အစာအပင်း

*အစာအပင်း *📖📖📖

***********************************
(၁)

      တနေ့၌ ကိုရင်နန္ဒိယသည်  အမျိုးအဆွေများရှိရာ ဒေါင်းမရွာသို့  အလည်သွားခဲ့၏။ ရွာရှိ ဆွေမျိုးများမှာ ကိုရင်နန္ဒိယ၏ ‘တစ္ဆေနိုင်ကိုရင်လေး’ဟူသော ဂုဏ်သတင်းကျော်ကြားမှုကြောင့် ဟိုအိမ်ကပင့် ဒီအိမ်ကပင့်နှင့် လက်မလည်နိုင်အောင် ရှိနေ၏။

     ထိုအထဲတွင်  အမေ့၏ ဝမ်းကွဲ အစ်မကြီးဖြစ်သော ဒေါ်ဝါနုလည်း ပါလေ၏။ ယခင်က ဆွေမျိုးများနှင့်  ဒေါ်ကြီးဝါနုသည် ဆင်းရဲသော ကိုရင်နန္ဒိယ၏အမေကို အဖက်လုပ်ကြသူများမဟုတ်။ ယခုတော့ သားဖြစ်သူ သာမဏေကြောင့် မျက်နှာပွင့်လှ၏။ သင်္ကန်း၏ တန်ခိုးအာနုဘော်ကား ကြီးလှပေစွ။

      ဒေါ်ကြီးဝါနုက  ကိုရင်နန္ဒိယအား အိမ်သို့  မရမက ပင့်ခေါ်နေသည်မှာ အကြောင်းရှိလေ၏။

      ပရလောကသားများကို နိုင်နင်းသည့်  တစ္ဆေနိုင်ကိုရင်လေးဟု ကျော်ကြားလှသော တူမောင် နန္ဒိယ ရောက်ခိုက်၊ သူ၏ အချစ်ဆုံးသားငယ် စံမြင့်ကို  ပယောဂ  ရှိ/မရှိ စစ်ပေးစေလို၍  ဖြစ်၏။

      သားငယ်ဟု  ဆိုငြား၊ ကိုရင်နန္ဒိယထက်ကြီးပြီး ၊ စံမြင့်သည် အသက်၂၂နှစ်ရှိနေပြီ ဖြစ်၏။စံမြင့်သည် ယခုအခါ၌  အိပ်ယာထဲ လဲနေ၏။ ခေတ်မီ ဆေးဝါးများဖြင့် ကုသပါသော်လည်း ကောင်းစွာ မသက်သာ။

     ဆေးရုံ ဆေးပေးခန်းတို့ရှိ သမားပါရဂူတို့မှာလည်း စံမြင့် ၏ ဆီး၊ဝမ်း၊သွေးစစ်ဆေးချက်ရလာဒ်များ၊ ကိုယ်တွင်းဓာတ်မှန်အဖြေလွှာများကို စစ်ဆေးကြည့်ရှု့၍ ခေါင်းကုတ်ကြ၏။စစ်ဆေးချက်များနှင့် ဓာတ်မှန်အဖြေအရ  မည်သည့် ရောဂါမှ ထူးခြားစွာ ရှာဖွေ မတွေ့ရှိကြချေ။

  ထို့ကြောင့် မကြာခင် သက်သာသွားမှာပါဟုသာပြော၍  သောက်ဆေးပေး ပြန်လွှတ်တတ်ကြ၏။

       စံမြင့် ရောဂါမှာ ထူးဆန်း၏။ ညနေစောင်းပြီဆိုတာနှင့် နာနာကျင်ကျင်  အော်ဟစ် ငြီးငြူတတ်သည်။ဗိုက်ထဲမှာ မီးစနှင့် ထိုးသကဲ့သို့ ပူခြစ်ပြီး စူးအောင့်တတ်လေ၏။ နေ့ဘက်တော့ သက်သာဟန်တူ၏။ အော်ဟစ်ခြင်း မရှိချေ။ သို့သော်၎င်းကို ကြည့်ရသည်မှာ ဖြူဖျော့နွမ်းဖတ်နေ၏။ အားအင် နည်းပါးသူနှင့် တူလေ၏။

        ထို့ကြောင့်  ကိုစံမြင့်ကို တစ္ဆေနိုင်ကိုရင်လေးနှင့် ပေးတွေ့ခြင်း ဖြစ်လေ၏။

တစ္ဆေနိုင်ကိုရင်လေးနှင့် ကိုစံမြင့်အား ပေးမတွေ့ခင်မှာ ဒေါ်ကြီးဝါနုတို့အကြောင်း အနည်းငယ် တင်ပြပါအံ့။

                 __________
(၂)

       ဒေါ်ကြီးဝါနု၌ သားကြီး၊သမီးကြီးများရှိကြသည်။ ကိုခင်ထွန်း၊ မဝါဝါဦး၊ မဖြူဖြူမွှေးနှင့် ကိုစံမြင့်ဟူ၍ သားသမီး လေးဦးရှိ၏။

      အငယ်ဆုံး ကိုစံမြင့်ပင် အသက်၂၀ကျော်ပြီဖြစ်ပြီး၊ မြို့က တက္ကသိုလ်မှာ ကျောင်းတက်နေပြီဖြစ်၏။ ကျန်သော အစ်ကို၊အစ်မများမှာ ပညာရေး၌ အကျိုးမပေးကြ၍ ၇တန်း ၈တန်းဖြင့် ကျောင်းထွက်ကာ လယ်ယာလုပ်ငန်းခွင် ဝင်ကြရ၏။ ကိုစံမြင့်ကတော့ ငယ်စဥ်ကတည်းက အတန်းစဥ်မှာ ပထမ၊ ဒုတိယချိတ်ကာ ဆယ်တန်းကို ဂုဏ်ထူး၂ဘာသာဖြင့် နှစ်ချင်းပေါက် အောင်မြင်ခဲ့သူဖြစ်၏။

      သို့သော် ယခုအခါ ကိုစံမြင့်သည် ငယ်စဥ်ကလိုမဟုတ်တော့။ တက္ကသိုလ်၌ လူပေါင်းဆန့်ကာ ၊ ပျက်ချင်ချင် ဖြစ်လာ၏။ လူငယ်သဘာဝ  လွတ်လွတ်လပ်လပ် ပျော်ပါးသည်ကို ပျက်စီးသည်ဟု မဆိုလို။ ယခု ဒုတိယနှစ်ကျောင်းသား ကိုစံမြင့်သည်  ငွေသုံးကြမ်းလာ၏။

      မိဘများက ပို့ပေးသော ငွေကို လောက်ငအောင် ချွေတာ သုံးစွဲခြင်း မရှိ။ အပေါင်းအသင်းများနှင့် သောက်စားပျော်ပါးခြင်း၊ လောင်းကစားဝိုင်းများမှာ အချိန်ကုန်ငွေဖြုန်းခြင်းတို့ကြောင့် ပျက်စီးစပြုနေပြီဟု ဆိုခြင်းဖြစ်သည်။ မိဘများထံ မကြာခဏ အကြောင်းအမျိုးမျိုးပြ၍ ငွေတောင်းခံတတ်နေ၏ ။

       ဒေါ်ကြီးဝါနုသည် ကိုစံမြင့်ကို သားထွေးကဖြစ်တာတကြောင်း၊ ပညာတတ်ဘွဲ့ရဖြစ်စေချင်တာကတကြောင်း စသောအကြောင်းအမျိုးမျိုးကြောင့် သူငယ်ချင်းများအလယ်မျက်နှာမငယ်ရအောင် ကိုစံမြင့်တောင်းသလောက်ကို ပို့ပေးရှာ၏။

       ဒါကို သိသွားကြတဲ့ အစ်ကို အစ်မများက  အမေဖြစ်သူ အလိုလိုက်လွန်၍ သူတို့ မောင်ငယ် ပျက်စီးရသည်ဟု လက်ညှိုးထိုးကြလေ၏။ နေ့စဥ်နဲ့အမျှ လယ်ထဲဆင်း၊ ဖင်ထဲ ရွှံခဲတပိဿာလောက်ဝင်အောင် နွားနှင့်အတူ ရုန်းကန်နေရတဲ့ မောင်နှမများက စံမြင့်အပေါ်ကို အချစ်မပျက်သော်လည်း အမြင်မကြည်ကြတော့ပေ။

      စံမြင့်ကလည်း စံမြင့်ပင်။ ငယ်စဥ်က အစ်ကို အစ်မများ စကားကို တသွေးမတိမ်း နားထောင်၍ လိမ်မာခဲ့သလောက်၊ အခုအခါ၌ ကျောင်းပိတ်ရက် အိမ်ပြန်ရောက်သည့်အခါ စီးကရက်ကို လက်ကြားကမချ၊လူက ဘော်ကြော့၊ အိမ်အလုပ်များကို   မြင်ပါလျက်ကယ်နှင့်တခုမှ ကူညီရကောင်းမှန်း မသိချေ။စံမြင့်ကား အင်မတန် နေစိမ့်၏။

အစ်မဖြစ်သူများက နားဝင်အောင် ချော့မော့ပြောသော်လည်း ဖတ်လက်စ ဝတ္ထုကို လက်မှမချ။ ” အစ်မတို့က ဘာသိလို့လဲ ” ဟု ပညာတတ်လေသံဖြင့် ပြန်ပက်လေ့ရှိ၏။

        တခါတရံ ရွာထဲက သူငယ်ချင်းအချို့နှင့် ထန်းတောဘက် သွားကာ မူးယစ်သောက်စားပြီးမှ ပြန်လာတတ်၏။ အမြဲတစေတော့ မဟုတ်ချေ။ သူ ကြောက်ရသော အစ်ကိုကြီးကိုခင်ထွန်း  မြို့တက် ပဲသွားရောင်းချိန် အလစ်ခိုးသောက်ခြင်းသာ။

       စံမြင့်သည်  အကြီးဆုံး အစ်ကိုဖြစ်သူ ကိုခင်ထွန်းကိုတော့ ကြောက်၏။ ကိုခင်ထွန်းက သူ့လို အိညှက်ညှက်မဟုတ်။ ပြောလျင် ဘွင်းဘွင်း၊ လုပ်လျင် အရှင်းဆိုသည့် လူရိုးလူမှန်ဖြစ်၏။ သို့ပေမဲ့  ကိုခင်ထွန်းသည်  မိခင်ကြီးအား ရိုသေလေးစားသလို၊ ညီအငယ်ဆုံး ကိုစံမြင့်ကိုလည်း ချစ်ရှာ၏။ ဒေါ်ဝါနုပိုင် လယ်ယာများစွာကို ကိုခင်ထွန်းကသာ ဦးစီးဦးကိုင် လုပ်နေခြင်းဖြစ်၏။

       ကိုခင်ထွန်းက သူ့ညီအား ဘယ်လောက်ချစ်သလဲဆိုရင် ၊ သူ့ညီ ဘွဲ့မရမချင်း သူ မိန်းမ မယူဘူးဟု အမေနှင့် ညီ၊ညီမများထံ ကတိပေးထား၏။ ကိုခင်ထွန်းကား ယခုပင် အသက်၃၀ကျော်နေပြီ ဖြစ်၏။ ရိုးသားကြိုးစားသူဖြစ်၍ သမီးရှင်များက သဘောကျသူဖြစ်၏။

     ပြီးတော့  ကိုခင်ထွန်း သဘောကျနေသော မိန်းကလေးတယောက်လည်း ရှိနေ၏။ရွာတောင်ပိုင်းက မစံပယ်ဖြစ်၏။ ကိုခင်ထွန်းထက်တော့ အသက်ငယ်၏။

      အသက်၂၅နှစ်ခန့် ရှိပြီဖြစ်သည်။ မစံပယ်က ရွာတောင်ပိုင်းမှာ သားအမိနှစ်ယောက်တည်း အိမ်ကြီးရခိုင်နှင့် နေသူဖြစ်သည်။ဖခင် မရှိတော့ချေ။ သို့သော် ဖခင်လက်ထက်က ကျန်ရစ်ခဲ့သော လယ်ဧက အသင့်အတင့်ကို ပိုင်ဆိုင်ထားသူများဖြစ်၍ ချောင်လည်ကြလေ၏။ မစံပယ်၏ အမေ  ဒေါ်ထားကိုတော့  နတ်ကိုးကွယ်သူ နတ်ကတော်ဟု လူသိများ၏။

တချို့လည်း ကိုခင်ထွန်းနှင့် မစံပယ်ကို ချစ်သူရည်းစား ဖြစ်နေကြသည်ဟုဆို၏။ တချို့ကျတော့လည်း ကိုခင်ထွန်းဘက်ကသာ တဖက်သတ် ချစ်ကြိုက်နေသည်ဟု ဆိုကြပြန်၏။

ဘာပဲဖြစ်ဖြစ်… မစံပယ်၏အမေဒေါ်ထားကတော့ သူ့သမီးကို ကိုခင်ထွန်းနှင့် သဘောတူသည်ဟု တရွာလုံးက သိထားကြ၏။

အဘယ်ကြောင့်ဆိုသော် ကိုခင်ထွန်းက မစံပယ်ထံ အလည်အပတ် လာသည့်အခါ ဒေါ်ထားသည်   လူငယ်နှစ်ဦး လွတ်လွတ်လပ်လပ် စကားပြောနိုင်ရန် မသိလိုက်မသိဖာသာ ရှောင်ပေးတတ်သည်က သက်သေပင် ဖြစ်လေ၏။

သူတို့အစ်ကိုသာ  မစံပယ်နှင့်ဆိုလျင် အငယ်မနှစ်ယောက်ဖြစ်သော ဝါဝါဦးနှင့် ဖြူဖြူမွှေးကလည်း သဘောတူ၏။

မစံပယ်ဆိုတာက အင်မတန် အိန္ဒြေကြီးသူတယောက်မဟုတ်လား။ ဒါ့အပြင် မစံပယ်သည် သူ့အမေလိုမဟုတ်။ ရိုးသားအေးဆေးသူ ဖြစ်လေ၏။ ယင်းအချက်များကြောင့်လည်း ယောင်းမနှစ်ယောက်က သဘောတူကြခြင်းဖြစ်မည်။ ဒေါ်ဝါနုကလည်း သူ့သားကို မစံပယ်နှင့်သာဆို ငြင်းလိမ့်မည်မထင်။

ဒါဆိုရင် စံမြင့် သဘောကရောလို့ မေးစရာရှိ၏။ စံမြင့်ဆိုတဲ့ကောင်က ပို၍တောင် သဘောတူသေး။ ထန်းတောဆိုတာက ရွာတောင်ပိုင်းမှာ။ ထန်းတောကို သွားချင်ရင် မစံပယ်တို့ အိမ်ရှေ့က ဖြတ်ရ၏။

ထိုသို့ ဖြတ်သွားသည့်အခါတိုင်း စံမြင့်က မစံပယ်တို့အိမ် အလည်ဝင်တတ်၏။ အလကား ဝင်သည်တော့မဟုတ်။ ပိုက်ဆံချေးတာ၊ အမြည်းဝင်တောင်းတာမျိုးဖြစ်၏။

     မစံပါယ်မှာ မွေးချင်းရှိသည်မဟုတ်တော့ စံမြင့်ကိုလည်း မောင်အရင်းကဲ့သို့ သဘောမှာထား၏။

    ပေးစရာ ရှိ၊ ပေး၏။ကျွေးစရာရှိကလည်း ချန်မထားတတ်။ ကျွေးမွေးလိုက်သည်ပင်။ ထို့ကြောင့်ပင်
စံမြင့်အတွက်တော့  မရီးလောင်း မစံပယ်အား အစ်မရင်းတွေထက်ပင် နိုင်စားချင်နေသေးတော့၏။

    မစံပယ်က ထိုသို့ စံမြင့်အပေါ်မှာ နွေးထွေးစွာ ဆက်ဆံပေမယ့်၊ မစံပယ်၏အမေ ဒေါ်ထားကမူ သဘောကျပုံမရ။ စံမြင့်ကို သူ့သမီး မစံပယ်ရှေ့တွင်တမျိူး၊ မစံပယ်ကွယ်ရာမှာတမျိုး ဆက်ဆံတတ်၏။

     ဒါကို  မြို့ရည်ဝနေတဲ့ တက္ကသိုလ်ကျောင်းသား စံမြင့်က မသိသည်မဟုတ်။ သိပါ၏။ သို့ပေမယ့် စံမြင့်သည် ဒေါ်ထား၏ သဘောထားကို အရေးတယူမရှိလှချေ။ သူ လိုအပ်လျင် ‘မမစံပယ်ရေ’ဟု တကြော်ကြော်အော်ခေါ်ကာ ဝင်တတ်သည်သာ။

    အဓိကအားဖြင့်  ဒေါ်ထားက စံမြင့်ကို မျက်မုန်းကျိုးသည်က သားမက်လောင်းဖြစ်သူ  ကိုခင်ထွန်းက သူ့ညီဘွဲ့ရမှ လက်ထပ်မည်ဟု ကြွေးကြော်ထား၍ ၊ စံမြင့်လို လက်ကြောမတင်းတဲ့ကောင်က ဘွဲ့ရော ရပါ့မလားဟု စိုးရိမ်သောကြောင့် ဖြစ်၏။

     သို့တစေ … ဒေါ်ထားသည် သမက်လောင်း ကိုခင်ထွန်းမျက်နှာနှင့် စံမြင့်ကို မချစ်သော်လည်း အောင့်ကာနမ်းကဲ့သို့ ဆက်ဆံရပေ၏။

              ______________

(၃)

      တရံသား၌  စံမြင့်သည် အဖေါ်အပေါင်းများနှင့် ထန်းတော၌ ထန်းရည်သောက်နေ၏။

      ထိုနေ့က  ထန်းတောပိုင်ရှင် ကိုအောင်ပုသည် ဝက်တကောင် ပေါ်သည်ဖြစ်ရာ၊ စံမြင့်တို့အဖွဲ့အား ဝက်ကလီစာဟင်းဖြင့် တည်ခင်းဧည့်ခံ၏။

      ခပ်စပ်စပ်ချက်ထားသော ဝက်ကလီစာဟင်းမှာ အလွန်စားကောင်းလေ၏။ ကိုအောင်ပု လက်ရာက တောချက် ချက်ကျွေးသည်ဖြစ်ရာ အတော်ပင် စားကောင်း၏။

     စံမြင့်မှာ တက္ကသိုလ်တက်စဥ်ကပင် ဝက်သားတုတ်ထိုး အလွန်ကြိုက်သည်ဖြစ်ရာ၊ ယခု ကိုအောင်ပုရဲ့ ဝက်ကလီစာဟင်းက ခံတွင်းတွေ့လှ၏။

      စံမြင့်က အတော်မူးနေပြီဖြစ်သည်။ စိတ်လွတ်ကိုယ်လွတ် မူးမှာပေါ့ ။ သူ ကြောက်ရသော အစ်ကိုကြီး ကိုခင်ထွန်းက မြို့ကို ညအိပ်သွားသည်မဟုတ်လား။ ဒီတော့ သူ့အဖို့ရာ လွတ်လပ်နေပါ၏။

    “ဟေ့ကောင်တွေ သောက်ကြ၊ ဒီနေ့ ငါ ဒကာခံမယ် ။ ဗျို့  ကိုအောင်ပု ကျွန်တော်တို့ဝိုင်းကို တမြူလောက် ချပေးပါအုံး “

    ကိုအောင်ပုက  စံမြင့်တို့နှင့် ဆွေမျိုးမကင်း။ ထို့ကြောင့် စံမြင့် မူးနေမှန်း သိ၍ …

   ” ငါ့ညီ  မင်းလဲ မူးနေပြီပဲ၊ တော်ပါတော့ဟ “

  မူးနေသော စံမြင့်က အာလေးလျှာလေးဖြင့် …

   ” အံမယ်  ခင်များကြီးက ရောင်းရမှာကို လာတားနေတယ်။ ဒီမယ် ကိုအောင်ပု  ကျွန်တော်က ပိုက်ဆံပေးသောက်မှာပါဗျ ။
ပြီးတော့  ခင်များချပေးတဲ့ ကလီစာဟင်းက မြန်သဗျာ။ အပြန်ကျ  ကျုပ်ကို ပါဆယ်ထုပ်ပေးလိုက်အုံး “

     စံမြင့်အကြောင်းကို ကိုအောင်ပုက သိ၏။ ဒီကောင်လေးက သူမှာတာ ချမပေးရင် ရစ်နေတော့မည်။ ထို့ကြောင့် ကိုအောင်ပုလည်း ထန်းရည်တမြူ ထပ်ချပေးလိုက်၏။

    စံမြင့်နှင့် သောက်ဖေါ် တက်တူက …

  ” ဟ ယောက်ဖ! ကလီစာဟင်း ပါဆယ်က ဘယ်အတွက်တုန်း ၊ အိမ်အတွက်လား “

  စံမြင့်က သူ့မေးစေ့ကို ပွတ်လိုက်ပြီး၊

   “ဟုတ်နေမယ် ငတက်ရယ်။ အိမ်အတွက် ဘာကိစ္စ ယူမတုန်းဟ။ ဒါက ငါ့မမ မစံပယ်အတွက် … “

   “ဟေ! “

    ‘တက်တူ’သာမက ကျန်သော သူငယ်ချင်းများဖြစ်တဲ့ ညိုမောင်၊ သာရင်နှင့် အံ့ထူးမောင်ပါ ပြိုင်တူ အာမေဋိတ်သံ ထွက်သွားကြလေ၏။

     လူကောင်သေးသေး အသားဖြူဖြူနှင့် ‘သာရင်’ က သူ့ထုံးစံအတိုင်း စကားကို အထစ် အထစ်နှင့် …

   ” ဟေ့   ဟေ့  ကောင် ၊ မ..စံ …စံပယ်အတွက်ဆို … ယူ   ယူ  ယူမသွားနဲ့။
မင်း   မင်း  မင်းကို  သူ့  သူ့ အမေက  ရိုက်  ရိုက် လွှတ်နေမယ် “

    သာရင်က  ဒေါ်ထား အကြောင်းသိ၏။ ဒေါ်ထားသည် ပညာတတ်သည်ဟုလည်း ကျော်စောသည်မဟုတ်လား။

     မျက်နှာပြားပြားနဲ့ ညိုမောင်က သာရင်ရဲ့စကားကို ဖြည့်စွက်ပြောလိုက်သည်။

   “ဟုတ်တယ် စံမြင့်၊ မစံပယ်တို့အိမ်က ဝက်သား မစားဘူး။ သူ့အမေ ဒေါ်ထားက နတ်ကတော်လေကွာ ၊ မလုပ်ပါနဲ့ကွာ ။ မင်းလဲ ဒေါ်ထားအကြောင်းသိရက်နဲ့။ အဲ့ဒီမိန်းမကြီးက စွာကျယ်ကျယ်ရယ်။ ပြဿနာ မရှာပါနဲ့ကွာ “

    စံမြင့်က  မူးနေသူပီပီ တဇွတ်ထိုးလုပ်ချင်၏။

  ” ဟေ့ကောင်တွေ … ဒေါ်ထားက နတ်ကတော် ၊ ငါသိသားပဲ။ အဲ့ဒါ ဘာဖြစ်လဲ … ငါက သူ့အတွက် ယူသွားမှာမှ မဟုတ်တာ ၊ ငါ့မရီးလောင်း မမစံပယ်အတွက် ယူတာ။ ယူမှာပဲကွာ။
ဟိုး… တပို့တွဲလတုန်းက  ရွာထဲက ဦးကြီးချမ်းအေးတို့အလှုမှာ မမစံပယ်ကို ငါ ဝက်သားဟင်း ထည့်ပေးတုန်းက မမစံပယ် စားတယ်ကွ။ စားတာမှ အဆီအသားတွဲလျက်နော်။
မမစံပယ်က ဝက်သားကြိုက်တယ်။ ဘာဖြစ်လဲ။ ငါကတော့ သွားပေးမှာပဲ။ မင်းတို့ဖာသာ လိုက်ချင်လိုက် ၊ မလိုက်ချင်နေခဲ့ကြ … “

     မူးနေသော စံမြင့်က ထိုသို့ အပြတ်ပြောချလိုက်သည့်အခါ၊ ကျန်လူများမှာ စိတ်အိုက်ကုန်၏။

     အမှန်မှာတော့ စံမြင့်၏ ဒေါ်ထားအပေါ် မကျေနပ်နေသော အငုံစိတ်က မူးလာသည့်အခါ ဘက်တိုက်ရန် တွန်းအားပေးလာခြင်း ဖြစ်သည်။

      မစံပယ် ဝက်သားကြိုက်သည်ဆိုဦးတော့၊ သူ့အမေအိမ်မှာတော့ စားရဲလိမ့်မည်မဟုတ်ချေ။ ဒေါ်ထားမှာ နတ်ကတော်ဖြစ်၍ တောင်ပြုံးနတ်နှစ်ပါးဖြစ်သည့် မင်းကြီးမင်းလေး မကြိုက်သော ဝက်သားကို ရှောင်၏။

       ဒါကို သိသော စံမြင့်က သက်သက်မဲ့ ဘက်တိုက်ခြင်းဖြစ်၏။ဤတွင် သူတို့ ထန်းရည်  အတူသောက်နေကြသော သူငယ်ချင်း အုပ်စု နှစ်စုကွဲသွား၏။ စံမြင့်နောက်က အံ့ထူးမောင်က လိုက်မည်ဖြစ်ပြီး၊ ကျန်သူများက နေရစ်ခဲ့မည်ဟု ဆိုကြ၏။

      အံ့ထူးမောင်က စံမြင့်ကို ကြောက်၍ လိုက်ရခြင်းသာ။ အဘယ်ကြောင့်ဆိုသော် အံ့ထူးမောင် ငွေလိုလျင် စံမြင့်က သူ့အစ်မထံက ချေးပေးနေကျဖြစ်ပါသည်။ ထို့ကြောင့် အံ့ထူးမောင်မှာ ဒေါ်ထားကို ကြောက်သော်လည်း စံမြင့်ကိုလည်း သူ့ခမျာ မလွန်ဆန်ဝံ့သူ ဖြစ်သည်။

     သို့ဖြင့်  သူတို့နှစ်ယောက်တည်း မစံပယ်တို့အိမ်သို့ ခြေလှမ်းယိုင်ယိုင်နှင့် ထွက်လာကြသည်။

     မစံပယ်တို့ခြံရှေ့ ရောက်သည့်အခါ ထုံးစံအတိုင်း စံမြင့်က မမစံပယ် ဟု အော်ခေါ်၏။ ခေါ်လည်းခေါ် လူကလည်း ခြံထဲ ဝင်လာကြ၏။

      ခါတိုင်းဆို ဒေါ်ထားက အိမ်အပေါ်ထပ် ပြတင်းက လှမ်းကြည့်တတ်၏။ သို့သော် ယနေ့တော့ နတ်မေးလာသူ ရှိနေသဖြင့် ဒေါ်ထားသည် ကန်တော့ပွဲရှေ့က မထနိုင်။ နောက်ဖေး မီးဖိုချောင်မှ ညနေစာ ချက်ပြုတ်နေသော မစံပယ် ထွက်လာ၏။ စံမြင်တို့နှစ်ယောက် မြင်လိုက်ကတည်းက ‘ ဒီကောင်လေးတော့ သောက်လာပြန်ပြီ ‘ဟု မစံပယ်က မြည်တွန်တောက်တီးလိုက်၏။

    ” ဟဲ့ကောင်လေး  နင် မူးလာပြန်ပြီလား ၊ နင်တော့နော် … ငါ နင့်အစ်ကိုကြီးကိုတော့ တိုင်ပြောမှ ဖြစ်တော့မယ် “

    ” အံမယ်လေးဗျာ … အစ်ကိုကြီးကိုတော့ ပြန်မတိုင်ပါနဲ့ မမစံပယ်ရယ်။ ကျွန်တော်က နည်းနည်းပဲ သောက်တာပါ။ ကိုယ့်မောင်လေးကို အဲ့သလိုတော့  မရက်စက်လိုက်ပါနဲ့နော်။ ဒီမှာ မမစံပယ်အတွက်  တကူးတက  ဝက်ကလီစာဟင်း ယူလာပေးတာ ။ မမက ဝက်သားကြိုက်တယ်မို့လား “

     စံမြင့်က မူးနေသူဆိုတော့ အသံက ကျယ်၏။ မစံပယ်ခမျာ  မျက်လုံးပြူးမျက်ဆံပြူးနဲ့ သူမရင်ဘတ်ကို သူမလက်ဖြင့် ဖိထားလိုက်မိလေ၏။ စံမြင့် အသံကို အမေ ကြားသွားရင် ဒုက္ခဟု တွေးမိ၍ ထိတ်ခနဲ ဖြစ်သွားသည်။

    ” ဟယ် !  ပြန်ယူသွား  ပြန်ယူသွား မောင်လေး။ မမအတွက် သတိတရ ယူလာပေးတာ ကျေးဇူးတင်ပါတယ်ကွယ်။ ဒါပေမဲ့  ဒီအိမ်မှာ မမတို့က ဝက်သားမစားရဘူးလေ။ အမေ သိသွားရင် မိုးမီးလောင်တော့မှာပဲ “

      မစံပယ်က တွင်တွင်ငြင်းရင်း စံမြင့်တို့ကို ပြန်ရန်တောင်းပန်သည်။ သို့ပေမဲ့  အပေါ်ထပ်က ဒေါ်ထားသည် သူ့အား အိမ်တိုင်ယာရောက် စော်ကားမော်ကား လုပ်လာသော စံမြင့်ကို သည်းခံနိုင်စွမ်း မရှိတော့ချေ။ နတ်မေးလာသူများကို ခဏတောင်းပန်၍ အိမ်အောက်သို့ ဆင်းချလာ၏။

    ” ဟဲ့အကောင် စံမြင့် ! “

     ဒေါ်ထား မျက်လုံးတွေက ဒေါသအခိုးအလျံတွေ ထွက်နေ၏။ လူက ဒေါသကြောင့် တုန်ရင်နေသည်။

     ဒေါ်ထားအသံက ခါတိုင်းနဲ့မတူ။ ဟိန်းထွက်လာသည်ဟု ခံစားရ၏။ပြီးတော့  ဒေါ်ထားလက်ထဲမှာ နတ်ကရာတွင် သုံးသော ကျောက်စီရွှေချ လက်ကိုင်ရိုးပါ ဓါးရှည်တလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထား၏။ မူးနေသော စံမြင့်နှင့် အံ့ထူးမောင်ပင် အမူးပြေသွားသယောင်ပင်။

    ” နင်   စော်ကားလှချည်လား စံမြင့်၊ နင် … နင် … ဒါ  … ဒါ တမင်သက်သက်  ငါ့ကို လာစော်ကားတာမဟုတ်လား ။ ဘာလဲ  မုဆိုးမသားအမိနှစ်ယောက်တည်း နေတာမို့ ခုလို  လာစော်ကားတာလားဟဲ့ “

     စံမြင့်ခမျာ  မူးနေတုန်းကတော့ ဒေါ်ထားကို ကြောက်ရကောင်းမှန်းမသိ။ လူကြီးသူမဆိုပြီး ရိုသေလေးစားရမှန်းမသိ။ ဒီအဖွားကြီး နတ်ကတော်ပဲ။ လူတွေကို လိမ်ညာစားနေတဲ့ မိန်းမကြီးဟုသာ အောက်မေ့ထားကြ၏။ အခု  ဒေါ်ထားက သူတို့ကို ဒဲ့ မေးလေပြီ။

     အံ့ထူးမောင်က  လက်အုပ်လေးချီ၍ …

   ” ဟို … ဟို … ကျွန်တော်က သူခေါ်လို့ လိုက်လာတာပါ ။ ကြီးဒေါ်ကို စော်ကားလိုစိတ် တစက်မှ မရှိပါဘူး။
ဟေ့ကောင်  စံမြင့် … ငါ ပြန်ပြီ၊ မင်းကိစ္စ မင်းဖာသာ ရှင်းတော့ “

     အံ့ထူးမောင်က သူငယ်ချင်းကောင်းပီသလေစွ။ ဒေါ်ထား၏ ဒေါသကို မြင်သောအခါ စံမြင့်ကို တယောက်တည်း ထား၍ ထွက်သွား၏။

      စံမြင့်က  သူ့အစ်ကို အားကိုးဖြင့်၊

    “ဘာဆိုင်လို့လဲဗျ ၊ ကျွန်တော်က အစ်မစံပယ်ကို ဟင်းလာပေးတာဥစ္စာ။ ကြီးဒေါ်ကို ဘာစော်ကားလို့လဲ”

     “ဟင်းဟင်း  နင်  ဘာအကြောင်းနဲ့ ငါ့သမီးကို  ငါမကြိုက်တဲ့ ဝက်သားဟင်းလာပေးတာလဲဆိုတာ  နင့်ဖာသာ သိမှာပေါ့။
ဒီမှာ စံမြင့် … နင် အခုချက်ချင်း ငါ့အိမ်ထဲက ထွက်သွားလိုက်။ နောက်တခါ  နင့်မျက်နှာကို ငါ့အိမ် ငါ့ခြံထဲ မမြင်တွေ့ရပါစေနဲ့ ။
ပြီးတော့  ငါ တခါတည်း ပြောလိုက်မယ်။ မိထားတို့က ကိုယ်စပြီး ဘယ်သူ့ကိုမှ မစော်ကားသလို ၊ ကိုယ်ကို စော်ကားရင်လဲ ငြိမ်ခံနေမယ်မထင်နဲ့ … “

      ဒေါ်ထားသည် ထိုသို့ ပြောပြီး သူမအသက်အရွယ်နှင့် မလိုက်စွာ၊ စံမြင့်အနီး လျင်မြန်စွာ ရောက်သွား၏။ စံမြင့်မှာ ဒေါ်ထားကို မကြောက်သော်လည်း ဒေါ်ထားလက်ထဲက လက်လက်ထနေသော ဓါးကို ရွံ့သောကြောင့် အနောက်သို့ အနည်းငယ်ဆုတ်လိုက်မိသည်။

     ဒေါ်ထားက စံမြင့်လက်ထဲက ဝက်ကလီစာဟင်းကို ဖျတ်ခနဲ ဆွဲယူလိုက်သည်။ စံမြင့်ကား အကြောင်သား ငေးနေမိသည်။ ဒေါ်ထားသည် ထုပ်ထားသော ပလပ်စတစ်အိတ်ဝကို ဖြည်၍ ဝက်ကလီစာဟင်းထဲကို ထွီခနဲ တံတွေး ထွေးချလိုက်သည်။ ပြီးသော် ထိုအထုပ်ကို စံမြင့်လက်ထဲ ပြန်ထည့်ပေးလိုက်ပြီး၊ စံမြင့် နဖူးပေါ်ကို သူမကိုင်ထားသော ဓါးဖြင့် အပြားလိုက်ကပ်၍ …

   ” ဒီဟင်းကို နင် ကုန်အောင် စားရမယ်ဟေ့ …  …. …. …. “

     ဟု  ခပ်ကျယ်ကျယ်ပြော၍ ကျန်စကားလုံးအချို့ကိုတော့ စံမြင့်မျက်လုံးကို တည့်တည့် ဆိုင်ကြည့်ကာ တီးတိုးရွတ်လိုက်လေ၏။

     စံမြင့်မှာ ဘာမှ ပြန်မပြောနိုင်ဘဲ၊ အိမ်မက်ထဲ လမ်းလျှောက်သူပမာ၊ ဒေါ်ထားခြံဝိုင်းထဲက ထွက်ခွါသွားလေ၏။

    မစံပယ်က  ဒေါ်ထားအား …

   ” အမေ  ဘယ်လိုလုပ်လိုက် … “

  မစံပယ်၏ စကားပင်မဆုံး၊ ဒေါ်ထားက မစံပယ်အား လက်ညှိုးထိုး၍ …

   ” ညီးပါးစပ် ပိတ်ထားလိုက် မိစံပယ်၊ သူက  ငါ့ကို အိမ်ထဲထိ ဝင်စော်ကားတာ နင်မမြင်ဘဲ ကန်းနေလို့လား “

     မစံပယ်ခမျာ  ဒေါ်ထား၏ဒေါသကို မတားနိုင်သဖြင့် သက်ပြင်းကိုသာ လေးလံစွာ ချလိုက်မိလေ၏။

             _____________

(၄)

     ထိုနေ့က  ရွာထဲက လူအချို့  စံမြင့်အား  လမ်းမှာတွေ့ကြသည်။ စံမြင့် မျက်လုံးတွေက ခပ်ကြောင်ကြောင်ဟူ၏။

    ပြီးတော့ လမ်းပေါ် လမ်းလျှောက်ရင်း  ပလပ်စတစ်အထုပ်ထဲက ဝက်ကလီစာဟင်းတွေကို စိတ်မနှံ့သူတယောက်လို စားလာသည်တဲ့။ ပါးစပ်တဝိုက်မှာ  ဟင်းဆီများ ပေကျံနေသည်ဟု ဆိုကြ၏။

      နောက်တခုက  စံမြင့်သည် သူ့ခြံဝိုင်းထဲ ဝင်ဝင်ချင်း ဗိုင်ခနဲ မှောက်ခုံကြီး လဲကျသွားသည်ကို သူ့အစ်မများက မြင်တွေ့လိုက်ရသည်။

      သို့နှင့်  ထန်းရည်အမူးလွန်လာသည်ထင်ပြီး ၊ ကူတွဲပေးကြကာ ခုံတန်းရှည်ပေါ် ခေါင်အုံးဖြင့် သိပ်ထားလိုက်ကြသည်။

      စံမြင့်မှာ ထိုညက စ၍  မူမမှန်တော့ဘဲ၊ စိတ် ကယောင်ကချား ဖြစ်လာခြင်း ဖြစ်သည်။ ဘာမေးမေး  မေးမရချေ။ညစဥ် ညတိုင်း ထိတ်လန့်စွာ အော်ဟစ်ခြင်း၊ ဗိုက်ထဲမှာ မီးကျီခဲကဲ့သို့ ပူလောင်နေခြင်း ဝေဒနာကို ခံစားရလေ၏။

      ငွေကြေးတတ်နိုင်သူများ ဖြစ်၍ ခေတ်မီ ဆေးဝါးများဖြင့် ကုသပေးပါသော်လည်း  အရှင်းမပျောက်ချေ။

     ယခု  တစ္ဆေနိုင်ကိုရင်လေးဟု နာမည်ကျော်ကြားနေသော ကိုရင်နန္ဒိယ ရောက်သည့်အခိုက်၌ ၊ စံမြင့်၏ ရောဂါမှာ ပယောဂ ပါ/မပါ သိရစေငှါ အိမ်သို့ ပင့်ဖိတ်ကြခြင်း ဖြစ်လေ၏။

      ” ကိုရင့်  အစ်ကို  စံမြင့်ကို လိုက် ကြည့်ပေးပါအုံး ကိုရင်။ ကြီးဒေါ်တို့လဲ ဆေးတွေ ဝါးတွေ စုံနေပါပြီ။ သူ့ရောဂါက မယ်မယ်ရရ မဟုတ်ဘူးတဲ့။ ဓာတ်မှန်တွေလဲ ရိုက်တယ်။ ရောဂါ ရှာမတွေ့ကြဘူး။ ဘာဖြစ်မှန်းမသိတော့ အခက်သားလား ကိုရင်ရယ် “

     ကြီးဒေါ် ဝါနုက  ကိုရင်အား ကိုယ်တိုင် လာပင့်ဖိတ်သည်။ ကိုရင်နန္ဒိယလည်း မဆိုင်းမတွပင် သင်္ကန်းကို လက်ကတော့ထိုး၍ ကြီးဒေါ်ဝါနုအိမ်သို့ ကြွလာခဲ့လေ၏။ ဒုက္ခရောက်သူ တွေ့က  မည်သူမည်ဝါ မရွေးဘဲ၊ ကူညီပေးရန် ကိုရင်နန္ဒိယ၏ ဆရာ ဦးသူတော်က မှားထားသည်မဟုတ်လား။

     ငယ်စဥ်က  သူတို့ညီအစ်ကိုတွေကို မတူသလို မတန်သလို ဆက်ဆံခဲ့သော ကြီးဒေါ်ဝါနုအပေါ် ကိုရင်နန္ဒိယသည် မေတ္တာ မပျက်ချေ။

      ကိုရင်နန္ဒိယ ကြီးဒေါ်ဝါနု အိမ်အောက်ကို ရောက်ရောက်ချင်း အိမ်ပေါ်က နာကျင်စွာ အော်ဟစ်ငြီးတွားသံ စကြားရတော့လေ၏။ ကိုစံမြင့်အသံပါလားဟု ကိုရင်နန္ဒိယ သိလိုက်၏။

      အပေါ်ထပ်က ကိုစံမြင့်အခန်းထဲ ဝင်လိုက်တော့ ကိုရင်နန္ဒိယ အံဩသွားသည်။ ယခင်က ကိုစံမြင့်သည် ဖြူဖြူထွားထွားကြီး။ အခုတော့ အရိုးပေါ် အရေတင်ရုံ၊ မျက်တွင်းဟောက်ပက်နှင့်။ ဆံပင်တွေကလည်း ကျွတ်ဟန်တူ၏။ ကျို့တို့ကျဲတဲ။

      “ကျွတ်  ကျွတ်  … ဘယ်လိုဖြစ်တာလဲ ဒကာကြီးရယ် ၊ လူရုပ်တောင် မပေါ်တော့ပါလား “

    စံမြင့်သည် ဖန်ရည်ရောင် သင်္ကန်းကို ရုံထားသော ကိုရင်ငယ်အား တချက်ကြည့်၍ ၊ သူ၏ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်ယှက်ကာ ကန်တော့ဟန်ပြု၏။ပါးစပ်က ခပ်ယဲ့ယဲ့မျှ အသံဖြင့် …

  ” တပည့်တော်ကို ကယ်နိုင်ရင် ကယ်ပါအုံးဘုရား … “

    ကိုရင်သည်  ကိုစံမြင့် အိပ်ရာအနီး ဝင်ထိုင်လိုက်ပြီး …

   ” ကဲ … ဒကာကြီး  ဘာမှ ပူပန်မနေနဲ့တော့နော်။ ကိုရင် ရောက်လာပြီပဲ။ ဒကာကြီးမှာ ပယောဂရှိရင် ကိုရင် ကုပေးမယ် စိတ်သာချ … “

     ကိုရင်ငယ်သည်  အန်နကိုက် အိတ်ထောင်အတွင်းက စက္ကူအညိုရောင်ဖြင့် ထုပ်ထားသော ဆေးအိတ်ကို ထုတ်ယူလိုက်သည်။

      ပြီးသော်  ထိုအိတ်အတွင်းမှ ရွှေဆိုင်းချထားသော လက်တဆစ်ခန့် ဆေးတောင့်ကို ထုတ်၏။ ဆေးတောင့်၏ တဖက်ထိပ်တွင် ‘ ဧ ‘အက္ခရာ ရေးထိုးထားပြီး၊ တဖက်ထိပ်တွင်တော့ ‘ ဝ ‘ သုံးလုံးပါ၏။

      ကိုရင်ငယ်က ကိုစံမြင့်၏ နဖူးထိပ်မှစ၍ ထိုဆေးတောင့်ဖြင့် စတင် သပ်ချသည်။ ယင်းနောက် လည်ပင်း၊ ရင်အုံတဝိုက် အသီးသီး သပ်ချနေရင်း ပါးစပ်ကလည်း ဂါထာကို ရွတ်ဖတ်နေ၏။

       ဆေးတောင့်မှာ နတ်နိုင်ဂမုန်းတို့ကို ပေါင်းကြိတ်ပြီး၊ တဝက်ကို ဆေးဒန်း၊ ကန့်၊ လင်းနေ၊ ဆိပ်ဖူး၊ စစ်တုံနှော နှင့်သာသနာငါးထောင်ဆေးနှောကို ရောကြိတ်၍ အသွေ့ခံ  ရွှေဆိုင်းချထားသော ဆေးတောင့်ဖြစ်၏။ဤဆေးတောင့်သည် ဆရာ ဦးသူတော်က စုန်းဖမ်းနတ်ဖမ်း အကုန်နိုင်၏ဟု ဆိုထားလေ၏။

     ဤဆေးသည် စုန်းတိုက် နတ်တိုက်၊ သူပြု – လူပြု ၊တစ္ဆေတိုက်၊ အင်းတိုက်၊ ရုပ်ထား- နံထား၊အစာပင်း ဟူသမျှ မကပ်ရောက်နိုင်ချေ။

     စံမြင့်၏ ဝမ်းဗိုက်ကို ထိုဆေးတောင့်ဖြင့် သပ်ချချိန် ထူးခြားလာ၏။  စံမြင့်သည် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ပါးစပ်က ဟ၍ အသက်ရှုသွင်း၏။ မခံမရပ်နိုင်သော စူးအောင့်သော ဝေဒနာက ဝမ်းပြင်တခုလုံး မီးအုံးသကဲ့သို့ ဖြစ်လာ၏။

       ကိုရင်သည်  အစာအိမ်ရှိရာ ဝမ်းပြင်ကို ထိုဆေးတောင့်ဖြင့် ထပ်ခါ ထပ်ခါ ပွတ်သပ်ချ၏။

      ဘေးနားက ကြည့်နေသူအပေါင်းမှာ စံမြင့်၏ ဝမ်းပြင်ကို ကြည့်၍ တအံတဩ ဖြစ်ကုန်ကြသည်။ ဝမ်းပြင်တဝိုက်တွင် လေလုံးကဲ့သို့ ဖုဖောင်းနေသော အလုံးတလုံးသည် ဆေးတောင့်နှင့် ဝေးရာကို ဟိုဟိုဒီဒီ ပြေးနေ၏။ နောက်ဆုံးတွင် ထိုလေလုံးသည် တဖြည်ဖြည်း သေးငယ်လာပြီး အောက်သို့ သက်ဆင်းလာ၏။

     မကြာပါ။ ကြည့်နေသူအပေါင်းသည် နှာခေါင်းကို လက်နှင့်ပိတ်လိုက်ကြလေ၏။ စံမြင့်သည် ဝမ်းမနိုင်ဘဲ၊ ပုဆိုးထဲ ပါချလိုက်သောကြောင့်ပင်။

     စံမြင့်၏ မျက်နှာကား သွေးရောင်လွှမ်းလာ၏။ ယခင်လို ဖြူဖျော့မနေတော့ချေ။ ဝမ်းထဲက အပင်းသည် အပြင်သို့ ထွက်သွားပြီ ဖြစ်၏။

     ကိုရင်က ကိုစံမြင့် အစ်မနှစ်ယောက်ကို ခေါ်ယူ၍ …

” ဒကာမကြီးတို့  လူနာကို ရေဝတ်နဲ့ သန့်ရှင်းပေးပြီး  အဝတ်တွေ လဲပေးလိုက်ကြအုံး ၊ လူနာက သက်သာသွားပါပြီ “

    ကိုရင်သည် ဆေးတောင့်ကို အိတ်ထဲ ပြန်ထည့်၍ အန်နကိုက်အိတ်ထောင်ထဲသို့ ပြန်ထည့်ထားလိုက်သည်။

      ” ဝမ်းတွေ ပေကျံနေတဲ့ ပုဆိုးကို မလျော်မဖွပ်ပဲ ၊ နောက်ဖေးမှာ မီးဖိုပြီး ပြာကျတဲ့အထိ မီးရှို့လိုက်ပါ ဒကာမကြီး “

       ကိုစံမြင့်သည် အားနည်းနေသည်မှန်သော်လည်း  မျက်လုံးများက လူကောင်းပကတိကဲ့သို့ ကြည်လင်လာသည်ကို အားလုံးက မြင်တွေ့ကြရသည်။ မိခင်ဖြစ်သူ ဒေါ်ဝါနုလည်း ယခုမှပင် သက်ပြင်းချနိုင်၏။

      ဘုရားဆောင်ရှိရာသို့ ကိုရင်ငယ်ကြွ၏။ ပြီးသော် ဘုရားဝတ်ပြု၏။ မေတ္တသုတ်ကို ရွတ်ဖတ်ပူဇော်သည်။

      အားလုံးပြီးစီးလေမှ ဒေါ်ဝါနုက…

    ” ကျေးဇူးကြီးလှပါတယ် ကိုရင်ရယ်။ မပြန်ခင်မှာ တပည့်တော်မတို့အိမ်ကို ဆွမ်းစားကြွဖို့ ဖိတ်ပါတယ်ဘုရား။ မနက်ကို ဆက်ဆက်ကြွပါပေးပါ ကိုရင် “

    ” နေပါစေတော့ ကြီးဒေါ် ၊ ကိုရင် မနက်စောစော ထပြန်မှာမို့ ဆွမ်းကိစ္စ မလုပ်ပါနဲ့တော့ “

     “အို … မဟုတ်တာ ကိုရင်ရယ်၊ တပည့်တော်မ ကိုရင့်ကို ဆွမ်းတနပ်ဖြင့် ကပ်ခွင့်ပြုပါအုံး ။
ပြီးတော့  အရင်က  ကိုရင်တို့ညီအစ်ကိုတွေအပေါ် … ကြီးဒေါ် မောက်မောက်မာမာ ဆက်ဆံခဲ့မိတာကိုလဲ  ခွင့်လွှတ်တော်မူပါ။ တပည့်တော်မ ဝန်ချတောင်းပန်ပါတယ်။
အပြန်ကျ  ကြီးဒေါ်ရဲ့ လှည်းနဲ့ ပြန်လိုက်ပို့ပေးပါ့မယ် “

    ဒေါ်ဝါနုက အကြိမ်ကြိမ် တောင်းပန်နေသဖြင့် ကိုရင်နန္ဒိယလည်း ဆွမ်းကပ်ခွင့်ပြုလိုက်ရလေ၏။

    ” ကိုစံမြင့်ကို တခုလောက်မှာပါရစေ။ နောက်နောင် တပါးသူရဲ့ ကိုးကွယ်ယုံကြည်မှုကို မစော်ကားမိပါစေနဲ့လို့ ။ မယုံကြည်တာက မိမိဆန္ဒ။ တပါးသူရဲ့ ယုံကြည်မှုကို စော်ကားတာကျ မကောင်းဘူးပေါ့။
အခုလိုဖြစ်ရတာကလဲ  တပါးသူကို စော်ကားလို့  ဟိုတဖက်က ဒေါသနဲ့ ဒဏ်ပြန်ခတ်လိုက်တာပဲ။ ဒါကလဲကောင်းတော့ မကောင်းဘူးပေါ့။
ကိုရင့် အနေနဲ့ ဘယ်သူဘယ်ဝါ လုပ်တာကို သိသော်ငြားလဲ ထုတ်မပြောတော့ပါဘူး။ ကိုရင့်ဘက်က လုပ်လိုက်တာ တခုပဲ ရှိတယ်။ အဲ့ဒါ မေတ္တာပို့တာပဲ။ ကိုရင့် မေတ္တာကြောင့် ဟိုတဖက်လဲ အေးချမ်းပါစေ။
နောက်တကြိမ် ထပ်မလုပ်နိုင်အောင်လဲ ကိုရင်က  ဒကာမကြီးတို့အိမ်ကို မေတ္တာနဲ့ စည်းချထားခဲ့ပါတယ်။ အဓိက  မှာချင်တာက ကိုစံမြင်အနေနဲ့  နောက်နောင်မှာ လူကြီးသူမများကို မစော်ကားမိပါစေနဲ့။ ငါနဲ့မတူ  ငါ့ရန်သူလို့ သဘောမပိုက်မိပါစေနဲ့။ အရက်သေစာ သောက်စားခြင်းကလဲ ရှောင်ကြဥ်ပါစေ “

    ” တင်ပါ့ဘုရား … တပည့်တော်မ စံမြင့်ကို  ဆုံးမပါ့မယ် ။ နောက်နောင် အရက် မသောက်အောင်လဲ တားမြစ်ပါ့မယ် ဘုရား “

      ကိုရင်လည်း ဝမ်းမြောက်စွာဖြင့် ကြီးဒေါ် ဝါနုအိမ်က ပြန်ကြွခဲ့၏။

             ______________

(၅)

        အဲ့ဒီနောက်မှာ  နတ်ကတော် ဒေါ်ထား ဘာဖြစ်သလဲဆိုတော့၊

     ဒေါ်ထားဟာ  မလုပ်သင့် မလုပ်ထိုက်တာကို လုပ်မိတာကြောင့်၊ သူမရဲ့ ပညာတွေ ဆုံးရှုံးကုန်ပါသည်။ ပညာသည်တယောက် ပညာဆုံးရှုံးသွားခြင်းဟာ  အသက်မဲ့လူတယောက်လို ဖြစ်သွားလေ့ရှိ၏။

      ဒေါ်ထားဟာ  အရင်ကလို မောက်မာခြင်း မရှိတော့ဘူး။ နတ်တွေလည်း  အရင်ကလို မကိုးတော့ဘူး။ တမှိုင်မှိုင်တတွေတွေနဲ့။

      နောက်တော့  ဒေါ်ထားဟာ ဘယ်သူက တရားပြလိုက်သလဲတော့မသိပါဘူး။လပြည့်လကွယ်မှာ ဥပုသ်ဇရပ်ကို သွားသည်။ သီလယူသည်။
သံဃာများကို ဆွမ်းလုပ်ကျွေးသည်။

      ဒီလိုနဲ့  နှစ်အနည်းငယ်ကြာတော့ စံမြင့်က ဘွဲ့ရပြီး၊ ကျောင်းဆရာ ဖြစ်လာ၏။ ကိုခင်ထွန်းနှင့် မစံပယ်တို့ ရွာမှာ အကြီးအကျယ် မင်္ဂလာပွဲ ကျင်းပသည်။

      မင်္ဂလာဆောင်ပြီး တလခန့်အကြာမှာ  ဒေါ်ထားက  ဗမာပြည်အနှံ့ ဘုရားဖူး ထွက်သွားသည်။  နောက်တော့  မွန်ပြည်နယ်က မြို့တမြို့မှာ တရားဓမ္မလေ့လာရင်း သီလရှင် ဝတ်သွားလေ၏။

      ကျောင်းဆရာလေး ကိုစံမြင့်ကတော့ သူ့ တပည့်များကို အခါအခွင့်သင့်တိုင်း  အရက်၏ ဆိုးကျိုးများကို ဗဟုသုတရဖွယ် စုံစုံလင်လင်နဲ့ ကိုးကား ပြောပြလေ့ရှိပြီး ၊ လူကြီးသူမများအပေါ် အင်မတန် ရိုသေလေးစားတတ်သော ကျောင်းဆရာလေးဟု ရွာက ပြောစမှတ်ပြုကြလေ၏။

ပြီးပါပြီ

ပီပီ၊မန္တလေး၊အားလေးစားလျက်