ရွှေငါးကြင်းသိုက်နန်းရှင်ညီအစ်မ

ရွှေငါးကြင်းသိုက်နန်းရှင်ညီအစ်မ(စ/ဆုံး)
———————————-

ပဲခူးတိုင်း ပြည်မြို့အနီးရှိရွာကြီးတစ်ရွာတွင် ကိုလူလှနှင့်မထွေးမြဟူသည့် လင်မယားနှစ်ယောက်ရှိလေသည်။

လင်မယားနှစ်ယောက်လုံးမှာရိုးသားကြသည့်တောသူတောင်သားများဖြစ်သော်လည်း ကိုလူလှမှာ ဝမ်းရေးအတွက် ဖားရှာငါးရှာသော တံငါသည်အလုပ်ကို လုပ်ကိုင်ရလေသည်။

ဇနီးသည်မထွေးမြကတော့သီးနှံများကိုစိုက်ပျိုးရောင်းချရင်း လင်မယားနှစ်ယောက် ဘဝကိုအေးချမ်းစွာအတူတူဖြတ်သန်းခဲ့ကြသည်။

တစ်နေ့သ၌ ကိုလူလှတစ်ယောက်ရွာဦးဘုန်းကြီးကျောင်းသို့တရားနာသွားစဉ် ပါဏာတိပါတာကံ(သူ့အသက်ကိုသတ်ခြင်း)၏ အပြစ်တို့ကို ကောင်းစွာနားလည်သိရှိသွားပုံပေါ်၏။

အိမ်ပြန်ရောက်သောအခါ ဇနီးသည်အား မိမိသည်တံငါအလုပ်ကိုစွန့်လွှတ်တော့မည်ဖြစ်ကြောင်းပြော‌ပြလေသည်။

မထွေးမြလည်း သာဓုခေါ်ကာ

“ကောင်းပါတယ် ကိုလူလှရယ်…ကျုပ်လည်းတော့်ကိုဒီအလုပ် မလုပ်စေချင်တာကြာပါပြီ…မရှိအတူ ရှိအတူ တခြားအကုသိုလ်ကင်းတဲ့အလုပ်တခုခုကို လုပ်ကိုင်စားသောက်ကြတာပေါ့”

ဟု အားရဝမ်းသာပြောရှာသည်။

“ဒါပေမယ့် ထွေးမြရယ်..ဒီ‌နေ့တော့ ကိုလူလှ ရွာမြောက်ပိုင်းက ဖိုးလေးသာခေါင်တို့ကို ငါးပေးဖို့ ကတိပေးထားပြီးဖြစ်‌နေလို့ ငါးရှာထွက်ရဦးမကွဲ့”

“ဒီနေ့ဟာ ရှင့်အတွက် တံငါသည်ဘဝနောက်ဆုံးနေ့ဖြစ်ပါစေလို့ ကျုပ်ဆုတောင်းပေးပါတယ်တော်..”

ထို့နောက် ကိုလူလှဟာ ၎င်းငါးရှာထွက်နေကြ မြစိမ်းကန်(ရေညှိစိမ်းကန်)ဘက်သို့ထွက်ခွာခဲ့လေသည်။ ရေညှိစိမ်းများနှင့်တကန်လုံးစိမ်းစိုလျက်ရှိသော စမ်းချောင်းအနီးရှိ ထိုကန်ကြီးသည် ကိုလူလှတို့ရွာနှင့် ၃/၄မိုင်ခန့်အကွာတွင်တည်ရှိလေသည်။

ကိုလူလှကန်စပ်သို့ရောက်လာသောအခါ မိမိသိမ်းဆည်းထားသောလှေငယ်ကို ရေသဖန်းပင်များကြားမှ ဆွဲယူလျက် ကန်အလယ်သို့ ကွန်ပစ်ထွက်ခဲ့လေသည်။ရာသီဥတုမှာ သာသာယာယာရှိသော်လည်း ကန်ရေပြင်သည်ခါတိုင်းလိုငါးပွတ်ခြင်း ငါးမြူးခြင်းများမရှိဘဲ ပကတိငြိမ်သက်လျက်ရှိသည်။

အချိန်တော်တော်ကြာသည့်တိုင်အောင် ငါးမရသည့်အတွက် “ငါတံငါသည်အလုပ်က ကျွတ်ချိန်တန်ပြီနဲ့တူပါတယ်”ဟုဆိုကာ လှေကိုကမ်းစပ်သို့ပြန်လည်လှော်ခက်လာခဲ့သည်။ထိုစဉ် ကန်ရေပြင်မှ ငါးပွတ်လာသည့်အတွက် အကျင့်ပါနေသည့် တံငါသည်လက်ပီပီ ကွန်ယက်ကိုပစ်မိရက်သားဖြစ်သွား၏။

ကိုလူလှပစ်လိုက်သော ကွန်ထဲတွင် ခါတိုင်းလို ငါးအများကြီးမမိဘဲ ရွှေရောင်တဖြတ်ဖြတ်လူးနေသည့် ရွှေဝါငါးကြင်းနှစ်ကောင်သာ မိလေသည်။ ထိုအခါကိုလူလှက

“လှလိုက်တဲ့ ရွှေဝါငါးကြင်းလေးတွေ..ရွှေဝါရောင်ကိုတောက်နေတာပဲ..ဒီရွှေငါး‌လေးနှစ်ကောင်ကို ထွေးမြမြင်ရင်အရမ်းသ‌ဘောကျမှာ”

ဟုဆိုကာ မိမိတွင်ပါလာသော ပလိုင်းထဲသို့ရေထည့်၍ အိမ်သို့ယူဆောင်ခဲ့လေသည်။

ရွာရောက်လို့ ရွှေဝါငါးကြင်းလေးနှစ်ကောင်ကို မထွေးမြမြင်သည့်အခါ အလွန်သဘောကျနှစ်သက်သည့်အတွက် အိမ်ရှေ့ရေအင်တုံထဲတွင် ရေအပြည့်ထည့်ကာမွေးထားလေသည်။

ကိုလူလှတို့ဇနီးမောင်နှံမှာသားသမီးထွန်းကားခဲ့ခြင်းမရှိသည့်အတွက် ထိုငါးကြင်းလေးနှစ်ကောင်ကို သားသမီးအမှတ်ဖြင့်အရိပ်တကြည့်ကြည့်လုပ်ကာ ကြည်နူးနေရရှာသည်။

တစ်ညမှာတော့ မထွေးမြဟာ ထူးဆန်းသည့် အိပ်မက်တခုကိုမြင်မက်လေ၏။အိပ်မက်ထဲတွင် အလွန်တရာချောမောလှပပြီး ရွှေဝါရောင်ချိတ်ဝမ်းဆက်ကိုဝတ်ဆင်ထားသည့် အမျိုးသမီးလေးနှစ်ယောက်က

“သမီးတို့ညီအစ်မဟာ အမေတို့မွေးစားထားသည့် ရွှေဝါငါးကြင်းညီအစ်မဖြစ်ကြောင်း ယခုအခါသမီးတို့သည်အမေတို့ထံတွင် လူသားအဖြစ်ဝင်စား၍သာသနာပြုလိုကြောင်း ထို့အတွက်အမေတို့အဖေတို့မှ ခွင့်ပြုစေလိုကြောင်း” တောင်းဆိုကြလေသည်။

မထွေးမြကလည်း “ရပါတယ်သမီးတို့ရယ် အမေလာခွင့်ပြုပါတယ်” ဟုပြန်လည်ပြောကြားခဲ့၏။မနက်လင်းသည့်အခါ မထွေးမြကထိုအကြောင်းကိုခင်ပွန်းဖြစ်သူအားပြန်လည်ပြောပြရာတွင် တိုက်ဆိုင်စွာဖြင့် ကိုလူလှသည်လည်း ထိုကဲ့သို့မြင်မက်သည်ဟု ဆိုလေသည်။

ထိုနေ့တွင် ၎င်းတို့မွေးမြူထားသော ရွှေဝါငါးကြင်းနှစ်ကောင်သည်လည်း သေဆုံးလျက်ရှိသည်ကို ထူးဆန်းစွာမြင်တွေ့ခဲ့ရသည်။ ဤသို့ဖြင့် များမကြာမီကာလတွင် မထွေးမြကိုယ်ဝန်ရလာပြီး သမီးလေးနှစ်ယောက်ကိုဖွားမြင်ခဲ့လေသည်။

သမီးနှစ်ယောက်ကိုအမည်ပေးသည့်အခါ ရွှေဝါငါးကြင်းမလေးများဖြစ်သဖြင့် ဝါဝါနှင့်ကြည်ပြာဟုအမည်ပေးခဲ့ကြသည်။

ဝါဝါနှင့်ကြည်ပြာတို့သည် စကားအပြောအဆိုနည်း၏။ တစ်ခြားကလေးများနှင့်ရောရောနှောနှောဆော့ကစားခြင်းမရှိ။ ညီအစ်မနှစ်ယောက်တည်းသာသီးသန့်နေထိုင်ဆော့ကစားလေ့ရှိကြသည်။

တစ်ခြားကလေးတွေနဲ့မတူ ထူးခြားမှုတွေကတော့ အရွယ်နဲ့မလိုက်အောင် လူကြီးသူမတွေကိုရိုသေ‌ လေးစားတတ်ခြင်းနဲ့ ဘာသာတရားကိုလွန်စွာကိုင်းရှိုင်းခြင်း‌တွေပဲဖြစ်ပါသည်။

တစ်နေ့သ၌ကိုလူလှတို့အိမ်သို့ အသက်အရွယ်တော်တော်ကြီးရင့်ပုံပေါ်သည့် အဘိုးအိုတစ်ဦးရောက်ရှိလာခဲ့သည်။ထိုဝတ်ဖြူစင်ကြယ်နှင့်အဘိုးအိုတွင် ရေညှိတက်နေသော သံသေတ္တာလေးတစ်လုံးလည်းပါ‌လာလေသည်။

ကိုလူလှနှင့်မထွေးမြတို့ဇနီးမောင်နှံသည် ထိုအဖိုးအိုအားကောင်းမွန်စွာ ဧည့်ဝတ်ပြုကြ၍ လာရင်းကိစ္စကိုမေးမြန်းကြလေသည်။

ထိုအခါအဘိုးအိုက “ကျွန်ုပ်သည် မြစိမ်းကန်ကြီး၏အလယ်တွင်ရှိသော ရွှေငါးကြင်းသိုက်ကြီး၏ သိုက်ချုပ်ဘိုးဘိုးကြီးဖြစ်ကြောင်း မြေးမလေးနှစ်ဦးမှ လူ့ပြည်တွင်သာသနာပြုချင်သည်ဟုပူဆာသောကြောင့် မထွေးမြတို့ထံသို့စေလွှတ်ခဲ့ရကြောင်း”ပြောပြလေသည်။

ထို့‌နောက် ၎င်းကဆက်၍ “ထိုရတနာသေတ္တာသည် မြေးမလေးနှစ်ဦး၏ ပစ္စည်းများဖြစ်ကြောင်း သူတို့အရွယ်ရောက်ရှိလာချိန်တွင် သာသနာပြုရန်နှင့်ကိုလူလှတို့မိသားစုစားဝတ်နေရေးအဆင်ပြေ‌စေရန်အတွက် သင့်လျော်သလိုအသုံးပြုနိုင်ကြောင်းမှာကြားပြီး သော့တစ်ချောင်းပါပေးအပ်ခဲ့လေသည်။

အဆိုပါသေတ္တာလေးသည် ရေညှိများကပ်ငြိနေသည့်အတွက် အလှချယ်သထားသော ကနုတ်ပန်းဆွဲများပင် ရေးရေးသာမြင်တွေ့ရလေသည်။

ထို့နောက် ကိုလူလှသည် သမီးလေးများငယ်သေးသည့်အတွက် ရတနာသေတ္တာ‌ကိုမဖွင့်သေးဘဲ လုံခြုံသည့်နေရာ၌ သိမ်းဆည်းထားလိုက်လေသည်။

ဒီလိုနဲ့ဥတုရာသီတို့အလီလီပြောင်းလဲခဲ့လေရာ ဝါဝါနှင့်ကြည်ပြာတို့ညီအစ်မသည် အပျိုပေါက်အရွယ်သို့ အသီးသီးရောက်ရှိလာခဲ့ကြပြီး ဖူးငုံပွင့်လန်းစပန်းကလေးများသဖွယ် လှသွေးကြွယ်လျက်ရှိကြသည်။

ထို့အတွက်ကြောင့် ရွာထဲရှိကာလသား အရွယ်စုံတို့သည် ဝါဝါနှင့်ကြည်ပြာရဲ့အချစ်ကိုသာ ရမယ်ဆို ဓားတောင်ကိုပဲကျော်ရ အသူရာချောက်ထဲပဲခုန်ချရ နောက်ဆုတ်လက်တွန့်ကြမည်မဟုတ်ဟု ဆိုကြလေသည်။

သို့သော် ညီအမနှစ်ယောက်မှာမူ လောကီကာမဂုဏ်ကိုစိတ်ဝင်စားခြင်း အလျဉ်းမရှိကြဘဲ မိဘများနှင့်အတူရွာဦးကျောင်းသွား ဥပုသ်သီလစောင့်တည်၍သာ ပျော်မွေ့လျက်ရှိကြသည်။

ဝါဝါနှင့်ကြည်ပြာကိုတစ်ဖက်သက်စွဲလမ်းနေသူများတွင် ကိုလူလှတို့တစ်အိမ်ကျော်မှ ဖိုးအေးဆိုသောလူငယ်လည်းအပါအဝင်ဖြစ်၏။ ဖိုးအေးကတော့ ဝါဝါတို့နှင့်ကျောင်းနေဘက်သူငယ်ချင်းများဖြစ်သဖြင့် တခြားလူများထက်ပိုမိုရင်းနှီးလေသည်။

ဖိုးအေးသည်လည်း နာမည်နဲ့လိုက်ဖက်အောင်အနေအထိုင်အေး‌ဆေးတည်ငြိမ်ပြီး ရိုးသားကြိုးစားသူ လူငယ်တစ်‌ယောက်ဖြစ်သည်။ထို့အတွက်ကြောင့် ကိုလူလှတို့လင်မယားသည် ရွာထဲရှိတခြားကာလသားများထက် ဖိုးအေးကို သမီးနှစ်ယောက်ထဲမှတယောက်ယောက်နှင့် ရည်ငံသွားသည်ရှိသော် အိမ်ထောင်ရက်သားချပေးဖို့အထိ သဘောတူကြလေသည်။

တစ်နေ့မှာတော့ ကိုလူလှတို့ဇနီး‌မောင်နှံကို သမီးများမှ ရွာဦးကျောင်းအနီး တောစပ်‌တနေရာတွင် စေတီတဆူတည်ထားကုသိုလ်ယူချင်ကြောင်းပူဆာကြလေသည်။

ထိုအခါ ကိုလူလှက

“အမေကြီးရေ တို့သမီးတွေရဲ့ သေတ္တာလေးကိုဖွင့်ဖို့အတွက် အချိန်တန်ပြီဟေ့”

ဟုဆိုကာ ရတနာသေတ္တာကို ဘိုးဘိုးကြီးပေးခဲ့သောသော့တံနှင့်ဖွင့်လိုက်လေတော့သည်။ ထိုအခါ သေတ္တာထဲရှိ မျက်စိကျိမ်းလောက်အောင်များပြားစွာသောရတနာပစ္စည်းပေါင်းစုံကို မြင်တွေ့ရလေ၏။

ထိုရတနာများထဲမှတချို့တဝက်ကိုထုခွဲရောင်းချ၍ သမီးများအတွက် ဘုရားတည်ကာအလှူကြီးပေးဖို့ရန်အတွက်စီစဉ်ကြလေသည်။အဆိုပါသတင်းသည်တဆင့်စကားတဆင့်နားသို့ပျံ့နှံ့သွားခဲ့ပြီး တစ်ရွာလုံးသိရှိသွားလေသည်။

ဆရာတော်၏ ဩဝါဒကိုခံယူကာစေတီတည်ဖို့အတွက်လည်း ပြင်ဆင်ကြလေသည်။ထိုအခိုက်တွင် လယ်ရှင်ယာရှင် ရွာမျက်နှာဖုံးတစ်ဦးဖြစ်သော ဦးကြီးမြ၏သားသာမောင်က ဝါဝါကိုစိတ်ဝင်စားသည့်အတွက် သူ့ဖခင်ကိုတောင်းရမ်းပေးဖို့ပြောသည့်အခါ လူကြီးတို့ဝတ္တရားအရ ကိုလူလှတို့အိမ်သို့လာရောက်တောင်းရမ်းကြလေသည်။

ထိုအခါ ကိုလူလှက သမီးကြီးဝါဝါ၏သဘောထားကိုမေးစမ်းပါရ‌စေဟုဆိုရာ ဝါဝါက”ဘာသာရေးနှင့်သာမွေ့ပျော်လိုသဖြင့်အိမ်ထောင်မပြုလို”ဟုဆိုကာငြင်းပယ်လိုက်သည့်အတွက် ဦးကြီးမြတို့သားအဖသည် ကိုလူလှတို့မိသားစုကို အငြိုးအတေးထားလေတော့၏။

ဒီလိုနဲ့တစ်နေ့မှာတော့ ရွာဦးစေတီတော်ကြီး ပြီးလုပြီးစဉ်အချိန်သို့ရောက်ရှိလာပြီဖြစ်သဖြင့် အလှူရှင်ဖြစ်သော ကိုလူလှတို့မိသားစုမှ အလှူကြီးပေးကာ ရေစက်ချပွဲကျင်းပနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ရလေသည်။

အလှူကိစ္စများနှင့် တစ်ရွာလုံးအလုပ်ရှုပ်နေသည့်တနေ့တွင် ဝါဝါနှင့်ကြည်ပြာတို့ညီအစ်မနှစ်ယောက်သည် ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့လေသည်။ အနီးအနားရှိပတ်ဝန်းကျင်ရွာများနှင့် ရွာနီးချောင်းစပ်ပါမကျန် ပတ်စိုက်တိုက် လိုက်ရှာကြသော်လည်း ‌အရိပ်အယောင်မျှပင်တွေ့ရှိခဲ့ခြင်းမရှိချေ။

မိဘနှစ်ပါးဖြစ်သော ကိုလူလှတို့လင်မယားနှစ်ယောက်သည်လည်း သမီးလေးများအတွက် ပရိဒေဝသောကမီးများ တောက်လောင်လျက်မအိပ်နိုင်မစားနိုင်ဖြစ်နေရရှာသည်။

ထိုစဉ် ကိုလူလှတို့အိမ်ရှေ့မန်ကျည်းပင်ကြီး‌ အောက် ကွပ်ပြစ်စင်ပေါ်ရှိ ရေနွေးကရားအောက်တွင် စာတစောင်ကိုအမှတ်မထင်တွေ့ရှိခဲ့လေသည်။စာထဲတွင်

“ကိုလူလှ ခင်ဗျားသမီးနှစ်ယောက်ကို မြစိမ်းကန်(ရေညှိစိမ်းကန်)အနီးမှာကျုပ်တို့ဖမ်းထားတယ်…သူတို့အသက်မသေစေချင်ရင် ခင်ဗျားတို့လင်မယားအဲ့နေရာကိုလာခဲ့ကြ…
သာမောင် ” ဟူ၍ဖြစ်၏။

ထိုစာကိုတွေ့တွေ့ခြင်း လင်မယားနှစ်ယောက်ဟာဘယ်သူ့ကိုမှအသိမပေးဘဲ ‌မြစိမ်းကန်သို့ခပ်သွက်သွက်ထွက်ခွာခဲ့ကြလေသည်။

မြစိမ်းကန်အနီးသို့ရောက်သောအခါ ဝါဝါနှင့်ကြည်ပြာတို့ညီအစ်မကို ဦးကြီးမြတို့အဖွဲ့မှ လက်ပြန်ကြိုးတုတ်လျက် ခြေမန်းကွင်းစွတ်ကာ သိုက်တူးနေသည်ကို မြင်တွေ့ရလေသည်။

ကိုလူလှတို့ကို မြင်လျင်သာမောင်က”ဟားဟား ခင်ဗျားတို့ရောက်လာတာနဲ့အတော်ပဲ ခင်ဗျားသမီးနှစ်ယောက်က သူတို့ရေအောက်နန်းတော်ကရတနာပစ္စည်းတွေကို အသာတကြည်မပေးဘဲ ပေကပ်ကပ်လုပ်နေကြတယ်”ဟုဆိုကာ ကိုလူလှတို့လင်မယားကို ထိုးကြိတ်ရိုက်နှက်ကြလေသည်။

ထို့နောက် ၎င်းတို့အဖွဲ့က ဝါဝါတို့ညီအစ်မကို မိဘနှစ်ပါးနှင့်တဖန်အကျပ်ကိုင်၍ ချိန်းခြောက်ကြပြန်သည်။မိဘနှစ်ပါး၏ မချိမဆန့်ဝေဒနာခံစားနေရသည်ကို မကြည့်ရက်သော ညီအစ်မနှစ်ယောက်ဟာ သိုက်နန်းတံခါးကိုဖွင့်ပေးဖို့ဆုံးဖြတ်လိုက်ကြလေသည်။

သိုက်နန်းတံခါးကိုဖွင့်လိုက်သည်နှင့်တပြိုင်နက် ရတနာပစ္စည်းအပြည့်တင်ထားသော လောင်းလှေကြီးတစ်စင်းသည် မြစိမ်းကန်ထက်တွင် ပေါလောပေါ်လာခဲ့လေသည်။

ထိုအခါလောဘသားများသည် ရေကန်ထဲသို့အလုအယက်ပြေးဆင်းကြပြီးလျင် ရတနာပစ္စည်းများကို သိမ်းကျုံးယူငင်ကြလေသည်။

ထိုစဉ် ရေကန်အတွင်းမှ အသံနက်ကြီးများမြည်ဟီးလာပြီး အစွယ်ဖွေးဖွေးနှင့်ငါးဘီလူးကြီးများပေါ်ထွက်လာခဲ့သည်။ထိုငါးဘီလူးကြီးများသည် ဦးကြီးမြနှင့်သာမောင်အပါအဝင် လောဘသားကောင်များကို တဂျွတ်ဂျွတ်မြည်အောင် ကိုက်ဖဲ့ပစ်လေရာ မြစိမ်းကန်တခုလုံး သွေးနီရောင်များဖြင့်ဖုံးလွှမ်းသွားလေ‌သည်။

ဝါဝါနှင့်ကြည်ပြာတို့ညီအစ်မနှစ်ယောက်ကိုလည်း သိုက်ချုပ်ဘိုးဘိုးကြီးမှ ဝိညဉ်နှုတ်၍ သိုက်နန်းသို့ပြန်လည်ခေါ်ဆောင်သွားလေသည်။

ကိုလူလှနှင့်မထွေးမြတို့မှာတော့ သမီးလေးနှစ်ယောက်အတွက် ယူကြုံးမရဖြစ်ကာ ပူဆွေး‌သောကရောက်ရရှာလေသည်။

ရွာဦးစေတီ၏ ရေစက်ချပွဲသို့ရောက်ရှိလာသည့်အခါ ရွာသူရွာသားအပေါင်းဟာ ဝမ်းမြောက်ကြည်နူးရမည့်အစား ဝမ်းနည်းမျက်ရည်များဖြင့် အသီးသီးဆို့နစ်‌ကြေကွဲလျက်ရှိကြပါသည်။

ထိုညတွင် မထွေးမြနှင့်ကိုလူလှ၏အိပ်မက်ထဲသို့ သမီးလေးနှစ်ယောက်ရောက်လာခဲ့ပြီး “သူတို့ကိုသတိရရင် မြစိမ်းကန်ဟုခေါ်သော ရေညှိစိမ်းကန်သို့လာခဲ့ကြပါအဖေနဲ့အမေ”ဟု ပြောကြားသည်ကို မြင်မက်ကြလေသည်။

တစ်ခုသောလပြည့်ညသန်း‌ခေါင်ယံအချိန်တွင် မြစိမ်းကန်၏ ကမ်းစပ်မှနေ၍ လူသုံးဦးမှ ကန်ရေပြင်ဘက်သို့ မျှော်ကြည့်လျှက်ရှိသည်။ ထိုလူသုံးဦးမှာ ကိုလူလှ၊မထွေးမြနှင့်ဖိုးအေးတို့ဖြစ်ကြလေသည်။

ကန်ရေပြင်ထက်မှာတော့ ရွှေဝါငါးကြင်းလေးနှစ်ကောင်က မြူးတူးပျော်ပါးလျက်…

မူရင်းတင်ဆက်သူ #ဖြိုးမြတ်ဟန် (Mythologist)

စကားလုံးအပြင်အဆင် မောင်လူလှ – ကညင်မြေ