ကလပ်အလယ်ခေါင်က စတီးတိုင်ကြီးကို ပွတ်ပြီး ကနေလိုက်တာများဗျာ ။ ဘယ်သူလဲ မမေးနဲ့ မာမီမိုးကြီး ။ အိုး ကျုပ်တောင် မကြည့်ရဲလို့ မျက်နှာ လွှဲထရတယ် ခနကြာတော့ သူလည်း မောသွားတယ် ထင်တယ် အောက်က အသင့်စောင့်နေတဲ့ ‌သူငယ်လေးဆီ သွားပြီး ပွတ်သီးပွတ်သပ်တွေ သွားလုပ်ပြန်ရော သူ့ဘေးမှာလည်း အခြောက်မကြီး တစ်ယောက်ဗျာ သူနဲ့ တော်တော် ရင်းနှီးပုံပေါ်တယ် ။ နှစ်ယောက်သား ပြုံးလို့ဖြီးလို့ဗျ။

ဒါနဲ့ ကျုပ်လည်း မနေသာတော့ဘဲ မာမီမိုးဆီ သွား လိုက်ရတော့တာပေါ့။

“ဟေ့လူ … ကိုမိုးစွေ … ဟေ့လူ … ကျုပ်အသံကို ကြားသွားတယ်ထင်တယ် ”

“ဟင် ညီလျှပ် … ဘာ … ဘာလာလုပ်တာလဲ ”

မာမီမိုးတစ်ယောက် ကျုပ်ကို မြင်တော့ လန့်သွားပုံပေါ်တယ်။ လန့်လည်းလန့်လောက်ပါတယ်ဗျာ ။ သူ့ပုံလည်းကြည့်အုံးဗျ အပေါ်က ဘရာစီယာကြီးနဲ့ အောက်လည်း ဝေဖာပေါက် စတော့ကင်ကြီးကို ၀တ်ပြီးပွင့်ချင်တိုင်းပွင့်နေတာကိုး ။

“ခင်များ သတိလစ်တာ တစ်ရက်ကျော်နေပြီ … ကျုပ်နဲ့လိုက်ခဲ့တော့ … မဟုတ်ရင် ခင်များသေသွားလိမ့်မယ် ကိုမိုးစွေ ”

“မလိုနိုင်ဘူးညီ … အကို ဟောဒီက ဒေဒေ့ ကိုချစ်တယ် ဒေဒေ့ကို မခွဲနိုင်ဘူး … မမကြီး ပြောပါအုံး”

“ဟုတ်တယ်သူငယ် … မင်း တို့ရဲ့ စွေစွေ့ကို ပြန်လာ ခေါ်စရာအကြောင်းမရှိဘူး … ပြန်ချင်ရင် မင်းဘာသာပြန်ပါ ”

“အို ကြံကြံဖန်ဖန်ဗျာ … ကျုပ်ကတော့ မရရအောင်ခေါ်မာပဲ …”

ထိုအခါဆရာကြီး စိုင်းလုံဖ၏ အသံပြန်ပေါ်လာတော့တယ်။

“မောင်လျှပ် … မောင်ရင့် သူငယ်ချင်း လက်ကို ဆွဲပြီး ဆရာကြီးပြောတဲ့ ဂါထာကို ရွတ်လိုက် ဒါဆို လူ့ပြည်ကိုပြန်ရောက်ပြီ ”

ဒီတော့ ကျုပ်လည်း မာမီမိုးလက်ကို ရုတ်တရက်ခုန်ဖမ်းလိုက်ပြီး ဂါထာကိုရွတ်လိုက်တာပေါ့ ။ ကဝေဂွေးစေ့ အစွမ်းကြောင့်ထင်တယ် သရဲတွေ ကျုပ်အနားကို မကပ်နိုင်ကြဘူးဗျ။ ကျုပ်လည်း ခပ်မြန်မြန်ပင် ဂါထာကို ရွတ်လိုက်တော့တယ် ။

“ဥုံ … ငါ ဟဲ့ အက်ဖ်အေ … ဘယ်တော့မှ စော်မရှိ … ကြိုက်တဲ့စော်လည်း ပြန်ကြိုက် မှောက်ဆို မှောက် ရောက်ဆို ရောက်ဟဲ့ လကွယ် ”

“ဖုန်း …..”

အသံကျယ်ကြီး မြည်လာပြီးနောက် ကျုပ်မျက်စိ နှစ်လုံး အမှောင်ကျသွားတော့တယ်။

“မောင်လျှပ် … မောင်လျှပ် … နိုးပလားကွဲ့”

ဆရာကြီး စိုင်းလုံဖ၏ အသံကို ကျုပ်အရင်ဆုံးကြား ရလိုက်တယ်။ မျက်စိကိုဖွင့်ကြည့်လိုက်တော့ မစန်းစန်းရဲ့ အိမ်ထဲပြန်ရောက်နေပြီလေ ။ တော်သေးတာပေါ့ဗျာ ။ ဟော ဟိုမှာ ကိုမိုးစွေ တစ်ယောက် အူးအူးအီးအီး အော်ပြီး သတိပြန်၀င်လာပြီ။ သူလည်းမျက်စိနှစ်လုံးပွင့်ရော ‌ကိုဒေဝေါ ကိုတွေ့တော့တာပဲ ။

“ဟင် … ဒေဒေ … ဒီထိတောင်လိုက်လာသလားကွယ် … စွေစွေ့ကို အက်ဒလောက်တောင် ချစ်တာလား ”

လို့ပြောပြီး အတင်းလိုက်ဖက်တော့တာပဲ။

“ဟာ … ခင်များလူမှား မှား … ”

ကိုဒေဝေါ စကားပင်ဆုံးအောင် မပြောလိုက်ရ ။ ကိုမိုးစွေက အတင်းလိုက်အုပ်တော့တာပဲ။

“ဆရာကြီးရေ … ဒေဝေါလည်း ဒီတစ်ခေါက်တော့ ပြေးပြီဗျို့ … သရဲတော့ အခြောက်ခံရဲတယ် … လူအခြောက်တော့ မခံနိုင်ဘူး ဆရာကြီးရေ ”

ကိုဒေဝေါလည်း ပြောပြောဆိုဆို နှင့် ‌ဖနောင့်နင့် တင်ပါး တစ်သားတည်းကျအောင်ပြေးထွက်သွားတော့တယ်။ ကျုပ်နဲ့ ဆရာကြီး စိုင်းလုံဖ မှာတော့ ရယ်ရအခက် ငိုရအခက်ဖြစ်ကာ ကျန်ခဲ့လေပါတော့သတည်း ။

++++++++++

နောက်ပိုင်းမှာတော့ ကျုပ်တို့လည်း ကိုမိုးစွေ၏ အပြောအရ ဦးကျော်ကြီးကို မေးလိုက်မှ အကြောင်းစုံ သိလိုက်ရတော့သည်။ ကိုကျော်ကြီး အစ်မ မစန်းစန်းမှာ တကယ်တော့ မိန်းမ အစစ်မဟုတ်ပေ ။ နာမည်အရင်းက ကိုမြင့်စန်း ဖြစ်ပြီး ‌ပွင့်နေသော အခြောက်ကြီးဖြစ်လေ၏ ။ သူငယ်တစ်ယောက်၏ အသဲခွဲဇာတ်ထုတ်ကြောင့် ကိုယ့်ကိုယ်ကို အဆိပ်သောက်ကာ အဆုံးစီရင်ပြီး သရဲဘ၀ သို့ရောက်နေရှာသူဖြစ်လေသည်။ သူနှင့် သူငယ် အပေါင်းပျော်ပါးခဲ့သော ထိုအိမ်ကြီးကို စွဲလမ်းကာ မကျွတ်လွတ်ဘဲ ရှိနေရင်းမှ ကိုမိုးစွေ ရောက်လာခဲ့သည် ။ ဤသို့ဖြင့် ချိတ်ချိတ်ခြင်းချိတ်မိရာမှ ယခုကဲ့သို့သော ဆန်းကြယ်ဇာတ်လမ်း လေး ဖြစ်လာခဲ့ခြင်းဖြစ်လေသည်။ ပထမနေ့က ကိုမိုးစွေ ၀တ်ဆင်ခဲ့သော အမျိုးသမီး၀တ် ဘစ်ကနီ အနီကြီးမှာ ကိုမြင့်စန်း၏ ဘစ်ကနီကြီးလည်း ဖြစ်လေ၏။

ဆရာကြီး စိုင်းလုံဖ၏ တပည့် ကိုဒေဝေါကတော့ ထိုနေ့ည တည်းက မြေနီကုန်းကို ပြန်သွားခဲ့ရာ ယနေ့ထက်တိုင် ပြန်ရောက်မလာခဲ့တော့ပေ။ နောက်တစ်နေ့မှာတော့ ကျုပ်နှင့် ကိုမိုးစွေ အပါအ၀င် ဦးကျော်ကြီးတို့ပါ ကိုမြင့်စန်း ကျွတ်လွတိရေး အတွက် ထိုအိမ်ကြီးထဲမှာပင် ပရိတ်ရွတ် အမျှဝေခြင်းများ ပြုလုပ်ပေးခဲ့ကြသည်။

“ကွယ်လွန်သူ … ကိုမြင့်စန်း နှင့်တကွ သုံးဆယ့် တစ်ဘုံတွင် ကျင်လည်နေကြကုန်သော ဝေနေယျာ သတ္တဝါအားလုံးတို့အား အမျှ အမျှ အမျှ ပေးဝေပါကုန်၏ အားလုံးအမျှရကြ၍ သာဓု အနုမောဿဒ် ခေါ်ဆိုနိုင်ကြပါစေ

အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်သော်ဝ်
သာဓု …. သာဓု …. သာဓု …..

အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်သော်ဝ်
သာဓု …. သာဓု …. သာဓု …..

အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်သော်ဝ်
သာဓု …. သာဓု …. သာဓု ….. “”””””

ရှေ့ဆုံးမှ ရေစက်ချ အမျှဝေပေးနေသော ကိုမိုးစွေ မှာတော့ ဘ၀ တစ်ပါးက ချစ်သူ ဒေဒေ အတွက် မျက်ရည်မိုးတွေ ဖြိုင်ဖြိုင်ရွာသွန်းလို့ နေပါလေတော သတည်း။

ပြီးပါပြီ
++++++++++++

စာဖတ်သူတို့အား အစဉ်လေးစားလျက်

(တောင်းပန်ကြေညာချက် ။။ ။။ ယခု ဇာတ်လမ်း တိုလေးအား အပျော်သဘောဖြင့်သာ ရေးသားခဲ့ခြင်းဖြစ်လေသည်။ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းအလျဉ်း မရှိပါကြောင်း တိုင်တည်ပြောဆိုအပ်ပါသည်။ အချို့အချို့သော အရာလေးများကို ရယ်မောစရာအဖြစ်သာ နှလုံးအာဟာရ ဖြည့်၀ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ သင်ဆရာ မြင်ဆရာ ကြဆရာများအားလုံး ကိုလည်း အစဉ်လေးစားလျက် ။ အမှားများပါပါက ခွင့်လွှတ်ပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။ By Name တပ်ကာ ရေးသား ခဲ့သည့်အတွက်လည်း ကိုမိုးစွေအား အပြစ်မမြင်ပေးပါရန် တောင်းပန်ပါရစေ ။ ကိုမိုးစွေကား ဇာတ်လမ်းထဲက လို မဟုတ်ပါ အားလုံးကို ကျေးဇူးတင်ပါသည် )

ဤ ဇာတ်လမ်းလေးအား ဖတ်ရှုပြီးသူများ ဝေဖန် အကြံပြုပေးသွားနိုင်ပါသည် ။ စာချစ်သူ ညီကို မောင်နှမများနှင့် ရင်းနှီးလိုပါသည် ။ ကျေးဇူးအထူးတင်ပါသည်ဗျို့ ။

ယခင် လျှပ်ပန်းအိမ် ( လားရှိုး ) အမည် မှ ယခု သူရေး နှင့် ကလင်ရှောင် အမည် နှစ်ခုကို သုံးနှုန်းသွားပြီး ဇာတ်လမ်းများ ဆက်လက်ရေးသား ဖြစ်မည် ဖြစ်ကြောင်း ကို လေးစားစွာ အသိပေးပန်ကြားအပ်ပါသည် ။

စာ​ရေးသူ=ကလင်ရှောင်(သူရေး)အားလေးစားလျက့်