“သားရွှေတိုး “(စ/ဆုံး)

“သားရွှေတိုး “(စ/ဆုံး)

————————————–
(၁)

အကြွေးပြန်မဆပ်လို့ သူများအိမ်မှာ တိရစ္ဆာန်သွားဖြစ်တဲ့ဇာတ်လမ်းတွေ ကျွန်မအတော်များများကြားဖူးပါတယ်ရှင်၊ ဒါပေမယ့် ကျွန်မဘဝမှာ ကြုံခဲ့ရတာကတော့ တမူထူးခြားတယ်ရှင့်၊ အခုကျွန်မပြောမယ့်အကြောင်းအရာကတော့ ဖြစ်နေကျအကြောင်းအရာတွေထက် ပိုမိုထူးခြားတယ်ရှင့်၊

ကျွန်မနာမည် ဒေါ်တိုးလို့ခေါ်ပါတယ်၊ ကျွန်မက မြန်မာပြည်အလယ်ပိုင်းက မြို့ငယ်လေးတစ်မြို့မှာနေပါတယ်၊ အဲဒီတုန်းက ကျွန်မအသက်က လေးဆယ်မပြည့်သေးပါဘူး၊ သုံးဆယ့်ရှစ် သုံးဆယ့်ကိုးလောက်ပေါ့ရှင်၊ ကျွန်မအမျိုးသားနာမည်ကတော့ ကိုသန်းရွှေလို့ခေါ်ပါတယ်၊ သူကတော့ ကျွန်မထက် အသက်ငါးနှစ်တိတိပိုကြီးပါတယ်၊ ကျွန်မတို့လင်မယားနှစ်ယောက်က ဒီမြို့လေးရဲ့အစွန်ဘက် တာလမ်းမကြီးနံဘေးမှာ သစ်သားအိမ်ကလေးနဲ့နေပါတယ်၊ ဘဝပေးကံမကောင်းလေတော့ ကျွန်မတို့လင်မယားမှာ သားသမီးမထွန်းကားပါဘူးရှင်၊ နာမည်ကြီးဆေးဝါးတွေ၊ ဓါတ်ရိုက်ဓါတ်ဆင်တွေလုပ်တာလည်း အစုံပါပဲ၊ သားသမီးရအောင်ကြိုးစားရင်း ဆယ်နှစ်လောက်ကြာတဲ့အခါမှာတော့ သားသမီးကံမပါဘူးဆိုပြီးတော့ ကျွန်မတို့လက်လျှော့လိုက်ကြပါတယ်ရှင်။

ကိုသန်းရွှေ က တည်ကြည်ဖြောင့်မတ်တဲ့လူတစ်ဦးပါ၊ ကျွန်မနဲ့သားသမီးမရနိုင်တာသိပေမယ့်လည်း ဖောက်လွဲဖောက်ပြန်မရှိခဲ့တဲ့လူတစ်ယောက်ပါရှင်၊ ကိုသန်းရွှေက မြို့ထဲက အစိုးရအလုပ်မှာ ဝန်ထမ်းလုပ်ပါတယ်၊ နေ့တိုင်း ကျွန်မတို့မြို့ပြင်အိမ်ကလေးနဲ့ သူ့ရုံးနဲ့ကို စက်ဘီးကလေးနဲ့ အလုပ်သွားတက်ပါတယ်၊ ကျွန်မကတော့ ဘာအလုပ်မှမလုပ်ပါဘူး၊ မှီခိုပေါ့ရှင်၊ ဒါပေမယ့်လည်း ကျွန်မတို့ခြံကလေးက အတော်အတန်ကျယ်ဝန်းတော့ ခြံထဲမှာ သီးပင်စားပင်တွေစိုက်ပါတယ်၊ သရက်မရမ်းပင်တွေချည်း အပင်ငါးဆယ်လောက်ရှိပါတယ်၊ ပြီးတော့ အိမ်စားရိတ်ကာမိအောင်ဆိုပြီး မြေလွတ်မြေရိုင်းတွေမှာ စင်ထောင်ပဲတို့၊ ပဲတောင့်ရှည်၊ ချဉ်ပေါင်၊ ခရမ်း စတာတွေလည်းစိုက်ပျိုးထားပါတယ်၊ ကျွန်မတို့ခြံကထွက်တဲ့သီးနှံတွေကို ကျွန်မကခူးဆွတ်ပြီးတော့ အနီးအနားက ဈေးကလေးမှာသွားရောင်းပါတယ်၊ ဒီလိုနဲ့ ကျွန်မတို့လင်မယားနှစ်ယောက် စားရေးသောက်ရေး ပူစရာမလိုဘဲ ပြေလည်ခဲ့တယ်ဆိုပါတော့ရှင်။

မိုးတွေအရမ်းရွာတဲ့ညတစ်ညမှာတော့ မီးလည်းပျက်သွားတာနဲ့ ကျွန်မတို့လင်မယားနှစ်ယောက် စောစောစီးစီးအိပ်ရာဝင်ခဲ့ကြပါတယ်၊ ကိုသန်းရွှေက အစောကြီးအိပ်သွားပေမယ့် ကျွန်မကတော့ တောင်တွေးမြောက်တွေးနဲ့ တော်တော်နဲ့အိပ်မပျော်ခဲ့ပါဘူးရှင်၊ နောက်တော့မှ မှေးခနဲအိပ်ပျော်သွားခဲ့ပါတယ်၊ ကျွန်မအိပ်နေတုန်း တစ်ရေးလောက်ရတဲ့အချိန် ကျွန်မတို့အိမ်တံခါးကို တဝုန်းဝုန်းနဲ့ခေါက်သံကြားလိုက်ပါတယ်၊ ကျွန်မလည်း ကိုသန်းရွှေကိုမနှိုးတော့ဘဲ ဖယောင်းတိုင်ကလေးထွန်းပြီးတော့ အိမ်တံခါးကိုသွားဖွင့်လိုက်တဲ့အခါ အိမ်အပြင်မှာ ကျွန်မမောင်အငယ်ဆုံး တိုးအောင်ကိုတွေ့လိုက်ရပါတော့တယ်၊ သူ့တစ်ကိုယ်လုံးလဲ မိုးရေတွေရွဲနေတာပါပဲရှင်၊ ကျွန်မတို့မောင်နှမ သုံးယောက်ရှိတဲ့အထဲ အကြီးဆံုံးအမကြီး မစိန်တိုးကတော့ လေဖြတ်ပြီး ဆုံးသွားတာကြာပါပြီ၊ ကျွန်မနာမည်ကတော့ မငွေတိုးပါ၊ အငယ်ဆုံးမောင်လေးကိုတော့ အဖေက တိုးအောင်လို့နာမည်ပေးထားပါတယ်။

တိုးအောင်ကို တွေ့တော့ ကျွန်မဖြင့် ခေါင်းနားပန်းကြီးသွားပါတယ်၊ တိုးအောင်က ကျွန်မတို့မြို့မှာနေတာမဟုတ်ပါဘူး၊ ကျွန်မတို့မြို့ရဲ့ သိပ်မလှမ်းတဲ့ရွာငယ်လေးတစ်ရွာမှာ ကျောင်းဆရာအဖြစ်နဲ့ဝင်လုပ်နေရင်း လွန်ခဲ့တဲ့သုံးလလောက်ကပဲ ရန်ကုန်တက်သွားရင်းကနေ ယာဉ်မတော်တဆမှုဖြစ်ပြီး သေဆုံးသွားခဲ့တာပါ၊ ဒါကြောင့် တိုးအောင်ကိုမြင်လိုက်တော့ ကျွန်မထိတ်လန့်သွားရတာပေါ့ရှင်။ တိုးအောင်က သူဝတ်နေကျအတိုင်း အပေါ်ကအင်္ကျီအဖြူ၊ အောက်က ပုဆိုးအကွက်စိမ်းအစိပ်ကလေးဝတ်ထားပါတယ်၊ လွယ်အိတ်တစ်လုံးကိုလည်း ဘေးတစ်စောင်းလွယ်ထားပါသေးတယ်။

“တိုးအောင်၊ မိုးထဲလေထဲ နင်ဘာလာလုပ်တာလဲ”

“အမ၊ ကျုပ်အမဆီက အကြွေးလာတောင်းတာ”

ကျွန်မထိတ်လန့်သွားပါတယ်၊ သူမသေခင် တစ်လလောက်အလိုက ကျွန်မသူ့ဆီကနေ ပိုက်ဆံချေးထားဖူးပါတယ်။ ပိုက်ဆံချေးတာကလည်း ကျွန်မတို့အိမ်အနောက်ဖက် အဖီကလေးကိုပြင်တော့ ပိုက်ဆံလိုလို့ ခဏဆွဲထားတာပါ၊ သူကလည်း ကျွန်မကိုကြည်ကြည်ဖြူဖြူပဲချေးပေးထားပါတယ်၊ ကျွန်မသူ့ကိုပိုက်ဆံမဆပ်ရသေးခင်မှာပဲ သူအက်စီးဒင့်ဖြစ်ပြီး ဆံံးုသွားတာပါပဲ။

“ဟာ၊ ငါနင့်ကိုမဆပ်နိုင်ဘူး”

ကျွန်မဘာကြောင့်မှန်းတော့မသိပေမယ့် ပါးစပ်ကနေ အကြွေးမဆပ်ဘူးဆိုပြီး လွှတ်ခနဲထွက်သွားမိတယ်။

“ဟာ အမရာ၊ သူများပိုက်ဆံယူထားရင် ပြန်ဆပ်ရမှာပေါ့”

“တိုးအောင်၊ နင်နဲ့ငါဘဝခြားသွားပြီလေ၊ ငါကနင့်ကိုဘာဖြစ်လို့ပြန်ဆပ်ရမှာလဲဟဲ့”

တိုးအောင်က မကျေနပ်တဲ့ပုံပါပဲရှင်။ သူ့ပိုက်ဆံကိုပြန်မဆပ်ရကောင်းလားဆိုပြီး မိုးရေတွေစိုရွဲနေတဲ့ကြားက ကျွန်မကိုမျက်လုံးရွဲကြီးတွေနဲ့ စိုက်ကြည့်နေပါရော။

“ရတယ်၊ အမမဆပ်ရင် ကျုပ်အမဆီက မရရအောင်လာပြန်တောင်းမယ်”

တိုးအောင်တစ်ယောက် အဲဒီလိုပြောပြီးတော့ ခြံထဲကိုလှည့်ထွက်သွားတာပါပဲရှင်၊ ကျွန်မလည်း သူ့ကျောကုန်းကိုကြည့်ပြီး လှမ်းခေါ်နေမိပါသေးတယ်။

“တိုးအောင်၊ တိုးအောင်”

ဒီအချိန် ကျွန်မကိုတစ်ယောက်ယောက်က လှုပ်လိုက်သလိုခံစားရပြီး ကျွန်မမျက်စိဖွင့်ကြည့်လိုက်တယ်၊ လှုပ်နိုးလိုက်တဲ့လူကတော့ ကျွန်မယောက်ျား ကိုသန်းရွှေပါ၊

“မိန်းမရာ၊ မင်းအိပ်မက်ဆိုးတွေမက်နေပြီထင်တယ်”

အဲဒီတော့မှ ကျွန်မလည်း အိပ်မက်မက်နေမှန်းသိလိုက်တာပါပဲရှင်၊ ကျွန်မအိပ်ရာကနေ ကုန်းထလိုက်ပြီးတော့ အိပ်မက်အကြောင်းကို ကိုသန်းရွှေကိုပြောပြလိုက်တယ်၊ ကိုသန်းရွှေက ကျွန်မပြောပြတာနားထောင်ပြီးတော့

“မိန်းမရာ၊ မင်းဘယ်လိုပြောလိုက်တာလဲကွ၊ မင်းမောင်အကြွေးလာတောင်းတာကိုပြန်ဆပ်ပါ့မယ်လို့ ပြောလိုက်ရင်လည်း ရတာပဲကွာ”

“ကျုုပ်လည်း ပါးစပ်ကနေ သူ့အလိုလိုထွက်သွားလို့ပါတော်၊ သူ့ပိုက်ဆံကို ပြန်မဆပ်ချင်တဲ့စိတ် မရှိရိုးအမှန်ပါ”

ကိုသန်းရွှေက သက်ပြင်းချပြီးတော့

“အေးကွာ၊ ဒီအတိုင်းဆိုရင် ယောက်ဖကလေးက မကျွတ်လောက်ဘူးနေမယ်ကွ၊ တို့အိမ်ကိုရောက်လာပုံထောက်တော့ မင်းချေးခဲ့တဲ့အကြွေးကို စိတ်စွဲနေပုံရတယ်”

“ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲတော်၊ မောင်လေးသနားပါတယ်”

“သူက သေပြီပဲကွ၊ သူ့ကိုတိုက်ရိုက်အကြွေးဆပ်လို့ဘယ်ရတော့မလဲ၊ ဒီလိုလုပ်ပါလား၊ အခုလကလည်း ကုန်တော့မယ်ဆိုတော့ တစ်ပတ်လောက်စောင့်လိုက်ကွာ၊ လကုန်လို့ လစာထုတ်ရင် မင်းမောင်အတွက်ရည်စူးပြီးတော့ အလှူအတန်းတစ်ခုခုလုပ်လိုက်မယ်၊ သူ့ကိုဆပ်ဖို့အကြွေးတွေကို သံဃာတော်တွေပင့်ပြီး တစ်ခုခုလှူလိုက်မယ်ကွာ၊ သူ့ကိုလည်း အမျှအတန်းပေးလိုက်ပေါ့ကွ၊ ဒါမှ သူကောင်းရာမွန်ရာကိုရောက်နိုင်မှာ”

ကိုသန်းရွှေပြောတဲ့အကြံက ကောင်းတာကြောင့် ကျွန်မလည်းခေါင်းညိတ်လိုက်ပါတော့တယ်ရှင်၊ ဒီလိုနဲ့ လကုန်ပြီးတာနဲ့ လဆန်းတစ်ရက်မှာ မောင်လေးတိုးအောင်ကိုဆပ်မယ့် ပိုက်ဆံတွေနဲ့ သင်္ကန်းတွေဝယ်ပြီးတော့ သံဃာတော်တွေကို ဝါဆိုသင်္ကန်းကပ်လိုက်ပါတော့တယ်၊ အနီးအပါးလူတွေလည်း နည်းနည်းပါးပါးဖိတ်ပြီးကျွေးလိုက်တာပေါ့ရှင်၊ မောင်လေးတိုးအောင်ကိုလည်း ရည်စူးပြီးတော့ အမျှအတန်းပေးဝေလိုက်ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး မောင်လေးတိုးအောင်က ကျွန်မဆီကိုထပ်ပြီး ပေါ်မလာတော့ပါဘူးရှင်။

(၂)

ဝါတွင်းကြီးမို့လို့ မိုးကတော်တော်ကောင်းတယ်ရှင့်၊ မှတ်မှတ်ရရ တိုးအောင်လာသွားပြီး တစ်လလောက်ကြာတဲ့ရက်ပေါ့၊ အဲဒီနေ့ကလည်း ညနေကတည်းက လေပြင်းတွေတိုက်ပြီး မိုးတွေရွာလို့ မီးတွေပျက်သွားပါရောရှင်၊ ကျွန်မနဲ့ ကိုသန်းရွှေတို့လည်း စားသောက်ပြီးတော့ ဘုရားရှိခိုး၊ မေတ္တာပို့ပြီး အိပ်ရာထဲကိုဝင်ခဲ့ကြပါရော။

လင်မယားနှစ်ယောက် ခြင်ထောင်ထဲရောက်တော့ ညရှစ်နာရီထိုးပါတော့မယ်၊ ညနေကတည်းက ရွာတဲ့မိုးက အခုအချိန်မှပဲ နည်းနည်းစဲသွားပါတော့တယ်၊ ကျွန်မတို့အိပ်ဖို့လုပ်တော့ အိမ်တံခါးဝမှာ တဂျစ်ဂျစ်နဲ့အသံကြားလိုက်ရပါရော၊ ကျွန်မလည်း အစကတော့ ဒီအတိုင်းပဲနားထောင်နေလိုက်တာ၊ တဂျစ်ဂျစ်နဲ့ကုတ်ခြစ်နေတဲ့အသံက လေးငါးခါရှိတော့ ကျွန်မမနေနိုင်တာနဲ့ ကိုသန်းရွှေကိုလှည့်ကြည့်မိတယ်။

“အကို၊ ရှင်ရောကြားလိုက်တယ်မဟုတ်လား”

“အေး၊ ငါလည်းကြားနေတာ သုံးလေးခါရှိပြီ”

“မောင်လေးတိုးအောင်များ ပြန်လာတာလားတော်၊ သူလာတုန်းကလည်း ဟောဒီလိုမိုးရွာနေတုန်းပဲရှင့်”

“မင်းကလည်းကွာ၊ မဟုတ်တာတွေတွေးမနေပါနဲ့၊ ကဲလာလာ ထကြည့်ရအောင်”

ကိုသန်းရွှေက လက်နှိပ်ဓါတ်မီး ယူပြီးထသွားတော့ ကျွန်မလည်းသူ့အနောက်ကိုလိုက်ခဲ့ရပါရောရှင်၊ ကြောက်ကြောက်နဲ့ အိမ်တံခါးမကိုဖွင်ကြည့်လိုက်တယ်၊ အပြင်မှာ ဘယ်သူမှမရှိဘူးရှင့်၊ ကိုသန်းရွှေက အနီးပတ်ဝန်းကျင်ကို ဓါတ်မီးနဲ့ထိုးကြည့်လိုက်သေးတယ်၊ နောက်တော့မှ ကျွန်မတို့ခြေထောက်အနား အိမ်ရှေ့လှေကားအတက်မှာ အသံကလေးတစ်သံကြားလိုက်ရတာပါပဲရှင်၊ ကျွန်မလည်း ငုံ့ကြည့်လိုက်တော့

“ဟင်၊ ကြောင်ကလေးတစ်ကောင်ပါလား”

ကြောင်ကလေးက သေးသေးလေးပါရှင်၊ မွေးထားတာသိပ်ကြာသေးပုံမရဘူး၊ တစ်ကိုယ်လုံး အနက်နဲ့အဝါအစင်းကြားတွေပါတယ်၊ ခပ်ကြားကြားအရောင်ကလေးပေါ့ရှင်၊ ကြောင်လေးတစ်ကိုယ်လုံး မိုးတွေရွှဲပြီးတော့ ကြွက်စုတ်ကလေးဖြစ်နေတယ်၊ ကိုသန်းရွှေက ဓါတ်မီးနဲ့ထိုးကြည့်ပြီးတော့

“ဟာ၊ ကြောင်ပေါက်စလေးဟေ့၊ ဧကန္တတော့ ဒီကြောင်လေး လျှောက်လည်ရင်း လမ်းမှားပြီး အိမ်မပြန်တတ်တာဖြစ်မယ်ကွ”

ကျွန်မလည်းကြောင်ကလေးကို ကောက်ကိုင်လိုက်တယ်၊ ကြောင်ကလေးဟာ ချမ်းလွန်းလို့ တဆတ်ဆတ်တုန်ယင်နေရှာတယ်ရှင်။

“ကြောင်ကလေးကို အိမ်ထဲထည့်ထားရအောင်အကိုရေ၊ ဒီအတိုင်းဆိုရင် မိုးမိပြီး သေသွားလိမ့်ကွာ”

“အေးကွာ၊ ခေါ်ထားလိုက်ပေါ့၊ မနက်ကျတော့မှ ရပ်ကွက်ထဲစုံစမ်းပြီး ပြန်ပေးလိုက်တာပေါ့ကွာ”

ဒီလိုနဲ့ ကြောင်ကလေးကို ကျွန်မက တဘက်အစုတ်တစ်ထည်နဲ့ တစ်ကိုယ်လုံးကိုသုတ်ပေးလိုက်တယ်၊ ကြောင်ကလေးက တော်တော်ဆာနေတယ်ထင်ပါတယ်ရှင်၊ ကျွန်မမျက်နှာကိုကြည့်ပြီး တညောင်ညောင်နဲ့အော်နေရှာတယ်၊ ဗိုက်ကလည်း ပိန်ချပ်လို့ရှင့်။ ကိုသန်းရွှေက ကြောင်ကလေးကိုကြည့်ရင်း

“ဗိုက်ဆာနေတယ်ထင်ပါရဲ့ကွာ၊ မိန်းမရေ တို့မှာထမင်းကျန်သေးတယ်မဟုတ်လား”

“ကျန်ပါရောရှင်၊ ကျွန်မသိပါတယ်၊ ကြောင်အိမ်ထဲမှာကျန်တဲ့ ပုစွန်ခြောက်လေးတွေထောင်းပြီး ကြောင်ကလေးကိုကျွေးလိုက်ပါ့မယ်”

“အေးကွာ၊ သူများအသက်ကိုကယ်တာ ကုသိုလ်ရပါတယ်ကွ”

ကျွန်မလည်း မီးဖိုထဲကို ဖယောင်းတိုင်ထွန်းပြီး ပြေးရတော့တယ်၊ အရင်တုန်းက ကျွန်မတို့မီးဖိုက အိမ်အပြင်မှာရှိပြီး မိုးမလုံဘူး၊ လွန်ခဲ့တဲ့ လေးငါးလက ဝါမဝင်ခင် အိမ်နောက်ဖေးကို အဖီဆွဲပြီး အမိုးအကာနဲ့သပ်သပ်ရပ်ရပ်လုပ်လိုက်တော့မှ မိုးလုံသွားတော့တာ၊ ထမင်းအိုးထဲကျန်တဲ့ ထမင်းကြမ်းတုံးကိုဖဲ့လိုက်ပြီးတော့ ပုစွန်ခြောက်အကောင်အသေးလေးတွေကို ငရုတ်ဆုံထဲထည့်ထောင်းပြီး ထမင်းနဲ့လူးလိုက်တယ်၊ သံပန်းကန်အစုတ်တစ်လုံးထဲထည့်ပြီး ကြောင်ကလေးကိုကြွေးလိုက်တော့ ကြောင်ကလေးက အားရပါးရစားပါတော့တယ်ရှင်၊ ရေတွေခြောက်သွားတော့မှ သူ့အမွှေးအတောင်တွေလည်း အရောင်တွေပြန်စိုလာတယ်၊ ကြောင်က ကြောင်အထီးလေးရှင့်။

“ကဲ ဟေ့ကောင်လေး၊ အိပ်တော့နော်၊ မနက်ကျမှ မင်းအမေဆီ ပြန်လိုက်ပို့ပေးမယ်”

ကျွန်မပြောပြီးတော့ ကြောင်ကလေးကို တဘက်အစုတ်နဲ့လုံးထွေးပြီးထားခဲ့လိုက်ပါတယ်၊ နောက်တော့ ကျွန်မလည်း အိပ်ရာဝင်ခဲ့တယ်ရှင့်၊ ဒါပေမယ့် ကြောင်ကလေးက သူ့နေရာမှာသူမအိပ်ဘူး၊ ကျွန်မတို့ခြင်ထောင်ထဲကိုအတင်းတိုးဝင်ပြီးတော့ ကျွန်မရဲ့ခေါင်းအုံးနံဘေးမှာ လာကပ်အိပ်တယ်ရှင့်၊ ကျွန်မလည်းအိပ်နေပြီဆိုတော့ မသိဘူးပေါ့၊ မနက်ရောက်တော့မှ ကိုသန်းရွှေက ကျွန်မကိုပြတယ်။

“မိန်းမရေ၊ ထစမ်းပါအုံးကွာ၊ မင်းကြောင်ကတော့ အကောင်းကြိုက်တယ်ကွ၊ ခေါင်းအုံးပေါ်တက်ပြီး ကွေးနေသဟ”

“ဟုတ်ပါ့ရှင်၊ ညက မိုးရွာလို့ချမ်းရှာတာဖြစ်မယ်”

“အေး၊ ငါအလုပ်မသွားခင် ရပ်ကွက်ထဲသွားပြီး ဒီကြောင်လေးရဲ့ပိုင်ရှင်ကို သွားရှာကြည့်လိုက်အုံးမယ်ဟေ့”

ကိုသန်းရွှေက မျက်နှာသစ်ပြီးတာနဲ့ လက်ဖက်ရည်ဖိုးယူပြီး အိမ်ကနေထွက်သွားပါရော၊ ကျွန်မလည်း ချက်ဖို့ပြုတ်ဖို့လုပ်တာပေါ့ရှင်၊ ကြောင်ကလေးလည်း အိပ်ရာနိုးတာနဲ့ ကျွန်မကိုအော်ပြီးနှုတ်ဆက်တယ်၊ နောက်တော့ ကျွန်မချက်နေပြုတ်နေတဲ့အနားမှာ ရစ်သီရစ်သီလာလုပ်နေပါရော၊ ကျွန်မခြေထောက်တွေကို သူ့ခေါင်းနဲ့ခွေ့နေသေးတယ်။

“ဟဲ့ကောင်လေး၊ ကြောင်ဆိုတာ အိမ်သာရင်နေချင်တယ်တဲ့၊ မင်းလည်း ငါတို့အိမ်ကိုရောက်တော့ မပြန်ချင်တော့ဘူးနဲ့တူတယ်၊ ဒါပေမယ့် မပြန်လို့မရဘူးကွ၊ မင်းအမေတွေရှိချင်ရှိနေမှာ”

ကျွန်မစိတ်ထဲကအတိုင်းဆိုရင်တော့ ဒီကြောင်လေးကို မွေးထားချင်တာပေါ့ရှင်၊ ဒါပေမယ့်လည်း သူများကြောင်ဆိုတော့ ယူလို့လည်းမဖြစ်သေးဘူးမဟုတ်လား၊ ကြောင်ပိုင်ရှင်တွေသိရင် ကျွန်မတို့အပြောခံနေရမှာစိုးတာနဲ့ ပိုင်ရှင်တွေ့ရင် ပြန်ပေးလိုက်မယ်လို့ပဲ စိတ်ကူးထားမိပါတယ်၊ ကျွန်မထမင်းဟင်းချက်ပြီးတဲ့အချိန်လောက် ကိုသန်းရွှေအိမ်ကိုပြန်ရောက်လာတယ်။

“ဘယ်လိုလဲအကို၊ ကြောင်ပိုင်ရှင်တွေ့ပြီလား”

ကိုသန်းရွှေက ခေါင်းခါရင်း

“အေးကွာ၊ ဒီရပ်ကွက်ထဲမှာ ကြောင်ပေါက်နေတဲ့အိမ်မရှိဘူးတဲ့ကွ၊ ငါလည်း နှံ့နှံ့စပ်စပ်တော့ မေးလာခဲ့တာပဲဟေ့”

ကျွန်မစိတ်ထဲ ဝမ်းသာသွားတာပြောမနေပါနဲ့တော့ရှင်။

“ဒါဆို ဒီကြောင်လေးကို ကျွန်မတို့မွေးထားရအောင်နော် အကို”

ကိုသန်းရွှေက ကျွန်မခြေထောက်ကိုလိုက်ပွတ်သပ်နေတဲ့ ကြောင်ကလေးကိုကြည့်ရင်း

“ဖြစ်ပါ့မလားကွ၊ ငါက မမွေးချင်လို့ပြောတာမဟုတ်ဘူးနော်၊ မွေးမယ်ဆိုရင် မင်းပဲ သူ့ကိုကျွေးရပြုရနဲ့အလုပ်ရှုပ်နေမှာစိုးလို့ပြေတာ”

“ရပါတယ်တော်၊ ကြောင်တစ်ကောင်လောက်က ဘာမှအပန်းမကြီးပါဘူး”

“အေးကွာ၊ ဒါဆိုရင်လည်း မွေးတော့ဟေ့၊ ဒီကြောင်ကြည့်ရတာ မင်းကိုတော်တော်ခင်ပုံရတယ်ကွ”

ကျွန်မက ဒီကြောင်ကလေးက တိုးအောင်များလားလို့ တွေးမိတယ်ရှင့်၊ ဒါပေမယ့် ကိုသန်းရွှေမကြိုက်မှာစိုးလို့ မပြောဖြစ်ပါဘူးရှင်၊ ကြောင်ကလေးက ကိုသန်းရွှေထိုင်နေတဲ့ခြေထောက်အနားသွားပြီးတော့ ပွတ်သပ်နေပါရော၊ ကိုသန်းရွှေက ကြောင်ကိုဂုတ်ကနေကိုင်ပြီး သေချာကြည့်တယ်။

“ရုပ်ကတော့ ချောတယ်ကွ၊ အမွှေးအတောင်ကလည်း စိုတယ်၊ နောက်ပြီးတော့ အထီးကွ၊ ဟီး ဟီး”

ကြောင်ကိုလှည့်ပတ်ကြည့်ရင်းကနေ

“ကြောင်မွေးပြီဆိုတော့ နာမည်တစ်ခုရှိရမယ်ကွ၊ အရောင်က နက်နက်နဲ့ဆိုတော့ မဲကြီးလို့ပေးရင်ကောင်းမလား”

“အိုတော်၊ အကိုကလည်း ကြောင်နာမည်ကို မလှမပကြီး၊ ဒီလိုလုပ်မယ် ကျုပ်နာမည်က ဒေါ်တိုးဆိုတော့ တိုးပါအောင်ထည့်မယ်၊ အကို့နာမည်က ကိုသန်းရွှေဆိုတော့ ရွှေကိုယူပြီး ရွှေတိုးလို့ပေးမယ်ဆိုရင်ရော”

ကိုသန်းရွှေက ခေါင်းတညိတ်ညိတ်နဲ့

“ရွှေတိုး၊ ရွှေတိုး၊ အေးဟ၊ နာမည်က ခေါ်လို့လဲကောင်းတယ်၊ အတိတ်နိမိတ်လည်းကောင်းတယ်ကွ သားရွှေတိုးရ”

ကြောင်ကလေးက သူ့နာမည်ကိုနားလည်တဲ့အလား သူ့ကိုရွှေတိုးလို့ခေါ်ရင် တညောင်ညောင်နဲ့ပြန်ထူးတယ်ရှင်၊ ကျွန်မလည်း ဘာကြောင့်မသိ ပျော်နေမိပါရော၊ ဒီလိုနဲ့ သားသမီးမရှိတဲ့ ကျွန်မတို့လင်မယားအတွက် ကြောင်ကလေးရွှေတိုးက ကလေးတစ်ယောက်လိုဖြစ်ခဲ့တယ်ပေါ့ရှင်၊ အစားကလည်း စားလိုက်တာပြောမနေပါနဲ့၊ လပိုင်းအတွင်း ကြောင်အကြီးကြီးတစ်ကောင်ဖြစ်လာတော့တယ်၊ တစ်ခုထူးခြားတာက ရွှေတိုးက အသင့်လုပ်ကြောင်စာတောင့်ကလေးတွေဆိုရင် သိပ်ကြိုက်တာပါပဲ၊ ဒီကြောင်စာတောင့်တွေကလည်း ဈေးရှိတယ်ရှင့်။ ငါးရာဖိုးတစ်ခါဝယ်ထားရင် သားရွှေတိုးက နှစ်ရက်လောက်နဲ့အကုန်စားပစ်တာပဲ၊ ထမင်းဆိုရင်လည်း ဟင်းက ရွှေးသေးတယ်၊ ငါးသေးငါးမွှားတွေဆိုရင်လည်း မစားဘူး၊ တစ်ခါ ချောင်းထဲကရတဲ့ ငါးနုပ်လို့ခေါ်တဲ့ ငါးသေးသေးလေးတွေ အိမ်မှာအိုးကပ်ချက်စားပါရော၊ ရွှေတိုးကိုလည်း အဲဒီငါးဟင်းနဲ့ပဲ နယ်ဖတ်ကျွေးလိုက်တာပေါ့ရှင်၊ ရွှေတိုးက ဗိုက်ဆာနေတော့ ထမင်းကိုကျုံးစားရင်း ငါးအရိုးစူးသွားပါရော၊ ကြောင်တစ်ကောင်ငါးအရိုးစူးတာကိုရှင်တို့ ထူးဆန်းချင်ထူးဆန်းနေလိမ့်မယ်၊ အဲဒီနောက်ပိုင်းကတည်းက ရွှေတိုးကို ငါးသေးငါးမွှားနဲ့မကျွေးတော့သလို တစ်ခါတလေကျွေးရင်လည်း ရွှေတိုးက မစားဘဲ အငတ်ခံနေတတ်တယ်။

ကျွန်မက တောင်းကြီးရွက်ပြီးဈေးသွားရင် သားရွှေတိုးက မလှမ်းမကမ်းကနေ လိုက်လာလေ့ရှိတယ်၊ ဈေးထဲရောက်ရင်လည်း ဈေးတောင်းထဲမှာအိပ်ရင်အိပ်နေတတ်တယ်၊ မဟုတ်ရင်လည်း ကျွန်မထိုင်နေတဲ့ပေါင်ပေါ်ကို ခေါင်းကလေးတင်ပြီး အိပ်နေတတ်ပါရော၊ ဈေးဝယ်လာတဲ့သူတွေက ၀၀ဖီးဖီးရွှေတိုးကြီးကို ချစ်ကြတယ်၊ မချစ်တတ်တာကတော့ ကျွန်မဈေးရောင်းတဲ့ဘေးနားက ငရုတ်သီးမှုန့်တွေ၊ အခြောက်အခြမ်းတွေ ရောင်းတတ်တဲ့ အပျိုကြီးပါပဲ၊ အပျိုကြီးဆိုပေမယ့် အသက်က ခြောက်ဆယ်ကျော်ခုနစ်ဆယ်နားကိုကပ်နေပါပြီ။

“ညည်းရဲ့ကြောင်ကလည်းအေ အစားရွေးလိုက်တာ၊ တိရစ္ဆာန်ပဲ ကျွေးတာနဲ့စားပေါ့အေ”

မနက်ခင်း ဈေးရောင်းပါးတဲ့အချိန် ဈေးသည်တွေကို ရွှေတိုးအကြောင်းပြောပြတော့ ဈေးသည်တွေက တသောသောနဲ့ရယ်ပါရော၊ မရယ်နိုင်တာကတော့ အဲဒီအပျိုကြီးပဲ၊ သူက တိရစ္ဆာန်တွေဘာတွေချစ်တတ်ပုံမရတော့ ကျွန်မရွှေတိုးကိုချစ်တာကို အပိုလို့ထင်နေတာပေါ့ရှင်။

“အမယ်လေး၊ ကျွေးတာနဲ့မစားဘူး အပျိုကြီးရေ၊ တစ်ခါတလေဆို သူ့ကိုစိတ်တိုလို့ ပင်လယ်ငါးတွေဘာတွေနဲ့ကျွေးရင် တစ်ရက်နှစ်ရက်လောက် ထမင်းမစားဘဲ ဆန္ဒပြနေတတ်သေးတာ၊ အဲဒါသူကြိုက်တဲ့ ကြောင်စာနဲ့မနည်းချော့မော့ကျွေးမှ ပြန်စားတာရှင့်”

အပျိုကြီးကတော့ မဲ့ရွဲ့နေတာပါပဲရှင်။

“အိပ်ရင်လည်း တခြားနေရာမအိပ်ဘူးရှင်၊ ကျွန်မရဲ့ခေါင်းအုံးပေါ်ကိုတက်အိပ်ရာ၊ ခုလိုဆောင်းတွင်းချမ်းတဲ့အချိန်ဆို ကျွန်မခြံုံတဲ့စောင်အောက်ကိုအသာကလေးတိုးပြီး ခွေခွေကြီးအိပ်တတ်တာပေါ့”

“အေးဟယ်၊ နင့်ကြောင်ကလည်း နင်တို့ဆီက အကြွေးများလာတောင်းသလားပဲ၊ အကြွေးရှိသရွေ့တော့ ဆပ်ပေါ့တော်”

အပျိုကြီးစကားကို ကြားမိတော့ကျွန်မစိတ်ထဲ တစ်မျိုးဖြစ်သွားတယ်၊

“ဒါနဲ့အပျိုကြီးရော အဲဒီလိုအကြွေးတောင်းတဲ့ဇာတ်လမ်းတွေ ကြားဖူးသလား”

“ကြားဖူးတာပေါ့၊ တို့အဘွားဆို ခဏခဏပြောဖူးတယ်၊ သူများအကြွေးမဆပ်ရင် သူများအိမ်မှာ ကျွဲဖြစ်နွားဖြစ် ခွေးဖြစ်ပြီး အကြွေးပြန်ဆပ်ရတယ်၊ သူများဆီက ယူပြီးပြန်မဆပ်လို့ကတော့ အိမ်မှာကြောင်လာဖြစ်ပြီး အကြွေးလာပြန်တောင်းတယ်ဆိုပဲ၊ နင့်ကြောင်လည်း ဒါမျိုးဖြစ်မှာ မတိုးရေ”

အပျိုကြီးကတော့ ဟာသသဘောနဲ့ပြောပေမယ့် ကျွန်မကတော့ စိတ်ထဲတစ်မျိုုးဖြစ်သွားတယ်၊ ကျွန်မပေါင်ပေါ် ခေါင်းကလေးမှေးတင်ပြီးတော့ အိပ်နေတဲ့ရွှေတိုးကိုကြည့်ရင်း ကျွန်မမောင်လေး တိုးအောင်များ အကြွေးလာပြန်တောင်းတာလားလို့ တွေးမိပါတယ်ရှင်။

(၃)

ရွှေတိုးက အနေအထိုင်သန့်ပြီး ဟင်းစားချေးများသလောက် လိမ်လည်း သိပ်လိမ်မာရှာတယ်၊ လူစကားဆိုရင်လည်း သိပ်နားလည်ပါ့ရှင်၊ ကျွန်မတို့လင်မယားအတွက်တော့ အချစ်တော်ဖြစ်နေရှာပေါ့၊ ကိုသန်းရွှေလည်း ရွှေတိုးကိုသိပ်ချစ်ရှာတာ၊ ခေါ်ရင်တောင် သား၊ သားနဲ့ခေါ်တတ်တာ၊ ချစ်လည်းချစ်ချင်စရာပါပဲ၊ ရွှေတိုးက ကိုသန်းရွှေအလုပ်သွားတော့မယ်ဆိုရင် စက်ဘီးခြင်းတောင်းထဲတက်ပြီး လိုက်သွားနေကျပေါ့၊ ကိုသန်းရွှေက လမ်းထိပ်နားရောက်တော့မှ သူ့ကိုချပေးခဲ့ရတယ်၊ ညနေဆိုရင်လည်း ကိုသန်းရွှေပြန်လာတဲ့အချိန်ကို မှန်းတတ်တယ်၊ ကိုသန်းရွှေပြန်လာခါနီးရင် ခြံအပြင်မှာရိုက်ထားတဲ့ သစ်သားခုံတန်းလျားကလေးမှာ ငုတ်တုတ်ထိုင်ပြီး သူ့အဖေကိုစောင့်ရှာတယ်၊ အိမ်နဲ့ခြံတံခါးနဲ့က တော်တော်လှမ်းပါတယ်၊ အိမ်ရှေ့မှာစိုက်ခင်းတွေလည်းရှိသေးတယ်ဆိုတော့ ကိုက်ငါးဆယ်၊ တစ်ရာလောက်တော့ လှမ်းတာပေါ့ရှင်၊ ကိုသန်းရွှေပြန်လာပြီဆိုရင် စက်ဘီးဘဲလ်အသံကလေး ကလင်ကလင်နဲ့ပေးလိုက်ရင် ရွှေတိုးခမျာ အပြေးအလွားနဲ့ပြေးကြိုရှာတယ်၊ ဒါကြောင့်လည်း သူ့ကို ကိုသန်းရွှေက သိပ်ချစ်တာနေမှာ။

တစ်ခါတော့ ကိုသန်းရွှေအလုပ်ကအပြန်နောက်ကျတယ်ရှင်၊ ပုံမှန်ဆို ခြောက်နာရီထိုးခါနီးဆို ကိုသန်းရွှေပုံမှန်ပြန်ရောက်နေကျပါ၊ ဒီနေ့တော့ ဘာဖြစ်လည်းမသိ၊ ခုနစ်နာရီထိုးတာတောင် ပြန်မရောက်သေးဘူးရှင့်၊ ရွှေတိုးကတော့ ခြံရှေ့ခုံတန်းကလေးကနေ ထိုင်စောင့်နေရှာတယ်၊ ကျွန်မလည်း တစ်ခုခုများဖြစ်နေသလားဆိုပြီး စိတ်ပူနေတာပေါ့ရှင်၊ ခဏကြာတော့ ကိုသန်းရွှေတို့အလုပ်ထဲက ကောင်လေးတစ်ယောက်က ဆိုင်ကယ်နဲ့ပြန်လာတယ်၊ သူတို့အိမ်က ကျွန်မတို့အိမ်နဲ့ နည်းနည်းလှမ်းတယ်ရှင့်၊

“ဦးသန်းရွှေက မှာလိုက်တယ် ဒေါ်တိုးရေ၊ ဒီနေ့ရုံးက လူကြီးမွေးနေ့မို့ ရုံးကလူတွေကို စားသောက်ဆိုင်ခေါ်သွားပြီး ကျွေးမွေးနေလို့ အိမ်ပြန်နောက်ကျမယ်တဲ့ဗျ”

ကျွန်မလည်းအခုမှပဲစိတ်ချရတော့တယ်၊ အဲဒီလူကြီးက တစ်နှစ်တစ်ခါလောက်တော့ ကျွေးစမြဲမို့ ကျွန်မလည်း အိမ်ထဲကနေပဲစောင့်မယ်ဆိုပြီး ပြန်ဝင်လာခဲ့တယ်၊ ပြန်မဝင်တဲ့သူကတော့ ရွှေတိုးပေါ့ရှင်။ ကျွန်မလည်း ရွှေတိုးခေါင်းကိုပွတ်ပြီးတော့

“သားရွှေတိုးရေ၊ နင့်အဖေက စားသောက်ဆိုင်မှာ အစားကောင်းအသောက်ကောင်းတွေစားပြီးတော့ နောက်ကျမှပြန်လာမယ်တဲ့၊ လာလာ အိမ်ထဲဝင်လာခဲ့ အိမ်ပြင်မှာ စောင့်မနေနဲ့တော့”

ကျွန်မဘယ်လိုခေါ်ခေါ် ရွှေတိုးက ခေါ်မရပါဘူးရှင်၊ အဲဒီခုံတန်းကလေးမှာပဲ ထိုင်စောင့်နေရှာတယ်၊ ကျွန်မဖြင့် ရွှေတိုးကိုကြည့်ပြီး သနားမိသွားတာပဲ၊ ညရှစ်နာရီကျော်တဲ့အထိ ရွှေတိုးက အဲဒီခုံမှာထိုင်ပြီး သူ့အဖေကို စောင့်နေဆဲပါပဲရှင်၊ ကျွန်မဖြင့် ရွှေတိုးကိုလက်ဖျားခါပါတယ်၊ ရှစ်နာရီခွဲခါနီးတော့ စက်ဘီးသံကလေး ကလင်ကလင်ကြားလိုက်ရတယ်၊ ရွှေတိုးလည်း ပျော်သွားပြီးတော့ ခုံတန်းပေါ်ကပြေးဆင်းပြီး ကိုသန်းရွှေကိုပြေးကြိုပါရော။ ကိုသန်းရွှေတောင်မှ တော်တော်အံ့သြနေရှာတယ်။

“သားရွှေတိုး၊ မင်းအိမ်ထဲမဝင်ဘဲ ဒီနေရာမှာ တချိန်လုံးစောင့်နေတာလားကွ”

ရွှေတိုးက သူ့ခေါင်းနဲ့ကိုသန်းရွှေခြေထောက်ကိုပွတ်သပ်ရင်း တညောင်ညောင်အော်နေရှာရဲ့၊ လူတွေလိုဆိုရင်တော့ ဘာဖြစ်လို့နောက်ကျနေတာလဲဆိုပြီးတော့ မေးနေသလိုပေါ့ရှင်၊

“ဟုတ်ပါ့ အကိုရယ်၊ အကိုနောက်ကျမယ် အိမ်ထဲပြန်ဝင်ပါလို့ တဖွဖွပြောတာတောင် အိမ်ထဲမဝင်ဘဲ ဒီအနားမှာပဲ ပေပြီးထိုင်စောင့်နေတာ အခုထိပါပဲ”

“ဟေ၊ သားရွှေတိုးရာ မင်းကတော့ အပင်ပန်းခံလို့ကွာ၊ ဒါနဲ့ စားသောက်ဆိုင်မှာ ဘဲကင်ကျွေးတော့ အရိုးအရင်းတွေ တောင်းလာသကွ၊ ငါ့သားရွှေတိုးစားဖို့ပေါ့ကွာ”

အိမ်ထဲကိုရောက်တာနဲ့ ကိုသန်းရွှေက ဘဲကင်အရိုးထုပ်ကိုဖြေပေးလိုက်တော့ ရွှေတိုးခမျာ တဂျွတ်ဂျွတ်နဲ့ အားရပါးရ အရိုးကိုက်ရှာတယ်ရှင့်၊ ကိုသန်းရွှေက အဲဒီကတည်းက အိမ်ကိုအချိန်မှန်မှန်ပြန်လာလေ့ရှိတယ်၊ သူ့သားရွှေတိုး အကြာကြီးစောင့်နေရမှာ စိုးလို့ပါတဲ့ရှင်။

ရုံးဖွင့်ရက်ဆိုရင် ကိုသန်းရွှေက မနက်ခြောက်နာရီလောက်ကတည်းက စက်ဘီးတစ်စီးနဲ့အလုပ်ထွက်သွားတယ်၊ သူတို့ရုံးက ကိုးနာရီမှတက်ရတယ်ဆိုပေမယ့် ရုံးမတက်ခင် မနက်ခင်း လက်ဖက်ရည်ဆိုင်ထိုင်ပြီးတော့ သူငယ်ချင်းတွေနဲ့ ထွေရာလေးပါးပြောဆိုပြီးတော့မှ ရံုံးတက်လေ့ရှိတယ်၊ ကိုသန်းရွှေ ရုံးသွားတာနဲ့ ကျွန်မလည်း ဈေးတောင်းခေါင်းရွက်ပြီး ဈေးကိုထွက်ခဲ့တာပါပဲ၊ ရွှေတိုးက ကျွန်မဈေးရောင်းတဲ့အနောက်ကိုလည်း လိုက်တယ်ရှင့်၊ နေ့တိုင်းတော့မဟုတ်ပေမယ့် တစ်ပါတ်မှာ သုံးလေးရက်တော့ လိုက်လာတယ်၊ လိုက်လာရင်လည်း ခပ်လှမ်းလှမ်းကနေ မှုန်တေတေနဲ့လမ်းလျှောက်ပြီးလိုက်တာပါပဲ၊ လမ်းမှာရှိတဲ့ခွေးတွေ၊ ဈေးခွေးတွေက သူ့ကိုဟောင်ရင် သူကပြန်ပြီးမာန်ဖီသေးတာ၊ ထူးဆန်းတာက ဒီခွေးတွေက သူ့ကိုမကိုက်ရဲကြဘူး၊ ဈေးလိုက်လာတာက အကြောင်းမဲ့မဟုတ်ပါဘူးရှင်၊ ရွှေတိုးက ကြောင်ဆိုပေမယ့် လက်ဖက်ရည်တော့ သိပ်ကြိုက်ရှာတာ၊ ကျွန်မကလည်း လက်ဖက်ရည်ကြိုက်တယ်၊ တစ်နေ့ကိုတစ်ခွက်လောက်သောက်ရမှ နေသာထိုင်သာရှိတာကိုး၊ ဈေးရောက်တာနဲ့ ဈေးကလက်ဖက်ရည်ဆိုင်က လက်ဖက်ရည်တစ်ခွက်ဝယ်ဝယ်ပြီးသောက်တယ်၊ ရွှေတိုးပါလာတော့ ရွှေတိုးလည်းသောက်ရတာပေါ့၊ စတီးချိုင့်အဖုံးကလေးထဲ လက်ဖက်ရည်လေးလောင်းထည့်ပေးလိုက်ရင် ပြောင်နေအောင် လျှက်တတ်တဲ့အထိ သိပ်ကြိုက်ရှာတာ၊ ရွှေတိုးလက်ဖက်ရည်ကြိုက်တာက တိုးအောင်ဖြစ်နေလို့ပဲလို့ ကျွန်မထင်တယ်၊ ကျွန်မမောင်လေး တိုးအောင်ဆိုရင်လည်း လက်ဖက်ရည်သိပ်ကြိုက်ရှာတာရှင့်။

နယ်မြို့ဈေးဆိုတော့ မနက်ပိုင်းတစ်ကြောပဲ ဈေးကရှိပါတယ်၊ မနက်ဆယ်နာရီလောက် နေပူလာပြီဆိုတာနဲ့ ဈေးကကွဲသွားပါရော၊ တခြားအသားသည်၊ ငါးသည်တွေကတော့ ဈေးကွဲတော့မှ အရပ်ထဲလိုက်ပတ်အော်ရောင်းဖို့ပြင်ကြတယ်၊ ကျွန်မကတော့ ပါလာတဲ့ကုန်တွေ မကုန်ဘူးဆိုတာ မရှိပါဘူးရှင်၊ ရောင်းမကောင်းရင်လည်း ပါလာတဲ့ကုန်တွေကို ရတဲ့ဈေးနဲ့ရောင်းခဲ့တာပဲ၊ ကိုယ့်ခြံထွက်ဆိုတော့လည်း အရင်းကသိပ်မကုန်ပါဘူး၊ ဘယ်လောက်ရောင်းရ ရောင်းရ အမြတ်ချည်းပဲမဟုတ်လား။

ရွှေတိုးက ကျွန်မအသက်ကို တစ်ခါကယ်ခဲ့ဖူးတယ်လို့ပြောရင် ယုံကြမလားတော့မသိပါဘူးရှင်၊ အဖြစ်ကဒီလိုပါ၊ နွေပေါက်လာပြီဆိုရင် ကျွန်မအလုပ်များပြီပေါ့၊ ခြံထဲမှာရှိတဲ့ မရန်းသီးတွေ၊ သရက်သီးတွေက သီးကြပြီကိုး၊ သရက်သီးတွေသီးတဲ့အခါဆိုရင် သရက်သီးအရင့်တွေကိုခူးပြီးတော့ ကောက်ရိုးနဲ့အုံပြီး အမှည့်ခံရပါတယ်၊ မှည့်သွားရင် ဈေးထဲသွားရောင်းရတယ်ပေါ့၊ ဒီလိုနဲ့ ကောက်ရိုးတွေကိုဝယ်လာပြီး သရက်ပင်အောက်မှာ ပုံထားရတယ်၊ အဲဒီနေ့က ကျွန်မလည်း သရက်သီးရင့်ရင့်တွေကိုခူးရပါတယ်၊ သရက်သီးခူးပြီးတော့ သရက်သီးတွေကိုတောင်းထဲထည့်ပြီး ကောက်ရိုးနဲ့အုပ်ဖို့ ကောက်ရိုးပုံကိုလှန်တဲ့အခါ ဘယ်အချိန်ကတည်းက ကောက်ရိုးပံံုံအောက်ဝင်အိပ်နေမှန်းမသိတဲ့ မြွေဟောက်တစ်ကောင်က ထွက်လာပါရောရှင်၊ မြွေဟောက်နဲ့ကျွန်မနဲ့က လက်တစ်ကမ်းအကွာမှာပါ၊ မြွေဟောက်ကလည်း သူ့ကိုရန်ပြုတယ်ထင်ပြီးတော့ ကျွန်မကိုပေါက်ဖို့ ပါးပျဉ်းကိုခွက်နေအောင် ထောင်လိုက်တယ်၊ အဖြစ်အပျက်တွေက မြန်လိုက်တာရှင်၊ ကျွန်မတောင် ကြောင်စီစီနဲ့ကြည့်နေမိတယ်။

ဒီအချိန် သားရွှေတိုးက မြွေဟောက်ဆီကိုပြေးဝင်လာပြီး မြွေဟောက်ကိုလက်နဲ့လှမ်းပုတ်တယ်၊ ဒီတော့မှ ကျွန်မလည်းသတိရပြီး အနောက်ကိုခုန်ဆုတ်ထွက်ပြေးတာပေါ့ရှင်၊ သရက်ပင်တွေအောက်မှာ ရွှေတိုးနဲ့မြွေဟောက်နဲ့က အပြန်အလှန်တိုက်ခိုက်နေကြတယ်၊ ကျွန်မလည်း ရွှေတိုးကလေးကို စိတ်ပူတာပေါ့၊ ဒါပေမယ့် ကြောင်ဆိုတော့လည်း ရွှေတိုးကမြန်သား၊ သိပ်မကြာခင်မှာပဲ မြွေဟောက်သေသွားတော့တာပါပဲ၊ ရွှေတိုးသာ မမြန်ရင် အဲဒီမြွေဟောက် ကျွန်မကိုပေါက်လို့ ကျွန်မဖြင့်သေပြီထင်တာပါပဲ။

ရွှေတိုးက စိတ်လည်းကောက်တတ်တယ်၊ စိတ်ဆိုးရင်လည်း ရယ်ဖို့ကောင်းတယ်၊ ကျွန်မကိုစိတ်ဆိုးတဲ့အခါဆိုရင် ကျွန်မနဲ့အတူတူလာမအိပ်တတ်ဘူး၊ တစ်ညလံုံးအပြင်သွားနေပြီးတော့ ကျွန်မကြောက်တဲ့ ဖားတွေ၊ ကင်းလိပ်ချော၊ ပုတ်သင်ညိုတွေ၊ ကြွက်တွေကိုဖမ်းလာပြီးတော့ ကျွန်မအိပ်တဲ့စောင်ပေါ်နဲ့ခေါင်းအုံးပေါ်မှာလာတင်ထားတတ်တဲ့၊ ကျွန်မအိပ်ရာနိုးလို့ ဒီအကောင်တွေမြင်ရင် လန့်အော်တာပါပဲ၊ ဒီအခါ ရွှေတိုးက ကျွန်မကိုကြည့်ကောင်းကောင်းနဲ့ကြည့်နေတတ်တယ်။

ဒီလိုနဲ့တစ်ရက် ကျွန်မဈေးသွားတော့ ဘေးက ဈေးသည်တွေပြောနေတာကိုကြားရပါရော။

“ဟိုဘက်မြို့မှာ အကြားအမြင်ဆရာတစ်ယောက်ရှိတယ်၊ သူက တခြားတော့မမြင်ရပေမယ့် ကိုယ့်ဆွေမျိုးသားချင်းထဲက သေသွားတဲ့လူတွေ ဘယ်ဘုံဘယ်ဘဝရောက်နေတယ်ဆိုတာကို မြင်ရတယ်တဲ့တော်”

“ဟုတ်ပ၊ ငါးရောင်းတဲ့ မတင်မြ၊ သူ့ယောက်ျား တစ်လောက သေထားတာကို သွားမေးတော့ သူ့ယောက်ျားက မကျွတ်မလွတ်လဲ ရထားလမ်းဘေးနားက သစ်ပင်ကြီးမှာ သရဲကြီးဖြစ်နေတယ်တဲ့တော်၊ အဲဒါ နောက်တစ်ပတ်အလှူအတန်းလုပ်ပြီး အမျှဝေမယ်ဆိုပဲ”

“ဟုတ်လား၊ ထူးဆန်းလိုက်တာနော”

“မတိုးက စိတ်ဝင်စားလို့လား၊ စိတ်ဝင်စားရင်တော့ မနက်ဖြန်လိုက်ခဲ့၊ ဈေးထဲကလူတစ်ချို့ စုပြီးသွားမေးမလို့တဲ့”

“ဟေ၊ လိုက်မယ်၊ ငါ့ကိုလည်းခေါ်နော်”

“ခေါ်ပါ့မယ်၊ ဒါနဲ့ မတိုးက ဘယ်သူ့ကိုမေးချင်လို့လဲ”

“ငါ့မောင်လေးပါအေ၊ သေသွားတာတော့ တစ်နှစ်ကျော်ပါပြီ၊ သူဘယ်ရောက်သွားသလဲဆိုတာ သိချင်လို့”

ဒီလိုနဲ့နောက်နေ့ကျတော့ ဈေးထဲကလူတွေ ကားစုငှားပြီး အဲဒီဆရာဆီကိုသွားကြပါရော၊ ဆရာရဲ့အိမ်မှာလည်း မေးတဲ့လူတွေအပြည့်ပဲ၊ အလှည့်ကျတန်းတောင်စီရသေးတယ်၊ ဒီလိုနဲ့ကျွန်မအလှည့်ရောက်တော့ ကျွန်မလည်းမေးလိုက်မိတယ်၊ သေသူရဲ့ နာမည်၊ အသက်နဲ့၊ နေတဲ့လိပ်စာကိုပြောပြရတယ်၊ ဒီဆရာက ခေါင်းကိုမော့ထားရင်း မျက်လုံးပိတ်ပြိး အာရုံခံနေသေးတယ်။

“နင့်မောင်မကျွတ်ဘူး၊ အခုတိရစ္ဆာန်ဖြစ်နေတယ်”

“ရှင်”

ကျွန်မရေရွတ်လိုက်မိတယ်။

“တိရစ္ဆာန်တောင်မှ သိပ်ဝေးဝေးမဟုတ်ဘူး၊ အခုနင်တို့အိမ်မှာ ကြောင်အနက်နဲ့အဝါတစ်ကောင်ရှိတယ်မဟုတ်လား၊ ကြောင်ထီးတစ်ကောင်လေ၊ အဲဒါ သေသွားတဲ့နင့်မောင်ပဲ”

ကျွန်မဖြင့် အံ့သြလွန်းလို့ ပါးစပ်တောင်မစေ့နိုင်ပါဘူးရှင်၊ ဆရာက ဆက်ပြောတယ်။

“ကျွေးစရာရှိတာကျွေးထား၊ နင့်မောင်နင်တို့ဆီမှာ သိပ်ကြာကြာမနေရတော့ဘူး၊ သူဘဝကူးဖို့ ကံပါလာပြီ”

“သိပ်ကြာကြာမနေရတော့ဘူးဆိုတော့ ဘယ်လောက်လဲဟင်”

“ခြောက်လလောက်တော့ ရှိမယ်ထင်တယ်”

ဆရာဆီကပြန်လာပြီးတော့ ကျွန်မစိတ်တွေလေးနေတယ်၊ ခြံဝကိုရောက်တယ်ဆိုရင်ပဲ ရွှေတိုးက ကျွန်မကို ခြံရှေ့မှာစောင့်နေလေရဲ့၊ ကျွန်မလည်း ရွှေတိုးကို အပြေးကောက်ယူပြီး ပွေ့ဖက်လိုက်မိတယ်၊

“မောင်လေး၊ တိုးအောင်၊ မောင်လေးရယ် အမတို့ဆီမှာများ ကြောင်လာဖြစ်ရတယ်လို့ကွယ်”

ကျွန်မလည်း ငိုချလိုက်တော့တယ် ရွှေတိုးကတော့ကျွန်မငိုရတဲ့အကြောင်းကို သိလို့ထင်ပါရဲ့၊ မျက်လုံးကလေး ပေကလပ်၊ ပေကလပ်နဲ့ ကြည့်နေ့ရှာတယ်၊ ကျွန်မအဲဒီနေ့က ကြောင်စာငါးရာဖိုးကို အကုန်ချကျွေးလိုက်တယ်၊ ရွှေတိုးစားတာ အားရပါးရပါပဲ၊ ကျွန်မလည်း မနှမြောတော့ပါဘူး၊ အရင်က ကြောင်စာငါးရာဖိုးကို နှစ်ရက်ကျွေးရရင် အခု တစ်ရက်ငါးရာဖိုးကျွေးမိတယ်။ ပြီးတော့ သူကြိုက်တဲ့ ကိတ်မုန့်တို့၊ လက်ဖက်ရည်တို့လည်း နေ့တိုင်းတိုက်နေပါတော့တယ်၊ အချိန်ခြောက်လဆိုတာ သိပ်ကြာတော့တာမဟုတ်ဘူးလေ။

(၄)

ကိုယ်ချစ်တဲ့လူနဲ့ ဘယ်အချိန်ခွဲခွာရမယ်ဆိုတာကို ကြိုသိနေတဲ့ခံစားချက်က ဘာနဲ့မှမတူပါဘူး၊ အချိန်တွေတဖြည်းဖြည်းကုန်လာလေလေ ကျွန်မလည်း တဖြည်းဖြည်းစိုးရိမ်လာလေလေပါပဲ၊ ကျွန်မစိတ်ထဲကအတိုင်းဆိုရင် ရွှေတိုးကိုမသေစေချင်ပါဘူး၊ ဒါပေမယ့် တစ်ဖက်ကတွေးကြည့်ပြန်ရင်လည်း မောင်လေးတိုးအောင်တစ်ယောက် အခုလို တိရစ္ဆာန်ဘဝမှာနေရတာ မကောင်းဘူးလို့တွေးမိပါတယ်၊ ကျွန်မတတ်နိုင်တဲ့အချိန် ကျွန်မမောင်လေးကို ကျွေးထားမွေးထားမယ်လို့ပဲ ဆုံးဖြတ်ထားပါတယ်။

ဒီလိုနဲ့ ခြောက်လပြည့်ခဲ့တယ်ဆိုပါတော့ရှင်၊ ခြောက်လကျော်တာတောင်မှ ရွှေတိုးက ဘာမှမဖြစ်သေးဘူး၊ ကျွန်မဖြင့် အကြားအမြင်ဆရာဟောချက် မှားတယ်လို့ပဲ ထင်နေမိတာပါ၊ ခြောက်လကျော်ပြီး တစ်ပတ်လောက်နေတော့ ကိုသန်းရွှေက ထမင်းချက်နေတဲ့ကျုပ်အနားလာရင်း

“မင်းသား ရွှေတိုး နေမကောင်းဘူးထင်တယ်”

ကျွန်မဖြင့်တော်တော်စိတ်ပူသွားတယ်။

“မစားမသောက်နဲ့ အိပ်ရာထဲလှဲနေတာ တော်တော်ကြာပြီကွ”

ကျွန်မ ရွှေတိုးကိုပြေးကြည့်လိုက်တော့ ကျွန်မအိပ်တဲ့ခေါင်းအံံးုပေါ်မှာ ကွေးကွေးကလေးအိပ်နေတယ်၊ သူ့အသားအရည်တွေလည်း ပျော့ပြောင်းပြီး ဗိုက်ကလည်းပိန်ချပ်နေတာပဲရှင်၊ အသက်ရှူရင်တော့ ရင်ဘတ်က ဖားဖိုကြီးလို ဖောင်းလာလိုက်၊ ပိန်လာလိုက်နဲ့ပေါ့၊ ကျွန်မသူ့လက်ကိုကိုင်ကြည့်တော့ သူကမျက်လုံးကိုမှေးမှေးကလေးဖွင့်ပြီးကြည့်တယ်။

“သား၊ ရွှေတိုး၊ နေမကောင်းဘူးလားသား”

ရွှေတိုးက မျက်တောင်ကလေးပဲ လှုပ်ပြတယ်ရှင့်၊ ကျွန်မသိလိုက်ရပါပြီ၊ ရွှေတိုးတစ်ယောက် အခြေအနေမကောင်းတော့ဘူးဆိုတာ၊ ဒါနဲ့ ကျွန်မလည်း ထမင်းဆက်မချက်တော့ဘဲ ရွှေတိုးခေါင်းလေးကို အသာပွတ်ပေးနေမိတယ်၊ နောက်တော့ ဘုရားစာနဲ့မေတ္တာပို့ကို ရွှေတိုးကြားနိုင်အောင် ရွတ်ပေးနေပါတယ်။

“မောင်လေး တိုးအောင်”

ကျွန်မခေါ်လိုက်တော့ ရွှေတိုးက မျက်လုံးကလေးပင့်ပြီးကြည့်ရှာတယ်။

“ဘုရားစာကို သေချာအာရုံစိုက်နားထောင်နော် မောင်လေး၊ ဘာမှလည်းမကြောက်ပါနဲ့၊ အခုလို နိမ့်ကျလှတဲ့ တိရစ္ဆာန်ဘဝကနေ ပိုမိုကောင်းမွန်တဲ့ဘဝတစ်ခုကို မောင်လေးရောက်ပါစေလို့ အမဆုတောင်းပေးပါတယ် မောင်လေးရယ်”

ကျွန်မလည်း ငိုနေမိတယ်။

“နောက်ပြီးတော့ မောင်လေးရဲ့အကြွေးတွေကို သံဃာတော်တွေကို ဝါဆိုသင်္ကန်းကပ်လိုက်ပြီး အမျှပေးဝေလိုက်ပါပြီမောင်လေးရဲ့၊ မောင်လေး စိတ်ကိုရှင်းရှင်းထားနော်၊ ဘာမှမပူနဲ့တော့”

ရွှေတိုးခေါင်းကိုပွတ်ပေးရင်း ကျွန်မမျက်ရည်တွေကျနေမိတယ်၊ ကိုသန်းရွှေကလည်း ကျွန်မတို့အနားမှာထိုင်ရင်း လာစောင့်ပေးနေတယ်၊ မနက်ခုနစ်နာရီလောက်ကျတော့ ရွှေတိုးကိုယ်လံုံးက တဆတ်ဆတ်တုန်လာတယ်၊ အကြောသုံးလေးချက်ဆွဲပြီးတဲ့အခါ ရွှေတိုးကိုယ်လုံးက ငြိမ်ကျသွားတော့တယ်၊ ကျွန်မပွတ်ပေးနေရင်း ရွှေတိုးကိုယ်လုံးက တဖြည်းဖြည်းအေးစက်လာပါတော့တယ်၊ ကိုသန်းရွှေက ရွှေတိုးကိုယ်လုံးကိုစမ်းသပ်ပြီး

“မိန်းမရေ၊ ရွှေတိုးကလေး သေပြီကွ”

ယောက်ျားရင့်မာကြီးဖြစ်တဲ့ ကိုသန်းရွှေတောင်မှ မျက်ရည်တွေဝဲပြီး အသံတွေတုန်ယင်လာပါတယ်၊ ကျွန်မဆိုရင်တော့ ငိုချလိုက်တာပြောမနေပါနဲ့တော့၊ ရွှေတိုးအလောင်းကိုဖက်ပြီး လင်မယားနှစ်ယောက် အခန်းထဲမှာ ငိုနေတုန်း မိုးကဗြုန်းစားကြီးရွာကျလာပါရော။

“မောင်လေးတိုးအောင်ရေ၊ ကောင်းရာမွန်ရာ ရောက်ပါစေကွယ်”

တစ်ဈေးလုံးလည်း ရွှေတိုးဆုံးသွားတော့ သနားကြတယ်၊ ကျွန်မတို့လင်မယားနှစ်ယောက်လည်း အိမ်မှာရွှေတိုးအတွက်ရည်စူးပြီးတော့ အလှူအတန်းလုပ်ခဲ့ကြပါသေးတယ်၊ ရွှေတိုးရုပ်အလောင်းကိုတော့ ကျွန်မတို့ခြံဝန်းထဲမှာပဲ သေသေချာချာမြှုပ်နှံပေးလိုက်ပါတော့တယ်။

ရွှေတိုးသေပြီး နှစ်ရက်အကြာတော့ ကျွန်မအိပ်မက်တစ်ခုမက်ပြန်ပါတယ်၊ အိမ်မက်ထဲမှာ မောင်လေးတိုးအောင်နဲ့ ကျွန်မနဲ့ပြန်တွေ့တယ်၊ ကျွန်မဖြင့် ပြောမပြတတ်အောင်ဝမ်းသာလွန်းလို့ မောင်လေးတိုးအောင်ကို ပြေးပြီးဖက်ထားမိလိုက်တယ်၊ မောင်လေးတိုးအောင်ကလည်း ကျွန်မကိုပြန်ပြီးပွေ့ဖက်ထားတယ်။

ကျွန်မနိုးလာတော့ ဒီအိပ်မက်ကိုဘယ်သူ့ကိုမှမပြောပြတော့ပါဘူး၊ ကိုသန်းရွှေလည်း တစ်ပတ်လောက်အထိ ရွှေတိုးကိုလွမ်းဆွတ်နေတဲ့ပုံပါပဲ၊ ကျွန်မကတော့ ပိုဆိုးတာပေါ့ရှင်၊ ဒီလိုနဲ့ ရွှေတိုးသေဆုံးပြီး သုံးလလောက်ကြာတော့ ကျွန်မနေရထိုင်ရမကောင်းဘူးဖြစ်လာတယ်။ အားနည်းပြီးမူးလဲကျသလိုဖြစ်တာနဲ့ ကိုသန်းရွှေက အဲဒီနေ့ကိုခွင့်ယူပြီး ကျွန်မကိုပြုစုရတယ်။

“ဘယ်လိုဖြစ်တာလဲ မိန်းမရာ”

“ကျုပ်အားနည်းနေသလိုပဲ၊ ပြီးတော့ သွေးဆုံးများကိုင်ချင်သလားမသိပါဘူူးရှင်”

“အိုကွာ၊ မင်းက အခုမှအသက်လေးဆယ်ပဲရှိသေးတာမဟုတ်လား”

“ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ရာသီသွေးမမှန်တာ သုံးလလောက်ရှိပြီရှင့်”

ကိုသန်းရွှေ မျက်လုံးပြူးသွားတယ်။

“ရာသီမပေါ်ဘူးဆိုတော့ ဟိုဒင်း ဟိုဟာများဖြစ်နေမလား”

“အိုတော်၊ ဟိုဒင်းဟိုဟာက တစ်သက်လံုံးမဖြစ်ခဲ့ဘဲ ဒီအသက်အရွယ်ကြီးကျမှ ဖြစ်မလားတော့”

ကျွန်မလည်း သိပ်မျှော်လင့်မထားတာအမှန်ပဲ။

“အေးကွာ၊ ဒါဆိုရင်လည်း ညနေကျတော့ ရပ်ကွက်ထိပ်က ဆေးခန်းပြကြည့်ပေါ့ကွ၊ ရောဂါကိုမွေးမထားနဲ့ဟေ့”

ညနေရောက်တော့ ကိုသန်းရွှေနဲ့အတူတူ ဆေးခန်းသွားပြဖြစ်ခဲ့ပါတယ်၊ ဆရာဝန်က သေချာတိုင်းတာကြည့်ပြီးတော့

“အဒေါ်ကြီးက ရိုးရိုးသွေးအားနည်းတယ်မထင်ဘူး၊ အဒေါ်ကြီးမှာ ကိုယ်ဝန်ရှိနေလို့ အားနည်းတာပဲ”

ကျွန်မ ကိုယ့်နားကိုယ်တောင်မယုံနိုင်ပါဘူးရှင်၊ ဆရာဝန်က ဆီးစစ်တံကလေးပေးပြီးတော့ ဆီးစစ်ခိုင်းကြည့်တော့မှ ကိုယ်ဝန်ရှိတယ်ဆိုတာ သိလိုက်ရတာပါပဲ၊ ကျွန်မဖြင့် မယုံနိုင်လို့ ဆီးစစ်တံသုံးချောင်းနဲ့ တစ်ခါတည်းစစ်ကြည့်လိုက်ပါသေးတယ်၊ သုံးချောင်းစလုံးရဲ့အဖြေက တူနေမှ ကျွန်မစိတ်ချလက်ချ ဝမ်းသာနိုင်တာပါပဲရှင်။

ကျွန်မစိတ်ထဲ ထင်နေတာတစ်ခုရှီတယ်၊ အဲဒါကတော့ ကျွန်မမောင်လေးတိုးအောင်များ ကျွန်မဆီမှာ လာဝင်စားတာလားလို့ပေါ့ရှင်၊ ကိုယ်ဝန်ရှိသွားပြီဆိုတော့ ကိုသန်းရွှေက ကျွန်မကိုဈေးမရောင်းခိုင်းတော့ပါဘူး၊ ကျွန်မလည်း ဗိုက်ထဲက ကလေးအကြောင်းသိချင်တာနဲ့ကိုသန်းရွှေကို ပူဆာရတယ်။

“အဲဒိအကြားအမြင်ဆရာဆီ ပို့ပေးစမ်းပါ အကိုရယ်”

“မင်းကလည်းကွာ၊ ကိုယ်ဝန်ရှိနေတုန်းသွားလို့ဖြစ်မလားကွ”

ကျွန်မအတန်တန်ပူဆာတော့မှ ကိုသန်းရွှေက ခွင့်ပြုတော့တယ်။

“မင်းကွာ၊ ဒီလောက်တိုးတက်နေတဲ့ခေတ်ကြီးထဲ ဒါတွေကိုယုံနေရသေးလားကွ”

နောက်တစ်နေ့တော့ ရပ်ကွက်ထဲက ကားတစ်စီးငှားပြီး အဲဒီအကြားအမြင်ဆရာဆီ လာခဲ့တော့တယ်၊ ကျွန်မက မပေါ့မပါးကြီးနဲ့မို့လို့ ဦးစားပေးအရင်ဝင်ရပါတယ်၊ ကျွန်မလည်း အရမ်းသိချင်နေပါပြီ၊ ဒီနေ့မှ အကြားအမြင်ဆရာက အာရုံခံတာ ပိုပြီးကြာနေသလိုပါပဲ၊ နောက်တော့ ခေါင်းညိတ်ပြီး

“ခင်ဗျားဘာမှစိတ်မပူနဲ့၊ အခုခင်ဗျားဗိုက်ထဲက ကလေးက ခင်ဗျားရဲ့မောင်ပဲဗျ”

ကျွန်မဝမ်းသာလိုက်တာပြောမနေပါနဲ့တော့ရှင်၊ ဒီလိုနဲ့ ကျွန်မအသက်လေးဆယ့်တစ်နှစ်မှာ ကလေးကိုအောင်အောင်မြင်မြင်နဲ့မွေးဖွားနိုင်ခဲ့ပါတယ်၊ ကိုသန်းရွှေလည်း အသက်ကြီးမှ ဖအေဖြစ်ရတော့ အပျော်ကြီးပျော်နေတဲ့ပုံပါပဲ၊ အဲဒီကလေးကိုတော့ ကျွန်မရဲ့နာမည်ဒေါ်တိုးနဲ့၊ ကိုသန်းရွှေရဲ့နာမည် ရွှေကိုပေါင်းပြီး ရွှေတိုးလို့ နာမည်ပေးလိုက်ပါတော့တယ်ရှင်။

ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
စာ​ရေးသူ =အဂ္ဂဇော်အားလေးစားလျက်