နှစ်ခုလပ်(စ/ဆုံး)
———–
“ဟဲ့ ဝင်းမူ..ဝင်းဝင်းမူ ငါ့ကို ထမင်းခူးပေးစမ်း နင်.. သတိထားနေနော်
ငါ ဒီအချိန်ပြန်လာမယ်ဆိုတာ
မသိဘူးလား ဟမ် ဘယ်တော့မှအဆင်သင့်မဖြစ်ဘူး…မှန်းစမ်းဘာဟင်းလဲ.. ဟား…ဝက်သား
တစ်ခါလာ ဝက်သား တစ်ခါလာဝက်သား နင် ငါ့ကို သွေးတိုးပြီးသေအောင် လုပ်နေတာလား နင့်သားတွေကြိုက်တာကိုပဲချက်နေ ငါလုပ်ရရင်လည်း နင် သေတော့မယ်”
“နင်ပေးတာနဲ့ ဒီဟင်းစားရတာ ကံကောင်း ဒါတောင် နေ့လည်က ဟိုဘက်လမ်းမှာ အဝတ်လျှော် မီးပူတိုက်တာ သုံးထောင်ရလို့ အဲ့ဒါ စားရတာ”
“သောက်ကမျင်းမ..ငါ့ကို ပြန်ခံပြောနေသေးတယ် ပေး..အဲ့ထဲက တစ်ထောင် ..ဟိုကောင် အလတ်ကောင် ဒီလာစမ်း ငါ့ကို အရက်သွားဝယ်ပေးစမ်း…အလတ်ကောင် ..အလတ်ကောင် ငါခေါ်နေတာ မကြားဘူးလား”
အရည်ဝင်လာပြီဆို စပြီးရစ်တော့မည့် လင်ဆိုးကို အိမ်ရှေ့ကနေငုတ်တုတ်ထိုင်ရင်း ဝင်းမူပြန်ဖြေလိုက်သည်။
“အလတ်ကောင် အလုပ်က ပြန်မလာသေးဘူး”
“ဒါဆို အငယ်ကောင်ရော”
“ထင်းခွဲနေတယ်၊ မအားဘူး မနက်ဖြန် ထင်းအပြီးပို့ရမှာ ရှင့်သားကြီး အားနေတာပဲတော် သူ့ခိုင်းပါလား”
“အဖေ မူးရင် အေးအေးဆေးဆေးနေနော် တစ်နေကုန် ရုံးမှာအာရုံနောက်ရတဲ့အထဲ အိမ်ပြန်လာတော့လည်းမငြိမ်းချမ်းဘူး ”
“ဪ အေး.. အေးပါ သားရယ်”
တစ်ခွန်းတည်းပြောကာ ဦးသန်းတင် ထမင်းကိုတိတ်ဆိတ်စွာစားပြီး အိပ်ယာဝင်သွားပါတော့သည်။ ဝင်းမူကတစ်ချက်မဲ့ရင်း
“တရားကျဖို့လည်း ကောင်းတဲ့ဟာတွေ”
ဝင်းဝင်းမူမှာ ကျားကြောက်လို့ ရှင်ကြီးကိုးကာမှ ရှင်ကြီး ကျားထက်ဆိုးသည့်အဖြစ်။ ယူကာစက မုဆိုးဖို သားတစ်ယောက်အဖေ ဝင်းမူထက်လည်းဆယ့်နှစ်နှစ်လောက်ကြီးသည့် ဦးသန်းတင်က အစိုးရဝန်ထမ်းလည်းဖြစ်၍ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ဖြစ်မည်ထင်ခဲ့သည်။ ဝင်းမူဘဝကပဲ ဝဋ်ကြွေးပါသည်လား လင်ကံဆိုးတယ်ခေါ်မလား ပထမယောက်ျားတုန်းကလည်း ယူပြီးမှ အရက်သမားဖြစ်လာသည့်အပြင် ကလေးသုံးယောက်အရွယ်မရောက်သေးခင် အရက်ဝိုင်းတွင် အကြွေစေ့ပစ်ကြရင်း ရှုံးရာက ရန်ဖြစ်ကြကာ လက်လွန်ခြေလွန်ဖြစ်ပြီး ထောင်နန်းစံရတော့သည်။ ဒါတင်ပဲလား မိဝင်းမူဘဝ လင်အတွက် ထောင်ဝင်စာတောင်မပို့နိုင်၍ ကျောက်ထုစခန်းပါသွားကာ ခြေထောက်ကို ကျောက်တုံးပိရင်းက ပိုးဝင်ပြီးဝဋ်ကြွေးချေသွားသတဲ့။ ကလေးသုံးယောက်ကို ရတနာသုံးပါးလို ဦးထိပ်ထားရင်းငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်ခဲ့ရသည်မှာမတန်ဘူးထင်၍ နောက်လင်ကို ချက်ခြင်းယူလိုက်လေသည်။ မယူခင် ရပ်ကွက်ထဲကဗေဒင်ဆရာလေးမှ အိမ်ထောင်ရေးဂြိုလ်မှာ ဘဂ်တွင်မို့ ဘယ်လင်ယူယူ လင်ကံမကောင်းဘူးဆိုကာ အမိအရ တားသည့်ကြားက မယူဖူးသည့်အတိုင်းယူလိုက်တာ။ ဒါတောင် ဦးသန်းတင်မှာ လူပျိုမဟုတ်သောအစိုးရဝန်ထမ်း ကလေးတစ်ယောက်အဖေမုဆိုးဖို။ အထင်ကြီးပြီး ယူခဲ့မိကာမှ ကိုယ့်ပြန်ခိုင်းစားသည့်အပြင် ကျွန်ဝယ်ရာအဆစ်ပါ ကိုယ့်သားသမီးလေးတွေပါ ကြုံရာကျပန်းလုပ်ကျွေးနေရလေသည်။ ညားခါစက အချိုသပ်သည့်စကားများကိုဝင်းမူ ဘယ်တော့မှမမေ့ပေ။
“အကြီးကောင်ကြီးတော့ ကျောင်းထားလိုက်မယ် ဝင်းမူရယ်
သူကောင်းစားတော့လည်း အငယ်တွေ ပြန်ကြည့်စေဖို့ ငါပြောမှာပေါ့ ငါ့တာဝန်ထား..ဟုတ်ပြီလား
နင့်သားသမီးရယ် ငါ့သားသမီးရယ် ခွဲခြားမနေပါနဲ့ နင့်ကလေးလည်း ငါ့ကလေး..ငါ့ကလေးလည်း နင့်ကလေးပဲပေါ့”
အယုံလွယ်တာလည်း ဝင်းမူကိုအပြစ်မဆိုသာ ပညာမတတ် အပျိုဖြစ်ပြီဆိုကတည်းက လင်ယူကာဒုက္ခသုတ်ခတွေနှင့် ဗဟုသုတနည်းရှာသည့်ဝင်းမူ လင်တစ်မျက်နှာကို အားကိုးကာ ပြုံးပြုံးကြီး ခေါင်းငြိမ့်မိခဲ့သည်။ သူကပညာတတ် အစိုးရဝန်ထမ်းလေ လောလောဆယ်တောင် သူ့ရဲ့ဝန်ထမ်းအိမ်ယာလိုင်းခန်းမှာ နေရတာ။ ဘာဖြစ်ဖြစ် သူပြောသလိုလုပ်တာပေါ့..။
“အင်းပါလေ အကို့သားလည်း ဝင်းမူသားပဲပေါ့”
(၂)
ဒီလိုနှင့် သားနှစ်ယောက်ကို ကျောင်းမတက်တော့ဖို့ ဖျောင်းဖျရသည့်နေ့က ဝင်းမူ မျက်ရည်ကျခဲ့ရသည်။ မအေမျက်နှာနှင့်လင်ပါသားကိုချစ်ပေးကြရှာလေသည်။
“အမေရယ် အစ်ကိုကြီး ကျောင်းတက်တာလည်း တက်ပါစေပေါ့
သားတို့ဖာသာသားတို့ စံပယ်ပန်းရောင်းပြီး ကျောင်းစရိတ်ရှာ တက်ပါ့မယ် တက်ပါရစေနော်”
လိမ္မာလိုက်တဲ့သားတွေရယ်လို့စိတ်ထဲကဝမ်းမြောက်မိပေမယ့် လင်အငြိုငြင်မခံနိုင်သော ဝင်းမူပင်။
“ငါက မတက်နဲ့ဆို မတက်နဲ့ဟယ်
နင်တို့ကို ကျောင်းသွားချိန် ခိုင်းစရာရှိသေးတယ်ဟဲ့”
ဦးသန်းတင် သင်ပေးသည့်အတိုင်း တသဝေမတိမ်း သားတွေကိုပြောလိုက်လေသည်။ လင်ထိပ်ထားစံလွန်းသောမအေကို ပြောမရသည့်အဆုံး သားတွေလက်လျော့လိုက်လေသည်။
“အဲ့ဒါဆို ညီမလေးကိုတော့ ကျောင်းထားပေးလိုက်ပါနော်”
“အေးပါ..ပြီးရော”
အဲ့လောက်တော့ လျှော့ပေးလိုက်မည် ဝင်းမူကိုယ်တိုင်လည်း သမီးကို စာတတ်စေချင်သည်။ မိန်းကလေးမို့လား။ ဦသန်းတင်ကိုတော့ ညမှပလီပလာတွေပြောပြီး သမီးကိုတော့ ကျောင်းတက်ခိုင်းဖို့ ဖျောင်းဖျမည်။
ဦးသန်းတင်၏ ထိုမဟာစီမံကိန်းကြီးကို အဲ့သည်တုန်းက ဝင်းမူမရိပ်မိခဲ့ပေ။ ခုတော့ သူ့သားကို ဘွဲ့ရအောင်သင်ပြီး သက်သောင့် သက်သာဖြစ်သည့် သူ့ရုံးတွင် အောက်တန်းစာရေး ဝင်လုပ်ခိုင်းလိုက်လေသည်။ ဝင်းမူနှင့် သားသမီးတွေကတော့ သူ့သား ကျောင်းစရိတ်အပြင် အိမ်စားဖို့ရော သူ့အရက်ဖိုးပါ ရှာပေးရတော့သည်။သားတွေသိမည်ဆိုး၍ လက်သိပ်ထိုးဖြေးရှင်းရင်း နုံရာက အ၊ အ,တယ်ဆိုတာထက် ခုတော့ ကိုယ့်ကိုယ်ကိုယ် အသုံးမကျမှန်း ဝင်းမူ သိလာခဲ့ရလေပြီ။ သို့သော် ဘယ်လိုမှ ဒီနွံက မရုန်းနိုင်တော့ပေ။ သားတွေလည်း ကျောင်းပြန်တက်ဖို့က မဖြစ်နိုင်တော့သလို ဟိုမရောက်ဒီမရောက်အရွယ်တွေနှင့် ဝင်းမူ ဘယ်လိုရုန်းမလဲ။ ကျွံဝင်ထားမိသည့် သူ့သားအတွက် ပညာသင်စရိတ်တွေကတင် မနည်းလှချေ။ ပေါက်သည့်နှဖူး မထူးဘူးတွေးကာ အငယ်မကို ပညာရေးဦးစားပေးထားသလို အစ်ကိုတွေကို အချိန်တန်လျင် ပြန်ကြည့်ဖို့လည်း မှာထားရသည်။
ရုံးအပြန် အရက်ကလေးတမြမြနှင့် ဦးသန်းတင်။ ဝင်းမူနဲ့ကလေးတွေကိုတွေ့လျင် ငယ်နိုင်ဖြစ်နေသလို ဘာမှပြသနာရှာစရာမရှိလျင် ဝတ်ထားသည့်အဝတ်အစားကြည့်ပြီး ပြသနာရှာတတ်သည်။ တခါတလေသေသွားသည့်လင်ကိုသူ့ထက်ပိုဂရုစိုက်တယ်မို့လားဆိုကာ ပြသနာလုပ်တော့သည်။
“ဟိုနေ့က သမီးကျူရှင်အပြန်အရက်ဆိုင်ကနေ သူ့အပေါင်းအသင်းတွေနဲ့လှမ်းစတယ်နော် အမေ့ဟာကြီးကို အမေ ကြည့်ပြောထား ဟိုတစ်ရက်တုန်းကလည်း သမီးသူငယ်ချင်းတွေကို ရိသဲ့သဲ့နဲ့ ဘာတွေသွားပြောမှန်းမသိဘူး သူ့ကြောင့် သူငယ်ချင်းတွေက သမီးကိုအပေါင်းအသင်းမလုပ်ရဲကြတော့ဘူး ..”
အမေ့ဟာကြီးတဲ့။ သမီ၏ ထိုစကား ကဝင်းမူကိုနာကျင်စေသည်။ သားသမီးတွေနှင့်သီးခြားဖြစ်သွားသလိုခံစားရလေသည်။ မိမိအသုံးမကျတာကို မီးမောင်းထိုးပြနေသလိုဖြစ်စေသည်။
သားတွေလိမ္မာသလို၊သမီးကအမေ့အခြေအနေကြည့်ပြီး နေတတ်ထိုင်တတ်၍ ဝင်းမူဝမ်းသာရသည်။ရည်မှန်းချက်ကြီးသည့်သမီးက ကျောင်းဆရာမဖြစ်ချင်သတဲ့။ ဂုဏ်ယူစရာကောင်းလိုက်လေခြင်း။ ဒီလိုသားကောင်း၊သမီးကောင်းလေးတွေကို ဝင်းမူလက်လွှတ်လျင် ဝင်းမူလောက်မိုက်တွင်းနက်သူ လောကတွင်ရှိမည်မထင်တော့ပေ။
(၃)
ဦးသန်းတင် ပင်စင်သွားတာ ခုဆို နှစ်လရှိလေပြီ။ ဂရက်ဂျူတီဆိုလား ခံစားခွင့်ရဖို့ကလည်း တဖြေးဖြေး နီးကပ်လာပြီဆိုတော့ ဝင်းမူ လင်ကို စိတ်ချမ်းသာအောင် ဖားရပြီလေ။ ဒီအခွင့်အရေးကိုစောင့်နေခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ။ ကိုယ့်ရဲ့အကြံအစည်ကို သမီးနဲ့သားတွေကိုတောင် မပြောပြပေ။ အနှစ်နှစ်အလလ ဝင်းမူ ခံခဲ့ရသမျှတွေ တန်ရာတန်ကြေးယူရန်ဝင်းမူကြံစည်ထားသည့်အတိုင်း ကြိုးစားမည်။
“ငါ ပင်စင်သွားပေမယ့် ရုံးမှာ သားက အမြဲတမ်းဝန်ထမ်းဖြစ်သွားလို့ လိုင်းခန်းရတော့ ဒီနေရာလေး
ငါတို့ ဆက်နေလို့ရတာပေါ့ မိန်းမရယ်.. ငါ အမြှော်အမြင် ဘယ်လောက်ကြီးလဲ နင်သိပြီနော် ငါနဲ့ယူခဲ့တာ နင်အတော်ကံကောင်းတယ် နင့်သားသမီးတွေရှာတာနဲ့ အပြင်မှာနေကြည့်စမ်း အိမ်ငှားခနဲ့တင် နင်တို့ လမ်းဘေးနေ လမ်းဘေးစား ဖြစ်မှာ”
ကိုယ့်ဂုဏ်ကိုယ်ဖော်ကာ ပျားရည်နဲ့ ဝမ်းချနေသည့် မဟာကျေးဇူးရှင်ကြီးက ဝင်းမူကို အရင်ဝင်းမူ ထင်နေပုံရလေသည်။
“အေးပေါ့ရှင် ရှင်က ကျွန်မတို့သားအမိတွေကို ကယ်ထားတဲ့ တကယ့်ကျေးဇူးရှင်ပါ ရှင့်သားကိုလည်းကျေးဇူးတင်ကြောင်း တဆင့်ပြောပေးဦး”
“ဟား ဟားဟားဟား ရပါတယ် မိန်းမရာ မိသားစုတွေပဲ”
“မနက်ဖြန် ဂရက်ဂျူတီရလာရင် သမီးကို နားကပ်တစ်ရံလောက် ဆင်ပေးပါလား ရှင်ကိုယ်တိုင် ဝတ်ပေးစေချင်တာ သမီးက သူ့အဖေကိုမမြင်ဖူးလိုက်တော့အဖေငတ်နေရှာတာ သူလည်း ပျော်သွားမှာနော်”
ဟုတ်သော်ရှိ၊မဟုတ်သော်ရှိ ကိုယ့်လင်အကြောင်းကိုယ်အသိဖြစ်သည့်ဝင်းမူ ငါးစာချလိုက်လေသည်။ သမီးကိုတော့ အားနာမိပါ၏
“ရှင် ပိုက်ဆံသွားထုတ်တော့ ကျွန်မလိုက်ခဲ့ချင်တယ်ရှင်.. အပြန်ကျရင် မြို့ထဲဝင်ပြီး ကြေးအိုးလည်းစားချင်တယ်တော့ ပြီးတော့ နားကပ်လေးလည်းသွားဝယ်ကြမယ် ကျွန်မတို့ ပြန်လာမှာနဲ့ သမီး ကျောင်းကပြန်ရောက်မှာနဲ့ အတော်ပဲ”
“အေး အဲဒီအစီအစဉ် ကောင်းတယ်ပိုက်ဆံကိုဘဏ်ထဲပါ တခါတည်း ထည့်လိုက်မယ် ဘဏ်တိုးနဲ့ထိုင်စားရင် နင့်သားတွေလည်း အလုပ်လုပ်စရာမလိုတော့ဘူးပေါ့”
ထပ်ပြီးမျော်လင့်ချက်ပေးလာသောဦးသန်းတင်ကို စိတ်ထဲမှကျိန်ဆဲလိုက်မိသည်။ ဝင်းမူ လွန်ခဲ့သောလတွေကတည်းက မြို့ထဲတွင် ဘဏ်နှင့်ရွှေဆိုင်မနီးမဝေး ဘယ်နားရှိလဲကိုကြည့်ခဲ့ပြီးသား။ ခံစားခွင့်ထုတ်လာသည့် ပိုက်ဆံထုပ်ကို ‘ငွေအိတ်မကိုင်ဖူးလို့ပါ ယောကျာ်းရယ်.. လွယ်ပါရစေ ‘ဆိုကာလွယ်လာလိုက်သည်။ ကိုယ့်မှာပါလာသည့် လက်ကိုင်အိတ် အသေးလေးကိုလည်း သူ့ ငွေအိတ်ထဲထည့်ပြီး ဝမ်းသာအားရဖြစ်သည့် ပုံဖြင့်ယောက်ယတ်ခတ်ပြရတော့သည်။
“ဟော ဟိုမှာ ရွှေဆိုင် ယောကျာ်းရေ”
“အေး အေး လာ ဝင်ရအောင် နင်လည်းရွေးလေ”
“ရှင် သင့်တော်ရာ ရွေးပါ သမီးကိုရှင်ကိုယ်တိုင်ဝတ်ပေးရမှာ ”
ထိုစကားကြောင့် နွားပြာကြီးအောက်သွားမရှိသကဲ့သို့ တဟဲဟဲရယ်နေသည်မှာ စိတ်ပျက်စရာကောင်းနေပေတော့သည်။ ဟိုလိုလိုဒီလိုလို လုပ်ရင်း
“ရှင် ရွေးနှင့်နော် ဝင်းမူ ဟိုဘက်က ဆွဲကြိုးလေးတွေ သရေသွားကျလိုက်ဦးမယ်”
” အေးအေး နောက်တို့တွေထီလေးဘာလေးပေါက်တော့ နင့်ကိုဝယ်ပေးမှာပေါ့ဝင်းမူရယ် ဟဲဟဲ ခုတော့သရေကျလိုက်ဦး”
နားကပ်ဆီဇောကပ်နေသည့်ဦးသန်းတင် မယောင်မလည်နှင့်ရွှေဆိုင်ကနေ ဝင်းမူ အသာလစ်ထွက်လာသည်ကိုသတိမထားမိချေ။
“ကျွန်မ ငွေအပ်ချင်လို့ပါ”
“ဘယ်လောက်အပ်မှာလဲ အန်တီ”
“သိန်းခြောက်ဆယ် အပ်မှာပါ ဒီဘဏ်စာအုပ်ထဲကို”
“ဟုတ်ကဲ့ပါအန်တီ ဒေါ်ဝင်းဝင်းမူနော်”
“မြန်မြန်တော့ လုပ်ပေးနော် သမီး
အန်တီ့အမျိုးသားဟိုဘက်မှာစောင့်နေလို့ သူမသိစေချင်လို့”
ဘဏ်တွင် ပိုက်ဆံသွင်းနေတာကို စောင့်ရင်း ဒေါသူပုန်ထနေမယ့်ဦးသန်းတင်မျက်နှာကို မြင်ယောင်နေမိတော့သည်။ ဒီနေ့အတွက် ကြိုတင်ပြင်ဆင်ထားရသည်မှာ လနှင့်ချီနေပေမယ့် တကယ့်တမ်းကျ ဝင်းမူလက်တုန်ခြေတုန်ဖြစ်ရသည်။ မနက်အစောကတည်းက သားနှစ်ယောက်နဲ့ သမီးကို အမေ စုကြေးငွေထုတ်ထား၍ မုန့်ကျွေးမည်ဆိုကာ အဝေးပြေးနှင့်မဝေးသော စားသောက်ဆိုင်တစ်ခုတွင် စောင့်ခိုင်းထားပြီးလေပြီ မလာကြမည်စိုး၍ အပျော်ခရီးပါထွက်ကြမည်ဟုပြောထားခဲ့ရသည်။ မနေ့ညကတည်းက ကလေးတွေ ၏မှတ်ပုံတင်နှင့်တခြားစာရွက်စာတမ်းများကို အိတ်ကလေးထဲထည့်ထားပြီးသား။
တက်စီပေါ်တွင်ဝင်းမူ ဘဏ်စာအုပ်လေးကို ပိုက်ဆံအိတ်ထဲပြောင်းထည့်လိုက်ပြီး မန္တလေးသွားမည့် ညနေခြောက်နာရီကားလက်မှတ် လေးစောင်ကို ထုတ်ကြည့်မိတော့လေသည်….။
ကျန်းမာချမ်းမြေ့ကြပါစေ။ ပြည့်မှူးခင်(မွန်းလစ်မေ)
– – – –