ကျွန်မ ဘယ်မှာနေရမလဲ

**ကျွန်မှာ ဘယ်မှာနေရမလဲ**(စ/ဆုံး)
————————————

မသန်းနု ဆုံးသွားပြီ။

၉၆ပါး ရောဂါနဲ့ပါပဲ…။
ဆုံးတဲ့နေ့က တန်ခူးလဆန်း ၁ ရက်နေ့။
မသန်းနုအသက်က ငါးဆယ်လောက်ရှိပြီ။
လင်မယားနှစ်ယောက်ထဲနေတာမို့ အိမ်
မှာသူ့ယောင်္ကျားအုန်းမြင့်ပဲ ကျန်ရစ်ခဲ့
တယ်။ သူတို့လင်မယားက သားတစ်
ယောက်ပဲ ရှိတယ်။ သားရဲ့နာမည်က
ရဲသွေးတဲ့ …။

ရဲသွေးက ပြင်ဦးလွင်မှာရှိတဲ့ တပ်မတော်
တပ်ရင်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေ
တယ်။

မသန်းနုဆုံးပြီဆိုတာနဲ့ ချက်ချင်းပဲ
အုန်းမြင့်က သားဆီကို ဖုန်းဆက်ပြီး…၊
မိခင်ဆုံးပါးသွားတဲ့အကြောင်း အကြောင်း
ကြားဖို့ စီစဉ်တယ်။ တပ်မတော်သား
ဆိုတာမျိုးက တိုင်းပြည်အရေးကိုသာ
ရှေ့တန်းတင်ထားကြသူတွေ၊ ကိုယ်ရေး
ကိုယ်တာကိစ္စမှန်သမျှနောက်တန်းမှာပဲ
ထားကြရတယ်။

ဒါကြောင့် ရဲသွေး တပ်ရင်းမှာရှိမှရှိပါ့မလား
လို့ ကိုအုန်းမြင့် စိတ်ပူမိတယ်။ ကံအား
လျော်စွာပါပဲ ရဲသွေးနဲ့ ဖုန်းအဆက်အသွယ်
ရတယ်၊ ရဲသွေး တပ်ရင်းမှာရှိနေတယ်။

အုန်းမြင့်က မသန်းနု ဆုံးသွားတဲ့အကြောင်း
ပြောတယ်။

ဖြစ်နိုင်ရင် မိခင်ကြီးရဲ့ နောက်ဆုံးခရီး
စျာပနမှာ သားရဲသွေးရှိစေချင်တယ်။
အတူတကွ မိခင်ကြီးအတွက် ရည်စူး
ပြီး ကောင်းမှုကုသိုလ်ပြုလုပ်ချင်တယ်
လို့ ပြောလိုက်တယ်။

“ကျနော် တပ်ခွဲမှူးကို သတင်းပို့ပြီး
ခွင့်တောင်းမယ် အဖေ…၊ ခွင့်ရတာနဲ့
ချက်ချင်းလာခဲ့ပါမယ်…”

လို့ သားက ပြောတယ်၊ ပြီးတော့
ဖုန်းချလိုက်တယ်။ ဟုတ်တော့လည်း
ဟုတ်တယ်၊ တပ်မတော်သားဆိုတာနဲ့
သူ့ကို တိုင်းပြည်က ပိုင်သွားပြီ။
တိုင်းပြည်အရေးက နံပါတ်( ၁ )၊
ကိုယ်ကိစ္စက နံပါတ်( ၂ )ဆိုတာ
အုန်းမြင့်သဘောပေါက်တယ်…၊

ဒါပေမဲ့ သားကို လာစေချင်တယ်…။
ရဲသွေးအနေနဲ့ မိခင်ကြီးကိုကန်တော့
ခွင့်ရပါစေလို့ ဆုတောင်းတယ်။

သူ့ဆုတောင်း ပြည့်ပါတယ်။
ရဲသွေး ညတွင်းချင်းပဲ ရွာကိုရောက်
လာတယ်။ သူ့မိန်းမ ကလျာနွယ်လည်း
ပါလာတယ်။ ရောက်ရောက်ချင်းဆို
သလို ရဲသွေးက သူ့အဖေအုန်းမြင့်ကို
ပြောတယ် ။

“ကျတော် ကြာကြာနေလို့မရဘူး အဖေ
တပ်ခွဲမှူးက ခွင့်သုံးရက်ပဲ ပေးလိုက်တယ်
ဒါတောင် မိခင်အရင်း ဖြစ်နေလို့၊ ညီအစ်
ကို မောင်နှမဆိုရင်တောင် ရမှာ မဟုတ်
ဘူး…ကျတော်ကလည်း အမေ့ကိုသင်္ဂြိုဟ်
ချင်တယ်၊ ရက်လည်ဆွမ်းသွတ်တဲ့
အထိလည်း ရှိချင်တယ် …၊ ဒါကြောင့်
ဒီလိုလုပ်ချင်တယ် အဖေ”

ရဲသွေးက သူလုပ်ချင်၊ သူဖြစ်ချင်တာ
ကို ပြောတယ်။ အုန်းမြင့် ရပ်ကွက်လူကြီး
နဲ့ ညှိနှိုင်းတိုင်ပင်ကြည့်တယ်။ ရဲသွေး
လုပ်ချင်တဲ့အလုပ်ဟာ ရွာမှာဘယ်သူမှ
မလုပ်ဖူးဘူး။

ထုံးစံဓလေ့လည်း မရှိဘူး။

ဒါပေမဲ့ ဘယ်သူ့မှ မထိခိုက်ဘူး၊ ရွာကိုလည်း
ထိခိုက်မှာ မဟုတ်ဘူး။ သားတစ်ယောက်
အနေနဲ့ သူဖြစ်ချင်တာကို ဆန္ဒရှိတဲ့ အတိုင်း
ပြောတာ။ ရွာလူကြီးက နားလည်တယ်။

ဒီနေ့သေတဲ့ မသန်းနုကို မနက်ဖြန်၊
သုသာန်ပို့ပြီး သင်္ဂြိုဟ်မယ်…

သဘက်ခါ ရက်လည်ဆွမ်းသွတ်မယ်တဲ့ …
အုန်းမြင့်တို့ သားအဖရဲ့ဆန္ဒအတိုင်း လုပ်ကိုင်
ဆောင်ရွက်ခွင့် ပြုလိုက်တယ်။

ရဲသွေးတို့လင်မယားကလည်း ရက်လည်
ဆွမ်းသွတ်ပြီးပြီးချင်းပြန်နိုင်ဖို့ အစီအစဉ်ဆွဲတယ်…
ရွာလူကြီးတွေ ခွင့်ပြုတဲ့အတွက် အုန်းမြင့်ရော…
ရဲသွေးပါ ကျေနပ်သွားတယ်၊ ဒါပေမဲ့
ဒီအစီအစဉ်အပေါ် မကျေနပ်တဲ့သူ
တစ်ယောက်ပေါ်လာတယ်။

သူကတော့ သေသူ မသန်းနုပဲဖြစ်တယ်။

XXX

လူသေရင် သုံးရက်ထားတယ်။ သုံးရက်
မြောက်တဲ့နေ့မှ သင်္ဂြိုဟ်ရတယ်။ နှစ်သစ်
ကူးရက်နဲ့ကြုံလို့ ကူးစက်ရောဂါကြောင့်
သေတာနဲ့၊ အခြားသော အကြောင်းအရာ
တွေကြောင့် ချက်ချင်းသင်္ဂြိုဟ်ရတာ…။
တစ်ရက်ထဲထားပြီး နောက်နေ့ သင်္ဂြိုဟ်
တာတွေ ရှိတတ်ပေမဲ့ သုံးရက်မြောက်တဲ့
နေ့မှာ သင်္ဂြိုဟ်တာကတော့ ရွာရဲ့ထုံးစံပါ။

ဒါပေမဲ့ ရက်လည်ဆွမ်းသွတ်ကို
သုံးရက်နဲ့ လုပ်တာတော့ ထုံးစံမရှိဘူး၊
အစဉ်အလာ မဟုတ်ဘူး။ ရွာရဲ့ သမိုင်း
တစ်လျှောက်မှာလည်း တစ်ကြိမ်တစ်ခါ
တောင် မကြုံဖူးဘူး…

ကာလ၊ ဒေသ အခြေအနေအရ ငါးရက်နဲ့
ဆွမ်းသွတ်တာ ရှိခဲ့ပေမဲ့ …၊

ထုံးစံက သေဆုံးပြီးခုနှစ်ရက်တင်းတင်း
ပြည့်မြောက်တဲ့နေ့မှ ရက်လည်ဆွမ်း
သွတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကာယကံ
ရှင်တွေရဲ့အလိုကျ ရပ်ကွက် လူကြီး
တွေက ခွင့်ပြုလိုက်တယ်။

တန်ခူးလဆန်း( ၂ )ရက်နေ့၊ နေ့ခင်းမှာပဲ
မသန်းနုရဲ့ရုပ်အလောင်းကို သုသာန်ပို့ပြီး
သင်္ဂြိုဟ်လိုက်တယ်။ နောက်နေ့ဖြစ်တဲ့

တန်ခူးလဆန်း (၃)ရက်နေ့မှာ ရက်လည်
ဆွမ်းကျွေးတယ်။

ရဟန်းသံဃာတွေပင့်ပြီး ဆွမ်းဆက်
ကပ်တယ်။ ဒါတပ္ပဝတ္ထုအစုစုတို့ကို
လှူဒါန်းတယ်။ ရက်လည်တရားနာတယ်။

ပရိတ်တရားတော်တွေ ရွတ်ဖတ်တယ်
ကွယ်လွန်သူ မသန်းနုနဲ့တကွ သုံးဆယ်
တစ်ဘုံမှာ ကျင်လည်နေထိုင်ကြကုန်
သော သုခိတ၊ ဒုတ္ခိ၊ ဝေနေယျ သတ္တဝါ
အားလုံးတို့ကို အမျှအတန်းပေးဝေတယ်……

သာဓုအနုမောဒနာ ခေါ်ဆိုကြတယ်။
အဲဒီနောက်မှာ လာရောက်ကြတဲ့ဧည့်
ပရိတ်သတ်တွေကို ဝက်သားဟင်းနဲ့
ထမင်းကျွေးဧည့်ခံတယ်။ ဒီလို ဧည့်
ပရိတ်သတ်တွေနဲ့ စည်ကား၊ ဆူညံ
နေတဲ့ အချိန်မှာပဲ မမျှော်လင့်တဲ့
အဖြစ်အပျက်တစ်ခု ဖြစ်လာတယ်။

မကလျာနွယ်…၊ ရဲသွေးရဲ့ဇနီး မကလျာ
နွယ်ဟာ ရုတ်တရက်မိုက်ခနဲ ဖြစ်ပြီး
လဲကျမလို ဖြစ်သွားတယ်။ အနီးအနား
မှာရှိတဲ့သူတွေက ဝိုင်းပြီး’ဘာဖြစ်တာလဲ’
လို့ မေးလိုက်ချိန်မှာပဲ မကလျာနွယ်ဆီ
က ရှိုက်သံထွက်လာတယ်။

ငိုနေရာကနေ အုန်းမြင့်ဆီ ထပြေးတယ်။
ယောက္ခထီးဖြစ်တဲ့ အုန်းမြင့်ကိုဖက်၊
ရှိုက်ကြီးတငင် ငိုကြွေးရင်း စကားတွေ
ဖြစ်တယ်။

“အမလေး …၊ ကိုအုန်းမြင့်ရဲ့၊ ရှင်တော်တော်
ရက်စက်တယ်၊ ကျုပ်ကို နှစ်ရက်နဲ့လည်း
သင်္ဂြိုဟ်သေးတယ်၊ ခုလည်း သုံးရက်နဲ့
နှင်ချနေပြန်ပြီ ရှင်တော်တော်ရက်စက်တဲ့
လူကြီးပဲ ကိုအုန်းမြင့်ရဲ့”

ပရိတ်သတ်အားလုံး အုန်းမြင့်ကို
ဖက်ငိုနေတဲ့ ချွေးမဖြစ်သူကိုကြည့်ပြီး
အံ့အားသင့်ကုန်တယ်…

နောက်မှ သေသူမသန်းနု ဝင်ပူးနေပြီ
ဆိုတာ သဘောပေါက်သွားကြတယ်။
ဟုတ်တယ်…၊ ချွေးမဖြစ်သူ ကလျုာနွယ်
ရဲ့အသံက ယောက္ခမ မသန်းနုရဲ့အ
သံကြီး…

ပြီးတော့ မျက်နှာကလည်း တစ်မျိုးဖြစ်
သွားတယ်……မသန်းနု ဝင်ပူးကပ်ခံနေရ
တဲ့ ကလျာနွယ်ဟာ ကိုအုန်းမြင့် အနီးက
ခွာပြီး အိမ်ရှေ့မြေပြင်ပေါ် ခြေဆင်းထိုင်
ပြီး ငိုပြန်တယ်။

ပြီးတော့ မြေကြီးပေါ်လူးလှိမ့်တယ်။
စကားတွေပြောပြီး ငိုတယ်။

“ခုတော့ ကျမနေလို့ မရတော့ဘူးတော့်…
အိမ်ပေါ်က လူကြီးကလည်း ကျမကို
ရိုက်ချနေပြီ၊ ကျမ ဘယ်မှာနေရမလဲ…၊
ပြောပါအုံး၊ ကိုအုန်းမြင့်ရဲ့၊ ကျမ ဘယ်မှာ
နေရမလဲ…”

ကိုအုန်းမြင့် သူ့မိန်းမအတွက် စိတ်မကောင်းဘူး။

ဒါပေမဲ့ သူက တစ္ဆေသရဲယုံတဲ့သူ မဟုတ်ဘူး
တစ္ဆေ သရဲအကြောင်း သူ့ကို ပြောလာရင်
သူက ကန့်လန့်တိုက်ပြီး ပြောတတ်တဲ့သူ…

ဒါကြောင့် အခု သူ့မိန်းမ မသန်းနု ဝင်ပူး
နေတယ်ဆိုတော့ ရွတ်ပြီးပြောလိုက်တယ်…

“ငါတို့က ထုံးစံနဲ့လည်း ကိုက်အောင်၊
နင့်သား ရဲသွေးရဲ့ဆန္ဒလည်းပြည့်အောင်
လုပ်လိုက်တာပဲ…။ နင့်မှာနေစရာမရှိရင်
ဘုရားကြီးကျောင်းဝိုင်းထဲ ပြေးပေါ့ဟာ”

အုန်းမြင့် ဒီလိုပြောလိုက်တာနဲ့ မြေကြီးပေါ်
လူးလှိမ့်ငိုနေတဲ့ ကလျာနွယ်ဟာ ဖုံမှုန့်အ
လိမ်းလိမ်း၊ ပြေကျပြီး ဖယိုဖရဲဖြစ်နေတဲ့
ဆံပင်တွေနဲ့ ထလာတယ်။

အုန်းမြင့်ကို စိမ်းစိမ်းဝါးဝါးကြီး ကြည့်တယ်။

ပြီးတော့ ဘာမပြော၊ညာမပြော…၊
ရွာလယ်လမ်းမကြီးအတိုင်း အရှေ့ဘက်
ကို စွတ်ပြေးနေတယ်…၊
သုံးလေးဖာလုံလောက်ဝေးတဲ့
ဘုရားကြီး မုခ်ဦးရောက်တော့
ဘုရားဝိုင်းထဲ ကွေ့ဝင်ပြေးတယ်။

ကလျာနွယ်ကို တစ်ခုခုဖြစ်မှာစိုးရိမ်တဲ့
ဆွေမျိုးသားချင်လေး ငါး ဆယ်ယောက်
လောက် နောက်ကနေ တသီတတန်း
ပြေးလိုက်သွားကြတယ်

ထူးဆန်းတာက ကလျာနွယ်ပါ။
သူမက ရဲသွေးနဲ့အိမ်ထောင်ကျတာ
မကြာသေးဘူး။ ရွာကိုလည်း တစ်ကြိမ်
တစ်ခါမျှ မလာဖူးဘူး…၊

ခုမှ မသန်းနုသေမှ သူ့ယောင်္ကျားရဲသွေးနဲ့
လိုက်လာလို့ ရောက်ဖူးတာ…၊ ရောက်တော့
လည်း အသုဘအိမ်ကလွဲပြီး ဘယ်မှမသွားခဲ့
ဘူး။ ယောက္ခမ …မသန်းနု သင်္ဂြိုဟ်တာ
တောင် သုသာန် လိုက်မသွားဘဲ
အိမ်မှာပဲ နေခဲ့တဲ့သူ။

ဆိုလိုတာက အိမ်ထဲက အိမ်အပြင်
မထွက်ဘူးတဲ့သူ ။ ဘုရားကြီး ဘယ်ဘက်မှာ
ရှိတယ်ဆိုတာ မသိတဲ့သူ…၊ ဒီလိုလူက
အုန်းမြင့်ရဲ့ ‘ဘုရားကြီးဝိုင်းထဲ ပြေးပေါ့’
ဆိုတဲ့ စကားလည်းကြားရော…၊

ဘုရားကြီးဝိုင်းထဲ အမှားအယွင်းမရှိ၊
တန်းတန်းမတ်မတ် ပြေးဝင်သွားခဲ့တယ်။

ဒါဟာ သေသူမသန်းနု အမှန်တကယ်
ဝင်ပူးကပ်နေတယ်ဆိုတာ အထင်အရှား
ပြနေတာပါပဲ…။

ဘုရားဝင်းကြီးထဲမှာ ထိုင်ငိုနေတဲ့ ကလျာနွယ်
ဆီကို ဆွေမျိုးတွေနဲ့ အတူ တိုင်းရင်းဆေး
ဆရာလည်းဟုတ်၊ပယောဂဆရာလည်း
ဟုတ်တဲ့ ဦးကြာညွန့်ရောက်လာတယ်။

“နင်…၊ သန်းနု အစစ်အမှန်လား…၊
အခြား ပယောဂအနှောင့်အယှက်လား…”

“ဆရာ ဦးကြာညွန့်ကလည်း ကျမသန်းနု
အစစ်ပါ တော်…”

ကလျာနွယ်ဆီက ထွက်လာတဲ့စကားကြောင့်
သန်းနုအစစ်အမှန်ဆိုတာ လက်ခံလိုက်ကြ
တယ်။

ဘာကြောင့်လည်းဆိုတော့ ကလျာနွယ်က
ဦးကြာညွန့်ကို သိမှာမသိတာကိုး။

“ကဲ …ပြော…၊ နင် ဘာလုပ်ချင်လဲ၊
ဘာဖြစ်ချင်လဲ…၊ ငါ့ကိုပြောစမ်း…”

“ကျုပ်အိမ်မှာ နေလို့မရတော့ဘူး၊
အီး …ဟီး…ဟီး…၊ ဘယ်မှာ နေရမတုန်း၊
ဘယ်မှာ နေရမတုန်း…၊ ကျုပ်ကို နေရာ
ပေးပါ၊ ဟီး ဟီး ဟီး”

ဆရာကြီးဦးကြာညွန့် အနီးမှာရှိတဲ့
ထနောင်းကုန်းပင်ကို လက်ညှိုးထိုးပြတယ်။

“ဒီထနောင်းပင်မှာနေ…”

ကလျာနွယ် ထနောင်းပင်ကို စိုက်ကြည့်ပြီး
ခေါင်းယမ်းပြတယ်။

“မရဘူး၊ နေလို့မရဘူး၊ ဒီအပင်မှာ နေတဲ့သူ
ရှိတယ်”

ဆရာကြီးဦးကြာညွန့် မလှမ်းမကမ်းက
တမာပင်ကြီး တစ်ပင်ကို ထပ်ပြတယ်။

“ဒီ တမာပင်ကြီးမှာရော”

“မရဘူး၊ ဒီအပင်မှာလည်း ပိုင်ရှင်ရှိတယ်

ဒီလိုနဲ့ ဦးကြာညွန့်ဟာ ဘုရားဝိုင်းထဲမှာ
ရှိတဲ့ အပင်တွေကို တစ်ပင်ပြီးတစ်ပင်
ပြတယ်၊ မသန်းနုအတွက် နေစရာပေးတယ်။

မသန်းနုပူးကပ်နေတဲ့ ကလျာနွယ်ကတော့
ခေါင်းယမ်းမြဲယမ်းနေတယ်။

“ကဲ …သခွပ်မှာရောဟေ့…”

ကလျာနွယ်ဟာ သခွပ်ပင်ကို အတန်
ကြာအောင် ကြည့်တယ်

“ဟုတ်တယ် …၊ ဒီ သခွပ်ပင်မှာ ပိုင်ရှင်မရှိဘူး၊
ကျမ ဒီမှာပဲ နေမယ် ”

လို့ပြောပြီး သဘောတူလိုက်တယ်

“ကဲ …နင် ဘာလုပ်ချင်သေးတုန်း
ငါ့ကိုပြော…”

ဆရာကြီးဦးကြာညွန့်က မေးလိုက်ပြန်သည်။

ကလျာနွယ်ဟာ ဝိုင်းကြည့်နေတဲ့ လူအုပ်ကို
စေ့စေ့စပ်စပ် လိုက်ကြည့်တယ်။ ပြီးတော့
မလှမ်းမကမ်းမှာ ကြည့်နေတဲ့ အုန်းမြင့်ကို
လက်ယက်ပြီး ခေါ်တယ်။

“ဘူးနဲ့ ထည့်ထားတဲ့ ကျုပ်လက်ဝတ်
ရတနာတွေ သွားယူပေး…၊ ကျုပ်လက်
ဝတ်လက်စားအားလုံး ဆရာတော်ကို
လှူချင်တယ် …”

အုန်းမြင့် အိမ်ကို ချက်ချင်းပြန်ပြေးတယ်။

မသန်းနုရဲ့လက်ဝတ်လက်စားတွေ
ထည့်သိမ်းထားတဲ့ ဘူးကို ယူတယ်၊
ကလျာနွယ်လက်ထဲ ထည့်လိုက်တယ်။

ဆွဲကြိုး၊ လက်စွပ်၊ လက်ကောက်၊
နားကပ်စတဲ့ ရွှေထည်ပစ္စည်းတွေကို
တွေ့တယ်၊ ကလျာနွယ် ရွှေဘူးကို
ပြန်ပိတ်တယ်။ ပြီးတော့ ဘုရားဝိုင်း
ထဲကနေ အနောက်ဘက် ကပ်လျက်
ဘုန်းကြီးကျောင်းဝင်းထဲကို သွားတယ်။

လူအုပ်ကလည်း သူ့နောက်က လိုက်
သွားကြတယ်။ ကျောင်းဝင်းထဲကို
တစ်ခေါက်မှမရောက်ဖူးတဲ့ ကလျာနွယ်ဟာ
ကျောင်းတိုက်တွေ အများအပြားရှိတဲ့
အထဲက ဆရာတော် ဦးဣန္ဒဝံသ သီတင်း
သုံးတဲ့ နှစ်ထပ်သစ်သားကျောင်းကို
တန်းတန်းမတ်မတ် တက်သွားတယ်

ဆရာတော်ကို ကန်တော့ပြီး လက်ဝတ်
လက်စားတွေ ထည့်ထားတဲ့ ဘူးကို
လှူလိုက်တယ်

လှူပြီးတော့ ကျောင်းအောက်ပြန်ဆင်းခဲ့တယ်။

လာခဲ့တဲ့လမ်းအတိုင်း ဘုရားကြီးပရဝုဏ်ထဲ
ပြန်ဝင်လာတယ်။

ဒီလိုလာရင်းက သခွပ်ပင်အောက်
အရောက်မှာ ကလျာနွယ်တစ်ယောက်
ခွေခွေလေးလဲကျသွားတယ်၊ သတိလစ်
သလို ဖြစ်သွားတယ်။

ပရိတ်သတ်ထဲက မိန်းမကြီးတချို့
ပြုစုပေးလို့ တစ်ခဏအကြာမှာပဲ
သတိပြန်ရလာတယ်။ အဲဒီအခါမှာတော့
ကလျာနွယ်ဟာ ကလျာနွယ်စစ်စစ်
ပြန်ဖြစ်သွားပြီ ဖြစ်ပါတယ်။

မသန်းနု ဝင်ရောက်ပူးကပ်ခံနေရတဲ့
ကလျာနွယ် မဟုတ်တော့ပါဘူး….။

ကလျာနွယ်ရဲ့စိတ်တွေကလည်း မူလ
ပုံမှန်စိတ်ကို ပြန်ရောက်နေပါပြီ။

လူတွေကတော့ ကလျာနွယ်ကို ခေါ်ပြီး
နာရေးအိမ်ရှိရာသို့ ပြန်လာရင်း…၊

မသန်းနုတစ်ယောက် သူ့အတွက်ရရှိတဲ့
နေရာဋ္ဌာနအသစ်ဖြစ်တဲ့ သခွပ်ပင်ကြီး
မှာ နေရစ်ခဲ့ပြီဆိုတဲ့ အကြောင်း တစ်
ယောက်တစ်ပေါက်၊ ဆူဆူညံညံ
ပြောဆိုလိုက်ပါလာကြတယ်။

ညနေပိုင်းမှာ ဆရာတော်က အုန်းမြင့်ကို
ခေါ်တယ်။

“မနက်တုန်းက ဒကာမကြီးမသန်းနု
စိတ်ချမ်းသာအောင်လို့ လက်ခံထားရတယ်…
ဒီပစ္စည်းတွေက တရားဘာဝနာ ကျင့်ကြံ
အားထုတ်ရာမှ အနှောင့်အယှက်ပြုတတ်တဲ့
ပစ္စည်းတွေဖြစ်လို့ ဘုန်းကြီးတို့နဲ့ မအပ်စပ်ဘူး
ဒါကြောင့် ဒကာမကြီးကို ပြန်ပြီးစွန့်ပါတယ်…”

လို့ မိန့်ပြီး ရွှေထည်ပစ္စည်းတွေကို
ပြန်စွန့်လိုက်ပါတယ်။

ပြီးပါပြီ

မူရင်းရေးသူ ဆရာမောင်မှိုင်းညို့(ချောင်းဦး)

credit

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ